သုံးနိုင်ငံခေတ်(၅၄)

အခန်း(၅၄) ဂုဏ်သရေရှိအမျိုးသမီးသည် သမက်ဖြစ်သူနှင့်တွေ့ဆုံခြင်း။ ဦးရီးတော်သည် ကြင်ရာတော်နှင့်လက်ဆက်ခြင်း။

"လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့သည် မြို့ပြင်သို့ထွက်ပြီး တောင်ပိုင်းပြည်နယ်မှလာသောဧည့်သည်အားကြိုဆိုသည်။ နှုတ်ခွန်းဆက်စကားတို့ဆိုကြပြီးနောက် "လူဆု"(Lu Su) မှ
"ခင်ဗျားတူရဲ့သေဆုံးမှုသတင်းကိုကြားရတော့ သခင်ကြီးစွန်းချွမ်(Sun Quan) က လက်ဆောင်တွေနဲ့အတူ ကျွန်တော့်ကိုလွှတ်ပြီး ဈာပနအခမ်းအနားကိုတက်ရောက်စေတယ်။ စစ်သူကြီး ကျိုးယွီ(Zhou Yu) ကလည်း ဦးရီးတော်နဲ့ကျူးကဲလျန့်(Zhuge Liang) တို့ရဲ့သာကြောင်းမာကြောင်းမေးလိုက်တယ်" ဟုပြောသည်။ နှစ်ဦးလုံးကလည်းထပြီး ကျေးဇူးတင်စကားပြောသည်။ လက်ဆောင်တို့ကိုပေးပြီးနောက်ဝယ် စားသောက်ပွဲတို့တည်ခင်းလေသည်။ စားသောက်ပွဲအတွက်ပြင်ဆင်နေကြချိန်တွင် ဧည့်သည်ဖြစ်သူမှ သူလာသည့်အကြောင်းအရင်းကိုပြောလေသည်။
"လျူချီ(Liu Qi) သေသွားပြီးရင် ကျင်ကျိုးနယ်ကိုကျွန်တော်တို့ဆီပြန်ပေးမယ်လို့ ခင်ဗျားပြောခဲ့တယ်လေ။ အဲ့ဒါနဲ့ပတ်သတ်ပြီး ဘယ်အချိန်လောက်ပြန်ပေးမလည်းဆိုတာ သိချင်ပါတယ်"
"အဲ့အကြောင်းတွေ နောက်မှဆွေးနွေးတာပေါ့။ အခု အရင်အရက်သောက်ပါဦး"
သို့နှင့်စားသောက်ပွဲကိုဆက်ကျင်းပသည်။ အချိန်အနည်းငယ်ကြာသော် "လူဆု"(Lu Su) မှ ထိုအကြောင်းအရာကိုထပ်ပြောပြန်သည်။ "လျူဘေ့"(Liu Bei) မှ မည်သို့မျှပြန်မပြောချေ။

ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ မျက်နှာအရောင်ပြောင်းသွားပြီး
"လူဆု(Lu Su) ၊ ခင်ဗျားက တော်တော်အကြောင်းအကျိုးမဆီလျော်ဘူး။ ဒါကိုခင်ဗျားကိုရှင်းပြဖို့ကို ခင်ဗျားက မစောင့်နိုင်ဘူး။ ဟိုးအရင် ဘိုးဘေးတွေရဲ့ဒီတိုင်းပြည်ကြီးကိုစတည်ထောင်ကတည်းက မျိုးရိုးစဉ်ဆက်ရာထူးအမွေကိုဆက်ခံလာတာ မဟုတ်လား။ အခုတော့ မသူတော်တွေက အင်အားကြီးနေပြီး ထင်တိုင်းကြဲနေကြတယ်။ ဒါပေမယ့်လည်း ဘုရားသခင်ရဲ့စောင်မမှုကြောင့် စည်းလုံးစပြုနေပြီ။ ကျုပ်သခင်က မင်းမျိုးမင်းနွယ်ဖြစ်ပြီး ကျင်းဧကရာဇ်မျိုးဆက်ကဆင်းသက်လာတာ၊ ဒါကြောင့် သူလည်း တိုင်းပြည်ရဲ့တစ်စိတ်တစ်ဒေသလောက်ကို ပိုင်ဆိုင်သင့်တာပေါ့။ ဒါ့အပြင် လျူပြောင်း ကကျုပ်သခင်ရဲ့အစ်ကိုလေ၊ အစ်ကိုဖြစ်သူအရိုက်အရာကို ညီဖြစ်သူက ဆက်ခံတာက ဘာမှမထူးဆန်းဘူး။
ခင်ဗျားသခင်ကရော? သူက ချန်ထန်မြစ်ကသာမန်အမှုထမ်းရဲ့ သားတစ်ယောက်ပဲလေ၊ တိုင်းပြည်ကြီးအတွက် ဘာမှမလုပ်ခဲ့ဖူးဘူး။ သူက အင်အားကြီးတာကြောင့်သာလျှင် ပြည်နယ်ခြောက်ခုနဲ့မြို့နယ်ရှစ်ဆယ့်တစ်ခုကိုသိမ်းနိုင်ခဲ့တာမဟုတ်လား။ အခုတော့ အလိုရမ္မက်ကိုမထိန်းနိုင်ပဲ တစ်တိုင်းပြည်လုံးကိုသိမ်းချင်နေပြီ။ ဒီနယ်မြေက လျူမိသားစုတွေပိုင်ဆိုင်တာပဲလေ၊ ခင်ဗျားတို့သခင်ဖြစ်တဲ့ စွန်းမိသားစုတွေက လျူမိသားစုတွေကို ဆန့်ကျင်ချင်တယ်? ဒါ့အပြင် ကမ်းပါးနီတိုက်ပွဲမှာ ကျုပ်သခင်ရဲ့စစ်သူကြီးတွေက ရွပ်ရွပ်ချွံချွံနဲ့ရန်သူတွေကိုတိုက်ခဲ့တယ်လေ။ စစ်ပွဲကိုအောင်နိုင်ခဲ့တာ ခင်ဗျားတို့တောင်ပိုင်းနယ်ရဲ့စစ်တပ်ကြောင့်ပဲမဟုတ်ဘူး။ ကျုပ်သာ အရှေ့တောင်လေကိုတိုက်အောင်မလုပ်ခဲ့ရင် ကျိုးယွီ(Zhou Yu) က ဘာလုပ်နိုင်မလဲ? တောင်ပိုင်းနယ်အသိမ်းခံရပြီး အခုလောက်ဆို ချောမောလှပတဲ့အမျိုးသမီးနှစ်ဦးက ကြေးနီငှက်ရုပ်မျှော်စင်ပေါ်ရောက်နေမှာ။ အဲ့လိုသာဖြစ်ခဲ့ရင် ခင်ဗျားတို့အမှုထမ်းတွေရော၊ မိသားစုဝင်တွေရော အသက်ရှင်ကျန်ရစ်ခဲ့မယ်လို့ထင်လား? ကျုပ်သခင်ကြီးက ဘာမှမပြောတာဟာ ခင်ဗျားအသိဉာဏ်နဲ့ဆိုရင် ဘာမှမရှင်းပြပဲနားလည်မယ်လို့ထင်လို့။ အခုတော့ သဘောပေါက်ပြီလို့မျှော်လင့်ပါတယ်" ဟုပြောလေသည်။

ထိုစကားကြောင့် ဧည့်သည်မှာ အချိန်အတော်ကြာ နှုတ်ဆွံ့သွားသည်။ ထို့နောက် "လူဆု"(Lu Su) မှ
"ကျုပ်ကိုအကျိုးအကြောင်းမဆီလျော်ဘူးလို့ပြောတာကို သဘောမကျမိဘူး" ဟုပြောသည်။
"ဘာကြောင့်များလဲ"
"လျူဘေ့(Liu Bei) က တန်းရန်မှာ ရှုံးရိပ်ပြနေချိန်မှာ ကျုပ်က ခင်ဗျားကိုခေါ်ပြီး ကျုပ်သခင်ကြီးနဲ့မိတ်ဆက်ပေးခဲ့တယ်လေ။ ဒါ့အပြင် ကျိုးယွီ(Zhou Yu) က ကျင်ကျိုးနယ်ကိုသိမ်းမယ်လုပ်တဲ့အချိန်မှာ ကျုပ်က သူနဲ့ဆန့်ကျင်ပြီး လျူချီ(Liu Qi) သေဆုံးပြီးနောက်မှာမှ ဒီနယ်မြေကိုကျုပ်တို့လက်ထဲအပ်မယ်ဆိုပြီး ကတိကဝတ်ပြုခဲ့ကြတယ်လေ။ အခုတော့ ခင်ဗျားတို့က ကတိကိုချိုးဖောက်မလို့လား? အဲ့လိုသာဆို ကျုပ်သခင်ကြီးရော၊ ကျိုးယွီ(Zhou Yu) ရော ကျုပ်ကိုအပြစ်ဒဏ်ပေးလိမ့်မယ်။ ကျုပ်ကသေမှာမကြောက်ပေမယ့် ကျုပ်သခင်ကြီးက စိတ်ဆိုးပြီးဦးရီးတော်နဲ့စစ်တိုက်မှာ စိုးရိမ်မိတယ်။ ဒါဆို ဦးရီးတော်က အကူအညီမဲ့ပြီး လောကကြီးကလူတွေက ရူးသွပ်သူလို့မြင်ကြလိမ့်မယ်"
"စစ်တပ်တစ်သန်းနဲ့ဧကရာဇ်ကိုပါ ချုပ်ကိုင်ထားတဲ့ ချောင်ချောင်း(Cao Cao) ကိုတောင်မကြောက်တာ၊ ကျိုးယွီ(Zhou Yu) လိုလူငယ်လေးကိုကြောက်မယ်လို့ထင်လား။ ဒါပေမယ့် ခင်ဗျားကိုငဲ့ညှာတဲ့အနေနဲ့ ကျုပ်သခင်ကိုပြောပြီး ခင်ဗျားကိုစာတစ်စောင်ပေးလိုက်မယ်။ ကျုပ်သခင်ကြီး မြို့အချို့ကိုသိမ်းပြီးရင် ဒီနယ်မြေကို ခင်ဗျားလက်ထဲပြန်အပ်မယ်။ အဲ့လိုသာဆို ခင်ဗျားတို့တောင်ပိုင်းပြည်နယ်အနေနဲ့ဘယ်လိုမြင်မလဲ"
"တခြားနယ်မြေကိုသိမ်းပြီးတဲ့အထိစောင့်ရမယ်?"
"ကျုပ်သခင်ကြီးက အလယ်ပိုင်းကိုတိုက်နိုင်တယ်။ ဒါပေမယ့် ယီကျိုးမှာရှိတဲ့ လျူကျန်း(Liu Zhang) က အင်အားနည်းပြီးအရည်အချင်းမရှိဘူး။ ဒါကြောင့် ကျုပ်သခင်ကြီးက သူ့ကိုတိုက်ပြီး အနောက်ဘက်ပြည်နယ်ကိုသိမ်းပြီးရင် ဒီနယ်မြေကို ခင်ဗျားလက်ထဲပြန်အပ်မယ်"

"လူဆု"(Lu Su) မှာလည်း တခြားနည်းလမ်းမရှိသဖြင့်လက်ခံလိုက်ရသည်။ "လျူဘေ့"(Liu Bei) က စာတစ်စောင်ရေးပြီးစာကိုပိတ်ထားလိုက်သည်။ "ကျူးကဲလျန့်"(Zhuge Liang) ကလည်း ထိုစာ၏အသိသက်သေအနေနှင့်လက်မှတ်ရေးထိုးလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျုပ်ကလည်း ဒီဘက်ကလူပဲဆိုတော့ အသိသက်သေအနေနဲ့ရေးထိုးပေမယ့်လည်း သိပ်ပြီးအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူး။ ခင်ဗျားလည်း အသိသက်သေအနေနဲ့ရေးထိုးလိုက်ရင် ပိုပြီးအဓိပ္ပာယ်ရှိတာပေါ့" ဟုပြောသည်။
သို့နှင့် "လူဆု"(Lu Su) ကလည်း လက်မှတ်ရေးထိုးပြီးပြန်ထွက်သွားလေသည်။ "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ကဧည့်သည်ကို သင်္ဘောနားအထိလိုက်ပို့လေသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ခင်ဗျားသခင်နဲ့တွေ့ရင် သူတလွဲမထင်အောင်လို့ အကုန်လုံးကို အသေးစိတ်ရှင်းပြလိုက်ပါ။ အကယ်၍ သူဒါကိုလက်မခံရင် ကျုပ်တို့ဘက်ကစိတ်ဆိုးပြီး တောင်ပိုင်းပြည်နယ်ကိုတိုက်မှာလေ။ အခုက ဒီအဖွဲ့နှစ်ခုသင့်မြတ်အောင်နေပြီး ရန်သူတွေကိုအခွင့်မပေးဖို့ အရေးကြီးတယ်" ဟု အကြံပေးစကားဆိုလိုက်သည်။

"လူဆု"(Lu Su) သည် ချိုင်စန်းသို့ပြန်ရောက်သောအခါ "ကျိုးယွီ"(Zhou Yu) မှ
"ကျင်ကျိုးနယ်ကိုပြန်တောင်းတာ ဘယ်လိုလဲ" ဟုမေးသည်။ "လူဆု"(Lu Su) မှ စာကို "ကျိုးယွီ"(Zhou Yu) အားပေးလိုက်ပြီး
"ဒီမှာ အကျိုးအကြောင်းတွေရေးထားတယ်" ဟုပြောသည်။
"ကျိုးယွီ"(Zhou Yu) သည် ဒေါသတကြီးဖြင့် ဖနောင့်နှင့်မြေကြီးကိုဆောင့်ကာ
"ခင်ဗျား ကျူးကဲလျန့်(Zhuge Liang) လှည့်စားတာ ခံလိုက်ရပြီ။ သူက ခဏတာပဲသိမ်းမယ်ပြောပေမယ့် ဒါက အဓိပ္ပာယ်မရှိတာပဲ။ သူတို့က အနောက်ပိုင်းကိုသိမ်းပြီးရင် ဒီနယ်မြေကိုပြန်အပ်မယ်ပြောတယ်။ အဲ့ဒါဘယ်လောက်ကြာဦးမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။ ဆယ်နှစ်ပဲထား၊ အဲ့လိုဆို သူတို့ ကျင်ကျိုးနယ်ကို ကျုပ်တို့ဆီပြန်အပ်ဖို့ ဆယ်နှစ်လိုဦးမယ်။ ဒါဆို ဒီစာက ဘာအဓိပ္ပာယ်ရှိဦးမှာလဲ။ ဒါကို ခင်ဗျားက အသိသက်သေအနေနဲ့လက်မှတ်ထိုးလိုက်သေးတယ်။ အကယ်၍ သူတို့သာ နယ်မြေကိုပြန်မပေးရင် အဲ့အချိန်မှာ သခင်ကြီးက ခင်ဗျားကိုအပြစ်ပေးမယ်ဆို ဘယ်လိုလုပ်မလဲ" ဟုပြောသည်။
"လူဆု"(Lu Su) မှာ ကြက်သေသေသွားသည်။ ထို့နောက်တွင်မှ
"လျူဘေ့(Liu Bei) ကတော့ လိမ်မယ်မထင်ဘူး" ဟုပြောသည်။
"ခင်ဗျားက ရိုးသားပြီးသစ္စာရှိတယ်။ လျူဘေ့(Liu Bei) က အကျင့်သိက္ခာရှိသူမဟုတ်သလို ကျူးကဲလျန့်(Zhuge Liang) က ခေါင်းရှောင်တတ်တယ်။ သူတို့နဲ့ခင်ဗျားနဲ့မတူဘူး"
"ဒါဆို ဘယ်လိုလုပ်ရမလဲ"
"ခင်ဗျားက ကျုပ်ရဲ့သူငယ်ချင်းပဲ။ နောက်ပြီး ခင်ဗျား စားနပ်ရိက္ခာတွေနဲ့ကျုပ်စစ်တပ်ကိုကူညီခဲ့တာကို ကျုပ်မှတ်မိပါသေးတယ်။ ဒါကြောင့် ခင်ဗျားကိုကယ်ပါ့မယ်။ စိတ်မပူပါနဲ့။ ဒါပေမယ့် မြောက်ဘက်မှာဘာတွေလုပ်နေလည်းဆိုတာ သိဖို့ရက်နည်းနည်းလောက်စောင့်လိုက်ပါဦး၊ ပြီးရင်ဘာလုပ်မလည်းဆိုတာ ဆုံးဖြတ်တာပေါ့"

"လူဆု"(Lu Su) သည် စိတ်မချမ်းသာစွာဖြင့် နေ့ရက်တို့ကိုကုန်ဆုံးစေသည်။ ကျင်ကျိုးသို့သွားသော သူလျှိုတို့သည် ပြန်လာကြပြီးနောက် ကျင်ကျိုးတွင် အရာအားလုံးအစီအစဉ်တကျရှိကြောင်း၊ နေရာတိုင်းတွင် အဖြူရောင်အလံတို့ချိတ်ထားကြောင်း၊ မြို့အပြင်ဘက်တွင်မူ လျူဘေ့(Liu Bei) ဇနီး ကန်းအမျိုးသမီးအတွက် အုတ်ဂူဆောက်ထားကြောင်းပြောလေသည်။
ထိုအခါ "ကျိုးယွီ"(Zhou Yu) မှ "လူဆု"(Lu Su) အား
"ကျုပ်အစီအစဉ်လုပ်ပြီးသွားပြီ။ ကျင်ကျိုးကိုသိမ်းတာက လက်ကိုလှည့်သလိုလွယ်စေရမယ်" ဟုပြောသည်။
"ခင်ဗျားက ဘာတွေလုပ်ဖို့စီစဉ်ထားလဲ"
"လျူဘေ့(Liu Bei) က နောက်ထပ်ဇနီးတစ်ယောက်ထပ်လိုချင်လိမ့်မယ်။ ကျုပ်တို့သခင်ကြီးမှာ စွန်းရန်(Sun Ren) ဆိုတဲ့ညီမတစ်ယောက်ရှိတယ်လေ။ သူကတိုက်ခိုက်ရေးကျွမ်းကျင်ပြီး သူ့ကိုစောင့်ကြပ်တဲ့အမျိုးသမီးကိုယ်ရံတော်တွေက အယောက်ပေါင်းရာချီရှိပြီး အကုန်လုံးစစ်လက်နက်တွေကိုင်ထားတယ်။ သူ့ရဲ့အဆောင်မှာလည်း လက်နက်တွေနဲ့ပြည့်နေတယ်။ ကျုပ်က သခင်ကြီးဆီကိုစာရေးပြီး အဲ့အမျိုးသမီးနဲ့လျူဘေ့(Liu Bei) ကိုလက်ဆက်ဖို့တောင်းဆိုရမယ်။ အဲ့လိုဆို လျူဘေ့(Liu Bei) က နန်ရွှီကိုရောက်လာမှာပဲ။ အဲ့အချိန်မှာ လျူဘေ့(Liu Bei) ကိုဖမ်းပြီးတော့ ကျင်ကျိုးပြည်နယ်ကိုတောင်းဆိုရမယ်။ အဲ့ပြည်နယ်သာ ကျုပ်တို့လက်ထဲရောက်ခဲ့ရင် သခင်ကြီးက ခင်ဗျားကိုအပြစ်တင်တော့မှာမဟုတ်ဘူး"
"လူဆု"(Lu Su) မှာ အင်မတန်ကျေးဇူးတင်သွားပြီး "ကျိုးယွီ"(Zhou Yu) ထံမှစာကိုယူကာ ဝူနယ်စားနှင့်သွားတွေ့လေသည်။

"စွန်းချွမ်"(Sun Quan) သည် "လျူဘေ့"(Liu Bei) ရေးထားသောစာကိုဖတ်ပြီးနောက်
"ဒါက ဘာအသုံးဝင်မှာမို့လို့လဲ" ဟုပြောလေသည်။ ထိုအခါ "လူဆု"(Lu Su) မှ
"စစ်သူကြီး ကျိုးယွီ(Zhou Yu) ဆီက စာရှိပါသေးတယ်။ အဲ့စာအတိုင်းသာလုပ်ရင် ကျင်ကျိုးပြည်နယ်ကိုရယူနိုင်မှာပါ" ဟုပြောသည်။ "စွန်းချွမ်"(Sun Quan) သည် ထိုစာကိုဖတ်ပြီးနောက် ပီတိဖြစ်ကာ ထိုတာဝန်အတွက် မည်သူ့ကိုလွှတ်ရမည်ကိုတွေးလေသည်။ ထို့နောက် ရုတ်တရတ်
"ဟုတ်သားပဲ။ လွီဖန်(Lu Fan) ကိုလွှတ်ရမယ်" ဟုပြောပြီး "လွီဖန်"(Lu Fan) ကိုခေါ်စေသည်။ "လွီဖန်"(Lu Fan) ရောက်လာသောအခါဝယ် "စွန်းချွမ်"(Sun Quan) မှ
"လျူဘေ့(Liu Bei) က သူ့ဇနီးဆုံးရှုံးသွားတယ်လို့ကြားလိုက်ရတယ်။ ကျုပ်ဆီမှာ ညီမတစ်ယောက်ရှိတော့ သူ့ကို လျူဘေ့(Liu Bei) နဲ့လက်ထပ်စေပြီး အိမ်တော်နှစ်ခုရဲ့မဟာမိတ်ဆက်ဆံရေးပိုကောင်းမွန်စေမယ်။ အဲ့လိုသာဆို ဒီနှစ်ဖွဲ့ပေါင်းပြီး ချောင်ချောင်း(Cao Cao) ကိုဆန့်ကျင်နိုင်မယ်။ ဒါကြောင့် ခင်ဗျားက ကျင်ကျိုးကိုသွားပြီး ကြားကစေ့စပ်ပေးပါ" ဟုပြောသည်။ သို့နှင့် "လွီဖန်"(Lu Fan) သည်လည်း ကျင်ကျိုးသို့သွားလေသည်။

ကန်းအမျိုးသမီး သေဆုံးပြီးနောက် "လျူဘေ့"(Liu Bei) သည် စိတ်မကောင်းဖြစ်ကာ နေ့ရောညပါပူဆွေးဝမ်းနည်းနေခဲ့သည်။ တစ်ရက် "လျူဘေ့"(Liu Bei) နှင့် အကြံပေးတို့တိုင်ပင်နေကြစဉ် တောင်ပိုင်းပြည်နယ်မှ "လွီဖန်"(Lu Fan) ရောက်လာသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှပြုံးကာ
"ဒါ ကျိုးယွီ(Zhou Yu) ရဲ့အကြံတစ်ခုပဲ၊ ကျွန်တော် အနောက်ဘက်ကိုသွားပြီး နားထောင်နေမယ်။ သခင်ကြီးက သူပြောတာမှန်သမျှကိုသဘောတူလိုက်ပါ။ ပြီးရင် သူ့ကိုဧည့်ဆောင်ခေါ်သွားစေပြီး ဘာလုပ်ရမယ်ဆိုတာ စီစဉ်တာပေါ့" ဟုပြောသည်။
သို့နှင့် သံတမန်ဝင်လာပြီး အရိုအသေပြုကာ နေရာယူပြီးနောက် "လျူဘေ့"(Liu Bei) မှ စကားစလိုက်သည်။
"ခင်ဗျားက ဒီရောက်လာတယ်ဆိုတော့ ဘာအရေးကိစ္စရှိလို့ပါလဲ"
"ဦးရီးတော်က မိဖုရားသေဆုံးပြီးနောက်မှာ ဝမ်းနည်းနေတယ်လို့ကြားရပါတယ်။ ဒါကြောင့် နောက်ထပ်မင်္ဂလာပွဲတစ်ခုအတွက်စေ့စပ်ညှိနှိုင်းဖို့ရောက်လာတာပါ"
"အသက်လတ်ပိုင်းအရွယ်မှာ ဇနီးကိုဆုံးရှုံးလိုက်ရတာဟာ ကံမကောင်းခြင်းပါပဲ။ ဒါပေမယ့် သူသေဆုံးသွားတာ လောလောလတ်လတ်ပဲရှိသေးတာ နောက်ထပ်အိမ်ထောင်ပြုဖို့ မစဉ်းစားနိုင်သေးပါဘူး"

"ဇနီးမရှိတဲ့ယောက်ျားဟာ ကြိုးမပါတဲ့မြင်းလိုပဲ။ ခင်ဗျားလိုအရွယ်မှာ မပြီးပြည့်စုံတဲ့ဘဝမျိုးမနေသင့်ဘူး။ ကျွန်တော် ဒီရောက်လာတာက နယ်စားကြီး စွန်းချွမ်(Sun Quan) ရဲ့လှပပြီးအရည်အချင်းရှိတဲ့ ညီမနဲ့ခင်ဗျားစေ့စပ်ကြောင်းလမ်းဖို့အတွက် ရောက်လာခဲ့တာပါ။ အဲ့လိုသာဆိုရင် မိသားစုနှစ်ခုက ရှေးယခင်က ချင်နဲ့ကျင်းပြည်နယ်တို့လို မဟာမိတ်တွေဖြစ်သွားကြပြီး ချောင်ချောင်း(Cao Cao) က ကျွန်တော်တို့ကိုတိုက်ဖို့စဉ်းစားဝံ့မှာတောင်မဟုတ်ဘူး။ ဒါပေမယ့် အဲ့မိန်းကလေးရဲ့အမေက သူ့ကိုတအားချစ်တော့ အဝေးကိုလာဖို့မသင့်တော်ဘူး။ ဒါကြောင့် သခင်ကြီးက မင်္ဂလာပွဲအတွက် ကျွန်တော်တို့ပြည်နယ်ကိုလာခဲ့ပါ"
"နယ်စားကြီးကရော ခင်ဗျားလာတာကိုသိလား"
"သူမသိပဲ ကျွန်တော်ဒီကိုဘယ်လာနိုင်ပါ့မလဲ"
"ကျုပ်က အသက်မငယ်တော့ဘူး။ အသက်ငါးဆယ်ရှိပြီး အိုမင်းရင့်ရော်နေပြီ။ နယ်စားကြီးရဲ့ညီမက အခုမှ နုပျိုသေးတဲ့အရွယ်ပဲ၊ ကျုပ်နဲ့မလိုက်ဖက်ပါဘူး"
"သခင်မလေးက မိန်းကလေးဆိုပေမယ့် သူက ယောက်ျားအများစုထက်သာလွန်တယ်။ နောက်ပြီး သူက နာမည်မကြီးတဲ့လူနဲ့ဆိုရင် လက်မထပ်ဘူးလို့ပြောခဲ့ဘူးတယ်။ ဦးရီးတော်ကတော့ ပင်လယ်လေးခုလုံးမှာ နာမည်ကြီးတယ်။ သခင်မလေးက လူကြီးလူကောင်းနဲ့အိမ်ထောင်ပြုတာပဲမဟုတ်လား။ အသက်ကွာခြားတာအရေးမကြီးပါဘူး"
"ခင်ဗျား ခဏအနားယူလိုက်ပါဦး။ မနက်ဖြန်ကျရင် အကြောင်းပြန်ပါ့မယ်"
ထို့နောက် ဧည့်သည်ကိုစားသောက်ပွဲတို့တည်ခင်းပြီး ဧည့်ဆောင်တွင်နေစေသည်။

ပြီးနောက် "လျူဘေ့"(Liu Bei) သည် "ကျူးကဲလျန့်"(Zhuge Liang) နှင့်ဆွေးနွေးတိုင်ပင်သည်။"ကျူးကဲလျန့်"(Zhuge Liang) မှ
"သူဘာကြောင့်လာလည်းဆိုတာသိတယ်။ သူစကားပြောနေတဲ့အချိန် ကျွန်တော်တွက်ချက်ကြည့်တော့ ကောင်းတဲ့နိမိတ်တွေမြင်တယ်။ သခင်ကြီးက ဒါကိုလက်ခံလိုက်ပြီး သူနဲ့အတူ စွန်းချန်(Sun Qian) ကိုပြန်လွှတ်လိုက်ပြီးတော့ လိုအပ်တာတွေလုပ်ပါစေ။ ပြီးရင် နေ့ကောင်းရက်သာတစ်ရက်ရက်ရွေးတာပေါ့" ဟုပြောသည်။
"ကျုပ်က ဘာလို့ရန်သူ့နယ်မြေထဲသွားရမှာလဲ? ကျိုးယွီ(Zhou Yu) က ကျုပ်ကိုသတ်ချင်နေတာကြာပြီ"
"ကျိုးယွီ(Zhou Yu) ထောင်ချောက်ဆင်ချင်သလိုဆင်စမ်းပါစေ၊ သူကျွန်တော့်ကိုကျော်လွှားနိုင်မယ်ထင်လား? ကျွန်တော်လှုပ်ရှားတာနဲ့သူ့အစီအစဉ်တွေတစ်ဝက်တစ်ပျက်နဲ့ပျက်သွားလိမ့်မယ်။ စွန်းချွမ်(Sun Quan) ရဲ့ညီမသာ သခင်ကြီးလက်ထဲမှာရှိရင် ကျင်ကျိုးကိုဆုံးရှုံးရမှာမကြောက်ရဘူး"
"လျူဘေ့"(Liu Bei) သည် သံသယရှိနေသေးသော်လည်း "စွန်းချန်"(Sun Qian) ကိုလုပ်ဆောင်စရာရှိသည်တို့အားမှာကြားပြီး "လွီဖန်"(Lu Fan) နှင့်အတူ တောင်ပိုင်းပြည်နယ်သို့လွှတ်လိုက်သည်။
"စွန်းချွမ်"(Sun Quan) နှင့်တွေ့ဆုံရာတွင် "စွန်းချွမ်"(Sun Quan) မှ
"လျူဘေ့(Liu Bei) က ဒီမှာ ကျုပ်ညီမနဲ့အတူနေဖို့မျှော်လင့်တယ်။ သူဘာဘေးဒုက္ခမှမရှိစေရပါဘူး" ဟုပြောလေသည်။ "စွန်းချန်"(Sun Qian) သည်လည်း ကျင်ကျိုးသို့ပြန်ရောက်သောအခါ
"စွန်းချွမ်(Sun Quan) က သခင်ကြီးကိုသူတို့ဆီလာပြီး မင်္ဂလာပွဲလုပ်စေဖို့ပဲမျှော်လင့်တာပါ" ဟုပြောသည်။ သို့သော်လည်း "လျူဘေ့"(Liu Bei) က ကြောက်လန့်ကာမသွားပေ။

ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျွန်တော် အစီအစဉ်သုံးခုစီမံထားတယ်။ ဒါပေမယ့် ကျောက်ယွင်(Zhao Yun) ရဲ့အကူအညီလိုမယ်။ သူ့ကိုသခင်ကြီးနဲ့ကိုယ်ရံတော်အနေနဲ့လွှတ်လိုက်မယ်" ဟုပြောလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) က "ကျောက်ယွင်"(Zhao Yun) ကိုခေါ်ကာ ပိုးထည်အိတ်သုံးခုတို့ကိုပေးလိုက်ပြီး
"ဒီအိတ်တွေထဲမှာ အစီအစဉ်သုံးခုရှိတယ်။ ခင်ဗျား သခင်ကြီးကိုတောင်ပိုင်းပြည်နယ်ကိုလိုက်ပို့ရင် ဒါတွေပါယူသွားပြီး အဲ့ထဲမှာရေးထားတဲ့အတိုင်းလုပ်ဆောင်ပါ" ဟုပြောလေသည်။ "ကျောက်ယွင်"(Zhao Yun) က အိတ်သုံးခုကို ရင်ဘတ်အတွင်းသို့ထည့်လိုက်ပြီး လိုအပ်လျှင်သုံးနိုင်ရန်လုပ်ထားလေသည်။
ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) သည် ပို့ဆောင်ရန် မင်္ဂလာလက်ဖွဲ့တို့ပြင်ဆင်လေသည်။

ထိုအချိန်သည်ကား ကျန်းအန်းနှစ်တစ်ဆယ့်လေးနှစ်မြောက်(အေဒီ ၂၀၉ခု) ဖြစ်သည်။ "လျူဘေ့"(Liu Bei) သည် သူ၏ကိုယ်ရံတော်တပ်နှင့်အတူ လှေဆယ်စီးဖြင့် ကျင်ကျိုးမှ နန်ရွှီသို့ထွက်ခွာလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှာ ပြည်နယ်ကိုကာကွယ်ရန်ကျန်ရစ်ခဲ့သည်။
သို့သော် "လျူဘေ့"(Liu Bei) မှာစိတ်ပူပန်နေသည်။ နန်ရွှီသို့ရောက်သော် "ကျောက်ယွင်"(Zhao Yun) သည်  "ကျူးကဲလျန့်"(Zhuge Liang) ပေးလိုက်သည့်ပထမဆုံးသောအိတ်ကိုဖွင့်လိုက်ပြီး စစ်သားငါးရာတို့ကိုခေါ်ကာ အိတ်ထဲတွင်မှာကြားထားသည့်အတိုင်း လုပ်ဆောင်စရာရှိသည်တို့ကိုလုပ်ခိုင်းစေသည်။ ထို့နောက် "ကျောက်ယွင်(Zhao Yun) မှ "လျူဘေ့"(Liu Bei) လုပ်ရမည့်အရာတို့ကိုပြောပြလေသည်။ ၎င်းမှာ "စွန်းချဲ့"(Sun Ce) နှင့် "ကျိုးယွီ"(Zhou Yu) တို့၏ယောက္ခမဖြစ်သော ပြည်နယ်နယ်စားချောင်အား သွားတွေ့ရန်ဖြစ်သည်။

ပြည်နယ် နယ်စားချောင်မှာ နန်ရွှီတွင်နေထိုင်ပြီး သိုးကျောင်းခြင်း၊ အရက်ချက်ခြင်းတို့ဖြင့် အချိန်ကုန်ဆုံးစေသည်။ "လျူဘေ့"(Liu bei) သည် နယ်စားချောင်နှင့်တွေ့ဆုံပြီး မိမိမှာ မင်္ဂလာပွဲအတွက်လာကြောင်းပြောပြလေသည်။
ထို့အပြင် တပ်သားငါးရာတို့သည်လည်း ပွဲတက်ဝတ်စုံတို့ဝတ်ဆင်ကာ မြို့အတွင်း နေရာအနှံ့သို့သွားပြီး ပစ္စည်းမျိုးစုံတို့ဝယ်ကြသည်။ ထိုအရာတို့သည် "လျူဘေ့"(Liu Bei) နှင့် စွန်းမိသားစုအမျိုးသမီးတို့၏မင်္ဂလာပွဲအတွက်ဖြစ်ကြောင်းပြောကြလေသည်။ ထိုသတင်းတို့မှာ နေရာအနှံ့သို့ပြန့်သွားပြီး လူတိုင်းက ထိုမင်္ဂလာပွဲအကြောင်းကိုပြောကြလေသည်။
"စွန်းချွမ်"(Sun Quan) သည် "လျူဘေ့"(Liu Bei) ရောက်လာသည့်အကြောင်းကိုကြားလျှင် "လွီဖန်"(Lu Fan) အား ကြိုဆိုခိုင်းစေပြီး ဧည့်ဆောင်တွင်နေစေသည်။

ထိုအချိန်တွင် နယ်စားချောင်မှ "စွန်းချွမ်"(Sun Quan) ၏မိခင်နှင့်သွားတွေ့ပြီး မင်္ဂလာသတင်းအတွက် ဂုဏ်ပြုစကားပြောလေသည်။
"ဘာမင်္ဂလာသတင်းလဲ"
"ခင်ဗျားသမီးနဲ့ လျူဘေ့(Liu Bei) နဲ့လက်ထပ်တဲ့အတွက်လေ။ သူဒီရောက်နေတာ ခင်ဗျားသိပြီးပြီမဟုတ်လား"
"ကျွန်မ သိတောင်မသိပါဘူး။ ဘာအကြောင်းမှတောင်မသိရပါလား"
ထို့နောက် သားဖြစ်သူကိုချက်ချင်းလာတွေ့ရန်ခေါ်လိုက်ပြီး အစေခံတို့ကိုလည်း မြို့ထဲသို့သွားကာ စုံစမ်းခိုင်းလေသည်။ အစေခံတို့မှပြန်ရောက်လာပြီး
"ဒီမင်္ဂလာပွဲအကြောင်းကို တစ်မြို့လုံးသိကြပါတယ်။ သတို့သားက ဧည့်ဆောင်မှာတည်းနေပါတယ်။ ဒါ့အပြင် သူက အခြွေအရံတွေအများကြီးနဲ့လာပြီး သူတို့က မြို့ထဲမှာ မင်္ဂလာအခမ်းအနားအတွက် ဝက်သား၊ သိုးသား၊ သစ်သီးဝလံတွေဝယ်နေကြတယ်။ လွီဖန်(Lu Fan) နဲ့ စွန်းချန်(Sun Qian) တို့လည်း အောင်သွယ်တော်အနေနဲ့ဧည့်ဆောင်ထဲမှာရှိနေကြတယ်" ဟုပြောသည်။

ထိုအခါ အမျိုးသမီးကြီးမှာ အံ့ဩသွားပြီးစိတ်လည်းဆိုးသွားလေသည်။ "စွန်းချွမ်"(Sun Quan) ရောက်လာသောအခါဝယ် အမေဖြစ်သူက ရင်ဘတ်စည်တီးကာ ငိုနေသည်ကိုတွေ့သည်။
"အမေ ဘာများအခက်အခဲဖြစ်နေလို့လဲ"
"နင် အခုဘာလုပ်လိုက်သလဲ။ ငါ့ကိုရှိတယ်လို့တောင် မထင်တဲ့သဘောလား? ငါ့အစ်မသေခါနီးတုန်းက နင့်ကိုမှာခဲ့တာ မသိတော့ဘူးလား"
ထိုအခါ "စွန်းချွမ်"(Sun Quan) မှာ လန့်သွားသော်လည်း
"အမေ ပွင့်ပွင့်လင်းလင်းပြောပါ။ ဘာများဝမ်းနည်းစရာရှိလို့လဲ" ဟုမေးသည်။
"သားဖြစ်သူအရွယ်ရောက်ရင် ဇနီးယူမယ်၊ သမီးက အရွယ်ရောက်ရင် လင်ကောင်းသားကောင်းနဲ့ပေးစားမယ်။ ဒါကဓမ္မတာပဲ။ ဒါပေမယ့် ငါကအမေလေ၊ နင့်ညီမကို လျူဘေ့(Liu Bei) နဲ့ပေးစားမယ်ဆိုရင်လည်း ငါ့ကိုတော့ အရင်ပြောသင့်တာပေါ့။ ဘာလို့ဘာမှမပြောပဲဖုံးကွယ်ထားရတာလဲ? သမီးကိုထိမ်းမြားပေးရမှာဟာ ငါ့ဝတ္တရားပဲလေ"

နယ်စားမှာ ပိုလန့်သွားပြီး
"ဒီအကြောင်းကို ဘယ်ကကြားတာလဲ" ဟုမေးသည်။
"ဘာလို့ မသိချင်ယောင်ဆောင်ရတာလဲ? တစ်မြို့လုံး ဒီအကြောင်းကိုမသိတဲ့လူမရှိဘူး။ ဒါပေမယ့် ငါ့ကိုတော့ မသိအောင်ဖုံးကွယ်ထားနိုင်ခဲ့တယ်"
ထိုအခါ နယ်စားချောင်မှ
"ကျုပ်က လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကသိတာ။ ဒါကြောင့် ဒီနေ့ဒီကိုလာပြီး ဂုဏ်ပြုစကားပြောတာ" ဟုပြောသည်။ "စွန်းချွမ်"(Sun Quan) မှ
"အဲ့လိုမဟုတ်ပါဘူး။ ဒါ ကျိုးယွီ(Zhou Yu) က ကျင်ကျိုးကိုသိမ်းဖို့အတွက် လုပ်ဆောင်တဲ့အကြံအစည်ပါ။ သူက အဲ့နည်းနဲ့လျူဘေ့(Liu Bei) ကိုဖိတ်ပြီး ရောက်လာရင် ဖမ်းလိုက်ပြီးတော့ ကျင်ကျိုးနယ်ကိုကျွန်တော်တို့လက်ထဲရောက်အောင်လုပ်မလို့ပါ။ အကယ်၍ နယ်ကိုပြန်မပေးရင်တော့ လျူဘေ့(Liu Bei) ကိုသတ်လိုက်တာပေါ့။ တကယ်မင်္ဂလာဆောင်တာ မဟုတ်ပါဘူး" ဟုပြောသည်။ထိုအခါ နယ်စား၏မိခင်မှာစိတ်ဆိုးပြီး "ကျိုးယွီ"(Zhou Yu) အပေါ်ကြိမ်းမောင်းအပြစ်တင်လေသည်။
"ပြောရရင် ကျိုးယွီ(Zhou Yu) က  ပြည်နယ်ခြောက်ခုနဲ့ မြို့နယ် ၈၁ ခုကိုချုပ်ကိုင်နိုင်တဲ့အာဏာရှိတာပဲ။ သူက ငါ့သမီးကိုအသုံးမချပဲနဲ့ ပြည်နယ်လေးတစ်ခုက ရအောင်မလုပ်နိုင်ဘူးလား? တော်တော်ကောင်းပါတယ်၊ အဲ့လိုသာဆို ငါ့သမီးက မုဆိုးမဖြစ်သွားမှာပေါ့။ နောက်ပိုင်းမှာ သူနဲ့ဘယ်သူ လက်ထပ်ချင်ဦးပါ့မလဲ"
နယ်စားချောင်မှ
"အဲ့လိုသာဆို ကျင်ကျိုးနယ်ကိုရနိုင်တယ်။ ဒါပေမယ့် အဲ့လိုလုပ်လိုက်ရင် တစ်လောကလုံးက ပြက်ရယ်ပြုကြလိမ့်မယ်" ဟု ပြောလေသည်။
"စွန်းချွမ်"(Sun Quan) မှာ ဘာမှပြန်မပြောနိုင်ပဲ ခေါင်းငိုက်စိုက်ကျနေသည်။

ချောင်နယ်စားက အမျိုးသမီးကြီးအားဖြောင်းဖျလေသည်။
"လျူဘေ့(Liu Bei) က မင်းဆွေမင်းမျိုးဖြစ်ပြီး လက်ရှိဘုရင်ရဲ့ဦးရီးတော်ပဲလေ။ သူ့ကိုသမက်အနေနဲ့ကြိုဆိုပြီး ဒီလိုအကြံကိုအပြင်မပြန့်စေနဲ့ပေါ့"
"ဒါပေမယ့် သူတို့အသက်တွေက တအားကွာတယ်"
"လျူဘေ့(Liu Bei) က နာမည်ကြီးတဲ့လူတစ်ယောက်ပဲ။ သူ့ကိုသမက်တော်ရင် အရှက်ရစရာမရှိဘူး"
"သူ့ကိုတစ်ခါမှ မမြင်ဖူးဘူး။ မနက်ဖြန်မနက် နှင်းရည်ချိုဘုရားကျောင်းမှာ တွေ့ဖို့စီစဉ်ပါ။ အကယ်၍ ငါ စိတ်တိုင်းမကျရင်တော့ မင်းတို့အစီအစဉ်အတိုင်းဆက်လုပ်ကြ။ ဒါပေမယ့် ငါသဘောကျတဲ့လူဆိုရင်တော့ ငါ့သမီးနဲ့ သူ့ကိုပေးစားစေမယ်"
"စွန်းချွမ်"(Sun Quan) သည်လည်း အမေဖြစ်သူပြောသည်ကိုသဘောတူလိုက်သည်။ ထို့နောက် "လွီဖန်"(Lu Fan) ကိုခေါ်ပြီး မနက်ဖြန်နံနက်တွင် "လျူဘေ့"(Liu Bei) နှင့်တွေ့ဆုံရန်စီစဉ်စေသည်။ "လွီဖန်"(Lu Fan) မှ
"ဘုရားကျောင်းနားမှာ ကျားဟွာ(Jia Hua) ကို ရဲမက်တွေနဲ့စောင့်ထားခိုင်းလိုက်ပါ။ နယ်စားမယ်တော်က သဘောမကျရင် သူ့ကိုတခါတည်းဖမ်းလို့ရတာပေါ့" ဟုပြောသည်။ ထို့နောက် တပ်သားငါးရာကို ရှောင်တခင်တိုက်ရန် ပြင်ဆင်ထားစေသည်။

နယ်စားချောင်သည် အိမ်သို့ပြန်သွားပြီးနောက် "လျူဘေ့"(Liu Bei) ထံသို့
"မနက်ဖြန်မှာ နယ်စားနဲ့သူ့မိခင်က ခင်ဗျားနဲ့တွေ့လိမ့်မယ်။ သတိထားပါ" ဟု ပြောစေလိုက်သည်။
"လျူဘေ့"(Liu Bei) သည် သူ၏အမှုထမ်းတို့သည် ဆွေးနွေးတိုင်ပင်လေသည်။ "ကျောက်ယွင်"(Zhao Yun) မှ
"မနက်ဖြန် သခင်ကြီးကိုဖိတ်တာက သဘောရိုးနဲ့မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကိုယ်ရံတော်တွေပါ လိုက်ပါပါ့မယ်" ဟုပြောသည်။

နောက်ရက်နံနက်တွင် အမျိုးသမီးကြီးနှင့်နယ်စားချောင်တို့သည် နှင်းရည်ချိုဘုရားကျောင်းသို့သွားကြသည်။ "စွန်းချွမ်"(Sun Quan) သည်လည်း သူ၏အကြံပေးတချို့နှင့်ရောက်လာသည်။ ထို့နောက် "လွီဖန်"(Lu Fan) အား "လျူဘေ့"(Liu Bei) ကိုဖိတ်ခေါ်စေသည်။ "လျူဘေ့"(Liu Bei) မှလည်း ဖိတ်ခေါ်သည်ကိုလက်ခံလိုက်သည်၊ သို့သော်လည်း သူ့အဝတ်အတွင်းတွင် ကိုယ်ချပ်အင်္ကျီကိုဝတ်ဆင်ကာသွားသည်။ ထို့အပြင် အစောင့်အကြပ်တို့ကလည်း လက်နက်တို့ကိုကိုင်ဆောင်ကာ သွားလေသည်။ "လျူဘေ့"(Liu Bei) သည် "စွန်းချွမ်"(Sun Quan) နှင့်တွေ့ဆုံပြီးနောက် "စွန်းချွမ်"(Sun Quan) မှ သူ၏မိခင်နှင့်တွေ့ရန်ခေါ်သွားသည်။
နယ်စားမယ်တော်မှ "လျူဘေ့"(Liu Bei) ၏အသွင်အပြင်ကိုကြည့်ကာ
"ဒါ ငါ့ရဲ့သမက်လောင်းပဲ" ဟုဝမ်းသာစွာပြောသည်။
"ချောင်"နယ်စားမှလည်း
"သူ့မှာ ဘုရင့်ရဲ့ကျက်သရေရှိပြီး နေမင်းကြီးလိုထည်ဝါတယ်။ သူ့ရဲ့နာမည်က တစ်လောကလုံးမှာ ကျော်စောတယ်။ ခင်ဗျား ဒီလိုသမက်မျိုးရတဲ့အတွက် ဂုဏ်ပြုရမယ်" ဟုပြောလေသည်။

"လျူဘေ့"(Liu Bei) ကလည်း အရိုအသေပြုလေသည်။ ထို့နောက် စားသောက်ရန်ပြင်ဆင်ကြလေသည်။ "ကျောက်ယွင်"(Zhao Yun) မှာဝင်လာပြီး "လျူဘေ့"(Liu Bei) ၏နံဘေးတွင်ရပ်နေသည်။ အမျိုးသမီးကြီးမှ
"ဒါက ဘယ်သူလဲ" ဟုမေးသည်။
"ချန်စန်းက ကျောက်ယွင်(Zhao Yun) ပါ"
"ဒါဆို တန်းရန်မှာတုန်းက လျူရှန်(Liu Shan) လေးကိုကယ်ခဲ့တဲ့သူရဲကောင်းမဟုတ်လား"
"ဟုတ်ပါတယ်၊ သူပါပဲ"
"အင်မတန်ထူးချွန်တဲ့စစ်သူကြီးပဲ"
အမျိုးသမီးကြီးမှ "ကျောက်ယွင်"(Zhao Yun) အားအရက်တစ်ခွက်ပေးလိုက်သည်။

"ကျောက်ယွင်"(Zhao Yun) မှ သူ၏သခင်အား
"ကျွန်တော် ဒီဘုရားကျောင်းအနီးအနားမှာ လက်နက်ကိုင်ထားတဲ့လူတွေပုန်းနေတာတွေ့တယ်။ သူတို့တွေက ကောင်းကျိုးပေးမှာမဟုတ်ဘူး။ သခင်ကြီးက နယ်စားမယ်တော်ကိုပြောပြီး သူတို့ကိုဖယ်ရှားခိုင်းလိုက်ပါ" ဟုပြောသည်။
ထိုအခါ "လျူဘေ့"(Liu Bei) သည် နယ်စားမယ်တော်ရှေ့တွင် ဒူးထောက်လိုက်ပြီးငိုကာ
"အကယ်၍ ကျွန်တော့်ကိုသတ်ချင်ရင် ချက်ချင်းသတ်လိုက်ပါ" ဟုပြောလေသည်။
"ဘာလို့ဒီလိုပြောရတာလဲ"
"ဘာလို့လည်းဆိုတော့ ဒီဘုရားကျောင်းအနီးမှာ လူသတ်သမားတွေ ပုန်းနေလို့ပါ။ သူတို့က ကျွန်တော့်ကိုသတ်ဖို့မဟုတ်ရင် ဘာကြောင့်များလဲ"

ထိုအခါ အမျိုးသမီးကြီးက "စွန်းချွမ်"(Sun Quan) ကိုအမျက်ဒေါသဖြင့်ကြည့်ကာ
"ဒီနေ့ ငါ့သမက်ကိုကြိုဆိုတဲ့အချိန်မှာ လက်နက်ကိုင်ထားတဲ့လူတွေက အပြင်မှာ ဘာလုပ်နေတာလဲ" ဟုမေးလေသည်။
"စွန်းချွမ်"(Sun Quan) ကလည်း သူမသိကြောင်းပြောပြီး "လွီဖန်"(Lu Fan) ကိုလွှတ်ကာစုံစမ်းစေသည်။ "လွီဖန်"(Lu Fan) မှ အပြစ်ကို "ကျားဟွာ"(Jia Hua) ခေါင်းပေါ်သို့ပုံချလိုက်သည်။ အမျိုးသမီးကြီးက "ကျားဟွာ"(Jia Hua) ကိုခေါ်ကာ ဆူပူကြိမ်းမောင်းသည်။ "ကျားဟွာ"(Jia Hua) မှာ ပြောစရာစကားမရှိပေ။ ထို့နောက် "ကျားဟွာ"(Jia Hua) နှင့် တပ်သားတို့အား သေဒဏ်ပေးစေသည်။
ထိုအခါ "လျူဘေ့"(Liu Bei) မှဝင်ပြီး
"စစ်သူကြီးကိုသေဒဏ်ပေးလိုက်ရင် ကျွန်တော် ဒီမှာဆက်နေဖို့မသင့်တော်ဘူး" ဟုပြောလေသည်။
ချောင်နယ်စားမှလည်း ဝင်ကာတားမြစ်သဖြင့် အမျိုးသမီးကြီးက စစ်သူကြီးကို အပြင်သို့သွားစေလိုက်သည်။ စစ်သူကြီးလက်အောက်ရှိတပ်သားတို့သည်လည်း ကြောက်လန့်သွားသောကြွက်တို့အလားထွက်ပြေးကုန်သည်။

စားသောက်ပြီးနောက် ဘုရားကျောင်းဝင်းအတွင်းတွင် လှည့်လည်သည်။ ကျောက်တုံးတစ်ခုနားအရောက်တွင် "လျူဘေ့"(Liu Bei) က ဓားကိုဆွဲလိုက်ပြီး ကောင်းကင်ကြီးဆီသို့မော့ကြည့်ကာ
"ကျွန်တော်သာ ကျင်ကျိုးကိုပြန်နိုင်ပြီး ခေါင်းဆောင်ဖြစ်မယ်ဆိုရင် ဒီကျောက်တုံးကို ပိုင်းဖြတ်နိုင်ပါစေ။ အကယ်၍ ဒီမှာပဲသေဆုံးမယ်ဆိုရင် ဒီကျောက်တုံးကိုမဖြတ်နိုင်ပါစေနဲ့" ဟုဆုတောင်းလိုက်သည်။

ထို့နောက် ဓားဖြင့်ခုတ်လိုက်ရာ ကျောက်တုံးမှာ ပြတ်သွားလေသည်။ ထိုအခါ "စွန်းချွမ်"(Sun Quan) က
"ခင်ဗျားက ကျောက်တုံးကိုအဲ့လောက်တောင်မုန်းလား" ဟုပြောသည်။
"ကျုပ်အသက်က အခုဆယ်စုနှစ်ငါးခုရောက်တော့မယ်၊ ဒါပေမယ့် တိုင်းပြည်ရဲ့အန္တရာယ်ကိုမရှင်းနိုင်သေးဘူး။ ကျွန်တော့်ရှုံးနှိမ့်မှုအတွက် ကျွန်တော်နောင်တရမိတယ်။ အခု မယ်တော်က သူ့သမက်အနေနဲ့လက်ခံတော့ ဒီအချိန်က ကျွန်တော့်ဘဝအတွက် အရေးကြီးတဲ့အစိတ်အပိုင်းပဲ။ ဒါကြောင့် ကျွန်တော်စိတ်ထဲမှာ ချောင်ချောင်း(Cao Cao) ကိုဖျက်စီးနိုင်ရင် ကျောက်တုံးပြတ်သွားပါစေဆိုပြီး ဆုတောင်းပြီးခုတ်လိုက်တာ၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ"
"စွန်းချွမ်"(Sun Quan) မှ
'ဒါ ငါ့ကိုလိမ်နေတာပဲ' ဟုတွေးပြီး သူ့ဓားကိုထုတ်ကာ
"ကျွန်တော်လည်း ကောင်းကင်ကြီးကိုမေးချင်ပါတယ်။ ကျွန်တော်သာ ချောင်ချောင်း(Cao Cao) ကိုဖျက်စီးနိုင်မယ်ဆိုရင် ဒီကျောက်တုံးကိုဖြတ်နိုင်ပါစေ" ဟုပြောပြီး ကျောက်တုံးကိုခုတ်ရန်ပြုသည်။ သို့သော် သူ၏စိတ်ထဲတွင်မူ
'အကယ်၍ ကျုပ်သာ ကျင်ကျိုးနယ်ကိုသိမ်းယူနိုင်ပြီး အာဏာစက်ကိုဖြန့်ကျက်နိုင်ရင် ဒီကျောက်တုံးကိုဖြတ်နိုင်ပါစေ' ဟုတွေးကာ ခုတ်လိုက်သည်။ ထိုအခါ ကျောက်တုံးမှာပြတ်သွားလေသည်။ ထိုဓားရာထင်နေသည့်ကျောက်တုံးကို ယနေ့ခေတ်တိုင်ထိန်းသိမ်းထားသည်ဟုဆို၏။

"လျူဘေ့"(Liu Bei) နှင့် "စွန်းချွမ်"(Sun Quan) တို့သည်လည်း ခန်းမဆောင်အတွင်းသို့ပြန်ဝင်ကြသည်။ အချိန်အနည်းငယ်အကြာတွင် "စွန်းချန်"(Sun Qian) မှ "လျူဘေ့"(Liu Bei) အား သတိပေးသည့်အနေဖြင့် လှမ်းကြည့်လိုက်သည်။ ထိုအခါ "လျူဘေ့"(Liu Bei) မှ
"ကျွန်တော် အရက်ကိုဆက်မသောက်နိုင်တော့လို့ ခွင့်ပြုပါဦး" ဟုပြောလေသည်။ "စွန်းချွမ်"(Sun Quan) မှ "လျူဘေ့"(Liu Bei) ကိုအဝင်ဝနားအထိလိုက်ပို့သည်။ အောက်သို့ဆင်းကြသောအခါဝယ် မြင့်သောမြေကြီးနှင့် လှပစွာ စီးဆင်းနေသောမြစ်ရေတို့ကိုမြင်သောအခါ "လျူဘေ့"(Liu Bei) မှ
"တစ်လောကလုံးမှာ ဒီနေရာက အလှပဆုံးပဲ" ဟုပြောလေသည်။ ထိုစကားတို့ကို ဘုရားကျောင်းအတွင်းတွင် မှတ်တမ်းတင်ထားလေသည်။
ထိုရှုခင်းမှာ အင်မတန်ပင်လှပလေသည်။ တိုက်ခတ်သောလေတို့ကြောင့် မြစ်ရေတို့မှာ လှိုင်းလုံးအသွင်ပြောင်းသွားပြီး ကောင်းကင်ကြီးသို့တိုင် တက်မည့်ပုံပေါ်နေသည်။ လှိုင်းလုံးတို့အလယ်တွင် လှေလေးတစ်စီးမှာ သစ်ရွက်တစ်ရွက်သဖွယ် မျောနေသည်။

ထိုအခါ "လျူဘေ့"(Liu Bei) မှ
"မြောက်ပိုင်းသားတွေက မြင်းစီးတော်ပြီး တောင်ပိုင်းသားတွေကျတော့ သင်္ဘောသားတွေလို့ဆိုကြတာ တကယ်မမှားဘူး" ဟုပြောသည်။ ထိုအခါ "စွန်းချွမ်"(Sun Quan) သည် သူ၏အမှုထမ်းတို့အား မြင်းယူလာခိုင်းကာ တောင်ကုန်းပေါ်မှအောက်သို့မြင်းစီးသွားပြီး ထိုတူညီသည့်အလျင်အတိုင်းပင် မြင်းစီးကာ ပြန်တက်လာသည်။ ထို့နောက် "စွန်းချွမ်"(Sun Quan) က ရယ်ပြီး
"တောင်ပိုင်းသားတွေက မြင်းမစီးနိုင်ဘူးတဲ့လား" ဟုပြောပြီး ချေပလေသည်။ "လျူဘေ့"(Liu Bei) ကလည်း သူ့မြင်းပေါ်တက်ပြီး "စွန်းချွမ်"(Sun Quan) လုပ်ပြသည့်အတိုင်း ပြန်လုပ်ဆောင်ပြသည်။ ထိုသူနှစ်ဦးတို့သည် ရယ်မောကာ မြင်းချင်းယှဉ်စီးကြလေသည်။

နန်ရွှီသို့ပြန်ရောက်သောအခါဝယ် "လျူဘေ့"(Liu Bei) မှ "စွန်းချန်"(Sun Qian) အား လက်ထပ်မည့်ရက်သတ်မှတ်ရန်အတွက် အကြံတောင်းသည်။ "စွန်းချန်"(Sun Qian) မှ
"ဒါကို အမြန်လုပ်ဆောင်ရမယ်၊ ထပ်နှောင့်နှေးလို့မဖြစ်ဘူး" ဟုပြောသည်။
နောက်ရက်တွင် "လျူဘေ့"(Liu Bei) သည် ချောင်နယ်စားထံသွားကာ
"ဒီနေရာမှာ ကျွန်တော့်ကိုဒုက္ခရောက်စေချင်တဲ့လူတွေအများကြီးရှိတဲ့အတွက် ဒီမှာအကြာကြီးနေလို့မဖြစ်ဘူး။ အမြန်ပြန်ရမယ်" ဟုပြောလေသည်။
"စိတ်မပူပါနဲ့။ ကျုပ် နယ်စားမယ်တော်နဲ့သွားတွေ့ပြီး ပြောပြပါ့မယ်။ သူက ခင်ဗျားကိုကာကွယ်လိမ့်မယ်"
"လျူဘေ့"(Liu Bei) က ကျေးဇူးတင်စကားပြောလေသည်။

ချောင်နယ်စားမှ နယ်စားမယ်တော်အားတွေ့ပြီး အကျိုးအကြောင်းပြောသောအခါ "လျူဘေ့"(Liu Bei) အလျင်အမြန်ထွက်ခွာလိုသည့်အကြောင်းနှင့်ပတ်သတ်ပြီး အမျိုးသမီးကြီးက စိတ်ဆိုးလေသည်။
"ဘယ်သူက ငါ့သမက်ကိုရန်ရှာရဲမှာလဲ"
သို့သော်လည်း သူမသည် "လျူဘေ့"(Liu Bei) ကို နန်းတော်အတွင်းရှိစာကြည့်ဆောင်အတွင်းတွင် နေစေကာ လက်ထပ်ရန်အတွက်နေ့ရွေးလေသည်။ သို့သော်လည်း ကိုယ်ရံတော်တပ်တို့မှာ စာကြည့်ဆောင်အတွင်းတွင် မစောင့်ကြပ်နိုင်ပေ။ ထိုအကြောင်းကို "လျူဘေ့"(Liu Bei) က အမျိုးသမီးကြီးကိုရှင်းပြသောအခါ အမျိုးသမီးကြီးမှ ကိုယ်ရံတော်တို့အား "လျူဘေ့"(Liu Bei) ၏လုံခြုံမှုအတွက် နန်းတော်အတွင်းတွင် နေရာပေးထားလိုက်သည်။ "လျူဘေ့"(Liu Bei) လည်း ဝမ်းမြောက်သွားသည်။

စားသောက်ပွဲတို့တည်ခင်းပြီးနောက်ဝယ် သတို့သားနှင့် သတို့သမီးတို့သည် ကျမ်းသစ္စာကျိန်ဆိုကြသည်။ ဧည့်သည်တို့ပြန်သွားပြီးနောက် မင်္ဂလာမောင်နှံနှစ်ဦးတို့သည် အနီရောင်မီးပုံးတို့ထွန်းထားသည့်လမ်းအတိုင်းလျှောက်ပြီး မင်္ဂလာခန်းအတွင်းသို့ဝင်ကြသည်။

အခန်းအတွင်းတွင် ဓား၊လှံ၊ အလံတို့ချိတ်ထားပြီး စောင့်ကြပ်သောအမျိုးသမီးတို့မှာလည်း လက်တွင်ဓားကိုင်ထားသဖြင့် "လျူဘေ့"(Liu Bei) မှာ အင်မတန်အံ့ဩသွားသည်။

Comments

Popular posts from this blog

Lookism