My Daoist Life(3)

ကျွန်တော့်ရဲ့တာအိုဝါဒီဘဝ (My Daoist Life)

အခန်း(၃) မိုး

မနက်တုန်းက ကောင်းကင်ကြီးကနေသာနေပြီးတိမ်တွေကင်းနေလို့ မိုးရွာလိမ့်မယ်လို့ဘယ်သူမှမထင်ထားမိဘူး။ ရွာသားတွေက အိမ်ပြန်ဖို့လုပ်တဲ့အချိန်မှာတော့ ရုတ်တရတ်တိမ်တွေမည်းတက်လာခဲ့တယ်။
"ဟိုမှာကြည့်၊ မိုးရွာနေပြီ"
Huang Shulang က အဝေးကိုငေးကြည့်ပြီး လက်ညှိုးထိုးရင်းပြောတယ်။
ကျွန်တော်ကတော့ ရာသီဥတုအပြောင်းအလဲကို ဂရုမစိုက်ပဲ ထီးကိုဖွင့်လိုက်တယ်။ မနက်က ကျွန်တော်ထတဲ့အချိန်မှာ 'ကနဦးချိ' အပြောင်းအလဲတွေကြောင့် မိုးရွာလိမ့်မယ်ဆိုတာ ကျွန်တော်သိခဲ့တာကိုး။
ရွာသားတွေက ထီးကိုင်ထားတဲ့ကျွန်တော့်ကိုငေးကြည့်နေတယ်။ အဘိုးကတော့ ကျွန်တော့်အစွမ်းတွေနဲ့အသားကျနေခဲ့ပြီ။ သူ့အတွက်ကတော့ သူ့မြေးသာလျှင် အတော်ဆုံးပဲ၊ အရင်က ကျွန်တော်ပဲဖြစ်ဖြစ်၊ လက်ရှိကျွန်တော်ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။
ရွာသားတွေက ကျွန်တော့်ကိုလေးစားတဲ့အကြည့်နဲ့ကြည့်နေခဲ့တယ်။ ဒါပေမယ့် ကြာကြာမကြည့်နိုင်ပါဘူး၊ ဘာလို့လည်းဆိုတော့ မိုးက သည်းကြီးမည်းကြီးရွာချလာခဲ့တာကိုး။ ပဲစေ့အရွယ်ရှိတဲ့မိုးပေါက်တွေဟာ မြေကြီးပေါ်ကျလာတဲ့အခါ ပုလဲလုံးသေးသေးလေးလိုပြောင်းသွားပြီး ဖုန်မှုန့်တွေနဲ့ရောပြီးတော့ မြူတွေလိုဖြစ်သွားခဲ့တယ်။
"မြန်မြန်ပြေး"
ဒါပေမယ့် နောက်ကျသွားခဲ့ပါပြီ။ အဲ့နေရာက ရွာနဲ့တစ်လီလောက်ဝေးတယ်။ အဲ့နေရာကနေအိမ်အထိ ပြေးခဲ့ရင်တောင်မှ အိမ်ရောက်ရင် ကြွက်စုတ်လိုရေစိုနေမှာပါပဲ။ ဒါကြောင့် သစ်ရွက်သစ်ခက်တွေနဲ့ဝေဆာနေတဲ့ သစ်ပင်ကြီးအောက်မှာ မိုးခိုဖို့တစ်နည်းပဲရှိတယ်။ သစ်ပင်အောက်မှာမိုးခိုရင်တောင်မှ ဒီလောက်ကြီးတဲ့မိုးနဲ့ဆိုရင် မစိုပဲတော့မနေပါဘူး။

အားလုံးက ကျွန်တော်တို့ကိုအားကျတဲ့အကြည့်နဲ့ကြည့်နေတဲ့အချိန်မှာ ကျွန်တော်တို့မြေးအဘိုးက ထီးဆောင်းပြီး အုတ်အိမ်တွေရှိတဲ့ရွာထိပ်ဆီကို တဖြည်းဖြည်းလမ်းလျှောက်သွားတယ်။ ဒါပေမယ့် Huang Shu Lang ရဲ့ အင်္ကျီကတော့ ရွှဲရွှဲစိုနေပြီး မိုးရေကြောင့်ခန္ဓာကိုယ်ကို ထိုးဖောက်မြင်နိုင်ပြီး သူ့ကျောင်းလွယ်အိတ်ထဲကစာအုပ်တွေတော့ ရေဘေးသင့်နေခဲ့ပြီ။ Huang Shu Lang က ကျွန်တော့်ကိုစိုက်ကြည့်နေခဲ့တယ်၊ ဒါပေမယ့် ကျွန်တော် ဂရုမစိုက်ပါဘူး။

ကျွန်တော်တို့အိမ်ပြန်ရောက်တဲ့အချိန်မှာ ကျွန်တော်တို့နွားက သစ်သားနဲ့လုပ်ထားတဲ့တင်းကုပ်အကာကိုဖောက်ထွက်ပြီး အပြင်ထွက်လာတယ်။ သူက ကျွန်တော့်ဆီတန်းလာပြီး ကျွန်တော့်လက်နဲ့သူ့ခေါင်းကိုအပုတ်ခံချင်တဲ့ပုံပြတယ်။
ကျွန်တော် နွားကျောင်းထွက်တဲ့အချိန်တိုင်း 'ကနဦးချိ' ကိုသုံးပြီး သူ့ကိုအမြဲပုတ်တော့ သူကကျွန်တော့်ကိုခင်တွယ်နေခဲ့ပြီ။ အချိန်အတော်ကြာတော့ သူလည်း တခြားနွားတွေနဲ့မတူ ခြားနားလာခဲ့တယ်။ အရာကရွှေဝါရောင်ပြောင်းသွားပြီး သူ 'အဲအဲ့'လို့အော်တာနဲ့ တခြားနွားတွေကိုထိန်းလို့မရတော့ဘူး။
မိုးစက်တွေက နွားခန္ဓာကိုယ်ပေါ်ကျပေမယ့်လည်း သူ့အမွှေးတွေကို မထိုးဖောက်နိုင်ဘူး၊ နွားမွှေးတွေက သူ့ရဲ့သဘာဝကုတ်အင်္ကျီလိုပဲ။ နွားက ရုတ်တရတ်ခါလိုက်တော့ မိုးစက်တွေလွင့်စင်သွားတယ်၊ ကျွန်တော်နဲ့အဘိုးလည်း လွင့်လာတဲ့ရေစက်တွေက မြန်မြန်ရှောင်လိုက်ရတယ်။
အဘိုးက ပြုံးပြီး ဆူတဲ့လေသံနဲ့
"မင်း ဒီနွားကိုသတ်လိုက်သင့်တယ်" လို့ပြောတယ်။

နွားက လယ်သမားမိသားစုတွေအတွက် အရေးပါအရာရောက်ပြီး အခရာကျတယ်လို့တောင်ဆိုနိုင်တယ်။ နွားရဲ့အကူအညီသာမရှိရင် စိုက်ပျိုးရေးကျွမ်းကျင်တဲ့လူတောင်မှ ထွန်ယက်ဖို့ခက်ခဲမှာပဲ။ ဒါပေမယ့် အဲ့အချိန် ၁၉၉၉ ခုနှစ်မှာတော့ လယ်ကွက်ဆိုတာ လယ်သမားတွေအတွက် သိပ်အရေးမပါတော့ဘူး။ လူငယ်တွေကလည်း အလုပ်အကိုင်ရှာဖို့ တခြားနေရာတွေကိုသွားပြီး ရွာတွေမှာ အသက်ကြီးတဲ့လူ၊ မသန်စွမ်းသူတွေနဲ့ဖျားနာတဲ့လူတွေပဲ ကျန်ရစ်ခဲ့တော့တယ်။

နွားက မိုးရေထဲမှာ နှစ်ခြင်းမင်္ဂလာခံယူနေသလိုမျိုး အင်မတန်ပျော်ရွှင်နေခဲ့တယ်။ လျပ်စီးနဲ့အတူမိုးရေထဲမှာ 'ကနဦးချိ' ရောပါနေတာကို ကျွန်တော်ခံစားရတယ်။ ကျွန်တော်လည်း ခဏတာ ထူးဆန်းတဲ့အခြေအနေထဲရောက်သွားပြီး မိုးရေထဲထွက်ပြီးတော့ နွားနဲ့အတူ ကခုန်နေခဲ့တယ်။ ကျွန်တော့်ရဲ့ခြေလှမ်းတွေက ရှေးခေတ်နတ်ပူဇော်သလို ထူးခြားနေခဲ့တယ်။
အဘိုးက တအံ့တဩနဲ့ကျွန်တော့်ကိုကြည့်ပြီး မိုးရေထဲကနေအမိုးအကာထဲဆွဲခေါ်ဖို့လုပ်တယ်။ ကျွန်တော်ဖြည်းဖြည်းလေးပဲသွားနေပေမယ့် အဘိုးက ကျွန်တော့်ကိုဖမ်းမမိဘူး။ သူက ကျွန်တော့်အင်္ကျီကိုတောင်မထိနိုင်ပဲ သူ့ကိုကြည့်ရတာ ကျွန်တော့်လိုပဲ မိုးရေထဲမှာကခုန်နေသလိုပဲ။
ဖက်တီး Huang Shulang က မိုးရေအစိုခံပြီး ရွာထဲကိုပြန်လာတဲ့အချိန်မှာ အဘိုးရယ်၊ ကျွန်တော်ရယ်၊ နွားရယ် မိုးရေထဲမှာကခုန်နေတဲ့ပုံကိုမြင်သွားတယ်။
"ရူးနေပြီ။ ရူးနေပြီ။ တစ်မိသားစုလုံးရူးနေတယ်၊ နွားတောင်ရူးသွားပြီ"

မိုးတွေက မျက်လုံးပါပြီး ကျွန်တော့်ကိုရှောင်ကွင်းသွားခဲ့တယ်။ ကျွန်တော့် အင်္ကျီရော၊ ဖိနပ်ရော ရေလုံးဝမစိုဘူး။ ဒါပေမယ့် အဘိုးကတော့ အဲ့လိုမဟုတ်ဘူး - သူ့တစ်ကိုယ်လုံးရွှဲရွှဲစိုနေခဲ့တယ်။ အဘိုးကရုတ်တရတ်ရပ်လိုက်ပြီး ကျွန်တော့်ကိုကြည့်နေခဲ့တယ်။ ကျွန်တော်မိုးရေထဲမှာကခုန်နေပေမယ့် ရေမစိုဘူးဆိုတာ အဘိုးသတိထားမိသွားတယ်။
"ဟာ!"
အဘိုးကစိတ်ပျက်လက်ပျက်နဲ့အမိုးအောက်ကိုလျှောက်သွားပြီး အိမ်ထဲဝင်ပြီးတော့အင်္ကျီသွားလဲတယ်။ ကျွန်တော် တခြားကလေးတွေနဲ့မတူညီဘူးဆိုတာ သူလက်မခံလို့လည်းမရဘူးလေ။ ဒါပေမယ့် ကျွန်တော်သာ သာမန်ကလေးဆိုရင် အဘိုးပိုသဘောကျလောက်တယ်။ ခုနကမြင်ကွင်းကိုမြင်ပြီးနောက် သူ့စိတ်ထဲမှာ လန့်သွားခဲ့တယ်။

နွားက အင်မတန်ဉာဏ်ကောင်းပြီး လူသားတွေထက်စာရင် 'ချိ' ကို ပိုခံစားလို့ရတယ်။ ကျွန်တော် မိုးထဲမှာကခုန်တဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်က 'ချိ' တွေက ပေါင်းစပ်သွားတယ်။ ဒါကြောင့် နွားကလည်း 'ချိ' ကိုရှူရှိုက်ရင်း ကျွန်တော့်ခြေရာအတိုင်းလိုက်သွားတယ်။
နောက်ဆုံးမှာတော့ မိုးတိတ်သွားခဲ့တယ်။ ဟိုးအဝေးက တောင်တန်းမှာ လှပတဲ့သက်တံ့ကိုမြင်ရတယ်။ ကျွန်တော်လည်း ကနေရာက ရပ်တန့်သွားခဲ့တယ်။ ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့အစေ့လေးက အညှာပေါက်တော့မယ်လို့ခံစားရတယ်။ နှစ်နှစ်ကြာတရားထိုင်ခဲ့ပြီးနောက်မှာတော့ ကျွန်တော့်ကိုယ်ထဲမှာ ထူးခြားတဲ့အစေ့ရှိတာ ကျွန်တော်သိတယ်။ အဲ့အစေ့ဟာ 'တောက်'(လမ်းစဉ်) လို့ခေါ်တယ်ဆိုတာ နောက်ပိုင်းမှာ ကျွန်တော်သိခဲ့ရတယ်။

ကျွန်တော်ရပ်သွားတဲ့အချိန်မှာ ရွာသားတွေက ကျွန်တော့်နားမှာဝိုင်းနေကြတာကို သတိထားမိတယ်။ သူတို့က ကျွန်တော့်ကို အထူးတဆန်းနဲ့ကြည့်နေခဲ့တယ်။ သူတို့က ကျွန်တော့်ကိုကြောက်တယ်ဆိုတာ ကျွန်တော်သိတယ်။ သူတို့က ကျွန်တော့်ကိုသရဲပူးသွားတယ်လို့ထင်ကောင်းထင်နေကြမှာပဲ။
ကျွန်တော် သူတို့ရဲ့အကြည့်ကို ဥပေက္ခာပြုပြီး နွားရဲ့ခေါင်းကိုပုတ်ပြီးတော့
"မြက်သွားစား" လို့ပြောလိုက်တယ်။ နွားကလည်း ကုန်းမြင့်ပေါ်သွားပြီး လိမ်လိမ်မာမာနဲ့မြက်သွားစားတယ်၊ ဒါ့အပြင် အရင်ကစားခဲ့တဲ့မြက်ကိုမစားပဲ ပြန်ရှည်လာတဲ့မြက်ကိုပဲစားတယ်။
ရွာသားတွေက အဲ့ကုန်းမြင့်ပေါ်ကမြက်တွေက နုပြီးစိမ်းစိုနေတာမြင်တော့ သူတို့နွားတွေကိုလည်း အဲ့ကိုခေါ်ပြီး နွားကျောင်းတယ်။ ဒါပေမယ့် အဲ့နွားတွေက ကျွန်တော့်နွားစားတဲ့နားမှာ မစားကြဘူး။ ကျွန်တော့်ကို မကောင်းဆိုးဝါးလိုမျိုးတစ်ရွာလုံးက သတ်မှတ်ထားကြတယ်၊ အခုတော့ ကျွန်တော့်နွားကိုပါ မကောင်းဆိုးဝါးစာရင်းထဲထည့်လိုက်ပါလေရော။ ကျွန်တော့်နွားက သူတို့နားသွားတော့ သူတို့အဝေးကိုရှောင်သွားပြီး လမ်းဖယ်ပေးကြတယ်။

အဘိုးရဲ့အကြည့်ဟာ ဟိုးအရင်ကတည်းက ရွာသားတွေနဲ့မတူခဲ့ဘူး။ တချို့လူတွေက ကျွန်တော့်ကို ကြောက်ရွံ့တဲ့အကြည့်နဲ့ကြည့်ကြပေမယ့် အဘိုးကတော့ ကျွန်တော့်ကိုချစ်ခင်ကြင်နာတဲ့အကြည့်နဲ့ပဲကြည့်တယ်။ သူက ကျွန်တော့်ကို လွန်ခဲ့တဲ့နှစ်နှစ်ကလို စကားမပြောမှာစိုးရိမ်တယ်။ ဒါ့အပြင် ကျွန်တော် ကျန်းမာရေးနဲ့မညီညွတ်တာတွေနဲ့ရောဂါဖြစ်ပြီး အသက်မရှည်မှာကိုလည်း သူစိုးရိမ်တယ်။
"Yang Yang  အထဲဝင်လာခဲ့"
အဘိုးက အထဲကနေလှမ်းခေါ်တယ်။

ကျွန်တော် အထဲဝင်သွားတာနဲ့ အဘိုးကတံခါးကို ဝုန်းကနဲပိတ်လိုက်တယ်။ ကျွန်တော့်ကို တခြားလူတွေက လူထူးလူဆန်းလိုကြည့်နေတာ သူမလိုလားဘူး။
"အဘိုး"
"နောက်တစ်ခါကျရင် ဒီနေ့လိုမျိုး လျှောက်ပြီးကခုန်မနေရဘူး"
အဘိုးက ကျွန်တော့်ကိုပြန်ချေပဖို့အခွင့်မပေးပဲ ပြောလိုက်တယ်။ ကျွန်တော့်အတွက် အတွယ်တာဆုံးလူက အဘိုးပါပဲ။ အဘိုးရဲ့စကားတွေက ကျွန်တော့်အတွက်ကတော့ ငြင်းဆန်လို့မရတဲ့ဘုရင့်အမိန့်လိုပဲ။

ကျောင်းတက်တဲ့အခါမှာတော့ ကျွန်တော့်ဘဝဟာ ပုံမှန်တကျဖြစ်လာတယ်။
ကျောင်းမှာလည်း ကျွန်တော် စကားသိပ်မပြောဘူး။ နောက်ကွယ်ကနေတစ်ယောက်ယောက်က လက်ညှိုးထိုးနေတဲ့လူတွေရှိကြပေမယ့် ကျွန်တော်က အသားကျနေခဲ့ပြီ။ ဆရာတွေကလည်း ကျွန်တော့်ကိုထူးခြားတဲ့ကျောင်းသားလို့သတ်မှတ်ထားပြီး မတူညီတဲ့အကြည့်တွေနဲ့ကြည့်ကြတယ်။ ဒါကြောင့် ကျွန်တော်ပိုပြီးလွတ်လပ်ခဲ့တယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော့်အဆင့်ကမဆိုးဘူး၊ မူလတန်းဖတ်စာအုပ်ထဲကစာတွေက လွယ်ကူလွန်းတယ်။ ဒါကြောင့် စာသင်ခန်းဟာ ကျွန်တော့်အတွက် ပျင်းခြောက်ခြောက်ကြီး။ လူငယ်တစ်ယောက်ကို တစ်နှစ်ခွဲလောက်အချိန်အတွင်းမှာ အလီဇယားတွေကို အလွတ်ကျက်ခိုင်းတာက အင်မတန်ပျင်းဖို့ကောင်းတယ်။ ဒါပေမယ့်လည်း မူလတန်းကျောင်းတက်တာက ကျွန်တော့်တစ်နေ့တာရဲ့တစ်စိတ်တစ်ဒေသဖြစ်လာတယ်။

ပထမတန်းရဲ့ ဘာသာစကားစာအုပ်မှာပါတဲ့ တရုတ်အသံထွက်တွေကို a, o, e စတာတွေနဲ့မှတ်ပြီး ဆရာမဆိုပြသလိုလိုက်ဆိုရတယ်။ ဒါကိုစိတ်ဝင်စားစရာကောင်းတယ်လို့ ကျွန်တော်မြင်တယ်။ ဒါပေမယ့် ကျွန်တော့်တွေးခေါ်မှုက တခြားကလေးတွေနဲ့မတူဘူး။ ဒီစာလုံးလေးတွေက အပြင်မှာရှိတဲ့ 'ချိ'တွေကို ရွေှ့လျားစေနိုင်တယ်လို့ ကျွန်တော်တွေးမိတယ်။ အဲ့ဒါနဲ့ ကျွန်တော် a, o, e အသံတွေကိုရွတ်ပြီး 'ချိ' ကိုဆွဲခေါ်ကြည့်တယ်။ ဒါပေမယ့် အသံထွက်မမှန်လို့ထင်ပါရဲ့၊ မထူးခြားဘူး။
အဲ့အချိန်မှာ Ma Jindong ဆိုတဲ့ကောင်လေးတစ်ယောက်က သူ့ပါးစပ်ကိုအကြာကြီးဟပြီး အသံထွက်ဖို့လုပ်ပေမယ့် အသံထွက်မလာဘူး။ အဲ့တော့ သူက စိတ်ပူပန်စွာနဲ့ခြေကိုဆောင့်လိုက်တယ်။ သူ့အပြုအမူကိုမြင်တော့ ကျွန်တော်ရယ်၊ကာယကံရှင်ကိုယ်တိုင်ရယ်ကလွဲရင် တစ်ခန်းလုံးက ဝိုင်းရယ်ကြတယ်၊ ဘာသာစကားသင်တဲ့ဆရာ Guo Daoying ကလည်း ပြုံးတယ်။

ဒါပေမယ့် ကျွန်တော် ဖျက်ကနဲတွေးမိတယ်၊ အသံတွေက လောကကြီးရဲ့ 'ချိ'ကိုလှုပ်ရှားအောင်မလုပ်နိုင်ဘူးဆိုရင် ခြေသံနဲ့စမ်းကြည့်ရင်ရော? မိုးရေထဲမှာကခုန်တဲ့ဟာကို ကျွန်တော်ပြန်တွေးမိတယ်။ အသက်ခုနစ်နှစ်အရွယ် ကျွန်တော်က တခြားဘာမှမတွေးပဲ စိတ်ထဲပေါ်လာတာကိုချက်ချင်းအကောင်အထည်ဖော်လိုက်တယ်။ ကျွန်တော်ထပြီး စာသင်ခန်းအနောက်ဘက်က နေရာအလွတ်ကိုသွားပြီး a, o, e အသံတွေနဲ့ပေါင်းပြီးတော့ စကခုန်တယ်။ ဒီအချိန်မှာတော့ ဘေးပတ်ဝန်းကျင်က 'ချိ'တွေက လှိုင်းလုံးတွေလိုကျွန်တော့်နားရောက်လာခဲ့တယ်။

ဆရာမနဲ့အတန်းဖော်တွေက ထူးဆန်းစွာပြုမူတဲ့ကျွန်တော့်ကို တအံ့တဩကြည့်နေခဲ့တယ်။ Guo Daoying က ကျွန်တော့်ကိုတားဖို့လုပ်တဲ့အချိန်မှာ စာသင်ခန်းကတုန်ခါသွားခဲ့တယ်။
Guo Daoying မျက်နှာကအရောင်ပြောင်းသွားပြီး စိတ်ထဲမှာလည်း ကြောက်သွားတယ်။
"ငလျင်လှုပ်နေတယ်!!"
ဆရာမဟာ ရုတ်တရတ်ချော်သွားပြီးမြေကြီးပေါ်ထိုင်လျက်ကျသွားတယ်။ ကျောင်းသားတွေရောပဲ မြေကြီးပေါ်မှာ လူးလိမ့်နေခဲ့တယ်။ အခန်းတစ်ခုလုံးရှုပ်ထွေးကုန်တယ်။
ကျွန်တော်ကတော့ ထူးဆန်းတဲ့ခံစားချက်ထဲမှာ နှစ်ဝင်နေပြီး လောကကြီးနဲ့ဆက်သွယ်နေခဲ့တယ်။

တိရစ္ဆာန်တွေက လူတွေထက်စာရင် 'ချိ' ကိုပိုပြီးခံစားနိုင်တယ်၊ အဲ့တော့ သူတို့က ပတ်ဝန်းကျင်ရဲ့ပြောင်းလဲမှုကိုသိတယ်။ ကျောင်းအနီးအနားမှာအလုပ်လုပ်နေတဲ့ရွာသားတွေက ရောင်စုံလိပ်ပြာအုပ်ကြီးဟာ Ba Jiao မူလတန်းကျောင်းဆီပျံသွားကြတာ သတိထားမိတယ်။ ဒါပေမယ့် ကျောင်းမှာဘာဖြစ်နေတယ်ဆိုတာ ဘယ်သူမှမသိဘူး။
လိပ်ပြာတွေက ပြတင်းပေါက်ကနေစာသင်ခန်းထဲဝင်လာပြီး နံရံပေါ်မှာ၊ မှန်ပေါ်မှာ၊ ကျောက်သင်ပုန်းပေါ်မှာ၊ မျက်နှာကြက်ပေါ်မှာ၊ ထိုင်ခုံပေါ်တင်မက လူတွေပေါ်မှာပါ ကပ်နေကြတယ်။ စာသင်ခန်းတစ်ခုလုံးဟာ လိပ်ပြာပင်လယ်ဖြစ်သွားခဲ့တယ်။
ဒါပေမယ့် ကျွန်တော်ကတော့ ကခုန်နေပြီး ဒါတွေကို တစ်ခုမှမသိခဲ့ဘူး။
ဒီထူးခြားတဲ့ဖြစ်စဉ်ကို ကျောင်းသားတွေရော၊ ဆရာတွေရော သတိထားမိသွားခဲ့တယ်။

မျက်လုံးတဆုံးမြင်နိုင်တဲ့လိပ်ပြာတွေကို မူလတန်းကျောင်းသားတွေက တအံ့တဩကြည့်နေကြတယ်။ ဆရာတွေရော အံ့အားသင့်နေခဲ့တယ်။ သူတို့ကလည်း ပျော်နေပုံရတဲ့ကျောင်းသားတွေကိုသွားမတားကြဘူး။ အဲ့ခေတ်တုန်းက တောတောင်ကြားမှာနေတဲ့လူတွေက ဟမ်းဖုန်းတွေမကိုင်ကြသေးဘူး။
ကျောင်းအမိုးပေါ်မှာရော၊ အမိုးအောက်မှာရော လိပ်ပြာတွေပြည့်နေခဲ့တယ်။ ဒါပေမယ့် ပထမတန်းကျောင်းသားတွေအခန်းမှာ လိပ်ပြာအများဆုံးပဲ။ ကျောင်းအုပ်ကြီး Han ကကျောင်းခန်းထဲကနေထွက်လာတယ်၊ ဒါပေမယ့် ဘာဖြစ်နေတယ်ဆိုတာ သူနားမလည်ခဲ့ဘူး။

လိပ်ပြာတွေက သေရေးရှင်ရေးကိစ္စကြုံရသလိုမျိုး အလုအယက်နဲ့ပထမတန်းကျောင်းခန်းထဲပျံဝင်ကြတယ်။  ကျောင်းအုပ်ကြီးက အခန်းထဲရောက်လာတော့ ထူးခြားတဲ့မြင်ကွင်းကိုမြင်လိုက်တယ်။
"မြန်မြန် ရပ်လိုက်စမ်း"
အဲ့လိုမိုးခြိမ်းသံလိုအသံကြောင့် ကျွန်တော်နိုးထလာခဲ့တယ်။ အခန်းထဲက ဘေးဘီဝဲယာကိုကြည့်ရင်း ကျွန်တော်ဘာလုပ်မိတယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး။

Patriarch [Sloth]

Comments

Popular posts from this blog

Lookism

Kaichou wa Maid-sama!