သုံးနိုင်ငံခေတ်(၅၃)

အခန်း(၅၃) "ကွမ်းယွီ"(Guan Yu) မှ "ဟွမ်ကျုံး"(Huang Zhong) ကို လွှတ်ပေးလိုက်ခြင်း။ "စွန်းချွမ်"(Sun Quan) နှင့် "ကျန်းလျောင်"(Zhang Liao) တို့ တိုက်ခိုက်ခြင်း။

"ကျူးကဲလျန့်"(Zhuge Liang) သည် "ကျန်းဖေး"(Zhang Fei) ထံမှတောင်းဆိုသည့်အရာမှာ စစ်ပွဲအောင်နိုင်ရန်လုပ်ဆောင်မည်ဟုကတိကဝတ်ပြုခိုင်းစေခြင်းပင်ဖြစ်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျောက်ယွင်(Zhao Yun) က စစ်ထွက်မတိုက်ခင်မှာ သူစစ်ပွဲမှာနိုင်စေ့မယ်လို့ကတိပြုတဲ့စာရေးခဲ့တယ်။ ခင်ဗျားလည်း ဝူလင်ကိုတိုက်ရင် သူ့လိုပဲ ကတိပြုတဲ့စာရေးရမယ်။ ပြီးရင်တော့ စစ်တိုက်လို့ရပါပြီ" ဟုပြောလေသည်။
ထိုအခါ "ကျန်းဖေး"(Zhang Fei) သည်လည်း ဝမ်းသာစွာဖြင့် ကတိပြုစာရေးပြီးစစ်သားသုံးထောင်နှင့် ဝူလင်သို့ချီတက်လေသည်။ ဝူလင်မြို့စား "ကျင်းရွှမ်"(Jin Xuan) သည် ရန်သူတို့ချီတက်လာသည်ဟူသောသတင်းကိုကြားလျှင် စစ်သား၊ အမှုထမ်းတို့ကိုစုဝေးကာ မြို့အပြင်သို့ထွက်ပြီး ရန်သူတို့ကိုခုခံရန်ပြင်သည်။
အတွင်းရေးမှူး "ကုံးကျီ"(Gong Zhi) က မင်းဆွေမင်းမျိုးနှင့်မဆန့်ကျင်သင့်ကြောင်းကို
"လျူဘေ့(Liu Bei) က ဟန်တိုင်းပြည်ဘုရင်ရဲ့ဦးရီးတော်ဆိုပြီး လူအများသိကြတယ်။ ဒါ့အပြင် သူက ကြင်နာပြီးဖြောင့်မတ်သူဖြစ်တယ်။ သူ့ညီ ကျန်းဖေး(Zhang Fei) ဟာလည်း အင်မတန် ရဲရင့်တယ်။ သူတို့နဲ့ရင်ဆိုင်ရင် စစ်ပွဲအောင်နိုင်ဖို့မလွယ်ဘူး။ ဒါကြောင့် လက်နက်ချသင့်တယ်" ဟုပြောလေသည်။ သို့သော်လည်း မြို့စားက
"ခင်ဗျားက သစ္စာဖောက်လုပ်ပြီးရန်သူတွေကို လက်ခံမလို့လား" ဟု ဒေါသတကြီးပြောဆိုကာ အာဏာပါးကွက်သားတို့ကိုခေါ်ပြီး "ကုံးကျီ"(Gong Zhi) ကိုသေဒဏ်ပေးစေလိုက်သည်။

သို့သော်လည်း အခြားသောအမှုထမ်းတို့မှ
"ကိုယ့်အမှုထမ်းကိုယ် သေဒဏ်ပေးရင် မသင့်တော်ပါဘူး" ဟုဝင်ပြီးတားမြစ်ကြသဖြင့် "ကုန်းကျီ"(Gong Zhi) အားသေဒဏ်မပေးတော့ပဲ အဝေးသို့သွားစေလိုက်သည်။ ထို့နောက် စစ်တပ်တို့ကိုချီတက်စေကာ ခုနစ်မိုင်အကွာခန့်တွင် "ကျန်းဖေး"(Zhang Fei) ၏စစ်တပ်နှင့်တွေ့သည်။ "ကျန်းဖေး"(Zhang Fei) သည် ကျယ်လောင်စွာအော်ဟစ်ပြီး လှံကိုကိုင်ကာ အရှေ့သို့ထွက်လာသည်။ "ကျင်းရွှမ်"(Jin Xuan) က မည်သူထွက်တိုက်ချင်ကြောင်းမေးရာ တစ်ဦးတစ်ယောက်မျှပြန်မဖြေကြပေ။
ထိုအခါ မြို့စားကိုယ်တိုင် ဓားကိုကိုင်ပြီး ရှေ့သို့ထွက်လာသည်။ "ကျန်းဖေး"(Zhang Fei) မှာ ရန်သူထွက်လာသည်ကိုမြင်လျှင် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သောအသံဖြင့်ဟစ်အော်လိုက်သောအခါ သနားစရာ "ကျင်းရွှမ်"(Jin Xuan) မှာကြောက်လန့်သွားပြီး မျက်နှာဖြူဖတ်ဖြုရော်ဖြစ်သွားကာ ရှေ့သို့ဆက်မချီရဲတော့ပေ။ ထို့နောက် မြို့စားမှာ မြင်းကိုပြန်လှည့်ပြီးပြေးသည်။ "ကျန်းဖေး"(Zhang Fei) ကလည်း အနောက်မှဆက်လိုက်သည်။

မြို့စားသည် မြို့အနီးသို့ရောက်သောအခါ အတွင်းဘက်မှမြားတို့ဖြင့်ပစ်ခြင်းခံရသည်။ မြို့စားမှာကြောက်လန့်သွားပြီး ကြည့်လိုက်သောအခါ တံတိုင်းပေါ်တွင် "ကုံးကျီ"(Gong Zhi) ရပ်နေသည်ကိုမြင်သည်။ "ကုံးကျီ"(Gong Zhi) မှ
"ခင်ဗျားက ဘုရားသခင်ရဲ့ဆန္ဒကိုဆန့်ကျင်လို့ ကိုယ့်ပျက်စီးမှုကိုယ်ရှာခဲ့တယ်။ ကျုပ်အပါအဝင်မြို့သူမြို့သားတွေရော လျူဘေ့(Liu Bei) ထံမှာခိုလှုံချင်တာ" ဟုပြောလေသည်။ ထိုသို့ပြောပြီးမကြာမီ မြားတစ်ချောင်းမှာ မြို့စား၏မျက်နှာကိုထိမှန်သွားပြီးမြင်းပေါ်မှလဲကျသွားသည်။ စစ်သားတို့က မြို့စား၏ခေါင်းကိုဖြတ်လိုက်ပြီး "ကျန်းဖေး"(Zhang Fei) အားဆက်သသည်။ "ကုံးကျီ"(Gong Zhi) ကလည်း လက်နက်ချလေရာ "ကျန်းဖေး"(Zhang Fei) မှ ထိုသူ့ကိုပင် စာနှင့်မြို့စားတံဆိပ်ကိုယူစေပြီး ကွေ့ရန်တွင်ရှိသော "လျူဘေ့"(Liu Bei) ထံသွားစေသည်။ "လျူဘေ့"(Liu Bei) မှာလည်း ဝမ်းသာအားရစွာဖြင့် "ကုံးကျီ"(Gong Zhi) အားမြို့စားရာထူးပေးပြီးနောက် ဝူလင်သို့ကိုယ်တိုင်လာပြီး မြို့သားတို့အား စိတ်ကျေနပ်စေသည်။

ထို့နောက် "လျူဘေ့"(Liu Bei) သည် "ကွမ်းယွီ"(Guan Yu) ထံသို့ "ကျောက်ယွင်"(Zhao Yun) နှင့် "ကျန်းဖေး"(Zhang Fei) တို့၏အောင်မြင်မှုအကြောင်းကို စာရေးပို့လိုက်သည်။ "ကွမ်းယွီ"(Guan Yu) မှလည်း
"ချန်ဆားကို အခုမသိမ်းရသေးဘူး၊ အဲ့မြို့က သိပ်အင်အားအနည်းကြီးမဟုတ်ပေမယ့် ကျွန်တော့်ကိုတိုက်ဖို့အမိန့်ပေးစေချင်ပါတယ်" ဟုစာပြန်လိုက်သည်။ "လျူဘေ့"(Liu Bei) ကလည်း ၎င်းကိုလက်ခံကာ "ကျန်းဖေး"(Zhang Fei) အား "ကွမ်းယွီ"(Guan Yu) ထံသွာပြီးကူညီစေသည်။ ပြီးနောက် "ကွမ်းယွီ"(Guan Yu) ကိုယ်တိုင်ရောက်လာကာ "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) ကိုလာတွေ့သည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျောက်ယွင်(Zhao Yun) က ကွေ့ရန်ကိုသိမ်းပြီး ကျန်းဖေး(Zhang Fei) က ဝူလင်ကိုသိမ်းခဲ့ပြီ။ သူတို့နှစ်ယောက်လုံးက စစ်သားသုံးထောင်စီနဲ့မြို့ကိုသိမ်းနိုင်ခဲ့တယ်။ ချန်ဆားမြို့စား ဟန်ရွှမ်(Han Xuan) က ဘာမှမပြောပလောက်ဘူး။ ဒါပေမယ့် သူ့လက်အောက်က ဟွမ်ကျုံး(Huang Zhong) ဆိုတဲ့စစ်သူကြီးက အင်မတန်အရည်အချင်းရှိတယ်။ ဟွမ်ကျုံးက နန်ရန်ဇာတိဖြစ်ပြီး အရင်က လျူပြောင်း(Liu Biao) လက်အောက်မှာ အမှုထမ်းခဲ့ဖူးတယ်။ အဲ့အချိန်တုန်းက လျူပြောင်း(Liu Biao) ရဲ့တူဖြစ်တဲ့ လျူဖန်(Liu Pan) က ချန်ဆားမြို့ကိုအုပ်ချုပ်တာ။ လျူပြောင်း(Liu Biao) ကွယ်လွန်ပြီး နောက်ပိုင်း ဟန်ရွှမ်(Han Xuan) က ချန်ဆားမြို့စားဖြစ်လာတော့ သူက ဟန်ရွှမ်(Han Xuan) လက်အောက်ရောက်သွားတယ်။ သူကအခု အသက်ခြောက်ဆယ်ရှိပေမယ့်လည်း လူစွမ်းကောင်းအယောက်တစ်ထောင်ခွန်အားရှိတဲ့ ကြောက်ရွံ့စရာလူတစ်ယောက်ပဲ။ ဒါကြောင့် အဲ့မြို့ကိုတိုက်ရင် ခင်ဗျား စစ်တပ်များများခေါ်သွားသင့်တယ်" ဟုပြောသည်။

"ကွမ်းယွီ"(Guan Yu) မှ
"အကြံပေးက ဘာလို့ တခြားလူရဲ့တိုက်ခိုက်လိုစိတ်ကိုခမ်းခြောက်အောင်ပြောရတာလဲ? ကျွန်တော် စစ်သားသုံးထောင်လည်းမလိုဘူး။ ကျွန်တော့်မှာရှိတဲ့ ဓားသမားအယောက်ငါးရာနဲ့ပဲ ဟန်ရွှမ်(Han Xuan) နဲ့ ဟွမ်ကျုံး(Huang Zhong) ရဲ့ခေါင်းကိုဖြတ်လာခဲ့မယ်" ဟုပြောသည်။
"လျူဘေ့"(Liu Bei) မှ ကန့်ကွက်သော်လည်း "ကွမ်းယွီ"(Guan Yu) သည် နားမထောင်ပဲ စစ်သားငါးရာဖြင့်သာချီတက်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"သူသာ သတိမထားပဲ ဟွမ်ကျုံး(Huang Zhong) ကိုတိုက်ရင် ဒုက္ခရောက်လိမ့်မယ်။ သခင်ကြီးက သူ့ကိုကူညီဖို့သွားပါ" ဟုဆိုသည်။ "လျူဘေ့"(Liu Bei) ကလည်း လက်ခံပြီး စစ်သားတို့ကို ဦးဆောင်ကာ ချန်ဆားသို့ချီတိုက်သည်။

မြို့စား "ဟန်ရွှမ်"(Han Xuan) မှာ သေရေးရှင်ရေးကိစ္စများတွင် အလောတကြီးလုပ်တတ်သူဖြစ်ပြီး သူအများ၏မုန်းတီးမှုခံရသူဖြစ်သည်။ ရန်သူတို့ချီတက်လာသည်ဟူသောသတင်းကိုကြားလျှင် "ဟန်ရွှမ်"(Han Xuan) သည် "ဟွမ်ကျုံး"(Huang Zhong) ကိုခေါ်ကာတိုင်ပင်သည်။ "ဟွမ်ကျုံး"(Huang Zhong) မှ
"စိတ်မပူပါနဲ့။ ကျွန်တော့်ရဲ့ဒီဓားနဲ့ဒီလေးမြားကိုသုံးပြီး လာတဲ့ရန်သူမှန်သမျှကိုသုတ်သင်ပါ့မယ်" ဟုပြောသည်။ "ဟွမ်ကျုံး"(Huang Zhong) သည် အင်မတန်ခွန်အားကြီးသူဖြစ်ပြီး ပေါင်သုံးရာခန့်ရှိသော လေးကိုတင်နိုင်ကာ မြားသမားကောင်းတစ်ဦးဖြစ်သည်။
လူတစ်ဦးမှ ဝင်ကာ
"စစ်သူကြီးကိုယ်တိုင် တိုက်စရာမလိုပါဘူး။ ကျွန်တော်သွားပြီးတော့ ကွမ်းယွီ(Guan Yu) ရဲ့ခေါင်းကိုဖြတ်လာခဲ့မယ်။ ထိုသို့ပြောသူမှာ "ရန်လင်"(Yang Lin) ဖြစ်သည်။ "ရန်လင်"(Yang Lin) သည် စစ်သားတစ်ထောင်ဖြင့် မြို့ပြင်သို့ထွက်ပြီးခုခံရန်ပြုသည်။ "ရန်လင်"(Yang Lin) သည် လှံကိုကိုင်ရာ ရန်သူတို့ကိုဆဲရေးလေသည်။ "ကွမ်းယွီ"(Guan Yu) သည် တစ်ဖက်လူ၏ဆဲရေးတိုင်းထွာမှုတို့ကိုအလေးမမူပဲ ဓားကိုကိုင်ပြီး "ရန်လင်"(Yang Lin) နှင့်တိုက်သည်။ သုံးကွက်ခန့်တိုက်ပြီးနောက်တွင် "ရန်လင်"(Yang Lin) သည် "ကွမ်းယွီ"(Guan Yu) လက်ချက်ဖြင့်သေဆုံးသွားသည်။ "ကွမ်းယွီ"(Guan Yu) သည်ထွက်ပြေးသောစစ်သားတို့ကိုလိုက်တိုက်ကာ မြို့ရိုးနားအထိရောက်လာသည်။

ထိုအခါ မြို့စားသည် "ဟွမ်ကျုံး"(Huang Zhong) ကိုထွက်တိုက်စေရန်အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်ကမူ မြို့ရိုးပေါ်မှတိုက်ပွဲကိုကြည့်နေသည်။ "ဟွမ်ကျုံး"(Huang Zhong) သည်ဓားကိုကိုင်ကာ မြို့တံတားကိုချစေကာ စစ်သားတို့ကိုဦးဆောင်ပြီး မြို့ပြင်သို့ထွက်လေသည်။မြို့တွင်းမှအသက်ကြီးသောစစ်သူကြီးတစ်ယောက်ထွက်လာသောအခါ ထိုသူမှာ "ဟွမ်ကျုံး"(Huang Zhong) ဖြစ်မည်ဟုခန့်မှန်းပြီးနောက် "ကွမ်းယွီ"(Guan Yu) သည် စစ်သားတို့အားခဏရပ်စေပြီး ဓားကိုကိုင်ကာတန်းစီခိုင်းထားသည်။ ထို့နောက် "ကွမ်းယွီ"(Guan Yu) မှ
"ခင်ဗျားက ဟွမ်ကျုံး"(Huang Zhong) လား" ဟုမေးသည်။
"ခင်ဗျားက ကျုပ်အကြောင်းသိရက်နဲ့ ဒီနယ်မြေထဲဝင်လာရဲတယ်!"
"ခင်ဗျားခေါင်းကိုဖြတ်ဖို့ရောက်လာတာ"
ထို့နောက် ထိုသူနှစ်ဦးတို့သည် စီးချင်းယှဉ်တိုက်ကြလေသည်။ အကွက်ပေါင်းတစ်ရာကျော်တိုက်ပြီးသော်လည်း တစ်ဦးအပေါ်တစ်ဦးအသာမရကြပေ။ ထိုအခါ မြို့ရိုးပေါ်မှစောင့်ကြည့်နေသောမြို့စားသည် သူ့စစ်သူကြီးရှုံးမည်ကိုစိုးရိမ်သဖြင့် ဗုံတို့ကိုတီးစေကာ မြို့တွင်းသို့ပြန်ဝင်ရန်အချက်ပေးလိုက်သည်။ "ကွမ်းယွီ"(Guan Yu) သည် မြို့မှသုံးမိုင်အကွာခန့်တွင် စခန်းချထားသည်။ "ကွမ်းယွီ"(Guan Yu) သည် "ဟွမ်ကျုံး"(Huang Zhong) နှင့်အကွက်ပေါင်းတစ်ရာကျော်တိုက်သော်လည်း ဟာကွက်မတွေ့သဖြင့် နောက်တစ်ကြိမ်တွေ့လျှင် 'မြင်းကိုလှည့်ပတ်ပြီးထိုး'သည့်ဗျူဟာကိုသုံးမည်ဟုတွေးထားသည်။

နောက်ရက်တွင် "ကွမ်းယွီ"(Guan Yu) သည် မြို့နားသို့ချီတက်ပြီး စိန်ခေါ်ပြန်သည်။ မြို့စားမှာ ထုံးစံအတိုင်း မြို့ရိုးပေါ်တွင်သာနေကာ "ဟွမ်ကျုံး"(Huang Zhong) ကိုထွက်တိုက်စေသည်။ စစ်သူကြီးနှစ်ဦးတို့တိုက်ကြသောအခါ စစ်သားတို့က အားပေးကြလေသည်။ ထိုသို့တိုက်နေကြရင်း ရုတ်တရတ် "ကွမ်းယွီ"(Guan Yu) က အနောက်သို့လှည့်ကာ ပြေးသွားသည်။ ထိုအခါ "ဟွမ်ကျုံး"(Huang Zhong) ကလည်း နောက်မှလိုက်သည်။ ထိုအချိန်တွင် အနောက်ဘက်မှအသံတစ်ခုကြားလိုက်ရပြီး "ကွမ်းယွီ"(Guan Yu) လှည့်ကြည့်လိုက်သောအခါ "ဟွမ်ကျုံး"(Huang Zhong) ၏မြင်းမှာ ချော်ကျပြီး "ဟွမ်ကျုံး"(Huang Zhong) လည်း မြင်းပေါ်မှကျသွားသည်ကိုမြင်လိုက်ကြသည်။ ထိုအခါ "ကွမ်းယွီ"(Guan Yu) က လက်နှစ်ဖက်ဖြင့်ဓားကိုကိုင်ပြီး ပြန်လှည့်ကာ
"ခင်ဗျားကို အသက်ချမ်းသာပေးမယ်။ ဒါပေမယ့် မြန်မြန်ပြန်ပြီးနောက်ထပ်မြင်းတစ်ကောင်ရှာပြီးတော့ ပြန်လာတိုက်ပါ" ဟုပြောသည်။

"ဟွမ်ကျုံး"(Huang Zhong) သည် မြင်းပေါ်သို့ပြန်တက်ပြီးမြို့တွင်းသို့ပြန်ဝင်သည်။ မြို့စားမှ အကျိုးအကြောင်းမေးရာ "ဟွမ်ကျုံး"(Huang Zhong) မှ
"မြင်းက တအားအိုနေပြီ" ဟုပြောသည်။
"ခင်ဗျားက မြားပစ်တော်တာ ဘာလို့မြားမသုံးတာလဲ"
"မနက်ဖြန်ကျရင် ကြိုးစားကြည့်ပါ့မယ်။ ပြန်လှည့်ပြေးချင်ယောင်ဆောင်ပြီးတော့ သူမြို့တံတားနားရောက်ရင် မြားနဲ့ပစ်ပါ့မယ်"
မြို့စားမှ "ဟွမ်ကျုံး"(Huang Zhong) အား သူစီးနေကျအညိုရောင်မြင်းတစ်ကောင်ပေးလိုက်သည်။ "ဟွမ်ကျုံး"(Huang Zhong) က ကျေးဇူးတင်စကားပြောပြီးနောက် ထွက်သွားသည်။
သို့သော်လည်း "ဟွမ်ကျုံး"(Huang Zhong) မှာ "ကွမ်းယွီ"(Guan Yu) ၏ကျေးဇူးကိုမမေ့ပေ။ "ကွမ်းယွီ"(Guan Yu) မှ သူ့အား အဘယ်ကြောင့်လွှတ်ပေးသည့်အကြောင်းကိုလည်း နားမလည်ချေ။ "ကွမ်းယွီ"(Guan Yu) အား မြားဖြင့်မပစ်ပြန်လျှင်လည်း စစ်သားတစ်ဦး၏တာဝန်ကိုချိုးဖောက်ရာကျမည်။ ထိုအကြောင်းတို့ကိုတွေးရင်းဖြင့် စိတ်ရှုပ်ထွေးကာ တစ်ညလုံးအိပ်မပျော်ပေ။ မိုးစင်စင်လင်းသော်လည်း ခိုင်မာသည့်ဆုံးဖြတ်ချက် မချနိုင်သေးပေ။ ထိုအချိန်တွင် စစ်သားတစ်ဦးရောက်လာပြီး "ကွမ်းယွီ"(Guan Yu) သည် မြို့ပြင်နားသို့ရောက်လာကာ စိန်ခေါ်သည့်အကြောင်း သတင်းလာပို့သည်။

"ကွမ်းယွီ"(Guan Yu) မှာ "ဟွမ်ကျုံး"(Huang Zhong) နှင့်နှစ်ရက်တိုင်တိုင်တိုက်သော်လည်း အနိုင်အရှုံးမကွဲသဖြင့်မကျေနပ်ပေ။ ထို့ကြောင့် ထပ်လာကာစိန်ခေါ်ခြင်းဖြစ်သည်။ "ဟွမ်ကျုံး"(Huang Zhong) သည်လည်းထွက်လာပြီးတိုက်ခိုက်ပြီးနောက် ၁၃ ကွက်ခန့်တွင် လှည့်ပြေးသည်။ "ကွမ်းယွီ"(Guan Yu) ကလည်း နောက်မှလိုက်လေသည်။ ထိုသို့ပြေးနေရင်းဖြင့် "ဟွမ်ကျုံး"(Huang Zhong) စိတ်ထဲတွင်
'သူ မနေ့က ငါ့အသက်ကိုကယ်ခဲ့တာ။ ဒီနေ့ သူ့ကိုသတ်လို့မဖြစ်ဘူး' ဟုတွေးသည်။ ပြီးနောက် ဓားကိုခဏချပြီး လေးကိုကိုင်ကာ ပစ်မည်ပြုသည်။ လေးကြိုးကိုသာဆွဲလိုက်ပြီး မြားမထွက်သွားပေ။ "ကွမ်းယွီ"(Guan Yu) က ရှောင်လိုက်သည်။ သို့သော်လည်း မြားမထွက်လာသောအခါ အနောက်မှဆက်လိုက်သည်။ "ဟွမ်ကျုံး"(Huang Zhong) က မြားပစ်ရန်ပြုပြန်သည်၊ "ကွမ်းယွီ"(Guan Yu) ကလည်း ရှောင်ပြန်သည်။ သို့သော် မြားထွက်မလာပေ။ ထိုအခါ "ကွမ်းယွီ"(Guan Yu) က
"သူ မြားမပစ်နိုင်ဘူး" ဟုတွေးပြီး နောက်မှဆက်လိုက်သည်။

မြို့ရိုးနားအရောက်တွင် "ဟွမ်ကျုံး"(Huang Zhong) က ခဏရပ်ပြီးမြားပစ်သည်။ ဤအကြိမ်တွင်မူ မြားက "ကွမ်းယွီ"(Guan Yu) ၏ ခမောက်ပေါ်ရှိငှက်မွှေးကိုထိမှန်သွားသည်။ စစ်သားတို့သည် ထိုမြားအစွမ်းကိုတွေ့လျှင် အော်ဟစ်ကာ အားပေးကြသည်။ ထိုအခါ "ကွမ်းယွီ"(Guan Yu) သည် ခမောက်တွင်စိုက်နေသောမြားကိုပြန်မနှုတ်ပဲ စခန်းသို့ပြန်လှည့်သွားသည်။ ထို့နောက် "ဟွမ်ကျုံး"(Huang Zhong) ၏မြားပစ်စွမ်းရည်မှာ ခြေလှမ်းတစ်ရာမှ သစ်ရွက်ကိုထိအောင်ပစ်နိုင်သည်ဟုကြားသောအခါ "ကွမ်းယွီ"(Guan Yu) သည် ယမန်နေ့ကကျေးဇူးကြောင့် လူကိုတမင်မထိစေပဲ ခမောက်ကိုသာထိအောင်ပစ်လိုက်ခြင်းဖြစ်ကြောင်းသဘောပေါက်သွားသည်။

"ဟွမ်ကျုံး"(Huang Zhong) သည် မြို့ရိုးပေါ်သို့သွားသောအခါ မြို့စားမှ "ဟွမ်ကျုံး"(Huang Zhong) အားချုပ်နှောင်ရန်အမိန့်ပေးလိုက်သည်။ ထိုအခါ "ဟွမ်ကျုံး"(Huang Zhong) မှ
"ကျွန်တော် ဘာအပြစ်လုပ်လို့လဲ" ဟုမေးသည်။
"ခင်ဗျား ဒီသုံးရက်အတွင်းမှာ ကျုပ်ကိုအရူးလုပ်နေတာမဟုတ်လား? တစ်နေ့က ခင်ဗျားတာဝန်ကို ကျေပွန်အောင်မလုပ်နိုင်ခဲ့ဘူး၊ ဒါ ခင်ဗျားစိတ်ထဲမှာ မကောင်းတဲ့အကြံရှိလို့မဟုတ်လား။ မနေ့က ခင်ဗျားမြင်းလဲကျသွားပေမယ့် ရန်သူကခင်ဗျားကိုမသတ်လိုက်ဘူး၊ ဒါက ခင်ဗျားနဲ့သူပူးပေါင်းပြီးကြံစည်နေတာမဟုတ်လား။ ဒီနေ့ကျတော့ ခင်ဗျားက နှစ်ကြိမ်တိုင်တိုင်မြားပစ်ချင်ယောင်ဆောင်ပြီး တတိယအကြိမ်မှာတော့ ခမောက်ကိုပဲထိသွားတယ်။ ခင်ဗျားနဲ့ရန်သူကြားမှာ သဘောတူညီချက်မရှိဘူးလို့ပြောနိုင်မလား? ခင်ဗျားကိုသေဒဏ်မပေးရင် ကျုပ်ပဲဒုက္ခရောက်မှာ"
ထို့နောက် "ဟန်ရွှမ်"(Han Xuan) သည် စစ်သူကြီးကိုကွပ်မျက်ရန် အမိန့်ပေးလိုက်သည်။ ထို့အပြင်
"သူ့အတွက် အသနားခံတဲ့လူတွေကိုလည်း အကြံအစည်ထဲပါဝင်တယ်လို့သတ်မှတ်ရမယ်" ဟုပြောလိုက်သည်။

အာဏာပါးကွက်သားတို့သည် အိုမင်းသောစစ်သူကြီးကိုမြို့ပြင်သို့ဆွဲထုတ်ကာ သတ်ရန်ပြုသည်။ ထိုအချိန်တွင် လူတစ်ဦးမှ
"ဟွမ်ကျုံး(Huang Zhong) က ကျုပ်တို့ရဲ့တံတိုင်းကြီးပဲ။ သူ့ကိုဖျက်စီးရင် ချန်ဆားမြို့သားတွေကိုဖျက်စီးလိုက်သလိုပဲ။ မြို့စားက ရက်စက်ကြမ်းကြုတ်ပြီးလူတော်တွေကို အလေးမထားဘူး၊ ကိုယ့်အမှုထမ်းတွေအပေါ်လည်း မောက်မောက်မာမာဆက်ဆံတယ်။ ဒါကြောင့် သူ့ကိုသတ်သင့်တယ်။ ကျုပ်နဲ့အကြံတူတဲ့လူတွေထွက်လာခဲ့ပါ" ဟုပြောသည်။ ထိုပြောသောလူမှာ ကြေးနီရောင်ရှိပြီး 'နွားကျောင်းသား'ကြယ်ကဲ့သို့မျက်လုံးများရှိသည်။ ထိုသူမှာ ယီရန်မှ "ဝေရန်"(Wei Yan) ဖြစ်သည်။ ထိုသူမှာ ရှန်းရန်တွင် "လျူဘေ့"(Liu Bei) နောက်သို့လိုက်ချင်ခဲ့သော်လည်း မမှီသဖြင့် "ဟန်ရွှမ်"(Han Xuan) လက်အောက်တွင် အမှုထမ်းခြင်းဖြစ်သည်။ သို့သော်လည်း "ဟန်ရွှမ်"(Han Xuan) မှာ "ဝေရန်"(Wei Yan) ကိုအလေးမမူသဖြင့် "ဝေရန်"(Wei Yan) သည် မည်သည့်ရာထူးမှမကိုင်ထားပဲ မြို့အတွင်းတွင်သာ နေ,နေခဲ့သည်။

"ဟွမ်ကျုံး"(Huang Zhong) အားကယ်တင်ပြီးနောက် "ဝေရန်"(Wei Yan) က လူတို့အားခေါ်ကာ မြို့စားကိုသတ်ရန်လုပ်သည်။ သူသည်လက်ကိုဝှေ့ရမ်းကာ လူတို့အားအော်ကာပြောလေသည်။ မကြာမီတွင်ပင် လူရာပေါင်းများစွာတို့က သူ၏ဦးဆောင်မှုနောက်သို့လိုက်ကြသည်။  မြို့စားသေဆုံးသွားပြီးနောက် ခေါင်းကိုဖြတ်ကာ ထိုခေါင်းကို "ကွမ်းယွီ"(Guan Yu) ထံပို့လိုက်သည်။ "ကွမ်းယွီ"(Guan Yu) သည်လည်း မြို့အတွင်းသို့ဝင်ပြီး လူတို့အားတည်ငြိမ်စေသည်။ ပြီးနောက် "ဟွမ်ကျုံး"(Huang Zhong) ထံစာပို့ကာ သူ့ထံလာရန်ဖိတ်ခေါ်သည်။ "ဟွမ်ကျုံး"(Huang Zhong) က နေမကောင်းဟုအကြောင်းပြကာ ငြင်းလိုက်သည်။

ထို့နောက် "ကွမ်းယွီ"(Guan Yu) သည် ထိုသတင်းကောင်းကို သူ့အစ်ကိုနှင့် "ကျူးကဲလျန့်"(Zhuge Liang) ထံသတင်းပို့ပြီးလာရန်ဖိတ်ခေါ်သည်။ "ကွမ်းယွီ"(Guan Yu) ထွက်သွားသည်နှင့်  "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့မှာ စစ်တပ်တို့ကိုဦးဆောင်ပြီး လိုအပ်ပါကအကူအညီပေးရန် ချီတက်လာသည်။ စစ်ချီတက်နေစဉ်တွင် အမည်းရောင်အလံသည်အနောက်သို့ယိုင်ကျသွားသည်၊ ထို့အပြင် မြောက်မှတောင်သို့သွားသောကျီးတစ်ကောင်သည် သုံးကြိမ်သုံးခါအာသွားသည်။ ထိုအခါ "လျူဘေ့"(Liu Bei) မှ
"ဒီနိမိတ်တွေက အကောင်းလား၊ အဆိုးလား" ဟုမေးသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် လက်ဖြင့်တွက်ချက်ပြီးနောက်
"ချန်ဆားမြို့ကိုသိမ်းနိုင်ပြီး ခေါင်းဆောင်ကောင်းကိုရလိမ့်မယ်။ ညနေလောက်ကျရင် သိပါလိမ့်မယ်" ဟုပြောသည်။ မကြာခင်တွင်ပင် စစ်သားတစ်ဦးရောက်လာကာ  မြို့ကိုသိမ်းပြီးသည့်အကြောင်းနှင့် မြို့တွင်းမှသူရဲကောင်းနှစ်ဦးတို့သည် "လျူဘေ့"(Liu Bei) ကိုစောင့်မျှော်နေကြောင်းပြောသည်။ "လျူဘေ့"(Liu Bei) သည် မြို့အတွင်းသို့ရောက်ပြီးနောက် "ဟွမ်ကျုံး"(Huang Zhong) ထံသွားကာ သတင်းမေးလေသည်။ ထိုအခါတွင်မှ "ဟွမ်ကျုံး"(Huang Zhong) သည် "လျူဘေ့"(Liu Bei) လက်အောက်တွင် သစ္စာခံသည်။ ထို့နောက် "ဟွမ်ကျုံး"(Huang Zhong) မှ သေဆုံးသွားသောမြို့စား၏အလောင်းကို မြို့အရှေ့ဘက်အရပ်တွင် မြှုပ်နှံရန်ခွင့်တောင်းသည်။ "လျူဘေ့"(Liu Bei) ကလည်း သူ့ထံတွင် အမှုထမ်းလာသည့်ခေါင်းဆောင်ကို ကောင်းမွန်ရက်ရောစွာဆက်ဆံသည်။

သို့သော် "ဝေရန်"(Wei Yan) နှင့်မိတ်ဆက်သောအခါဝယ် ရုတ်တရတ် "ကျူးကဲလျန့်"(Zhuge Liang) မှဝင်ကာ "ဝေရန်"(Wei Yan) အား သေဒဏ်ပေးစေသည်။ "လျူဘေ့"(Liu Bei) မှ
"သူက စွမ်းဆောင်မှုကြီးလုပ်ခဲ့တာ။ ဘာအပြစ်မှမရှိဘူး။ ဘာလို့သေဒဏ်ပေးမှာလဲ" ဟုမေးသည်။
"ကျေးဇူးမသိတတ်တာကြောင့်ပဲ။ တပါးသူရဲ့အစာကိုစားပြီး အဲ့လူကိုသတ်တာက သစ္စာမဲ့ခြင်းပဲ။ သူ့မြေပေါ်မှာနေပြီး သူ့မြေကိုတခြားလူလက်ထဲအပ်တာက လွဲမှားမှုပဲ။ သူက နောင်အခါမှာလည်း သခင်အသစ်အပေါ်ကိုကျေးစွပ်ဦးမှာပဲ။ ဒါကြောင့် အဲ့လိုမလုပ်အောင် သေဒဏ်ပေးမလို့"
"သူ့ကိုသတ်လိုက်ရင် ကျုပ်တို့ကိုအညံ့ခံချင်တဲ့လူတွေက အညံ့ခံတော့မှာမဟုတ်ဘူးလေ။ ဒါကြောင့် သူ့ကိုခွင့်လွှတ်လိုက်ပါ"
"ကျူးကဲလျန့်"(Zhuge Liang) မှ "ဝေရန်"(Wei Yan) ကိုလက်ညှိုးထိုးကာ
"ခင်ဗျားကို အခုခွင့်လွှတ်ပေးလိုက်မယ်။ သခင်ကြီးအပေါ် ကျေးဇူးသစ္စာနဲ့ကောင်းကောင်းအမှုထမ်းပါ။ တခြားကိုသစ္စာဖောက်ဖို့တောင် ရေးရေးမှမတွေးနဲ့။ အဲ့လိုမှမဟုတ်ရင် ခင်ဗျားခေါင်းကိုဖြတ်ရလိမ့်မယ်" ဟုပြောသည်။ "ဝေရန်"(Wei Yan) ကလည်း ကတိပြုလိုက်သည်။

"ဟွမ်ကျုံး"(Huang Zhong) မှ အနီးအနားရှိယွီရှန်တွင်နေ,နေသော "လျူပြောင်း"(Liu Biao) ၏တူဖြစ်သည့် "လျူဖန်"(Liu Pan) နှင့်မိတ်ဆက်ပေးသည်။ "လျူဘေ့"(Liu Bei) မှ "လျူဖန်"(Liu Pan) အား ချန်ဆားမြို့စားအဖြစ်တာဝန်ပေးလိုက်သည်။ အကုန်လုံးငြိမ်းချမ်းသွားသောအခါ "လျူဘေ့"(Liu Bei) သည် ကျင်ကျိုးသို့ပြန်သွားသည်။ ယိုခိုမြို့ကို ကုံးအန်းဟု နာမည်ပြောင်းစေသည်။ ထိုဒေသသည်ဖွံ့ဖြိုးသာယာကာ အရည်အချင်းရှိသောသူတို့သည်အုပ်ချုပ်ရေးတွင် တာဝန်ယူကြသည်။ စစ်ဗျူဟာအရအရေးပါသောနေရာတို့တွင် စစ်တပ်တို့ချထားသည်။

ပါးလင်တွင် "ကန်းနင်"(Gan Ning) ၊ ဟန်ရန်တွင် "လင်ထုံ"(Lin Tong) အားစောင့်ကြပ်ရန်တာဝန်ပေးပြီးနောက် "ကျိုးယွီ"(Zhou Yu) သည် ချိုင်စန်းတွင် ဒဏ်ရာမှအနားယူရန်သွားသည်။ ထိုနေရာနှစ်ခုမှ တူညီသောသင်္ဘောတပ်ကိုအသုံးပြုပြီး လိုအပ်ပါကခုတ်မောင်းနိုင်ရန်ပြင်ထားသည်။ ကျန်သောတပ်တို့ကို "ချန်ဖူ"(Cheng Pu) ကဦးဆောင်ပြီး ဟဲဖေးသို့သွားသည်။
"စွန်းချွမ်"(Sun Quan) သည် မြောက်ပိုင်းတပ်တို့နှင့် တိုက်ပွဲကြီးငယ်တို့ကိုတိုက်ခိုက်နေသော်လည်း နှစ်ဖက်လုံးအသာစီးမရကြသေးပေ။ "စွန်းချွမ်"(Sun Quan) မှာ မြို့သို့မချဉ်းကပ်နိုင်ပဲ ၁၅ မိုင်အကွာတွင် စခန်းချထားသည်။ "ချန်ဖူ"(Cheng Pu) ဦးဆောင်သောစစ်ကူတို့ရောက်လာမည်ဟုကြားသောအခါ "စွန်းချွမ်"(Sun Quan) သည် ဝမ်းသာအားရဖြင့် ထွက်ကာကြိုဆိုသည်။ "လူဆု"(Lu Su) သည် ပင်မတပ်ထက်အလျင်ချီတက်လာသဖြင့် "လူဆု"(Lu Su) မှာ ရှေ့ဆုံးမှရောက်နှင့်သည်။ "စွန်းချွမ်"(Sun Quan) သည် မြင်းပေါ်မှဆင်းကာ "လူဆု"(Lu Su) ကိုကြိုဆိုသည်။ "လူဆု"(Lu Su) ကလည်း မြင်းပေါ်မှဆင်းကာ အရိုအသေပြုသည်။ "စွန်းချွမ်"(Sun Quan) ၏အပြုအမူကြောင့် အမှုထမ်းတို့မှာ အံ့ဩသွားကြသည်။ ထိုမျှမက "စွန်းချွမ်"(Sun Quan) သည် "လူဆု"(Lu Su) အား မြင်းပေါ်ပြန်တက်စေပြီး မြင်းနှစ်ကောင်ယှဉ်ကာ စီးစေသည်။

"စွန်းချွမ်"(Sun Quan) မှ "လူဆု"(Lu Su) အား
"ကျုပ် မြင်းပေါ်ကဆင်းပြီး ခင်ဗျားကိုကြိုဆိုတာ လုံလောက်လား" ဟုမေးသည်။
"မလုံလောက်ဘူး"
"ဒါဆို ကျုပ်ဘာထပ်လုပ်ရဦးမှာလဲ"
"သခင်ကြီးရဲ့အာဏာစက်က ပင်လယ်လေးခုနဲ့ဒေသကိုးခုမှာ ပျံ့နေတာမြင်ချင်ပါတယ်။ သခင်ကြီးက ဘုရင်မင်းမြတ်အဖြစ်နဲ့နေပြီး ကျွန်တော့်နာမည်ကလည်း သမိုင်းတွင်ပြီးကျော်ကြားချင်ပါတယ်"
ထိုအခါ "စွန်းချွမ်"(Sun Quan) က လက်ခုတ်လက်ဝါးတီးကာ ပျော်ရွှင်စွာရယ်မောသည်။စခန်းသို့ပြန်ရောက်သောအခါတွင် စားသောက်ပွဲတို့တည်ခင်းကာ ကျွေးမွေးလေသည်။ ဟဲဖေးကိုတိုက်ခိုက်ရန်တိုင်ပင်ကြစဉ်တွင် တပ်သားတစ်ဦးရောက်လာကာ "ကျန်းလျောင်"(Zhang Liao) မှစိန်ခေါ်စာပို့လာကြောင်းပြောသည်။ "စွန်းချွမ်"(Sun Quan) သည် စာကိုဖတ်ပြီးနောက် ဒေါသဖြင့်
"ဒီကျန်းလျောင်(Zhang Liao) က ကျုပ်ကိုပမာမခန့်ပြုရဲတယ်။ သူက ချန်ဖူ(Cheng Pu) ရောက်လာတဲ့အကြောင်းကိုကြားတော့ စီးချင်းယှဉ်တိုက်ဖို့စိန်ခေါ်လာတယ်။ မနက်ဖြန်မှာ ကျုပ် သူနဲ့တိုက်တာကိုကြည့်ပါ။ ခင်ဗျားတို့ဝင်မပါနဲ့" ဟုပြောလေသည်။
နောက်ရက်တွင် စစ်တပ်တို့ကိုဦးဆောင်ကာ ဟဲဖေးသို့ချီတက်လေသည်။ လမ်းတစ်ဝက်တွင် "ချောင်ချောင်း"(Cao Cao) ၏စစ်သားတို့နှင့်တွေ့လေရာ စစ်တိုက်ရန်ပြင်ဆင်ကြသည်။ "စွန်းချွမ်"(Sun Quan) သည် ရွှေရောင်ခမောက်၊ ငွေရောင်သံချပ်ကာတို့ကိုဝတ်ဆင်ထားပြီး တစ်ဖက်စီတွင် "စုန်းချန်"(Song Qian) နှင့် "ကျားဟွာ"(Jia Hua) တို့က လှံကိုကိုင်ကာ နေရာယူထားသည်။

ဗုံသုံးကြိမ်မြည်ပြီးနောက်တွင် "ချောင်ချောင်း"(Cao Cao) တပ်မှသူရဲကောင်းသုံးဦးတို့သည် လက်နက်ကိုယ်စီဖြင့်ထွက်လာသည်။ ထိုသူတို့မှာ "ကျန်းလျောင်"(Zhang Liao) ၊ "လီတျန်"(Li Dian) နှင့် "ယွဲကျင့်"(Yue Jing) တို့ဖြစ်ကြသည်။ "ကျန်းလျောင်"(Zhang Liao) သည် အလယ်တွင်နေရာယူကာ "စွန်းချွမ်"(Sun Quan) ကိုစိန်ခေါ်သည်။ "စွန်းချွမ်"(Sun Quan) သည် သူ၏လှံကိုကိုင်ကာ ရန်သူ၏စိန်ခေါ်မှုကိုလက်ခံမည်ပြုသည်။ ထိုအချိန်တွင် အနောက်ဘက်မှ "ထိုက်ရှီချီ"(Taishi Ci) သည် လှံကိုင်ကာထွက်လာပြီး "ကျန်းလျောင်"(Zhang Liao) နှင့်တိုက်လေသည်။ "ကျန်းလျောင်"(Zhang Liao) ကလည်း သူ၏ဓားဖြင့် "ထိုက်ရှီချီ"(Taishi Ci) ကိုပြန်တိုက်သည်။ နှစ်ဦးလုံးအကွက်တစ်ရာခန့် တိုက်ပြီးသော်လည်း တစ်ဦးအပေါ်တစ်ဦး အသာစီးမရပေ။

ထိုအခါ "လီတျန်"(Li Dian) မှ "ယွဲကျင့်"(Yue Jing) အား
"ဟိုမှာ ရွှေရောင်ခမောက်နဲ့က စွန်းချွမ်(Sun Quan) ပဲ။ သူ့ကိုသာဖမ်းနိုင်ရင် ကမ်းပါးနီမှာ ကျုပ်တို့တပ်သားရှစ်သိန်းသုံးသောင်းဆုံးရှုံးခဲ့တဲ့အပေါ် ပြန်လက်စားချေနိုင်မယ်" ဟုပြောသည်။ ထိုအခါ "ယွဲကျင့်"(Yue Jing) သည် ဓားကိုကိုင်ကာ တိုက်ခိုက်နေသောလူနှစ်ယောက်ကိုကျော်သွားပြီး မိုးကြိုးကဲ့သို့သောအလျင်ဖြင့်  "စွန်းချွမ်"(Sun Quan) အား ဓားနှင့်ခုတ်ရန်ပြုသည်။ သို့သော်လည်း "စွန်းချွမ်"(Sun Quan) ၏ကိုယ်ရံတော်နှစ်ဦးကလှံတို့ဖြင့်ကာလိုက်သည်။ သို့သော်လည်း ထိုလှံတို့မှာ အတန်ငယ်ကျိုးပဲ့သွားသည်။ ထိုအခါ "စုန်းချန်"(Song Qian) သည် စစ်သားတစ်ဦးထံမှဓားကိုယူပြီး နောက်မှလိုက်သည်။ သို့သော်လည်း "လီတျန်"(Li Dian) က "စုန်းချန်"(Song Qian) ၏နှလုံးကိုချိန်ပြီး မြားဖြင့်ပစ်လိုက်ရာ "စုန်းချန်"(Song Qian) သည် မြင်းပေါ်မှလဲကျသွားသည်။
"ထိုက်ရှီချီ"(Taishi Ci) သည် သူ့ဘက်မှလူလဲကျသွားသည်ကိုမြင်သောအခါ သူ၏တပ်အတွင်းပြန်လှည့်သွားသည်။ "ကျန်းလျောင်"(Zhang Liao) သည်လည်း ရန်သူ၏တပ်တို့ကိုတိုက်လေရာ "စွန်းချွမ်"(Sun Quan) ၏တပ်သည် ကစဥ့်ကလျားဖြစ်ကုန်သည်။

"ကျန်းလျောင်"(Zhang Liao) သည် "စွန်းချွမ်"(Sun Qian) အား လိုက်မှီခါနီးတွင် "ချန်ဖူ"(Cheng Pu) မှဝင်ပြီး သူ၏သခင်ကိုကယ်တင်လိုက်သည်။ "ကျန်းလျောင်"(Zhang Liao) သည်လည်း ဟဲဖေးသို့ပြန်လှည့်သွားသည်။ "စွန်းချွမ်"(Sun Quan) ကို တပ်စခန်းသို့ပြန်ခေါ်သွားပြီး စစ်ရှုံးလာသောစစ်သားတို့သည်လည်း စခန်းတွင် ပြန်စုဝေးကြသည်။
"စွန်းချွမ်"(Sun Quan) သည် "စုန်းချန်"(Song Qian) ၏သေဆုံးမှုအကြောင်းသိရင် စိတ်မကောင်းဖြစ်ပြီး ကျယ်လောင်စွာငိုသည်။ အကြံပေး "ကျန်းဟုန်"(Zhang Hong) မှ
"သခင်ကြီးက ကာယခွန်အားကိုအားကိုးလွန်းပြီး အင်အားကြီးတဲ့ရန်သူကိုလျှော့တွက်ခဲ့တယ်။ တပ်သားတွေအကုန်လုံးကကြောက်လန့်ပြီး စစ်သူကြီးတစ်ယောက်ဆုံးရှုံးခဲ့ပြီး တပ်သားအချို့သေဆုံးခဲ့တယ်။ သခင်ကြီးက စစ်မြေပြင်မှာ စစ်သူကြီးတစ်ယောက်လို အရဲကိုးပြီးမတိုက်သင့်ဘူး။ ရှေးခေတ်က ရှယွီ(Xia Yu) ၊ မုန့်ပန်(Meng Ben) တို့လိုမျိုး ဥပါယ်တံမျဉ်နဲ့ရန်သူကိုရင်ဆိုင်သင့်တယ်။ အခု သခင်ကြီးက တိုက်ပွဲမှာကိုယ်တိုင်ပါလိုက်တော့ စုန်းချန်(Song Qian) က ရန်သူတွေလက်မှာ အသက်ပေးလိုက်ရတယ်။ ဒါကြောင့် သခင်ကြီးရဲ့လုံခြုံမှုကိုပဲ အဓိက အလေးထားသင့်တယ်" ဟုပြောသည်။
"ဟုတ်တယ်၊ ဒါ ကျုပ်ရဲ့အမှားပဲ။ ကျုပ်ပြုပြင်ပါ့မယ်"

မကြာမီတွင် "ထိုက်ရှီချီ"(Taishi Ci) ဝင်လာကာ
"ကျွန်တော့်လက်အောက်က ကဲတင်း(Ge Ding) ဆိုတဲ့လူက ကျန်းလျောင်(Zhang Liao) လက်အောက်က မြင်းထိန်းရဲ့ညီနဲ့ညီအစ်ကိုတော်တယ်။ အဲ့မြင်းထိန်းက သူ့အပေါ်အပြစ်ပေးခဲ့တဲ့အပေါ်မုန်းတီးပြီး လက်စားချေချင်တယ်။ ဒါကြောင့် သူက ကျန်းလျောင်(Zhang Liao) ကိုသတ်ပြီးရင် အချက်ပေးမယ်လို့ပြောတယ်။ ကျွန်တော်က စစ်တပ်အနည်းငယ်နဲ့သွားစောင့်နေပြီး တစ်ဖက်ကအချက်ပေးတာနဲ့ ရန်သူ့စခန်းကိုတိုက်ချင်တယ်" ဟုပြောသည်။
"ကဲတင်း(Ge Ding) က ဘယ်မှာလဲ"
"ကဲတင်း(Ge Ding) က ရန်သူမြို့ထဲမှာ။ ကျွန်တော့်ကိုစစ်သားငါးထောင်ပေးပါ"
"ကျူးကဲကျင့်"(Zhuge Jin) မှ
"ကျန်းလျောင်(Zhang Liao) ကလည်း ပရိယာယ်ကြွယ်တယ်။ သူ ခင်ဗျားလာမှာကိုကြိုစောင့်ရင်စောင့်နေမှာ။ သတိထားပါ" ဟုပြောသည်။ သို့သော်လည်း "ထိုက်ရှီချီ"(Taishi Ci) မှာ သွားရန်ဆန္ဒရှိသဖြင့် "စွန်းချွမ်"(Sun Quan) က ခွင့်ပြုလိုက်သည်။

"ထိုက်ရှီချီ"(Taishi Ci) နှင့် "ကဲတင်း"(Ge Ding) တို့သည် တစ်နယ်တည်းသားချင်းများဖြစ်ကြသည်။ "ကဲတင်း"(Ge Ding) သည် အစောင့်တို့မသိစေပဲမြို့အတွင်းသို့ဝင်ကာ အစ်ကိုဖြစ်သူနှင့်တွေ့ပြီး လုပ်ကြံရန်ပျင်ဆင်သည်။ "ကဲတင်း"(Ge Ding) မှ
"ထိုက်ရှီချီ(Taishi Ci) က ဒီညမှာလာပြီး ကျွန်တော်တို့ကိုကူညီလိမ့်မယ်။ အခုဘာလုပ်ကြမလဲ" ဟုပြောသည်။
"စွန်းချွမ်(Sun Quan) ရဲ့တပ်ဖွဲ့ကဝေးတော့ ဒီညမရောက်နိုင်လောက်ဘူး။ ဒါကြောင့် ငါတို့တွေမီးပုံလုပ်ပြီးတော့ မင်းကအပြင်ပြေးထွက်ပြီး သစ္စာဖောက်ဆိုပြီးအော်ရမယ်။ အဲ့လိုဆို အကုန်ရှုပ်ထွေးကုန်ပြီး ကျန်းလျောင်(Zhang Liao) ကိုသတ်နိုင်မယ်"
"တော်တော်ကောင်းတဲ့အကြံပဲ"

"ကျန်းလျောင်"(Zhang Liao) စစ်ပွဲတွင်အနိုင်ရပြီးနောက် ပြန်လာသောအခါတွင် စစ်သားတို့အား ဆုလာဘ်များပေးလေသည်။ သို့သော် စစ်သားတို့ကို မအိပ်ရန်နှင့် သံချပ်ကာတို့ကိုဝတ်ထားရန် အမိန့်ချထားသည်။ ထိုအခါ အမှုထမ်းတို့က
"ဒီနေ့စစ်သူကြီး အနိုင်ရပြီးတော့ပြန်လာတာ၊ ရန်သူတွေကလည်း ဟိုးအဝေးကြီးမှာ။ ဒါကြောင့် သံချပ်ကာကိုချွတ်ပြီးအနားယူသင့်တယ်" ဟုပြောကြသည်။
"ဒါ ခေါင်းဆောင်ကောင်းရဲ့နည်းလမ်းမဟုတ်ဘူး။ အောင်နိုင်မှုကြောင့်ပျော်ရမှာမဟုတ်သလို ဆုံးရှုံးမှုကြောင့်လည်း ဝမ်းနည်းမနေသင့်ဘူး။ တောင်ပိုင်းပြည်နယ်ကလူတွေသာ ကျုပ်ဘာမှမပြင်ဆင်ထားဘူးလို့ထင်ရင် လာတိုက်မှာအမှန်ပဲ။ ဒါကြောင့် သူတို့လာတိုက်မှာကိုခုခံဖို့ အဆင်သင့်ဖြစ်နေရမယ်။ ဒီညမှာ အထူးသတိဝီရိယရှိပါ"

ထိုအချိန်တွင်ပင် "သစ္စာဖောက်" ဟူသောအော်သံကြားလိုက်ပြီး တပ်သားတို့ကရောက်လာကာ သတင်းပို့ကြသည်။ အခြားသောအမှုထမ်းတို့က
"အသံတွေက အင်မတန်အလျင်လိုတဲ့အသံပဲ။ သွားပြီးကြည့်ကြည့်သင့်တယ်" ဟုပြောသည်။ "ကျန်းလျောင်"(Zhang Liao) မှ
"တစ်မြို့လုံးတော့ သစ္စာဖောက်မဖြစ်နိုင်ဘူး။ မကျေနပ်တဲ့လူတစ်ယောက်ယောက်က စစ်သားတွေကြောက်လန့်အောင် လုပ်တာနေမယ်။ အဲ့လူကိုရှာတွေ့ရင် သေဒဏ်ပေးမယ်" ဟုပြောသည်။
မကြာခင်တွင်ပင် "လီတျန်"(Li Dian) မှ "ကဲတင်း"(Ge Ding) နှင့်သူ၏အစ်ကိုတို့ကိုဖမ်းခေါ်လာသည်။ အနည်းငယ်မေးမြန်းပြီးနောက် ထိုသူနှစ်ဦးကိုခေါင်းဖြတ်လိုက်သည်။ ထို့နောက် မြို့ပြင်မှ ဆူညံသောအသံ၊ ဗုံသံတို့ကိုကြားလေသည်။ "ကျန်းလျောင်"(Zhang Liao) မှ
"ဒါ တောင်ပိုင်းပြည်နယ်တပ်တွေက သေသွားတဲ့လူနှစ်ယောက်ကိုလာကူဖို့လာတာပဲ။ သူတို့ကိုပြန်လှည့်စားရမယ်" ဟုပြောသည်။ ထို့နောက် သူ၏တပ်သားတို့ကို "သစ္စာဖောက်၊ ပုန်ကန်ကုန်ပြီ" ဟုအော်စေပြီး မြို့တံတားကိုဆွဲချစေသည်။

"ထိုက်ရှီချီ"(Taishi Ci) သည် သူ၏လုပ်ကြံမှုအောင်နိုင်ပြီဟုထင်ပြီး မြို့ထဲသို့ဝင်လေသည်။ ထိုအခါ ရုတ်တရတ်အသံတစ်ခုကြားလိုက်ရပြီး မြားသမားတို့ထွက်လာကာ မြားတို့ဖြင့်ပစ်ကြသည်။ ရန်သူ့ထောင်ချောက်အတွင်းသို့ရောက်သွားမှန်းသိသောအခါ ပြန်ထွက်ရန်လုပ်လေသည်။ သို့သော်လည်း "ထိုက်ရှီချီ"(Taishi Ci) မှာ ဒဏ်ရာများရသွားပြီး လိုက်ပါလာသော စစ်သားတဝက်ခန့်တို့ သေဆုံးကုန်သည်။ ရန်သူတို့ကလည်း နောက်ဘက်မှလိုက်လေသည်။ သို့သော်လည်း "လုရွှင့်"(Lu Xun) နှင့် "တုန်းရှီး"(Dong Xi) တို့က စစ်ကူအနေဖြင့်ရောက်လာသောကြောင့် ဆက်မလိုက်တော့ပေ။
သူ၏စစ်သူကြီးအပြင်းအထန်ဒဏ်ရာရသည်ကိုကြားသောအခါ "စွန်းချွမ်"(Sun Quan) သည် စိတ်မကောင်းဖြစ်သွားသည်။ "ကျန်းကျောက်"(Zhang Zhao) မှ တပ်ခဏဆုတ်ရန်အကြံပေးသည်။ "စွန်းချွမ်"(Sun Quan) ကလည်း လက်ခံလိုက်ပြီး တပ်သားတို့ကိုစုစည်းကာ သင်္ဘောပေါ်တက်စေပြီး နန်ရွှီသို့သွားကာ ရွန်ကျိုးတွင်စခန်းချသည်။
ထိုအချိန်တွင် "ထိုက်ရှီချီ"(Taishi Ci) မှာ သေလုမြောပါးဖြစ်နေပြီ။ "စွန်းချွမ်"(Sun Quan) က "ထိုက်ရှီချီ"(Taishi Ci) ကိုသွားကြည့်သောအခါ "ထိုက်ရှီချီ"(Taishi Ci) မှငိုကာ
"အစွမ်းအစရှိတဲ့လူက ရှုပ်ထွေးပွေလီတဲ့လောကကြီးထဲရောက်လာရင် စစ်သားတစ်ယောက်ဖြစ်သင့်တယ်။ ပြီးရင် သုံးယူနစ်ရှည်တဲ့ဓားကိုကိုင်ပြီးတောင်တွေကိုကျော်ဖြတ်ပြီး ကောင်းကင်ကြီးကိုပြောင်းလဲရမယ်။ ကျွန်တော် တာဝန်ကြီးကိုတောင်မထမ်းဆောင်ခဲ့ရသေးဘူး။ ဆန္ဒမပြီးမြောက်ပဲဘာကြောင့်များ သေဆုံးရမှာလဲ" ဟုပြောသည်။ ၎င်းမှာ သူ၏နောက်ဆုံးစကားပင်တည်း။ ထိုအချိန်တွင် သူ၏အသက်မှာ ၄၁ နှစ်ရှိခဲ့ပြီ။
သူ၏စစ်သူကြီးသေဆုံးသွားသောအခါ "စွန်းချွမ်"(Sun Quan) မှာ ဝမ်းနည်းပက်လက်ဖြစ်သွားသည်။ သေဆုံးသူ၏အလောင်းကို နန်ရွှီမြောက်ဘက် ပေကူတောင်ကုန်းတွင် ကောင်းမွန်စွာမြှုပ်နှံပြီး ကျန်ရစ်သောသားဖြစ်သည့် "ထိုက်ရှီဟန်"(Taishi Heng) ကို "စွန်းချွမ်"(Sun Quan) နန်းတော်အတွင်းတွင် ပြုစုပျိုးထောင်ရန်ခေါ်သွားသည်။

"စွန်းချွမ်"(Sun Quan) ၏ကံဆိုးမိုးမှောင်ကျမှုတို့ကိုကြားသောအခါ "လျူဘေ့"(Liu Bei) သည် "ကျူးကဲလျန့်"(Zhuge Liang) နှင့်တိုင်ပင်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျွန်တော် နက္ခတ်တာရာတွေကြည့်နေတဲ့အချိန်မှာ အနောက်မြောက်ဘက်ကကြယ်ကြွေတာတွေ့လိုက်တယ်။ ဒါ မင်းဆွေမင်းမျိုးတွေဘေးတွေ့မယ့်နိမိတ်ပဲ" ဟုပြောသည်။
ထိုအချိန်တွင် အထောက်တော်တစ်ဦးရောက်လာကာ "လျူပြောင်း"(Liu Biao) ၏သား "လျူချီ"(Liu Qi) သေဆုံးသွားကြောင်း သတင်းပို့သည်။ "လျူဘေ့"(Liu Bei) မှာ ဝမ်းနည်းစွာငိုကြွေးလေသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ
"သေခြင်းရှင်ခြင်းတွေက ကျွန်တော်တို့ထိန်းချုပ်နိုင်တဲ့အရာတွေမဟုတ်ဘူး။ ဝမ်းနည်းမှုက ကိုယ့်ကိုယ်ကိုပဲဒုက္ခပေးလိမ့်မယ်။ လုပ်ဆောင်စရာရှိတာပဲလုပ်ပါ။ အဲ့နယ်မြေကိုထိန်းချုပ်ဖို့ တစ်ယောက်ယောက်ကိုလွှတ်ရမယ်" ဟုပြောသည်။
"ဘယ်သူ့ကိုလွှတ်ရမလဲ"
"ကွမ်းယွီ(Guan Yu) ကလွဲပြီးဘယ်သူရှိမလဲ"
ထို့နောက် "ကွမ်းယွီ"(Guan Yu) အား ရှန်းရန်မြို့ကိုစောင့်ကြပ်ရန်လွှတ်လိုက်သည်။

"လျူချီ"(Liu Qi) သေလျှင် ကျင်ကျိုးနယ်ကိုတောင်ပိုင်းပြည်နယ်လက်သို့အပ်မည်ဟူ၍ပေးထားသောကတိကြောင့် "လျူဘေ့"(Liu Bei) မှာ စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေသည်။ သို့သော်လည်း "ကျူးကဲလျန့်"(Zhuge Liang) မှ ထိုနယ်မြေကိုတောင်ပိုင်းပြည်နယ်ထံပေးအပ်ရန်စိတ်မကူးပေ။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"အဲ့ကတိနဲ့ပတ်သတ်ပြီးရောက်လာမယ့်လူကို ကျွန်တော်ပြောစရာရှိပါတယ်" ဟုပြောသည်။
လဝက်ခန့်ကြာပြီးနောက် "လူဆု"(Lu Su) သည် ဈာပနအခမ်းအနားသို့တက်ရောက်ရန်လာမည်ဟု အကြောင်းကြားစာရောက်လာသည်။


Comments

Popular posts from this blog

Lookism