သုံးနိုင်ငံခေတ်(၅၅)

အခန်း(၅၅) "လျူဘေ့"(Liu Bei) သည် စွန်းအမျိုးသမီးကိုစိတ်ဆွခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) ကြောင့် "ကျိုးယွီ"(Zhou Yu) ဒုတိယအကြိမ်ဒေါသထွက်ခြင်း။

"လျူဘေ့"(Liu Bei) မှာ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ခန်းမဆောင်တွင်စောင့်ကြပ်နေကြသောအမျိုးသမီးတို့တွင် လက်နက်များကိုင်ဆောင်ထားသောကြောင့်ဖြစ်သည်။
အမျိုးသမီးတစ်ဦးက
"မကြောက်ပါနဲ့၊ သခင်မက ဒီလိုမျိုးစစ်လက်နက်ပစ္စည်းတွေကိုနှစ်ခြိုက်တဲ့အတွက် သူ့ရဲ့အစေအပါးတွေကိုလည်း တိုက်ရေးခိုက်ရေးတွေသင်ထားစေတာပါ၊ ဒါပါပဲ" ဟုပြောသည်။
"ဒါ ဇနီးတစ်ဦးလုပ်ရမယ့်အရာမဟုတ်ဘူး။ ကြည့်ရတာနဲ့ကျောတောင်ချမ်းတယ်။ ဒါတွေကို ခဏတာဖယ်ထားလိုက်ပါ"

ထိုအကြောင်းကို သခင်မဖြစ်သူထံသွားပြီး
"အခန်းထဲကလက်နက်တွေကို သခင်ကြီးက သဘောမကျဘူး။ ဒါကြောင့် ကျွန်မတို့ဖယ်လိုက်ရမလား" ဟုမေးလေသည်။ စွန်းအမျိုးသမီးက ရယ်လိုက်ပြီး
"ဘဝရဲ့တစ်ဝက်လောက်ကိုစစ်မြေပြင်မှာ အချိန်ကုန်လာခဲ့တဲ့လူက လက်နက်တွေကိုကြောက်နေတယ်တဲ့လား" ဟုပြောလေသည်။ သို့သော်လည်း လက်နက်တို့ကိုဖယ်ရှားစေပြီး အစေခံတို့ကိုလည်း အလုပ်လုပ်နေချိန်တွင် လက်နက်များမကိုင်ဆောင်ခိုင်းတော့ပေ။
ထိုည လရောင်အောက်ဝယ် "လျူဘေ့"(Liu Bei) နှင့်စွန်းအမျိုးသမီးတို့သည် စကားစမြည်ပြောကာ အချိန်ကုန်လွန်စေသည်။

နောက်ရက်တွင် "လျူဘေ့"(Liu Bei) သည် အမျိုးသမီးအစေအပါးတို့ကို လက်ဆောင်များပေးလေသည်။ ထို့အပြင် "စွန်းချန်"(Sun Qian) ကိုတောင်ပိုင်းပြည်နယ်သို့လွှတ်ပြီး မင်္ဂလာသတင်းကိုအကြောင်းကြားစေသည်။ "လျူဘေ့"(Liu Bei) ကိုယ်တိုင်ကလည်း ပျော်ပွဲရွှင်ပွဲနှင့်အခမ်းအနားများ မတက်ရောက်တော့ပေ။ ထိုအရာတို့ကြောင့် နယ်စားမိခင်မှာ "လျူဘေ့"(Liu Bei) အပေါ် ပိုသဘောကျလာခဲ့သည်။

"လျူဘေ့"(Liu Bei) အားလုပ်ကြံမည့်အကြံအစည်မှာပျက်ပြားသွားသဖြင့် "စွန်းချွမ်"(Sun Quan) မှ သူ၏စစ်သူကြီးထံ အောက်ပါစာကိုပေးပို့လိုက်သည်။
'ကျုပ်အမေက လျူဘေ့(Liu Bei) ကို သမီးဖြစ်သူနဲ့ပေးစားချင်တယ်။ အဲ့ဒါကိုဘယ်လိုလုပ်ရမလဲ"
ထိုအရာကြောင့် "ကျိုးယွီ"(Zhou Yu) မှာ နေ့ရောညပါခေါင်းခဲရလေသည်။ သို့သော်လည်း အကြံတစ်ခုတွေးမိကာ စာပြန်လိုက်သည်။
'ပထမစီမံထားတဲ့အရာက ကျွန်တော်ကျိုးယွီ(Zhou Yu) ကြံစည်ထားတဲ့အတိုင်းဖြစ်မလာခဲ့ဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့အနာဂတ်အစီအစဉ်တွေကို ပစ္စုပ္ပန်ကိုကြည့်ပြီးလုပ်ဆောင်ရမယ်။ စွန့်စားသူ လျူဘေ့(Liu Bei) လက်အောက်မှာ ကွမ်းယွီ(Guan Yu) ၊ ကျန်းဖေး(Zhang Fei) ၊ ကျောက်ယွင်(Zhao Yun) စတဲ့စစ်သူကြီးတွေရှိတဲ့အပြင် အကြံပေးအရာရှိ ကျူးကဲလျန့်(Zhuge Liang) လည်းရှိသေးတယ်။ သူက နိမ့်ကျတဲ့နေရာမှာ ထာဝရနေမယ့်လူမဟုတ်ဘူး။ ဒါကြောင့် သူ့ကိုနူးညံ့မှုတွေနဲ့ဝန်းရံစေပြီး တောင်ပိုင်းပြည်နယ်မှာပဲနေစေမယ်လို့တွေးမိတယ်။ သူ့ရဲ့ရည်မှန်းချက်တွေတုံးသွားအောင် ပျော်ရွှင်မှုတွေနဲ့ဝန်းရံထားစေမယ်။ အဲ့လိုသာဆိုရင် သူ့ရဲ့ညီတွေရဲ့ရင်းနှီးမှုနဲ့ဝေးကွာသွားပြီး ကျူးကဲလျန့်(Zhuge Liang) လည်း အဝေးမှာပဲရှိနေလိမ့်မယ်။ ကျွန်တော်တို့ကြံရွယ်ထားတဲ့ရလဒ်ကိုရသွားရင်တော့ သူ့ကိုချေမှုန်းလိုက်ပြီး ကိစ္စကြီးကိုပြီးမြောက်စေမယ်။ ကျွန်တော်တို့သတိထားပြီးမလုပ်ဆောင်ရင်တော့ နဂါးကကောင်းကင်ကြီးပေါ်ပျံသွားမှာဖြစ်ပြီး သားရဲတိရစ္ဆာန်ကိုရေကန်ထဲမှာထိန်းသိမ်းထားနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် သခင်ကြီး ဒါကိုသေချာစဉ်းစားသင့်ပါတယ်'

ထိုစာကို "ကျန်းကျောက်"(Zhang Zhao) အား ပြလိုက်ရာ "ကျန်းကျောက်"(Zhang Zhao) မှ
"ကျွန်တော့်အကြံလည်း သူနဲ့တစ်ထပ်တည်းပါပဲ။ လျူဘေ့(Liu Bei) က ဆင်းရဲတဲ့ဘဝကကြီးပြင်းလာပြီး နှစ်ပေါင်းများစွာတိုင်းပြည်အနှံ့လှည့်လည်နေခဲ့တယ်။ သူဟာ တစ်ခါမှ ချမ်းသာကြွယ်ဝမှုကိုမခံစားဖူးဘူး။ ဒါကြောင့် သူ့ကို စည်းစိမ်တွေ၊ လှပတဲ့အိမ်တော်တွေ၊ အမျိုးသမီးတွေ၊ ရွှေတွေ၊ပိုးထည်တွေပေးလိုက်ပါ။ အဲ့လိုသာဆိုရင် ဒါတွေထဲမှာမွေ့လျော်နေပြီး ကျူးကဲလျန့်(Zhuge Liang) တို့၊ သူ့ညီတို့နဲ့ဝေးကွာသွားလိမ့်မယ်။ ဒါဆို သူ့လူတွေက သူ့အပေါ်မုန်းတီးကြလိမ့်မယ်။ အဲ့လိုဆိုရင်တော့ ကျွန်တော်တို့ ကျင်ကျိုးကိုပြန်သိမ်းဖို့အစီအစဉ်ဆွဲနိုင်တယ်။ ကျိုးယွီ(Zhou Yu) အကြံပေးတာကိုမြန်မြန်အကောင်အထည်ဖော်သင့်တယ်" ဟုပြောသည်။

ထိုအခါ "စွန်းချွမ်"(Sun Quan) သည် အရှေ့ဘက်နန်းတော်ကိုပြန်လည်မွမ်းမံသည်။ အခန်းတို့ကိုလှပသောပရိဘောဂတို့ဖြင့် အလှဆင်ထားစေသည်။ ၎င်းတို့မှာ သူ၏ညီမဖြစ်သူနှင့်ယောက်ဖတော်တို့အတွက်ဖြစ်လေသည်။ ဂီတပညာရှင်တို့ကိုခေါ်စေသည့်အပြင် ရွှေ၊ငွေအိုး အစရှိသည်တို့ကိုထားထားကာ ပိုးထည်တို့ကိုလည်းထားထားစေသည်။ ထိုသို့ပြင်ဆင်သည်ကိုမြင်သောအခါ နယ်စားမိခင်က အလွန်ပီတိဖြစ်လေသည်။
သို့နှင့်ပင် "လျူဘေ့"(Liu Bei) မှာ ပျော်ရွှင်မှုတို့ဖြင့်မွေ့လျော်နေပြီး ပြန်ရန်မစဉ်းစားတော့ပေ။ "ကျောက်ယွင်"(Zhao Yun) နှင့်ကိုယ်ရံတော်တပ်တို့မှာ အရှေ့ဘက်နန်းတော်၏မျက်နှာစာဘက်တွင်နေပြီး တခါတရံတွင် မြို့တွင်းသို့သွားကာ မြားပစ်ခြင်း၊ မြင်းစီးပြိုင်ခြင်းတို့ဖြင့် အချိန်ကုန်ဆုံးစေသည်။ ဤသို့ဖြင့် တစ်နှစ်တာအချိန်ကုန်ဆုံးသွားလေသည်။

"ကျောက်ယွင်"(Zhao Yun) မှာ ရုတ်တရတ် အိတ်သုံးအိတ်နှင့်ပေးလိုက်သည့်အမိန့်တို့ကိုသတိရသွားလေသည်။ ဒုတိယအိတ်ကိုနှစ်ကုန်ခါနီးတွင်ဖွင့်ရမည်ဟုမှာထားပြီး တတိယအိတ်ကို အသက်ဘေးနှင့်ကြုံတွေ့လျှင်ဖွင့်ခိုင်းထားသည်။
နှစ်ကုန်ခါနီးတွင် သခင်ဖြစ်သူသည် အပျော်အပါးတို့ဖြင့်မွေ့လျော်နေသည်ကို "ကျောက်ယွင်"(Zhao Yun) သတိထားမိသည်။ "လျူဘေ့"(Liu Bei) သည် သူ၏ကိုယ်ရံတော်တပ်အနီးသို့ပင်မလာတော့ပေ။ ထို့ကြောင့် ဒုတိယအိတ်ကိုဖွင့်လိုက်သောအခါ အိတ်ထဲတွင် သင့်တော်သည့်အကြံကိုရေးထားသည်ကိုတွေ့လိုက်သည်။ "ကျောက်ယွင်"(Zhao Yun) သည် သူ၏သခင်ထံသွားပြီးတွေ့ခွင့်တောင်းသည်။

အိမ်ထိန်းသည် အမျိုးသမီးမှဝင်သွားပြီး
"ကျောက်ယွင်(Zhao Yun) က သခင်ကြီးနဲ့အရေးတကြီးဆွေးနွေးစရာရှိတယ်လို့တွေ့ခွင့်တောင်းတယ်" ဟုပြောလေသည်။ "လျူဘေ့"(Liu Bei) ကလည်း ဝင်ခွင့်ပြုကာ အဘယ်ကြောင့်လာတွေ့ရသည်ကိုမေးလေသည်။ "ကျောက်ယွင်"(Zhao Yun) မှာ စိတ်ပူပန်ဟန်အမူအရာဖြင့်
"သခင်ကြီးက ဒီလှပတဲ့နေရာမှာ နေ,နေတော့ ကျင်ကျိုးကိုတောင်မတွေးတော့ဘူးလား" ဟုပြောလေသည်။
"ခင်ဗျား ပုံစံက ဘာလို့စိတ်ပူနေတာလဲ"
"ဒီနေ့ ကျူးကဲလျန့်(Zhuge Liang) ဆီကစာလာတယ်။ ချောင်ချောင်း(Cao Cao) က အရင်ကရှုံးနိမ့်မှုကိုလက်စားချေဖို့ စစ်တပ်အင်အားငါးသိန်းနဲ့ ကျင်ကျိုးကိုချီတက်လာပြီလို့သတင်းကြားတယ်လို့ပြောတယ်"
"ကျုပ်ဇနီးနဲ့တိုင်ပင်လိုက်ဦးမယ်"
"သူနဲ့တိုင်ပင်ရင် သူကသခင်ကြီးကိုထွက်သွားမှာကို လိုလားမှာမဟုတ်ဘူး။ ဒါကြောင့် ဒီညနေမှာ ချက်ချင်းထွက်ခွာသင့်တယ်။ နှောင့်နှေးလို့မဖြစ်ဘူး"
"ကျုပ်ကို အချိန်ခဏပေးပါဦး။ ကျုပ် လျှို့လျှို့ဝှက်ဝှက်လုပ်ဆောင်ရမယ်"
"ကျောက်ယွင်"(Zhao Yun) မှ မြန်မြန်ပြန်ရန် သုံးလေးကြိမ်လောက်ပြောပြီးနောက် ပြန်ထွက်သွားသည်။

"လျူဘေ့"(Liu Bei) သည် သူ့ဇနီးအခန်းထဲတွင် တိုးတိုးတိတ်တိတ်ငိုလေသည်။ ၎င်းကိုမြင်သော စွန်းအမျိုးသမီးက
"ဘာကြောင့် ပူဆွေးနေရတာလဲ" ဟု မေးသည်။
"ကျုပ်ဘဝမှာ ဟိုဟိုသည်သည်လေလွင့်နေခဲ့တယ်။ မိဘအပေါ် သားသမီးတာဝန်လည်း မကျေခဲ့သလို ဘိုးဘေးတွေကိုလည်း မပူဇော်နိုင်ခဲ့ဘူး။ ကျုပ်က မလိမ္မာတဲ့သားတစ်ယောက်ပဲ။ နှစ်သစ်ကူးခါနီးလာတော့ စိတ်ပူပန်လာမိတယ်"
"ကျွန်မကို လိမ်ဖို့စိတ်မကူးပါနဲ့။ ကျွန်မ အကုန်လုံးသိတယ်။ ခုနက ကျောက်ယွင်(Zhao Yun) လာပြီး ကျင်ကျိုးက ဘေးနဲ့ရင်ဆိုင်နေရတဲ့အတွက် ရှင်က ပြန်ချင်တာမဟုတ်လား? ဒါကြောင့် ဒီအကြောင်းပြတာ"

ထိုအခါ "လျူဘေ့"(Liu Bei) သည် ဒူးထောက်လိုက်ပြီး
"ဒါဆို ကျုပ်လိမ်စရာမလိုတော့ဘူး။ ကျုပ်မသွားချင်ပေမယ့်လည်း ကျင်ကျိုးကိုဆုံးရှုံးလိုက်ရင် တခြားလူတွေက ကဲ့ရဲ့ကြလိမ့်မယ်။ ဒါပေမယ့် မင်းကိုလည်း မထားရစ်နိုင်ဘူး။ ဒါကြောင့် စိတ်ညစ်နေတာပါ" ဟုပြောသည်။
"ကျွန်မက ရှင့်ရဲ့ဇနီးပဲ၊ ရှင်သွားရာလိုက်ရမှာ ကျွန်မရဲ့တာဝန်ပဲ"
"ဟုတ်ပါတယ်။ ဒါပေမယ့် မင်းမိခင်နဲ့နယ်စားတို့ကလက်ခံမှာမဟုတ်ဘူး။ ဒါကြောင့် ကျုပ်ကိုခဏပြန်ခွင့်ပေးပါ"
ထို့နောက် မျက်ရည်တို့ကျလာပြန်သည်။
"တအားဝမ်းနည်းစရာမလိုပါဘူး၊ ကျွန်မအမေခွင့်ပြုအောင်လုပ်ပါ့မယ်"
"မင်းအမေကခွင့်ပြုရင်တောင် နယ်စားကလက်ခံမှာမဟုတ်ဘူး"
စွန်းအမျိုးသမီးမှာ စဉ်းစားခန်းဝင်သွားပြီး အချိန်အတန်ကြာ စကားမပြန်နိုင်ပေ။ ထို့နောက်
"နှစ်ကူးရက်မှာ နန်းတော်ထဲသွားပြီး မင်္ဂလာစကားတွေပြောပြီးနောက် မြစ်ကမ်းနားမှာ ပူဇော်ပသစရာရှိတယ်လို့အကြောင်းပြပြီးတော့ ထွက်သွားကြမယ်။ အဲ့လိုဆိုဖြစ်လား" ဟုပြောလေသည်။

"လျူဘေ့"(Liu Bei) သည် ဒူးထောက်ပြီး ကျေးဇူးတင်ကြောင်းပြောသည်။
"သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ မင်းရဲ့မေတ္တာကိုအမှတ်ရနေပါ့မယ်။ ဒါပေမယ့် ဒါကိုတိတ်တဆိတ်လုပ်ဆောင်ရမယ်"
ပြီးနောက်တွင် လုပ်ဆောင်စရာရှိသည်တို့ကိုလုပ်ဆောင်လေသည်။ "လျူဘေ့"(Liu Bei) မှ "ကျောက်ယွင်"(Zhao Yun) အား
"ခင်ဗျားတပ်တွေနဲ့မြို့ပြင်ထွက်ပြီး နှစ်သစ်အချိန်မှာ အဆင်သင့်ဖြစ်နေပါစေ။ ကျုပ်တို့ပြန်ကြမယ်" ဟုပြောသည်။
ကျန်းအန်းနှစ်တစ်ဆယ့်ငါးနှစ်မြောက်(အေဒီ ၂၁၀) တွင် "စွန်းချွမ်"(Sun Quan) သည် နှစ်သစ်ကူးပွဲတော်ကျင်းပလေသည်။

"လျူဘေ့"(Liu Bei) နှင့်ဇနီးသည်တို့သည် ဇနီး၏မိခင်ဖြစ်သူထံသွားပြီး စွန်းအမျိုးသမီးမှ
"သမီးရဲ့ခင်ပွန်းက ကျိုပြည်နယ်မှာရှိခဲ့တဲ့ဘိုးဘေးတွေကိုသတိရပြီး သူတို့ကိုမပူဇော်ခဲ့လို့ဝမ်းနည်းနေခဲ့တယ်။ ဒါကြောင့် ဒီနေ့မြစ်ကမ်းနားကိုသွားပြီး မြောက်ဘက်ကိုရည်စူးပြီးတော့ ပူဇော်မလို့။ ဒါကြောင့် အမေ့ကိုလာပြောပြတာ" ဟုပြောသည်။
"တကယ့်ကိုတာဝန်ကျေပွန်တာပဲ။ ဒါလုပ်တာကို ငါ့အနေနဲ့မတားသင့်ဘူး။ သမီးကသူ့အဖေအမေတွေနဲ့မမြင်ဖူးပေမယ့် သူနဲ့အတူလိုက်သွားပြီး ပူဇော်သင့်တယ်။ ဒါဇနီးတစ်ယောက်လုပ်ရမယ့်အရာပဲ"
ထို့ကြောင့် နှစ်ဦးလုံးက ကျေးဇူးတင်ကြသည်။

စွန်းအမျိုးသမီးက အဝတ်အထည်အနည်းငယ်ကိုယူကာ "လျူဘေ့"(Liu Bei) မှ ကိုယ်ရံတော်အနည်းငယ်တို့ဖြင့် မြို့ပြင်သို့ထွက်ကြသည်။ နန်ရွှီမြို့ကထွက်ပြီးနောက် စီစဉ်ထားသောအရပ်တွင် "ကျောက်ယွင်"(Zhao Yun) နှင့်တွေ့ကာ အလျင်အမြန်ခရီးထွက်လေသည်။
ထိုနှစ်သစ်ကူးနေ့တွင် "စွန်းချွမ်"(Sun Quan) သည် အရက်အလွန်အကျွံသောက်သဖြင့် အမူးလွန်ကာ အခြားလူတို့မှသူ့အား သူ၏အိပ်ဆောင်အတွင်းသို့ထူပြီးခေါ်သွားရသည်။ ပြီးနောက် ဧည့်သည်တို့လည်းပြန်သွားကြလေသည်။ "လျူဘေ့"(Liu Bei) ထွက်ပြေးသွားကြောင်းသိသောအချိန်တွင် ညမိုးချုပ်နေခဲ့ပြီ။ "စွန်းချွမ်"(Sun Quan) အားအကြောင်းကြားသော်လည်း "စွန်းချွမ်"(Sun Quan) မှာ မထနိုင်ပဲ ငါးနာရီအထိအိပ်နေသည်။

နောက်ရက်တွင် "စွန်းချွမ်"(Sun Quan) သည် ထိုအကြောင်းကိုကြားသောအခါ အကြံပေးတို့နှင့်တိုင်ပင်သည်။ "ကျန်းကျောက်"(Zhang Zhao) မှ
"သူတို့တွေလွတ်သွားရင် ပြဿနာတွေဖြစ်လာလိမ့်မယ်။ ဒါကြောင့် သူတို့နောက်က အလျင်အမြန်လိုက်သင့်တယ်" ဟုပြောလေသည်။ ထို့နောက် "ချန်ဝူ"(Chen Wu) နှင့် "ဖန်ကျန်း"(Pan Zhang) အား စစ်သားငါးရာဦးဆောင်စေကာ နေ့ရောညပါ မနားစေပဲ အနောက်ဘက်မှလိုက်စေသည်။
"စွန်းချွမ်"(Sun Quan) မှာ ဒေါသထွက်ပြီး ကျောက်စိမ်းမှင်တုံးကိုပစ်လိုက်ရာ အစိတ်စိတ်အမွှာမွှာကွဲသွားသည်။

"ချန်ဖူ"(Cheng Pu) မှ
"သခင်ကြီးရဲ့ဒေါသက အချည်းနှီးပါပဲ။ စစ်သူကြီးတွေက ထွက်ပြေးသွားတဲ့သူတွေကိုဖမ်းမိမှာမဟုတ်ဘူး" ဟုပြောလေသည်။
"ကျုပ်အမိန့်ကို သူတို့က ဖီဆန်ရဲလား"
"သခင်မက စစ်ပွဲတွေမှာမွေ့လျော်ပြီး တိုက်ရေးခိုက်ရေးကျွမ်းကျင်တော့ အမှုထမ်းတွေအကုန်လုံးက သူ့ကိုကြောက်ကြတယ်။ အခု သူကိုယ်တိုင်ကလိုလိုလားလားနဲ့ သူ့ခင်ပွန်းဖြစ်သူနဲ့လိုက်သွားတယ်ဆိုတော့ နောက်ကလိုက်သွားတဲ့အမှုထမ်းတွေက သူ့ကိုထိရဲမှာမဟုတ်ဘူး"
ထိုစကားကိုကြားသောအခါ "စွန်းချွမ်"(Sun Quan) ၏ဒေါသမှာ ပိုကြီးသွားသည်။ ဘေးတွင်ချိတ်ထားသောဓားကိုကိုင်ကာ "ကျန်းချင်"(Jiang Qin) နှင့် "ကျိုးထိုက်"(Zhou Tai) တို့ကိုခေါ်ပြီး
"ခင်ဗျားတို့နှစ်ယောက်က ဒီဓားကိုယူပြီး ကျုပ်ညီမနဲ့လျူဘေ့(Liu Bei) ခေါင်းဖြတ်လာခဲ့။ မလုပ်နိုင်ရင် ခင်ဗျားတို့ကိုသေဒဏ်ပေးမယ်" ဟုပြောလေသည်။ ထိုသူနှစ်ဦးတို့သည် စစ်သားတစ်ထောင်နှင့်ထွက်သွားသည်။

ထိုအချိန်တွင် "လျူဘေ့"(Liu Bei) နှင့်ဇနီးသည်တို့မှာ အလောတကြီးဖြင့်ခရီးသွားလေသည်။ ညမိုးချုပ်သောအခါ လမ်းဘေးနားတွင် ခဏနားသည်။ သို့သော် ချိုင်စန်းနားသို့ရောက်ပြီးမကြာမီတွင် အနောက်ဘက်မှ စစ်ချီလာသောအသံတို့ကိုကြားလိုက်သည်။ "လျူဘေ့"(Liu Bei) မှ "ကျောက်ယွင်"(Zhao Yun) အား
"သူတို့လိုက်လာပြီ၊ ဘယ်လိုလုပ်မလဲ" ဟုပြောသည်။
"သခင်ကြီး အရင်သွားနှင့်ပါ၊ ကျွန်တော်တားထားလိုက်မယ်"
တောင်ခြေနားသို့ရောက်သောအခါဝယ် စစ်တပ်တို့ကလမ်းပိတ်ထားသည်ကိုမြင်လိုက်သည်။ စစ်သူကြီးနှစ်ဦးတို့မှ
"လျူဘေ့(Liu Bei) ၊ မြင်းပေါ်ကဆင်းပြီးလက်နက်ချပါ။ ကျုပ်တို့က စစ်သူကြီး ကျိုးယွီ(Zhou Yu) အမိန့်နဲ့လိုက်လာပြီး ခင်ဗျားကိုစောင့်နေတာ" ဟုပြောလေသည်။

"ကျိုးယွီ"(Zhou Yu) သည် "လျူဘေ့"(Liu Bei) ပြေးမည်ဟုတွေးမိသဖြင့် "ရွှီရှန်"(Xu Sheng) နှင့် "တင်းဖုန်း"(Ding Feng) တို့ကို စစ်သားသုံးထောင်ဖြင့်လွှတ်လိုက်ခြင်းဖြစ်သည်။ "ကျိုးယွီ"(Zhou Yu) သည် "လျူဘေ့"(Liu Bei) ဤလမ်းမှလာမည်ဟုတွက်ထားသဖြင့် စစ်တပ်တို့အား တောင်ကုန်းထိပ်တွင်စောင့်ထားစေသည်။ "လျူဘေ့"(Liu Bei) ရောက်လာသည်ကိုမြင်သည်နှင့် လမ်းပိတ်ထားခြင်းဖြစ်သည်။
ထိုအခါ "လျူဘေ့"(Liu Bei) သည် "ကျောက်ယွင်"(Zhao Yun) နှင့်တိုင်ပင်သည်။
"အရှေ့မှာလမ်းပိတ်ထားတယ်၊ အနောက်မှာတော့ လူတွေလိုက်နေတယ်။ လွတ်ဖို့လမ်းမမြင်ဘူး။ ဘယ်လိုလုပ်ကြမလဲ"
"သခင်ကြီး စိတ်မပူပါနဲ့။ အကြံပေးအရာရှိက ကျွန်တော့်ကိုအိတ်သုံးအိတ်ပေးလိုက်တာ။ နှစ်အိတ်သုံးပြီးသွားပြီ၊ နောက်ဆုံးအိတ်ကိုတော့ မသုံးရသေးဘူး။ အခုလိုဘေးအန္တရာယ်ကြုံရတဲ့အခါမှာ သုံးရမယ်လို့မှာထားတယ်"
ထို့နောက် "ကျောက်ယွင်"(Zhao Yun) သည် အိတ်ကိုဖွင့်ပြီး "လျူဘေ့"(Liu Bei) အားပေးလိုက်သည်။

"လျူဘေ့"(Liu Bei) သည် အတွင်းမှစာကိုဖိတ်ပြီးသည်နှင့် စွန်းအမျိုးသမီး၏လှည်းယာဉ်နားသို့သွားပြီး ငိုကာ
"ကျုပ် မင်းနဲ့တိတ်တဆိတ်ပြောစရာရှိတယ်" ဟုပြောသည်။
"ကျွန်မနဲ့ဘာပြောစရာမလဲ။ အမှန်အတိုင်းပြောပါ"
"မင်းအစ်ကိုနဲ့ ကျိုးယွီ(Zhou Yu) ဟာ ကျုပ်နဲ့မင်းကိုပေးစားဖို့စီစဉ်တာက မင်းအတွက်မဟုတ်ပဲ ကျုပ်ကိုလုပ်ကြံပြီး ကျင်ကျိုးပြည်နယ်ကိုပြန်ရချင်လို့ပဲ။ မင်းကိုငါးစာအနေနဲ့အသုံးချပြီး ငါ့ကိုမျှားခေါ်ခဲ့တာ။ ဒီလိုနဲ့ကျုပ်ရောက်လာတော့ မင်းကကျုပ်အပေါ်သနားခဲ့တယ်။ အခုနောက်ပိုင်းမှာ သူတို့ကကျုပ်ကိုလုပ်ကြံဖို့ကြံရွယ်နေတဲ့အတွက် ကျင်ကျိုးဘေးရောက်နေတယ်လို့အကြောင်းပြပြီးထွက်ပြေးဖို့လုပ်ခဲ့တာ။ မင်းကကျုပ်အတွက်နဲ့အတူတူလိုက်ပါခဲ့တယ်။ ဒါပေမယ့် အခုတော့ နယ်စားကကျုပ်တို့နောက်လိုက်နေပြီး ကျိုးယွီ(Zhou Yu) ရဲ့စစ်တပ်ကအရှေ့မှာလမ်းပိတ်ထားတယ်။ ဇနီးဖြစ်တဲ့မင်းသာလျှင် ဒီအကြပ်အတည်းကလွတ်မြောက်အောင်လုပ်ဆောင်နိုင်မယ်။ မင်းမကူညီချင်ရင်တော့ ကျုပ်ကမင်းကျေးဇူးကိုပြန်ဆပ်တယ်လို့သဘောထားပြီး ကျုပ်ကိုဒီမှာပဲသတ်လိုက်ပါ"
စွန်းအမျိုးသမီးမှာ ဒေါသထွက်သွားပြီး
"ကျွန်မအစ်ကိုက ကျွန်မကိုသူ့ညီမဆိုတာမေ့သွားပြီလား? သူက ကျွန်မမျက်နှာကိုစေ့စေ့ကြည့်ရဲသေးရဲ့လား? ဒီဘေးကလွတ်မြောက်အောင်ကျွန်မကူပါ့မယ်" ဟုပြောလေသည်။

ထို့နောက် လှည်ယာဉ်ကိုအရှေ့သို့သွားစေပြီး လိုက်ကာတို့ကိုဖယ်ကာ
"ရွှီရှန်(Xu Sheng) ၊ တင်းဖုန်း(Ding Feng)၊ ရှင်တို့တွေ သစ္စာဖောက်ဖြစ်သွားပြီလား" ဟုပြောလေသည်။ စစ်သူကြီးနှစ်ဦးတို့သည် မြင်းပေါ်မှဆင်းပြီးလှည်းယာဉ်ရှေ့တွင်ရပ်လိုက်သည်။
"ကျွန်တော်တို့က သစ္စာဖောက်မဟုတ်ပါဘူး။ စစ်သူကြီးရဲ့အမိန့်နဲ့ လျူဘေ့(Liu Bei) ကိုစောင့်နေတာပါ"
"ကျိုးယွီ(Zhou Yu) က လိုက်နှောင့်ယှက်တဲ့လူဆိုးပဲ။ ငါတို့တောင်ပိုင်းပြည်နယ်က ရှင်တို့ကိုဒုက္ခမပေးခဲ့ဘူး။ နောက်ပြီး ဦးရီးတော်က ငါ့ခင်ပွန်းပဲလေ။ ငါက ငါ့အစ်ကိုနဲ့အမေ့ဆီကခွင့်တောင်းပြီးလာတာ။ ရှင်တို့က ဒီမှာလာစောင့်နေတာ ဓားပြတိုက်ဖို့လား"
"သခင်မ စိတ်မဆိုးဖို့တောင်းပန်ပါတယ်။ ကျွန်တော်တို့က ဒီမှာစောင့်နေတာ စစ်သူကြီးအမိန့်နဲ့ပါ"
"ဒါဆို ရှင်တို့က ကျိုးယွီ(Zhou Yu) ကိုပဲကြောက်ပြီး ငါ့ကိုမကြောက်ဘူးပေါ့။ သူကပဲရှင်တို့ကိုသတ်နိုင်တယ်ထင်ပြီး ငါကမသတ်နိုင်ဘူးထင်လို့လား"
ထို့နောက် "ကျိုးယွီ"(Zhou Yu) အားကြိမ်ဆဲပြီး လှည်းယာဉ်ကိုရှေ့ဆက်သွားစေသည်။
ခေါင်းဆောင်နှစ်ဦးက ဤသို့တွေးကြသည်။
'ငါတို့တွေက သာမန်အဆင့်နိမ့်တဲ့အမှုထမ်းတွေပဲ။ စွန်းအမျိုးသမီးနဲ့ထိပ်တိုက်တွေ့ဖို့မဖြစ်နိုင်ဘူး'
ထို့အပြင် "ကျောက်ယွင်"(Zhao Yun) ဒေါသထွက်သည်ကိုမြင်လိုက်သည်။ သို့နှင့် စစ်တပ်တို့ကို ဘေးတွင်ရပ်စေကာလမ်းဖယ်ပေးလိုက်သည်။
လှည်းယာဉ်သည် မိုင်အနည်းငယ်ခန့်ခရီးဆက်ပြီးနောက်ဝယ် နောက်ဘက်မှလူများထပ်လိုက်လာပြန်သည်။ ထိုအသစ်ရောက်လာသောလူတို့မှ
"မင်းတို့တွေ သူ့ကိုလွှတ်ပေးလိုက်တာမှားတယ်။ သူတို့ကိုဖမ်းဖို့ နယ်စားမင်းဆီကအမိန့်ရလာပြီ" ဟုပြောပြီးနောက် ဆက်လိုက်ကြသည်။

အနောက်ဘက်မှလိုက်လာသောအသံတို့ကိုကြားလျှင် "လျူဘေ့"(Liu Bei) မှ ဇနီးဖြစ်သူအား
"သူတို့တွေအနောက်ကလိုက်လာပြီ။ ဘယ်လိုလုပ်မလဲ" ဟုမေးသည်။
"ရှင်အရှေ့ကသွားနှင့်ပါ။ ကျွန်မနှင့်ကျောက်ယွင်(Zhao Yun) က သူတို့ကိုတားထားလိုက်ပါ့မယ်"
ထို့ကြောင့် "လျူဘေ့"(Liu Bei) သည် မြစ်ဆိပ်နားဆီသို့အရင်သွားနှင့်သည်။ "ကျောက်ယွင်"(Zhao Yun) သည် လှည်းယာဉ်ဘေးတွင် နေရာယူထားပြီး ရန်သူကိုရင်ဆိုင်ရန်အဆင်သင့်ပြင်ထားသည်။ စစ်သူကြီးလေးဦးတို့ရောက်လာသောအခါ မြင်းပေါ်မှဆင်းပြီး လက်ပိုက်နေသည်။ စွန်းအမျိုးသမီးက
"စစ်သူကြီးတွေက ဒီမှာဘာလုပ်နေတာလဲ" ဟုမေးသည်။
"နယ်စားက သခင်မနဲ့ လျူဘေ့(Liu Bei) ကို ပြန်လာခိုင်းဖို့ခေါ်ခိုင်းလို့ပါ"
"ရှင်တို့က အရူးတွေပဲ။ ငါနဲ့ငါ့အစ်ကိုရဲ့ဆက်ဆံရေးကိုပျက်ပြားအောင်လုပ်ရဲတယ်! အခု ငါတို့လင်မယားက ကျင်ကျိုးကိုသွားမလို့။ ငါ့အစ်ကိုကိုယ်တိုင်လိုက်လာရင်တောင် သူက ငါတို့ကိုသွားခွင့်ပြုမှာ။ ရှင်တို့ကလက်နက်တွေကိုင်ထားတာ ငါတို့ကိုသတ်ဖို့မဟုတ်လား"
ထို့နောက် ထိုစစ်သူကြီးလေးဦးတို့ကိုဆူပူသဖြင့် စစ်သူကြီးလေးဦးတို့မှာ အရှက်ရကာ တစ်ဦးမျက်နှာတစ်ဦးကြည့်နေကြသည်။

ထိုသူတို့စိတ်ထဲတွင် ဤသို့တွေးကြသည်။
'ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကမောင်နှမတွေပဲ။ နယ်စားမယ်တော်လက်ထဲမှာအာဏာရှိသေးတာပဲ။ စွန်းချွမ်(Sun Quan) က သူ့အမေစကားနားထောင်ပြီးပယ်ရှားရဲမှာမဟုတ်ဘူး။ နောက်ပိုင်းမှာ အပြစ်ကငါတို့ခေါင်းပေါ်ပဲကျလာမှာ။ ဒီတော့ကောင်းကောင်းဆက်ဆံမှဖြစ်မယ်'
ထို့အပြင် "လျူဘေ့"(Liu Bei) က ထိုနေရာတွင်မရှိသည့်အပြင် "ကျောက်ယွင်"(Zhao Yun) မှာလည်း ဒေါသထွက်နေပြီး အန္တရာယ်ပေးမည့်ပုံပေါ်နေသည်။ ထို့ကြောင့် လမ်းဖယ်ပေးလိုက်သည်။ "ရွှီရှန်"(Xu Sheng) မှ
"ကျုပ်တို့ စစ်သူကြီးချုပ်ဆီပြန်သွားပြီး သတင်းသွားပို့ရမယ်" ဟုပြောလေသည်။
ထိုအချိန်တွင် "ကျန်းချင်"(Jiang Qin) နှင့် "ကျိုးထိုက်"(Zhou Tai) တို့ရောက်လာသည်။
"ခင်ဗျားတို့တွေ လျူဘေ့(Liu Bei) ကိုတွေ့မိလား"
"သူတို့အခုပဲ ဖြတ်သွားပြီ"
"ဘာလို့မဖမ်းတာလဲ"
"သခင်မက ဒီလိုဒီလိုပြောလို့ပါ...."
"ဒါနယ်စားကြီးစိုးရိမ်တဲ့အတိုင်းပဲ။ ဒါကြောင့် သူကကျုပ်တို့ကိုဓားပေးလိုက်ပြီး သူ့ညီမနဲ့လျူဘေ့(Liu Bei) ကိုသတ်ဖို့အမိန့်ပေးလိုက်တယ်။ အမိန့်မနာခံရင်သေဒဏ်ပေးလိမ့်မယ်"
"ဒါဆိုဘယ်လိုလုပ်မလဲ။ သူတို့တွေအဝေးကိုရောက်သွားပြီ"

"ကျန်းချင်"(Jiang Qin) မှ
"ဒါပေမယ့် သူတို့လူအများစုက ခြေလျင်သွားကြတော့ အဝေးကြီးမရောက်သေးဘူး။ ရွှီရှန်(Xu Sheng) နဲ့တင်းဖုန်း(Ding Feng) ကို ကျိုးယွီ(Zhou Yu) ဆီသွားခိုင်းပြီး သူတို့နောက်လိုက်ဖို့ သင်္ဘောတွေပြင်ခိုင်းပါ။ သူတို့နောက်ကိုရေပေါ်မှာရော၊ ကုန်းပေါ်မှာရောလိုက်ရမယ်၊ သူတို့ပြောတာနားမထောင်နဲ့" ဟုပြောလေသည်။ လူနှစ်ဦးတို့က အကြောင်းကြားရန်ပြန်သွားပြီး ကျန်သူလေးဦးတို့က နောက်မှဆက်လိုက်ကြလေသည်။

ထိုအချိန်တွင် "လျူဘေ့"(Liu Bei) မှာ ချိုင်စန်းမှထွက်ပြီးဆိပ်ကမ်းနားသို့ရောက်လာသဖြင့် စိတ်တက်ကြွလာသည်။ သို့သော်လည်း သင်္ဘောမရှိသဖြင့်စိတ်ဓာတ်ကျကာ ခေါင်းငိုက်စိုက်ကျသွားသည်။ ထိုအခါ "ကျောက်ယွင်"(Zhao Yun) မှ
"သခင်ကြီးက အခုမှ ကျားခံတွင်းကထွက်လာတာ၊ အဝေးကြီးမသွားရသေးဘူး။ နောက်ပြီး ကျူးကဲလျန့်(Zhuge Liang) က တစ်ခုခုပြင်ဆင်ထားမှာပါ" ဟုပြောသည်။ သို့သော်လည်း "လျူဘေ့"(Liu Bei) မှာ စိတ်ဓာတ်ကျနေပြီး ဇနီးဖြစ်သူနှင့်အတူစံစားခဲ့သည်တို့ကိုတမ်းတနေသည်။
"လျူဘေ့"(Liu Bei) က "ကျောက်ယွင်"(Zhao Yun) ကိုလွှတ်ကာ သင်္ဘောတို့ရှာစေသည်။ စစ်သားတို့မှ လမ်းတွင် ဖုန်မှုန့်များထနေကြောင်းပြောသဖြင့် တောင်ကုန်းပေါ်သို့ကြည့်သောအခါ ဖုန်ထနေသောလမ်းမှရောက်လာသောလူတို့ကိုမြင်လေသည်။

"လျူဘေ့"(Liu Bei) သည် သက်ပြင်းချလိုက်ပြီး
"ကျုပ်တို့တွေ ရက်အကြာကြီးပြေးခဲ့တာ စစ်သားတွေလည်း ပင်ပန်းနေပြီး မြင်းတွေလည်းပန်းကုန်ပြီ။ အခုအကုန်ဒီနေရာမှာသေတော့မယ်" ဟုပြောလေသည်။ ရန်သူတို့နီးလာသောအခါတွင် သင်္ဘောအစီးနှစ်ဆယ်ခန့်ကိုတွေ့လိုက်သည်။ "လျူဘေ့"(Liu Bei) နှင့်ဇနီးတို့သည် မြစ်ဆိပ်နားသို့သွားပြီး သင်္ဘောပေါ်သို့တက်လေသည်။ သင်္ဘောထဲတွင် တာအိုအင်္ကျီဝတ်ထားသောလူကိုမြင်လိုက်သည်။ ထိုသူမှ ပြုံးကာ
"သခင်ကြီး အခု ကျူးကဲလျန့်(Zhuge Liang) နဲ့ပြန်တွေ့ပြီ။ သူစောင့်နေတာကြာခဲ့ပြီ" ဟုပြောလေသည်။ သင်္ဘောပေါ်ရှိတပ်သားတို့မှာ ကျင်ကျိုးမှဖြစ်သည်။ နောက်ဘက်မှလိုက်လာသော စစ်သူကြီးလေးဦးတို့ရောက်လာသောအခါ "ကျူးကဲလျန့်"(Zhuge Liang) က ထိုသူတို့ကိုလက်ညှိုးထိုးပြီးရယ်ကာ
"ကျုပ် ဒါကိုခန့်မှန်းထားတာကြာပြီ။ ခင်ဗျားတို့ပြန်သွားပြီး ကျိုးယွီ(Zhou Yu) ကို မိန်းကလေးကိုအသုံးချတဲ့ဗျူဟာကိုမသုံးနဲ့လို့ပြန်ပြောလိုက်" ဟုပြောလိုက်လေသည်။

ကမ်းဘက်မှ မြားတို့ဖြင့်လှမ်းပစ်သော်လည်း မမှီတော့ပေ။ ထိုသူလေးဦးတို့သည် ကမ်းခြေနားတွင် အရူးပမာကျန်ရစ်ခဲ့လေသည်။ သင်္ဘောထွက်ပြီးမကြာမီတွင် သင်္ဘောတပ်ကြီးတစ်ဖွဲ့ပေါ်လာသည်။ ထိုတပ်ကို "ကျိုးယွီ"(Zhou Yu) က ဦးဆောင်ပြီး "ဟွမ်ကိုင်"(Huang Gai) နှင့် "ဟန်တန်"(Han Dang) တို့ပါဝင်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ သူ၏သင်္ဘောတို့ကိုမြောက်ဘက်သို့လှော်စေသည်။ အနောက်ဘက်မှ "ကျိုးယွီ"(Zhou Yu) လိုက်ပြီး အနောက်ဘက်တွင် "ဟွမ်ကိုင်"(Huang Gai) ၊ "ဟန်တန်"(Han Dang) ၊ "ရွှီရှန်"(Xu Sheng) နှင့် "တင်းဖုန်း"(Ding Feng) တို့လိုက်ကြသည်။
"ကျိုးယွီ"(Zhou Yu) ၏တပ်ဖွဲ့ ဟွမ်ကျိုးသို့ရောက်သောအခါ ဗုံသံတို့ကြားလိုက်ပြီး "ကွမ်းယွီ"(Guan Yu) ၏စစ်တပ်ကြီးပေါ်လာသည်။ "ကျိုးယွီ"(Zhou Yu) မှာ မပြင်ဆင်ထားသဖြင့်ထွက်ပြေးရလေသည်။ တခြားတစ်နေရာမှ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့ပေါ်လာပြီးတိုက်လေရာ တောင်ပိုင်းပြည်နယ်တပ်မှာ အရှုံးနှင့်ရင်ဆိုင်ရပြီး "ကျိုးယွီ"(Zhou Yu) မှာ အသက်ဘေးမှသီသီလေးလွတ်သွားသည်။

သင်္ဘောပေါ်မှ "လျူဘေ့"(Liu Bei) ၏စစ်သားတို့မှ
"စစ်သူကြီး ကျိုးယွီ(Zhou Yu) က ဦးရီးတော်အတွက် ဇနီးတစ်ယောက်ရှာပေးတဲ့အပြင် သူ့စစ်တပ်တွေကိုတောင်စတေးပေးသေးတယ်" ဟုလှောင်ကာအော်ပြောကြလေသည်။ ထိုစကားတို့ကိုကြားလျှင် "ကျိုးယွီ"(Zhou Yu) မှာဒေါသထွက်ပြီး ပြန်တိုက်ရန်လုပ်သည်၊ သို့သော်လည်း သူ၏စစ်သူကြီးတို့က ဝိုင်းတားကြသည်။ "ကျိုးယွီ"(Zhou Yu) မှ
"ကျုပ်အကြံအစည်တွေပျက်ပြားသွားတာ ကျုပ်သခင်ကြီးကိုဘယ်လိုရင်ဆိုင်ရမလဲ" ဟုပြောလေသည်။

ထို့နောက် ကျယ်လောင်စွာအော်ပြီးနောက် လဲကျသွားကာ ဒဏ်ရာဟောင်းပွင့်ပြီး သတိမေ့သွားသည်။ သူ၏စစ်သူကြီးတို့က ကူညီကြသည်။ သို့လည်း "ကျိုးယွီ"(Zhou Yu) မှာ အချိန်အတန်ကြာ သတိမေ့နေခဲ့သည်။

Comments

Popular posts from this blog

Lookism

Kaichou wa Maid-sama!