သုံးနိုင်ငံခေတ် (၇၁)

အခန်း(၇၁) တောင်ကုန်းတစ်ဖက်တွင် "ဟွမ်ကျုံး"(Huang Zhong) စစ်အောင်နိုင်ခြင်း။
ဟန်မြစ်ကမ်းတွင် "ကျောက်ယွင်"(Zhao Yun) အနိုင်ရခြင်း။

"ခင်ဗျားသာတကယ်ချီတက်ချင်တယ်ဆိုရင်တော့ ဖာကျန့်(Fa Zheng) ကိုပါထည့်ပေးပါရစေ။ ကိစ္စအားလုံးကို သူနဲ့တိုင်ပင်ပါ။ ဒါ့အပြင် စစ်ကူတွေလည်း ပို့ပေးပါမယ်"
"ဟွမ်ကျုံး"(Huang Zhong) မှ လိုက်ခံကာ စစ်ချီတက်လေသည်။ ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) မှ "လျူဘေ့"(Liu Bei) အား ရှင်းပြသည်။
"ကျွန်တော် သူ့ကိုတမင်မခံချင်အောင်ပြောပြီး တာဝန်ကိုပိုပြီးထမ်းဆောင်နိုင်အောင်လုပ်တာ။ နို့မို့ဆို သူ့ကိုယ်သူမလုပ်နိုင်ဘူးလို့ထင်မှာစိုးလို့။ ဒါပေမယ့် သူစစ်ကူတွေတော့လိုအပ်လိမ့်မယ်"
ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) သည် "ကျောက်ယွင်"(Zhao Yun) အား စစ်ကူလိုအပ်ပါက ကူညီရန်၊ မလိုပါက ဘာမှမလုပ်ရန်ပြောပြီး ချီတက်ခိုင်းလေသည်။ ထို့အပြင် "လျူဖုန်း"(Liu Feng) နှင့် "မုန့်တာ"(Meng Da) တို့ကို တပ်သားသုံးထောင်ဦးဆောင်စေပြီး ဗျူဟာအရအရေးပါသော တောင်ကုန်းများတွင် နေရာချစေကာ အလံများစွာလွင့်ထူထားစေပြီး စစ်တပ်အင်အားများစွာရှိသည့်ဟန်ပြုကာ ရန်သူတို့ကြောက်လန့်စေရန်ဖြစ်သည်။
ပြီးနောက် ရှပျန်းခံတပ်မှ "မာချောင်း"(Ma Chao) ကိုလည်း ပါဝင်ရန်ခေါ်သည်။ လန်ကျုံးနှင့်ပါရှီးတွင်ရှိသော "ကျန်းဖေး"(Zhang Fei) နှင့် "ဝေရန်"(Wei Yan) ကိုပြန်ခေါ်ပြီး သူတို့နေရာတွင် "ရန်ရန်"(Yan Yan) ကိုအစားထိုးစေသည်။

ထွက်ပြေးလာသော "ကျန်းဟဲ"(Zhang He) နှင့် "ရှဟိုရှန်"(Xiahou Shang) တို့သည် "ရှဟိုယွမ်"(Xiahou Yuan) ၏စခန်းသို့ရောက်သောအခါ အကြောင်းစုံပြောပြသည်။
"တျန်းတန်းတောင်ကို ရန်သူတွေသိမ်းသွားပြီ။ ရှဟိုတဲ(Xiahou De) နဲ့ ဟန်ဟောက်(Han Hao) လည်း သေဆုံးသွားခဲ့ပြီ။ လျူဘေ့(Liu Bei) က ဟန်ကျုံးကိုတိုက်ဖို့ပြင်နေတဲ့အတွက် အမြန်ဆက်သားကိုလွှတ်ပြီး ဝေမင်းသားထံက အကူအညီတောင်းပါ"
ထိုသတင်းသည် "ချောင်ဟုန်"(Cao Hong) ထံသို့ရောက်သွားပြီးနောက် မြို့တော်ရွှီချန်သို့ သတင်းပို့လေသည်။
"ချောင်ချောင်း"(Cao Cao) ကလည်း အလျင်အမြန် အစည်းအဝေးခေါ်လေ၏။
အထက်တန်းဝန်ကြီး "လျူရဲ့"(Liu Ye) မှ
"ဟန်ကျုံးကိုလက်လွှတ်လိုက်ရင် အလယ်ပိုင်းဒေသတစ်ခုလုံးကို လှုပ်ခါသွားစေမယ်။ ဒါကြောင့် သခင်ကြီးကိုယ်တိုင်စစ်ချီတက်သင့်တယ်"
"ဒီလိုဖြစ်လာတာဟာ အရင်က ခင်ဗျားပြောတဲ့အကြံကိုနားမထောင်ခဲ့မိလို့ပဲ"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် တပ်သားလေးသိန်းစုဆောင်းကာ စစ်ချီတက်ရန်ပြင်သည်။ နှစ်ဆယ့်သုံးနှစ်မြောက် (အေဒီ ၂၁၈) ၊ ဆောင်းဦးရာသီ ခုနစ်လပိုင်းတွင် အဆင်သင့်ဖြစ်ပြီး တပ်မသုံးခုခွဲကာ စစ်ချီလေ၏။ ခေါင်းဆောင်တပ်ကို "ရှဟိုတွန်း"(Xiahou Dun)၊ အလယ်တပ်ကို "ချောင်ချောင်း"(Cao Cao) နှင့် နောက်ဆုံးတပ်မကို "ချောင်ရှို့"(Cao Xiu) တို့ကအသီးသီးဦးဆောင်ထည်။
"ချောင်ချောင်း"(Cao Cao) သည်လှပသည့်မြင်းဖြူကိုစီးနင်းပြီး သူ၏ကိုယ်ရံတော်တို့သည်လည်း ပိုးထည်တို့ကိုဝတ်ဆင်ထားသည်။ ထိုကိုယ်ရံတော်တို့သည် ပိုးထည်နှင့်ယက်ထားသော ထီးကိုကိုင်ဆောင်ထားပြီး ဘုရင့်အဆောင်အယောင်ဖြစ်သည့် ရွှေရောင်အသီး၊ ငွေရောင်ရဲတင်း၊ မြင်းပေါ်တက်ရန်အခံ၊ တင်းပုတ်၊ လှံတို၊ လှံရှည်တို့ပါဝင်ပြီး အလံတွင် နေ၊လ၊ နဂါး၊ ဇာမဏီတို့ပါရှိလေသည်။ သူ၏ကိုယ်ရံတော်အဖွဲ့ကို တောင့်တင်းသောသူရဲကောင်း နှစ်သောင်းငါးထောင်ဖြင့်ဖွဲ့ထားပြီး အပြာ၊အဝါ၊အနီ၊အဖြူ၊အနက် စသည်ဖြင့် အရောင်ငါးမျိုးခွဲကာ အဖွဲ့ငါးဖွဲ့ခွဲထားသည်။ ထိုသို့တောက်ပသောအဆောင်အယောင်တို့ဖြင့် စစ်ချီတက်လေ၏။
ထုံခံတပ်သို့ရောက်သောအခါ အဝေးမှလှပသော တောအုပ်ကိုမြင်ပြီး မည်သို့ခေါ်ဝေါ်ကြောင်းမေးလေသည်။

"ဒီနေရာကို ခရမ်းရောင်စိုက်ခင်းလို့ခေါ်ပါတယ်။ အဲ့သစ်တောထဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ဝန်ကြီး ချိုက်ယုံ(Cai Yong) ရဲ့နေအိမ်ရှိပါတယ်။ လက်ရှိမှာတော့ သူ့သမီး ချိုက်ရန်(Cai Yan) နဲ့ခင်ပွန်းသည် တုံးစီး(Dong Si) တို့နေပါတယ်"
"ချောင်ချောင်း(Cao Cao) နှင့် "ချိုက်ယုံ"(Cai Yong) တို့သည် သူငယ်ချင်းများဖြစ်ခဲ့သည်။ "ချိုက်ယုံ"(Cai Yong) ၏သမီးသည် ပထမက "ဝေကျုံးတောင်"(Wei Zhongdao) နှင့်လက်ထပ်ခဲ့ပြီး နောက်ပိုင်းတွင် မြောက်ပိုင်းလူမျိုးစုတို့ကိုဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထိုအခါ သူမ သည် 'မွန်ဂိုပုလွေ၏ကဗျာတစ်ဆယ့်ရှစ်ကြောင်း' ကိုရေးဖွဲ့ခဲ့ပြီး ထိုကဗျာသည် နာမည်ကြီးခဲ့လေ၏။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည်သနားသွားပြီး ရွှေအောင်စတစ်ထောင်ပေးကာ ပြန်ရွေးရန်ကမ်းလှမ်းခဲ့သည်။ ရှုံးနုလူမျိုးတို့၏ခန်ဖြစ်သော "ချဲ့ရှန်"(Ce Xian) သည် "ချောင်ချောင်း"(Cao Cao) ၏စစ်အင်အားကြောင့် "ချိုက်ယုံ"(Cai Yong) ထံသို့ သူ၏သမီးကို ပြန်ပို့ခဲ့သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ "ချိုက်ရန်"(Cao Yan) အား "တုံးစီး"(Dong Si) နှင့်လက်ဆက်စေခဲ့သည်။

"ချောင်ချောင်း"(Cao Cao) သည် သူ၏ကိုယ်ရံတော်တို့ကိုဆက်လက်ချီတက်စေပြီး သူကိုယ်တိုင်မှာမူလူအနည်းငယ်နှင့်အတူ ထိုအိမ်သို့သွားလေသည်။ ထိုအချိန်တွင် "တုံးစီး"(Dong Si) သည် အိမ်တွင်မရှိပဲ သူ၏ဇနီးသာရှိသည်။ ဇနီးဖြစ်သူသည် ဧည့်သည်မည်သူဖြစ်သူကိုသိသည်နှင့် အဆောတလျင်ကြိုဆိုပြီး ဧည့်ခန်းတွင်နေစေသည်။ နှုတ်ဆက်စကားတို့ဆိုကြပြီးနောက် နံရံတွင်ထွင်းထားသောကျောက်ပြားကိုတွေ့ပြီး ထိုကျောက်ပြားအကြောင်းကို အိမ်ရှင်အားမေးလေ၏။
"ဒါက ချောင်အမျိုးသမီး ဒါမှမဟုတ် ချောင်အဲ(Cao E) ရဲ့ကျောက်ပြားပါ။ ဟဲဧကရာဇ်လက်ထက် (အေဒီ ၁၀၀) တုန်းက ရှုံးနုပြည်နယ်မှာ အဆို၊အကကျွမ်းကျင်တဲ့လူရှိခဲ့တယ်။ ငါးလပိုင်း ငါးရက်နေ့မှာ သူသင်္ဘောစီးတဲ့အချိန်မှာ ရုတ်တရတ်မူးဝေပြီး ရေထဲပြုတ်ကျသွားခဲ့တယ်။ အဲ့အချိန်မှာ သူ့သမီး ချောင်အဲ(Cao E) ဟာ အသက် ၁၄ နှစ်ရှိပြီး သူ့ဖခင်ရဲ့အလောင်းကိုဆယ်ဖို့ ခုနစ်ရက်တိုင်တိုင်ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာတော့ သူလည်း ရေထဲခုန်ချခဲ့ပြီး ငါးရက်ကြာပြီးနောက်မှာ သူနဲ့သူ့ဖခင်အလောင်းဟာ ရေပေါ်ပြန်ပေါ်လာခဲ့တယ်။ သူ့ရဲ့အလောင်းဟာ သူ့ဖခင်ကိုပွေ့ဖက်ထားခဲ့တယ်။ ရွာသားတွေကလည်း သူတို့နှစ်ဦးကို မြစ်ကမ်းနားမှာပဲမြုပ်နှံခဲ့တယ်။ ဒီသမီးဖြစ်သူရဲ့မေတ္တာအကြောင်းကို မြို့စားက ဧကရာဇ်ဆီသံတော်ဦးတင်ခဲ့တယ်။
နောက်ပိုင်းမှာတော့ မြို့စားဟာ ဟန်တန်းချွန်(Handan Chun) ဆိုတဲ့လူကိုခေါ်ပြီး ဒီအကြောင်းကိုမှတ်တမ်းတင်စေတယ်။ အဲ့အချိန်မှာ ဟန်တန်းချွန်(Handan Chun) က အသက် ၁၃ နှစ်ပဲရှိပြီး သူ့ရဲ့အရေးအသားကပြီးပြည့်စုံတယ်။ အဲ့စာရေးထားတဲ့ကျောက်ပြားကို အုတ်ဂူနားမှာပဲထားထားခဲ့တယ်။ ကျွန်မအဖေက အဲ့ကိုသွားတော့ အဲ့ကျောက်ပြားရဲ့အနောက်ဘက်မှာ စာလုံးရှစ်လုံးရေးခဲ့ပြီး နောက်ပိုင်းမှာ လူတစ်ယောက်က အဲ့စာလုံးရှစ်လုံးကိုပြန်ထွင်းခဲ့တယ်"
"ချောင်ချောင်း"(Cao Cao) က ထိုစာလုံးရှစ်လုံးကိုဖတ်လေသည်။ ထိုစာလုံးတို့မှာ 'ရွှေပိုးထည်(黃絹) ၊ ငယ်ရွယ်တဲ့အမျိုးသမီး(幼婦) ၊ မြေး(外孫) နှင့် ကျည်ပွေ့(齏臼) ဟူသောစာလုံးများဖြစ်သည်။

"ဒါကိုရှင်းပြနိုင်မလား"
"ဒါ ကျွန်မအဖေရေးခဲ့တာပေမယ့် ဘာကိုဆိုလိုလည်း မသိပါဘူး"
"ချောင်ချောင်း"(Cao Cao) သည် သူ၏အကြံပေးတို့ဘက်လှည့်ကာ
"ဘယ်သူ ရှင်းပြနိုင်သလဲ"
မည်သူမှ မပြောနိုင်ကြပေ၊ ထိုအချိန်တွင်
"ကျွန်တော် အဓိပ္ပာယ်ကိုသိပြီ"
ပြောသောသူမှာ ပထမတန်းအတွင်းရေးမှူး "ရန်ရှို့"(Yang Xiu) ဖြစ်သည်။
"မပြောနဲ့ဦး၊ ကျုပ်စဉ်းစားပါရစေဦး"
ထို့နောက် ထိုနေအိမ်မှထွက်လာကြပြီး လယ်ကွင်းထဲသို့သွားသည်။ လယ်ကွင်းမှ တစ်မိုင်ခန့်အကွာတွင် ထိုစာ၏ဆိုလိုရင်းကို ရုတ်တရတ်တွေးမိလေရာ ရယ်ပြီးနောက် "ရန်ရှို့"(Yang Xiu) အား
"အခု ပြောလို့ရပြီ"

"'ရွှေပိုးထည်(黃絹) က se si (色絲) ဆိုတဲ့စာလုံးနဲ့အဓိပ္ပာယ်တူတယ်။ si (; ပိုးထည်) နဲ့ se (; အရောင်) ကိုပေါင်းလိုက်မယ်ဆိုရင် (; ပြတ်သားခြင်း) ဆိုတဲ့စာလုံးကိုရတယ်။ ငယ်ရွယ်တဲ့အမျိုးသမီး(幼婦) က shao nü (少女; ငယ်ရွယ်တဲ့အမျိုးသမီး) ဆိုတဲ့စာလုံးနဲ့အဓိပ္ပာယ်တူတယ်။ nü (; အမျိုးသမီး) နဲ့ shao (; ငယ်ရွယ်ခြင်း) ဆိုတဲ့စာလုံးကိုပေါင်းရင် miao (; အံ့အားသင့်ခြင်း) ဆိုတဲ့စာလုံးကိုရတယ်။  မြေး(外孫) က nü er de er zi (女兒的兒子; "သမီးရဲ့သား")နဲ့ အတူတူပဲ။ အဲ့ထဲက စာလုံးနှစ်လုံးကိုဖယ်ပြီး nü (; "သမီး") နဲ့ zi (; သား) ကိုပေါင်းစပ်လိုက်မယ်ဆိုရင် hao (; ကောင်းမွန်ခြင်း) ဆိုတဲ့စာလုံးကိုရတယ်။ ကျည်ပွေ့(齏臼) က shou wu xin zhi qi (受五辛之器; အရသာငါးမျိုးရောတဲ့အခါမှာ သုံးတဲ့ကိရိယာ) ပဲလေ။ အဲ့ထဲက စာလုံးနှစ်လုံးဖြစ်တဲ့ shou (; "လက်ခံယူခြင်း") နဲ့ xin (; အရသာ) ကိုပေါင်းလိုက်ရင် ci (/; ယဉ်ကျေးခြင်း) ဆိုတဲ့စာလုံးကိုရတယ်။ ဒီတော့ ဒီစာလုံးလေးလုံးက jue miao hao ci (絕妙好辭; "ပြတ်သားသော၊ အံ့အားသင့်စရာကောင်းသော၊ ကောင်းမွန်သော၊ ယဉ်ကျေးသော") ဆိုပြီး ချောင်အဲ(Cao E) ကို ချီးမွမ်းထားတာဖြစ်တယ်"
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် "ရန်ရှို့"(Yang Xiu) ၏ ထက်မြက်မှုကိုအံ့ဩကာ
"ကျုပ်တွေးတာလည်း ဒီအတိုင်းပဲ"
အနီးအနားမှလူအပေါင်းတို့သည်လည်း "ရန်ရှို့"(Yang Xiu) ၏ဗဟုသုတကြွယ်ပုံနှင့် ဉာဏ်ထက်ပုံတို့ကြောင့် အံ့ဩကြလေသည်။
တစ်ရက်ပင်မကြာလိုက်ပဲ နန်ကျန်းသို့ရောက်သောအခါ "ချောင်ဟုန်"(Cao Hong) က ကြိုဆိုပြီး "ကျန်းဟဲ"(Zhang He) ၏ရှုံးနိမ့်မှုများအကြောင်းကိုပြောလေသည်။
"ရှုံးနိမ့်တာဟာ ပြစ်မှုကြီးမဟုတ်ပါဘူး။ စစ်ပွဲမှာ အနိုင်အရှုံးဆိုတာ အမြဲရှိနေတဲ့အရာပဲ"
"လျူဘေ့(Liu Bei) က တင်းကျွင်းတောင်ကိုသိမ်းဖို့အတွက် ဟွမ်ကျုံး(Huang Zhong) ကိုလွှတ်ခဲ့တယ်။ ရှဟိုယွမ်(Xiahou Yuan) က သခင်ကြီးလာမယ်ဆိုတာ ကြားတော့ ရန်သူတွေနဲ့တိုက်ရိုက်မရင်ဆိုင်သေးပဲ ခံစစ်မှာပဲခုခံနေတယ်"
"အမြဲတမ်းခံစစ်မှာပဲနေတာက ပျော့ညံ့မှုကိုပြသရာရောက်တယ်"
ထို့နောက် လူတစ်ယောက်ကိုလွှတ်ပြီး ရန်သူတို့ကိုတိုက်ရန် အမိန့်ပေးလိုက်လေ၏။ "လျူရဲ့"(Liu Ye) မှ
"ရှဟိုယွမ်(Xiahou Yuan) က ပုံသေပဲလုပ်တတ်တော့ ရန်သူတွေရဲ့လှည့်စားမှုအောက်မှာ ရှုံးနိမ့်နိုင်တယ်"

ထို့ကြောင့် "ချောင်ချောင်း"(Cao Cao) သည် စာတစ်စောင်ရေးကာထည့်ပေးလိုက်သည်။ ထိုစာမှာ အောက်ပါအတိုင်းဖြစ်လေသည်။
'ခေါင်းဆောင်တိုင်းက လိုက်လျောညီထွေပြုမူခြင်းနဲ့အခြေအနေနဲ့အညီပြောင်းလဲနိုင်စွမ်းရှိရမယ်။ ရဲရင့်မှုတစ်ခုတည်းကိုအသုံးချရင် ဒါကသာမန်သားရဲတိရစ္ဆာန်တိုက်ခိုက်မှုနဲ့မခြားဘူး။ ကျုပ်အခု နန်ကျန်းမှာရှိပြီး ခင်ဗျားရဲ့အစွမ်းနဲ့လုပ်ဆောင်နိုင်စွမ်းကို စောင့်ကြည့်နေမယ်။ ပြောချင်တာတစ်ခုကတော့ စစ်သူကြီးရဲ့ကျော်ကြားတဲ့နာမည်ဂုဏ်ကို ကျဆင်းအောင်မလုပ်ပါနဲ့'
ထိုစာကိုဖတ်ပြီးနောက် "ရှဟိုယွမ်"(Xiahou Yuan) သည် ဝမ်းမြောက်သွားပြီး "ကျန်းဟဲ"(Zhang He) ကိုခေါ်ကာ တိုင်ပင်သည်။
"လျူဘေ့(Liu Bei) ကိုချေမှုန်းဖို့ မင်းသားရဲ့တပ်ဖွဲ့ကြီးက နန်ကျန်းကိုရောက်နေပြီ။ ကျုပ်တို့တွေ ဒီမှာခုခံတာကြာနေပြီဆိုတော့ မနက်ဖြန်ရန်သူနဲ့ရင်ဆိုင်ပြီး ဟွမ်ကျုံး(Huang Zhong) ကိုဖမ်းချင်တယ်"
"ရန်သူက လက်ရုံးရည်ရော နှလုံးရည်ပါရှိသူဖြစ်တယ်။ ဒါ့အပြင် ဖာကျန့်(Fa Zheng) ကလည်း သူ့ကိုကူညီပေးနေသေးတယ်။ ဒါကြောင့် ခံစစ်အနေနဲ့သာ ဆက်ပြီးနေသင့်တယ်"
"တခြားစစ်သူကြီးတွေက ပိုပြီးစွမ်းဆောင်နိုင်ရင် ကျုပ်တို့က မင်းသားကို ဘယ်လိုမျက်နှာပြရမလဲ? ဒါပေမယ့် ခင်ဗျားက တောင်ကုန်းပေါ်မှာပဲနေပါ။ ကျုပ်က စစ်ချီထွက်ပါမယ်"

ထို့နောက် ရန်သူတို့ကိုမည်သူစိန်ခေါ်လိုကြောင်းမေးရာ "ရှဟိုရှန်"(Xiahou Shang) မှတာဝန်ယူလေသည်။
"မင်းက ရန်သူတွေနဲ့ တကယ်ထိပ်တိုက်ရင်ဆိုင်ရမှာမဟုတ်ဘူး။ ရှုံးချင်ယောင်ဆောင်ပြီးရင် ရန်သူတွေအတွက် ထောင်ချောက်အသင့်စောင့်နေတယ်"
"ရှဟိုရှန်"(Xiahou Shang) သည် တပ်သားအနည်းငယ်နှင့် ထွက်သွားလေသည်။

"ဟွမ်ကျုံး"(Huang Zhong) နှင့် သူ၏အကူဖြစ်သော "ဖာကျန့်"(Fa Zheng) တို့သည် တင်းကျွင်းတောင်အနီးတွင် စခန်းချထားလေသည်။ ယခင်က "ရှဟိုယွမ်"(Xiahou Yuan) ကိုတိုက်ခိုက်ရန် မျှားခေါ်ဖို့ကြိုးပမ်းခဲ့သော်လည်း "ရှဟိုယွမ်"(Xiahou Yuan) သည် တောင်တို့၏အကာအကွယ်ကိုယူထားသောကြောင့် တိုက်ခိုက်ရန်မလွယ်ကူခဲ့ပေ။ သို့သော် "ရှဟိုရှန်"(Xiahou Shang) ၏တပ်ဖွဲ့ရောက်လာသောအခါ "ဟွမ်ကျုံး"(Huang Zhong) မှထွက်ပြီး ရင်ဆိုင်ရန်ပြုသည်။ သို့သော်လည်း စစ်သူကြီး "ချန်ရှီ"(Chen Shi) မှ
"စစ်သူကြီးကိုယ်တိုင်ထွက်တိုက်စရာမလိုပါဘူး။ ကျွန်တော်ထွက်ပြီး ရင်ဆိုင်ပါ့မယ်"
"ဟွမ်ကျုံး"(Huang Zhong) ကလည်း လက်ခံလိုက်လေသည်။ "ချန်ရှီ"(Chen Shi) သည် တပ်သားသုံးထောင်ကိုဦးဆောင်ပြီး ထွက်ကာ "ရှဟိုရှန်"(Xiahou Shang) နှင့် ရင်ဆိုင်လေသည်။ "ရှဟိုရှန်"(Xiahou Shang) သည် တခဏခန့်တိုက်ပြီးနောက် ထွက်ပြေးလေ၏။ "ချန်ရှီ"(Chen Shi) ကလည်း နောက်မှလိုက်ရာ ရန်သူတို့က တောင်ကုန်းပေါ်မှ ကျောက်တုံး၊သစ်တုံးများဖြင့်လိမ့်ကာတိုက်လေသည်။ "ချန်ရှီ"(Chen Shi) ၏တပ်လည်း တပ်ပြန်ဆုတ်လေ၏။ ထိုအချိန်တွင် အသင့်စောင့်နေသော "ရှဟိုယွမ်"(Xiahou Yuan) ၏တပ်မှတိုက်ရာ "ချန်ရှီ"(Chen Shi) သည်သုံ့ပန်းအဖြစ်အဖမ်းခံရပြီး စစ်သားများစွာတို့ ရန်သူ့လက်အောက်သို့ရောက်ကုန်သည်။ ထွက်ပြေးလွတ်မြောက်သောတပ်သားအချို့တို့သည် "ဟွမ်ကျုံး"(Huang Zhong) ကိုသတင်းပို့လေသည်။

"ဟွမ်ကျုံး"(Huang Zhong) သည် "ဖာကျန့်"(Fa Zheng) နှင့်တိုင်ပင်ရာ "ဖာကျန့်"(Fa Zheng) မှ
"ဒီရှဟိုယွမ်(Xiahou Yuan) က အလွယ်တကူနဲ့စိတ်တိုတတ်တယ်၊ ဒေါသထွက်လာရင် ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းမရှိတော့ဘူး။ စစ်သူကြီးက တပ်သားတွေပျော်ရွှင်အောင်လုပ်ပြီးတော့ စစ်ချီလိုက် ရပ်နားလိုက် လုပ်ပါ။ ဒီလိုသာဆိုရင် သူက ထွက်လာပြီးတိုက်လိမ့်မယ်။ အဲ့အချိန်မှ သူ့ကိုဖမ်းဖို့ကြိုးစားပါ။ ဒီဗျူဟာက ဧည့်သည်ကအိမ်ရှင်အဖြစ်ပြောင်းတဲ့ဗျူဟာဖြစ်တယ်"
ထိုအခါ "ဟွမ်ကျုံး"(Huang Zhong) သည် တပ်သားတို့ကြိုက်နှစ်သက်သည့်အရာတို့ကို လက်ဆောင်အဖြစ်ပေးရာ တပ်သားတို့မှာ ပျော်ရွှင်ပြီး စစ်ချီရန်တပ်ကြွနေသည်။ ထို့နောက် တပ်ဖွဲ့ကြီးသည် စစ်ချီကာ တစ်နေရာအရောက်တွင် ရပ်ပြီးစခန်းချလေသည်။ ရက်အနည်းငယ်နားပြီးနောက် ထိုနည်းအတိုင်းလုပ်လေသည်။
ထိုအကြောင်းကို "ရှဟိုယွမ်"(Xiahou Yuan) ကြားသောအခါ  ရန်သူတို့ကိုထွက်တိုက်ရန်ပြုလေသည်။

"ကျန်းဟဲ"(Zhang He) မှ
"မဖြစ်ဘူး၊ မဖြစ်ဘူး။ ဒါက နာမည်ကြီးတဲ့ဗျူဟာပဲ။ စစ်သူကြီးထွက်တိုက်ရင်ရှုံးလိမ့်မယ်။ ဒါကြောင့် ခံစစ်အနေနဲ့ပဲဆက်နေသင့်တယ်"
သို့သော်လည်း "ရှဟိုယွမ်"(Xiahou Yuan) က နားမထောင်ပဲ "ရှဟိုရှန်"(Xiahou Shang) ကိုလွှတ်ကာတိုက်စေ၏။ "ဟွမ်ကျုံး"(Huang Zhong) ကထွက်ကာ ရင်ဆိုင်ပြီး ပထမအကွက်တွင်ပင် အနိုင်ယူပြီး "ရှဟိုရှန်"(Xiahou Shang) ကိုဖမ်းလိုက်လေသည်။ ၎င်းကို "ရှဟိုယွမ်"(Xiahou Yuan) သိသောအခါ သုံ့ပန်းချင်းလဲရန်ကမ်းလှမ်းလေ၏။ တစ်ဖက်မှလည်း သဘောတူလိုက်ပြီး နောက်ရက်တွင် လူလဲရန်ပြုလေသည်။ နောက်ရက်တွင် နှစ်ဦးနှစ်ဖက်ရှိခေါင်းဆောင်နှစ်ဦးတို့သည် မြင်းပေါ်တွင်ရှိပြီး သူတို့၏ဘေးတွင် သုံ့ပန်းရှိသည်။ ထိုသူတို့သည် ကြိုးမချည်နှောင်ထားပဲ ရိုးရိုးအဝတ်သာဝတ်ထားစေသည်။ ဗုံတီးလိုက်သည်နှင့် နှစ်ဘက်စလုံးမှ သုံ့ပန်းကိုလွှတ်ပေးလိုက်သည်။ "ရှဟိုရှန်"(Xiahou Shang) သည် သူ၏တပ်ဘက်သို့ပြန်သွားသည့်အချိန်တွင် "ဟွမ်ကျုံး"(Huang Zhong) သည် အနောက်ဘက်မှ မြားဖြင့်လှမ်းပစ်လိုက်သည်၊ သို့သော်လည်း သူသည် လဲမကျသွားပဲ ဆက်လျှောက်သွားလေ၏။

ထိုအခြင်းအရာကြောင့် "ရှဟိုယွမ်"(Xiahou Yuan) မှာဒေါသထွက်ပြီး စိတ်မထိန်းနိုင်တော့ပဲ မြင်းကိုစီးကာ "ဟွမ်ကျုံး"(Huang Zhong) ကိုတိုက်ရန်ပြုသည်။ "ဟွမ်ကျုံး"(Huang Zhong) သည် တဖက်ခေါင်းဆောင်ကို တမင်ဒေါသထွက်အောင် လုပ်လိုက်ခြင်းဖြစ်သည်။
အကွက်နှစ်ဆယ်ခန့်တိုက်ပြီးနောက်ဝယ် "ရှဟိုယွမ်"(Xiahou Yuan) ဘက်မှ မောင်းသံတို့ကိုကြားလိုက်ရပြီး "ရှဟိုယွမ်"(Xiahou Yuan) လည်း နောက်ပြန်ဆုတ်သွားလေသည်။ "ဟွမ်ကျုံး"(Huang Zhong) သည် နောက်မှလိုက်တိုက်ကာ ဝေတပ်ကိုဖရိုဖရဲဖြစ်သွားစေ၏။ "ရှဟိုယွမ်"(Xiahou Yuan) သည် စခန်းသို့ပြန်ရောက်သောအခါ အဘယ်ကြောင့်မောင်းတီးရသည်ကိုမေးသည်။ "ကျန်းဟဲ"(Zhang He) မှ
"တောင်ရဲ့နေရာတချို့မှာ ရှူတပ်ရဲ့အလံတွေကိုမြင်ရတော့ ရန်သူတွေ ခြုံခိုတိုက်မှာစိုးရိမ်လို့ပါ"
"ရှဟိုယွမ်"(Xiahou Yuan) ကလည်း သူ၏ဆုံးဖြတ်ချက်ကိုယုံကြည်ပြီး ရန်သူတို့နှင့် ဆက်မရင်ဆိုင်တော့ပဲ ခံစစ်ဖြင့်သာနေသည်။

မကြာမီတွင်ပင် "ဟွမ်ကျုံး"(Huang Zhong) သည် "ရှဟိုယွမ်"(Xiahou Yuan) ၏စခန်းအနီးသို့ရောက်သွားပြီးနောက် သူ၏လုပ်ဖော်ကိုင်ဖက်ထံမှ အကြံတောင်းသည်။ "ဖာကျန့်"(Fa Zheng) မှ တောင်ကုန်းတို့ကိုလက်ညှိုးညွှန်ကာ
"တင်းကျွင်းတောင်ရဲ့အနောက်ဘက်မှာ သွားလာရခက်ခဲတဲ့ တအားမတ်တဲ့တောင်ကုန်းရှိတယ်။ ဒါပေမယ့် အဲ့နေရာကနေ ရန်သူတွေရဲ့အခြေအနေကိုအကုန်လုံးမြင်နိုင်တယ်။ အဲ့တောင်ကုန်းကိုသိမ်းလိုက်ရင်တော့ တောင်ကိုသိမ်းပိုက်ဖို့လွယ်သွားပြီ"
"ဟွမ်ကျုံး"(Huang Zhong) လည်း ထိုနေရာကိုကြည့်ရာ ထိုတောင်ကုန်းပေါ်တွင် အစောင့်အနည်းငယ်ရှိသည်ကိုတွေ့သည်။ ထိုညနေတွင် ထိုတောင်ကုန်းပေါ်သို့သွားပြီး စစ်သူကြီး "တုရှီး"(Du Xi) နှင့်ရဲမက်တစ်ရာကိုတိုက်ထုတ်ကာ တောင်ကုန်းပေါ်တွင် နေရာယူလိုက်သည်။ ပြီးနောက် "ဖာကျန့်"(Fa Zheng) မှ
"အခု စစ်သူကြီးက တောင်ကုန်းရဲ့အလယ်မှာနေရာယူထားပါ။ ကျွန်တော်က တောင်ထိပ်မှာနေမယ်။ ရန်သူတွေထွက်လာရင် ကျွန်တော့ဘက်က အလံဖြူထောင်ပြမယ်၊ ဒါပေမယ့် ရန်သူတွေပင်ပန်းတဲ့အထိစောင့်ပါ။ အလံနီထောင်ပြတဲ့အချိန်မှာမှ တိုက်ခိုက်ပါ"

"ဟွမ်ကျုံး"(Huang Zhong) ကလည်း ထိုအကြံအတိုင်းလုပ်ဆောင်ရန်ပြုလေသည်။ ထိုအချိန်တွင် "တုရှီး"(Du Xi) သည် တောင်ကုန်းကိုလက်လွှတ်လိုက်ရသည့်အကြောင်းကို "ရှဟိုယွမ်"(Xiahou Yuan) ထံသတင်းပို့သည်။
"ဟွမ်ကျုံး(Huang Zhong) က အဲ့တောင်ကိုသိမ်းထားပြီဆိုတော့ ရန်သူတွေကိုထွက်ပြီးရင်ဆိုင်မှဖြစ်မယ်"
သို့သော် "ကျန်းဟဲ"(Zhang He) မှ ကန့်ကွက်သည်။
"ဒါက ဖာကျန့်(Fa Zheng) က တမင်ကြံစည်ထားတာတွေပါ။ ဒါကြောင့် ဒီနေရာမှာပဲနေပြီး ဆက်ခုခံနေသင့်ပါတယ်"
"အဲ့ဘက်တောင်ကုန်းကနေ ရန်သူတွေက ကျုပ်တို့ရဲ့အားသာချက်၊ အားနည်းချက်တွေအကုန်လုံးကိုမြင်နေတယ်။ ဒီတော့ ရန်သူတွေကိုထွက်ပြီး ရင်ဆိုင်မှဖြစ်မယ်"
ကန့်ကွက်မှုတို့သည် အရာမထင်ခဲ့ပဲ "ရှဟိုယွမ်"(Xiahou Yuan) သည် "ဟွမ်ကျုံး"(Huang Zhong) နှင့်တိုက်ရန်ပြုလေသည်။

ထိုအချိန်တွင် တောင်ကုန်းပေါ်မှ အလံဖြူထောင်ပြလေသည်။ "ရှဟိုယွမ်"(Xiahou Yuan) သည် ရန်သူတို့ထွက်လာရန်မျိုးစုံရန်စသော်လည်း ရန်သူတို့မှာပေါ်မလာခဲ့ပေ။ နေ့ခင်းဘက်သို့ရောက်သောအခါ တပ်သားတို့သည် စိတ်ဓာတ်ကျကာ ပင်ပန်းကုန်သည်။ ထိုအချိန်တွင် "ဖာကျန့်"(Fa Zheng) မှ အလံနီထောင်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ဗုံတို့ကကိုတီးခတ်ကာ ရှူတပ်သားတို့သည် မြေကြီးတုန်လှုပ်လုမတတ် ညာသံပေးကာ အသက်ကြီးသောခေါင်းဆောင်ထွက်လာသည်။ "ရှဟိုယွမ်"(Xiahou Yuan) သည် ရုတ်တရတ်အံ့ဩသွားပြီး မခုခံနိုင်ခဲ့ပေ။ "ဟွမ်ကျုံး"(Huang Zhong) မှ ဓားကိုမြောက်ကိုင်ပြီး ရန်သူ၏ခေါင်းကိုဖြတ်လိုက်လေသည်။
စစ်သူကြီးသေဆုံးသွားသောအခါ ဝေစစ်သည်တို့သည် ထွက်ပြေးကြလေသည်။ "ဟွမ်ကျုံး"(Huang Zhong) သည် တင်းကျွင်းတောင်ကိုတိုက်သောအခါ "ကျန်းဟဲ"(Zhang He) မှထွက်ပြီးရင်ဆိုင်သည်။ သို့သော်လည်း "ဟွမ်ကျုံး"(Huang Zhong) နှင့် "ချန်ရှီ"(Chen Shi) တို့သည် နှစ်ဖက်မှဝိုင်းတိုက်သောကြောင့် "ကျန်းဟဲ"(Zhang He) သည် စစ်ရှုံးကာ ထွက်ပြေးရလေသည်။ လမ်းခုလတ်တစ်နေရာတွင် တောင်ကုန်းတို့မှ ရန်သူတို့ထွက်လာပြီး လမ်းပိတ်ထားလေသည်။ ထိုတပ်၏ခေါင်းဆောင်ဖြစ်သူမှ
"ချန်စန်းက ကျောက်ယွင်(Zhao Yun) ရောက်လာပြီ"

"ကျန်းဟဲ"(Zhang He) သည် မည်သို့လုပ်ရမည်မသိပဲ တင်းကျွင်းတောင်ဘက်သို့ပြန်ပြေးလေသည်။ ထိုအချိန်တွင် တပ်ဖွဲ့တစ်ဖွဲ့နှင့်တွေ့ပြီး ထိုတပ်ကိုဦးဆောင်လာသူမှာ "တုရှီး"(Du Xi) ဖြစ်သည်။
"ဒီတောင်ကို လျူဖုန်း(Liu Feng) နှင့် မုန့်တာ(Meng Da) တို့သိမ်းထားပြီ"
ထို့ကြောင့် "ကျန်းဟဲ"(Zhang He) နှင့် "တုရှီး"(Du Xi) တို့သည် ဟန်မြစ်ကမ်းနားသို့သွားပြီး စခန်းချကာ "ချောင်ချောင်း"(Cao Cao) ထံထို့စစ်ရှုံးသည့်အကြောင်းကို သတင်းပို့စေသည်။ "ရှဟိုယွမ်"(Xiahou Yuan) ၏သေဆုံးမှုကိုကြားသိရသောအခါ "ချောင်ချောင်း"(Cao Cao) သည် ဝမ်းနည်းပက်လက်ဖြစ်သွားပြီး "ကွမ်းလု"(Guan Lu) ပြောသည်တို့ကို သဘောပေါက်သွားခဲ့သည်။
'တိုင် သုံးခုနဲ့ရှစ်ခု [ကျန်းအန်းနှစ် နှစ်ဆယ့်လေးနှစ်မြောက်]
တပ်ဖွဲ့ကြီး ရပ်တန့်သွားခဲ့၊ [တပ်ဖွဲ့ရပ်တန့်ခြင်း  = တင်းကျွင်း]
အဝါရောင်ဝက်ရိုင်းဟာ ကျားကိုတွေ့ပြီးနောက် [အဝါရောင်တောဝက် = ရှဟိုယွမ်(Xiahou Yuan) သေဆုံးသောလ]
ခြေတစ်ဖက် ဆုံးရှုံးစေခဲ့တယ်' [ချောင်ချောင်း(Cao Cao) သည် သူ၏စစ်သူကြီးကို သူ၏ ခြေလက်ပမာသဘောထားခြင်းကို တင်စားထား]
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် "ကွမ်းလု"(Guan Lu) ၏တည်နေရာကိုမေးသောလည်း မည်သူမှ မသိကြပေ။

"ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်သူကြီးသေဆုံးမှုကိုလက်စားချေရန်အတွက် တင်းကျွင်းတောင်ကိုသိမ်းရန်ပြင်လေသည်။ "ရွှီဟွမ်"(Xu Huang) မှရှေ့ပြေးတပ်ကိုဦးဆောင်စေပြီး ဟန်မြစ်ကမ်းသို့ရောက်သောအခါ "ကျန်းဟဲ"(Zhang He) နှင့် "တုရှီး"(Du Xi) တို့၏တပ်ဖွဲ့ပါ,ပါဝင်ခဲ့သည်။
"တင်းကျွင်းတောင်က ရန်သူ့လက်ထဲရောက်သွားပြီ။ ဒီကနေဆက်မချီတက်ခင် မီချန်တောင်မှာသိုလှောင်ထားတဲ့ရိက္ခာတွေကို မြောက်ဘက်ကတောင်ဘက်ကိုပြောင်းရွှေ့သင့်တယ်"
"ချောင်ချောင်း"(Cao Cao) မှ လက်ခံလိုက်လေသည်။

"ဟွမ်ကျုံး"(Huang Zhong) သည် "ရှဟိုယွမ်"(Xiahou Yuan) ၏ခေါင်းကိုဖြတ်ကာ "လျူဘေ့"(Liu Bei) ထံဆက်သပြီး သူ၏အောင်နိုင်မှုကိုသတင်းပို့သည်။ ထိုလုပ်ဆောင်မှုတို့ကြောင့် သူ့အား 'အနောက်ဘက်ကိုအောင်နိုင်သော စစ်သူကြီး' ဟူသောဂုဏ်ဒြပ်ကိုပေးခဲ့ပြီး စားသောက်ပွဲတို့ကျင်းပစေခဲ့သည်။ ထိုအချိန်တွင် စစ်သူကြီး "ကျန်းကျူ"(Zhang Zhu) မှ သတင်းပို့လေသည်။
"ချောင်ချောင်း(Cao Cao) က တပ်သားနှစ်သိန်းကိုဦးဆောင်ပြီး ရှဟိုယွမ်(Xiahou Yuan) အတွက် လက်စားချေဖို့စစ်ချီတက်လာပြီ။ မီချန်တောင်က ရိက္ခာတွေကို မြောက်ဘက်ကတောင်ကိုပြောင်းရွှေ့သွားပြီ"
"ကျူးကဲလျန့်"(Zhuge Liang) မှ
"ချောင်ချောင်း(Cao Cao) မှာ ရိက္ခာတွေနည်းနေတယ်။ ဒီတော့ သူ့မှာရှိတာတွေကိုဖျက်စီးလိုက်ရင် တိုက်ခိုက်လိုစိတ်ရှိတော့မှာမဟုတ်ဘူး"
"ဟွမ်ကျုံး"(Huang Zhong) မှ
"ဒီတာဝန်ကို ကျွန်တော်ထမ်းဆောင်လိုပါတယ်"
"ချောင်ချောင်း(Cao Cao) က ရှဟိုယွမ်(Xiahou Yuan) နဲ့မတူဘူးဆိုတာ မှတ်ထားပါ"

"လျူဘေ့"(Liu Bei) မှ
"ကျန်းဟဲ(Zhang He) က သာမန်စစ်သူကြီးဖြစ်ပြီး ရှဟိုယွမ်(Xiahou Yuan) က ခေါင်းဆောင်ဖြစ်ခဲ့ပေမယ့်လည်း ရှဟိုယွမ်(Xiahou Yuan) က လက်ရုံးရည်ပဲရှိတဲ့လူဖြစ်တယ်။ ကျန်းဟဲ(Zhang He) ကိုသာသတ်နိုင်ခဲ့ရင် ဒီထက်ဆယ်ဆပိုကောင်းမယ်"
ဝါရင့်စစ်သူကြီးမှ
"ကျွန်တော်သွားပြီး သူ့ကိုသတ်ပါ့မယ်"
"ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျောက်ယွင်(Zhao Yun) နဲ့အတူသွားပါ။ ခင်ဗျားတို့နှစ်ယောက်ထဲမှာ ဘယ်သူကပိုပြီး စွမ်းဆောင်နိုင်တယ်ဆိုတာ ပြိုင်ပါ"
"ဟွမ်ကျုံး"(Huang Zhong) မှလက်ခံလိုက်ပြီး "ကျန်းကျူ"(Zhang Zhu) ကိုလည်း ထည့်ပေးလိုက်သည်။

"ကျောက်ယွင်"(Zhao Yun) မှ သူ၏လုပ်ဖော်ကိုင်ဘက်အားမေးသည်။
"ချောင်ချောင်း(Cao Cao) က တပ်သားနှစ်သိန်းကို စခန်းဆယ်ခုမှာ နေရာချထားတယ်။ ဒါကိုဘယ်လိုရင်ဆိုင်ပြီး ရိက္ခာတွေကိုဖျက်စီးမလဲ"
"ကျုပ်က အရင်ဦးဆောင်ပြီးသွားမယ်"
"မဟုတ်ဘူး၊ ကျွန်တော်အရင်သွားမယ်"
"ဒါပေမယ့် ကျုပ်က ခေါင်းဆောင်ပဲ၊ ခင်ဗျားက ဒုတိယစစ်သူကြီးဖြစ်တယ်"
"မဟုတ်ဘူး၊ ခင်ဗျားရော၊ ကျွန်တော်ရောမှာ တူညီတဲ့တာဝန်ရှိပြီး နှစ်ယောက်လုံးက ဂုဏ်ထူးဆောင်လိုကြတယ်။ ကျုပ်တို့ကပြိုင်ဘက်တွေလည်း မဟုတ်ဘူး။ ဒီတော့ ဒါကိုခေါင်းပန်းလှန်ပြီး ဆုံးဖြတ်ရအောင်"
ထိုအခါ ဝါရင့်စစ်သူကြီးက အနိုင်ရသွားသည်။
"ခင်ဗျားက အရင်သွားမယ်ဆိုတော့ အချိန်ဘယ်လောက်ဆိုတာကြိုပြီး သတ်မှတ်ထားရအောင်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ခင်ဗျားပြန်မလာနိုင်ရင် ကျွန်တော်က စစ်ကူနဲ့လာခဲ့ပါမယ်"
"ဒီလိုလုပ်တာ သင့်တော်တယ်"
ထို့နောက် ညနေခင်းကို အချိန်အဖြစ်သတ်မှတ်လိုက်သည်။

"ကျောက်ယွင်"(Zhao Yun) သည် သူ၏စခန်းသို့ပြန်သွားပြီး သူ၏လက်ထောက်စစ်သူကြီး "ကျန်းရီ"(Zhang Yi) ကိုခေါ်ကာ
"မနက်ဖြန်မှာ ကျုပ်ရဲ့မိတ်ဆွေကြီး ဟွမ်ကျုံး(Huang Zhong) က ရန်သူ့ရိက္ခာတွေကို မီးရှို့ဖျက်စီးဖို့သွားလိမ့်မယ်။ သူညနေလောက်မှာ ပြန်မလာသေးရင် ကျုပ်ကသွားပြီး ကူညီရမယ်။ အဲ့အချိန်မှာ ခင်ဗျားက ဒီစခန်းကိုစောင့်ကြပ်ထားပါ၊ မြစ်နားက ဒီနေရာက အန္တရာယ်များတယ်။ ဒါပေမယ့် ရန်သူတွေအင်အားအလုံးအရင်းနဲ့ဝင်တိုက်တာမဟုတ်ရင် ဒီနေရာကနေ မထွက်ပါနဲ့"
"ဟွမ်ကျုံး"(Huang Zhong) သည်လည်း သူ၏လက်ထောက် "ကျန်းကျူ"(Zhang Zhu) ကိုခေါ်ကာ ပြောသည်။
"ကျုပ်က ရှဟိုယွမ်(Xiahou Yuan) ကိုသတ်နိုင်ခဲ့ပြီး ကျန်းဟဲ(Zhang He) ကိုစစ်ရှုံးစေခဲ့တယ်။ မနက်ဖြန်မှာ ရန်သူ့ရိက္ခာတွေကို မီးရှို့ဖျက်စီးဖို့ တပ်သားတွေအများကြီးကိုဦးဆောင်သွားမယ်။ ခင်ဗျားက ကျုပ်နဲ့လိုက်ခဲ့ပြီးကူညီပါ။ တပ်သားတွေစားသောက်ဖို့ကို ဒီညသန်းခေါင်မှာ အဆင်သင့်ဖြစ်ပါစေ။ လေးချက်တီးလောက်မှာ စလှုပ်ရှားပြီး ရန်သူ့တောင်ကုန်းနားကိုချဉ်းကပ်ပြီး ကျန်းဟဲ(Zhang He) ကိုဖမ်းပြီးတော့ မီးရှို့မယ်"

အဆင်သင့်ဖြစ်သောအခါ "ဟွမ်ကျုံး"(Huang Zhong) သည် ဟန်မြစ်ကြောင်းတစ်လျှောက်သွားပြီး တောင်ခြေသို့ရောက်သွားသည်။ အရှေ့ဘက်မှနေထွက်လာသောအချိန်တွင် တောင်ကုန်းပေါ်တွင် အစောင့်အနည်းငယ်တို့ရှိလေသည်။ ထိုအစောင့်တို့သည် ရှူတပ်သားတို့ကိုတွေ့သောအခါ ထွက်ပြေးလေ၏။ မြင်းသည်တော်တို့သည် မြင်းပေါ်မှဆင်းကာ သစ်ကိုင်းခြောက်တို့ကိုစုပြီး ပုံကာ မီးရှို့လေသည်။ ထိုအချိန်တွင် "ကျန်းဟဲ"(Zhang He) ထွက်လာပြီး "ဟွမ်ကျုံး"(Huang Zhong) နှင့်ရင်ဆိုင်သည်။ ၎င်းကို "ချောင်ချောင်း"(Cao Cao) ကြားသောအခါ "ရွှီဟွမ်"(Xu Huang) ကိုလွှတ်ကာ ကူညီစေ၏။ "ရွှီဟွမ်"(Xu Huang) က အနောက်ဘက်မှဝင်တိုက်သောအခါ "ဟွမ်ကျုံး"(Huang Zhong) မှာပိတ်မိသွားလေသည်။ တပ်သားသုံးထောင်ကို ဦးဆောင်သော "ကျန်းကျူ"(Zhang Zhu) က ကူညီရန်ပြုသောလည်း အနောက်ဘက်မှ ရောက်လာသော "ဝင်ဖင်"(Wen Ping) ၏တပ်ကြောင့် မကူနိုင်ခဲ့ပဲ နှစ်ဦးလုံး အကျဉ်းအကြပ်ထဲရောက်သွားခဲ့သည်။
ညနေစောင်းသည်အထိ "ဟွမ်ကျုံး"(Huang Zhong) ပြန်မလာသောအခါ "ကျောက်ယွင်"(Zhao Yun) သည် သူ၏သံချပ်ကာကိုဝတ်ဆင်ကာ ချီတက်လေသည်။ ထိုသို့စစ်ချီခါနီးတွင် "ကျန်းရီ"(Zhang Yi) အား သတိပေးခဲ့သည်။
"စခန်းကို သတိနဲ့စောင့်ကြပ်ပါ၊ မြားတပ်နဲ့ဒူးလေးတပ်သားတွေ နှစ်ဖက်လုံးမှာရှိတယ်"
"ဟုတ်ကဲ့"
"ကျောက်ယွင်"(Zhao Yun) သည် လှံကိုကိုင်ပြီး ရန်သူတို့နှင့်ရင်ဆိုင်ရန်ပြုသည်။ မကြာခင်တွင် "မုရုံလျဲ့"(Murong Lie) ၏တပ်နှင့်ရင်ဆိုင်ရလေသည်။ "ကျောက်ယွင်"(Zhao Yun) သည် "မုရုံလျဲ့"(Murong Lie) ကိုသတ်လိုက်ပြီးနောက် ဆက်လက်ချီတက်ရာ စစ်သူကြီး "ကျောက်ဘင်း"(Jiao Bing) ၏တပ်နှင့်တွေ့သည်။
"ရှူတပ်ဖွဲ့တွေ ဘယ်မှာလဲ"
"အကုန်လုံး အသတ်ခံလိုက်ရပြီ"
ထိုအခါ "ကျောက်ယွင်"(Zhao Yun) သည် ဒေါသထွက်ပြီး "ကျောက်ဘင်း"(Jiao Bing) ကိုတိုက်ရာ "ကျောက်ဘင်း"(Jiao Bing) သေလေသည်။ တားဆီးထားသောစစ်သည်တို့သည်လည်း ထွက်ပြေးကုန်ကြသည်။ မြောက်ပိုင်းတောင်၏တောင်ခြေသို့ရောက်သောအခါ ရန်သူတို့ဝန်းရံခံနေရတာ "ဟွမ်ကျုံး"(Huang Zhong) ကိုတွေ့သည်။ "ကျောက်ယွင်"(Zhao Yun) သည် ပိတ်နေသောရန်သူတို့ကို ထိုးဖောက်သွားလေသည်။ သူ၏လှံဖြင့် ရန်သူတို့ကိုသုတ်သင်သည်မှာ သစ်တော်ပင်၏အရွက်တို့ကို မြေပြင်ပေါ်သို့နှင်းပွင့်ကဲ့သို့ ကြွေကျစေသည့်လေပွေနှင့် ဆင်တူလေသည်။ ထိုအခါ "ကျန်းဟဲ"(Zhang He) နှင့် "ရွှီဟွမ်"(Xu Huang) တို့ကြောက်လန့်သွားပြီး "ကျောက်ယွင်"(Zhao Yun) ကိုမတားဆီးရဲခဲ့ပေ။ "ကျောက်ယွင်"(Zhao Yun) သည် သူ၏လုပ်ဖော်ကိုင်ဖက်ကို ကယ်တင်ကာ နှစ်ဦးသား ရန်သူတို့ကိုထိုးဖောက်ပြီး ထွက်ကြလေသည်။

ထိုအခြင်းအရာကို အမြင့်တစ်နေရာမှကြည့်နေသော "ချောင်ချောင်း"(Cao Cao) သည် ထိုခေါင်းဆောင်မှာမည်သူနည်းဟုမေးလေသည်။
"သူက ချန်စန်းက ကျောက်ယွင်(Zhao Yun) ပါ"
"ဪ၊ တန်းရန်က သူရဲကောင်းဟာ သက်ရှိထင်ရှားရှိနေတုန်းပဲကိုး"
ထို့နောက် "ချောင်ချောင်း"(Cao Cao) မှ သူ၏တပ်သားတို့အား နိုင်မည်ဟုမသေချာလျှင် "ကျောက်ယွင်"(Zhao Yun) ကိုမတိုက်ရန် မှာကြားလေ၏။
"ဟွမ်ကျုံး"(Huang Zhong) ကိုကယ်ဆယ်ပြီးနောက် တောင်ကုန်းတစ်ခုတွင် "ကျန်းကျူ"(Zhang Zhu) ပိတ်မိနေသည်ဟုပြောကြရာ သူ့အားကယ်ဆယ်ရန်သွားလေ၏။ "ချောင်ချောင်း"(Cao Cao) ၏တပ်သားတို့မှာ "ကျောက်ယွင်"(Zhao Yun) ကိုမခုခံရဲသောကြောင့် အလွယ်တကူပင် ကယ်ဆယ်နိုင်ခဲ့ပြီး သူ၏စခန်းသို့ပြန်နိုင်ခဲ့လေသည်။
ဝေတပ်သားတို့သည် ရန်သူကိုမတိုက်ဝံ့သည်ကို မြင်သောအခါ "ချောင်ချောင်း"(Cao Cao) သည် အမျက်ထွက်ပြီး သူ၏အမှုထမ်းတို့နှင့်အတူ သူကိုယ်တိုင် ရန်သူ့နောက်သို့လိုက်ရန်ပြုသည်။

"ကျောက်ယွင်"(Zhao Yun) သည် သူ၏စခန်းသို့ပြန်ရောက်သောအခါ  "ကျန်းရီ"(Zhang Yi) က ကြိုဆိုလေသည်။ အဝေးမှဖုန်များထနေသည်ကိုလှမ်းမြင်သောအခါ "ချောင်ချောင်း"(Cao Cao) တပ်ရောက်လာသည်ကိုသိလေ၏။ "ကျန်းရီ"(Zhang Yi) မှ
"ကျွန်တော်တို့ အပေါက်ဝကိုပိတ်ပြီး ခုခံကြရအောင်"
"ပိတ်စရာမလိုဘူး။ တန်းရန်မှာတုန်းက ကျုပ် ချောင်ချောင်း(Cao Cao) ရဲ့တပ်မကြီးကို ထီမထင်ခဲ့တာ ခင်ဗျားမသိဘူးလား။ အခုကျုပ်မှာ တပ်ဖွဲ့ရှိသလိုကူညီမဲ့စစ်သူကြီးတွေရှိတယ်။ ဘာကြောက်စရာလိုလဲ"
"ကျောက်ယွင်"(Zhao Yun) သည် မြားတပ်သားတို့ကို အပြင်ဘက်တွင် နေရာချထားပြီး အထဲတွင်ရှိသော လက်နက်၊ အလံတို့ကိုထုတ်ထားစေသည်။ ပြီးနောက် သူတစ်ကိုယ်တည်း တံခါးပေါက်တွင် ရပ်ကာနေသည်။
နေဝင်ရီတရောအချိန်တွင် "ကျန်းဟဲ"(Zhang He) နှင့် "ရွှီဟွမ်"(Xu Huang) တို့သည် ရှူတပ်စခန်းသို့ရောက်လာသည်။ တပ်စခန်းတွင် လက်နက်နှင့် အလံတို့ထားရှိခြင်းမရှိသလို သူတို့နီးကပ်လာသောလည်း ဗုံသံတို့ကိုမကြားရပေ။ ထို့ကြောင့် ဆက်ချီတက်ရန် ဝန်လေးနေခဲ့ရာ "ချောင်ချောင်း"(Cao Cao) ရောက်လာပြီး ချီတက်ရန်အမိန့်ပေးလေသည်။ အနီးသို့ရောက်သောအခါ တံခါးဝတွင် လူတစ်ဦးရပ်နေသည်ကို တွေ့လိုက်ပြီး အကုန်လုံးတန့်သွားခဲ့သည်။ ထို့နောက် ရှေ့သို့ဆက်မချီတက်ရဲပဲ ပြေးလေသည်။

ထို့နောက် "ကျောက်ယွင်"(Zhao Yun) သည် ကျင်းထဲတွင်ပုန်းနေသော သူ၏တပ်သားတို့အားထွက်လာရန် အမိန့်ပေးလိုက်သည်။ မြားသည်တော်တို့သည် ထွက်လာပြီး ရန်သူတို့ကိုပစ်လေသည်။ "ချောင်ချောင်း"(Cao Cao) ၏တပ်သည်တို့ ညအမှောင်ကြောင့် ရန်သူ့တပ်အင်အားကို သေချာမမြင်ရပဲ ကြောက်လန့်ပြီး ပြေးကြလေသည်။ "ကျောက်ယွင်"(Zhao Yun) ၏တပ်သည် ကသောင်းကနင်းဖြစ်နေသောရန်သူ့တပ်ကိုတိုက်ရာ ဟန်မြစ်ကမ်းနားအထိရောက်လာသည်။ "ချောင်ချောင်း"(Cao Cao) ၏တပ်သားတို့သည် မြစ်ထဲသို့ခုန်ချပြီး ပြေးရာ လူအချို့သေဆုံးကုန်သည်။
"ကျောက်ယွင်"(Zhao Yun) ၊ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ကျန်းကျူ"(Zhang Zhu) တို့သည် ချောင်တပ်ဖွဲ့ကြီးကိုလိုက်လံတိုက်ကြပြီး "ချောင်ချောင်း"(Cao Cao) သည်လည်း ထွက်ပြေးရသည်။ "လျူဖုန်း"(Liu Feng) နှင့် "မုန့်တာ"(Meng Da) တို့သည် မီချန်တောင်မှရောက်လာပြီး မြောက်ပိုင်းတောင်မှရိက္ခာတို့ကိုမီးရှို့ဖျက်စီးလိုက်လေ၏။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် မြောက်ပိုင်းတောင်ကိုစွန့်ကာ အလျင်အမြန်နန်ကျန်းသို့ပြေးလေသည်။ "ကျန်းဟဲ"(Zhang He) နှင့် "ရွှီဟွမ်"(Xu Huang) တို့သည်လည်း သူတို့တပ်စခန်းမှထွက်ပြေးရသည်။ ထိုတပ်စခန်းကို "ကျောက်ယွင်"(Zhao Yun) မှသိမ်းလိုက်လေသည်။ စစ်အောင်နိုင်သောတပ်ဖွဲ့သည် စားနပ်ရိက္ခာများအပြင် မြစ်ကြောင်းတလျှောက်တွင် လက်နက်များကိုသိမ်းယူရရှိလေသည်။

ထိုအောင်နိုင်မှုသတင်းကို "လျူဘေ့"(Liu Bei) အားအကြောင်းကြားရာ "လျူဘေ့"(Liu Bei) သည် "ကျူးကဲလျန့်"(Zhuge Liang) နှင့်အတူရောက်လာသည်။ "ကျောက်ယွင်"(Zhao Yun) ၏အစွမ်းကို ကြားသိရသည့်အပြင် ဘေးပတ်ဝန်းကျင်တောင်ကုန်းတို့၏ မတ်စောက်မှုနှင့် ခက်ခဲကြမ်းတမ်းမှုတို့ကိုမြင်သောအခါ "လျူဘေ့"(Liu Bei) မှ "ကျူးကဲလျန့်"(Zhuge Liang) အား
"သူက အင်မတန်ကိုသူရသတ္တိရှိတဲ့လူပဲ" ဟုပြောသည်။
ထို့နောက် "ကျောက်ယွင်"(Zhao Yun) ကို 'ကျားကဲ့သို့အစွမ်းသတ္တိရှိသော စစ်သူကြီး' ဟူသောဘွဲ့ကိုပေးကာ တပ်သားတို့ကိုဆုလာဘ်များပေးပြီး စားသောက်ပွဲတို့ကျင်းပရန်ပြင်ဆင်သည်။ ထိုအချိန်တွင် သတင်းတစ်ခုရောက်လာသည်။
"ချောင်ချောင်း(Cao Cao) က ရှဲ့တောင်ကြားကတဆင့် ဟန်မြစ်ကိုသိမ်းဖို့ရောက်လာပြီ"
"လျူဘေ့"(Liu Bei) ကရယ်ပြီး
"သူ အောင်မြင်မှာမဟုတ်ဘူး၊ ဘာလို့လည်းဆိုတော့ ဒီမြစ်ကိုကျုပ်တို့ထိန်းချုပ်လိုက်မှာမို့ပဲ"

ထို့နောက် "လျူဘေ့"(Liu Bei) သည်တပ်ဖွဲ့တို့ကို ဦးဆောင်ပြီး မြစ်အနောက်ဘက်သို့သွားကာ "ချောင်ချောင်း"(Cao Cao) တပ်နှင့်ရင်ဆိုင်ရန်ပြုသည်။ "ချောင်ချောင်း"(Cao Cao) သည် "ရွှီဟွမ်"(Xu Huang) ကိုရှေ့ပြေးတပ်အဖြစ်ချီတက်စေသည်။ စစ်သူကြီး "ဝမ်ဖင်"(Wang Ping) မှ
"ကျွန်တော် ဒီဒေသကိုကျွမ်းကျင်လို့ စစ်သူကြီးရွှီဟွမ်(Xu Huang) ကိုကူပြီး ရှူတပ်ကို ချေမှုန်းပါရစေ"
ထို့ကြောင့် သူ့အား ဒုတိယစစ်သူကြီးအဖြစ်နှင့် လွှတ်လိုက်သည်။ "ချောင်ချောင်း"(Cao Cao) သည် တင်းကျွင်းတောင်၏မြောက်ဘက်တွင် စခန်းချပြီး ရှေ့ပြေးတပ်သည် ဟန်မြစ်ကမ်းဘက်သို့ချီတက်သွားသည်။ ဟန်မြစ်ကမ်းနားသို့ရောက်သောအခါ "ရွှီဟွမ်"(Xu Huang) မှ မြစ်ကိုဖြတ်ရန် အမိန့်ပေးလိုက်သည်။ "ဝမ်ဖင်"(Wang Ping) မှ
"မြစ်ကိုဖြတ်တာဟုတ်ပါရဲ့၊ ဒါပေမဲ့ ပြန်ဆုတ်ရရင် ဘယ်လိုလုပ်မလဲ"
"ဟိုးအရင်တုန်းက ဟန်ရှင်း(Han Xin) က မြစ်ကိုနောက်ကျောပေးပြီး ဗျူဟာခင်းတော့ သေဆုံးခြင်းဆိုတဲ့နေရာမှာ ရှင်သန်ခြင်းဆိုတာရှိတယ်လို့ပြောခဲ့တယ်"
"ခင်ဗျား မှားနေပြီ။ အဲ့တုန်းကအဖြစ်အပျက်နဲ့အခုနဲ့မတူဘူး။ အဲ့တုန်းက ဟန်ရှင်း(Han Xin) က သူ့ရန်သူတွေက အရည်အချင်းမရှိတာကိုသိခဲ့လို့ဖြစ်တယ်။ ကျောက်ယွင်(Zhao Yun) နဲ့ ဟွမ်ကျုံး(Huang Zhong) တို့က အဲ့လိုလို့ပြောနိုင်လား"
"ခင်ဗျားက ခြေလျင်တပ်တွေကိုဦးဆောင်ပြီး ရန်သူကိုပိတ်ထားပြီးတော့ ကျုပ်က မြင်းသည်တော်တွေနဲ့ ရန်သူကိုတိုက်မယ်"
ထို့နောက် တံတားဆောက်စေကာ တပ်ဖွဲ့တို့သည် မြစ်ကိုဖြတ်လေသည်။


Comments

Popular posts from this blog

Lookism

Kaichou wa Maid-sama!