သုံးနိုင်ငံခေတ် (၇၂)


အခန်း (၇၂) "ကျူးကဲလျန့်"(Zhuge Liang) ၏ဉာဏ်ဖြင့် ဟန်ကျုံးကိုသိမ်းခြင်း။
"ချောင်ချောင်း"(Cao Cao) သည် ရှဲ့တောင်ကြားသို့ တပ်ဆုတ်ခြင်း။

ကန့်ကွက်မှုများကြားမှ "ရွှီဟွမ်"(Xu Huang) သည် မြစ်ကိုဖြတ်ကာ စခန်းချလေသည်။ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ကျောက်ယွင်"(Zhao Yun) တို့အား ရန်သူတို့နှင့်ရင်ဆိုင်ရန် ခွင့်ပြုပေးလိုက်သည်။ "ဟွမ်ကျုံး"(Huang Zhong) မှ
"ရွှီဟွမ်(Xu Huang) က ဒီလိုလာတယ်ဆိုတော့ တော်တော်အတင့်ရဲတာပဲ။ ကျုပ်တို့တွေ သူ့ရဲမက်တွေပင်ပန်းတဲ့အထိစောင့်ပြီး ညနေကျမှ နှစ်ဖက်ကနေတိုက်ကြရအောင်"
"ကျောက်ယွင်"(Zhao Yun) က သဘောတူလိုက်ပြီး တစ်ယောက်တစ်နေရာစီတွင် နေရာယူထားသည်။ "ရွှီဟွမ်"(Xu Huang) ရောက်လာကာ ရန်သူတို့ကိုစိန်ခေါ်သော်လည်း ရန်သူတို့မှာ ထွက်မလာပေ။ ထို့ကြောင့် "ရွှီဟွမ်"(Xu Huang) သည် သူ၏တပ်သားတို့အား ရန်သူ့စခန်းကို မြားနှင့်လှမ်းပစ်ရန်အမိန့်ပေးသည်။
"ဟွမ်ကျုံး"(Huang Zhong) မှ
"ဒါ သူတပ်ဆုတ်ချင်လို့လုပ်တာဖြစ်မယ်။ အခုအချိန်က သူ့ကိုတိုက်ရမဲ့အချိန်ပဲ"

ထိုအချိန်တွင် ဝေတပ်သားတို့၏ တပ်ဖျားပိုင်းမှစကာ တပ်ပြန်ဆုတ်နေပြီဟု အထောက်တော်တို့မှ သတင်းပို့လာသည်။ ရှူတပ်ဖွဲ့ကြီးသည် ဗုံတို့ကိုတီးခတ်ကာ "ဟွမ်ကျုံး"(Huang Zhong) ၏တပ်သည် ဘယ်ဘက်၊ "ကျောက်ယွင်"(Zhao Yun) ၏တပ်သည် ဘယ်ဘက်မှဝင်တိုက်လေသည်။ "ရွှီဟွမ်"(Xu Huang) သည် အကြီးအကျယ်ရှုံးနိမ့်သွားခဲ့ပြီး ဟန်မြစ်ကမ်းနားသို့ပြေးရလေသည်။ သူ၏စခန်းသို့ပြန်ရောက်သော် "ဝမ်ဖင်"(Wang Ping) စစ်ကူမလာသောကြောင့် ရှုံးနိမ့်ရသည်ဟု အပြစ်တင်သည်။
"ကျွန်တော်သာ စစ်ကူနဲ့ရောက်လာရင် စခန်းတွေက လစ်ဟာသွားလိမ့်မယ်။ ကျွန်တော် ခင်ဗျားကိုစစ်မချီဖို့ပြောပေမဲ့ စစ်သူကြီးက လက်မခံခဲ့ဘူး။ ဒါ စစ်သူကြီးရဲ့အမှားကြောင့် ဖြစ်ရတာဖြစ်တယ်"
ထိုအခါ "ရွှီဟွမ်"(Xu Huang) က "ဝမ်ဖင်"(Wang Ping) ကိုသတ်ရန်ပြုသည်။ "ဝမ်ဖင်"(Wang Ping) မှာထွက်ပြေးသွားခဲ့ပြီး ထိုညတွင် စခန်းကိုမီးရှို့လိုက်လေရာ ဝေတပ်ကြီးမှာ ဖရိုဖရဲဖြစ်သွားခဲ့သည်။ "ရွှီဟွမ်"(Xu Huang) သည်လည်း တပ်ဆုတ်သွားခဲ့ပြီး "ဝမ်ဖင်"(Wang Ping) သည် မြစ်ကိုဖြတ်ကာ "လျူဘေ့"(Liu Bei) လက်အောက်တွင် လက်နက်ချခဲ့ပြီးနောက် ထိုဒေသ၏အခြေအနေတို့ကိုပြောပြသည်။

"မိတ်ဆွေကြီး ဝမ်ဖင်(Wang Ping) ရဲ့အကူအညီနဲ့ဆိုရင် ဟန်ကျုံးကိုသိမ်းဖို့ဖြစ်နိုင်ပြီ"
"ဝမ်ဖင်"(Wang Ping) ကို စစ်သူကြီးရာထူးပေးကာ လမ်းပြအဖြစ်တာဝန်ယူစေသည်။ "ဝမ်ဖင်"(Wang Ping) ၏သစ္စာဖောက်မှုကို "ချောင်ချောင်း"(Cao Cao) ကြားသောအခါ အမျက်ထွက်ပြီး သူကိုယ်တိုင် စစ်ချီတက်လေ၏။
"ကျောက်ယွင်"(Zhao Yun) သည် သူ၏စစ်တပ်အင်အားမှာ နည်းသည်ဟုထင်သောကြောင့် အနောက်ဘက်သို့တပ်ဆုတ်သွားကာ တပ်ဖွဲ့နှစ်ခုတို့သည် မြစ်၏တစ်ဖက်တစ်ချက်စီတွင်ရှိလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် တပ်ဖွဲ့တို့၏အခြေအနေကို တောင်ကုန်းပေါ်မှ ကြည့်ရှူပြီးသော် စခန်းသို့ပြန်ပြီး "ကျောက်ယွင်"(Zhao Yun) အား
"စစ်သူကြီးက တပ်သားငါးရာကိုဦးဆောင်ပြီး ဗုံတွေ၊ နှဲတွေပါယူသွားပြီးတော့ တောင်ကုန်းနောက်ကွယ်မှာနေပါ။ ညဘက် ဒါမှမဟုတ် အရုဏ်တက်ချိန်မှာ ကျယ်လောင်တဲ့ပေါက်ကွဲသံကြားရင် စစ်သူကြီးက ထွက်မတိုက်ပဲ ဗုံတွေကိုပဲတီးပါ။ အသံကြားတိုင်း အဲ့အတိုင်းလုပ်ပါ"
ထိုအခါ "ကျောက်ယွင်"(Zhao Yun) လည်း ထွက်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် တောင်ကုန်းအမြင့်တစ်နေရာမှ အခြေအနေကိုကြည့်ရှုလေသည်။

"ချောင်ချောင်း"(Cao Cao) တပ်ကြီးချီတက်လာသော်လည်း တဖက်ရန်သူတို့သည် ထွက်လာပြီးမရင်ဆိုင်သလို မြားလည်း မပစ်ပေ။ ညဘက်သို့ရောက်သောအခါ တပ်သားတို့နားနေကြစဉ်တွင် "ကျူးကဲလျန့်"(Zhuge Liang) သည် လောင်စာကိုမီးရှို့ကာ ပေါက်ကွဲစေလိုက်သည်။ တစ်ချိန်တည်းမှာပင် "ကျောက်ယွင်"(Zhao Yun) ကလည်း ဗုံကိုတီးခတ်လေ၏။ ရန်သူ၏တပ်ဖွဲ့ကြီး အလစ်ဝင်တိုက်သည်ဟုမှတ်ယူပြီး "ချောင်ချောင်း"(Cao Cao) ၏တပ်သားတို့မှာ နိုးထကာ ပြင်ဆင်ကြသည်။ သို့သော်လည်း ရန်သူ၏အရိပ်အယောင်ကို မမြင်သောအခါ ပြန်အိပ်ကြလေသည်။ တခဏခန့်ကြာပြီးနောက် နောက်ထပ်ကျယ်လောင်သောအသံကိုကြားလိုက်ရပြီး ဗုံသံတို့ကို ကြားရပြန်သည်။ ဝေတပ်သားတို့သည်လည်း လန့်ဖြန့်ကာ နိုးထလာပြီးနောက် ထတစ်ညလုံး ကျီးလန့်စာစားဖြစ်ပြီး မအိပ်နိုင်ပေ။ နောက်ညတွင်လည်း ထိုအတိုင်းပင် ပြုမူပြန်သည်။ ဤသို့ဖြင့် လေးရက်မြောက်နေ့တွင် "ချောင်ချောင်း"(Cao Cao) သည် သူ၏စခန်းကို ပင်ကိုနေရာမှဆယ်မိုင်အကွာ မြေပြန့်တစ်နေရာတွင် စခန်းချစေသည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် သူ့အကြံအောင်မြင်သောကြောင့် ပြုံးကာ
"ချောင်ချောင်း(Cao Cao) က စစ်ရေးမှာကျွမ်းကျင်ပေမယ့်လည်း လှည့်စားမှုတွေအားလုံးကိုကာကွယ်ဖို့ မဖြစ်နိုင်ဘူး"
"လျူဘေ့"(Liu Bei) မှ အတိုင်ပင်ခံအား မည်သည့်အကွက်ရှိသေးသည်ကိုမေးရာ အတိုင်ပင်ခံမှ ပြန်ပြပြီး မည်သူ့ကိုမှမပြောရန် နှုတ်ပိတ်ထားစေသည်။ "ချောင်ချောင်း"(Cao Cao) သည် သံသယများလာခဲ့ပြီး တိုက်ပွဲကို မြန်မြန်အဆုံးသတ်စေရန်အတွက် နောက်ရက်တွင် ထိပ်တိုက်ရင်ဆိုင်မည်ဟု စစ်ကျေညာစာပို့သည်။
နောက်ရက်ဝယ် တပ်ဖွဲ့ကြီးနှစ်ဖွဲ့တို့သည် စခန်းနှစ်ခု၏အလယ် နယ်နိမိတ်ငါးခုတောင်ရှေ့တွင် ဗျူဟာခင်းကာ ထိပ်တိုက်တွေ့သည်။

"ချောင်ချောင်း"(Cao Cao) သည် နဂါးနှင့်ဇာမဏီအလံနှစ်ခုဘေးတွင်ရပ်နေကာ သူ၏ဘယ်ညာတို့တွင် အမှုထမ်းတို့ရှိသည်။ ဗုံတို့ကိုသုံးကြိမ်တီးကာ "လျူဘေ့"(Liu Bei) ထွက်လာရန်ဖိတ်ခေါ်စေ၏။ "လျူဘေ့"(Liu Bei) သည် "လျူဖုန်း"(Liu Feng) ၊ "မုန့်တာ"(Meng Da) နှင့်အခြားခေါင်းဆောင်တို့နှင့်အတူထွက်လာသည်။ "ချောင်ချောင်း"(Cao Cao) သည် ကျာပွတ်ကိုမြှောက်ကာ သူ၏ရန်သူမကောင်းကြောင်းပြောသည်။
"လျူဘေ့(Liu Bei) ၊ ခင်ဗျားက ကျေးဇူးမေ့ပြီး အကောင်းအဆိုးဆိုတာ မသိတော့ဘူး။ ခင်ဗျားက နိုင်ငံရဲ့သူပုန်ပဲ"
"ကျုပ်က မင်းဆွေမင်းမျိုးအနွယ်ဝင်ဖြစ်ပြီး သူပုန်တွေကိုနှိမ်နှင်းရမယ်လို့ ဧကရာဇ်ပေးထားတဲ့အမိန့်တော်ရှိတယ်။ ခင်ဗျားက ဖူမိဖုရားကိုသေဆုံးစေပြီး ဘုရင့်အဆောင်အယောင်တွေကိုသုံးပြီး နန်းတွင်းလှည်းယာဉ်ကိုတောင်စီးတာ ခင်ဗျားမှသူပုန်မဟုတ်လား"
"ချောင်ချောင်း"(Cao Cao) သည် "ရွှီဟွမ်"(Xu Huang) အားထွက်ကာတိုက်စေသည်။ တစ်ဖက်က "လျူဖုန်း"(Liu Feng) ထွက်လာပြီး ရင်ဆိုင်သည်။ "လျူဘေ့"(Liu Bei) လည်း သူ၏တပ်ဖွဲ့အနောက်ဘက်သို့ပြန်ဝင်သွားသည်။ "လျူဖုန်း"(Liu Feng) သည် တဖက်ရန်သူနှင့် မယှဉ်နိုင်သောကြောင့် ပြေးရလေသည်။

"ချောင်ချောင်း"(Cao Cao) မှ "လျူဘေ့"(Liu Bei) ကိုဖမ်းဆီးရန် အမိန့်ထုတ်လိုက်သည်။
"လျူဘေ့(Liu Bei) ကိုဖမ်းနိုင်ရင် ဟန်ကျုံးမင်းသားရာထူး ချီးမြင့်မယ်"
ဝေတပ်ဖွဲ့ကြီးသည် အုတ်အော်သောင်းနင်းဖြစ်သွားပြီး တိုက်ခိုက်ရန်ပြုလေသည်။ ရှူတပ်သည် သူတို့၏လက်နက်တို့ကိုပစ်ချကာ မြစ်ဘက်သို့တပ်ဆုတ်လေ၏။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ ရုတ်တရတ် တပ်ဆုတ်ရန် အမိန့်ပေးလိုက်လေသည်။
"မင်းသားက ဘာလို့ ကျွန်တော်တို့ကိုပြန်ခေါ်ရတာလဲ? အခုပဲ ရန်သူတို့ကိုတိုက်တော့မှာကို"
"ဘာလို့လည်းဆိုတော့ ရန်သူတွေက ရုတ်တရတ်တပ်ဆုတ်သွားတာ သံသယဝင်စရာကောင်းတယ်။ သူတို့တွေက လက်နက်တွေ၊ မြင်းတွေကိုတောင် မယူသွားနိုင်ဘူး။ ဒီတော့ တပ်ဆုတ်ရတာဖြစ်တယ်။ ဒါပေမယ့် သံချပ်ကာတွေကိုဝတ်ထားရင်း အလျင်အမြန်တပ်ပြန်ဆုတ်ပါ"
ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် တပ်ဆုတ်နေသော "ချောင်ချောင်း"(Cao Cao) ၏တပ်ကို နေ့ရောညပါ ထပ်တလဲလဲတိုက်လေသည်။ "ချောင်ချောင်း"(Cao Cao) ၏တပ်ကြီးသည် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နန်ကျန်းသို့ဆုတ်ခွာသည်။

နန်ကျန်းသို့ရောက်သောအခါ မီးခိုးတို့ကိုတွေ့လိုက်ရပြီး "ကျန်းဖေး"(Zhang Fei) နှင့် "ဝေရန်"(Wei Yan) တို့က မြို့ကိုသိမ်းထားလိုက်ပြီဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) သည် စိတ်ပျက်လက်ပျက်ဖြစ်ကာ ရန်ဖင်ခံတပ်သို့ချီတက်လေသည်။ "လျူဘေ့"(Liu Bei) ၏တပ်သည် ပေါက်ကျူနှင့် နန်ကျန်းသို့သွားပြီး ပြည်သူတို့အား စိတ်သက်သာရာရစေရန် လုပ်ဆောင်သည်။
"ချောင်ချောင်း(Cao Cao) ကို ဒီတစ်ခါတော့ အလွယ်တကူပဲ အနိုင်ယူလိုက်ပါလား? ဒါက ဘာကြောင့်လဲ"
"သူက အမြဲသံသယစိတ်ရှိသူဖြစ်တယ်။ ဒါကြောင့် သူက ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပေမယ့်လည်း ရှုံးနိမ့်မှုတွေရှိခဲ့တာဖြစ်တယ်။ ကျွန်တော်က သူ့ရဲ့စိတ်ကိုအသုံးချပြီး သူ့ကိုအနိုင်ယူလိုက်တာဖြစ်တယ်"
"သူ့ရဲ့တပ်က အင်အားလျော့ရဲနေပြီ။ တခါတည်း ပြေးသွားနိုင်အောင်လုပ်နိုင်မယ့် အစီအစဉ်ရှိလား"
"အကုန်လုံး စီစဉ်ထားပြီးပါပြီ"
"ကျန်းဖေး"(Zhang Fei) နှင့် "ဝေရန်"(Wei Yan) တို့အား "ချောင်ချောင်း"(Cao Cao) ၏ရိက္ခာလမ်းကြောင်းကိုဖြတ်တောက်ရန် လွှတ်ပြီး "ဟွမ်ကျုံး"(Huang Zhong) နှင့် "ကျောက်ယွင်"(Zhao Yun) တို့ကိုမူ သစ်တောတို့အား မီးရှို့စေသည်။ ထိုတပ်ဖွဲ့လေးဖွဲ့လုံးတွင် လမ်းပြများပါဝင်ကြသည်။
"ချောင်ချောင်း"(Cao Cao) ၏ အထောက်တော်တို့သည် ရန်ဖင်ခံတပ်မှပြန်လာကာ သတင်းပို့သည်။
"အနီးအဝေးက လမ်းတွေအကုန်လုံးကို ရှူတပ်ဖွဲ့က ဖြတ်တောက်ထားတယ်။ နေရာအားလုံးက မီးလောင်နေပြီး ရန်သူ့အရိပ်အယောင်ကို မတွေ့ဘူး"
"ချောင်ချောင်း"(Cao Cao) မှာ ဘာလုပ်ရမည်ကို မသိပေ။ ထိုအချိန်တွင် တခြားကင်းထောက်အဖွဲ့ရောက်လာကာ သတင်းပို့သည်။
"ကျွန်တော်တို့ရိက္ခာတပ်တွေကို ကျန်းဖေး(Zhang Fei) နဲ့ ဝေရန်(Wei Yan) တို့က တိုက်ဖို့ရောက်လာတယ်"

ထိုတပ်ဖွဲ့တို့ကိုမည်သူတိုက်ထုတ်လိုကြောင်းမေးရာ "ရွှီချူ"(Xu Chu) မှတာဝန်ယူသည်။ သူ့အား တပ်သားတစ်ထောင်ပေးရာ ရိက္ခာလှည်းတို့ကိုစောင့်ကြပ်စေ၏။ ရိက္ခာလှည်းတို့ကိုတာဝန်ယူရတာအမှုထမ်းတို့သည် စစ်သူကြီးရောက်လာသောအခါ ဝမ်းမြောက်သွားသည်။
"စစ်သူကြီးသာမလာခင် ဒီရိက္ခာတွေကို ရန်ဖင်ခံတပ်ရောက်အောင် ပို့နိုင်မှာမဟုတ်ဘူး"
ထို့နောက် "ရွှီချူ"(Xu Chu) အား အရက်၊ အစားအသောက်တို့ဖြင့်ဧည့်ခံလေရာ "ရွှီချူ"(Xu Chu) သည် အထိန်းအကွပ်မရှိစားသောက်ပြီးနောက် မူးဝေသွားလေသည်။ ထိုအခြေအနေတွင် ဆက်လက်ချီတက်လိုကြောင်း ဆိုသည်။
"နေဝင်သွားခဲ့ပြီ။ ပေါက်ကျိုးနားကလမ်းက ကြမ်းတမ်းပြီး အန္တရာယ်များတယ်၊ ဒါကြောင့် အဲ့နေရာကို ညဘက်ဖြတ်ဖို့မသင့်တော်ဘူး"
"ကျုပ်က ဘယ်အန္တရာယ်မဆိုရင်ဆိုင်နိုင်တယ်။ လူပေါင်းများစွာကိုရင်ဆိုင်နိုင်တဲ့ကျုပ်က ကြောက်တယ်ထင်လို့လား။ လကဒီလောက်သာနေတဲ့ညမှာ ဖြတ်သွားဖို့အသင့်တော်ဆုံးပဲ"
ထို့နောက် "ရွှီချူ"(Xu Chu) သည် ဓားကိုကိုင်ကာ ရှေ့ဆုံးမှဦးဆောင်သည်။ နှစ်ချက်တီးခန့်တွင် ပေါက်ကျိုးကိုဖြတ်လာခဲ့ပြီး ကုန်စည်တစ်ဝက်ခန့်ဖြတ်ပြီးသော် ဗုံသံတို့ကြားလိုက်ရပြီး "ကျန်းဖေး"(Zhang Fei) ၏တပ်ပေါ်လာသည်။ "ကျန်းဖေး"(Zhang Fei) သည် လှံကိုကိုင်ကာ "ရွှီချူ"(Xu Chu) နှင့်ရင်ဆိုင်လေ၏။

"ရွှီချူ"(Xu Chu) မှာ အရက်မူးနေသောကြောင့် ကောင်းကောင်းမရင်ဆိုင်နိုင်ပဲ လှံကပုခုံးကိုထိုးမိသွားပြီး မြင်းပေါ်မှလဲကျသွားသည်။ သူ၏နောက်လိုက်တို့သည် သူ့အားကယ်ယူကာ ထွက်ပြေးရလေသည်။ "ကျန်းဖေး"(Zhang Fei) သည် စားနပ်ရိက္ခာတို့ကိုသိမ်းယူလိုက်သည်။
ရှုံးနိမ့်သွားခဲ့သောတပ်ဖွဲ့တို့သည် "ချောင်ချောင်း"(Cao Cao) စခန်းသို့ပြန်ရောက်လာပြီး "ရွှီချူ"(Xu Chu) အားဆေးကုသစေသည်။ "ချောင်ချောင်း"(Cao Cao) သည် ပင်မတိုက်ပွဲကိုတိုက်ရန်အတွက် ချီတက်သွားပြီး "လျူဘေ့"(Liu Bei) ၏တပ်နှင့်ရင်ဆိုင်သည်။ "လျူဖုန်း"(Liu Feng) ထွက်လာပြီး စိန်ခေါ်ရာ "ချောင်ချောင်း"(Cao Cao) မှ နှုတ်လှံထိုးလေသည်။
"ဖိနပ်ရောင်းသမား၊ ခင်ဗျားက အမြဲတမ်း ဒီသားအတုကိုပဲတိုက်ဖို့ထွက်ခိုင်းတယ်။ ကျုပ်ရဲ့ ရွှေရောင်မုတ်ဆိတ်နဲ့သား ချောင်ကျန်း(Cao Zhang) ကိုခေါ်လိုက်ရင် ခင်ဗျားသားက အပိုင်းပိုင်းဖြစ်သွားမယ်"
ထိုစကားကြောင့် "လျူဖုန်း"(Liu Feng) မှာဒေါသထွက်ပြီး "ချောင်ချောင်း"(Cao Cao) ကိုတိုက်ရန်ပြုသည်။ "ချောင်ချောင်း"(Cao Cao) က "ရွှီဟွမ်"(Xu Huang) ကိုလွှတ်လိုက်ရာ "လျူဖုန်း"(Liu Feng) ထွက်ပြေးရလေသည်။

ထိုအချိန်တွင် ကျယ်လောင်သောပေါက်ကွဲသံနှင့် ဗုံသံတို့ကို နေရာအနှံ့မှကြားလိုက်ရလေရာ ကင်းပုန်းများရှိသည်ဟုအထင်နှင့် "ချောင်ချောင်း"(Cao Cao) သည် သူ၏တပ်ကိုတပ်ဆုတ်စေသည်။ တပ်သားတို့သည် အချင်းချင်းတိုက်မိ၊ နင်းမိကာ သေဆုံးကုန်သည်။ တပ်ဖွဲ့များသည် ရန်ဖင်ခံတပ်သို့ထွက်ပြေးကြလေသည်။ သို့သော် ရှူတပ်ကြီးသည် တံတိုင်းကိုကျော်ကာရောက်လာသည်၊ တချို့က အရှေ့တံခါးကိုမီးရှို့ပြီး တချို့က အနောက်ဘက်တွင် ညာသံပေးနေခဲ့သည်။ အချို့မှာမူ မြောက်ဘက်တံခါးတွင် မီးရှို့ကာ အချို့က တောင်ဘက်တွင် ဗုံများတီးနေသည်။ ခေါင်းဆောင်တို့သည် ကြောက်လန့်သွားကြပြီး ခံတပ်ကိုစွန့်ကာ ထွက်ပြေးလေ၏။ ထွက်ပြေးသောတပ်တို့ကို ရှူတပ်မှ ဝိုင်းတိုက်လေသည်။
တစ်နေရာတွင် "ကျန်းဖေး"(Zhang Fei) က လမ်းပိတ်ထားပြီး "ကျောက်ယွင်"(Zhao Yun) မှ အနောက်ဘက်မှတိုက်လေသည်။ "ဟွမ်ကျုံး"(Huang Zhong) သည် ပေါက်ကျိုးမှရောက်လာပြီး ဘေးဘက်မှတိုက်လေရာ "ချောင်ချောင်း"(Cao Cao) ၏တပ်မှာ အလူးအအလဲခံရလေသည်။ နောက်ဆုံးတွင် ဝေတပ်မှာ ရှဲ့တောင်ကြားသို့သွားရလေသည်။ ထိုနေရာတွင် အဝေးမှဖုန်မှုန်တို့ကို တွေ့လေရာ "ချောင်ချောင်း"(Cao Cao) မှ သက်ပြင်းချသည်။
"ဒီကိုလာနေတဲ့တပ်ကလည်း ရန်သူ့တပ်ဆိုရင် ကျုပ်တို့သွားပြီ"

အနီးသို့ရောက်လာသောသူမှာ ရန်သူမဟုတ်ပဲ "ချောင်ချောင်း"(Cao Cao) ၏ဒုတိယသား "ချောင်ကျန်း"(Cao Zhang) ဖြစ်သည်။ "ချောင်ကျန်း"(Cao Zhang) သည် ငယ်စဉ်ကတည်းက မြင်းစီးခြင်းနှင့်မြားပစ်ခြင်းတို့ကို ကျွမ်းကျင်သူဖြစ်သည်။ လူများစွာတို့ထက်သာလွန်သောခွန်အားရှိပြီး တောရိုင်းတိရစ္ဆာန်တို့ကို လက်ဗလာဖြင့်အနိုင်ယူနိုင်သည်။ "ချောင်ချောင်း"(Cao Cao) မှာ သူ၏သားဖြစ်သူသည် တိုက်ခိုက်ရေးဘက်ကိုပိုအားသန်သည်ကို မနှစ်မြို့သဖြင့် ပညာဘက်ကိုအာရုံစိုက်ရန် ဆိုခဲ့ဖူးသည်။
"မင်းက စာမဖတ်ပဲ လေးနဲ့မြင်းကိုပဲအဓိကထားနေတယ်၊ ဒါက သာမန်လူရဲ့သတ္တိပဲ။ ဒီလိုပဲနေရင် မြင့်မြတ်တဲ့တာဝန်ကိုလုပ်ဆောင်နိုင်မယ်လို့ထင်လို့လား"
"မြင့်မြတ်တဲ့သူဆိုတာ ဝေချင်(Wei Qing)1 နဲ့ ဟော်ချွီပင်း(Huo Qubing)2 တို့ကို နမူနာယူသင့်တယ်။ သူတို့ဟာ သူတို့ဟာ ဂိုဘီသဲကန္တာရမှာ တပ်သားတစ်သိန်းကိုဦးဆောင်ပြီး ရန်သူတွေကိုရင်ဆိုင်ခဲ့ပြီး နာမည်ကြီးခဲ့တယ်။ ကျွန်တော်က ဘာလို့စာတွေဖတ်နေရမှာလဲ"
"ချောင်ချောင်း"(Cao Cao) သည် သည် သူ၏သားများကို မည်သည့်အလုပ်အကိုင်က လေးစားစရာကောင်းသနည်းဟုမေးခဲ့လေ့ရှိသည်။ ထိုသို့မေးတိုင်း "ချောင်ကျန်း"(Cao Zhang) က စစ်တပ်ခေါင်းဆောင်ဟုဖြေခဲ့သည်။
"ခေါင်းဆောင်ဆိုတာ ဘယ်လိုဖြစ်သင့်လဲ"
"ခေါင်းဆောင်ဆိုတာ ရဲရင့်သန်စွမ်းပြီး အခက်အခဲတွေကိုခေါင်းမရှောင်ပဲ တပ်သားတွေရဲ့အရှေ့မှာ မားမားမတ်မတ်ရပ်တည်ရမယ်။ ဆုပေးဒဏ်ပေးစနစ်ကိုလည်း အသုံးချရမယ်"
"ချောင်ချောင်း"(Cao Cao) က ထိုအဖြေကို သဘောကျပြီး ပြုံးခဲ့လေသည်။

ကျန်းအန်းနှစ် နှစ်ဆယ့်သုံးနှစ်မြောက် (အေဒီ ၂၁၈) တွင် တိုက်ချွန်းမှ ဝူဟွမ်မျိုးနွယ်စုတို့ပုန်ကန်ရာ "ချောင်ချောင်း"(Cao Cao) မှ သူ၏သားကိုတပ်သားငါးသောင်းနှင့်လွှတ်ခဲ့သည်။ "ချောင်ကျန်း"(Cao Zhang) မသွားမီတွင် "ချောင်ချောင်း"(Cao Cao) က နှုတ်ဆက်စကားဆိုသည်။
"အိမ်မှာတော့ အဖေနဲ့သားဖြစ်ပေမယ့် တာဝန်ကိုပေးလိုက်ရင်တော့ ဆက်ဆံရေးက အထက်အရာရှိနဲ့လက်အောက်ငယ်သားဖြစ်သွားပြီ။ ဥပဒေမှာ သနားကြင်နာမှုဆိုတာမရှိတာကို ဂရုပြုပါ"
တိုက်ချွန်းမြောက်ပိုင်းသို့ရောက်ပြီးနောက် "ချောင်ကျန်း"(Cao Zhang) သည် သူ၏စစ်တပ်ဖြင့် ဂိုဘီသဲကန္တာရ၏စန်းကန်းအထိရောက်ပြီး သူပုန်တို့ကိုနှိမ်နှင်းနိုင်ခဲ့သည်။ သူ၏ဖခင်ဖြစ်သူမှာ ရန်ဖင်ခံတပ်တွင်ရှိနေသည်ဟုသိသောကြောင့် ပြန်လာကာ ကူညီခြင်းဖြစ်သည်။ သူ၏သားဖြစ်သူစစ်ကူလာသောကြောင့် ဖခင်မှာ အင်မတန်ဝမ်းမြောက်သွားခဲ့သည်။
"အခု ကျုပ်ရဲ့ရွှေရောင်မုတ်ဆိတ်နဲ့သားရောက်လာပြီဆိုတော့ လျူဘေ့(Liu Bei) ကို သေချာပေါက်အနိုင်ယူနိုင်ပြီ"
တပ်ဖွဲ့ကြီးသည် ရှဲ့တောင်ကြားတွင် စခန်းချထားသည်။

"လျူဘေ့"(Liu Bei) ရောက်လာသည်ကိုသိသောအခါ "လျူဖုန်း"(Liu Feng) နှင့် "မုန့်တာ"(Meng Da) တို့က ထိုတပ်ကိုရင်ဆိုင်လိုကြောင်းဆိုသဖြင့် သူတို့နှစ်ဦးအား အချင်းချင်းယှဉ်ပြိုင်ရန်လွှတ်လိုက်သည်။ တစ်ယောက်စီက တပ်သားငါးထောင်ကိုဦးစောင်လေသည်။
"လျူဖုန်း"(Liu Feng) အလျင်ထွက်လာပြီး "ချောင်ကျန်း"(Cao Zhang) နှင့်ရင်ဆိုင်သည်။ တတိယမြောက်တိုက်ကွက်တွင် "လျူဖုန်း"(Liu Feng) ရှုံးသွားကာ ပြေးရသည်။ ထို့နောက် "မုန့်တာ"(Meng Da) ထွက်လာပြီး ရင်ဆိုင်လေသည်။ တိုက်ပွဲတိုက်နေစဉ်မှာပင် "ချောင်ချောင်း"(Cao Cao) တပ်သည် ဖရိုဖရဲဖြစ်သွားသည်ကိုတွေ့လေ၏။ အကြောင်းမှာ "မာချောင်း"(Ma Chao) နှင့် "ဝူလန်"(Wu Lan) တို့ရောက်လာသောကြောင့်ဖြစ်သည်။ ရန်သူတို့ရှုပ်ထွေးနေစဉ်တွင် "မုန့်တာ"(Meng Da) သည် တဖက်မှတိုက်လေ၏။ "မာချောင်း"(Ma Chao) ၏တပ်ကလည်း ရွပ်ရွပ်ချွံချွံတိုက်လေရာ ထိုတိုက်ပွဲတွင် အနိုင်ရခဲ့သည်။ သို့သော် ထိုတိုက်ပွဲတွင် "ချောင်ကျန်း"(Cao Zhang) က ဝူလန်ကို လှံဖြင့်ထိုးကာ သတ်နိုင်ခဲ့သည်။
ထိုတိုက်ပွဲပြီးသောအခါ "ချောင်ချောင်း"(Cao Cao) သည် ရဲ့တောင်ကြားသို့ပြန်ဆုတ်ရသည်။ ထိုနေရာတွင် "မာချောင်း"(Ma Chao) တပ်ကပိတ်ထားသောကြောင့် ရှေ့မတိုးသာပဲ ရက်ပေါင်းများစွာနေခဲ့သည်။ တပ်ပြန်ဆုတ်ရန်မှာလည်း ရန်သူတို့၏လှောင်ပြောင်ခြင်းခံရမည်ကို စိုးရိမ်နေလေ၏။
တစ်နေ့သော် "ချောင်ချောင်း"(Cao Cao) သည် မည်သို့လုပ်ရမည်ကိုတွေးနေစဉ် စားဖိုမှူးမှ ကြက်သားဟင်းရည်ကိုယူဆောင်ကာ ပေးလေ၏။ ထိုဟင်းရည်ထဲတွင် ကြက်အရွတ်များကိုတွေ့သဖြင့် ရုတ်တရတ် အတွေးတစ်ခုဝင်သွားသည်။ ထိုအချိန်တွင် "ရှဟိုတွန်း"(Xiahou Dun) ဝင်လာသောအခါ "ချောင်ချောင်း (Cao Cao) မှ "ကြက်အရွတ်" ဟုရေရွတ်မိသည်။ ထိုအကြောင်းကို "ရန်ရှို့"(Yang Xiu) ကြားသောအခါ သူ၏တပ်သားများကို အထုတ်အပိုးများပြင်ကာ ချီတက်ရန်ပြုစေသည်။ "ရှဟိုတွန်း"(Xiahou Dun) က အဘယ်ကြောင့်ပြင်ဆင်နေသနည်းဟု မေးသည်။
"ဝေမင်းသားက တပ်ဆုတ်လိမ့်မယ်လို့ထင်လို့ပါ။ ကြက်အရွတ်က အရသာမရှိပေမယ့် လွှင့်ပစ်ရမှာလည်း နှမြောဖို့ကောင်းတယ်။ အခု စစ်တိုက်ရင်လည်း မအောင်နိုင်သလို တပ်ဆုတ်ရင်လည်း သူရဲဘောကြောင်ရာကျမယ်။ ဒါပေမယ့် ဒီမှာဆက်နေရင်လည်း အကျိုးမရှိတော့ တပ်ဆုတ်တာက အကောင်းဆုံးပဲ။ ဝေမင်းသားတပ်ဆုတ်ခဲ့တာ ခင်ဗျားလည်းမြင်တာပဲ။ ဒါကြောင့် တပ်ဆုတ်ရင် အဆင်သင့်ဖြစ်အောင် ထုတ်ပိုးခိုင်းထားတာ"
"ခင်ဗျားက မင်းသားရဲ့စိတ်နှလုံးကို နားလည်တယ်"
ထို့နောက် "ရှဟိုတွန်း"(Xiahou Dun) သည် သူ၏တပ်သားတို့ကို အသင့်ပြင်ခိုင်းလေ၏။

ထိုညဝယ် "ချောင်ချောင်း"(Cao Cao) သည် အိပ်မပျော်သဖြင့် ပုဆိန်ကိုကိုင်ကာ စခန်းအတွင်းဝယ် လှည့်လည်ကြည့်ရှုလေသည်။ "ရှဟိုတွန်း"(Xiahou Dun) ၏စခန်းနားသို့ရောက်သောအခါ တပ်သားတို့သည် တပ်ဆုတ်ရန် အဆင်သင့်ပြင်ထားသည်ကို မြင်သဖြင့် အံ့ဩသွားပြီး သူ၏စခန်းသို့ပြန်ကာ "ရှဟိုတွန်း"(Xiahou Dun) ကိုခေါ် မေးလေသည်။
"ခင်ဗျားရဲ့တပ်သားတွေကို ဘာလို့ချီတက်ဖို့အဆင်သင့်လုပ်ခိုင်းထားတာလဲ"
"ပထမတန်း အတွင်းရေးမှူး ရန်ရှို့(Yang Xiu) က သခင်ကြီးတပ်ဆုတ်လိမ့်မယ်လို့ဆိုလို့ပါ"
ထိုအခါ "ရန်ရှို့"(Yang Xiu) ကိုခေါ်ပြီး မေးရာ "ရန်ရှို့"(Yang Xiu) မှ 'ကြက်အရွတ်' အကြောင်းကိုပြောသည်။
"ခင်ဗျားက ဘာလို့ ဒီလိုမဟုတ်တဲ့ဇာတ်လမ်းထွင်ပြီး တပ်သားတွေကိုစိတ်ဓာတ်ကိုပျက်ပြားအောင် လုပ်ရတာလဲ"
ထို့နောက် အစောင့်တို့ကိုခေါ်ခါ "ရန်ရှို့"(Yang Xiu) ကိုကွပ်မျက်စေပြီး သူ၏ခေါင်းကို စခန်းဝင်ပေါက်တွင် ချိတ်ထားစေ၏။
[တရုတ်စကားတွင် 'ကြက်အရွတ်' နှင့် 'တပ်ဆုတ်ခြင်း' ဟူသောစာလုံးနှစ်ခုတို့ အသံထွက်တူသည်။]


"ရန်ရှို့"(Yang Xiu) သည် သူ၏ပညာဉာဏ်ကြွယ်မှုကို ထုတ်ဖော်ကြွားဝါလိုသောသူဖြစ်၏။ ထို့ကြောင့်လည်း "ချောင်ချောင်း"(Cao Cao) ၏မနှစ်မြို့ခြင်းကို ခံခဲ့ရသည်။ တစ်ခါက "ချောင်ချောင်း"(Cao Cao) သည် ဥယာဉ်တစ်ခုဆောက်လုပ်စေသည်။ ပြီးစီးသောအခါ "ချောင်ချောင်း"(Cao Cao) သည် သွားရောက်ကြည့်ရှုပြီး မည်သို့သောမှတ်ချက်မှမပေးပဲ တံခါးဝတွင် 'ရှင်သန်ခြင်း'() ဟူသောစာလုံးတစ်လုံးသာရေးပြီး ထွက်သွားသည်။ ထိုအကြောင်းကို "ရန်ရှို့"(Yang Xiu) ကြားသော် ဤသို့ပြောသည်။
"'ရှင်သန်ခြင်း'() ဆိုတဲ့စာလုံးက 'တံခါး'() ဆိုတဲ့စာလုံးထဲကိုဝင်သွားရင် 'ကျယ်ခြင်း'() ဆိုတဲ့စာလုံးဖြစ်လာတယ်။ ဝန်ကြီးချုပ်က တံခါးတွေတအားကျယ်နေတယ်လို့ ဆိုလိုတာပါ"
ထို့ကြောင့် တံခါးတို့ကို ပြင်ဆင်လိုက်ကြလေ၏။ "ချောင်ချောင်း"(Cao Cao) က နောက်တစ်ခါထပ်သွားသောအခါ တံခါးတို့ကျဉ်းသွားသည်ကိုတွေ့သည်။
"ကျုပ်ဆိုလိုတာကို ဘယ်သူခန့်မှန်းလိုက်တာလဲ"
"ရန်ရှို့(Yang Xiu) ပါ"
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် "ရန်ရှို့"(Yang Xiu) ကိုချီးမွမ်းခဲ့လေသည်။ သို့သော်လည်း အတွင်းစိတ်တွင်မူ "ရန်ရှို့"(Yang Xiu) အပေါ်သတိကြီးစွာထားလေ၏။

တစ်ခါသော် မွန်ဂိုလီးယားမှ ချိစ်တစ်ဘူးလက်ဆောင်ရခဲ့သည်။ ထိုဘူးပေါ်တွင် "ချောင်ချောင်း"(Cao Cao) သည် 'တစ်တုံး'(一合酥) ဟူသော စာသုံးလုံးထွင်းခဲ့သည်။ "ရန်ရှို့"(Yang Xiu) မှထိုစာတို့ကိုမြင်သော်အခါ ဘူးထဲမှစားစရာတို့အား အခန်းထဲတွင်ရှိသောသူတို့ကိုမျှဝေကာ ကျွေးလေ၏။ အဘယ်ကြောင့် ထိုသို့ပြုမူသနည်းဟုမေးလျှင် ထိုစာလုံးသုံးလုံးတို့ကို ခွဲပြီးရေးလိုက်ပါက 'တစ်ယောက်တစ်လုတ်စီ'(一人一口酥) ဟူသောစာကြောင်းကိုရကြောင်းပြောသည်။
"သခင်ကြီးရဲ့အမိန့်ကို ကျွန်တော်ဘယ်လွန်ဆန်နိုင်မလဲ"
"ချောင်ချောင်း"(Cao Cao) က ရယ်မောလေ၏။ အတွင်းစိတ်တွင်မူ အငြိုးတေးထားသည်။

"ချောင်ချောင်း"(Cao Cao) သည် ရန်သူတို့၏လုပ်ကြံမှုကိုခံရမည်စိုးသဖြင့် အမြဲတမ်းသတိကြီးစွာထားခဲ့သည်။ သူ၏အစောင့်တို့အား ဤသို့မှာသည်၊
"ကျုပ်အိပ်နေရင် ကျုပ်နားမကပ်နဲ့။ ကျုပ်ကအိပ်နေတဲ့အချိန်မှာ လူတွေကိုသတ်တတ်တဲ့အကျင့်ရှိတယ်"
"ချောင်ချောင်း"(Cao Cao) ၏စောင်မှာ လျှောကျသွားသဖြင့် အစောင့်တစ်ဦးက ပြန်တင်ပေးရန်ပြုသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည်ရုတ်တရတ်ထလာပြီး ထိုသူ့ကိုဓားဖြင့်ခုတ်ကာသတ်လိုက်ပြီး ပြန်အိပ်သွားသည်။ အချိန်အတန်ကြာပြီးနောက် "ချောင်ချောင်း"(Cao Cao) ထလာသောအခါ ထိုအစောင့်ကိုမည်သူသတ်သွားကြောင်းမေးရာ အခြားသူတို့က ပြောပြသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ဝမ်းနည်းစွာငိုယိုပြီး ထိုအစောင့်ကိုကောင်းစွာ မြှုပ်နှံစေသည်။ ထိုအကြောင်းကို "ရန်ရှို့"(Yang Xiu) ကြားလျှင် ဤသို့မှတ်ချက်ချသည်။
"ဝန်ကြီးချုပ်က တကယ်တော့အိပ်နေတာမဟုတ်ဘူး။ အိပ်နေတဲ့လူတွေက ခင်ဗျားတို့ပဲ"
ထိုအခြင်းအရာက "ချောင်ချောင်း"(Cao Cao) ၏မုန်းတီးမှုကို ပိုတိုးပွားစေခဲ့သည်။

"ချောင်ချောင်း"(Cao Cao) ၏ တတိယသား "ချောင်ကျီ"(Cao Zhi) သည် "ရန်ရှို့"(Yang Xiu) ကိုမကြာခဏဖိတ်ခေါ်ပြီး စကားစမြည်ပြောတတ်သည်။ "ချောင်ချောင်း"(Cao Cao) သည် "ချောင်ကျီ"(Cao Zhi) ကို သူ၏အရိုက်အရာပေးရန်စဉ်းစားခဲ့ဖူးသည်။ "ချောင်ဖီ"(Cao Pi) မှ ထိုအကြောင်းကိုကြားပြီး နန်းတွင်းဖျော်ဖြေပညာရှင် "ဝူကျီ"(Wu Zhi) အားခေါ်ကာတိုင်ပင်လေ၏။ "ဝူကျီ"(Wu Zhi) ကိုတခြားလူတွေ့မည်စိုးသောကြောင့် ခြင်းအကြီးကြီးတစ်ခုကိုလုပ်စေကာ ထိုခြင်းထဲတွင် "ဝူကျီ"(Wu Zhi) ကိုထည့်ပြီး အမြဲတမ်းပင်ထိုသို့လာစေသည်။ ထိုအကြောင်းကို "ရန်ရှို့"(Yang Xiu) ကြားသော် "ချောင်ချောင်း"(Cao Cao) အား တိုင်တန်းလေ၏။ "ချောင်ချောင်း"(Cao Cao) ကအစောင့်တို့ကို ဂိတ်ပေါက်ဝတွင် စောင့်ကြပ်ထားစေသည်။
၎င်းကို "ချောင်ဖီ"(Cao Pi) သိသွားရာ "ဝူကျီ"(Wu Zhi) မှ
"စိတ်မပူပါနဲ့၊ မနက်ဖြန်မှာ အဲ့ခြင်းကိုပိုးထည်တွေနဲ့ဖြည့်ပြီး အရင်ကလိုပဲသွားစေပါ"
နောက်ရက်စစ်ဆေးသောအခါ ပိုးထည်တို့ကိုသာတွေ့သဖြင့် "ရန်ရှို့"(Yang Xiu) ကုန်းတိုက်သည်ဟုထင်သွားခဲ့သည်။

တစ်ခါက "ချောင်ချောင်း"(Cao Cao) ၏ "ချောင်ဖီ"(Cao Pi) နှင့် "ချောင်ကျီ"(Cao Zhi) တို့၏အရည်အချင်းကိုစမ်းသပ်လိုသဖြင့် သူတို့နှစ်ဦးကိုမြို့ပြင်သို့သွားခိုင်းသည်။ မြို့တံခါးစောင့်တို့အား သူ၏သားနှစ်ဦးကိုထွက်ခွင့်မပေးရန် အမိန့်ပေးထားသည်။ "ချောင်ဖီ"(Cao Pi) သည် မြို့တံခါးပေါက်သို့ရောက်လာပြီး အစောင့်တို့က ခွင့်ပြုခြင်းမရှိသောကြောင့် သူ၏အိမ်တော်သို့ပြန်သွားသည်။ "ချောင်ကျီ"(Cao Zhi) မှာမူ "ရန်ရှို့"(Yang Xiu) နှင့်တိုင်ပင်သည်။
"အပြင်ထွက်ဖို့ မင်းသားရဲ့အမိန့်ကိုရထားတာပဲ။ တားဆီးတဲ့လူတွေမှန်သမျှကို သုတ်သင်ပစ်ပါ"
"ချောင်ကျီ"(Cao Zhi) သည် တံခါးနားသို့ရောက်သောအခါ
"ကျုပ်မှာ မင်းသားရဲ့အမိန့်ရှိတယ်။ ဘယ်သူကျုပ်ကို တားရဲလဲ"
ပြီးနောက် သူ့အားတားသည့်သူကို သတ်လိုက်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် သူ၏သားငယ်မှာပိုအရည်အချင်းရှိသည်ဟုတွေးလေ၏။ သို့သော် "ရန်ရှို့"(Yang Xiu) အကြံပေးခြင်းဖြစ်ကြောင်းသိသောအခါ ဒေါသထွက်ပြီး သူ၏သားကိုပါ မနှစ်သက်တော့ပေ။

"ချောင်ချောင်း"(Cao Cao) သည် သူ၏သားတို့ကိုခေါ်ပြီး စစ်ရေးစစ်ရာတို့ကိုမေးကာ ပညာစမ်းတတ်သည်။ "ရန်ရှို့"(Yang Xiu) သည် "ချောင်ချောင်း"(Cao Cao) မေးတတ်သည့်မေးခွန်းများကို အဆင်သင့်ပြင်ထားပြီး "ချောင်ကျီ"(Cao Zhi) အားကျက်မှတ်စေသည်။ ထို့ကြောင့် မေးခွန်းတို့ကို "ချောင်ကျီ"(Cao Zhi) က အလျင်အမြန်ဖြေနိုင်၏။ ထိုအပေါ်ကို "ချောင်ချောင်း"(Cao Cao) မှာ သံသယရှိသည်။ တစ်ရက်သော် "ချောင်ဖီ"(Cao Pi) သည် သူလျှိုမှတဆင့် ထိုအဆင်သင့်ပြင်ထားသောအရာတို့ကိုယူဆောင်လာကာ "ချောင်ချောင်း"(Cao Cao) အားပြသည်။ "ချောင်ချောင်း"(Cao Cao) သည် အမျက်ကြီးစွာထွက်လေ၏။
"ဒါ ကျုပ်မျက်လုံးကိုသဲနဲ့ပက်လိုက်တာပဲ"
ထိုအခြင်းအရာကြောင့် "ရန်ရှို့"(Yang Xiu) သည် အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ဖူးသည်။ ယခုသေဒဏ်ပေးခံရသည်မှာ ယခင်ကအဖြစ်အပျက်များနှင့်များစွာဆက်နွယ်မှုရှိလေသည်။ "ရန်ရှို့"(Yang Xiu) သည် သေဆုံးချိန်တွင် အသက်သုံးဆယ့်လေးနှစ်သာရှိသည်။

"ချောင်ချောင်း"(Cao Cao) သည် "ရှဟိုတွန်း"(Xiahou Dun) ကိုသေဒဏ်ပေးရန်ပြုသော်လည်း အခြားအမှုထမ်းတို့က ဝိုင်းတောင်းပန်သောကြောင့် ခွင့်လွှတ်လိုက်သည်။
"အခု ချက်ချင်းထွက်သွားစမ်း"
နောက်ရက်တွင် စစ်ချီတက်ရန် အမိန့်ထုတ်ပြီး "ဝေရန်"(Wei Ysn) ၏တပ်နှင့်ရင်ဆိုင်သည်။ "ဝေရန်"(Wei Yan) ကိုလက်နက်ချရန်ပြောသော်လည်း တစ်ဖက်မှဆဲရေးတိုင်းထွာလေသည်။ "ဖန်တဲ"(Pang De) သည် "ဝေရန်"(Wei Yan) နှင့်ရင်ဆိုင်နေသည့်အချိန်တွင် "ချောင်ချောင်း"(Cao Cao) ၏စခန်းတွင် မီးလောင်လေသည်။ ဆက်သားတစ်ဦးမှ ရောက်လာပြီး "မာချောင်း"(Ma Chao) သည် အလယ်စခန်းနှင့်အနောက်စခန်းတို့ကိုသိမ်းသွားပြီဖြစ်ကြောင်း သတင်းပို့သည်။
အကြီးအကျယ်စစ်ရှုံးမည်ကိုစိုးရိမ်သောကြောင့် "ချောင်ချောင်း"(Cao Cao) သည် ဓားကိုထုတ်ကာ
"ကြောက်လန့်တုန်လှုပ်တဲ့လူတွေအားလုံးကို သေဒဏ်ပေးမယ်" ဟုဆိုခဲ့သည်။

ဝေတပ်သားတို့သည် ရဲရင့်စွာတိုက်ခိုက်ကြရာ "ဝေရန်"(Wei Yan) သည် ရှုံးချင်ယောင်ဆောင်ပြီး တပ်ဆုတ်သွားသည်။ ထိုအခါ "ချောင်ချောင်း"(Cao အo) သည် "မာချောင်း"(Ma Chao) နှင့်တိုက်ရန်အချက်ပေးလိုက်ပြီး သူကိုယ်တိုင်မှာမူ တိုက်ပွဲကိုလှမ်းမြင်နိုင်သည့်တောင်ကုန်းပေါ်တွင် နေရာယူထားသည်။
"ဝေရန်(Wei Yan) ပြန်ရောက်လာပြီ"
"ဝေရန်"(Wei Yan) သည် ရုတ်တရတ်ပြန်ရောက်လာပြီး မြားဖြင့်ပစ်ကာ "ချောင်ချောင်း"(Cao Cao) ၏နှုတ်ခမ်းကိုထိမှန်သည်။ "ဝေရန်"(Wei Yan) သည် လေးကိုပစ်ကာ ဓားကိုကိုင်ပြီး ရန်သူကိုသတ်ရန်ပြုသည်။ ထိုအချိန်တွင် "ဖန်တဲ"(Pang De) ရောက်လာသည်။
"ကျုပ်သခင်ကြီးကို မသတ်နဲ့"
"ဖန်တဲ"(Pang De) သည် "ဝေရန်"(Wei Yan) ကိုတိုက်ထုတ်ပြီး ဒဏ်ရာရသော "ချောင်ချောင်း"(Cao Cao) ကိုစခန်းသို့ပြန်ခေါ်ဆောင်သွားသည်။  "မာချောင်း"(Ma Chao) လည်း တပ်ဆုတ်သွားသည်။

"ချောင်ချောင်း"(Cao Cao) သည် မျက်နှာတစ်ခုလုံးဒဏ်ရာရနေခဲ့ပြီး မြားက သူ၏ရှေ့သွားနှစ်ချောင်းကို ကျိုးစေခဲ့သည်။ သမားတော်တို့က ဆေးကုသည့်အချိန်တွင် "ရန်ရှို့"(Yang Xiu) ပြောခဲ့သည်တို့ကိုပြန်စဉ်းစားပြီး စိတ်မကောင်းဖြစ်ကာ "ရန်ရှို့"(Yang Xiu) ကို ကောင်းစွာမြှုပ်နှံစေသည်။ ထို့နောက် တပ်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ "ချောင်ချောင်း"(Cao Cao) သည် သူ၏လှည်းယာဉ်ကိုစီးကာ "ဖန်တဲ"(Pang De) က အနောက်ဘက်မှစောင့်ကြပ်ပြီး ဌာနေသို့ပြန်လေသည်။ ထိုအချိန်တွင် ရှဲ့တောင်ကြားတွင် မီးလောင်သည်ကိုတွေ့လိုက်ရပြီး ဝေတပ်သားတို့မှာ ကြောက်လန့်ကုန်သည်။






ဝေချင်(Wei Qing)1 - ဟန်ဧကရာဇ်ဝူလက်ထက်ရှိ သေနာပတိ ဖြစ်သည်။ ရှုံးနုမျိုးနွယ်စုတို့ကို စစ်ဆင်ရေးများပြုလုပ်ခဲ့ပြီး ထိုစစ်ဆင်ရေးများအောင်မြင်ခဲ့သော်လည်း အကျဆုံးများစွာရှိခဲ့သည်။

ဟော်ချွီပင်း(Huo Qubing)2 - ဟန်ဧကရာဇ်ဝူလက်ထက်က စစ်သူကြီးဖြစ်ပြီး "ဝေချင်"(Wei Qing) နှင့်ဆွေမျိုးတော်စပ်သည်။ သူသည်လည်း ရှုံးနုမျိုးနွယ်စုတို့နှင့်တိုက်ပွဲဝင်ခဲ့သည်။ သို့သော် ငယ်ရွယ်သည့်အချိန်တွင် သေဆုံးသွားခဲ့ပြီး ဟန်ဧကရာဇ်မှ အမှတ်ရသည့်အနေဖြင့် အုတ်ဂူဆောက်စေခဲ့သည်။

Comments

Popular posts from this blog

Lookism