သုံးနိုင်ငံခေတ်(၉၅)
အခန်း(၉၅) "မာဆု"(Ma Su) ၏အမိန့်မနာခံမှုကြောင့်
ကျဲ့ထင်ကိုဆုံးရှုံးရခြင်း။
"ကျူးကဲလျန့်"(Zhuge Liang) ၏ပုလွေကြောင့်
"စီးမာယီ"(Sima Yi) တပ်ဆုတ်ရခြင်း။
"ကျန်းဟဲ"(Zhang
He) အား ရှေ့ပြေးတပ်ကိုဦးဆောင်စေပြီးနောက် "ချောင်ရေ့"(Cao Rui) သည် အခြားစစ်သူကြီးနှစ်ဦးဖြစ်သည့်
"ရှင်းဖီ"(Xin Pi) နှင့် "စွန်းလီ"(Sun Li) တို့ကိုပါလွှတ်ကာ
"ချောင်ကျန်း"(Cao Zhen) ကိုကူညီစေသည်။ "ရှင်းဖီ"(Xin Pi) နှင့်
"စွန်းလီ"(Sun Li) တို့သည် တစ်ယောက်ကိုတပ်သားငါးသောင်းစီဦးဆောင်ကြသည်။
"စီးမာယီ"(Sima
Yi) ၏တပ်တွင် တပ်သားနှစ်သိန်းရှိပြီး သူတို့သည် ခံတပ်မှတဆင့်ချီတက်ကာ စခန်းချခဲ့သည်။
ထို့နောက် "စီးမာယီ"(Sima Yi) သည် "ကျန်းဟဲ"(Zhang He) ကိုခေါ်ပြီး
"ကျူးကဲလျန့်(Zhuge
Liang) က အမြဲသတိကြီးတဲ့လူဖြစ်ပြီး ဘယ်တော့မှ အလျင်စလိုမလုပ်တတ်ဘူး။ ကျုပ်သာသူ့နေရာမှာဆိုရင်
ကျီဝူတောင်ကြားကတဆင့်ချီတက်ပြီး ချန်အန်းကိုသိမ်းပြီးလိုက်မှာပဲ၊ အဲ့နည်းက အချိန်ကုန်သက်သာတယ်။
သူက အရည်အချင်းမရှိလို့မဟုတ်ပဲ အဲ့အစီအစဉ်က လွဲချော်မှုဖြစ်သွားမှာစိုးရိမ်လို့ အရဲမစွန့်တာဖြစ်တယ်။
ဒါကြောင့် သူက မေချန်ကိုသိမ်းပြီးတော့ ရှဲ့တောင်ကြားကနေတဆင့်လာလိမ့်မယ်။ အဲ့နေရာကိုသိမ်းပြီးရင်တော့
သူကတပ်ကိုနှစ်ခုခွဲပြီး တစ်ဖွဲ့ကို ချီတောင်ကြားကိုသိမ်းစေလိမ့်မယ်။ ကျုပ်က ချောင်ကျန်း(Cao
Zhen) ကို မေချန်ကိုလွှတ်ပြီး သေချာစောင့်ကြပ်ခိုင်းထားပြီး ရန်သူနဲ့ထိပ်တိုက်မရင်ဆိုင်ဖို့မှာထားတယ်။
စစ်သူကြီး စွန်းလီ(Sun Li) နဲ့ ရှင်းဖီ(Xin Pi) တို့က ချီတောင်ကြားအဝမှာစောင့်နေပြီး
ရန်သူတွေလာရင် လျက်တပြတ်တိုက်ရမယ်"
"ဒါဆို
သေနာပတိက ဘယ်ကိုချီတက်မှာလဲ"
"ချင်လင်တောင်တွေရဲ့အနောက်မှာ
ကျဲ့ထင်လို့ခေါ်တဲ့လမ်းရှိပြီး အဲ့ကနေသွားရင် လီလျူမြို့ကိုရောက်တယ်။ အဲ့နေရာနှစ်ခုက
ဟန်ကျုံးရဲ့လည်မြိုဖြစ်ပြီး ကျူးကဲလျန့်(Zhuge Liang) က ချောင်ကျန်း(Cao Zhen) မပြင်ဆင်နိုင်သေးတာကိုအခွင့်ကောင်းယူပြီး
အဲ့ကိုချီတက်မှာပဲ။ ခင်ဗျားနဲ့ကျုပ်က ကျဲ့ထင်ကိုသွားပြီး အဲ့ကနေဆို ရန်ဖင်ခံတပ်ကိုလည်း
သွားရင်ပိုနီးတယ်။ ကျဲ့ထင်လမ်းပိတ်သွားပြီး သူ့ထောက်ပို့တွေပြတ်သွားပြီဆိုတဲ့သတင်းကို
ကျူးကဲလျန့်(Zhuge Liang) ကြားတာနဲ့ ရှီးကျိုးကိုအောင်နိုင်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာသိပြီး
ဟန်ကျုံးကိုပြန်ချီတက်လာမှာပဲ။ သူချီတက်လာရင် ကျုပ်ကသူနဲ့ရင်ဆိုင်ပြီး အနိုင်ယူလိုက်မယ်။
သူပြန်မချီတက်လာရင် လမ်းသွယ်လေးတွေကိုပါပိတ်လိုက်ပြီးတော့ သူ့ရိက္ခာလမ်းကြောင်းကိုလုံးဝဖြတ်တောက်လိုက်မယ်။
တစ်လလောက်ကြာရင် ရှူတပ်တွေငတ်ပြတ်ပြီး သေဆုံးရလိမ့်မယ်၊ ကျူးကဲလျန့်(Zhuge Liang) လည်း
ကျုပ်ရဲ့သုံ့ပန်းဖြစ်သွားမယ်"
"ကျန်းဟဲ"(Zhang
He) သည် ထိုအကြံကိုကြားသောအခါအင်မတန်မှလေးစားသွားခဲ့သည်။
"စစ်သေနာပတိရဲ့တွက်ချက်မှုတွေကို
ဘယ်သူမှလိုက်မမီနိုင်ပါဘူး"
"ဒါပေမယ့်
ကျူးကဲလျန့်(Zhuge Liang) က မုန့်တာ(Meng Da) လိုမဟုတ်ဘူးဆိုတာ မှတ်ထားရမယ်။ ခင်ဗျားက
ရှေ့ပြေးတပ်ကိုဦးဆောင်မှာဆိုတော့ ဂရုတစိုက်လှုပ်ရှားရမယ်။ ခင်ဗျားရဲ့စစ်သူကြီးတွေကိုလည်း
ရှေ့ကိုကြိုပြီးထောက်လှမ်းဖို့အရေးကြီးတဲ့အကြောင်းသတိပေးထားပြီးတော့ ရန်သူတွေကင်းပုန်းဝပ်မနေဘူးဆိုတာ
သေချာမှ ရှေ့ကိုဆက်ချီတက်ပါ။ သေချာစုံစမ်းစစ်ဆေးမှုမလုပ်ရင် ရန်သူရဲ့အကွက်ထဲဝင်သွားနိုင်တယ်"
"ကျန်းဟဲ"(Zhang
He) သည် အမိန့်ကိုလက်ခံရရှိပြီးနောက် ထွက်သွားလေသည်။
ထိုအချိန်တွင်
သူလျှိုတစ်ယောက်သည် "ကျူးကဲလျန့်"(Zhuge Liang) ထံလာကာ "မုန့်တာ"(Meng
Da) စစ်ရှုံးသည့်အကြောင်းနှင့် အကြံအစည်ပျက်ပြားသည့်အကြောင်းကိုပြောပြခဲ့သည်။
"စီးမာယီ(Sima
Yi) က ရှစ်ရက်တည်းနဲ့ရှင်းချန်ကိုရောက်လာခဲ့တယ်။ ပြီးတော့ အတွင်းလူတွေဖြစ်တဲ့ ရှန်ယီ(Shen
Yi) ၊ ရှန်တန်(Shen Dan) ၊ လီဖူ(Li Fu) နဲ့ တန်းရှန်(Deng Xian) တို့ကိုသစ္စာဖောက်စေတော့
မုန့်တာ(Meng Da) က ဘာမှမလုပ်နိုင်ပဲ အသတ်ခံခဲ့ရတယ်။ အခုစီးမာယီ(Sima Yi) က ချန်အန်းကိုသွားပြီးတော့
ခံတပ်ကနေ ကျန်းဟဲ(Zhang He) နဲ့ချီတက်လာပြီ"
"ကျူးကဲလျန့်"(Zhuge
Liang) လည်း စိတ်ပူပန်သွားခဲ့သည်။
"မုန့်တာ(Meng
Da) စစ်ရှုံးမှုကိုလုံးဝကိုဖြစ်လာမယ့်အရာပဲ။ ဒီအကြံအစည်က လျှို့ဝှက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။
အခု စီးမာယီ(Sima Yi) က ကျဲ့ထင်ကိုလာပြီး ကျုပ်တို့အတွက်အရေးပါတဲ့လမ်းတစ်လမ်းကိုလာပိတ်လိမ့်မယ်"
ကျဲ့ထင်ကိုကာကွယ်ရန်လိုအပ်သောကြောင့်
မည်သူသွားမည်နည်းဟုမေးရာ "မာဆု"(Ma Su) မှ သူသွားမည်ဖြစ်ကြောင်းဆိုခဲ့သည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် ထိုတာဝန်မှာအရေးကြီးကြောင်းပြောခဲ့သည်။
"အဲ့နေရာက
အကျယ်ကြီးမဟုတ်ပေမယ့် အင်မတန်အရေးပါတဲ့နေရာဖြစ်တယ်။ အဲ့နေရာကိုဆုံးရှုံးလိုက်တာနဲ့
တပ်တစ်ဖွဲ့လုံးဆုံးရှုံးရလိမ့်မယ်။ ခင်ဗျားက စစ်ဗျူဟာတွေကျွမ်းကျင်နှံ့စပ်ပေမယ့်လည်း
အဲ့နေရာမှာ တံတိုင်းတွေ၊ သဘာဝအကာအကွယ်တွေမရှိတော့ ကာကွယ်ဖို့ကခက်ခဲတယ်"
"ကျွန်တော်က
ငယ်ငယ်ကတည်းက စစ်ဗျူဟာကျမ်းတွေကိုလေ့လာခဲ့တော့ ဗျူဟာနဲ့ပတ်သတ်ပြီး နည်းနည်းပါးပါးတော့သိပါတယ်။
ကျဲ့ထင်ကိုကာကွယ်ဖို့ ဘာလို့ဒီလောက်ခက်မှာလဲ"
"ဘာကြောင့်လည်းဆိုတော့
စီးမာယီ(Sima Yi) ဟာ ထူးကဲသာလွန်တဲ့လူဖြစ်ပြီး သူ့လက်အောက်မှာ နာမည်ကြီးစစ်သူကြီး ကျန်းဟဲ(Zhang
He) က ရှေ့ပြေးတပ်ကိုဦးဆောင်လာတယ်။ ဒါကြောင့် ခင်ဗျားက သူတို့နဲ့မယှဉ်နိုင်မှာစိုးရိမ်တယ်"
"သူတို့နှစ်ယောက်မဆိုထားနဲ့၊
ချောင်ရေ့(Cao Rui) ကိုယ်တိုင်လာရင်တောင် ကျွန်တော်ဂရုမစိုက်ဘူး။ အကယ်၍ ကျွန်တော်စစ်ရှုံးခဲ့ရင်
ကျွန်တော့တစ်မိသားစုလုံးကိုသေဒဏ်ပေးလိုက်ပါ"
"စစ်ပွဲမှာ
ဟာသမလုပ်သင့်ဘူး"
"ကျွန်တော်
ကတိပြုစာရေးပါမယ်"
"ကျူးကဲလျန့်"(Zhuge
Liang) ကလည်း သဘောတူပြီး ထိုကတိပြုစာရေးစေကာ မှတ်တမ်းတင်စေသည်။
"ခင်ဗျားကို
လက်ရွေးစင်တပ် နှစ်သောင်းငါးထောင်ပေးပြီးတော့ ကူညီဖို့အမှုထမ်းတစ်ယောက်ပါလွှတ်လိုက်မယ်"
ထို့နောက်
"ဝမ်ဖင်"(Wang Ping) ကိုခေါ်ကာ
"ခင်ဗျားက
သတိကြီးကြီးနဲ့လုပ်ဆောင်တပ်တဲ့လူဆိုတော့ ခင်ဗျားကို တာဝန်ကြီးတဲ့အလုပ်တစ်ခုပေးမယ်။
ကျဲ့ထင် ရန်သူ့လက်ထဲမကျသွားအောင် လုံးဝတောင့်ခံထားပါ။ အမိန့်ပေးရလွယ်တဲ့နေရာမှာစခန်းချပြီး
ရန်သူတွေမသိမ်းနိုင်အောင်ဂရုပြုပါ။ ခင်ဗျားပြင်ဆင်မှုတွေပြီးသွားရင် နယ်မြေအခြေအနေကို
ပုံဆွဲပြီး ကျုပ်ကိုပြပါ။ ကျုပ်ပြောတဲ့ဟာတွေက သေချာစဉ်းစားပြီးမှပြောတာဖြစ်လို့ ပြောင်းလဲလို့မဖြစ်ဘူး။
ခင်ဗျားဒီဟာကိုအောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ရင် ချန်အန်းကို သိမ်းဖို့ပထမဆုံးစွမ်းဆောင်မှုပဲဖြစ်လိမ့်မယ်။
ဒါကြောင့် လုံးဝ၊ လုံးဝကို သတိထားပြီးလုပ်ပါ"
"မာဆု"(Ma
Su) နှင့် "ဝမ်ဖင်"(Wang Ping) တို့ထွက်သွားသောအခါ "ကျူးကဲလျန့်"(Zhuge
Liang) သည် အချိန်ကြာမြင့်စွာတွေးတောခဲ့ပြီးနောက် ထိုခေါင်းဆောင်နှစ်ဦးတို့ တခုခုလွဲချော်မှုဖြစ်မည်စိုးရိမ်သောကြောင့်
"ကွမ်းရှင်း"(Guan Xing) ကိုခေါ်ကာ
"ကျဲ့ထင်ရဲ့အရှေ့မြောက်ဘက်မှာ
လီလျူလို့ခေါ်တဲ့မြို့လေးရှိပြီး အဲ့နားမှာ လူသူအသွားအလာနည်းတဲ့တောင်ကုန်းလမ်းလေးရှိတယ်။
မင်းက အဲ့ကိုသွားပြီး တပ်စခန်းလုပ်ထားပါ။ ဒီအတွက် တပ်သားတစ်သောင်းပေးလိုက်မယ်၊ အကယ်၍
ကျဲ့ထင်ကခြိမ်းခြောက်ခံလာရရင် မင်းကသွားပြီး ကူညီရမယ်"
"ကွမ်းရှင်း"(Guan
Xing) ထွက်သွားပြီးနောက် "ကွမ်းရှင်း"(Guan Xing) သည် "ကျန်းဟဲ"(Zhang
He) ကိုမယှဉ်နိုင်မည်စိုးသောကြောင့် အနောက်ဘက်အရပ်မှ ကျဲ့ထင်ကိုကူရန် လူထပ်လွှတ်ရန်ကြံစည်ခဲ့သည်။
ထို့ကြောင့် "ဝေရန်"(Wei Yan) ကိုခေါ်ပြီး ကျဲ့ထင်အနောက်ဘက်တွင် စခန်းချစေသည်။
သို့သော် "ဝေရန်"(Wei Yan) သည် ထိုကိစ္စကိုပဓာနမထားပဲ
"ရှေ့ပြေးတပ်ခေါင်းဆောင်အနေနဲ့
ရန်သူတွေကိုဦးဆောင်ပြီးတိုက်ရမှာမဟုတ်လား? ကျွန်တော့ကို ဘာလို့ဘာမှလုပ်စရာမရှိတဲ့အရပ်ကိုပို့ရတာလဲ?"
"ရှေ့ပြေးတပ်ကိဦးဆောင်တာက
ဒုတိယတာဝန်ဖြစ်တယ်။ ခင်ဗျားကို ကျဲ့ထင်ပို့ရတာက ရန်ဖင်ခံတပ်ကိုသွားတဲ့အဓိကအရေးပါတဲ့လမ်းကို
ကာကွယ်ဖို့ပဲ။ ဟန်ကျုံးရဲ့လည်မြိုကိုကာကွယ်ဖို့အတွက် ခင်ဗျားက အခရာပဲ။ ဒါက အင်မတန်တာဝန်ကြီးတဲ့အလုပ်ဖြစ်ပြီး
လုပ်စရာမရှိတာမဟုတ်ဘူး။ ဒါကြောင့် ပေါ့ပေါ့ပင်ပင်သဘောထားပြီး ကျုပ်အစီအစဉ်ကိုပျက်အောင်မလုပ်ပါနဲ့။
သေချာသတိထားပါ"
"ဝေရန်"(Wei
Yan) သည် သူ့ကိုလျစ်လျူရှုထားခြင်းမဟုတ်သည်ကိုသိသောအခါ ကျေနပ်သွားပြီး ထွက်သွားလေသည်။
ထိုအခါမှာ
"ကျူးကဲလျန့်"(Zhuge Liang) လည်း စိတ်အေးသွားပြီး "ကျောက်ယွင်"(Zhao
Yun) နှင့် "တန်းကျီ"(Deng Zhi) ကိုခေါ်ကာ
"အခု စီးမာယီ(Sima
Yi) ကတပ်ဖွဲ့ကြီးကိုဦးဆောင်နေပြီဆိုတော့ အပြင်ကပုံစံတစ်ခုလုံးတောင်ပြောင်းလဲသွားလိမ့်မယ်။
ခင်ဗျားတို့တစ်ယောက်စီက တပ်တစ်တပ်စီဦးဆောင်ပြီး ချီတောင်ကြားကိုသွားပြီးတော့ ရန်သူတွေကိုအထင်အမြင်မှားအောင်လုပ်ရမယ်။
ခင်ဗျားတို့တွေ ရန်သူနဲ့တိုက်သည်ဖြစ်စေ၊ မတိုက်သည်ဖြစ်စေ သူတို့စိတ်ထဲမှာ စိုးရိမ်နေမှာပဲ။
ကျုပ်က ပင်မတပ်ကိုဦးဆောင်ပြီး ရှဲ့တောင်ကြားကနေ မေချန်ကိုသွားမယ်။ ဒါကိုသိမ်းနိုင်ရင်
ချန်အန်းကိုအောင်မြင်နိုင်ပြီ"
"ကျောက်ယွင်"(Zhao
Yun) နှင့် "တန်းကျီ"(Deng Zhi) တို့ထွက်သွားသောအခါ "ကျူးကဲလျန့်"(Zhuge
Liang) သည် "ကျန်းဝေ"(Jiang Wei) ကို ရှေ့ပြေးတပ်စစ်သူကြီးအဖြစ်တာဝန်ပေးကာ
ရှဲ့တောင်ကြားသို့ချီတက်သည်။
"မာဆု"(Ma
Su) နှင့် "ဝမ်ဖင်"(Wang Ping) တို့သည် ကျဲ့ထင်သို့ရောက်သောအခါ အခြေအနေကိုကြည့်ရှုပြီးနောက်
"မာဆု"(Ma Su) မှပြုံးပြီး
"ဝန်ကြီးချုပ်က
ဘာလို့ဒီလောက်တောင်စိုးရိမ်နေရတာလဲ? ဒီလောက်တောင်ကုန်းထူထပ်တဲ့ဒေသကို ဝေတပ်တွေလာရဲပါ့မလား"
"သူတို့တွေမလာရဲရင်တောင်မှ
လမ်းတွေအများကြီးဆုံတဲ့ဒီနေရာမှာ ကျုပ်တို့တွေစခန်းချရမယ်"
ထို့ကြောင့်
"ဝမ်ဖင်"(Wang Ping) သည် သစ်ပင်တို့ကိုခုတ်လှဲပြီး ခိုင်ခံ့သောတပ်စခန်းတည်ဆောက်ရန်
တပ်သားတို့ကိုအမိန့်ပေးခဲ့သည်။ သို့သော် "မာဆု"(Ma Su) တွင်မတူညီသောအကြံရှိသည်။
"ဒီလိုလမ်းပေါ်မှာ
ဘာလို့စခန်းဆောက်မှာလဲ? ဟိုးနားက တောင်ကုန်းက သစ်ပင်တွေလည်းရှိပြီး မားမားမတ်မတ်ရှိနေတယ်။
ဒါက ကောင်းကင်ကဖန်ဆင်းထားတဲ့ဗျူဟာမြောက်နေရာပဲမဟုတ်လား? အဲ့မှာပဲစခန်းချရအောင်"
"ခင်ဗျားမှားနေပြီ။
ကျုပ်တို့တွေ လမ်းမှာစခန်းချပြီး ခိုင်ခံ့တဲ့တံတိုင်းကာထားရင် ရန်သူတွေကအလွယ်တကူမဖြတ်နိုင်ဘူး။
ဒါကိုစွန့်ပြီး တောင်ကုန်းပေါ်မှာစခန်းချမယ်ဆိုရင် ရန်သူတွေ အင်အားအလုံးအရင်းနဲ့ရောက်လာရင်
ကျုပ်တို့တွေအဝိုင်းခံရလိမ့်မယ်။ အဲ့လိုသာဆို ဘယ်လိုလုံခြုံပါ့မလဲ"
"မာဆု"(Ma
Su) က ရယ်လိုက်ပြီး
"ခင်ဗျားက
ကလေးလိုတွေးနေတာပဲ။ စစ်ပွဲရဲ့ဥပဒေသထဲမှာ ကိုယ်က အမြင့်ပေါ်မှာနေရင် ရန်သူတွေကိုသေချာမြင်နိုင်ပြီး
အလွယ်တကူအနိုင်ယူနိုင်တယ်လို့ဆိုတယ်။ သူတို့တွေရောက်လာရင် သံချပ်ကာတောင်မှပြန်မသယ်သွားနိုင်အောင်
လုပ်ပြမယ်"
"ကျုပ်က
တိုက်ပွဲတွေကို စစ်သေနာပတိနဲ့အတူလိုက်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး၊ သူက သူ့အမိန့်တွေမပေးခင်
သေချာစဉ်းစားပြီးမှလုပ်တာ။ ကျုပ် ဒီတောင်ကုန်းကိုသေချာလေ့လာပြီးပြီ၊ အဲ့မှာအားနည်းချက်တစ်ခုရှိတယ်။
အဲ့မှာစခန်းချပြီးနောက် ရန်သူတွေက ရေလမ်းကြောင်းကိုဖြတ်လိုက်မယ်ဆိုရင် ကျုပ်တို့တပ်သားတွေက
အမိန့်အာခံလိမ့်မယ်"
"အဲ့လိုမဖြစ်နိုင်ပါဘူး။
ခက်ခဲတဲ့အခြေအနေမျိုးမှာ အောင်မြင်မှုဆိုတာရှိတယ်လို့ ဆွန်ဇုကပြောခဲ့ဖူးတယ်။ သူတို့ဝေက
ရေကြောကိုဖြတ်လိုက်ရင် ကျုပ်တို့တပ်သားတွေက အကျဉ်းအကြပ်ထဲရောက်သွားပြီး ပိုပြီးတော့
သူသေကိုယ်သေ ရွပ်ရွပ်ချွံချွံတိုက်မှာမဟုတ်လား? ဒါဆို လူတစ်ယောက်က လူဆယ်ယောက်စာနဲ့ညီမျှလိမ့်မယ်။
ကျုပ်က စာပေတွေလေ့လာထားတာပါ၊ ဝန်ကြီးချုပ်ကလည်း ကျုပ်အကြံကိုအမြဲမေးလေ့ရှိတယ်။ ခင်ဗျားက
ဘာလို့ကျုပ်ကိုဆန့်ကျင်နေတာလဲ"
"ခင်ဗျားတောင်ကုန်းပေါ်မှာစခန်းချချင်ရင်လည်း
ကျုပ်ကို တပ်နည်းနည်းပေးပြီး အနောက်ဘက်မှာစခန်းချပါရစေ။ ဒါဆို ရန်သူတွေရောက်လာရင် ခင်ဗျားကိုကူညီနိုင်မယ်"
သို့သော်
"မာဆု"(Ma Su) က ငြင်းလိုက်သည်။ ထိုအချိန်တွင် ဝေတပ်ကြီးချီတက်လာကြောင်း
သတင်းကြားရလေသည်။
"ဝမ်ဖင်"(Wang
Ping) သည် သူ့အကြံအတိုင်းဆက်လက်လုပ်ချင်သောအခါ "မာဆု"(Ma Su) မှ
"ခင်ဗျားက
ကျုပ်ပြောတာနားမထောင်ဘူးဆိုတော့ ခင်ဗျားကိုတပ်ငါးထောင်ပေးလိုက်မယ်၊ ကိုယ့်စခန်းကိုယ်သွားဆောက်ပါ။
ဒါပေမယ့် ကျုပ်စစ်အောင်နိုင်တာကို ဝန်ကြီးချုပ်ဆီသတင်းပို့တဲ့အခါ ခင်ဗျားရဲ့လုပ်ဆောင်မှုပါဝင်မှာမဟုတ်ဘူး"
"ဝမ်ဖင်"(Wang
Ping) သည် တောင်ကုန်းမှသုံးမိုင်အကွာကိုသွားပြီး စအက်ဟန်းချခဲ့လေသည်။ ထိုနေရာဒေသအခြေအနေကိုစူးစမ်းပြီးနောက်
မြေပုံဆွဲကာ မြေပုံကို "ကျူးကဲလျန့်"(Zhuge Liang) ထံအလျင်အမြန်မြို့စေပြီး
"မာဆု"(Ma Su) သည် တောင်ကုန်းပေါ်တွင် တပ်စွဲထားသည့်အကြောင်းကိုလည်း ပြောပြစေခဲ့သည်။
"စီးမာယီ"(Sima
Yi) သည် မချီတက်မီ သူ၏သားအငယ်ကိုကျဲ့ထင်သို့လွှတ်ကာ ရန်သူ့တပ်မှာစခန်းချထားခြင်းရှိမရှိ
ထောက်လှမ်းစေသည်။ "စီးမာကျောင်း"(Sima Zhao) သည် ပြန်လာပြီး ရန်သူ့တပ်များရှိကြောင်းပြောရာ
"စီးမာယီ"(Sima Yi) မှ
"ကျူးကဲလျန့်(Zhuge
Liang) က သာမန်လူတွေထက် စေ့စပ်သေချာလွန်းတယ်။ သူ့ကိုယှဉ်ဖို့ခက်ခဲတယ်"
"အဖေက
ဘာလို့ဒီလိုစိတ်ဓာတ်ကျနေတာလဲ? ကျွန်တော့အမြင်ကတော့ ကျဲ့ထင်ကိုသိမ်းဖို့မခက်ပါဘူး"
"ဘာလို့
ဒီလောက်သေချာတဲ့စကားပြောနိုင်ရတာလဲ? "
"ဘာကြောင့်လည်းဆိုတော့
ရန်သူတွေက လမ်းမှာစခန်းမချထားပဲ တောင်ကုန်းပေါ်မှာ စခန်းချထားလို့ဖြစ်ပါတယ်"
ထိုသတင်းမှာ
သတင်းကောင်းပင်ဖြစ်သည်။
"သူတို့တွေသာတောင်ကုန်းပေါ်မှာဆို
ကောင်းကင်ကြီးက ကျုပ်ကိုအောင်မြင်ဖို့ အခွင့်အရေးပေးလိုက်တာပဲ"
ညအချိန်တွင်
"စီးမာယီ"(Sima Yi) သည် သာမန်ဝတ်စုံလဲလှယ်ကာ လူအနည်းငယ်နှင့်အတူထွက်ပြီး
သူကိုယ်တိုင်ကြည့်ရှုလေသည်။ လမင်းကြီးမှာထိန်ထိန်သာနေပြီး ရန်သူတို့တပ်စွဲထားသည့်တောင်ကုန်းနှင့်ထိုနားတဝိုက်ကိုကြည့်ရှုခဲ့သည်။
"မာဆု"(Ma Su) သည် လှမ်းတွေ့သော်လည်း ရယ်မောခဲ့သည်။
"စီးမာယီ(Sima
Yi) သာကံကောင်းချင်ရင် ဒီတောင်ကုန်းကိုဝန်းရံမှာမဟုတ်ဘူး"
ထို့နောက် စစ်သူကြီးတို့ကိုခေါ်ကာ
"အကယ်၍
ရန်သူတွေရောက်လာရင် အနီရောင်အလံနဲ့အချက်ပြတာကိုစောင့်ပါ။ အချက်ပြတာမြင်ရင် အရပ်လေးမျက်နှာက
အောက်ကိုဆင်းပြီးတိုက်ပါ"
"စီးမာယီ"(Sima
Yi) သည် စခန်းသို့ပြန်လာသောအခါ ကျဲ့ထင်ကိုစောင့်ကြပ်နေသည့်ခေါင်းဆောင်အကြောင်းကိုမေးရာ
"မာလျန့်"(Ma Liang) ၏ညီ "မာဆု"(Ma Su) ဖြစ်ကြောင်းသိရသည်။
"မှားယွင်းတဲ့ဂုဏ်သတင်းနဲ့
သာမန်အရည်အချင်းရှိတဲ့လူဖြစ်တယ်။ ကျူးကဲလျန့်(Zhuge Liang) က ဒီမာဆု(Ma Su) ကိုအသုံးချမယ်ဆိုရင်
သူသေချာပေါက်ရှုံးနိမ့်ရလိမ့်မယ်"
ထို့နောက် တခြားစခန်းများရှိမရှိမေးမြန်းရာ
သုံးမိုင်အကွာတွင် "ဝမ်ဖင်"(Wang Ping) ၏တပ်စခန်းရှိကြောင်းသိရသည်။ ထို့ကြောင့်
"ကျန်းဟဲ'"Zhang He) ကိုစေလွှတ်ကာ "ဝမ်ဖင်"(Wang Ping )၏စစ်ကူမရောက်လာနိုင်အောင်
တားထားစေသည်။ ပြီးနောက် "ရှန်ယီ"(Shen Yi) နှင့် "ရှန်တန်"(Shen
Dan) တို့အား တောင်ကုန်းကိုဝိုင်းထားစေပြီး ရေကြောကိုဖြတ်တောက်စေသည်။ ရေမရှိပါက တပ်သားတို့ဆန့်ကျင်မည်ဖြစ်ပြီး
ထိုအခါတွင် ရန်သူတို့ကိုတိုက်ခိုက်မည်ဖြစ်သည်။ "ကျန်းဟဲ"(Zhang He) သည်
"ဝမ်ဖင်"(Wang Ping) နှင့် တောင်ကုန်းကြားရှိနေရာတစ်ခုတွင် စောင့်နေခဲ့ပြီးနောက်
"စီးမာယီ"(Sima Yi) သည် တောင်ကုန်းကို အရပ်လေးမျက်နှာမှတိုက်ရန် အမိန့်ပေးလိုက်သည်။
ကုန်းမြင့်ပေါ်မှ
"မာဆု"(Ma Su) သည် မြောက်များစွာသောရန်သူတို့သည် ရောက်လာသည်ကိုမြင်ရသည်။
ရေပြတ်လပ်သောကြောင့် ရှူတပ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။ "မာဆု"(Ma
Su) သည် အနီရောင်အလံဖြင့်အချက်ပေးသော်လည်း သူ၏တပ်တို့မှာ ဆင်းပြီးမတိုက်ရဲကြပေ။ စစ်သူကြီးတို့သည်လည်း
အချင်းချင်းနီးကပ်စွာနေကာ အရင်ဆုံးထွက်မတိုက်လိုကြပေ။ ထိုအခါ "မာဆု"(Ma
Su) သည် ဒေါသထွက်ကာ စစ်သူကြီးနှစ်ဦးကိုသတ်လိုက်သည်။ ထိုအခါမှ တပ်သားတို့သည် ကြောက်လန့်ကာ
ဆင်းပြီးတိုက်ကြလေသည်။ သို့သော်လည်း ဝေတပ်မှာ ကြံ့ကြံ့ခံနေသောကြောင့် တောင်ပေါ်သို့ပြန်တက်ပြေးရသည်။
ထိုအခြင်းအရာတို့ကို
"မာဆု"(Ma Su) မြင်လေလျှင် ဂိတ်တံခါးတို့ကိုပိတ်ပြီး အပြင်မှစစ်ကူလာမည်ကိုသာစောင့်နေခဲ့သည်။
တောင်ကုန်းကိုရန်သူတို့ဝန်းရံထားသည်ကိုမြင်သော
"ဝမ်ဖင်"(Wang Ping) သည် စစ်ကူလွှတ်ရန်ပြုသည်။ သို့သော် "ကျန်းဟဲ"(Zhang
He) နှင့်ရင်ဆိုင်ရပြီး ဆယ်ခေါက်ခန့်တိုက်ပြီးနောက် "ဝမ်ဖင်"(Wang Ping)
မှာ တပ်ဆုတ်သွားခဲ့ရသည်။
ဝေတပ်ကြီးက
ဝန်းရံခံထားရသည့်အပြင် ရေလည်းမရှိသောကြောင့် စားစရာတို့မပြင်ဆင်နိုင်သဖြင့် ဆူပူမှုများဖြစ်ခဲ့သည်။
ထိုအော်ဟစ်သံတို့သည် တောင်ခြေမှပင်ကြားရပြီး ညအချိန်အထိဆူပူနေခဲ့သည်။ တောင်ဘက်မှတပ်သားတို့ကိုထိန်းသိမ်းနိုင်ခြင်းမရှိတော့ပဲ
ထိုတပ်သားတို့သည် တောင်ဘက်တံခါးကိုဖွင့်ကာ လက်နက်ချလိုက်လေသည်။ ဝေတပ်တို့သည် တောင်ကုန်းကိုပတ်ပြီး
သစ်တောကိုမီးရှို့ခဲ့သောကြောင့် ပိုပြီးဖရိုဖရဲဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင်
"မာဆု"(Ma Su) သည် ဘေးလွတ်ရာအနောက်ဘက်သို့ထွက်ပြေးရသည်။
"စီးမာယီ"(Sima
Yi) သည် "မာဆု"(Ma Su) ကိုတမင်လွှတ်ပေးလိုက်ပြီး "ကျန်းဟဲ"(Zhang
He) ကိုအနောက်မှ လိုက်စေသည်။ ဆယ်မိုင်ခန့်လိုက်ပြီးနောက် မမျှော်လင့်ပဲ ဗုံသံတို့ကိုကြားလိုက်ရကာ
"ဝေရန်"(Wei Yan) ပေါ်လာပြီး "မာဆု"(Ma Su) လည်း လွတ်မြောက်သွားခဲ့သည်။ "ကျန်းဟဲ"(Zhang He) ထွက်ပြေးရပြီး
"ဝေရန်"(Wei Yan) သည် အနောက်မှလိုက်ခဲ့သည်။
ထိုသို့တစ်ဆယ့်ငါးမိုင်ခန့်လိုက်ပြီးနောက်ဝယ်
"ဝေရန်"(Wei Yan) သည် ရန်သူတို့၏ကင်းပုန်းနှင့်ပက်ပင်းတိုးလေသည်။ "စီးမာယီ"(Sima
Yi) နှင့် "စီးမာကျောင်း"(Sima Zhao) တို့သည် တောင်ကုန်းအနောက်ဘက် တစ်နေရာစီမှပေါ်လာပြီး
"ဝေရန်"(Wei Yan) ကို ဝန်းရံထားခဲ့သည်။ "ကျန်းဟဲ"(Zhang He) ကလည်း
အနောက်သို့ပြန်လှည့်ကာ တိုက်သဖြင့် သုံးဘက်သုံးနေရာမှအတိုက်ခံရကာ တပ်သားတို့ဆုံးရှုံးပြီး
"ဝေရန်"(Wei Yan) မှာလည်း မထိုးဖောက်နိုင်ပဲရှိခဲ့သည်။ ထိုအချိန်တွင်
"ဝမ်ဖင်"(Wang Ping) ၏စစ်ကူတပ်များရောက်လာခဲ့သည်။ "ဝမ်ဖင်"(Wang
Ping) ရောက်လာသည်ကိုမြင်သောအခါ "ဝေရန်"(Wei Yan) မှ "ဒါ ကျုပ်အသက်ကိုဆက်ပေးတဲ့စစ်ကူပဲ"
ဟုပြောပြီး တပ်နှစ်တပ်ပေါင်းပြီးတိုက်ရာ ဝေတပ်ကြီး ပြန်ဆုတ်ခွာသွားသည်။ ထိုအခါ
"ဝေရန်"(Wei Yan) နှင့် "ဝမ်ဖင်"(Wang Ping) သည်လည်း သူတို့စခန်းသို့အလျင်အမြန်ပြန်ပြီး
စခန်းသို့ရောက်သောအခါဝယ် ရန်သူတို့သိမ်းသွားကြောင်းကိုသိလိုက်ရသည်။
အတွင်းမှ
"ရှန်ယီ"(Shen Yi) နှင့် "ရှန်တန်"(Shen Dan) တို့ထွက်လာပြီး
"ဝေရန်"(Wei Yan) နှင့် "ဝမ်ဖင်"(Wang Ping) တို့ကို လီလျူသို့ရောက်အောင်တိုက်ထုတ်ခဲ့သည်။
ထိုသို့ကံမကောင်းစွာဖြင့်ရောက်လာခဲ့သောလုပ်ဖော်ကိုင်ဘက်နှစ်ဦးတို့ကို "ကောင်းရှန်"(Gao
Xiang) မှထွက်ကြိုခဲ့သည်။
အကျိုးအကြောင်းကြားသောအခါဝယ်
"ကောင်းရှန်"(Gao Xiang) မှ ညအခါတွင် ဝေတပ်စခန်းကိုဝင်စီးပြီး ကျဲ့ထင်ကိုပြန်သိမ်းရန်အကြံပြုသည်။
သူတို့သုံးဦးတို့သည် တောင်ကုန်းဘေးတွင်ဆွေးနွေးခဲ့ကြပြီး ညမှောင်သည့်အခါတွင် စတိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့သည်။
လမ်းသုံးလမ်းမှ သုံးဖွဲ့ခွဲကာ ထွက်ခွာခဲ့ပြီး "ဝေရန်"(Wei Yan) သည် ပထမဦးဆုံး
ကျဲ့ထင်သို့ရောက်ရှိသွားသည်။ ရန်သူ့တပ်ကိုမတွေ့သောကြောင့် သံသယဝင်ကာ "ကောင်းရှန်"(Gao
Xiang) လာသည်ထိစောင့်ရန် ဆုံးဖြတ်လိုက်သည်။ "ကောင်းရှန်"(Gao Xiang) ရောက်လာသောအခါဝယ်
ရန်သူတို့၏တည်နေရာကိုခန့်မှန်းကြသည်။ သို့သော်လည်း ရန်သူတို့အစအနပင်မတွေ့ခဲ့ပေ၊
"ဝမ်ဖင်"(Wang Ping) ၏တပ်သည်လည်း ရောက်မလာသေးပေ။
ထိုအချိန်တွင်
ကျယ်လောင်သောအသံကြီးမြည်ဟီးကာ ကောင်းကင်ယံထက်ဝယ်အလင်းရောင်တို့ကိုမြင်လိုက်ရပြီးနောက်
မြေကြီးတို့လှုပ်ခါနေသယောင်ဗုံသံတို့ကြားလိုက်ရပြီး ရန်သူ့တပ်ကြီးပေါ်လာခဲ့သည်။ ရှူတပ်ကြီးသည်
ရန်သူတို့၏ဝိုင်းဝန်းတိုက်ခိုက်မှုကိုခံခဲ့ရပြီး "ဝေရန်"(Wei Yan) နှင့်
"ကောင်းရှန်"(Gao Xiang) တို့သည် ထွက်ပြေးရန်ပြုသော်လည်း လမ်းပေါက်ရှာမတွေ့ခဲ့ပေ။
ထိုသို့အခက်အခဲကြုံနေစဉ်တွင် အနောက်ဘက်မှ ဗုံသံတို့ကြားလိုက်ရကာ "ဝမ်ဖင်"(Wang
Ping) ၏စစ်ကူတပ်ယောက်လာခဲ့သည်။ သူတို့သုံးဦးတို့သည် ရန်သူတို့ကိုထိုးဖောက်ပြီး လျူလီသို့သွားခဲ့သည်။
သို့သော် ထိုတပ်စခန်းနားသို့ရောက်သောအခါဝယ် အခြားသောတပ်သားတို့ကိုလှမ်းတွေ့လိုက်ရပြီး
ထိုတပ်၏အလံတွင် 'ဝေစစ်သူကြီး ကောဟွိုင်(Guo Huai)' ဟုရေးထားသည်ကိုမြင်လိုက်သည်။
"ကောဟွိုင်"(Guo
Huai) သည် သူ၏လုပ်ဖော်ကိုင်ဖက် "ချောင်ကျန်း"(Cao Zhen) နှင့်တိုင်ပင်ပြီးနောက်
"စီးမာယီ"(Sima Yi) မှာ သူတို့ထက်အောင်မြင်မှုရသွားမည်ကိုစိုးရိမ်နေခဲ့သည်။
ထို့ကြောင့် "ကောဟွိုင်"(Guo Huai) သည် ကျဲ့ထင်ကိုသိမ်းရန်ရောက်လာခြင်းဖြစ်သည်။
သို့သော် ထိုနေရာကို "စီးမာယီ"(Sima Yi) က သိမ်းနှင့်ပြီးဖြစ်သည်ကိုသိသောအခါ
စိတ်ပျက်ပြီး လျူလီသို့ချီတက်ကာ ရန်သူတို့အလာကိုစောင့်နေခဲ့သည်။ ရှူတပ်ရောက်လာသောအခါ
ရှူတပ်သုံးတပ်၏ စစ်သည်ပေါင်းများစွာကိုသတ်နိုင်ခဲ့လေသည်။ ထိုအခါ "ဝေရန်"(Wei
Yan) မှ ရန်ဖင်ခံတပ်သို့ဆုတ်ခွာရန်အကြံပြုခဲ့သည်။
"ကောဟွိုင်"(Guo
Huai) သည် သူ၏အောင်မြင်မှုကြောင့် ဝမ်းသာကာ သူ၏အမှုထမ်းတို့အား
"ကျုပ်က
ကျဲ့ထင်မှာစိတ်ပျက်ခဲ့ရပေမယ့် ဒီမှာတော့စွမ်းဆောင်မှုကြီးတစ်ခုလုပ်နိုင်ခဲ့ပြီ"
သူတို့သည် မြို့တံခါးနားသို့ရောက်လာသောအခါ
ကျယ်လောင်သောပေါက်ကွဲသံကိုကြားလိုက်ရပြီး အပေါ်သို့မော့ကြည့်လေရာ တံတိုင်းပေါ်တွင် တပ်သားတို့ရှိပြီး
အလံတို့ထောင်ထားသည်ကိုတွေ့ရသည်။ အကြီးဆုံးသောအလံပေါ်ဝယ် 'အနောက်ဘက်ကိုအေးချမ်းစေသောစစ်သူကြီး
စီးမာယီ(Sima Yi)' ဟုရေးထားသည်။ ထိုအချိန်တွင် "စီးမာယီ"(Sima Yi) သည် ရင်ဘတ်အမြင့်ရှိသောလက်ရန်းနားမှနေ၍
လှမ်းကြည့်နေခဲ့ပြီး အောက်ကိုငုံ့ကာ ပြုံးပြီး
"မိတ်ဆွေကြီး
ကောဟွိုင်(Guo Huai) က နောက်ကျလိုက်တာ" ဟုပြောသည်။
"ကောဟွိုင်"(Guo
Huai) လည်း အံ့ဩသွားပြီး
"သူက တကယ်အစွမ်းထက်လွန်းတယ်"
ဟုဆိုကာ လက်လျှော့လိုက်ပြီးမြို့တွင်းသို့ဝင်ကာ သူ့ပြိုင်ဘက်ကို အရိုအသေပြုခဲ့သည်။
"စီးမာယီ"(Sima Yi) မှ ပျူငှာစွာကြိုဆိုပြီးနောက်
"ကျဲ့ထင်ကိုလက်လွတ်လိုက်ရပြီဆိုတော့
ကျူးကဲလျန့်(Zhuge Liang) က တပ်ဆုတ်သွားလိမ့်မယ်။ ခင်ဗျားက ချောင်ကျန်း(Cao Zhen) နဲ့ပေါင်းပြီး
အနောက်ကလိုက်ပါ"
"ကောဟွိုင်"(Guo
Huai) မှ လက်ခံပြီးထွက်သွားလေသည်။
"စီးမာယီ"(Sima
Yi) သည် "ကျန်းဟဲ"(Zhang He) ကိုခေါ်ပြီး
"ကျုပ်တို့ရဲ့စွမ်းဆောင်မှုက
ပိုသာသွားမှာစိုးရိမ်တော့ ချောင်ကျန်း(Cao Zhen) နဲ့ ကောဟွိုင်(Guo Huai) က ဒီကိုအရင်ရောက်အောင်လုပ်ဖို့ကြိုးစားခဲ့တယ်။
ကျုပ်တို့က စွမ်းဆောင်မှုတွေကိုလိုချင်ရုံတင်မက ကံတရားကြီးကလည်း ကျုပ်တို့ဘက်မှာရှိနေတယ်။
ဝေရန်(Wei Yan) ၊ မာဆု(Ma Su) ၊ ဝမ်ဖင်(Wang Ping )နဲ့ ကောင်းရှန်(Gao Xiang) တို့က
အရင်ဆုံး ရန်ဖင်ခံတပ်ကိုသိမ်းမယ်လို့ထင်ထားခဲ့တာ၊ နောက်ပြီး အဲ့ကိုကျုပ်ချီတက်သွားရင်
ကျူးကဲလျန့်(Zhuge Liang) က အနောက်ဘက်ကနေ ဝင်တိုက်မှာပဲ။ စစ်ဗျူဟာကျမ်းတွေထဲမှာ တပ်ဆုတ်သွားတဲ့ရန်သူ့တပ်ကိုတိုက်သင့်ပေမယ့်
ပြိုကွဲသွားတဲ့သူပုန်တွေနောက်ကိုမလိုက်သင့်ဘူးလို့ဆိုထားတယ်။ ဒါကြောင့် ခင်ဗျားက လမ်းသွယ်တွေကတဆင့်သွားပြီး
ချီတောင်ကြားကနေထွက်ခွာမယ့် ရန်သူတွေကိုတိုက်ပါ။ ကျုပ်ကတော့ ရှဲ့တောင်ကြားကတပ်တွေကိုသွားတိုက်မယ်။
အကယ်၍ သူတို့ထွက်ပြေးခဲ့ရင် နောက်ကနေတအားမလိုက်ပါနဲ့။ သူတို့ကိုတားထားပြီး စားနပ်ရိက္ခာတွေကိုပဲသိမ်းဆည်းလိုက်ပါ"'
ထိုအရာကိုလုပ်ဆောင်ရန်
"ကျန်းဟဲ"(Zhang He) သည် တပ်သားတဝက်နှင့်အတူ ထွက်သွားခဲ့ပြီး "စီးမာယီ"(Sima
Yi) သည်လည်း ရှီးချန်မှတဆင့် ရှဲ့တောင်ကြားသို့ချီတက်ရန် အမိန့်ပေးလိုက်သည်။ ရှီးချန်သည်
နေရာငယ်လေးဖြစ်သော်လည်း ရှူတပ်၏ကုန်လှောင်ရုံဖြစ်သည့်အပြင် နန်အန်း၊ ထျန်းစွေ၊ အန်းတင်
စသည့်ဒေသများသို့သွားရာလမ်းခုလတ်လည်းဖြစ်သည်။ ဤနေရာကိုသာသိမ်းလိုက်ပါက ထိုဒေသသုံးခုကိုပြန်သိမ်းနိုင်မည်ဖြစ်သည်။
လျူလီကိုစောင့်ကြပ်ရန်
"ရှန်ယီ"(Shen Yi) နှင့် "ရှန်တန်"(Shen Dan) ကိုထားခဲ့ပြီး
"စီးမာယီ"(Sima Yi) သည် ရှဲ့တောင်ကြားသို့ချီတက်ခဲ့သည်။
"မာဆု"(Ma
Su) ကို ကျဲ့ထင်သို့လွှတ်ခဲ့ပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) ၏စိတ်ထဲတွင်
စနိုးစနှောင့်ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် "ဝမ်ဖင်"(Wang Ping) ပို့လိုက်သော
မြေမျက်နှာသွင်ပြင်နှင့်အစီအစဉ်ကိုလက်ခံရရှိသည်။ "ကျူးကဲလျန့်"(Zhuge
Liang) သည် သူ၏စားပွဲသို့သွားကာ စာကိုဖတ်ပြီးနောက် ဒေါသထွက်ပြီး စားပွဲကိုလက်ဖြင့်ထုလိုက်သည်။
"မာဆု(Ma
Su) ရဲ့မိုက်မဲမှုကြောင့် တပ်ဖွဲ့ကြီးကိုဆုံးရှုံးလိုက်ရပြီ"
"ဝန်ကြီး၊
ဘာဖြစ်လို့ပါလဲ"
"ဒီအစီအစဉ်အတိုင်းသာဆိုရင်
ကျုပ်တို့တွေ အင်မတန်အရေးကြီးတဲ့လမ်းကိုလက်လွှတ်လိုက်ရလိမ့်မယ်။ စခန်းကိုတောင်ကုန်းပေါ်မှာဆောက်ထားပြီး
ဝေတပ်တွေက အင်တိုက်အားတိုက်နဲ့ရောက်လာမယ်ဆိုရင် ကျုပ်တို့တပ်တွေဝန်းရံခံရပြီးတော့ ထောက်ပို့နဲ့လည်း
အဆက်အသွယ်ပြတ်သွားမယ်။ နှစ်ရက်အတွင်းမှာ တပ်သားတွေ အမိန့်ဖီဆန်လိမ့်မယ်။ ကျဲ့ထင်သာဆုံးရှုံးလိုက်ရရင်
ကျုပ်တို့တွေဘယ်လိုတပ်ဆုတ်တော့မလဲ"
ထိုအခါ အထက်တန်းအတိုင်ပင်ခံ
"ရန်ယီ"(Yang Yi) မှ
"ကျွန်တော်က
ထူးချွန်လွန်းသူမဟုတ်ပေမယ့် ကျွန်တော်သွားပြီး မာဆု(Ma Su) တာဝန်ကိုလွှဲပြောင်းယူချင်ပါတယ်"
"ကျူးကဲလျန့်"(Zhuge
Liang) သည် "ရန်ယီ"(Yang Yi) အား မည်သည့်နေရာတွင်၊ မည်သို့စခန်းချသင့်ကြောင်း
ရှင်းပြနေစဉ် မြင်းသည်တော်တစ်ဦးရောက်လာပြီး ကျဲ့ထင်နှင့် လျူလီတို့ကိုဆုံးရှုံးခဲ့ကြောင်း
ပြောသည်။ ထိုအရာကြောင့် "ကျူးကဲလျန့်"(Zhuge Liang) သည် အလွန်အမင်းဝမ်းနည်းသွားခဲ့ပြီး
သက်ပြင်းချကာ
"အခုတော့
အစီအစဉ်အကုန်လုံးရေစုန်မျောသွားပြီ။ အဲ့ဒါကျုပ်အမှားပဲ"
ထို့နောက်
"ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) တို့ကိုခေါ်ကာ
"မင်းတို့တစ်ယောက်စီက
တပ်သားသုံးထောင်စီဦးဆောင်ပြီး ဝူကုန်းတောင်ကိုသွားတဲ့လမ်းတလျှောက်သွားရမယ်။ ရန်သူတွေနဲ့တွေ့ရင်
မတိုက်ပါနဲ့၊ ဗုံတွေတီးပြီး ကျယ်လောင်တဲ့အသံတွေပြုပါ။ အဲ့လိုဆိုရင် သူတို့တွေသံသယဝင်ပြီး
ဆုတ်ခွာသွားလိမ့်မယ်။ နောက်ကမလိုက်ပါနဲ့၊ သူတို့တွေထွက်သွားတာနဲ့ မင်းတို့က ရန်ဖင်ခံတပ်ဆီသွားပါ"
ထို့နောက်
"ကျန်းယီ"(Zhang Yi) ကို ကျန့်မန်ခံတပ်သို့လွှတ်ပြီး ပြန်လည်ဆုတ်ခွာရန်အတွက်
ပြင်ဆင်မှုများလုပ်စေသည်။ "မာတိုက်"(Ma Dai) နှင့် "ကျန်းဝေ"(Jiang
Wei )တို့ကိုမူ အနောက်ဘက်တွင် စောင့်ကြပ်စေပြီး တပ်မကြီးဆုတ်ခွာသွားသည်နှင့် ကင်းပုန်းပြင်ရန်
အမိန့်ပေးထားသည်။ ထို့အပြင် ယုံကြည်ရသည့်ဆက်သားတို့ကို နန်အန်း၊ ထျန်းစွေ၊ အန်းတင်သို့လွှတ်ပြီး ထိုနေရာတွင်ရှိသောအမှုထမ်းများ၊
တပ်သားများနှင့်လူတို့ကို ဟန်ကျုံးသို့သွားစေသည်။ ထို့အပြင် "ကျန်းဝေ"(Jiang
Wei) ၏အမေအိုကိုလည်း ဟန်ကျုံး၏လုံခြုံသောနေရာသို့ပြောင်းရွှေ့စေခဲ့သည်။
ထိုသို့ပြင်ဆင်မှုများလုပ်ပြီးနောက်ဝယ်
"ကျူးကဲလျန့်"(Zhuge Liang) သည် တပ်သားငါးထောင်နှင့်အတူ ရှီးချန်သို့သွားကာ
ကုန်ပစ္စည်း၊ ရိက္ခာတို့ကိုပြန်လည်သိမ်းခဲ့သည်။ ထိုအချိန်တွင် ကင်းထောက်တစ်ယောက်ပြီးတစ်ယောက်
ရောက်လာကာ ဆယ်ယောက်နှင့်အထက်ရောက်လာခဲ့ပြီး သတင်းပို့သည်။
"စီးမာယီ(Sima
Yi) က တပ်သားတစ်သိန်းခွဲနဲ့အတူ ရှီးချန်ကိုအလျင်အမြန်ချီတက်လာပြီ"
"ကျူးကဲလျန့်"(Zhuge
Liang) ၏နံဘေးတွင် စစ်ခေါင်းဆောင်များမပါခဲ့ပဲ အရပ်သားအရာရှိများနှင့် တပ်သားငါးထောင်သာရှိခဲ့သည်။
ထို့အပြင်တပ်သားထက်ဝက်ခန့်မှာလည်း ရိက္ခာတို့ကိုပြန်ယူနေရသောကြောင့် သူ့နားတွင် တပ်သား
နှစ်ထောင့်ငါးရာသာရှိသည်။ ရန်သူတို့လာသည်ဟုကြားရသောအခါ အမှုထမ်းတို့သည် ကြောက်လန့်နေခဲ့သည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် တံတိုင်းပေါ်သို့တက်ကာ ကြည့်ရှုခဲ့သည်။ ကောင်းကင်ယံတွင်
ဖုန်မှုန်များနှင့်ပြည့်နေခဲ့ပြီး ဝေတပ်ကြီးသည် လမ်းနှစ်လမ်းမှချီတက်လာသည်ကို မြင်ရသည်။
ထိုအခါ သူမှ အမိန့်ပေးခဲ့သည်။
"အလံတွေအားလုံးသိမ်းပြီး
ဖွက်ထားပါ။ မြို့ထဲမှာရှိတဲ့အမှုထမ်းတွေ၊ တပ်သားတွေ အသံထွက်ရင်၊ လှုပ်ရှားရင် ချက်ချင်း
သေဒဏ်ပေးမယ်"
ထို့နောက် ဂိတ်တံခါးဝများအားလုံးကိုဖွင့်ထားခဲ့ပြီး
တပ်သားနှစ်ဆယ်ခန့်ကို သာမန်အရပ်သားများကဲ့သို့ဝတ်ဆင်စေပြီး ဂိတ်တံခါးတစ်ခုစီ၏အရှေ့တွင်
သန့်ရှင်းရေးလုပ်နေရန် အမိန့်ပေးလိုက်သည်။ ထိုသို့ ပြင်ဆင်စေပြီးနောက် တာအိုဝတ်စုံဝတ်ဆင်လျက်
သူ၏အနောက်တွင် အလုပ်အကျွေးပြုသည့်လူငယ်နှစ်ဦးကိုထားရှိကာ မျှော်စင်ပေါ်တွင် ထိုင်နေသည်။
လက်ထဲတွင် ပုလွေကိုကိုင်ထားပြီး အရှေ့တွင် အမွှေးတိုင်ထွန်းထားစေသည်။
"စီးမာယီ"(Sima
Yi) ၏ကင်းထောက်တို့သည် ထိုအခြင်းအရာကိုမြင်သောအခါ မြို့ထဲသို့မဝင်ပဲ ပြန်လှည့်ပြီး
ထိုအကြောင်းတို့ကို အကြောင်းကြားခဲ့သည်။ "စီးမာယီ"(Sima Yi) သည် မယုံကြည်သဖြင့်
သူ၏တပ်ဖွဲ့တို့ကိုခဏရပ်နားစေကာ မြင်းစီးပြီး ကိုယ်တိုင်ကြည့်ရှုလေရာ အထောက်တော်တို့ပြောသည့်အတိုင်းဖြစ်သည်ကိုမြင်ရလေသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် ပြုံးလျက်ပုလွေကိုမှုတ်နေခဲ့ပြီး လူငယ်လေးတစ်ဦးသည်ဘေးတွင်ရပ်နေပြီး
ရတနာဓားကိုကိုင်ဆောင်ထားလျက် ကျန်လူငယ်မှာ သာမန်ဩဇာအာဏာ၏သင်္ကေင်္တဖြစ်သော စာမရီအမြီးကိုကိုင်ထားသည်။
"စီးမာယီ"(Sima Yi) သည် သူ့မျက်လုံးသူမယုံနိုင်ခဲ့ပဲ ထိုသို့လုပ်ဆောင်သည်မှာ
ထူးခြားသည့်လှည့်ကွက်ဖြစ်မည်ဟု တွေးခဲ့သည်။ ထို့နောက် သူ၏တပ်ဆီပြန်သွားပြီး မြောက်ဘက်မှ
တောင်ကုန်းပေါ်သို့သွားခဲ့သည်။
"စီးမာကျောင်း"(Sima
Zhao) မှ
"ဒီခံတပ်နောက်မှာ
တပ်သားတွေမရှိတာ သေချာပါတယ်။ အဖေက ဘာကြောင့် တပ်ဆုတ်ရတာလဲ"
"ကျူးကဲလျန့်(Zhuge
Liang) က အမြဲသတိကြီးသူဖြစ်ပြီး စွန့်စားမှုတွေမလုပ်တဲ့လူဖြစ်တယ်။ ဒီလိုဂိတ်တံခါးဖွင့်ထားတယ်ဆိုတာ
ရန်သူ့ကင်းပုန်းတွေရှိဖို့ သေချာတယ်။ ငါတို့တပ်တွေသာဝင်သွားခဲ့ရင် သူတို့ထောင်ချောက်ထဲကျသွားတဲ့သားကောင်ဖြစ်သွားလိမ့်မယ်။
မင်းက ဘယ်လိုသိပါ့မလဲ? ဒါကြောင့် အကောင်းဆုံးက တပ်ဆုတ်ဖို့ပဲဖြစ်တယ်"
သို့နှင့် တပ်ဖွဲ့ကြီးနှစ်တပ်တို့သည်
ပြန်လှည့်သွားခဲ့ကြလေသည်။ ထိုအရာကိုမြင်သောအခါ "ကျူးကဲလျန့်"(Zhuge
Liang) သည် ဝမ်းမြောက်စွာဖြင့်ရယ်မောကာ လက်ခုပ်တီးနေခဲ့သည်။ ထိုအခါ အမှုထမ်းတို့က အံ့ဩသွားကြပြီး
"စီးမာယီ(Sima
Yi) ဟာ ဝေပြည်က နာမည်ကြီးစစ်သူကြီးဖြစ်ပြီး စစ်သားတစ်သိန်းခွဲတောင် ဦးဆောင်လာတာ ဘာလို့များ
ဝန်ကြီးကိုမြင်တာနဲ့ပြန်လှည့်သွားရတာလဲ"
"ကျုပ်က
အမြဲသတိထားပြီး အန္တရာယ်ထဲတိုးမဝင်တတ်ဘူးဆိုတာ သူကြားသိထားလို့ဖြစ်တယ်။ ဒီလိုမျိုးကိုမြင်တော့
သူက ကင်းပုန်းရှိတယ်လို့ထင်ပြီး ပြန်လှည့်သွားတာဖြစ်တယ်။ ကျုပ်က မစွန့်စားတတ်ပေမယ့်
တခါတလေမှာတော့ အရဲစွန့်ရတဲ့အခါတွေလည်းရှိတတ်တယ်။ အခု တောင်ကုန်းဘက်မှာ ကျုပ်ကြိုလွှတ်ထားတဲ့
ကွမ်းရှင်း(Guan Xing) ၊ ကျန်းပေါက်(Zhang Bao) တို့နဲ့ရင်ဆိုင်ရတော့မယ်"
အမှုထမ်းတို့မှာ
ကြောက်ရွံ့နေခဲ့သော်လည်း သူတို့ခေါင်းဆောင်၏အမြော်အမြင်၊ ဆန်းကြယ်သောအကြံအစည်နှင့်
နက်နဲသောအစီအစဉ်တို့ကိုချီးကျူးခဲ့ကြသည်။
"ကျွန်တော်တို့တွေ
ဒီအတိုင်းပဲပြေးရင်ရနိုင်တာပဲ"
"တပ်သား
နှစ်ထောင့်ငါးရာတည်းနဲ့ ပြေးရင်တောင် ဘယ်လိုလွတ်နိုင်ပါ့မလဲ? ဝေးဝေးမရောက်ခင် ရန်သူတွေဖမ်းတာခံရလိမ့်မယ်"
"ကျူးကဲလျန့်"(Zhuge
Liang) သည် လက်ခုပ်တီးရင်းဖြင့် ပြုံးကာ
"ဒါပေမယ့်
စီးမာယီ(Sima Yi) နေရာမှာ ကျုပ်သာဆိုရင် ပြန်လှည့်သွားမှာမဟုတ်ဘူး"
"စီးမာယီ"(Sima
Yin) သည် သေချာပေါက်ပြန်လာမည်ဖြစ်သောကြောင့် ထိုဒေသရှိလူတို့အား တပ်ဖွဲ့နှင့်အတူ ဟန်ကျုံးသို့ပြန်လိုက်စေသည်။
ရှီးချန်ကိုစွန့်ပြီး ဟန်ကျုံးသို့ပြန်လာခဲ့ရာ နယ်သုံးနယ်မှ အမှုထမ်းများ၊ စစ်သည်များ၊
လူများလည်း ပါလာသည်။ "စီးမာယီ"(Sima Yi) သည် မြို့ဘက်မှ လှည့်ပြန်ပြီးနောက်
ဝူကုန်းတောင်ဘက်သို့ရောက်လာသောအခါ တောင်အနောက်ဘက်မှ ရှူတပ်ကြီး၏အသံကိုကြားရသည်။ ထိုအခါ
သူ့သားတို့ဘက်လှည့်ကာ
"ငါတို့တွေ
ပြန်မဆုတ်ရင် ကျူးကဲလျန့်(Zhuge Liang) ရဲ့ သားကောင်ဖြစ်သွားလိမ့်မယ်"
ထိုစဉ် တပ်တစ်တပ်သည်
အလျင်အမြန်ချီတက်လာပြီး ထိုတပ်၏အလံတွင် "ကျန်းပေါက်"(Zhang Bao) ဟူသောစာလုံးရေးထားသည်။
ဝေတပ်သားတို့သည် ရုတ်တရတ်အဝိုင်းခံလိုက်ရသောကြောင့် ထိတ်လန့်သွားကာ သံချပ်ကာ၊ လက်နက်တို့ကိုပစ်ချပြီး
ထွက်ပြေးကြလေသည်။ သို့သော် အဝေးသို့မထွက်ပြေးနိုင်မီ တောင်ကြားမှကြောက်မက်ဖွယ်အသံတို့ကိုကြားလိုက်ပြီး
နောက်ထပ်တပ်တစ်တပ်ထွက်ပေါ်လာကာ ထိုတပ်၏အလံတွင် "ကွမ်းရှင်း"(Guan Xing) ဟူသောနာမည်ကိုရေးထားသည်။
လက်နက်အပြည့်တပ်ဆင်ထားသောတပ်ကြီး၏အော်ဟစ်သံသည် တောင်တစ်ခုလုံးတွင်ဟိန်းနေခဲ့ပြီး အင်အားဘယ်လောက်ရှိမှန်းမသိသောကြောင့်
ပိုပြီးထိတ်လန့်သွားခဲ့သည်။ ဝေတပ်သည် အထုတ်အပိုးတို့ကိုပါထားခဲ့ကာ ထွက်ပြေးကြသည်။ သို့သော်
"ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) တို့အား
ရန်သူ့နောက်မလိုက်ရန် အမိန့်ပေးထားသောကြောင့် ဝေတပ်သားတို့ကို ပြေးသွားစေပြီးမှ ရန်သူတို့ထားရစ်ခဲ့သောပစ္စည်းတို့ကို
ယူဆောင်ကာ ပြန်လာခဲ့သည်။
တောင်ကြားတွင်
ရှူတပ်တို့ပြည့်နေသည်ကိုမြင်သောအခါ "စီးမာယီ"(Sima Yi) သည် လမ်းမကြီးမှမသွားရဲတော့ပဲ
ကျဲ့ထင်သို့အလျင်အမြန်ပြန်ခဲ့သည်။
ထိုအချိန်တွင် ရှူတပ်ကြီးဆုတ်ခွာသွားပြီဟုကြားသော
"ချောင်ကျန်း"(Cao Zhen) သည် ရန်သူ့နောက်ကို လိုက်ခဲ့သည်။ သို့သော် တစ်နေရာအရောက်တွင်
"မာတိုက်"(Ma Dai) နှင့် "ကျန်းဝေ"(Jiang Wei) ဦးဆောင်သည့်တပ်ပေါ်လာသည်။
တောင်ကြားနှင့်တောင်ကုန်းတို့တွင် ရန်သူများပြည့်နေသည်ကိုမြင်သောအခါ "ချောင်ကျန်း"(Cao
Zhen) မှာတုန်လှုပ်သွားခဲ့သည်။ ထို့နောက် သူ့၏ရှေ့ပြေးတပ်ခေါင်းဆောင် "ချန်ကျောက်"(Chen
Zao) သည် "မာတိုက်"(Ma Dai) လက်ချက်ဖြင့်သေဆုံးခဲ့ရာ တပ်သားတို့သည် ကျီးလန့်စာစားဖြစ်ကုန်ပြီး
ထွက်ပြေးကုန်ကြသည်။ ထိုအခါ ရှူတပ်ကြီးသည် နေ့ရောညပါ မနားပဲ ဟန်ကျုံးဘက်သို့ပြန်လည်ချီတက်ခဲ့သည်။
ချီတောင်ကြားတွင်
ကင်းပုန်းဝပ်နေသော "ကျောက်ယွင်"(Zhao Yun) နှင့် "တန်းကျီ"(Deng
Zhi) တို့သည် ရှူတပ်များပြန်ဆုတ်ခွာသွားသည်ဟုကြားသိလေရာ "ကျောက်ယွင်"(Zhao
Yun) မှ
"ကျုပ်တို့တွေ
တပ်ဆုတ်တဲ့အချိန်မှာ ဝေတပ်က သေချာပေါက်အနောက်ကနေလာတိုက်မှာပဲ။ ဒါကြောင့် ကျုပ်က အနောက်ဘက်ကိုတာဝန်ယူမယ်၊
ခင်ဗျားက ခင်ဗျားတပ်ရယ်၊ ကျုပ်တပ်အချို့ရယ်ကိုဦးဆောင်ပြီး ကျုပ်တပ်ရဲ့အလံကိုဖော်ပြီးသွားပါ။
ကျုပ်က ခင်ဗျားအနောက်က အကွာအဝေးတစ်ခုကနေလိုက်ခဲ့မယ်။ အဲ့လိုသာဆို တပ်ဖွဲ့အနောက်ပိုင်းကိုကာကွယ်နိုင်မှာဖြစ်တယ်"
ထိုအချိန်တွင်
"ကောဟွိုင်"(Guo Huai) သည် သူ၏တပ်တို့ကိုဦးဆောင်ကာ ချီတောင်ကြားသို့ရောက်လာသည်။
သူသည် ရှေ့ပြေးတပ်ခေါင်းဆောင် "စူးယုံ"(Su Yong) ကိုခေါ်ကာ ပြောသည်။
"ကျောက်ယွင်(Zhao
Yun) က ဘယ်သူမှမယှဉ်ပြိုင်နိုင်တဲ့သူရဲကောင်းပဲဖြစ်တယ်။ သူတို့တွေတပ်ဆုတ်နေတဲ့အချိန်မှာ
နောက်ကလိုက်တိုက်ရင် သူတို့ထောင်ချောက်ထဲမကျအောင် သတိထားရမယ်"
"စူးယုံ"(Su
Yong) သည် ပြုံးကာ
"စစ်သူကြီးကကျွန်တော့ကိုသာကူညီမယ်ဆိုရင်
ကျွန်တော်တို့တတွေ ဒီကျောက်ယွင်(Zhao Yun) ကိုဖမ်းနိုင်လိမ့်မယ်"
ထို့ကြောင့်
"စူးယုံ"(Su Yong) သည် တပ်သားသုံးထောင်နှင့်အတူ ရှူတပ်ကိုရင်ဆိုင်ရန်အတွက်
တောင်ကြားသို့အလျင်အမြန်ချီတက်သည်။ အဝေးမှ အနီရောင်အလံပေါ်တွင် ကျောက်ယွင်(Zhao
Yun) ဟူသောနာမည်ကိုမြင်သောအခါ လန့်ပြီး တပ်ပြန်စုပ်လာသည်။ သို့သော် ဝေးဝေးသို့မရောတ်မီ
သူ့တပ်ကြီးသည် အုတ်အော်သောင်းနင်းဖြစ်ကာ သန်စွမ်းသောသူရဲကောင်းသည် အလျင်အမြန်ရောက်လာပြီး
"မင်း
ကျောက်ယွင်(Zhao Yun) ကိုမမှတ်မိဘူးလား" ဟုဆိုသည်။ "စူးယုံ"(Su
Yong) သည် ကြောက်လန့်ကာ
"ဘယ်လိုရောက်လာတာလဲ?
နောက်ထပ် ကျောက်ယွင်(Zhao Yun) ရှိသေးလို့လား"
သို့သော်
"စူးယုံ"(Su Yong) သည် မခုခံနိုင်ပဲ ဝါရင့်စစ်သူကြီး၏လှံချက်အောက်တွင် အသက်ထွက်လေသည်။
သူ၏တပ်တို့သည်လည်း ပြိုကွဲသွားခဲ့ပြီးနောက်ဝယ် "ကျောက်ယွင်"(Zhao Yun) သည်
ပင်မတပ်ရင်းနောက်သို့ ဆက်ချီတက်သည်။
မကြာမီတွင်
"ကောဟွိုင်"(Guo Huai) ၏စစ်သူကြီးတစ်ဦးဖြစ်သော "ဝမ်ကျန်း"(Wan
Zheng) ၏တပ်ရောက်လာပြန်သည်။ ထိုအခါ "ကျောက်ယွင်"(Zhao Yun) သည် လမ်းလယ်တွင်
ခတ္တရပ်ကာ ရန်သူကိုစောင့်နေသည်။ "ဝမ်ကျန်း"(Wan Zheng) ၏တပ်သည် အနီးသို့ရောက်လာသောအခါဝယ်
အခြားသောရှူတပ်တို့မှာ ဆယ်မိုင်အကွာသို့ရောက်သွားပြီဖြစ်သော်လည်း သူ၏ရှေ့တွင်ပိတ်နေသော
"ကျောက်ယွင်"(Zhao Yun) ကိုမြင်သောအခါဝယ် တွန့်ဆုတ်ကာ ရပ်တန့်သွားသည်။ ထို့နောက်
အသက်ကြီးရင့်သောသူရဲကောင်းကိုမရင်ဆိုင်ဝံ့ပဲ နောက်ပြန်လှည့်ကာ တပ်ဆုတ်သွားခဲ့လေသည်။
ထိုအခါ
"ကောဟွိုင်"(Guo Huai) သည် မကျေနပ်ပဲ တပ်ဆုတ်သွားသောရန်သူတို့ကိုတိုက်ရန်
အမိန့်ထပ်ပေးသည်။ ထို့ကြောင့် "ဝမ်ကျန်း"(Wan Zheng) သည် မြင်းသည်တော် သုံးလေးရာခန့်ဖြင့်
ပြန်ချီတက်ခဲ့လေရာ တောအုပ်တစ်ခုအတွင်းသို့ဝင်ခါနီးတွင် "ကျောက်ယွင်(Zhao Yun)
ရောက်လာပြီ" ဟူသောအော်သံကိုကြားလိုက်ရသည်။ တပ်သားတို့သည် တုန်လှုပ်သွားကြပြီး လူအများအပြားမှာ
မြင်းပေါ်မှကျကုန်သည်။ အခြားသူတို့သည်လည်း တောင်ကုန်းပေါ်ဝယ် လူစုကွဲသွားခဲ့သည်။
"ဝမ်ကျန်း"(Wan Zheng) သည် သတ္တိမွေးကာ ရှေ့သို့ဆက်ချီတက်ခဲ့သည်။ "ကျောက်ယွင်"(Zhao
Yun) သည် မြားဖြင့်လှမ်းပစ်လိုက်ရာ ခမောက်၏ငှက်တောင်မွေးကိုထိမှန်သောကြောင့်
"ဝမ်ကျန်း"(Wan Zheng) မှာ လန့်ပြီး ရေထဲသို့ကျသွားသည်။
"ကျောက်ယွင်"(Zhao
Yun) သည် လှံဖြင့်ညွှန်ကာ
"သွားစမ်း!
ခင်ဗျားကိုမသတ်ဘူး။ ပြန်ပြီးတော့ ကောဟွိုင်(Guo Huai) ကိုပြောလိုက်၊ သူလာမယ်ဆိုရင်
မြန်မြန်လာပါ"
"ဝမ်ကျန်း"(Wan
Zheng) သည် သူ့အသက်ဘေးအတွက် ထွက်ပြေးခဲ့လေသည်။ "ကျောက်ယွင်"(Zhao Yun) သည်လည်း
တပ်နောက်ပိုင်းကိုတာဝန်ယူကာ ဟန်ကျုံးသို့ဆက်လက်ချီတက်ခဲ့သည်။ လမ်းတစ်လျှောက်တွင် မည်သည့်အဖြစ်အပျက်မှ
မဖြစ်ခဲ့ပေ။ "ချောင်ကျန်း"(Cao Zheng) နှင့် "ကောဟွိုင်"(Guo
Huai) တို့သည် နန်အန်း၊ ထျန်းစွေနှင့် အန်းတင်မြို့တို့ကိုသိမ်းနိုင်သည်မှာ သူတို့၏လုပ်ဆောင်မှုကြောင့်ဖြစ်သည်ဟု
ဆိုခဲ့သည်။
သတိကြီးသော
"စီးမာယီ"(Sima Yi) သည် ရှူတပ်ကိုနောက်မှမလိုက်နိုင်မီ ရန်သူ့တပ်မှာ ဟန်ကျုံးသို့ရောက်သွားခဲ့လေပြီ။
သူသည် မြင်းသည်တော်အချို့ကိုဦးဆောင်ကာ ရှီးချန်သို့သွားသောအခါ တောင်ကုန်းဘက်သို့ထွက်ပြေးတိမ်းရှောင်သွားသည့်လူအချို့
ပြန်ရောက်လာသည်ကိုတွေ့သည်။ ထိုသူတို့မှာ "ကျူးကဲလျန့်"(Zhuge Liang) မှာ
အမှန်တကယ်ပင် စစ်သားမရှိကြောင်း၊ တပ်သား နှစ်ထောင့်ငါးရာသာရှိခဲ့သည့်အပြင် ဦးဆောင်ရန်စစ်သူကြီးလည်း
မရှိကြောင်း၊ မြို့တွင်းဝယ် အရပ်ဘက်အမှုထမ်းများသာ ရှိခဲ့ကြောင်းပြောလေသည်။ ထို့အပြင်
"ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) တို့သည်
တောင်ကုန်းတွင် ကျယ်လောင်သောအသံတို့လုပ်သည့်အခါဝယ် တပ်အနည်းငယ်သာရှိကြောင်း ကြားသိကြသည်။
"စီးမာယီ"(Sima
Yi) သည် လှည့်စားခံလိုက်ရသောကြောင့် ဝမ်းနည်းသွားကာ
"ကျူးကဲလျန့်(Zhuge
Liang) က ကျုပ်ထက်တော်တဲ့လူတစ်ယောက်ပဲ" ဟုဆိုကာ သက်ပြင်းချခဲ့သည်။
ထို့နောက် ငြိမ်ဝပ်ပိပြားရန်အတွက်
လုပ်ဆောင်မှုများပြုလုပ်ပြီးနောက် ချန်အန်းသို့ပြန်ချီတက်သည်။ ဝေဧကရာဇ်သည် သူ၏အောင်မြင်မှုကြောင့်
ကျေနပ်ပြီး
"ရှီးကျိုးကိုပြန်လည်ရယူနိုင်တာဟာ
ခင်ဗျားရဲ့လုပ်ဆောင်မှုတွေကြောင့်ဖြစ်တယ်"
"ဒါပေမယ့်
ရှူတပ်ကြီးဟာ ဟန်ကျုံးမှာ အခိုင်အမာရှိပါသေးတယ်။ ဒါကြောင့် အနောက်ဘက်မြစ်ပြည်နယ်ကိုပါသိမ်းနိုင်ဖို့အတွက်
စစ်ချီခွင့်ပေးစေလိုပါတယ်"
"ချောင်ရေ့"(Cao
Rui) ကလည်း ဝမ်းမြောက်စွာဖြင့် ခွင့်ပြုလိုက်လေသည်။ ထိုအခါ နန်းတွင်းသားတစ်ဦးမှ
"ရှူတွေကိုအနိုင်ယူပြီး
ဝူတွေလက်နက်ချနိုင်အောင်လုပ်နိုင်မယ့် အကြံအစည် ကျွန်တော်မျိုးမှာရှိပါတယ်"
Comments