သုံးနိုင်ငံခေတ်(၉၇)


အခန်း(၉၇) "ကျူးကဲလျန့်"(Zhuge Liang) သည် ဒုတိယအကြိမ် သဝဏ်လွှာဆက်သပြီးနောက် ဝေပြည်ကိုထပ်မံတိုက်ခဲ့ခြင်း။
"ကျန်းဝေ"(Jiang Wei) သည် စာအတုပြုလုပ်ကာ မြောက်ပိုင်းတပ်ကိုအနိုင်ယူခြင်း။

ကျန့်ရှင့်နှစ်ဆဌမနှစ် ဆောင်းဦးရာသီ (အေဒီ ၂၂၉ ခု)
ဝူပြည် "လုရွှင့်"(Lu Xun) ၏ခုခံမှုအောက်ဝယ် ဝေတပ်ကြီးသည် အကြီးအကျယ်ဆုံးရှုံးခဲ့ရလေသည်။ "ချောင်ရှို့"(Cao Xiu) သည်လည်း သူ၏စစ်ရှုံးနိမ့်မှုကြောင့် ဝမ်းနည်းပြီး နေမကောင်းဖြစ်ကာ မကြာမီတွင်ပင် လော့ရန်မြို့၌ ကွယ်လွန်သွားခဲ့သည်။ ဝေဧကရာဇ် "ချောင်ရေ့"(Cao Rui) ၏အမိန့်ဖြင့် "ချောင်ရှို့"(Cao Xiu) အား ကောင်းမွန်စွာသဂြိုဟ်စေခဲ့သည်။ ထိုအခါ "စီးမာယီ"(Sima Yi) သည်လည်း အိမ်သို့ပြန်လာခဲ့လေသည်။ အခြားသောအမှုထမ်းတို့က သူ့ကိုကြိုဆိုပြီးနောက်
"စစ်သူကြီး ချောင်ရှို့(Cao Xiu) စစ်ရှုံးရတာဟာ ခင်ဗျားကြောင့်လည်း နည်းနည်းပါတယ်မဟုတ်လား? ဘာကြောင့်များ အလျင်စလိုပြန်လာရသေးတာလဲ"
"ကျုပ်က စစ်ဗျူဟာတွေအတွက် ပြန်လာရတာဖြစ်တယ်။ ကျုပ်စစ်ရှုံးတာကို ကျူးကဲလျန့်(Zhuge Liang) က သိရင် ချန်အန်းကိုတိုက်ဖို့လုပ်လိမ့်မယ်။ အကယ်၍ ကျုပ်သာပြန်မလာခဲ့ရင် အနောက်ဘက်တစ်ခုလုံးဒုက္ခရောက်ရလိမ့်မယ်"
သူတို့သည် နားထောင်ပြီး "စီးမာယီ"(Sima Yi) သည် ကြောက်ရွံ့နေသည်ဟုထင်ကာ ပြုံးလေသည်။

 ဝူပြည်မှစာသည် ရှူသို့ရောက်ရှိလာခဲ့ပြီး သူတို့စစ်နိုင်သည့်အကြောင်းကိုပြောပြီးနောက် နှစ်ဦးနှစ်ဖက်လုံးပူးပေါင်းကာ ဝေကိုတိုက်ရန် အကြံပြုခဲ့သည်။ ထိုစာနှစ်စောင်ထဲတွင် တိုင်းပြည်နှစ်ပြည်၏ရင်းနှီးမှုကို အဓွန့်ရှည်စေပြီး မိမိတို့၏ကြီးကျယ်ခမ်းနားမှု၊ အင်အားတို့အကြောင်းကိုဖော်ပြပြီး ထပ်မံငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည်။ ဒုတိယဧကရာဇ်သည်လည်း ဝမ်းမြောက်ကာ ထိုစာတို့ကို ဟန်ကျုံးတွင်ရှိနေသော "ကျူးကဲလျန့်"(Zhuge Liang) ထံပို့စေသည်။
ထိုအချိန်တွင် စစ်တပ်ကြီးမှာ အကောင်းဆုံးသောအခြေအနေတွင်ရှိနေခဲ့ပြီး တပ်သားတို့မှာလည်း သန်စွမ်းကာ မြင်းတို့မှာလည်း ကြံ့ခိုင်နေခဲ့သည်။ ထို့အပြင် ရိက္ခာတို့သည်လည်း ပေါကြွယ်ဝနေခဲ့သည်။ ထိုသို့သောကောင်းမွန်သည့်အခြေအနေတို့ကြောင့် "ကျူးကဲလျန့်"(Zhuge Liang) သည် နောက်ထပ်စစ်ဆင်နွှဲရန် အကြံပြုလိုခဲ့သည်။
ဧကရာဇ်ပို့လိုက်သောစာရောက်လာသောအခါဝယ် စားသောက်ပွဲကျင်းပပြီးနောက် စစ်ချီတက်မည့်အကြောင်းကိုဆွေးနွေးကြသည်။ ထိုစဉ် အရှေ့မြောက်ဘက်မှလေပြင်းတစ်ချက်တိုက်ကာ စစ်သူကြီးစခန်း၏အရှေ့ဘက်တွင်ရှိသော အပင်ကြီးတစ်ပင်လဲကျသွားခဲ့သည်။ ထိုအခြင်းအရာမှာ မကောင်းသောနိမိတ်ဖြစ်သောကြောင့် အမှုထမ်းတို့သည် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ၎င်းလက္ခဏာမှာမည်သည်ကိုဖော်ညွှန်းသည်ကိုသိရန် စာချကြည့်ပြီးနောက်
"ဒါက ကြီးကျယ်တဲ့ခေါင်းဆောင်တစ်ဦးဆုံးရှုံးရမယ်ဆိုတဲ့နိမိတ်ပဲ"
အမှုထမ်းတို့က မယုံကြည်ကြပေ။

မကြာခင်တွင်ပင် "ကျောက်ယွင်"(Zhao Yun) ၏သားနှစ်ဦးဖြစ်သော "ကျောက်ထုံ"(Zhao Tong) နှင့် "ကျောက်ကွမ်"(Zhao Guan) ရောက်လာကာ ဝန်ကြီးချုပ်နှင့်တွေ့လိုကြောင်းဆိုသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ထိုအကြောင်းကိုကြားသည်နှင့် ဝမ်းနည်းသွားခဲ့ပြီး ဝိုင်ခွက်ကိုပစ်ချကာ ငိုလေသည်။
"လက်စသတ်တော့ ဒါပဲကိုး။ ကျောက်ယွင်(Zhao Yun) မရှိတော့ဘူး"
လူငယ်နှစ်ဦးဝင်လာကာ ဒူးထောက်ပြီး ငိုယိုခဲ့သည်။
"ကျွန်တော်တို့အဖေဟာ ညကသုံးချက်တီးအချိန်မတိုင်ခင်မှာ ကွယ်လွန်သွားခဲ့ပါတယ်"
"ကျူးကဲလျန့်"(Zhuge Liang) သည် ဒယိမ်းဒယိုင်ဖြစ်သွားကာ ဝမ်းနည်းစွာမှတ်ချက်ပြုသည်။
"ကျုပ်မိတ်ဆွေကြီးတော့ ထွက်သွားခဲ့ပြီ။ တိုင်းပြည်ကြီးရဲ့အလင်းတန်းကြီးပျောက်ကွယ်သွားသလို ကျုပ်ရဲ့ညာဘက်လက်လည်း ပြုတ်သွားခဲ့ပြီ"

ဘေးတွင်ရှိသောသူတို့သည်လည်း မျက်ရည်သုတ်နေခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် လူငယ်လေးနှစ်ဦးကို ချန်တူးသို့သွားစေပြီး ထိုသတင်းကို ဧကရာဇ်ထံအကြောင်းကြားစေသည်။ ဧကရာဇ်သည် ထိုအကြောင်းကြားသောအခါ ငိုလေသည်။
"ကျောက်ယွင်(Zhao Yun) က ကျုပ်မိတ်ဆွေဖြစ်သလို ကျုပ်ရဲ့အသက်သခင်ကျေးဇူးရှင်လည်းဖြစ်တယ်။ ကျုပ်ငယ်စဉ်တုန်းက စစ်ပွဲကြီးကြားမှာ ကျုပ်ကိုကယ်ခဲ့တယ်"
ထို့နောက် "ကျောက်ယွင်"(Zhao Yun) ကို ထိပ်တန်းစစ်သူကြီးရာထူးနှင့် ရွှံ့ဖင်သခင်ဘွဲ့တို့ကိုပေးအပ်ကာ ပိုးထည်တောင်ကုန်း၏အရှေ့ဘက်တွင် မြှုပ်နှံခွင့်ပေးခဲ့သည်။ သူ့အားအမှတ်ရသည့်အနေဖြင့် ကျောင်းဆောင်ဆောက်လုပ်စေပြီး လေးရာသီပတ်လုံးပူဇော်စေခဲ့သည်။ ဧကရာဇ်သည် ကွယ်လွန်သွားသောခေါင်းဆောင်၏ကျေးဇူးတို့အတွက် ကောင်းမွန်စွာသဂြိုဟ်စေရုံတင်မက ကျန်ရစ်ခဲ့သောသားတို့အားလည်း ကောင်းမွန်စွာဆက်ဆံခဲ့သည်။ သားအကြီး "ကျောက်ထုံ"(Zhao Tong) ကို ကျားတပ်စစ်သူကြီးအဖြစ်ခန့်အပ်ကာ အငယ် "ကျောက်ကွမ်"(Zhao Guan) ကို စံပြစစ်သူကြီးရာထူးပေးခဲ့သည်။ အုတ်ဂူကိုစောင့်ကြပ်ရန်အတွက် အစောင့်များကိုလည်းစေလွှတ်ခဲ့သည်။
ထိုသားနှစ်ဦးထွက်သွားသောအခါဝယ် ဝန်ကြီးတို့က ဧကရာဇ်ကိုအကြောင်းကြားသည်။
"စစ်တပ်ကြီးပြင်ဆင်မှုတွေပြီးဆုံးသွားပြီမို့ ဝန်ကြီးချုပ်က အချိန်မလင့်စေပဲ ဝေပြည်ကိုတိုက်လိုပါတယ်"

ထိုအကြောင်းကို ညီလာခံတွင်ဆွေးနွေးခဲ့ကြပြီး အမတ်ကြီးတို့မှာ သတိကြီးကြီးဖြင့်သာ နေလိုကြပြီး စစ်တိုက်ရန်အနည်းငယ်ကြောက်ရွံ့နေသည်ကို ဒုတိယဧကရာဇ်မှ သတိထားမိသည်။ ထို့ကြောင့် ဧကရာဇ်သည်လည်း သံသယဖြစ်နေခဲ့ပြီးမဆုံးဖြတ်နိုင်ဖြစ်နေသည်။ ထိုအချိန်တွင် "ကျူးကဲလျန့်"(Zhuge Liang) ထံမှသဝဏ်လွှာရောက်လာပြီး စာကိုသယ်ဆောင်လာသူမှာ "ရန်ယီ"(Yang Yi) ဖြစ်သည်။ "ရန်ယီ"(Yang Yi) ကို ဧကရာဇ်ရှေ့မှောက်သို့ဝင်စေကာ စာကိုနန်းတွင်းစားပွဲပေါ်တွင်တင်လျက် ဖတ်ရှုခဲ့သည်။
'သူပုန်တွေက ပြိုင်ဘက်နိုင်ငံထောင်ပြီးတော့ မင်းမျိုးနွယ်အစစ်အမှန်တွေကိုဩဇာဆုတ်ယုတ်စေမှာကို ပထမဧကရာဇ်က စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဧကရာဇ်ဟာ ရန်သူတွေကိုတိုက်ခိုက်ဖို့အတွက် ကျွန်တော်မျိုးကိုတာဝန်ပေးခဲ့တယ်။ ကျွန်တော်မျိုးဟာ အားနည်းပြီး သန်စွမ်းတဲ့ရန်သူတွေကိုခုခံနိုင်စွမ်းမရှိဘူးဆိုတာ ပထမဧကရာဇ်က ကျွန်တော်မျိုးအပေါ် အကဲဖြတ်ပြီးသိခဲ့ပေမယ့်လည်း ရန်သူတွေကိုမတိုက်ရင် တိုင်းပြည်ကြီးဟာဒုက္ခရောက်ရမှာဖြစ်တာကြောင့် ကျွန်တော်မျိုးကို ဒီတာဝန်ပေးခဲ့တယ်။ ဒါဟာ ရန်သူတွေလာဖြိုခွဲတာကို ဒီအတိုင်းပဲ လက်ပိုက်ပြီးစောင့်နေရမလား၊ လက်ဦးမှုရယူပြီးရန်သူတွေကိုတိုက်ရမလားဆိုတဲ့ လမ်းနှစ်သွယ်ပဲရှိလို့ဖြစ်တယ်။ ဒါကြောင့် ပထမဧကရာဇ်ဟာ ကျွန်တော်မျိုးကို ဒီတာဝန်ပေးဖို့ မတုံ့နှေးခဲ့ဘူး။

ကျွန်တော် ဒီတာဝန်ကိုလက်ခံရတဲ့အချိန်မှာ မအိပ်နိုင်မစားနိုင်ဖြစ်ခဲ့ရတယ်။ မြောက်ပိုင်းကိုတိုက်ခိုက်မယ်လို့ကြံစည်တဲ့အချိန်မှာ ပထမဆုံးတောင်ပိုင်းကိုငြိမ်းချမ်းအောင်လုပ်ရမယ်လို့ တွေးမိတော့ နွေရာသီရဲ့အပူဒဏ်တွေကိုရင်ဆိုင်ပြီး မန်တိုင်းပြည်တွေရဲ့တောနက်ကြီးတွေထိဝင်ခဲ့တယ်။ ကျွန်တော်မျိုးဟာ နှစ်ရက်ကြာမှထမင်းတစ်နပ်သာစားခဲ့ရတယ်။ ဒါဟာ ကျွန်တော်မျိုးက ကိုယ့်ကိုယ်ကို ဒုက္ခရောက်စေချင်လို့မဟုတ်ပဲ ရှူပြည်မှာပဲနေမယ်ဆိုရင် လုံခြုံနေမှာမဟုတ်သလို ပထမဧကရာဇ်ရဲ့နောက်ဆုံးဆန္ဒကိုလည်း ဖြည့်ဆည်းနိုင်မှာမဟုတ်တာကြောင့် အန္တရာယ်တွေကြားက ဖြတ်သန်းခဲ့ရတယ်။ ဒါပေမယ့် တချို့သူတွေက ဒီအကြံကအကောင်းဆုံးမဟုတ်ဘူးဆိုပြီး ငြင်းခုန်နေကြတယ်။ ဒီအချိန်မှာ ရန်သူတွေဟာ အနောက်ဘက်မှာလည်း အင်အားနည်းနေခဲ့သလို အရှေ့ဘက်မှာလည်း ဗျာပါသောကများနေရတယ်။ စစ်ဗျူဟာအရဆိုရင် ရန်သူတွေအင်အားနည်းနေတဲ့အချိန်ကိုအခွင့်ကောင်းယူရမှာဖြစ်တာကြောင့် ဒီအချိန်ဟာ တိုက်ခိုက်ရမယ့်အချိန်ကောင်းပဲဖြစ်တယ်။

ကျွန်တော့ကိုဆက်လက်ပြီး ရှင်းပြခွင့်ပြုပါ။
ကောက်ကျုဧကရာဇ်ရဲ့အမြော်အမြင်ဟာ နေလိုလလိုထွန်းလင်းခဲ့တယ်။ သူ့ရဲ့စစ်ဗျူဟာမှူးတွေဟာလည်း သာလွန်တဲ့ဉာဏ်နဲ့ ရေရှည်ကိုမြင်နိုင်စွမ်းတွေရှိတယ်။ ဒါပေမယ့် ငြိမ်းချမ်းမှုကိုမရခင်မှာ သူက အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေကြုံခဲ့ရပါသေးတယ်။ အခုအချိန်မှာ အရှင်မင်းကြီးရဲ့အခြေအနေဟာ ကောက်ကျူဧကရာဇ်နဲ့ကွာခြားပါတယ်။ အရှင်မင်းကြီးရဲ့အတိုင်ပင်ခံတွေဟာ လျန့်(ကျန်းလျန့်) နဲ့ဖင်(ချန်ဖင်) တို့ကိုမယှဉ်နိုင်ပါဘူး။ ဒါကိုတောင်မှ အရှင်မင်းကြီးက ရေရှည်ဗျူဟာကိုအသုံးချပြီး တိုင်းပြည်ကြီးကိုစုစည်းလိုတဲ့ဆန္ဒရှိတယ်။ ဒါဟာ ကျွန်တော်မျိုးမပေါ့လျော့ဝံ့တဲ့ ပထမအချက်ဖြစ်ပါတယ်။
လျှူယောင်(Liu Yao) နဲ့ ဝမ်လန်(Wang Lang) တို့ဟာ ပြည်နယ်ကြီးတွေ၊ ထိန်းချုပ်ခံဒေသတွေကိုအုပ်စိုးခဲ့ကြတယ်။ သူတို့တွေဟာ ရှေးတုန်းကပညာရှိတွေလမ်းစဉ်ကိုလိုက်တယ်လို့ဆိုပြီးတော့ ငြိမ်းချမ်းမှုအတွက်ဗျူဟာတွေဆွေးနွေးနေခဲ့ပေမယ့် အမှန်မှာတော့ သူတို့ဟာ စိုးရိမ်ပူပန်နေခဲ့ကြတယ်။ သူတို့တွေဟာ တစ်နှစ်ပြီးတစ်နှစ်ကြာသည့်တိုင် စစ်မတိုက်လိုခဲ့ကြဘူး။ ဒါကြောင့် စွန်းချဲ့(Sun Ce) ဟာ ပိုအင်အားကြီးလာခဲ့ပြီး ကျန်းတုန်းပြည်နယ်ကိုအောင်နိုင်ခဲ့တယ်။ ဒါဟာ ကျွန်တော်မျိုးမပေါ့လျော့ဝံ့တဲ့ဒုတိယအချက်ဖြစ်ပါတယ်။

ချောင်ချောင်းရဲ့ဉာဏ်ရည်ဟာအင်မတန်မှသာလွန်ထူးကဲပြီး သူ့စစ်ဗျူဟာစွမ်းရည်ဟာ စွန်း(ဆွန်ဇု) နဲ့ ဝူ(ဝူချိ) တို့နဲ့ယှဉ်နိုင်တယ်။ သူဟာ နန်ရန်၊ ဝူချောင်၊ ချီလျန်၊ လီယန်နဲ့ပေစန်းတို့မှာ အခက်အခဲတွေကြုံခဲ့ရပြီး ထုံမန်ခံတပ်မှာ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တယ်။ ဒါပေမယ့် သူဟာ ဒါတွေကိုဖြတ်ကျော်ပြီး ငြိမ်ဝပ်ပိပြားအောင်လုပ်ဆောင်နိုင်ခဲ့တယ်။ ကျွန်တော်က အရည်အချင်းမရှိသော်ငြားလည်း ငြိမ်းချမ်းမှုအတွက် အန္တရာယ်ကိုရင်ဆိုင်ခဲ့တယ်။ ဒါက ကျွန်တော်မျိုးမပေါ့လျော့ဝံ့တဲ့ တတိယအကြောင်းအရင်းဖြစ်ပါတယ်။
ချောင်ချောင်းက ချန်ပါးကို ငါးကြိမ်တိုက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ သူက ချောင်မြစ်ကိုလေးကြိမ်ကူးဖို့ကြိုးစားပေမယ့် မရခဲ့ဘူး။ သူက လီဖူ(Li Fu) ကိုရာထူးပေးခဲ့ပေမယ့် လီဖူ(Li Fu) က သူ့ကို ဒုက္ခပေးဖို့ကြိုးစားခဲ့တယ်။ သူက ရှဟိုကိုလွှတ်လိုက်ပေမယ့် ရှဟိုက အသတ်ခံခဲ့ရတယ်။ ချောင်ချောင်း(Cao Cao) က အင်မတန်မှထူးချွန်ပေမယ့်လို့ သူ့မှာလည်း ရှုံးနိမ့်မှုဆိုတာတွေရှိခဲ့ဖူးတယ်လို့ ပထမဧကရာဇ်ကပြောခဲ့ဖူးတယ်။ ကျွန်တော့အရည်အချင်းက ညံ့ဖျင်းတာကြောင့် သေချာပေါက်စစ်အောင်နိုင်ရမယ်လို့ ကျွန်တော်အာမမခံရဲပါဘူး။ ဒါဟာ ကျွန်တော်မျိုးမပေါ့လျော့ဝံ့တဲ့စတုတ္ထအချက်ဖြစ်ပါတယ်။
ကျွန်တော်မျိုး ဟန်ကျုံးမှာရှိနေခဲ့တာ တစ်နှစ်လောက်ရှိပါပြီ။ ဒီတစ်နှစ်အတွင်းမှာ ကျောက်ယွင်(Zhao Yun) ၊ ရန်ချွင်(Yang Qun) ၊ မာယွီ(Ma Yu) ၊ ရန်ကျီ(Yan Zhi) ၊ တင်းလီ(Ding Li) ၊ ပိုင်ရှို့(Bai Shou) ၊ လျူဟဲ(Liu He) ၊ တန်းထုံ(Deng Tong) အပါအဝင် အမှုထမ်းပေါင်းခုနစ်ဆယ်ကျော်ကိုဆုံးရှုံးခဲ့ရတယ်။ ဒါ့အပြင် ထူကျန်းနဲ့ဝူချန်(ရှူလက်ရွေးစင်တပ်တို့၏နာမည်) တို့ကိုလည်း ဆုံးရှုံးခဲ့ရတယ်။ ချုံး၊ စို၊ ချင်းချန်း စတဲ့ခြေလျင်တပ်တွေအပြင် စန်းချီ၊ ဝူချီစတဲ့ မြင်းသည်တော်တပ်တွေ စုစုပေါင်း တစ်ထောင်ကျော်ကိုဆုံးရှုံးခဲ့ရတယ်။ ဒီတပ်တွေဟာ ပြည်နယ်တစ်ခု၊ နယ်မြေတစ်ခုတည်းကမဟုတ်ပဲ နယ်ပယ်ပေါင်းများစွာက ဆယ်နှစ်ကျော်ကြာအောင် စုစည်းလေ့ကျင့်ထားရတဲ့တပ်တွေဖြစ်တယ်။ နှစ်အနည်းငယ်ကြာရင် ကျွန်တော်တို့ခုရှိတာထက် သုံးပုံနှစ်ပုံကိုသာ ဆုံးရှုံးမယ်ဆိုရင် ရန်သူတွေကိုတိုက်ခိုက်လို့ရော ရနိုင်ပါဦးမလား? ဒါဟာ ကျွန်တော်မျိုးမပေါ့ဆဝံ့တဲ့ပဉ္စမအကြောင်းအရင်းပဲဖြစ်ပါတယ်။

အခုအချိန်မှာ ကျွန်တော်တို့လူတွေကော၊ တပ်သားတွေပါ ပင်ပန်းနေပေမယ့် တိုက်ပွဲကိုရပ်တန့်လို့မဖြစ်ပါဘူး။ ကျွန်တော်တို့တိုက်ခိုက်ဖို့ပြင်ဆင်တဲ့အခါ စိုက်ထုတ်ရတဲ့လုံ့လနဲ့အသုံးချရတဲ့အရင်းအမြစ်တွေဟာ ရန်သူတွေလာရင်ကာကွယ်ဖို့ အသုံးချရတာနဲ့ အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့် ရန်သူတွေဝင်လာတဲ့အခါမှ ပြည်နယ်တစ်ခုတည်းရဲ့ခွန်အားနဲ့ခုခံမယ့်အစား အခုအချိန်မှာ ဘာကြောင့်များရန်သူတွေကိုတိုက်ဖို့မလုပ်ရတာလဲ? ဒါဟာ ကျွန်တော်မျိုးမပေါ့လျော့ဝံ့တဲ့ ဆဌမအကြောင်းအရင်းပဲဖြစ်တယ်။
စစ်ပွဲဆိုတာဟာ ခန့်မှန်းရခက်ခဲတယ်။ ပထမဧကရာဇ်ဟာ ကျင်ကျိုးမှာစစ်ရှုံးသွားတော့ ချောင်ချောင်းက လက်ခုပ်လက်ဝါးတီးပြီး တိုင်းပြည်ကြီးကိုသိမ်းနိုင်ပြီလို့ဆိုခဲ့တယ်။ ဒါပေမယ့် ပထမဧကရာဇ်ဟာ ဝူနဲ့ယွဲ့တို့နဲ့မဟာမိတ်ဖွဲ့ပြီး အနောက်ဘက်က ပါးနဲ့ရှူပြည်နယ်တို့ကိုသိမ်းခဲ့တယ်။ ဒါ့အပြင် သူ့တပ်တွေကိုဦးဆောင်ပြီး မြောက်ပိုင်းကိုတိုက်ခိုက်ပြီးတော့ ရှဟိုရဲ့ခေါင်းကိုဖြတ်နိုင်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဝူပြည်က သစ္စာဖောက်ပြီး ကွမ်းယွီ(Guan Yi) သေဆုံးခဲ့ရတယ်။ ကျွန်တော်တို့တွေ ကျီကွေ့မှာစစ်ရှုံးခဲ့တယ်။ ချောင်ဖီ(Cao Pi) က သူ့ကိုယ်သူ ဧကရာဇ်အဖြစ် ကြေညာခဲ့တယ်။ ဒီအရာတွေဟာ လုံးဝမှန်းဆလို့မရခဲ့တာတွေဖြစ်တယ်။ ကျွန်တော်မျိုးဟာ ဒီတာဝန်ကို အရိုးကြေအရေခန်းသည့်တိုင် ထမ်းရွက်မှာဖြစ်ပြီး မသေဆုံးသရွေ့ ရပ်တန့်မှာမဟုတ်ပါဘူး။ ကျွန်တော့အစွမ်းအစက မရှိတာကြောင့် အနာဂတ်က ခက်ခဲမယ်၊ လွယ်ကူမယ်၊ အောင်မြင်မယ်၊ ရှုံးနိမ့်မယ်ဆိုတာ မပြောနိုင်ပေမယ့် ကျွန်တော်က ဒီတာဝန်ကိုဆက်ပြီးထမ်းဆောင်သွားမှာဖြစ်ပါတယ်'
ဒုတိယဧကရာဇ်သည်လည်း လက်ခံသွားကာ "ကျူးကဲလျန့်"(Zhuge Liang) အား စစ်ချီရန်အမိန့်ပေးခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ကောင်းစွာလေ့ကျင့်ထားသော တပ်သားသုံးသိန်းကိုဦးဆောင်ပြီး "ဝေရန်"(Wei Yan) သည် ပထမတပ်မကြီးကိုတာဝန်ယူကာ ချန်ချန်းသို့ အလျင်အမြန်ချီတတ်တတ်သည်။ ထိုသတင်းသည် လော့ရန်သို့ရောက်သောအခါ "စီးမာယီ"(Sima Yi) မှ ဝေဧကရာဇ်ကိုအကြောင်းကြားခဲ့ပြီးနောက် ဧကရာဇ်မှ အစည်းအဝေးပြုစေသည်။
ထိုအခါ "ချောင်ကျန်း"(Cao Zhen) မှ
"ကျွန်တော် ရှီးကျိုးကိုမထိန်းသိမ်းနိုင်ခဲ့တာကြောင့် ရှက်ဖွယ်လိလိဖြစ်ခဲ့ရတယ်။ ဒါကြောင့် ကျွန်တော့ကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးရင် ကျူးကဲလျန့်(Zhuge Liang) ကိုဖမ်းလာခဲ့ပါ့မယ်။ အခုနောက်ပိုင်းမှာ တပ်သားတွေကိုဦးဆောင်ဖို့အတွက် ယုံကြည်အားထားရတဲ့လူတစ်ယောက်တွေ့ထားတယ်။ သူက ပေါင်ကိုးဆယ်လေးတဲ့ဓားကိုကိုင်နိုင်ပြီး လျင်မြန်ပြီးကြမ်းတမ်းတဲ့မြင်းကိုစီးပြီးတော့ ပေါင်သုံးရာအလေးချိန်ရှိတဲ့လေးကို ကွေးအောင်လုပ်နိုင်သူဖြစ်တယ်။ ဒါ့အပြင် သူက ကြိုးတပ်သံလုံးသုံးခုကိုဖွက်ပြီး ကိုင်ဆောင်လေ့ရှိပြီးတော့ ချိန်ရင်မလွဲပါဘူး။ ဒီလိုသတ္တိရှိလွန်းတာကြောင့် ဘယ်သူမှသူ့ကိုမရင်ဆိုင်ဝံ့ဘူး။ သူက ရှီးကျိုးနယ် တိတောက်ကဖြစ်ပြီး သူ့နာမည်က ဝမ်ရွှမ်း(Wang Shuang) ဖြစ်ပါတယ်။ သူ့ကို ကျွန်တော့စစ်တပ်ရဲ့ရှေ့ပြေးစစ်သူကြီးအဖြစ် ခန့်အပ်ဖို့ ထောက်ခံပါတယ်"

"ချောင်ရေ့"(Cao Rui) က လက်ခံကာ ထိုသူကိုအတွင်းသို့ဝင်လာစေသည်။ ထိုဝင်လာသူမှာ အရပ်ရှည်ပြီး မည်းကြုတ်သောအသားအရည်ရှိကာ နီညိုရောင်မျက်လုံးများရှိသည်။ တင်မှာ ဝက်ဝံကဲ့သို့ကြံ့ခိုင်ပြီး နောက်ကျောမှာ ကျားကဲ့သို့ပျော့ပြောင်းသည်။
"ဒီလူသာရှိရင် ဘယ်သူ့ကိုမှကြောက်စရာမလိုဘူး" ဟု "ချောင်ရေ့"(Cao Rui) မှပြောဆိုလျက် ရယ်မောခဲ့သည်။ ထို့နောက် သူရဲကောင်းအသစ်အား လက်ဆောင်များ၊ ပိုးထည်၊ ရွှေသံချပ်ကာတို့ကိုရက်ရောစွာပေးကမ်းခဲ့သည်။ ထို့အပြင် ကျားကဲ့သို့ဂုဏ်သိန်ရှိသောစစ်သူကြီးဟူသောဘွဲ့ကိုပေးကာ စစ်တပ်အသစ်၏ရှေ့ပြေးတပ်ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့လေသည်။ "ချောင်ကျန်း"(Cao Zhen) ကိုမူ စစ်သေနာပတိအဖြစ်ခန့်အပ်ခဲ့သည်။
"ချောင်ကျန်း"(Cao Zhen) သည် သွားခွင့်တောင်းကာ နန်းတော်မှထွက်လာခဲ့သည်။ ထို့နောက် သူ၏လက်ရွေးစင်တပ်သားတစ်သိန်းငါးသောင်းကိုစုစည်းပြီးနောက် "ကောဟွိုင်"(Guo Huai) ၊ "ကျန်းဟဲ"(Zhang He) တို့ကိုခေါ်ကာ မည်သည့်ဗျူဟာမြောက်အရပ်တို့အား ကာကွယ်ရမည်ကို တိုင်ပင်ခဲ့သည်။

ရှူတပ်ကြီးသည် ကင်းထောက်တို့ကို ချန်ချန်းအထိစေလွှတ်ခဲ့လေသည်။ ထိုကင်းထောက်တို့ပြန်လာပြီး သတင်းပို့ကြလေ၏။
"အဲ့နေရာမှာ တံတိုင်းကြီးဆောက်ထားပြီး စစ်သူကြီး ဟောင်ကျောင်း(Hao Zhao) ဆိုတဲ့သူက တာဝန်ကျပါတယ်။ ခံတပ်က အင်မတန်ခိုင်မာပြီးတော့ အတားအဆီးတွေလည်းရှိပါသေးတယ်။ ဒါကြောင့် သိမ်းရခက်ခဲတဲ့ချန်ချန်းကိုသိမ်းမယ့်အစား ချီစန်းကိုသွားသင့်ပါတယ်။ထိုက်ပေါ်တောင်ကနေ ချီစန်းကိုသွားရင် တကွေ့တပတ်ကြီးဖြစ်ပေမယ့် သွားလို့တော့ ဖြစ်နိုင်ပါတယ်"
သို့သော် "ကျူးကဲလျန့်"(Zhuge Liang) မှ ငြင်းခဲ့သည်။
"ချန်ချန်းရဲ့မြောက်ဘက်မှာ ကျဲ့ထင်ရှိတာကြောင့် ဆက်ပြီးချီတက်ဖို့အတွက်ဆို ဒီမြို့ကိုသိမ်းမှဖြစ်မယဒေါလွှတ်ပြီး ချန်ချန်းကိုသိမ်းစေခဲ့သည်။ သူသည် ရက်ပေါင်းများစွာကြာသော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ပြန်လာပြီး ထိုနေရာမှာထိုးဖောက်၍မရနိုင်ကြောင်း ခေါင်းဆောင်ဖြစ်သူကို ပြန်ပြောခဲ့သည်။  "ကျူးကဲလျန့်"(Zhuge Liang) သည် ဒေါသထွက်ကာ "ဝေရန်"(Wei Yan) ကို သေဒဏ်ပေးရန်ပြုသော်လည်း အမှုထမ်းတစ်ဦးမှထွက်ပြီး ပြောသည်။
"ကျွန်တော် ဝန်ကြီးချုပ်နောက်လိုက်ခဲ့တာ အချိန်ကြာပါပြီ။ ဒါပေမယ့် ဘာမှမစွမ်းဆောင်နိုင်ခဲ့သေးဘူး။ ဒါကြောင့် ကျွန်တော် ချန်ချန်းကိုသွားပြီးတော့ ဟောင်ကျောင်း(Hao Zhao) ကိုလက်နက်ချဖို့တိုက်တွန်းကြည့်ပါ့မယ်။ ဒါဆို ကျွန်တော်တို့တပ်ကြီး မြားတစ်ချောင်း၊ လေးတစ်လက်တောင် သုံးရမှာမဟုတ်ဘူး"
အခြားသောသူတို့မှကြည့်ရှုရာ ထိုပြောသူမှာ အကြံပေး "ကျင်းရှန်"(Jin Xiang) ဖြစ်ကြောင်းသိလေသည်။

"ခင်ဗျားက သူ့ကိုဘယ်လိုသိမ်းသွင်းမလဲ? ဘာပြောမယ်လို့စိတ်ကူးထားလဲ"
"ကျွန်တော်နဲ့ဟောင်ကျောင်း(Hao Zhao) ဟာ ရှီးကျိုးကဖြစ်ပြီး ငယ်ငယ်ကတည်းက သိကျွမ်းတဲ့သူငယ်ချင်းတွေဖြစ်ပါတယ်။ ကျွန်တော်သူနဲ့တွေ့ရင် သူလက်နက်ချအောင်ပြောဆိုပြီး တိုက်တွန်းပါ့မယ်"
ထို့ကြောင့် "ကျင်းရှန်"(Jin Xiang) အား ကြိုးစားကြည့်ရန်လွှတ်လိုက်ရာ ချန်ချန်းမြို့ရိုးဆီသို့ အလျင်အမြန်ထွက်သွားခဲ့သည်။ ထို့နောက် သူမှ
"သူငယ်ချင်း ဟောင်ကျောင်း(Hao Zhao) ရေ၊ မင်းရဲ့သူငယ်ချင်းဟောင်း ကျင်းရှန်(Jin Xiang) က မင်းကိုလာတွေ့တာ"
မြို့ရိုးမှ ကင်းစောင့်တို့က ဟောင်ကျောင်း(Hao Zhao) ကိုအကြောင်းကြားခဲ့ရာ "ဟောင်ကျောင်း"(Hao Zhao) မှ ၏ဧည့်သည်ဖြစ်သူကို အတွင်းသို့ဝင်လာစေသည်။
"သူငယ်ချင်း ဘာကြောင့် ရောက်လာတာလဲ"
"ငါရှူပြည် ကျူးကဲလျန့်(Zhuge Liang) လက်အောက်က နည်းဗျူဟာဌာနမှာ လက်ထောက်အနေနဲ့အမှုထမ်းနေတယ်။ ငါ့ကို နေရာကောင်းပေးထားတာခံရပြီး ခေါင်းဆောင်က မင်းနဲ့စကားပြောစေဖို့လွှတ်လိုက်တာ"

"ဟောင်ကျောင်း"(Hao Zhao) သည် အတန်ငယ်စိတ်ဆိုးသွားကာ
"ကျူးကဲလျန့်(Zhuge Liang) က ကျုပ်ရဲ့ရန်သူပဲ။ ခင်ဗျားက ရှူမှာအမှုထမ်းသလိုကျုပ်ကလည်း ဝေပြည်မှာ တာဝန်ထမ်းဆောင်နေပြီး တစ်ယောက်စီက ကိုယ့်သခင်လက်အောက်မှာ ကိုယ်အမှုထမ်းနေတာပဲ။ အရင်တုန်းက ကျုပ်တို့က ညီအစ်ကိုလိုဆိုပေမယ့် အခုက ရန်သူတွေဖြစ်တာကြောင့် ဘာမှထပ်မပြောပါနဲ့တော့"
ထို့နောက် ဧည့်သည်ကိုပြန်ရန်တောင်းဆိုလိုက်သည်။ "ကျင်းရှန်"(Jin Xiang) သည် စကားကိုဆက်ပြောရန်ပြုသော်လည်း "ဟောင်ကျောင်း"(Hao Zhao) က ထွက်သွားပြီး မျှော်စင်ပေါ်တက်သွားလေသည်။ တပ်တပ်သားတို့သည် "ကျင်းရှန်"(Jin Xiang) ကိုမြင်းပေါ်တင်ကာ ဂိတ်တံခါးဆီသို့ခေါ်သွားသည်။ "ကျင်းရှန်"(Jin Xiang) သည် အပြင်သို့ရောက်သောအခါ သူ့သူငယ်ချင်းသည် လက်တန်းကိုမှီနေသည်ကိုလှမ်းတွေ့လိုက်သည်။
သူသည် မြင်းကိုရပ်စေကာ ကြာပွတ်ဖြင့်လှမ်းညွှန်ပြီး
"ကျုပ်ရဲ့သူငယ်ချင်းလည်းဟုတ်၊ ညီအစ်ကိုလည်းဟုတ်တဲ့သူ၊ ဘယ်တုန်းကများ ရင်းနှီးမှုက ဒီလောက်ပဲကျန်တော့တာလဲ"
"ညီနောင်၊ ခင်ဗျားလည်း ဝေပြည်စည်းမျဉ်းတွေကို သိမှာပါ။ ကျုပ်က သူတို့ဆီက အခွင့်အရေးတွေယူထားတော့ သေဆုံးရမယ်ဆိုရင်တောင် သေပါစေတော့။ ဘာမှမပြောပါနဲ့တော့၊ ပြန်ပြီးတော့ ခင်ဗျားသခင်ကို လာတိုက်ခိုင်းပါ။ ကျုပ်က မကြောက်ပါဘူး"
ထို့ကြောင့် "ကျင်းရှန်"(Jin Xiang) သည် ပြန်ကာ မအောင်မြင်ကြောင်းပြောခဲ့သည်။

"သူက ကျွန်တော့ကိုရှင်းပြခွင့်မပေးခဲ့ဘူး"
"ကျူးကဲလျန့်"(Zhuge Liang) မှ
"ထပ်ကြိုးစားကြည့်ပါ။ သွားပြီးတော့ သူ့ကိုစကားထပ်ပြောကြည့်ပါ'
ထိုအခါ တံတိုင်း၏အောက်ခြေသို့နောက်ထပ် ရောက်သွားပြန်သည်။ "ဟောင်ကျောင်း"(Hao Zhao) သည် မျှော်စင်ပေါ်တွင်ပေါ်လာသောအခါ "ကျင်းရှန်"(Jin Xiang) မှ လှမ်းပြီး အော်ခဲ့သည်။
ကျုပ်ရဲ့ချစ်လှစွာသောညီနောင်ကြီး၊ ကျုပ်ရှင်းပြနေတဲ့အချိန်မှာ ကျေးဇူးပြုပြီး သေချာနားထောင်ပါ။ ခင်ဗျားက မြို့တစ်မြို့တည်းနဲ့ တပ်ပေါင်းတစ်သိန်းကိုဘယ်လိုရင်ဆိုင်မလဲ? ခင်ဗျားလက်နက်မချဘူးဆိုရင် နောက်ကျသွားမှ နောင်တရလိမ့်မယ်။ ဟန်တိုင်းပြည်ရဲ့သစ္စာကိုမခံယူပဲနဲ့ ဘာကြောင့်များ ယုတ်မာတဲ့ဝေပြည်မှာအမှုထမ်းရတာလဲ? ခင်ဗျားက ကောင်းကင်ကြီးရဲ့ဆန္ဒကိုဘာကြောင့် မမြင်နိုင်ရတာလဲ? အကောင်းနဲ့အဆိုးကို ဘာကြောင့် မခွဲခြားတတ်တာလဲ? သေချာစဉ်းစားစမ်းပါ"
"ဟောင်ကျောင်း"(Hao Zhao) သည် အင်မတန်စိတ်ဆိုးသွားပြီး လေးကိုကိုင်လျက် မြားတင်ကာ
"သွားစမ်း! မဟုတ်ရင် ပစ်ရလိမ့်မယ်။ ကျုပ်တကယ်ပြောနေတာ၊ ပြီးရင်ထပ်ပြောတော့မှာမဟုတ်ဘူး"
ထိုအခါ "ကျင်းရှန်"(Jin Xiang) သည် ပြန်ပြီး "ကျူးကဲလျန့်"(Zhuge Liang) ကိုအကြောင်းကြားခဲ့သည်။
္ဒ"ဒီအရူးက အပြုအမူတွေတော်တော်ဆိုးတာပဲ။ သူ့မြို့ကိုမသိမ်းအောင် ကျုပ်ကိုလှယ်လှယ်စားလို့ရမယ်ထင်လို့လား"

ထို့နောက် ဒေသခံတို့ကိုခေါ်ကာ မြို့တွင်းရှိစစ်တပ်အင်အားကိုမေးမြန်းခဲ့ရာ သုံးထောင်ခန့်ရှိသည်ဟုဆိုကြသည်။
"ဒီလိုမြို့ငယ်လေးက ကျုပ်ကိုခုခံနိုင်မယ်မထင်ဘူး။ စစ်ကူတွေမရောက်လာခင် အလျင်အမြန်တိုက်တော့"
ပြီးနောက် တိုက်ခိုက်သူတို့သည် ဘီးတပ်လှေကားတို့ကိုယူဆောင်လာပြီး ထိုပေါ်တွင် ဆယ်ယောက်ထက်ပိုသောလူများ ရပ်နေနိုင်သည်။ ထို့အပြင် ထိုလှေကားတို့ကို သစ်တို့ဖြင့်ဝန်းရံကာ ကာကွယ်ထားစေသည်။ အခြားသောတပ်သားတို့သည် လှေကားတိုနှင့်ကြိုးတို့ရှိပြီး ဗုံတီးသည်နှင့် မြို့တံတိုင်းကိုကျော်ရန်ပြုကြသည်။
ထိုအခြင်းအရာကို "ဟောင်ကျောင်း"(Hao Zhao) မြင်သောအခါ သူ့တပ်သားတို့အား မီးမြားဖြင့်လှမ်းပစ်စေသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ထိုသို့ဖြစ်လာလိမ့်မည်ဟု မခန့်မှန်းခဲ့မိချေ။ မြို့တွင်းရှိရန်သူတို့သည် ခုခံရန်အတွက် ပြင်ဆင်မှုများမလုပ်ရသေးသည်ကိုသိသောကြောင့် လှေကားတို့ကိုယူကာ တပ်သားတို့အား အလျင်အမြန်ချီတက်စေခဲ့ခြင်းဖြစ်သည်။ သူ၏လှေကားတို့ကိုမီးမြားတို့ထိမှန်ပြီး မီးစွဲလောင်ကာ တပ်သားတို့သည်လည်း မီးလောင်ဒဏ်ခံရသည်ကိုမြင်ရသည့်အခါ စိတ်ပျက်သွားခဲ့သည်။ မြို့ရိုးပေါ်မှမြားများ၊ ကျောက်တုံးများနှင့်လှမ်းပစ်သောကြောင့် ရှူတပ်ကြီးသည် တပ်ဆုတ်ရလေသည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် ဒေါသထွက်ကာ
"လှေကားကိုမီးရှို့တယ်ဆိုတော့ မြို့ဖြိုစက်ယန္တရားကိုသုံးမယ်"
ထို့နောက် စက်ယန္တရားတို့ကို မြို့ရိုးနားသို့ချဉ်းကပ်စေပြီးတိုက်ရန်ပြုလေသည်။ သို့သော် ကာကွယ်သူတို့သည် ကျောက်တုံးများကိုကြိုးနှင့်ချီကာ စက်ယန္တရားများပေါ်သို့ပစ်ချသောကြောင့် အပိုင်းပိုင်းပြတ်သွားခဲ့သည်။ ထိုအခါ တိုက်ခိုက်သူတို့သည် မြေကြီးတို့ကိုသယ်ယူကာ ကျုံးကိုမြေဖို့ပြီးနောက် "လျောင်ဟွာ"(Liao Hua) သည် တပ်သုံးထောင်နှင့်အတူ မြို့ရိုးအောက်မှလှိုဏ်ခေါင်းတူးပြီးသွားရန်ပြုသည်။ သို့သော် "ဟောင်ကျောင်း"(Hao Zhao) သည် မြို့တွင်းတွင် ထောင့်မှန်ကျသည့်လှိုဏ်ခေါင်းကိုကြိုးတူးထားနှင့်သောကြောင့် ရှူတို့၏အကြံအစည်ကိုတန်ပြန်နိုင်ခဲ့သည်။
ထိုသို့တိုက်ခိုက်မှုသည် တစ်လခန့်ကြာမြင့်ခဲ့သော်လည်း မြို့ကိုမသိမ်းနိုင်သေးသောကြောင့် "ကျူးကဲလျန့်"(Zhuge Liang) မှာ စိတ်ဓာတ်ကျနေခဲ့သည်။

ထိုမျှမက ကင်းထောက်တို့ရောက်လာပြီး "ဝမ်ရွှမ်း"(Wang Shuang) ဟူသောနာမည်ဖြင့် ဝေစစ်ကူတပ်ကြီးချီတက်လာပြီဟုပြောကြသည်။ ထိုတပ်ကြီးကိုတိုက်ခိုက်ရန် လူလိုရာ "ဝေရန်"(Wei Yan) မှ သူထွက်တိုက်မည်ဖြစ်ကြောင်းပြောသည်။
"ကျူးကဲလျန့်"(Zhuge Liang) : "မဖြစ်ဘူး။ ခင်ဗျားက အရေးပါတာကြောင့် ရှေ့ပြေးတပ်ခေါင်းဆောင်လုပ်လို့မဖြစ်ဘူး"
စစ်သူကြီး "ရှဲ့ရှုံ"(Xie Xiong) မှ သူထွက်တိုက်လိုကြောင်းပြောရာ လက်ခံလိုက်သည်။ "ရှဲ့ရှုံ"(Xie Xiong) ကို စစ်တပ်သုံးထောင်ပေးခဲ့သည်။ သူထွက်သွားသောအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ နောက်ထပ်တပ်တစ်တပ်စေလွှတ်လိုသဖြင့် စစ်သူကြီး "ကုန်းချီ"(Gong Qi) မှ သူသွားမည်ဖြစ်ကြောင်းဆိုသည်။ ထို့ကြောင့် "ကုန်းချီ"(Gong Qi) ကိုလည်း တပ်သားသုံးထောင်ဖြင့်လွှတ်လိုက်သည်။
မြို့တွင်းမှ ခံစစ်ဖြစ်နေသူတို့သည် ထွက်တိုက်မည်ကိုစိုးရိမ်သောကြောင့် "ကျူးကဲလျန့်"(Zhuge Liang) သည် တပ်ကြီးကို ခုနစ်မိုင်အကွာသို့ရွှေ့ပြောင်းကာ စခန်းချခဲ့သည်။

"ဝမ်ရွှမ်း"(Wang Shuang) ကို ရင်ဆိုင်ရန်သွားသော ပထမစစ်တပ်ကြီးသည် အောင်မြင်မှုမရခဲ့ပေ။ "ရှဲ့ရှုံ"(Xie Xiong) သည် "ဝမ်ရွှမ်း"(Wang Shuang) ၏ဓားချက်အောက်ဝယ် အသက်ပျောက်မတတ်ဖြစ်သွားခဲ့သည်။ ရှူတပ်တို့ပြေးလေရာ "ဝမ်ရွှမ်း"(Wan Xuang) မှ အနောက်ကလိုက်သည်။ ထိုအခါ "ကုန်းချီ"(Gong Qi) ၏တပ်နှင့်တိုးပြီး သူ၏လုပ်ဖော်ကိုင်ဖက်ကို ကူညီရန်ပြုလေသည်။ "ကုန်းချီ"(Gong Qi) သည်လည်း ရှုံးနိမ့်ခဲ့ရပြီး သုံးကွက်ခန့်တိုက်ပြီးနောက် အသက်ပျောက်လေသည်။
စစ်ရှုံးသောသူတို့သည် ပြန်ရောက်လာသောအခါ တုန်လှုပ်သွားသော "ကျူးကဲလျန့်"(Zhuge Liang) သည် "လျောင်ဟွာ"(Liao Hua) ၊ "ဝမ်ဖင်"(Wang Ping) နှင့် "ကျန်းနီ"(Zhang Ni) တို့ကိုခေါ်ပြီး "ဝမ်ရွှမ်း"(Wang Shuang) ဆိုသူအား သွားရင်ဆိုင်စေသည်။ သူတို့သည် တပ်တို့ကိုခင်းကျင်းကာ "ကျန်းနီ"(Zhang Ni) သည် ရှေ့သို့ထွက်သွားသည်။ "ဝမ်ရွှမ်း"(Wang Shuang) သည်လည်း ထွက်လာပြီး ရင်ဆိုင်ကာ ခဏကြာတိုက်ပြီးနောက် "ဝမ်ရွှမ်း"(Wang Shuang) မှထွက်ပြေးရာ "ကျန်းနီ"(Zhang Ni) က အနောက်မှလိုက်သည်။
"ဝမ်ဖင်"(Wang Ping) မှ ရန်သူတို့ထိုသို့ထွက်ပြေးသည်မှာ ပရိယာယ်သုံးသည်ဟုထင်ခဲ့ပြီး "ကျန်းနီ"(Zhang Ni) ကိုပြန်ခေါ်ခဲ့သည်။
"ထွက်ပြေးသွားတဲ့စစ်သူကြီးနောက်ကို မလိုက်နဲ့တော့"

"ဝမ်ရွှမ်း"(Wang Shuang) သည် အနောက်သို့ပြန်လှည့်ကာ ကြိုးတပ်သံလုံးနှင့်လှမ်းပစ်သောကြောင့် "ကျန်းနီ"(Zhang Ni) ၏ကျောကိုထိမှန်ပြီး မြင်းပေါ်မှပြုတ်ကျသွားခဲ့သည်။ "ဝမ်ရွှမ်း"(Wang Shuang) သည်လည်း ရှေ့သို့ဆက်တိုးလာခဲ့သော်လည်း "လျောင်ဟွာ"(Liao Hua) နှင့် "ဝမ်ဖင်"(Wang Ping) တို့မှထွက်ကာ တားဆီးခဲ့သည်။ "ဝမ်ရွှမ်း"(Wang Shuang) ၏တပ်ကြီးသည်လည်း ရှူတပ်သားပေါင်းများစွာကိုသတ်နိုင်ခဲ့သည်။
"ကျန်းနီ"(Zhang Ni) သည် အတွင်းဒဏ်ရာရသွားခဲ့ပြီး သွေးအန်နေခဲ့သည်။ သူပြန်လာပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) အား
"ဝမ်ရွှမ်း(Wang Shuang) က စွမ်းလွန်းတော့ သူ့ကိုဘယ်သူမှမယှဉ်နိုင်ဘူး။ ဒါ့အပြင် သူ့မြို့က တံတိုင်းနှစ်ထပ်နဲ့ နက်နဲတဲ့ကျုံးအပြင် ကြံ့ခိုင်တဲ့တပ်လည်းရှိတယ်"
စစ်သူကြီးနှစ်ဦးကိုဆုံးရှုံးခဲ့ပြီး တစ်ဦးမှာဒဏ်ရာရသွားသောကြောင့် "ကျူးကဲလျန့်"(Zhuge Liang) မှ "ကျန်းဝေ"(Jiang Wei) ကိုခေါ်ကာ
"ကျုပ်တို့တွေကို ရန်သူတွေကို ဒီမှာပိတ်ထားတယ်။ နောက်ထပ်လမ်းဘယ်လမ်းရှိသေးလဲ"
"ရှိပါတယ်။ ချန်ချန်းကို အခိုင်အမာကာကွယ်ထားပြီး ဟောင်ကျောင်း(Hao Zhao) က စောင့်ကြပ်နေတဲ့အပြင် ဝမ်ရွှမ်း(Wang Shuang) ကလည်း စစ်ကူအဖြစ် ရောက်လာပြီဆိုတော့ သိမ်းလို့မဖြစ်ဘူး။ ဒါကြောင့် ဒီကနေ ရွှေ့ပြောင်းပြီး သင့်တော်တဲ့နေရာမှာ ခိုင်မာတဲ့စခန်းဆောက်ရမယ်။ ပြီးတော့ ကျဲ့ထင်ကိုမတိုက်နိုင်အောင် လမ်းတွေကိုပိတ်ဆို့ထားရမယ်။ ဝန်ကြီးချုပ်သာ ချီစန်းကိုတိုက်ဖို့ တပ်ကြီးစေလွှတ်မယ်ဆိုရင် ကျွန်တော် ချောင်ကျန်း(Cao Zhen) ကိုဖမ်းမိအောင် လုပ်နိုင်ပါတယ်"
"ကျူးကဲလျန့်"(Zhuge Liang) က လက်ခံလိုက်သည်။ "ဝမ်ဖင်"(Wang Ping) နှင့် "လီဟွေး"(Li Hui) တို့ကိုလွှတ်ကာ ကျဲ့ထင်သို့သွားသည့် လမ်းသွယ်လေးကိုစောင့်ကြပ်စေသည်။ "ဝေရန်"(Wei Yan) ကိုမူ ချန်ချန်းမြို့မှလာသည့်လမ်းကိုစောင့်စေခဲ့သည်။ ထို့နောက် ရှဲ့တောင်ကြားမှ တပ်အချို့သည် လမ်းငယ်လေးမှ ချီတက်ကာ ချီစန်းသို့သွားသည်။

"ချောင်ကျန်း"(Cao Zhen) သည် ယခင်စစ်ပွဲတွင် သူယူလိုသည့်စွမ်းဆောင်မှုတို့ကို "စီးမာယီ"(Sima Yi) မှ ယူသွားသည်ကို အမှတ်ရနေသေးသည်။ ထို့ကြောင့် မြို့တော်တို့ကိုကာကွယ်ရန် အမိန့်ရသည်နှင့် "ကောဟွိုင်"(Guo Huai) နှင့် "စွန်းလီ"(Sun Li) တို့ကိုလွှတ်ကာ အရှေ့နှင့်အနောက်ဘက်တို့ကိုကာကွယ်စေသည်။ ထို့နောက် ချန်ချန်းကိုရန်မူလာသည်ဟုကြားသောအခါ "ဝမ်ရွှမ်း"(Wang Shuang) ကိုလွှတ်ကာ ကူညီစေသည်။ သူ့လက်အောက်ငယ်သား၏အောင်မြင်မှုကိုကြားသိရသောအခါ ဝမ်းသာနေခဲ့သည်။ သူသည် တပ်မှူးကြီး "ဖေးယောင်"(Fei Yao) ကို ရှေ့ပြေးတပ်စစ်သူကြီးအနေဖြင့်တာဝန်ပေးပြီး အခြားသောစစ်သူကြီးတို့ကိုလည်း စစ်ဗျူဟာမြောက်သော၊ အချက်အချာကျသောနေရာများသို့လွှတ်ထားသည်။
ထိုသူတို့မှ သူလျှိုတစ်ဦးကိုဖမ်းမိရာ စစ်ဆေးမေးမြန်းရန်အတွက် စစ်သေနာပတိရှေ့မှောက်သို့ခေါ်လာခဲ့သည်။ ထိုသူမှ ဒူးထောက်ပြီး
"ကျွန်တော်က မကောင်းတဲ့သူလျှိုမျိုးမဟုတ်ပါဘူး။ ကျွန်တော် စစ်သူကြီးအတွက် လျှို့ဝှက်စာယူလာတဲ့အချိန်မှာ ကင်းပုန်းဝပ်ထားတဲ့သူတွေက ဖမ်းခဲ့တာပါ။ ကျေးဇူးပြုပြီး တခြားလူတွေကိုအပြင်ခဏသွားစေလိုက်ပါ"
ထိုသူ၏ကြိုးတို့ကိုဖြည်စေပြီးနောက် တခြားလူတို့အား အပြင်သို့ခဏထွက်သွားစေသည်။

ထိုအဖမ်းခံရသူမှ
"ကျွန်တော်က ကျန်းဝေ(Jiang Wei) ရဲ့လူယုံဖြစ်ပါတယ်။ သူက ကျွန်တော့ကိုလျှို့ဝှက်စာပေးလိုက်တယ်"
"စာက ဘယ်မှာလဲ"
ထိုသူသည် သူ့အင်္ကျီထဲမှ စာကိုထုတ်ယူကာ ပေးလိုက်ရာ "ချောင်ကျန်း"(Cao Zhen) မှ အောက်ပါစာကိုဖတ်ခဲ့သည်။
'အပြစ်ရှိတဲ့စစ်သူကြီး ကျန်းဝေ(Jiang Wei) မှ ခေါင်းဆောင် ချောင်ကျန်း(Cao Zhen) ထံ အကြိမ်တစ်ရာတောင်းပန်လိုက်ပါတယ်။ ကျွန်တော် ဝေပြည်မှာ အမှုထမ်းခဲ့ပြီး ကိုယ့်ကိုယ်ကိုအရှက်ရစေခဲ့တာကို မနေ့သေးပါဘူး။ အခွင့်ထူးခံစားခဲ့ပြီးတော့ ကျေးဇူးပြန်မဆပ်နိုင်ခဲ့ဘူး။ အခုနောက်ပိုင်းမှာမှ ကျွန်တော်က ကျူးကဲလျန့်(Zhuge Liang) နဲ့ဉာဏ်နီဉာဏ်နက်ကြောင့် ဓားစာခံဖြစ်ခဲ့ပြီး ဟိုးချောက်ထဲရောက်သွားခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် အရင်ကနိုင်ငံအပေါ်သစ္စာခံခဲ့တာကို မမေ့ပါဘူး၊ ဘယ်လိုများမေ့နိုင်ပါ့မလဲ။
အခုအချိန်မှာ ရှူတပ်ကြီးက အနောက်ဘက်ကိုသွားနေပြီး ကျူးကဲလျန့်(Zhuge Liang) က ကျွန်တော့အပေါ်ယုံကြည်တယ်။ ကျွန်တော် စစ်သူကြီးစစ်ချီတက်လာမှာကိုစောင့်နေပါ့မယ်။ ခုခံသူတွေနဲ့တွေ့ရင် ရှုံးနိမ့်ချင်ယောင်ဆောင်ပြီး ပြန်လှည့်သွားပါ။ ကျွန်တော်က အနောက်မှာနေခဲ့ပြီး မီးရှူးမီးပန်းနဲ့အချက်ပြလိုက်ပါမယ်။ ပြီးရင် သူတို့ရဲ့ဂိုထောင်တွေကို မီးရှို့ဖျက်စီးလိုက်မယ်။ အဲ့အခါမှာ စစ်သူကြီးက ဝင်တိုက်ရင် ကျူးကဲလျန့်(Zhuge Liang) ကို စစ်သူကြီးဖမ်းနိုင်မှာပဲမဟုတ်လား။ ကျွန်တော်တိုင်းပြည်အတွက် တာဝန်မထမ်းနိုင်ပဲ အကြွေးမကြေနိုင်ခဲ့ရင် ကျွန်တော့ရဲ့အရင်အပြစ်တွေအတွက် ဒဏ်ပေးလှည့်ပါ။
ဒါက စစ်သူကြီး စဉ်းစားသင့်တဲ့အရာဖြစ်ပြီး မနှောင့်နှေးစေပဲ ကျွန်တော့ကိုအကြောင်းပြန်ပါ'

ထိုစာကြောင့် "ချောင်ကျန်း"(Cao Zhen) သည် ဝမ်းမြောက်သွားကာ
"ဒါအောင်မြင်မှုရအောင် ကောင်းကင်ကြီးကပေးတဲ့အခွင့်အရေးပဲ"
ထို့နောက် ဆက်သားကိုဆုလာဘ်များပေးကာ ထိုအကြံကို သူလက်ခံကြောင်းပြောစေသည်။ ပြီးနောက် "ဖေးယောင်"(Fei Yao) နှင့်အခြားသူတို့ကိုခေါ်ပြီး
"ကျုပ် ကျန်းဝေ(Jiang Wei) ဆီကလျှို့ဝှက်စာရတယ်၊ သူက ကျုပ်တို့နဲ့ပူးပေါင်းလုပ်ဆောင်မယ်ပြောတယ်"
"ဖေးယောင်"(Fei Yao) : "ကျူးကဲလျန့်(Zhuge Liang) က ဉာဏ်များလွန်းတယ်။ ကျန်းဝေ(Jiang Wei) က သိကျွမ်းနားလည်လွန်းနေတယ်။ အကယ်၍ ဒါက ကျူးကဲလျန့်(Zhuge Liang) စီမံတာဆိုရင် ကျွန်တော်တို့တွေ ထောင်ချောက်ထဲကျသွားလိမ့်မယ်"
"ဒါပေမယ့် ကျန်းဝေ(Jiang Wei) က ဝေပြည်ရဲ့လူဖြစ်ပြီး မတတ်သာလို့သာ လက်နက်ချခဲ့တာလေ။ ခင်ဗျားက ဘာသံသယရှိနေတာလဲ"
"ကျွန်တော့အမြင်ကတော့ မသွားသင့်ပါဘူး။ ဒီမှာပဲနေပြီး စောင့်နေသင့်တယ်။ ကျွန်တော်သွားပြီး သူနဲ့တွေ့ကြည့်ပါမယ်။ ကျွန်တော့လုပ်ဆောင်မှုကလည်း စစ်သူကြီးရဲ့လုပ်ဆောင်မှုဖြစ်ပြီး အကယ်၍ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော်ပဲ အန္တရာယ်ထဲကျမှာဖြစ်တယ်"
"ချောင်ကျန်း"(Cao Zhen) က လက်ခံပြီး "ဖေးယောင်"(Fei Yao) ကို တပ်သားငါးသောင်းပေးကာ ရှဲ့တောင်ကြားသို့စေလွှတ်ခဲ့သည်။

"ဖေးယောင်"(Fei Yao) သည် ချီတက်သွားပြီးနောက် တစ်နေရာအရောက်ဝယ် ကင်းထောက်တို့ကိုလွှတ်ကာ စုံစမ်းကြည့်စေသည်။ ထိုသို့ပြုသောအခါဝယ် ရှူတပ်ကြီးသည် တောင်ကြားမှချီတက်လာကြောင်း သိရသည်။ ထိုအခါ "ဖေးယောင်"(Fei Yao) သည် ချက်ချင်းချီတက်ပြီး ရှူတပ်နှင့်မရင်ဆိုင်မီတွင် တဖက်က တပ်ဆုတ်သွားသည်။ "ဖေးယောင်"(Fei Yao) က အနောက်မှလိုက်ရာ ရှူတပ်က ပြန်လှည့်လာပြန်သည်။ တိုက်ခိုက်ရန်အတွက် ဗျူဟာခင်းရန်ပြုချိန်တွင် ရှူတပ်က ပြန်ဆုတ်သွားပြန်သည်။ ထိုသို့သုံးကြိမ်သုံးခါခန့်လုပ်ပြီးနောက် တစ်နေ့နှင့်တစ်ညကုန်ဆုံးသွားခဲ့ပြီး ဝေတပ်မှာ အနားမရခဲ့ပေ။
ထို့ကြောင့် အနားယူရန် အမိန့်ပေးခဲ့ပြီး စားစရာချက်ပြုတ်ရန် ပြုနေစဉ် ပွက်လောရိုက်ကုန်ကာ ဗုံသံ၊ ခရာသံတို့ကိုကြားလိုက်ရပြီး နေရာဒေသတစ်ခုလုံးတွင် ရှူတပ်သားတို့ပြည့်နှက်နေသည်ကိုတွေ့လိုက်သည်။ ထိုစဉ် ရုတ်တရတ် ဘီးလေးလုံးတပ်လှည်းယာဉ်ထွက်လာကာ ထိုယာဉ်ပေါ်တွင် "ကျူးကဲလျန့်"(Zhuge Liang) ထိုင်နေသည်။ ထို့နောက် တဖက်ခေါင်းဆောင်ကိုထွက်လာကာ စကားပြောရန်ခေါ်လေသည်။
"ဖေးယောင်"(Fei Yao) သည်း "ကျူးကဲလျန့်"(Zhuge Liang) နှင့်တွေ့ရန် ထွက်လာသည်။ သူ့အတွင်းစိတ်ထဲတွင် ဝမ်းသာနေခဲ့သည်။ သူသည် သူ့ဘေးဘက်ရှိလူတို့အား
"ရှူတပ်ကြီးရောက်လာရင် ခင်ဗျားတို့က ဆုတ်ခွာပြီးတော့ အချက်ပေးတာကိုစောင့်ပါ။ မီးပန်းကိုမြင်ရင် ချက်ချင်းပြန်လှည့်ပြီးတိုက်ပါ။ ကျန်းဝေ(Jiang Wei) က ခင်ဗျားတို့ကိုကူညီလိမ့်မယ်"

"ဖေးယောင်"(Fei Yao) သည် ရှေ့သို့ထွက်ကာ
"သူပုန်ခေါင်းဆောင်၊ အရင်တစ်ခါက စစ်ရှုံးသွားတာတောင် ထပ်လာရဲသေးတယ်"
"ခင်ဗျားပြန်ပြီး ချောင်ကျန်း(Cao Zhen) ကိုခေါ်လာပါ"
"ကျုပ်ခေါင်းဆောင် ချောင်ကျန်း(Cao Zhen) က မင်းမျိုးမင်းနွယ်ဖြစ်တယ်။ ခင်ဗျားတို့လိုသူပုန်တွေနဲ့ စကားစမြည်ပြောမယ်ထင်လား"
"ကျူးကဲလျန့်"(Zhuge Liang) သည် ဒေါသတကြီးဖြင့် သူ့ယပ်တောင်ကိုဝှေ့ယမ်းရာ "မာတိုက်"(Ma Dai) နှင့် "ကျန်းနီ"(Zhang Ni) တို့ထွက်လာသည်။ ဝေတပ်ကြီးသည် ဆုတ်ခွာသွားခဲ့သည်။ သို့သော် သူတို့ဆုတ်ခွာပြီးမကြာမီ အနောက်ဘက်မှ မီးပန်းကိုလှမ်းမြင်လိုက်ပြီး ကျယ်လောင်သောဟစ်အော်သံများ ကြားလိုက်သည်။ ထိုအခြင်းအရာမှာ သူစောင့်မျှော်နေခဲ့သည့် "ကျန်းဝေ"(Jiang Wei)၏အချက်ပေးမှုဟု "ဖေးယောင်"(Fei Yao) မှယူဆကာ ပြန်လှည့်ပြီး တိုက်ရန်ပြုသည်။

သို့သော် ရန်သူတို့သည် ပြန်လှည့်သွားသည်။"ဖေးယောင်"(Fei Yao) က ဓားကိုကိုင်ကာ အနောက်မှလိုက်ပြီး အသံကြားရာသို့သွားလေသည်။ မီးအချက်ပေးရာနေရာနားသို့ရောက်သောအခါ ဗုံသံတို့ကျယ်လောင်စွာမြည်ဟီးပြီး စစ်တပ်နှစ်တပ်ထွက်လာသည်။ တစ်တပ်ကို"ကွမ်းရှင်း"(Guan Xing) ကဦးဆောင်ပြီး ကျန်တစ်တပ်ကို "ကျန်းပေါက်"(Zhang Bao) က ဦးဆောင်သည်။ ထို့အပြင် တောင်ကုန်းထိပ်ပေါ်မှ မြား၊ ကျောက်တုံးတို့ကျလာသည်။ ဝေတပ်ကြီးသည် ရန်သူ့ပရိယာယ်ကြောင့် ရှုံးနိမ့်ခဲ့သည်ကိုသိလိုက်ပြီးနောက် "ဖေးယောင်"(Fei Yao) မှ တပ်ပြန်ဆုတ်ပြီး တောင်ကြားတွင် အနားယူရန်ကြံသည်။ သို့သော် ရန်သူတို့မှအပြင်းအထန်တိုက်ရာ ဝေတပ်မှာ ကစဥ့်ကလျားဖြစ်ခဲ့သည်။ အချင်းချင်းတိုက်မိကုန်ကာ လူအမြောက်အများ မြစ်ချောင်းသို့ကျကာ ရေနစ်သေလေသည်။
"ဖေးယောင်"(Fei Yao) သည် ဘာမှမတတ်နိုင်ပဲ သူ့အသက်ဘေးမှလွတ်ရန် ပြေးရသည်။ သူသည် တောင်ကုန်းတစ်ခုဘက်မှ ဖြတ်သွားချိန်ဝယ် တပ်တစ်တပ်နှင့်ရင်ဆိုင်ရပြီး ခေါင်းဆောင်မှာ "ကျန်းဝေ"(Jiang Wei) ဖြစ်သည်။
"သစ္စာဖောက်ကောင်၊ မင်းရဲ့ယုံကြည်မှုကိုအလွဲသုံးစားပြုမှုနဲ့ ဉာဏ်များမှုကြောင့် ကျုပ်ဒုက္ခရောက်ခဲ့ရပြီ"
"ခင်ဗျားက ဓားစာခံဖြစ်သွားတာပဲ။ ကျုပ်တို့က ခင်ဗျားကိုဖမ်းချင်တာမဟုတ်ပဲ ချောင်ကျန်း(Cao Zhen) ကိုဖမ်းချင်ခဲ့တာ။ ခင်ဗျားလက်နက်ချရင်ဖြစ်ပါတယ်"
သို့သော် "ဖေးယောင်"(Fei Yao) သည် လျှိုမြောင်တစ်ခုဆီသို့ ကဆုန်စိုင်းသွားခဲ့သည်။ ရုတ်တရတ် လျှိုမြောင်မှာ မီးတို့ဖြင့်ပြည့်သွားပြီး သူ့မျှော်လင့်ချက်များပျောက်ကွယ်ကုန်သည်။ ရှူတပ်ကြီးမှာလည်း အနောက်ကရောက်လာသဖြင့် "ဖေးယောင်"(Fei Yao) သည် ဓားကိုထုတ်ကာ ကိုယ့်ကိုယ်ကိုသတ်သေခဲ့သည်။

ဝေတပ်သားတို့သည်လည်း လက်နက်ချခဲ့ကြပြီး ရှူတပ်ကြီးသည် ချီစန်းသို့ပြန်ချီတက်ကာ စချန်းချခဲ့သည်။ ထို့နောက် တပ်ကြီးကိုပြန်လည်စုစည်းကာ စနစ်တကျဖြစ်စေခဲ့သည်။ "ကျန်းဝေ"(Jiang Wei) ကို ဆုလာဘ်များပေးခဲ့သော်လည်း "ချောင်ကျန်း"(Cao Zhen) ကို မဖမ်းနိုင်သောကြောင့် စိတ်ပျက်နေခဲ့သည်။
"ကျွန်တော် ချောင်ကျန်း(Cao Zhen) ကိုမသတ်နိုင်တာ နောင်တရမိတယ်"
"ဟုတ်တယ်။ ဒီအကြံအစည်ကောင်းက ရလဒ်သိပ်မကောင်းခဲ့ဘူး"
"ဖေးယောင်"(Fei Yao) ကိုဆုံးရှုံးခဲ့သည်ကိုသိရသောအခါ "ချောင်ကျန်း"(Cao Zhen) သည် လွန်စွာဝမ်းနည်းခဲ့သည်။ သူသည် "ကောဟွိုင်"(Guo Huai) နှင့်တိုင်ပင်ကာ ရန်သူတို့ကိုတိုက်ထုတ်ရန်ကြံသည်။ ထိုအချိန်တွင် ဆက်သားများသည် ကျူးကဲလျန့်(Zhuge Liang) ချီစန်းကိုရောက်နေကြောင်းနှင့် ဝေတပ်၏ဆုံးရှုံးမှုတို့ကို မြို့တော်သို့သတင်းပို့ခဲ့သည်။ "ချောင်ရေ့"(Cao Rui) မှ "စီးမာယီ"(Sima Yi) ကိုခေါ်ပြီး တိုင်ပင်ခဲ့လေသည်။
"ကျွန်တော်တို့တွေဘာမှအားစိုက်စရာမလိုပဲနဲ့ ကျူးကဲလျန့်(Zhuge Liang) ကိုတပ်ပြန်ဆုတ်သွားအောင်လုပ်နိုင်တဲ့အကြံရှိပါတယ်"

Comments

Popular posts from this blog

Lookism