သုံးနိုင်ငံခေတ်(၉၆)


အခန်း(၉၆) "ကျူးကဲလျန့်"(Zhuge Liang) သည် မျက်ရည်စက်လက်ဖြင့် "မာဆု"(Ma Su) ကိုသေဒဏ်ပေးခဲ့ခြင်း။
"ကျိုးဖန်"(Zhou Fang) သည် ဆံကိုဖြတ်ကာ "ချောင်ရှို့"(Cao Xiu) ကိုလှည့်စားခဲ့ခြင်း။

တိုင်းပြည်ကိုပြန်လည်စုစည်းနိုင်မည့်အကြံကိုပေးသူမှာ အတွင်းရေးမှူး "စွန်းကျီ"(Sun Zi) ဖြစ်သည်။ ဝေဧကရာဇ်မှ
"ဝန်ကြီးရဲ့ကောင်းမွန်တဲ့အကြံကို အကျယ်ချဲ့ပါဦး"
"သွားလေပြီးတဲ့ ဧကရာဇ်ချောင်ဟာ ကျန်းလု(Zhang Lu) ကိုအောင်နိုင်တဲ့အချိန်မှာ အရေးပါအရာရောက်တဲ့အဆင့်ကိုရောက်နေခဲ့ပြီး အရာရာက အဆင်ပြေချောမွေ့နေခဲ့တယ်။ နန်ကျန်းနယ်က ငရဲလိုပဲလို့သူပြောခဲ့ဖူးတယ်။ ရှဲ့တောင်ကြားမှာ မိုင်တစ်ရာ့ငါးဆယ်လောက်က ဂူတွေ၊ ကျောက်ဆောင်တွေပဲရှိတော့ တပ်ဖွဲ့တွေသွားလာဖို့ခက်ခဲတယ်။ ဝေပြည်ကသာ ရှူကိုကျူးကျော်မယ်ဆိုရင် ဝူဟာ အရှေ့ဘက်ကဝင်တိုက်မှာပဲဖြစ်တယ်။ ကျွန်တော့အကြံကတော့ စစ်သူကြီးတွေကို တပ်အသီးသီးပေးပြီး ဗျူဟာမြောက်အရပ်ဒေသတွေမှာ စောင့်ကြပ်စေပြီးတော့ သူတို့တပ်တွေကို စစ်ရေးလေ့ကျင့်ထားစေသင့်ပါတယ်။ နှစ်အနည်းငယ်ကြာရင် အလယ်ပိုင်းဒေသဟာ ဖွံ့ဖြိုးပြီးတော့ ချမ်းသာကြွယ်ဝလာမှာဖြစ်ပြီး ရှူနဲ့ဝူကတော့ အချင်းချင်းရန်စောင်ပြီး ဆုတ်ယုတ်သွားပါလိမ့်မယ်။ အဲ့လိုသာဆိုရင် သူတို့တွေဟာ အလွယ်တကူသိမ်းယူနိုင်တဲ့ပစ်မှတ်တွေဖြစ်သွားပါပြီ။ ဒီအကြံအစည်က ကောင်းမွန်ခြင်းရှိမရှိကို အရှင်မင်းကြီး စဉ်းစားသင့်ကြောင်းပါ"
"ဝန်ကြီး စွန်းကျီ(Sun Zi) ပြောတာ သင့်တော်မွန်မြတ်လှပါတယ်"

ထို့နောက် "ချောင်ရေ့"(Cao Rui) မှ တပ်သားတို့အား ကာကွယ်မှုများပြုလုပ်ရန်နှင့်နေရာချရန်အတွက် "စီးမာယီ"(Sima Yi) ကိုတာဝန်ပေးကာ "ကောဟွိုင်"(Guo Huai) နှင့် "ကျန်းဟဲ"(Zhang He) တို့အား ချန်အန်းကိုစောင့်ကြပ်စေသည်။ တပ်ဖွဲ့ကြီးကို ဆုလာဘ်များပေးပြီးနောက် လော့ရန်သို့ပြန်ခဲ့လေသည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် ဟန်ကျုံးသို့ပြန်ရောက်လာသောအခါ "ကျောက်ယွင်"(Zhao Yun) နှင့် "တန်းကျီ"(Deng Zhi) တို့ရောက်မလာသေးကြောင်းသိလေလျှင် စိတ်မကောင်းဖြစ်ကာ "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) တို့ကိုလွှတ်ပြီး ကူညီစေသည်။ သို့သော်လည်း စစ်ကူများမထွက်ခွာမီမှာပင် မရောက်လာသေးသည့်သူများပြန်ရောက်လာကြသည်။ ထို့အပြင် ထိုတပ်၏အခြေအနေမှာ အလွန်ကောင်းမွန်နေပြီး လူတစ်ဦးတစ်ယောက်မျှ၊ မြင်းတစ်ကောင်မျှပင် မလျှော့ခဲ့သလို လက်နက်များလည်း ပျောက်ဆုံးခဲ့ခြင်းမရှိပေ။
အနီးသို့ရောက်လာသည့်အခါဝယ် "ကျူးကဲလျန့်"(Zhuge Liang) မှ မြို့ပြင်သို့ထွက်ပြီး ကြိုဆိုခဲ့သည်။ ထိုအခါ "ကျောက်ယွင်"(Zhao Yun) သည် မြင်းပေါ်မှအဆောတလျင်ဆင်းကာ မြေပေါ်သို့ဒူးထောက်ပြီး
"စစ်ရှုံးသွားတဲ့စစ်သူကြီးကို ဝန်ကြီးချုပ်က လာမကြိုသင့်ပါဘူး"
"ကျူးကဲလျန့်"(Zhuge Liang) မှ "ကျောက်ယွင်"(Zhao Yun) ကိုဆွဲထူကာ
"ဒါ ကျုပ်အမှားပါပဲ။ ကျုပ်မဆင်ခြင်မှု၊ မသိနားမလည်မှုတွေကြောင့် ဒီလိုရှုံးနိမ့်ရတာဖြစ်တယ်။ ဒါပေမယ့် အဲ့လိုရှုံးနိမ့်ခဲ့တာတောင်မှ ခင်ဗျားက ဘာမှမဖြစ်ပဲပြန်လာနိုင်ခဲ့သေးတယ်မဟုတ်လား"
"တန်းကျီ"(Deng Zhi) မှ
"ဒါဟာ စစ်သူကြီး ကျောက်ယွင်(Zhao Yun) က ကျွန်တော့ကိုအရင်သွားခိုင်းပြီး သူက အနောက်ဘက်ကနေစောင့်ကြပ်ပြီးတော့ ရန်သူတွေကိုတွန်းလှန်ခဲ့လို့ဖြစ်ပါတယ်။ ရန်သူ့ခေါင်းဆောင်ကိုသူသတ်လိုက်တော့ ရဲမက်တွေလည်း ကြောက်လန့်သွားခဲ့ကြတယ်။ ဒါကြောင့် လမ်းတလျှောက်မှာ ဘာဆုံးရှုံးမှုမှမရှိခဲ့ဘူး"
"တကယ်ကို ထူးချွန်တဲ့စစ်သူကြီးပဲ"

"ကျောက်ယွင်"(Zhao Yun) ကိုရွှေငါးဆယ်အောင်စနှင့် သူ၏တပ်သားတစ်သောင်းတို့ကို ပိုးထည်များပေးခဲ့သည်။ သို့သော် ထိုလက်ဆောင်တို့ကို "ကျောက်ယွင်"(Zhao Yun) က ပြန်ပေးအပ်ပြီး
"တပ်ဖွဲ့တွေအားလုံးဟာ ဘာမှမလုပ်ဆောင်နိုင်ခဲ့တာ ကျွန်တော်တို့အမှားဖြစ်ပါတယ်။ ဆုပေးဒဏ်ပေးစနစ်ကို လုံးဝကြပ်မတ်ထားသင့်ပါတယ်။ ဒါကြောင့် ဒီဆုလာဘ်တွေကို ဆောင်းရာသီရောက်တဲ့အထိထားပြီးမှ တပ်ဖွဲ့တွေကိုခွဲဝေပေးသင့်ပါတယ်"
"ပထမဧကရာဇ်ရှိစဉ်တုန်းက သူကျောက်ယွင်(Zhao Yun)ရဲ့အကျင့်သီလ အပေါ်ကို ချီးမွမ်းမှုက ဘယ်တော့မှမရပ်ခဲ့ဘူး။ ဧကရာဇ်ပြောတာတွေက တကယ်မှန်တာပဲ"
သို့နှင့် "ကျူးကဲလျန့်"(Zhuge Liang) ၏ဝါရင့်စစ်သူကြီးအပေါ်ထားရှိသောလေးစားမှုသည် နှစ်ဆတိုးခဲ့လေသည်။

ထိုအချိန်ဝယ် ကံဆိုးမိုးမှောင်ကျခဲ့သော ခေါင်းဆောင်လေးဦးဖြစ်သည့် "မာဆု"(Ma Su) ၊ "ဝမ်ဖင်"(Wang Ping) ၊ "ဝေရန်"(Wei Yan) နှင့် "ကောင်းရှန်"(Gao Xiang) တို့ရောက်လာသည်။ သေနာပတိမှ "ဝမ်ဖင်"(Wang Ping) ကိုတပ်စခန်းသို့ခေါ်ကာ ဆူခဲ့သည်။
"ခင်ဗျားနဲ့မာဆု(Ma Su) ကို ကျဲ့ထင်ကိုစောင့်ကြပ်ခိုင်းခဲ့တာ။ ခင်ဗျားက သူ့လုပ်ရပ်တွေကိုဘာလို့မတားပဲ ဒီလိုဆုံးရှုံးမှုကြီးတွေဖြစ်စေရတာလဲ"
"ကျွန်တော် သူ့ကိုအကြိမ်ကြိမ်တားမြစ်ခဲ့ပါတယ်။ ကျွန်တော်က လမ်းပေါ်မှာ တံတိုင်းကာပြီး ခိုင်ခံ့တဲ့တပ်စခန်းဆောက်ချင်ခဲ့တယ်။ ဒါပေမယ့် စစ်သူကြီးက လက်မခံပဲ မလိုလားတဲ့အမူအရာပြခဲ့တယ်။ ဒါကြောင့် ကျွန်တော်က တပ်သားငါးထောင်နဲ့အတူ သုံးမိုင်အကွာမှာ စခန်းချခဲ့ရတယ်။ ဝေတပ်တွေရောက်လာပြီး သူ့ကိုဝန်းရံတဲ့အချိန်မှာ ကျွန်တော်က သွားပြီးစစ်ကူပို့ဖို့လုပ်ခဲ့တယ်။ ဒါပေမယ့် ရန်သူတွေကိုမထိုးဖောက်နိုင်ခဲ့ပဲ ဘေးဆိုးကြီးကြုံတွေ့ခဲ့တယ်။ တပ်သားတွေအများကြီးလက်နက်ချခဲ့ပြီး ကျွန်တော့ရဲ့နည်းပါးလှတဲ့တပ်ဟာ ဘာမှမတတ်နိုင်ခဲ့ဘူး။ ဒါနဲ့ ကျွန်တော် မိတ်ဆွေ ဝေရန်(Wei Yan) ဆီသွားပြီး အကူအညီတောင်းခဲ့တယ်၊ ဒါပေမယ့်လည်း လမ်းမှာ ရန်သူတွေက ဝိုင်းတိုက်ပြီး ပိတ်မိခဲ့ပြန်တယ်။ သူသေကိုယ်သေတိုက်ပြီးတော့မှသာ ကျွန်တော် ရုန်းထွက်နိုင်ခဲ့တယ်။ စခန်းကိုပြန်ရောက်တော့ စခန်းက ရန်သူ့လက်ထဲကျသွားပြီ။ ဒါကြောင့် ကျွန်တော် လီလျူကိုသွားခဲ့တယ်။
လမ်းမှာတော့ ကောင်းရှန်(Gao Xiang) နဲ့တွေ့ပြီး ကျဲ့ထင်ကိုပြန်သိမ်းဖို့အတွက် ကျွန်တော်တို့သုံးယောက်ဟာ ရန်သူ့စခန်းကိုတိုက်ဖို့လုပ်ခဲ့တယ်၊ ဒါပေမယ့် လူတစ်ယောက်မှမတွေ့တော့ ကျွန်တော် သံသယရှိသွားခဲ့တယ်။ ကျွန်တော့လုပ်ဖော်ကိုင်ဖက်တွေကို ဝေတပ်တွေက ဝိုင်းထားတယ်ဆိုတာ တောင်ကုန်းပေါ်ကလှမ်းတွေ့လိုက်တဲ့အချိန်မှာ ကျွန်တော်က သူတို့ကိုသွားကူခဲ့တယ်။ အဲ့ကနေပြီး ကျွန်တော်တို့ ရန်ဖင်ခံတပ်ကိုအလျင်အမြန်သွားပြီး စစ်ကူပို့ခဲ့တယ်။
ကျွန်တော် မတားမြစ်ခဲ့တာမဟုတ်ပါဘူး၊ ဝန်ကြီး။ ကျွန်တော့စကားအမှန်ဖြစ်ကြောင်း တခြားသူတွေကိုလည်း မေးလို့ရပါတယ်"
"ကျူးကဲလျန့်"(Zhuge Liang) သည် သူ့ကိုပြန်လွှတ်လိုက်ပြီး "မာဆု"(Ma Su) ကိုခေါ်သည်။ "မာဆု"(Ma Su) သည် သူ့ကိုယ်သူကြိုးဖြင့်တုတ်နှောင်ကာ ရွက်ဖျင်တဲအဝတွင် မြေပေါ်သို့ပစ်လှဲလိုက်သည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် ဒေါသထွက်ကာ
"ခင်ဗျားက ငယ်စဉ်ကတည်းက စစ်ပညာနဲ့ပတ်သတ်တဲ့စာပေတွေကိုလေ့လာပြီး အကုန်လုံးကိုနှံ့စပ်တယ်မဟုတ်လား။ ကျဲ့ထင်ကိုကာကွယ်ဖို့က အရေးကြီးတယ်ဆိုတာ ခင်ဗျားကိုမှာခဲ့တယ်၊ ဒါ့အပြင် ခင်ဗျားက ခင်ဗျားရော၊ ခင်ဗျားမိသားစုရဲ့အသက်တွေနဲ့ရော အာမခံဝံ့ပါတယ်လို့ပြောခဲ့တယ်လေ။ ဒါကို ဘာကြောင့် ဝမ်ဖင်(Wang Ping) ရဲ့အကြံကိုနားမထောင်ပဲ ဒီလိုရှုံးနိမ့်မှုကိုဖြစ်စေရတာလဲ? ခင်ဗျားကြောင့် တပ်ကစစ်ရှုံးသွားပြီး စစ်သူကြီးတွေအသတ်ခံရတဲ့အပြင် မြို့တွေ၊နယ်တွေပါ လက်လွှတ်လိုက်ရပြီ။ ခင်ဗျားကို ဥပမာထားပြီး စည်းကမ်းအတိုင်း အရေးမယူဘူးဆိုရင် တခြားလူတွေကို စည်းကမ်းလိုက်နိုင်အောင်ဘယ်လိုလုပ်နိုင်ပါ့မတုန်း။ ခင်ဗျားက အမှားကျူးလွန်ခဲ့တာဖြစ်တာကြောင့် အပြစ်ဒဏ်ကိုခံယူရမယ်။ ခင်ဗျားသေဆုံးသွားရင် ခင်ဗျားရဲ့သားသမီး၊ မိသားစုတွေကို ကျုပ်စောင့်ရှောက်ထားပြီး လတိုင်း ထောင့်ပံ့မှုတွေရပါစေ့မယ်။ ဒါကြောင့် သူတို့အတွက် မစိုးရိမ်ပါနဲ့"
ပြီးနောက် အာဏာပါးကွက်သားတို့ကိုခေါ်ကာ "မာဆု"(Ma Su) ကိုခေါ်ထုတ်သွားစေသည်။ "မာဆု"(Ma Su) သည် သည်းထန်စွာငိုပြီး
"အို၊ ဝန်ကြီး၊ ကျွန်တော့ကိုအသက်ချမ်းသာပေးပါ။ ဝန်ကြီးချုပ်က ကျွန်တော့ကိုသားတစ်ယောက်လိုသဘောထားခဲ့သလို ကျွန်တော်ကလည်း ဝန်ကြီးချုပ်အပေါ် ဖခင်လိုသဘောထားခဲ့တာပါ။ ကျွန်တော့အပြစ်ဟာ သေဒဏ်ထိုက်မှန်းသိပေမယ့် ယွီက သူ့အဖေကိုသတ်ခဲ့ပေမယ့် ရွှန့်ဘုရင်က သူ့ကိုမြှောက်စားခဲ့တယ်ဆိုတာကို အမှတ်ရဖို့တောင်းပန်ပါတယ်။ ကျွန်တော်သေဆုံးသွားရင်လည်း ရွှေစမ်းချောင်းကိုးသွယ်မှာ အမုန်း၊အာဃာတတွေထားရှိမှာ မဟုတ်ပါဘူး"
"ကျူးကဲလျန့်"(Zhuge Liang) သည် သူ၏မျက်ရည်ကိုသုတ်ပြီး
"ကျုပ်တို့တွေက ညီအစ်ကိုတွေလိုပဲ၊ ခင်ဗျားရဲ့ကလေးတွေကို ကျုပ်သားသမီးလိုစောင့်ရှောက်ပါ့မယ်။ အခြားဟာတွေပြောနေလည်း အသုံးမဝင်ဘူး"

သို့နှင့် သေဒဏ်ကျခံရသည့်သူကိုဆွဲခေါ်ကာ ဂိတ်တံခါးဝတွင် သေဒဏ်ပေးလုဆဲဆဲတွင် မြို့တော်ချန်တူးမှ အထက်တန်းအတိုင်ပင်ခံ "ကျန်းဝမ်"(Jiang Wan) ရောက်လာပြီး အာဏာပါးကွက်သားတို့အား ခဏစောင့်ရန်တားမြစ်ခဲ့ပြီး အတွင်းသို့ဝင်ကာ "မာဆု"(Ma Su) အတွက် အသနားခံသည်။
"ဟိုးရှေးတုန်းက ချူဘုရင်ဟာ ဝန်ကြီး ချန်တဲချန်(Chen Dechen) ကိုသေဒဏ်ပေးတော့ သူ့ပြိုင်ဘက်ဖြစ်တဲ့ ကျင်းပြည်နယ်စား ဝင်က ဝမ်းမြောက်ခဲ့တယ်။ အခုတိုင်းပြည်ကြီးက ပဋိပက္ခတွေဖြစ်နေတဲ့အချိန်မှာ ဝန်ကြီးချုပ်က အရည်အချင်းရှိတဲ့လူကိုသတ်မလို့လား? သူ့ကို အပြစ်ပေါ့လျော့စဉ်းစားပေးလိုက်ပါလား"
"ကျူးကဲလျန့်"(Zhuge Liang) သည် မျက်ရည်များယိုစီးလာသော်လည်း
"အောင်မြင်မှုကိုရယူဖို့နည်းလမ်းဟာ ဥပဒေကိုအမြင့်ဆုံးမှာထားရှိဖို့ပဲဖြစ်တယ်လို့ စွန်းကျီ(ဆွန်ဇု) ကပြောခဲ့ဖူးတယ်။ အခုအချိန်မှာ နေရာတိုင်းက ရှုပ်ထွေးနေပြီး စစ်မက်တွေပေါနေတာ ဥပဒေကိုကောင်းကောင်းမထိန်းသိမ်းရင် သူပုန်တွေကိုပပျောက်အောင်လုပ်နိုင်ပါ့မလား? သူ့ကိုသေဒဏ်ပေးမှဖြစ်မယ်"
မကြာမီတွင် "မာဆု"(Ma Su)၏ခေါင်းကိုယူလာသောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် ဝမ်းနည်းပက်လက်ဖြစ်ကာ ငိုကြွေးခဲ့သည်။

"ကျန်းဝမ်"(Jiang Wan) မှ
"သူ့ကို သေဒဏ်ပေးလိုက်ပြီးတော့မှ ဘာလို့ငိုနေရတာလဲ"
"ကျုပ်က မာဆု(Ma Su) ကြောင့်ငိုတာမဟုတ်ပဲ ပထမဧကရာဇ်ပြောခဲ့တဲ့စကားတွေကိုအမှတ်ရလို့ငိုတာဖြစ်တယ်။ စစ်ရှုံးပြီး ပိုင်တိချန်ကိုရောက်တဲ့အခါမှာ ဧကရာဇ်က မာဆု(Ma Su) ရဲ့လုပ်ဆောင်နိုင်စွမ်းထက် သူ့ကြွားဝါမှုက ပိုများတယ်။ ကိစ္စကြီးတွေကိုလုပ်ဆောင်နိုင်မှာမဟုတ်ဘူး" လို့ဆိုခဲ့တယ်။ ဒါတွေက အမှန်တကယ်ဖြစ်လာတော့ ကျုပ်ရဲ့ထိုးထွင်းအမြင်နည်းမှုကိုသိပြီး ငိုတာဖြစ်တယ်"
အခြားသောအမှုထမ်းတို့လည်း ငိုကြွေးခဲ့ကြသည်။ "မာဆု"(Ma Su) သည် ကျန့်ရှင့်နှစ်ဆဌမနှစ် (အေဒီ ၂၂၈) တွင် ဘဝတစ်ပါးသို့ပြောင်းခဲ့ပြီး ထိုအချိန်တွင် သူ့အသက်မှာ သုံးဆယ့်ကိုးနှစ်သာ ရှိသေးသည်။

"မာဆု"(Ma Su) ၏ခေါင်းကိုတပ်စခန်းတွင် ပြသခဲ့ပြီးနောက် ကိုယ်ခန္ဓာနှင့်ပြန်တွဲချုပ်စေခဲ့ပြီး မြှုပ်နှံစေခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် သေဆုံးခဲ့သူများအတွက် ပူဇော်ပွဲပြုလုပ်ကာ မိန့်ခွန်းဆိုခဲ့သည်။ ကျန်ရစ်သောမိသားစုများအတွက် လစဉ်ထောက်ပံ့မှုများပေးပို့စေကာ အတတ်နိုင်ဆုံးစိတ်သက်သာရာရစေခဲ့သည်။
ပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) သည် နန်းတွင်းသို့သဝဏ်လွှာကို "ကျန်းဝမ်"(Jiang Wan) အား ပေးပို့စေသည်။ ထိုစာထဲတွင် "ကျူးကဲလျန့်"(Zhuge Liang) သည် သူ့ကိုယ်သူနှိမ့်ချထားသည်။
'သာမန်အရည်အချင်းရှိသူတစ်ယောက်အနေနဲ့ ကျွန်တော်မျိုးဟာ မထိုက်တန်ပဲ အရှင်မင်းကြီးရဲ့ယုံကြည်မှုကိုခံခဲ့ရတယ်။ စစ်ဆင်ရေးကိုဦးဆောင်ခဲ့ပြီးနောက်မှာ ထိပ်တန်းခေါင်းဆောင်တစ်ဦးအနေနဲ့တာဝန်ယူဖို့ငှာ မစွမ်းနိုင်ဘူးဆိုတာ သိခဲ့ရတယ်။ အလွန်အကျွံအရေးတယူရှိခြင်းဟာ ကျွန်တော်မျိုးရဲ့ရှုံးနိမ့်မှုကိုဖြစ်စေခဲ့တယ်။ ဒါကြောင့် ကျဲ့ထင်မှာ လက်အောက်ငယ်သားက အမိန့်ဖီဆန်ခဲ့ပြီး ချီတောင်ကြားကိုမကာကွယ်နိုင်ခဲ့ဘူး။ ဒါဟာ ထိုက်တန်တဲ့လူကိုအသုံးမချမိတဲ့ကျွန်တော်မျိုးရဲ့အပြစ်ဖြစ်ပါတယ်။ ကျွန်တော်က စိုးရိမ်ပူပန်တာကြောင့် တအားကိုလျှို့ဝှက်လွန်းခဲ့တယ်။ 'နွေဦးဆောင်းဦးခေတ်' ရဲ့အတွေးအခေါ်တိုင်းဆိုရင် ကျွန်တော့လိုသေနာပတိမျိုးဟာ အပြစ်တင်ထိုက်တာကြောင့် ကျွန်တော့အမှားတွေကိုရှောင်နေမှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော့ကို အပြစ်ဒဏ်အနေနဲ့ ရာထူးသုံးဆင့်လျှော့ချဖို့တောင်းဆိုပါတယ်။ ကျွန်တော့ရဲ့အရှက်ရမှုကို မဖော်ပြနိုင်တော့ပါဘူး။ အရှင်မင်းကြီးရဲ့အမိန့်တော်ကို ရိုကျိုးစွာစောင့်မျှော်နေပါ့မယ်'
ဒုတိယဧကရာဇ်မှ
"ဝန်ကြီးချုပ်က ဘာလို့ဒီလိုပြောရတာလဲ? ဒါဟာ စစ်ပွဲရဲ့ဖြစ်ရိုးဖြစ်စဉ်ပဲမဟုတ်လား"
ဝန်ကြီး "ဖေးယီ"(Fei Yi) : "အုပ်ချုပ်သူဟာ ဥပဒေကိုအလေးအမြတ်ထားရမယ်။ ဥပဒေဆိုတာမရှိရင် လူတွေက သူ့ကိုဘယ်လိုထောက်ခံပါ့မလဲ? ဒါကြောင့် ဝန်ကြီးချုပ်ကို ရာထူးချသင့်တယ်ဆိုတာ မှန်ပါတယ်"
ထို့ကြောင့် "ကျူးကဲလျန့်"(Zhuge Liang) အား လက်ယာတပ်စစ်သူကြီးအဖြစ် ရာထူးချခဲ့သော်လည်း တိုင်းပြည်၏အရေးကိစ္စနှင့်စစ်တပ်တို့ကိုထိန်းကွပ်နိုင်သည့်အာဏာကိုမူ မရုတ်သိမ်းခဲ့ပေ။ ထိုဆုံးဖြတ်ချက်ကို "ဖေးယီ"(Fei Yi) အား လွှတ်၍ အကြောင်းကြားစေသည်။
"ဖေးယီ"(Fei Yi) သည် ဟန်ကျုံးသို့ရောက်သောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် ဒူးထောက်ပြီးအမိန့်တော်ကိုလက်ခံခဲ့သည်။ တမန်မှ "ကျူးကဲလျန့်"(Zhuge Liang) သည် ရာထူးချခံရသဖြင့် ဝမ်းနည်းနေလိမ့်မည်ဟုထင်ကာ စိတ်ပြေစေရန် အခြားသောဝမ်းမြောက်ဖွယ်တို့ကိုပြောပေးသည်။

"ဝန်ကြီးက အနောက်မြောက်ဘက်ကနယ်လေးနယ်ကို သိမ်းနိုင်ခဲ့တာဟာ ရှူပြည်သူတွေအတွက်တော့ ဝမ်းမြောက်စရာသတင်းပါပဲ"
"ဘယ်လိုများပြောလိုက်တာလဲ? အောင်မြင်ပြီး ပြန်ရှုံးနိမ့်သွားတာဟာ အောင်မြင်မှုမဟုတ်ဘူး။ ဒီလိုမျိုးချီးကျူးမှုကိုခံရတာက ကျုပ်ကိုအရှက်ရစေတယ်"
"ကျန်းဝေ(Jiang Wei) ကိုသိမ်းသွင်းနိုင်တယ်လို့ အရှင်မင်းကြီးသာသိရင် ဝမ်းသာမှာသေချာတယ်"
ထိုစကားကြောင့် "ကျူးကဲလျန့်"(Zhuge Liang) သည် ဒေါသထွက်ကာ
"ရန်သူ့နယ်မြေကိုမသိမ်းနိုင်ပဲ စစ်ရှုံးနိမ့်ပြီးပြန်လာရတာဟာ ကျုပ်ရဲ့အမှားဖြစ်တယ်။ ဝေပြည်က ကျန်းဝေ(Jiang Wei) ကိုဆုံးရှုံးလိုက်ရလို့ဘာများဖြစ်သွားမှာလဲ"
"ဖေးယီ"(Fei Yi) မှထပ်ပြောပြန်သည်။
"ဒါပေမယ့် လက်ရွေးစင်တပ်တစ်သိန်းရှိမယ်ဆိုရင် ဝေပြည်ကိုထပ်တိုက်နိုင်ပြီ"

"ကျုပ်တို့တွေ ချီစန်းနဲ့ ချီတောင်ကြားမှာတုန်းက ရန်သူတွေထက်အင်အားများခဲ့တယ်၊ ဒါပေမယ့် သူတို့ကိုမယှဉ်နိုင်ခဲ့ဘူး၊ သူတို့က ကျုပ်တို့ကိုတောင် အနိုင်ယူသွားသေးတယ်။ လိုအပ်နေတာက စစ်တပ်အင်အားမဟုတ်ပဲ ခေါင်းဆောင်နိုင်စွမ်းဖြစ်တယ်။ အခု ကျုပ်တို့တပ်ဖွဲ့တွေကိုလျှော့ချပြီးတော့ အမှားတွေကို ရှာဖွေပြီး ပြင်ဆင်ရမယ်။ ဒါတွေက အနာဂတ်မှာ ကျုပ်တို့လျှောက်မယ့်လမ်းအတွက်ဖြစ်တယ်။ အဲ့လိုမလုပ်ပဲနဲ့ဆို တပ်သားတွေအများကြီးရှိလည်း ဘာအသုံးကျမလဲ? လူတိုင်းက ကိုယ့်တိုင်းပြည်ရဲ့အနာဂတ်ကိုရှေးရှုရမှာဖြစ်တယ်။ ဒါပေမယ့် ခင်ဗျားတို့တွေကလည်း ကျုပ်ရဲ့အားနည်းချက်တွေကိုရှာဖွေပြီး မှားယွင်းခဲ့ရင် အပြစ်ကိုပြောပြရမယ်၊ ဒီလိုမှသာ အောင်မြင်မှာဖြစ်တယ်။ အဲ့လိုလုပ်မှသာ သူပုန်တွေကိုနှိမ်နှင်းနိုင်ပြီး စွမ်းဆောင်မှုကြီးလုပ်ဆောင်နိုင်မှာ"
"ဖေးယီ"(Fei Yi) နှင့်အခြားအမှုထမ်းတို့သည်လည်း ထိုစကားမှန်ကန်ကြောင်းဆိုခဲ့သည်။ "ဖေးယီ"(Fei Yi) သည် မြို့တော်သို့ပြန်သည့်အချိန်ဝယ် "ကျူးကဲလျန့်"(Zhuge Liang) သည် ဟန်ကျုံးတွင်နေရစ်ခဲ့ပြီး ပြည်သူတို့အတွက်လုပ်နိုင်သည်တို့ကိုလုပ်ခဲ့သည်။ စစ်ရေးလေ့ကျင့်မှုများ၊ စိတ်ဓာတ်မြင့်တင်မှုများ၊ မြစ်တို့ကိုဖြတ်ကူးလျှင်၊ မြို့တိုက်လျှင်လိုအပ်သည့်စစ်လက်နက်များထုတ်လုပ်ခြင်း အစရှိသည်တို့ကိုကွပ်ကဲခဲ့သည်။ ထို့အပြင် အနာဂတ်တွင်အသုံးပြုရန် တိုက်ပွဲဖောင်တို့ကိုဆောက်လုပ်စေသည်။

ဝေပြည်သူလျှိုတို့သည် မြစ်ပြည်နယ်မှထိုအကြောင်းတို့ကိုစုံစမ်းပြီးနောက် လော့ရန်သို့သတင်းပို့ခဲ့သည်။ ဝေဧကရာဇ်သည် "စီးမာယီ"(Sima Yi) ကိုခေါ်ကာ ရှူပြည်ကို မည်သို့သိမ်းပိုက်ရမည်နည်းဟုမေးသည်။
"ရှူကိုတိုက်လို့မဖြစ်သေးပါဘူး။ ဒီအချိန်ဟာ ရာသီဥတုပူပြင်းတာကြောင့် သူတို့တွေ ထွက်လာမှာမဟုတ်ဘူး။ ကျွန်တော်တို့သွားတိုက်ရင် သူတို့တွေက ခံတပ်တွေ၊ ဗျူဟာမြောက်နေရာတွေကိုသာ ခုခံမယ်ဆိုရင်တောင် အောင်မြင်ဖို့ခက်ခဲတယ်'
"ဒါဆို သူတို့တွေထပ်ကျူးကျော်လာရင် ဘယ်လိုလုပ်မလဲ"
"အဲ့အတွက် ကျွန်တော် ပြင်ဆင်ထားပါတယ်။ ကျူးကဲလျန့်(Zhuge Liang) က ရှေးတုန်းက ဟန်ရှင့်(Han Xin) ကိုအတုယူပြီး မြစ်ကိုတိတ်တဆိတ်ဖြတ်ပြီးတော့ ချန်ချန်းကိုလာဖို့လုပ်နေတယ်။ ဒီတော့ အဲ့နေရာမှာ ခံတပ်စောင့်ထားပြီး လူတစ်ယောက်ကိုသာ ကာကွယ်ခိုင်းမယ်ဆိုရင် လုံးဝကိုလုံခြုံပါလိမ့်မယ်။ သူက ကိုးချီ(ယူနစ်) မြင့်ပြီးတော့ လက်ပြင်ကုန်းပြီး သန်မာသူဖြစ်တယ်။ မြားပစ်ကျွမ်းကျင်ပြီး စစ်ဗျူဟာလည်း ထူးချွန်သူဖြစ်ပါတယ်။ ရန်သူတွေကျူးကျော်လာရင် သူ့ကိုခုခံဖို့တာဝန်ပေးတာ အသင့်တော်ဆုံးဖြစ်တယ်"
ဝေဧကရာဇ်သည် ကျေနပ်သွားပြီး ထိုသူ၏နာမည်ကိုမေးခဲ့သည်။
"သူ့နာမည်က ဟောင်ကျောင်း(Hao Zhao) ဖြစ်ပြီး အခုလက်ရှိ ဟဲရှီးမှာတာဝန်ကျနေပါတယ်"
ဧကရာဇ်သည် ထိုထောက်ခံမှုကိုလက်ခံကာ "ဟောင်ကျောင်း"(Hao Zhao) ကို အနောက်ဘက်ကိုကာကွယ်သောစစ်သူကြီးအဖြစ် ရာထူးတိုးခဲ့ပြီး ချန်ချန်းနယ်ကိုလွှတ်ကာ ကာကွယ်စေသည်။

ထိုသို့အမိန့်ထုတ်ပြန်ပြီးနောက် စစ်မက်ရေးရာဝန်ကြီးနှင့် ရန်ကျိုးစစ်သူကြီး "ချောင်ရှို့"(Cao Xiu) ထံမှစာရောက်လာသည်။ ထိုစာထဲ၌ ဝူပြည်၏ဖိုရန်မြို့စား "ကျိုးဖန်"(Zhou Fang) သည် လက်နက်ချကာ ဝေပြည်လို့ပြောင်းချင်ကြောင်း၊ ထို့အပြင် သူမှ စာတစ်စောင်ပို့ကာ စာထဲတွင် ခေါင်းစီးခုနစ်ခုဖြင့် တောင်ပိုင်းနယ်ကိုမည်ကဲ့သို့ဖြိုခွင်းနိုင်ကြောင်း ရေးထားသည်။ ထို့ကြောင့် ထပ်မံ၍စစ်တပ်များစေလွှတ်ရန် တောင်းဆိုခြင်းဖြစ်သည်။
"ချောင်ရေ့"(Cao Rui) သည် ညောင်စောင်းပေါ်တွင် ထိုစာကိုဖြန့်ချလိုက်ပြီး "စီးမာယီ"(Sima Yi) ကိုပါပေးဖတ်စေသည်။ "စီးမာယီ"(Sima Yi) မှ
"ဒီစာက အတော်ယုတ္တိရှိပါတယ်။ ဝူပြည်ကိုဖျက်လို့ရနိုင်တယ်ဆိုတော့ ကျွန်တော်တပ်ဖွဲ့တွေကိုဦးဆောင်ပြီး ချောင်ရှို့(Cao Xiu) ကိုသွားကူပါရစေ"
သို့သော် အမှုထမ်းများထဲမှာ "ကျာခွေ"(Jia Kui) ထွက်လာပြီး
"ဒီဝူပြည်ကလူပြောတာကို ယုံလို့ရချင်မှရနိုင်မယ်။ ကျိုးဖန်(Zhou Fang) က ဉာဏ်ပညာရှိပြီး ပရိယာယ်ကြွယ်သူဖြစ်တာကြောင့် သစ္စာဖောက်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး။ ဒါက ကျွန်တော်တို့တပ်တွေကို အန္တရာယ်ထဲဆွဲခေါ်ချင်တာဖြစ်နိုင်တယ်"
"စီးမာယီ"(Sima Yi) : "ခင်ဗျားပြောတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးအခွင့်အရေးကိုလက်လွှတ်မခံသင့်ဘူး"
"ဝေဧကရာဇ်": "ခင်ဗျားတို့နှစ်ယောက်လုံးသွားပြီး ချောင်ရှို့(Cao Xiu) ကိုကူညီပါ"
"စီးမာယီ"(Sima Yi) နှင့် "ကျာခွေ"(Jia Kui) တို့သည် ချီတက်ခဲ့ကြသည်။ "ချောင်ရှို့"(Cao Xiu) ဦးဆောင်သော ကြီးမားသည့်တပ်ကြီးသည် ဟွမ်ချန်သို့ရောက်လာသည်။ "ကျာခွေ"(Jia Kui) ကို စစ်သူကြီး "မန်ချုံး"(Man Chong) နှင့် တုန်းဝမ်မြို့စား "ဟူကျီ"(Hu Zhi) တို့က ကူညီခဲ့ပြီး ရန်ချန်ကိုသိမ်းကာ အရှေ့ပိုင်းခံတပ်နှင့်ရင်ဆိုင်ရန် ချီတက်ကြသည်။ "စီးမာယီ"(Sima Yi) သည် တတိယတပ်ကြီးကိုဦးဆောင်ပြီး ကျန်းလင်သို့သွားသည်။

ထိုအချိန်ဝယ် ဝူမင်းသား "စွန်းချွမ်"(Sun Quan) သည် ဝူချန်၏အရှေ့ပိုင်းခံတပ်တွင်ရှိနေခဲ့ပြီး အမှုထမ်းတို့အား စည်းဝေးစေခဲ့သည်။
"ချောင်ရှို့(Cao Xiu)က ကျူးကျော်ဖို့ကြံနေတယ်လို့ ဖိုရန်မြို့စား ကျိုးဖန်(Zhou Fang) ဆီက လျှို့ဝှက်စာပို့လာတယ်။ ဒါကြောင့် ကျိုးဖန်(Zhou Fang) က ဝူပြည်ကိုကျူးကျော်ဖို့ နည်းလမ်းခုနစ်မျိုးပြောပြခဲ့ပြီး ချောင်ရှို့(Cao Xiu) ကိုလှည့်စားထားခဲ့တယ်။ ဝေတပ်ကြီးဟာ တပ်မကြီးသုံးခုနဲ့ချီတက်လာပြီ။ ဒါကြောင့် ခင်ဗျားတို့ရဲ့အကြံကိုလိုအပ်တယ်"

"ကူယုံ"(Gu Yong) မှ မတ်တပ်ရပ်ကာ
"ဒီအခြေအနေကိုထိန်းသိမ်းနိုင်တာ တစ်ယောက်ပဲရှိပါတယ်။ သူကတော့ လုရွှင့်(Lu Xun) ပါပဲ"

ထို့ကြောင့် "လုရွှင့်"(Lu Xun) ကိုခေါ်စေကာ သူ့အား စစ်သေနာပတိ၊ မြောက်ဘက်ကိုငြိမ်းအေးစေသောစစ်သူကြီး၊ နန်းတွင်းကိုယ်ရံတော်တပ်ကိုထိန်းချုပ်နိုင်သော စစ်ဦးစီးအရာရှိ စသည့်ရာထူးများနှင့် နန်းတော်တာဝန်တို့ကိုကူညီသူစသည့်ဘွဲ့များပေးခဲ့သည်။ နန်းတွင်းအဆောင်အယောင်များဖြစ်သည့် အဖြူရောင်အလံနှင့် ရွှေပုဆိန်များကိုလည်းပေးခဲ့သည်။ ပြည်ထဲရေးနှင့်စစ်ဘက်ဆိုင်ရာအမှုထမ်းများအားလုံးတို့ကိုလည်း ထိန်းချုပ်ခွင့်ရှိလေသည်။ ထိုမျှမက "စွန်းချွမ်"(Sun Quan) ကိုယ်တိုင်က သူ့ဘေးတွင်ရပ်ကာ သူမြင်းပေါ်တက်သည့်အခါဝယ် ကြာပွတ်ကိုကိုင်ပေးထားခဲ့သည်။
ထိုသို့သော ယုံကြည်မှု၊ ချီးမြောက်မှုတို့ကိုခံရသော "လုရွှင့်"(Lu Xun) သည် လက်ထောက်နှစ်ဦးလိုအပ်ကြောင်း တောင်းဆိုခဲ့သည်။ ထိုသူတို့၏နာမည်ကို "စွန်းချွမ်"(Sun Quan) မှမေးရာ "လုရွှင့်"(Lu Xun) မှ
"သူတို့တွေက ကြံ့ခိုင်တဲ့အစွမ်းရှိသောစစ်သူကြီး ကျူဟွမ်(Zhu Huan) နဲ့ တောင်ပိုင်းကိုအေးချမ်းစေသောစစ်သူကြီး ချွမ်ကျုံး(Quan Zong) တို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးကိုလည်း ခေါင်းဆောင်အဖြစ်တာဝန်ပေးသင့်ပါတယ်"
"စွန်းချွမ်"(Sun Quan) ကလက်ခံခဲ့ပြီး "ကျူဟွမ်"(Zhu Huan) နှင့် "ချွမ်ကျုံး"(Quan Zong) တို့သည် လက်ဝဲနှင့်လက်ယာစစ်သူကြီးများအဖြစ်ခန့်အပ်ခဲ့သည်။

ထို့နောက် တောင်ပိုင်း၏မြို့နယ်ရှစ်ဆယ့်တစ်နယ်နှင့် ကျင်ကျိုးမှ တပ်များအားလုံး စုစုပေါင်း ခုနှစ်သိန်းခန့်စုစည်းခဲ့ပြီး တပ်ခွဲသုံးခုခွဲကာ ချီတက်ခဲ့သည်။ "လုရွှင့်"(Lu Xun) သည် ဗဟိုတပ်၊ "ကျူဟွမ်"(Zhu Huan) နှင့် "ချွမ်ကျုံး"(Quan Zong) တို့က လက်ဝဲ၊ လက်ယာနှစ်ဖက်မှချီတက်ကြသည်။
"ကျူဟွမ်"(Zhu Huan) : "ချောင်ရှို့(Cao Xiu) က ရဲရင့်သူမဟုတ်သလို အရည်အချင်းလည်းမရှိဘူး။ သူဒီရာထူးကိုရောက်လာတာဟာ သူ့မျိုးရိုးတော်စပ်မှုတွေကြောင့်သာဖြစ်တယ်။ သူက ကျိုးဖန်(Zhou Fang) ဆင်ထားတဲ့ထောင်ချောက်ထဲကို ဝင်လာခဲ့ပြီဆိုတော့ ပြန်ဆုတ်ဖို့ခက်ခဲတယ်။ သေနာပတိသာတိုက်မယ်ဆိုရင် ချောင်ရှို့(Cao Xiu) ကိုအောင်နိုင်မှာပဲ။ သူရှုံးသွားရင် ပြေးစရာလမ်းနှစ်လမ်းရှိတယ်။ တစ်လမ်းက ဘယ်ဘက်က ကျားရှီဖြစ်ပြီး နောက်တစ်လမ်းက ညာဘက်က ကွေ့ချီဖြစ်တယ်။ နှစ်လမ်းလုံးက မတ်စောက်ပြီး ကျဉ်းမြောင်းတယ်။ ဒါကြောင့် ကျွန်တော်ရယ်၊ ကျွန်တော့လုပ်ဖော်ကိုင်ဖက်ရယ်သွားပြီးတော့ ဒီလမ်းတွေမှာ ကင်းပုန်းချထားပါရစေ။ ကျွန်တော်တို့တွေ သူတို့ထွက်ပြေးမယ့်လမ်းကြောင်းကိုပိတ်ထားမယ်။ ချောင်ရှို့(Cao Xiu) ကိုဖမ်းပြီးရင် အလျင်အမြန်ချီတက်ပြီး သေချာပေါက်အောင်မြင်နိုင်မယ်။ ကျွန်တော်တို့တွေ ရှိုချွန်းကိုသိမ်းပြီး အဲ့နောက်မှာတော့ ရွှီချန်နဲ့လော့ရန်တို့ကိုသိမ်းဖို့လုပ်နိုင်မှာဖြစ်တယ်။ ဒါက အကြိမ်တစ်ထောင်မှာတစ်ခါရခဲတဲ့အခွင့်ကောင်းပဲ"
"လုရွှင့်"(Lu Xun) : "ဒီအကြံက မကောင်းဘူး။ ကျုပ်မှာ ဒီထက်ကောင်းတဲ့အကြံရှိတယ်"
"ကျူးဟွမ်"(Zhu Huan) သည် သူ့အကြံငြင်းပယ်ခံခဲ့ရသောကြောင့် စိတ်ဆိုးပြီး ထွက်သွားလေသည်။ "လုရွှင့်"(Lu Xun) မှ "ကျူးကဲကျင့်"(Zhuge Jin) နှင့် အခြားသောသူတို့အား "စီးမာယီ"(Sima Yi) ၏တပ်တို့ကိုကာကွယ်ရန် ကျန်းလင်တွင် နေရာချထားခဲ့သည်။

"ချောင်ရှို့"(Cao Xiu) သည် ဟွမ်ချန်သို့ရောက်လာသောအခါ "ကျိုးဖန်"(Zhou Fang) မှ မြို့ပြင်ထွက်ပြီး ကြိုဆိုကာ စစ်သူကြီး၏ရွက်ဖျင်တဲအတွင်းသို့ဝင်ခဲ့ကြသည်။
"ချောင်ရှို့"(Cao Xiu) : "ကျုပ် ခင်ဗျားရဲ့စာနဲ့အကြံပြုချက်ကိုလက်ခံရရှိခဲ့တယ်။ ဒါကဖြစ်နိုင်တာကြောင့် အရှင်မင်းကြီးဆီကို ဆက်သခဲ့တယ်။ အရှင်မင်းကြီးက တပ်သုံးတပ်ကိုစေလွှတ်ခဲ့တယ်။ တောင်ပိုင်းနယ်သာ အရှင်မင်းကြီးရဲ့အုပ်ချုပ်မှုအောက် ရောက်ခဲ့မယ်ဆိုရင် ခင်ဗျားတော့ စွမ်းဆောင်မှုကြီးလုပ်ခဲ့တာပဲ။ ခင်ဗျားက ပရိယာယ်မကြွယ်ဘူးလို့လူတွေကပြောကြတယ်။ ဒါပေမယ့် သူတို့ပြောတာ ကျုပ်မယုံပါဘူး။ ခင်ဗျားက ဒီအကြံအစည်ကိုအကောင်အထည်ဖော်နိုင်မယ်လို့ကျုပ်ယုံကြည်တယ်"
"ကျိုးဖန်"(Zhou Fan) သည် ငိုကာ သူ့နောက်လိုက်နောက်ပါထံမှ ဓားကိုယူပြီး ကိုယ့်ကိုယ်ကိုသတ်သေရန်ပြုသည်။ "ချောင်ရှို့"(Cao Xiu) က လှမ်းတားလိုက်လေသည်။ "ကျိုးဖန်"(Zhou Fang) သည် ဓားကိုကိုင်လျက်
"ခင်ဗျားကိုနည်းလမ်းခုနစ်မျိုးလို့ ပြောထားခဲ့ပေမယ့် အကုန်လုံးကိုမပြောနိုင်ခဲ့တော့ နောင်တရမိတယ်။ ဝူနဲ့ဝေပြည်က လူတချို့က ခင်ဗျားစိတ်ကိုပြောင်းအောင်လုပ်ပြီး ကျုပ်လက်နက်ချတာမဟုတ်မှန်ဘူးလို့ဆိုကြတော့ ခင်ဗျားက ကျုပ်အပေါ်သံသယဝင်နေတာမဟုတ်လား?  ခင်ဗျားသာ သူတို့စကားကိုယုံရင် ကျုပ်မှာသေလမ်းတစ်လမ်းပဲရှိတယ်။ ကောင်းကင်ကြီးကသာ ကျုပ်သစ္စာမှန်ကြောင်း သက်သေပြနိုင်လိမ့်မယ်"
"ကျုပ်က ဒီအတိုင်းပဲ စကားအဖြစ်ပြောလိုက်တာပါ။ ဘာလို့ဒီလိုမျိုးလုပ်ရတာလဲ"

ထိုအခါ "ကျိုးဖန်"(Zhou Fang) သည် ဓားဖြင့်ဆံပင်ကိုဖြတ်ကာ မြေပေါ်သို့ပစ်လိုက်ပြီး
"ကျွန်တော်က ခင်ဗျားက စိတ်ရင်းနဲ့ဆက်ဆံခဲ့တာပါ။ ခင်ဗျားကမယုံတော့ ကျုပ်မိဘတွေဆီက ဆင့်ကမ်းရရှိခဲ့တဲ့ဆံပင်ကိုဖြတ်ပြီး သက်သေပြတာဖြစ်တယ်"
"ချောင်ရှို့"(Cao Xiu) သည် သံသယမရှိတော့ပဲ စားသောက်ပွဲကြီးတည်ခင်းကျွေးမွေးလေသည်။ ထိုစားသောက်ပွဲပြီးသွားသောအခါ "ကျိုးဖန်"(Zhou Fang) လည်း ပြန်သွားသည်။
စစ်သူကြီး "ကျာခွေ"(Jia Kui) ရောက်လာသဖြင့် "ချောင်ရှို့"(Cao Xiu) က အဘယ်ကြောင့်ရောက်လာသည်ကိုမေးမြန်းရာ
"ကျွန်တော်က စစ်သူကြီးကို သတိနဲ့နေဖို့ လာပြောတာပါ။ ကျွန်တော်တို့နှစ်ယောက်လုံးအတူတူ ရန်သူတွေကိုတိုက်နိုင်တဲ့အထိစောင့်ပါ။ ဝူတပ်ကြီးက ဟွမ်ချန်မှာ စခန်းချထားတယ်"
"ခင်ဗျားက ကျုပ်ရဲ့အောင်နိုင်မှုကို ခွဲယူချင်လို့မဟုတ်လား" "ချောင်ရှို့"(Cao Xiu) မှ သရော်သည့်ဟန်ပြလေသည်။
"ကျိုးဖန်(Zhou Fang) က သူ့သစ္စာကိုပြဖို့အတွက် ဆံပင်ကိုဖြတ်ပြခဲ့တယ်ဆိုတာဟာ တကယ်တော့လှည့်စားမှုတစ်ရပ်ပဲ။ နွေဦးဆောင်းဦးခေတ်တုန်းက ယောင်းလီ(Yao Li) ဟာ သူ့လက်ကိုတောင်ဖြတ်ပြီးတော့ သူသစ္စာရှိကြောင်းပြခဲ့ပေမယ့် ချင်ကျိ(Qing Ji) ကို လုပ်ကြံခဲ့တာပဲမဟုတ်လား? ဒါကြောင့် ကျိုးဖန်(Zhou Fang )ကိုမယုံပါနဲ့"
"တိုက်ပွဲစဖို့ပြင်ဆင်နေတဲ့အချိန်မှာ ခင်ဗျားက ဘာကြောင့် နိမိတ်မရှိတာတွေပြောရတာလဲ? ရဲမက်တွေရဲ့စိတ်ဓာတ်ကိုကျသွားအောင်လုပ်တာလား"
သူသည်ဒေါသထွက်ကာ "ကျာခွေ"(Jia Kui) ကိုသေဒဏ်ပေးစေခဲ့သည်။ သို့သော် အခြားအမှုထမ်းတို့မှ
"စစ်မချီခင်မှာ စစ်သူကြီးကိုသေဒဏ်ပေးတာဟာ မသင့်တော်ပါဘူး။ စစ်ပွဲကြီးပြီးဆုံးမှသာ သူ့အပြစ်အတွက် ဒဏ်ပေးသင့်ပါတယ်" ဟုဆိုကြလေသဖြင့် သေဒဏ်မပေးတော့ပေ။ သို့သော်လည်း "ကျာခွေ"(Jia Kui) ကိုတိုက်ပွဲတွင်ပါဝင်စေခြင်းမရှိပဲ အရံတပ်အဖြစ်သာ ထားရှိခဲ့သည်။ "ချောင်ရှို့"(Cao Xiu) သည် အရှေ့ပိုင်းခံတပ်သို့ချီတက်လေသည်။

ထိုအကြောင်းကို "ကျိုးဖန်"(Zhou Fang) သိသောအခါ ဝမ်းမြောက်သွားခဲ့သည်။
"ချောင်ရှို့(Cao Xiu) သာ ကျာခွေ(Jia Kui) စကားနားထောင်ခဲ့ရင် ဝူတွေစစ်ရှုံးသွားနိုင်တယ်။ ကောင်းကင်ကြီးက ကျုပ်အပေါ်မျက်နှာသာပေးပြီး ကျုပ်အောင်မြင်မှုတွေရအောင် အကြောင်းဖန်ပေးခဲ့တယ်"
ထို့နောက် ဟွမ်ချန်သို့ လျှို့ဝှက်စာတစ်စောင်ပို့စေခဲ့သည်။ တိုက်ခိုက်ရန်အချိန်တန်ပြီဟု "လုရွှင့်"(Lu Xun) ကသိခဲ့ပြီး အမှုထမ်းတို့ကို ခေါ်ကာ အမိန့်ပေးလေသည်
"ကျုပ်တို့ရဲ့အရှေ့ဘက် ရှီတင်မှာ ရန်သူတွေက ကင်းပုန်းတိုက်ဖို့သင့်တော်တဲ့နေရာရှိတယ်။ အဲ့နေရာမှာ ကျုပ်တို့တပ်တွေခင်းကျင်းထားပြီး ဝေတပ်အလာကိုစောင့်နေရမယ်။ ရွှီရှန်(Xu Sheng) က ရှေ့ပြေးတပ်ကိုဦးဆောင်ပြီး တပ်ဖွဲ့တွေက အဲ့ကိုချီတက်ကြရမယ်"

"ချောင်ရှို့"(Cao Xiu) သည်လည်း "ကျိုးဖန်"(Zhou Fang) ကိုလမ်းပြစေကာ ချီတက်လာခဲ့သည်။ ချီတက်နေရင်းဖြင့် "ချောင်ရှို့"(Cao Xiu) မှ
"အရှေ့ဘက်က နေရာကိုဘာခေါ်လဲ"
"ရှီတင်လို့ခေါ်ပါတယ်။ စခန်းချဖို့သင့်တော်တဲ့နေရာဖြစ်တယ်"
ထို့ကြောင့် ထိုနေရာတွင် တပ်စခန်းချစေသည်။ မကြာခင်ဝယ် ကင်းထောက်တို့ရောက်လာကာ တောင်ကုန်းများပေါ်ဝယ် တပ်သားပေါင်းများစွာတို့ကိုတွေ့ကြောင်းသတင်းပို့သဖြင့် "ချောင်ရှို့"(Cao Xiu) မှာ ထိတ်လန့်သွားခဲ့သည်။
"ကျိုးဖန်(Zhou Fang) ပြောတော့ ဒီမှာ ဘာတပ်မှမရှိဘူးဆို? ဘာကြောင့် ရန်သူ့တပ်တွေရှိတာလဲ"
"ကျိုးဖန်"(Zhou Fang) ကိုအလျင်အမြန်ရှာဖွေစေသော်လည်း ထိုအချိန်တွင် "ကျိုးဖန်"(Zhou Fang) မှာ မြင်းသည်တော်အချို့နှင့်ထွက်သွားကြောင်းပြောကြသည်၊ မည်သည့်နေရာသို့ထွက်သွားသည်ကို မည်သူမျှမသိကြပေ။
"ကျုပ်အလှည့်စားခံလိုက်ရပြီး ထောင်ချောက်ထဲကျသွားခဲ့ပြီ"
"ချောင်ရှို့"(Cao Xiu) သည် အလွယ်တကူယုံကြည်ခဲ့မိသဖြင့် နောင်တရခဲ့သည်။

ရန်သူ့တပ်နှင့်ရင်ဆိုင်ရန် တပ်တို့ကိုခင်းကျင်းစေကာ ရှေ့ပြေးတပ်ခေါင်းဆောင် "ကျန်းဖူ"(Zhang Pu) သည်ထွက်ကာ ဝူတပ်သားတို့ကိုအော်နေခဲ့သည်။
"သူပုန်ခေါင်းဆောင်၊ ထွက်လာပြီး လက်နက်ချစမ်း"
"ရွှီရှန်"(Xu Sheng) ထွက်လာပြီးတိုက်ရာ 'ကျန်းဖူ"(Zhang Pu) မှာ မယှဉ်နိုင်သဖြင့် တပ်ဆုတ်ရသည်။
"ရွှီရှန်(Xu Sheng) က တအားစွမ်းလွန်းတယ်" ဟု "ချောင်ရှို့"(Cao Xiu) အားပြောရာ "ချောင်ရှို့"(Cao Xiu) မှ
"ဒါဆို ကျုပ်တို့တွေ သူတို့ကို လျက်တပြက်တိုက်ပြီး အနိုင်ယူမယ်"
"ကျန်းဖူ"(Zhang Pu) ကို ရှီတင်တောင်ဘက်တွင် တပ်နှစ်သောင်းနှင့်အတူ ပုန်းခိုင်းစေကာ "ရွှဲချောင်"(Xue Qiao) ကိုလည်း တပ်သားနှစ်သောင်းနှင့်အတူ မြောက်ဘက်သို့သွားစေသည်။
"မနက်ဖြန်မှာ ကျုပ်က တပ်သားတစ်ထောင်ကိုဦးဆောင်ပြီး ဝူတပ်တွေကိုတိုက်ခိုက်အောင် ရန်စမယ်။ ပြီးရင်ရှုံးနိမ့်ချင်ယောင်ဆောင်ပြီး မြောက်ဘက်က တောင်ကုန်းတွေဆီကိုမြားခေါ်လာမယ်။ အဲ့မှာ အသံကျယ်ကြီးကြားတာနဲ့ ကင်းပုန်းတွေကဝင်တိုက်မယ်ဆိုရင် အောင်မြင်မှုရလိမ့်မယ်"

တစ်ဖက်တွင် "လုရွှင့်"(Lu Xun) မှ "ကျူဟွမ်"(Zhu Huan) နှင့် "ချွမ်ကျုံး"(Quan Zong) တို့ကိုခေါ်ကာ
"ခင်ဗျားတို့တွေ တစ်ယောက်စီက တပ်ဖွဲ့သုံးသောင်းစီဦးဆောင်ပြီး ရှီတင်ကိုဖြတ်ပြီး ရန်သူ့စခန်းစီသွားပါ။ ရောက်သွားရင် မီးနဲ့အချက်ပြပါ၊ အဲ့အခါမှာ ပင်မတပ်ကြီးလည်းချီတက်လာခဲ့မယ်"
ညနေစောင်းအချိန်ဝယ် တပ်နှစ်တပ်တို့သည် ဝေတပ်စခန်းဘက်ချီတက်ကာ နှစ်ချက်တီးကျော်ခဲ့တွင် ဝေစခန်းနားသို့ရောက်သည်။ "ချောင်ရှို့"(Cao Xiu) ၏စစ်သူကြီး "ကျန်းဖူ"(Zhang Fu) သည် ထိုနားတွင် ကင်းပုန်းဝပ်နေခဲ့ပြီး အနီးကပ်လာသည်မှာ မိမိဘက်သားများဟုထင်မှတ်နေခဲ့ပြီး ထွက်တွေ့လေရာ "ကျူဟွမ်"(Zhu Huan) ၏ဓားအောက်တွင် သေဆုံးလေသည်။ ဝေတပ်သားတို့လည်းထွက်ပြေးကုန်သည်။ "ကျူဟွမ်"(Zhu Huan) မှ မီးဖြင့်အချက်ပေးလိုက်သည့်အခါ "ချွမ်ကျုံး"(Quan Zong) သည်လည်း မြောက်ဘက်မှ "ရွှဲချောင်"(Xue Qiao) ကိုသွားတိုက်ခဲ့သည်။ ဝေတပ်တို့မှာ ထွက်ပြေးကုန်ကြသည်။ ဝူတပ်တို့က အနောက်မှလိုက်သောအခါ "ချောင်ရှို့"(Cao Xiu) ၏စခန်းထိရောက်ခဲ့သည်။ ဝေတပ်သည် ရောထွေးကုန်ပြီး အချင်းချင်း တိုက်ခိုက်နေခဲ့ကြသည်။

"ချောင်ရှို့"(Cao Xiu) သည်လည်း ထိတ်လန့်ကာ ကျားရှီသို့ထွက်ပြေးသည်။ လမ်းမဘက်မှချီတက်လာပြီး စစ်တပ်အင်အားအများအပြားပါလာသော "ရွှီရှန်"(Xu Sheng) မှတိုက်လေရာ ဝေတပ်သားများစွာကျဆုံးခဲ့သည်။ လွတ်မြောက်သောသူတို့သည်လည်း သံချပ်ကာတို့ကိုစွန့်ပြီးမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
"ချောင်ရှို့"(Cao Xiu) မှာ အခြေအနေမဟန်ခဲ့ပဲ ကျားရှီလမ်းတလျှောက်ထွက်ပြေးခဲ့သည်။ မကြာမီတွင် တပ်တစ်တပ်နှင့်တွေ့ပြီး ထိုတပ်မှာ "ကျာခွေ"(Jia Kui) ဦးဆောင်လာခြင်းဖြစ်သည်။ "ချောင်ရှို့"(Cao Xiu) သည် "ကျာခွေ"(Jia Kui) နှင့်တွေ့သောအခါ ရှက်သွားခဲ့သည်။
"ကျုပ် ခင်ဗျားပြောတာမနားထောင်ခဲ့လို့ ဒီလိုဖြစ်ရတာပဲ"
"စစ်သူကြီး ဒီလမ်းကနေအမြန်ထွက်ခွာသင့်ပါတယ်။ ဝူတပ်တွေလာပိတ်ထားရင် ကျွန်တော်တို့ဒုက္ခရောက်လိမ့်မယ်"
"ချောင်ရှို့"(Cao Xiu) က အလျင်အမြန်သွားခဲ့ပြီး "ကျာခွေ"(Jia Kui) က အနောက်ဘက်မှ ကာကွယ်ခဲ့သည်။ "ကျာခွေ"(Jia Kui) က လမ်းတလျှောက် သစ်ပင်များတွင် အလံများထောင်ထားစေခဲ့ပြီး ထိုသို့ပြုခြင်းမှာ အင်အားအလွန်များသည်ဟု ရန်သူတို့အမှတ်မှားစေရန်ဖြစ်သည်။ "ရွှီရှန်"(Xu Sheng) သည် အနောက်မှလိုက်လာခဲ့ပြီး အလံတို့ကိုလှမ်းမြင်သောအခါ ကင်းပုန်းများစွာရှိသည်ဟုထင်မှတ်ပြီး ဆက်မလိုက်ရဲတော့ပေ။
"ချောင်ရှို့"(Cao Xiu) ကိုအောင်မြင်စွာကယ်ခဲ့ပြီးနောက် "ချောင်ရှို့"(Cao Xiu) စစ်ရှုံးမှုကြောင့် "စီးမာယီ"(Sima Yi) လည်း ပြန်ဆုတ်ခွာသွားခဲ့သည်။

ထိုအချိန်တွင် "လုရွှင့်"(Lu Xun) သည် စစ်အောင်မြင်မှုသတင်းကိုစောင့်နေခဲ့သည်။ မကြာမီတွင်ပင် "ရွှီရှန်"(Xu Sheng) ၊ "ကျူဟွမ်"(Zhu Huan) နှင့် "ချွမ်ကျုံး"(Quan Zong) တို့ရောက်လာပြီး သူတို့၏အောင်မြင်မှုကို တင်ပြခဲ့သည်။ သူတို့သည် သိမ်းပိုက်ရရှိခဲ့သော လှည်းများ၊ သင်းပြီးနွားများ၊ မြင်းများ၊ မြည်းများ၊ စစ်လက်နက်ပစ္စည်းများ၊ ကိရိယာများကိုသယ်လာသည်။ ထို့အပြင် စစ်သုံ့ပန်းတစ်သောင်းကိုလည်း ဖမ်းမိခဲ့သည်။ ဝမ်းမြောက်စွာအောင်ပွဲခံကြရင် "လုရွှင့်"(Lu Xun) သည် "ကျိုးဖန်"(Zhou Fang) နှင့်အတူ တပ်တို့ကိုဦးဆောင်ကာ ဝူပြည်သို့ပြန်ဝင်ခဲ့သည်။
ဝူမင်းသား "စွန်းချွမ်"(Sun Quan) သည် အမှုထမ်းများခြံရံလျက် ထွက်ကြိုဆိုခဲ့သည်။ "လုရွှင့်"(Lu Xun) ၏ခေါင်းပေါ်တွင် နန်းသုံးထီးတော်မိုးထားပြီး ဝင်လာသည်။ အမှုထမ်းတို့က ဂုဏ်ပြုကြသောအခါ "ကျိုးဖန်"(Zhou Fang) တွင် ဆံပင်မရှိသည်ကို "စွန်းချွမ်"(Sun Quan) မှ သတိထားမိပြီး
"ခင်ဗျားရဲ့စတေးမှုတွေ၊ လုပ်ရပ်တွေဟာ သေချာပေါက် သမိုင်းမှတ်တမ်းတင်ခံရမှာဖြစ်တယ်"
"ကျိုးဖန်"(Zhou Fang) ကို ဒုတိယအဆင့်မှူးမတ်ကြီးအဖြစ် ရာထူးတိုးပေးခဲ့သည်။ ထို့နောက် စားသောက်ပွဲကြီးကျင်းပပြီး အားလုံး ဆူညီမြူးထူးပျော်ရွှင်ခဲ့ကြသည်။

"လုရွှင့်"(Lu Xun) : "ချောင်ရှို့(Cao Xiu) ကိုအောင်နိုင်လိုက်ပြီဆိုတော့ ဝေတပ်တွေလည်း ထိတ်လန့်သွားလောက်ပြီ။ ဒီအချိန်ဟာ ရှူပြည်ကိုစာပို့ပြီး ဝေပြည်ကိုတိုက်ဖို့ ကျူးကဲလျန့်(Zhuge Liang) ကိုတိုက်တွန်းရမယ့်အချိန်ပဲ"
"စွန်းချွမ်"(Sun Quan) ကလည်းသဘောတူခဲ့ပြီး စာကိုပို့စေခဲ့သည်။

Comments

Popular posts from this blog

Lookism