သုံးနိုင်ငံခေတ်(၁၀၁)
အခန်း (၁၀၁) လုံရှန်းမှထွက်ကာ "ကျူးကဲလျန့်"(Zhuge
Liang) သည် နတ်ဘုရားကဲ့သို့ ဝတ်ဆင်ခဲ့ခြင်း။
ကျန့်မန်ခံတပ်သို့အလျင်အမြန်သွားသော "ကျန်းဟဲ"(Zhang
He) သည် ထောင်ဖမ်းခံရခြင်း။
"ကျူးကဲလျန့်"(Zhuge
Liang) သည် သူ၏တပ်တို့ကိုဦးဆောင်ပြီး ဟန်ကျုံးသို့ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကာ
"စီးမာယီ"(Sima Yi) သည်လည်း ချန်အန်းသို့ပြန်လှည့်သွားသည်။ "ကျူးကဲလျန့်"(Zhuge
Liang) သည် အောင်မြင်မှုအတွက် ဆုလာဘ်များခွဲဝေပြီးနောက် မြို့တော်ချန်တူးသို့သွားကာ
ဧကရာဇ်ရှေ့တော်မှောက်သို့သွားသည်။
"ကျွန်တော်မျိုးက
ချန်အန်းကိုတိုက်မယ့်အချိန်မှာ အရှင်မင်းကြီးက ဘာအရေးကြီးကိစ္စများရှိလို့ ခေါ်ရတာလဲ" ဝန်ကြီးချုပ်မှမေးခဲ့သည်။
ဒုတိယဧကရာဇ်သည်
အချိန်ကြာမြင့်စွာ မည်သို့မျှမပြောပဲ
"ကျုပ်က
ဝန်ကြီးချုပ်ရဲ့မျက်နှာကို မမြင်တာကြာလို့တွေ့ချင်လို့ပါ။ ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး"
"ကျွန်တော်မျိုးအထင်ကတော့
ဒီလိုပြန်ခေါ်တာဟာ အရှင်မင်းကြီးကိုယ်တိုင်ဆုံးဖြတ်တာမဟုတ်ပဲ မကောင်းတဲ့လူတစ်စုက ကျွန်တော်မျိုးမဟုတ်တာကြံနေပြီဆိုပြီး
ချောက်တွန်းလို့ဖြစ်မယ်ထင်ပါတယ်။
ဒုတိယဧကရာဇ်သည်
လိပ်ပြာမလုံဖြစ်ကာ မည်သို့မျှပြန်မပြောခဲ့ပေ။ "ကျူးကဲလျန့်"(Zhuge
Liang) မှဆက်ပြီး
"အရှင်မင်းကြီးရဲ့ခမည်းတော်က
ကျွန်တော်မျိုးအပေါ်ပေးခဲ့တဲ့တာဝန်ကို ကျွန်တော်က သေဆုံးသည်ထိလုပ်ဆောင်မယ်လို့သန္နိဋ္ဌာန်ချထားပါတယ်။
ယုတ်မာတဲ့သူတွေကို အိမ်တွင်းမှာထားထားရင် ကျွန်တော်မျိုးက ဘယ်လိုများသူပုန်တွေကိုနှိမ်နှင်းနိုင်ပါ့မလဲ"
"ခင်ဗျားကို
ပြန်ခေါ်လိုက်တာဟာ မိန်းမစိုးတွေပြောလို့ဖြစ်ပါတယ်။ အခု ကျုပ်နားလည်သွားပါပြီ။ အဲ့အတွက်လည်း
တောင်းပန်ပါတယ်"
"ကျူးကဲလျန့်"(Zhuge
Liang) သည် မိန်းမစိုးတို့အားစစ်ဆေးမေးမြန်းရာ ထိုကောလာဟလကိုသယ်လာသူမှာ "ကုန်းအန်း"(Gong
An) ဖြစ်ကြောင်းသိရလေသည်။ ထို့ကြောင့် "ကုန်းအန်း"(Gong An) ကိုလူလွှတ်ပြီး
ဖမ်းစေသော်လည်း ထိုသူမှာ ဝေပြည်သို့ထွက်ပြေးသွားခဲ့လေပြီ။ ဧကရာဇ်ကို ထိုသို့လုပ်ဆောင်ရန်တိုက်တွန်းခဲ့သည့်
မိန်းမစိုးတို့အား သေဒဏ်ပေးလိုက်ပြီး အခြားသောမိန်းမစိုးတို့ကိုလည်း နန်းတွင်းမှ နှင်ထုတ်လိုက်သည်။
နတ်ဘုရား၏သားတော်ကို လမ်းမှန်သို့မညွှန်ပြနိုင်ခဲ့ခြင်း၊ ကိစ္စကိုသေချာစူးစမ်းခဲ့ခြင်းမရှိသည်တို့နှင့်
ပတ်သတ်ပြီး ဝန်ကြီးချုပ်မှ "ကျန်းဝမ်"(Jiang Wan) နှင့် "ဖေးယီ"(Fei
Yi) တို့အပေါ် အပြစ်တင်ခဲ့သည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် ဧကရာဇ်ထံမှခွင့်တောင်းပြီးနောက် တပ်ထဲသို့ပြန်လာခဲ့သည်။ "လီရန်"(Li
Yang) ထံသို့စာပို့ပြီး စားနပ်ရိက္ခာနှင့်ပတ်သတ်ပြီး မေးမြန်းစေကာ နောက်စစ်ဆင်ရေးအတွက်
ပြင်ဆင်လေသည်။
"ရန်ယီ"(Yang
Yi) မှ
"စစ်ပွဲတွေအများကြီးတိုက်ရတော့
တပ်သားတွေလည်း ပင်ပန်းနေပြီး ရိက္ခာလည်း သိပ်မရှိတော့ဘူး။ ကျွန်တော့အမြင်အရ အကောင်းဆုံးနည်းက
တပ်တဝက်ကို ချီစန်းမှာ သုံးလလောက်နေစေပြီး သုံးလပြည့်ရင် နောက်တပ်တဝက်နဲ့နေရာပြန်လဲစေပါ။
ဥပမာ - တပ်သားနှစ်သိန်းရှိတယ်ဆိုရင် တစ်သိန်းကို လယ်တွေစိုက်စေပြီး နောက်တစ်သိန်းကိုပဲချန်ထားသင့်ပါတယ်။
အဲ့လိုမှသာ အင်အားကိုထိန်းသိမ်းထားနိုင်မှာဖြစ်ပြီး တပ်မကြီးဆယ်တပ်ကိုအသုံးချပြီးတော့
အလယ်ပိုင်းဒေသကိုသိမ်းယူဖို့လုပ်နိုင်မှာဖြစ်တယ်"
"ခင်ဗျားပြောတာမှန်တယ်။
ကျုပ်တို့တိုက်ခိုက်မှုက အလျင်အမြန်လုပ်ရမယ့်အရာမဟုတ်ဘူး။ ရေရှည်စစ်ဆင်ရေးလုပ်ဖို့အကြံပေးတာ
သင့်တော်တယ်"
ထို့ကြောင့်
တပ်ကိုတဝက်ခွဲခဲ့ပြီး ပထမတစ်ဝက်ကို အရင်ရက်တစ်ရာ စစ်မှုထမ်းစေပြီး ရက်တစ်ရာပြည့်ပါက
ကျန်တဝက်က စစ်မှုထမ်းရသည်။ ပေါ့လျော့ခြင်း၊ စစ်မှုရှောင်တိမ်းခြင်းတို့ရှိပါက အပြစ်ဒဏ်ပြင်းထန်စွာပေးလေသည်။
ကျန့်ရှင့်နှစ်နဝမနှစ် နွေဦးရာသီတွင် ရှူတပ်ကြီးသည် ဝေပြည်ကို တဖန်တိုက်ရန်လုပ်ခဲ့လေသည်။
ထိုအချိန်တွင် ဝေပြည်သက္ကရာဇ်မှာ ထိုက်ဟဲနှစ်ပဉ္စမနှစ် (အေဒီ ၂၃၁) ဖြစ်သည်။
ထိုစစ်ချီတက်လာသည့်အကြောင်းကို
ဝေပြည်ဧကရာဇ်သိသောအခါ "စီးမာယီ"(Sima Yi) ကိုခေါ်ကာ တိုင်ပင်လေသည်။
"အခု မိတ်ဆွေကြီး
ချောင်ကျန်း(Cao Zhen) က မရှိတော့ဘူးဆိုတော့ လူတစ်ယောက်စာလုပ်နိုင်သမျှလုပ်ပြီး အရှင်မင်းကြီးရဲ့ဩဇာကိုထိပါးလာတဲ့
သူပုန်တွေကိုနှိမ်နှင်းပါ့မယ်"
ထိုသို့အဆင်သင့်လက်ခံခြင်းကြောင့်
"ချောင်ရေ့"(Cao Rui) သည် ဝမ်းမြောက်သွားပြီး "စီးမာယီ"(Sima
Yi) အတွက် စားသောက်ပွဲလုပ်စေသည်။ နောက်ရက်တွင် စစ်တပ်ကြီးကိုချီတက်ရန် အမိန့်တော်ထုတ်ခဲ့လေသည်။
ဝေဧကရာဇ်သည် နိုင်ငံပိုင်လှည်းယာဉ်နှင့်အတူ "စီးမာယီ"(Sima Yi) အား မြို့ပြင်ထိလိုက်ပို့ခဲ့သည်။
နှုတ်ဆက်စကားတို့ဆိုပြီးနောက်
စစ်သူကြီးသည် စစ်တပ်များစုစည်းနေသည့် ချန်အန်းသို့ပေါက်သောလမ်းကိုသွားခဲ့သည်။ ထိုနေရာတွင်
စစ်တပ်ဆွေးနွေးမှုပြုခဲ့သည်။ "ကျန်းဟဲ"(Zhang He) မှ တာဝန်ထမ်းဆောင်လိုကြောင်းပြောခဲ့သည်။
"ရှူတပ်တွေလာရင်
ယုံချန်နဲ့မေချန်ကို ကာကွယ်ဖို့ ကျွန်တော်တာဝန်ယူချင်ပါတယ်"
"စီးမာယီ"(Sima
Yi) : "ကျုပ်တို့ရဲ့ရှေ့ပြေးတပ်က ရှူတပ်တစ်ခုလုံးကိုမရင်ဆိုင်နိုင်ဘူး။ ဒါ့အပြင်
ယေဘုယျအားဖြင့် စစ်တပ်ကိုခွဲလိုက်တာဟာ အောင်မြင်လေ့ရှိတဲ့ဗျူဟာမဟုတ်ဘူး။ ပိုကောင်းတဲ့အကြံက
စန်းကွေ့မှာ အစောင့်ထားခဲ့ပြီးတော့ ကျန်တဲ့တပ်တွေအားလုံးကို ချီစန်းကိုပို့ဖို့ပဲဖြစ်တယ်။
ခင်ဗျား ရှေ့ပြေးတပ်ကိုတာဝန်ယူနိုင်မလား"
"ကျန်းဟဲ"(Zhang
He) မှ လက်ခံခဲ့သည်။
"ကျွန်တော်က
တိုင်းပြည်အတွက် အမြဲတမ်းသစ္စာရှိပြီး ခွန်အားတွေအသုံးချပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။
အခုချိန်ထိ ကျွန်တော့ရဲ့စစ်မှန်တဲ့သစ္စာကိုထုတ်ပြဖို့ အခွင့်ကောင်းမရှိခဲ့သေးဘူး။ အခု
စစ်သူကြီးက ကျွန်တော့ကိုဒီလိုတာဝန်ပေးတော့ ကျွန်တော်ဘယ်လိုပဲစတေးရပါစေ၊ လွန်တယ်ဆိုတာမရှိပါဘူး။
အကောင်းဆုံးကြိုးစားပြီး လုပ်ဆောင်ပါ့မယ်"
ထို့ကြောင့်
"ကျန်းဟဲ"(Zhang He) ကိုရှေ့ပြေးတပ်ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပြီး
"ကောဟွိုင်"(Guo Huai) ကို ရှီးကျိုး၏မြို့နယ်တို့ကိုကာကွယ်စေသည်။ အခြားစစ်သူကြီးတို့ကိုလည်း
တာဝန်အသီးသီးခွဲဝေပေးကာ ဆက်လက်ချီတက်ခဲ့သည်။ သူလျှိုတို့မှ သတင်းပို့လာသည်။
"ရှူတပ်မကြီးဟာ
ချီစန်းကိုချီတက်လာတယ်။ နောက်ပြီး ရှေ့ပြေးတပ်ခေါင်းဆောင်တွေက ဝမ်ဖင်(Wang Ping) နဲ့
ကျန်းနီ(Zhang Ni) တို့ဖြစ်တယ်။ သူတို့ချီတက်လာတဲ့လမ်းကြောင်းကတော့ ချန်ချန်းက စန်းမန်ခံတပ်ကိုဖြတ်ပြီး
ရှဲ့တောင်ကြားဘက်က ချီတက်လာတာဖြစ်တယ်"
၎င်းသတင်းကိုကြားသောအခါ
"စီးမာယီ"(Sima Yi) မှ "ကျန်းဟဲ"(Zhang He) အား
"ကျူးကဲလျန့်(Zhuge
Liang) က ဒီလိုအင်အားအလုံးအရင်းနဲ့ချီတက်လာတယ်ဆိုတာ ရှီးကျိုးက ဂျုံတွေကို သူ့ရိက္ခာအတွက်
သိမ်းယူချင်လို့ဖြစ်မယ်။ ခင်ဗျားမှာ ချီစန်းကိုကာကွယ်ဖို့လုံလောက်တဲ့အင်အားရှိတယ်။
ကျုပ်နဲ့ ကောဟွိုင်(Guo Huai) ကတော့ ထျန်းစွေကိုသွားပြီး ရန်သူတွေဂျုံကိုလုယူမယ့်အကြံကိုတားဆီးရမယ်"
ထို့ကြောင့်
"ကျန်းဟဲ"(Zhang He) သည် ချီစန်းကိုကာကွယ်ရန် တပ်သားလေးသောင်းကိုဦးဆောင်ခဲ့ပြီး
"စီးမာယီ"(Sima Yi) သည် အနောက်ဘက် ရှီးကျိုးသို့ချီတက်ခဲ့သည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် ချီစန်းသို့ရောက်လာပြီး စခန်းချသောအခါ ဝေမြစ်ကမ်းတွင်ကာကွယ်မှုများပြင်ဆင်ထားသည်ကိုတွေ့ရသည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ
"ဒါ စီးမာယီ(Sima
Yi) စီစဉ်ထားတာပဲဖြစ်မယ်။ ကျုပ်တို့မှာ ရိက္ခာမလောက်ဘူး။ ကျုပ် လီယန်(Li Yan) ကို ရိက္ခာပို့ဖို့
စာပို့ထားတယ်၊ ဒါပေမယ့် ရောက်လာသေးဘူး။ ရှီးကျိုးက ဂျုံပင်တွေက ဒီအချိန်ဆို ရင့်မှည့်နေပြီ။
ဒါကြောင့် ကျုပ်တို့တွေသွားပြီး ရိတ်သိမ်းရမယ်"
"ဝမ်ဖင်"(Wang
Ping) ၊ "ကျန်းနီ"(Zhang Ni) ၊ "ဝူပန်"(Wu Ban) နှင့် "ဝူယီ"(Wu
Yi) တို့အား စခန်းတို့ကိုကာကွယ်ရန်ထားခဲ့ပြီးနောက် "ကျူးကဲလျန့်"(Zhuge
Liang) သည် 'ဝေရန်"(Wei Yan) ၊ "ကျန်းဝေ"(Jiang Wei) နှင့်အခြားစစ်သူကြီးအချို့နှင့်အတူ
လုချန်သို့သွားသည်။ ထိုမြို့ရှိ မြို့စားသည်လည်း ထိုရန်သူတို့ကိုမခုခံနိုင်မှန်းသိသောကြောင့်
မြို့တံခါးဖွင့်ကာ လက်နက်ချခဲ့သည်။
ပြည်သူတို့ကို
ငြိမ်းအေးစေပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) မှ
"ရင့်မှည့်တဲ့ဂျုံပင်တွေကို
ဘယ်မှာတွေ့နိုင်မလဲ"
မြို့စား:
"လုံရှန်းမှာရှိပါတယ်"
"ကျူးကဲလျန့်"(Zhuge
Liang) သည် ပြန်ထွက်သွားပြီး ရေချိုးကာ အခြားအင်္ကျီကိုဝတ်ဆင်ခဲ့သည်။ ထို့နောက် စစ်တပ်ပိုင်ဖြစ်သော
ပုံစံတူသည့်လေးဘီးတပ်ယာဉ်လေးခုကို ထုတ်လာစေသည်။ ထိုလှည်းတို့ကို ရှူပြည်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
"ကျန်းဝေ"(Jiang
Wei) အား တပ်သားတစ်ထောင်နှင့်အတူ လှည်းယာဉ်တစ်ခုအား ကာကွယ်စေကာ ဗုံတီးရန် လူအယောက်ငါးရာကို
လိုက်ပါစေသည်။ ထိုလှည်းယာဉ်ကို ကိုယ်ရံတော်၊ ဗုံတီးသူတို့နှင့်အတူ မြို့အနောက်သို့ပို့ခဲ့သည်။
ထိုနည်းအတိုင်းပင် "မာတိုက်"(Ma Dai) နှင့် "ဝေရန်"(Wei Yan) ကိုခေါ်ပြီး
လှည်းတို့ကိုစောင့်ကြပ်စေကာ မြို့၏အရှေ့နှင့်အနောက်သို့ပို့ခဲ့ပြန်သည်။ ထိုလှည်းတို့ကို
လူနှစ်ဆယ့်လေးယောက်စီက တွန်းရပြီး ထိုသူတို့သည် အနက်ရောင်ဝတ်ဆင်ကာ ဖိနပ်ဗလာဖြစ်သလို
ဆံပင်တို့ကိုလည်း ချထားစေသည်။ အဖွဲ့တစ်ဖွဲ့စီတွင် ဓားတစ်ချောင်းပါရှိပြီး အနက်ရောင်ကြယ်ခုနစ်စင်အလံလည်း
ပါရှိသည်။
ထိုလှည်းယာဉ်တို့သည်
နေရာယူနေကြစဉ် တပ်သားသုံးသောင်းတို့သည် ကောက်ရိတ်သိမ်းရန်အတွက် တံစဉ်များ၊ ထိုဂျုံတို့ကိုတင်ရန်လှည်းများ
ပြင်ဆင်နေခဲ့သည်။
ထို့နောက်
"ကျူးကဲလျန့်"(Zhuge Liang) မှ ကြံ့ခိုင်သောတပ်သားနှစ်ဆယ့်လေးဦးကိုရွေးချယ်ကာ
လှည်းယာဉ်သုံးစီးနှင့်ပါသွားသူများကဲ့သို့ဝတ်ဆင်ထားစေသည်။ ထိုသူတို့မှာ သူ၏လှည်းယာဉ်ကိုတွန်းရန်ဖြစ်သည်။
"ကွမ်းရှင်း"(Guan Xing) အား တိမ်နတ်မင်းကဲ့သို့ဝတ်ဆင်စေကာ "ကျူးကဲလျန့်"(Zhuge
Liang) ၏လှည်းရှေ့တွင်နေစေပြီး ခုနစ်စင်ကြယ်အလံကိုကိုင်စေသည်။ ထိုသို့ပြင်ဆင်ပြီးနောက်ဝယ်
"ကျူးကဲလျန့်"(Zhuge Liang) သည် လှည်းပေါ်သို့တက်ကာ ဝေစခန်းသို့သွားလေသည်။
ထိုလှည်းယာဉ်နှင့်
နောက်လိုက်နောက်ပါတို့ကိုမြင်သောအခါ ကင်းထောက်တို့သည် လူလား၊ တစ္ဆေလားမသိသောကြောင့်
ထိတ်လန့်သွားခဲ့ပြီး သူတို့၏စစ်သူကြီးထံသွားကာ ပြောခဲ့သည်။ "စီးမာယီ"(Sima
Yi) သည် သူကိုယ်တိုင်ထွက်လာပြီး ကြည့်သောအခါ လူစုကြီးကိုမြင်လေသည်။ အလယ်တွင်
"ကျူးကဲလျန့်"(Zhuge Liang) သည် ခေါင်းစည်း၊ အဖြူရောင်အဝတ်တို့ဖြင့် တာအိုပညာရှင်ကဲ့သို့ဝတ်ထားကာ
ယပ်တောင်ကိုကိုင်ထားသည်။ ထိုလှည်း၏ပတ်လည်တွင် ဆံပင်ဖားလျားချထားသော လူနှစ်ဆယ့်လေးဦးသည်
ဓားကိုယ်စီကိုင်ထားပြီး ထိုသူတို့ကို ကောင်းကင်မှလွှတ်လိုက်သောနတ်ဘုရားကဲ့သို့သောသူက
ဦးဆောင်နေပြီး လက်တွင် ခုနစ်စင်ကြယ်အလံကိုကိုင်ထားသည်။
"ဒါ ကျူးကဲလျန့်(Zhuge
Liang) လျှောက်လုပ်တဲ့အရာတွေပဲ"
ထို့နောက်
"စီးမာယီ"(Sima Yi) မှ တပ်သားနှစ်ထောင်အား
"မင်းတို့တွေ
အလျင်အမြန်လိုက်နိုင်သလောက်လိုက်ပြီး လှည်းယာဉ်ရော၊ နောက်လိုက်နောက်ပါတွေကော၊ ထိုင်နေတဲ့လူကိုပါ
ဖမ်းခေါ်ခဲ့ပါ"
တပ်သားတို့သည်လည်း
ထိုအတိုင်းလုပ်ဆောင်ခဲ့သည်။ သို့သော်လည်း သူတို့ထွက်လာသည်နှင့် လှည်းယာဉ်သည် ပြန်ဆုတ်သွားပြီး
ရှူတပ်စခန်းနောက်ဘက်သို့သွားလေသည်။ ဝေတပ်ကြီးမှာ မြင်းစီးထားကြသောလည်း ရှူတပ်ကိုလိုက်မမီခဲ့ပေ။
သူတို့သည် အေးစိမ့်သောလေနှင့်မြူမှုန်တို့ကိုသာ တွေ့ခဲ့ရသည်။ ထိုသို့ထူးခြားသောအဖြစ်အပျက်ကြောင့်
ရပ်တန့်ခဲ့ပြီး တစ်ဦးကိုတစ်ဦးပြောဆိုနေခဲ့သည်။
"ကျုပ်တို့တွေ
အနောက်ကလိုက်နေတာတောင်မှ ပိုပြီးမနီးလာတာ ဘာကြောင့်လဲ"
ရန်သူတို့ဆက်မလိုက်လာသည်ကို
"ကျူးကဲလျန့်"(Zhuge Liang) သိသောအခါ သူ၏လှည်းယာဉ်ကို ရပ်နားနေသောတပ်များမြင်နိုင်သည့်နေရာသို့
သွားစေသည်။ ရန်သူတို့သည် အတန်ငယ်တွန့်ဆုတ်သွားခဲ့သော်လည်း နောက်မှဆက်လိုက်လေသည်။ လှည်းယာဉ်သည်
ဖြည်းဖြည်းသာသွားနေသော်လည်း နောက်မှလိုက်မမီခဲ့ပေ။ ထို့ကြောင့် ခုနစ်မိုင်ခန့်လိုက်ပြီးသော်လည်း
လှည်းယာဉ်ကိုမသိမ်းပိုက်နိုင်ခဲ့သောကြောင့် တပ်သားတို့သည် အံ့အားသင့်ပြီးထပ်မံရပ်တန့်ခဲ့သည်။
ထိုရပ်သောအခါဝယ် လှည်းယာဉ်က ပြန်ပေါ်လာသောကြောင့် ဆက်လိုက်ပြန်သည်။
"စီးမာယီ"(Sima
Yi) သည် အင်အားကြီးသောတပ်နှင့်ရောက်လာသော်လည်း သူသည်လည်း ရပ်တန့်ခဲ့ပြီး သူ၏စစ်သူကြီးတို့အား
"ဒီကျူးကဲလျန့်(Zhuge
Liang) အောက်လမ်းအတတ်တွေ၊ ထူးခြားတဲ့အတတ်တွေ၊ ရှစ်ထောင့်ဗျူဟာတွေသိပြီး ဘုံခြောက်ဘုံကနတ်တွေ
သူ့ကိုကူညီအောင်လုပ်နိုင်တယ်။ သူ့ရဲ့ဒီအကွက်ကို ကျုပ်သိတယ်။ ဒါ ဘုံခြောက်ခုကနတ်များဆိုတဲ့စာအုပ်ထဲက
မြေပြင်မှာလိမ့်ခြင်း ဆိုတာဖြစ်တယ်။ ဒီတော့ဆက်လိုက်လည်း အကြောင်းမထူးဘူး"
ထို့ကြောင့်
ဆက်မလိုက်တော့ပေ။
ထိုအချိန်တွင်
တပ်ကြီးတစ်တပ်ချီတက်လာသကဲ့သို့ ဘယ်ဘက်မှဗုံသံကိုကြားလိုက်ရသည်။ "စီးမာယီ
"(Sima Yi) သည် လူအချို့ကိုလွှတ်ပြီးတိုက်ထုတ်စေရာ တဖက်အဖွဲ့တွင် လူအင်အားအနည်းငယ်သာရှိကာ
အနက်ရောင်ဝတ်စုံကိုဝတ်ထားသည်ကိုတွေ့လေသည်။ ထိုအဖွဲ့သည် သူတို့လိုက်နေခဲ့သောအဖွဲ့နှင့်တစ်ပုံစံထဲဖြစ်ပြီး
ထိုအဖွဲ့၏လှည်းပေါ်တွင်လည်း "ကျူးကဲလျန့်"(Zhuge Liang) ရှိလေသည်။
"ကျုပ်တို့တွေ
၁၅ မိုင်လောက်လိုက်ခဲ့တဲ့လှည်းယာဉ်ပေါ်မှာ သူခုနကတောင်ထိုင်နေတာမဟုတ်လား။ ဘယ်လိုလုပ်ပြီး
ဒီရောက်လာနိုင်ရတာလဲ"
နောက်ထပ်ဗုံသံတို့ကိုကြားလိုက်ရပြီးနောက်
လူတစ်စုပေါ်လာပြီး ထိုအဖွဲ့၏လှည်းပေါ်တွင်လည်း "ကျူးကဲလျန့်"(Zhuge Liang)
ကိုတွေ့သည်။ "စီးမာယီ"(Sima Yi) မှ
"ဒါ ကောင်းကင်ကလွှတ်လိုက်တဲ့တပ်ဖွဲ့တွေဖြစ်မယ်"
ထိုသို့သောထူးဆန်းသည့်အခြင်းအရာများကြောင့်
တပ်သားတို့ကိုမထိန်းချုပ်နိုင်ခဲ့ပေ။ သူတို့သည် ထိုလူများအား မတိုက်ဝံ့ပဲ ထွက်ပြေးကြလေသည်။
သူတို့အဝေးသို့မရောက်မီ နောက်ထပ်ဗုံသံကိုကြားလိုက်ပြီး နောက်ထပ်ဆင်တူလူပေါ်လာပြန်သည်။
ထို့ကြောင့် ဝေတပ်ကြီးသည် လုံးဝကြောက်လန့်သွားကြသည်။ "စီးမာယီ"(Sima Yi)
ကိုယ်တိုင်သည်လည်း ၎င်းတို့မှာ လူလော၊နတ်လော မခွဲခြားနိုင်ခဲ့ပေ။ သို့သော်လည်း သူသည် ရှူတပ်ဖွဲ့၏အင်အားကိုမသိသောကြောင့်
အန္တရာယ်ကြုံနိုင်သည်ဟုတွေးမိပြီး စန်းကွေ့သို့ရောက်သည်ထိ မရပ်မနားပဲထွက်ပြေးခဲ့ကာ မြို့ထဲသို့ဝင်ပြီး
တံခါးကိုပိတ်ခဲ့သည်။
ဝေတပ်များကိုမောင်းထုတ်ပြီးနောက်
"ကျူးကဲလျန့်"(Zhuge Liang) သည် ဂျုံတို့ကိုရိတ်သိမ်းပြီး လုချန်သို့ပြန်သယ်လာကာ
အခြောက်ခံစေသည်။
"စီးမာယီ"(Sima
Yi) သည် သုံးရက်ကြာအောင်မြို့ထဲတွင်နေခဲ့ပြီး ရန်သူတို့ထွက်သွားသည်ကိုမြင်သောအခါ ကင်းထောက်လွှတ်ခဲ့သည်။
ထိုသူတို့သည် ရှူတပ်သားတစ်ယောက်ကို ဖမ်းခေါ်လာသည်။ ထိုတပ်သားအား စစ်ဆေးမေးမြန်းခဲ့သည်။
"ကျွန်တော်က
ကောက်ရိတ်သိမ်းတဲ့အဖွဲ့ကပါ။ ကျွန်တော် လျှောက်သွားနေတဲ့မြင်းတွေကိုရှာရင်းက အဖမ်းခံခဲ့ရတာပါ"
"ဟိုရက်တုန်းက
ထူးဆန်းတဲ့တပ်သားတွေက ဘာတွေလဲ"
"ကျူးကဲလျန့်(Zhuge
Liang) က အဲ့အဖွဲ့တစ်ခုကိုအိုဆောင်ပြီး ကျန်တဲ့အဖွဲ့တွေကိုတော့ ကျန်းဝေ(Jiang Wei)
၊ မာတိုက်(Ma Dai) ၊ ဝေရန်(Wei Yan) တို့ကဦးဆောင်တယ်။ လှည်းတစ်စီးနောက်မှာ လူအယောက်တစ်ထောင်ရှိပြီး
ဗုံတီးသူအယောက်ငါးရာရှိပါတယ်။ ကျူးကဲလျန့်(Zhuge Liang) က ပထမဆုံးအဖွဲ့နဲ့လိုက်ပါတာဖြစ်တယ်"
"သူသွားပုံ၊
လာပုံတွေက လုံးဝလူမဆန်ဘူး"
ထို့နောက်
"ကောဟွိုင်"(Guo Huai) ကိုခေါ်ကာ တိုင်ပင်ခဲ့သည်။
"ကောဟွိုင်"(Guo
Huai) မှ
"ရန်သူတွေက
ကောက်ရိတ်သိမ်းဖို့လုပ်နေတာကြောင့် လုချန်မှာ တပ်သားတွေနည်းနည်းပဲရှိတယ်လို့ကြားတယ်။
ကျွန်တော်တို့တွေ တိုက်ရင်ကောင်းမယ်"
"စီးမာယီ"(Sima
Yi) မှ သူကြုံခဲ့ရသည့်အတွေ့အကြုံကိုပြောခဲ့သည်။
"အဲ့တုန်းက
သူကခင်ဗျားကိုလှည့်စားသွားတာ။ အခု သိသွားပြီဆိုတော့ ဘာမှဆက်ပြောစရာမလိုတော့ဘူး။ ကျွန်တော်က
အနောက်ကတိုက်ပြီး ခင်ဗျားက အရှေ့ကတိုက်ပါ။ ပြီးရင် ကျွန်တော်တို့တွေ မြို့ကိုသိမ်းပြီး
ကျူးကဲလျန့်(Zhuge Liang) ကို ဖမ်းမယ်"
ထို့ကြောင့်
တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့သည်။
လုချန်တွင်
တပ်သားတို့သည် ဂျုံတို့နှင့်အလုပ်များနေကြစဉ် "ကျူးကဲလျန့်"(Zhuge
Liang) မှ စစ်သူကြီးတို့ကိုခေါ်ကာ
"ရန်သူတွေ
ဒီညလာတိုက်လိမ့်မယ်။ ဒီရိတ်သိမ်းထားတဲ့လယ်ကွက်တွေနားမှာ ခြုံခိုပြီးတိုက်နိုင်မယ့်နေရာကောင်းရှိတယ်။
ဘယ်သူဦးဆောင်မလဲ"
ထိုအခါ စစ်သူကြီးလေးဦးဖြစ်သည့်
"ကျန်းဝေ"(Jiang Wei) ၊ "မာတိုက်"(Ma Dai) ၊ "ဝေရန်"(Wei
Yan) ၊ "မာကျုံး"(Ma Zhong) တို့က ဦးဆောင်လိုကြောင်းပြောသောအခါ ထိုလေးဦးအား
တစ်ယောက်လျှင် တပ်နှစ်ထောင်စီပေးကာ မြို့၏အရပ်လေးမျက်နှာတွင်ထားခဲ့သည်။ သူတို့သည် အချက်ပြသည်ကိုမြင်သည်နှင့်ပူးပေါင်းရမည်ဖြစ်သည်။
ထိုသူတို့ထွက်သွားသောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် တပ်သားတစ်ရာနှင့်အတူ
လယ်ကွက်နားတွင်ပုန်းအောင်းနေခဲ့သည်။
"စီးမာယီ"(Sima
Yi) သည် အနီးသို့ချီတက်လာခဲ့ပြီး ညနေစောင်းသောအခါဝယ် မြို့နားသို့ရောက်သည်။
"ကျုပ်တို့တွေ
နေ့ဘက်မှာတိုက်မယ်ဆိုရင် ရန်သူတွေက အဆင်သင့်ပြင်ထားမှာဖြစ်တယ်။ ဒါကြောင့် ညရဲ့အမှောင်ကိုအားကိုးပြီးတိုက်ရမယ်။
ဒီကျုံးက ရေတိမ်တာကြောင့် ဖြတ်ဖို့မခဲယဉ်းဘူး"
တပ်သားတို့သည်
တိုက်ခိုက်ရန်အချိန်မတိုင်ခင်အထိ စခန်းချနေခဲ့သည်။ တစ်ချက်ခွဲခန့်တွင် "ကောဟွိုင်"(Guo
Huai) ရောက်လာပြီး အခြားတပ်နှင့်ပူးပေါင်းခဲ့သည်။ ပြီးနောက် ဗုံတို့ကိုတီးကာ မြို့ကိုဝန်းရံခဲ့လေသည်။
သို့သော် ကာကွယ်သူတို့မှ မြားတို့ဖြင့်အပြင်းအထန်ပစ်သောကြောင့် အနားမကပ်ရဲကြပေ။
ထိုအချိန်တွင်
ကျယ်လောင်သောအသံကိုကြားလိုက်ရပြီး နေရာအနှံ့မှ အသံများထွက်လာသည်။ ဝေတပ်သည် ကြောက်လန့်သွားသော်လည်း
မည်သည့်နေရာမှ အသံများဖြစ်မှန်းမသိခဲ့ပေ။ "ကောဟွိုင်"(Guo Huai) သည် စိုက်ခင်းများအနီးသို့သွားသောအခါ
မြို့နားတွင်စောင့်နေသော တပ်လေးတပ်ထွက်လာကာ ပူးပေါင်းပြီး ဝေတပ်ကိုတိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပင်
မြို့ထဲရှိကာကွယ်သူတို့သည်လည်း ထွက်လာပြီး တိုက်ခိုက်လေရာ ဝေတပ်သား အများအပြားကျရှုံးခဲ့သည်။
တိုက်ပွဲပြင်းထန်စွာတိုက်ခဲ့ပြီးနောက်
"စီးမာယီ"(Sima Yi) သည် တိုက်ပွဲအတွင်းမှထွက်ကာ စခန်းချရန် တောင်ကုန်းတစ်ခုပေါ်သို့သွားခဲ့သည်။
"ကောဟွိုင်"(Guo Huai) သည် မြို့အနောက်ဘက်သို့သွားပြီးခေတ္တရပ်နားခဲ့လေသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် မြို့ထဲသို့ဝင်ပြီး သူတို့တပ်တို့ကို အရပ်လေးမျက်နှာတွင်ထပ်မံနေရာယူစေခဲ့သည်။
"ကောဟွိုင်"(Guo
Huai) မှ သူ၏ခေါင်းဆောင်ကိုသွားတွေ့ပြီး
"ကျွန်တော်တို့တွေ
ဒီတပ်တွေနဲ့အကြာကြီးရင်ဆိုင်ခဲ့ရပေမယ့် မတိုက်ထုတ်နိုင်ခဲ့ဘူး။ အခုထပ်ရှုံးသွားပြန်ပြီ၊
တစ်ခုခုမလုပ်ရင်တော့ ကျွန်တော်တို့ ပြေးလွတ်မှာမဟုတ်ဘူး"
"ဒါဆို
ဘာလုပ်ကြမလဲ"
"စစ်သူကြီးက
ရှီးကျိုးနဲ့ရန်ကျိုးကိုစာရေးပြီး စစ်ကူတောင်းကြည့်ပါ။ ကျွန်တော်က ကျန့်မန်ခံတပ်ကိုသွားပြီး
ကျူးကဲလျန့်(Zhuge Liang) ရဲ့တပ်ဆုတ်တဲ့လမ်းနဲ့စားနပ်ရိက္ခာကိုပိတ်လိုက်မယ်။ အဲ့လိုဆိုရင်
သူတို့တပ်ထဲမှာ မကျေမနပ်ဖြစ်ပြီး တပ်ပြေးတွေပေါ်လာနိုင်တယ်။ ရန်သူတွေဖရိုဖရဲဖြစ်တဲ့အချိန်မှ
တိုက်တာပေါ့"
ထို့ကြောင့်
စစ်ကူတောင်းသည့်စာကိုပို့ခဲ့လေရာ မကြာမီတွင်ပင် "စွန်းလီ"(Sun Li) သည် မြင်းတပ်၊
ခြေလျင်တပ်စုစုပေါင်းနှစ်သိန်းနှင့်အတူ ရောက်လာသည်။ ထိုအသစ်ရောက်လာသောတပ်တို့သည်
"ကောဟွိုင်"(Guo Huai) ကိုကူညီကာ ကျန့်မန်ခံတပ်ကိုတိုက်ရန် လုပ်ခဲ့သည်။
ရက်များစွာကြာပြီးနောက်
ရန်သူတို့ကိုမမြင်သောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် နောက်ခြေလှမ်းလှမ်းရန်ပြင်ခဲ့သည်။
"ကျန်းဝေ"(Jiang Wei) နှင့် "မာတိုက်"(Ma Dai) တို့ကိုခေါ်ပြီး
"ဝေတပ်တွေက
တောင်ကုန်းပေါ်မှာနေပြီး မတိုက်တဲ့ ပထမဆုံးအချက်ကတော့ ကျုပ်တို့တွေ ရိက္ခာပြတ်နေတယ်လို့ထင်လို့ဖြစ်တယ်။
ဒုတိယအချက်က သူတို့တွေက ကျန့်မန်ခံတပ်ကို အင်အားအလုံးအရင်းနဲ့တိုက်ပြီး ရိက္ခာလမ်းကြောင်းကိုဖြတ်လိုတယ်။
ဒါကြောင့် ခင်ဗျားတို့တစ်ယောက်စီက တပ်တစ်သောင်းနဲ့ ဗျူဟာမြောက်ဒေသတွေကိုကာကွယ်ပြီး
ကျုပ်တို့တွေက သူတို့တိုက်ခိုက်မှုကိုခုခံဖို့အသင့်ရှိနေတယ်ဆိုတာ ပြရမယ်။ ဒါဆိုရင် သူတို့တွေဆုတ်သွားလိမ့်မယ်"
ထိုသူတို့ထွက်သွားသောအခါ
"ရန်ယီ"(Yang Yi) ရောက်လာပြီး တပ်သားတို့ကိုလဲလှယ်ရန်အချိန်ကျပြီဖြစ်ကြောင်းပြောသည်။
"ဝန်ကြီးချုပ်က
တပ်တွေက ရက်တစ်ရာပြည့်တိုင်းလဲဖို့ပြောခဲ့တာ အခုအချိန်ပြည့်ပါပြီ။ တာဝန်လဲမယ့်တပ်တွေက
ဟန်ကျုံးကထွက်လာပြီး တပ်မကြီးတွေကတပ်တွေလည်း ထွက်လာပါပြီ။ ကျွန်တော်တို့ဒီမှာ တပ်သားရှစ်သောင်းရှိပြီး
လေးသောင်းက အနားယူဖို့အလှည့်ကျပါတယ်"
"ဒီအတိုင်းပဲဆက်လုပ်ဆောင်ပါ"
ထို့ကြောင့်
တပ်သားလေးသောင်းတို့သည် ပြန်ဆုတ်ခွာရန်ပြုခဲ့သည်။
ထိုစဉ် သတင်းတစ်ခုရောက်လာသည်။
"ရှီးကျိုးနဲ့ရန်ကျိုးက
စွန်းလီ(Sun Li) ဟာ စစ်ကူနှစ်သိန်းနဲ့အတူရောက်လာတယ်။ စွန်းလီ(Sun Li) နဲ့ ကောဟွိုင်(Guo
Huai) က ကျန့်မန်ခံတပ်ကိုတိုက်ဖို့သွားနေပြီး စီးမာယီ(Sima Yi) က လုချန်ကိုလာနေပြီ"
ထိုအရေးကြီးသောသတင်းကြောင့်
"ရန်ယီ"(Yang Yi) မှ တပ်ဆုတ်ခွာမည့်ကိစ္စကို ဆိုင်းငံ့မည်လောဟုမေးသည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ
"တပ်သားတွေရဲ့ယုံကြည်မှုကို
ချိုးဖောက်လို့မဖြစ်ဘူး။ ဒီလိုအချိန်ပိုင်းခြားပြီးလဲလှယ်မယ်ဆိုတာ အမိန့်ထုတ်ထားပြီဆိုတော့
ဒီအတိုင်းလုပ်ဆောင်ရမယ်။ ဒါ့အပြင် တာဝန်ကခဏအနားယူမယ့်တပ်သားတွေကလည်း သွားဖို့ပြင်ဆင်ပြီးသလို
သူတို့ဆွေမျိုးတွေကလည်း မျှော်နေကြပြီဖြစ်တယ်။ ဘယ်လိုအခက်အခဲမျိုးပဲကြုံပါစေ၊ ကျုပ်က
သူတို့ကိုသွားခွင့်ပေးမှာဖြစ်တယ်"
ထို့ကြောင့်
ထိုအချိန်ပြည့်သွားသောတပ်တို့အား သွားခွင့်ပေးခဲ့သည်။ ထိုအကြောင်းကိုကြားသိသောအခါဝယ်
ခေါင်းဆောင်၏သဘောထားရက်ရောမှုသည် တပ်အတွင်းဝယ်ပြန့်နှံ့ခဲ့သည်။
"ဝန်ကြီးချုပ်က
ကျုပ်တို့တွေက ဒီလောက်ချစ်မြတ်နိုးတော့ ကျုပ်တို့တွေမသွားတော့ဘူး။ ဒီမှာပဲနေပြီး ဝေတပ်နဲ့သူသေကိုယ်သေတိုက်မယ်"
"ဒါပေမယ့်
ခင်ဗျားတို့တွေက ပြန်သွားရမှာဖြစ်တာကြောင့် ဒီမှာနေလို့မရဘူး"
အားလုံးက အိမ်မပြန်ပဲ
စစ်မြေပြင်တွင်သာဆက်နေလိုကြောင်းပြောသည်။
"ခင်ဗျားတို့အားလုံးက
ဒီမှာနေပြီး ကျုပ်နဲ့အတူတိုက်ခိုက်ချင်တယ်ဆိုတော့ မြို့ပြင်ထွက်ပြီး ဝေတပ်ရောက်လာတာနဲ့ရင်ဆိုင်လို့ရအောင်
စခန်းချထားပါ။ သူတို့တွေ အနားယူဖို့အချိန်မပေးပါနဲ့။ ချက်ချင်းတွေ့တာနဲ့ အသည်းအထန်တိုက်ခိုက်ပါ။
ခင်ဗျားတို့က တက်ကြွလန်းဆန်းနေပေမယ့် အဝေးကချီတက်လာတဲ့ရန်သူတွေက ပင်ပန်းနေမှာဖြစ်တယ်"
ထို့ကြောင့်
လက်နက်တို့ကိုကိုင်ဆောင်ကာ မြို့ပြင်သို့ဝမ်းပန်းတသာဖြင့်သွားပြီး အဆင်သင့်စောင့်နေခဲ့သည်။
ရှီးလျန်တပ်သည်
နှစ်ဆအမြန်နှုန်းဖြင့် ချီတက်လာသောကြောင့် ပင်ပန်းနေကြပြီး အနားယူရန် လိုအပ်နေခဲ့သည်။
သူတို့သည် စခန်းချရန်ပြုနေစဉ် တက်ကြွသောခေါင်းဆောင်၊ ထက်သန်သောတပ်သားများပါဝင်သည့်
ရှူတပ်က ရုတ်တရတ်ဝင်တိုက်လေသည်။ ထို့ကြောင့် ပင်ပန်းနေသည့်တပ်သားတို့မှာ မခုခံနိုင်ပဲဆုတ်ခွာခဲ့ရသည်။
ရှူတပ်ကြီးသည် အနောက်မှလိုက်လေရာ မြေပြင်တစ်ခုလုံး အလောင်းတို့နှင့်ပြည့်ကာ နေရာအနှံ့
သွေးချောင်းစီးခဲ့လေသည်။
ထိုတိုက်ပွဲသည်
"ကျူးကဲလျန့်"(Zhuge Liang) ၏အောင်မြင်မှုဖြစ်ပြီး သူသည် မြို့ပြင်ထွက်ကာ
စစ်နိုင်သူတို့ကိုကြိုဆိုပြီး မြို့ထဲသို့ခေါ်လာပြီးနောက် ဆုလာဘ်များပေးခဲ့သည်။ ထိုအချိန်တွင်
ပိုင်တိချန်တွင်ရှိသော "လီယန်"(Li Yan) ထံမှ အရေးကြီးစာတစ်စောင်ရောက်လာသည်။
"ကျူးကဲလျန့်"(Zhuge Liang) က ထိုစာကိုဖောက်ပြီးဖတ်လေရာ ထိုစာမှာ အောက်ပါအတိုင်းဖြစ်သည်။
'ဝူပြည်က လော့ရန်ကို
သံတမန်လွှတ်ပြီး ကျွန်တော်တို့ကိုတိုက်ခိုက်ဖို့မဟာမိတ်ဖွဲ့ခဲ့တယ်လို့ သတင်းကြားရပါတယ်။
ဝူတပ်ကြီးက စတင်မလှုပ်ရှားသေးပါဘူး။ ဒါပေမယ့် ကျွန်တော်က ဝန်ကြီးချုပ်ရဲ့အစီအစဉ်ကို
မျှော်လင့်တကြီးစောင့်နေပါတယ်'
ထိုစာကိုဖတ်ကာ
"ကျူးကဲလျန့်"(Zhuge Liang) တွင် သံသယနှင့်စိုးရိမ်မှုများရှိခဲ့သည်။ ထို့ကြောင့်
အမှုထမ်းတို့ကိုစည်းဝေးစေခဲ့သည်။
"ဝူက ကျုပ်တို့ပြည်ကိုကျူးကျော်လာတော့မယ်ဆိုတော့
ကျုပ်တို့တွေ အလျင်အမြန်ဆုတ်ခွာရမယ်။ ချီစန်းတပ်တွေကိုဆုတ်ခွာဖို့အမိန့်ပေးလိုက်ရင်
ကျုပ်တို့က ဒီမှာစခန်းချနေတော့ စီးမာယီ(Sima Yi) ကတိုက်ရဲမှာမဟုတ်ဘူး"
ချီစန်းတပ်ကြီးသည်
တပ်စခန်းတို့ကိုဖျက်သိမ်းကာ နှစ်ဖွဲ့ခွဲပြီး ချီတက်လေသည်။ ထိုအခြင်းအရာကို "ကျန်းဟဲ"(Zhang
He) မှတွေ့ပြီး ရန်သူတို့၏ပရိယာယ်ဖြစ်မည်စိုးသောကြောင့် "စီးမာယီ"(Sima
Yi) နှင့် တိုင်ပင်ခဲ့သည်။
"ရန်သူတွေဆုတ်သွားကြပြီ။
ဘာကြောင့်လည်းတော့ မသိဘူး"
"ကျူးကဲလျန့်(Zhuge
Liang) က ဉာဏ်နီဉာဏ်နက်များတယ်။ ခင်ဗျားတာဝန်ကျတဲ့နေရာမှာပဲနေပြီး သေချာစောင့်ကြပ်နေပါ။
သူတို့ရိက္ခာမကုန်မချင်း ဘာမှမလုပ်နဲ့ဦး။ ရိက္ခာပြတ်သွားရင်တော့ တကယ်တပ်ဆုတ်သွားလိမ့်မယ်"
ထိုစဉ် စစ်သူကြီး
"ဝေဖင်"(Wei Ping) မှ
"သူတို့တွေတပ်ဆုတ်သွားတာကို
အခွင့်ကောင်းယူပြီးတိုက်ရမှာမဟုတ်လား? သူတို့တွေက ကျားတွေမို့လို့ စစ်သူကြီးက ကြောက်နေရတာလား။
အဲ့လိုဆို တစ်လောကလုံးက ကျွန်တော်တို့ကိုလှောင်ကြလိမ့်မယ်"
သို့သော်
"စီးမာယီ"(Sima Yi) က ခေါင်းမာစွာဖြင့် ထိုစကားကိုလျစ်လျူရှုခဲ့သည်။
ချီစန်းတပ်သည်
လုံခြုံစွာဆုတ်ခွာသွားပြီဟုသိသောအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ရန်ယီ"(Yang Yi) နှင့် "မာကျုံး"(Ma Zhong) တို့ကိုခေါ်ပြီး ကျန့်မန်ခံတပ်၏သစ်သားလမ်းတစ်ဖက်တစ်ချက်စီတွင်
ဒူးလေးတပ်နှင့်မြားသည်တော်တပ်တစ်သောင်းစီဖြင့် ကင်းပုန်းချထားရန် လျှို့ဝှက်အမိန့်ပေးခဲ့သည်။
"ဝေတပ်တွေအနောက်ကလိုက်လာရင်
ပေါက်ကွဲသံကြားတဲ့အထိစောင့်ပါ။ ပေါက်ကွဲသံကြားတာနဲ့ လမ်းကို သစ်သားတွေ၊ ကျောက်တုံးတွေကိုပိတ်လိုက်ပါ။
သူတို့တွေရပ်သွားတာနဲ့ မြားတွေ၊ဒူးလေးတွေနဲ့ ပစ်ပါ"
"ဝေရန်"(Wei
Yan) နှင့် "ကွမ်းရှင်း"(Guan Xing) ကိုမူ ရန်သူ၏တပ်အနောက်ဘက်ကိုတိုက်စေသည်။
ထိုအမိန့်တို့ကိုပေးခဲ့ပြီးနောက် လုချန်မြို့ရိုးတို့တွင် အလံများစွာထောင်ထားစေပြီး
မြို့၏နေရာအနှံ့တွင်လည်း ကောက်ရိုးပုံများကိုထားရှိပြီး မီးရှို့စေကာ မြို့အတွင်းဝယ်
ထမင်းဟင်းချက်ပြုတ်နေသကဲ့သို့ပြုစေသည်။ တပ်သားတို့သည် သစ်သားလမ်းမှချီတက်ကြလေသည်။
ဝေသူလျှိုတို့သည်
ပင်မတပ်စခန်းသို့လာကာ ရှူတပ်အများစုမှာ တပ်ဆုတ်သွားကြပြီး မြို့အတွင်းဝယ် လူအချို့သာကျန်ရစ်ကြောင်းပြောလေသည်။
"စီးမာယီ"(Sima Yi) သည် မယုံကြည်နိုင်ပဲ သူကိုယ်တိုင်ကြည့်သောအခါ မြို့ရိုးအတွင်းမှမီးခိုးများနှင့်
တလူလူလွင့်နေသောအလံတို့ကိုမြင်သောအခါမှ
"မြို့ကို
ထားပြီး ထွက်သွားကြပြီ"
ထို့နောက် စစ်သားတို့ကိုလွှတ်ကာ
သေချာအောင်ကြည့်စေရာ အထဲတွင်လူမရှိတော့သည်ကို တွေ့ရသည်။
"ကျူးကဲလျန့်(Zhuge
Liang) ထွက်သွားပြီဆိုတော့ ဘယ်သူအနောက်ကလိုက်မလဲ"
"ကျန်းဟဲ"(Zhang
He) မှ
"ကျွန်တော်
သွားပါ့မယ်"
"ခင်ဗျားက
အလျင်စလိုလုပ်တတ်လွန်းတယ်"
"ကျွန်တော်က
ဒီစစ်ဆင်ရေးစကတည်းက ရှေ့ပြေးတပ်ကိုဦးဆောင်ခဲ့တာ အောင်မြင်မှုတွေရနိုင်တဲ့အချိန် ဒီနေ့မှာမှ
ဘာလို့ကျွန်တော့ကိုအသုံးမချရတာလဲ"
"ဘာကြောင့်လည်းဆိုတော့
သတိကြီးကြီးထားဖို့လိုအပ်တာကြောင့်ဖြစ်တယ်။ သူတို့တွေက တပ်ဆုတ်သွားတော့ ကင်းပုန်းထားနိုင်တဲ့နေရာမှန်သမျှမှာ
ကင်းပုန်းတွေထား,ထားမှာပဲ"
"ကျွန်တော်သိပါတယ်၊
စစ်သူကြီးစိုးရိမ်စရာမလိုပါဘူး"
"ကောင်းပြီ၊
ခင်ဗျားသွားလိုက သွားနိုင်တယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေတွေအတွက် ပြင်ဆင်ထားရမယ်"
"မြင့်မြတ်တဲ့လူဆိုတာ
တိုင်းပြည်အတွက်ဆို တခြားဟာတွေမဆိုထားနဲ့၊ ကိုယ့်အသက်တောင်ကိုယ်စွန့်ဖို့အသင့်ရှိတယ်"
"ဒါဆို
တပ်သားငါးထောင်ကိုဦးဆောင်ပြီးသွားပါ။ အနောက်က ဝေဖင်(Wei Ping) က မြင်းတပ်၊ ခြေလျင်တပ်နှစ်သောင်းနဲ့လိုက်ပြီး
ကြုံတွေ့ရမယ့်ကင်းပုန်းတွေကိုရှင်းလိမ့်မယ်။ ကျုပ်ကတော့ လိုအပ်ရင် ကူညီဖို့ တပ်သုံးထောင်နဲ့အနောက်ဆုံးကလိုက်ခဲ့မယ်"
ထို့ကြောင့်
"ကျန်းဟဲ"(Zhang He) သည် အလျင်အမြန်ထွက်ခွာသွားခဲ့သည်။ ဆယ်မိုင်ခန့်သွားပြီးနောက်
ဗုံသံတို့ကိုကြားလိုက်ရပြီး သစ်တောထဲမှ "ဝေရန်"(Wei Yan) ၏တပ်ထွက်လာပြီး
"ဝေရန်"(Wei Yan) သည် ရှေ့သို့မြင်းနှင့်ထွက်လာကာ
"သူပုန်ခေါင်းဆောင်၊
ဘယ်သွားမလို့လဲ"
"ကျန်းဟဲ"(Zhang
He) သည် ချက်ချင်းပင် "ဝေရန်"(Wei Yan) ဖြင့်တိုက်ခိုက်ခဲ့သည်။ ဆယ်ကွက်ခန့်တိုက်ပြီးနောက်
"ဝေရန်"(Wei Yan) ထွက်ပြေးသွားလေသည်။ "ကျန်းဟဲ"(Zhang He) သည်
"ဝေရန်"(Wei Yan) နောက်သို့ဆယ်မိုင်ခန့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုစူးစမ်းခဲ့သည်။
ကင်းပုန်းမရှိသည်ကိုမြင်သောအခါ ဆက်လိုက်ခဲ့သည်။ ထို့နောက် ကုန်းလျှောတစ်ခုသို့ရောက်သောအခါ
အော်သံတို့ကိုကြားလိုက်ရပြီး နောက်ထပ်တပ်တစ်တပ်ပေါ်လာသည်။
"ကျန်းဟဲ(Zhang
He) ၊ မပြေးနဲ့" ထိုတပ်၏ခေါင်းဆောင်
"ကွမ်းရှင်း"(Guan Xing) မှ လှမ်းအော်ခဲ့သည်။
"ကွမ်းရှင်း"(Guan
Xing) သည် မြင်းဖြင့်အနီးသို့ရောက်လာသည်၊ "ကျန်းဟဲ"(Zhang He) သည်လည်း မပြေးပဲတိုက်ခိုက်လေသည်။
မကြာမီတွင် "ကွမ်းရှင်း"(Guan Xing) သည် ရှုံးနိမ့်သွားပုံဖြင့် ထွက်ပြေးသွားသည်။
"ကျန်းဟဲ"(Zhang He) က အနောက်မှလိုက်ရာ နက်နဲသောတောအုပ်အားသို့ရောက်လာသည်။
"ကျန်းဟဲ"(Zhang He) သည် အထဲသို့ဝင်ရမည်ကိုစိုးရိမ်သောကြောင့် ကင်းထောက်ကိုကို
အရင်စေလွှတ်ခဲ့သည်။ အန္တရာယ်မရှိဟုသိသောအခါမှ "ကျန်းဟဲ"(Zhang He) က ဆက်လိုက်ခဲ့သည်။
သို့သော် မမျှော်လင့်ပဲ
ထွက်ပြေးသွားခဲ့သော "ဝေရန်"(Wei Yan) သည် "ကျန်းဟဲ"(Zhang He)
ရှေ့သို့ရောက်နေပြန်သည်။ ထိုသူနှစ်ဦးသည် ခဏတာတိုက်ပြီးနောက် "ဝေရန်"(Wei
Yan) သည် ထွက်ပြေးသွားပြန်သည်။ "ကျန်းဟဲ"(Zhang He) က လိုက်ရာ "ကွမ်းရှင်း"(Guan
Xing) ထွက်လာပြီး "ကျန်းဟဲ"(Zhang He) ကိုဟန့်လိုက်သည်။ "ကျန်းဟဲ"(Zhang
He) ကလည်း ဒေါသတကြီးဖြင့်တိုက်ရာ ရှူတပ်သားတို့သည် သူတို့၏လက်နက်တန်ဆာတို့ကိုပစ်ချပြီး
ထွက်ပြေးခဲ့သည်။ ထို့ကြောင့် လမ်းတွင် လက်နက်များကျနေရာ ဝေတပ်ကြီးသည် လောဘကိုမထိန်းနိုင်ပဲ
ထိုလက်နက်တို့ကိုကောက်ခဲ့ကြသည်။ သူတို့သည် မြင်းပေါ်မှဆင်းကာ လက်နက်တို့ကိုကောက်ကြလေသည်။
"ဝေရန်"(Wei
Yan) နှင့် "ကွမ်းရှင်း"(Guan Xing) တို့သည် တလှည့်စီ "ကျန်းဟဲ"(Zhang
He) ကိုတိုက်လိုက်၊ "ကျန်းဟဲ"(Zhang He) သည် အနောက်မှလိုက်သော်လည်း အကျိုးမထူးလိုက်ဖြင့်
သံသရာလည်နေခဲ့သည်။ ထိုသို့လိုက်ရင်းနှင့် သစ်သားလမ်းနားသို့ရောက်လာခဲ့သည်။ ထိုစဉ်
"ဝေရန်"(Wei Yan) က မားမားမတ်မတ်ဖြင့် ရှေ့သို့ထွက်လာကာ
"သူပုန်တွေ၊
လက်နက်ချစမ်း! ကျုပ်တောင်ဘာမှမလုပ်ရသေးတာတောင် လမ်းတလျှောက်လုံး ခင်ဗျားတို့ကျုပ်ကို
အနိုင်မယူနိုင်ဘူးမဟုတ်လား? အခုတော့ သူသေကိုယ်သေတိုက်ကြမယ်"
"ကျန်းဟဲ"(Zhang
He) သည် ဒေါသထွက်ကာ သူ၏လှံဖြင့် ဓားကိုင်ထားသော "ဝေရန်"(Wei Yan) ကိုတိုက်ခဲ့သည်။
သူတို့သည် ဆယ်ကွက်ခန့်တိုက်ပြီးနောက် "ဝေရန်"(Wei Yan) သည် သူ၏လက်နက်များ၊
သံချပ်ကာ၊ ခမောက်နှင့် စစ်ဝတ်အင်္ကျီတို့ကိုစွန့်ပစ်ကာ မြင်းကိုပင်ထားရစ်ခဲ့ပြီး စစ်ရှုံးသောတပ်တို့နှင့်အတူ
သစ်သားလမ်းသို့သွားခဲ့သည်။
ထိုအချိန်တွင်
မှောင်နေခဲ့သော်လည်း "ကျန်းဟဲ"(Zhang He) သည် တိုက်ခိုက်လိုသောစိတ်ကြောင့်
"ဝေရန်"(Wei Yan) ကိုလွှတ်ပေးလိုစိတ်မရှိပဲ နောက်မှလိုက်ခဲ့သည်။ သို့သော်
ရုတ်တရုတ် အလင်းရောင်တို့ပေါ်လာပြီး ကောင်းကင်ကြီးသည် လင်းထိန်သွားကာ ကျောက်တုံးတို့၊
သစ်သားတို့သည် တောင်စောင်းမှလိမ့်ကျလာကာ လမ်းကိုပိတ်ထားခဲ့လေသည်။
"ကျန်းဟဲ"(Zhang
He) သည် ကြောက်လန့်သွားခဲ့ပြီး
"အမှားကြီးတစ်ခုကြောင့်
ရန်သူ့ကင်းပုန်းထဲတိုးဝင်သွားမိပြီ" ဟုပြောသည်။
လမ်း၏အရှေ့နှင့်အနောက်တို့တွင်
ကျောက်တုံးတို့ဖြင့် ပိတ်ထားခြင်းခံရပြီး
'တက်--တက်--တက်' ဟူသောအသံတို့နှင့်အတူ မြားမိုးတို့ရွာသွန်းခဲ့ရာ "ကျန်းဟဲ"(Zhang
He) အပါအဝင် အမှုထမ်းများစွာသေဆုံးခဲ့သည်။
မကြာမီတွင် "ဝေဖင်"(Wei Ping) ဦးဆောင်သည့်ဒုတိယတပ်ရောက်လာသော်လည်း
ကူညီရန်နောက်ကျသွားခဲ့လေပြီ။ ပုံစံ၊ အနေအထားတို့ကိုကြည့်ပြီး သူတို့၏ရဲဘော်တို့မှာ
ရန်သူ့ပရိယာယ်ကြောင့်ကျဆုံးသွားပြီဖြစ်ကြောင်း သိလေရာ ပြန်လှည့်ခဲ့ကြသည်။ ထိုအချိန်တွင်
တောင်ကုန်းထိပ်မှ အော်သံကိုကြားခဲ့သည်။
"ကျုပ်၊
ကျူးကဲလျန့်(Zhuge Liang) က ဒီမှာပဲ"
မော့ကြည့်လိုက်သောအခါ
မီးရောင်အောက်ဝယ် လူတစ်ယောက်ကိုလှမ်းမြင်လေသည်။ ထိုသူမှ တိုက်ပွဲတွင်သေဆုံးခဲ့သူကိုညွှန်ပြကာ
"ကျုပ်က
ဒီတောထဲမှာ အမဲလိုက်ခဲ့တာ ခင်ဗျားမြင်တဲ့အတိုင်း မြင်းကိုမသတ်နိုင်ပဲ သမင်ကိုပဲသတ်နိုင်ခဲ့တယ်။
ဒါပေမယ့် ခင်ဗျား အေးအေးဆေးဆေးပြန်သွားလို့ရပါတယ်။ ခင်ဗျားရဲ့စစ်သူကြီးကိုတွေ့ရင်ပြောလိုက်ပါ၊
တစ်ရက်မှာတော့ သူကကျုပ်ရဲ့သားကောင်ဖြစ်ရလိမ့်မယ်ဆိုတာပေါ့"
ထိုအကြောင်းကို
တပ်သားတို့သည် "စီးမာယီ"(Sima Yi) အားပြောလေရာ "စီးမာယီ"(Sima Yi) မှ အလွန်အမင်းဝမ်းနည်းကာ
"မိတ်ဆွေကျန်းဟဲ(Zhang
He) သေဆုံးရတာဟာ ကျုပ်အပြစ်ကြောင့်ပဲ"
ထို့နောက် သူသည်
လော့ရန်သို့ပြန်ခဲ့လေ၏။ ဝေပြည်ဧကရာဇ်သည် ရဲရင့်သောခေါင်းဆောင်တစ်ဦးကိုဆုံးရှုံးရသဖြင့်
ငိုကြွေးခဲ့ပြီး အလောင်းကိုပြန်ရှာစေကာ ကောင်းမွန်စွာသဂြိုဟ်စေ၏။
"ကျူးကဲလျန့်"(Zhuge
Liang) သည် ဟန်ကျုံးသို့ရောက်ပြီးနောက် သူ၏သခင်ဖြင့်တွေ့ရန် မြို့တော်ချန်တူးသို့သွားရန်
ပြုသည်။ သို့သော် "လီယန်"(Li Yan) သည် မြို့တော်တွင်ရှိနေပြီး ဒုတိယဧကရာဇ်အား
"ကျွန်တော်မျိုးက
စစ်တပ်အတွက်လိုအပ်တဲ့ရိက္ခာတွေထောက်ပံ့ခဲ့တာတောင် ဝန်ကြီးချုပ်ကဘာကြောင့် ပြန်လာရတာလဲ"
ထို့ကြောင့်
ဒုတိယဧကရာဇ်မှ ဟန်ကျုံးသို့ "ဖေးယီ"(Fei Yi) ကိုလွှတ်ကာ စစ်တပ်ကြီးပြန်ဆုတ်လာသည့်အကြောင်းကိုမေးခဲ့သည်။
"ဖေးယီ"(Fei Yi) ၏ရောက်လာသောအကြောင်းအရင်းကိုသိသောအခါ "ကျူးကဲလျန့်"(Zhuge
Liang) သည် အံ့အားသင့်သွားပြီး "လီယန်"(Li Yan) ဆီမှစာကိုထုတ်ကာ
"အရှေ့ဝူက
တိုင်းပြည်ကိုကျူးကျော်လာတော့မယ်လို့ လီယန်(Li Yan) ကရေးလာလို့ ပြန်လာတာဖြစ်တယ်"
"လီယန်(Li
Yan) က နန်းတော်မှာလျှောက်တင်တာကျတော့ သူစားနပ်ရိက္ခာတွေပို့ပေးလျက်နဲ့ ဝန်ကြီးချုပ်ပြန်လာတာ
ဘာကြောင့်လည်းမသိဘူးလို့ဆိုခဲ့တယ်"
ထိုအခါ
"ကျူးကဲလျန့်"(Zhuge Liang) သည် သေချာစုံစမ်းစေခဲ့ပြီးနောက် "လီယန်"(Li
Yan) သည် စစ်တပ်အတွက် လုံလောက်သည့်ရိက္ခာမစုဆောင်းနိုင်သောကြောင့် ရိက္ခာမပြတ်မီ တပ်ပြန်ဆုတ်လာစေရန်
စစ်တပ်ထံသို့ လိမ်လည်သည့်စာကိုပို့ခဲ့ခြင်းဖြစ်သည်။ နန်းတွင်းတွင် လျှောက်တင်သည့်အကြောင်းမှာ
သူ၏အပြစ်ကိုဖုံးကွယ်ရန်ဖြစ်လေသည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် ဒေါသထွက်ကာ
"သူ့အသက်ကိုကာကွယ်ဖို့အတွက်လုပ်တဲ့ဒီအရူးကြောင့်
တိုင်းပြည်ရဲ့စီမံကိန်းကိုပျက်ပြားစေခဲ့ရတယ်"
ထို့နောက် အပြစ်ဒဏ်ကျူးလွန်သူကိုခေါ်ကာ
သေဒဏ်ပေးစေသည်။ သို့သော် "ဖေးယီ"(Fei Yi) မှတားမြစ်ခဲ့သည်။
"အို၊
ဝန်ကြီးချုပ်၊ ပထမဧကရာဇ်က လီယန်(Li Yan) အပေါ်တန်ဖိုးထားပြီး သူ့သားတော်ကို လီယန်(Li
Yan) လက်ထဲတောင်အပ်ခဲ့တယ်။ သူ့အမှားအတွက် ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်ပါ"
ထို့ကြောင့်
"လီယန်"(Li Yan) ၏အသက်ကိုချမ်းသာပေးလိုက်သည်။ သို့သော် "ဖေးယီ"(Fei
Yi) မှ ထိုအကြောင်းကိုလျှောက်တင်သောအခါ ဧကရာဇ်မှ "လီယန်"(Li Yan) ကို သေဒဏ်ပေးစေပြန်၏။
ဤတစ်ကြိမ်ဝယ် "ကျန်းဝမ်"(Jiang Wan) မှ
"အရှင်မင်းကြီးရဲ့ခမည်းတော်က
လီယန်(Li Yan) ကို အရှင်မင်းကြီးရဲ့အုပ်ထိန်းသူတစ်ဦးအဖြစ် သတ်မှတ်ခဲ့ဖူးတယ်"
ထို့ကြောင့်
အပြစ်မှလျှော့ပေါ့စေကာ ရာထူးမှနှုတ်ပယ်ခဲ့ပြီး ကျီထုံသို့ပြောင်းရွှေ့စေခဲ့သည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် ချန်တူးသို့လာကာ "လီယန်"(Li
Yan) ၏သားဖြစ်သူ "လီဖုန်း"(Li Feng) ကို အထက်တန်းအတိုင်ပင်ခံအဖြစ်ခန့်အပ်ခဲ့သည်။
ပြီးနောက် စစ်ဆင်ရေးပြုလုပ်ရန်
ပြင်ဆင်ခဲ့ပြန်သည်။ အစီအစဉ်ရေးဆွဲခြင်း၊ ရိက္ခာများစုဆောင်းခြင်း၊ လက်နက်များအသင့်ပြင်ခြင်းနှင့်
အမှုထမ်းနှင့်ရဲမက်တို့ကိုစစ်ရေးလေ့ကျင့်စေခြင်းတို့လုပ်ခဲ့သည်။ "ကျူးကဲလျန့်"(Zhuge
Liang) သည် ပြည်သူတို့အပေါ် ကရုဏာထားသောကြောင့် စစ်ကိုသုံးနှစ်ကြာအောင် ဆိုင်းငံ့ခဲ့လေရာ
မြစ်ပြည်နယ်နှစ်နယ်၏လူအပေါင်းတို့ဝမ်းမြောက်ခဲ့ကြသည်။
အချိန်သည် လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး
တစ်ဆယ့်နှစ်နှစ်မြောက် (အေဒီ ၂၃၄) ဒုတိယလတွင် "ကျူးကဲလျန့်"(Zhuge
Liang) မှ နန်းတွင်းဝယ်လျှောက်တင်ခဲ့သည်။
"ကျွန်တော်မျိုးက
သုံးနှစ်သုံးမိုးလုံး တပ်သားတွေကိုလေ့ကျင့်ပေးနေခဲ့တဲ့အပြင် ရိက္ခာတွေလည်း ဖူလုံပြီဖြစ်တာကြောင့်
စစ်ချီလို့ရပြီဖြစ်ပါတယ်။ အခုဝေပြည်ကိုတိုက်ဖို့ အချိန်တန်ပါပြီ။ ကျွန်တော်မျိုးက ဒီသူပုန်တွေကိုနှိမ်နှင်းပြီး
မြို့တော်ထဲကို အောင်မြင်မှုနဲ့မဝင်ရောက်လာနိုင်ရင် အရှင်မင်းကြီးရဲ့ရှေ့မှောက်ကိုမလာတော့ပါဘူး"
"ကျုပ်တို့တိုင်းပြည်ကြီးက
တည်ငြိမ်နေပြီး ဝေပြည်ကလည်း ဒုက္ခလာမပေးဘူး။ ဘာကြောင့် အခုရှိနေတဲ့ငြိမ်းချမ်းမှုကိုမခံစားရတာလဲ၊
ဖခင်ဝန်ကြီး?"
"ဘာကြောင့်လည်းဆိုတော့
အရှင်မင်းကြီးရဲ့ခမည်းတော်ပေးအပ်ခဲ့တဲ့တာဝန်ကြောင့်ဖြစ်ပါတယ်။ ကျွန်တော့အိပ်မက်ထဲမှာ
တောင်မှ ဝေပြည်ကိုတိုက်ဖို့အစီအစဉ်တွေလုပ်နေခဲ့တယ်။ အရှင်မင်းကြီးရဲ့ဘိုးဘေးတွေအုပ်စိုးခဲ့တဲ့ရှေးမြို့တော်ဟောင်းကိုပြန်သိမ်းပြီး
ဟန်ပြည်ကိုလက်လွှဲယူနိုင်ဖို့ ကျွန်တော်မျိုးကအကောင်းဆုံးကြိုးစားရမှာဖြစ်တယ်"
ထိုသို့ပြောနေစဉ်
လူတစ်ယောက်မှ
"စစ်တပ်တွေချီတက်လို့မဖြစ်ပါဘူး၊
ဝန်ကြီး" ဟုပြောသည်။ ထိုပြောသူမှာ "ချောင်ကျိုး"(Qiao Zhou) ဖြစ်သည်။
Comments