သုံးနိုင်ငံခေတ်(၁၀၃)


အခန်း(၁၀၃) ဘူးသီးတောင်ကြားတွင် "စီးမာယီ"(Sima Yi) ပိတ်မိသွားခြင်း။
ဝူကျန်းတောင်ကုန်းပေါ်တွင် "ကျူးကဲလျန့်"(Zhuge Liang) သည် ကြယ်တာရာတို့ကိုတိုင်တည်ခြင်း။

စစ်ရှုံးသွားခဲ့သော "စီးမာယီ"(Sima Yi) သည် လှံတစ်ချောင်း၊ မြင်းတစ်ကောင်နှင့်အတူ ထွက်ပြေးခဲ့ရသည်။ အဝေးတွင် ထူထပ်သောတောအုပ်ကိုမြင်သောအခါ အနားယူရန် သွားခဲ့သည်။
"ကျန်းယီ"(Zhang Yi) သည် အနောက်ပိုင်းတပ်မကြီးကို ရပ်နားခဲ့ပြီး "လျောင်ဟွာ"(Liao Hua) သည် တောအုပ်ဘက်သို့ထွက်ပြေးသွားသောရန်သူထံသို့ ဆက်လိုက်ခဲ့သည်။ "စီးမာယီ"(Sima Yi) သည် ရန်သူတို့နောက်မှလိုက်လာသောအခါ သူ၏အသက်ဘေးကိုစိုးရိမ်သဖြင့် သစ်ပင်တစ်ပင်မှတစ်ပင်သို့ ပြေးခဲ့ရလေသည်။ တစ်ကြိမ်တွင် "လျောင်ဟွာ"(Liao Hua) သည် ရန်သူအား လှမ်းခုတ်နိုင်သည့်အကွာအဝေးခန့်ရောက်လာခဲ့ရာ ဓားဖြင့်လှမ်းခုတ်လိုက်သော်လည်း လွဲသွားပြီး သစ်ပင်ကိုသာခုတ်မိသွားသည်။ "လျောင်ဟွာ"(Liao Hua) သည် သူ၏ဓားကိုပြန်နှုတ်နေစဉ်တွင် "စီးမာယီ"(Sima Yi) သည် ထွက်ပြေးသွားခဲ့သည်။ "လျောင်ဟွာ"(Liao Hua) သည် ကွင်းပြင်ဘက်ကိုရောက်လာသောအခါ မည်သို့သွားရမည်မသိဖြစ်နေသည်။ ထိုအခါ အရှေ့ဘက်အရပ်နားဝယ် ရွှေရောင်ခမောက်ကျနေသည်ကိုမြင်သောအခါ ထိုခမောက်ကိုကောက်ကာ သူ၏မြင်းပေါ်တွင် ချိတ်ပြီး အရှေ့ဘက်အရပ်သို့သွားခဲ့သည်။

ဉာဏ်ပြေးသော ထွက်ပြေးသူသည် သူ၏ခမောက်ကို တမင်အရှေ့ဘက်အရပ်တွင် ချထားကာ အနောက်ဘက်သို့ထွက်ပြေးသွားခဲ့သောကြောင့် 'လျောင်ဟွာ"(Liao Hua) နှင့် မတွေ့တော့ပေ။ အချိန်အတန်ကြာသောအခါ "လျောင်ဟွာ"(Liao Hua) သည် "ကျန်းဝေ"(Jiang Wei) နှင့်တွေ့သောကြောင့် ရန်သူ့နောက်သို့ဆက်မလိုက်ပဲ "ကျန်းဝေ"(Jiang Wei) နှင့်အတူ စခန်းသို့ပြန်လာခဲ့သည်။
သစ်သားမြင်းနှင့်နွားတို့ကို စခန်းသို့ပြန်မောင်းခေါ်လာပြီး ၎င်းတို့ထဲတွင်ရှိသောရိက္ခာတို့ကို ဂိုထောင်များတွင် သိမ်းထားစေသည်။ အောင်နိုင်သူတို့သိမ်းပိုက်ရရှိသောရိက္ခာများမှာ လှည်းအစီးတစ်သောင်းစာ ရှိလေသည်။ "လျောင်ဟွာ"(Liao Hua) သည် သူ၏လုပ်ဆောင်နိုင်မှု၏သက်သေအနေဖြင့် ရန်သူ၏ခမောက်ကို ပြသခဲ့ရာ ပထမအဆင့်ဂုဏ်ထူးဆောင်မှုနှင့်ထိုက်တန်သောဆုလာဘ်များရရှိခဲ့သည်။ "ဝေရန်"(Wei Yan) တွင် ပြသစရာ ဘာမှမရှိသောကြောင့် မည်သည့်ဆုလာဘ်မျှမရခဲ့ပေ။ ထို့ကြောင့် "ဝေရန်"(Wei Yan) သည် ဒေါသထွက်ကာ မကျေမနပ်ဖြစ်ခဲ့သည်။ ၎င်းကို "ကျူးကဲလျန့်"(Zhuge Liang) သိသော်လည်း မသိချင်ယောင်ဆောင်ခဲ့၏။

"စီးမာယီ"(Sima Yi) သည် ဝမ်းနည်းစွာဖြင့် သူ၏စခန်းသို့ပြန်လာခဲ့သည်။ ထိုအချိန်ဝယ် သတင်းဆိုးများထပ်ရောက်လာသည်။ ဆက်သားတစ်ဦးရောက်လာကာ ဝူပြည်မှတပ်သုံးတပ်ချီတက်လာကြောင်း သတင်းပို့ခဲ့သည်။ ထိုစာများအရ ထိုတပ်ကြီးတို့သည် သူတို့စခန်းဘက်သို့ဦးတည်လာသည်ဟုဆိုထားသောကြောင့် ဝေဧကရာဇ်မှ သေနာပတိအား စောင့်ဆိုင်းပြီးခုခံသည့်နည်းလမ်းကိုသာအသုံးချရန် ထပ်မံပြောကြားခဲ့သည်။ ထို့ကြောင့် "စီးမာယီ"(Sima Yi) သည် ကျုံးတို့ကိုပိုနက်အောင်တူးပြီး တံတိုင်းများကို ပိုမြင့်အောင်လုပ်စေခဲ့သည်။
"ကျူးကျော်လာသည့်ရန်သူတို့ကိုခုခံရန်အတွက် "ချောင်ရေ့"(Cao Rui) မှ စစ်တပ်ကြီးသုံးတပ်စေလွှတ်လိုက်သည်။ "လျူရှောက်"(Liu Shao) သည် ကျန်းရှာကိုကယ်တင်ရန်၊ "တျန်းတု"(Tian Du) အား ရှန်းရန်တပ်ကိုကွပ်ကဲရန်နှင့် "ချောင်ရေ့"(Cao Rui) ကိုယ်တိုင်မှာမူ "မန်ချုံး"(Man Chong) နှင့်အတူ ဟဲဖေးသို့သွားခဲ့သည်။ နောက်ဆုံးတပ်ဖွဲ့မှာ ပင်မတပ်ကြီးဖြစ်သည်။
"မန်ချုံး"(Man Chong) သည် တပ်ဦးပိုင်းနှင့်အတူ ချောင်ဟူရေကန်သို့သွားခဲ့သည်။ ထိုနေရာမှ အရှေ့ဘက်ကမ်းကိုကြည့်သောအခါ ကောင်းကင်ယံတွင် အလံများလွင့်နေသော စစ်သင်္ဘောတို့ကိုတွေ့သဖြင့် ပြန်လာကာ အချိန်မလင့်စေပဲ တိုက်ခိုက်ရန် တိုက်တွန်းခဲ့သည်။

"ကျွန်တော်တို့တွေခရီးရှည်ချီတက်လာတာကြောင့် ပင်ပန်းနေလိမ့်မယ်လို့ ရန်သူတွေကတွက်ထားကြပြီး ခုခံဖို့ပြင်ဆင်မှုတွေသိပ်လုပ်ထားမှာမဟုတ်ဘူး။ ကျွန်တော်တို့ဒီညမှာတိုက်ရင် အနိုင်ရနိုင်တယ်"
"ခင်ဗျားပြောတာက ကျုပ်အတွေးနဲ့ ထပ်တူကျတယ်"
ဝေဧကရာဇ်သည် မြင်းသည်တော်တပ်ခေါင်းဆောင် "ကျန်းချိုး"(Zhang Qiu) အား တပ်သားငါးထောင်နှင့်အတူသွားစေကာ ရန်သူတို့ကိုမောပန်းအောင်ပြုစေသည်။ "မန်ချုံး"(Man Chong) ကိုလည်း အရှေ့ဘက်ကမ်းမှတိုက်စေသည်။
ညနှစ်ချက်တီးအချိန်တွင် တပ်နှစ်တပ်တို့ထွက်ခွာကာ ရေကန်အစပ်နားသို့ချဉ်းကပ်လာခဲ့သည်။ ကင်းလှည့်နေခြင်းမရှိသောရေတပ်စခန်းနားသို့ရောက်လာပြီး အော်ဟစ်ကာ ကိုယ်ထင်ပြခဲ့သည်၊ ဝူတပ်သားတို့သည် မခုခံပဲ ထွက်ပြေးသွားကြသည်။ ဝေတပ်ကြီးသည် နေရာတိုင်းကိုမီးရှို့ပြီး သင်္ဘောများအားလုံးကိုဖျက်စီးခဲ့ရာ လက်နက်နှင့်ရိက္ခာများစွာဆုံးရှုံးခဲ့သည်။

ထိုတပ်စခန်းကိုကွပ်ကဲနေခဲ့သော "ကျူးကဲကျင့်"(Zhuge Jin) သည် စစ်ရှုံးသွားသောတပ်နှင့်အတူ မျန်ခိုသို့လာရောက်ခဲ့သည်။ တိုက်ခိုက်သူတို့သည် ဝမ်းမြောက်စွာဖြင့် စခန်းသို့ပြန်သွားလေသည်။
၎င်းနှင့်ပတ်သတ်သောအကြောင်းကြားစာကို "လုရွှင့်"(Lu Xun) မှရရှိသောအခါ အမှုထမ်းတို့ကိုခေါ်ပြီး
"ကျုပ် အရှင်မင်းကြီးထံစာရေးပြီးတော့ ရှင်းချန်ကိုတိုက်ခိုက်တာ ရပ်တန့်ဖို့ပြောရမယ်။ တပ်ဖွဲ့တွေက ဝေတပ်ရဲ့ဆုတ်ခွာမယ့်လမ်းကြောင်းကိုပိတ်ထားရမှာဖြစ်ပြီး ကျုပ်တပ်တွေက အရှေ့က တိုက်မယ်။ ရန်သူတွေအဲ့လိုအန္တရာယ်နှစ်ထပ်နဲ့ရင်ဆိုင်ရရင် သူတို့တွေကိုအောင်မြင်နိုင်တယ်"
ထိုအကြံသည် ကောင်းမွန်သည်ဟုအားလုံးက လက်ခံကြပြီး တိုက်တွန်းစာကိုရေးခဲ့သည်။ ထို့နောက် ရာထူးနိမ့်အမှုထမ်းတစ်ယောက်ကိုလွှတ်ကာ ထိုစာကိုပို့စေခဲ့သည်။ သို့သော် ထိုစာပို့သူသည် ကူးတို့တွင် အဖမ်းခံခဲ့ရပြီး ဝေဧကရာဇ်ရှေ့မှောက်သို့ခေါ်သွားခံခဲ့ရသည်။ ဝေဧကရာဇ်မှ စာကိုဖတ်ကာ သက်ပြင်းချပြီး
"အရှေ့ဝူက လုရွှင့်(Lu Xun) က တကယ့်ကိုထူးချွန်တဲ့လူပဲ"
သုံ့ပန်းကို ထောင်သွင်းအကျဉ်းချစေပြီး "လျူရှောက်"(Liu Shao) အား တပ်နောက်ဘက်သို့သွားစေကာ "စွန်းချွမ်"(Sun Quan) တပ်၏တိုက်ခိုက်မှုကို ကြိုတင်ကာကွယ်ထားစေသည်။

"ကျူးကဲကျင့်"(Zhuge Jin) ၏စစ်ရှုံးသောတပ်သားတို့သည် ပူပြင်းသောရာသီဥတုကြောင့် မနာမကျန်းဖြစ်လေသောကြောင့် "လုရွှင့်"(Lu Xun) ထံစာရေးပြီး သူ၏တပ်ဖွဲ့တို့ကို အနားပေးသင့်ကြောင်းဆိုခဲ့သည်။
စာကိုဖတ်ပြီးနောက် "လုရွှင့်"(Lu Xun) မှ ဆက်သားအား
"ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျုပ်ဆုံးဖြတ်မယ်လို့ စစ်သူကြီးကိုပြန်ပြောလိုက်ပါ"
ဆက်သားသည် ပြန်လာသောအခါ "ကျူးကဲကျင့်"(Zhuge Jin) မှ သေနာပတိ တပ်စခန်းအခြေအနေကိုမေးမြန်းခဲ့သည်။
"တပ်သားတွေက အပြင်ဘက်မှ ပဲပင်တွေမျိုးစေ့ချနေပါတယ်။ အမှုထမ်းတွေကတော့ ဂိတ်တံခါးဝတွေမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပန်းအိုးထဲကိုမြားလှမ်းပစ်ထည့်တဲ့ ကစားနည်းတွေ ဆော့ကစားနေကြတယ်"
ထိုအခါ "ကျူးကဲကျင့်"(Zhuge Jin) သည် ကိုယ်တိုင် သေနာပတိ၏စခန်းသို့သွားကာ ရောက်လာမည့်အန္တရာယ်အား မည်သို့ရင်ဆိုင်ရမည်ကိုမေးမြန်းခဲ့သည်။
"ကျုပ် အရှင်မင်းကြီးထံစေလွှတ်လိုက်တဲ့ဆက်သားက အဖမ်းခံလိုက်ရတော့ ကျုပ်အစီအစဉ်တွေကို သိသွားကြပြီ။ အခုတိုက်ခိုက်ဖို့ ပြင်ဆင်လည်း အလကားပဲ၊ ဒါကြောင့် တပ်ဆုတ်သင့်တယ်။ အရှင်မင်းကြီးကိုလည်း ဖြည်းဖြည်းချင်း တပ်ဆုတ်ဖို့ တိုက်တွန်းထားတယ်"
"ဘာကြောင့် ဖြည်းဖြည်းချင်းလုပ်ရမှာလဲ? ကျွန်တော့အမြင်ကတော့ တပ်ဆုတ်မယ်ဆိုလည်း မြန်မြန်လုပ်သင့်တယ်"
"ကျုပ်ရဲ့တပ်က နှေးနှေးနဲ့ဆုတ်ခွာရမယ်။ အဲ့လိုမှမဟုတ်ရင် ရန်သူတွေလာတိုက်မှာဖြစ်ပြီး အပျက်အစီးများလိမ့်မယ်။ အခု ခင်ဗျားပထမဆုံးလုပ်ဆောင်ရမှာက ခုခံမယ့်ပုံစံနဲ့ သင်္ဘောတွေကိုပြင်ဆင်ထားပါ။ ကျုပ်က ရှန်းရန်ကိုတိုက်ဖို့လုပ်သလိုဟန်ဆောင်နေမယ်။ အဲ့လိုဟန်ဆောင်ပြီးတော့ ကျုပ်တို့တွေ တောင်ပိုင်းပြည်နယ်ကိုပြန်သွားရန် ရန်သူတွေလိုက်ရဲမှာမဟုတ်ဘူး"

ထို့ကြောင့် "ကျူးကဲကျင့်"(Zhuge Jin) သည် သူ၏စခန်းသို့ပြန်သွားပြီး ချက်ချင်းစစ်ထွက်မည့်သယောင်ဖြင့် ပြင်ဆင်မှုများလုပ်စေသည်။ "လုရွှင့်"(Lu Xun) သည်လည်း ရှန်းရန်သို့ချီတက်မည်ဟုဆိုကာ ပြင်ဆင်စေ၏။ ထိုအကြောင်းတို့ကို ဝေတပ်ခေါင်းဆောင်တို့က ကြားသိသောအခါ ထွက်ပြီးတိုက်လိုကြသည်။ သို့သော် ဝေဧကရာဇ်သည် ထိုခေါင်းဆောင်တို့ထက်ပိုသိမြင်ကာ ရန်သူတို့ကိုမတိုက်ရန် တားမြစ်ခဲ့သည်။
ထို့ကြောင့် အမှုထမ်းတို့ကိုခေါ်ပြီး
"ဒီ လုရွှင့်(Lu Xun) က တအားဉာဏ်ပြေးတယ်။ ခံစစ်အနေနဲ့သာနေပြီး တိုက်ခိုက်မှုမလုပ်ပါနဲ့"
အမှုထမ်းတို့ကလည်း အမိန့်နာခံခဲ့ကြသည်။ ရက်အနည်းငယ်ကြာသောအခါ ဝူတပ်များဆုတ်ခွာသွားပြီဟုသိရလေ၏။ ဝေဧကရာဇ်သည် မယုံကြည်သောကြောင့် သူလျှိုတို့ကိုစေလွှတ်သောအခါ အမှန်တကယ်ပင် ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ ထိုအမှန်တရားကိုသိသောအခါ ဧကရာဇ်သည် ကိုယ့်ကိုယ်ကို ဖြေဆည်သည့်စကားကိုပြောခဲ့သည်။
"လုရွှင့်(Lu Xun) က စွန်းကျီ(Sun Zi) တို့၊ ဝူချိ(Wu Qi) တို့လို စစ်ဗျူဟာကိုကျွမ်းကျင်တယ်။ ဒီအချိန်ဟာ တောင်ပိုင်းကိုသိမ်းရမယ့်အချိန်မဟုတ်သေးဘူး"
ပြီးနောက် "ချောင်ရေ့"(Cao Rui) မှ စစ်သူကြီးတို့ကို အချက်အချာကျသောဒေသတို့တွင် နေရာချပေးခဲ့ပြီး ပင်မတပ်ကိုဦးဆောင်ကာ ဟဲဖေးသို့သွားခဲ့သည်။ သူသည် ထိုနေရာတွင်စခန်းချနေခဲ့ပြီး အခြေအနေပေးလာပါက တိုက်ခိုက်ရန်အဆင်သင့်ပြင်ထားစေသည်။

ထိုအချိန်ဝယ် "ကျူးကဲလျန့်"(Zhuge Liang) သည် ချီစန်းတွင်ရှိနေပြီး ကာလကြာရှည်တပ်စွဲထားရန် ဆုံးဖြတ်ခဲ့သည်။ သူ၏တပ်သားတို့အား ဝေပြည်သူတို့နှင့်ရောနှောစေကာ တပ်သားသုံးပုံတစ်ပုံ၊ အရပ်သားသုံးပုံနှစ်ပုံဖြင့် လယ်ကွက်များတွင် ကူညီစေသည်။ ထို့အပြင် တပ်သားတို့အား သာမန်ပြည်သူတို့၏ပိုင်နက်ထဲမကျူးကျော်ရန် ပြင်းထန်စွာတားမြစ်ထားသည်။ ထို့ကြောင့် တပ်သားနှင့်ပြည်သူတို့ငြိမ်းချမ်းစွာဖြင့် တည်ရှိခဲ့သည်။
"စီးမာယီ"(Sima Yi) ၏သားဖြစ်သူ "စီးမာရှီ"(Sima Shi) မှ ဖခင်ထံသွားကာ
"ရှူတပ်တောင်အားတွေက ကျွန်တော်တို့ရိက္ခာတွေလုယူသွားတဲ့အပြင် အခု ချီစန်းကလူတွေနဲ့ ရောနှောနေပြီး ဝေမြစ်တလျှောက်က စိုက်ခင်းတွေမှာ အလုပ်လုပ်နေကြပြီး ကာလကြာရှည်နေမယ့်ပုံပေါ်ပါတယ်။ ဒါက ကျွန်တော်တို့အတွက် ဘေးဆိုးကြီးပါပဲ။ ဘာကြောင့် ကျူးကဲလျန့်(Zhuge Liang) နဲ့တိုက်ဖို့အချိန်မသတ်မှတ်ရတာလဲ"
"ရန်သူတွေကိုမရင်ဆိုင်ပဲ ခံစစ်အနေနဲ့သာနေဖို့ ဧကရာဇ်ကအမိန့်ထုတ်ထားတယ်"
ထိုသို့စကားပြောနေကြစဉ် "ဝေရန်"(Wei Yan) ရောက်လာပြီး သူ့ထံတွင် ဝေတပ်ခေါင်းဆောင်တစ်ဦး၏ခမောက်ရှိကြောင်းပြောကာ ဆဲရေးပြီးစိန်ခေါ်နေကြောင်း သိရသည်။ စစ်သူကြီးတို့သည် ဒေါသထွက်ကာ စိန်ခေါ်မှုကိုလက်ခံလိုကြသည်။ သို့သော် သေနာပတိသည် မတုန်မလှုပ်ပဲ ဆုံးဖြတ်ချက်ကိုပြောင်းလဲခြင်းမရှိခဲ့ပေ။
"ဆုံးရှုံးမှုအသေးအဖွဲလေးကို မခံစားနိုင်ရင် ကိစ္စကြီးတွေကိုရွက်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ကွန်ဖြူးရှပ်ကပြောခဲ့ဖူးတယ်။ ကျုပ်တို့ရဲ့အစီအစဉ်က ကာကွယ်ဖို့ပဲဖြစ်တယ်"
ထို့ကြောင့် ထိုစိန်ခေါ်မှုကိုလက်မခံခဲ့ပေ။ အချိန်အတန်ကြာ အော်ဟစ်ပြီးနောက် "ဝေရန်"(Wei Yan) သည် ပြန်လှည့်သွားခဲ့သည်။

ရန်သူကို ရန်စပြီးတိုက်ခိုက်လာအောင်လုပ်၍မရမှန်းသိသောအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ "မာတိုက်"(Ma Dai) အား ဘူးသီးတောင်တွင် ခိုင်မာသောစခန်းကိုဆောက်စေကာ ကျင်းတူးစေပြီး လောင်စာများကိုစုဆောင်းစေ၏။ တောင်ကုန်းပေါ်တွင် သစ်၊ ကောက်ရိုးတို့ဖြင့် အမိုးအကာများလုပ်စေကာ တူးထားသောကျင်းများတွင် မိုင်းများမြှုပ်နှံထားစေသည်။ ထိုသို့ပြင်ဆင်ပြီးနောက် "မာတိုက်"(Ma Dai) အား ဘူးသီးတောင်ကြား၏အနောက်ဘက်ကိုပိတ်ထားပြီး အဝတွင် ကင်းပုန်းချထားရန် အမိန့်ပေးခဲ့သည်။
"စီးမာယီ"(Sima Yi) ရောက်လာရင် တောင်ကြားထဲကိုဝင်သွားပါစေ။ ပြီးရင် မိုင်းတွေကိုဖောက်ပြီးတော့ ကောက်ရိုးတွေ၊ သစ်တွေကိုမီးရှို့လိုက်ပါ။ ဒါ့အပြင် တောင်ကြားလမ်းရဲ့အဝနားမှာ ခုနစ်စင်ကြယ်နဲ့အချက်ပြဖို့လုပ်ထားပြီး တောင်ကုန်းပေါ်မှာ ညဘက်အချက်ပြနိုင်ဖို့ မီးအိမ်ခုနစ်ခုထားရှိထားပါ"
"မာတိုက်"(Ma Dai) ထွက်သွားသောအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ "ဝေရန်"(Wei Yan) ကိုခေါ်ပြီး
"တပ်သားငါးရာနဲ့အတူ ဝေစခန်းကိုသွားပြီး တိုက်ခိုက်အောင် စိန်ခေါ်ပါ။ အဓိကကတော့ စီးမာယီ(Sima Yi) ကို စခန်းအပြင်ထွက်အောင်လုပ်ဖို့ပဲ။ ခင်ဗျားက အနိုင်ရမှာမဟုတ်တာကြောင့် ရန်သူတွေလိုက်လာတဲ့အခါ နေ့ဘက်ဆို ခုနစ်စင်ကြယ်၊ ညဘက်ဆို မီးအိမ်ခုနစ်ခုနဲ့အချက်ပြလိုက်ပါ။ ကျုပ်အဆင်သင့်လုပ်ထားတဲ့ ဘူးသီးတောင်ကြားထဲ သူတို့ကိုမြားခေါ်သွားပါ"
"ဝေရန်"(Wei Yan) သွားသောအခါ "ကောင်းရှန်"(Gao Xiang) ကိုခေါ်ခဲ့သည်။
"ဆေးပင်တွေလေးငါးဆယ်လောက်ယူပြီးတော့ ရိက္ခာတွေတင်ထားတဲ့သစ်သားနွားရုပ်၊ မြင်းရုပ်တွေနဲ့အတူ တောင်တွေပေါ်မှာ ဟိုဟိုသည်သည်သွားပါ။ အဲ့အရုပ်တွေကို ရန်သူတွေဖမ်းမိအောင်လုပ်နိုင်ရင် ခင်ဗျားက ကိစ္စကြီးအောင်မြင်အောင်လုပ်နိုင်လိုက်တာပဲ"
ထို့ကြောင့် ထိုအကြံအစည်ကိုအကောင်အထည်ဖော်ရန် သစ်သားရုပ်တို့ကို လွှတ်ခဲ့သည်။ အခြားသောချီစန်းတပ်တို့ကို လယ်ထဲသို့သွားနေစေပြီး "စီးမာယီ"(Sima Yi) ကိုယ်တိုင်ရောက်လာမှသာ တိုက်ခိုက်ရန်အမိန့်ပေးမည်ဖြစ်သည်။ ထိုသို့ဖြစ်လာပါက ထိုတပ်တို့သည် မြစ်၏တောင်ဘက်ကမ်းကိုတိုက်မည်ဖြစ်ပြီး ရန်သူ၏ပြေးပေါက်ကိုပိတ်လိုက်မည်ဖြစ်သည်။ ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) သည် သူ၏တပ်နှင့်အတူ ဘူးသီးတောင်ကြားနားဝယ် စခန်းချထားသည်။

"ရှဟိုဟွေး"(Xiahou Hui) နှင့် "ရှဟိုဟဲ"(Xiahou He) တို့သည် ခေါင်းဆောင်ဖြစ်သော "စီးမာယီ"(Sima Yi) ထံသွားကာ
"ရန်သူတွေက စခန်းတွေချပြီး ကာလကြာရှည်နေဖို့ လယ်ထဲဆင်းနေကြပြီ။ သူတို့ကိုဒီအချိန်မှာ မချေမှုန်းပဲ အခိုင်အမာတည်သွားနိုင်ရင် အောင်မြင်ဖို့ပိုခက်ခဲလိမ့်မယ်"
"ဒါကလည်း ကျူးကဲလျန့်(Zhuge Liang) ရဲ့ပရိယာယ်တစ်ခုပဲ"
"စစ်သူကြီးက သူ့ကိုတအားကြောက်နေပုံပဲ။ သူ့ကိုဘယ်အချိန်မှများ ချေမှုန်းနိုင်မလဲ? အနည်းဆုံးတော့ ဧကရာဇ်ရဲ့ကျေးဇူးတော်ကိုဆပ်ဖို့အတွက် ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ကို တိုက်ခိုက်ခွင့်ပေးပါ"
"အဲ့လိုဆိုရင် မင်းတို့တပ်မနှစ်ခုကို ဦးဆောင်ပြီးသွားနိုင်တယ်"

ထို့ကြောင့် တပ်သားငါးထောင်စီရှိသောတပ်နှစ်တပ်ကိုဦးဆောင်ကာ ထွက်သွားကြလေရာ ရန်သူတို့၏စားနပ်ရိက္ခာကိုသယ်နေသောသစ်သားတိရစ္ဆာန်တို့ကိုတွေ့လေသည်။ သူတို့သည် ချက်ချင်းပင်တိုက်ခိုက်ပြီး အစောင့်တပ်တို့ထွက်ပြေးသွားသောအခါ အရုပ်တို့ကိုစခန်းသို့ပြန်ပို့ခဲ့သည်။ နောက်ရက်တွင် ထိုထက်ပိုသောအရုပ်တို့ကိုသိမ်းယူနိုင်ခဲ့ပြီး သုံ့ပန်းနှင့်မြင်းတို့ပါသိမ်းယူနိုင်ခဲ့လေသည်။ ၎င်းတို့ကိုလည်း စခန်းသို့ပို့စေသည်။ "စီးမာယီ"(Sima Yi) မှ သုံ့ပန်းတို့ကိုခေါ်ကာ စစ်ဆေးမေးမြန်းခဲ့သည်။ အကျဉ်းသားတို့မှ
"စစ်သူကြီးက တိုက်ခိုက်မှာမဟုတ်ဘူးဆိုတာ ဝန်ကြီးချုပ်ကသိတာကြောင့် တပ်သားတွေကိုစိုက်ခင်းတွေစီမှာအလုပ်လုပ်စေပြီး ရေရှည်အတွက်ကြိုပြီး စီစဉ်ထားတယ်။ ကျွန်တော်တို့က သတိမထားမိပဲ အဖမ်းခံရတာပါ"
"စီးမာယီ"(Sima Yi) သည် ထိုအကျဉ်းသားတို့အား ကြိုးဖြည်ပေးကာ ပြန်လွှတ်လိုက်သည်။ "ရှဟိုဟဲ"(Xiahou He) မှ
"သူတို့ကို ဘာကြောင့် လွှတ်လိုက်တာလဲ"
"သာမန်တပ်သားတွေကိုသတ်လည်း ဘာမှအကျိုးအမြတ်ရမသွားဘူး။ သူတို့တွေကိုပြန်သွားစေရင် သူတို့က ဝေခေါင်းဆောင်တွေရဲ့ရက်ရောမှုကို ချီးမွမ်းမှာပဲ။ အဲ့လိုသာဆိုရင် သူတို့ရဲဘော်တွေက တိုက်ခိုက်လိုစိတ်လျော့ကျသွားလိမ့်မယ်။ လွီမန်(Lu Meng) က ကျင်ကျိုးကို ဒီနည်းနဲ့သိမ်းခဲ့တာဖြစ်တယ်"
ထို့နောက် ဖမ်းဆီးရရှိသောရှူအကျဉ်းသားများအားလုံးကို ကောင်းမွန်စွာဆက်ဆံပြီး ပြန်လွှတ်ပေးရန်အမိန့်ပေးခဲ့သည်။ ထို့အပြင် ကောင်းမွန်စွာလုပ်ဆောင်ခဲ့သောတပ်ဖွဲ့တို့ကို ဆုလာဘ်များပေးခဲ့လေသည်။

ရှေ့တွင်ဖော်ပြထားသကဲ့သို့ "ကောင်းရှန်"(Gao Xiang) သည် ယာဉ်တန်းတို့ဖြင့်သွားနေသယောင်ပြုခဲ့ရာ ဝေတပ်တို့ကလည်း ထိုတပ်ဖွဲ့တို့ကိုမြင်တိုင်းတိုက်ခိုက်ပြီး ဖမ်းဆီးခဲ့သည်။ လဝက်ခန့်ကြာသောအခါ အောင်မြင်မှုများရရှိခဲ့သောကြောင့် "စီးမာယီ"(Sima Yi) သည် ဝမ်းမြောက်ခဲ့သည်။ တစ်ရက်သော် တပ်သားများကိုဖမ်းမိသောကြောင့် ထပ်မံစစ်ဆေးမေးမြန်းခဲ့ပြန်သည်။
"ကျူးကဲလျန့်(Zhuge Liang) က အခုဘယ်မှာလဲ"
"သူအခု ချီစန်းမှာမရှိတော့ပဲ ဘူးသီးတောင်ကြားက သုံးမိုင်အကွာမှာစခန်းချထာပါတယ်။ သူအဲ့မှာ ရိက္ခာတွေအများကြီးစုဆောင်းနေတယ်"
မေးခွန်းများမေးပြီးနောက် သုံ့ပန်းတို့ကိုလွှတ်ပေးလိုက်သည်။

ပြီးနောက် အမှုထမ်းတို့ကိုခေါ်ပြီး
"ကျူးကဲလျန့်(Zhuge Liang) က ချီစန်းမှာမရှိပဲ ဘူးသီးတောင်ကြားနားမှာရှိနေတယ်။ မနက်ဖြန်မှာ ခင်ဗျားတို့တွေက ချီစန်းကိုတိုက်ပြီးတော့ ကျုပ်က အရံတပ်ကိုဦးဆောင်မယ်"
ထိုစကားကြောင့် ဝမ်းမြောက်သွားကြပြီး တိုက်ခိုက်ရန်ပြင်ဆင်ကြသည်။  "စီးမာရှီ"(Sima Shi) မှ
"အဖေက ဘာကြောင့် ရန်သူရဲ့နောက်ကျောကိုတိုက်ဖို့ပြင်ရတာလဲ"
"ချီစန်းက သူတို့ရဲ့အဓိကကျရဲ့နေရာဖြစ်တာကြောင့် ကူညီဖို့အမြန်ပြန်ချီတက်လာလိမ့်မယ်။ အဲ့အချိန်မှာ အဖေက တောင်ကြားကိုသွားပြီး ဂိုထောင်တွေကိုမီးရှို့ဖျက်စီးလိုက်မယ်။ အဲ့လိုသာဆိုရင် သူတို့တွေဘာမှမတတ်နိုင်ပဲ အဖေတို့ရဲ့အောင်နိုင်မှုဖြစ်လိမ့်မယ်"
သားဖြစ်သူက ဖခင်ပြောသည်ကို လက်ခံခဲ့သည်။
"စီးမားယီ"(Sima Yi) သည် "ကျန်းဟူ"(Zhang Hu) ၊ "ယွဲ့ချန်"(Yue Chen) တို့နှင့်အတူ အရံတပ်အနေဖြင့်ချီတက်ခဲ့သည်။ တောင်ကုန်းပေါ်မှကြည့်နေသော "ကျူးကဲလျန့်"(Zhuge Liang) သည် ဝေတပ်တို့မှာ အင်အားသုံးထောင်မှငါးထောင်ခန့်စီဖြင့်ခွဲကာချီတက်လာကြောင်း သတိထားမိသည်။ ထိုတပ်သားတို့သည် အရှေ့အနောက်တို့ကို သတိကြီးစွာထားပြီး ချီတက်နေခဲ့သည်။ သူတို့၏ပစ်မှတ်မှာ ချီစန်းစခန်းဖြစ်လိမ့်မည်ဟုတွက်မိပြီး "စီးမာယီ"(Sima Yi) ကိုယ်တိုင်ရောက်လာပါက တောင်ဘက်ကမ်းမှစခန်းကိုသိမ်းယူရန် စစ်သူကြီးတို့အား အမိန့်ပေးထားသည်။
ဝေတပ်တို့အနီးရောက်လာသောအခါ ရှူတပ်သားတို့သည်လည်း ပြေးလွှားကာ အော်ဟစ်ပြီး ကာကွယ်သူများအား ကူညီရန်သွားသကဲ့သို့ ပြုမူနေခဲ့သည်။ ၎င်းကို "စီးမာယီ"(Sima Yi) မြင်သောအခါ အလယ်တပ်ကို ဦးတည်ရာပြောင်းစေပြီး သူ့သားနှစ်ဦးနှင့်အတူ ဘူးသီးတောင်ကြားသို့ချီတက်သည်။ ထိုနေရာတွင် "ဝေရန်"(Wei Yan) ကစောင့်နေပြီး "စီးမာယီ"(Sima Yi) ဦးဆောင်လာမှန်းသိသည်နှင့် ထွက်လာလေသည်။

"ဝေရန်"(Wei Yan) သည် အနီးသို့ရောက်လာကာ
"စီးမာယီ(Sima Yi) ၊ ရပ်စမ်း" ဟုအော်ခဲ့သည်။
သူက ဓားကိုဝှေ့ရမ်းလိုက်ပြီး "စီးမာယီ"(Sima Yi) က လှံကိုအသင့်ပြင်ထားသည်။ သူရဲကောင်းနှစ်ဦးတို့သည် အကွက်အနည်းငယ်ခန့် ရင်ဆိုင်ကြပြီးနောက် "ဝေရန်"(Wei Yan) သည် ရုတ်တရတ်ပြန်လှည့်ကာထွက်သွားသည်။ ထို့နောက် သူ့အား အမိန့်ပေးထားသည့်အတိုင်း ခုနစ်စင်ကြယ်အလံဆီသို့သွားလေသည်။ "စီးမာယီ"(Sima Yi) ကလည်း ရန်သူ့ဘက်တွင် တပ်အနည်းငယ်သာရှိသည်ကိုမြင်သောကြောင့် အနောက်မှလိုက်လေ၏။ "စီးမာယီ"(Sima Yi) ၏သားနှစ်ဦးတို့ကလည်း လိုက်လာပြီး "စီးမာရှီ"(Sima Shi) သည် ဘယ်ဘက်၊ "စီးမာကျောင်း"(Sima Zhao) သည် ညာဘက်တွင် နေသည်။
"ဝေရန်"(Wei Yan) နှင့်တပ်တို့သည် တောင်ကြားထဲသို့ဝင်သွားသောအခါ "စီးမာယီ"(Sima Yi) သည် ခေတ္တရပ်ပြီး ကင်းထောက်များစေလွှတ်ခဲ့သည်။ ကင်းထောက်တို့သည် ပြန်လာပြီး သတင်းပို့ကြသည်။
"ရှူတပ်သားတွေတစ်ယောက်မှမတွေ့ပါဘူး။ ဒါပေမယ့် တောင်ကုန်းတွေပေါ်မှာ ကောက်ရိုးအိမ်တွေအများကြီးရှိပါတယ်"
"ဒါ ဂိုထောင်တွေထားတဲ့နေရာပဲဖြစ်မယ်"

"စီးမာယီ"(Sima Yi) က ပြောပြောဆိုဆိုဖြင့် အတွင်းသို့ဝင်သွားလေသည်။ အတွင်းသို့ဝင်သွားသောအခါ ကောက်ရိုးအိမ်တို့တွင် ထင်းရိုးတို့ပုံထားသည်ကိုတွေ့ပြီး "ဝေရန်"(Wei Yan) ၏အရိပ်အယောင်ကိုမမြင်သောအခါ စိတ်ပူလာခဲ့သည်။ သူ၏သားတို့အား
"အကယ်၍ စစ်တပ်ကြီးက အဝကိုပိတ်လိုက်ရင် ဘယ်လိုဖြစ်မလဲ"
ထိုအချိန်မှာပင် ကျယ်လောင်သောအသံကိုကြားလိုက်ရကာ တောင်ကုန်းပေါ်မှ မီးတုတ်များကျလာပြီး နေရာအနှံ့သို့ပြန့်ကျဲသွားကာ ကောက်ရိုးတို့ကိုမီးစွဲသွားစေသည်။ မကြာခင်မှာပင် တောင်ကြား၏အဝသည် မီးလျံများ၊ မီးခိုးငွေ့များဖြင့်ပိတ်နေခဲ့သည်။ သူတို့သည် မီးဘေးမှထွက်ပြေးရန် ကြိုးစားသော်လည်း တောင်ကုန်း၏နံဘေးသို့သွားသည့်လမ်းမရှိပေ။ ထို့နောက် မီးမြားတို့ဖြင့်ပစ်ခြင်းခံရကာ ထောင်ထားသည့်လောင်စာများပေါက်ကွဲကုန်ပြီး ကောက်ရိုးနှင့်သစ်တို့မှမီးတို့သည် ကောင်းကင်ယံထိတက်ခဲ့သည်။

"စီးမာယီ"(Sima Yi) သည် ကြောက်လန့်ပြီး အားကိုးရာမဲ့ဖြစ်ကာ မြင်းပေါ်မှဆင်းပြီး သူ၏သားနှစ်ဦးကိုဖက်ကာ ငိုခဲ့သည်။
"ငါ့သားတို့၊ အဖေတို့တော့ ဒုက္ခရောက်ပြီ"
ထိုအချိန်တွင် ပြင်းထန်သောလေတိုက်ကာ မည်းမှောင်သောတိမ်တို့ရောက်လာပြီး မိုးကြိုးသံကြားလိုက်ရကာ မိုးအကြီးအကျယ်ရွာသွန်းကာ တောင်ကြားတစ်ခုလုံးတွင်စွဲနေခဲ့သောမီးများကို ငြိမ်းသတ်လိုက်လေသည်။ လောင်စာတို့သည်လည်း ဆက်လက်ပေါက်ကွဲခြင်းမရှိတော့ပဲ ထိုမီးဖြင့်တိုက်သောဗျူဟာမှာလည်း ရပ်တန့်သွားခဲ့သည်။
"ဒီအချိန်မှမထွက်ရင် ဒီထက်ကောင်းတဲ့အခွင့်အရေးရှိဦးပါ့မလား"
ဖခင်ဖြစ်သူမှပြောပြီး သူ၏သားနှစ်ဦးနှင့်အတူ ရုန်းထွက်ခဲ့လေသည်။

သူတို့သည် တောင်ကြားမှထွက်လာသောအခါ "ကျန်းဟူ"(Zhang Hu) နှင့် "ယွဲ့ချန်"(Yue Chen) တို့က စစ်ကူရောက်လာသောကြောင့် လုံခြုံသွားခဲ့သည်။ "မာတိုက်"(Ma Dai) သည် အနောက်မှလိုက်တိုက်ရန် လုံခြုံသောအင်အားမရှိခဲ့ပေ။ ထို့ကြောင့် ဝေတပ်သားတို့သည် အေးချမ်းစွာဖြင့် မြစ်ဘက်သို့ရောက်သွားသည်။
သို့သော် ထိုနေရာရှိ သူတို့၏စခန်းမှာ ရန်သူတို့လက်ထဲကျသွားပြီး "ကောဟွိုင်"(Guo Huai) နှင့် "စွန်းလီ"(Sun Li) တို့သည် တံတားပေါ်တွင် ရှူတပ်ကြီးနှင့်ရင်ဆိုင်နေခဲ့သည်။ "စီးမာယီ"(Sima Yi) ချဉ်းကပ်လာသောအခါ ရှူတပ်လည်း တပ်ပြန်ဆုတ်သွားခဲ့သည်။ "စီးမာယီ"(Sima Yi) မှ တံတားတို့ကိုမီးရှို့ဖျက်စီးရန်အမိန့်ပေးလိုက်ပြီး မြောက်ဘက်ကမ်းကိုသိမ်းထားစေသည်။
စစ်သူကြီးစစ်ရှုံးကာ ဝေမြစ်ကမ်းပေါ်ရှိစခန်းတစ်ခုပါဆုံးရှုံးလိုက်ရသည်ကိုသိသောအခါ ချီစန်းကိုတိုက်နေခဲ့သောဝေတပ်ကြီး၏စိတ်ဓာတ်များ ကျဆင်းသွားခဲ့သည်။ ရှူတပ်တို့ကို ထိုအခြင်းအရာကိုအခွင့်ကောင်းယူကာ ပြင်းပြင်းထန်ထန်ဖြင့် တန်ပြန်တိုက်သောကြောင့် အကြီးအကျယ်အောင်မြင်မှုရရှိခဲ့သည်။ ဝေတပ်သည် ဆုံးရှုံးမှုများခဲ့ပြီး မြစ်ကိုဖြတ်ကာ ထွက်ပြေးခဲ့ရသည်။

တောင်ကုန်းပေါ်မှကြည့်နေခဲ့သော "ကျူးကဲလျန့်"(Zhuge Liang) သည် "ဝေရန် "(Wei Yan) ၏ထောင်ချောက်ထဲသို့ "စီးမာယီ"(Sima Yi) ဝင်လာသောအခါ အင်မတန်မှဝမ်းမြောက်ခဲ့သည်။ လောင်စာများပေါက်ကွဲပြီး မီးလောင်ကျွမ်းသောအခါဝယ် သူ၏ပြိုင်ဘက်မှာ သေချက်ပေါက်သေဆုံးလိမ့်မည်ဟု တွက်ထားခဲ့သည်။ သို့သော် သူ့အတွက်ကံမကောင်းစွာဖြင့် ကောင်းကင်ကြီးမှ မိုးရွာချပေးလိုက်သောကြောင့် မီးငြိမ်းသွားကာ သူ၏အစီအစဉ်အားလုံးကိုဖျက်စီးလိုက်သည်။
မကြာမီတွင်ပင် သူ၏သားကောင်များထွက်ပြေးလွတ်မြောက်သွားသည်ဟူသောသတင်းကိုသိသောအခါ သက်ပြင်းချပြီး
"လူသားတွေလုပ်ဆောင်တဲ့အရာကို ကောင်းကင်ကြီးက ဖျက်ဆီးတတ်တယ်။ ကိုယ်ဖြစ်ချင်တိုင်းဖြစ်အောင် မလုပ်နိုင်တဲ့အခါတွေလည်းရှိတယ်"
မြောက်ဘက်ကမ်း စခန်းအသစ်ဝင် "စီးမာယီ"(Sima Yi) မှ တိုက်ပွဲတိုက်ရန်ပြောသောအမှုထမ်းအားလုံးကို သေဒဏ်ပေးမည်ဟု အမိန့်ထုတ်လိုက်သည်။ တောင်ဘက်ကမ်းတွင်စစ်ရှုံးရခြင်းမှာ စစ်တိုက်ရန်အကြံပေးခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူအားလုံးတို့သည် တိုက်ခိုက်ရန်မပြောတော့ပဲ ခုခံရန်အတွက်သာ အားသွန်ခွန်စိုက်ကြိုးပမ်းနေခဲ့သည်။
"ကောဟွိုင်"(Guo Huai) သည် စစ်သူကြီးထံသွားကာ အစီအစဉ်များနှင့်ပတ်သတ်ပြီး တိုင်ပင်သည်။
"ရန်သူတွေက ဘေးပတ်ဝန်းကျင်တွေကိုထောက်လှမ်းနေပြီး စခန်းနေရာသစ်တစ်ခု ရွေးချယ်ချင်တဲ့ပုံပဲ"
"ကျူးကဲလျန့်(Zhuge Liang) သာ ဝူကုန်းတောင်ကိုသွားပြီး အရှေ့ဘက်ကိုသွားမယ်ဆိုရင် ကျုပ်တို့တွေ ဒုက္ခရောက်လိမ့်မယ်။ သူက ဝေမြစ်ကနေအနောက်တောင်ဘက်ကိုသွားပြီး ဝူကျန်းတောင်ကုန်းဘက်ကိုသွားရင်တော့ စိုးရိမ်စရာမလိုဘူး"
ထို့ကြောင့် ကင်းထောက်တို့ကိုလွှတ်ပြီး ရန်သူတို့လှုပ်ရှားမှုကိုစောင့်ကြည့်စေရာ "ကျူးကဲလျန့်"(Zhuge Liang) သည် ဝူကျန်းတောင်ကို ရွေးချယ်လိုက်ကြောင်း သိရသည်။

"စီးမာယီ"(Sima Yi) သည် နဖူးကိုလက်ဖြင့်ရိုက်ကာ
"ဒါ ကြီးမြတ်တဲ့ဝေဧကရာဇ်ရဲ့ဘုန်းတော်ကံတော်ကြောင့်ပဲ"
ထို့နောက် ရန်သူတို့၏လှုပ်ရှားမှုကြောင့် မိမိတို့အသာစီးမရနိုင်မချင်း ခံစစ်ဖြင့်သာစောင့်နေရန် တင်းကြပ်သောအမိန့်ထုတ်ပြန်ခဲ့သည်။

"ကျူးကဲလျန့်"(Zhuge Liang) ၏တပ်သည် ဝူကျန်းတောင်ကုန်းပေါ်တွင် စခန်းချကာ စစ်တိုက်ရန်စိန်ခေါ်စေသည်။ တစ်ရက်ပြီးတစ်ရက် စိန်ခေါ်စေခဲ့သော်လည်း ဝေတပ်ဘက်မှတုံ့ပြန်ခြင်းမရှိခဲ့ပေ။ "ကျူးကဲလျန့်"(Zhuge Liang) သည် တစ်ရက်တွင် သားမင်သားရေဖြင့်လုပ်ထားသောအင်္ကျီကို သေတ္တာတစ်ခုထဲတွင်ထည့်စေပြီး စာတစ်စောင်နှင့်အတူ သူ၏ပြိုင်ဘက်ဆီသို့ပို့စေခဲ့သည်။ ထိုသို့စော်ကားမှုကိုမဖုံးကွယ်နိုင်သောကြောင့် စစ်သူကြီးတို့မှ စာပို့သူကို ခေါင်းဆောင်ဖြစ်သူထံခေါ်သွားသည်။ "စီးမာယီ"(Sima Yi) သည် သေတ္တာကိုဖွင့်လိုက်ရာ သားမင်အရေခွံဖြင့်ပြုလုပ်ထားသောအင်္ကျီကိုတွေ့သည်။ စာကိုဖောက်လိုက်သောအခါ အောက်ပါစာကိုတွေ့လေသည်။
'မိတ်ဆွေကြီး စီးမာယီ(Sima Yi) က အလယ်ပိုင်းဒေသရဲ့တပ်တွေကိုဦးဆောင်တဲ့စစ်သေနာပတိဖြစ်ပေမယ့် စစ်ပွဲကိုအဆုံးအဖြတ်ပေးနိုင်မယ့် မြဲမြံခြင်း၊ သတ္တိရှိခြင်းဆိုတဲ့အရည်အချင်းတွေနည်းတဲ့ပုံပဲ။ အဲ့အစား ဓားသွားနဲ့ဝေးတဲ့နေရာမှာ ပုန်းအောင်းနေခဲ့တာဟာ သမင်နဲ့မတူပေဘူးလား? ဒါကြောင့် ကျွန်တော်က သင့်တော်တဲ့လက်ဆောင်ကိုပေးခဲ့တာဖြစ်တယ်။ ခင်ဗျားကလည်း ဒီလက်ဆောင်နဲ့အရှက်ကွဲမှုကိုလက်ခံနိုင်မယ်လို့ထင်ပါတယ်၊ ယောက်ျားကောင်းတစ်ယောက်လိုတိုက်ခိုက်ဖို့မဆုံးဖြတ်နိုင်ဘူးဆိုရင်ပေါ့။ အရှက်ရတာကိုမခံချင်ဘူးဆိုရင်၊ ကျားတစ်ကောင်ရဲ့မာနတွေကျန်သေးတယ်ဆိုရင် ဒီလက်ဆောင်ကို ကျွန်တော့ကိုပြန်ပို့ပြီး ထွက်လာပြီးတော့ တိုက်ပွဲရင်ဆိုင်ပါ'
"စီးမာယီ"(Sima Yi) သည် စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း ဟာသဖြင့်သာမြင်သယောင်ဟန်ဆောင်ပြီး ပြုံးခဲ့သည်။
"သူက ကျုပ်ကိုသမင်တစ်ကောင်လို သတ်မှတ်တာလား"

လက်ဆောင်ကိုလက်ခံပြီးနောက် ဆက်သားကိုလည်း ကောင်းစွာဆက်ဆံခဲ့သည်။ ထိုဆက်သားမပြန်ခင်တွင် "စီးမာယီ"(Sima Yi) မှ သူ့သခင်၏စားချိန်၊အိပ်ချိန်နှင့် အလုပ်လုပ်ချိန်တို့နှင့်ပတ်သတ်ပြီး မေးမြန်းခဲ့သည်။
"ဝန်ကြီးချုပ်က တကယ်ကိုအလုပ်ကြိုးစားတဲ့လူဖြစ်တယ်။ သူက အစောကြီးထပြီး ညမိုးချုပ်မှအိပ်ရာဝင်တယ်။ ကြိမ်ဒဏ်အချက်နှစ်ဆယ်နဲ့အထက်ပေးရမယ့်အမှုတွေဆိုရင်လည်း သူကိုယ်တိုင်ကြီးကြပ်တယ်။ စားတာကလည်း နေ့တိုင်းထမင်းနည်းနည်းပဲစားတယ်"
"သူဒီလောက်နည်းနည်းပဲစားပြီး အလုပ်တွေအများကြီးလုပ်ရင် ကြာရှည်ခံပါ့မလား"
ဆက်သားသည် ပြန်လာပြီးနောက် "စီးမာယီ"(Sima Yi) သည် ဒေါသထွက်သည့်ပုံမပေါ်ပဲ လက်ဆောင်ကိုလက်ခံခဲ့ကြောင်းပြောသည်။ ထို့နောက် သူမှ ဝန်ကြီးချုပ်၏ အစားအသောက်၊ အနေအထိုင်တို့နှင့်ပတ်သတ်ပြီး မေးမြန်းခဲ့ကြောင်းလဲ တင်ပြခဲ့သည်။ စစ်ရေးကိစ္စနှင့်ပတ်သတ်ပြီး မေးမြန်းခဲ့ခြင်းမရှိပေ။
"ဝန်ကြီးချုပ်က နည်းနည်းပဲစားပြီး အချိန်အကြာကြီးအလုပ်လုပ်တယ်လို့ပြောတော့ သူက 'သူကြာရှည်ခံနိုင်ပါ့မလား' လို့ပြန်ပြောခဲ့တယ်"
"ကျူးကဲလျန့်"(Zhuge Liang) သည် တွေးဆကာ
"သူ ဒါကိုသိတာပဲ"

ပထမတန်းအတွင်းရေးမှူး "ရန်ယုံ"(Yang Yong) မှ ခေါင်းဆောင်ဖြစ်သူ၏လုပ်ရပ်ကိုကန့်ကွက်ခဲ့သည်။
"ဝန်ကြီးချုပ်က စာအုပ်တွေ၊ မှတ်တမ်းတွေကို ကိုယ်တိုင်စစ်ဆေးတာ ကျွန်တော်သတိထားမိတယ်။ ဒါဟာ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့လုပ်ရမယ့်အရာမဟုတ်ဘူး။ အုပ်ချုပ်မှုယန္တရားမှာ အထက်လူကြီးတွေရော၊ အမှုထမ်းတွေရောမှာ ကိုယ်ပိုင်လုပ်ဆောင်ရမယ့်တာဝန်ကိုယ်စီရှိကြတယ်။ ဥပမာ အိမ်တစ်အိမ်မှာဆိုရင် ကျေးကျွန်တွေက လယ်ယာထွန်ယက်ရပြီး အိမ်ဖော်တွေက ဟင်းချက်ရတယ်။ ဒါမှသာ ခွန်အားတွေကိုဖြုန်းတီးရာမကျပဲ လုပ်ငန်းတာဝန်တွေကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်မှာဖြစ်တယ်။ အိမ်ရှင်မှာ လွတ်လပ်ပြီးအေးချမ်းတဲ့အချိန်ရှိတာပဲ။ လူတစ်ယောက်က ကိစ္စအားလုံးကိုကိုင်တွယ်မယ်ဆိုရင် ပင်ပန်းပြီးတော့ ပြီးမြောက်မှာလည်းမဟုတ်ဘူး။ အိမ်စေတွေ၊ ကျေးကျွန်တွေလုပ်ရမယ့်အလုပ်တွေကို သူတစ်ဦးတည်းဘယ်လိုလုပ်ဆောင်နိုင်ပါ့မလဲ? သူက သခင်တစ်ယောက်လုပ်ရမှာကို မလုပ်ခဲ့ဘူး။ ရှေးတုန်းကလည်း ဒီလိုပဲတွေးကြတယ်၊ အထက်တန်းဝန်ကြီးတွေက လုပ်ဆောင်မယ့်အစီအစဉ်တွေကို တိုင်ပင်ကြရမှာဖြစ်ပြီး သာမန်အမှုထမ်းတွေက အဲ့အစီအစဉ်တွေကို အကောင်အထည်ဖော်ရမှာဖြစ်တယ်။ ဟိုးရှေးတုန်းက ပင်းကျိ(Bing Ji) ဟာ ခိုက်ရန်ဖြစ်ပြီး သေဆုံးသွားတဲ့လူတွေရဲ့အလောင်းကိုဂရုမစိုက်ပဲ နွားတစ်ကောင် ပင်ပန်းနေတာကို ဂရုစိုက်ခဲ့တယ်။ ဒါဟာ အုပ်ချုပ်သူတစ်ယောက်နဲ့သက်ဆိုင်တာကြောင့်ဖြစ်တယ်။1 ချန်ဖင်(Chen Ping)2 က အခွန်အကောက်နဲ့ပတ်သတ်ပြီး ဂရုမစိုက်ခဲ့ဘူး။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ သက်ဆိုင်ရာအခွန်အကောက်ရုံးတော်က လူတွေရဲ့တာဝန်ဖြစ်တာကြောင့်ပဲ။ ဝန်ကြီးချုပ်ကတော့ အသေးအဖွဲကိစ္စလေးတွေနဲ့ နေ့တိုင်းချွေးစီးပြန်နေခဲ့ရတယ်။ ဒါကြောင့်လည်း ပင်ပန်းနေရတာမဟုတ်လား။ စီးမာယီ(Sima Yi) ဒီလိုပြောတာလည်း မှန်ကန်ပါတယ်"


"ကျုပ်သိတာပေါ့၊ ကျုပ်မသိပဲဘယ်နေပါ့မလဲ? ဒါပေမယ့် ဒီတာဝန်ကြီးက ကျုပ်ခေါင်းပေါ်ကျလာတာကြောင့် ဒီတာဝန်ကိုကျုပ်ကလွဲရင် တခြားလူတွေက ဖိဖိစီးစီးမလုပ်နိုင်မှာ စိုးရိမ်တဲ့အတွက်ဖြစ်တယ်"
ထိုစကားကိုကြားသောသူတို့သည် မျက်ရည်ကျခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် တဖြည်းဖြည်းချင်း အားကုန်လာသည့်ပုံပေါ်လာသည်။ စစ်မှုရေးရာတို့သည် မြန်ဆန်ခြင်းမရှိခဲ့ပေ။
တစ်ဖက်တွင်မူ ခေါင်းဆောင်ဖြစ်သူအား သားမင်အရေဖြင့်လုပ်ထားသောအင်္ကျီကိုလက်ဆောင်ပေးခြင်းကြောင့် ဝေအမှုထမ်းတို့သည် ဒေါသဖြစ်နေခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းကို လက်စားချေလိုသောကြောင့် စစ်သူကြီးထံသွားကာ
"ကျွန်တော်တို့တွေဟာ တိုင်းပြည်ကြီးက စစ်သူကြီးတွေဖြစ်ပါတယ်။ ဒါကို ရှူပြည်ကတပ်သားတွေကိုစော်ကားမော်ကားလုပ်တာကို ဘာကြောင့်ခံရပါမလဲ? ကျွန်တော်တို့ကိုတိုက်ခိုက်ခွင့်ပေးပါ"
"ကျုပ်က သွားဖို့ကြောက်တာမဟုတ်သလို သူတို့စော်ကားတာကိုလည်းငြိမ်ခံနေချင်လို့မဟုတ်ဘူး။ ကျုပ်က ဧကရာဇ်ရဲ့အမိန့်တော်အတိုင်းလုပ်ဆောင်နေရတာဖြစ်လို့ ဖီဆန်လို့မရဘူး"
အမှုထမ်းတို့သည် မကျေနပ်ကြပေ။ ထိုအခါ "စီးမာယီ"(Sima Yi) မှ
"ခင်ဗျားတို့တောင်းဆိုတာကို ကျုပ်နန်းတွင်းကိုလျှောက်တင်ကြည့်မယ်။ ဒါကိုဘယ်လိုသဘောရလဲ"
အမှုထမ်းတို့က ဧကရာဇ်၏အမိန့်တော်ကိုစောင့်မည်ဟုဆိုခဲ့ကြသည်။ ပြီးနောက် ဆက်သားတစ်ဦးကိုလွှတ်ကာ ဟဲဖေးတွင်ရှိနေသော ဝေဧကရာဇ်ထံ သဝဏ်လွှာပို့စေသည်။
'ကျွန်တော်မျိုးက အရည်အချင်းနိမ့်ကျပေမယ့် ရာထူးကြီးကိုရရှိထားခဲ့တယ်။ ရှူတပ်တွေက အချိန်ရဲ့ဒဏ်ကြောင့်ဆုတ်ခွာသွားတာကိုစောင့်ပြီး မတိုက်ခိုက်ဖို့ ဧကရာဇ်က အမိန့်ချမှတ်ခဲ့တယ်။ ဒါပေမယ့် ကျူးကဲလျန့်(Zhuge Liang) ဟာ သမင်သားရေနဲ့ပြုထားတဲ့အဝတ်ကို လက်ဆောင်ပေးလာတဲ့အတွက် ကျွန်တော်မျိုးဟာ အရှက်ရခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးရဲ့တပ်တွေအပေါ်ကျရောက်သွားခဲ့တဲ့အရှက်ရမှုကိုဖယ်ရှားဖို့အတွက်နဲ့ ကျွန်တော်မျိုးအပေါ်ထားတဲ့ဧကရာဇ်ရဲ့ကြင်နာမှုအပေါ် ထောက်ချင့်ပြီး တိုက်ခိုက်ခွင့်ပေးဖို့ အကြံပြုလိုပါတယ်။ ဒီလိုလုပ်ဖို့ ကျွန်တော့ကိုတိုက်တွန်းကြတဲ့အတိုင်းအတာဟာ ဖော်ညွှန်းလို့တောင်မရပါဘူး"

"ချောင်ရေ့"(Cao Rui) မှ ဖတ်ပြီးနောက် သူ၏အမတ်တို့ထံလှည့်ကာ ဖြေရှင်းချက်တောင်းသည့်ပုံနှင့်ကြည့်ခဲ့သည်။ "ရှင်းဖီ"(Xin Pi) မှ
"စီးမာယီ(Sima Yi) ဟာ တိုက်ခိုက်ဖို့အစီအစဉ်မရှိပါဘူး။ ဒီသဝဏ်လွှာရောက်လာတာဟာ ကျူးကဲလျန့်(Zhuge Liang) ရဲ့လုပ်ရပ်ကြောင့် အမှုထမ်းတွေ အရှက်ရခဲ့လို့ဖြစ်တယ်။ သူတို့တွေဒေါသဖြစ်နေတဲ့အတွက် အရှင်မင်းကြီးက အမိန့်တော်ထုတ်ပြီး အမျက်ပြေပျောက်အောင်လုပ်ဆောင်ဖို့ မျှော်လင့်နေပုံရတယ်"
"ချောင်ရေ့"(Cao Rui) သည် သဘောပေါက်သွားပြီး "ရှင်းဖီ"(Xin Pi) အား ဩဇာအာဏာကိုယ်စားပြုအလံကိုပေးပြီး ဝေမြစ်ကမ်းရှိတပ်စခန်းသို့သွားစေကာ ဧကရာဇ်၏ဆုံးဖြတ်ချက်မှာ စစ်မတိုက်ရန်ဖြစ်သည်ဟုကြေညာစေသည်။ "စီးမာယီ"(Sima Yi) သည် တမန်တော်ကို ရိုသေစွာကြိုဆိုပြီး ဧကရာဇ်၏အမိန့်တော်ကိုဖီဆန်သူတို့အား အပြစ်ဒဏ်ပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ အမှုထမ်းတို့လည်း အမိန့်ကိုလိုက်နာခဲ့ရသည်။
"စီးမာယီ"(Sima Yi) မှ "ရှင်းဖီ"(Xin Pi) အား
"ခင်ဗျားက ကျွန်တော့ဆန္ဒကိုမှန်မှန်ကန်ကန်နဲ့ အဓိပ္ပာယ်ကောက်နိုင်ခဲ့တယ်"

"စီးမာယီ"(Sima Yi) သည် တိုက်ခိုက်ခွင့်မရှိကြောင်း အားလုံးသိသွားကြသည်။ ၎င်းကို "ကျူးကဲလျန့်"(Zhuge Liang) ကြားလေသော်
"ဒါ စီးမာယီ(Sima Yi) က သူ့တပ်တွေကိုတည်ငြိမ်အောင်လုပ်တာပဲ။ သူက နဂိုတည်းက တိုက်ခိုက်ဖို့အစီအစဉ်မရှိဘူး၊ ဧကရာဇ်ဆီကခွင့်တောင်းတယ်ဆိုတာကလည်း သူ့ဗျူဟာက သင့်တော်ကြောင်းပြသချင်လို့ဖြစ်တယ်။ စစ်မြေပြင်က စစ်သူကြီးဆိုတာ သူ့အထက်ကဘုရင်ဖြစ်နေရင်တောင်မှ အမိန့်ကိုနာခံစရာမလိုဘူးဆိုတာ အများသိတဲ့ကိစ္စပဲမဟုတ်လား။ မိုင်ထောင်ချီတဲ့ခရီးကိုလူလွှတ်ပြီး တိုက်ခိုက်ဖို့အမိန့်တောင်းတယ်ဆိုတာဖြစ်နိုင်ပါ့မလား? သူ့အမှုထမ်းတွေက ခံပြင်းနေလို့ ဧကရာဇ်ရဲ့အကူအညီနဲ့ တပ်ကိုစည်းကမ်းတင်းကြပ်စေချင်လို့ပဲဖြစ်တယ်။ ဒီလိုလုပ်တာက ကျုပ်တို့တပ်သားတွေကိုလည်း ပေါ့လျော့သွားစေဖို့လည်း ဖြစ်တယ်"

ထိုအချိန်တွင် "ဖေးယီ"(Fei Yi) ရောက်လာသဖြင့် ဝန်ကြီးချုပ်မှ ဝင်ခွင့်ပေးလိုက်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ အဘယ်ကြောင့်ရောက်လာသည်ကိုမေးလျှင် သူမှ
"ဝေဧကရာဇ် ချောင်ရေ့(Cao Rui) က နေရာသုံးခုကနေ ဝူတပ်ချီတက်လာတာကိုသိတော့ သူကိုယ်တိုင် ဟဲဖေးကိုချီတက်ပြီး အခြားတပ်သုံးတပ်ကိုတော့ မန်ချုံး(Man Chong) ၊ ထျန်းတု(Tian Du) နဲ့ လျူရှောက်(Liu Shao) တို့ကိုလွှတ်ပြီး ကာကွယ်စေတယ်။ ဝူရဲ့လက်နက်တွေ၊ ဂိုထောင်တွေက မီးထဲပါသွားပြီး ဝူတပ်ဟာ ရောဂါတွေဖြစ်နေခဲ့တယ်။ တိုက်ခိုက်ဖို့ကြံစည်ထားတဲ့ လုရွှင့်(Lu Xun) ရဲ့စာဟာ ရန်သူ့လက်ထဲရောက်သွားလို့ ဝူဘုရင်ဟာ သူ့တိုင်းပြည်ကိုပြန်ဆုတ်ခွာသွားခဲ့ပြီ"
"ကျူးကဲလျန့်"(Zhuge Liang) သည် အဆုံးထိနားထောင်ပြီးနောက် စကားမပြောနိုင်ပဲ လဲကျသွားခဲ့သည်။ အချိန်အတန်ကြာသောအခါ ပြန်နိုးလာသော်လည်း အခြေအနေမကောင်းခဲ့ပေ။
"ကျုပ်စိတ်တွေရှုပ်ထွေးနေပြီး ရောဂါဟောင်းလည်း ပြန်ပေါ်လာပြီ။ ကျုပ်တော့သွားပြီ"

"ကျူးကဲလျန့်"(Zhuge Liang) သည် နေမကောင်းသော်လည်း ထိုညတွင် ရွက်ဖျင်တဲအပြင်သို့ထွက်ကာ ကောင်းကင်ကြီးကိုကြည့်ပြီး ကြယ်တာရာတို့ကိုလေ့လာခဲ့သည်။ ထိုသို့ကြည့်ပြီးနောက် သူသည် တုန်လှုပ်သွားခဲ့သည်။ သူပြန်လာပြီးနောက်တွင် "ကျန်းဝေ"(Jiang Wei) အား
"ကျုပ်အသက်က အချိန်မရွေးချုပ်ငြိမ်းတော့မယ်"
"ဘာကြောင့် ဒီလိုပြောရတာလဲ"
"ခုနက ကြယ်သုံးပွင့်ထဲက ဧည့်သည်ကြယ်ဟာ ပုံမှန်ထက်နှစ်ဆပိုတောက်ပနေပြီး အိမ်ရှင်ကြယ်ကတော့ မှေးမှိန်နေတယ်။ ဘေးကအရံကြယ်တွေကလည်း မထင်မရှားဖြစ်နေတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် သိနိုင်တာဖြစ်တယ်"
"ဝန်ကြီးချုပ်ပြောသလိုဆိုးရွားနေတယ်ဆိုရင် ဘာကြောင့် ဒီရန်ကဝေးအောင် ဆုတောင်းမှုမပြုလုပ်ရတာလဲ"
"ကျုပ်က ဆုတောင်းတာလုပ်ချင်ပေမယ့် ကောင်းကင်ကြီးရဲ့ဆန္ဒကဘယ်လိုရှိမှန်ဆိုတာမသိနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်အတွက် အစောင့်လေးဆယ့်ကိုးဦးရှာပြီး တစ်ယောက်စီကို အနက်ရောင်အလံတစ်ခုစီပေးထားပါ။ သူတို့ကို အနက်ရောင်ဝတ်စုံဝတ်ဆင်စေပြီး ကျုပ်ရွက်ဖျင်တဲရဲ့အဝမှာ ထား,ထားပါ။ ပြီးရင် ကျုပ်က စခန်းထဲကနေ မြောက်ဘက်က ခုနစ်စင်ကြယ်ကိုတိုင်တည်မယ်။ ကျုပ်ရဲ့ပင်မမီးအိမ်က ခုနစ်ရက်တိုင်အောင် မီးလင်းနေမယ်ဆိုရင်တော့ ကျုပ်အသက်ကို နောက်ဆယ့်နှစ်နှစ်ကြာအောင် ဆွဲဆန့်ထားနိုင်မယ်။ အကယ်၍ မီးမလင်းတော့ဘူးဆိုရင်တော့ ကျုပ်သေဆုံးရမှာပဲ။ ရွက်ဖျင်တဲအနီးကို တခြားဘယ်သူမှမချဉ်းကပ်ပါစေနဲ့။ ကိုယ်ရံတော်နှစ်ယောက်လောက်ဆို လုံလောက်ပါပြီ"
"ကျန်းဝေ"(Jiang Wei) သည်လည်း စေခိုင်းသည့်အတိုင်းလုပ်ဆောင်ခဲ့လေသည်။ ထိုအချိန်မှာ ရှစ်လပိုင်း ဆောင်းဦးရာသီ၏အလယ်ဖြစ်နေကာ နဂါးငွေ့တန်းသည် လွင့်စင်သွားသောကျောက်စိမ်းပမာ တောက်ပနေခဲ့သည်။ လေငြိမ်နေခဲ့ပြီး မည်သည့်အသံမှ မကြားရပေ။

လူလေးဆယ့်ကိုးယောက်ကို ခေါ်လာပြီးနောက် ရွက်ဖျင်တဲကိုစောင့်ကြပ်ထားစေသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် အမွှေးတိုင်နှင့်ကန်တော့ပွဲများပြင်ဆင်ခဲ့သည်။ ရွက်ဖျင်တဲတွင် မီးအိမ်ခုနစ်ခုစီမံထားကာ ထိုမီးအိမ်တို့ကို သေးငယ်သောမီးငယ်လေးဆယ့်ကိုးခုတို့က ဝန်းရံထားသည်။ ၎င်းတို့၏အလယ်တွင် သူ၏ကြမ္မာမီးအိမ်ကိုထားရှိလေသည်။
ထိုသို့ပြုပြီးနောက် ဆုတောင်းခဲ့သည်။
"ရှုပ်ထွေးနေတဲ့ခေတ်ကာလမှာမွေးဖွားခဲ့တဲ့ကျွန်တော် ကျူးကဲလျန့်(Zhuge Liang) ဟာ အသက်ကြီးလာရင် အနားယူဖို့ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမယ့် ကြီးမြတ်သောဧကရာဇ် မင်းတရားကြီး လျူပေ့(Liu Bei) ဟာ ကျွန်တော်မျိုးကို သုံးကြိမ်သုံးခါဖိတ်ခေါ်ပြီး သူ့သားတော်ကိုစောင့်ရှောက်ဖို့ အပ်နှံခဲ့ပါတယ်။ ဒီလိုတာဝန်မျိုးကိုမလစ်ဟင်းဝံ့တာကြောင့် သူပုန်တွေကိုနှိမ်နင်းဖို့သန္နိဌာန်ချခဲ့ပါတယ်။ ရုတ်တရတ် ခေါင်းဆောင်မှုကြယ်ဟာ မှေးမှန်သွားခဲ့ပြီး ကျွန်တော့ရဲ့အသက်ဟာ ဆုံးခန်းတိုင်ပါတော့မယ်။ ဒါကြောင့် ကြီးမြတ်တဲ့အရှင်ကို ပိုးထည်နဲ့ပူဇော်ပြီး ကျွန်တော်မျိုးပြောတဲ့ဆုတောင်းမှုတွေကိုနားထောင်ပြီးတော့ အရှင့်သားအပေါ်ထားတဲ့ကျေးဇူးနဲ့ လူတွေကိုစောင့်ရှောက်ပြီး အရင်ခေတ်ဟန်တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကျွန်တော့ရဲ့ကျန်ရစ်တဲ့ရက်သက်တမ်းတွေကိုတိုးပေးဖို့မျှော်လင့်ပါတယ်။ ဒါဟာ အနှစ်မဲ့တဲ့ဆုတောင်းမှုမျိုးမဟုတ်ပဲ ရင်ထဲနှလုံးထဲကလာတဲ့တောင်းဆိုမှုပဲဖြစ်ပါတယ်"
ထိုဆုတောင်းမှုပြီးဆုံးသွားသောအခါ သူ၏စခန်းထဲတွင်နေကာ အရုဏ်တက်ချိန်ကိုစောင့်နေခဲ့သည်။

နောက်ရက်တွင် နေမကောင်းဖြစ်ကာ သွေးအန်နေခဲ့သော်လည်း တာဝန်တို့ကိုလျစ်လျူရှုခြင်းမရှိခဲ့ပေ။ တစ်ရက်တာလုံး လုပ်ဆောင်စရာရှိသည်တို့ကိုလုပ်ဆောင်ပြီးနောက် ညအချိန်တွင် ပုစွန်တာရာကြီးနှင့် ပုစွန်တာရာငယ် ကြယ်ခုနစ်လုံးတို့၏လှေကားထစ်အဆင့်များကို လျှောက်လှမ်းခဲ့သည်။
"စီးမာယီ"(Sima Yi) သည် ခံစစ်အနေဖြင့်သာနေခဲ့သည်။ တစ်ညသော် ကောင်းကင်ကြီးကိုငေးကြည့်ကာ ကြယ်တို့ကိုကြည့်ပြီးနောက် ရုတ်တရတ် "ရှဟိုပါ့"(Xiahou Ba) ဘက်သို့လှည့်ပြီး
"ခေါင်းဆောင်ကြယ်က အခုလေးတင်နေရောင်ပြောင်းသွားပြီ။ ကျူးကဲလျန့်(Zhuge Liang) က သေချာပေါက်နေမကောင်းဖြစ်နေပြီး မကြာခင် သေဆုံးရတော့မယ်။ ဝူကျန်းတောင်ကုန်းဘက်ကို ကင်းထောက်တွေလွှတ်ပြီး အခြေအနေကိုစုံစမ်းကြည့်ပါ။ ရုတ်ရုတ်သဲသဲတွေဖြစ်နေပြီဆိုရင် မတိုက်ပါနဲ့။ ဒါဟာ ကျူးကဲလျန့်(Zhuge Liang) နေမကောင်းဘူးလို့ပြတာဖြစ်တယ်။ ကျုပ်က ဒါကိုအခွင့်ကောင်းယူပြီးတိုက်ရမယ်"
"ရှဟိုပါ့"(Xiahou Ba) သည် တပ်ဖွဲ့အချို့နှင့်အတူထွက်ခွာသွားခဲ့သည်။

"ကျူးကဲလျန့်"(Zhuge Liang) ဆုတောင်းမှုပြုလုပ်ပြီး ခြောက်ရက်မြောက်ညတွင် သူ၏ကြမ္မာမီးအိမ်သည် တောက်ပနေသည်ကိုမြင်သောကြောင့် စိတ်ထဲတွင် ဝမ်းမြောက်နေခဲ့သည်။ ထိုအချိန်တွင် "ကျန်းဝေ"(Jiang Wei) သည် ဝင်ရောက်လာပြီး အခမ်းအနားကိုကြည့်နေခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ဆံပင်ကိုချထားပြီး ဓားကိုကိုင်ကာ ပုစွန်တာရာနှစ်ခုတို့ပေါ်တက်လှမ်းပြီး ခေါင်းဆောင်ကြယ်ကိုကိုင်ရန်ပြုနေသည်။
ထိုအချိန်ဝယ် ကျယ်လောင်သောအသံကိုကြားလိုက်ရပြီး "ဝေရန်"(Wei Yan) ဝင်လာကာ
"ဝေတပ်သားတွေရောက်လာပြီ"
"ဝေရန်"(Wei Yan) သည် အလောတကြီးဖြင့်ဝင်လာသောကြောင့် ကြမ္မာမီးအိမ်ကိုတိုက်မိကာ မီးငြိမ်းသွားစေခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ဓားကိုပစ်ချလိုက်ပြီး သက်ပြင်းချကာ
"ရှင်သန်မှု၊ သေဆုံးမှုဆိုတာ အစောကြီးကတည်းက သတ်မှတ်ထားတဲ့အရာတွေပဲ။ ဆုတောင်းနေရင်လည်း ပြောင်းလဲလို့ရမှာမဟုတ်ဘူး"
"ဝေရန်"(Wei Yan) သည် မြေပေါ်သို့လှဲကာ ခွင့်လွှတ်ရန်တောင်းပန်ခဲ့သည်။ "ကျန်းဝေ"(Jiang Wei) က ဒေါသထွက်ကာ ဓားကိုဆွဲပြီး ထိုသူကိုသတ်ရန်လုပ်သည်။

မှတ်ချက်။    
1 ပင်းကျိ(Bing Ji) - အနောက်ဟန်၏ဝန်ကြီးချုပ်ဖြစ်ပြီး တစ်ရက်သော် လမ်းတွင် ခိုက်ရန်ဖြစ်နေသောလူများကိုတွေ့ခဲ့သည်။ သူသည် အရေးမမူပဲ ဆက်လက်သွားခဲ့သည်။ ပြီးနောက်ဝယ် လူတစ်ယောက်နှင့်မောပန်းနေသောနွားတစ်ကောင်ကိုတွေ့သောအခါ ချက်ချင်းရပ်စေပြီး အချိန်မည်မျှကြာအောင် ခရီးဆက်ပြီးကြောင်းမေးခဲ့သည်။ ဝန်ကြီးချုပ်သည် ရန်ဖြစ်နေသောသူတို့ထက် နွားကိုဂရုစိုက်သောကြောင့် သူ၏နောက်လိုက်နောက်ပါတို့အတွက် ပဟေဠိဖြစ်နေခဲ့ရာ မေးမြန်းခဲ့သည်။ သူမှ
"ခိုက်ရန်ဖြစ်တာကို ဖြေရှင်းဖို့က အဲ့ဒေသကအမှုထမ်းတွေရဲ့တာဝန်ဖြစ်တယ်။ နွေဦးရာသီမှာ အချိန်အကြာကြီး ခရီးမသွားရသေးပဲနဲ့ နွားကပင်ပန်းနေတယ်ဆိုတာ သာမန်နဲ့မတူတဲ့အပူဒဏ်ကြောင့်ဖြစ်ပြီး လူတွေအားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စကြီးဖြစ်တယ်" ဟုပြန်ဖြေခဲ့သည်။

ချန်ဖင် (Chen Ping)2 - ဟန်ခေတ်တည်ထောင်သူ လျူဘန်း(Liu Bang) ၏အတိုင်ပင်ခံဖြစ်ပြီး နောက်ပိုင်းတွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

Comments

Popular posts from this blog

Lookism