သုံးနိုင်ငံခေတ်(၅)

အခန်း(၅) ချောင်ချောင်း(Cao Cao) သည် အင်အားကြီးနယ်စားတို့ထံ ချဉ်းကပ်ခြင်း။ ညီအစ်ကိုသုံးယောက်တို့ "လွီပု"(Lu Bu) နှင့် ရင်ဆိုင်ခြင်း

"ချန်ကုန်း"(Chen Gong) သည် "ချောင်ချောင်း"(Cao Cao) ကို လုပ်ကြံရန် ကြံစည်သော်လည်း ပြန်စဉ်းစားသည်။
'ငါ သူနဲ့ လိုက်တာဟာ မှန်ကန်တာတွေ လုပ်ဖို့ပဲ။ အခု သူ့ကို သတ်လိုက်ရင် ဒါက ငါ့အမှားဖြစ်သွားပြီ၊ လူတွေက ရှုံ့ချလိမ့်မယ်၊ ဒီတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ သွားတာ ကောင်းပါတယ်'
သို့နှင့် နေမထွက်ခင် အိပ်ရာမှထကာ မြင်းစီးပြီး သူ့ရပ်သူ့ရွာဖြစ်သည့် တုန်းကျွင်းသို့ ခရီးနှင်လေသည်။
"ချောင်ချောင်း"(Cao Cao) နိုး၍ ခရီးသွားဖော်ကို မတွေ့သောအခါ
'ငါ မနေ့က တစ်ကိုယ်ကောင်းဆန်တဲ့ စကားတွေပြောမိတဲ့အတွက် "ချန်ကုန်း"(Chen Gong) က ငါ့ကို ရက်စက်တတ်သူလို့ ထင်သွားလို့ထွက်သွားတာနေမယ်၊ ငါလည်း ငါ့ခရီးငါ ဆက်ရဦးမယ်' ဟု တွေးသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် ချောင်ပြည်နယ်သို့ ခရီးဆက်ပြီး ရောက်သောအခါ သူ့အဖေနှင့် တွေ့ကာ မိသားစုပိုင်ပစ္စည်းတို့ကို ရောင်းချပြီး ထိုပိုက်ဆံဖြင့် စစ်တပ်စုဆောင်းမည် ဟု ပြောသည်။ သူ့အဖေမှ
"ငါတို့ ပိုင်ဆိုင်တာတွေက သိပ်မရှိဘူး၊ အဲ့တော့ ဘာမှ သိပ်လုပ်လို့ရမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဒီနားမှာ အကျင့်သိက္ခာကောင်းပြီး ချမ်းသာတဲ့ "ဝေဟုန်"(Wei Hong) ဆိုတဲ့သူရှိတယ်၊ သူ့အကူအညီရရင်တော့ အောင်မြင်နိုင်မယ်" ဟု ဆိုသည်။
သို့နှင့် စားသောက်ပွဲတစ်ခု ပြင်ဆင်ကာ "ဝေဟုန်"(Wei Hong) ကို ဖိတ်ခေါ်လိုက်သည်။ ထိုပွဲတွင် "ချောင်ချောင်း"(Cao Cao) မှ
"ဟန်တိုင်းပြည်ကြီးဟာ ဘုရင်ကို ဆုံးရှုံးခဲ့ပြီ၊ "တုန်ကျိုး"(Dong Zhuo) ဟာ အင်မတန်ရက်စက်တဲ့ အုပ်ချုပ်သူဖြစ်တယ်၊ မင်းသားအပေါ်တောင် ကောင်းကောင်းဆက်ဆံသူမဟုတ်ပဲ ပြည်သူလူထုတွေအပေါ် ပိုတောင် ဆိုးသေးတယ်၊ ကျွန်တော်က တိုင်းပြည်ကြီးကို နဂိုအတိုင်းဖြစ်အောင် ပြန်တည်ထောင်ချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တစ်ဦးတည်းရဲ့ ခွန်အားနဲ့ မဖြစ်နိုင်ဘူး၊ ဒါကြောင့် သူဌေးမင်းကို ချဉ်းကပ်ရတာပါ" ဟု ဆိုသည်။
"ဝေဟုန်"(Wei Hong) : "ကျွန်တော်လည်း ဒါကို ဆန္ဒရှိခဲ့တာ ကြာပါပြီ၊ ဒါပေမယ့် ဒီလုပ်ငန်းကြီးကို လုပ်မယ့် သင့်လျော်သူကို မတွေ့သေးလို့ပါ၊ ခင်ဗျားသာ ဒါကို လုပ်မယ်ဆိုရင် ကျွန်တော့်စည်းစိမ်အကုန်လုံးကို လှူရလှူရ ပံ့ပိုးပေးပါမယ်"
ဤသည်ကား သတင်းကောင်းပင်ဖြစ်လေသည်။ ထို့နောက် စစ်သားခေါ်စာတို့ကို နေရာအနှံ့ ချိတ်လေသည်။ လူပေါင်းများစွာတို့ကို စုစည်းပြီး "သစ္စာနှင့် သိက္ခာ" ဟုစာတန်းရေးထားသောအလှံကို ကိုင်ဆောင်ကြသည်။ များစွာသောလူတို့သည် "တုန်ကျိုး"(Dong Zhuo) ကို ဆန့်ကျင်ရန်အတွက် တပ်ထဲသို့ မိုးပေါက်ပမာ ဝင်ကြလေသည်။


တစ်ရက်တွင် ရန်ဖင်မှ "ယွဲကျင်း"(Yue Jing) နှင့် ကျွီးလျူမှ "လီတျန်"(Li Dian) တို့ ရောက်လာသည်။ ထိုသူနှစ်ဦးတို့သည် "ချောင်ချောင်း"(Cao Cao) လက်အောက်ခံအရာရှိအဖြစ် တာဝန်ပေးခြင်းခံရသည်။ "ချောင်ချောင်း"(Cao Cao) လက်အောက်တွင် အမှုထမ်းသည့် ကျန်တစ်ဦးကား ချောင်ပြည်နယ်မှ "ရှဟိုတွန်း"(Xiahou Dun) ဖြစ်သည်။ သူသည် နာမည်ကြီးစစ်သူကြီး "ရှဟိုရင်"(Xiahou Ying) ၏ မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ ငယ်စဉ်ကတည်းကပင် လှံနှင့် တင်းပုတ်တို့ ကိုင်တတ်အောင် လေ့ကျင့်ထားလေသည်။ အသက်ဆယ့်လေးနှစ်အရွယ်၌ လူတစ်ဦးလက်အောက်တွင် အလုပ်လုပ်စဉ်က သူ့သခင်ကို အခြားလူတစ်ယောက်က မချေမငံပြောသဖြင့် ထိုသူကို သတ်ခဲ့ရာမှ ဝရမ်းပြေးဖြစ်ပြီး အချိန်ကာလအတန်ကြာ ဇာတ်မြှုပ်နေခဲ့သည်။ ယခုသော် သူ၏ ညီဝမ်းကွဲ "ရှဟိုယွမ်"(Xiahou Yuan) နှင့်အတူ အမှုလာထမ်းခဲ့သည်။ တစ်ဦးစီတွင် စစ်သားတစ်ထောင်စီ ပါလာသည်။ "ချောင်ချောင်း"(Cao Cao) ၏ အဖေမှာ မူလက "ရှဟို"(Xiahou) မျိုးရိုးပင်ဖြစ်သည့်အတွက် ပြောရမည်ဆိုလျှင် "ချောင်ချောင်း"(Cao Cao) နှင့် မျိုးရိုးတူညီသည်ဟု ဆိုနိုင်သည်။
ရက်အနည်းငယ်ကြာသော် "ချောင်ချောင်း"(Cao Cao) ၏ ညီဝမ်းကွဲနှစ်ဦးဖြစ်သည့် "ချောင်ရန်"(Cao Ran) နှင့် "ချောင်ဟုန်"(Cao Hong) တို့သည်လည်း စစ်တပ်တစ်ထောင်စီနှင့် ရောက်လာသည်။ ထိုသူနှစ်ဦးတို့သည် မြင်းစီးကျွမ်းကျင်သူများဖြစ်သည်။
သို့နှင့် သူဌေးကြီး "ဝေဟုန်"(Wei Hong) သည် သူပိုင်ပစ္စည်းတို့ဖြင့် စစ်ပွဲအတွက် အဝတ်အထည်၊ လက်နက်၊ အလံ စသည်တို့ကို ဝယ်လေသည်။

"ယွမ်ရှောက်"(Yuan Shao) သည် "ချောင်ချောင်း"(Cao Cao)  ထံမှ တော်လှန်ရန် အကြောင်းကြားစာရောက်သောအခါ သူ၏ စစ်တပ်တို့ကို သုံးသောင်းပြည့်အောင် စုကာ ဘိုဟိုင်(Bohai) မှတစ်ဆင့် ချောင်(Qiao)သို့ ချီတက်လေသည်။ ထို့နောက်အနယ်နယ်အရပ်ရပ်မှ နယ်စား၊ မြို့စားတို့ထံ အောက်ပါစာကို ပေးပို့သည်။
"ချောင်ချောင်း(Cao Cao) နှင့် အခြားသူတို့သည် တာဝန်သိစိတ်ဖြင့် "တုန်ကျိုး"(Dong Zhuo) ကို တိုက်တော့မည်။ "တုန်ကျိုး"(Dong Zhuo) သည်ကား ကောင်းကင်နှင့်မြေကြီးကို ဆန့်ကျင်သူဖြစ်ပြီး မင်းသားကို ထိခိုက်စေသူဖြစ်သည်။ နန်းတွင်းကို ရှုပ်ထွေးစေပြီး ပြည်သူလူထုကို ဖိနှိပ်သူဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး ပြစ်မှုတို့ကား လက်ချိုး၍ပင် မ ရေတွက်နိုင်။ ယခုသော်ကား စစ်တပ်တို့ကို တိတ်တဆိတ် စုဆောင်းပြီး ထိုသူကိုတော်လှန်ရန် အချိန်ကျရောက်လေပြီ။ မသူတော်ကို ရှင်းပြီး တိုင်းပြည်ကို ပြန်လည် တည်ငြိမ်စေမည်။ ထို့ကြောင့် စစ်သားများ စုဆောင်းကြပါ"

များစွာသော နယ်စားတို့သည် ထိုစာကို ရလျှင် စစ်တပ်တို့ကို စုဆောင်းကြသည်။ ထိုသူတို့သည်ကား
၁။ နန်ရန်မြို့စား - "ယွမ်စု"(Yuan Shu)
၂။ ကျိကျိုးနယ်စား - "ဟန်ဖူ"(Han Fu)
၃။ ယွီကျိုးနယ်စား - "ခုန်ကျိုး"(Kong Zhou)
၎။ ရန်ကျိုးနယ်စား - "လျူတိုက်"(Liu Dai)
၅။ ဟဲနေမြို့စား - "ဝမ်ခွမ်"(Wang Kuang)
၆။ ချန်လျူမြိုစား - "ကျန်းမြောင်"(Zhang Miao)
၇။ တုန်းကျွင်းမြို့စား - "ချောင်မောင်"(Qiao Mao)
၈။ ရှန်းရန်မြို့စား - "ယွမ်ရီ"(Yuan Yi)
၉။ ကျိပေမြို့စား - "ပေါက်ရှင်း"(Bao Xin)
၁၀။ ပေဟိုင်မြို့စား - "ခုန်ရုံ"(Kong Rong)
၁၁။ ကွမ်းလင်မြို့စား - "ကျန်းချောင်"(Zhang Chao)
၁၂။ ရွှီကျိုးနယ်စား - "ထောင်ချန်"(Tao Qian)
၁၃။ ရှီလျန်မြို့စား - "မာထန်"(Ma Teng)
၁၄။ ပေဖင်မြို့စား - "ကုန်းစွန်းကျန့်"(Gongsun Zan)
၁၅။ ရှန်းတန်မြို့စား - "ကျန်းရန်"(Zhang Yang)
၁၆။ ချန်ဆားမြို့စား - "စွန်းကျန့်"(Sun Jian)
၁၇။ ဘိုဟိုင်မြို့စား - "ယွမ်ရှောက်"(Yuan Shao)
ထိုတပ်တစ်တပ်စီ၏ စစ်တပ်အင်အားတို့သည် တစ်သောင်းမှ သုံးသောင်းအထိ အစားစား ရှိလေသည်။ ထိုတပ်ကြီးတို့သည် မြို့တော် လော့ရန်သို့ ချီတက်ကြသည်။

ပေဖင်မြို့စား "ကုန်းစွန်းကျန့်"(Gongsun Zan) သည် တပ်သားတစ်သောင်းခွဲနှင့် မြို့တော်သို့ချီတက်စဉ် ဖင်ယွမ်မြို့ကလေးမှ ဖြတ်သွားလေသည်။ ထိုစဉ် မယ်ဘယ်ရီပင်အနားဝယ် အဝါရောင်အလံတို့ကိုကိုင်ဆောင်ထားသော တပ်စုသေးလေးကို တွေ့လိုက်သည်။ အနီးသို့ရောက်သောအခါမှ ထိုတပ်ခေါင်းဆောင်မှာ "လျူဘေ့"(Liu Bei) ဖြစ်နေသည်။
"နောင်ကြီး၊ ဒီမှာ ဘာလုပ်နေတာလဲ"
"ခင်ဗျားက ကျွန်တော့်ကို ရာထူးအတွက် ထောက်ခံခဲ့လို့ အခု ဒီမြို့လေးရဲ့ မြို့စားဖြစ်နေတာလေ၊ အခု ခင်ဗျားက စစ်ချီတာ ဒီကဖြတ်မယ်ကြားလို့ လာနှုတ်ဆက်တာ"
ကုန်းစွန်းကျန့်(Gongsun Zan) သည် "လျူဘေ့"(Liu Bei) ၏ ညီနှစ်ဦးကို လက်ညှိုးညွှန်ကာ
"သူတို့က ဘယ်သူတွေတုန်း"
"သူတို့က ကျွန်တော့်ရဲ့ သွေးသောက်ညီနှစ်ဦးဖြစ်ပါတယ်၊ 'ကွမ်းယွီ'(Guan Yu) နဲ့ "ကျန်းဖေး"(Zhang Fei) လို့ ခေါ်ပါတယ်"
"ခင်ဗျားနဲ့အတူ အဝါရောင်သူပုန်တွေကို တိုက်တာလား"
"ကျွန်တော့်ရဲ့အောင်မြင်မှုဟာ အဓိကကတော့ သူတို့ကြောင့်ပါပဲ"
"သူတို့က ဘယ်ဌာနမှာ အမှုထမ်းတာလဲ"
"ကွမ်းယွီ(Guan Yu) က မြင်းစီးလေးပစ်သမား ဖြစ်ပြီး ကျန်းဖေး(Zhang Fei) က ခြေလျင်တပ်သားဖြစ်ပါတယ်"
"ဒါက လူတော်တွေကို အသုံးမချတတ်တာပဲ"
ထို့နောက် ကုန်းစွန်းကျန့်(Gongsun Zan) သည် သက်ပြင်းချကာ စကားကို ဆက်သည်။
"တစ်တိုင်းပြည်လုံးက လူတွေက တုန်ကျိုး(Dong Zhuo) ကို သတ်ဖို့ စုဝေးနေကြပြီ။ ခင်ဗျားလည်း ဒီဘာမှ အသုံးမဝင်နဲ့ နေရာကို စွန့်ပြီး ကျုပ်တို့နဲ့အတူပေါင်းပြီး ဟန်တိုင်းပြည်ကို တည်ငြိမ်အောင် လုပ်ကြရင် မကောင်းဘူးလား"
"ကျွန်တော် လိုက်တော့လိုက်ချင်ပါတယ်"
ထိုအခါ "ကျန်းဖေး"(Zhang Fei) က ဝင်၍ သူ့အစ်ကိုနှစ်ဦးကို
"ကျွန်တော် ဟိုတစ်ခါတည်းက အဲ့တုန်ကျိုး(Dong Zhuo) ကို သတ်လိုက်ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး" ဟု ဝင်ပြောလေသည်။
"ကွမ်းယွီ"(Guan Yu) : "သွားမယ်ဆိုလည်း အထုတ်အပိုးတွေပြင်ကြရအောင်"
သို့နှင့် ညီအစ်ကိုသုံးဦးတို့သည် မြင်းတပ်သားအနည်းငယ်နှင့် "ကုန်းစွန်းကျန့်"(Gongsun Zan) ၏ တပ်နှင့်အတူ လိုက်ပါချီတက်လေသည်။


ထို့နောက် နယ်စားတို့သည် မြို့တော်အနီး၌ စုဝေးကြလေသည်။ ထိုသူတို့ စခန်းချလိုက်သည်မှာ မိုင်ခုနှစ်ဆယ်ကျော်ထိ ရှည်လျားလေသည်။ လူအကုန်စုဝေးပြီးသောအခါ "ချောင်ချောင်း"(Cao Cao) သည် မြင်း၊ နွားတို့ကို ပူဇော်ပသရန် သတ်စေသည်။ ထို့နောက် နယ်စားတို့နှင့်အတူ စစ်ဗျူဟာချရန် အစည်းအဝေးထိုင်လေသည်။
"ဝမ်ခွမ်"(Wang Kuang) : "ကျုပ်တို့က အခုဒီနေရာမှာ အကုန်စုပြီးပြီဆိုတော့ ဒီအဖွဲ့တွေကို ဦးဆောင်မယ့် ခေါင်းဆောင်ကို ရှာရမယ်"
"ချောင်ချောင်း"(Cao Cao) : "ယွမ်မိသားစုတွေဟာ မျိုးဆက်လေးဆက်တိုင်အောင် နန်းတွင်းမှာ အမှုထမ်းလာကြပြီး သူတို့ကို ထောက်ခံသူတွေနဲ့ မိတ်ဆွေတွေဟာ နေရာအနှံ့မှာ ရှိတယ်၊ ဒီလိုမျိုးရိုးက ဆင်းသက်လာသူဖြစ်တဲ့ 'ယွမ်ရှောက်'(Yuan Shao) ကို ခေါင်းဆောင်အဖြစ် တင်မြောက်ရင် သင့်တော်မယ်"
"ယွမ်ရှောက်"(Yuan Shao) သည် ထိုခေါင်းဆောင်ရာထူးကို မယူဟု အကြိမ်ကြိမ်ငြင်းသော်လည်း အခြားသူတို့က ဝိုင်းတိုက်တွန်းကြသည်နှင့် နောက်ဆုံးတွင် သဘောတူလိုက်လေသည်။
နောက်ရက်တွင် အထပ်သုံးထပ်ရှိသော စင်မြင့်ကို ဆောက်ကာ ထိုစင်၌ အဖွဲ့အသီးသီး၏ အလံကို စိုက်ထူသည်။ ထို့နောက် စစ်တပ်အလံနှင့် ခေါင်းဆောင်တံဆိပ်တုံးတို့ကို ပြုလုပ်သည်။
အကုန်လုံးအဆင်သင့်ပြင်ပြီးသော် "ယွမ်ရှောက်"(Yuan Shao) အား အဆောင်အယောင်တို့ကို ဝတ်စေကာ ဓားကို ကိုင်စေပြီး ထိုစင်ပေါ်သို့တက်စေသည်။ ထိုစင်မှ နေ၍ အောက်ပါ သစ္စာစကားကို ဆိုလေသည်။
"ဟန်တိုင်းပြည်တွင် ဘုရင်၏ အုပ်ချုပ်မှုအာဏာ လျော့နည်းသည်ကို အခွင့်ကောင်းယူကာ တုန်ကျိုး(Dong Zhuo) သည် ထင်တိုင်းကြဲနေသည်။ ထို့ကြောင့် အကျွန်ုပ် ယွမ်ရှောက်(Yuan Shao) နှင့် အပေါင်းအပါတို့သည် တိုင်းပြည်အကျိုးအလို့ငှာ စစ်တပ်ကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ အရိုးကြေကြေ၊ အရေခန်းခန်း သစ္စာတော်ကို ထမ်းရွက်ပါမည်။ ကိုယ်ကျိုးအတွက်မဖြစ်စေရ၊ အကယ်၍ ဤသစ္စာကို ချိုးဖောက်ခဲ့သည်ရှိသော် ချိုးဖောက်သူသာလျှင်မက သူ၏ မျိုးဆက်တစ်ခုလုံး ဒုက္ခရောက်ပါစေ၊ ကောင်းကင်နှင့်မြေကြီးတို့က အသိသက်သေအနေနှင့် ရှိပါစေသား"
ထိုသို့ စကားဆိုပြီးနောက် "ယွမ်ရှောက်"(Yuzn Shao) နှင့် အခြားသောသူတို့သည် နှုတ်ခမ်းမှ သွေးကို ဖောက်ကာ သစ္စာတည်စေမည်ဟု ကတိကဝတ်ပြုကြသည်။

ထိုအခမ်းအနားပြီးနောက် "ယွမ်ရှောက်"(Yuzn Shao) နှင့် အခြားသောနယ်စားတို့သည် "ယွမ်ရှောက်"(Yuzn Shao) ၏ ရွက်ဖျင်တဲသို့သွားကြသည်။ တပ်၏ ခေါင်းဆောင်ဖြစ်သည့် "ယွမ်ရှောက်"(Yuzn Shao) ကို အမြတ်ဆုံး ထိပ်နေရာတွင်ထားပြီး အခြားသောသူတို့သည် ရာထူးနှင့် အသက်အလိုက် နေရာယူကြသည်။ ထို့နောက် အရက်တို့ဖြင့် တည်ခင်းလေသည်။
"ချောင်ချောင်း"(Cao Cao) : "ကျွန်တော်အရင်ဆုံးပြောချင်တာကတော့ အခုရွေးလိုက်တဲ့ ခေါင်းဆောင်ကြီးစကားကို နာခံကြဖို့ပါပဲ၊ နောက်ပြီး အချင်းချင်း ပြိုင်ဆိုင်မှုတွေ၊ မနာလိုမှုတွေ မရှိရပါဘူး"
"ယွမ်ရှောက်"(Yuan Shao) : "ကျွန်တော်က အားနည်းချက်လေးတွေရှိပေမယ့်လည်း ခေါင်းဆောင်အဖြစ်အရွေးခံရတဲ့အတွက် အမိန့်ကို ကောင်းကောင်းလုပ်ဆောင်နိုင်သူကို ဆုပေးပြီး ချိုးဖောက်သူကို အပြစ်ပေးရမှာပါပဲ။ တိုင်းပြည်ဥပဒေနဲ့ တပ်စည်းကမ်းကိုတော့ လိုက်နာကြပါ"
အခြားသောသူတို့ကလည်း လိုက်နာပါမည်ဟု ဝန်ခံသည်။ ထို့နောက် "ယွမ်ရှောက်"(Yuzn Shao) မှ ဆက်ပြောသည်။
"ကျွန်တော့်ညီ ယွမ်စု(Yuan Shu) ကို စားနပ်ရိက္ခာပို့ဖို့အတွက် တာဝန်ပေးစေမယ်၊ ဒါပေမယ့် လက်ရှိမှာ တပ်ဖွဲ့တစ်ဖွဲ့က စီမြစ်နားသွားပြီး ရန်သူကို တိုက်ဖို့ လိုတယ်၊ အခြားတပ်တွေကတော့ မူလနေရာမှာပဲ တပ်စွဲကြပါ"
"စွန်းကျန့်"(Sun Jian) က ထိုတာဝန်ကို ယူမည်ဟု ဆိုလေသည်။
"ယွမ်ရှောက်"(Yuzn Shao) : "ခင်ဗျားက တိုက်ရည်ခိုက်ရည်ကောင်းတဲ့အတွက် ဒီအလုပ်နဲ့ သင့်တော်တယ်"

"စွန်းကျန့်"(Sun Jian) ၏ အဖွဲ့သည် စီမြစ်တံတားသို့ ချီတက်လေသည်။ ထိုနေရာမှ အစောင့်သည် မြို့တော်ရှိ ဝန်ကြီးချုပ်ထံ ရန်သူတို့ချီတက်လာကြောင်း အမြန်သတင်းပို့စေသည်။
"တုန်ကျိုး"(Dong Zhuo) သည် ထိုရာထူးတည်မြဲကတည်းက အပျော်အပါးနှင့်သာ နေ, နေခဲ့ပြီး တိုင်းရေးပြည်ရာကို ဂရုမပြုခဲ့ချေ။ ထိုသတင်းသည် အကြံပေး"လီရု"(Li Ru) ထံရောက်သွားသောအခါ သူ့သခင်ထံအမြန်သွားပြီး တိုင်ပင်ရန် အစည်းအဝေးလုပ်စေသည်။
"လွီပု"(Lu Bu) : "အဖေ၊ ဘာမှမပူနဲ့၊ အဲ့နေရာကို ကျွန်တော်သွားပြီးတော့ သူပုန်တွေကို နှိမ်နှင်းပြီး သူတို့ရဲ့ခေါင်းတွေကို မြို့ရိုးမှာ ချိတ်ထားစေမယ်"
"တုန်ကျိုး"(Dong Zhuo) : "ငါ့သားအကူအညီနဲ့ဆို ငါအေးဆေးအိပ်နိုင်ပြီ"
ထို့နောက် လူတစ်ယောက်မှ ဝင်၍ပြောသည်။
"ဒါက နွားသတ်တဲ့ဓားနဲ့ ကြက်သတ်ဖို့လုပ်သလိုပဲ၊ စစ်သူကြီးကိုယ်တိုင်သွားစရာမလိုပါဘူး၊ ဒီသူပုန်တွေကို ကျွန်တော်ရှင်းလိုက်ရင် ရပြီ၊ ဒီလူတွေကို ရှင်းတာလောက်ကတော့ အိတ်ကပ်ထဲက ပစ္စည်းထုတ်သလောက်ပါပဲ"
"တုန်ကျိုး"(Dong Zhuo) သည် ထိုအသံရှင်ကို ကြည့်လိုက်ရာ ထောင်ထောင်မောင်းမောင်းနှင့်လူကို တွေ့လိုက်သည်။ ထိုသူမှာ ကွမ်းရှီအရပ်မှ "ဟွရှုံ"(Hua Xiong) ဖြစ်သည်။ "တုန်ကျိုး"(Dong Zhuo) သည် "ဟွရှုံ"(Hua Xiong) ၏ စကားကို သဘောကျကာ မြင်းတပ်စစ်သူကြီးအဖြစ်ခန့်အပ်လိုက်ပြီး စစ်သား ၅၀၀၀၀ ပေးကာ စေလွှတ်လိုက်သည်။ "ဟွရှုံ"(Hua Xiong) နှင့်အတူ အခြားစစ်သူကြီးသုံးဦးဖြစ်သည့် "လီစု"(Li Su)၊ "ဟူကျန့်"(Hu Zhen) နှင့် "ကျောက်ချန်"(Zhao Cen) တို့သည် စီမြစ်ဆီသို့ ချီတက်ကြသည်။

မဟာမိတ်တပ်ပေါင်းစုတွင်ရှိသည့် "ပေါက်ရှင်း"(Bao Xin) သည် "စွန်းကျန့်"(Sun Jian) အောင်မြင်မှုရမည်ကို မလိုလားချေ။ ထို့နောက် သူသည် သူ့ညီဖြစ်သည့် "ပေါက်ကျုံး"(Bao Zhong) ကို စစ်သားသုံးထောင်နှင့် လွှတ်ပြီး "စွန်းကျန့်"(Sun Jian) ထက်အရင် ရန်သူနှင့် ရင်ဆိုင်စေသည်။ "ဟွရှုံ"(Hua Xiong) သည် သံချပ်ကာ မြင်းတပ် ငါးရာနှင့် ချီတက်လာသောအခါ "ပေါက်ကျုံး"(Bao Zhong) သည် ကြောက်ကာ ပြေးလေ၏ ။ "ဟွရှုံ"(Hua Xiong) သည် "ပေါက်ကျုံး(Bao Zhong) နောက်သို့လိုက်ကာ ဓားနှင့် ခုတ်လိုက်သည်။ "ပေါက်ကျုံး"(Bao Zhong) သေသောအခါ သူ၏ တပ်သားတို့လည်း လက်နက်ချကုန်သည်။ ရန်သူ့ခေါင်းကို မြို့တော်သို့ပို့လိုက်သောအခါ "ဟွရှုံ"(Hua Xiong) သည် စစ်သူကြီးချုပ်အဖြစ် ရာထူးတိုးခြင်းခံရသည်။


"စွန်းကျန့်"(Sun Jian) တွင် စစ်သူကြီးလေးဦးပါလာလေသည်။ ထိုသူတို့သည် အသွားတွင် သံကွင်းအရစ်ပုံစံပါသည့်လှံနှင့် မြွေခေါင်းသဏ္ဌာန်ဓားကို ကိုင်ဆောင်သည့် ထူရင်းမှ "ချန်ဖူ"(Cheng Pu)၊ သံကြိမ်ကို ကိုင်သည့် လင်လင်းမှ "ဟွမ်ကိုင်"(Huang Gai) ၊ အလွန်လေးလံသော ဓားကိုကိုင်ဆောင်သည့် လင်းကျီမှ "ဟန်တန်"(Han Dang) နှင့် ဓားနှစ်လက်နှင့် ဝူကျွင်းမှ "ကျူမောင်"(Zu Mao) တို့ဖြစ်သည်။
"စွန်းကျန့်"(Sun Jian) သည် ငွေခမောက် ခရမ်းရောင်ခေါင်းပတ်ကို ပတ်ထားသည်။ ရှေးခေတ် သံနှင့် လုပ်ထားသော ဓားကောင်းကို ကိုင်ထားပြီး မြင်းကောင်းမြင်းသန့်ကို စီးထားသည်။ "စွန်းကျန့်"(Sun Jian) သည် စီမြစ်တံတားကို ကာကွယ်နေသူတို့ထံသွားကာ
"လူဆိုးကို အားပေးအားမြောက်လုပ်နေတဲ့ကောင်တွေ၊ လက်နက်ချကြစမ်း" ဟု ပြောလေသည်။
"ဟွရှုံ"(Hua Xiong) သည် "ဟူကျန့်"(Hu Zhen) အား တပ်သား ငါးထောင်ပေးကာ "စွန်းကျန့်"(Sun Jian) နှင့် တိုက်စေသည်။ ထိုအခါ "ချန်ဖူ"(Cheng Pu) ထွက်လာပြီး "ဟူကျန့်"(Hu Zhen) နှင့် ဓားရေးယှဉ်ကြသည်။ အကွက်အနည်းငယ်ခန့်တိုက်ပြီးသော် "ဟူကျန့်"(Hu Zhen) ကို သတ်လိုက်သည်။ ထို့နောက် "စွန်းကျန့်"(Sun Jian) သည် စစ်တပ်အား ရန်သူကို တိုက်ရန် အမိန့်ပေးလိုက်သည်။ သို့သော်လည်း "ဟွရှုံ"(Hua Xiong) ၏ တပ်သည် ခံတပ်မှ နေ၍ ကျောက်တုံးတို့ဖြင့် ပစ်သဖြင့် လျန်တုန်းသို့ တပ်ဆုတ်ပြီး စခန်းချသည်။ "စွန်းကျန့်"(Sun Jian) သည် တိုက်ပွဲအောင်မြင်ကြောင်း "ယွမ်ရှောက်"(Yuan Shao) ထံ သတင်းပို့လိုက်သည်။ ထို့အတူ "ယွမ်စု"(Yuan Shu) ထံ စားနပ်ရိက္ခာတို့ အလျင်အမြန်လိုအပ်ကြောင်း တောင်းခံသည်။
သို့သော် "ယွမ်စု"(Yuan Shu) ၏ လက်အောက်ခံတစ်ဦးက
"စွန်းကျန့်(Sun Jian) က အရှေ့ဘက်က ကျားဆိုပြီး နာမည်ကြီးတယ်၊ အကယ်၍ သူသာ တုန်ကျိုး(Dong Zhuo) ကို နှိမ်နှင်းလိုက်နိုင်ရင် သူက အာဏာကြီးသွားပြီး ဝံပုလွေနေရာမှာ ကျားရောက်သွားသလိုဖြစ်မှာပဲ။ ဒါကြောင့် သူ့ကို ရိက္ခာမပို့နဲ့။ သူ့ကိစ္စနဲ့သူသွားပါစေ" ဟု ပြောလေသည်။
"ယွမ်စု"(Yuan Shu) သည် ထိုစကားကို နားထောင်ပြီး ရိက္ခာမပို့ပဲနေသည်။ "စွန်းကျန့်"(Sun Jian) ၏ စစ်သားတို့သည် ဆာလောင်သောအခါ အမိန့်ကို မနာခံပဲ ဆန့်ကျင်ကြသည်။

ထိုသတင်းသည် ရန်သူတို့ဘက်သို့ပေါက်ကြားသွားလေရာ "လီရု"(Li Ru) မှ "ဟွရှုံ"(Hua Xiong) အား
"ငါတို့ ဒီညမှာ "စွန်းကျန့်"(Sun Jian) ကို နှစ်ဖက်ညှပ်ပြီး တိုက်ရမယ်" ဟု ပြောသည်။
"ဟွရှုံ"(Hua Xiong) လည်း ထိုအကြံကို လက်ခံပြီး တိုက်ရန်ပြင်ဆင်သည်။ ညဘက်တွင် "ဟွရှုံ"(Hua Xiong) ၏ တပ်သည် လမ်းကြိုလမ်းကြားမှ "စွန်းကျန့်"(Sun Jian) တပ်နောက်ပိုင်းသို့သွားကာ သန်းခေါင်ယံတွင် နှစ်ဖက်ပိတ်တိုက်လေသည်။ "စွန်းကျန့်"(Sun Jian) သည် သံချပ်ကာကို ဝတ်ဆင်ကာ ထွက်လာပြီး "ဟွရှုံ"(Hua Xiong) နှင့် လက်ရုံးရည်ချင်း ယှဉ်ကြသည်။ မကြာမီပင် "လီရု"(Li Ru) က တပ်စခန်းတို့ကို မီးရှို့စေသည်။
ထို့နောက် "စွန်းကျန့်"(Sun Jian) ၏ တပ်ပျက်ကာ ပြိုကွဲသွားသည်။ "စွန်းကျန့်"(Sun Jian) ၏ နံဘေးတွင် "ကျူမောင်"(Zu Mao) သာ ကျန်လေသည်။ ထိုသူနှစ်ဦးတို့သည် ရန်သူ့တပ်မှ ထိုးဖောက်၍ထွက်ကြသည်။ "ဟွရှုံ"(Hua Xiong) ကလည်း ထိုသူတို့နောက်သို့ အသည်းအသန် လိုက်သည်။ "စွန်းကျန့်"(Sun Jian) သည် မြင်းပေါ်မှ နေ၍ ကျန်သော မြားသုံးချောင်းဖြင့် လှမ်းပစ်သော်လည်း ပထမ နှစ်ချောင်း လွဲသွားသည်။ နောက်ဆုံးတစ်ချောင်းကို ပစ်မည်ဟု လေးကို တင်လိုက်ရာ အားများသွားသဖြင့် လေးကြိုးသွားသည်။
ထိုအခါ "ကျူမောင်"(Zu Mao) က
"သခင်ရဲ့ ခရမ်းရောင် ခေါင်းစည်းကို ရန်သူတွေက အလွယ်တကူမှတ်မိမှာပဲ၊ ဒါကြောင့် ကျွန်တော့်ကို ပေးပါ၊ ကျွန်တော်ဝတ်မယ်" ဟု ဆိုသည်။
ထို့နောက် "စွန်းကျန့်"(Sun Jian) သည် သူ့ ခမောက်ကို ပေးလိုက်ပြီးနောက် နှစ်ဦးသား မတူညီသောလမ်းကို သွားကြသည်။ ရန်သူတို့ကလည်း ခရမ်းရောင်ခေါင်းဆောင်းရှိသူကိုသာ "စွန်းကျန့်"(Sun Jian) ဖြစ်သည်ဟု အထင်နှင့် ထိုသူနောက်သာ လိုက်ကြသည်။
"ကျူမောင်"(Zu Mao) သည် တောအုပ်အတွင်းသို့ ဝင်ပြေးသည်။ ရန်သူတို့ကလည်း လိုက်ရာ နောက်ဆုံးတွင် ဝိုင်းမိပြီး မြားဖြင့် ပစ်ကြသည်။ ထိုအခါ "ကျူမောင်"(Zu Mao) သည် ဓားနှစ်ချောင်းကို ဆွဲထုတ်ပြီး "ဟွရှုံ"(Hua Xiong) ကို သတ်မည်ပြုသည်။ သို့သော် "ဟွရှုံ"(Hua Xiong) လက်ဦးကာ "ကျူမောင်"(Zu Mao) ကို ခုတ်လိုက်လေသည်။ "ဟွရှုံ"(Hua Xiong) နှင့် "လီရု"(Li Ru) တို့သည် ထွက်ပြေးသောတပ်ကို လိုက်လံတိုက်ပြီးနောက် ခံတပ်ဘက်သို့ ပြန်လည် တပ်ဆုတ်လေသည်။

ပြီးနောက် "စွန်းကျန့်"(Sun Jian) သည် "ချန်ဖူ"(Cheng Pu) ၊ "ဟွမ်ကိုင်"(Huang Gai) ၊ "ဟန်တန်"(Han Deng) တို့နှင့် ပြန်တွေ့သည်။ "စွန်းကျန့်"(Sun Jian) သည် "ကျူမောင်"(Zu Mao) သေဆုံးမှုအတွက် စိတ်မကောင်းဖြစ်လေ၏။ ထိုစစ်ရှုံးမှုသတင်းကို "ယွမ်ရှောက်"(Yuan Shao) ကြားသော် မြို့စား၊နယ်စားတို့ကို အစည်းအဝေးပြုလုပ်ရန်ခေါ်လိုက်သည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) သည် နောက်ဆုံးမှ ရောက်လေသည်။ လူစုံသောအခါ "ယွမ်ရှောက်"(Yuan Shao) မှ
"စစ်သူကြီး ပေါက်ရှင်း(Bao Xin) ရဲ့ညီဟာ အမိန့်ကို မနာခံပဲ ရန်သူကို သွားတိုက်တဲ့အတွက် အသတ်ခံရခြင်းဖြစ်တယ်၊ အခု "စွန်းကျန့်"(Sun Jian) က စစ်ရှုံးပြန်ပြီ၊ ဒါကြောင့် ဘယ်လိုလုပ်ကြမလဲ" ဟု မေးသည်။
အကုန်လုံး တိတ်ဆိတ်သွားကြသည်။
"ယွမ်ရှောက်"(Yuan Shao) သည် တစ်ယောက်ချင်းဆီကို စေ့စေ့စပ်စပ်ကြည့်ရာ "ကုန်းစွန်းကျန့်"(Gongsun Zan) နောက်တွင် လူသုံးဦးရပ်နေသည်ကို သတိပြုမိသည်။ ထိုသူသုံးဦးတို့သည် ပြုံးနေလေသည်။
"ယွမ်ရှောက်"(Yuan Shao) : "သူတို့က ဘယ်သူတွေတုန်း"
"ကုန်းစွန်းကျန့်"(Gongsun Zan) : "သူကတော့ ဖင်ယွမ်မြို့စား လျူဘေ့(Liu Bei) ပါ၊ တစ်မိုးတည်းအောက်မှာ ကျွန်တော်နဲ့အတူ တစ်ဆရာထဲအောက်မှာ ပညာရည်နို့စို့ခဲ့တဲ့ ညီအစ်ကိုလိုခင်တဲ့ သူပါပဲ"
"ချောင်ချောင်း"(Cao Cao) : "အဝါရောင်သူပုန်တွေကို ဆန့်ကျင်ခဲ့တဲ့သူကလည်း သူပဲမလား"
"ကုန်းစွန်းကျန့်"(Gongsun Zan) : "ဟုတ်ပါတယ်"
ထိုအခါ "လျူဘေ့"(Liu Bei) သည် သူ၏ မျိုးရိုးနှင့် တာဝန်ထမ်းဆောင်ခဲ့မှုတို့ကို ပြောလေသည်။
"ယွမ်ရှောက်" : "သူက မင်းမျိုးမင်းနွယ်ဆိုရင် သူ့ကို ခုံနေရာပေးသင့်တာပေါ့"
သို့သော်လည်း "လျူဘေ့"(Liu Bei) က ငြင်းသည်။
"ယွမ်ရှောက်"(Yuan Shao) : "ဒါက ခင်ဗျားရဲ့အရှိန်အဝါနဲ့ ရာထူးကြောင့်မဟုတ်ပဲ မင်းဆွေမင်းမျိုးဖြစ်တဲ့အတွက် ခုံပေးတာမို့လို့ လက်ခံပါ"
သို့နှင့် "လျူဘေ့"(Liu Bei) လည်း လက်ခံကာ အနှိမ့်ဆုံးနေရာတွင် ထိုင်လေသည်။ သူ၏ ညီနှစ်ဦးကမူ အနောက်တွင် မတ်တပ်ရပ်နေသည်။

ထိုအစည်းအဝေးကျင်းပနေချိန်တွင် ကင်းစောင့်သူဝင်လာပြီး "ဟွရှုံ"(Hua Xiong) သည် လာရောက်ကာ ဓားချင်းယှဉ်ထိုးရန် စိန်ခေါ်နေကြောင်း သတင်းပို့သည်။
"ယွမ်ရှောက်"(Yuan Shao) : "ဘယ်သူသွားပြီး တိုက်ချင်သလဲ"
ထိုအခါ "ယွမ်စု"(Yuan Shu) လက်အောက် မှ နာမည်ကြီးစစ်သူကြီးဖြစ်သည့် "ယွီရှဲ့"(Yu She) သည် သွားပါမည်ဟု ပြောကာ ထွက်သွားလေသည်။ "ယွီရှဲ့"(Yu She) ထွက်သွားပြီး သိပ်ပင်မကြာလိုက်၊ "ယွီရှဲ့"(Yu She) သေဆုံးသွားပြီဖြစ်ကြောင်းသတင်းရောက်လာသည်။ ထိုအခါ လူအပေါင်းတို့ တုန်လှုပ်ကြကုန်သည်။
"ဟန်ဖူ"(Han Fu) : "ကျွန်တော့်လက်အောက်မှာ "ပန်ဖုန်း"(Pan Feng) လို့ခေါ်တဲ့ သူရဲကောင်းတစ်ယောက်ရှိပါတယ်၊ သူသာဆို "ဟွရှုံ"(Hua Xiong) ကို သတ်နိုင်ပါတယ်"
သို့နှင့် "ပန်ဖုန်း"(Pan Feng) ထွက်သွားသည်။ သူသည်လည်း "ဟွရှုံ"(Hua Xiong) နှင့် ချပြီး မကြာလိုက်၊ အသတ်ခံရပြန်သည်။
"ယွမ်ရှောက်"(Yuan Shao) : "ကျုပ်အားကိုးရတဲ့ စစ်သူကြီး "ဝင်ချို"(Wen Chou) နဲ့ "ရန်လျန်"(Yan Liang) မရှိလို့ပေါ့။ ရှိရင် ဒီဟွရှုံ(Hua Xiong) လောက်ကို မှုစရာမလိုဘူး"
ထိုအခါ အဆုံးအစွန်တွင် ရပ်နေသော သူတစ်ဦးသည်
"ကျွန်တော်သွားပြီး ဟွရှုံ(Hua Xiong) ရဲ့ ခေါင်းကို ယူလာခဲ့မယ်" ဟု ပြောသည်။
လူအားလုံး၏ အကြည့်သည် ထိုသူထံရောက်သွားသည်။ ထိုသူကား အခြားမဟုတ်၊ "ကွမ်းယွီ"(Guan Yu) ပင် ဖြစ်သည်။
"ယွမ်ရှောက်"(Yuan Shao) : "သူက ဘယ်သူတုန်း"
ထိုအခါ "ကုန်းစွန်းကျန့်"(Gongsun Zan) မှ ဝင်၍ "လျူဘေ့"(Liu Bei) ၏ ညီ "ကွမ်းယွီ"(Guan Yu) ဖြစ်ကြောင်း ပြောသည်။
"ကုန်းစွန်းကျန့်"(Gongsun Zan) : "သူက လျူဘေ့(Liu Bei) လက်အောက်က မြင်းစီးမြားပစ်တပ်သားပါ"
"ယွမ်စု"(Yuan Shu) : "ဘာ! ဒါ ကျုပ်တို့ကို စော်ကားတာပဲ၊ ရာရာစစ သာမန်စစ်သားလေးကများ ရန်သူဘက်က စစ်သူကြီးနဲ့ ယှဉ်ချင်တယ်တဲ့လား"
"ချောင်ချောင်း"(Cao Cao) : "စိတ်အေးအေးထားပါ၊ သူက ဒီလောက် ပြောနေရင် သူ့စွမ်းရည်ကို ကြည့်ရမှာပေါ့၊ သူမအောင်မြင်ရင်လည်း နောက်မှ အပြစ်ပေးလို့ရတာပဲ"
"ယွမ်ရှောက်"(Yuan Shao) : "ဒီလိုလူကို လွှတ်လိုက်ရင် ဟွရှုံ(Hua Xiong) က ကျုပ်တို့ကို ရယ်မှာပေါ့"
"ချောင်ချောင်း"(Cao Cao) : "ဒီလူ့ရုပ်ရည်က သာမန်လူရုပ်ရည်မျိုးမဟုတ်ဘူး၊ ရန်သူ့ဘက်က သူ့ကို သာမန်မြားပစ်သမားလို့ ဘယ်ထင်ပါ့မလဲ"
"ကွမ်းယွီ"(Guan Yu) : "ကျုပ်ရှုံးခဲ့ရင် ကျုပ်ခေါင်းကို ဖြတ်လိုက ဖြတ်နိုင်တယ်"
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် အရက်ကို မီးဖြင့်အပူပေးကာ ခွက်ထဲသို့ထည့်ပြီး "ကွမ်းယွီ"(Guan Yu) ထံ ပေးသည်။
"ကွမ်းယွီ"(Guan Yu) : "ထားထားလိုက်၊ ခဏနေ ကျုပ် ပြန်လာမှာပဲ"

ထို့နောက် "ကွမ်းယွီ"(Guan Yu) သည် လှံကိုကိုင်ပြီး မြင်းစီးကာ ထွက်သွားလေသည်။ ရွက်ဖျင်တဲအတွင်းမှလူတို့သည် ကျယ်လောင်သော ဗုံသံတို့ကို ကြားလိုက်သည်။ ထို့ပြင် ကောင်းကင်ကြီးပြိုကျမတတ်၊ မြေကြီးအက်ကွဲမတတ်၊ တောင်ကြီးယိမ်းယိုင်လုမတတ်ဖြစ်စေလောက်အောင် ကျယ်လောင်သောအသံတို့ကို ကြားရလေသည်။ လူအကုန်လုံး ကြောက်ရွံ့ကုန်သည်။ မကြာမီပင် "ကွမ်းယွီ"(Guan Yu) ပြန်လာကာ လက်ထဲမှ "ဟွရှုံ"(Hua Xiong) ၏ ခေါင်းကို နယ်စားတို့ရှေ့တွင် ပစ်ပြလိုက်လေသည်။ ၎င်းကို မြင်သော် "ချောင်ချောင်း"(Cao Cao) သည် အင်မတန် စိတ်လှုပ်ရှားသွားလေသည်။
"ကျန်းဖေး"(Zhang Fei) : "တွေ့လား၊ ကျုပ်အစ်ကိုက ဟွရှုံ(Hua Xiong) ကို သတ်လိုက်ပြီ၊ ဘာကိုစောင့်နေတာလဲ၊ အခုပဲ ခံတပ်ကိုတိုက်ပြီး ချီတက်ကြရအောင်"
"ယွမ်စု"(Yuan Shu) : "ငါတို့လို အရာရှိတွေကို မြို့စားလက်အောက်က လူက လာပြောရဲတယ်၊ အဲ့လူကို အပြင်ကို ဆွဲထုတ်သွားကြစမ်း"
"ချောင်ချောင်း"(Cao Cao) : "သူတို့ တာဝန်ကို ကျေအောင်လုပ်ဆောင်ခဲ့တာကို ထည့်စဉ်းစားပေးပြီး ငဲ့ညှာလိုက်ပါ"
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "ကုန်းစွန်းကျန့်"(Gongsun Zan) အား ထိုညီနောင်သုံးဦးတို့ကို သူတို့၏ ရွက်ဖျင်ဆီသို့ခေါ်သွားစေသည်။ "ချောင်ချောင်း"(Cao Cao) သည် စိတ်ဖြေဖျောက်စေသည့်အနေဖြင့် ထိုညီနောင်သုံးဦးထံ အရက်နှင့် အသားတို့ကို လက်ဆောင် တိတ်တဆိတ်ပို့စေသည်။

"ဟွရှုံ"(Hua Xiong) ၏ သတင်းကို ကြားသောအခါ "လီရု"(Li Ru) စိတ်ဓာတ်ကျသွားလေသည်။ ထို့နောက် ထိုသတင်းကို သူ့သခင်ထံ အောက်ပါစာကို ပို့လိုက်သည်။
"ယခု စစ်သူကြီးကို ဆုံးရှုံးသွားသဖြင့် သူပုန်တို့၏ အင်အား ကြီးမားလာသည်၊ ယွမ်ရှောက်(Yuan Shao) သည် သူပုန်ခေါင်းဆောင်ဖြစ်သည်။ သူ့ဦးလေး "ယွမ်ဝေ"(Yuan Wei) မှာ မြို့တော်ကာကွယ်ရေးတပ်မှူးဖြစ်သည်။ အကယ်၍ သူ့ဦးလေးလည်း သူ့ဘက်ပါသွားလျှင် ကျွန်တော်တို့ဘက်အရေးမလှ ဖြစ်နိုင်သည်။ ထို့ကြောင့် အရင် လက်ဦးအောင် ရှင်းသင့်သည်။"
"တုန်ကျိုး"(Dong Zhuo) သည် ထိုစာကို လက်ခံပြီး သူ၏ စစ်သူကြီးနှစ်ဦးဖြစ်သည့် "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) ကို စစ်သားငါးရာနှင့်တကွ "ယွမ်ဝေ"(Yuan Wei) ၏ အိမ်တော်ကို ဝန်းရံစေပြီး အိမ်အတွင်းရှိ လူတို့ကို အသတ်အရွယ်မရွေး သတ်စေသည်။ ထို့နောက် "ယွမ်ဝေ"(Yuan Wei) ၏ ခေါင်းကို မြို့တံခါးဝ၌ ချိတ်ထားစေသည်။
ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် စစ်သားနှစ်သိန်းကို တပ်နှစ်တပ်ခွဲကာ ချီတက်စေသည်။ "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) ကို စစ်သား ငါးသောင်းပေးကာ စီမြစ်ခံတပ်ကို ကာကွယ်စေသည်။ သူကိုယ်တိုင်မှာမူ စစ်သား တစ်သိန်းခွဲနှင့် ဟူလောင်ခံတပ်၌ စခန်းချသည်။ သူနှင့်အတူ "လီရု"(Li Ru) ၊ "လွီပု"(Lu Bu) ၊ "ဖန်ချိုး"(Fan Chou) နှင့် "ကျန်းကျိ"(Zhang Ji) တို့ ပါဝင်သည်။
ဟူလောင်ခံတပ်သည် လော့ရန်မှ ဆယ့်ငါးမိုင်ဝေးသည်။ ထိုခံတပ်သို့ရောက်သည်နှင့် "လွီပု"(Lu Bu) ကို စစ်သားသုံးသောင်းပေးကာ ခံတပ်အပြင်တွင် စောင့်ကြပ်စေပြီး သူကိုယ်၌မူ အတွင်းတွင် စခန်းချလေသည်။

ထိုသတင်းသည် "ယွမ်ရှောက်"(Yuan Shao) ထံ ရောက်သွားသောအခါ နယ်စားတို့ကိုခေါ်စေပြီး မည်သို့မည်ပုံလုပ်ရမည်ကို တိုင်ပင်ကြသည်။
"ချောင်ချောင်း"(Cao Cao) : "သူတို့သာ ခံတပ်ကို သိမ်းလိုက်ရင် ကျွန်တော်တို့တပ်ကို နှစ်ဖက်က ဝင်တိုက်လို့ ရမယ်၊ ဒါကြောင့် ခံတပ်မသိမ်းခင် တုန်ကျိုး(Dong Zhuo) ရဲ့ စစ်တပ်ကို လမ်းမှာ တိုက်ရမယ်"
သို့နှင့် "ဝမ်ခွမ်"(Wang Kuang) ၊ "ချောင်မောင်"(Qiao Mao) ၊ "ပေါက်ရှင်း"(Bao Xin) ၊ "ယွမ်ရိ"(Yuan Yi) ၊ "ခုန်းရုံ"(Kong Rong) ၊ "ကျန်းရန်"(Zhang Yang) ၊ "ထောင်ချန်"(Tao Qian) နှင့် "ကုန်းစွန်းကျန့်"(Gongsun Zan) တို့ ဦးဆောင်သည့် တပ်ရှစ်တပ်ကို ဟူလောင်ခံတပ်သို့သွားရန် စေလွှတ်လိုက်သည်။ ထိုတပ်တို့အနက် "ဝမ်ခွမ်း"(Wang Kuang) ၏ တပ်အရင်ရောက်သွားပြီး "လွီပု"(Lu Bu) ၏ စစ်တပ်နှင့် ရင်ဆိုင်ရသည်။ "လွီပု"(Lu Bu) သည် "ယုန်နီ"မြင်းစီးကာ တောက်ပစွာ ဝတ်ဆင်ထားသည်။
"ဝမ်ခွမ်"(Wang Kuang) : "ဘယ်သူ သူနဲ့ စီးချင်းထိုးချင်သလဲ"
ထိုအခါ ဟဲနေမှ စစ်သူကြီးတစ်ဦးဖြစ်သည့် "ဖန်ယွဲ့"(Fang Yue) ထွက်လာကာ "လွီပု"(Lu Bu) နှင့် ရင်ဆိုင်သည်။ ငါးကွက်ခန့်တိုက်ပြီးသော် "လွီပု"(Lu Bu) လှံစာမိ၍ "ဖန်ယွဲ့"(Fang Yue) သေလေသည်။ ထိုအခြင်းအရာကို မြင်သောအခါ "ဝမ်ခွမ်"(Wang Kuang) ၏ စစ်သားတို့သည် ကြောက်အားလန့်အားဖြင့် ထွက်ပြေးကြကုန်သည်။ "လွီပု"(Lu Bu) သည် ထွက်ပြေးသော စစ်သားနောက်သို့ တရကြမ်းလိုက်သတ်သည်။ ကံကောင်းထောက်မစွာဖြင့် များမကြာမီပင် "ချောင်မောင်"(Qiao Mao) နှင့် "ယွမ်ရိ"(Yuan Yi) တပ်တို့ ရောက်လာကာ ဒဏ်ရာရနေသော "ဝမ်ခွမ်"(Wang Kuang) ကို ကယ်လိုက်သည်။ "လွီပု"(Lu Bu) လည်း စစ်တပ် ပြန်ဆုတ်သွားသည်။ ထိုတပ်သုံးတပ်၏ ဆုံးရှုံးမှုလည်း မသေးလှသဖြင့် ဆယ်မိုင်အကွာသို့ဆုတ်ခွာကာ စခန်းချသည်။ ထို့နောက် ကျန်သော ခေါင်းဆောင်တို့လည်း ရောက်လာကာ တိုင်ပင်ကြပြီးနောက် "လွီပု"(Lu Bu) သည် ပြိုင်ဘက်ကင်းသည့်လူစွမ်းကောင်းဖြစ်ကြောင်း အသိအမှတ်ပြုရသည်။

ထိုသို့ စိတ်ဓာတ်ကျစွာ ထိုင်နေကြစဉ် "လွီပု"(Lu Bu) သည် ထပ်ရောက်လာကာ စိန်ခေါ်ပြန်သည်။ ထိုအခါ တပ်ဖွဲ့ရှစ်ခု၏ခေါင်းဆောင်တို့သည် အသီးသီးနေရာယူကာ "လွီပု"(Lu Bu) ၏ တပ်နှင့် ရင်ဆိုင်လေသည်။ ထို့နောက် "မြို့စားကျန်းရန်"(Zhang Yang) လက်အောက်ရှိ "မုရွှင်း"(Mu Shun) ဟူသောစစ်သူကြီးသည် "လွီပု"(Lu Bu) အား တိုက်သည်။ သိပ်ပင်မကြာလိုက်၊ "လွီပု"(Lu Bu) က ထိုသူ့ကို သတ်လိုက်သည်။ "ခုန်းရုံ"(Kong Rong) လက်အောက်မှ "ဝူအန်းကော်"(Wu Anguo) သည်လည်း တင်းပုတ်ကိုင်၍ ထွက်လာကာ "လွီပု"(Lu Bu) နှင့် ရင်ဆိုင်သည်။ ဆယ်ကွက်ခန့်တိုက်ပြီးသော် "ဝူအန်းကော်"(Wu Anguo) သည် "လွီပု"(Lu Bu) ၏ အားကို မခံနိုင်သဖြင့် တင်းပုတ်လွတ်ကျသွားသည်။ ထိုသို့ တင်းပုတ်လွတ်ကျသည်နှင့် ပြေးလေ၏။ ခေါင်းဆောင်ရှစ်ဦးတို့ကလည်း လာကယ်ကြသဖြင့် "လွီပု"(Lu Bu) လည်း တပ်ဆုတ်သွားသည်။ မဟာမိတ်တပ်တို့လည်း ဆုတ်ခွာပြီး အစည်းအဝေးလုပ်ပြန်သည်။
"ချောင်ချောင်း" (Cao Cao) : "ဘယ်သူမှ လွီပု(Lu Bu) ကို မယှဉ်နိုင်ဘူး၊ ကျွန်တော်တို့ တခြား ခေါင်းဆောင်တွေကိုပါခေါ်ပြီး နည်းလမ်းကောင်း စဉ်းစားရအောင်၊ အကယ်၍ လွီပု(Lu Bu) ကိုသာ ဖယ်ရှားနိုင်ရင် တုန်ကျိုး(Dong Zhuo) ကို သတ်ဖို့ဆိုတာ မခဲယဉ်းဘူး"

ထိုအချိန်တွင် "လွီပု"(Lu Bu) ထပ်ရောက်လာကာ စိန်ခေါ်ပြန်သည်။ ခေါင်းဆောင်တို့လည်း ထွက်ကာ ရင်ဆိုင်ရပြန်သည်။ ဤတစ်ကြိမ်တွင် "ကုန်းစွန်းကျန့်"(Gongsun Zan) ထွက်ကာ "လွီပု"(Lu Bu) နှင့် တိုက်လေသည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) သည် လှံကိုကိုင်ကာ "လွီပု"(Lu Bu) နှင့် အကွက်အနည်းငယ်ခန့်တိုက်ပြီးသော် အခြေအနေ မဟန်သဖြင့် ပြေးလေ၏။ "လွီပု"(Lu Bu) ကလည်း နောက်မှ လိုက်လေသည်။ "လွီပု"(Lu Bu) ၏ မြင်းသည် အလွန်လျင်မြန်သည့် မြင်းဖြစ်သဖြင့် တခဏအတွင်းပင် မီသွားကာ လှံနှင့် ထိုးမည်ပြုသည်။ ထိုအခါ
"မျိုးမစစ်ကောင်၊ ရန်မြို့က ကျန်းဖေး(Zhang Fei) က မင်းကို စောင့်နေတယ်" ဟု ဆိုကာ "လွီပု"(Lu Bu) ကို တိုက်သည်။
ထိုအခါ "လွီပု"(Lu Bu) သည် "ကုန်းစွန်းကျန့်"(Gongsun Zan) နောက် မလိုက်တော့ပဲ "ကျန်းဖေး"(Zhang Fei) နှင့် တိုက်လေသည်။ အကွက်ငါးဆယ်ခန့် ဖလှယ်ပြီးသော်လည်း အနိုင်အရှုံး မသဲကွဲသေး။ ထိုအခါ "ကွမ်းယွီ"(Guan Yu) သည် စိတ်မရှည်စွာဖြင့် သူ့၏ နဂါးလှံကို ကိုင်ကာ "လွီပု"(Lu Bu) ကို ဝင်တိုက်သည်။ နှစ်ယောက်တစ်ယောက် တိုက်ကာ အကွက်သုံးဆယ်ထပ်တိုက်သော်လည်း "လွီပု"(Lu Bu) ကို မနိုင်သေး။
သို့နှင့် "လျူဘေ့"(Liu Bei) သည် ဓားနှစ်ချောင်းကို ကိုင်ကာ "လွီပု"(Lu Bu) ကို ဝင်တိုက်လေသည်။ ထိုညီနောင်သုံးဦးနှင့် "လွီပု"(Lu Bu) တစ်ဦး အပြင်းအထန်တိုက်ကြလေသည်။ ထိုတိုက်ပွဲကို တပ်ဖွဲ့ရှစ်ဖွဲ့မှ သူရဲကောင်းတို့က အံ့အားသင့်စွာ မှင်သက်ကြသည်။


သို့သော်လည်း သုံးယောက်တစ်ယောက်ဖြစ်သည့်အတွက် မကြာမီပင် "လွီပု"(Lu Bu) အားလျော့လာသည်။ "လွီပု"(Lu Bu) သည် "လျူဘေ့"(Liu Bei) ကို တိုက်မယောင် ဟန်ပြင်လိုက်သည်။ ထို့နောက် "လျူဘေ့"(Liu Bei) ရှောင်လိုက်သောအခါ လှံကို ရုတ်သိမ်းပြီး ဆုတ်ခွာသွားလေသည်။

သို့တည်းမဟုတ် ညီနောင်သုံးဦးတို့က "လွီပု"(Lu Bu) ကို လွှတ်ပေးလိုက်လေသလား? မည်သို့ပင်ဖြစ်စေ "လွီပု"(Lu Bu) တပ်ဆုတ်သွားသောအခါ တပ်ရှစ်တပ်မှ စစ်သားတို့သည် "လွီပု"(Lu Bu) တပ်နောက်သို့ လိုက်တိုက်လေသည်။ ထိုတပ်၏ ထိပ်ဆုံးတွင်ကား "လျုဘေ့"(Liu Bei) တို့ ညီအစ်ကိုသုံးဦးပင် ဖြစ်သည်။

Comments

Popular posts from this blog

Lookism