သုံးနိုင်ငံခေတ်(၆)
အခန်း(၆) မြို့တော်ကို မီးရှို့ခြင်း။
"စွန်းကျန့်"(Sun Jian) ၏ သစ္စာပျက်ပြားခြင်း
"ကျန်းဖေး"(Zhang
Fei) သည် ရန်သူ့နောက်သို့ တရကြမ်းလိုက်သွားသော်လည်း ရန်သူ့ခံတပ်နားအရောက်တွင် ရန်သူတို့က
အပေါ်မှ မြားဖြင့်ပစ်ခြင်း၊ ကျောက်တုံးတို့တွန်းချခြင်းတို့ ကြောင့် ခံတပ်ကို မထိုးဖောက်နိုင်ပဲ
ပြန်လှည့်ခဲ့ရသည်။ ခေါင်းဆောင်ရှစ်ဦးတို့သည် စခန်းသို့ပြန်ရောက်ကြသောအခါ ညီနောင်သုံးဦးတို့၏
စွမ်းဆောင်မှုကို ဂုဏ်ပြုကြ၏။ ထို့နောက် စစ်ပွဲအောင်မြင်မှုသတင်းကို "ယွမ်ရှောက်"(Yuan
Shao) ထံ သတင်းပို့လိုက်ရာ "ယွမ်ရှောက်"(Yuan Shao) က "စွန်းကျန့်"(Sun
Jian) အား ချက်ချင်းပင် စစ်ချီစေသည်။
ထိုအခါ
"စွန်းကျန့်"(Sun Jian) သည် "ချန်ဖူ"(Cheng Fu) နှင့် "ဟွမ်ကိုင်"(Huang
Gai) တို့နှင့်အတူ "ယွမ်စု"(Yuan Shu) ၏ စစ်စခန်းသို့သွားလေသည်။ ထိုသို့ရောက်သော်
"စွန်းကျန့်"(Sun Jian) သည် တုတ်ဖြင့် မြေကြီးကို ထုလိုက်ကာ
"တုန်ကျိုး(Dong
Zhuo) နဲ့ ကျုပ်နဲ့က ဘာကိုယ်ရေးကိုယ်တာရန်ညှိုးမှ မရှိခဲ့ဘူး။ ဒါတောင် ကျုပ်က အသက်ကို
စွန့်ပြီး စစ်တိုက်ရတာ၊ ဒီလိုတိုက်တာဟာ တိုင်းပြည်ကြီးအတွက်လည်း ဖြစ်သလို ခင်ဗျားတို့
ယွမ်မိသားစုအကျိုးကြောင့်လည်း ပါတယ်။ ဒါကိုတောင် ကျုပ် စားနပ်ရိက္ခာပို့ခိုင်းတာကို
ခင်ဗျားက မပို့ဘူး၊ ဒါကြောင့် ကျုပ် စစ်ရှုံးခဲ့ရတာ၊ ဒီကိစ္စကို ဘယ်လိုများ ဖြေရှင်းမလဲ"
ဟု မေးလေသည်။
"ယွမ်စု"(Yuan
Shu) သည် ကြောက်ကြောက်လန့်လန့်ဖြင့် ပြောစရာစကားမရှိပဲ ဖြစ်နေ၏။ ထို့နောက် "စွန်းကျန့်"(Sun
Jian) ကျေနပ်စေရန်အလို့ငှာ "ယွမ်စု"(Yuan Shu) သည် ကုန်းတိုက်ခဲ့သောသူကို
သေဒဏ်ပေးစေလိုက်သည်။ ထိုအချိန်တွင်ပင် လူတစ်ဦးဝင်လာကာ "စွန်းကျန့်"(Sun
Jian) အား လူတစ်ယောက် ရှာနေကြောင်း ပြောသည်။
"စွန်းကျန့်"(Sun
Jian) လည်း သူ့စခန်းသူပြန်သွားသောအခါ သူ့ကို လာရှာသောလူကား "တုန်ကျိုး"(Dong
Zhuo) လက်အောက်မှ စစ်သူကြီး "လီကျွယ်"(Li Jue) ဖြစ်နေသည်။
"ခင်ဗျား
ဘာကိစ္စနဲ့ လာတာလဲ"
"ကျွန်တော်တို့သခင်ကြီးက
ခင်ဗျားကို အရမ်းလေးစားတာဗျ၊ ဒါကြောင့် ကျုပ်ကို ဒီကို လွှတ်ပြီး မဟာမိတ်ဖွဲ့စေတာ။ သူက
သူ့သမီးကို ခင်ဗျားသားနဲ့ လက်ဆက်စေပြီး မိသားစုနှစ်ခု ဆွေမျိုးတော်ချင်တာဗျ"
"ဘာ!
သူပုန် တုန်ကျိုး(Dong Zhuo) ကများ....ရာရာစစ....ဖြစ်နိုင်ရင် ကျုပ်က သူ့ကိုရော၊ သူ့ရဲ့
မျိုးဆက်ကိုးဆက်လုံးကိုပါ သတ်ချင်တာ၊ ဒါကို ခင်ဗျားက အမျိုးတော်ဖို့ ပြောတယ်။ ခင်ဗျားကို
သတ်ချင်ပေမယ့် မသတ်ပဲလွှတ်လိုက်မယ်။ ခင်ဗျား ကျုပ်ရှေ့က မြန်မြန်သာထွက်သွား၊ မဟုတ်ရင်
ခင်ဗျားကို သတ်ပြီး အရိုးကို အမှုန့်ကြိတ်ပြီးတော့ အသားကို နှုတ်နှုတ်စင်းမိလိမ့်မယ်"
"လီကျွယ်"(Li
Jue) သည်လည်း အလျင်အမြန်ပင် ထွက်သွားလေသည်။ ထို့နောက် သူ့သခင်ထံသွားကာ "စွန်းကျန့်"(Sun
Jian) က ရိုင်းပျစွာ ပြောလိုက်ကြောင်း ပြောသည်။ "တုန်ကျိုး"(Dong Zhuo) က
ဘာလုပ်သင့်သည်ကို "လီရု"(Li Ru) နှင့် တိုင်ပင်လေသည်။
"လီရု"(Li
Ru) : "လွှီပုရဲ့ စစ်ရှုံးမှုဟာ ကျွန်တော်တို့ စစ်တပ်တွေရဲ့ တိုက်ခိုက်လိုစိတ်ကို
လျော့နည်းသွားစေခဲ့တယ်၊ ဒါကြောင့် မြို့တော်ကို ပြန်ပြီး ဧကရာဇ်ကို ချန်အန်းကို ပြောင်းခိုင်းရင်
သင့်တော်မယ်၊ အခု လမ်းမှာ ကလေးတွေက ဒီလိုမျိုးကဗျာကို ဆိုနေကြတယ်
'အနောက်ဘက်မှ
ဟန်တိုင်းပြည်၊ အရှေ့ဘက်တွင်လည်း ဟန်တိုင်းပြည်
ချန်အန်းတွင်
ရှိသော ဘုရင်သည် ပူပင်စရာ မလိုတော့'
ဒီကဗျာကို
သေသေချာချာတွေးကြည့်မယ်ဆိုရင် လက်ရှိအဖြစ်အပျက်နဲ့ တိုက်ဆိုင်နေတာ တွေ့ရမယ်၊ ပထမစာကြောင်းရဲ့
အဓိပ္ပာယ်ကတော့ ဟန်ခေတ်ကို စတည်ခဲ့တဲ့ ဘုရင် လျူဘန်း(Liu Bang) ဟာ အနောက်ဘက်မှာရှိတဲ့
ချန်အန်းကို မြို့တော်အဖြစ်တည်ခဲ့တာ မင်းဆက်ဆယ့်နှစ်ဆက် ကြာခဲ့ပါတယ်၊ ကျန်စာကြောင်းတစ်ဝက်ကတော့
ဟန်ခေတ်မတည်ငြိမ်ခဲ့စဉ်က ပြန်တည်ငြိမ်အောင်လုပ်ခဲ့တဲ့ ဘုရင် လျူရှုပ်(Liu Xiu) ဟာ မြို့တော်ကို
လော့ရန်ပြောင်းခဲ့ပြီးနောက် လော့ရန်မှာ မင်းဆက်ဆယ့်နှစ်ဆက် ကြာခဲ့ပြန်တယ်၊ အခု သူပုန်တွေထကြွတာဟာ
ကောင်းကင်ဘုံက အစက ပြန်စစေဖို့ အခွင့်အရေးပေးလိုက်သလိုပဲ။ ဒါကြောင့် ချန်အန်းကို မြို့တော်အဖြစ်သတ်မှတ်လိုက်ရင်
ဘာမှ ပူပန်စရာရှိတော့မှာ မဟုတ်ဘူး"
"တုန်ကျိုး"(Dong
Zhuo) : "မင်းရှင်းပြမှပဲ ငါနားလည်တော့တယ်၊ အဲ့လိုမပြောရင် ဘာမှသိမှာမဟုတ်ဘူး"
ထို့နောက်
"တုန်ကျိုး"(Dong Zhuo) သည် "လွီပု"(Lu Bu) ကို ခေါ်ကာ လော့ရန်သို့ပြန်လေသည်။
ပြီးနောက် "တုန်ကျိုး"(Dong Zhuo) က မှူးကြီးမတ်ရာတို့ကို ခေါ်ကာ
"ဘုရင်တွေဟာ
လော့ရန်မှာ နှစ်ပေါင်းနှစ်ရာလောက် စံပြီးနောက် ဒီနေရာမှာ ဆက်နန်းစံဖို့ မသင့်လျော်တော့ဘူး၊
ဒါကြောင့် မြို့တော်ကို ချန်အန်းကို ပြောင်းကြရမယ်၊ အကုန်လုံးအထုတ်အပိုးပြင်ပြီး ခရီးထွက်ဖို့
ပြင်ကြပါ"
ထိုအခါ အတွင်းဝန်
"ရန်ပြောင်း"(Yang Biao) က
"ဒီဆုံးဖြတ်ချက်ကို
ပြန်သုံးသပ်ဖို့တောင်းဆိုပါတယ်၊ ချန်အန်းမှာရှိတဲ့ အဆောက်အဦးတွေက ပျက်စီးနေပါပြီ၊
ဒါကြောင့် ဒီလော့ရန်မှာရှိတဲ့ နန်းတော်တွေ၊ ဘုရင့်သင်္ချိုင်းတွေ စွန့်လွှတ်ပြီးသွားဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး၊ ပြည်သူလူထုတွေလည်း ရုတ်ရုတ်သဲသဲဖြစ်နိုင်တယ်၊ ပြည်သူတွေကို စိုးရိမ်ကြောင့်ကြအောင်လုပ်ဖို့လွယ်ပေမယ့်
စိတ်ချမ်းသာအောင် လုပ်ဆောင်ဖို့က ခက်တယ်။" ဟု ပြောသည်။
စစ်သူကြီးဖြစ်သူ
"ဟွမ်ဝမ်"(Huang Wan) ကလည်း
"ရှုပ်ထွေးတဲ့ခေတ်ကာလ(အေဒီ
၂၃-၂၅) တုန်းက "ဖန်ချုံး"(Fan Chong) နဲ့ တခြားသူပုန်တွေဟာ ဟာ ချန်အန်းကို
မီးရှို့ဖျက်စီးခဲ့ပြီးနောက် အဲ့နေရာမှာ နေတဲ့လူမရှိသလောက်ပဲ၊ ဒါကြောင့် ဒီမြို့တော်ကြီးကို
စွန့်ပြီး မြို့စုတ်လေးမှာ သွားနေဖို့ဆိုတာ မှားပါတယ်" ဟု ကန့်ကွက်လေသည်။
"တုန်ကျိုး"(Dong
Zhuo) : "ဒီမြို့ခံတပ်အရှေ့ဘက်မှာက ပုန်ကန်မှုတွေအမြောက်အများရှိတယ်၊ နောက်ပြီး
နိုင်ငံအနှံ့မှာ သူပုန်တွေထနေတယ်၊ ချန်အန်းမြို့ကိုတော့ ယောင်ဟန်တောင်နဲ့ ဟန်ကူခံတပ်တို့က
ကာရံထားတယ်၊ ဒါ့အပြင် အိမ်ဆောက်ပစ္စည်းတွေပေါတဲ့ လုံယိုနဲ့လည်း နီးတဲ့အတွက် လပိုင်းအနည်းငယ်အတွင်းမှာ
နန်းတော်တွေ၊ အိမ်တွေကို ပြန်ဆောက်နိုင်မှာပဲ၊ ဒါကြောင့် ဘယ်သူမှ ထပ်မကန့်ကွက်ကြနဲ့တော့"
သို့သော်လည်း
အလုပ်သမားဝန်ကြီးဖြစ်သော "ရွှင်းရွှမ်း"(Xun Shuang) သည် ပြည်သူလူထုကို စိတ်ဒုက္ခဖြစ်စေလိမ့်မည်ဟုဆိုကာ
ကန့်ကွက်လေသည်။ ထိုအခါ "တုန်ကျိုး"(Dong Zhuo) က
"တစ်တိုင်းပြည်လုံးအတွက်လုပ်တာ
ဘာလို့ လက်တစ်ဆုပ်စာလူလေးအတွက် ငဲ့ညှာနေရမှာလည်း" ဟု ပြန်ပြောသည်။
"တုန်ကျိုး"(Dong
Zhuo) သည် သူ၏ အိပ်ဆောင်အတွင်းဝင်ရန်သွားစဉ် အမတ်နှစ်ဦးကို တွေ့သည်။ ထိုသူတို့ကား
"ကျိုးပိ"(Zhou Bi) နှင့် "ဝူချုံ"(Wu Qiong) တို့ဖြစ်သည်။
"တုန်ကျိုး"(Dong Zhuo) က ဘာကိစ္စရှိသလဲဟု မေးရာ "ကျိုးပိ"(Zhou
Bi) က
"ကျွန်တော်တို့က
မြို့တော်ပြောင်းတာကို ကန့်ကွက်တဲ့အကြောင်း ပြောမလို့ လာတာပါ" ဟု ပြောသည်။ ထိုအခါ
"တုန်ကျိုး"(Dong Zhuo) သည်
"အရင်က
မင်းတို့ ငါ့ကို ပြောလို့ ငါ ယွမ်ရှောက်(Yuan Shao) ကို အပြစ်မပေးပဲ ရာထူးတောင် ပေးခဲ့တာ၊
အခုတော့ သူက ပုန်ကန်ပြီ၊ မင်းတို့လည်း သူနဲ့ အလိုတူကြံရာပါပဲ ဖြစ်ရမယ်" ဟု ဆိုပြီး
အစောင့်တို့ကို ခေါ်ကာ ဆွဲထုတ်စေ၍ သတ်စေသည်။ ထို့နောက် မြို့တော်ပြောင်းမည်ဆိုသောအမိန့်ကို
ချက်ချင်းထုတ်ပြန်စေသည်။
"လီရု"(Li
Ru) မှ "တုန်ကျိုး"(Dong Zhuo) အား
"ကျွန်တော်တို့
အခု ပိုက်ဆံနဲ့ အစားအစာတွေ နည်းနေတယ်၊ ဒီလော့ရန်မှာ သူဌေးတွေအများကြီးရှိတယ်၊ ဒါကြောင့်
သူတို့ဆီက ပစ္စည်းဥစ္စာတွေယူစေပြီး ဒါက သူပုန်တွေ လက်ချက်လို့ ဝါဒဖြန့်လိုက်ရင် အတော်ပဲ"
ဟု ပြောသည်။
သို့နှင့်
"တုန်ကျိုး"(Dong Zhuo) သည် စစ်သားငါးထောင်ကို ရန်သူတပ်၏ စေလွှတ်ကာ အဆောင်အယောင်၊အလံတို့ကိုကိုင်စေလျက်
လော့ရန်ရှိ သူဌေးသူကြွယ်တို့အား သတ်စေပြီး စည်းစိမ်ဥစ္စာတို့ကို အဓမ္မယူလေ၏။ ထို့နောက်
"တုန်ကျိုး"(Dong Zhuo) ၏ စစ်သူကြီးနှစ်ဦးဖြစ်သည့် "လီကျွယ်"(Li
Jue) နှင့် "ကော်စီ"(Guo Si) တို့သည် လူတို့ကို ဖမ်းဆီးကာ ချန်အန်းသို့ ခေါ်ဆောင်သွားလေသည်။
အမျိုးသမီးတို့ကိုမူ အဓမ္မပြုကျင့်ကြသည်။ လမ်းတွင် များစွာသောလူတို့ သေကြလေသည်။
လော့ရန်မြို့မှ
မထွက်ခွာခင် "တုန်ကျိုး"(Dong Zhuo) ၏ နောက်ဆုံးအမိန့်သည်ကား တစ်မြို့လုံးရှိ
အိမ်၊ နန်းတော်၊ ဘုံကျောင်း ရှိရှိသမျှတို့ကို မီးရှို့ဖျက်စီးစေခဲ့ခြင်းပင်ဖြစ်သည်။
အရာအားလုံးတို့ကို မီးတောက်ကြီးက မြိုသွားခဲ့လေပြီ။ တစ်ချိန်ကစည်ကားခဲ့သော မြို့တော်ကြီးကားပြာပုံကြီး
ဖြစ်ခဲ့ပြီ။
ထို့အပြင်
"တုန်ကျိုး"(Dong Zhuo) သည် "လွီပု"(Lu Bu) အား ရှေးဘုရင်တို့၏
အုတ်ဂူကို ဖောက်စေကာ မြှုပ်နှံထားသောရွှေ၊ငွေ၊ရတနာတို့ကို ယူစေ၏။ သာမန်စစ်သားတို့ကလည်း
သူကြွယ်တို့၏အုတ်ဂူတို့ကို တူးပြီး ရတနာများ ယူကြသည်။ သို့နှင့် "တုန်ကျိုး"(Dong
Zhuo) သည် ချန်အန်းသို့ ထွက်ခွာသွားခဲ့သည်။ (အေဒီ ၁၉၀)
လော့ရန်ကို
စွန့်ခွာသွားကြသောအခါ စီမြစ်ကမ်းခံတပ်ကို ကာကွယ်နေသော စစ်သူကြီး "ကျိုးချန်"(Zhuo
Cen) ကလည်း ထိုခံတပ်မှ တပ်ဆုတ်သွားလေရာ ထိုခံတပ်ကို "စွန်းကျန့်"(Sun
Jian) က သိမ်းယူလိုက်သည်။ "လျူဘေ့"(Liu Bei) နှင့် သူ့ညီတို့ကလည်း ဟူလောင်ခံတပ်ကို
သိမ်းလိုက်လေသည်။
"စွန်းကျန့်"(Sun
Jian) သည် မြို့တော်ဟောင်းသို့ အလျင်အမြန်သွားသော်လည်း သူရောက်သွားသောအခါ မြို့တော်ကား
မီးခိုးတလူလူနှင့် ဖြစ်နေခဲ့သည်။ လူပင်မဆိုထားနှင့်၊ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှ
မရှိတော့။ "စွန်းကျန့်"(Sun Jian) သည် စစ်သားတို့အား မီးကို ငြိမ်းသက်စေသည်။
ထို့နောက် မဟာမိတ်တပ်ပေါင်းစု၏ ခေါင်းဆောင်အသီးသီးတို့သည် နေရာယူစခန်းချကြသည်။
"ချောင်ချောင်း"(Cao
Cao) သည် "ယွမ်ရှောက်"(Yuan Shao) ဆီသွားကာ
"တုန်ကျိုး(Dong
Zhuo) က အနောက်ဘက်ကို ပြေးသွားပြီ၊ အခုကျွန်တော်တို့လည်း သူ့နောက်လိုက်ပြီး တိုက်ရမယ်၊
ဘာလို့ မတိုက်ပဲ ဒီမှာ ငြိမ်နေကြတာလဲ" ဟု မေး၏။
"စစ်သူကြီးတွေကော၊
စစ်သားတွေပါ ပန်းနေကြပြီ၊ အခုသွားတိုက်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး"
"တုန်ကျိုး(Dong
Zhuo) က နန်းတော်ကြီးကို မီးရှို့ပြီး ဘုရင်ကို ဖမ်းသွားပြီ၊ ပြည်သူလူထုတွေကလည်း ဘယ်သူ့ကို
ယုံကြည်ကိုးစားရမှန်းမသိတော့ဘူး၊ ဒါကြောင့် သစ္စာဖောက် တုန်ကျိုး(Dong Zhuo) နောက်ကို
လိုက်ပြီး သတ်နိုင်လိုက်ရင် ပြည်သူရဲ့ အားပေးမှုကို ရနိုင်တယ်"
သို့သော်လည်း
အခြားသော် ခေါင်းဆောင်တို့က စစ်ကို ထပ်မရှည်ချင်ကြတော့။ ထိုအခါ "ချောင်ချောင်း"(Cao
Cao) က
"အသုံးမကျတဲ့လူတွေနဲ့
ကိစ္စကြီးကို ဆွေးနွေးနေလည်း အလကားပဲ" ဟု ပြောကာ ထွက်သွားလေသည်။
ထို့နောက်
သူ၏ စစ်သူကြီးခြောက်ဦးဖြစ်သော "ရှဟိုတွန်း"(Xiahou Dun) ၊ "ရှဟိုယွမ်"(Xiahou
Yuan) ၊ "ချောင်ရန်"(Cao Ren) ၊ "ချောင်ဟုန်"(Cao Hong) ၊
"လီတျန်"(Li Dian) နှင့် "ယွဲကျင်း"(Yue Jing) တို့ကို ခေါ်ကာ စစ်သားတစ်သောင်းကို
ဦးဆောင်ပြီး "တုန်ကျိုး"(Dong Zhuo) နောက်ကို လိုက်လေ၏။
"တုန်ကျိုး"(Dong
Zhuo) သည် လမ်းခုလပ် ယင်းယန်သို့ သို့ရောက်သောအခါ မြို့စား "ရွှီရုံ"(Xu
Rong) က ကြိုဆိုလေသည်။ "လီရု"(Li Ru) က "တုန်ကျိုး"(Dong
Zhuo) အား
"ကျွန်တော်တို့နောက်ကို
ရန်သူတွေလိုက်နိုင်လာခြေရှိတယ်၊ ဒါကြောင့် ဒီမြို့စားကို ဒီနားတစ်ဝိုက်မှာ တိတ်တဆိတ်စောင့်ပြီး
ရန်သူလာရင် တိုက်ခိုင်းရမယ်။ ပြီးတော့ သူတို့ ထွက်မပြေးနိုင်အောင် လုပ်ရမယ်၊ ဒါဆို
တခြားတပ်တွေလည်း လိုက်လာရဲတော့မှာ မဟုတ်ဘူး" ဟု ပြောသည်။
ထိုအခါ
"တုန်ကျိုး"(Dong Zhuo) သည် "လွီပု"(Lu Bu) အား နောက်တန်းတွင်
နေခိုင်းခဲ့ပြီး စောင့်ကြပ်စေသည်။ များမကြာမီပင် "ချောင်ချောင်း"(Cao
Cao) ၏ စစ်တပ် ရောက်လာသည်ကို မြင်သောအခါ "လွီပု"(Lu Bu) က "လီရု"(Li
Ru) အကွက်ကျော်မြင်တတ်သည်ကို သဘောကျပြီး ရယ်လေသည်။ ထို့နောက် "ချောင်ချောင်း"(Cao
Cao) နှင့် တိုက်ရန်ပြင်သည်။
"ချောင်ချောင်း"(Cao
Cao) သည် အရှေ့သို့ ထွက်လာကာ
"သူပုန်တွေ၊
ပြန်ပေးဆွဲသမားတွေ၊ ပြည်သူတွေကို ညှင်းဆဲတဲ့သူတွေ၊ ဘယ်သွားမလို့တုန်း" ဟု အော်ပြောသည်။
"လွီပု"(Lu
Bu) က
"သစ္စာဖောက်ကများ၊
ဘာတွေလာပြောနေတာတုန်း" ဟု ပြန်ပြော၏။
"ချောင်ချောင်း"(Cao
Cao) ၏ တပ်ဘက်မှ "ရှဟိုတွန်း"(Xiahou Dun) ထွက်လာကာ "လွီပု"(Lu
Bu) နှင့် တိုက်သည်။ တိုက်၍သိပ်ပင် မကြာလိုက်၊ "လီရု"(Li Ru) ဦးဆောင်သောတပ်က
ဝင်လာပြီး "ချောင်ချောင်း"(Cao Cao) တို့ကို တိုက်လေ၏။ ထို့အပြင် "လွီပု"(Lu
Bu) ဘက်မှ "ကော်စီ"(Guo Si) ၏ တပ်ဝင်ရောက်လာပြန်ကာ "ချောင်ရန်"(Cao
Ren) နှင့် တိုက်သည်။ သုံးဘက်သုံးတန်မှ အတိုက်ခံရသဖြင့် "ချောင်ချောင်း"(Cao
Cao) ၏ စစ်တပ်မှာ အင်အားမမျှဖြစ်ကာ တပ်ဆုတ်ရလေ၏။ "ချောင်ချောင်း"(Cao
Cao) ၏ တပ်သည် ယင်းရန်ဘက်သို့ ဆုတ်လေသည်။
"ချောင်ချောင်း"(Cao
Cao) တပ်သည် တောင်တစ်တောင်၏ တောင်ခြေအနီးသို့ရောက်သောအခါ ညနှစ်ချက်တီးခန့်ရှိပြီ။ ထိုအနီးအနား၌ပင်
စခန်းချကာ စားသောက်ရန်ပြင်ကြ၏။ သို့သော်လည်း အသင့်စောင့်နေသော "ရွှီရုံ"(Xu
Rong) ၏ တပ်ဝင်လာကာ တိုက်ခိုက်လေသည်။ "ချောင်ချောင်း"(Cao Cao) သည် အလျင်အမြန်ပင်
မြင်းစီးကာ ထွက်ပြေးသော်လည်း "ရွှီရုံ"(Xu Rong) နှင့် တည့်တည့်တိုးသည်။ သို့နှင့်
တခြားတစ်ဖက်သို့လှည့်ရှောင်သော်လည်း "ရွှီရုံ"(Xu Rong) က မြားဖြင့်ပစ်ရာ
"ချောင်ချောင်း"(Cao Cao) ၏ ပုခုံးကို ထိမှန်သည်။ "ချောင်ချောင်း"(Cao
Cao) မှာ စိုက်နေသောမြားကို မနှုတ်အား၊ အသက်ဘေးမှလွတ်ရန် မြင်းဖြင့် တရကြမ်းပြေးလေသည်။
တောင်ကိုကျော်သွားသောအခါ မြက်ရိုင်းကြားတွင် ပုန်းနေသော စစ်သားနှစ်ဦးသည် ရုတ်တရတ်ထွက်လာပြီး
"ချောင်ချောင်း"(Cao Cao) ၏ မြင်းကို ဒဏ်ရာရအောင်လုပ်လိုက်သဖြင့် "ချောင်ချောင်း"(Cao
Cao) မြင်းပေါ်မှ ကျလေ၏။ မြင်းပေါ်မှ ကျလာသော "ချောင်ချောင်း"(Cao Cao) ကို
စစ်သားတို့က ဝန်းရံကာ ဖမ်းလိုက်သည်။
ထိုအခိုက်မှာပင်
ဓားကိုင်၍မြင်းစီးလာသောလူတစ်ဦးသည် ထိုစစ်သားတို့ကို သတ်ကာ "ချောင်ချောင်း"(Cao
Cao) ကို ကယ်လိုက်သည်။ ထိုသူကား "ချောင်ဟုန်"(Cao Hong) ပင်တည်း။ "ချောင်ချောင်း"(Cao
Cao) မှ အောက်ပါအတိုင်းပြောသည်။
"ငါ့ညီရေ၊
ငါတို့ မရတော့ဘူး၊ ငါ့ကိုထားခဲ့ပြီး မင်းအသက်လွတ်အောင်သာ ပြေးပေတော့"
"သခင်ကြီး၊
ကျွန်တော့် မြင်းကို စီးပြီးပြေးပါ၊ ကျွန်တော်က ခြေလျင်သွားမယ်"
"ရန်သူ့တပ်တွေလာရင်
မင်းဘယ်လိုလုပ်မလည်း"
"လောကကြီးမှာ
ချောင်ဟုန်(Cao Hong) ဆိုတဲ့ ကျွန်တော်မျိုးမရှိလည်း ဘာမှမဖြစ်ပေမယ့် သခင်ကြီးမရှိလို့တော့
မဖြစ်ဘူး"
"အကယ်၍
ငါ မသေခဲ့ရင် မင်းရဲ့ ကျေးဇူးကို မမေ့ဘူး"
သို့နှင့်
"ချောင်ချောင်း"(Cao Cao) သည် မြင်းစီးကာ ပြေးသည်။ "ချောင်ဟုန်"(Cao
Hong) ကလည်း သံချပ်ကာတို့ကို ချွတ်ကာ မြင်းနောက်မှ လိုက်လေသည်။ နံနက်လေးနာရီခန့်တွင်
ထိုသူနှစ်ဦးတို့သည် ရေစီးသန်သော ချောင်းအနီးသို့ ရောက်သည်။ ထိုအခိုက်မှာပင် ရန်သူတို့လည်း
ပေါ်လာသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) က
"ငါတော့
သွားပြီ၊ ဒါက ငါ့ကံပဲ" ဟု ပြောလေသည်။
"ချောင်ဟုန်"(Cao
Hong) ကား "ချောင်ချောင်း"(Cao Cao) ကို မြင်းပေါ်မှ ဆင်းစေပြီး ကုန်းပိုးကာ
ချောင်းကို ဖြတ်လေ၏။ ရန်သူ့စစ်သားတို့သည် တစ်ဖက်မှနေ၍ မြားတို့ဖြင့် ပစ်ခတ်လေသည်။ ကံသီစွာဖြင့်
မြားတို့က သူတို့ကို မထိ။ အရုဏ်တက်တော့မည်၊ သူတို့နှစ်ဦးသည်ကား နောက်ဆယ်မိုင်ခန့်ခရီးဆက်ကာ
ချောက်ကမ်းပါးတစ်ခုနားအရောက်ဝယ် အနားယူကြသည်။ ထိုအချိန်တွင်ပင် "ရွှီရုံ"(Xu
Rong) သည်လည်း သူ၏ စစ်တပ်တို့နှင့်အတူရောက်လာကာ "ချောင်ချောင်း"(Cao
Cao) တို့ကို ဝန်းရံရန် ဟန်ပြင်သည်။ ထိုအခိုက်မှာပင် "ငါ့သခင်ကို မထိနဲ့"
ဟူသော အသံနှင့်အတူ "ရှဟိုတွန်း"(Xiahou Dun) ပေါ်လာသည်၊ "ရှဟိုတွန်း"(Xiahou
Dun) သည် "ရွှီရုံ"(Xu Rong) ကို သတ်လိုက်ရာ "ရွှီရုံ"(Xu Rong)
၏ တပ်သားတို့သည်လည်း ထွက်ပြေးသွားလေ၏။ သူတို့သည် ကျန်ရစ်သော စစ်သားလေး ငါးရာလောက်နှင့်
လော့ရန်သို့ပြန်လေသည်။
"စွန်းကျန့်"(Sun
Jian) သည် လော့ရန်မြို့တွင် မီးငြိမ်းသတ်ပြီးသောအခါ မြို့အတွင်းတွင် စခန်းချလေသည်။
ထိုညဝယ် "စွန်းကျန့်"(Sun Jian) သည် နဂါးကြယ်စု(Draco Constellation) ကိုကြည့်ကာ
"ဘုရင်ရဲ့ကြယ်က
မှေးမှိန်နေတာကိုး၊ ဒါကြောင့် အကျင့်မကောင်းတဲ့ဝန်ကြီးတက်လာပြီး သူ့လက်ချက်ကြောင့်
လူတွေလည်း အိုးမဲ့အိမ်မဲ့ဖြစ်၊ မြို့တော်လည်း ပြာပုံဖြစ်နေပြီ" ဟု တစ်ဦးတည်း
ရေရွတ်ညည်းတွားသည်။ တိုင်းပြည်အတွက် ယူကျုံးမရဖြစ်ကာ မျက်ရည်ကျသည်။
ထိုအချိန်တွင်ပင်
စစ်သားတစ်ဦးဝင်လာပြီး ရေတွင်းပျက်တစ်ခုထဲမှ တောက်ပသောအရောင်များထွက်နေကြောင်း သတင်းလာပို့သည်။
ထိုအခါ
"စွန်းကျန့်"(Sun Jian) သည် သူ့လူအချို့ကို မီးတုတ်ကိုင်စေ၍ ရေတွင်းထဲသို့
ဆင်းကြည့်စေသည်။ မကြာမီပင် ရေတွင်းထဲမှ အမျိုးသမီးတစ်ဦး၏ အလောင်းကို ဆယ်ထုတ်လာသည်။
ထိုအမျိုးသမီးသေဆုံးခဲ့သည်မှာ ရက်ပေါင်းများစွာကြာခဲ့ပုံဖြစ်သဖြင့် ပုတ်ပွနေချေပြီ။
ထိုအလောင်း၏ လည်ပင်းတွင် အထုတ်တစ်ခု ချိတ်ဆွဲထားသည်။ ထိုအထုတ်ထဲဝယ် အနီရောင်သေတ္တာလေးတစ်လုံးတွေ့သည်။
ထိုသေတ္တာလေးကို ဖွင့်သော်အခါ အထဲတွင် တံဆိပ်တုံးကို တွေ့သည်။ ထိုတံဆိပ်တုံးကား ကျောက်စိမ်းဖြင့်ပြုလုပ်ထားပြီး
ထိပ်တွင် နဂါးငါးကောင် ရစ်ပတ်နေဟန် ထုထွင်းထားသည်။ အောက်ဘက်ထောင့်တစ်နေရာတွင်မူ ရွှေဖြင့်
ကွပ်ထားသည်။ တံဆိပ်တုံးမျက်နှာပြင်တွင် စာလုံးရှစ်လုံးထွင်းထားပြီး ထိုစာလုံး၏အဓိပ္ပာယ်မှာ
အောက်ပါအတိုင်းဖြစ်သည်။
"ငါသည်ကား
ကောင်းကင်ဘုံ၏ အမိန့်တော်ကို ရရှိသူဖြစ်သည်။ ငါ၏ အချိန်သည် ကြာရှည်ပြီး စည်ပင်ပါစေ။"
"စွန်းကျန့်"(Sun
Jian) သည် ထိုအရာကို သူ၏ စစ်သူကြီးလည်းဖြစ်၊ အကြံပေးလည်းဖြစ်သော "ချန်ဖူ"(Cheng
Pu) ကို ပြရာမှ ဧကရာဇ်၏ ဘုရင့်အမိန့်တံဆိပ်တုံးဖြစ်မှန်းသည်လေ၏။
"ချန်ဖူ"(Cheng
Pu) : "ဒီတံဆိပ်တုံးက သူ့သမိုင်းရှိတယ်ဗျ၊ ဟိုးအရင်တုန်းက ပျန်းဟဲ(Bian He) ဆိုတဲ့လူဟာ
ကျင်းတောင်ပေါ်တက်တော့ ကျောက်တုံးတစ်တုံးတွေ့ပြီး အဲ့ကျောက်တုံးကို ချူးနိုင်ငံဘုရင်ကို
ဆက်သခဲ့တယ်၊ ဘုရင်က အဲ့ကျောက်တုံးကို ခွဲလိုက်တဲ့အခါ အထဲက ကျောက်စိမ်းထွက်လာခဲ့တယ်၊
နောက်ပိုင်း အဲ့ကျောက်စိမ်းက ချင်နိုင်ငံကို ရောက်သွားခဲ့ပြီး ချင်ဘုရင် ရှီဟွမ်းတီရဲ့
ဝန်ကြီးချုပ် လီစီ(Li Si) က အဲ့ကျောက်စိမ်းကို သုံးပြီးတော့ တံဆိပ်တုံးလုပ်စေခဲ့တယ်။
နှစ်နှစ်အကြာမှာ ချင်ဘုရင်က တုန်းထင်ရေအိုင်ကို သွားတော့ အဲ့မှာ မုန်တိုင်းတိုက်တယ်၊
အဲ့ဒါနဲ့ ဘုရင်က နတ်တွေကို ပူဇော်တဲ့အနေနဲ့ တံဆိပ်တုံးကို ရေထဲပစ်ချလိုက်တာ မုန်တိုင်းက
ချက်ချင်းရပ်သွားတယ်လို့ဆိုကြတယ်၊ ဆယ်နှစ်အကြာမှာ ဘုရင်က ဟွာရင်းကို ရောက်တော့ အဘိုးအိုတစ်ဦးက
ဘုရင့်အစောင့်တစ်ဦးကို တံဆိပ်တုံးလာပေးပြီး ပျောက်သွားတယ် လို့ ပြောကြတယ်။ ဒီလိုနဲ့
တံဆိပ်တုံးက ချင်ကို ပြန်ရောက်လာခဲ့တယ်။
နောက်ပိုင်းမှာ ချင်ဘုရင်ရဲ့ မြေးက အဲ့တံဆိပ်တုံးကို
ဟန်တိုင်းပြည်ကို တည်ထောင်တဲ့ဘုရင်ဖြစ်တဲ့ လျူဘန်း(Liu Bang) ကို ပေးခဲ့တယ်၊ နှစ်နှစ်ရာကြာပြီးနောက်
သူပုန်တွေထတဲ့အချိန် - နောက်ပိုင်း သူပုန်တွေကို ဖမ်းမိတော့ ဘုရင့်မယ်တော်က သူပုန်ကို
အဲ့ကျောက်စိမ်းတံဆိပ်တုံးနဲ့ ပေါက်ရာမှာ တံဆိပ်တုံးပဲ့သွားပြီး ရွှေနဲ့ ပြန်ကွပ်ခဲ့ရတယ်။
ဒီလိုနဲ့ အဲ့တံဆိပ်တုံးကို ဘုရင်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တာ အရင်ဘုရင်လက်ထက်တိုင်အောင်ပါပဲ။
ကျွန်တော်သိရသလောက်တော့
အရင် ကုန်းကုန်းတွေအရေးအခင်းတုန်းက အဲ့တံဆိပ်တုံး ပျောက်ခဲ့တယ်၊ အခုတော့ သခင်ကြီးနဲ့
ထိုက်တန်လို့ ဒီတံဆိပ်တုံးကို ရတာဖြစ်တယ်၊ ဒါကြောင့် ဒီမြောက်ပိုင်းမှာ မနေပဲ ရန်စီမြစ်ရဲ့
တောင်ဘက်မှာရှိတဲ့ ချန်ဆားကိုသာ အမြန်ပြန်ပါတော့"
"စွန်းကျန့်"(Sun
Jian) : "ငါလည်း အဲ့လိုပဲ တွေးနေတာ၊ မနက်ဖြန်ကျရင် နေမကောင်းဘူးလို့ အကြောင်းပြပြီး
ပြန်မယ်"
ထိုသူနှစ်ဦးတို့ပြောကြသည်ကို
စစ်သားအချို့သိကြသည်။ ထိုစစ်သားတို့အနက် တစ်ဦးသည် ဤသည်ကား အခွင့်ကောင်းဟုထင်ကာ
"ယွမ်ရှောက်"(Yuan Shao) ကို သွားပြောလေရာ ဆုကြေးငွေပေးခြင်းခံရ၏ ။ ထို့နောက်
"ယွမ်ရှောက်"(Yuan Shao) သည် ထိုသူကို သူ့စခန်းအတွင်းဝယ် ခေါ်ထားလိုက်သည်။
နောက်တစ်နေ့ဝယ်
"စွန်းကျန့်"(Sun Jian) သည်
"ယွမ်ရှောက်"(Yuan Shao) ထံလာကာ အောက်ပါအတိုင်း ဆိုသည်။
"ကျွန်တော်
နေမကောင်းလို့ ချန်ဆားကို ပြန်ခွင့်ပြုပါ"
"ဟားဟား....ခင်ဗျားရောဂါကို
ကျုပ်သိတယ်၊ ရောဂါနာမည်က ဘုရင့်တံဆိပ်တော်လို့ ခေါ်တယ်မလား"
ထိုစကားသည်
"စွန်းကျန့်"(Sun Jian) ကို လန့်သွားစေသော်လည်း
ဣနြေ္ဒဆည်လိုက်ကာ
"ဘာလို့
ဒီလိုပြောရတာတုန်း"
"စစ်တပ်ဆိုတာ
တိုင်းပြည်ကို ကာကွယ်ဖို့ပဲ၊ တံဆိပ်တော်က တိုင်းပြည်ကြီးနဲ့ သက်ဆိုင်တယ်၊ ဒါကြောင့်
ရခဲ့ရင်တောင် ခေါင်းဆောင်ဖြစ်တဲ့ ကျုပ်လက်ထဲအပ်ရမယ်မဟုတ်လား၊ ဒါမှ တုန်ကျိုး(Dong
Zhuo) ကို ရှင်းပြီးသွားရင် အဲ့တံဆိပ်တုံးကို ဘုရင်မင်းမြတ်ကို ပြန်ဆက်သရမယ်လေ၊ ခင်ဗျားက
ဘာလို့ ဖွက်ပြီး ပြေးဖို့ ပြင်နေရတာတုန်း"
"တံဆိပ်တုံးက
ဘယ်လိုလုပ် ကျွန်တော့်လက်ထဲ ရောက်နိုင်ရပါ့မလဲ"
"ကျုပ်ကြားသလောက်ကတော့
ရေတွင်းထဲက ရတယ်ဆို"
"ကျွန်တော့်ဆီမှာ
တကယ်မရှိပါဘူး၊ ဘာလို့ အတင်းစစ်နေရတာလဲ"
"ပေးရင်ပေး၊
မပေးရင် ခင်ဗျားအတွက် ကောင်းကျိုးမရှိဘူး"
ထိုအခါ
"စွန်းကျန့်"(Sun Jian) သည် ကောင်းကင်ပေါ်သို့
လက်ညှိုးညွှန်ကာ
"အကယ်၍
ထိုတံဆိပ်တုံးသည် ကျွန်ုပ်ဆီမှာ ရှိပြီး ဖွက်ထားခဲ့သော် ကျွန်ုပ်၏ ဇာတ်သိမ်းမကောင်းပါစေနှင့်"
ဟု ကျိန်ဆိုသည်။ ထိုအခါ အခြားသောခေါင်းဆောင်တို့ကလည်း ဤသို့သစ္စာဆိုလျှင် "စွန်းကျန့်"(Sun
Jian) ယူထားမည်မှာ မဖြစ်နိုင်ကြောင်းပြောကြသည်။
ထိုအခါ
"ယွမ်ရှောက်"(Yuan Shao) က သူ့ကို သတင်းလာပေးသော စစ်သားကို ခေါ်စေပြီး
"ခင်ဗျား
အဲ့တံဆိပ်တုံးကို ရေတွင်းထဲက ထုတ်တုန်းက ဒီလူလည်း ရှိတယ်မဟုတ်လား" ဟု မေးသည်။
ထိုအခါ
"စွန်းကျန့်"(Sun Jian) သည် ဒေါသထွက်ကာ ရှေ့သို့ထွက်လာပြီး ထိုစစ်သားကို
သတ်မည်ပြုသည်။ သို့သော်လည်း "ယွမ်ရှောက်"(Yuan Shao) က ဓားကိုဆွဲလိုက်ပြီး
"ခင်ဗျား
အဲ့စစ်သားကို တစ်ခုခုလုပ်ရင် ကျုပ်ကို ထိပါးသလိုပဲ" ဟု ဆိုသည်။
"စွန်းကျန့်"(Sun
Jian) ၏ နောက်တွင် စစ်သူကြီး "ချန်ဖူ"(Cheng Pu) ၊ "ဟွမ်ကိုင်"(Huang
Gai) နှင့် "ဟန်တန်"(Han Dang) တို့ ရှိနေပြီး "ယွမ်ရှောက်"(Yuan
Shao) နောက်ရှိ "ရန်လျန်"(Yan Liang) နှင့် "ဝင်ချို"(Wen
Chou) တို့ကလည်း တိုက်ရန်အသင့် ပြင်ထားသည်။ သို့သော်လည်း အခြားသော ခေါင်းဆောင်တို့က
အချိန်မီဝင်ဖျန်ဖြေကြရာ ရန်ပွဲမဖြစ်တော့ချေ။ သို့နှင့် "စွန်းကျန့်"(Sun
Jian) လည်း သူ့ဒေသဆီသို့ ပြန်သွားလေ၏။
"ယွမ်ရှောက်"(Yuan
Shao) ကား မကျေနပ်သေးချေ။ ကျင်ကျိုးနယ်စား "လျူပြောင်း"(Liu Biao) ထံ စာပို့ကာ
"စွန်းကျန့်"(Sun Jian) ပြန်ရာလမ်းတွင် တားစေပြီး တံဆိပ်တုံးကို ယူစေသည်။
ထိုအချိန်၌ပင်
"ချောင်ချောင်း"(Cao Cao) ၏ စစ်ရှုံးမှုသတင်းရောက်လာသည်။ ထိုအခါ "ယွမ်ရှောက်"(Yuan
Shao) သည် လူအချို့ကို လွှတ်ကာ ကြိုဆိုစေသည်။ ထို့ပြင် "ချောင်ချောင်း"(Cao
Cao) ကို နှစ်သိမ့်ရန်အတွက် စားသောက်ပွဲများပါ ပြင်ထားစေသည်။ ထိုစားပွဲဝယ် "ချောင်ချောင်း"(Cao
Cao) သည် ဝမ်းနည်းစွာဖြင့် အခြားသော ခေါင်းဆောင်များကို အောက်ပါအတိုင်းပြောသည်။
"ကျွန်တော့်ရဲ့
ရည်ရွယ်ချက်က ပြည်သူတွေအတွက်ပဲဗျ၊ အကယ်၍ လူကြီးမင်းတို့သာ ကူမယ်ဆို အကြံအောင်မှာ အမှန်ပဲ။
ကျွန်တော့်အစီအစဉ်က ယွမ်ရှောက်(Yuan Shao) ရဲ့တပ်က "မုန့်ချင်း"(Meng
Ching) ကို သိမ်း၊ ကျွန်တော့်တပ်က ချန်ကောင်ကို သိမ်း၊ပြီးတော့ တခြားတပ်တွေက စွမ်းကျောက်(Suanzao)
ကို ဝန်းရံ၊ "ယွမ်စု"(Yuan Shu) တပ်က တန်ရှီနဲ့ ရှီလင်တို့ကို သိမ်းပြီး
ဝူခံတပ်ကို တိုက်၊ ပြီးရင်တပ်တွေက ကိုယ့်နေရာမှာ ကိုယ်တပ်စွဲပြီး တိုက်စရာတောင်လိုမှာ
မဟုတ်ဘူး။ အဲ့လိုသာဆို ဒီမဟာမိတ်တပ်ရဲ့ အင်အားကြီးတာကို ရန်သူကို ပြနိုင်မှာ အမှန်ပဲ။
ဒါဆိုရင် တခြားလူတွေလည်း တုန်ကျိုး(Dong Zhuo) ကို တိုက်ဖို့ ကျွန်တော်တို့ဘက်က ပါလာရင်
အောင်နိုင်မှုဆိုတာ ကျွန်တော်တို့အတွက်ပဲပေါ့။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် မယုံကြည်မှုတွေ၊
တာဝန်မယူမှုတွေကြောင့် ဒီလိုရှုံးရတာ ကျွန်တော်အရှက်ရလို့ မဆုံးဘူး။"
သို့သော်လည်း
အခြားသော နယ်စားတို့က မည်သို့မှ ပြန်မပြောကြချေ။ ထိုအခါ "ချောင်ချောင်း'(Cao
Cao) သည် ယုံကြည်မှုကင်းမဲ့လေပြီဟုသိကာ သူ့စစ်တပ်တို့ကို ဦးဆောင်ပြီး ရန်ကျိုးသို့သွားလေသည်။
ရန်ကျိုးနယ်စား
"လျူတိုက်"(Liu Dai) သည် တုန်းကျွင်းမြို့စား "ချောင်မောင်"(Qiao
Mao) ထံမှ ဆန်စပါးတို့ကို ချေးငှားရာ မပေးသဖြင့် သတ်လိုက်ကာ စစ်တပ်တို့ကိုလည်း ယူလိုက်သည်။
"ယွမ်ရှောက်"(Yuan Shao) သည်လည်း မဟာမိတ်တပ်စုပြိုကွဲတော့မည်ကို သိသဖြင့်
အရှေ့ဘက်သို့ ထွက်သွားလေသည်။
"စွန်းကျန့်"(Sun
Jian) သည် အပြန်လမ်းတွင် ကျင်ကျိုးပြည်နယ်ကို ဖြတ်ရသည်။ ကျင်ကျိုးနယ်စား "လျူပြောင်း"(Liu
Biao) သည်ကား မင်းဆွေမင်းမျိုးဖြစ်ကာ ရှန်ရန်မြို့ဇာတိဖြစ်သည်။ သူသည် ငယ်ရွယ်စဉ်ကတည်းကပင်
နာမည်ကြီးပုဂ္ဂိုလ်တို့နှင့် ရင်းနှီးခဲ့သည်။ သူနှင့် သူ၏ အဆိုပါမိတ်ဆွေတို့ကို ဉာဏ်ပညာကြီးသူရှစ်ဦးဟု
တင်စားခေါ်ဝေါ်ကြသည်။ အခြား ခုနှစ်ဦးတို့ကား
၁။ ရုနန်မှ
"ချန်ရှန်"(Chen Xiang)
၂။ ရုနန်မှ
"ဖန်ပန်"(Fan Pang)
၃။ လွီထင်မှ
"ခုံးယွီ"(Kong Yu)
၎။ ဘိုဟိုင်မှ
"ဖန်ခန်"(Fan Kang)
၅။ ရှန်ရန်မှ
"တန်ဖူ"(Tan Fu)
၆။ ရှန်ရန်မှ
"ကျန်းကျန့်"(Zhang Jian)
၇။ နန်ရန်မှ
"ချန်ကျိ"(Cen Zhi) တို့ဖြစ်သည်။
ထို့အပြင်
"လျူပြောင်း"(Liu Biao) တွင် နာမည်ကြီးလက်အောက်ငယ်သား သုံးဦးရှိသည်။ ရန်ဖင်မှ
"ခွိုင်လျန်"(Kuai Liang) နှင့် "ခွိုင်ယွဲ့"(Kuai Yue) ၊ ရှန်ရန်မှ
"ချိုင်မောင်"(Cai Mao) တို့ ဖြစ်သည်။
"လျူပြောင်း"(Liu
Biao) သည် "ယွမ်ရှောက်"(Yuan Shao) ထံမှ စာရသောအခါ "ခွိုင်ယွဲ့"(Kuai
Yue) နှင့် "ချိုင်မောင်"(Cai Mao) တို့ကို စစ်သားတစ်သောင်းပေး၍ လွှတ်ပြီး
"စွန်းကျန့်"(Sun Jian) လာရာလမ်းတွင် စောင့်စေသည်။ "စွန်းကျန့်"(Sun
Jian) လာသောအခါ တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားသည်။
"စွန်းကျန့်'(Sun
Jian) ရောက်လာသောအခါ
"ဘာလို့
စစ်တပ်ကြီးနဲ့ ဒီလိုလမ်းပိတ်ထားတာလည်း" ဟု မေး၏။
"ခွိုင်ယွဲ့"(Kuai
Yue) : "ခင်ဗျားက ဟန်တိုင်းပြည်ရဲ့အမှုထမ်းဖြစ်ပြီးတော့ ဘာလို့ ဘုရင့်တံဆိပ်တော်ကို
ဖွက်ထားရတာတုန်း၊ အဲ့တံဆိပ်တုံးကို ပေးရင် လမ်းဖယ်ပေးမယ်"
ထိုအခါ
"စွန်းကျန့်"(Sun Jian) သည် ဒေါသထွက်ကာ စစ်သူကြီး "ဟွမ်ကိုင်"(Huang
Gai) ကို ချီတက်စေသည်။ တစ်ဖက်မှ "ချိုင်မောင်"(Cai Mao) သည် ဓားကိုင်ကာ ထွက်လာသည်။
ခဏမျှ တိုက်ပြီးသော် "ဟွမ်ကိုင်"(Huang Gai) သည် သူ၏ သံကြိမ်ဖြင့်
"ချိုင်မောင်"(Cai Mao) ကို ရိုက်လိုက်ရာ "ချိုင်မောင်"(Cai
Mao) ပြေးလေ၏။ "စွန်းကျန့်"(Sun Jian) လည်း ရန်သူစစ်တပ်ကို ထိုးဖောက်ကာ တရကြမ်းခရီးနှင်သည်။
သို့သော်လည်း
ဘင်ခရာတို့၏ အသံနှင့်အတူ စစ်တပ်ကြီးတစ်တပ် ချီတက်လာသည်။ ထိုစစ်တပ်ကို ဦးဆောင်လာသူကား
"လျူပြောင်း"(Liu Biao) ဖြစ်သည်။ "စွန်းကျန့်"(Sun Jian) သည်
"လျူပြောင်း"(Liu Biao) ထံသွားကာ
"ယွမ်ရှောက်(Yuan
Shao) စကားကို ဘာလို့ ယုံရတာလည်း၊ ကျွန်တော်တို့က နယ်ချင်းကပ်ရပ်ပဲကို ဘာလို့ တိုက်ရတာတုန်း"
ဟု မေးသည်။
"နိုင်ငံ့ရတနာကို
ယူထားတယ်ကြားလို့ပါ၊ အဲ့ဟာကို ပြန်ပေးစေချင်တယ်"
"အကယ်၍
ကျွန်တော်ယူထားရင် အသေဆိုးနဲ့သေရပါစေ"
"ခင်ဗျားကို
ယုံစေချင်ရင် ခင်ဗျားကို စစ်ဆေးခွင့်ပြုပါ"
"ဘာလို့များ
ကျုပ်ကို ဒီလိုလာပြောနေတာတာတုန်း"
သို့နှင့်
"စွန်းကျန့်"(Sun Jian) သည် "လျူပြောင်း"(Liu Biao) ၏ တပ်ကို ထိုးဖောက်ကာ
ပြေးလေသည်။ နောက်မှ "ချိုင်မောင်"(Cai Mao) နှင့် "ခွိုင်ယွဲ့"(Kuai
Yue) တို့က လိုက်တိုက်ခိုက်သည်။
Comments