သုံးနိုင်ငံခေတ်(၈)

အခန်း(၈) ဝမ်ယွင်(Wang Yun) ၏ မဟာစီမံကိန်း
"ခွိုင်လျန်"(Kuai Liang) ပြောသည်မှာ  ဤသို့ဖြစ်သည်။
"အခု စွန်းကျန့်(Sun Jian) က သေသွားခဲ့ပြီ။ သူ့သားတွေကလည်း ငယ်ငယ်လေးတွေရှိသေးတယ်။ ဒီအခွင့်အရေးကို အသုံးချပြီးတော့ ချန်ဆားကို ဝင်တိုက်သင့်တယ်။ အခုအချိန်မှာ အလောင်းကို ပြန်ပေးပြီး ငြိမ်းချမ်းရေးယူလိုက်ရင် ရန်သူကို အင်အားကြီးအောင် အချိန်ပေးလိုက်သလိုပဲ။ နောင်အချိန်မှာ အဲ့ရန်သူက ကျင်ကျိုးကို ပြန်လာတိုက်လိမ့်မယ်"
"ငါက ဘာလို့ ဟွမ်ကျူ(Huang Zu) ကို လက်လွတ်ခံရမှာတုန်း"
"ပြည်နယ်တစ်ခုရဖို့အတွက် စစ်ရှုံးပြီး သုံ့ပန်းဖြစ်သွားတဲ့ စစ်သူကြီးကို လက်လွတ်ခံလိုက်ပါလား"
"ဒါပေမယ့် သူက ငါ့အတွက် ခင်မင်ရင်းနှီးရတဲ့သူငယ်ချင်း မိတ်ဆွေလေ၊ အဲ့လိုလုပ်တာ မှားတယ်"

သို့နှင့်ပင် "စွန်းကျန့်"(Sun Jian) ၏အလောင်းကို တစ်ဖက်သို့ ပြန်ပို့ပေးခဲ့ပြီး နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးယူခဲ့လေသည်။ "စွန်းကျန့်"(Sun Jian) ကို ချွဲ့မြေပြန့်တွင် မြှုပ်နှံခဲ့သည်။ ဈာပနအခမ်းအနားပြီးသော် "စွန်းချဲ့"(Sun Ce) သည် စစ်တပ်ကို ဦးဆောင်ကာ အိမ်သို့ ပြန်လေသည်။ "စွန်းချဲ့"(Sun Ce) သည် အသက်ငယ်သော်လည်း ချန်ဆားကို ကောင်းကောင်းအုပ်ချုပ်နိုင်ခဲ့သည်။ ရိုကျိုးမှုနှင့် ရက်ရောတတ်မှုတို့ကြောင့် သူ့လက်အောက်တွင် သူရဲကောင်း၊ ပညာရှိတို့ ဝင်ကာ အမှုထမ်းကြလေသည်။

မြို့တော် ချန်အန်းတွင် "တုန်ကျိုး"(Dong Zhuo) သည် "စွန်းကျန့်"(Sun Jian) ၏ သေဆုံးမှုအကြောင်းကို ကြားလျှင်
"ငါ့ကို ဒုက္ခပေးနိုင်မယ့် မိစ္ဆာတစ်ကောင်ကတော့ ဇီဝိန်ချုပ်သွားရှာပြီ" ဟု ဆိုသည်။
ထို့နောက် "စွန်းကျန့်"(Sun Jian) ကျန်ရစ်ခဲ့သော သားသမီးတို့ကို မေးရာ အကြီးဆုံးသားမှာ ဆယ့်ခုနှစ်နှစ်သာ ရှိသေးသည်ဆိုသဖြင့် ငယ်သေးသဖြင့် အန္တရာယ်မပေးနိုင်သေးဟူသော အတွေးဖြင့် စိတ်ချလက်ချပင် နေလေသည်။

"တုန်ကျိုး"(Dong Zhuo) ၏ မောက်မာမှုတို့သည်ကား အရင်ကထက်အဆပေါင်းများစွာ ဆိုးရွားလာသည်။ ညီဖြစ်သူ "တုန်မင်"(Dong Min) ကို ဟွာကျိုးမြို့စား ရာထူးအပြင် ဘယ်တောင်ပံတပ်၏ စစ်သူကြီးရာထူးလည်း ပေးလေသည်။ တူဖြစ်သူ "တုန်ဟွမ်"(Dong Huang) ကိုမူ နန်းတွင်းတွင် အမှုထမ်းစေကာ နန်းတော်အစောင့်တပ် တပ်မှူးရာထူး ပေးလေသည်။ ထို့ပြင် သူ၏ ဆွေမျိုးသားချင်း ကြီးကြီးငယ်ငယ် မည်သူကိုမဆို မြှောက်စားလေ၏။
ထို့ပြင် မြို့တော်မှ မိုင်ရှစ်ဆယ်ဝေးသောအရပ်တွင် မေဝေါ်ဟုခေါ်သော မြို့တော်ချန်အန်းနှင့် တစ်ထေရာတည်းတူသော မြို့သစ်တစ်ခု ဆောက်စေသည်။ လူပေါင်းနှစ်သိန်းခွဲတို့ကို အသုံးချကာ ထိုမြို့သစ်ကို တည်စေသည်။ ထိုမြို့ဝယ်သိုလှောင်ထားသော ပစ္စည်းတို့မှာ နှစ်နှစ်ဆယ်အထိ ဖူလှုံနိုင်သည် ဆို၏။ ထို့ပြင် အလှဆုံး၊အချောဆုံး အမျိုးသမီးရှစ်ရာကို ရွေးချယ်ကာ ထိုမြို့တွင် နေစေသည်။ "တုန်ကျိုး"(Dong Zhuo) ၏ ကြွယ်ဝမှုကား တွက်ချက်၍ပင် မရနိုင်။ သူ၏ မိသားစုဝင်များ၊ လက်အောက်ငယ်သားတို့သည် ထိုမြို့သစ်၏ လေးပုံတစ်ပုံကို နေရာယူထားကြသည်ဟု ဆိုသည်။
"တုန်ကျိုး"(Dong Zhuo) သည် ထိုမြို့ကို တစ်လတစ်ခေါက်မျှသွားသည်။ သွားသည့်အခါတိုင်း ရှင်ဘုရင်တိုင်းခန်းလှည့်လည်သကဲ့သို့ ရံရွေတော်၊ ကိုယ်ရံတော်၊ အမတ်တို့ကို ခြံရံကာ သွားလေသည်။

တစ်ခါသော် ထိုမြို့သို့မသွားမီ သူ၏ချမ်းသာကြွယ်ဝမှု၊ ခမ်းနားမှုတို့ကို ပြရန် လူအများတို့ကို ဖိတ်ကြားစေပြီး အစားအသောက်တို့ဖြင့် ဧည့်ခံကျွေးမွေးသည်။ ထိုအခိုက်တွင် မြောက်ပိုင်းမှ သူပုန်တို့ လက်နက်ချသဖြင့် ထိုသူပုန်တို့ကို မြို့တော်ခေါ်လာသည်ဟု သတင်းရောက်လာသည်။ "တုန်ကျိုး"(Dong Zhuo) သည် ထိုသူပုန်တို့ကို ရှေ့မှောက်သို့ခေါ်စေကာ အချို့ကို ခြေဖြတ်စေသည်၊ အချို့ကို လက်ဖြတ်စေသည်၊ အချို့သောသူတို့၏ မျက်လုံးတို့ကို ထိုးဖောက်စေသည်၊ အချို့ကိုမူ လျာကိုဖြတ်စေ၏။ အချို့သောသူတို့ကိုမူ ပွက်ပွက်ဆူနေသော ရေနွေးအိုးတွင် ထည့်ကာ သတ်စေသည်။ နာကျင်သောကြောင့် အော်သောအသံတို့ကား ကောင်းကင်သို့တိုင် တိုက်လေသည်။ "တုန်ကျိုး"(Dong Zhuo) အနီးရှိ နန်းတွင်းသူတို့က ထိုအခြင်းအရာကို မြင်သောအခါ ကြောက်လွန်း၍ မူးမေ့ကုန်သည်။ "တုန်ကျိုး"(Dong Zhuo) ကား စကားပြောရင်း ပြုံးကာရယ်လျက်နှင့် ဘာမှမဖြစ်သည့်အလားပင်.......

တစ်ရက်တွင် မှူးကြီးမတ်ရာတို့နှင့် အတူ လိုင်းနှစ်လိုင်းစီကာ ထိုင်ကြပြီး စားသောက်ပွဲ ကျင်းပကြသည်။ အချိန်အနည်းငယ်ကြာသော် ခန်းမဆောင်ထဲသို့ "လွီပု"(Lu Bu) ဝင်လာပြီး "တုန်ကျိုး"(Dong Zhuo) နားကပ်ကာ တီးတိုးပြောသည်။ ထိုအခါ "တုန်ကျိုး"(Dong Zhuo) သည် ပြုံးကာ
"သူက အရင်တည်းက အဲ့လိုပဲ၊ ဝန်ကြီးကျန်းဝမ်(Zhang Wan) ကို အပြင်ဆွဲထုတ်သွားကြစမ်း" ဟု ဆိုသည်။
အကုန်လုံးလန့်သွားကြသည်။ ခဏကြာသော် လူတစ်ယောက်သည် အဖုံးဖုံးထားသော ဟင်းခွက်ပန်းကန်တစ်ခုကို ကိုင်ကာ ဝင်လာသည်။ ထို့နောက် ထိုအဖုံးကို ဖွင့်ကာ ဧည့်သည်များဘက်သို့ ပြလိုက်သည်။ ပန်းကန်ပေါ်တွင် "ကျန်းဝမ်"(Zhang Wan) ၏ ခေါင်းဖြစ်သည်။ အမတ်အားလုံး သေမတတ် ကြောက်ရွံ့သွားကြလေသည်။ "တုန်ကျိုး"(Dong Zhuo) က ပြုံးလျက် စကားဆိုသည်။
"မကြောက်ပါနဲ့၊ ဝန်ကြီးကျန်းဝမ်(Zhang Wan) က ယွမ်စု(Yuan Shu) နဲ့ ပေါင်းပြီး ကျုပ်ကို သတ်မလို့ကြံနေတာ၊ အဲ့ကြံစည်တဲ့အကြောင်းရေးထားတဲ့စာက အကြောင်းကြောင်းကြောင့် ကျုပ်သားလက်ထဲ ရောက်သွားတော့ သက်သေရှိပြီမို့လို့ သူ့ကို သတ်ပြီးအပြစ်ပေးလိုက်တာ။ ခင်ဗျားတို့ကတော့ ဘာမှ ကြောက်စရာအကြောင်းမရှိပါဘူး"

အမတ်ကြီးတို့သည် အလျင်အမြန်ပင် စားဝိုင်းမှ ထွက်ခွာကြကုန်သည်။ ထိုအမတ်တို့ထဲမှ တစ်ဦးသည်ကား အတွင်းဝန် "ဝမ်ယွင်"(Wang Yun) ဖြစ်သည်။ သူသည် ဝမ်းနည်းစွာတွေးတောရင်းဖြင့် အိမ်သို့ပြန်လာသည်။ ထိုညသည် လသာသောညဖြစ်လေရာ "ဝမ်ယွင်"(Wang Yun) သည် တုတ်ကောက်ကိုကိုင်ကာ သူ့ခြံထဲတွင် လမ်းလျှောက်ထွက်လေသည်။ ထို့နောက် နွယ်ပင်တို့အနားဝယ် မတ်တပ်ရပ်ကာ ကောင်းကင်ကြီးကို ငေးမောကြည့်ရင်း စိတ်မကောင်းကြီးစွာ မျက်ရည်တို့ကျလာသည်။ ရုတ်တရတ် လူလျှောက်လမ်းအနီးတွင် အသံတစ်သံကြားလိုက်ရပြီး သက်ပြင်းချသော အသံကိုပါ ကြားလိုက်သဖြင့် သွားကြည့်သောအခါ အိမ်တော်မှ ကချေသည်တစ်ဦးဖြစ်သော "သောင်းချမ်"(Diao Chan) ဖြစ်နေသည်။
(မှတ်ချက် - Diao Chan ကို တျောက်ချမ် ဟု ပြန်လျှင် မူရင်းအသံထွက်နှင့် ပို၍နီးစပ်သော်လည်း မြန်မာပရိသတ်တို့သည်ကား သောင်းချမ်ဟူသော အသံနှင့် ပိုရင်းနှီးသဖြင့် သောင်းချမ်ဟုသာ ဘာသာပြန်ပါမည်။)
ထိုမိန်းကလေးကို ငယ်ငယ်တည်းမှ အိမ်တော်သို့ ခေါ်လာခဲ့ပြီး အဆိုနှင့်အကတို့ကို သင်စေခဲ့သည်။ ယခုအခါ အသက်နှစ်ဆယ့်တစ်ရှိနေပြီဖြစ်ပြီး အလှသွေးကြွယ်နေသောအချိန်ဖြစ်သည်။ ချောမောသည့်အပြင် ဉာဏ်ရည်ထက်မြတ်သော အမျိုးသမီးဖြစ်သည်။ "ဝမ်ယွင်"(Wang Yun) သည် သူ့ကို အစေခံတစ်ဦးကဲ့သို့သဘောမထား၊ သမီးအရင်းပမာ ချစ်ခင်လေသည်။

"ဝမ်ယွင်"(Wang Yun) သည် "သောင်းချမ်"(Diao Chan) သက်ပြင်းတချချဖြစ်နေသည်ကို ခဏတာမျှကြည့်ပြီးနောက် ရုတ်တရတ် လှမ်းခေါ်လိုက်သည်။
"ဟေ့....သူငယ်မ....ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်ဖို့ ကြံနေတာတုန်း"
ထိုအခါ "သောင်းချမ်"(Diao Chan) သည် ရုတ်တရတ်လန့်သွားကာ ဒူးထောက်ပြီး
"ကျွန်တော်မျိုးမက ဘယ်လိုများ မဟုတ်တာလုပ်ရဲမှာတုန်း" ဟု ဆိုသည်။
"ဒါဆို ဘာလို့ အမှောင်ထဲမှာ တစ်ယောက်တည်းရပ်ပြီး သက်ပြင်းချနေရတာတုန်း"
"ကျွန်တော်မျိုးမ ရင်ထဲက အကြောင်းအရာတွေကို ဖွင့်ပြောလို့ ရပါမလား"
"အကုန်သာပြောပါ။ ဘာမှ ထိမ်ချန်မထားနဲ့"
"သခင်ကြီးက ကျွန်တော်မျိုးမလို အစေခံလေးကို မေတ္တာနဲ့ ကောင်းကောင်းဆက်ဆံပါတယ်၊ ဒါ့အပြင် အဆိုအကတောင် သင်ပေးခဲ့တယ်။ ကျေးဇူးတွေ များလွန်းလှတဲ့အတွက် သခင့်အတွက် အသက် အသေခံခဲ့ရင်တောင် သခင့်ကျေးဇူးရဲ့ တစ်ထောင်ပုံတစ်ပုံတောင် ဆပ်နိုင်ဦးမှာမဟုတ်ဘူး။ အခုတလော သခင်ကြီးဟာ တိုင်းပြည့်အရေးအတွက် မျက်မှောင်ကြုံ့ပြီး စိတ်မကောင်းဖြစ်ပုံပေါ်နေတာကို သတိထားမိပါတယ်၊ ဒါပေမယ့် ကျွန်တော်မျိုးမဟာ နိမ့်ကျတဲ့အစေခံမို့လို့ သခင်ကြီးကို မမေးဝံ့ပါ၊ ဒီညနေမှာ  သခင်ကြီးက အရင်ကထက်ပိုပြီး စိတ်ညစ်နေတာ မြင်ရတဲ့အတွက် ကျွန်တော်မျိုးမလည်း စိတ်မကောင်းဖြစ်ပြီး သက်ပြင်းချမိတာပါ။ ကျွန်တော်မျိုးမသာ သခင့်အတွက် အသုံးဝင်မယ်ဆိုရင် အခါတစ်သောင်းသေသည့်တိုင်အောင် နောက်မတွန့်ပါဘူး"


ထိုအခါ "ဝမ်ယွင်"(Wang Yun) သည် ရုတ်တရတ်အကြံတစ်ခုပေါ်လာကာ တုတ်ကောက်ကို မြေပြင်နှင့် ခေါက်လိုက်ပြီး
"ဟန်တိုင်းပြည်ရဲ့အနာဂတ်က မင်းအပေါ် အများကြီးမူတည်နေလိမ့်မယ်လို့ ဘယ်သူထင်ပါ့မလဲ။ ငါနဲ့ လိုက်ခဲ့" ဟု ဆိုသည်။
"သောင်းချမ်"(Diao Chan) သည်လည်း "ဝမ်ယွင်"(Wang Yun) နှင့် အတူ အိမ်အတွင်းသို့ လိုက်သွားသည်။ "ဝမ်ယွင်"(Wang Yun) သည် အိမ်အတွင်းရှိ အစေခံတို့ကို အပြင်ထွက်စေလျက် "သောင်းချမ်"(Diao Chan) ကို ခုံမြင့်ပေါ်တွင် ထိုင်စေကာ ခါးကိုညွှတ်ပြီး အရိုအသေပေးလေသည်။ ထိုအခါ "သောင်းချမ်"(Diao Chan) သည် ကြောက်လန့်ကာ ထိုင်ခုံမှ ပြန်ထပြီး အဘယ်ကြောင့် ထိုသို့ပြုမူရကြောင်း မေးသည်။ ထိုအခါ "ဝမ်ယွင်"(Wang Yun) သည်
"ဟန်တိုင်းပြည်ရဲ့ ပြည်သူလူထုတွေကို သနားပါ" ဟု ဆိုကာ မျက်ရည်တို့ ကျလာသည်။
"သခင်ကြီး၊ ကျွန်တော်မျိုးမ ပြောပြီးခဲ့ပါပြီကော....သခင့်အတွက်ဆို  ဘာဖြစ်ဖြစ် လုပ်ပေးမယ်လို့"
"ဝမ်ယွင်"(Wang Yun) သည် ဒူးထောက်ပြီး အောက်ပါအတိုင်းပြောသည်။
"လူတွေက သေကြေပျက်စီးကြရတော့မယ်၊ မင်းသားနဲ့ တခြားအမတ်တွေလည်း ဘယ်တော့ အန္တရာယ်ကျရောက်မလဲဆိုတာ မသိနိုင်ဘူး။ မင်းတစ်ယောက်တည်းသာ ဒါတွေမဖြစ်အောင် ကယ်တင်နိုင်မယ်။ တုန်ကျိုး(Dong Zhuo) က ဘုရင်ကိုတောင် နန်းချချင်နေပြီ။ ငါတို့အမတ်တွေထဲမှာ သူ့ကို တားနိုင်တဲ့လူတစ်ယောက်မှ မရှိဘူး။ သူ့ဆီမှာ မွေးစားသားတစ်ယောက်ရှိတယ်။ လက်ရုံးရည်အရာမှာ ပြိုင်စံရှားအောင် တော်တဲ့လူပဲ။ ဒါပေမယ့် သားအဖနှစ်ယောက်လုံးက မိန်းမချောဒဏ် မခံနိုင်ဘူး၊ အဲ့တော့ ငါက သူတို့ရဲ့အဲ့ပျော့ကွက်ကို အသုံးချပြီး ငါ့ရဲ့ မဟာစီမံကိန်းကို လုပ်ဆောင်မယ်။ ပထမဆုံး မင်းကို လွီပု(Lu Bu) နဲ့ လက်ဆက်စေမယ်ဆိုပြီး စကားကမ်းလှမ်းလိုက်မယ်၊ ပြီးရင် မင်းကို တုန်ကျိုး(Dong Zhuo) ဆီကို ပို့လိုက်မယ်၊ မင်းက အခွင့်အခါကြုံတိုင်း သားအဖနှစ်ဦးကို ရန်တိုက်ပေးပါ၊ နောက်ဆုံး လွီပု(Lu Bu) က သူ့မွေးစားအဖေကို သတ်လိုက်ရင်တော့ ပြီးပြီပဲ။ အားလုံး မင်းအပေါ်မူတည်တယ်၊ ဒါကို လုပ်မလား"
"ကျွန်တော်မျိုးမက အသက်ပင်သေသေ၊ အရေပင်ခန်းခန်း၊ သခင့်အကျိုးတော်အတွက်ဆို အကောင်းဆုံး လုပ်ဆောင်ပါမယ်"
"ဒီကြံစည်မှုသာ ပေါက်ကြားသွားရင် ငါတို့တော့ အသက်ခံရမယ်"
"စိတ်မပူပါနဲ့၊ ကျွန်တော်မျိုးမ နှုတ်မလုံခဲ့ရင် ဓားပေါင်းများစွာလက်ချက်နဲ့ သေဆုံးပါစေ"
"ကျေးဇူးပဲ။ တကယ် ကျေးဇူးတင်ပါတယ်"

ထို့နောက် "ဝမ်ယွင်"(Wang Yun) သည် ဘိုးဘွားပိုင်ရနနာဖြစ်သည့် ပုလဲများစွာတို့ကို အသုံးချကာ ရွှေဖြင့်သွန်း၍ပုလဲဖြင့် တန်ဆာဆင်ထားသော ခေါင်းဆောင်းကို "လွီပု"(Lu Bu) ထံ လက်ဆောင်ပေးပို့လိုက်သည်။ ထိုအခါ "လွီပု"(Lu Bu) သည် "ဝမ်ယွင်"(Wang Yun) ကို ကျေးဇူးတင်သဖြင့် "ဝမ်ယွင်"(Wang Yun) ၏ အိမ်ရောက်လာသည်။ ထိုအခါ "ဝမ်ယွင်"(Wang Yun) သည် အစားကောင်းအသောက်ကောင်းတို့ဖြင့် တည်ခင်းပြီး "လွီပု"(Lu Bu) အား မြင့်မြတ်သောနေရာတွင် ထိုင်စေသည်။
"ကျွန်တော်က ဝန်ကြီးချုပ်လက်အောက်က အမှုထမ်းဖြစ်ပြီး ခင်ဗျားကတော့ နိုင်ငံရဲ့ဝန်ကြီးပဲဗျာ.... ဘာလို့ ဒီလိုလက်ဆောင်ပေးရတာလဲ"
"ဘာလို့လဲဆိုတော့ လောကကြီးမှာ ခင်ဗျားကို ယှဉ်နိုင်မယ့် သူရဲကောင်းမရှိလို့ပါ။ ကျွန်တော်ဆိုတဲ့ ဝမ်ယွင်(Wang Yun) က ရာထူးအဆင့်အတန်းကို အရိုအသေပေးတာမဟုတ်၊ အစွမ်းအစရှိတဲ့လူကို လေးစားလို့ လက်ဆောင်ပေးရတာပါ"
ထိုစကားတို့သည် "လွီပု"(Lu Bu) ကို အင်မတန် ပျော်ရွှင်သွားစေသည်။ "ဝမ်ယွင်"(Wang Yun) အရက်တိုက်ရင်းဖြင့် ဆက်လက်ကာ မြှောက်ပင့်စကားတို့ကို ဆိုလေသည်။ "လွီပု"(Lu Bu) သည်ကား ရယ်ကာမောကာနှင့် အိမ်ရှင်ပေးသောအရက်တို့ကို အားပါးတရသောက်သည်။ ထို့နောက် "ဝမ်ယွင်"(Wang Yun) သည် ဘေးပတ်ဝန်းကျင်၌ အစေအပါးတို့ကို အပြင်သို့ထွက်စေပြီး အနည်းငယ်သာ ထားသည်။ "လွီပု"(Lu Bu) အရက်ရေချိန်ကိုက်သောအခါ တွင် "ဝမ်ယွင်"(Wang Yun) က
"သူ့ကို ဝင်လာခိုင်းချေ" ဟု ဆိုလိုက်သည်။

ထိုအခါ ဘေးတွင် ရံရွေတော်နှစ်ဦးနှင့်အတူ အလယ်မှ လှလှပပဖြင့် အဖြူရောင်ဝတ်ဆင်ထားသော "သောင်းချမ်"(Diao Chan) ထွက်လာသည်။
"သူက ဘယ်သူလဲ"
"သူက ကျွန်တော့် မွေးစားသမီး သောင်းချမ်(Diao Chan) ပါ။ ကျွန်တော့်သမီးကို ခင်ဗျားနဲ့ ရင်းနှီးစေချင်လို့ပါ"
ထို့နောက် "ဝမ်ယွင်"(Wang Yun) သည် "သောင်းချမ်"(Diao Chan) ကို အရက်ငှဲ့ခိုင်းလိုက်သည်။ ထိုအခိုက်တွင် "သောင်းချမ်"(Diao Chan) နှင့် "လွီပု"(Lu Bu) တို့ အကြည့်ချင်းဆုံလေသည်။
"ဝမ်ယွင်"(Wang Yun) သည် မသိကျိုးကျွံပြုကာ စကားဆိုသည်။
"စစ်သူကြီးကို ကျွန်တော့်သမီးက အရက်ထပ်သောက်ပါဦးလို့ ဆိုတယ်ဗျ....ကျွန်တော်တို့ တစ်အိမ်လုံးက ခင်ဗျားအပေါ်မှီနေရတာပါ"

"လွီပု"(Lu Bu) သည် "သောင်းချမ်"(Diao Chan) အား မက်တပ်ရပ်နေရာမှ ထိုင်ရန်ဆိုသည်။ "သောင်းချမ်"(Diao Chan) က ထိုအခန်းထဲမှ ပြန်ထွက်ချင်ဟန် ပြုမူလေသည်။ ထိုအခါ "ဝမ်ယွင်"(Wang Yun) မှ ဝင်၍ ဤနေရာမှာပင် ခဏနေသင့်ကြောင်း၊ ဧည့်သည်မှာ သူ၏ သူငယ်ချင်းကောင်းဖြစ်ကြောင်း စသည်ဖြင့် ပြောဆိုလေသည်။ ထိုအခါမှသာ "သောင်းချမ်"(Diao Chan) က သူ၏ သခင်အနားဝယ်  ရိုကျိုးစွာထိုင်သည်။
"လွီပု"(Lu Bu) သည် အရက်ကို တစ်ခွက်ပြီးတစ်ခွက်သောက်နေသော်လည်း အကြည့်သည်ကား "သောင်းချမ်"(Diao Chan) ထံမှ မခွာ။ "ဝမ်ယွင်"(Wang Yun) မှ
"ကျွန်တော့်မွေးစားသမီးကို ခင်ဗျားအိမ်တော်မှာ အလုပ်လုပ်ဖို့ လက်ဆောင်ပေးမယ်ဆို ခင်ဗျားလက်ခံမလား" ဟု မေးသည်။ ထိုအခါ "လွီပု"(Lu Bu) သည် ထကာ
"ဒီလိုဆိုရင်တော့ ခင်ဗျားကို ကျေးဇူးအလွန်တင်မိမှာပဲ" ဟုဆိုသည်။
"ကျွန်တော် ရက်ကောင်းရက်သာရွေးပြီး သူ့ကို ခင်ဗျားအိမ်တော်ပို့ပေးပါ့မယ်"
ထို့နောက် "လွီပု"(Lu Bu) ပြန်ရန် အချိန်တန်သဖြင့် "ဝမ်ယွင်"(Wang Yun) မှ ဤသို့ ပြောသည်။
"ကျွန်တော်က ခင်ဗျားကို ကျွန်တော့်အိမ်မှာပဲ တညတာနေခိုင်းစေချင်ပါတယ်။ ဒါပေမယ့် အဲ့လိုဆို ဝန်ကြီးချုပ်က တစ်မျိုးထင်နိုင်တယ်"
သို့နှင့် "လွီပု"(Lu Bu) သည် "ဝမ်ယွင်"(Wang Yun) အား ကျေးဇူးတင်စကား ပြောပြီးနောက် ထွက်ခွာသွားလေသည်။


ရက်အနည်းငယ်ကြာသော် နန်းတော်ထဲ၌ "လွီပု"(Lu Bu) မရှိသောအခါတွင် "ဝမ်ယွင်"(Wang Yun) သည် "တုန်ကျိုး"(Dong Zhuo) ထံသွားကာ
"ဝန်ကြီးချုပ်ခင်ဗျား၊ စိတ်မရှိဘူးဆိုရင် ကျွန်တော့်အိမ်မှာ ထမင်းစားကြွပါ" ဟု ဆိုသည်။ "တုန်ကျိုး"(Dong Zhuo) ကလည်း
"ခင်ဗျားသာဖိတ်ရင် ကျုပ် ချက်ချင်းလာစားမယ်" ဟု ပြန်ပြောသည်။
"ဝမ်ယွင်"(Wang Yun) သည် ကျေးဇူးတင်စကားပြောပြီးနောက် အိမ်သို့ပြန်ကာ တစ်နိုင်ငံလုံးတွင် အကောင်းဆုံးဟုဆိုနိုင်သည့် အစားအစာတို့ကို ဝယ်စေသည်။  ထို့နောက် အခန်းကို လှအောင်ပြင်ထားစေပြီး ဝန်ကြီးချုပ် ထိုင်မည့်နေရာကို လှပစွာ ခင်းကျင်းထားလေသည်။ နောက်ရက် ညနေတွင် ဝန်ကြီးချုပ်ရောက်လာသောအခါ "ဝမ်ယွင်"(Wang Yun) သည် အပေါက်ဝမှ ဆီးကြိုသည်။ "တုန်ကျိုး"(Dong Zhuo) တွင် ကိုယ်ရံတော်တစ်ရာပါလာလေသည်။ ခန်းမဆောင်သည်ကား ကိုယ်ရံတော်တို့ဖြင့် ပြည့်သွားသည်။ "တုန်ကျိုး"(Dong Zhuo) သည် မြင့်သော နေရာတွင် ထိုင်ပြီး အောက်တွင်ကိုယ်ရံတော်တို့က ဘယ်ညာလိုင်းနှစ်လိုင်း ခွဲ၍ နေရာယူထားသည်။ ပထမသော် "ဝမ်ယွင်"(Wang Yun) သည်လည်း အောက်ဘက်တွင် ထိုင်နေလေရာ နောက်တွင်မှ "တုန်ကျိုး"(Dong Zhuo) က သူ့ဘေးတွင် စားပွဲခင်းကာ ထိုင်စေသည်။ "ဝမ်ယွင်"(Wang Yun) မှ ဤသို့ပြောသည်။
"ဝန်ကြီးချုပ်ရဲ့ ကိုယ်ကျင့်တရားက တောင်ကြီးလိုပဲ မြင့်မားလှပါတယ်။ ဟိုးအရင်က လူတွေတောင် မှီနိုင်မှာ မဟုတ်ဘူး"

"တုန်ကျိုး"(Dong Zhuo) သည် ပြုံးသည်။ ထို့နောက် စားပွဲတို့တည်ခင်းပြီး အတီးအမှုတ်တို့ဖြင့် ဖျော်ဖြေစေသည်။ "ဝမ်ယွင်"(Wang Yun) သည် "တုန်ကျိုး"(Dong Zhuo) ကို မြှောက်ပင့်ပြီးရင်း မြှောက်ပင့်လေသည်။ အချိန်အတန်ကြာ၍ အရက်အတော်အတန်သောက်ပြီးကြသော် "တုန်ကျိုး"(Dong Zhuo) ကို အခန်းအတွင်းသို့ ဖိတ်ခေါ်သည်။ "တုန်ကျိုး"(Dong Zhuo) ကလည်း သူ့ကိုယ်ရံတော်တို့ကို အပြင်၌ပင် စောင့်ခိုင်းစေကာ အထဲသို့ဝင်သည်။
ထို့နောက် "ဝမ်ယွင်"(Wang Yun) သည် အရက်ကရားကို ကိုင်ကာ အောက်ပါအတိုင်းပြောသည်။
"ကျွန်တော် ငယ်ငယ်တည်းက နက္ခတ်တာရာတွေကို လေ့လာခဲ့ပါတယ်။ ကျွန်တော် ကြည့်ရသလောက်ကတော့ ဟန်ခေတ်ကြီးရဲ့ သက်တမ်းက သိပ်ရှည်မှာ မဟုတ်တော့ဘူး။ ဝန်ကြီးချုပ်ရဲ့ လုပ်ဆောင်မှုတွေက တစ်လောကလုံးကိုတောင် အုပ်ချုပ်နိုင်လောက်ပါတယ်၊ ဟိုးရှေးယခင်က အရည်အချင်းရှိတဲ့လူတွေက ဘုရင်ရာထူးကို ယူသလိုမျိုးပေါ့"
"ကျုပ် ဒီလောက်တော့ ဘယ်မျှော်လင့်ရဲပါ့မလဲ"
"ဟိုးရှေးခေတ်တည်းက မကောင်းတဲ့လူတွေရဲ့ ရာထူးကို ကောင်းတဲ့လူက အစားထိုးခဲ့ကြတာမဟုတ်လား။ ကိုယ်ကျင့်တရားမရှိတဲ့လူက ရှိတဲ့လူကို မယှဉ်နိုင်ဘူးလေ။ ဘယ်သူက ကံတရားရဲ့အလိုဆန္ဒကို ရင်ဆိုင်နိုင်ပါ့မလဲ"
"အကယ်၍ ကျုပ်သာ ကောင်းကင်ဘုံရဲ့ ဆန္ဒကို ခံယူရပြီး အဲ့လိုရာထူးရခဲ့ရင် ခင်ဗျားကို ပထမဆုံး ပစားပေးပါ့မယ်"
ထိုအခါ "ဝမ်ယွင်"(Wang Yun) သည် "တုန်ကျိုး"(Dong Zhuo) ကို ခါးညွတ်ကာ အရိုအသေပေးသည်။

ထို့နောက် မီးတို့ကို ထိန်ထိန်ထွန်းစေကာ အစောင့်တို့ကို အပြင်သို့ထွက်စေ၍ ကညာပျိုလေးတို့အား ဟင်းတို့ကို ဆက်သစေလေသည်။ ထို့နောက် "ဝမ်ယွင်"(Wang Yun) က ဤသို့ပြောသည်။
"ပုံမှန်ဂီတပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေကို ဝန်ကြီးချုပ်က မြင်ဖူးနေကျဆိုတော့ ရိုးနေမှာပါ။ ဝန်ကြီးချုပ်ကို ကျေနပ်အောင် ဖျော်ဖြေစေမယ့် အိမ်စေမိန်းကလေးတစ်ဦးရှိပါတယ်"
"ကောင်းတာပေါ့"
ထို့နောက် ကန့်လန့်ကာကို ဖွင့်လာကာ အတွင်းမှ "သောင်းချမ်"(Diao Chan) ထွက်လာပြီး ကပြဖျော်ဖြေလေသည်။ ထိုအကပြီးသွားသောအခါ "တုန်ကျိုး"(Dong Zhuo) က "သောင်းချမ်"(Diao Chan) ကို ရှေ့မှောက်ကို ခေါ်စေလိုက်သည်။ "တုန်ကျိုး"(Dong Zhuo) သည် "သောင်းချမ်"(Diao Chan) ၏ အလှနှင့် ကျက်သရေရှိမှုတို့ကို မြင်ကာ နှစ်သက်သွားသည်။
"သူက ဘယ်သူတုန်း"
"သူက ကချေသည်လေးပါ၊ သောင်းချမ်(Diao Chan) လို့ ခေါ်ပါတယ်"
"သူ သီချင်းကော ဆိုတတ်လား"
ထိုအခါ "ဝမ်ယွင်"(Wang Yun) က "သောင်းချမ်"(Diao Chan) ကို သီချင်းဆိုစေသည်။ "တုန်ကျိုး"(Dong Zhuo) သည် အားရစွာဖြင့် ထိုကချေသည်လေးကို ချီးမွမ်းသည်။ "ဝမ်ယွင်"(Wang Yun) သည် "သောင်းချမ်"(Diao Chan) အား "တုန်ကျိုး"(Dong Zhuo) ထံ အရက်ခွက်ငှဲ့စေသည်။ "တုန်ကျိုး"(Dong Zhuo) က "သောင်းချမ်"(Diao Chan) ၏ အသက်ကို မေးသည်။
"ကျွန်တော်မျိုးမက နှစ်ဆယ့်တစ် ရှိပါပြီ"
ထိုအခါ "ဝမ်ယွင်"(Wang Yun) က မတ်တပ်ရပ်ကာ ဤသို့ပြောသည်။
"ဝန်ကြီးချုပ်က စိတ်မရှိဘူးဆိုရင် ကျွန်တော်က ဒီကချေသည်လေးကို ဆက်သပါ့မယ်"
"ဒီလိုဆိုရင်တော့ ကျေးဇူးတင်မဆုံးအောင် ရှိနေမှာပဲ"
"သူမသာ ဝန်ကြီးချုပ်ရဲ့ အစေခံဖြစ်မယ်ဆိုရင် ဒါသူ့ရဲ့ကံကောင်းမှုပါပဲ"

"တုန်ကျိုး"(Dong Zhuo) သည် "ဝမ်ယွင်"(Wang Yun) ကို ကျေးဇူးအလွန်တင်လေ၏။ ထို့နောက် "သောင်းချမ်"(Diao Chan) ကို တင်ဆောင်သွားရန် ထမ်းယာဉ်ပြင်စေသည်။ မကြာမီပင် "တုန်ကျိုး"(Dong Zhuo) ပြန်လေရာ "ဝမ်ယွင်"(Wang Yun) ကလည်း "တုန်ကျိုး"(Dong Zhuo) နှင့် အတူ အိမ်တော်သို့လိုက်ပါသွားသည်။
"ဝမ်ယွင်"(Wang Yun) အိမ်ပြန်ရာ လမ်းတစ်ဝက်အရောက်တွင် လှံကိုကိုင်လျက် မြင်းနီကို စီးလာသော "လွီပု"(Lu Bu) နှင့် တွေ့သည်။ "ဝမ်ယွင်"(Wang Yun) ကို တွေ့သည်နှင့် "လွီပု"(Lu Bu) သည် ချက်ချင်းလာကာ လည်ကုပ်ကိုဆွဲကိုင်ပြီး ဒေါသဖြင့် မေးသည်။
"ခင်ဗျားပြောတော့ သောင်းချမ်(Diao Chan) ကို ကျုပ်ကို ပေးမယ်ဆို၊ အခု ဘာလို့ ဝန်ကြီးချုပ်ကို ပေးလိုက်တာတုန်း၊ ဒါ ကျုပ်ကို အရူးလုပ်တာလား"
"ဒီမှာ စကား ပြောလို့ မကောင်းဘူး၊ ကျွန်တော့် အိမ်လိုက်ခဲ့ပါ။ ရှင်းပြပါ့မယ်"
သို့နှင့် နှစ်ယောက်သား အိမ်သို့သွားပြီး နောက် "ဝမ်ယွင်"(Wang Yun) သည် "လွီပု"(Lu Bu) အား ဤသို့ပြောသည်။
"ဘာလို့ စစ်သူကြီးက ကျွန်တော့်အပြစ်လို့ ထင်ရတာတုန်း"
"ခင်ဗျားက သောင်းချမ်(Diao Chan) ကို ဝန်ကြီးချုပ်အိမ်လိုက်ပို့တယ်လို့ လူတွေ ပြောသံကြားလို့၊ ဒါက ဘာအဓိပ္ပာယ်တုန်း"
"ခင်ဗျား အထင်လွဲလည်း အထင်လွဲစရာပါပဲ။ မနေ့က နန်းတော်မှာ ဝန်ကြီးချုပ်က ကျွန်တော့်အိမ်မှာ ပြောစရာစကား ရှိတယ်ဆိုတော့ ကျွန်တော်ကလည်း သူလာတဲ့အခါမှာ ပြင်ဆင်စရာရှိတာ ပြင်ထားတာပေါ့။ စားပွဲမှာ သူက ဒီလိုပြောတယ်ဗျ။
'ခင်ဗျားအိမ်မှာ သောင်းချမ်(Diao Chan) ဆိုတဲ့ မိန်းကလေးကို ကျုပ်သား လွီပု(Lu Bu) ကို ပေးမယ်ဆိုပြီး ပြောထားတာ ရှိတယ်မဟုတ်လား၊ ကောလာဟာလလို့ ထင်ပေမယ့် ဟုတ်လား မဟုတ်လားမေးကြည့်တာ၊ တကယ်ဆိုရင်တော့ သူ့ကိုမြင်ချင်တယ်'
ကျွန်တော်က သူ့ကို ဘယ်ဖီဆန်နိုင်ပါ့မလဲ။ အဲ့တော့ သောင်းချမ်(Diao Chan) ကို ခေါ်ထုတ်လိုက်ရတာပေါ့၊ နောက်တော့ သူက သောင်းချမ်(Diao Chan) ကို ခေါ်သွားပြီး စစ်သူကြီးနဲ့ ပေးစားမယ်လို့ ဆိုလို့ ထည့်ပေးလိုက်တာပါ၊ ကျွန်တော်က သူ့ကို ဘယ်တားနိုင်ပါ့မလဲ"
"ခင်ဗျား မမှားပါဘူး၊ ကျွန်တော် ခင်ဗျားကို အထင်လွဲမိတာ တောင်းပန်ပါတယ်"
"မင်္ဂလာဝတ်စုံတွေကို ကျွန်တော် ခင်ဗျားဆီပို့ပေးလိုက်ပါ့မယ်"

"လွီပု"(Lu Bu) သည် ကျေးဇူးတင်စကားဆိုပြီး ထွက်သွားသည်။ နောက်ရက် နန်းတော်ထဲသို့ရောက်သောအခါ အကြောင်းအရင်းမှန်ကို သိသော်လည်း ဘာမှမကြားနိုင်တော့။ ထို့နောက် နန်းဆောင်အတွင်းသွားကာ ရံရွေတော်တို့ကို "သောင်းချမ်"(Diao Chan) အကြောင်း မေးသည်။ တစ်ဦးက ဝန်ကြီးချုပ်သည် ယမန်နေ့ မိန်းကလေးတစ်ဦးကို ခေါ်လာရာ ယခုထိ အိပ်ရာမှ မထသေးဟု ဆိုသည်။ ထိုအခါ "လွီပု"(Lu Bu) သည် ဒေါသမိုးမွှန်ကာ "တုန်ကျိုး"(Dong Zhuo) အိပ်ရာအခန်းအတွင်းသို့ ခိုးဝင်သွားသည်။
ထိုအချိန်တွင် "သောင်းချမ်"(Diao Chan) သည် အိပ်ယာနိုးနေပြီဖြစ်ပြီး ပြတင်းပေါက်အနီးဝယ် ဆံပင်တို့ကိုပြင်နေသည်။ သူမသည် အပြင်ဘက်ရှိ ရေကန်မှ လူတစ်ဦး၏ အရိပ်ကိုတွေ့လိုက်သည်။ ထိုအရိပ်မှ ခေါင်းဆောင်းသဏ္ဍာန်ကို မြင်လေရာ "လွီပု"(Lu Bu) ၏ ခေါင်းဆောင်းဖြစ်မှန်း သိလေသည်။ ထို့ကြောင့် သူမသည် မျက်မှောင်ကိုကျုံ့ကာ သက်ပြင်းတတွေတွေချလျက် ပဝါကိုကိုင်ပြီး မျက်ရည်သုတ်သည့်ဟန် ပြုလေသည်။ "လွီပု"(Lu Bu) သည် မတ်တပ်ရပ်ကာ အကြာကြီး ကြည့်နေ၏။

ထို့နောက် "လွီပု"(Lu Bu) သည် "တုန်ကျိုး"(Dong Zhuo) ထံအခစားဝင်ရာ "တုန်ကျိုး"(Dong Zhuo) က ကိစ္စအကြောင်းထူးတစ်စုံတရာ ရှိပါ၏လောဟု မေးလျှင် "လွီပု"(Lu Bu) က "မရှိဘူး" ဟု တုံးတိတိပြန်ဖြေလေသည်။ "လွီပု"(Lu Bu) သည် "တုန်ကျိုး"(Dong Zhuo) နံနက်စာစားနေခိုက် နံဘေးတွင် ရပ်နေသည်။ ထိုအခါ ကန့်လန့်ကာ နောက်ကွယ်မှ အမျိုးသမီးတစ်ဦးသည် သူ့ကို ကြည့်နေသည်ဟု ခံစားမိ၍ "လွီပု"(Lu Bu) က သူချစ်ရသူ "သောင်းချမ်"(Diao Chan) ဟု ထင်ကာ လှည့်ကြည့်သည်။ ထိုအခါ "လွီပု"(Lu Bu) ၏ ထူးဆန်းသောအမူအရာကို မြင်လျှင် "တုန်ကျိုး"(Dong Zhuo) မသင်္ကာဖြစ်လေသည်။ "တုန်ကျိုး"(Dong Zhuo) မှ
"မင်း ဘာမှ လုပ်စရာမရှိဘူးဆို သွားလို့ရပြီ" ဟု ပြောလိုက်သည်။
သို့နှင့် "လွီပု"(Lu Bu) မှာ မသွားချင်သွားချင်နှင့် သွားရသည်။

"တုန်ကျိုး"(Dong Zhuo) သည်ကား သူ၏အသစ်စက်စက်မယားချောချောလေးမှ လွဲပြီး ဘာကိုမျှအာရုံမလာတော့။ တစ်လကျော်မျှ တိုင်းပြည်အရေးကို လျစ်လျူရှူထားသည်။ ပျော်ရွှင်မှုဘက်သာ အာရုံထားတော့သည်။ "တုန်ကျိုး"(Dong Zhuo) သည် "သောင်းချမ်"(Diao Chan) ကို မိမိအနားမှ မခွာပဲ နေစေသည်။ "သောင်းချမ်"(Diao Chan) ကလည်း "တုန်ကျိုး"(Dong Zhuo) ၏ အလိုဆန္ဒအလုံးစုံတို့ကို လိုက်လျောလေရာ "တုန်ကျိုး"(Dong Zhuo) ၏ နှစ်သက်ခြင်းခံရလေသည်။
တစ်ရက်တွင် "လွီပု"(Lu Bu) သည် သူ့ မွေးစားအဖေကို သာကြောင်းမာကြောင်းမေးရန် အခန်းအတွင်းသို့ ဝင်လာသည်။ "တုန်ကျိုး"(Dong Zhuo) ကား အိပ်ပျော်နေပြီး "သောင်းချမ်"(Diao Chan) မှာ အိပ်ယာထက်ဝယ်ထိုင်နေသည်။ "သောင်းချမ်"(Diao Chan) သည် "လွီပု"(Lu Bu) ကို မြင်လျှင် လက်ညှိုးတစ်ချောင်းကို မိမိ၏နှလုံးကို ညွှန်ပြပြီး လက်ညှိုးတစ်ဖက်က "တုန်ကျိုး"(Dong Zhuo) ကို ညွှန်ကာ မျက်လုံးမှ မျက်ရည်များကျလာလေသည်။ ၎င်းကိုမြင်သော "လွီပု"(Lu Bu) ကား အသည်းကွဲမတတ်ခံစားရလေ၏။ ထိုအချိန်တွင် "တုန်ကျိုး"(Dong Zhuo) သည် အိပ်ရာမှ ထလာပြီး "လွီပု"(Lu Bu) က "သောင်းချမ်"(Diao Chan) ကို ကြည့်နေသည်ကို မြင်လိုက်လေလျှင်
"ငါ့အချောအလှလေးကို မင်းက ကြိုက်ရဲတယ်" ဟု အော်ငှေါက်ကာ လွှတ်လိုက်သည်။ ထို့ပြင်
"ဒီကောင့်ကို ဘယ်တော့မှ အထဲပေးမဝင်နဲ့" ဟု အစောင့်တို့ကို ပြောလိုက်လေသည်။

"လွီပု"(Lu Bu) သည် အင်မတန်ဒေါသထွက်ပြီး အိမ်သို့ပြန်သွားသည်။ လမ်းတွင် အကြံပေး "လီရု"(Li Ru) နှင့် တွေ့ရာ ဖြစ်ကြောင်းကုန်စင်ကို ပြောလိုက်လေသည်။  "လီရု"(Li Ru) သည် သူ့သခင်ထံအမြန်သွားကာ
"သခင်ကြီး၊ တိုင်းပြည်ကို အုပ်ချုပ်ချင်ရင် ဘာကြောင့် အပြစ်လေးတစ်ခုနဲ့ စစ်သူကြီးကို မာန်မဲရတာလဲ။ အကယ်၍ သူသာ ပုန်ကန်ရင် သွားပြီပဲ" ဟု ဆိုသည်။
"ဒါဆို ဘယ်လိုလုပ်ရမလဲ"
"မနက်ဖြန် သူ့ကို ခေါ်ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပါ၊ လက်ဆောင်တွေဘာတွေ ပေးလိုက်ရင် သူလည်း စိတ်ပြေသွားမှာပါ"
နောက်ရက်ဝယ် "တုန်ကျိုး"(Dong Zhuo) သည် "လွီပု"(Lu Bu) ကို ခေါ်ပြီး
"မနေ့က ငါပြောတာ နည်းနည်းလွန်သွားတယ်၊ စိတ်မရှိပါနဲ့။ ငါ့ကို ခွင့်လွတ်ပါ" ဟု ဆိုသည်။
ထို့နောက် "လွီပု"(Lu Bu) အား ရွှေသုံးရာအောင်စနှင့် အထည်လိပ် နှစ်ဆယ်တို့ကို လက်ဆောင်ပေးသည်။ သို့နှင့် နှစ်ဦးသားပြန်ပြေလည်သွားကြသည်။ "လွီပု"(Lu Bu) သည် "တုန်ကျိုး"(Dong Zhuo) နှင့် အတူရှိနေခဲ့သော်လည်း စိတ်ကား "သောင်းချမ်"(Diao Chan) ဆီ၌ပင်။

ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် နန်းတော်ထဲသို့ဝင်ကာ ဘုရင်နှင့် တွေ့သည်။ "တုန်ကျိုး"(Dong Zhuo) သည် ဘုရင်နှင့် စကားစမြည်ပြောနေခိုက်  "လွီပု"(Lu Bu) သည် အပြင်သို့ထွက်ပြီး  "တုန်ကျိုး"(Dong Zhuo) အိမ်တော်သို့ သွားသည်။  အိမ်တော်ဝတွင်  မြင်းကိုချီကာ လှံကို ကိုင်လျက် အထဲဝင်သွားပြီး "သောင်းချမ်"(Diao Chan) နှင့် တွေ့သည်။ "သောင်းချမ်"(Diao Chan) က သူမသည် ပန်းခြံထဲသို့သွားမည်ဖြစ်ကြောင်း၊ "လွီပု"(Lu Bu) ကို အရင်သွားခိုင်းကာ မိမိနောက်မှ လိုက်လာမည်ဖြစ်ကြောင်း ပြောသည်။ "လွီပု"(Lu Bu)  ကလည်း ပန်းခြံအတွင်း အရင်သွားနှင့်ကာ "သောင်းချမ်"(Diao Chan) ကို စောင့်နေသည်။
အချိန်အတန်ကြာသောအခါ "သောင်းချမ်"(Diao Chan) ပေါ်လာသည်။ "သောင်းချမ်"(Diao Chan) ကား လပေါ်မှ နတ်သမီးတစ်ပါးနှယ် လှချေ၏။
ထို့နောက် "သောင်းချမ်"(Diao Chan) သည် ငိုကာ
"ကျွန်မဟာ ဝန်မင်းရဲ့ သမီးအရင်း မဟုတ်ပေမယ့် ဝန်မင်းက သမီးအရင်းလိုပဲ ဆက်ဆံခဲ့ပါတယ်၊ သူက ကျွန်မကို စစ်သူကြီးနဲ့ ပေးစားမယ်လို့ ဆိုတဲ့အချိန်မှာ ကျွန်မဘဝဟာ ပြီးပြည့်စုံသွားခဲ့ပြီလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးချုပ်က ကျွန်မကို သိမ်းပိုက်သွားခဲ့တယ်၊ အမှန်ကတော့ ကိုယ့်ကိုယ်ကို သတ်သေမလို့ပါ၊ ဒါပေမယ့် ရှင့်ကို မြင်ပြီး ဒီစကားတွေ ပြောပြီးမှပဲ သေမယ်လို့ ဆုံးဖြတ်ပြီး အောင့်အီးနေခဲ့တာပါ။  ကျွန်မစကားတွေအမှန်ဖြစ်ကြောင်း သက်သေပြတဲ့အနေနဲ့ ရှင့်ရှေ့မှာ သေပြမယ်" ဟု ဆိုသည်။

ထို့နောက် အနီးရှိ ရေကန်အတွင်း ခုန်ချရန် ဟန်ပြင်သည်။ ထိုအခါ "လွီပု"(Lu Bu) က ဆွဲလိုက်ပြီး သူ့ရင်ခွင်ထဲဝယ် ထွေးပိုက်လိုက်သည်။
"ငါ သိပါတယ်။ မင်း ခံစားနေရတာကို အမြဲသိနေခဲ့ပါတယ်။ ဒီလိုနှစ်ယောက်စကားပြောဖို့ အခြေအနေမပေးခဲ့လို့သာပေါ့"
"ကျွန်မက ဒီဘဝမှာတော့ ရှင့်ဇနီးမဖြစ်နိုင်တော့ဘူး။ နောင်ဘဝဆိုတာ ရှိသေးရင်ဖြင့် ဇနီးမောင်နှံ တော်ကြတာပေါ့"
"မင်းကို ဒီတစ်သက် လက်မထပ်ရင် ငါက ကိုယ့်ကိုယ်ကို သူရဲကောင်းလို့ မခံယူထိုက်တော့ဘူး"
"အို၊ တစ်ရက်ဆိုတာတစ်နှစ်ပမာ ကြာရှည်လွန်းတယ်လို့ ထင်ရပါတယ်၊ သနားပါ! ကျွန်မကို ကယ်တင်ပါ၊ သခင်"
"အခုတွေ့ဖို့ အချိန်ခဏပဲ ရတယ်။ အကြာကြီးရှိနေရင် အဘိုးကြီး ရိပ်မိသွားလိမ့်မယ်၊ ဒါကြောင့် ဒီမှာ အကြာကြီး ရှိနေလို့မဖြစ်ဘူး"
"သောင်းချမ်"(Diao Chan) သည် "လွီပု"(Lu Bu) ကို မှီလျက်
"ရှင် အဲ့သူခိုးအဘိုးကြီးကို ကြောက်နေရင် ကျွန်မ နောက်ရက် နေထွက်တာတောင် မြင်ရမှာ မဟုတ်ဘူး" ဟု ဆိုသည်။
"ငါ့ကို စဉ်းစားဖို့ အချိန်နည်းနည်းပေးပါ"
ထို့နောက် "လွီပု"(Lu Bu) သည် လှံကို ကိုင်လျက် ပြန်ရန် ပြင်သည်။


"သောင်းချမ်"(Diao Chan) က
"ဒီလိုအပြင်လောကနဲ့ အဆက်အသွယ်မရှိတဲ့ နေရာလိုမျိုးမှာတောင် ကျွန်မက ရှင့်ရဲ့ ရဲရင့်မှုတွေ၊ စွမ်းအားတွေအကြောင်းကြားရတယ်။ ရှင်က တခြားလူတွေထက် သာတဲ့လူ မဟုတ်လား။ ဘာလို့ သူများ လက်အောက်မှာ  ငြိမ်နေရတာတုန်း" ဟု ပြောကာ မျက်ရည် ကျပြန်သည်။
ထိုအခါ "လွီပု"(Lu Bu) ၏ မျက်နှာတွင် ရှက်ယောင်သမ်းသွားပြီး လှံကို အနီးတွင်ထောင်လျက် နောက်ပြန်လှည့်ကာ "သောင်းချမ်"(Diao Chan) ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး နှစ်သိမ့်သည်။ ဤသို့နှင့် ချစ်သူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦးဖက်ကာ နှုတ်ဆက်စကား မဆိုနိုင်ပဲ ရှိနေကြသည်။
"တုန်ကျိုး"(Dong Zhuo) သည် "လွီပု"(Lu Bu) ပျောက်နေသည်ကို သတိပြူမိသဖြင့် နန်းတော်မှ အမြန်ထွက်လာကာ အိမ်သို့ ပြန်လာသည်။ အိမ်ရှေ့တွင် "လွီပု"(Lu Bu) ၏ နာမည်ကြီးမြင်း "ယုန်နီ" ချိတ်ထားသည်ကို တွေ့လိုက်ရာ အစောင့်တို့ကို မေးသော် "လွီပု"(Lu Bu) အထဲဝင်သွားကြောင်း ပြောသည်။  "တုန်ကျိုး"(Dong Zhuo) သည် နောက်လိုက်တို့ကို ထားခဲ့ကာ တစ်ဦးတည်းအခန်းဆောင်ထဲဝင်သွားလေသည်။ "လွီပု"(Lu Bu)  ကို မတွေ့၊ "သောင်းချမ်"(Diao Chan) ကို ခေါ်သည်၊ အသံမကြား။ သို့နှင့် အိမ်အကူတို့ကို မေးမြန်းလေရာ ပန်းခြံအတွင်း ဝင်သွားကြောင်းပြောသည်။
"တုန်ကျိုး"(Dong Zhuo) သည် ပန်းခြံအတွင်းဝင်သွားရာ ချစ်သူနှစ်ဦးကြည်နူးနေသည်ကို တွေ့လိုက်ရာ ဒေါသဖြင့် အော်လိုက်ရာ နှစ်ဦးသားလန့်သွားကြသည်။"လွီပု"(Lu Bu)  သည် "တုန်ကျိုး"(Dong Zhuo) ဖြစ်မှန်း သိသောအခါ ပြေးလေသည်။ "တုန်ကျိုး"(Dong Zhuo) ကလည်း "လွီပု"(Lu Bu) ထောင်ထားသော လှံကို ကိုင်လျက် နောက်မှလိုက်သည်။ "လွီပု"(Lu Bu)  မှာ အရပ်ရှည်သူဖြစ်ပြီး "တုန်ကျိုး"(Dong Zhuo) မှာ ဝပြီးပုသူဖြစ်သောကြောင့် နောက်မှ လိုက်သော်လည်း မမှီချေ။ "တုန်ကျိုး"(Dong Zhuo) သည် လက်တွင်ကိုင်ထားသောလှံဖြင့် "လွီပု"(Lu Bu)  ကို လှမ်းပစ်ရာ"လွီပု"(Lu Bu)  က ရှောင်လိုက်သောကြောင့် မထိပဲ မြေ၌စိုက်သွားသည်။ "တုန်ကျိုး"(Dong Zhuo) က လှံကို ကောက်ယူ၍ဆက်လိုက်သည်။ ထိုအချိန်ဝယ် "လွီပု"(Lu Bu)  သည် အဝေးသို့ ရောက်နေပြီဖြစ်သည်။ သို့သော် "တုန်ကျိုး"(Dong Zhuo) က ဆက်လိုက်ပြီး ပန်းခြံဂိတ်အဝအရောက်တွင် တစ်ဖက်မှ ပြေးလာသောလူတစ်ဦးနှင့် တိုက်မိပြီး လဲကျသွားလေသည်။


Comments

Popular posts from this blog

Lookism