သုံးနိုင်ငံခေတ်(၇)

အခန်း(၇) ယွမ်ရှောက်(Yuan Shao) နှင့် ကုန်းစွန်းကျန့်(Gongsun Zan) တို့ စစ်ဖြစ်ခြင်း။ စွန်းကျန့်(Sun Jian) သည် လျူပြောင်း(Liu Biao) ကို တိုက်ခြင်း။


"စွန်းကျန့်"(Sun Jian) သည် အိမ်ပြန်ရာလမ်းဝယ် ရန်သူတို့၏ ဝန်းရံခြင်းခံခဲ့ရသည်ကို ရှေ့တစ်ခန်းတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ "စွန်းကျန့်"(Sun Jian) သည် စစ်သားထက်ဝက်ခန့်ဆုံးရှုံးခဲ့သော်လည်း စစ်သူကြီးများဖြစ်သော "ချန်ဖူ"(Cheng Pu)၊ "ဟွမ်ကိုင်"(Huang Gai) နှင့် "ဟန်တန်"(Han Dang) တို့၏ အကူအညီဖြင့် လွတ်မြောက်လာခဲ့သည်။ သို့နှင့် "စွန်းကျန့်"(Sun Jian) သည် ရန်စီမြစ်ကြီး၏ အရှေ့တောင်ဘက်တွင်ရှိသော သူ၏မြို့ဖြစ်သည့် ချန်ဆားသို့ ပြန်ရောက်သွားသည်။ ထိုအချိန်မှစကာ "စွန်းကျန့်"(Sun Jian) နှင့် "လျူပြောင်း"(Liu Biao) တို့သည် ပေါ်ပေါ်ထင်ထင်ပင် ရန်သူများ ဖြစ်ခဲ့ကြ၏။

"ယွမ်ရှောက်"(Yuan Shao) သည် ဟဲနေတွင် ရှိနေခဲ့၏။ သူ့စစ်သားတို့အတွက် အစားအစာလိုအပ်သဖြင့် ကျိကျိုးနယ်စား "ဟန်ဖူ"(Han Fu) ထံမှ ချေးငှားလေသည်။ ထိုအခါ "ယွမ်ရှောက်"(Yuan Shao) ၏ အကြံပေးဖြစ်သော "ဖုန်ကျိ"(Peng Ji) မှ
"သခင်ကြီးဟာ လက်ရှိနယ်စားတွေထဲမှာ အင်အားအကြီးဆုံးပဲလေ၊ ဘာလို့ သူများဆီက မှီခိုနေရမှာတုန်း? ကျိကျိုးပြည်နယ်က ကျယ်ပြန့်ပြီး စားနပ်ရိက္ခာ ပေါကြွယ်ဝတယ်၊ အဲ့ဒေသကို သိမ်းလိုက်ရောပေါ့" ဟု ပြောသည်။
"အင်း.... ငါ့မှာ အကြံကောင်းမရှိသေးလို့"
"ဒါမှမဟုတ် ဒီလိုလုပ်ပါလား၊ တစ်ဖက်လှည့်နဲ့ သခင်ကြီးက အကူအညီပေးမယ်ပြောပြီး ကုန်းစွန်းကျန့်(Gongsun Zan) ကို ကျိကျိုးနယ်စား ဟန်ဖူ(Han Fu) နဲ့ တိုက်ခိုင်းလိုက်။ အဲ့အခါမှာ "ဟန်ဖူ"(Han Fu) လည်း ဘာမှမတတ်နိုင်ပဲ သခင်ကြီးဆီမှာ လာပြီး လက်နက်ချရလိမ့်မယ်၊ ဒါဆို လက်တစ်ချောင်းတောင် မလှုပ်ရပဲ ပြည်နယ်တစ်ခုကို သိမ်းပိုက်နိုင်မှာပါ"
ထို့နောက် "ယွမ်ရှောက်"(Yuan Shao) သည် ကျိကျိုးပြည်နယ်ကို တိုက်ပြီး ခွဲယူကြမည်ဟူသော စာကို "ကုန်းစွန်းကျန့်"(Gongsun Zan) ထံ ပို့လိုက်သည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) ကလည်း ကူညီမည်ဟု သဘောတူလိုက်၏။ တစ်ချိန်တည်းမှာပင် "ယွမ်ရှောက်"(Yuan Shao) က "ဟန်ဖူ"(Han Fu) ထံ "ကုန်းစွန်းကျန့်"(Gongsun Zan) လာတိုက်မည်ဟူ၍ အကြောင်းကြားလိုက်သည်။

ထိုအခါ "ဟန်ဖူ"(Han Fu) သည် အကြံပေး "ရွှင်းချန်"(Xun Chang) နှင့် "ရှင်းဖင်"(Xin Ping) တို့ထံမှ အကြံဉာဏ်တောင်းသည်။
"ရွှင်းချန်"(Xun Chang) : "ပေဖင်မြို့စား ကုန်းစွန်းကျန့်(Gongsun Zan) မှာ အင်အားကြီးတဲ့ စစ်တပ်ကြီးရှိတယ်။ အကယ်၍ သူသာ လာတိုက်ရင် ကျွန်တော်တို့ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး၊ အထူးသဖြင့် လျူဘေ့(Liu Bei) နဲ့ သူ့ညီတွေရဲ့အကူအညီပါ, ပါလာရင်ပေါ့။ လက်ရှိမှာ ယွမ်ရှောက်(Yuan Shao) က တခြားသူတွေထက် သာနေပြီး သူ့လက်အောက်မှာလည်း နာမည်ကြီး စစ်သူကြီးတွေရှိတယ်၊ ဒါကြောင့် သူ့ကို ဒီပြည်နယ်ကို လာအုပ်ချုပ်ခိုင်းပြီး ကူညီစေရင် အကောင်းဆုံးပဲပေါ့။ ယွမ်ရှောက်(Yuan Shao) က သခင့်ကို ကောင်းကောင်းဆက်ဆံမှာပါ။ နောက်ပြီး အဲ့လိုသာဆို ကုန်းစွန်းကျန့်(Gongsun Zan) ရန်ကို ကြောက်စရာမလိုတော့ဘူး"
"ဟန်ဖူ"(Han Fu) သည် ထိုအကြံကို လက်ခံကာ "ယွမ်ရှောက်"(Yuan Shao) ထံ စာပို့လိုက်သည်။ သို့သော် စစ်သူကြီး "ကန်ဝူ"(Geng Wu) သည် ကန့်ကွက်သည်။
"ယွမ်ရှောက်(Yuan Shao) က စစ်တပ်ကြီးပေမယ့် စားနပ်ရိက္ခာအတွက်က ကျွန်တော်တို့နယ်ကို မှီခိုနေရတာ၊ ဥပမာပြောရရင် အမေ့လက်ထဲမှာ ရှိနေတဲ့ မွေးကင်းစကလေးလိုပဲ။ နို့ရည်ကိုသာဖြတ်လိုက်ရင် ကလေးက သေသွားမှာပဲ။ ဘာလို့များ ကိုယ့်ပြည်နယ်ကို သူများလက် ဝ, ကွက်အပ်ရမှာတုန်း။ ဒါက သိုးလှောင်အိမ်ထဲကို ကျားခေါ်သွင်းလိုက်တာနဲ့ ဘာမှမခြားဘူး"
"ငါ့အပေါ်မှာ ယွမ်မိသားစုရဲ့ ကျေးဇူးတွေ အများကြီးရှိတယ်၊ နောက်ပြီး ယွမ်ရှောက်(Yuan Shao) ရဲ့ အရည်အချင်းက ငါ့ထက်အများကြီးသာတယ်။ ဘာလို့များ မနာလိုဖြစ်နေရမှာတုန်း။ သင့်လျော်သူကို အုပ်ချုပ်စေရမှာပေါ့"
ထိုအခါ "ကန်ဝူ"(Geng Wu) သည် သက်ပြင်းချကာ
"ကျိကျိုးတော့ သွားပါပြီ" ဟု ဆိုလေ၏။
ထိုသတင်းသည် ပြန့်သွားလေရာ "ဟန်ဖူ"(Han Fu) လက်အောက်မှ အရာရှိသုံးဆယ်ကျော်တို့ ရာထူးမှ နှုတ်ထွက်ကြကုန်သည်။ သို့သော်လည်း အရာရှိနှစ်ဦးဖြစ်သော "ကန်ဝူ"(Geng Wu) နှင့် "ကွမ်းချွန်း"(Guan Chun) တို့သည် ပုန်းအောင်းနေကြပြီး "ယွမ်ရှောက်"(Yuan Shao) အလာကို စောင့်နေခဲ့သည်။

ရက်အနည်းငယ်ကြာသောအခါ "ယွမ်ရှောက်"(Yuan Shao) သည် စစ်သားတို့နှင့်အတူ ကျိကျိုးသို့ ဝင်လာသည်။ ထိုအခါ "ကန်ဝူ"(Geng Wu) နှင့် "ကွမ်းချွန်း"(Guan Chun) တို့သည် ဓားမြောင်ကိုယ်စီနှင့် "ယွမ်ရှောက်"(Yuan Shao) အား သတ်မည်ပြု၏။ သို့သော်လည်း "ယွမ်ရှောက်"(Yuan Shao) ၏ စစ်သူကြီးနှစ်ဦးဖြစ်သော "ရန်လျန်"(Yan Liang) နှင့် "ဝင်ချို"(Wen Chou) တို့က လုပ်ကြံသူနှစ်ဦး၏ ခေါင်းကို ဖြတ်လိုက်သည်။ သို့နှင့်ပင် "ယွမ်ရှောက်"(Yuan Shao) သည် ကျိကျိုးပြည်နယ်မြို့တော် ကျိကျိုးမြို့အတွင်း ဝင်ရောက်လာခဲ့သည်။
"ယွမ်ရှောက်"(Yuan Shao) မြို့ထဲရောက်သည်နှင့် ပထမဆုံးလုပ်သည်ကား "ဟန်ဖူ"(Han Fu) ကို ရာထူးကြီးကြီး ခန့်အပ်ခြင်းပင်ဖြစ်သည်။ သို့သော် ထိုရာထူးကား နာမည်ခံမျှသာဖြစ်ပြီး အဓိကအုပ်ချုပ်မှုကို "ယွမ်ရှောက်"(Yuan Shao) ၏ အကြံပေးလေးဦးဖြစ်သော "ထျန်ဖုန်း"(Tian Feng) ၊ "ကျွီရှို"(Ju Shou) ၊ "ရွှီယို"(Xu You) နှင့် "ဖုန်ကျိ"(Peng Ji) တို့က တာဝန်ယူကြသည်။ ထိုလေးဦးတို့သည် ပြည်နယ်အုပ်ချုပ်မှုအာဏာကို တဖြည်းဖြည်းရလာကာ "ဟန်ဖူ"(Han Fu) အတွက် နေရာပင်မရှိတော့။ ထိုအခါ "ဟန်ဖူ"(Han Fu) သည် အလုံးစုံကို စွန့်လွတ်ကာ ချန်လျူမြို့စား "ကျန်းမြောင်"(Zhang Miao) ထံတွင် ခိုလှုံလေသည်။
 
ထိုသို့ "ယွမ်ရှောက်"(Yuan Shao) ကတိပျက်သည်ကို "ကုန်းစွန်းကျန့်"(Gongsun Zan) ကြားသော် သူ့ညီ "ကုန်းစွန်းယွဲ့"(Gongsun Yue) ကို လွှတ်ကာ ကျိကျိုးပြည်နယ်ကို ခွဲဝေပေးရန် တောင်းဆိုစေသည်။ ထိုအခါ "ယွမ်ရှောက်"(Yuan Shao) က
"ခင်ဗျား အစ်ကိုကို ကိုယ်တိုင်လာခိုင်းလိုက်ဗျာ၊ သူနဲ့ ဆွေးနွေးစရာရှိလို့" ဟု ပြောသဖြင့် "ကုန်းစွန်းယွဲ့"(Gongsun Yue) လည်း ပြန်လေသည်။
လမ်းတစ်ဝက်တွင် စစ်သားတို့ထွက်လာပြီး
"ငါတို့က ဝန်ကြီးချုပ်တုန်ကျိုး(Dong Zhuo) လက်အောက်က အစောင့်တပ်ပဲ" ဟု အော်ကာ "ကုန်းစွန်းယွဲ့"(Gongsun Yue) တို့အဖွဲ့ကို တိုက်သည်။ "ကုန်းစွန်းယွဲ့"(Gongsun Yue) သည် မြားမှန်ပြီး သေဆုံးလေသည်။ ထိုအဖွဲ့မှ လွတ်မြောက်သူအချို့သည် ထိုအကြောင်းကို "ကုန်းစွန်းကျန့်"(Gongsun Zan) ထံ ပြောသည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) သည် ဒေါသထွက်ကာ
"ယွမ်ရှောက်(Yuan Shao) က ငါ့ကို ကျိကျိုးပြည်နယ်ကို တိုက်ခိုင်းပြီးတော့ သူက အဲ့ပြည်နယ်ကိုတစ်ဖက်လှည့်နဲ့သိမ်းသွားတယ်။ နောက်ပြီး ငါ့ညီကို လူလွှတ်ပြီး သတ်ခိုင်းပြီးတော့ တုန်ကျိုး(Dong Zhuo) ကပဲ သတ်ခိုင်းသလိုနဲ့ အကွက်ဆင်တယ်၊ ငါ့ညီအတွက် လက်တုန့်ပြန်ကို ပြန်ရမယ်" ဟု ကြိမ်းမောင်းသည်။

ထို့နောက် "ကုန်းစွန်းကျန့်"(Gongsun Zan) သည် စစ်သားတို့ကို စုဝေးကာ တိုက်ရန် ပြင်လေသည်။ ထိုသတင်းကို ကြားသော "ယွမ်ရှောက်"(Yuan Shao) ကလည်း စစ်တပ်ကို စေလွှတ်လိုက်သည်။ ထိုတပ်ဖွဲ့နှစ်ဖွဲ့တို့သည် ဖန်မြစ်ကို ထိုးထားသော ကျဲချောင်တံတား၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူထားကြသည်။ ထိုစစ်ပွဲကို ကျဲချောင်စစ်ပွဲ (Battle of Jieqiao -           界橋之戰) ဟု ခေါ်ကြသည်။
"ကုန်းစွန်းကျန့်"(Gongsun Zan) သည် တံတားတစ်ဖက်မှ နေ၍
"ခင်ဗျားက ကျုပ်ကို လှည့်စားခဲ့တာပဲ" ဟု ဆိုသည်။
ထိုအခါ "ယွမ်ရှောက်"(Yuan Shao) ထွက်လာပြီး
"ဟန်ဖူ(Han Fu) က သူနဲ့ အုပ်ချုပ်ဖို့မတန်လို့ သူ့ပြည်နယ်ကို ကျုပ်ကို ပေးတာ ခင်ဗျားနဲ့ ဘာဆိုင်တုန်း"
"ခင်ဗျားက အရင်က သစ္စာရှိပြီး လူအများလေးစားခံရတဲ့အမှုထမ်းဆိုပြီး နာမည်ကြီးခဲ့လို့ ကျုပ်တို့က ခင်ဗျားကို မဟာမိတ်တပ်ပေါင်းစုရဲ့ခေါင်းဆောင်လုပ်စေခဲ့တာ၊ အခုတော့ မြေခွေးလို ကောက်ကျစ်ယုတ်မာတဲ့လူဖြစ်နေမှန်းသိရတယ်၊ ခင်ဗျား လောကကြီးကို ဘယ်လိုမျက်နှာပြမလဲ"
ထိုအခါ "ယွမ်ရှောက်"(Yuan Shao) သည် ဒေါသကြီးစွာ
"ဘယ်သူ သူ့ကို ဖမ်းမလဲဟေ့" ဟု မေးသည်။
ချက်ချင်းပင် "ဝင်ချို"(Wen Chou) သည် လှံကိုကိုင်ကာ ထွက်သွားသည်။ တစ်ဖက်မှလည်း "ကုန်းစွန်းကျန့်"(Gongsun Zan) သည် ရန်သူဘက်သို့ မြင်းစီးလာကာ "ဝင်ချို"(Wen Chou) နှင့် ရင်ဆိုင်သည်။ အချင်းချင်းဆယ်ကွက်ခန့်ဖလှယ်ပြီးသော် "ဝင်ချို"(Wen Chou) ၏ အစွမ်းအစကို မြင်သောအခါ အခြေအနေမဟန်သည်နှင့် "ကုန်းစွန်းကျန့်"(Gongsun Zan) ပြေးလေသည်။ "ဝင်ချို"(Wen Chou) သည် နောက်မှ လိုက်သည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) ၏ စစ်သူကြီးလေးဦးတို့သည် "ဝင်ချို"(Wen Chou) ကို တားသည်။ သို့သော်လည်း "ဝင်ချို"(Wen Chou) က တစ်ဦးကိုသတ်လိုက်ရာ ကျန်သုံးဦးတို့က ထွက်ပြေးသွားသည်။ "ဝင်ချို"(Wen Chou) သည် နောက်မှ တရကြမ်း လိုက်လေရာ "ကုန်းစွန်းကျန့်"(Gongsun Zan) သည် တောင်ကြားသို့ ထွက်ပြေးရသည်။
"ကုန်းစွန်းကျန့်"(Gongsun Zan) သည် တရကြမ်းပြေးလေရာ ပုခုံးပေါ်မှ လေးနှင့်မြားတို့ ကျကုန်သည်။ ခေါင်းပေါ်မှ ခေါင်းဆောင်းခမောက်လည်း ကျသွားခဲ့သည်။ ချည်နှောင်ထားသောဆံပင်တို့လည်း ပြေလျော့ကုန်ပြီ။ နောက်ဆုံး မြင်းမှာ ပန်းသွားပြီး လဲကျသွားရာ "ကုန်းစွန်းကျန့်"(Gongsun Zan) လည်း မြင်းပေါ်မှ ကျသွားကာ တောင်ခြေနားသို့ တလိမ့်ခေါက်ကွေးကျသွားသည်။
နောက်မှ "ဝင်ချို"(Wen Chou) ကလည်း တဖြည်းဖြည်းမှီလာချေပြီ။ "ကုန်းစွန်းကျန့်"(Gongsun Zan) သည် ကြောက်လန့်တကြားနှင့် တောင်ခြေမှ အပေါ်သို့တွယ်တက်ရန်ပြင်သည်။

ထိုအချိန်မှာပင် မျက်ခုံးမွေးထူထူ၊ မျက်လုံးကြီးကြီး၊ ကျယ်ပြန့်သောမျက်နှာနှင့် မေးရိုးကြီးသော လူငယ်တစ်ဦးသည် ထွက်လာကာ "ဝင်ချို"(Wen Chou) နှင့် တိုက်သည်။ ထိုသူတို့နှစ်ဦးသည် အကွက်ငါးဆယ်ခန့်တိုက်သော်လည်း အနိုင်အရှုံးမသဲကွဲချေ။ ထိုအခိုက်မှာပင် "ကုန်းစွန်းကျန့်"(Gongsun Zan) စစ်တပ်ရောက်လာရာ "ဝင်ချို"(Wen Chou) ပြေးလေသည်။ ထိုလူငယ်ကား "ဝင်ချို"(Wen Chou) နောက် မလိုက်။ "ကုန်းစွန်းကျန့်"(Gongsun Zan) သည် ထိုလူငယ်ကိုမည်သူနည်းဟု မေးလျှင် ထိုလူငယ်သည် ဦးညွှတ်၍ အရိုအသေပြုကာ
"ကျွန်တော်က ချန်ရှန်းက ကျောက်ယွင်(Zhao Yun) ပါ။ ပထမဆုံး ယွမ်ရှောက်(Yuan Shao) လက်အောက်မှာ အမှုထမ်းခဲ့ပါတယ်၊ ဒါပေမယ့် သူက သစ္စာရှိသူမဟုတ်ပဲ ပြည်သူလူထုအပေါ် ကောင်းတဲ့သူ မဟုတ်ဘူး။ ဒါကြောင့် သူ့ဆီကနေ ထွက်ခဲ့ပြီးတော့ ခင်ဗျားဆီမှာ အမှုထမ်းဖို့ ရှာတာပါ။ အဲ့နောက် ဒီနေရာမှာ မမျှော်လင့်ပဲ တွေ့တာပါ" ဟု ပြောသည်။
ထိုအခါ "ကုန်းစွန်းကျန့်"(Gongsun Zan) သည် ပျော်ရွှင်သွားပြီး စခန်းသို့ပြန်ကာ နောက်စစ်ပွဲတိုက်ရန် အစီအစဉ်များ ဆွဲလေ၏။

နောက်တစ်ရက်တွင် "ကုန်းစွန်းကျန့်"(Gongsun Zan) သည် စစ်တပ်ကို ဘယ်တောင်ပံ၊ ညာတောင်ပံ နှစ်ကြောင်းခွဲလိုက်သည်။ ထို့နောက် အလယ်တွင် မြင်းဖြူစီးထားသော စစ်သားငါးထောင် ကိုထားသည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) သည် မြင်းဖြူတပ်ကို ဦးဆောင်သူဖြစ်သဖြင့် မြင်းဖြူတပ်စစ်သူကြီးဟု နာမည်ကြီးခဲ့သူဖြစ်ပြီး မြောက်ပိုင်းမှ ရန်သူတို့ကို ဖိန့်ဖိန့်တုန်ကြောက်စေခဲ့သူဖြစ်သည်။
"ယွမ်ရှောက်"(Yuan Shao) ဘက်တွင် စစ်သူကြီး "ရန်လျန်"(Yan Liang) နှင့် "ဝင်ချို"(Wen Chou) တို့သည် မြားတပ်သားတစ်ထောင်စီ ဦးဆောင်ကာ ချီတက်ကြသည်။ ထိုမြားတပ်တို့ကို နှစ်ဖွဲ့ခွဲထားကာ ဘယ်ဘက်မှ တပ်သည် "ကုန်းစွန်းကျန့်"(Gongsun Zan) တပ်၏ ညာကို ပစ်၊ ညာဘက်တပ်သည် တစ်ဘက်ရန်သူ၏ ဘယ်ကို ပစ်လေသည်။ အလယ်တွင်မူ "ချွီရီ"(Qu Yi) ဦးဆောင်သော မြားသမားရှစ်ရာရှိပြီး ခြေလျင်တပ်နှင့်မြင်းတပ် စုစုပေါင်းတစ်သောင်းခန့်ရှိသည်။ "ယွမ်ရှောက်"(Yuan Shao) မှာမူ တပ်၏ နောက်ဘက်တွင် နေရာယူထားသည်။


ထိုစစ်ပွဲတွင် "ကုန်းစွန်းကျန့်"(Gongsun Zan) ဘက်သို့စတင်ဝင်ရောက်လာသော "ကျောက်ယွင်"(Zhao Yun) ပါဝင်သည့်တိုက်ပွဲဖြစ်သည်။ သို့သော်လည်း "ကျောက်ယွင်"(Zhao Yun) ၏ သစ္စာရှိမှုကို မယုံကြည်သဖြင့် တပ်၏နောက်ဆုံးဘက်တွင်သာ နေရာပေးထားသည်။ တပ်ဦးကို ဦးဆောင်သူမှာ "ရန်ကွမ်း"(Yan Guang) ဖြစ်ပြီး "ကုန်းစွန်းကျန့်"(Gongsun Zan) မှာမူ ပင်မတပ်ကို ဦးဆောင်သည်။
မနက်မှသည် ညနေအထိ ဗုံတို့ကို တီးကြသည်။ သို့သော် "ယွမ်ရှောက်"(Yuan Shao) စစ်တပ်ကား တုတ်တုတ်ပင်မလှုပ်။ သို့နှင့် "ရန်ကွမ်း"(Yan Guang) သည် တစ်ဖက်ရန်သူကို တိုက်ရန် အနားသို့ ချဉ်းကပ်လေသည်။ တစ်ဖက်မှ "ချွီရီ"(Qu Yi) နှင့် စစ်တပ်သည် "ရန်ကွမ်း"(Yan Guang) အလာကို စောင့်နေပြီး လာသည်နှင့် မြားတို့ဖြင့် ပစ်လေသည်။ "ရန်ကွမ်း"(Yan Guang) သည် အငိုက်ခံလိုက်ရသဖြင့် တပ်ဆုတ်ရန်ကြံသော်လည်း "ချွီရီ"(Qu Yi) ထွက်လာကာ "ရန်ကွမ်း"(Yan Guang) ကို သတ်လိုက်လေ၏။
သို့နှင့်ထိုတိုက်ပွဲတွင် "ကုန်းစွန်းကျန့်"(Gongsun Zan) ၏ စစ်တပ်ရှုံးသွားသည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) ၏ ဘယ်၊ညာ တောင်ပံတို့ကား တစ်ဖက်မှ "ရန်လျန်"(Yan Liang) နှင့် "ဝင်ချို"(Wen Chou) တို့၏ မြားဖြင့်အဆက်မပြတ် ပစ်သဖြင့် ရှေ့ပြေးတပ်ကိုပင် မကယ်နိုင်ခဲ့ချေ။ သို့နှင့် "ချွီရီ"(Qu Yi) သည် တစ်ဖက် ရန်သူ၏ တပ်ကို ထိုးဖောက်လာသည်။ ၎င်းကို မြင်သောအခါ "ကုန်းစွန်းကျန့်"(Gongsun Zan) ပြေးလေသည်။ "ချွီရီ"(Qu Yi) ကလည်း နောက်မှ လိုက်သည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) ကို မီလုဆဲဆဲတွင် "ကျောက်ယွင်"(Zhao Yun) သည် လှံကိုကိုင်၍ ထွက်လာကာ "ချွီရီ"(Qu Yi) နှင့် တိုက်လေသည်။ ခေတ္တမျှတိုက်ပြီးသော် "ကျောက်ယွင်"(Zhao Yun) လက်ချက်ဖြင့် "ချွီရီ"(Qu Yi) မြေပေါ်သို့ လဲကျသွားသည်။
ထို့နောက် "ကျောက်ယွင်"(Zhao Yun) သည် ရန်သူ့တပ်များကို တိုက်လေရာ စစ်ပွဲ၏ ရေစီးကြောင်းပြန်ပြောင်းသွားခဲ့သည်။ ထိုသို့ "ကျောက်ယွင်"(Zhao Yun) တိုက်နေသည်ကို တွေ့သော "ကုန်းစွန်းကျန့်"(Gongsun Zan) သည် ပြန်လှည့်လာသည်။ နောက်ဆုံးရလဒ်ကား "ကုန်းစွန်းကျန့်"(Gongsun Zan) ၏ အနိုင်ပင်တည်း။

"ယွမ်ရှောက်"(Yuan Shao) သည် "ချွီရီ"(Qu Yi) တပ်၏ အောင်မြင်မှုကို ကြားသဖြင့် အကြံပေး "ထျန်းဖုန်း"(Tian Feng) အပြင် ကိုယ်ရံတော်အနည်းငယ်တို့နှင့် ထွက်လာကာ သူ့တပ် အောင်မြင်မှုရနေသည်ကို ကြည့်လေသည်။ ထို့နောက် "ယွမ်ရှောက်"(Yuan Shao) သည် ရယ်မောကာ
"ဟာဟား၊ ကုန်းစွန်းကျန့်(Gongsun Zan) က အရည်အချင်းမရှိတဲ့လူပဲ" ဟု ပြောသည်။
ထိုသို့ပြောနေစဉ်ပင် သူ့ရှေ့တွင် ရုတ်တရတ် "ကျောက်ယွင်"(Zhao Yun) ပေါ်လာသည်။ အစောင့်တို့သည် မြားပစ်ရန်ပြင်သော်လည်း ပစ်ချိန်ပင်မရလိုက်။ "ကျောက်ယွင်"(Zhao Yun) လက်ချက်ဖြင့် တစ်ဦးပြီးတစ်ဦး ကျသွားသည်။ အခြားသော စစ်သားတို့လည်း ထွက်ပြေးကြကုန်သည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) ၏ စစ်တပ်သည် "ယွမ်ရှောက်"(Yuan Shao) ကို တဖြည်းဖြည်း ဝန်းရံလာခဲ့သည်။ ထိုအခါ "ထျန်းဖုန်း"(Tian Feng) က
"သခင်ကြီး၊ နောက်တန်းကို တပ်ပြန်ဆုတ်ပါ" ဟု ပြောသည်။
"ယွမ်ရှောက်"(Yuan Shao) သည် ခမောက်ကို မြေပေါ်သို့ ပစ်ချကာ
"ရဲရင့်တဲ့လူက ဘယ်တော့မှ တိုက်ပွဲကနေ ထွက်မပြေးဘူး" ဟု ပြောသည်။

ထိုစကားကြောင့် "ယွမ်ရှောက်"(Yuan Shao) ၏ တပ်သားတို့ အားတက်ကာ ရွပ်ရွပ်ချွံချွံတိုက်လေသဖြင့် "ကျောက်ယွင်"(Zhao Yun) ကား ရန်သူ့စစ်တပ်ကို အလွယ်တကူ မထိုးဖောက်နိုင်တော့ချေ။ မကြာမီပင် "ယွမ်ရှောက်"(Yuan Shao) ၏ စစ်ကူတို့ရောက်လာလေရာ "ကုန်းစွန်းကျန့်"(Gongsun Zan) တပ် အရေးမလှသဖြင့် "ကျောက်ယွင်"(Zhao Yun) မှာ "ကုန်းစွန်းကျန့်"(Gongsun Zan) ကို ဘေးလွှတ်ရာသို့ ခေါ်သွားသည်။ ထို့နောက် တံတားကို ကူးလေသည်။ "ယွမ်ရှောက်"(Yuan Shao) တပ်သည်လည်း နောက်မှ လိုက်သည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) ဘက်မှ စစ်သားတို့သည် "ယွမ်ရှောက်"(Yuan Shao) စစ်တပ်၏တိုက်ခိုက်မှုကြောင့် တံတားပေါ်မှ ကျကာ ရေနစ်သေဆုံးကုန်ကြသည်။
"ယွမ်ရှောက်"(Yuan Shao) သည် ကိုယ်တိုင်စစ်ချီလာကာ ထွက်ပြေးသော "ကုန်းစွန်းကျန့်"(Gongsun Zan) နောက်သို့ လိုက်သည်။ နှစ်မိုင်ခန့်လိုက်ပြီးသော် တောင်နောက်ကွယ်တို့မှ ရုတ်တရတ်အော်သံကြားလိုက်ရပြီး "လျူဘေ့"(Liu Bei) ၊ "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ဦးဆောင်သော စစ်တပ် ပေါ်လာသည်။
ဖင်ယွမ် တွင်ရှိနေခဲ့သော ထိုညီနောင်သုံးဦးတို့သည် "ယွမ်ရှောက်"(Yuan Shao) နှင့် "ကုန်းစွန်းကျန့်"(Gongsun Zan) တို့စစ်ဖြစ်သောသတင်းကို ကြားသဖြင့် "ကုန်းစွန်းကျန့်"(Gongsun Zan) ကို ကူညီရန်အလို့ငှာ ရောက်လာကြခြင်းဖြစ်သည်။ ထိုညီနောင်သုံးဖော်တို့သည် လက်နက်ကိုယ်စီကိုင်ကာ "ယွမ်ရှောက်"(Yuan Shao) ကို တိုက်ရန် ဟန်ပြင်ရာ "ယွမ်ရှောက်"(Yuan Shao) မှာ ကိုယ်မှ ဝိညာဉ်သည် ကောင်းကင်ဘုံသို့ ရောက်သွားသကဲ့သို့ ကြောက်လန့်သွားသည်။ လက်မှကိုင်ထားသော ဓားလည်း လွတ်ကျသွားလေ၏။ ထို့နောက် "ယွမ်ရှောက်"(Yuan Shao) ပြေးလေသည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) စစ်တပ်သည် "ယွမ်ရှောက်"(Yuan Shao) နောက်သို့ တံတား၏တစ်ဖက်ရောက်သည်အထိ လိုက်ပြီးနောက် ဆက်မလိုက်တော့ပဲ စခန်းချလေသည်။
"ကုန်းစွန်းကျန့်"(Gongsun Zan) နှင့် "လျူဘေ့"(Liu Bei) တို့ အပြန်အလှန်နှုတ်ဆက်ကြပြီးနောက် "ကုန်းစွန်းကျန့်"(Gongsun Zan) က
"ခင်ဗျားတို့သာ လာမကူရင် ကျွန်တော်တို့ အခြေအနေဟန်မယ် မထင်ဘူး" ဟု ပြောသည်။
"လျူဘေ့"(Liu Bei) နှင့် "ကျောက်ယွင်"(Zhao Yun) တို့သည်လည်း သိကျွမ်းကြပြီး ညီအစ်ကို အရင်းပမာ ရင်းနှီးသွားကြသည်။ ထိုစစ်ပွဲတွင် "ယွမ်ရှောက်"(Yuan Shao) ရှုံးသွားသည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) လည်း အရဲစွန့်ကာ မတိုက်ရဲတော့။ နှစ်ဦးနှစ်ဖက်လုံးသည် တစ်လကျော်ခန့် စစ်မဖြစ်ကြတော့ပဲ ကာကွယ်ရေးကိုသာ အလေးထား၍ လုပ်ကြလေသည်။ ထိုစစ်ပွဲသတင်း သည် မြို့တော်ချန်အန်းရှိ "တုန်ကျိုး"(Dong Zhuo) နားထံ ပေါက်ကြားသွားသည်။ ထိုအခါ အကြံပေး "လီရု"(Li Ru) က အောက်ပါအတိုင်း ပြောသည်။

"ယွမ်ရှောက်(Yuan Shao) နဲ့ ကုန်းစွန်းကျန့်(Gongsun Zan) ဟာ ဖန်မြစ်နားမှာ စစ်ဖြစ်ခဲ့ကြတယ်၊ ဒါကို သခင်ကြီးက ဘုရင့်အမိန့်တော်ဆိုပြီး သူတို့နှစ်ဦးကြားဝင်ပြီး စစ်ပြေငြိမ်းအောင် ဖျန်ဖြေပေးလိုက်ရင် နှစ်ဦးနှစ်ဖက်လုံးက သခင်ကြီးကို ထောက်ခံကြမှာ ဖြစ်တယ်"
"အင်း... ဒီအကြံကောင်းတယ်"


ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် သံတမန်နှစ်ဦးကို စေလွှတ်လိုက်သည်။ ထိုသံတမန်နှစ်ဦးတို့ မြစ်ဝါမြစ်၏ မြောက်ဘက်ကို ရောက်သောအခါဝယ် "ယွမ်ရှောက်"(Yuan Shao) သည် သူ့စခန်းမှ မိုင်သုံးဆယ်အကွာမှ နေ၍ သံတမန်တို့ကို ကြိုဆိုပြီး ဘုရင့်အမိန့်ကို ရိုသေစွာပင် လက်ခံသည်။ ထို့နောက် ထိုနှစ်ဦးတို့သည် "ကုန်းစွန်းကျန့်"(Gongsun Zan) ထံ သွားကာ အမိန့်တော်ကို ထုတ်ပြန်သည်။ ထိုအခါ "ကုန်းစွန်းကျန့်"(Gongsun Zan) သည်လည်း တပ်ကို ပြန်ခေါက်သွားခဲ့သည်။
ထို့နောက် "ကုန်းစွန်းကျန့်"(Gongsun Zan) သည် "ကျောက်ယွင်"(Zhao Yun) နှင့်အတူ "လျူဘေ့"(Liu Bei) တို့ ညီနောင်သုံးဦးကို နှုတ်ဆက်ကြလေသည်။ "ကျောက်ယွင်"(Zhao Yun) က "လျူဘေ့"(Liu Bei) ကို ဤသို့ပြောသည်။
"ကျွန်တော်က အရင်က ကုန်းစွန်းကျန့်ကို အာဇာနည်သူရဲကောင်းကြီးလို့ ထင်ခဲ့တာ။ အခုတော့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲပါပြီကော၊ သူလည်း ယွမ်ရှောက်(Yuan Shao) နဲ့ ထူးမခြားနားပါပဲ"
"ဒါပေမယ့် ခင်ဗျားက လောလောဆယ် သူ့လက်အောက်မှာ အမှုထမ်းနေတယ်လေ၊ ကျုပ်တို့ တစ်နေ့နေ့တော့ ပြန်တွေ့ဦးမှာပါ"
ဤသို့နှင့်ပင် အသီးသီးကိုယ့်အရပ်သို့ ပြန်ကြလေသည်။
နန်ရန်မှ "ယွမ်စု"(Yuan Shu) သည် သူ့အစ်ကို ကျိကျိုးပြည်နယ်အတွင်း ဝင်လာသည်ကို သတင်းကြားသောအခါ သူ့အစ်ကိုထံမှ မြင်းတစ်ထောင်ပေးရန်တောင်းလေသည်။ "ယွမ်ရှောက်"(Yuan Shao) ကလည်း ငြင်းလိုက်သည်။ သို့နှင့် ညီအစ်ကိုနှစ်ဦးတို့ မတင့်မသင့်ဖြစ်ကြသည်။ ထို့နောက် "ယွမ်စု"(Yuan Shu) သည် ကျင်ကျိုးနယ်စား "လျူပြောင်း"(Liu Biao) ထံမှ ဆန်ရေစပါးတို့ကို တောင်းခံပြန်သည်။ "လျူပြောင်း"(Liu Biao) က မပေးချေ။ ထိုအခါ "ယွမ်စု"(Yuan Shu) သည် မစားရသောအမဲ၊ သဲနှင့်ပက်ရန်အလို့ငှာ "လျူပြောင်း"(Liu Biao) ကို စစ်ခင်းရန် "စွန်းကျန့်"(Sun Jian) အား အောက်ပါစာကို ပို့လိုက်သည်။
"အရင်က လျူပြောင်း(Liu Biao) က ခင်ဗျားကို လမ်းပိတ်ပြီးတိုက်ခဲ့တာက ကျွန်တော့်အစ်ကိုရဲ့ ပယောဂတွေ အများကြီးပါတယ်။ အခုသူတို့နှစ်ဦးက ရန်စီမြစ်ရဲ့အရှေ့တောင်ဘက်မှာရှိတဲ့ ခင်ဗျားအုပ်ချုပ်တဲ့ နယ်မြေကို သိမ်းဖို့ ကြံနေကြတယ်။ ကျုပ်က ကျုပ်အစ်ကိုကို တိုက်မယ်၊ ခင်ဗျားက လျူပြောင်း(Liu Biao) ကိုတိုက်၊ ပြီးရင် ကျွန်တော်က ကျိကျိုးကိုယူမယ်၊ ခင်ဗျားက ကျင်ကျိုးပြည်နယ်ကိုယူ"

"စွန်းကျန့်"(Sun Jian) သည် ထိုစာကို ဖတ်ပြီးသော်
"အဲ့ လျူပြောင်း(Liu Biao) ကို ငါ သည်းမခံနိုင်တော့ဘူး၊ ငါ့အပြန်လမ်းကိုလည်း ပိတ်ခဲ့သေးတယ်၊ ဒီလိုတိုက်မယ့် အခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက် ဘယ်တော့မှ တိုက်နိုင်မှာလဲ" ဟု ဆိုသည်။
ထို့နောက် လက်အောက်ရှိ အမှုထမ်းတို့ကို ခေါ်ကာ တိုင်ပင်ကြသည်။
"ချန်ဖူ"(Cheng Pu) : "ယွမ်စု"(Yuan Shu) က မယုံရဘူး၊ သူက အလွန်ကောက်ကျစ်တယ်"
"စွန်းကျန့်"(Sun Jian) : "ငါ လက်စားချေဖို့က အဓိကပဲ၊ သူ ငါ့ကိုကူတာ မကူတာ မရေးမကြီးဘူး"
ထို့နောက် "ဟွမ်ကိုင်"(Huang Gai) အား မြစ်ကို ဖြတ်ကူးရန် သင်္ဘောများ ပြင်စေသည်။ ထို့နောက် သင်္ဘောပေါ်တွင် မြင်း၊ စားနပ်ရိက္ခာ၊ လက်နက် စသည်တို့ကို တင်ဆောင်ကာ စစ်တိုက်ထွက်လေသည်။

ထိုသတင်းသည် "လျူပြောင်း"(Liu Biao) ထံ ရောက်သွားရာ အကြံပေးတို့၊ သူရဲကောင်းတို့ကို စုရုံးစေသည်။ ထို့နောက် "ခွိုင်လျန်"(Kuai Liang) က စိတ်အေးအေးထားရန် ပြောပြီး
"စစ်သူကြီး ဟွမ်ကျူ(Huang Zu) ကို ကျန်းရှစစ်တပ်ရဲ့ ခေါင်းဆောင်အနေနဲ့ထားပြီး ဦးဆောင်ခိုင်းပါ၊ သခင်ကြီးကတော့ ရှန်းရန်က စစ်တပ်တွေနဲ့ သူ့ကို အကူအညီပေးပါ၊ မြစ်ကို ဖြတ်ပြီးလာရတဲ့ စွန်းကျန့်(Sun Jian) က ဒီကို ရောက်ရင် ခွန်အား ဘယ်လောက်များ ကျန်မှာမို့လဲ"
ဟု ပြောသည်။ ထိုအခါ "လျူပြောင်း"(Liu Biao) သည်လည်း ထိုအကြံအတိုင်းပင် စစ်တပ်ကြီးကို ပြင်ဆင်စေသည်။

ဤနေရာတွင် "စွန်းကျန့်"(Sun Jian) ၏ အကြောင်းကို ပြောရန် လိုလာသည်။ "စွန်းကျန့်"(Sun Jian) တွင် ဝူအမျိုးအနွယ်မှလာသော အမျိုးသမီးတစ်ဦးနှင့် လက်ဆက်ပြီး သားလေးဦးဖွားမြင်သည်။ ထိုသားလေးဦး၏ နာမည် (အကြီးဆုံးမှ အငယ်ဆုံး) အစဉ်လိုက်ကား "စွန်းချဲ့"(Sun Ce) ၊ "စွန်းချွမ်"(Sun Quan) ၊ "စွန်းရီ"(Sun Yi) နှင့် "စွန်းခွမ်"(Sun Kuang) တို့ဖြစ်သည်။ ထို့အပြင် ပထမဇနီး၏ ညီမနှင့်လည်း လက်ထပ်ထားရာ ထိုဒုတိယဇနီးမှ သားတစ်ဦး၊ သမီးတစ်ဦး မွေးသည်။ သားနာမည်မှာ "စွန်းလန်"(Sun Lang) ဖြစ်ပြီး သမီးမှာ "စွန်းရန်"(Sun Ren) ဖြစ်သည်။ ထိုမျှမက ယွီမိသားစုထံမှ မွေးစားထားသော မွေးစားသားတစ်ဦး ရှိသေးသည်။ ထိုသားအမည်မှာ "စွန်းဟူ"(Sun Hu) ဖြစ်သည်။
"စွန်းကျန့်"(Sun Jian) တွင် "စွန်းကျင့်"(Sun Jing) ဟု အမည်ရှိသော ညီတစ်ဦးလည်း ရှိသည်။

"စွန်းကျန့်"(Sun Jian) သည် စစ်တိုက်ထွက်သောအခါဝယ် ညီဖြစ်သူသည် "စွန်းကျန့်"(Sun Jian) ၏ သားခြောက်ဦးနှင့်အတူရပ်ကာ
"တုန်ကျိုး(Dong Zhuo) ကမှ အမှန်တကယ် တိုင်းပြည်ကို ချုပ်ကိုင်နေတဲ့လူ၊ တခြားနယ်စားတွေကလည်း ကိုယ့်ပြည်ကိုယ့်နယ်တွေမှာ သူတလူငါတစ်မင်း မင်းမူနေကြတယ်၊ အဲနယ်တွေနဲ့စာရင် ကျွန်တော်တို့ဒေသက အေးချမ်းပါတယ်။ ဒါကြောင့် ကိစ္စတစ်ခု မပြုလုပ်ခင် အရင်တွေးပါလို့ ပြောပါရစေ" ဟု ဆိုသည်။
"စွန်းကျန့်"(Sun Jian) : "ငါ့ညီ၊ ဘာမှ ထပ်မပြောနဲ့တော့၊ တစ်နိုင်ငံလုံးကလူတွေကို ငါ့အစွမ်းသိအောင် ပြရမယ်၊ နောက်ပြီး ငါ့ဒဏ်ရာအတွက် လက်စားမချေရတော့ဘူးတဲ့လား"
ထိုအခါ အကြီးဆုံးသားဖြစ်သော "စွန်းချဲ့"(Sun Ce) မှ
"အဖေ၊ သွားကိုသွားရမယ်ဆိုရင် ကျွန်တော်ပါ လိုက်ခဲ့မယ်" ဟု ပြောသည်။
သို့နှင့် သားအဖ နှစ်ဦးတို့ ဖန်ခိုမြို့ကို တိုက်ရန် စစ်တိုက် ထွက်ခဲ့ကြသည်။

"ဟွမ်ကျူ"(Huang Zu) သည် မြစ်ကမ်းတစ်လျှောက်တွင် လေးမြားတပ်တို့ကို ချထားပြီး သင်္ဘော ဆိုက်ကပ်လာသည်နှင့် မြားတို့ဖြင့် ပစ်စေသည်။ "စွန်းကျန့်"(Sun Jian) သည် သူ၏ စစ်သားတို့ကို မြားမထိစေရန် အကာအကွယ် ယူခိုင်းသည်။ သို့နှင့် သင်္ဘောတို့သည် မြစ်ကမ်းနားဝယ် ဟိုဟိုဒီဒီသွားကာ အချိန်ကုန်စေခဲ့သည်။ သုံးရက်ခဲ့ကြာသောအခါ ကမ်းပေါ်မှ စစ်တပ်၏ မြားတို့ ကုန်ခဲ့လေပြီ။ ထိုအခါမှ "စွန်းကျန့်"(Sun Jian) သည် မိမိ ရရှိသောမြားတို့ဖြင့် ပြန်ပစ်ရာ "ဟွမ်ကျူ"(Huang Zu) ၏တပ် တပ်ဆုတ်သွားရသည်။ "စွန်းကျန့်"(Sun Jian) သည် စစ်ကြောင်းသုံးကြောင်းခွဲကာ ဘေးနှစ်ဖက်တွင် "ချန်ဖူ"(Cheng Pu) နှင့် "ဟွမ်ကိုင်"(Huang Gai) ကို ဦးဆောင်စေပြီး အလယ်တွင် "ဟန်တန်"(Han Dang) ကို ဦးဆောင်စေသည်။ "ဟွမ်ကျူ"(Huang Zu) မှာ အခြေအနေမဟန်သဖြင့် ဖန်ခိုမြို့ကို စွန့်ပြီး တန်းချန်မြို့သို့ ပြေးလေသည်။

"ဟွမ်ကိုင်"(Huang Gai) ကို သင်္ဘောတို့အား ထိန်းထားစေပြီး "စွန်းကျန့်"(Sun Jian) ကိုယ်တိုင်မှာမူ "ဟွမ်ကျူ"(Huang Zu) နောက် လိုက်သည်။ "စွန်းချဲ့"(Sun Ce) လည်း သူ့အဖေဘေးတွင် လိုက်ပါလာခဲ့သည်။ "ဟွမ်ကျု"(Huang Zu) သည် အခြားစစ်သူကြီးနှစ်ဦးဖြစ်သော "ကျန်းဟွေ့"(Zhang Hui) နှင့် "ချန်ရှန်း"(Chen Sheng) တို့နှင့်အတူ ထွက်လာကာ
"ချန်ဆားက သူပုန်တွေ၊ ဘာလို့ ဘုရင့်ဆွေမျိုးတော်ပိုင်တဲ့နယ်မြေကို ကျူးကျော်ရတာတုန်း" ဟု ဆိုသည်။
ထို့နောက် "ကျန်းဟွေ့"(Zhang Hui) သည် စီးချင်းယှဉ်ထိုးရန်စိန်ခေါ်ရာ တစ်ဖက်မှ "ဟန်တန်"(Han Dang) ထွက်လာပြီး တိုက်ကြသည်။ အကွက်သုံးဆယ်ခန့်တိုက်ပြီးသော် "ကျန်းဟွေ့"(Zhang Hui) အခြေအနေမဟန်သည်ကို တွေ့သော "ချန်ရှန်း"(Chen Sheng) သည် ထွက်လာသည်။ ထိုအခါ "စွန်းကျန့်"(Sun Jian) သည် "ချန်ရှန်း"(Chen Sheng) မြားဖြင့် လှမ်းပစ်လေရာ ထိမှန်ပြီး မြင်းပေါ်မှ ပြုတ်ကျလေသည်။ ၎င်းကို မြင်သော "ကျန်းဟွေ့"(Zhang Hui) သည် အာရုံထွေပြားသွားပြီး ကိုယ့်ကိုယ်ကိုပင် မကာကွယ်နိုင်တော့၊ "ဟန်တန်"(Han Dang) လက်ချက်ဖြင့် သေလေသည်။ ထိုအခြင်းအရာကို မြင်သော "ဟွမ်ကျူ"(Huang Zu) သည် မြင်းကို ကဆုန်စိုင်းစီးကာ ပြေးလေသည်။ "စွန်းကျန့်"(Sun Jian) သည် ရန်သူကို ဟန်မြစ်ရောက်သည်အထိ လိုက်တိုက်လေ၏။

"ဟွမ်ကျူ"(Huang Zu) သည် စစ်ရှုံးသွားသောစစ်သားတို့နှင့်အတူ "လျူပြောင်း"(Liu Biao) ထံ သွားကာ
"ကျွန်တော့်စစ်သားတွေက စွန်းကျန့်(Sun Jian) ကို မခုခံနိုင်ပါဘူး" ဟု ပြောသည်။
ထိုအခါ "ခွိုင်လျန်"(Kuai Liang) ကို ခေါ်ပြီး အကြံတောင်းသည်။
"ခွိုင်လျန်"(Kuai Liang) : "ကျွန်တော်တို့ စစ်သားတွေက ကြောက်နေပြီဖြစ်တဲ့အတွက် စစ်တိုက်ဖို့ မဝံ့ရဲတော့ဘူး၊ ဒါကြောင့် ကာကွယ်ရေးကိုပဲ အဓိကထားပြီး "ယွမ်ရှောက်"(Yuan Shao) ရဲ့အကူအညီ တောင်းခံရမယ်"
"ချိုင်မောင်"(Cai Mao) : "ဒါက အသိဉာဏ်မရှိပဲ ပြောတာပဲ၊ ရန်သူက အပေါက်ဝရောက်နေပြီ၊ ဒါကို ကျွန်တော်တို့က ဘာမှမလုပ်ပဲ ငုတ်တုတ်ထိုင်နေရမှာလား? ကျွန်တော့်ကို စစ်တပ်ပေးပါ၊ ကျွန်တော်ကိုယ်တိုင်သွားပြီး ရန်သူကို တိုက်မယ်။"
သို့နှင့် "ချိုင်မောင်"(Cai Mao) ကို စစ်သားတစ်သောင်းပေးလိုက်ရာ "ချိုင်မောင်"(Cai Mao) သည် ရှန်တောင်ကုန်းပေါ်သို့သွားလေသည်။
"ချိုင်မောင်"(Cai Mao) လာသည်ကို မြင်သောအခါ "စွန်းကျန့်"(Sun Jian) သည်
"သူက လျူပြောင်း(Liu Biao) ရဲ့ယောက်ဖပဲ၊ ဘယ်သူ သူ့ကိုဖမ်းမလည်း" ဟု မေးသည်။
ထိုအခါ "ဟန်ဖူ"(Cheng Pu) ထွက်လာပြီး "ချောင်မောင်"(Cai Mao) နှင့် တိုက်သည်။ သိပ်ပင်မကြာလိုက်၊ "ချိုင်မောင်"(Cai Mao) သည် ရှန်းရန်မြို့သို့ ပြေးလေသည်။ "စွန်းကျန့်"(Sun Jian) ၏ စစ်တပ်ကား တစ်ဖက်ရန်သူကို တိုက်ရာ အလောင်းတို့သည် တောင်လိုပုံနေခဲ့၏။

"ခွိုင်လျန်"(Kuai Liang) : "စစ်စည်းကမ်းအရ စစ်ရှုံးလာတဲ့ ချိုင်မောင်(Cai Mao) ကို အပြစ်ပေးရပါမယ်။ စစ်ရှုံးတာက သူ့ရဲ့စွမ်းဆောင်နိုင်စွမ်းမရှိလို့ဖြစ်ရတာ"
သို့သော်လည်း "လျူပြောင်း"(Liu Biao) သည် ကြင်စဇနီးလေး၏ မျက်နှာနှင့် ယောက်ဖတော်ကို အပြစ်မပေးချေ။
"စွန်းကျန့်"(Sun Jian) သည် ရှန်းရန်မြို့ကို ဝန်းရံကို မြို့ကို နေ့တိုင်းတိုက်လေသည်။ တစ်ရက်သော် လေပြင်းတိုက်သဖြင့် အလံတစ်ခုသည် မြေပေါ်သို့ကျသွားသည်။ ထိုအခါ "ဟန်တန်"(Han Dang) က
"ဒါ နိမိတ်မကောင်းဘူး၊ ကျွန်တော်တို့ တပ်ပြန်ဆုတ်ရအောင်" ဟု ဆိုသည်။
"စွန်းကျန့်"(Sun Jian) : "ဒီမြို့ကို မကြာခင်သိမ်းနိုင်တော့မယ်၊ လေလေးတိုက်တာလောက်၊ အလံလေးကျတာလောက်နဲ့ တပ်ဆုတ်စရာလား"
သို့နှင့် အကြံကို လက်မခံပဲ မြို့ကိုသာ သည်းသည်းမည်းမည်း တိုက်လေသည်။


ရှန်းရန်မြို့အထဲတွင် "ခွိုင်လျန်"(Kuai Liang)  မှ "လျူပြောင်း"(Liu Biao) ကို ဤသို့ပြောသည်။
"မနေ့ညက နက္ခတ်တာရာတွေကြည့်တော့ စွန်းကျန့်(Sun Jian) နယ်မြေဘက်ကို ကြယ်ကြွေတာ တွေ့လိုက်တယ်၊ တွက်ချက်ကြည့်လိုက်တော့ ဒါဟာ စွန်းကျန့်(Sun Jian) ကျဆုံးမယ့် နိမိတ်ဖြစ်နေတယ်"
ထို့နောက် "ခွိုင်လျန်"(Kuai Liang)  သည် "ယွမ်ရှောက်"(Yuan Shao) ထံမှ စစ်ကူတောင်းစေသည်။
သို့နှင့် "လျူပြောင်း"(Liu Biao) လည်း စစ်ကူတောင်းသည့်စာရေးလိုက်သည်။ ထို့နောက် ရန်သူ့တပ်ကို ဖောက်ပြီး ထိုစာကို မည်သူသွားပို့မည်နည်းဟု မေးရာ ခွန်အားကြီးသောသူရဲကောင်းတစ်ဦးဖြစ်သည့် "လူကုံး" (Lu Gong) က သွားပို့မည်ဟုဆိုသည်။ ထိုအခါ "ခွိုင်လျန်"(Kuai Liang) က ဤသို့ပြောသည်။
"ခင်ဗျား စာသွားပို့မယ်ဆို ကျွန်တော့် အကြံနားထောင်၊ လေးသည်တော်ငါးရာနဲ့ ရန်သူ့တပ်ကို ထိုးဖောက်ပြီး ရှန်တောင်ကုန်းမှာ နေရာယူ၊ ပြီးရင် တောင်ကုန်းပေါ်ကနေ ရန်သူကို တိုက်ဖို့ ကျောက်တုံးကြီးတွေပြင်ဆင်၊ လေးသမားတစ်ရာကို အဲ့မှာ နေရာယူခိုင်းထား။ ပြီးရင် ရန်သူတွေကို ပစ်၊ အောင်မြင်ရင် မီးရှူးနဲ့အချက်ပေးလိုက်၊ ကျုပ်တို့ မြို့ထဲကတပ်တွေ ထွက်လာတိုက်မယ်။ အကယ်၍ ရန်သူက နောက်ကနေမလိုက်ဘူးဆိုရင်တော့ ဘာမှမလုပ်နဲ့၊ မြန်မြန်သာသွား။ ဒီညက လမိုက်ညဖြစ်တော့ ညဘက်မှာစထွက်တော့။"
ပြင်ဆင်စရာတို့ကို ပြင်ဆင်ပြီးသည်နှင့် "လူကုံး"(Lu Gong) သည် အရှေ့တံခါးပေါက်မှ တိတ်တဆိတ်ထွက်လေသည်။

"စွန်းကျန့်"(Sun Jian) သည် သူ၏ရွက်ဖျင်တဲအတွင်း ရှိနေစဉ် လူစုတစ်စု မြင်းစီးကာ မြို့ထဲမှ ထွက်သွားကြောင်းကြားလေရာ မြင်းသည်တော် သုံးဆယ်နှင့် ချက်ချင်းလိုက်လေသည်။ ထိုအချိန်ဝယ် "လူကုံး"(Lu Gong) သည် ထောင်ချောက်တို့ကို ပြင်ဆင်ထားပြီး ဖြစ်သည်။ "စွန်းကျန့်"(Sun Jian) သည် ရှေ့ဆုံးမှ ဦးဆောင်ပြီး "လူကုံး"(Lu Gong) ကို မီလုဆဲဆဲတွင် လက်နက်ချရန်အော်သည်။ "လူကုံး"(Lu Gong) သည် ပြန်လှည့်လာကာ "စွန်းကျန့်"(Sun Jian) နှင့် တိုက်မယောင်နှင့် ပြန်လှည့်သွားသည်။ "စွန်းကျန့်"(Sun Jian) လည်း နောက်မှလိုက်ရာ တောင်ကုန်းပေါ်သို့ရောက်သွားသောအခါ မျက်ခြည်ပြတ်သွားသည်။ ထို့နောက် ရုတ်တရတ် အသံအကျယ်ကြီးကြားလိုက်ရပြီး တောင်ကုန်းပေါ်မှ ကျောက်တုံးများ လိမ့်ကျလာသည်။ အသင့်နေရာယူထားသော မြားသမားတို့ကလည်း ပစ်ခတ်ကြသည်။ "စွန်းကျန့်"(Sun Jian) သည် မြားဒဏ်ရာအပြင် ကျောက်တုံးပိသွားကာ သေဆုံးခဲ့လေသည်။ သေဆုံးချိန်တွင် "စွန်းကျန့်"(Sun Jian) အသက်မှာ သုံးဆယ့်ခုနှစ်နှစ်သာရှိသည်။
"စွန်းကျန့်"(Sun Jian) နှင့်အတူပါလာသော မြင်းသည်တော်တို့သည်လည်း အကုန်အသတ်ခံရသည်။ ထို့နောက် "လူကုန်း"(Lu Gong) သည် အကြံအောင်ပြီဖြစ်ကြောင်း မီးရှူးဖြင့် အချက်ပြလိုက်ရာ ရှန်းရန်မြို့မှ "ဟွမ်ကျူ"(Huang Zu) ၊ "ခွိုင်ယွဲ့"(Kuai Yue) နှင့် "ချိုင်မောင်"(Cai Mao) တို့သည် စစ်တပ်သုံးတပ်ဖြင့် ထွက်လာတိုက်ရာ ချန်ဆားစစ်တပ် အလစ်ခံရလေသည်။

"ဟွမ်ကိုင်"(Huang Gai) သည် စစ်ဖြစ်သောအသံကိုကြားသဖြင့် သင်္ဘောမှ စစ်သားတို့ကို ဦးဆောင်၍ ချီတက်ရာ လမ်းတွင် "ဟွမ်ကျူ"(Huang Zu) နှင့် တွေ့သည်။ "ဟွမ်ကျူ"(Huang Zu) နှင့် တိုက်ပြီးနောက် "ဟွမ်ကျူ"(Huang Zu) ကို ဖမ်းလိုက်နိုင်သည်။
"ချန်ဖူ"(Cheng Pu) လည်း ခေါင်းဆောင်သေဆုံးသောသတင်းဆိုးကို "စွန်းချဲ့"(Sun Ce) ထံ သွားပြောရန်အပြူ၊ ရန်သူ့တပ်ကို ထိုးဖောက်ထွက်သောအခါ ရန်သူ့ဘက်မှ "လူကုံး"(Lu Gong) နှင့်တွေ့ကာ "လူကုံး"(Lu Gong) ကို သတ်လိုက်သည်။ တိုက်ပွဲသည် မိုးသောက်ယံအထိ ကြာလေသည်။ ထို့နောက် နှစ်ဖက်လုံး တပ်ဆုတ်ကြသည်။
"စွန်းချဲ့"(Sun Ce) သည် သူ့အဖေသေဆုံးကြောင်း ကြားသောအခါ ငိုလေသည်။
"စွန်းချဲ့"(Sun Ce) : "အဖေရဲ့အလောင်းတောင် မကောက်နိုင်ပဲနဲ့ ဘယ်လိုမျက်နှာနဲ့ အိမ်ပြန်ရမလဲ"
"ဟွမ်ကိုင်"(Huang Gai) : "ကျွန်တော်တို့ ရန်သူ့စစ်သူကြီး ဟွမ်ကျူ(Huang Zu) ကို ဖမ်းမိထားနဲ့။ သူ့ကိုအသုံးချပြီး သခင်ကြီးရဲ့အလောင်းနဲ့ လဲဖို့ တောင်းရင် ရနိုင်ပါတယ်"
"ဟွမ်ကိုင်"(Huang Gai) စကား မဆုံးမီပင် "ဟွမ်ကျိ"(Huang Ji) ဟူသော အမှုထမ်းက
"ကျွန်တော် ဟိုးအရင်တည်းက လျူပြောင်း(Liu Biao) နဲ့သိတယ်။ ဒါကြောင့် သံတမန်အနေနဲ့ သွားပြောပေးပါ့မယ်" ဟု ဆိုသည်။
"စွန်းချဲ့"(Sun Ce) ကလည်း သဘောတူလိုက်သည်။

"ဟွမ်ကျိ"(Huang Ji) သည် "လျူပြောင်း"(Liu Biao) ထံသွားပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးသည်။
"လျူပြောင်း"(Liu Biao) : "အလောင်းကို အခေါင်းထဲမှာ အဆင်သင့်ထည့်ထားပြီးပြီ၊ ခင်ဗျားတို့ဘက်က ဟွမ်ကျူ(Huang Zu) ကို သာပြန်လွှတ်ရင် ပို့ပေးဖို့အသင့်ပဲ၊ နောက်နောင် တစ်ဦးနဲ့တစ်ဦး စစ်မတိုက်တော့ဘူး"
"ဟွမ်ကျိ"(Huang Ji) လည်း "လျူပြောင်း"(Liu Biao) ကို ကျေးဇူးတင်ပြီးနောက် ပြန်ရန် လှေကားမှ ဆင်းမည်အလုပ်တွင် "ခွိုင်လျန်"(Kuai Liang) ရောက်လာကာ

"မဖြစ်ဘူး....မဖြစ်ဘူး။ ကျွန်တော်ပြောတာ နားထောင်ဦး။ ပထမဆုံး ဒီလူကို သေဒဏ်ပေးလိုက်ပြီး ကျွန်တော့်အကြံကို နားထောင်ပါ" ဟု ဝင်ပြောသည်။

Comments

Popular posts from this blog

Lookism