သုံးနိုင်ငံခေတ်(၉)

အခန်း(၉) "လွီပု"(Lu Bu) မှ "တုန်ကျိုး"(Dong Zhuo) ကို သတ်ခြင်း။ "လီကျွယ်"(Li Jue) မြို့တော်ကို တိုက်ခြင်း။

"တုန်ကျိုး"(Dong Zhuo) နှင့် အချင်းချင်း တိုက်မိသောသူကား သူ၏ အယုံကြည်ရဆုံး အကြံပေးဖြစ်သော "လီရု"(Li Ru) ပင် ဖြစ်သည်။ နှစ်ဦးလုံး တိုက်မိပြီး လဲကျသွားသော်လည်း "လီရု"(Li Ru) သည် "တုန်ကျိုး"(Dong Zhuo) ကို ထူလိုက်ပြီး စာကြည့်ခန်းထဲသို့ဝင်ကာ ထိုင်ပြီး စကားပြောကြသည်။
"မင်းက လာပြီး ဘာလုပ်တာတုန်း"
"ကျွန်တော် ဒီနားကဖြတ်သွားတော့ သခင်ကြီးက သူ့သားကို ရှာဖို့ ပန်းခြံထဲဝင်သွားတယ်ဆိုတဲ့အကြောင်းကြားလိုက်ရပါတယ်။ နောက် လွီပု(Lu Bu) က ရုတ်တရတ်ပြေးထွက်လာပြီး သခင်ကြီးက သူ့ကိုသတ်ဖို့လုပ်တယ်လို့ အော်ပြီး ထွက်သွားတဲ့အတွက် ကျွန်တော်က သူ့အစား တောင်းပန်ဖို့ အလျင်အမြန်ဝင်လာရင်း သခင်ကြီးနဲ့ တိုက်မိတာပါ။ တောင်းပန်ပါတယ်၊ ကျွန်တော် သေသင့်ပါတယ်"
"ဟိုကောင်! ငါပိုင်တဲ့မိန်းကလေးနဲ့ ဖောက်ပြန်နေတာကို ငါက ဒီအတိုင်းကြည့်နေရမှာလား။ သူ့ကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်မှ ဖြစ်မယ်"
"အဲ့လိုဆို သခင်ကြီးက အမှား ကျူးလွန်မိပါလိမ့်မယ်။ ဒါက တကယ်တော့ ခေါင်းစည်းကြိုးကို ဖြတ်စေတဲ့ သာဓကလိုပါပဲ။ ဟိုးရှေးခေတ်က ဧည့်သည်တွေအများကြီး စုဝေးတဲ့ စားသောက်ပွဲမှာ ခေါင်းစည်းကြိုးတွေ ဖြတ်စေတဲ့ အကြောင်းကို သိမှာပါ။ အဲ့စားသောက်ပွဲမှာ ချူနိုင်ငံ "ကျွမ်း"ဘုရင် (King Zhuang of Chu) က စစ်သူကြီး "ကျန်းရှုံ"(Jiang Xiong) ဟာ မိဖုရားကြီးအပေါ်အခွင့်အရေးယူတာကို ခွင့်လွှတ်ခဲ့ပါတယ်။ နောက်ပိုင်း အဲ့ဘုရင်ကို ချင်နိုင်ငံတပ်တွေ ဝန်းရံတိုက်တော့မဲ့အချိန်မှာ အဲ့စစ်သူကြီးကပဲ ကယ်ထုတ်ခဲ့တာပဲ။ တကယ်တော့ သောင်းချမ်(Diao Chan) ဆိုတာ အိမ်စေသာသာဖြစ်ပြီး လွီပု(Lu Bu) ကတော့ သခင်ကြီးရဲ့ အယုံကြည်ရဆုံး သူငယ်ချင်းဖြစ်တဲ့အပြင် အတော်ဆုံး စစ်သူကြီးလည်း ဖြစ်ပါတယ်။ ဒါကို အသုံးချပြီး အဲ့မိန်းကလေးကို သူ့ကို ပေးလိုက်မယ်ဆိုရင် သခင့်ရဲ့ ကြင်နာမှုအပေါ် သူက ကျေးဇူးပြန်ဆပ်ပါလိမ့်မယ်၊ ဒါကြောင့် ပြန်စဉ်းစားသုံးသပ်ပါလို့ ပြောချင်ပါတယ်။"
(ချူနိုင်ငံ "ကျွမ်း"ဘုရင် (King Zhuang of Chu) သည် ရှေးခေတ် တရုတ်ပြည် နွေဦးဆောင်းဦးခေတ်ကာလအတွင်း နန်းတက်ခဲ့သောဘုရင်ဖြစ်သည်။ တစ်ခါသော် ထိုဘုရင်သည် သူရဲကောင်းတို့ကို စုဝေးပြီး နန်းတော်ဥယျာဉ်ဝယ် စားသောက်ပွဲကျင်းပသည်။ ထိုစားသောက်ပွဲတွင် ဘုရင်၏ မိဖုရားကို တိတ်တခိုးချစ်နေသော အသက်ငယ်ရွယ်သည့်စစ်သူကြီး "ကျန်းရှုံ"(Jiang Xiong) လည်း တက်ရောက်သည်။ ရုတ်တရတ် လေပြင်းတိုက်ကာ မီးအိမ်တို့ ငြိမ်းကာ မှောင်အတိကျသွားလေ၏။ ၎င်းကို "ကျန်းရှုံ"(Jiang Xiong) သည် အခွင့်ကောင်းယူကာ သူကြိုက်သော မိဖုရားထံ သွား၍ ပွေ့ဖက်ခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း ပြုသည်။ ထိုအခါ မိဖုရားကလည်း ရုန်းသဖြင့် တရားခံကို မဖမ်းလိုက်နိုင်သော်လည်း တရားခံ ခေါင်းမှ ခေါင်းစည်းကို ဖြုတ်လိုက်ကာ ဖြဲလိုက်သည်။ ထို့နောက် ဘုရင်အား တရားခံကို ရှာကာ အပြစ်ပေးရန် ပြောလေသည်။ ဘုရင်က တရားခံကို မရှာစေပဲ အခြားသော လူတို့ကိုပါ မီးကိုပြန်မထွန်းမီ ခေါင်းစည်းကြိုးကို ဖြုတ်ကာ ဖြဲကြရန် အမိန့်ပေးလိုက်သည်။ ထိုအခါ "ကျန်းရှုံ"(Jiang Xiong) သည် ဘုရင်ခွင့်လွှတ်နိုင်မှုအပေါ် ကျေးဇူးတင်သွားလေ၏။  နောက်ပိုင်းတွင် ထိုဘုရင်ကို ရန်သူတပ်တို့က ဝန်းရံခဲ့သောအခါ "ကျန်းရှုံ"(Jiang Xiong) ကပင် ကယ်ထုတ်ခဲ့လေသည်။)
-----ဤကား "လီရု"(Li Ru) ပြောသော ခေါင်းစည်းကြိုးဖြတ်စေသည့် သာဓကပင်တည်း။-----


"တုန်ကျိုး"(Dong Zhuo) သည် အချိန်အတန်ကြာ စဉ်းစားနေခဲ့သည်။ ပြီးမှ
"မင်း ပြောတာ မှန်တယ်၊ ငါ ဒီကိစ္စကို သေချာ စဉ်းစားရမယ်" ဟု ပြောသည်။
သို့နှင့် "လီရု"(Li Ru) လည်း ကျေနပ်သွားပြီး ပြန်ထွက်သွားသည်။
ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် သူ၏ အခန်းဆောင်ထဲသို့ဝင်ကာ "သောင်းချမ်"(Diao Chan) ကို ခေါ်စေပြီး
"ခုနက လွီပု(Lu Bu) နဲ့ ဘာလုပ်နေတာတတုန်း" ဟု မေးသည်။
ထိုအခါ "သောင်းချမ်"(Diao Chan) သည် ငိုယိုကာ
"ကျွန်တော်မျိုးမှ ပန်းခြံထဲမှာနေပြီး ပန်းတွေအလှကို ခံစားနေတဲ့အချိန်မှာ သူက ရုတ်တရတ် ရောက်လာပါတယ်။ ကျွန်တော်မျိုးမကလည်း ကြောက်ကြောက်နဲ့ ပြေးပါတယ်၊ သူက သူ့လိုလူကို မြင်တာနဲ့ ဘာလို့ပြေးရလဲဆိုပြီး နောက်ကလိုက်ပါတယ်၊ သူ့လက်ထဲမှာ တစ်ချိန်လုံး လှံကြီးကို ကိုင်ထားတော့ ကျွန်တော်မျိုးမက  သူ့ကို မကောင်းတဲ့လူလို့ ထင်ပြီး ကျွန်မကို မတရားကြံမယ်အထင်နဲ့ ကျွန်တော်မျိုးမလည်း ရေကန်ထဲခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ လုပ်ပါတယ်၊ ဒါကို သူက ကျွန်တော်မျိုးမကို ဆွဲလိုက်ပြီး ဖက်လိုက်တဲ့အတွက် အကူအညီမဲ့ဖြစ်နေတဲ့အချိန်မှာ ကံကောင်းထောက်မစွာနဲ့ သခင်ကြီးရောက်လာပြီး ကျွန်တော်မျိုးမကို ကယ်ခဲ့တာပါ" ဟု ပြောသည်။
"အကယ်၍ မင်းကို သူ့ဆီ ပေးလိုက်ရင်ကော"
"ကျွန်တော်မျိုးမလို အစေခံက ဘာအပြစ်များ ကျူးလွန်မိလို့လဲ။ ဒီလိုမျိုး လက်အောက်ငယ်သားကို ပေးတာခံရရင် ကျွန်တော်မျိုးမရဲ့ ဂုဏ်ပျက်သွားမှာပေါ့။ အဲ့အစား သေတာကမှ တော်ဦးမယ်"
ထို့နောက် "သောင်းချမ်"(Diao Chan) သည် နံရံပေါ်တွင် ချိတ်ထားကို ဓားကိုဆွဲယူပြီး ကိုယ့်ကိုယ်ကို သတ်သေရန်ပြုသည်။ ထိုအခါ "တုန်ကျိုး"(Dong Zhuo) က ဓားကို လုကာ "သောင်းချမ်"(Diao Chan) ကို ဖက်လိုက်ပြီး
"ငါက အပြောင်အပျက်အနေနဲ့ ပြောတာပါ" ဟု ပြောသည်။
"သောင်းချမ်"(Diao Chan) သည် "တုန်ကျိုး"(Dong Zhuo) ၏ ထွေးပိုက်မှုအောက်ဝယ် ခေါင်းကိုငုံ့လျက် ငိုသည်။
"ဒါ လီရု(Li Ru) လက်ချက်ပဲ နေမယ်။ သူက လွီပု(Lu Bu) ကို ပစားပေးလွန်းတယ်၊ ဒါ သူအကြံပေးတာမှန်း ကျွန်တော်မျိုးမ သိတယ်၊ သူက သခင်ကြီးရဲ့ ဂုဏ်သရေကိုလည်း ဂရုစိုက်သူ မဟုတ်သလို ကျွန်မရဲ့ ဘဝကိုလည်း အလေးထားမှာ မဟုတ်ဘူး။ ဖြစ်နိုင်ရင် သူ့ကို အစိမ်း ဝါးမြိုလိုက်ချင်တယ်"
"ငါက မင်းကို စွန့်လွတ်နိုင်မယ်လို့ မင်း ထင်လား"
"သခင်ကြီးက ကျွန်တော်မျိုးမကို မြတ်နိုးပေမယ့်လည်း ကျွန်တော်မျိုးမက လွီပု(Lu Bu) ရန်ကို ကြောက်တဲ့အတွက် ဒီမှာ မနေဝံ့တော့ပါဘူး"
"ငါတို့ မနက်ဖြန်ကျရင် မေဝေါ်ကို သွားမယ်လေ၊ နှစ်ယောက်လုံး ဘာကိုမှ ဂရုမစိုက်ပဲ ပျော်ပျော်ရွှင်ရွှင်နေကြတာပေါ့"
ထိုအခါ "သောင်းချမ်"(Diao Chan) သည် မျက်ရည်တို့ကို သုတ်ကာ "တုန်ကျိုး"(Dong Zhuo) အား ကျေးဇူးတင်ကြောင်း ပြောသည်။

နောက်ရက်တွင် "လီရု"(Li Ru) သည် "လွီပု"(Lu Bu) ကိုယ်စား အသနားခံရန် "တုန်ကျိုး"(Dong Zhuo) ထံ ရောက်လာသည်။
"သခင်ကြီး၊ ဒီနေ့ဟာ သာယာတဲ့ နေ့ပါပဲ"
"သူနဲ့ငါဟာ အဖေနဲ့သားဆိုတဲ့ ဆက်နွယ်မှုရှိတယ်။ ဒါကြောင့် သူ့ကို သတ်လို့ မဖြစ်ဘူး။ ဒါပေမယ့် ငါ သူ့အပြစ်ကို ဗွေမယူတော့ဘူး၊ မင်းလည်း သူ့ကို စိတ်ကျေနပ်အောင် ပြောပြလိုက်ပါ"
"သခင်ကြီးက မ, ဘက်လိုက်ပြီး မိုက်ဘက်ပါတာတော့ မဟုတ်ပါဘူးနော်"
"မင်းဆိုရင်ကော မင်းဇနီးကို တခြားလူကို ပေးမှာလား။ ဒီအကြောင်းကို ဘာမှ ထပ်မပြောနဲ့တော့။ ဘာမှမပြောတာ အကောင်းဆုံးပဲ။"
သို့နှင့် "လီရု"(Li Ru) သည် ခန်းဆောင်မှ ထွက်လာပြီး အပြင်သို့ ရောက်သောအခါ ကောင်းကင်ကြီးကို မော့်ကြည့်လျက်
"ငါတို့တော့ သေနေ့စေ့ပြီပဲ။ ဪ၊ အဲ့မိန်းကလေးလက်ချက်နဲ့ သေရတော့မှာပါလား" ဟု ရေရွတ်လေသည်။

သို့နှင့် မေဝေါ်သို့ ခရီးထွက်ရန် အမိန့်ထုတ်လိုက်ပြီးနောက် အမှုထမ်းတို့သည် လူစုကာ "တုန်ကျိုး"(Dong Zhuo) ကို လိုက်ပို့ရသည်။ "သောင်းချမ်"(Diao Chan) သည် သူ၏ ဝေါယာဉ်ပေါ်မှ လူအုပ်ကြားရှိ "လွီပု"(Lu Bu) ကို လှမ်းမြင်လိုက်သည်။ ချက်ချင်းပင် မျက်လွှာချလိုက်ကာ ဝမ်းနည်းသည့်ဟန်ဆောင်လေသည်။ မေဝေါ်သို့သွားမည့် လူစုလူဝေးကြီးကား မြင်ကွင်းမှပင် မမြင်ရလောက်အောင် ဝေးကွာသွားခဲ့လေပြီ၊ မြင်းပေါ်ရှိ "လွီပု"(Lu Bu) သည် စိတ်ပျက်လက်ပျက်နှင့်ပင် အစောက လူအုပ်ကြီးထွက်သွားသောအခါ တထောင်းထောင်းထနေသော ဖုန်ကိုသာ ငေးကြည့်နေမိသည်။ ရင်ထဲတွင် ဝမ်းနည်းကြေကွဲမှုတို့ ပြည့်လျှံနေသည်။
"စစ်သူကြီးက ဝန်ကြီးချုပ်နဲ့အတူမလိုက်သွားပဲ ဘာလို့ အဲ့မှာပဲ ငိုင်နေပြီး သက်ပြင်းချနေရတာတုန်း"
စကားပြောသူမှာ "ဝမ်ယွင်"(Wang Yun) ဖြစ်သည်။
"ကျွန်တော် ခုတလောနေမကောင်းလို့ အိမ်ထဲမှာပဲ နေရတာကြာပြီ၊ ဒါကြောင့် ခင်ဗျားနဲ့ မတွေ့ဖြစ်တာ၊ ဒါပေမယ့် ဒီနေ့က ဝန်ကြီးချုပ် ထွက်ခွာမှာမို့ မတက်မဖြစ် တက်ရမယ်ဆိုလို့ လာတာဗျ။ ခင်ဗျားက ဒီလိုကြုံတုန်းကြုံခိုက်မှာ ဘာလို့ သက်ပြင်းတွေချနေတာတုန်း"
"ခင်ဗျားရဲ့ သမီးကြောင့်ပေါ့ဗျာ"
"ဝမ်ယွင်"(Wang Yun) သည် ပျော်ရွှင်မှုကို မျက်နှာတွင် မပေါ်စေရန် ချုပ်တည်းလိုက်ပြီး
"အချိန်အဲ့လောက်တောင် ကြာနေပြီ၊ သူက ခင်ဗျားကို ကျုပ်သမီးနဲ့ လက်မဆက်ပေးသေးဘူးလား" ဟု မေးသည်။
"အဲ့အဘိုးကြီးက သူ့ကို ချစ်သွားတယ်လေ"
"ဒါ မဖြစ်နိုင်တာပဲ"
ထိုအခါ "လွီပု"(Lu Bu) သည် ဇာတ်လမ်းအကြောင်းအရာကို ပြန်ပြောင်းပြောပြသည်။ "ဝမ်ယွင်"(Wang Yun) ကလည်း တိတ်ဆိတ်စွာပင် နားထောင်ပြီး အချို့နေရာ အရောက် တွင် ဒေါသထွက်ဟန်ဖြင့် မြေပြင်ကို ခြေဖြင့် ဆောင့်သည်။ အချိန်အတန်ကြာသောအခါမှ "ဝမ်ယွင်"(Wang Yun) က
"သူ အဲ့လောက် လူမဆန်လိမ့်မယ်လို့ ကျုပ်မထင်မိဘူး" ဟု ပြောသည်။

ထို့နောက် "လွီပု"(Lu Bu) လက်ကို ဆွဲလိုက်ကာ
"ကျွန်တော့်အိမ်မှာ ဒီကိစ္စကို ဆွေးနွေးကြတာပေါ့" ဟု ဆိုသည်။ ထို့နောက် နှစ်ဦးသားတို့သည် အခန်းတစ်ခုဝယ် အစားအသောက်တို့ သုံးဆောင်ပြီးသော် "လွီပု"(Lu Bu) မှ ပန်းခြံအတွင်း ဖြစ်ခဲ့သော ပြဿနာကို ပြောသည်။
"သူက ကျွန်တော့်သမီးကို ဖျက်စီးပြီးတော့ ခင်ဗျားဇနီးကို ခိုးသွားတယ်၊ သူ့ကို လူအများက လှောင်ပြောင်ကြလိမ့်မယ်။ သူ့ကို မလှောင်တဲ့လူတွေက ကျုပ်တို့နှစ်ယောက်ကို လှောင်ကြမယ်။ ကျွန်တော်ကတော့ အသက်ကြီးပြီး အစွမ်းအစလည်းမရှိ၊ ဘာမှ လုပ်နိုင်သူမဟုတ်တဲ့အတွက် သနားကရုဏာသက်ကြလိမ့်မယ်။ စစ်သူကြီးကတော့ သူရဲကောင်းတစ်ဦး၊ ပြောရမယ်ဆိုရင် တစ်လောကလုံးမှာ အစွမ်းဆုံးလူ၊ ဒီလိုလူမျိုးက သူ့ဇနီးလောင်းကို သူများလုတာခံရတယ်ဆိုရင် သူတစ်ပါးရဲ့ လှောင်ပြောင်မှုကို ခံရမှာ အမှန်ပဲ"
ထိုအခါ "လွီပု"(Lu Bu) သည် ဒေါသထွက်ကာ စားပွဲခုံကို ထု၍အော်လေသည်။
"ကျွန်တော် မေ့သွားတယ်၊ ကျွန်တော်အဲ့လိုမျိုးမပြောသင့်ဘူး။ စိတ်မဆိုးပါနဲ့"
"အဲ့လူကို ကျုပ်ကိုယ်တိုင်သတ်မယ်လို့ သစ္စာဆိုတယ်၊ ဒါမှသာ ကျုပ်အရှက်မရမှာ"
"မဟုတ်ဘူး။ အဲ့လိုမပြောပါနဲ့။ အဲ့လိုဆို ကျွန်တော်နဲ့ ကျွန်တော့်မိသားစု ဒုက္ခရောက်လိမ့်မယ်"
"လူတော်ဆိုတာ သူများလက်အောက်မှာ အကြာကြီးမနေဘူး"
"ခင်ဗျားလိုလူမျိုးက ဝန်ကြီးချုပ်ထက် ပိုကြီးတဲ့သူ အောက်မှာ ရှိသင့်တယ်
"ကျုပ် အဲ့လူကို သတ်တာကတော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် ပြောရရင် သူနဲ့ကျုပ်က သားအဖတော်တယ်ဆိုတော့ အဲ့လိုပြုမူရင် တစ်လောကလုံးက ကျုပ်ကို ကဲ့ရဲ့လိမ့်မယ်"
"ခင်ဗျား နာမည်က လွီပု(Lu Bu)၊ သူက တုန်ကျိုး(Dong Zhuo) လေ။ နောက်ပြီး သူ ခင်ဗျားကို လှံနဲ့ ပစ်လိုက်တုန်းက သူ့စိတ်ထဲမှာ သားအဖသံယောဇဉ်ဆိုတာရော ရှိရဲ့လား"
"ခင်ဗျား ဒါကို မထောက်ပြရင်ကျုပ် သတိထားမိမှာ မဟုတ်ဘူး"

"ဝမ်ယွင်"(Wang Yun) သည် သူ၏စကား အကျိုးသက်ရောက်ပုံကို မြင်ကာ ဆက်ပြောသည်။
"ဒါက ဟန်တိုင်းပြည်ကို ပြန်လည်ဆောက်တည်တဲ့အတွက် သစ္စာရှိတဲ့လုပ်ရပ်ပါပဲ။ နောက်ပြီး ခင်ဗျားကို သမိုင်းမှာ သူရဲကောင်းဆိုပြီး မှတ်တမ်းတင်ကြမှာပဲ။ အကယ်၍ တုန်ကျိုး(Dong Zhuo) ကိုသာ ကူညီခဲ့ရင် ခေတ်အဆက်ဆက်ကလူတွေက ခင်ဗျားကို သစ္စာဖောက်ဆိုပြီး ပြောကြလိမ့်မယ်"
"လွီပု"(Lu Bu) သည် ထိုင်ရာမှ ထကာ "ဝမ်ယွင်"(Wang Yun) ကို အရိုအသေပြုလိုက်ပြီး
"ကျုပ် ဆုံးဖြတ်ပြီးပြီ၊ ခင်ဗျား ဘာမှ မစိုးရိမ်နဲ့တော့" ဟု ပြောသည်။
"ဒါပေမယ့် လုပ်ကြံမှုမအောင်ရင် ဒုက္ခရောက်လိမ့်မယ်"
ထိုအခါ "လွီပု"(Lu Bu) သည် ဓားမြောင်ကိုထုတ်ကာ လက်ကို အနည်းငယ်လှီးလိုက်ပြီး သွေးဖြင့် သစ္စာဆိုသည်။ "ဝမ်ယွင်"(Wang Yun) သည် ဒူးထောက်ကာ ကျေးဇူးတင်လေသည်။
"ဒါဆို ဟန်တိုင်းပြည်ရဲ့ လူတွေ သေခဲ့တာက အချည်းနှီးမဟုတ်တော့ဘူး။ ခင်ဗျားဟာ သူတို့ရဲ့ ကျေးဇူးရှင်ပါပဲ။ ဒါပေမယ့် ဒီကိစ္စပေါက်ကြားလို့ မဖြစ်ဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာ ကျုပ် ခင်ဗျားကို အကြံပေးပါ့မယ်"
သို့နှင့် "လွီပု"(Lu Bu) လည်း ထွက်သွားသည်။

"ဝမ်ယွင်"(Wang Yun) သည် သူယုံကြည်ရသော လုပ်ဖော်ကိုင်ဘက်နှစ်ဦးဖြစ်သည့် ဝန်ကြီး "ရှီစွန်းရေ"(Shisun Rui) နှင့် စစ်သူကြီး "ဟွမ်ဝမ်"(Huang Wan) တို့ကို ခေါ်လိုက်သည်။
"ရှီစွန်းရေ"(Shisun Rui) : "အခုအချိန်က အချိန်ကောင်းပဲ၊ ဘုရင်မင်းမြတ်က နေမကောင်းပျောက်တာ မကြာသေးဘူး။ မေဝေါ်ကို လူတစ်ယောက်လွှတ်ပြီး တုန်ကျိုး(Dong Zhuo) ကို မြို့တော်ပြန်လာအောင် လုပ်ရမယ်။ အဲ့အချိန်မှာ ကျုပ်တို့က တုန်ကျိုး(Dong Zhuo) ကို သတ်ဖို့ ဘုရင့်ဆီက အမိန့်ရအောင် လုပ်ရမယ်၊ ဒါက အကောင်းဆုံး အကြံပဲ"
"ဟွမ်ဝမ်"(Huang Wan) : "ဒါပေမယ့် မေဝေါ်ကို ဘယ်သူ့ကို လွှတ်မှာတုန်း"
"ရှီစွန်းရေ"(Shisun Rui) : "နန်းတွင်းတပ် စစ်သူကြီး လီစု(Li Su) ကို လွှတ်ရင်ကောင်းမယ်၊ သူက လွီပု(Lu Bu) နဲ့ တစ်နယ်တည်းသားလေ။ နောက်ပြီး သူက သူ့ကို ပစားမပေးလို့ ဝန်ကြီးချုပ်ကို အခဲမကျေဘူးလို့ ကြားတယ်။ သူသာသွားရင် အကြံအောင်ဖို့ သေချာသလောက်ပဲ"
"ဝမ်ယွင်"(Wang Yun) : "ကောင်းပြီ။ ဒီအကြံကို လွီပု(Lu Bu) လက်ခံမလားတော့ မေးကြည့်တာပေါ့"

သို့နှင့် "လွီပု"(Lu Bu) ကို တိုင်ပင်သောအခါ "လွီပု"(Lu Bu) က သူအရင်က သူ၏ပထမမွေးစားအဖေကို သတ်လိုက်ခြင်းမှာ "လီစု"(Li Su) ၏ တိုက်တွန်းမှုဖြစ်ကြောင်း ပြောသည်။
"လွီပု"(Lu Bu) : "သူသာ မကူညီဘူးဆိုရင် ကျုပ်သူ့ကို သတ်မယ်"
ထို့ကြောင့် "လီစု"(Li Su) ကို ခေါ်စေပြီး ရောက်လာသောအခါ "လွီပု"(Lu Bu) က
"အရင်တုန်းက ခင်ဗျားက ကျုပ်ကို တင်းယွမ်(Ding Yuan) ကို သတ်ခိုင်းပြီး တုန်ကျိုး(Dong Zhuo) လက်အောက်မှာ အမှုထမ်းခိုင်းခဲ့တယ်။ အခုတော့ တုန်ကျိုး(Dong Zhuo) ဟာ ဘုရင့်အပေါ်ကောင်းတဲ့သူမဟုတ်တဲ့အပြင် တိုင်းသူပြည်သားတွေအပေါ်လည်း ရက်စက်သူဖြစ်တယ်၊ ဒါကြောင့် သူ့ကို လူရောနတ်ပါ မုန်းကြတယ်။ ခင်ဗျား မေဝေါ်ကို သွားပြီးတော့ ဘုရင်က ဝန်ကြီးချုပ်ကို ဆင့်ခေါ်စေတယ်လို့ ပြောပြီး တုန်ကျိုး(Dong Zhuo) ကို ခေါ်ခဲ့။ သူလာရင် သူ့ကို သတ်မယ်။ ခင်ဗျားကလည်း သစ္စာရှိတယ်ဆိုပြီး ရာထူးကောင်းကောင်းပေးတာ ခံရမယ်။ ဒါကို ခင်ဗျား လုပ်မလား" ဟု မေးသည်။
"ကျွန်တော် သူ့ကို သတ်ချင်တာကြာခဲ့ပြီ။ ဒါပေမယ့် ကူညီမယ့်လူမရှိသေးလို့သာပေါ့။ ခင်ဗျားသာ ကူညီမယ်ဆို ကျွန်တော်က နှောင့်နှေးနေမှာ မဟုတ်ဘူး"
ထို့နောက် "လီစု"(Li Su) သည် မြားကိုနှစ်ပိုင်းချိုးလိုက်ကာ သစ္စာတည်စေသည်။
"ဝမ်ယွင်"(Wang Yun) : "အကြံအောင်ရင် ဂုဏ်ထူးဆောင်ရာထူးဟာ ခင်ဗျားအတွက်ပဲ"

နောက်ရက်တွင် "လီစု"(Li Su) သူ့ကိုယ်ကို ဘုရင်မင်းမြတ်၏ သံတမန်ဟု ကြေညာကာ လူအနည်းငယ်နှင့်အတူ မေဝေါ်သို့သွားသည်။ "တုန်ကျိုး"(Dong Zhuo) ရှေ့သို့ရောက်သောအခါ ဘုရင်မှ မည်သည့်အမိန့်ထုတ်စေသနည်းဟု မေးသည်။
"ဘုရင်မင်းမြတ်ဟာ ပြန်ကျန်းမာလာပြီဖြစ်တဲ့အတွက် နန်းတော်မှာ ဝန်ကြီးတွေနဲ့ တွေ့ပြီးတော့ ဘုရင့်ရာထူးကို ဝန်ကြီးချုပ်လက်ထဲအပ်ပြီး နန်းဆင်းမလို့ပါ။ ဒါကြောင့် ဝန်ကြီးချုပ်ကို မြို့တော် ခေါ်စေတာပါ"
"ဒီအကြံက ဝမ်ယွင်(Wang Yun) ကကော ဘယ်လို သဘောရတုန်း။"
"ဝမ်ယွင်(Wang Yun) က အခမ်းအနားကျင်းပဖို့ စင်တွေတောင် ဆောက်ပြီးပါပြီ၊ သခင်ကြီးအလာကို စောင့်နေတာပါ"
"မနေ့က အိပ်မက်မှာ နဂါးတစ်ကောင်က ငါ့ခန္ဓာကိုယ်ကို ပတ်ခွေထားတယ်လို့ အိပ်မက်မက်တယ်၊ အခု ဝမ်းသာစရာ သတင်းကြားရပြီ။ ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ဘူး"
ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် သူ၏ အယုံကြည်ရဆုံး စစ်သူကြီးလေးဦးတို့ကို မြို့ကို စောင့်ကြပ်သည်။ "လီကျွယ်"(Li Jue) ၊ "ကော်စီ"(Guo Si) ၊ "ဖန်ချိုး"(Fan Chou) နှင့် "ကျန်းကျိ"(Jiang Ji) တို့သည် ဝက်ဝံပျံအလှံကိုင်သော စစ်သားသုံးထောင်နှင့် မေဝေါ်ကို စောင့်ကြပ်လေသည်။ "တုန်ကျိုး"(Dong Zhuo) သည် နောက်ရက်တွင် ခရီးထွက်ရန်ပြင်သည်။
"တုန်ကျိုး"(Dong Zhuo) : "ငါသာ ဘုရင်ဖြစ်ရင် မင်းကို မြို့တော်အပိုင်းရဲ့ စစ်သူကြီးအဖြစ် ရာထူးတိုးပေးမယ်"
"လီစု"(Li Su) : "ကျေးဇူးတင်ပါတယ် ခင်ဗျား"


ပြီးနောက် "တုန်ကျိုး"(Dong Zhuo) သည် အသက်ကိုးဆယ်အရွယ်ရှိသော သူ၏အမေအိုကြီးကို သွားနှုတ်ဆက်သည်။
"ငါ့သား၊ ဘယ်သွားမလို့လဲ"
"ဘုရင့်အာဏာလွှဲတာကို သွားလက်ခံမလို့၊ အမေမကြာခင် ဘုရင့်မယ်တော် ဖြစ်တော့မယ်"
"အမေ ဒီရက်ပိုင်း ရင်ထဲမှာ နေလို့မကောင်းဘူး၊ ဒါမကောင်းတဲ့ နိမိတ်ပဲ"
"တိုင်းပြည်ရဲ့ မိခင်ဖြစ်မယ့်သူအတွက် ဒီနိမိတ်တွေက ဖြစ်တတ်ပါတယ်"
ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် မထွက်ခင် "သောင်းချမ်"(Diao Chan) အား
"ငါသာ ဘုရင်ဖြစ်ရင် မင်းက မိဖုရားပဲ" ဟု ပြောသည်။
"သောင်းချမ်"(Diao Chan) က ရိုကျိုးစွာ ကျေးဇူးတင်စကားဆိုသည်၊ သို့သော်လည်း ရင်ထဲတွင်ကား "တုန်ကျိုး"(Dong Zhuo) ၏ နိဂုံးမှန်း သိနှင့်လေသဖြင့် ကျိတ်၍ဝမ်းမြောက်လေသည်။

သို့နှင့် "တုန်ကျိုး"(Dong Zhuo) သည် အခြံအရံတို့နှင့်အတူ မြို့တော်သို့ ခရီးထွက်လေသည်။ ဆယ်မိုင်ခန့် မရောက်ခင်မှာပင် လှည်းဘီးကျိုးသွားသဖြင့် မြင်းစီးပြီး ခရီးဆက်သည်။ နောက်ဆယ်မိုင်ခန့်အရောက်တွင် ထိုမြင်းသည် လဲကျသွားသည်။ "တုန်ကျိုး"(Dong Zhuo) သည် ထိုအခြင်းအရာတို့သည် ဘာကို ဆိုလိုသနည်းဟု "လီစု"(Li Su) အား မေးသည်။
"ဒါက သခင်ကြီးက ဟန်ရဲ့ ဘုရင်ဖြစ်မယ့်နိမိတ်ပါပဲ။ အရာအားလုံးကို အသစ်ပြောင်းစေမယ့် နိမိတ်ပါ၊ ရတနာလှည်းပေါ်မှာ ထိုင်ရပြီး ရွှေမြင်းကို စီးရမယ်လို့ ဆိုလိုတာပါ"
ထိုအဖြေကို "တုန်ကျိုး"(Dong Zhuo) သည် အလွန်နှစ်ခြိုက်သွားသည်။ ဒုတိယရက် ခရီးတွင် လေပြင်းတို့တိုက်ခတ်ကာ ကောင်းကင်သည်ကား မြူတို့ဖြင့် အုံ့ဆိုင်းနေသည်။
"ဒါကကော ဘာအဓိပ္ပာယ်တုန်း"
"နဂါး(ဘုရင်) ရာထူးကို ဆက်ခံမှာဆိုတော့ သခင်ကြီးအလာမှာ တောက်ပတဲ့အလင်းရောင်နဲ့ ရေခိုးရေငွေ့တွေက နိမိတ်ပြတာပါ"
"တုန်ကျိုး"(Dong Zhuo) တွင် သံသယအလျင်းမရှိတော့ပြီ။ မြို့တော်တို့ရောက်သောအခါ ဂိတ်ပေါက်ဝတွင် အမတ်တို့စုံလင်စွာ သူ့ကို ကြိုဆိုကြသည်။ သို့သော် "လီရု"(Li Ru) ကားမရှိ၊ နေမကောင်းသဖြင့် အိပ်ယာမှ မထနိုင်ဟု ဆိုသည်။ သူ၏ အိမ်တော်အတွင်းသို့ ဝင်သောအခါ "လွီပု"(Lu Bu) မှလာပြီး ဘုရင့်ရာထူးဆက်ခံမည်ဖြစ်၍ ဝမ်းမြောက်စကားဆိုသည်။
"ငါ ပလ္လင်ပေါ်မှာ ထိုင်ရရင် မင်းက တစ်တိုင်းပြည်လုံးက တပ်တွေကို ကွပ်ကဲရစေမယ်"

ထိုည "တုန်ကျိုး"(Dong Zhuo) အိပ်နေစဉ် မြို့အတွင်းမှ ကလေးငယ်များ ဆော့ကစားကာ ဆိုနေသော ကဗျာသံသည် ပျံ့လွှင့်လာသည်။
'လယ်ကွင်းထဲမှ မြက်စိမ်းစိမ်းလေး၊ ယခုသော်ကား စိမ်းစိုလတ်ဆတ်လျက်ရှိချေသည်။
နောက်ဆယ်ရက်အကြာတွင်ကား ဓားပင် ကျန်တော့မည်မဟုတ်'
ထိုကဗျာသည် နိမိတ်မကောင်းသည့်ဟန်ပေါ်သော်လည်း "လီစု"(Li Su) ကပင်
"ဒါက လျူ(Liu) မျိုးရိုးပျက်သုဉ်းပြီး တုန်(Dong) တွေ ကောင်းစားမယ့် နိမိတ်ပါ" ဟု ဆိုလေသည်။

နောက်ရက်မနက် "တုန်ကျိုး"(Dong Zhuo) သည် ညီလာခံတက်ရန် ပြင်ဆင်ပြီးနောက် လမ်းတွင် တာအိုဝါဒရဟန်းတစ်ပါးနှင့် တွေ့သည်။ ထိုသူသည် အမည်းရောင်အင်္ကျီဝတ်ဆင်ထားပြီး အဖြူရောင်ခေါင်းဆောင်းဆောင်းထားသည်။ လက်တွင် တုတ်ကိုင်ထားပြီး တုတ်တွင် ပိတ်စကပ်ထားကာ တရုတ်လို "ပါးစပ်" ဟူသောစာလုံးကို အပေါ်တွင်တစ်ခု၊ အောက်တွင်တစ်ခု ရေးဆွဲထားသည်။
"တုန်ကျိုး"(Dong Zhuo) က မည်သည့်နိမိတ်နည်းဟု မေးပြန်ရာ၊ "လီစု"(Li Su) က မည်သည့်နိမိတ်မှမဟုတ်၊ ထိုသူကား အရူးဖြစ်ကြောင်းဆိုပြီး အစောင့်တို့ကို ထိုသူအား ဆွဲခေါ်သွားစေသည်။
(မှတ်ချက်။ ပါးစပ်နှစ်ခု၊ တုတ်ချောင်းတစ်ချောင်းနှင့် ပိတ်စဟူသော တရုတ်စာလုံးတို့ကို ပေါင်းစပ်လိုက်လျှင် "လွီပု"(Lu Bu) ၏ နာမည် ရသည်။)

"တုန်ကျိုး"(Dong Zhuo) သည် လမ်းတွင် အမတ်တို့ နန်းတွင်းအဆောင်အယောင်တို့ဖြင့် တန်းစီနေကြသည်။ "လီစု"(Li Su) သည် "တုန်ကျိုး"(Dong Zhuo) ၏ လှည်း ဘေးမှ ဓားကိုင်လျက် လျှောက်သည်။ နန်းတော်၏ မြောက်တံခါးသို့ရောက်သောအခါ "တုန်ကျိုး"(Dong Zhuo) ၏ ကိုယ်ရံတော်တို့ကို အပြင်တွင် စောင့်စေပြီး အယောက်နှစ်ဆယ်ကျော်ခန့်သာ အထဲဝင်ခွင့်ပြုသည်။
အထဲသို့ရောက်သောအခါ "ဝမ်ယွင်"(Wang Yun) နှင့် အခြားအမတ်တို့သည် လက်နက်ကိုယ်စီကိုင်ကာ ရပ်နေကြသည်။
"သူတို့က ဘာလို့ လက်နက်ကိုင်ထားကြတာတုန်း"
"လီစု"(Li Su) ကား ဘာမှမပြော၊ လှည်းယာဉ်ကိုသာ ရှေ့သို့ တွန်းလိုက်သည်။  "ဝမ်ယွင်"(Wang Yun) မှ ရုတ်တရတ် အော်လိုက်သည်။
"သူပုန်လာပြီဟေ့၊ အာဏာပါးကွက်သားတွေ ဘယ်ရောက်နေတုန်း"
ထိုအသံကြားလိုက်ပြီးသည်နှင့် လှံကိုင်ထားသောစစ်သားတို့ ထွက်လာကာ "တုန်ကျိုး"(Dong Zhuo) ကို တိုက်သည်။ "တုန်ကျိုး"(Dong Zhuo) သည် သူဝတ်ဆင်လေ့ရှိသော သံချပ်ကာ ဝတ်မလာသဖြင့် လှံတစ်ချောင်းသည် သူ၏ ရင်ကို ဖောက်သွားသည်။ "တုန်ကျိုး"(Dong Zhuo) သည် လှည်းပေါ်မှ ကျကာ အသံကျယ်လှောင်စွာဖြင့်
"လွီပု(Lu Bu) ဘယ်မှာလဲ" ဟု သူ့သားကို ခေါ်သည်။ ထိုအခါ "လွီပု"(Lu Bu) သည် ရုတ်တရတ်ရောက်လာကာ
"ဘုရင့်အမိန့်နဲ့ သူပုန်ကို သတ်ဖို့ ရောက်လာပြီ" ဟု ဆိုပြီး သူ၏လှံနှင့် "တုန်ကျိုး"(Dong Zhuo) လည်ပင်းကို ထိုးစိုက်ကာ သတ်လိုက်သည်။ "လီစု"(Li Su) သည် "တုန်ကျိုး"(Dong Zhuo) ခေါင်းကိုဖြတ်ကာ ချိတ်ဆွဲထားစေသည်။
"လွီပု"(Lu Bu) သည် ဘယ်လက်တွင် လှံကိုကိုင်ကာ ညာလက်ဖြင့် ဘုရင့်အမိန့်တော်ကို ထုတ်လိုက်ပြီး
"ဘုရင်မင်းမြတ်မိန့်ဆိုသည်မှာ သစ္စာဖောက် "တုန်ကျိုး"(Dong Zhuo) ကို သေဒဏ်ပေးရန်ဖြစ်သည်။ အခြားသူများ မပါ" ဟု ဆိုသည်။ ထိုအထဲတွင်ရှိသော သူအားလုံးက
"ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ" ဟု အော်ကြသည်။

ထို့နောက် "တုန်ကျိုး"(Dong Zhuo) ၏ လက်ရုံးတစ်ဆူဖြစ်သော "လီရု"(Li Ru) ကို ရှာစေသည်။ "လီစု"(Li Su) ကိုယ်တိုင်သွားကာ ရှာသည်။ ထိုအခိုက်တွင်ပင် ဂိတ်အနီးမှ အော်သံကြားရပြီးနောက် အိမ်အစေတစ်ဦးက "လီရု"(Li Ru) ကို ကြိုးတုတ်ပြီး ခေါ်လာသည်။ "ဝမ်ယွင်"(Wang Yun) က "လီရု"(Li Ru) ကို ဈေးအတွင်းတွင် သတ်စေရန် အမိန့်ပေးလိုက်သည်။
"တုန်ကျိုး"(Dong Zhuo) ၏ ခေါင်းကို လူစည်သောနေရာတွင် ပြထားစေသည်။ သူ၏ ခန္ဓာကိုမူ အစောင့်တို့က တုတ်စိုက်ကာ မီးထွန်းလေသည်။ လမ်းသွားလမ်းလာတို့သည် ထိုခေါင်းနှင့် ခန္ဓာတို့ကို ခြေထောက်ဖြင့် နင်းကြလေသည်။

"ဝမ်ယွင်"(Wang Yun) သည် "လွီပု"(Lu Bu)၊ "ဟွမ်ဖူစုန့်"(Huangfu Song) နှင့် "လီစု"(Li Su) တို့ကို မေဝေါ်သို့လွှတ်ကာ ဖျက်စီးစေသည်။ "လီကျွယ်"(Li Jue) ၊ "ကော်စီ"(Guo Si) ၊ "ဖန်ချိုး"(Fan Chou) နှင့် "ကျန်းကျိ"(Jiang Ji) တို့သည် သူတို့သခင်သတင်းကို ကြားသောအခါ စစ်သားတို့ကိုခေါ်ပြီး လျန်ကျိုးပြည်နယ်သို့ ပြေးလေသည်။
မေဝေါ်သို့ရောက်သည်နှင့် "လွီပု"(Lu Bu) ပထမဆုံးလုပ်သည့်အလုပ်ကား "သောင်းချမ်"(Diao Chan) ကို သွားခေါ်ခြင်းပင်တည်း။ ထို့နောက် ထိုစစ်သားတို့သည် တုန်(Dong) မိသားစုတစ်စုလုံးကို သတ်သည်၊ "တုန်ကျိုး"(Dong Zhuo) ၏ အမေအိုကြီးကိုပင် မချန်ချေ။ "တုန်ကျိုး"(Dong Zhuo) ၏ ညီ "တုန်မင်"(Dong Min) နှင့် တူဖြစ်သူ "တုန်ဟွမ်"(Dong Huang) တို့၏ ခေါင်းကို လူအများရှေ့ ဈေးတွင် ပြထားစေသည်။ မေဝေါ်တွင် အဖမ်းခံခဲ့ရသော အမျိုးသမီးပေါင်းများစွာကို လွှတ်ပေးလိုက်သည်။ "တုန်ကျိုး"(Dong Zhuo) ၏ ပိုင်ဆိုင်မှုအားလုံးကို သိမ်းလိုက်သည်။ အောင်စလေးငါးသိန်းခန့်ရှိသော ရွှေ၊ သန်းချီသော ငွေကြေး၊ ပုလဲ၊ ကျောက်၊ ပိုးထည်၊ သားရေ၊ သိုးမွေး နှင့်အစားအစာတို့ကို ရလေသည်။
အောင်မြင်မှုသတင်းကို ပို့သောအခါ "ဝမ်ယွင်"(Wang Yun) သည် စစ်သားတို့ကို အစားအစာတို့ဖြင့် ကျွေးမွေးကာ အောင်ပွဲခံစေသည်။ ဝန်ကြီးများခန်းမတွင် စားသောက်ပွဲကျင်းပပြီး အမတ်တို့ကို ဖိတ်ကြားသည်။ ထို့နောက် အချင်းချင်း ဂုဏ်ပြုကြလေသည်။ ထိုအချိန်တွင် "တုန်ကျိုး"(Dong Zhuo) ၏ အလောင်းကို ဈေးတွင် ပြထားသည့်အပေါ် လူတစ်ဦးက စိတ်မကောင်းစွာဖြင့် ငိုနေကြောင်း လာပြောသည်။

"တုန်ကျိုး(Dong Zhuo) က သေသွားပြီပဲ၊ သူသေတာ အကုန်ပျော်နေရမှာ၊ ဘယ်သူက ဝမ်းနည်းနေရတာတုန်း"
ထို့နောက် "ဝမ်ယွင်"(Wang Yun) သည် ထိုငိုသောသူကို သူ့ထံခေါ်လာရန် အမိန့်ထုတ်လိုက်သည်။ ထိုသူသည်ကား နန်းတွင်းသမိုင်းမှတ်တမ်းတင်သူ "ချိုင်ယုံ"(Cai Yong) ပင်ဖြစ်သည်။ "ဝမ်ယွင်"(Wang Yun) မှ "ချိုင်ယုံ"(Cai Yong) ကို ဒေါသဖြင့် စကားဆိုသည်။
"တုန်ကျိုး(Dong Zhuo) က သူပုန်မို့လို့ သေဒဏ်ပေးလိုက်တာကို တစ်တိုင်းပြည်လုံးက ဝမ်းမြောက်နေကြတာ ခင်ဗျားက ဒီတိုင်းပြည်ရဲ့ ဝန်ကြီးဖြစ်ပြီး ဘာလို့ သစ္စာဖောက်အတွက် ငိုနေတာတုန်း"
"ကျွန်တော်က အရည်အချင်းမရှိပေမယ့်လည်း ဘယ်ဟာအမှား၊ ဘယ်ဟာ အမှန်ဆိုတာတော့ ခွဲတတ်ပါသေးတယ်။ ကျွန်တော်က တိုင်းပြည်ကို ကျောခိုင်းပြီး တုန်ကျိုး(Dong Zhuo) ကို ထောက်ခံခဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အပေါ်မှာ သူ့ကျေးဇူးတွေရှိတဲ့အတွက် သူသေသွားတဲ့အပေါ် စိတ်မကောင်းမဖြစ်ပဲ မနေနိုင်ဘူး။ ကျွန်တော်အပြစ်ကြီးမှန်းသိပါတယ်၊ ဒါပေမယ့် အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်ပေးပါ၊ အပြစ်ပေးတဲ့အနေနဲ့ ကျွန်တော့်ခြေကို ဖြတ်ရင်ဖြတ်လိုက်ပါ၊ ခေါင်းနဲ့လက်ပဲ ကျန်ပါစေ၊ ဒီလက်နဲ့ ဟန်နိုင်ငံရဲ့သမိုင်းကို မှတ်တမ်းတင်ပြီး အပြစ်ကို ပေးဆပ်သွားပါမယ်"
("တုန်ကျိုး"(Dong Zhuo) က "ချိုင်ယုံ"(Cai Yong) ကို မြောက်စားသည့်အကြောင်းကို အခန်း(၄) တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)

ထိုအခါ လူအပေါင်းတို့က ကရုဏာသက်ကာ "ချိုင်ယုံ"(Cai Yong) ကို မသတ်ရန် တောင်းပန်ကြသည်။ နန်းတော်အစောင့်တပ်မှူး "မာမိတိ"(Ma Midi) က ဤသို့ပြောသည်။
"ချိုင်ယုံ"(Cai Yong) က ပညာရှိလို့ နာမည်ကြီးပြီး ခန့်ညားထည်ဝါတဲ့သမိုင်းကို ရေးနိုင်သူဖြစ်တယ်။ ဒါကြောင့် ဒီလိုလူမျိုးကို မစဉ်းစားမဆင်ခြင်ပဲ သတ်မိန့်ချတာဟာ မသင့်တော်ပါဘူး"
သို့သော်လည်း ထိုစကားတို့သည်ကား အချည်းနှီးပင်။ "ဝမ်ယွင်"(Wang Yun) က
"ဟိုးလွန်ခဲ့တဲ့နှစ်တစ်ရာကျော်က ဝူဘုရင်(Emperor Wu) ဟာ စီးမာချန်(Sima Qian) ကို မသတ်ပဲနဲ့ သမိုင်းပြုစုစေခဲ့တယ်၊ ဒါကြောင့် သူရေးခဲ့တဲ့ မဟုတ်မမှန်တဲ့သမိုင်းဟာ ဒီနေ့ခေတ်အထိရှိနေခဲ့တယ်၊ ဒါကြောင့် ချိုင်ယုံ(Cai Yong) ကိုသာ လွှတ်ပေးလိုက်ရင် သူက ငယ်ရွယ်တဲ့ မင်းသားနဲ့ ကျုပ်တို့အမတ်တွေ မကောင်းကြောင်းကို ရေးတော့မှာပဲ" ဟု ပြောလေသည်။
တောင်းပန်သော်လည်း မရသည်နှင့် "မာမိတိ"(Ma Midi) သည် ရာထူးမှ နှုတ်ထွက်သွားသည်။ ထို့နောက် သူ၏ လုပ်ဖော်ကိုင်ဖက်တို့ကို
"ဝမ်ယွင်(Wang Yun) က အနာဂတ်ကို ကြိုမတွေးတတ်ဘူးလား၊ လူတော်ဆိုတာ တိုင်းပြည်ရဲ့ရတနာဖြစ်ပြီး ဥပဒေဟာ တိုင်းပြည်အတွက် လိုအပ်တဲ့အရာဖြစ်တယ်၊ လူတော်ဆိုတဲ့ ရတနာကို ဖယ်ရှားပြီး ဥပဒေကို အလေးမမူတာဟာ တိုင်းပြည်ပျက်မြန်အောင် လုပ်သလိုပဲ" ဟု ပြောသည်။
ထိုသူ ပြောသကဲ့သို့ပင် "ဝမ်ယွင်"(Wang Yun) သည်ကား မှားသော်လည်း မပြင်ချေ။  "ချိုင်ယုံ"(Cai Yong) ကို ထောင်သွင်းအကျဉ်းချစေပြီးနောက် ဆွဲကြိုးဆွဲကာ သတ်သေစေသည်။ ထိုခေတ်က များစွာသောလူတို့သည် "ချိုင်ယုံ"(Cai Yong) သေဆုံးမှုအပေါ် ဝမ်းနည်းမဆုံး ရှိကြလေ၏။

"တုန်ကျိုး"(Dong Zhuo) သေဆုံးပြီးနောက် ပြေးသွားကြသော စစ်သူကြီးလေးဦးဖြစ်သည့် "လီကျွယ်"(Li Jue) ၊ "ကော်စီ"(Guo Si) ၊ "ဖန်ချိုး"(Fan Chou) နှင့် "ကျန်းကျိ"(Zhang Ji) တို့သည် လျန်ကျိုးပြည်နယ် ရှန်ရှီးအရပ်တွင် စခန်းချကြသည်။ ထို့နောက် နန်းတော်သို့ ငြိမ်းချမ်းရေးသဝဏ်လွှာပို့သည်။ သို့သော် "ဝမ်ယွင်"(Wang Yun) က လက်မခံချေ။
"ဒီလူလေးယောက်လုံးက တုန်ကျိုး(Dong Zhuo) ရဲ့ နောက်လိုက်နောက်ပါတွေပဲ၊ ဒါကြောင့် ဒီလိုကမ်းလှမ်းတာကို လက်မခံဘူး"
ဆတ်သားသည် ပြန်သွားကာ ထိုအကြောင်းကို ပြောသဖြင့် ထိုသူလေးဦးအတွက် ပြေးရုံမှတပါး အခြားမရှိပြီ။
သို့သော်လည်း သူတို့၏ အကြံပေး "ကျာရွှီ"(Jia Xu) မှ
"လက်နက်တွေပစ်ပြီး ဒီအတိုင်းပြေးလို့ကတော့ တစ်နေ့နေ့တစ်ချိန်ချိန်တော့ အဖမ်းခံရမှာပဲ။ ဒီလိုအဖမ်းခံမယ့်အစား ရှန်ရှီးလူတွေကို စုရုံးပြီးတော့ မြို့တော်ကိုတိုက်ပြီး ဝန်ကြီးချုပ် တုန်ကျိုး(Dong Zhuo) အတွက် လက်စားချေတာကမှ တော်ဦးမယ်။ အောင်မြင်ရင် နန်းတွင်းနဲ့ တိုင်းပြည်ကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး ကျရှုံးရင်တော့ ထွက်ပြေးလို့ ရသေးတယ်" ဟု ပြောသည်။

ထိုအကြံကို လက်ခံလိုက်ကြသည်။ ထို့နောက် "ဝမ်ယွင်"(Wang Yun) သည် ထိုနယ်ကိုတိုက်ရန် ကြံနေကြောင်း ကောလာဟာလတို့လွှင့်ကာ စစ်သားတို့ကို စုဆောင်းလေသည်။ စစ်သားတစ်သိန်းခန့် စုမိသော် ထိုစစ်သားတို့ကို လေးပိုင်းပိုင်းပြီး တပ်အားလုံးတို့သည် မြို့တော် ချန်အန်းသို့ ချီတက်ကြသည်။ လမ်းတွင် "တုန်ကျိုး"(Dong Zhuo) ၏ သားမက်ဖြစ်သော "နူဖူ"(Niu Fu) နှင့် တွေ့သည်။ "နူဖူ"(Niu Fu) သည်လည်း သူယောက္ခမအတွက် လက်စားချေရန် ရှီလျန်မှ စစ်သားငါးထောင်ကို ဦးဆောင်ကာ ချီတက်လာခြင်းဖြစ်သည်။ သို့နှင့် "နူဖူ"(Niu Fu) သည် ထိုတပ်ပေါင်းစု၏ ရှေ့ပြေးတပ် စစ်သူကြီးဖြစ်သွားသည်။
ထိုသတင်းကို "ဝမ်ယွင်"(Wang Yun) ကြားသော် "လွီပု"(Lu Bu) ကို ခေါ်ကာ တိုင်ပင်သည်။
"လွီပု"(Lu Bu) : "ကြွက်တွေကတော့ အများကြီးပဲ၊ ဒါပေမယ့် ဘယ်လောက်များများ စိုးရိမ်စရာမရှိပါဘူး"

"လွီပု"(Lu Bu) နှင့် "လီစု"(Li Su) သည် သူပုန်တို့ကို နှိမ်နှင်းရန် ပြင်ကြသည်။ "လီစု"(Li Su) သည် "နူဖူ"(Niu Fu) နှင့် ရင်ဆိုင်ပြီး "နူဖူ"(Niu Fu) ရှုံးကာ တပ်ဆုတ်သွားသည်။ သို့သော်လည်း "နူဖူ"(Niu Fu) သည် ညဘက်အလစ်ဝင်တိုက်သဖြင့် "လီစု"(Li Su) မမျှော်လင့်ပဲ ခံလိုက်ရကာ ဆယ်မိုင်အကွာသို့ တပ်ဆုတ်ရသည်။
ထိုစစ်ရှုံးမှုသတင်းပို့လိုက်သောအခါ "လွီပု"(Lu Bu) သည် ဒေါသထွက်ကာ
"ခင်ဗျားက ကျုပ်ရဲ့ လူစွမ်းကောင်းဆိုတဲ့ ဂုဏ်သတင်းကို ဖျက်လိုက်သလိုပဲ၊ နောက်ပြီး စစ်တပ်ရဲ့ တိုက်ခိုက်ချင်စိတ်ကိုပါ လျော့သွားစေတယ်" ဟု ဆိုပြီး "လီစု"(Li Su) ကို သတ်ကာ ခေါင်းကို စခန်းချရာနေရာ၏ အပေါက်ဝတွင် ချိတ်ထားသည်။
နောက်ရက်တွင် "လွီပု"(Lu Bu) သည် စစ်တပ်ကို ဦးဆောင်ကာ "နူဖူ"(Niu Fu) နှင့် တိုက်သည်။ "နူဖူ"(Niu Fu) တပ် မခံနိုင်ပဲ ပြေးရလေသည်။ "နူဖူ"(Niu Fu) သည် သူ ယုံကြည်ရသောသူဖြစ်သည့် "ဟူချီအာ"(Hu Chier) ကို ခေါ်ကာ အကြံတောင်းသည်။
"လွီပု(Lu Bu) ကို ကျွန်တော်တို့ စစ်တပ်နဲ့ ယှဉ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ဟိုစစ်သူကြီးလေးယောက်ကို ထားခဲ့ပြီးတော့ လူအနည်းငယ်နဲ့ တိတ်တဆိတ်ပြေးရင် ကောင်းမယ်"
သို့နှင့် ထိုသစ္စာဖောက်နှစ်ဦးတို့သည် ညဘက်တွင် လူခြောက်ဦးနှင့်အတူ ပြေးလေသည်။ လမ်းခရီး၌ မြစ်တစ်ခုကို ဖြတ်သောအချိန်တွင် "ဟူချီအာ"(Hu Chier) စိတ်တွင် လောဘတို့ဝင်ရောက်လာကာ "နူဖူ"(Niu Fu) ကိုသတ်လိုက်ပြီး ခေါင်းကို "လွီပု"(Lu Bu) ထံ သွားအပ်လေသည်။ "လွီပု"(Lu Bu) သည် ဖြစ်ကြောင်းကုန်စင်ကို မေးရာ "ဟူချီအာ"(Hu Chier) နှင့် လိုက်ပါလာသူတစ်ဦးက အမှန်အတိုင်းပြောလိုက်သဖြင့် "လွီပု"(Lu Bu) သည် နှစ်ကြိမ်သစ္စာဖောက်ခဲ့သည့် "ဟူချီအာ"(Hu Chier) ကို သတ်လိုက်လေသည်။

"လွီပု"(Lu Bu) သည် ရန်သူတပ်တို့ကို တိုက်ရာ "လီကျွယ်"(Li Jue) ၏ တပ်နှင့် ရင်ဆိုင်သည်။ "လီကျွယ်"(Li Jue) သည် "လွီပု"(Lu Bu) ကို မယှဉ်နိုင်သဖြင့် ဆယ့်ငါးမိုင်အကွာ တောင်ခြေတစ်ခုနားတွင် စခန်းချကာ အစည်းအဝေးပြုလုပ်သည်။
"လီကျွယ်"(Li Jue) : "လွီပု(Lu Bu) က ရဲရင့်ပေမယ့် နှလုံးရည်ရှိသူမဟုတ်တဲ့အတွက် သူ့ကို ရင်ဆိုင်ဖို့ မခက်လှဘူး။ ကျုပ်တပ်တ သူ့ကို ထွက်တိုက်အောင် ဆွဲခေါ်မယ်၊ သူထွက်တိုက်ရင် စစ်သူကြီး ကော်စီ(Guo Si) က နောက်ကတိုက်။ ပြီးတော့ စစ်သူကြီး ဖန်ချိုး(Fan Chou) နဲ့ "ကျန်းကျိ"(Jiang Ji) က တခြားလမ်းကနေ ချန်အန်းကို တိုက်။ ဒါဆို ဝမ်ယွင်(Wang Yun) ရော လွီပု(Lu Bu) ပါ ရှုံးမှာပဲ"

ထိုပြောသည့်အတိုင်းပင် "လီကျွယ်"(Li Jue) ၏ တပ်သည် "လွီပု"(Lu Bu) တပ်ကို မျှားခေါ်သွားပြီး တောင်ပေါ်သို့ပြေးကာ တောင်ပေါ်မှ မြားဖြင့် ပစ်ခြင်း၊ ကျောက်တုံးတို့ကို တွန်းချခြင်းပြုလုပ်သည်။ "လွီပု"(Lu Bu) တပ် မထိုးဖောက်နိုင်ပေ၊ ထိုအခိုက်တွင် တပ်မြီးကို "ကော်စီ"(Guo Si) က ဝင်တိုက်ကြောင်း သတင်းရောက်လာသည်။ ရက်အနည်းငယ်ကြာသည့်တိုင် သူပုန်တပ်မှာ ထိုနည်းဗျူဟာကို သုံးရာ "လွီပု"(Lu Bu) မှာ မည်သည့်တပ်ကို တိုက်ရမည်မသိသလို ထိုးဖောက်နိုင်ခြင်းလည်း မပြုနိုင်ခဲ့ပေ။ စစ်သားတို့က မောပန်းလျက် ရှိချေပြီ။ ထိုအချိန်တွင် ဆတ်သားတစ်ဦးရောက်လာပြီး မြို့တော်ကို ရန်သူတို့က ဝန်းရံထားပြီဖြစ်ကြောင်း သတင်းပို့သည်။
ထိုအခါ "လွီပု"(Lu Bu) သည် မြို့တော်သို့ ချက်ချင်းပြန်လှည့်ရန် အမိန့်ထုတ်သည်။ တပ်ဆုတ်သည့် "လွီပု"(Lu Bu) ကို "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့က ဝိုင်းတိုက်ကြသည်။ "လွီပု"(Lu Bu) တပ်၏ ဆုံးရှုံးမှုကား မနည်းလှ။


ချန်အန်းမြို့သို့ရောက်သော် သူပုန်တို့က မြို့ကို ဝန်းရံထားနှင့်လေပြီ။ "လွီပု"(Lu Bu) က တိုက်သော်လည်း အကျိုးမရှိတော့ပေ။ "လွီပု"(Lu Bu) သည် စစ်ရှုံးမှုကြောင့် ဒေါသထွက်လေသဖြင့် လက်အောက်ငယ်သားတို့သည် ရန်သူ့ထံ ခိုလှုံကြသည်။ မြို့အတွင်းမှ "တုန်ကျိုး"(Dong Zhuo) လက်အောက်ခံဖြစ်ခဲ့သော "လီမန်"(Li Meng) နှင့် "ဝမ်ဖန်"(Wang Fang) တို့သည် မြို့ပြင်ရှိသူပုန်တို့ကို ကူညီကာ မြို့ဂိတ်ကို တိတ်တဆိတ်ဖွင့်လိုက်သဖြင့် သူပုန်တို့ မြို့ထဲထိ ဝင်ရောက်လာသည်။ "လွီပု"(Lu Bu) သည် မြင်းစစ်သည် လေးငါးရာဖြင့် မြို့ထဲဝင်ကာ "ဝမ်ယွင်"(Wang Yun) ကို ခေါ်သည်။
"အခြေအနေမဟန်တော့ဘူး၊ ကျွန်တော်နဲ့အတူ လုံခြုံရာကို လိုက်ခဲ့ပါ"
"အကယ်၍ ကံကောင်းခဲ့ရင်တော့ ကျုပ် ရည်ရွယ်တဲ့အတိုင်း တိုင်းပြည်ကို ပြန်ထူထောင်နိုင်မယ်။ အဲ့လိုမှ မဟုတ်ရင် သေတာမှ ကောင်းဦးမယ်။ ခံတပ်ရဲ့တစ်ဖက်မှာရှိတဲ့ ဘုရင့်ကိုထောက်ခံတဲ့တပ်တွေကို ကျုပ်က ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါ။ နောက်ပြီး တိုင်းပြည်ကိုလည်း အမှတ်ရကြပါ"
"လွီပု"(Lu Bu) သည် "ဝမ်ယွင်"(Wang Yun) ကို အကြိမ်ကြိမ်အခါခါ ခေါ်သော်လည်း "ဝမ်ယွင်"(Wang Yun) သည် မလိုက်ချေ။ ထိုအချိန်တွင် တစ်မြို့လုံး၌ မီးလောင်ကျွမ်းနေချေပြီ။ ထို့ကြောင့် "လွီပု"(Lu Bu) သည် တပ်ဆုတ်ကာ "ယွမ်စု"(Yuan Shu) ခိုလှုံရန်သွားလေသည်။

"လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့သည် လက်အောက်ငယ်သားတို့ကို ထင်တိုင်းကြဲစေသည်။ သူပုန်တို့သည် ဓားပြတိုက်ခြင်း၊ ပြည်သူတို့ကို သတ်ခြင်းတို့ ပြုကြသည်။ မှူးမတ်ဗိုလ်ပါ များစွာတို့လည်း သေဆုံးကုန်သည်။ ဝန်ကြီး "ချုံးဖူ"(Chong Fu) ၊ "လုခွေ"(Lu Kui) နှင့် "ကျိုးဟွမ်"(Zhou Huan) တို့ အသတ်ခံရကာ စစ်သူကြီး "ချွေးလျဲ"(Cui Lie) နှင့် "ဝမ်ချင်"(Wang Qin) တို့သည် သူပုန်တို့ကို တိုက်ကာ တိုက်ပွဲတွင် ကျလေသည်။
ထိုအချိန်တွင် သူပုန်တို့သည် နန်းတွင်းအထိရောက်နေခဲ့ပြီ။ နန်းတွင်းသူ၊ နန်းတွင်းသားတို့သည် ဘုရင်အား ထိုပုန်ကန်မှုကို ရပ်စေရန် တောင်းပန်ကြသည်။ ဘုရင့်ထီးတော်မိုး အနီးထံ "လီကျွယ်"(Li Jue) နှင့် "ဖန်ချိုး"(Fan Chou) တို့ရောက်လာကာ
"ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ" ဟူ အော်လေသည်။
"အချင်းတို့၊ ကျွန်ုပ်၏ ဆင့်ခေါ်မှုမခံရပဲ မြို့တော်အတွင်းဝင်လာရသည်မှာ အဘယ်ကြောင့်နည်း"
"ဘုရင်မင်းမြတ်ရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ တုန်ကျိုး(Dong Zhuo) ကို ဝမ်ယွင်(Wang Yun) က သတ်လိုက်တဲ့အတွက် လက်စားချေရန်အလို့ငှာ ရောက်လာရခြင်းဖြစ်ပါသည်။ ဝမ်ယွင်(Wang Yun) ကိုသာ ကျွန်တော်မျိုးတို့လက် အပ်မည်ဆိုလျှင် ကျွန်တော်မျိုးတို့ တပ်ဆုတ်ပါမည်"

ထိုအချိန်တွင် "ဝမ်ယွင်"(Wang Yun) သည် ဘုရင့်အပါးတော်၌ ရှိသည်။ သူပုန်တို့၏ ထိုစကားကို ကြားလျှင် "ဝမ်ယွင်"(Wang Yun) က
"ဒီအကြံက တိုင်းပြည်အတွက် လုပ်ခဲ့တာဖြစ်ပေမယ့် လူဆိုးလူမိုက်တွေက နန်းတော်ထိ ရောက်လာခဲ့ပြီ။ အရှင်မင်းကြီး၊ ကျွန်တော်မျိုးကို ဆုံးရှုံးတာ ဘာမှမပြောပလောက်ပါဘူး၊ ကျွန်တော်မျိုး ပဲ သူတို့ဆီသွားလိုက်မယ်"
ဘုရင်သည်ကား ဝမ်းနည်းတွေဝေပြီး မည်သို့မှ မဆိုနိုင်ချေ။ ထိုအချိန်တွင် "ဝမ်ယွင်"(Wang Yun) သည် အနောက်ဘက်မှ ထွက်လာကာ
"ဝမ်ယွင်(Wang Yun) က ဒီမှာပဲဟေ့"
"ကျုပ်တို့ သခင်ကြီးက ဘာအပြစ်များ ကျူးလွန်ခဲ့လို့ သတ်လိုက်တာတုန်း"
"သူ့အပြစ်တွေကို ထပ်စီထားလို့ရမယ်ဆိုရင် ကောင်းကင်အထိရောက်မှာဖြစ်ပြီး ဖြန့်ပြီးထားနိုင်မယ်ဆိုရင် တစ်လောကလုံးကိုတောင် ဖုံးလွှမ်းနိုင်တယ်။ သူသေတဲ့နေ့က တစ်မြို့လုံး ဝမ်းမြောက်ဝမ်းသာနဲ့ ပျော်ပွဲဆင်တဲ့နေ့ပဲ။ ဒါ မင်းတို့လည်း သိကြမှာပါ"
"ဒါဆို သူ့အပြစ်ရှိတယ်ပဲထားဦးတော့၊ ကျုပ်တို့ အသနားခံတုန်းကကော ဘာလို့ ခွင့်မလွှတ်တာတုန်း"
"သူပုန်တွေ၊ ဘာလို့ စကားရှည်နေတာတုန်း။ ကျုပ်က သေဖို့ အသင့်ပဲ"
သို့နှင့် "ဝမ်ယွင်"(Wang Yun) သည် ပြဿဒ်၏ လှေကားတွင် အသတ်ခံရသည်။

ဘုရင်၏ ခြေတော်ရင်းဝယ် သစ္စာရှိသောအမတ်တစ်ဦး အသတ်ခံခဲ့ရချေပြီ။ ထို့နောက် ထိုသူပုန်တို့သည် "ဝမ်ယွင်"(Wang Yun) ၏ မိသားစုကိုပါ သတ်လေသည်။ လူအများတို့ စိတ်မကောင်းကြီးစွာဖြစ်ကြသည်။
သူပုန်တို့သည် အချင်းချင်း ဤသို့ ပြောကြသည်။

"မြို့တော်ကို ရောက်လာပြီးတော့မှ ဘုရင်ကိုပါ သတ်လိုက်ရင် ကိစ္စကြီး အောင်မြင်သွားမှာ မဟုတ်လား"

Comments

Popular posts from this blog

Lookism