သုံးနိုင်ငံခေတ်(၁၂)
အခန်း(၁၂)"ထောင်ချန်"(Tao Qian) က ရွှီကျိုး နယ်စားရာထူးကို “လျူဘေ့”(Liu Bei) အား (၃) ကြိမ်တိုင်တိုင် ကမ်းလှမ်းခြင်း။
“လွီပု”(Lu Bu) ထံမှ ရန်ကျိုး ကို “ချောင်ချောင်း”(Cao Cao) က ပြန်လည်သိမ်းပိုက်ခြင်း။
ရှေ့အခန်းတွင် “ချောင်ချောင်း”(Cao Cao) အသက်ဘေးကြုံနေသည်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုစဉ် “ရှဟိုတွန်း”(Xiahou Dun) စစ်ကူရောက်လာသည်။ “ချောင်ချောင်း”(Cao Cao) ကို လိုက်လံဖမ်းဆီးနေသော “လွီပု”(Lu Bu) တပ်များကို တားဆီးလိုက်နိုင်ပြီး ညနေစောင်းထိ ဆက်လက်တိုက်ခိုက်ကြသည်။ မိုး သည်းထန်စွာ ရွာပြီး အရာအားလုံး ရေလွှမ်းသွားသလို အလင်းရောင်လည်း နည်းလာသဖြင့် တိုက်ပွဲကို ရပ်နားလိုက်သည်။ “ချောင်ချောင်း”(Cao Cao) စခန်းပြန်ရောက်သော် “တျန်ဝေ”(Dian Wei) ၏စွမ်းဆောင်မှုအတွက် ရက်ရောစွာ ဆုချပြီး ရာထူးတိုးမြှင့်ပေးလိုက်သည်။
“လွီပု”(Lu Bu) စခန်းပြန်ရောက်သော် အကြံပေး “ချန်ကုန်း”(Chen Gong) ကို ခေါ်ယူသည်။ “ချန်ကုန်း”(Chen Gong) က “ပုရန် မှာ ထျန်း မျိုးနွယ် မိသားစု ရှိတယ်။ သူတို့က အင်အားတောင့်တယ် ၊ ချမ်းသာတယ်။ သူတို့ထဲက တစ်ယောက်ကို “ချောင်ချောင်း”(Cao Cao) ဆီသွားခိုင်းပြီး အရှင်ရဲ့ ခက်ထန်ကြမ်းတမ်းပုံတွေကြောင့် ပြည်သူတွေက မုန်းတီးနေကြတယ် ၊ အခု “ကောက်ရွှန်း”(Gao Shun) တစ်ယောက်ပဲ မြို့စောင့်ကျန်မှာမို့ အမြန်လာကယ်တင်ပေးပါ လို့ လီဆယ်ပြီး ပြောခိုင်းလိုက်ပါ။ “ချောင်ချောင်း”(Cao Cao) မြို့ထဲ ဝင်လာရင် မီးနဲ့တိုက်ရင် တိုက် ၊ မဟုတ်ရင် ချုံခိုတိုက်မယ်။ ဒါဆိုရင် “ချောင်ချောင်း”(Cao Cao) အစွမ်းက လောကကို အုပ်စိုးနိုင်မယ်ဆိုရင်တောင် ဒီတစ်ခါ မုချသေရပါလိမ့်မယ်။” ဟု အကြံပေးသည်။
“လွီပု”(Lu Bu) က အစီအစဉ်ကို သဘောကျပြီး အကောင်အထည်ဖော်တော့သည်။
“ချောင်ချောင်း”(Cao Cao) သည် အရှုံးနှင့်ရင်ဆိုင်ရပြီး မည်သို့ဆက်လက်တိုက်ခိုက်ရမည် မဆုံးဖြတ်နိုင်ချိန် ထိုစာကို တွေ့သော် “ကောင်းကင်က ငါ့အား ပုရန် ကို ပေးလေပြီ” ဟု ကြွေးကြော်လေသည်။ စာတွင် အတွင်းမှ ကူညီမည့်အကြောင်း ၊ အမှန်တရား ဟူသော စာလုံးကို အဖြူရောင်အလံပေါ်တွင် ရေးသားလွှင့်ထူထားမည်ဖြစ်ကြောင်း ပါရှိသည်။ ထို့ကြောင့် ဆက်သားကို ရက်ရက်ရောရောဆုချပြီး တိုက်ခိုက်ရန် ပြင်ဆင်သည်။
ထိုစဉ် “လျူရဲ့”(Liu Ye) ရောက်လာပြီး ““လွီပု”(Lu Bu) က ဦးနှောက်မရှိပေမယ့် “ချန်ကုန်း”(Chen Gong) က ကောက်ကျစ်စဉ်းလဲတယ်။ ဒီစာက မယုံသင့်ပါဘူး။ အရှင်သတိထားပါ။ သွားမယ်ဆိုရင်တောင် စစ်တပ် ၃ ပုံ ၁ ပုံ ကို အရင်ဝင်ပါစေ ၊ ကျန်တပ်တွေကို အပြင်က အသင့်စောင့်ခိုင်းပါ။” ဟု သတိပေးသည်။
“ချောင်ချောင်း”(Cao Cao) က အကြံကို လက်ခံသည်။ သို့နှင့် ပုရန် ရောက်သော် အလံများက တလူလူလွင့်နေသည်။ အနောက်ဖက်တံခါးတွင် စာတန်းရေးထိုးထားသည့် အဖြူရောင်အလံများကို တွေ့ရသည်။
ထိုနေ့ နေ့လယ်တွင် မြို့တံခါးပွင့်လာပြီး “ကောက်ရွှန်း”(Gao Shun) က ရှေ့တန်းတပ်မှူး ၊ “ဟိုချန်”(Hou Cheng) က နောက်တန်းတပ်မှူးအဖြစ် ဦးဆောင်ပြီး စစ်တပ် ၂ တပ် ထွက်လာသည်။ ၎င်းတို့ကို တိုက်ခိုက်ရန် “ချောင်ချောင်း”(Cao Cao) က “တျန်ဝေ”(Dian Wei) ကို စေလွှတ်သည်။ တေ့တေ့ဆိုင်ဆိုင် တိုက်ခိုက်ခြင်းမရှိ ၊ ပြန်လည်ဆုတ်ခွာသွား၍ “တျန်ဝေ”(Dian Wei) သည် ဆွဲတံတားနားအထိ လိုက်လံချဉ်းကပ်သွားသည်။ ထိုစဉ် မြို့ထဲမှ စစ်သားအချို့က ထျန်း မျိုးနွယ်ဟုဆိုကာ “ချောင်ချောင်း”(Cao Cao) ကို “နာရီတစ်ချက်တီးတွင် မောင်းထု၍ အချက်ပေးမည် ၊ အချက်ပေးသည်နှင့် တိုက်ခိုက်ပါ။ တံခါးများဖွင့်ထားမည်။” ဟုရေးသားထားသော စာကို ပေးအပ်သည်။
“ချောင်ချောင်း”(Cao Cao) က ဝဲဖက်တွင် “ရှဟိုတွန်း”(Xiahou Dun) ၊ ယာဖက်တွင် “ချောင်ဟုန်”(Cao Hong) ခြံရံပြီး “ရှဟိုယွမ်”(“ရှဟိုယွမ်”(Xiahou Yuan)) ၊ “လီတျန်”(Li Dian) ၊ “ယွဲကျင့်”(Yue Jing) တို့နှင့်အတူ တပ်မကို ဦးစီးကာ မြို့တွင်းဝင်သည်။
“လီတျန်”(Li Dian) က မြို့တွင်းသို့ ကိုယ်တိုင်မဝင်သင့်ကြောင်း ပြောသော်လည်း “ချောင်ချောင်း”(Cao Cao) က လက်မခံပေ။ သို့နှင့် အနောက်ဖက်တံခါးရောက်သော် ဖွင့်ထားသည့်အတွက် ဝင်ခဲ့ကြသည်။
တိတ်ဆိတ်ခြောက်ကပ်နေသော မြို့ကို မြင်သော် “ချောင်ချောင်း”(Cao Cao) သည် လှည့်စားခံရကြောင်း ဟု သိသဖြင့် နောက်ဆုတ်ရန် အမိန့်ပေးသည်။ ထိုစဉ် အချက်ပြဗုံး ပေါက်ကွဲကာ အရပ် ၄ မျက်နှာက ဗုံသံ မောင်းသံတို့ကို နားစည်ကွဲမတတ် ကြားရတော့သည်။ အရှေ့နှင့် အနောက်မှ Zhang Liao နှင့် “ကျန်းပါ”(Zang Ba) ဦးဆောင်သော “လွီပု”(Lu Bu) တပ်များ ရောက်လာသည်။
“ချောင်ချောင်း”(Cao Cao) မြောက်ဖက်သို့ ပြေးသော် Hao Meng နှင့် Cao Xing က ပိတ်ဆို့ထားသည်။ တောင်ဖက်ပြေးသော် “ကောက်ရွှန်း”(Gao Shun) နှင့် “ဟိုချန်”(Hou Cheng) ကို ရင်ဆိုင်ရသည်။ “တျန်ဝေ”(Dian Wei) သည် ပိတ်ဆို့ထားသော တပ်များကို ဖောက်ထွက်သည်။ ဆွဲတံတားနားရောက်သော် သူ့နောက်တွင် “ချောင်ချောင်း”(Cao Cao) ကိုမတွေ့ရသဖြင့် ချက်ချင်းပြန်လှည့်သည်။ “လီတျန်”(Li Dian) နှင့်တွေ့သော်
“အရှင် ဘယ်မှာလဲ။”
“ငါလည်း ရှာနေတာ၊”
“ဒါဆို စစ်ကူတွေသွားခေါ်ပါ။ အရှင်ကို ငါဆက်ရှာမယ်။” ဟုဆိုကာ နေရာစုံရှာသော်လည်း မတွေ့ပေ။ ပြန်ထွက်လာသော် “ယွဲကျင့်”(Yue Jing) နှင့်တွေ့သည်။
“မြို့ထဲမှာ ၂ ခါရှာပြီးပြီ။ အရှင့်ကိုမတွေ့ဘူး။”
“ဒါဆို တူတူဝင်ပြီးဆက်ရှာကြမယ်။” ဟု “ယွဲကျင့်”(Yue Jing) ကဆိုသည်။ ဗုံးသံကြားသော် “ယွဲကျင့်”(Yue Jing) မြင်းက ကြောက်လန့်နေ၍ “တျန်ဝေ”(Dian Wei) တစ်ယောက်တည်း ပြန်ဝင်သည်။ မီးခိုးမီးလျှံများကြားမှ မရရအောင် ဝင်ကာ ဆက်လက်ရှာဖွေသည်။
ထိုစဉ် “ချောင်ချောင်း”(Cao Cao) သည် “တျန်ဝေ”(Dian Wei) က သူ့ကို ထား၍ ပြေးသွားသည်ဟုထင်ကာ မြောက်ဖက်တံခါးဆီ ပြေးလေသည်။ လမ်းတွင် သုံးခွလှံကိုင်ရင်း သူ့ဆီပြေးလာသော “လွီပု”(Lu Bu) ကိုတွေ့လေသော် မျက်နှာကို အုပ်ကာ ပြေးပြန်သည်။ “လွီပု”(Lu Bu) က အမှီလိုက်ပြီး ခေါင်းဆောင်းကို လှံဖြင့် ပုတ်ကာ ““ချောင်ချောင်း”(Cao Cao) ဘယ်မှာလဲ” ဟုမေးသည်။ “ချောင်ချောင်း”(Cao Cao) က အရှေ့က မီးခိုးရောင်မြင်းကို ညွှန်ကာ ““ချောင်ချောင်း”(Cao Cao) အဲဒီမှာ” ဟုဖြေလိုက်သည်။ “လွီပု”(Lu Bu) လည်း ထိုမြင်းနောက်သို့ အပြေးလိုက်လေသည်။
“ချောင်ချောင်း”(Cao Cao) လည်း စိတ်သက်သာရာရကာ အရှေ့တံခါးဆီပြေးလေသည်။ ထိုတွင် “တျန်ဝေ”(Dian Wei) နှင့် တွေ့သည်။ “တျန်ဝေ”(Dian Wei) သည် သူ၏သခင်ကို ကာကွယ်ရင်း လမ်းတလျှောက် မြင်သမျှတိုက်ခိုက်လေသည်။ မီးသည်လည်း အလျှံတညီးညီးနှင့် မြေပြင်တစ်ခုလုံးလောင်ကျွမ်းနေသည်။ “တျန်ဝေ”(Dian Wei) က လှံရှည်ဖြင့် လမ်းရှင်းကာ မီးခိုးတွင်းကြားတိုးဝင်လျက် “ချောင်ချောင်း”(Cao Cao) ကို လမ်းရှင်းပေးသည်။ တံခါးအောက်မှဖြတ်စဉ် မီးစွဲနေသော သစ်သားချောင်းပြုတ်ကျလာပြီး “ချောင်ချောင်း”(Cao Cao) လက် ၊ ဆံပင်နှင့် မုတ်ဆိတ်တို့ မီးစွဲလောင်လေသည်။ မြင်းသည်လည်း မီးစွဲသဖြင့် “တျန်ဝေ”(Dian Wei) က ပြန်လှည့်လာကာ ကယ်ဆယ်သည်။ ကံကောင်းစွာပင် “ရှဟိုယွမ်”(Xiahou Yuan) လည်းရောက်လာသဖြင့် “ချောင်ချောင်း”(Cao Cao) ကို သူ၏မြင်းပေါ်တင်ကာ စခန်းပြန်လေသည်။ ညနေစောင်းအထိ တိုက်ပွဲမှာ ပြင်းထန်လျက် ရှိနေသေးသည်။
“ချောင်ချောင်း”(Cao Cao) ၏တဲစခန်းတွင် ဗိုလ်ပါများ စုဝေးကာ သူ့ဒဏ်ရာအတွက် စိုးရိမ်နေကြသည်။ “ချောင်ချောင်း”(Cao Cao) သတိရလာကာ သူလွတ်လာပုံကိုတွေးမိပြီး ရယ်လေသည်။
“ငါ ဒီအရူးရဲ့ထောင်ချောက်ထဲ ဝင်မိသွားတယ်။ ငါ လက်တုံ့ပြန်ရမယ်။ ငါ မီးလောင်ပြီး သေပြီလို့ သတင်းလွှင့်လိုက်ပါ။ သူ ဒီသတင်းကြားရင် လာတိုက်ခိုက်လိမ့်မယ်။ အဲ့ကျမှ Maling တောင်ကုန်းကနေ ချုံခိုတိုက်မယ်။”
“သင့်မြတ်လှပါတယ်။” ဟု Guo Jia က ထောက်ခံသည်။
သို့နှင့် သတင်းလွှင့်လေသော် “လွီပု”(Lu Bu) ယုံကြည်ပြီး ရန်သူစခန်းဆီ တပ်ချီလာသည်။ Maling တောင်ကုန်းကို လွန်သည်နှင့် ဗုံသံများကြားရကာ “ချောင်ချောင်း”(Cao Cao) ၏ တပ်များက သူ့ကို ဝိုင်းထားလိုက်သည်။ “လွီပု”(Lu Bu) လည်း အကျအဆုံးများစွာဖြင့် ပုရန် သို့ ဆုတ်ခွာခဲ့ရပြီး တိုက်စစ်မပြုနိုင်တော့ဘဲ မြို့ကိုသာ အခိုင်အလုံပြုနေတော့သည်။
ထိုနှစ်တွင် ဖျက်ပိုးကောင်များကြောင့် စိုက်ခင်းများ ပျက်စီးကာ အငတ်ဘေးဆိုက်လေသည်။ “ချောင်ချောင်း”(Cao Cao) က ကျွမ်းချန် သို့ ရွှေ့ပြောင်းရပြီး “လွီပု”(Lu Bu) က ရှန်ရန် ကို ချီတက်သည်။ သို့နှင့် တိုက်ပွဲရပ်တန့်သွားလေသည်။
ရွှီကျိုး တွင် အသက် ၆၀ ကျော်ပြီဖြစ်သော နယ်စား "ထောင်ချန်"(Tao Qian) သည် ရုတ်တရက်အပြင်းအထန်ဖျားနာလာသဖြင့် “မီကျူ”(Mi Zhu) ကိုခေါ်ကာ ရှေ့အစီအစဉ်များအတွက် တိုင်ပင်သည်။ “မီကျူ”(Mi Zhu) က ““ချောင်ချောင်း”(Cao Cao) ဆုတ်ခွာသွားတာဟာ ရန်ကျိုး ကို သူ့ရန်သူတွေ ဝင်သိမ်းလို့ပါ။ အခုအငတ်ဘေးကြောင့် ခေတ္တစစ်ပြေငြိမ်းထားတယ်။ နွေဦးရောက်ရင် “ချောင်ချောင်း”(Cao Cao) ဟာ မုချပြန်လာတိုက်လိမ့်မယ်။ အရင်တခါ “လျူဘေ့”(Liu Bei) ရာထူးကို ငြင်းတာ အရှင်က ကျန်းမာသန်စွမ်းနေလို့ပါ။ အခု အရှင် နာမကျန်းဖြစ်နေတာကို အကြောင်းပြပြီး သူ့ကို ရာထူးလွှဲရင် သူမငြင်းနိုင်တော့ပါဘူး။” ဟု လျှောက်တင်သည်။
သို့နှင့် ရှောင်ဖေ သို့ စာပို့ကာ “လျူဘေ့”(Liu Bei) နှင့် ညီ ၂ ယောက်ကို အခေါ်လွှတ်သည်။ ချက်ချင်းပင် "ထောင်ချန်"(Tao Qian) ထံ ဝင်စေသည်။ "ထောင်ချန်"(Tao Qian)က “အသင့်ကို ခေါ်ယူရတဲ့အကြောင်းက ကျွန်ုပ်က အခုအလွန်မမာလို့ အချိန်မရွေး ဘဝကူးရနိုင်တယ်။ ဟန် တိုင်းပြည်ဟာ အရာရာထက် ပိုအရေးပါ ပါတယ်။ ဒါကြောင့် ဒီနယ်ကို အုပ်ချုပ်ပါ ၊ နယ်စားရာထူးကို လက်ခံပေးပါ။ ဒါမှ ကျွန်ုပ်အသေဖြောင့်နိုင်မယ်။” ဟုဆိုလေသည်။
“အသင့်တွင် သား ၂ ယောက်ရှိတယ်လေ ၊ သူတို့ကို ဘာလို့ မလွှဲပေးတာလဲ။” ဟု “လျူဘေ့”(Liu Bei) က မေးသော်
“သူတို့ ၂ ယောက်ဟာ ညံ့ပါတယ်။ သူတို့ကို အသင်ကြည့်ရှုစောင့်ရှောက်လိမ့်မယ်လို့ ကျွန်ုပ်ယုံပါတယ်။ ဒါပေမဲ့ သူတို့ကို အုပ်ချုပ်ရေးအာဏာ မအပ်နှင်းပါနဲ့။” ဟုဖြေကြားလေသည်။
တဖန် “လျူဘေ့”(Liu Bei) က “ကျွန်ုပ်လည်း အဲ့လောက် မစွမ်းပါဘူး” ဟုဆိုသော် "ထောင်ချန်"(Tao Qian)က “သင့်ကို လူတစ်ယောက်က ကူညီပါလိမ့်မယ်။ Beihai က Sun Qian ပါ။” ထို့နောက် “မီကျူ”(Mi Zhu) ဖက်လှည့်ကာ ““လျူဘေ့”(Liu Bei) ဟာ ခေတ်ရဲ့ အထင်ရှားဆုံးပုဂ္ဂိုလ်ဖြစ်လို့ သူ့ကို ကောင်းကောင်းခစားပါ” ဟု ဆိုပြီးနောက် ကွယ်လွန်လေသည်။
အသုဘအခမ်းအနားပြီးသော် “လျူဘေ့”(Liu Bei) ထံ နယ်စားအဆောင်အယောင်များ အပ်နှင်းလေသည်။ “လျူဘေ့”(Liu Bei) က လက်မခံပေ။ နောက်ရက်များတွင် နယ်သူနယ်သားများက ငိုယိုကာ နယ်စားအဖြစ် အုပ်ချုပ်ရန် တောင်းပန်ကြလေသည်။ ညီ ၂ ယောက်ကပါ တိုက်တွန်းလေရာ နောက်ဆုံးတွင် အုပ်ချုပ်ရေးအာဏာကို လက်ခံလိုက်လေသည်။ Sun Qian နှင့် “မီကျူ”(Mi Zhu) တို့ကို အကြံပေးခန့်ကာ Chen Deng ကိုအတွင်းရေးမှူး ခန့်လေသည်။ ၎င်း၏တပ်ကိုလည်း ရှောင်ဖေ မှ ရွှီကျိုး မြို့သို့ ရွှေ့သည်။ ပြည်သူများ စိတ်အေးချမ်းမှုရစေမည့် ကြေညာချက်များကိုလည်း ထုတ်ပြန်ပေးသည်။ သဂြိုလ်အခမ်းအနားများလည်း တက်ရောက်သည်။ လွန်လေသော နယ်စားမင်းကို မြစ်ဝါမြစ်အနီးတွင် မြှုပ်နှံသည်။ သူ၏သေတမ်းစာကို ရုံးတော်ကို တင်သွင်းသည်။
ထိုသတင်းကို ကျွမ်းချန် ရှိ “ချောင်ချောင်း”(Cao Cao) ကြားသော် ဒေါသဖြင့် “ငါ လက်တုံ့မပြန်လိုက်နိုင်ဘူး။ အဲဒီ “လျူဘေ့”(Liu Bei) က မြားတစ်ချက်မပစ်ဘဲ နယ်သိမ်းပိုက်သွားပြီ။ သူ့ကိုသတ်ပြီး "ထောင်ချန်"(Tao Qian)အလောင်းကို တူးမယ်။ အဖေ့အတွက် လက်စားချေရမယ်။” ဟု ကြုံးဝါးလေသည်။ ထို့နောက် ရွှီကျိုး ကို တိုက်ခိုက်ရန် စစ်ပြင်တော့သည်။
သို့သော် အကြံပေး “ရွှင်ယွိ”(Xun Yu) က “ဘိုးဘေးတွေဖြစ်တဲ့ “လျူဘန်း”(Liu Bang) နဲ့ "လျူရှုပ်"(Liu Xiu) တို့ဟာ တစ်နိုင်ငံလုံးကို မအုပ်စိုးနိုင်ခင်မှာ သူတို့ရဲ့နေရာကို ခြေကုတ်ယူပြီး ခိုင်မာအောင်နေကြတယ်။ သူတို့ဟာ တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်လာတယ်။ ဒါကြောင့်လည်း အခက်အခဲများစွာကြားကနေ အောင်မြင်ခဲ့တာဖြစ်တယ်။ အရှင်…အရှင်ဟာ ရန်ကျိုး နဲ့ မြစ်ဝါမြစ်မှာ အခိုင်အမာနေရပါမယ်။ ဒီနေရာတွေဟာ တစ်နိုင်ငံလုံးမှာ ဗျူဟာအမြောက်ဆုံးဒေသတွေ ဖြစ်ပါတယ်။ အကယ်၍ ဒီမှာ တပ်အများကြီးထားခဲ့ရင်လည်း ရွှီကျိုး ကိုမအောင်မြင်နိုင်ပါဘူး။ တပ်နည်းနည်းပဲချန်ခဲ့ရင်လည်း “လွီပု”(Lu Bu) သိမ်းပိုက်တာခံရနိုင်ပါတယ်။ မြွေပါလည်းဆုံး ၊ သားလည်းဆုံး ဖြစ်ခဲ့ရင် အရှင် ဘယ်မှာ အခြေစိုက်တော့မလဲ။ ရွှီကျိုး က အလွတ်မဟုတ်ပါဘူး။ "ထောင်ချန်"(Tao Qian) မရှိတော့ပေမဲ့ “လျူဘေ့”(Liu Bei) က လူထုထောက်ခံမှုနဲ့ အုပ်ချုပ်နေတယ်။ သူ့လူတွေက သူ့ကို အသေခံကာကွယ်ကြမှာပဲ။ ရွှီကျိုး ကို ရတယ်ထားဦး ၊ ရန်ကျိုး ကို လက်လွှတ်ရရင် မတန်ပါဘူး။ အရှင် ပြန်လည်သုံးသပ်ပါ။” ဟု လျှောက်တင်တယ်။
“ချောင်ချောင်း”(Cao Cao) က “ဒီလိုချိန်မှာ စစ်သားတွေကို စစ်မတိုက်ခိုင်းဘဲ နေတာတော့ မသင့်ဘူးထင်တယ်။”
“ရွှင်ယွိ”(Xun Yu) က “ဒါဆိုရင် “ချန်ချန်”(Chen Cheng), ရင်ချွမ်း, ရုနန် အရှေ့ပိုင်းနယ်လေးတွေကို တိုက်ပါ။ အဝါရောင်သူပုန်လက်ကျန် “ဟဲရီ”(He Yi) နဲ့ “ဟွမ်ရှောင်”(Huang Shao) တို့က ရိက္ခာ ၊ ရတနာတွေ ရသလောက် စုဆောင်းနေကြတယ်။ သူတို့ကို တိုက်ခိုက်ရတာ လွယ်ပါတယ်။ သူတို့ကို တိုက်ခိုက်ပြီး ရိက္ခာဖြည့်လိုက်ပါ။ ဒါကို မှူးမတ်တွေနဲ့ ပြည်သူတွေကလည်း သဘောကျပါလိမ့်မယ်။”
ထိုအစီအစဉ်ကို “ချောင်ချောင်း”(Cao Cao) လွန်စွာသဘောကျကာ စတင်ပြင်ဆင်တော့သည်။ ကျွမ်းချန် ကို စောင့်ရန် “ရှဟိုတွန်း”(Xiahou Dun) နှင့် “ချောင်ရန်”(Cao Ren) တို့ကို ထားပြီး တပ်မကို ကိုယ်တိုင်ဦးဆောင်ကာ “ချန်ချန်”(Chen Cheng) ကိုသိမ်းပိုက်သည်။ နောက် ရုနန် နှင့် ရင်ချွမ်း သို့ ချီတက်သည်။
အဝါရောင်သူပုန်ခေါင်းဆောင် “ဟဲရီ”(He Yi) နဲ့ “ဟွမ်ရှောင်”(Huang Shao) တို့က “ချောင်ချောင်း”(Cao Cao) ချီတက်လာသည်ကိုသိသော် ရင်ဆိုင်ရန် ပြင်ဆင်သည်။ ဆိတ်တောင်ကုန်းတွင် ရင်ဆိုင်မိကြသည်။ သူပုန်တို့မှာ အင်အားကြီးသော်လည်း စည်းကမ်းနှင့် စုဖွဲ့မှု မရှိပေ။ “ချောင်ချောင်း”(Cao Cao) က မြားနှင့် လေးစစ်သည်တို့ကို ပစ်ခတ်စေသည်။ “တျန်ဝေ”(Dian Wei) ကို ရှေ့ထွက်ကာ စိန်ခေါ်စေသည်။ အဝါရောင်သူပုန်ဖက်က ဒုတိယတန်းစား စစ်သည်ကို ၃ ချက်မြောက်နှင့်ပင် နှိမ်နင်းခဲ့သည်။ အနိုင်နှင့်အတူ ချီတက်ကာ ဆိတ်တောင်ကုန်းကို သိမ်းပိုက်မိသည်။
နောက်နေ့တွင် “ဟွမ်ရှောင်”(Huang Shao) ကိုယ်တိုင် ဦးဆောင်လာသည်။ အဝါရောင်ခေါင်းစည်းနှင့် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး သံဆူးတင်းပုတ်ကိုင်ထားသော လူတစ်ယောက် ထွက်လာကာ အော်ဟစ်စိန်ခေါ်သည် “ငါ့နာမည် “ဟဲမန်”(He Man) ၊ ဘယ်သူ ငါနဲ့တိုက်ရဲသလဲ။”
“ချောင်ဟုန်”(Cao Hong) လည်း အော်ဟစ်ရင်း ဓားကိုင်ကာ မြင်းပေါ်က ခုန်ချလာသည်။ နှစ်ဦးသား မီးကုန်ယမ်းကုန်တိုက်ခိုက်ကြသည်။ အချက် ၅၀ မျှရောက်လာသော်လည်း အနိုင်အရှုံးမပေါ်ပေ။ ထိုစဉ် “ချောင်ဟုန်”(Cao Hong) က ရှုံးဟန်ဆောင်ကာ ဆုတ်ပြေးသည်။ “ဟဲမန်”(He Man) လိုက်လာသော် လှည့်ခုတ်သည်။ နောက်တစ်ချက်ထပ်ခုတ်ရာ “ဟဲမန်”(He Man) သေလေသည်။
တပြိုင်နက်တည်းတွင် “လီတျန်”(Li Dian) က အဝါရောင်သူပုန်များကြားထဲသို့ တဟုန်ထိုးပြေးဝင်ကာ သူပုန်ခေါင်းဆောင် “ဟွမ်ရှောင်”(Huang Shao) ကို ဖမ်းဆီးသည်။ သူပုန်များလည်း ခြေဦးတည့်ရာပြေးတော့သည်။ ကျန်ရစ်ခဲ့သော ရိက္ခာ ၊ ရတနာတို့မှာ များပြားလှပေသည်။
ကျန်သုပုန်ခေါင်းဆောင် “ဟဲရီ”(He Yi) သည် မြင်းသည်တော်များနှင့် Kobei တောင်တန်းဆီ ပြေးလေသည်။ လမ်းတွင် အမည်မသိလူတစ်ဦးက ပိတ်ဆို့ထားသည်။ သူသည် ကိုယ်ခန္ဓာတောင့်တင်းပြီး ခါးအတုတ်မှာ ဆယ်ထွာပင်ရှိသည်။ လက်တွင် ဓားရှည်ကိုင်ထားသည်။ “ဟဲရီ”(He Yi) က လှံဖြင့်ပြေးဝင်လာသည်။ ရင်ဆိုင်အတွေ့မှာပင် “ဟဲရီ”(He Yi) ကို လက်ဖြင့်ချုပ်ထားလိုက်သည်။ ကျန်သူများလည်း ကြောက်ရွံ့ကာ အသာတကြည်အဖမ်းခံလေသည်။
ထိုစဉ် “တျန်ဝေ”(Dian Wei) သည် သူပုန်များကို လိုက်ဖမ်းရင်း ရောက်လာသည်။ လူစိမ်းက ထွက်နှုတ်ဆက်သည်။
“တျန်ဝေ”(Dian Wei): “မင်းက သူပုန်လား။”
လူစိမ်း : “သူပုန်တွေ ရာနဲ့ချီပြီးတော့ ဖမ်းထားတယ်။”
“တျန်ဝေ”(Dian Wei): “ဒါဆို ဘာလို့ ခေါ်မပြသလဲ။”
လူစိမ်း : “ငါ့လက်က ဓားကို လုနိုင်ရင် ပြမယ်လေ။”
“တျန်ဝေ”(Dian Wei) လည်း စိတ်တိုကာ တိုက်ခိုက်သည်။ ၂ နာရီကြာသည်အထိ အနိုင်အရှုံးမပေါ်ပေ။ ခဏနားပြီး ညနေစောင်းအထိ ဆက်လက်တိုက်ခိုက်ကြပြန်သည်။ မြင်းများ ခြေကုန်လက်ပန်းကျသွား၍ ထပ်မံရပ်နားလိုက်ကြသည်။ ထိုသတင်းကို “တျန်ဝေ”(Dian Wei) ၏လူများက “ချောင်ချောင်း”(Cao Cao) ထံသတင်းပို့သည်။ ဝမ်းသာစွာဖြင့် တိုက်ပွဲကိုပင် လာရောက်ကြည့်ရှုသည်။
နောက်နေ့တွင် အဆိုပါလူစိမ်းက မြင်းစီးထွက်လာသည်။ မြင်သည်နှင့် မိမိလက်အောက်အမှုထမ်းစေရန် ကြံသည်။ “တျန်ဝေ”(Dian Wei) ကို ရှုံးဟန်ဆောင်ခိုင်းသည်။
“တျန်ဝေ”(Dian Wei) လည်း မြင်းစီးထွက်လာကာ အချက် ၃၀ မျှ တိုက်ခိုက်ကြသည်။ ထို့နောက် လှည့်၍ မိမိတပ်ဖက်ပြေးလေသည်။ လူစိမ်းက လိုက်လာသော်လည်း မြားတို့ဖြင့် တားဆီးထားသည်။
“ချောင်ချောင်း”(Cao Cao) လည်း တစ်မိုင်ခွဲဆုတ်ခွာကာ ထောင်ချောက်တွင်းတူးထားကာ ချိတ်နှင့်စစ်သည်တို့ကို ကင်းပုန်းဝပ်ခိုင်းထားသည်။
နောက်နေ့တွင် “တျန်ဝေ”(Dian Wei) သည် မြင်းသည်တော် ၁၀၀ နှင့်လာလေသည်။ ထိုလူစိမ်းထွက်လာသော် ရှုံးချင်ယောင်ဆောင်ကာ ပြေးသည်။ ထိုလူစိမ်းမှာ လိုက်ဖမ်းရင်း ထောင်ချောက်တွင်းထဲ ကျလေသည်။ သူ့ကိုကြိုးတုတ် ဖမ်းဆီးကာ “ချောင်ချောင်း”(Cao Cao) ထံ ခေါ်လာသည်။
“ချောင်ချောင်း”(Cao Cao) သည် တွေ့တွေ့ချင်း တဲထဲမှ ပြေးထွက်လာကာ ကြိုးများကို ကိုယ်တိုင်ဖြေပေးလေသည်။ သူ့ကို အဝတ်အစားဝတ်ဆင်စေပြီး ထိုင်ရန်နေရာပေးကာ ဘဝဇာတ်ကြောင်းမေးမြန်းသည်။
“ငါ့နာမည်က “ရွှီချူ”(Xu Chu) ၊ Qiao မျိုးနွယ်ပါ။ သူပုန်ထကြတော့ ငါနဲ့ ငါ့အမျိုး ၁၀၀ လောက်က ခံတပ်ဆောက်ပြီး ကာကွယ်ကြတယ်။ တစ်နေ့ သူခိုးတွေလာတော့ ခဲလုံးကြီးတွေ အဆင်သင့်ရှိတာနဲ့ ထုပစ်တာ တစ်ယောက် တစ်ချက်ပဲ။ အဲလိုနဲ့ ထွက်ပြေးသွားကြတယ်။ နောက်နေ့ ပြန်ရောက်လာတယ်။ အဲ့အချိန်မှာ ငါတို့က ဆန်နည်းနေလို့ နွားထီးတွေနဲ့ လဲလိုက်တယ်။ ဒါပေမဲ့ နွားထီးတွေကို သူတို့မထိန်းနိုင်ဘူး။ ငါက အမြီးကနေဆွဲပြီး ထိန်းပလိုက်တယ်။ သူတို့လည်း အံ့သြသွားပြီး ထပ်ဒုက္ခမပေးတော့ဘူး။”
“ချောင်ချောင်း”(Cao Cao): “သင့်အစွမ်းကို ကြားသိရပါပြီ။ ငါ့တပ်ထဲဝင်မလား။”
“ရွှီချူ”(Xu Chu) : “အဖြစ်ချင်ဆုံးဆန္ဒပါဗျာ”
သို့နှင့် “ရွှီချူ”(Xu Chu) နှင့် အဖွဲ့သည် “ချောင်ချောင်း”(Cao Cao) လက်အောက်ခိုဝင်လိုက်သည်။ “ချောင်ချောင်း”(Cao Cao) က “ရွှီချူ”(Xu Chu) ကို စစ်သူကြီးရာထူးပေးပြီး ရက်ရောစွာ ဆုချသည်။ သူပုန်ခေါင်းဆောင် ၂ ယောက်ကို ကွပ်မျက်ခြင်းဖြင့် ရုနန် ၊ ရင်ချွမ်း မှာ အေးချမ်းသွားသည်။
“ချောင်ချောင်း”(Cao Cao) ဆုတ်ခွာလာပြီး ကျွမ်းချန် ရောက်သော် “ရှဟိုတွန်း”(Xiahou Dun) နှင့် “ချောင်ရန်”(Cao Ren) တို့က ကြိုဆိုနေသည်။ သူလျှိုများပြောကြားချက်အရ “လွီပု”(Lu Bu) ရဲ့ စစ်သူကြီးတွေဖြစ်သော “ရွှဲ့လန်”(Xue Lan) နှင့် “လီဖန်”(Li Fang) တို့ဟာ ရှိသမျှတပ်နှင့် အနီးအနားရွာများမှ ခိုးယူလုယက်နေရာ ရန်ကျိုး မြို့မှာ အစောင့်တပ်မရှိကြောင်း သတင်းပို့သည်။ “ချောင်ချောင်း”(Cao Cao) ကို ချက်ချင်းတိုက်ခိုက်စေချင်နေကြသည်။
“ချောင်ချောင်း”(Cao Cao) ကလည်း အနိုင်ရစစ်သည်များကို ဦးဆောင်ကာ မြို့ကိုတိုက်ရိုက်ချီတက်သည်။ မျှော်လင့်မထား၍ “ရွှဲ့လန်”(Xue Lan) နှင့် “လီဖန်”(Li Fang) တို့သည် တပ်အနည်းငယ်ဖြင့်သာ ခုခံနိုင်သည်။ “ရွှီချူ”(Xu Chu) က ၎င်းတို့ ၂ ယောက်ကို ဖမ်းဆီးကာ “ချောင်ချောင်း”(Cao Cao) ထံ ဆက်သလိုကြောင်း လျှောက်သည်။ တာဝန်ပေးလိုက်သော် ပြေးထွက်ကာ လှံပုဆိန်ကိုင်ထားသော “လီဖန်”(Li Fang) ကို ဒုတိယအချက်တွင်ပင် သတ်နိုင်ခဲ့သည်။ “ရွှဲ့လန်”(Xue Lan) က ပြန်လည်ဆုတ်ခွာသော်လည်း ဆွဲတံတားကို “လီတျန်”(Li Dian) က သိမ်းထားပြီဖြစ်၍ ကျွီရဲ့ သို့ ပြေးစဉ် “လုချန်”(Lu Qian) က သူ့ကို မြားဖြင့် သတ်နိုင်ခဲ့သည်။ သို့နှင့် ရန်ကျိုး ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ဆက်လက်၍ ပုရန် ကိုသိမ်းရန် Cheng Yu က အဆိုပြုသည်။ ရှေ့တန်းတွင် “တျန်ဝေ”(Dian Wei) နှင့် “ရွှီချူ”(Xu Chu) ၊ ဝဲဖက်တွင် “ရှဟိုတွန်း”(Xiahou Dun), “ရှဟိုယွမ်”(Xiahou Yuan) ၊ ယာဖက်တွင် “လီတျန်”(Li Dian), “ယွဲကျင့်”(Yue Jing) ၊ နောက်ဖက်တွင် “ယွီကျင့်”(Yu Jin), “လုချန်”(Lu Qian) ၊ ဗဟိုတွင် “ချောင်ချောင်း”(Cao Cao) ကိုယ်တိုင်ဦးစီးကာ ချီတက်သည်။
“ချောင်ချောင်း”(Cao Cao) တပ်များ ပုရန် အနားရောက်သော် “လွီပု”(Lu Bu) က ထွက်တိုက်ရန်ပြင်သည်။ “ချန်ကုန်း”(Chen Gong) က တားသော်လည်း လက်မခံပေ။ “ရွှီချူ”(Xu Chu) က သူနှင့်တိုက်ရန် ပြေးလာသည်။ အချက် ၂၀ ကျော်သည်အထိ အဖြေမပေါ်ပေ။ “ချောင်ချောင်း”(Cao Cao) က ““လွီပု”(Lu Bu) ကို တစ်ယောက်ချင်းမနိုင်နိုင်ဘူး” ဟု သုံးသပ်ကာ “တျန်ဝေ”(Dian Wei) ကိုစေလွှတ်သည်။ မကြာမီ ဝဲဖက်က “ရှဟိုတွန်း”(Xiahou Dun), “ရှဟိုယွမ်”(Xiahou Yuan) ၊ ယာဖက်က “လီတျန်”(Li Dian), “ယွဲကျင့်”(Yue Jing) ဝင်တိုက်လေသည်။ ၆ ယောက် ၁ ယောက်သည် “လွီပု”(Lu Bu) လိုလူအတွက်ပင်များလွန်းလှသည်။ ထို့ကြောင့် မြင်းကိုလှည့်ကာ မြို့ဆီ ပြေးလေသည်။
သို့သော် ထျန်း မိသားစုက “လွီပု”(Lu Bu) ရှုံးလာသည်ကိုမြင်သော် ဆွဲတံတားကို ချမပေးတော့ပေ။ “လွီပု”(Lu Bu) က အော်ဟစ်သော် သူတို့က “ငါတို့ “ချောင်ချောင်း”(Cao Cao) ဖက် ပြောင်းပြီ” ဟု ပြန်အော်လေသည်။ “ချန်ကုန်း”(Chen Gong) သည် အရှေ့တံခါးမှ “လွီပု”(Lu Bu) မိသားစုကို ခေါ်ကာ ထွက်ပြေးလာသည်။
သို့နှင့် ပုရန် သည် “ချောင်ချောင်း”(Cao Cao) လက်ဝယ်ရောက်လာခဲ့သည်။ ထျန်း မိသားစုကိုလည်း အရင်အပြစ်များကို ယခုစွမ်းဆောင်ချက်နှင့် သင်ပုန်းချေလိုက်သည်။ ထိုစဉ် “လျူရဲ့”(Liu Ye) က ““လွီပု”(Lu Bu) က ထိန်းမရတဲ့ တိရစ္ဆာန်ပဲ။ သူ့ကို လွှတ်ထားရင် အန္တရာယ်များတယ်။ ခု ချေမှုန်းပစ်ရမယ်။” ဟုဆိုလေသည်။ “ချောင်ချောင်း”(Cao Cao) သည် “လျူရဲ့”(Liu Ye) ကို ပုရန် ကို စောင့်ခိုင်းကာ “လွီပု”(Lu Bu) ရှိရာ Dingtao သို့ လိုက်လေသည်။
“လွီပု”(Lu Bu), “ကျန်းမြောင်”(Zhang Miao) နှင့် “ကျန်းချောင်”(Zhang Chao) တို့က မြို့တွင်းတွင် တပ်စွဲထားသည်။ “ကောက်ရွှန်း”(Gao Shun) နှင့် အခြားစစ်သူကြီးများက ရိက္ခာရှာထွက်ကြသည်။ “ချောင်ချောင်း”(Cao Cao) တပ်များသည် ရောက်ရှိလာပြီး ရက်ပေါင်းများစွာမတိုက်ခိုက်သေးဘဲ ၁၅ မိုင်အကွာတွင် တပ်စွဲနေသည်။ ရိတ်သိမ်းချိန်ဖြစ်၍ သူ၏တပ်သားများကို ရိက္ခာအလို့ငှာ ဂျုံရိတ်ခိုင်းလေသည်။ “လွီပု”(Lu Bu) ၏သူလျှိုများက “ချောင်ချောင်း”(Cao Cao) ၏ ရိက္ခာဂိုထောင်မှာ သစ်တောအနီးတွင်ရှိကြောင်းပြောလေသော် မီးရှို့တိုက်ခိုက်လိုသော်လည်း ချုံခိုတိုက်ခိုက်မည်ကို စိုးရိမ်နေသည်။
“ချောင်ချောင်း”(Cao Cao) က ““လွီပု”(Lu Bu) က ချုံခိုတိုက်ခိုက်မှာကို ကြောက်နေတာ။ အဲ့မှာ အလံတွေထောင်ထားပြီး သူ့ကို လှည့်စားမယ်။ စခန်းနားက တာရိုးအရှည်ကြီးနောက်မှာ ပုန်းပြီး သူ့ကို ချုံခိုတိုက်ရမယ်။” ဟု တွေးသည်။ ထို့နောက် တပ်သားအားလုံးကို ပုန်းအောင်းစေကာ ရိက္ခာဂိုထောင်တွင် ရိက္ခာသိုလှောင်ထားသည် ဟုထင်စေရန် လယ်သမားများကို ဖြတ်သန်းသွားလာစေသည်။
“လွီပု”(Lu Bu) က မြင်သမျှကို “ချန်ကုန်း”(Chen Gong) ကို ပြောပြသည်။ “ချန်ကုန်း”(Chen Gong) က ““ချောင်ချောင်း”(Cao Cao) က သိပ်ဉာဏ်များတယ်။ မလှုပ်ရှားလေနဲ့။” ဟု အကြံပေးသည်။ “လွီပု”(Lu Bu) က လက်မခံ ၊ “မီးနဲ့တိုက်မယ် ၊ သူ့တပ်ပုန်းတွေကိုပါ မီးရှို့ပစ်မယ်။” ဟုဆိုလေသည်။
နောက်နေ့နံနက်တွင် “လွီပု”(Lu Bu) သည် ရိက္ခာဂိုထောင်ကို မီးတင်ရှို့လေသည်။ တစ်ယောက်မှထွက်ပြီး မီးမငြှိမ်းသဖြင့် အံ့သြနေစဉ် ဗုံသံကိုကြားရကာ “ချောင်ချောင်း”(Cao Cao) တပ်များ ထွက်လာတော့သည်။ အချက်ပြဗုံးများ ပေါက်ကွဲပြီးနောက် “ရှဟိုတွန်း”(Xiahou Dun), “ရှဟိုယွမ်”(Xiahou Yuan), “ရွှီချူ”(Xu Chu), “တျန်ဝေ”(Dian Wei), “လီတျန်”(Li Dian) နှင့် “ယွဲကျင့်”(Yue Jing) တပြိုက်နက် ထွက်လာကာ တိုက်ခိုက်တော့သည်။ “လွီပု”(Lu Bu) လည်းရှုံးနိမ့်ကာ လွတ်ရာပြေးရတော့သည်။ “ယွဲကျင့်”(Yue Jing)က မြားဖြင့် “လွီပု”(Lu Bu) ၏စစ်သူကြီးတစ်ဦးဖြစ်သူ Cheng Lian ကိုသတ်လိုက်သည်။
“လွီပု”(Lu Bu) တပ်များ ၃ပုံ ၂ပုံခန့် ကျဆုံးခဲ့ရသည်။ ကျန်တပ်များက “ချန်ကုန်း”(Chen Gong) ကို သတင်းပို့ရာ မြို့ကိုပစ်၍ ဆုတ်ခွာခိုင်းသည်။
သို့နှင့် “ချန်ကုန်း”(Chen Gong) နှင့် “ကောက်ရွှန်း”(Gao Shun) တို့သည် “လွီပု”(Lu Bu) မိသားစုနှင့်အတူ Dingtao ကို စွန့်ခဲ့ကြသည်။ “ချောင်ချောင်း”(Cao Cao) မြို့တွင်းဝင်လာသော် မည်သည့်ခုခံမှုမျှ မကြုံရတော့ပေ။ “ကျန်းချောင်”(Zhang Chao) က မိမိကိုယ်ကို မီးနှင့် အဆုံးစီရင်သွားသည်။ “ကျန်းမြောင်”(Zhang Miao) က “ယွမ်စု”(Yuan Shu) ထံထွက်ပြေးသွားသည်။
ဤသို့ဖြင့် အရှေ့မြောက်ဒေသတစ်ခုလုံး “ချောင်ချောင်း”(Cao Cao) လက်အောက်ကျရောက်သွားတော့သည်။ “ချောင်ချောင်း”(Cao Cao) သည် ချက်ချင်းပင် ပြည်သူတို့ကို စိတ်အေးချမ်းစေပြီး မြို့ကို ပြန်လည်တည်ဆောက်ကာ ကာကွယ်ရေးတိုးမြှင့်လေသည်။
“လွီပု”(Lu Bu) သည် သူ၏စစ်သူကြီးများနှင့်ပြန်တွေ့သည်။ “ချန်ကုန်း”(Chen Gong) လည်း လာရောက်ပူးပေါင်းသည်။ “လွီပု”(Lu Bu) က “ငါ့မှာ တပ်အနည်းငယ်ပဲကျန်တယ်။ ဒါပေမဲ့ “ချောင်ချောင်း”(Cao Cao) ကိုသတ်ဖို့တော့ လုံလောက်ပါသေးတယ်။” ဟုကြုံးဝါးလေသည်။
*Silver~K~*
(ဒီနေ့တင်တာ က အကို *Silver~K~* ရေးတာပါ
ကျွန်တော်က နောက်တစ်ပတ်မှ နောက်တစ်ပိုင်းကို တင်မှာပါ
နောက်ပိုင်းကျရင် တစ်ယောက်တစ်ပုဒ်နှုန်းနဲ့ တစ်ပတ်ကို နှစ်ပုဒ်လောက် တင်ဖို့ စဉ်းစားထားပါတယ်)
Comments