သုံးနိုင်ငံခေတ် (၁၁)

အခန်း(၁၁) လျူဘေ့(Liu Bei) သည် ပေဟိုင်မှ ခုံးရုံ (Kong Rong) ကို ကယ်တင်ခြင်း။ လွီပု(Lu Bu) မှ ချောင်ချောင်း(Cao Cao) ကို တိုက်ခြင်း

"ချောင်ချောင်း"(Cao Cao) ကို အနိုင်တိုက်နိုင်ကြောင်း ရဲရဲဝံ့ဝံ့ပြောသူမှာ "မီကျူ"(Mi Zhu) ဖြစ်သည်။ သူသည် တုန်းဟိုင်ရှိ ချမ်းသာသော ကုန်သည်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး လော့ရန်တွင် ကုန်ရောင်းခြင်းအမှုပြုသည်။  တစ်နေ့သော် ကုန်သွယ်ရာ လမ်းတွင် အင်မတန်ချောမောသော မိန်းမပျိုကို တွေ့သည်။ ထိုအမျိုးသမီးက သူနှင့်အတူ ခရီးတစ်လျှောက် လိုက်ပါလိုကြောင်းပြောလေရာ "မီကျူ"(Mi Zhu) ကလည်း ခွင့်ပြုလေသည်။ "မီကျူ"(Mi Zhu)  က ထိုအမျိုးသမီးကို သူထိုင်သောနေရာတွင် ထိုင်ရန် ဖယ်ပေးသည်။ ထိုအမျိုးသမီးက "မီကျူ"(Mi Zhu)  ကို အတူတူထိုင်ရန် ခေါ်သောအခါ "မီကျူ"(Mi Zhu) က အတူတူထိုင်သော်လည်း ထိုအမျိုးသမီးကို လှည့်၍ပင် မကြည့်ချေ။ လိုရာခရီးသို့ ရောက်သောအခါ ထိုအမျိုးသမီးသည် "မီကျူ"(Mi Zhu)  အား ကျေးဇူးတင်စကား ပြောပြီး ထွက်ခွာခါနီးတွင်
"ငါက တောင်ဘက်က မီးနတ်ဖုရားပဲ။ ငါက နတ်ဘုရားရဲ့အမိန့်နဲ့ မင်းအိမ်ကို မီးလောင်တိုက်သွင်းဖို့လာခဲ့တာ။ ဒါပေမယ့် မင်းရဲ့အပြုအမူ၊ အကျင့်စာရိတ္တကြောင့် မင်းကို ဒီလိုပြောပြတာဖြစ်တယ်။ ဒီည မင်းအိမ်ကို ငါလာမှာ ဖြစ်တဲ့အတွက် အိမ်ကိုအမြန်ပြန်ပြီး အဖိုးတန်ပစ္စည်းတွေ ယူပါ" ဟု ပြောကာ ပျောက်ကွယ်သွားသည်။

ထိုအခါ "မီကျူ"(Mi Zhu)  သည်လည်း အိမ်သို့အမြန်ပြန်ပြီး အိမ်မှ အဖိုးတန်ပစ္စည်းတို့ကို ထုတ်ယူလေသည်။ ထိုညတွင်ပင် မီးဖိုချောင်မှ မီးစလောင်ကျွမ်းရာ တစ်အိမ်လုံးကို ဝါးမြိုသွားသည်။ ထိုအချိန်မှစ၍ "မီကျူ"(Mi Zhu) သည် သူ၏ ဥစ္စာဓနတို့ကို မရှိဆင်းရဲသားများကို ပေးကမ်းခြင်း၊ ရောဂါဖြစ်သူတို့ကို ကုသပေးခြင်းတို့ကိုသာ ပြုလေသည်။ "ထောင်ချန်"(Tao Qian) သည်လည်း "မီကျူ"(Mi Zhu)  ကို သူ၏လက်အောက်ဝယ် ရာထူးတစ်နေရာပေးကာ ခန့်အပ်ထားခဲ့သည်။

"မီကျူ"(Mi Zhu)  ပြောသည်မှာ ဤသို့ဖြစ်သည်။
"ကျွန်တော် ပေဟိုင်ကိုသွားပြီး မြို့စား ခုံးရုံ(Kong Rong) ဆီမှာ စစ်ကူတောင်းပါမယ်။ နောက်တစ်ယောက်က ချင်ကျိုးကိုသွားပြီး နယ်စား "ထျန်းခိုင်း"(Tien Kai) ဆီမှာ အကူအညီတောင်းပါ။ အဲ့နှစ်နေရာက ရောက်လာတဲ့စစ်တပ်တွေကို ချောင်ချောင်း(Cao Cao) လည်း ခံနိုင်မှာမဟုတ်ပါဘူး"
"ထောင်ချန်"(Tao Qian) သည် ထိုအကြံကို လက်ခံကာ စာနှစ်စောင်ကိုရေးသည်။ ထို့နောက် "ချန်တန်"(Chen Deng) ဟုခေါ်သောသူက ချင်ကျိုးကို သွားမည်ဟုဆိုသဖြင့် ထိုသူကိုပင် ချင်ကျိုးကို လွှတ်လိုက်သည်။ "မီကျူ"(Mi Zhu) မှာမူ မြောက်ဘက်သို့သွားသည်။ စစ်ကူမရောက်ခင်အတွင်းတွင် "ထောင်ချန်"(Tao Qian) နှင့် စစ်သူကြီးတို့သည် မြို့မကျစေရန် တောင့်ခံထားရမည်ဖြစ်သည်။

"ခုံးရုံ"(Kong Rong) သည် လုပြည်နယ် ချွီဖူးဇာတိဖြစ်ပြီး တရုတ်ပညာရှိ ကွန်ဖြူးရှပ်မျိုးရိုးမှ ဆင်းသက်လာကာ ရေတွက်သော် အဆက်နှစ်ဆယ်မြောက်ဖြစ်သည်။ "ခုံးရုံ"(Kong Rong) သည် ငယ်စဉ်ကပင် ဉာဏ်ကောင်းသည်၊ ထက်မြက်သည်ဟု ကျော်ကြားသည်။ သူ ဆယ်နှစ်အရွယ်တွင် ဟဲနန် မြို့စား "လီယင်"(Li Ying) ထံသွားသည်။ သို့သော် တံခါးစောင့်က ပေးမဝင်ချေ။ ထိုအခါ "ခုံးရုံ"(Kong Rong) က
"ကျွန်တော်က ဝန်ကြီး လီယင်(Li Ying) နဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေပါ" ဟု ပြောသောအခါမှ တံခါးစောင့်က ဖွင့်ပေးသည်။
အထဲသို့ရောက်သော် "လီယင်"(Li Ying) က "ခုံးရုံ"(Kong Rong) အား အဘယ်ကြောင့် ရင်းနှီးသည့်မိတ်ဆွေဟု ပြောရသနည်းဟု မေးသည်။ 
"ကျွန်တော့်ဘိုးဘေးဘီဘင် ဖြစ်တဲ့ ကွန်ဖြူးရှပ်နဲ့ ခင်ဗျားရဲ့ ဘိုးဘေးဘီဘင်ဖြစ်တဲ့ လောက်ဇူတို့က အချင်းချင်း သိကျွမ်းခဲ့ကြတယ်ဆိုတော့ ကျွန်တော်တို့နှစ်ယောက်ကလည်း အချင်းချင်း မိတ်ဆွေအဖြစ် သတ်မှတ်နိုင်တာပေါ့" ဟုပြောသည်။
"လီယင်"(Li Ying) သည် ထိုသူငယ် အချက်ကျကျ ပြန်ဖြေနိုင်သည့်အပေါ် အံ့ဩသွားသည်။

ထိုအချိန်တွင် ဝန်ကြီး "ချန်ဝေ"(Chen Wei) ရောက်လာရာ "လီယင်"(Li Ying) က ထိုသူငယ်အကြောင်းကို ပြောပြသည်။
"ဒီ သူငယ်ကတော့ ဩချလောက်ပါရဲ့"
"ငယ်ငယ်က တော်တဲ့သူက ကြီးလာလည်း လူတော်ဖြစ်မယ်ဆိုတာ မသေချာပါဘူး"
ထိုအခါ "ခုံးရုံ"(Kong Rong) မှ ဝင်၍
"ဝန်မင်းပြောပုံအရဆိုရင် ဝန်မင်းက ငယ်ငယ်က တော်ခဲ့တာပေါ့နော်" ဟု ပြောလေရာ အမတ်နှစ်ဦးတို့ ရယ်မောကြကာ
"ဒီကလေးက နောင်တစ်ချိန်မှာ မှူးမတ်ဖြစ်လာမယ့် ကလေးပဲ" ဟု ဆိုသည်။

"ခုံးရုံ"(Kong Rong) သည် ထိုအကြောင်းတို့ကြောင့်ပင် ငယ်စဉ်ကတည်းက ကျော်ကြားသည်။ ကြီးပြင်းလာသော် နန်းတွင်းတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ပေဟိုင်မြို့စားအဖြစ် ခန့်အပ်ခံရသည်။ ထိုမြို့တွင် "ခုံးရုံ"(Kong Rong) သည် သူ၏ဧည့်ဝတ်ကျေပွန်မှုတို့ကြောင့် နာမည်ကြီးလေသည်။ "ခုံးရုံ"(Kong Rong) ပြောလေ့ရှိသော စကားတစ်ခွန်းမှာ အောက်ပါအတိုင်းဖြစ်သည်။
"အခန်းတစ်ခုလုံးမှာ သူငယ်ချင်းတွေအပြည့်နဲ့၊
ခွက်တွေမှာလည်း အရက်အပြည့်၊
ဒါက ငါနှစ်ခြိုက်တဲ့ ဘဝပါပဲ"
"ခုံးရုံ"(Kong Rong) သည် ပေဟိုင်တွင် ခြောက်နှစ်တာဝန်ထမ်းခဲ့ပြီးကာ လူအပေါင်းတို့က သူ့ကို ချစ်ခင်ကြသည်။ "မီကျူ"(Mi Zhu) ရောက်လာသောအချိန်တွင် "ခုံးရုံ"(Kong Rong)  သည် ထုံးစံအတိုင်း သူ၏မိတ်ဆွေအပေါင်းအသင်းတို့နှင့် ဧည့်ခန်းတွင်ရှိနေသည်။ စာပို့သူကလည်း အလျင်အမြန်ဝင်လာသည်၊ "ခုံးရုံ"(Kong Rong) က အကြောင်းအရာကို မေးရာ "မီကျူ"(Mi Zhu) က "ထောင်ချန်"(Tao Qian) ထံမှ စာကိုပြကာ စစ်ကူ တောင်းခံသည်။
"မင်းသခင်နဲ့ ငါနဲ့က သူငယ်ချင်းကောင်းတွေ။ ငါ့မှာ သွားကူပေးရမယ့်ဝတ္တရားရှိတယ်။ ဒါပေမယ့် ငါက ချောင်ချောင်း(Cao Cao) နဲ့လည်း ရန်ငြှိုးမရှိတဲ့အတွက် ပထမဆုံး သူ့ကို စစ်ပြေငြိမ်းဖို့ စာပို့လိုက်မယ်။ လက်မခံဘူးဆိုရင်တော့ စစ်ကူလွှတ်ပေးပါ့မယ်"
"ချောင်ချောင်း(Cao Cao) က ငြိမ်းချမ်းရေး ကမ်းလှမ်းတာကို လက်ခံမှာမဟုတ်ဘူး၊ သူကသူ့အစွမ်းနဲ့ မာန်တက်နေတာ"

"ခုံးရုံ"(Kong Rong) သည် ငြိမ်းချမ်းရေးကမ်းလှမ်းသည့်စာကို ရေးသည့်အပြင် စစ်တပ်တို့ကိုလည်း ပြင်ဆင်စေသည်။ ထိုအချိန်တွင်ပင် အင်အားတစ်သောင်းရှိသောအဝါရောင်သူပုန်တို့သည် ပေါ်လာကာ ပေဟိုင်တွင် သောင်းကျန်းကြသည်။ ထိုသူပုန်တို့ကိစ္စကို အရင်ရှင်းရမည်ဖြစ်၍ "ခုံးရုံ"(Kong Rong) သည် စစ်ချီတက်သည်။ သူပုန်ခေါင်းဆောင် "ကွမ်းဟိုင်"(Guan Hai) သည် အရှေ့သို့ထွက်လာကာ
"ဒီမြို့က ကောက်ပဲသီးနှံဖြစ်ထွန်းတဲ့အတွက် ဆန်စပါးလှည်းတစ်ထောင်လောက်ကို တတ်နိုင်တယ်၊ အဲ့ဒါကို ပေးပါ၊ ပေးရင် တပ်ပြန်ဆုတ်မယ်၊ မပေးရင်တော့ မြို့ရိုးကို ဖြိုပြီးတော့ လူတွေကို သတ်ပစ်မယ်" ဟု ဆိုသည်။
"ငါက ဟန်တိုင်းပြည်က အမှုထမ်းဖြစ်တဲ့အတွက် ဒီမြေကို ကာကွယ်ရမယ့် တာဝန်ရှိတယ်။ မင်းတို့ သူပုန်တွေကို အလကားကျွေးထားမယ် ထင်လား"

"ကွမ်းဟိုင်"(Guan Hai) သည် မြင်းကို ကျာပွတ်နှင့်ရိုက်ပြီး ဓားကိုင်ကာ ရှေ့သို့ထွက်လာသည်။ "ခုံးရုံ"(Kong Rong) ၏ စစ်သူကြီးတစ်ဦးဖြစ်သည့် "ကျုံးပေါက်"(Zong Bao) သည် ဓားကို ကိုင်ကာ ထွက်လာသည်။ အချင်းချင်းတိုက်ပြီး သိပ်မကြာ၊ "ကျုံးပေါက်"(Zong Bao) အသတ်ခံလိုက်ရသည်။ စစ်သားတို့သည်လည်း ကြောက်ပြီး မြို့တွင်းသို့ ဝင်ကြသည်။ သူပုန်တို့သည် မြို့ကို ဝန်းရံကာ လေးဘက်လေးလံမှ တိုက်လေသည်။ "ခုံးရုံ"(Kong Rong) သည် အင်မတန် စိတ်ဓာတ်ကျသွားသည်။ "မီကျူ"(Mi Zhu) သည်လည်း သူ၏အကြံအောင်ရန် အခွင့်အရေးမရှိတော့သည်ကို မြင်သောအခါ စကားတို့ဖြင့် မဖော်ပြနိုင်လောက်အောင် စိတ်ဓာတ်ကျသွားလေသည်။

မြို့ရိုးပေါ်မှမြင်ကွင်းကား ဝမ်းနည်းစရာပင်၊ သူပုန်တို့၏ အင်အားကား ကြီးမားလှသည်။ တစ်နေ့သော် "ခုံးရုံ"(Kong Rong) သည် မြို့ရိုးပေါ်တွင် ရပ်နေစဉ် လူတစ်ဦးသည် လှံကိုကိုင်လျက် မြင်းစီးကာ ရန်သူ့တက်ကိုထိုးဖောက်ပြီး မြို့တံခါးအနီးရောက်လာသည်။ တံခါးနားရောက်သော် တံခါးဖွင့်ပေးရန် ပြောသည်။
သို့သော် တံခါးစောင့်တို့က လူစိမ်းကို တံခါးမဖွင့်ပေးချေ။ ထိုအခါ ထိုလူအနီးသို့ သူပုန်တို့ဝန်းရံလာကြပြန်ရာ ထိုလူက သူပုန်ဆယ့်နှစ်ဦးလောက်ကို သတ်လိုက်သည်။ ၎င်းကိုမြင်သောအခါ "ခုံးရုံ"(Kong Rong) သည် တံခါးဖွင့်ရန် အမိန့်ပေးလိုက်သည်။ ထိုသူသည် အထဲရောက်လာသောအခါ မြင်းပေါ်မှဆင်းပြီး လှံကိုထောင်လိုက်ကာ မြို့ရိုးပေါ်သို့တက်လာပြီး မြို့စားအား ရိုရိုသေသေဖြင့် စကားပြောသည်။
"ကျွန်တော့် နာမည်က ထိုက်ရှီချီ(Taishi Ci) ပါ။ လိုင်ဟွမ်နယ်သားပါ။ မြောက်ပိုင်းကနေ အမေကိုကြည့်ဖို့ ပြန်လာတဲ့အခါ မြို့စားကြီးရဲ့မြို့ကို သူပုန်တွေဝန်းရံထားတယ်လို့ ကြားတဲ့အတွက် အမေက သူ့အပေါ်ကောင်းခဲ့တဲ့မြို့စားကို သွားကူပေးဖို့ပြောလို့ ရောက်လာခဲ့တာပါ"

ဤသည်ကား အားတက်စရာပင်။ "ခုံးရုံ"(Kong Rong) သည် "ထိုက်ရှီချီ"(Taishi Ci) ကို မတွေ့ဖူးသော်လည်း သူ၏ ဂုဏ်သတင်းကို ကြားနှင့်ပြီးဖြစ်သည်။ "ထိုက်ရှီချီ"(Taishi Ci) သည် အခြားတစ်နေရာ ရောက်နေစဉ်က "ခုံးရုံ"(Kong Rong) သည် မြို့မှမိုင်အနည်းငယ်အကွာတွင်နေသော "ထိုက်ရှီချီ"(Taishi Ci) ၏ အမေကို ခေါ်ကာ လိုလေသေးမရှိအောင် စောင့်ရှောက်ခဲ့ဖူးသည်။ ထိုမိန်းမအိုကြီးသည် ကျေးဇူးကိုပြန်ဆပ်ရန် သူ့သားကို လွှတ်လိုက်ခြင်းဖြစ်သည်။
"ခုံးရုံ"(Kong Rong) သည်လည်း ကျေးဇူးတင်ကာ "ထိုက်ရှီချီ"(Taishi Ci) ကို လေးစားစွာ ဆက်ဆံသည်။ အဝတ်အစား၊ သံချပ်ကာ၊ မြင်းနှီးကုန်းနှင့် မြင်းတို့ကို လက်ဆောင်အဖြစ်ပေးသည်။
"ကျွန်တော့်ကို စစ်သားတစ်ထောင်ပေးပါ၊ ရန်သူတွေကို တိုက်ထုတ်ပေးပါ့မယ်"
"မင်းက သူရဲကောင်းဖြစ်ပေမယ့် ရန်သူတွေက အင်အားများလွန်းတယ်။ ဒီလိုစွတ်ဝင်သွားရင် မိုက်မဲရာကျတယ်"
"ကျွန်တော့်အမေက ကျေးဇူးကို ပြန်တုန့်ပြန်ဖို့ လွှတ်လိုက်တာပါ။ အကယ်၍ သူပုန်တွေကို မနှိမ်နှင်းနိုင်ခဲ့ရင် အမေ့ကို ဘယ်လိုမျက်နှာပြရမလဲ၊ နိုင်ရင်လည်းနိုင်၊ မနိုင်ရင် သေတာမှ တော်ဦးမယ်"
"ငါကြားတာတော့ လျူဘေ့(Liu Bei) က လောကမှာ သူရဲကောင်းတွေထဲကတစ်ယောက်၊ အကယ်၍ သူ့အကူအညီသာရရင် သူပုန်တွေကို တိုက်နိုင်တယ်။ ဒါပေမယ့် ဘယ်သူ့ကို လွှတ်ပြီး စစ်ကူတောင်းခိုင်းရမလဲ မသိဘူး"
"မြို့စားမင်း စာကို ရတာနဲ့ တစ်ပြိုင်နက် သွားပို့ပေးပါ့မယ်"

ထိုအခါ "ခုံးရုံ"(Kong Rong) သည်လည်း စစ်ကူတောင်းခံသည့်စာကို ရေးကာ "ထိုက်ရှီချီ"(Taishi Ci) ကို ပေးလိုက်သည်။
"ထိုက်ရှီချီ"(Taishi Ci) သည် ကိုယ်ချပ်အင်္ကျီဝတ်ဆင်ကာ လေးကိုချိတ်၊ဓားကိုင်လျက် မြင်းစီးပြီး ထွက်သွားသည်။ ထွက်လာသော "ထိုက်ရှီချီ"(Taishi Ci) ကို ရန်သူတို့က တိုက်ရန် ဝန်းရံလာသည်။ သို့သော် "ထိုက်ရှီချီ"(Taishi Ci) သည် ရန်သူတို့ကိုတိုက်ပြီး နောက်ဆုံးတွင် ထိုးဖောက်ထွက်သွားနိုင်ခဲ့သည်။
ရန်သူ့ခေါင်းဆောင် "ကွမ်းဟိုင်"(Guan Hai) သည် ထိုသတင်းကိုကြားသော် "ထိုက်ရှီချီ"(Taishi Ci) နောက်ကို မြင်းသည်တော်အနည်းငယ်နှင့်လိုက်သည်။ မကြာခင်တွင်ပင် "ထိုက်ရှီချီ"(Taishi Ci) ကို ဝန်းရံလိုက်မိသည်။ "ထိုက်ရှီချီ"(Taishi Ci) သည် လေးကိုကိုင်လျက်ပစ်ရာ ရန်သူတို့တစ်ဦးပြီးတစ်ဦး လဲကျသွားသည်။ မည်သူမှ "ထိုက်ရှီချီ"(Taishi Ci) အနီးသို့ မကပ်ရဲတော့ချေ။

သို့နှင့် "ထိုက်ရှီချီ"(Taishi Ci) သည် "လျူဘေ့"(Liu Bei) ထံ အမြန်သွားသည်။ ဖင်ယွမ်သို့ရောက်သော် "ထိုက်ရှီချီ"(Taishi Ci) က လာရသည့်အကြောင်းကိုပြောကာ "လျူဘေ့"(Liu Bei) အား "ခုံးရုံ"(Kong Rong) ထံမှ စာကိုပေးလိုက်သည်။
"မင်းက ဘယ်သူတုန်း"
"ကျွန်တော်က လိုင်ဟွမ်က ထိုက်ရှီချီ(Taishi Ci) ပါ။ မြို့စား ခုံးရုံ(Kong Rong) နဲ့အမျိုးတော်စပ်သူမဟုတ်သလို သူ့လက်အောတ်ကလူလဲ မဟုတ်ပါဘူး။ သူ့ကျေးဇူးတွေရှိခဲ့လို့ လာကူပေးတာပါ။ အဝါရောင်သူပုန်တွေက သူ့မြို့ကို ဝန်းရံထားတဲ့အတွက် ဘယ်သူ့အကူအညီမှမရပဲ မကြာခင် မြို့ပျက်ပါတော့မယ်။ သခင်ကြီးဟာ ကိုယ်ချင်းစာ၊ တရားမျှတပြီး လူတွေကို ကူညီတတ်သူလို့ နာမည်ကျော်ကြားတဲ့အတွက် ရန်သူတွေကို ထိုးဖောက်ထွက်လာပြီး အကူအညီတောင်းခံတာပါ"
ထိုအခါ "လျူဘေ့"(Liu Bei) သည် ပြုံးကာ
"ဒီလောကမှာ လျူဘေ့(Liu Bei) ရှိတယ်ဆိုတာ သူသိတယ်ပေါ့" ဟု ပြောသည်။

ထို့နောက် "လျူဘေ့"(Liu Bei) သည် "ကွမ်းယွီ"(Guan Yu) ၊ "ကျန်းဖေး"(Zhang Fei) တို့နှင့်အတူ စစ်သားသုံးထောင်နှင့် စစ်တိုက်ထွက်လေသည်။ သူပုန်ခေါင်းဆောင် "ကွမ်းဟိုင်"(Guan Hai) သည် စစ်ကူတပ်သေးသေးလေးရောက်လာသည်ကို မြင်သော် နိုင်မည်အထင်နှင့် သူ့စစ်တပ်တို့ကို ဦးဆောင်ကာတိုက်သည်။
ညီအစ်ကိုသုံးဦးတို့နှင့် "ထိုက်ရှီချီ"(Taishi Ci) သည် ရှေ့သို့ထွက်လာကာ "ကွမ်းဟိုင်"(Guan Hai) နှင့် ရင်ဆိုင်သည်။ "ထိုက်ရှီချီ"(Taishi Ci) သည် တိုက်ရန်အဆင်သင့်ဖြစ်သောအချိန်တွင် "ကွမ်းယွီ"(Guan Yu) သည် ထွက်သွားနှင့်ပြီ။ သိပ်ပင်မကြာ၊ "ကွမ်းယွီ"(Guan Yu) သည် သူ၏လှံဖြင့် ရန်သူ့ခေါင်းဆောင်ကို သတ်လိုက်သည်။
"ကျန်းဖေး"(Zhang Fei)၊ "ထိုက်ရှီချီ"(Taishi Ci) နှင့် "လျူဘေ့"(Liu Bei) တို့သည်လည်း ရှေ့သို့ထွက်ကာ တိုက်ကြသည်။ သူပုန်တို့သည် ကျားအုပ်ထဲရောက်သွားသော သိုးငယ်အလား အလူးအလဲခံရသည်ကို မြို့စားမြင်လိုက်သည်။ သူပုန်တို့အရေးမလှသည်ကို မြင်သောအခါ မြို့စားကလည်း မြို့တွင်းမှတပ်ကို ထွက်တိုက်ရန် အမိန့်ပေးလိုက်လေသည်။ ရန်သူတပ်ဖွဲ့တို့ပြိုကွဲသွားကြပြီး များစွာသော သူပုန်တို့ လက်နက်ချကြသည်၊ အခြားသော သူပုန်တို့မှာ ထွက်ပြေးသွားကြလေသည်။
အောင်နိုင်သူတို့ကို မြို့တွင်း၌ ပျော်ပွဲရွှင်ပွဲ၊ စားပွဲသောက်ပွဲတို့ တည်ခင်းကာ ကြိုဆိုကြသည်။ ထို့နောက် "မီကျူ"(Mi Zhu) အား "လျူဘေ့"(Liu Bei) နှင့် တွေ့စေသည်။ "မီကျူ"(Mi Zhu) က ဖြစ်သမျှအကြောင်းတို့ကို ပြောကာ အကူအညီတောင်းခံသည်။ ထိုအခါ "လျူဘေ့"(Liu Bei) က ဤသို့ပြောသည်။
"နယ်စား ထောင်ချန်(Tao Qian) ဟာ ကြင်နာသနားတတ်တဲ့လူဖြစ်တယ်။ သူက ဘာအပြစ်မှမရှိပဲနဲ့ ဒီလိုအတိုက်ခံရတာ သနားစရာကောင်းတယ်"
"ခုံးရုံ"(Kong Rong) က ဝင်ပြောသည်။
"ခင်ဗျားက မင်းဆွေမင်းမျိုးပဲ။ ခု ချောင်ချောင်း(Cao Cao) က သူ့အင်အားကို အသုံးချပြီး လူတွေကို ထိခိုက်အောင်လုပ်နေတယ်။ ခင်ဗျား ကျုပ်နဲ့အတူလိုက်ပြီး တိုက်ပါလား"
"ကျွန်တော် မငြင်းဝံ့ပါဘူး၊ ဒါပေမယ့် ကျွန်တော့်စစ်တပ်က အင်အားသေးတဲ့အတွက် သတိနဲ့ လှုပ်ရှားရပါမယ်"
"ကျုပ်က ကျုပ်သူငယ်ချင်းမို့လို့ ကူတာ ဖြစ်ပေမယ့်လည်း တကယ်တော့ ဒါဟာ တရားမျှတတဲ့အလုပ်ပဲ၊ ခင်ဗျားက မတရားတာကိုတော့ လက်ပိုက်ကြည့်နေမယ် မထင်ပါဘူး"
"ဒါဆို ခင်ဗျားအရင် သွားနှင့်ပါ၊ ကျွန်တော် ကုန်းစွန်းကျန့်(Gongsun Zan) ဆီ သွားပြီး စစ်သားနဲ့ မြင်းတွေ နည်းနည်း ချေးငှားလိုက်ပါဦးမယ်၊ ပြီးရင်တော့ ချက်ချင်းလာခဲ့ပါ့မယ်"
"ခင်ဗျား ကတိကိုတော့ မဖျက်ပါဘူးနော်"
"ရှေးပညာရှိ တစ်ဦးက ပြောခဲ့ဖူးတယ်....လူတိုင်းက သေကြမှာ ဓမ္မတာပဲ၊ ဒါပေမယ့် အဲ့လူမှာ သစ္စာဆိုတာမရှိရင် အသက်ရှင်နေလည်း ဘာထူးမှာလဲ....ကျွန်တော် စစ်ကူရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လာကိုလာခဲ့ပါ့မယ်"

သို့နှင့် ထိုအစီအစဉ်ကိုပင် လက်ခံလိုက်ကြသည်။ "မီကျူ"(Mi Zhu) သည် ထွက်ခွာရန်ပြင်ပြီး "ခုံးရုံ"(Kong Rong) သည်လည်း စစ်ချီထွက်ရန် ပြင်သည်။ "ထိုက်ရှီချီ"(Taishi Ci) ကလည်း
"အခုတော့ မြို့လည်း အန္တရာယ်ကင်းသွားခဲ့ပြီ။ ရန်ကျိုးနယ်စား လျူယောင်(Liu Yao) က ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ သွားလိုက်ပါဦးမယ်" ဟု ပြောကာ နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။
"ခုံးရုံ"(Kong Rong) သည် "ထိုက်ရှီချီ"(Taishi Ci) အား ဆုလာဘ်တို့ပေးသော်လည်း "ထိုက်ရှီချီ"(Taishi Ci) က လက်မခံချေ။ "ထိုက်ရှီချီ"(Taishi Ci) ကလည်း သူ့အမေ သွားကြည့်သည်၊ သူ့အမေကား ကျေးဇူးကို ပြန်ဆပ်နိုင်လိုက်၍ ဝမ်းသာသွားခဲ့သည်။ ထို့နောက် "ထိုက်ရှီချီ"(Taishi Ci) သည် ရန်ကျိုးသို့ ထွက်ခွာသွားသည်။

"လျူဘေ့"(Liu Bei) သည် သူ၏ သူငယ်ချင်း "ကုန်းစွန်းကျန့်"(Gongsun Zan) ကို သွားတွေ့ကာ ရွှီကျိုးကို သွားပြီး ကူမည့်အကြောင်းကို ပြောသည်။
"ချောင်ချောင်း(Cao Cao) နဲ့ ခင်ဗျားနဲ့က ရန်သူတွေမှ မဟုတ်တာ၊ ဘာလို့များ သူများအတွက်နဲ့ စစ်ချီထွက်မှာလည်း"
"ကျုပ်ကတိပေးပြီးပြီ၊ သစ္စာကို ဖျက်လို့မဖြစ်ဘူး"
"ကျုပ် မြင်းနဲ့ စစ်သား နှစ်ထောင် ချေးလိုက်ပါ့မယ်"
"နောက်ပြီး ကျောက်ယွင်(Zhao Yun) ကိုလည်း ကျုပ်နဲ့ ထည့်ပေးလိုက်ပါ"
၎င်းကို "ကုန်းစွန်းကျန့်"(Gongsun Zan) က လက်ခံလိုက်သည်။ "လျူဘေ့"(Liu Bei) ၏ စစ်တပ်ကြီးတွင် ရှေ့တန်းတွင် နေရာယူပြီး ငှားရမ်းလာသော စစ်သည်တို့သည်ကား "ကျောက်ယွင်"(Zhao Yun) နှင့်အတူ နောက်တန်းတွင် နေရာယူကာ ချီတက်ကြသည်။

ထိုအတွင် "မီကျူ"(Mi Zhu) သည် မြို့သို့ပြန်ရောက်ပြီး "လျူဘေ့"(Liu Bei) နှင့် "ခုံးရုံ"(Kong Rong) တို့သည် စစ်ကူဖြင့် လာမည်ဖြစ်ကြောင်း ပြောသည်။  "ချန်တန်"(Chen Deng) သည်လည်း ပြန်လာကာ "ထျန်းခိုင်"(Tien Kai) မှလည်း စစ်ကူဖြင့် လာမည်ဖြစ်ကြောင်းဆိုသည်။ ထိုသတင်းတို့သည်ကား "ထောင်ချမ်"(Tao Qian) အတွက် စိတ်အေးစေသည်။
သို့သော်လည်း ထိုစစ်ကူတို့သည်ကား "ချောင်ချောင်း"(Cao Cao) တပ်၏ အင်အားကိုကြောက်ရွံ့ကာ ထိပ်တိုက်မရင်ဆိုင်ကြပဲ အဝေးမှ တောင်ကုန်းပေါ်တွင်သာ တပ်စွဲထားကြသည်။ "ချောင်ချောင်း"(Cao Cao) သည် တစ်ဖက်မှ စစ်ကူတို့ရောက်လာမှန်းသိ၍ သူ့တပ်ကိုခွဲကာ စစ်ကူတပ်တို့ကို တိုက်စေသည်။ ထို့ကြောင့် မြို့ကိုတိုက်ခိုက်ခြင်းကို နှောင့်နှေးသွားစေခဲ့သည်။

"လျူဘေ့"(Liu Bei) သည်လည်း ရောက်လာပြီး "ခုံးရုံ"(Kong Rong) နှင့် တွေ့ရာ "ခုံးရုံ"(Kong Rong) မှ
"ရန်သူက အင်မတန် အင်အားကြီးတယ်။ ချောင်ချောင်း(Cao Cao) က သူ့တပ်တွေကို ကောင်းကောင်းကွပ်ကဲနိုင်တယ်၊ သထိထားရမယ်၊ ရန်သူကို မတိုက်ခင် သေချာလေ့လာပြီးမှ တိုက်ရမယ်" ဟုပြောသည်။ "လျူဘေ့"(Liu Bei) မှ
"ကျွန်တော် ကြောက်တာက မြို့တွင်းမှာ စားနပ်ရိက္ခာပြတ်မှာကိုပဲ၊ စစ်သားတွေ အကြာကြီးခုခံနိုင်မှာမဟုတ်ဘူး၊ ကျွန်တော့်စစ်သားတွေကို ခင်ဗျားလက်အောက်မှာ ခဏထားထားမယ်၊ ကျွန်တော်က ကျန်းဖေး(Zhang Fei) နဲ့အတူ ရန်သူတွေကို ထိုးဖောက်ပြီး မြို့ထဲကို ဝင်ပြီးတော့ ထောင်ချန်(Tao Qian) နဲ့ တိုင်ပင်ရမယ်"

ထိုအကြံကို "ခုံးရုံ"(Kong Rong) က လက်ခံလိုက်သည်။ ထို့နောက် သူနှင့် "ထျန်းခိုင်"(Tien Kai) တို့သည် ကျွဲချိုပုံဗျူဟာ ခင်းကာ တစ်ဖက်စီတွင် "ကွမ်းယွီ"(Guan Yu) ၏ တပ်နှင့် "ကျောက်ယွင်"(Zhao Yun) တပ်တို့က အားဖြည့်ထားသည်။
ထိုအချိန်တွင် "လျူဘေ့"(Liu Bei) နှင့် "ကျန်းဖေး"(Zhang Fei) တို့သည် စစ်သားတစ်ထောင်ဖြင့် ရန်သူ့တပ်ကို ထိုးဖောက်ရန်ပြင်သည်။ ရန်သူ့တပ်ဖျားသို့ရောက်သော် ဆိုင်းသံဗုံသံတို့နှင့်အတူ ပင်လယ်ရေကဲ့သို့များပြားသော ရန်သူ့တပ် ရောက်လာသည်။ ထိုတပ်ကို ခေါင်းဆောင်လာသူမှာ "ယွီကျင့်"(Yu Jin) ဖြစ်သည်။ "ယွီကျင့်"(Yu Jin) သည် မြင်းပေါ်မှ
'အရူးတွေ၊ ဘယ်ကိုသွားကြမလို့လဲ" ဟု မေးသည်။
"ကျန်းဖေး"(Zhang Fei) သည် ကြားသော်လည်း မကြားဟန်ပြုကာ မည်သို့မှမပြော။ ရှေ့သို့ထွက်လာပြီး "ယွီကျင့်"(Yu Jin) နှင့် တိုက်လေသည်။ အချိန်အနည်းငယ်ခန့်တိုက်ပြီးသော်  "လျူဘေ့"(Liu Bei) သည် သူ့ဓားနှစ်လက်ကိုမြှောက်လိုက်ပြီး စစ်သားတို့ကို တိုက်ရန် အချက်ပြလိုက်သည်။ သို့နှင့် "ယွီကျင့်"(Yu Jin) ကို တိုက်ထုတ်နိုင်လိုက်သည်။ "ကျန်းဖေး"(Zhang Fei) က "ယွီကျင့်"(Yu Jin) နောက် လိုက်လေရာ ဤသို့ဖြင့် မြို့တံခါးအနီးသို့ ရောက်သွားသည်။

မြို့ရိုးပေါ်မှ လူတို့သည် အောက်ဘက်မှ "ဖင်ယွမ်မှ လျူဘေ့(Liu Bei)" ဟူသော အလှံအဖြူကို မြင်သောအခါ ဝမ်းသာအားရဖြင့် မြို့တံခါးကို ဖွင့်ပေးကြသည်။ "လျူဘေ့"(Liu Bei) ကို "ထောင်ချန်"(Tao Qian) သည် "လျူဘေ့"(Liu Bei) ၏ အပြုအမှု၊ ပြောဆိုမှုတို့ကို မြင်လျှင် အင်မတန်လေးစားသွားသည်။ ထို့နောက် "ထောင်ချန်"(Tao Qian) သည် "မီကျူ"(Mi Zhu) မှတစ်ဆင့် "လျူဘေ့"(Liu Bei) အား နယ်စားတံဆိပ်တုံးပေးစေသည်။ "လျူဘေ့"(Liu Bei) သည် လန့်ကာ
"ဒါက ဘာအဓိပ္ပာယ်တုန်း" ဟု မေးသည်။
"ထောင်ချန်"(Tao Qian) : "တိုင်းပြည်အနှံ့မှာ ဒုက္ခတွေရောက်နေကြတယ်၊ ဘုရင်ရဲ့ ဩဇာဟာလည်း သက်ရောက်မှုမရှိတော့ဘူး၊ ခင်ဗျားဟာ မင်းဆွေမင်းမျိုးဖြစ်တဲ့အတွက် ဘုရင့်အာဏာပြန်တည်မြဲအောင် လုပ်ဆောင်ဖို့လိုအပ်တယ်၊ ကျုပ်က အသက်ကြီးနေပြီ၊ ဒါကြောင့် ကျုပ်ရာထူးကို ခင်ဗျားကို လွှဲပေးပြီးရင် အနားယူတော့မယ်၊ ကျုပ်တောင်းဆိုတာကို မငြင်းပါနဲ့၊ ပြီးရင် ဒီအကြောင်းကို နန်းတော်ကိုလည်း တင်ပြလိုက်ပါ့မယ်"
"လျူဘေ့"(Liu Bei) သည် ထိုင်ရာမှ ထကာ "ထောင်ချန်"(Tao Qian) ကို အရိုအသေပေးပြီး
"ကျွန်တော်က မင်းဆွေမင်းမျိုးပေမယ့် စွမ်းဆောင်မှုဆိုတာလည်း များများစားစားမရှိခဲ့သလို ကိုယ်ကျင့်တရားလည်း ကောင်းတယ်မဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော့်ရဲ့ လက်ရှိရာထူးကိုတောင် ကျွန်တော်နဲ့ သင့်လျော်ပါရဲ့လားလို့ တွေးနေရတာပါ။ နယ်စားမင်းကို လာကူရတာဟာ တရားမျှတမှုဘက်က ပါချင်တဲ့အကြောင်းကြောင့်ပါပဲ။ နယ်စားက ကျွန်တော့်ကို အကျိုးလိုလို့ ညောင်ရေလောင်းတဲ့လူလို့ထင်လို့များ ဒီလိုပြောတာများလား။ အကယ်၍ အဲ့လိုအတွေးမျိုးရှိခဲ့ရင် ဘုရားသခင်က ကျွန်တော့်ကို မကူညီပါစေနဲ့" ဟု ပြောသည်။
"ထောင်ချန်"(Tao Qian) : "ဒါက ဒီအဘိုးကြီးရဲ့ စိတ်ထဲရင်ထဲက စေတနာပါ"

"ထောင်ချန်"(Tao Qian) က အကြိမ်ကြိမ် သူ၏ရာထူးကိုယူရန် တိုက်တွန်းသော်လည်း "လျူဘေ့"(Liu Bei) ကလည်း အကြိမ်ကြိမ် ငြင်းဆိုသည်။ ထိုအချိန်တွင် "မီကျူ"(Mi Zhu) ရောက်လာကာ
"ရန်သူတွေက မြို့ရိုးကို ဝန်းရံလာပြီ။ သူတို့ကို တိုက်ထုတ်ဖို့ တစ်ခုခု လုပ်ရမယ်၊ ဒီကိစ္စကို နောက်မှ ဆွေးနွေးလည်းရတယ်" ဟု ပြောသည်။
"လျူဘေ့"(Liu Bei) : "ကျွန်တော် ချောင်ချောင်း(Cao Cao) ကို စစ်တပ်ပြန်ဆုတ်တာ တိုက်တွန်းတဲ့စာ ရေးကြည့်ပါဦးမယ်၊ ငြင်းဆိုရင်တော့ ကျွန်တော်တို့ ဝိုင်းတိုက်ကြတာပေါ့"
ထို့နောက် ထိုစာ "ချောင်ချောင်း"(Cao Cao) ထံ မရောက်ခင် စစ်မတိုက်ကြရန် မဟာမိတ်တပ်တို့ကို အမိန့်စာပို့စေသည်။

ထိုစာ "ချောင်ချောင်း"(Cao Cao) ထံ ရောက်သောအခါဝယ် "ချောင်ချောင်း"(Cao Cao) သည် အစည်းအဝေးပြုလုပ်နေသော အချိန်ဖြစ်သည်။ စာကိုရလျှင် ဖွင့်၍ဖတ်လိုက်ရာ "လျူဘေ့"(Liu Bei) ထံမှ စာဖြစ်နေသည်။ စာထဲတွင် သပ်ရပ်သောစာလုံးများဖြင့် အောက်ပါအတိုင်းရေးထားသည်။
"ဟိုအရင်တခါ စစ်ပွဲမှာ တွေ့ခဲ့ပြီးကတည်းက ကျွန်တော်လည်း ခင်ဗျားဆီ မလာဖြစ်တာနဲ့ မတွေ့ဖြစ်ပါဘူး၊ ခင်ဗျားအဖေ သေဆုံးခဲ့ရတာဟာ ကျန်းခိုင်(Zhang Kai) ကြောင့်တာ ဖြစ်ပြီး ထောင်ချန်(Tao Qian) မှာ တာဝန်မရှိပါဘူး။ အခုအချိန်မှာ သူပုန်တွေလည်း ထနေပြီး တုန်ကျိုး(Dong Zhuo) လက်အောက်ခံတွေကလည်း မြို့တော်မှာ ထင်တိုင်းကြဲနေတယ်။ ဒါကြောင့် ခင်ဗျားအနေနဲ့ ကိုယ်ရေးကိုယ်တာရန်ငြိုးအစား တိုင်းရေးပြည်ရေးကိုရှေးရှုပြီး ရွှီကျိုးကို တိုက်တာ ရပ်တန့်ပြီးတော့ တိုင်းပြည်ကို ကယ်ဖို့ တောင်းပန်ပါတယ်။ ဒီလိုဆို တစ်တိုင်းပြည်လုံး ဝမ်းသာကြမှာပါ"

"ချောင်ချောင်း"(Cao Cao) သည် စာကိုဖတ်ကာ
"ဒီ လျူဘေ့(Liu Bei) က ဘာမို့လို့လဲ။ စာရေးထားတာ ကျုပ်ကို သရော်သယောင်နဲ့ ရေးထားသေးတယ်" ဟု ဒေါသဖြင့် ပြောလေသည်။
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် စာလာပို့သော ဆတ်သားကို သတ်ရန်အမိန့်ပေးပြီး မြို့ကိုတိုက်စေသည်။ သို့သော် "ကောကျား"(Guo Jia) က ဝင်တားသည်။
"လျူဘေ့(Liu Bei) က အဝေးကနေ စစ်ကူလာပို့တာပါ၊ ဒါကြောင့် စစ်မတိုက်ခင်မှာ ယဉ်ကျေးသမှုနဲ့ စာအရင်ပို့တာပါ။ ဒီလို ဒေါသနဲ့ မပြုမူပဲ ကောင်းကောင်းစာပြန်လိုက်ပါ၊ အဲ့လိုမှ သူစိတ်အေးသွားပြီး အဲ့အချိန်မှ မြို့ကို ဝင်တိုက်ရင် အောင်နိုင်ပါတယ်"
ထိုအကြံသည် သင့်လျော်သဖြင့် "ချောင်ချောင်း"(Cao Cao) သည် ဆတ်သားကို မသတ်ပဲထားကာ ပြန်စာစောင့်စေသည်။ ထိုအချိန်တွင်ပင် မြင်းသည်တော်တစ်ဦးဝင်လာကာ သတင်းလာပို့သည်။ ထိုသတင်းကား အောက်ပါအတိုင်းပင်ဖြစ်သည်။
"လွီပု(Lu Bu) က ရန်ကျိုးကို ကျူးကျော်နေပါပြီ။ လက်ရှိမှာ ပုရန်မြို့ကို သိမ်းထားပါတယ်။ ကျန်တဲ့ မြို့သေးလေးသုံးခုဖြစ်တဲ့ ကျွမ်းချန်၊ ဖန်ရှနဲ့ တုန်းကျွင်းတို့ကို အပြင်းအထန်တိုက်တာ ခံနေရပါတယ်"ဝမ်းသာအားရကြိုဆိုပြီး စားသောက်ပွဲဖြင့် ဧည့်ခံလေသည်။ စစ်သားတို့ကိုလည်း ကျွေးမွေးသည်။
"လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့ မြို့တော်ကို တိုက်ခိုက်အောင်မြင်သွားသောအခါ၌ "လွီပု"(Lu Bu) သည် "ယွမ်စု"(Yuan Shu) လက်အောက်ထံ သွားသည်။ သို့သော် "ယွမ်စု"(Yuan Shu) က သူ့ကို လက်မခံချေ။ သို့နှင့် "ယွမ်ရှောက်"(Yuan Shao) ထံ သွားခိုလှုံသည်။ "ယွမ်ရှောက်"(Yuan Shao) က လက်ခံပြီး "လွီပု"(Lu Bu) အား ချန်ရှန်းမှ "ကျန်းရန်"(Zhang Yan) ကို တိုက်ခိုင်းသည်။ သို့သော် "လွီပု"(Lu Bu) ၏ မာနနှင့် ခက်ထန်မှုတို့ကြောင့် အခြား စစ်သူကြီးတို့နှင့် မသင့်မတင့်ဖြစ်ကာ "ယွမ်ရှောက်"(Yuan Shao) က "လွီပု"(Lu Bu) ကို သတ်ရန်ပြင်သည်။ ထိုအခြင်းအရာမှ လွတ်ရန် "လွီပု"(Lu Bu) သည် ရှန်းတန်မြို့စား "ကျန်းရန်"(Zhang Yang) ထံ သွားခိုလှုံသည်။
"လွီပု"(Lu Bu) မြို့တော်မှ ထွက်သွားကတည်းက "လွီပု"(Lu Bu) ၏ မိသားစုကို ကာကွယ်ခဲ့သော "ဖန်စု"(Pang Shu) ဆိုသူရှိသည်။ ထိုအကြောင်းကို "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့ သိသွားကြသော် ဒေါသထွက်ကာ "ဖန်စု"(Pang Shu) ကို သေဒဏ်ပေးလိုက်သည်။ ထို့နောက် "လွီပု"(Lu Bu) ကိုလည်း သေဒဏ်ပေးရန် "ကျန်းရန်"(Zhang Yang) ထံ အမိန့်စာပို့လိုက်သည်။ ထိုအခါတွင်လည်း "လွီပု"(Lu Bu) ထွက်ပြေးရပြန်ပြီး ချန်လျူမြို့စား "ကျန်းမြောင်"(Zhang Miao) လက်အောက်တွင် အမှုထမ်းသည်။
"လွီပု"(Lu Bu) ရောက်သောအချိန်သည် "ကျန်းမြောင်"(Zhang Miao) ၏ ညီက "ချန်ကုန်း"(Chen Gong) ကို လာမိတ်ဆက်ပေးသည့်အချိန်ဖြစ်သည်။ "ချန်ကုန်း"(Chen Gong) က "ကျန်းမြောင်"(Zhang Miao) ကို အောက်ပါအတိုင်းပြောသည်။
"တိုင်းပြည်မှာ အကွဲအပြဲတွေစနေပြီ၊ သူရဲကောင်းတွေက ရတဲ့နယ်တွေကို သိမ်းကုန်ကြပြီ၊ မြို့စားမင်းလည်း အင်အားလည်းတောင့်တင်း၊ ရိက္ခာတွေလည်း ရှိတဲ့လူမျိုးက ဘာမှမသိမ်းဘူးဆို မထူးဆန်းပေဘူးလား၊ ချောင်ချောင်း(Cao Cao) က သူ့နယ်မှာ စစ်သားတွေ သိပ်မချန်ပဲနဲ့ အရှေ့ဘက်ကို စစ်ချီထွက်သွားခဲ့ပြီ။ လွီပု(Lu Bu) က ဒီခေတ်ဒီအခါရဲ့ လူတော်တစ်ဦးပဲ၊ ခင်ဗျားနဲ့ သူနဲ့သာ ပေါင်းပြီး ရန်ကျိုးကို သိမ်းလိုက်ရင် အဲ့နောက်ပိုင်းမှာ တိုင်းပြည်ကြီးကို သိမ်းဖို့ပါ လုပ်ဆောင်နိုင်မှာ"

"ကျန်းမြောင်"(Zhang Miao) သည် ထိုစကားကို ကြားသောအခါ ကျေနပ်ပြီး စမ်းကြည့်ရန် စစ်ချီတက်စေသည်။ မကြာမီပင် "လွီပု"(Lu Bu) သည် ကျွမ်းချန်၊ ဖန်ရှနှင့် တုန်းကျွင်းတို့မှလွဲ၍ ရန်ကျိုးနှင့်အနီးတစ်ဝိုက်တို့ကို သိမ်းပိုက်အောင်မြင်ခဲ့သည်။ ထိုမြို့သုံးမြို့ကိုလည်း မကျအောင် "ရွှင်ယွိ"(Xun Yu) နှင့် "ချန်ယွီ"(Cheng Yu) တို့က အလူးအလဲခုခံနေရသည်။ "ချောင်ချောင်း"(Cao Cao) ၏ ညီ "ချောင်ရန်"(Cao Ren) သည် ရန်သူတို့ကို ခုခံသော်လည်း မနိုင်ချေ၊ သို့နှင့် "ချောင်ချောင်း"(Cao Cao) ထံ စာပို့ကာ စစ်ကူ တောင်းရလေသည်။
ထိုသတင်းသည်ကား "ချောင်ချောင်း"(Cao Cao) အတွက် အင်မတန် အနှောင့်အယှက်ဖြစ်စေသည်။
"ချောင်ချောင်း"(Cao Cao) : "ငါ့ပြည်နယ်သာ ဆုံးရှုံးသွားရင် ပြန်စရာနေရာ မရှိတော့ဘူး။ တစ်ခုခု လုပ်မှဖြစ်မယ်"
"ကောကျား"(Guo Jia) : "အကောင်းဆုံးကတော့ လောလောဆယ် လျူဘေ့(Liu Bei) နဲ့ ငြိမ်းချမ်းရေးယူလိုက်ပြီးတော့ ရန်ကျိုးကို ပြန်ဖို့ပဲ"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "လျူဘေ့"(Liu Bei) အား ငြိမ်းချမ်းရေးသဝဏ်လွှာပို့စေပြီးနောက် တပ်တို့ကို ပြန်ဆုတ်စေသည်။ ထိုသတင်းသည် "ထောင်ချန်"(Tao Qian) အတွက် မင်္ဂလာရှိသောသတင်းပင်ဖြစ်သည်။ "ထောင်ချန်"(Tao Qian) သည် စစ်ကူလာသောသူတို့ကို ရွှီကျိုးမြို့အတွင်းသို့ခေါ်ကာ စားသောက်ပွဲတည်ခင်းသည်။
စားသောက်ပွဲပြီးနောက် သူ့ရာထူးကို "လျူဘေ့"(Liu Bei) ယူရန် တိုက်တွန်းပြန်၏။ "လျူဘေ့"(Liu Bei) ကို အမြင့်ဆုံးနေရာတွင် ထားစေပြီး အရိုအသေပေးကာ
"ကျွန်တော်က အသက်ကြီးပြီ။ ကျွန်တော့်သားနှစ်ယောက်ကလည်း ဒီလိုအရေးကြီးတဲ့ရာထူးကို ဆက်ခံနိုင်မှာမဟုတ်ဘူး။ ခင်ဗျားကတော့ မင်းဆွေမင်းမျိုးလည်းဖြစ်တယ်၊ ကိုယ်ကျင့်တရားကောင်းတဲ့အပြင် အရည်အချင်းရှိသူလည်းဖြစ်တယ်။ ခင်ဗျားသာ ကျုပ်ရာထူးကို ယူလိုက်ရင် ကျွန်တော် အေးအေးဆေးဆေးအနား ယူနိုင်ပါပြီ" ဟု ပြောသည်။
"လျူဘေ့"(Liu Bei) : "ဒါက မှန်ကန်တဲ့ကိစ္စမို့လို့၊ နောက်ပြီး မြို့စား ခုံးရုံ(Kong Rong) ကလည်း အကူအညီတောင်းခဲ့လို့ ရောက်လာခဲ့တာပါ၊ အခု ရွှီကျိုးက လုံခြုံသွားခဲ့ပြီ။ ဒီမြို့ကို ကျွန်တော်အုပ်ချုပ်လိုက်ရင် တစ်လောကလုံးကလူတွေက ကျွန်တော့်ကို ကောက်ကျစ်တဲ့လူလို့ ပြောကြလိမ့်မယ်"
"မီကျူ"(Mi Zhu) : "ခင်ဗျား မငြင်းပါနဲ့တော့၊ ဟန်တိုင်းပြည်ကြီးက ပြိုကွဲလုမတတ်ဖြစ်နေပြီ။ အခုအချိန်က ပြန်လည်ထူထောင်ရမယ့်အချိန်ပဲ။ ဒီဒေသက လူဦးရေများပြီး ဆန်ရေစပါး ပေါကြွယ်ဝတယ်၊ ခင်ဗျား အုပ်ချုပ်ဖို့ သင့်လျော်တဲ့နေရာဖြစ်တယ်"
"လျူဘေ့"(Liu Bei) : "ဒါပေမယ့် ကျွန်တော် လက်မခံနိုင်ဘူး"
"ချန်တန်"(Chen Deng) : "နယ်စားကြီး ထောင်ချန်(Tao Qian) က ကျန်းမာရေးချို့တဲ့နေပြီ။ နယ်ကိုကောင်းကောင်းမအုပ်ချုပ်နိုင်တော့တဲ့အတွက် သူတောင်းဆိုတာကို လက်ခံလိုက်ပါ"
"လျူဘေ့"(Liu Bei) : "ယွမ်စု(Yuan Shu) လည်း အမတ်မျိုးရိုးကနေ ဆင်းသက်လာတာပဲ၊ မျိုးဆက်သုံးဆက်မှာ နန်းတွင်းရာထူးကြီးလေးကြိမ်တောင် ထမ်းဆောင်ခဲ့ကြတယ်။ သူ့ကိုပဲ ဒီတာဝန်ပေးလိုက်ပါလား"
"ခုံးရုံ"(Kong Rong) : "ယွမ်စု(Yuan Shu) က အုတ်ဂူထဲက နှစ်ချို့နေတဲ့အရိုးခြောက်လိုပဲ၊ စကားထဲထည့်ပြောဖို့တောင် မတန်ဘူး။ ဒါက မိုးကောင်းကင်က ပေးတဲ့အခွင့်အရေးပဲ။ ဒါကိုလက်မခံရင် နောက် ခင်ဗျား နောင်ရရလို့ဆုံးမှာ မဟုတ်ဘူး"

"ခုံးရုံ"(Kong Rong) က ထိုသို့ပြောသော်လည်း "လျူဘေ့"(Liu Bei) က ငြင်းမြဲငြင်းသည်။
"ထောင်ချန်"(Tao Qian) သည် ငိုကာ
"ခင်ဗျား ဒါကို လက်မခံရင် ကျုပ်သေရင်တောင် စိတ်ဖြောင့်ဖြောင့်နဲ့ မျက်လုံးပိတ်နိုင်မှာ မဟုတ်ဘူး" ဟု ဆိုသည်။
"ကွမ်းယွီ"(Guan Yu) : "အစ်ကိုကြီး၊ သူပြောတာကို လက်ခံသင့်တယ်"
"ကျန်းဖေး"(Zhang Fei): "ဘာလို့ စွတ်ငြင်းနေတာတုန်း၊ ကျွန်တော်တို့က ဒီမြို့က အဓမ္မသိမ်းတာမဟုတ်ဘူး၊ သူကပေးလို့ လက်ခံတာပဲ"
"လျူဘေ့"(Liu Bei) : "ခင်ဗျားတို့အားလုံးတိုက်တွန်းတာက မှားတယ်"

"လျူဘေ့"(Liu Bei) လက်မခံသည့်အဆုံးတွင် "ထောင်ချန်"(Tao Qian) က
"ဒါဆိုလည်း ရှောင်ဖေ(Xiao Pei) မှာပဲ စခန်းချပြီး နေပေးပါ။ မြို့သေးလေးဆိုပေမယ့် အဲ့ကနေ တစ်နယ်လုံးကို စောင့်ကြည့်လို့ရတယ်" ဟုဆိုသည်။
အကုန်လုံးက ဝိုင်းတိုက်တွန်းသည့်အဆုံးတွင် "လျူဘေ့"(Liu Bei) လည်း ထိုအကြံကို လက်ခံလိုက်သည်။ အောင်ပွဲခံသည့်အခမ်းအနားပြီးဆုံးသွားချေပြီ။ နှုတ်ဆက်ရန်အချိန်တန်ပြီ။ "ကျောက်ယွင်"(Zhao Yun) သည်လည်း နှုတ်ဆက်ပြီး ပြန်သွားသည်။ "ခုံးရုံ"(Kong Rong) နှင့် "ထျန်းခိုင်(Tien Kai) တို့လည်း နှုတ်ဆက်ကာ သူတို့မြို့သို့ အသီးသီးပြန်သွားကြသည်။
"လျူဘေ့"(Liu Bei) နှင့် ညီနှစ်ဦးတို့သည် ရှောင်ဖေတွင် စတည်းချသည်။ ပထမဆုံး လုံခြုံရေးအတွက် ပြုလုပ်ပြီး နောက်တွင် ပြည်သူတို့ စိတ်အေးစေရန် ကျေညာချက်ထုတ်ပြန်သည်။

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် သူ့နယ်သို့သူ ပြန်ချီတက်နေပြီ။ "ချောင်ရန်"(Cao Ren) သည် "ချောင်ချောင်း"(Cao Cao) နှင့် တွေ့ပြီး
"လွီပု(Lu Bu) က အင်အားကြီးလွန်းတယ်။ နောက်ပြီး သူ့မှာ အကြံပေး ချန်ကုန်း(Chen Gong) ရှိနေပြီ၊ မြို့သုံးမြို့ကလွဲပြီး ရန်ကျိုးပြည်နယ်ကို လက်လွှတ်လိုက်ရပြီ" ဟု ဆိုသည်။
"ချောင်ချောင်း"(Cao Cao) : "လွီပု(Lu Bu) က ခွန်အားပဲကြီးတာ၊ ကြံရည်ဉာဏ်ရည်မရှိဘူး။ ဒါကြောင့် သူ့ကို ကြောက်စရာမလိုဘူး"
"လွီပု"(Lu Bu) သည် "ချောင်ချောင်း"(Cao Cao) ပြန်လာသည်ကို သိသောအခါ လက်အောက်မှ စစ်သူကြီးနှစ်ဦးဖြစ်သည့် "ရွှဲ့လန်"(Xue Lan) နှင့် "လီဖန်"(Li Fang) တို့ကိုခေါ်ကာ ရန်ကျိုးပြည်နယ်ကို ထိန်းစေသည်။
"ငါက မင်းတို့အစွမ်းပြမယ့် အချိန်ကို စောင့်နေတာ၊ စစ်သားတစ်သောင်းနဲ့ မြို့ကိုထိန်းထား၊ ငါက ကိုယ်တိုင် ချောင်ချောင်း(Cao Cao) ကို သွားတိုက်မယ်"
ထိုစစ်သူကြီးနှစ်ဦးတို့ကလည်း လက်ခံလိုက်ကြသည်။
အကြံပေး "ချန်ကုန်း"(Chen Gong) သည် အလောသုံးဆယ်ဖြင့်ရောက်လာကာ
"စစ်သူကြီး၊ ဘယ်သွားမလို့တုန်း" ဟု မေးသည်။
"ပုရန်မှာ စစ်စခန်းချမလို့"
"စစ်သူကြီး၊ အမှားလုပ်မိနေပြီ၊ စစ်သူကြီး တာဝန်ပေးထားတဲ့လူနှစ်ဦးဟာ မြို့ကိုစောင့်ကြပ်ဖို့ မဖြစ်နိုင်ဘူး။ တောင်ဘက်စွန်းစွန်းမိုင်ခြောက်ဆယ်အကွာလောက်မှာ ထိုင်ရှန်းတောင်ရှိတယ်၊ အဲ့နေရာမှာ တပ်ပုန်းချပြီး ချောင်ချောင်း(Cao Cao) ကိုတိုက်ရင် အသင့်လျော်ဆုံးပဲ။ ချောင်ချောင်း(Cao Cao) က အလောတကြီးနဲ့ ချီတက်လာမှာပဲ၊ သူ့စစ်သည်တစ်ဝက်လောက် အဲ့နေရာကို ကျော်သွားရင် သူ့ကို ဝင်တိုက်နိုင်ပြီ"
"ကျုပ်က ပုရန်ကို သိမ်းပြီး လုပ်စရာရှိတာလုပ်မယ်။ ခင်ဗျားက ကျုပ်အကြံကို ဘယ်လိုခန့်မှန်းနိုင်မှာလဲ"
သို့နှင့် "လွီပု"(Lu Bu) သည် "ရွှဲ့လန်"(Xue Lan) အား ရန်ကျိုးကို စောင့်ကြပ်ခိုင်းပြီးနောက် ထွက်ခွာသွားသည်။

"ချောင်ချောင်း(Cao Cao)" သည် ထိုင်ရှန်းတောင်အနီးရောက်လာသောအခါ "ကောကျား"(Guo Jia) မှ ရန်သူတို့ ခြုံခိုတိုက်နိုင်သဖြင့် သတိထားသင့်ကြောင်းပြောသည်။ "ချောင်ချောင်း"(Cao Cao) က ရယ်မောကာ
"လွီပု(Lu Bu) အကြောင်းက လူတွေ သိတဲ့အတိုင်းပဲ။ "ရွှဲ့လန်"(Xue Lan) လိုလူကိုတောင် မြို့စောင့်ခိုင်းထားတာ။ လွီပု(Lu Bu) က ဒီနေရာမှာ ကင်းပုန်းတွေထားမယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ချောင်ရန်(Cao Ren) ကို ရန်ကျိုးကို သိမ်းခိုင်းပြီး ငါက ပုရန်ကို တိုက်ရင်ကောင်းမယ်" ဟု ပြောသည်။
ပုရန်တွင် "ချန်ကုန်း"(Chen Gong) သည် ရန်သူတို့ ချဉ်းကပ်လာကြောင်းသိသောအခါ
"ရန်သူတွေက ခရီးအရှည်ကြီးချီတက်လာတဲ့အတွက် မောနေပြီ။ ဒါကြောင့် သူတို့အနားမရခင် လက်ဦးမှုယူမှဖြစ်မယ်" ဟု ပြောသည်။ သို့သော် "လွီပု"(Lu Bu) က
"ကျုပ်လို မြင်းသည်တော်က ဘယ်သူ့ကိုမှမကြောက်ဘူး၊ သွားချင်သွားမယ်၊ လာချင်လာမယ်။ ချောင်ချောင်း(Cao Cao) လောက်ကို ကြောက်စရာလား။ သူ စခန်းချပါစေဦး။ သူ့ကို နောက်မှ သွားတိုက်မယ်" ဟု ပြောသည်။

"ချောင်ချောင်း"(Cao Cao) သည် ပုရန်အနီးသို့ ရောက်သောအခါ စခန်းချလေသည်။ နောက်ရက်တွင် စစ်သူကြီးတို့နှင့်အတူ စစ်တပ်ကို ဖြန့်ခင်းသည်။ "ချောင်ချောင်း"(Cao Cao) သည် မြင်းပေါ်မှနေ၍ ရန်သူ့အလာကို စောင့်နေသည်။
မကြာမီပင် "လွီပု"(Lu Bu) ရောက်လာကာ စက်ဝိုင်းပုံဗျူဟာခင်းကျင်းထားသည်။ "လွီပု"(Lu Bu) သည် ရှေ့ဆုံးတွင်ရှိပြီး နောက်တွင် သန်မာသောစစ်သူကြီးရှစ်ဦးရှိသည်။ ထိုရှစ်ဦးတို့မှာ မာရီမှ "ကျန်းလျောင်"(Zhang Liao) ၊ သူ့နောက်တွင် "ဟောင်မန်"(Hao Meng) ၊ "ချောင်ရှင်း"(Cao Xing) နှင့် "ချန်လျန်"(Cheng Lian) ၊  ပြီးလျှင်ဟွရင်မှ "ကျန်းပါ"(Zang Ba) ၊ သူ့နောက်တွင်တွင်မူ "ဝေရွှီ"(Wei Xu) ၊ "Song Xian"(စုန့်ရှန်) နှင့် "ဟိုချန်"(Ho Cheng) တို့ရှိသည်။ စစ်သားစုစုပေါင်းကား ငါးသောင်းခန့်ရှိသည်။
ဗုံတို့ကိုတီးပြီးနောက် "ချောင်ချောင်း"(Cao Cao) သည် ရန်သူကို လက်ညှိုးညွှန်ကာ
"မင်းနဲ့ငါနဲ့က ရန်ငြိုးမရှိပဲနဲ့ ကျုပ်နယ်မြေကို ဘာလို့ တိုက်ရတာတုန်း" ဟု ပြောသည်။
"လွီပု"(Lu Bu) : "ဟန်တိုင်းပြည်ကြီးက လူတွေအားလုံးပိုင်ဆိုင်တဲ့အရာပဲ။ ဘာလို့ ခင်ဗျားနယ်မြေလို့ပြောနိုင်တာတုန်း"

ထို့နောက် "လွီပု"(Lu Bu) သည် "ကျန်းပါ"(Zang Ba) အား ရှေ့သို့ထွက်ကာ စိမ်ခေါ်စေသည်။ "ချောင်ချောင်း"(Cao Cao) ဘက်မှ "ယွဲ့ကျင့်"(Yue Jin) ထွက်လာသည်။ ထိုသူနှစ်ဦးတို့သည် လှံကိုယ်စီဖြင့် အကွက်သုံးဆယ်ခန့်တိုက်ပြီးသော်လည်း အရှုံးအနိုင်မပေါ်ချေ။ ထို့နောက် "ရှဟိုတွန်း"(Xiahou Dun) ထွက်လာသည်၊ "လွီပု"(Lu Bu) ဘက်မှလည်း "ကျန်းလျောင်"(Zhang Liao) ထွက်လာကာ လေးဦးတိုက်ကြလေသည်။
"လွီပု"(Lu Bu) သည် ဒေါသထွက်ကာ သူ၏လှံကိုကိုင်ပြီး တိုက်ရန် ဝင်လာသည်။ "လွီပု"(Lu Bu) လာသည်မြင်သည်နှင့် "ရှဟိုတွန်း"(Xiahou Dun) နှင့် "ယွဲ့ကျင့်"(Yue Jin) တို့ ပြေးလေသည်။ "လွီပု"(Lu Bu) ကလည်း နောက်မှလိုက်သည်။ ထိုတစ်ရက်တာအတွက် "ချောင်ချောင်း"(Cao Cao) ဘက်မှ ရှုံးနှိမ့်သွားကာ ဆယ်မိုင်အကွာခန့်တပ်ဆုတ်ပြီး စခန်းချသည်။ "လွီပု"(Lu Bu) လည်း တပ်ကိုစုကာ ပြန်လှည့်သွားသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် စစ်သူကြီးတို့ကို စည်းဝေးကာ အကြံတောင်းသည်။
"ယွီကျင့်"(Yu Jin) : "ဒီနေ့ တောင်ကုန်းပေါ်ကနေ ပုရန်အနောက်ဘက်က ရန်သူတွေကို လှမ်းမြင်ရတယ်။ ရန်သူတွေရှိပေမယ့် လူနည်းတယ်။ ဒီညသွားတိုက်ရင် ရန်သူတွေက သိပ်အများကြီးရှိမှာမဟုတ်လို့ အောင်မြင်နိုင်တယ်၊ ဒီည ရန်သူစခန်းကိုသိမ်းပြီးတော့ လွီပု(Lu Bu) ကို ကြောက်သွားအောင် လုပ်ရမယ်။ ဒါက အကောင်းဆုံးနည်းပဲ"
"ချောင်ချောင်း"(Cao Cao) လည်း ထိုသို့ပင် တွေးသည်။ "ချောင်ချောင်း"(Cao Cao) သည် သူနှင့်အတူ စစ်သူကြီးခြောက်ဦးဖြစ်သော "ချောင်ဟုန်"(Cao Hong) ၊ "လီတျန်"(Li Dian) ၊ "မောင်ကျဲ"(Mao Jie) ၊ "လုချန်"(Lu Qian) ၊ "ယွီကျင့်"(Yu Jin) နှင့် "တျန်ဝေ"(Dian Wei) တို့နှင့်အတူ စစ်တပ်နှစ်သောင်းကို ဦးဆောင်ကာ တိတ်တဆိတ် ချီတက်လေသည်။

"လွီပု"(Lu Bu) သည်ကား သူ၏စခန်းတွင် အောင်ပွဲခံနေသည်။ "ချန်ကုန်း"(Chen Gong) မှ
"ခံတပ်အနောက်ပိုင်းက အရေးကြီးတယ်။ ရန်သူတွေ လာတိုက်နိုင်တယ်" ဟု သတိပေးသည်။
"ဒီနေ့ရှုံးသွားပြီပဲ။ သူတို့ လာတိုက်မှာ မဟုတ်ပါဘူး"
"ချောင်ချောင်း(Cao Cao) က အရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ သူနဲ့တိုက်ရင် သတိထားမှ တန်ကာကျမယ်"
ထို့ကြောင့် ထိုနေရာကို စောင့်ကြပ်ရန် စစ်သူကြီး "ကောက်ရွှန်း"(Gao Shun) ၊ "ဝေရွှီ"(Wei Xu) နှင့် "ဟိုချန်"(Hou Cheng) တို့ကို လွှတ်လိုက်သည်။

မှောင်စပြုသောအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် ရန်သူ့စခန်းနားရောက်ကာ လေးဘက်လေးလံမှ လျက်တပြက်တိုက်လေသည်။ ခုခံသူတို့သည် မခုခံနိုင်ကြပဲ ထွက်ပြေးသဖြင့် ခံတပ်ကျသည်။ လေးချက်တီးအချိန်ခန့်တွင် တစ်ဖက်ရန်သူရောက်လာသဖြင့် "ချောင်ချောင်း"(Cao Cao) ထွက်တိုက်ရာ စစ်တပ်ကို ဦးဆောင်လာသူမှာ "ကောက်ရွှန်း"(Gao Shun) ဖြစ်သည်။ ထို့နောက် အရုဏ်တက်ချိန်အထိ တိုက်ကြပြန်သည်။ ထိုအချိန်တွင် အနောက်ဘက်မှ ဗုံသံတို့ကို ကြားလိုက်ရပြီး "လွီပု"(Lu Bu) လာသည်ဟု ကြားလေလျှင် "ချောင်ချောင်း"(Cao Cao) သည် ဆက်မတိုက်တော့ပဲ ပြေးလေသည်။
"လွီပု"(Lu Bu) ဦးဆောင်ကာ "ကောက်ရွှန်း"(Gao Shun) ၊ "ဝေရွှီ"(Wei Xu) နှင့် "ဟိုချန်"(Hou Cheng) တို့က နောက်မှလိုက်သည်။ "ချောင်ချောင်း"(Cao Cao) ၏ စစ်သူကြီးနှစ်ဦးဖြစ်သော "ယွီကျင့်"(Yu Jin) နှင့် "ယွဲ့ကျင့်"(Yue Jin) တို့က နောက်မှလိုက်လာသော ရန်သူတို့ကို တိုက်သော်လည်း ကြာကြာမခုခံနိုင်ချေ။ "ချောင်ချောင်း"(Cao Cao) သည် မြောက်ဘက်သို့ပြေးသွားသည်။ တောင်ကုန်းနောက်ကွယ်မှ "ကျန်းလျောင်"(Zhang Liao) နှင့် "ကျန်းပါ"(Zang Ba) တို့ထွက်လာကာတိုက်သည်။ ထိုသူနှစ်ဦးနှင့်ရင်ဆိုင်ရန် "လုချန်"(Lu Qian) နှင့် "ချောင်ဟုန်"(Cao Hong) ကို လွှတ်လိုက်သည်။ သို့သော် ရှုံးသွားပြန်သည်။
"ချောင်ချောင်း"(Cao Cao) သည် အနောက်ဘက်သို့ ပြေးပြန်သည်။ ထိုနေရာတွင်လည်း "လွီပု"(Lu Bu) ၏ စစ်သူကြီးလေးဦးဖြစ်သော "ဟောင်မန်"(Hao Meng) ၊ "ချောင်ရှင်း"(Cao Xing) ၊ "ချန်လျန်"(Cheng Lian) နှင့် "စုန့်ရှန်း"(Song Xian) တို့က အသင့်စောင့်နေသည်။

အခြေအနေမဟန်တော့။ "ချောင်ချောင်း"(Cao Cao) သည် ရန်သူတို့ကို ဖောက်ထွက်ရန် ကြိုးစားသော်လည်း ရန်သူဘက်မှ မြားဖြင့်ပစ်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ကြောက်လန့်စွာဖြင့်
"ဘယ်သူ ငါ့ကို ကယ်နိုင်မလဲ" ဟု ဆိုလေသည်။
ထိုအခါ "တျန်ဝေ"(Dian Wei) သည် သူ၏ လှံနှစ်ချောင်းကို ကိုင်ကာ
"သခင်၊ ဘာမှမစိုးရိမ်နဲ့" ဟု ပြောသည်။
ထို့နောက် "တျန်ဝေ"(Dian Wei) သည် လှံနှစ်ချောင်းကို ချကာ ပုဆိန်အထုတ်တစ်ထုတ်ကို ယူကာ သူ့နောက်လိုက်တို့အား
"ရန်သူတွေ ခြေဆယ်လှမ်းအကွာရောက်ရင် ငါ့ကိုပြော" ဟု ဆိုသည်။

ထို့နောက် မြားတို့ကို အလေးမမူပဲ ရန်သူ့ကြားထဲသို့ ဝင်သွားသည်။ ရန်သူတို့က အနီးကပ်လာသောအခါ "တျန်ဝေ"(Dian Wei) ၏ နောက်လိုက်တို့က
"ခြေဆယ်လှမ်း" ဟု အော်လေသည်။
"တျန်ဝေ"(Dian Wei) က "နောက်ခြေငါးလှမ်းအလိုမှာ ထပ်ပြော" ဟု ဆိုသည်။
"ခြေငါးလှမ်း!!"
ထိုအခါ "တျန်ဝေ"(Dian Wei) သည် အိတ်ထဲမှ ပုဆိန်တို့ဖြင့် ရန်သူတို့ကို ပေါက်လေသည်။ ပုဆိန်တိုင်းသည် ရန်သူအယောက်တိုင်းကို ထိမှန်သည်။ လွဲသွားသည်ဟူ၍ မရှိချေ။
ရန်သူဆယ်ဦးခန့် သေဆုံးသွားပြီး အခြားသူတို့ ထွက်ပြေးသွားသောအခါ "တျန်ဝေ"(Dian Wei) သည် မြင်းကို ချက်ချင်းစီးကာ လှံနှစ်ချောင်းကိုပြန်ကိုင်ပြီး ရန်သူတို့ကို တိုက်လေသည်၊ တစ်ဦးတစ်ယောက်မှ သူ့ကို မယှဉ်နိုင်ချေ။ သို့နှင့် "ချောင်ချောင်း"(Cao Cao) ကို ရန်သူနှင့် ဝေးရာသို့ ခေါ်သွားနိုင်ခဲ့သည်။ "ချောင်ချောင်း"(Cao Cao) နှင့် စစ်သူကြီးတို့သည် သူတို့ စခန်းသို့ ပြန်ရောက်သွားသည်။

ညနေစောင်းအချိန်တွင် ဆူဆူညံညံအသံတို့ ကြားလိုက်ရပြီး "လွီပု"(Lu Bu) ကိုယ်တိုင် ဦးဆောင်လာသော စစ်တပ်ကြီးရောက်လာသည်။ "လွီပု"(Lu Bu) သည် လှံကိုကိုင်လျက်
"ချောင်ချောင်း၊ သူပုန်၊ မပြေးနဲ့" ဟု အော်လေသည်။

အကုန်လုံး ရပ်တန့်သွားကြပြီး တစ်ဦးမျက်နှာတစ်ဦး ကြည့်ကြသည်။ စစ်သားတို့သည် ပင်ပန်းနွမ်းနယ်နေပြီ၊ မြင်းတို့လည်း ပန်းကုန်ပြီ။ စစ်သားတို့၏ ရင်ဝယ် အကြောက်တရားကိန်းအောင်းလာခဲ့ပြီး ခိုကိုးရာကို မြင်လိုမြင်ငြား ရှာကြလေသည်။

Comments

Popular posts from this blog

Lookism