သုံးနိုင်ငံခေတ်(၁၀)

အခန်း(၁၀) "မာထန်"(Ma Teng) သည် ဘုရင်ကို ကယ်ရန် ကြိုးပမ်းခြင်း။ "ချောင်ချောင်း"(Cao Cao) သည် သူ့အဖေအတွက် လက်စားချေခြင်း။


ရှေ့အခန်းတွင် သူပုန်ခေါင်းဆောင်နှစ်ဦးဖြစ်သည့် "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့သည် "ရှန်"(Xian) ဧကရာဇ်ကို သတ်ရန်ကြံစည်ကြလေသည်။ သို့သော်လည်း အခြားခေါင်းဆောင်နှစ်ဦးဖြစ်သည့် "ကျန်းကျိ"(Zhang Ji) နှင့် "ဖန်ချိုး"(Fan Chou) တို့က ကန့်ကွက်ကြသည်။
"မဟုတ်ဘူး၊ ဒီအချိန်မှာ ဘုရင်ကို သတ်လိုက်ရင် တိုင်းသူပြည်သားတွေက လက်ခံမှာ မဟုတ်ဘူး၊ သူ့ကို အာဏာပေးချင်ယောင်ဆောင်လိုက်၊ ပြီးရင် မြို့တော်ချန်အန်းကို ငါတို့ခြေ၊ ငါတို့လက်ဖြစ်အောင်လုပ်ရမယ်။ နောက်ပိုင်း ဘုရင်ကို ထောက်ခံသူတွေကို ရှင်းပြီးမှသာလျှင် သူ့ကို သတ်ဖို့ ကြံရမှာ ဖြစ်တယ်။ ဒီလိုဆိုရင်တော့ တိုင်းပြည်ကြီးက ငါတို့လက်ထဲမှာပဲပေါ့"
သို့နှင့် ဘုရင်ကို မသတ်တော့ချေ။ ဘုရင်သည် ပြဿာဒ်မှနေကာ မိန့်ဆိုသည်။
"အသင်တို့၊ ဘာလို့ နေနေသေးတာတုန်း။ ဝမ်ယွင်(Wang Yun) ကို သတ်ပြီးပြီမဟုတ်လား၊ စစ်တပ်တွေကို ပြန်ဆုတ်ခိုင်းတော့လေ"
"ကျွန်တော်မျိုးတို့က တိုင်းပြည်အပေါ် ကောင်းကျိုးပြုခဲ့တဲ့အတွက် ရာထူးတိုးမြင့်တာလိုချင်ပါတယ်"
"ဘာရာထူးတွေ လိုချင်လို့လဲ"

သို့နှင့် သူပုန်တို့သည် သူတို့လိုချင်သော အရာအသီးသီးကိုရေးကာ ဘုရင်ကို ပေးလိုက်သည်။ ဘုရင်မှာလည်း နီးရာဓားကို ကြောက်ရသဖြင့် သူပုန်တို့ကို ရာထူးတိုးပေးရလေသည်။
"လီကျွယ်"(Li Jue) သည် မြင်းပျံတပ်စစ်သူကြီးရာထူး၊ ချီရန်မြို့စား၊ မြို့တော်ကာကွယ်ရေးတပ်ခေါင်းဆောင်၊ နန်းတော်ကြီးကြပ်ရေးမှူး စသောရာထူးတို့အပြင် စစ်တပ်ကို ထိန်းချုပ်နိုင်သည့် အာဏာတို့ကို ရသည်။
"ကော်စီ"(Guo Si) မှာမူ နောက်တန်းတပ်၏ စစ်သူကြီး၊ မေရန်မြို့စား၊ နန်းတော်ကြီးကြပ်ရေးမှူးနှင့် စစ်တပ်အာဏာတို့ကို ရသည်။
"ဖန်ချိုး"(Fan Chou) မှာမူ ညာတောင်ပံတပ်စစ်သူကြီးရာထူးနှင့် ဝါညမ်မြို့စားအဖြစ် ခန့်အပ်ခြင်းခံရသည်။
"ကျန်းကျိ"(Zhang Ji) သည်လည်း မြင်းပျံတပ်စစ်သူကြီးရာထူးအပြင် ဖင်ရန်မြို့စားအဖြစ် ချီးမြှောက်ခြင်းခံရလေသည်။
"လီမန်"(Li Meng) နှင့် "ဝမ်ဖန်"(Wang Fang) တို့သည် အတွင်းမှ မြို့တံခါးတို့ကို ဖွင့်ပေးသဖြင့် နန်းတော်တပ်မှူးအဖြစ် ခန့်အပ်ခြင်းခံရသည်။
ထိုရာထူးတို့ ချီးမြင့်ခံရပြီးနောက် "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့သည် ဘုရင်ကို ကျေးဇူးတင်ကာ ချန်အန်းမြို့၏ ရပ်ကွက်တစ်ခုဖြစ်သော ရွှင်းနွန်တွင် စခန်းချသည်။ အခြားသော သူပုန်ခေါင်းဆောင်တို့သည်လည်း ရာထူးပေးအပ်ခြင်းခံရသဖြင့် ကျေနပ်သွားကြသည်။ မြို့တော်ကား သူပုန်တို့၏ ဖျက်စီးမှုရန်မှ လွတ်မြောက်သွားခဲ့ပြီ။

"တုန်ကျိုး"(Dong Zhuo) ၏ နောက်လိုက်တို့သည် ထိုသို့အောင်မြင်ခဲ့သော်လည်း သူတို့၏ ခေါင်းဆောင်ဟောင်းကြီး၏ ကျေးဇူးကို မမေ့ပေ။ "တုန်ကျိုး"(Dong Zhuo) ၏ အလောင်းကို ပြန်ရှာကာ သင်္ဂြိုဟ်ရန် ကြံသော်လည်း အလောင်း၏ အစအနတို့သာ ရှာတွေ့သည်။ သို့နှင့် ပန်းပုသမားတို့ကို "တုန်ကျိုး"(Dong Zhuo) ၏ ပုံအတိုင်း သစ်သားဖြင့် ပန်းပုထုစေပြီး ထိုအရုပ်ကို အဖိုးတန်သောအခေါင်းထဲသွင်းကာ မြှုပ်ရန် ကြံသည်။ ရက်ကောင်းရက်သာရွေးပြီး ဈာပနပြုလုပ်သော်လည်း ထိုရက်တွင် မိုးကြိုးမုန်တိုင်းကျကာ မြေပြင်ကို ရေအတိ ဖုံးသွားစေသည် ဟူ၏။ အခေါင်းမှာ အစိတ်စိတ်အမွှာမွှာကွဲသွားပြီး ကျန်သော ခန္ဓာကိုမူ မိုးကြိုးပစ်ချခြင်း ခံရလေ၏။
ဒုတိယအကြမ် ဈာပနလုပ်ရန် ကြံပြန်ရာ ပထမအတိုင်းပင် ဖြစ်ပြန်၏။ တတိယအကြမ်တွင်ကား မြေကြီးသည်ပင် လက်မခံတော့ချေ။ မိုးကြိုးတို့ကို ထိုအလောင်းကို လုံးဝလောင်ကျွမ်းသွားစေခဲ့ပြီ။ ကောင်းကင်ကြီးသည်ကား "တုန်ကျိုး"(Dong Zhuo) အပေါ် အလွန်စိတ်ဆိုးနေခဲ့ပြီဟု ဆိုနိုင်သည်။


ယခုအခါ "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့သည် အစစ်အမှန်အာဏာကို ချုပ်ကိုင်ထားကြသည်။ လူတို့ကို ဖိနှိပ်ခြင်း၊ နန်းတွင်းမှလူတို့ကို ဖြုတ်ကာ သူတို့လူနှင့် အစားထိုးခြင်း စသော အလုပ်တို့ကို လုပ်လေသည်။ ထိုလူတို့ကို ဘုရင်အား အချိန်ပြည့်စောင့်ကြည့်စေသဖြင့် ဘုရင့်အား အရှက်တော်ရစေသည်။ ထိုသို့ပင် ရာထူးတိုးခြင်း၊ ဖြုတ်ခြင်းတို့ကို ထင်သလိုပင် လုပ်နေကြသည်။ သူတို့ နာမည်ကြီးစေရန် "ကျူကျွင်း"(Zhu Jun) ကို နန်းတော်တွင် အမှုထမ်းရန် ပြန်ခေါ်ကာ အတွင်းဝန်ရာထူးပေးလေသည်။

တစ်နေ့သော် ပင်ကျိုးနယ်နှင့် ရှီလျန်မြို့တို့ကို အပိုင်စားရသော "မာထန်"(Ma Teng) သည် "ဟန်ဆွေ"(Han Sui) နှင့် ပူးပေါင်းကာ သူပုန်တို့ကိုတိုက်ထုတ်ပြီး ဘုရင့်ကိုကယ်တင်မည်ဟု ကြွေးကြော်ကာ စစ်တပ်တစ်သိန်းဖြင့် မြို့တော်ကို ချီတက်လာသည်။
အနောက်ဘက်ရှိ ခေါင်းဆောင်တို့သည် စစ်တိုက်ရန် စီမံကိန်းတို့ရေးဆွဲပြီးကြပြီ။ "မာထန်"(Ma Teng) နှင့် "ဟန်ဆွေ"(Han Sui) တို့သည် မြို့တော်သို့လူလွှတ်ကာ သူတို့ကို ကူညီမည့်သူကို ရှာသည်။ သူတို့အား ကူညီမည့် မြို့တော်မှ သူသုံးဦးကား အမတ် "မာယွီ"(Ma Yu) ၊ "ချုံးရှောင်"(Chong Shao) နှင့် စစ်သူကြီး "လျူဖန်"(Liu Fan) တို့ ဖြစ်သည်။ ဤသို့နှင့် အတွင်းအပြင်ပေါင်းကာ သူပုန်တို့ကို သုတ်သင်ရန် ကြံကြသည်။ ထိုသုံးဦးတို့၏ အကူအညီဖြင့် "မာထန်"(Ma Teng) သည် ဘုရင်ထံမှ "အနောက်ဘက်ကို အောင်နိုင်သော စစ်သူကြီး" ဟူသော ရာထူးကို ရကာ "ဟန်ဆွေ"(Han Sui) မှာမူ "အနောက်ဘက်ကို ကာကွယ်သော စစ်သူကြီး" ဟူ၍ ဘုရင်ထံမှ တိတ်တဆိတ် ရာထူးတိုးခြင်းခံရသည်။ သို့နှင့် ထို သူနှစ်ဦးတို့သည် စစ်တပ်တို့ကို ဦးဆောင်ကာ မြို့တော်သို့ ချီတက်လာသည်။

သူပုန်တို့ဘက်မှ ခေါင်းဆောင်လေးဦးသည်လည်း အစည်းအဝေးထိုင်ကာ တိုင်ပင်ကြသည်။ အကြံပေး "ကျာရွှီ"(Jia Xu) မှ ပြောသည်။
"ရန်သူတွေက အဝေးကြီးက ချီတက်လာတာဖြစ်တဲ့အတွက် ကျွန်တော်တို့က မြို့ကို လုံခြုံအောင်ပဲ လုပ်ပြီးတော့ ကာကွယ်ရမယ်။ ဒီလိုဆို သူတို့ ရက်တစ်ရာလောက် ဝန်းရံပြီးရင် ရိက္ခာကုန်တာနဲ့ ပြန်သွားရမှာပဲ၊ အဲ့အချိန်မှ ဝင်တိုက်ရင် အကောင်းဆုံးပဲ"
"လီမန်"(Li Meng) နှင့် "ဝမ်ဖန်"(Wang Fang) တို့က ထကာ ပြောသည်။
"ဒီအကြံက မကောင်းဘူး။ ကျုပ်တို့နှစ်ယောက်ကို စစ်သားတစ်သောင်းသာပေး။ အဲ့ခေါင်းဆောင်တွေကို သတ်ပြီး သူတို့ခေါင်းကို ယူလာပြမယ်"
"အဲ့လိုဆို အရှုံးနဲ့ ရင်ဆိုင်ရမှာပဲ"
"ကျုပ်တို့ရှုံးရင် ကျုပ်တို့ အသေခံမယ်၊ နိုင်ရင်တော့ ခင်ဗျား ခေါင်းပြတ်ဖို့တာ ပြင်ထား"

ထိုအခါ "ကျာရွှီ"(Jia Xu) သည် "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) အားအောက်ပါအတိုင်း ပြောသည်။
"မြို့တော်က မိုင်ခုနှစ်ဆယ်အကွာမှာ ကျိုးကျီတောင်ကုန်းရှိတယ်၊ အဲ့နေရာမှာ လမ်းတွေကကျဉ်းပြီး သွားရလာရ ခက်ခဲတယ်၊ စစ်သူကြီး ကျန်းကျိ(Zhang Ji) နဲ့ ဖန်ချိုး(Fan Chou) ကို အဲ့နေရာမှာ တပ်စွဲစေပြီး လီမန်(Li Meng) နဲ့ ဝမ်ဖန်(Wang Fang) ကို ကူညီစေပါ"
ထိုအကြံကို လက်ခံလိုက်ပြီး ထိုနေရာတွင် ခြေလျင်တပ်နှင့် မြင်းတပ် စုစုပေါင်းတစ်သောင်းခွဲကို စခန်းချစေသည်။ "လီမန်"(Li Meng) နှင့် "ဝမ်ဖန်"(Wang Fang) တို့သည် စိတ်ဓာတ်တက်ကြွစွာဖြင့် ထွက်သွားကာ မြို့တော်မှာ မိုင်ကိုးဆယ်အကွာဝယ် စခန်းချသည်။

ထို့နောက် အနောက်ဘက်မှ ချီတက်လာကြသော "မာထန်"(Ma Teng) နှင့် "ဟန်ဆွေ"(Han Sui) တို့ကို "လီမန်"(Li Meng) နှင့် "ဝမ်ဖန်"(Wang Fang) တို့က တပ်ခင်းကာ အဆင်သင့်စောင့်နေသည်ကို တွေ့လိုက်သည်။ "မာထန်"(Ma Teng) နှင့် "ဟန်ဆွေ"(Han Sui) တို့သည် တပ်ရှေ့သို့ထွက်ကာ သူပုန်တို့အား လက်ညှိုးညွှန်ပြီး
"ဒါတွေက သစ္စာဖောက်တွေပဲ။ သူတို့ကို ဘယ်သူ ဖမ်းမလည်းဟေ့" ဟု မေးသည်။
မကြာမီပင် ငယ်ရွယ်နုပျိုသော စစ်သူကြီးတစ်ဦးသည် လှံကို ကိုင်ကာ မြင်းကောင်းမြင်းလှကို စီးလျက် ထွက်လာသည်။ ထိုသူသည်ကား "မာထန်"(Ma Teng) ၏ သား "မာချောင်း"(Ma Chao) ဖြစ်ပြီး ထိုအချိန်တွင် အသက် တစ်ဆယ့်ခုနှစ်နှစ်ရှိပြီ ဖြစ်သည်။
"မာချောင်း"(Ma Chao) သည် ငယ်ရွယ်သော်လည်း သတ္တိရှိပြီး ရဲဝံ့သူ ဖြစ်သည်။

"ဝမ်ဖန်"(Wang Fang) သည် ရန်သူဘက်မှ ငယ်ရွယ်သော စစ်သူကြီး ထွက်လာသည်ကို မြင်သော်အခါ ဒေါသထွက်ပြီး ရှေ့သို့ထွက်ကာ "မာချောင်း"(Ma Chao) နှင့် တိုက်လေသည်။ တိုက်ပြီး သိပ်ပင်မကြာ၊ "မာချောင်း"(Ma Chao) ၏ လှံက တစ်ဖက်ရန်သူကို ဖောက်သွားသည်။ "မာချောင်း"(Ma Chao) သည် အနောက်ဘက်သို့ ပြန်လှည့်ရန် ပြင်ရာ "လီမန်"(Li Meng) သည် ရုတ်တရတ်ထွက်လာပြီး တိုက်ပွဲတွင်ကျသွားသော သူ၏ လုပ်ဖော်ကိုင်ဘက်အတွက် လက်စားချေရန် ပြုသည်။
"မာချောင်း"(Ma Chao) ကား "လီမန်"(Li Meng) ကို မြင်ဟန်မပေါ်၊ သို့သော်လည်း သူ့အဖေမှ
"နောက်မှာ ရန်သူလာနေတယ်" ဟု လှမ်းအော်ကာ သတိပေးသည်။
"မာထန်"(Ma Teng) ပြောနေချိန်တွင်ပင် "မာချောင်း"(Ma Chao) က "လီမန်"(Li Meng) ကို ဖမ်းကာ သူ့မြင်းပေါ်သို့ တင်လိုက်ပြီဖြစ်သည်။ စင်စစ်သော် "မာချောင်း"(Ma Chao) ကား ရန်သူကို မမြင်ခြင်းမဟုတ်၊ မမြင်ချင်ဟန်ဆောင်ကာ ရန်သူ၏ အငိုက်ကို စောင့်နေခြင်းပင် ဖြစ်သည်။
ဖြစ်ပုံက ဤသို့တည်း။ "လီမန်"(Li Meng) သည် "မာချောင်း"(Ma Chao) နောက်မှ လိုက်ကာ "မာချောင်း"(Ma Chao) ကို လှံနှင့် ထိုးလိုက်သည်၊ ၎င်းကို "မာချောင်း"(Ma Chao) က ရှောင်လိုက်ပြီး သန်မာသောလက်မောင်းတို့ဖြင့် "လီမန်"(Li Meng) ကို ဆွဲကာ သုံ့ပန်းအနေဖြင့် ဖမ်းလိုက်လေသည်။ ခေါင်းဆောင်မဲ့သွားသော စစ်တပ်တို့သည်ကား အရပ်မျက်နှာ ပေါင်းစုံသို့ ပြေးကြသည်။ "မာထန်"(Ma Teng) နှင့် "ဟန်ဆွေ"(Han Sui) တို့က နောက်မှလိုက်ကာ တိုက်သဖြင့် အနိုင်ရသည်။ ထို့နောက် ခံတပ်တစ်ခုကို သိမ်းကာ စခန်းချပြီး "လီမန်"(Li Meng) ကို သတ်စေကာ ခေါင်းကို ချိတ်ဆွဲထားလေသည်။

"လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့သည် အပြောကြီးသော စစ်သူကြီးနှစ်ဦးတို့ တစ်ဖက်ရန်သူတပ်၏ လူငယ်တစ်ယောက် လက်ချက်ဖြင့် သေဆုံးသည်ကို ကြားရသောအခါ "ကျာရွှီ"(Jia Xu) ၏ အကြံသည် မှန်ကန်ကြောင်း သဘောပေါက်သွားသည်။ ထိုအကြံကိုပင် လက်ခံကာ ခံစစ်သာ နေရန်ပြုပြီး ရန်သူနှင့် ယှဉ်မတိုက်တော့ပေ။
"ကျာရွှီ"(Jia Xu) ခန့်မှန်းသည့်အတိုင်းပင် နှစ်လကြာသော် ရှီလျန်စစ်တပ်သည် စားနပ်ရိက္ခာမလောက်သည်နှင့် ခေါင်းဆောင်တို့က တပ်ဆုတ်ရန် ကြံကြသည်။ ထိုအချိန်လောက်တွင်ပင် "မာယွီ"(Ma Yu) ၏ အစေခံတစ်ဦးသည် သစ္စာဖောက်ကာ နန်းတွင်းမှ အရာရှိသုံးဦးတို့သည် အနောက်ဘက်မှ လာတိုက်သော ရန်သူတို့နှင့် ပူးပေါင်းသည့်အကြောင်းကို သတင်းပို့လိုက်သည်။ ထိုအခါ "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့သည် ထိုပူးပေါင်းသူ သုံးဦးလုံးနှင့် သူတို့၏ အိမ်သူအိမ်သားများကိုပါ ဖမ်းစေကာ လူပုံအလယ်တွင် ခေါင်းဖြတ်သတ်စေသည်။ ထို့နောက် ထိုသူသုံးဦး၏ ခေါင်းတို့ကို မြို့တော်၏ အရှေ့တံခါးတွင် ချိတ်ထားလေသည်။

အစာရေစာ မရှိတော့သည့်အပြင် မြို့တွင်းမှ ကူညီမည့်သူတို့ သေဆုံးကြသောအခါ "မာထန်"(Ma Teng) နှင့် "ဟန်ဆွေ"(Han Sui) တို့အဖို့ တပ်ဆုတ်ရန်မှတပါး အခြားမရှိလေပြီ။ တပ်ဆုတ်သည်နှင့် ရန်သူဘက်မှ "ကျန်းကျိ"(Zhang Ji) က "မာထန်"(Ma Teng) ကိုတိုက်ကာ "ဖန်ချိုး"(Fan Chou) က "ဟန်ဆွေ"(Han Sui) နောက် လိုက်သည်။ "မာထန်"(Ma Teng) ၏ စစ်တပ်ကား အလူးအလဲခံရသည်။ "မာချောင်း"(Ma Chao) ၏ အပြင်းအထန် ခုခံမှုကြောင့်သာ ရန်သူတို့က နောက်မှ ဆက်မလိုက်တော့ချေ။
"ဖန်ချိုး"(Fan Chou) သည် အခြားတပ်နောက်ကို လိုက်ရာ "ဟန်ဆွေ"(Han Sui) သည် ရဲရင့်စွာ ရှေ့သို့ ထွက်လာပြီး
"ကျွန်တော်နဲ့ ခင်ဗျားနဲ့က တစ်ရွာတည်းသားချင်းတွေပဲဗျာ၊ ဘာလို့ဒီလို တိုက်ရတာတုန်း"
"ကျုပ်က ကျုပ် ခေါင်းဆောင်ရဲ့အမိန့်ကို နာခံရမယ်"
"ကျွန်တော်က ဒီလိုလုပ်တာ တိုင်းပြည်ကြီးအတွက်ပါ၊ ဘာလို့များ ဒီလိုလိုက်တိုက်ရတာလဲ"

ထိုအခါ "ဖန်ချိုး"(Fan Chou) သည် "ဟန်ဆွေ"(Han Sui) ကို မတိုက်တော့ပဲ မြင်းကို နောက်ပြန်လှည့်စေကာ သူ့တပ်တို့ကိုလည်း ပြန်ဆုတ်စေသည်။ ၎င်းကို "လီကျွယ်"(Li Jue) ၏ တူမြင်သွားပြီး ပြန်ရောက်သော် သူ့ဦးလေးကို တိုင်တန်းသည်။ "လီကျွယ်"(Li Jue) က ဒေါသထွက်ပြီး စစ်တပ်တစ်တပ် စေလွှတ်ကာ ထိုစစ်သူကြီးကို သတ်ရန်ပြုသည်။ ထိုအခါ "ကျာရွှီ"(Jia Xu) က ဝင်ပြီး
"အခုအချိန်မှာ လူတွေ မတည်ငြိမ်သေးဘူး၊ ဒါကြောင့် စစ်ထပ်ဖြစ်ရင် အန္တရာယ်များတယ်၊ ဒီအစား ဖန်ချိုး(Fan Chou) ကို စားသောက်ပွဲတစ်ခုမှာ ဖိတ်ပြီး အဲ့မှာပဲ အမိန့် မနာခံမှုနဲ့ ကွပ်မျက်လိုက်ပါ" ဟု ပြောသည်။
ထိုအကြံကို "လီကျွယ်"(Li Jue) က လက်ခံကာ "ဖန်ချိုး"(Fan Chou) နှင့် "ကျန်းကျိ"(Zhang Ji) ကို စားသောက်ပွဲသို့ ဖိတ်သည်။ အနှီပုဂ္ဂိုလ် နှစ်ဦးကလည်း ဝမ်းသာအားရပင် လာသည်။ စားသောက်ပွဲအလယ်တွင် "လီကျွယ်"(Li Jue) မှ ရုတ်တရတ် "ဖန်ချိုး"(Fan Chou) အား
"ခင်ဗျား ဘာလို့ ဟန်ဆွေ(Han Sui) နဲ့ ပူးပေါင်းတာတုန်း၊ သစ္စာဖောက် ဖြစ်နေပြီပေါ့" ဟု ပြောသည်။
"ဖန်ချိုး"(Fan Chou) သည် ရုတ်တရတ် အံ့အားသင့်သွားပြီ။ မည်သို့မှ ပြန်မပြောနိုင်ခင်တွင်ပင် ဓား၊ပုဆိန်တို့ ကိုင်ထားသော ကြေးစားလူသတ်သမားတို့ ပေါ်လာကာ "ဖန်ချိုး"(Fan Chou)  ၏ ခေါင်း စားပွဲခုံအောက် ရောက်သွားသည်။ "ကျန်းကျိ"(Zhang Ji) သည် အလွန်အမင်း  ထိတ်လန့်ကာ မြေပေါ်သို့ လဲကျသွားသည်။

ထိုအခါ "လီကျွယ်"(Li Jue) က "ကျန်းကျိ"(Zhang Ji) ကို ထူလိုက်ပြီး
"ဖန်ချိုး(Fan Chou) က သစ္စာဖောက်မို့လို့ သတ်လိုက်တာ၊ ခင်ဗျားကတော့ ကျုပ် မဟာမိတ်ဖြစ်တဲ့အတွက် ဘာမှမပူပါနဲ့" ဟု ပြောသည်။
ထို့နောက်တွင်ကား "တုန်ကျိုး"(Dong Zhuo) ပြီးနောက် အသစ်တက်လာသော "လီကျွယ်"(Li Jue) ကို ရင်ဆိုင်ဝံ့သူ မရှိတော့ချေ။ တစ်ဖက်တွင်မူ "လီကျွယ်"(Li Jue) သည် "ကျာရွှီ"(Jia Xu) ၏ အကြံပေးချက်အတိုင်း တိုင်းသူပြည်သားတို့အရေးကို လုပ်ဆောင်လေရာ မြောက်များစွာသောလူတို့သည် သူတို့အား ထောက်ခံသည်။ နိုင်ငံရေးအခြေအနေ ကောင်းလာပြီး အစိုးရလည်း ပြန်တည်ငြိမ်လာသည်။

သို့သော်လည်း ပြဿနာအသစ်တစ်ခု ပေါ်လာခဲ့သည်။ ချင်ကျိုးပြည်နယ်တွင် အဝါရောင်သူပုန်တို့ ပေါ်လာပြန်ပြီဟူသော သတင်းပင် ဖြစ်သည်။ ထိုသူပုန်တို့သည် လုယက်ခိုးဆိုးကြလေသည်။
ဝန်ကြီး "ကျူကျွင်း"(Zhu Jun) က ထိုသူပုန်တို့ကို နှိမ်နှင်းနိုင်မည့်သူကို သိသည်ဟုဆိုသည်။ မည်သူလည်းဟု မေးလျှင်
"ဒီသူပုန်တွေကို ချောင်ချောင်း(Cao Cao) ကို အမိန့်ပေးပြီး တိုက်ခိုင်းမှ ရမယ်၊ မဟုတ်ရင်တော့ ရှုံးမှာပဲ" ဟု ပြန်ဖြေသည်။ "လီကျွယ်"(Li Jue) က
"သူက ဘယ်မှာတုန်း" ဟု မေးသည်။
"သူက လက်ရှိမှာ တုန်းကျွင်းမြို့စားပါ၊ သူ့လက်အောက်မှာ စစ်တပ်အများကြီးရှိပြီး သူ့ကိုသာအမိန့်ပေးလိုက်ရင် သူပုန်တွေကို ဖြိုခွင်းနိုင်မှာပါ"

သို့နှင့် ဆတ်သားတစ်ဦးစေလွှတ်ကာ "ချောင်ချောင်း"(Cao Cao) နှင့် ကျိပေမြို့စား "ပေါက်ရှင်း"(Bao Xin) တို့အား သူပုန်တို့ကို နှိမ်နှင်းရန် အမိန့်ထုတ်လိုက်သည်။ "ချောင်ချောင်း"(Cao Cao) သည် နန်းတော်မှ အမိန့်ကို ရသည်နှင့် ရှိုရန်ရှိ သူပုန်တို့ကို တိုက်ရန် ပြင်သည်။ "ပေါက်ရှင်း"(Bao Xin) သည် ရန်သူ့တပ်ကို ထိုးဖောက်ကာ တိုက်သော်လည်း စစ်ပွဲတစ်ခုတွင် ကျသွားသည်။ "ချောင်ချောင်း"(Cao Cao) ကား ရန်သူတို့ကို တိုက်ရာ ရန်သူတစ်သောင်းခန့် လက်နက်ချကြသည်။ "ချောင်ချောင်း"(Cao Cao) သည် ထိုအညံ့ခံသူတို့ကို လှည်းဖြင့်တင်သည်။ "ချောင်ချောင်း"(Cao Cao) ၏ တပ် ရောက်လေရာတိုင်းတွင် ရန်သူတို့က လက်နက်ချကာ သူ့တပ်အတွင်း ဝင်ကြသည်။ သုံးလအကြာတွင် ထောင်ပေါင်းများစွာသောလူတို့ သူ၏ တပ်အတွင်း ဝင်လေသည်။
ထိုလူတို့ထဲတွင် အရဲရင့်ဆုံးနှင့် ခွန်အားကြီးသောလူတို့ကိုသာ ရွေးချယ်ပြီး ချင်ကျိုးစစ်တပ်ဖွဲ့ကာ ကျန်သောလူတို့ကို အိမ်သို့ပြန်စေပြီး လယ်စိုက်စေသည်။ "ချောင်ချောင်း"(Cao Cao) ၏ အောင်မြင်မှုတို့ကြောင့် သူ၏ ဂုဏ်သတင်းတို့ကား နေ့စဉ်နှင့်အမျှကြီးမားလာသည်။ သူ၏ အောင်မြင်မှုကို မြို့တော် ချန်အန်းသို့ သတင်းပို့လိုက်သောအခါ "အရှေ့ဘက်ကို စောင့်ကြပ်သော စစ်သူကြီး" ဟူသည့်ရာထူး ပေးအပ်ခြင်း ခံရသည်။

သူ၏ ပင်မတပ်စခန်း ရန်ကျိုးတွင် "ချောင်ချောင်း"(Cao Cao) သည် နှလုံးရည်ရှိသူများ၊ လက်ရုံးရည်စွမ်းသူများကို စုဆောင်းလေရာ လူများစွာတို့ သူ၏လက်အောက်တွင် ဝင်ကာ အမှုထမ်းကြသည်။
(ရန်ကျိုးပြည်နယ်ကို "လျူတိုက်"(Liu Dai) အုပ်ချုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူသည် "ချောင်ချောင်း"(Cao Cao) ထံ အညံ့ခံလိုက်ရာ "ချောင်ချောင်း"(Cao Cao) သည် ထိုပြည်နယ်ကို သူ၏ ပင်မစခန်းအဖြင့် အသုံးချသည်။)
ဉာဏ်ပညာကြီးသည်ဟု ကျော်ဇောသော ရန်ကျိုးပြည်နယ်သား တူဝရီးနှစ်ဦးဖြစ်သည့် "ရွှင်ယွိ"(Xun Yu) နှင့် "ရွှင်ယိုး"(Xun You) တို့သည် တစ်ချိန်တည်းတွင်ပင် "ချောင်ချောင်း"(Cao Cao) ထံလာကာ အမှုထမ်းသည်။ ဦးလေးဖြစ်သူ "ရွှင်ယွိ"(Xun Yu) သည် တစ်ချိန်က "ယွမ်ရှောက်"(Yuan Shao) လက်အောက် တွင် အမှုထမ်းဖူးလေသည်။
"ချောင်ချောင်း"(Cao Cao) သည် "ရွှင်ယွိ"(Xun Yu) အမှုထမ်းသည်ကို ဝမ်းသာအားရဖြင့်
"ရွှင်ယွိ(Xun Yu) က ငါ့အတွက်တော့ ကျန်းလျန်(Zhang Liang) ပဲ" ဟု ပြောလေသည်။
(မှတ်ချက်။ ။ "ကျန်းလျန်"(Zhang Liang) သည် ဟန်ခေတ်တည်ထောင်ခဲ့သော ဘုရင် "လျူဘန်း"(Liu Bang ၏ အကြံပေးဖြစ်သည်။ ဟန်ခေတ်အစောပိုင်း သူရဲကောင်းသုံးဖော်တွင် တစ်ဦးဖြစ်ပြီး မင်းဆရာဟူ၍ ခေါ်ဝေါ်ခြင်းခံရသူဖြစ်သည်။)
"ချောင်ချောင်း"(Cao Cao) သည် "ရွှင်ယွိ"(Xun Yu) ကို စစ်သူကြီးရာထူးပေးသည်။

တူဖြစ်သူ "ရွှင်ယိုး"(Xun You) သည် စွမ်းရည်ထက်မြက်သည်ဟု နာမည်ကြီးသူဖြစ်ပြီး မြို့တော်လော့ရန်တွင် ရှိစဉ်က နန်းတော်ဝယ် အမှုထမ်းဖူးသည်။ နောက်ပိုင်းတွင်မူ ရာထူးမှနှုတ်ထွက်ကာ ကိုယ့်ပြည်နယ်သို့ ပြန်လာနေခဲ့ခြင်းဖြစ်သည်။ "ရွှင်ယိုး"(Xun You) ကိုမူ စစ်တပ်လေ့ကျင့်ရေးမှူး တာဝန်ပေးလေသည်။

"ရွှင်ယွိ"(Xun Yu) သည် "ချောင်ချောင်း"(Cao Cao) အား ပြောသည်။
"ကျွန်တော်သိသလောက်တော့ ရန်ကျိုးမှာ ပညာရှိတစ်ဦးရှိတယ်၊ ဒါပေမယ့် သူအခု ဘယ်သူ့ဆီမှာ အမှုထမ်းလည်းမပြောတတ်ဘူး"
"သူက ဘယ်သူတုန်း"
"ရန်ကျိုး အရှေ့ပိုင်းမှာနေတဲ့ ချန်ယွိ(Cheng Yu) ပါ"
"အင်း၊ ငါလည်း သူ့သတင်း ကြားဖူးတယ်"
သို့နှင့် လူတစ်ဦးကို စေလွှတ်ကာ "ချန်ယွိ"(Cheng Yu) အား ဖိတ်ခေါ်စေသည်။ သို့သော် ထိုအချိန်တွင် "ချန်ယွိ"(Cheng Yu) သည် အိမ်တွင်မရှိ၊ တောင်ကုန်းပေါ်တွင် စာပေလေ့လာနေသည်ဆို၏။ နောက်ပိုင်းတွင်မူ "ချောင်ချောင်း"(Cao Cao) ထံ ရောက်လာသည်။


"ချန်ယွိ"(Cheng Yu) သည် သူငယ်ချင်းဖြစ်သူ "ရွှင်ယွိ"(Xun Yu) အား ပြောသည်။
"ကျွန်တော့်အရည်အချင်းနဲ့ ခင်ဗျား ထောက်ခံပေးတာ မထိုက်တန်ပါဘူး။ ခင်ဗျားနဲ့ တစ်ရွာတည်းသား ကောကျား(Guo Jia) ကို မေ့နေပြီလား"
"ဟုတ်တယ်၊ သူ့ကို ခေါ်ဖို့ သတိမရလိုက်ဘူး"
သို့နှင့် "ချောင်ချောင်း"(Cao Cao) အား "ကောကျား"(Guo Jia) ကို ဖိတ်ခေါ်စေသည်။

"ကောကျား"(Guo Jia) သည် "ချောင်ချောင်း"(Cao Cao) နှင့် တိုင်းရေးပြည်ရာတို့ကိုဆွေးနွေးပြီးသော် မင်းဆွေမင်းမျိုးတစ်ဦးဖြစ်သည့် "လျူရဲ့"(Liu Ye) အား ဖိတ်ခေါ်စေသည်။ "လျူရဲ့"(Liu Ye) မှတစ်ဆင့် နာမည်သတင်းကြားနှင့်ပြီးသူနှစ်ဦးဖြစ်သော ရှန်ရန်မှ "မန်ချုံ"(Man Chong) နှင့် ဝူချန်မှ "လူချန်"(Lu Qian) တို့ကို ဖိတ်ခေါ်သည်။ ထိုသူနှစ်ဦးနှင့်အတူ ချန်လျူမှ "မောင်ကျဲ"(Mao Jie) ဆိုသူလည်း အမှုလာထမ်းလေသည်။
ထို့အပြင် နာမည်ကြီးလူတစ်ဦးသည် စစ်တပ်ရာဂဏန်းခန့်ကို ဦးဆောင်ကာဝင်ရောက်အမှုထမ်းသည်။ ထိုသူမှာ ထိုင်စန်းမှ "ယွီကျင့်"(Yu Jin) ဖြစ်သည်။ လေးအတတ်၊ မြင်းစီးခြင်းအတတ်တို့တွင် ကျွမ်းကျင်သူဖြစ်သဖြင့် စစ်တပ်ကြီးကြပ်ရေးမှူးရာထူးပေးအပ်ခြင်း ခံရသည်။

နောက်တစ်ရက်တွင် "ရှဟိုတွန်း"(Xiahou Dun) သည် လူတစ်ဦးကို "ချောင်ချောင်း"(Cao Cao) ထံ ခေါ်လာသည်။
"သူက ဘယ်သူတုန်း"
"သူက ချန်လျူကပါ၊ တျန်ဝေ(Dian Wei) လို့ ခေါ်ပါတယ်၊ အရဲရင့်ဆုံး၊ အသန်မာဆုံးလူဖြစ်ပါတယ်၊ အရင်က ကျန်းမြောင်(Zhang Miao) လက်အောက်မှာ အမှုထမ်းခဲ့ပေမယ့် သူ့လူတွေနဲ့ အချင်းချင်းရန်ဖြစ်ပြီးတော့ လူဆယ့်နှစ်ယောက်လောက်ကို လက်ဗလာနဲ့ပဲ သတ်ခဲ့ပါတယ်။ နောက်တော့ တောထဲတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်၊ ကျွန်တော် အမဲလိုက်ထွက်တုန်းက စမ်းချောင်းနားမှာ သူက ကျားတစ်ကောင်ကို လိုက်နေတာမြင်တော့ သူ့ကို ကျွန်တော်နဲ့အတူ စစ်မှုထမ်းဖို့ ခေါ်လာတာပါ"
"အင်း၊ ငါနားလည်ပြီ။ သူက သာမန်လူမဟုတ်ဘူး။ ကြည့်ရတာလည်း အလွန်ခွန်အားကြီးမယ့်ပုံပေါက်တယ်"
"ခွန်အားကတော့ ကြီးပါတယ်၊ တစ်ခါက သူ့သူငယ်ချင်းအတွက် လက်စားချေဖို့ လူတစ်ယောက်ကိုသတ်ပြီး အဲ့လူခေါင်းကို လက်မှာကိုင်ပြီး ဈေးထဲမှာ လျှောက်သွားတာ လူတွေအများကြီးမြင်ကြပေမယ့် ဘယ်သူမှ သူ့နားမကပ်ရဲဘူး။ နောက်ပြီး သူက လှံနှစ်လက်ကို ကိုင်ပါတယ်၊ တစ်လက်စီက ပေါင်တစ်ရာ့နှစ်ဆယ်လေးပါတယ်"

"ချောင်ချောင်း"(Cao Cao) သည် ထိုအစွမ်းကိုပြခိုင်းလေသည်။ "တျန်ဝေ"(Dian Wei) သည် လှံတို့ကိုကိုင်ကာ ဟိုဟိုဒီဒီသွားပြီး အစွမ်းပြသည်။ ထို့နောက် စစ်သားတစ်စုတို့သည် အင်မတန်ကြီးမားသောအလံကို မလဲအောင် ဝိုင်းတွန်းနေကြသည်ကို တွေ့သောအခါ သူသည် လမ်းဖယ်ရန်အော်လိုက်ပြီး လေပြင်းတိုက်နေသော်လည်း ထိုအလှံကြီးကို လက်တစ်ဖက်တည်းနှင့်ပင်ကိုင်ကာ မလဲအောင် ထိန်းလိုက်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) က
"ဒါက ဒုတိယ အဲ့လိုင်(E Lai) ပဲ" ဟု ပြောသည်။
("အဲ့လိုင်(E Lai) သည် ခွန်အားဗလကြီးသူအဖြစ် နာမည်ကြီးခဲ့သူဖြစ်ပြီး ရှန်ခေတ် နောက်ဆုံးဘုရင်ကျိုး(King Zhou) ၏ စစ်သူကြီးဖြစ်သည်။)
ထို့နောက် "တျန်ဝေ"(Dian Wei) ကို ရာထူးပေးသည့်အပြင် လှပသောအဝတ်အထည်နှင့် မြင်းကောင်းမြင်းလှတို့ လက်ဆောင်ပေးသည်။
"ချောင်ချောင်း"(Cao Cao) သည် လူတော်တို့ကို သူ့ထံလာရန် အားပေးသည်။ ထို့ကြောင့် သူ့လက်အောက်တွင် များစွာသောအကြံပေးနှင့် စစ်သူကြီးတို့ စုဝေးကြလေသည်။ "ချောင်ချောင်း"(Cao Cao) ၏ ဂုဏ်သတင်းကား အရှေ့ဘက်တစ်လွှားကျော်စောခဲ့သည်။


ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) အဖေ "ချောင်စုန့်"(Cao Song) သည် ပဋ္ဋိပက္ခတို့ ကင်းဝေးရာ လန်ရဲ့တွင် နေထိုင်သည်။ "ချောင်ချောင်း"(Cao Cao) သည် မိသားစုတို့နှင့်အတူနေချင်ရကား ထိုင်ရှန်းမြို့စား "ရင်းရှောက်"(Ying Shao) ထံစာပို့ကာ သူ့အဖေအား ရန်ကျိုးသို့ခေါ်လာစေသည်။ "ချောင်စုန့်"(Cao Song) သည် သူ့သားထံမှ စာကို ဝမ်းပန်းတသာဖတ်ကာ တစ်မိသားစုလုံးသွားရန် ပြင်ဆင်သည်။ မိသားစုအယောက် လေးဆယ်ခန့်ရှိပြီး အစေခံတစ်ရာခန့်ရှိလေသည်။
သူတို့သည် လမ်းခရီးတွင် ရွှီကျိုးနယ်ကို ဖြတ်ရသည်။ ရွှီကျိုးနယ်စား ထောင်ချန်(Tao Qian) သည် နာမည်ကြီးသော "ချောင်ချောင်း"(Cao Cao) နှင့် မိတ်ဆွေဖြစ်ချင်သူဖြစ်ပြီး မိတ်ဆွေဖြစ်ရန် အခွင့်မသာခဲ့ချေ။ သို့သော်လည်း "ချောင်ချောင်း"(Cao Cao) ၏ မိသားစုသည် သူ၏နယ်အတွင်းမှ ဖြတ်သွားသည့်သတင်းကို ကြားသောအခါ "ထောင်ချန်"(Tao Qian) သည် သွားကြိုဆိုကာ သူ၏အိမ်တော်တွင် နှစ်ရက်ခဲ့တည်းစေပြီး ဧည့်ခံသည်။ ဧည့်သည်တို့ပြန်ကြသောအခါဝယ် သူတို့အား စောင့်ရှောက်ရန် စစ်သူကြီး "ကျန်းခိုင်"(Zhang Kai) နှင့် စစ်သားငါးရာကို ထည့်ပေးလိုက်သည်။

ထိုအချိန်သည် နွေအကုန် ဆောင်းဦးအကူးဖြစ်သည်။ ဟွာဖေးအရပ်သို့အရောက်တွင် မိုးကြီးလေကြီးကျသဖြင့် ခဏနားရသည်။ ထိုအနီးအနားတွင် နားခိုစရာမှာ ဘုံကျောင်းအပျက်ပင်ရှိသည်။ ပင်မဆောင်တွင် "ချောင်စုန့်"(Cao Song) မိသားစုတို့က နေရာယူပြီး ဘေးနှစ်ဖက်တွင် စစ်သားတို့ကို နေစေသည်။ စစ်သားတို့မှာ မိုးရေတို့စိုကုန်သဖြင့် မကျေမနပ်ဖြစ်ကြသည်။ ထို့နောက် "ကျန်းခိုင်"(Zhang Kai) သည် သူလက်အောက်မှလူတို့ကိုခေါ်ကာ
"ငါတို့က အရင်က အဝါရောင်သူပုန်တွေပဲ၊ မတတ်သာလို့သာ ထောင်ချန်(Tao Qian) ဆီမှာ အညံ့ခံခဲ့တာ။ ခုတော့ ပွပေါက်တိုးပြီ။ ဒီညသုံးနာရီမှာ ချောင်မိသားစုကို သတ်ပြီး သူတို့ပါလာတဲ့ ရတနာတွေယူပြီးတော့ တောထဲတောင်ထဲမှာ ထွက်ပြေးပုန်းရှောင်ရင် ကောင်းမယ်" ဟု ပြောသည်။
အခြားသူတို့ကလည်း သဘောတူလိုက်ကြသည်။

ညဘက်အထိ မိုးကား မစဲသေး။ "ချောင်စုန့်"(Cao Song) သည် မိုးမုန်တိုင်းတိတ်မည့်အချိန်ကို ထိုင်ကာ စောင့်နေသည်။ ထိုအချိန်တွင် ဘုံကျောင်းအနောက်ဘက်မှ ခြေသံတို့ကြားသဖြင့် ညီဖြစ်သူ "ချောင်တဲ့"(Cao De) သည် ဓားကိုင်ပြီး သွားကြည့်ရာ အသတ်ခံရသည်။ "ချောင်စုန့်"(Cao Song) သည် သူ၏ ဇနီးတစ်ဦးကို လက်ဆွဲကာ ဘုံကျောင်းအနောက်ဘက်မှ ပြေးရန်ပြင်သည်။ သို့သော်လည်း ထိုအမျိုးသမီးသည် ဝသူဖြစ်၍ ကျဉ်းမြောင်းသောတံခါးတို့မှ မထွက်နိုင်ချေ။ သို့နှင့် နှစ်ဦးသား ဘေးဘက်ရှိ အိမ်အသေးလေးဝယ် ပုန်းနေကြသည်။ သို့သော်လည်း ရန်သူတို့က မြင်သွားကာ အသတ်ခံလိုက်ရလေသည်။
မြို့စား "ရင်းရှောက်"(Ying Shao) သည်လည်း ထွက်ပြေးကာ "ယွမ်ရှောက်"(Yuan Shao) ထံ သွားခိုလှုံသည်။ လူသတ်သမားတို့သည် ဘုံကျောင်းကို မီးရှို့ပြီးနောက် ဟွိုင်မြစ်၏ တောင်ဘက်သို့ပြေးလေသည်။

အချို့သောသူတို့သည် လွတ်မြောက်သွားပြီး "ချောင်ချောင်း"(Cao Cao) ထံသွားကာ ပြောသည်။  "ချောင်ချောင်း"(Cao Cao) သည် ထိုသတင်းကိုကြားသော် ငိုကာ မြေပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားသည်။ အခြားသောသူတို့က ဝိုင်းထူပေးလေသည်။ "ချောင်ချောင်း"(Cao Cao) သည် အံကိုကြိတ်ကာ
"ထောင်ချန်(Tao Qian) ရဲ့လူတွေက ငါ့အဖေကို သတ်လိုက်တာပဲ၊ သူနဲ့ ကျုပ် လျှောက်တဲ့လမ်း မတူတော့ဘူး၊ ငါ ရွှီကျိုးကို လောကကြီးက ပျောက်ကွယ်သွားအောင် လုပ်ရမယ်။ ဒါမှသာ ဒီဒေါသကို ဖြေသိမ့်နိုင်မှာ" ဟု ဆိုသည်။
"ချောင်ချောင်း"(Cao Cao) သည် ပင်မတပ်စခန်းနှင့် ကျွမ်းချန်၊ ဖန်ရှ နှင့် တုန်းကျွင်းအရပ်တို့ကို ကာကွယ်ရန် "ရွှင်ယွိ"(Xun Yu) နှင့် "ချန်ယွိ"(Cheng Yu) လက်အောက်တွင် စစ်သားသုံးသောင်းခန့် ထားခဲ့သည်။ ပြီးလျှင် ကျန်သောစစ်တပ်တို့ကို ဦးဆောင်ကာ "ရှဟိုတွန်း"(Xiahou Dun) ၊ "ယွီကျင့်"(Yu Jin) ၊ "တျန်ဝေ"(Dian Wei) တို့နှင့်အတူ စစ်ချီထွက်သည်။ "ချောင်ချောင်း"(Cao Cao) ၏အမိန့်အရ သိမ်းပိုက်ရရှိသော မြို့ရှိ လူအကုန်လုံးတို့အား သတ်ဖြတ်လေသည်။


ကျိုကျန်းမြို့စား "ပျန်းရန်"(Bian Rang) သည် "ထောင်ချန်"(Tao Qian) နှင့် မိတ်ဆွေကောင်းဖြစ်သည်။ သူသည် ရွှီကျိုးနယ်အန္တရာယ်ကျရောက်တော့မည်ကို ကြားသောအခါ စစ်သားငါးထောင်ကို ဦးဆောင်ပြီး "ထောင်ချန်"(Tao Qian) ကို ကူညီရန်ထွက်လာသည်။ ၎င်းကိုသိသော "ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ကာ "ရှဟိုတွန်း"(Xiahou Dun) ကို စေလွှတ်ပြီး "ပျန်းရန်"(Bian Rang) ကို သတ်စေလိုက်သည်။

ထိုအချိန်တွင် "ချန်ကုန်း"(Chen Gong) သည် တုန်းကျွင်းတွင် အမှုထမ်းနေပြီး "ထောင်ချန်"(Tao Qian) နှင့်လည်း ရင်းနှီးသူဖြစ်သည်။ "ချန်ကုန်း"(Chen Gong) သည် "ချောင်ချောင်း"(Cao Cao) က ပြည်သူတို့ကိုပါ သတ်မည်ဟူသောသတင်းကို ကြားသောအခါ သူနှင့် ခရီးသွားဖော်ဖြစ်ခဲ့သည့် "ချောင်ချောင်း"(Cao Cao) ကို သွားတွေ့သည်။ "ချောင်ချောင်း"(Cao Cao) သည် "ချန်ကုန်း"(Chen Gong) လာရသောအကြောင်းကိုသိကာ တွေ့ရန် လက်မခံဖို့ ကြံသောလည်း ရှေးက "ချန်ကုန်း"(Chen Gong) ၏ ကျေးဇူးရှိခဲ့ဖူးသည်ကို အမှတ်ရကာ လက်ခံတွေ့ဆုံသည်။
"ခင်ဗျားက ရွှီကျိုးပြည်နယ်ကို ချီတက်တာဟာ ခင်ဗျားအဖေအတွက် လက်စားချေဖို့လို့ ပြောကြတယ်။ ဒါကြောင့် ဒီကိုလာခဲ့တာပါ။ နယ်စား ထောင်ချန်(Tao Qian) ဟာ ကြင်နာသနားတတ်တဲ့လူကောင်း ဖြစ်တယ်။ သူဟာ သူ့ကိုယ်ကျိုးအတွက်နဲ့ သူများကို ဒုက္ခပေးမယ့်လူ မဟုတ်ဘူး။ နောက်ပြီး ခင်ဗျားရဲ့အဖေဟာ ကျန်းခိုင်(Zhang Kai) လက်ချက်နဲ့ သေခဲ့တာဖြစ်ပြီး ထောင်ချန်(Tao Qian) က အပြစ်မဲ့ပါတယ်။ နောက်ပြီး ဘာအပြစ်မှမရှိတာက ပြည်သူလူထုတွေပါ။ သူတို့ကို သတ်မယ်ဆိုတာ မကောင်းတဲ့အကြံပဲ၊ ဒါကြောင့် ပြန်စဉ်းစားပါလို့ ပြောချင်ပါတယ်"
"ခင်ဗျားက အရင်က ကျုပ်ကို ထားခဲ့ပြီး အခုမှ ပြန်လာရဲသေးတယ်။ ထောင်ချန်(Tao Qian) က ကျုပ်တစ်မိသားစုလုံးကို သတ်ခဲ့တာ။ ကျုပ်က သူ့ရဲ့အသည်းနှလုံးကိုတောင် ဆွဲဆုတ်လိုက်ချင်တယ်၊ ခင်ဗျားက ခင်ဗျား သူငယ်ချင်းအတွက် ပြောချင်ရာသာပြော။ ကျုပ်က မကြားသလိုပဲ နေမယ်"
သို့နှင့် ငြိမ်းချမ်းမှု ကမ်းလှမ်းခြင်း ကျရှုံးခဲ့သည်။ "ချန်ကုန်း"(Chen Gong) သည် သက်ပြင်းချကာ ထွက်လာသည်။
"ကျုပ်တော့ ထောင်ချန်(Tao Qian) ဆီသွားပြီး သူ့မျက်နှာတောင် မကြည့်ရဲတော့ဘူး"
ထို့နောက် "ချန်ကုန်း"(Chen Gong) သည် ချန်လျူမြို့သို့သွားကာ "ကျန်းမြောင်"(Zhang Miao) လက်အောက်တွင် အမှုထမ်းသည်။

"ချောင်ချောင်း"(Cao Cao) ၏ စစ်တပ်ကား စစ်ချီရာ လမ်းတစ်လျှောက်တွင် တွေ့သမျှ လူတို့ကို သတ်ကာ ထိုနေရာတွင်ပင် ထိုသူတို့၏ သင်္ချိုင်းဖြစ်စေသည်။
"ထောင်ချန်"(Tao Qian) သည် ထိုသတင်းကို ကြားသော် ကောင်းကင်ကြီးကို မော့်ကြည့်ကာ
"ကျုပ် အရင်က ဘာအပြစ်များ လုပ်မိလို့ ကျုပ်ပြည်သူတွေ ဒုက္ခရောက်နေရပါလိမ့်" ဟု ရေရွတ်သည်။
ထို့နောက် လက်အောက်ငယ်သားတို့ကို ခေါ်ကာ တိုင်ပင်သည်။ အမှုထမ်းတစ်ဦးဖြစ်သည့် "ချောင်ပေါက်"(Cao Bao) က
"ရန်သူတွေက ဒီကို ချီတက်လိုက်နေပြီ၊ ဒီအတိုင်းငုံ့ခံနေလို့တော့ မဖြစ်ဘူး။ ပြန်တိုက်မှပဲ ရမယ်" ဟု ဆိုသည်။

ထိုအခါ "ထောင်ချန်"(Tao Qian) သည် စစ်မထွက်ချင်သော်လည်း ထွက်ရသည်။ အဝေးမှ "ချောင်ချောင်း"(Cao Cao) ၏ ကြီးမားသောတပ်ကြီး ချီတက်လာသည်ကို မြင်ရသည်။ ထိုစစ်တပ်အလယ်တွင် ကြီးမားသော အဖြူရောင် အလံကြီးထောင်ထားကာ အလံပေါ်တွင် "ကလဲ့စား" ဟူသော စာလုံးကို ရေးထားသည်။
"ချောင်ချောင်း"(Cao Cao) သည် စစ်တပ်ရှေ့ထွက်လာကာ "ထောင်ချန်"(Tao Qian) ကို ဆဲရေးတိုင်းထွာသည်။ "ထောင်ချန်"(Tao Qian) သည်လည်း ရှေ့သို့ထွက်လာပြီးနောက် "ချောင်ချောင်း"(Cao Cao) အား အရိုအသေပြုပြီးသော်
"ကျွန်တော်က ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့ချင်ခဲ့တာပါ။ ဒါကြောင့် ကျန်းခိုင်(Zhang Kai) ကို လွှတ်ပြီး ခင်ဗျားမိသားစုကို စောင့်ရှောက်စေခဲ့တာ။ ဒါပေမယ့် သူ့ရဲ့ သူပုန်အကျင့် မပျောက်သေးမှန်း ကျုပ် မသိခဲ့ဘူး။ ဒါကြောင့် ဒီကိစ္စက ကျွန်တော့်အပြစ်မဟုတ်ပါဘူး" ဟု ပြောသည်။
"အဘိုးကြီး၊ ခင်ဗျားက ကျုပ်အဖေကို သတ်လိုက်တာ။ ခုတော့ ပေါက်ကရတွေ လျှောက်ပြောပြန်ပြီ"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "ထောင်ချန်"(Tao Qian) အား မည်သူဖမ်းမည်နည်းဟု မေးသည်။ ထိုအခါ "ရှဟိုတွန်း"(Xiahou Dun) ထွက်လာသည်။ "ထောင်ချန်"(Tao Qian) သည်လည်း တပ်နောက်သို့ပြန်ဝင်သွားသည်။ "ရှဟိုတွန်း"(Xiahou Dun) သည် နောက်မှလိုက်ရာ "ချောင်ပေါက်"(Cao Bao) နှင့် ရင်ဆိုင်သည်။ သို့သော် ထိုအချိန်တွင် လေပြင်းမုန်တိုင်းတိုက်လေရာ နှစ်ဖက်စလုံး တပ်ဆုတ်လိုက်ရသည်။
"ထောင်ချန်"(Tao Qian) သည် မြို့တွင်းသို့ဝင်ကာ အရာရှိတို့ကို ခေါ်ပြီး အစည်းအဝေးပြုလုပ်သည်။ "ထောင်ချန်"(Tao Qian) သည် ဤသို့ပြောသည်။
"ရန်သူဘက်က တပ်က အင်အားကြီးလွန်းတယ်။ ကျုပ်သာ အဖမ်းခံလိုက်ရင် သူက ကျုပ်ကိုပဲ လက်စားချေမှာ ဖြစ်ပြီး ပြည်သူတွေကတော့ လုံခြုံမှာပဲ"


လူတစ်ဦးက အောက်ပါအတိုင်း ဝင်ပြောသည်။
"နယ်စားမင်းက ဒီနယ်ကို အုပ်ချုပ်လာတာ နှစ်ပေါင်းကြာခဲ့ပြီ၊ လူတွေရဲ့ ချစ်ခင်မှုကိုလည်း ခံရတယ်။ ရန်သူတွေဘယ်လောက် အင်အားကြီးပါစေ၊ ဒီမြို့ရိုးကြီးကိုတော့ မထိုးဖောက်နိုင်ပါဘူး၊ နယ်စားမင်းရော၊ အခြားလူတွေရော ကာကွယ်ကြရင်ပေါ့။ ကျွန်တော် ချောင်ချောင်း(Cao Cao) ကို သေရင် မြေမြှုပ်စရာ နေရာမရှိအောင် လုပ်နိုင်မယ့် အကြံရှိပါတယ်"

ထိုစကားကို ကြားသော် လူအပေါင်းတို့ အံ့ဩသွားကြပြီး ၎င်းအကြံကို ဝိုင်းမေးကြသည်။

Comments

Popular posts from this blog

Lookism