သုံးနိုင်ငံခေတ်(၃၃)

အခန်း(၃၃) ရဲရင့်သောသူရဲကောင်း "ချောင်ဖီး"(Cao Pi) သည် ကျန်းအမျိုးသမီးနှင့် လက်ထပ်ခြင်း။ "ကောကျား"(Guo Jia) ၏နောက်ဆုံးစာ။

"ချောင်ဖီး"(Cao Pi) သည် ယွမ်မိသားစုနန်းတော်အတွင်းဝင်သွားသောအခါ အမျိုးသမီးနှစ်ဦးကိုတွေ့သော် ဓားကိုနှိမ့်လိုက်ပြီး
"မင်းက ဘယ်သူလဲ" ဟု မေးသည်။ အမျိုးသမီးနှစ်ဦးအနက်မှ အသက်ကြီးသောသူမှ
"ကျွန်မက သေသွားတဲ့ယွမ်ရှောက်ရဲ့ ဒုတိယဇနီး လျူပါ။ ဒါကတော့ သူ့သား ယွမ်ရှီး(Yuan Xi) ရဲ့ဇနီးပါ။ သူက ကျန်းမျိုးရိုးဖြစ်ပါတယ်၊ သူ့အမျိုးသား ယိုကျိုးပြည်နယ်ကိုသွားဖို့အမိန့်ထုတ်ခံရတဲ့အချိန်မှာ သူ့အိမ်သူအိမ်သားတွေက အဝေးကြီးကိုမသွားခိုင်းတာနဲ့ ဒီမှာနေခဲ့တာပါ" ဟု ပြောလေသည်။
"ချောင်ဖီး"(Cao Pi) သည် ကျန်းအမျိုးသမီးကို အနီးသို့ဆွဲကပ်လိုက်ကာ သေချာကြည့်လေသည်။ ထိုအမျိုးသမီး၏ ဆံပင်တို့မှာ ရှုပ်ပွနေကာ မျက်နှာတွင်လည်း ဖုန်မှုန့်တို့ကပ်နေပြီး မျက်ရည်တို့လည်း ကျနေသည်။ "ချောင်ဖီး"(Cao Pi) သည် သူ၏အင်္ကျီဖြင့် မျက်ရည်တို့၊ ဖုန်တို့ကိုသုတ်လိုက်ရာ ချစ်ဖွယ်ကောင်းသော၊ ကျောက်စိမ်းကဲ့သို့ကြည်လင်သောအသားအရည်၊ ပန်းကဲ့သို့နူးညံ့သောအသားအရည်ရှိသည့်အမျိုးသမီးဖြစ်နေသည်ကိုတွေ့လိုက်သည်။ ပြည်ဖျက်နိုင်လောက်သည့်အလှပိုင်ရှင်ပေတည်း။
"ချောင်ဖီး"(Cao Pi) သည် လျူအမျိုးသမီးဘက်လှည့်ကာ
"ကျုပ်က ဝန်ကြီးချုပ်ရဲ့သားပဲ။ ခင်ဗျားတို့ရဲ့လုံခြုံမှုကို ကျုပ်အာမခံနိုင်တာမို့ စိတ်မပူပါနဲ့" ဟု ပြောလေသည်။ ထို့နောက် အခန်းတွင်းရှိ ထောင့်တစ်နေရာတွင် ဓားကိုချကာထိုင်နေသည်။


"ချောင်ချောင်း"(Cao Cao) သည် သူသိမ်းပိုက်ရရှိထားသော ရဲ့ကျွင်းမြို့သို့ဝင်မည်အပြုတွင် "ရွှီယို"(Xu You) သည် ရှေ့သို့ထွက်ပြီး မြို့တံခါးကိုကြာပွတ်ဖြင့် ညွှန်ကာ
"ဒါ ကျွန်တော့်အကြံကြောင့်ရတဲ့မြို့ပဲ" ဟု ဆိုသည်။ "ချောင်ချောင်း"(Cao Cao) က မည်သို့မှမပြောပဲရယ်ကာ နေသည်။ စစ်သူကြီးတို့ကမူ စိတ်ဆိုးသွားလေသည်။ "ချောင်ချောင်း"(Cao Cao) သည် အိမ်တော်သို့ရောက်သောအခါ
"တစ်ယောက်ယောက်အထဲဝင်သွားသေးလား" ဟု မေးရာ အစောင့်တို့က ဝန်ကြီးချုပ်၏သားဖြစ်သူဝင်သွားကြောင်း ဖြေကြသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ကာ သားဖြစ်သူကိုခေါ်ပြီးဆူလေသည်။ သို့သော်လည်း လျူအမျိုးသမီးမှဝင်ကာ
"ရှင့်သားကြောင့်သာမဟုတ်ရင် ကျွန်မတို့အသက်ရှိမှာမဟုတ်ဘူး၊ ကျန်းမိသားစုက အမျိုးသမီးတစ်ဦးကို ဝန်ကြီးချုပ်သားအတွက် အစေခံအနေနဲ့ လက်ဆောင်ပေးပါရစေ" ဟု ပြောလေသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ထိုအမျိုးသမီးကိုခေါ်စေကာ စူးစိုက်ကြည့်ပြီးနောက်
"သူ့အတွက် ဇနီးပဲ" ဟု ပြောလေသည်။ ထို့နောက် "ချောင်ဖီး"(Cao Pi) အား ကျန်းအမျိုးသမီးနှင့်လက်ထပ်ရန် ပြောလိုက်သည်။

ကျိကျိုးကိုအောင်နိုင်ပြီးနောက် "ချောင်ချောင်း"(Cao Cao) သည် ယွမ်မိသားစုအုတ်ဂူသို့သွားပြီး "ယွမ်ရှောက်"(Yuan Shao) ၏အုတ်ဂူရှေ့တွင် ဝမ်းနည်းသောအမူအယာဖြင့် ခေါင်းငုံ့ကာအရိုအသေပေးသည်။ ထို့နောက် သူ့စစ်သူကြီးတို့ဘက်လှည့်ကာ
"သိပ်မကြာခင်က ယွမ်ရှောက်(Yuan Shao) နဲ့ ငါ အတူတူအမှုထမ်းခဲ့စဉ်ကပေါ့။ သူက ငါ့ကိုမေးတယ် - 'အရှုပ်အထွေးတွေမပြီးဆုံးသေးရင် ဘယ်နေရာတွေကိုသိမ်းထားသင့်လဲ' တဲ့၊ ငါက သူ့ကိုပဲဘယ်လိုထင်လဲလို့ ပြန်မေးလိုက်တဲ့အခါမှာ သူက 'မြစ်ဝါမြစ်ရဲ့မြောက်ဘက်ကနေ တောင်ဘက်အထိ မြစ်ဝါမြစ်ကိုချုပ်ကိုင်ထားမယ်၊ မြောက်ပိုင်းမှာတော့ ရန်နဲ့တိုက်ပြည်နယ်ကိုကာကွယ်ပြီး ဂိုဘီသဲကန္တာရက ရန်သူတွေကိုခုခံမယ်၊ ပြီးရင်တော့ တိုင်းပြည်ကြီးအတွက် တောင်ဘက်ကိုသိမ်းဖို့လုပ်မယ်။ ကျုပ်အောင်မြင်နိုင်မယ်လို့မထင်ဘူးလား' လို့ပြောတယ်။ အဲ့ဒါနဲ့ ငါက 'ပညာရှိတွေရဲ့အကူအညီ၊ အကြံဉာဏ်နဲ့ဆို အရာရာဖြစ်နိုင်ပါတယ်' လို့ပြောလိုက်တယ်။ ဒါတွေပြန်တွေးလိုက်ရင် မနေ့တစ်နေ့ကလိုပါပဲလား။ ဒီအကြောင်းစဉ်းစားမိရင် ကျလာတဲ့မျက်ရည်တွေကိုမထိန်းနိုင်ဘူး" ဟု ပြောလေသည်။ သူ၏စစ်သူကြီးတို့ကလည်း စိတ်မကောင်းဖြစ်လေသည်။ "ချောင်ချောင်း"(Cao Cao) သည် "ယွမ်ရှောက်"(Yuan Shao) ၏ဇနီးအား သူအလိုရှိသမျှ ရွှေ၊ ပိုးထည်၊ စားစရာတို့ကိုပေးလေသည်။
ထို့အပြင် မြစ်ဝါမြစ်၏မြောက်ဘက်ဒေသတွင် စစ်ပွဲများဖြစ်နေခဲ့သောကြောင့် အခွန်အတုတ်လျှော့ပေါ့စေသည်။ "ချောင်ချောင်း"(Cao Cao) သည် ကျိကျိုးဒေသ၏ တရားဝင် နယ်စားဖြစ်လာလေသည်။

တစ်နေ့သော် "ရွှီချူ"(Xu Chu) သည် အရှေ့ဂိတ်တွင် မြင်းစီးရာ "ရွှီယို"(Xu You) နှင့်တွေ့ရာ "ရွှီယို"(Xu You) မှ သူ့အားခေါ်ပြီး
"ကျုပ်ကြောင့်သာမဟုတ်ရင် ခင်ဗျားတို့တွေဒီမှာ ဒီလိုမြင်းစီးနေနိုင်မလား" ဟု ပြောလေသည်။ ထိုအခါ "ရွှီချူ"(Xu Chu) မှ
"ကျုပ်တို့တတွေက အသက်ရှင်ကျန်ခဲ့တဲ့လူရှိသလို တိုက်ပွဲမှာကျသွားခဲ့သူတွေလည်းရှိတယ်။ တိုက်ပွဲတွေမှာ အသက်စွန့်ပြီးတိုက်ခဲ့ကြတာ၊ ဒါကြောင့် ခင်ဗျားရဲ့လုပ်ဆောင်မှုကိုလာကြွားမနေနဲ့" ဟု ပြန်ပြောလိုက်သည်။
"ခင်ဗျားတို့တွေက ငတုံးတွေပဲ၊ ဘာမှမပြောပလောက်ဘူး"
ထိုအခါ "ရွှီချူ"(Xu Chu) သည် ဒေါသထွက်ကာ ဓားကိုထုတ်ပြီး "ရွှီယို"(Xu You) ကိုသတ်လိုက်သည်။ ပြီးလျှင် "ရွှီယို"(Xu You) ၏ခေါင်းကိုကိုင်ကာ "ချောင်ချောင်း"(Cao Cao) ထံသွားပြီးအကျိုးအကြောင်းပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ
"သူနဲ့ ငါနဲ့က သူငယ်ချင်းဟောင်းတွေ၊ ငါတို့က အချင်းချင်းနောက်တတ်တယ်။ ဘာလို့သူ့ကိုသတ်လိုက်ရတာလဲ" ဟု ပြောသည်။ "ချောင်ချောင်း"(Cao Cao) သည် "ရွှီချူ"(Xu Chu) အားအပြစ်တင်ပြီးနောက် "ရွှိယို"(Xu You) အား ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ရန်ပြောလိုက်သည်။

"ချောင်ချောင်း"(Cao Cao) သည် ထိုနေရာတစ်ဝိုက်တွင် နာမည်ကြီးပညာရှိများအကြောင်းစုံစမ်းရာ အများက
"တုန်းဝူက ချွေ့ရန်(Cui Yan) ဟာ ယွမ်ရှောက်(Yuan Shao) ကို အကြံဉာဏ်တွေအများကြီးပေးခဲ့ဖူးတယ်။ ဒါပေမယ့် သူ့အကြံကိုနားမထောင်ခဲ့တော့ သူက အိမ်မှာပဲနေခဲ့တယ်" ဟု ပြောသည်။
"ချောင်ချောင်း"(Cao Cao) က ထိုသူကို သွားခေါ်စေပြီး ရောက်လာသော် ရာထူးပေးကာ
"စာရင်းတွေအရကတော့ ဒီပြည်နယ်မှာ အိမ်ခြေသုံးသိန်းရှိတယ်ဆိုတော့ ပြည်နယ်ကြီးလို့ပြောလို့ရမယ်ထင်တယ်။" ဟု ပြောသည်။ "ချွေ့ရန်"(Cui Yan) မှ
"တိုင်းပြည်ကြီးက ဆုတ်ယုတ်နေပြီး ပြည်နယ်တွေကလည်း အခြေအနေဆိုးရွားနေတယ်၊ လူတွေလည်းဆင်းရဲမွဲတေနေကြပြီ။ ဒါကို ဝန်ကြီးချုပ်က လူတွေကိုကယ်ဖို့မလုပ်ပဲ အခွန်ကောက်ခံတာကိုအရင်တွက်တယ်။ ဒီလိုသာဆိုလူတွေရဲ့ ထောက်ခံမှုကိုရနိုင်မလား" ဟု ဆိုသည်။ "ချောင်ချောင်း"(Cao Cao) ကလည်း ထိုဝေဖန်မှုကိုလက်ခံကာ သူ၏မူဝါဒကိုပြောင်းလဲပြီး "ချွေ့ရန်"(Cui Yan) ကိုကျေးဇူးတင်ကာ အလျင်ကထက် ကောင်းမွန်စွာဆက်ဆံလေသည်။

ကျိကျိုးတွင် ကိစ္စများဖြေရှင်းပြီးသော် "ယွမ်ထန်"(Yuan Tan) ၏အခြေအနေကိုထောက်လှမ်းလေသည်။ "ယွမ်ထန်"(Yuan Tan) သည် ကန်းလန်၊ အန်းဖင်၊ ပိုဟိုင်၊ ဟဲကျန့်တို့တွင် သောင်းကျန်းနေသည်ဟူသောသတင်းကိုကြားသည်။ ထို့အပြင် "ယွမ်ရှန်"(Yuan Shang) သည်ကျုံးရှန်းသို့ပြေးသွားခဲ့ပြီး "ယွမ်ထန်"(Yuan Tan) မှ "ယွမ်ရှန်"(Yuan Shang) အားသွားတိုက်ရာ "ယွမ်ရှန်"(Yuan Shang) သည် မရင်ဆိုင်ပဲ သူ့အစ်ကို "ယွမ်ရှီး"(Yuan Xi) ရှိရာ ယိုကျိုးသို့ပြေးသည်။ "ယွမ်ရှန်"(Yuan Shang) ၏တပ်ကိုရသော "ယွမ်ထန်"(Yuan Tan) သည် ကျိကျိုးကိုတိုက်ရန် ကြံသည်။
"ချောင်ချောင်း"(Cao Cao) သည် "ယွမ်ရှန်"(Yuan Shang) ကိုခေါ်သော်လည်း မလာပဲနေသောအခါ "ချောင်ချောင်း"(Cao Cao) သည် "ယွမ်ထန်"(Yuan Tan) နှင့် သူ့သမီးတို့၏လက်ထပ်မှုကိုဖျက်သိမ်းလိုက်သည်။ ပြီးနောက် "ယွမ်ထန်"(Yuan Tan) ကိုတိုက်ရန် ဖင်ယွမ်သို့ချီတက်ရာ "ယွမ်ထန်"(Yuan Tan) သည် "လျူပြောင်း"(Liu Biao) ထံမှစစ်ကူတောင်းသည်။

"လျူပြောင်း"(Liu Biao) သည် ၎င်းကို "လျူဘေ့"(Liu Bei) နှင့်တိုင်ပင်ရာ "လျူဘေ့"(Liu Bei) မှ
"ချောင်ချောင်း"(Cao Cao) က ကျိကျိုးကိုသိမ်းလိုက်တော့ သူ့အင်အားက တအားကြီးနေပြီ။ ယွမ်ညီအစ်ကိုတွေက ခုခံနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် သူ့ကိုကူညီလည်း အလကားပဲ။ ချောင်ချောင်း(Cao Cao) က ဒီပြည်နယ်ကိုတိုက်ဖို့လုပ်နေတာ ဒါကြောင့် ခံစစ်အတွက်ပြင်ဆင်ထားသင့်တယ်" ဟု ပြောသည်။
"ကျုပ်လည်း အဲ့လိုပဲ ယူဆတယ်။ ဒါပေမယ့် သူ့ကိုဘယ်လိုစာပြန်ရမလဲ"
"ညီအစ်ကိုနှစ်ယောက်လုံးကို ကြားကဝင်ပြီး စေ့စပ်ငြိမ်းချမ်းပေးတဲ့စာပို့လိုက်ပါ"

ထိုအခါ "လျူပြောင်း"(Liu Biao) သည် "ယွမ်ထန်"(Yuan Tan) ဆီသို့ အောက်ပါစာကိုပို့လိုက်သည်။
"လူတစ်ယောက်က အန္တရာယ်ကလွတ်ဖို့အတွက် သူ့ရန်သူဆီတော့မသွားဘူး။ ဒါပေမယ့် ခင်ဗျားက ချောင်ချောင်း(Cao Cao) နဲ့ ယွမ်ရှောက်(Yuan Shao) ကြားကရန်ငြိုး၊ ညီအစ်ကိုတွေရဲ့တာဝန်ကို ပစ်ပြီး ချောင်ချောင်း(Cao Cao) လက်အောက်မှာ အရှက်မဲ့စွာနေခဲ့တယ်။ ကျိကျိုးပြည်နယ်ကို ဆက်ခံတဲ့ ခင်ဗျားရဲ့ညီက ညီအစ်ကိုမဆန်ခဲ့ရင်တောင် သူနဲ့အတူပြည်တွင်းရေးရာကိစ္စတွေကို အရင်ဖြေရှင်းရမှာမဟုတ်လား။ ဒီလိုပဲ အရင်လုပ်သင့်တာပဲလေ"
ထို့အပြင် ညီဖြစ်သူ "ယွမ်ရှန်"(Yuan Shang) ဆီသို့လည်း အောက်ပါစာကိုပို့လိုက်သည်။
"ခင်ဗျားအစ်ကိုဖြစ်တဲ့ ချင်ကျိုးနယ်စားဟာ အလျင်စလိုလုပ်တတ်ပြီး အမှားအမှန်ကိုမခွဲခြားနိုင်ဘူး။ ဒါပေမယ့် အချင်းချင်းရန်ဖြစ်နေမယ့်အစား နှစ်ယောက်ပူးပေါင်းပြီး ချောင်ချောင်း(Cao Cao) ကိုတွန်းလှန်တာ ပိုမသင့်တော်ဘူးလား။ ခွေးနဲ့ယုန်က ရန်ဖြစ်နေတော့  နောက်ဆုံးမှာ ကြားထဲက လယ်သမားက အခွင့်ကောင်းယူသွားတဲ့ဥပမာကို သတိရပါ"

ထိုစာအရ "ချောင်ချောင်း"(Cao Cao) သည် သူ့အားကူညီမည်မဟုတ်ကြောင်းသိလေရာ "ယွမ်ထန်"(Yuan Tan) သည် ဖင်ယွမ်ကိုစွန့်ပြီး နန်ဖီသို့ပြေးလေသည်။ "ချောင်ချောင်း"(Cao Cao) ကလည်း နောက်ဘက်မှလိုက်တိုက်သည်။ ရာသီဥတုမှာ အင်မတန်အေးးပြီး မြစ်ချောင်းတို့က ရေခဲနေသောအချိန်ဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) သည် ဒေသခံတို့အား ရေခံတို့ကိုခွဲစေပြီး လှေတို့အားဆွဲစေသည်။ ထိုအမိန့်ကိုကြားသော် ဒေသခံတို့ကထွက်ပြေးလေရာ "ချောင်ချောင်း"(Cao Cao) က ဒေါသထွက်ကာ ထိုသူတို့ကိုဖမ်းပြီး ခေါင်းဖြတ်သတ်စေရန် အမိန့်ထုတ်သည်။ ထိုသူတို့ကလည်း ၎င်းကိုကြားလျှင် လူစုလူဝေးဖြင့် "ချောင်ချောင်း"(Cao Cao) ၏စခန်းသို့သွားပြီး သေဒဏ်ကိုခံယူရန်ပြုသည်။
"ချောင်ချောင်း"(Cao Cao) : "ကျုပ်က ခင်ဗျားတို့ကိုမသတ်ရင်လည်း ဘယ်သူမှအမိန့်ကိုနာခံမှာမဟုတ်ဘူး၊ ဒါပေမယ့် အဲ့လိုလည်း မသတ်ရက်ဘူး၊ ဒါကြောင့် တောင်တွေဘက်မှာပုန်းပြီး ငါ့စစ်သားတွေမတွေ့အောင်နေပါ"
ထိုအခါ ဒေသခံတို့လည်း ငိုလျက်ထွက်ခွာသွားသည်။
"ယွမ်ထန်"(Yuan Tan) သည် သူ၏စစ်တပ်နှင့်အတူ "ချောင်ချောင်း"(Cao Cao) ကိုတိုက်ရန်ရောက်လာသည်။ "ချောင်ချောင်း"(Cao Cao) သည် ရှေ့သို့ထွက်ကာ
"မင်းကို ငါ ကောင်းကောင်းဆက်ဆံခဲ့တာ၊ ဘာလို့ငါ့ကိုသစ္စာဖောက်ရတာလဲ" ဟု မေးသည်။ "ယွမ်ထန်"(Yuan Tan) မှ
"ခင်ဗျားက ကျုပ်နယ်မြေကိုကျူးကျော်ပြီး မြို့တွေလည်းသိမ်းတယ်၊ ပြီးတော့ မင်္ဂလာပွဲကိစ္စကိုလည်း ဖျက်သိမ်းပြီးမှ ဘာလို့ကျုပ်က အရင်သစ္စာဖောက်တယ်လို့စွပ်စွဲရတာလဲ" ဟု ပြောသည်။ "ချောင်ချောင်း"(Cao Cao) သည် "ရွှီဟွမ်"(Xu Huang) အားထွက်ကာ တိုက်ခိုင်းသည်။ "ယွမ်ထန်"(Yuan Tan) ဘက်မှ "ဖုန်းအန်း"(Peng An) ကို လွှတ်လိုက်သည်။ သိပ်ပင်မကြာ၊ "ဖုန်းအန်း"(Peng An) အသတ်ခံရသည်။ "ယွမ်ထန်"(Yuan Tan) သည်လည်း နန်ဖီသို့ထွက်ပြေးရာ "ချောင်ချောင်း"(Cao Cao) ကလိုက်ပြီး မြို့ကိုဝန်းရံထားသည်။ "ယွမ်ထန်"(Yuan Tan) မှာ ပြေးပေါက်မရှိတော့သည်နှင့် "ရှင်းဖင်"(Xin Ping) အားလွှတ်ပြီး လက်နက်ချရန်ဆွေးနွေးစေသည်။

ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ "ရှင်းဖင်"(Xub Ping) အား
"သူက အပြောင်းအလဲမြန်တဲ့ကလေးသာသာပဲ။ နှစ်ရက်အတွင်းမှာတောင် စိတ်ကပြောင်းနေတတ်တာ၊ သူပြောတာကို ကျုပ်မယုံနိုင်ဘူး။ အခု ခင်ဗျားအစ်ကို ရှင်းဖီ(Xin Pi) က ကျုပ်လက်အောက်က အရေးပါတဲ့ရာထူးမှာအမှုထမ်းနေတယ်။ ခင်ဗျားလည်း ဒီမှာပဲ အမှုထမ်းသင့်တယ်" ဟု ပြောလေသည်။ "ရှင်းဖင်"(Xin Ping) မှ
"ဝန်ကြီးချုပ် ပြောတာမှားနေပါတယ်။ သခင်ရဲ့ဂုဏ်သရေဟာ လက်အောက်ခံရဲ့ပျော်ရွှင်မှုဖြစ်ပြီး သခင်ရဲ့ဝမ်းနည်းမှုဟာ လက်အောက်ခံရဲ့အရှက်ရစရာပါပဲ။ နှစ်ပေါင်းများစွာအမှုထမ်းလာခဲ့တဲ့ မိသားစုအပေါ် ကျွန်တော်ဘယ်လိုသစ္စာဖောက်နိုင်ပါ့မလဲ" ဟု ပြောသည်။ "ချောင်ချောင်း"(Cao Cao)ကလည်း သူ့လက်အောက်တွင် ခေါ်၍မဖြစ်နိုင်မှန်းသိကာ ပြန်လွှတ်လိုက်သည်။
"ရှင်းဖင်"(Xin Ping) သည် ပြန်ရောက်ပြီး အကျိုးအကြောင်းပြောသော် "ယွမ်ထန်"(Yuan Tan) မှ ဒေါသထွက်ကာ
"ခင်ဗျားအစ်ကိုက ချောင်ချောင်း(Cao Cao) နဲ့အတူရှိနေတယ်၊ ခင်ဗျားလည်း ကျုပ်ကို သစ္စာဖောက်ချင်တာနေမယ်" ဟု ပြောလိုက်သည်။ ထိုစကားကြားလျှင် "ရှင်းဖင်"(Xin Ping) သည် စိတ်ထိခိုက်ပြီး ဒေါသထွက်ကာ မေ့လဲသွားသည်၊ အနားမှလူတို့က ဝိုင်းထူသော်လည်း ထိုအချိန်တွင် "ရှင်းဖင်"(Xin Ping) မှာ အသက်မရှိတော့ပြီ။ "ယွမ်ထန်"(Yuan Tan) မှာ သူ၏လုပ်ရပ်အပေါ် နောင်တရသွားသည်။

ထို့နောက် "ကော်ထူ"(Guo Tu) မှ
"မနက်ဖြန်တိုက်မယ့်စစ်ပွဲမှာ မနိုင်နိုင်အောင်တိုက်ရမှာဖြစ်တဲ့အတွက် အရပ်သားတွေကိုရှေ့တန်းမှာထားစေပြီး စစ်သားတွေကအနောက်ကနေပြီးတိုက်ရမယ်" ဟု ပြောသည်။ ထိုအကြံအတိုင်းပင် သာမန်အရပ်သားတို့ကိုခေါ်စေပြီး ဓား၊လှံတို့ကိုင်စေကာ ရှေ့တန်းမှထွက်တိုက်စေသည်။ ထိုစစ်တပ်သည် "ချောင်ချောင်း"(Cao Cao) ၏တပ်စခန်းကိုတိုက်ရာတိုက်ပွဲမှာ နေ့လည်အထိကြာမြင့်သည်။ နှစ်ဦးနှစ်ဖက်အရှုံးအနိုင်မကွဲသေးသော်လည်း လူသေအလောင်းတို့မှာ ပုံလျက်ရှိနေပြီ။
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် တောင်ကုန်းတစ်ခုတွင်နေပြီး ထိုတိုက်ပွဲကိုကိုယ်တိုင်ကြည့်လေသည်။ ထိုအခါ စစ်သားတို့ကလည်း စိတ်ဓာတ်အားအင်တက်ပြီး တိုက်လေရာ "ယွမ်ထန်"(Yuan Tan) ၏တပ်ကျရှုံးလေသည်။ စစ်ပွဲအတွင်းတွင်ပါသောအရပ်သားတို့အနက် အများအပြားသေကုန်သည်။

"ချောင်ဟုန်"(Cao Hong) သည် သူ၏ရဲစွမ်းသတ္တိကိုပြသည့်အနေဖြင့် ရန်သူ့တပ်အတွင်းသို့ထိုးဖောက်ကာ "ယွမ်ထန်"(Yuan Tan) နှင့်တိုက်လေသည်။ နှစ်ဦးနှစ်ဖက်တိုက်ပြီးနောက်တွင် "ယွမ်ထန်"(Yuan Tan) ကိုသတ်နိုင်လိုက်သည်။
"ကော်ထူ"(Guo Tu) ကလည်း အခြေအနေမကောင်းသည်နှင့် နန်ဖီသို့ပြန်ပြေးရန်ပြင်သည်။ ၎င်းကိုတွေ့သော "ယွဲကျင့်"(Yue Jing) က မြားဖြင့်ပစ်ရာ "ကော်ထူ"(Guo Tu) ကိုထိမှန်ပြီး သေလေသည်။ နန်ဖီမြို့မှာ "ချောင်ချောင်း"(Cao Cao) လက်အောက်သို့ကျရောက်သွားသည်။ ထိုအချိန်တွင် "ယွမ်ရှီး"(Yuan Xi) ၏စစ်သူကြီးနှစ်ဦးဖြစ်သော "ကျောက်ချူ"(Jiao Chu) နှင့် "ကျန်းနန်"(Zhang Neng) တို့သည် စစ်သားတို့ကိုဦးဆောင်ကာ ရောက်လာသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်သူကြီးတို့အားထွက်ကာ ရင်ဆိုင်စေသည်၊ သို့သော်လည်း ထိုနှစ်ဦးမှာလက်နက်ချပြီး အညံ့ခံလေသည်၊ ၎င်းတို့နှစ်ဦးကို ဂုဏ်ထူးဆောင်ဘွဲ့ပေးလိုက်သည်။
ထို့အပြင် တောင်နက်သူပုန်အဖွဲ့ကိုခေါင်းဆောင်သော "ကျန်းရန်"(Zhang Yan) သည်လည်း လူအယောက်တစ်သိန်းနှင့်အတူ လက်နက်ချလေရာ "မြောက်ပိုင်းရှိ စစ်ပွဲကိုငြိမ်းစေသောစစ်သူကြီး" ဟူသော ဘွဲ့ကိုချီးမြင့်ခြင်းခံရသည်။

"ချောင်ချောင်း"(Cao Cao) ၏အမိန့်ဖြင့် "ယွမ်ထန်"(Yuan Tan) ၏ခေါင်းကိုချိတ်ကာ ပြသထားလေသည်။ ထို့အပြင် ထိုအလောင်းရှေ့တွင် ငိုယိုသူမှန်သမျှကို သေဒဏ်ပေးမည်ဟု အမိန့်ချထားသည်။ သို့သော်လည်း မြို့ဘက်ဂိတ်တွင်ထားသော ထိုခေါင်းပြတ်ရှေ့တွင် လူတစ်ဦးသည် အသုဘတွင်ဝတ်သောအဝတ်ကိုဝတ်ဆင်ကာ ငိုနေသည်။ ထိုလူကို "ချောင်ချောင်း"(Cao Cao) ရှေ့မှောက်သို့ခေါ်သွားကြသည်။ ထိုသူမှာ ချင်ကျိုးနယ်၏အမှုထမ်းဟောင်း "ဝမ်ရှို့"(Wang Xiu) ဖြစ်သည်။"ယွမ်ထန်"(Yuan Tan) သည် သူ၏အကြံကိုမနာယူခဲ့ပဲ ရာထူးမှ ထုတ်ပယ်ခဲ့သည်။ "ယွမ်ထန်"(Yuan Tan) သေဆုံးသောအကြောင်းကိုကြားသောအခါ သူ၏သခင်ဟောင်းအတွက်လာငိုခြင်းဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) မှ
"ခင်ဗျားက ကျုပ်ချမှတ်ထားတဲ့အမိန့်ကိုမသိဘူးလား?"
"သိပါတယ်"
"ဒါဆို ဘာလို့မကြောက်ရတာလဲ"
"ကျေးဇူးရှိတဲ့လူက သေဆုံးသွားတာ မငိုရင် မှားတာပဲလေ။ ကြောက်ရွံ့မှုကြောင့် တာဝန်ဆိုတာကိုမေ့လိုက်ရင် အဲ့လူက လောကမှာဘယ်လိုရပ်တည်မလဲ? သူ့ရဲ့အလောင်းကိုမြေမြှုပ်ခွင့်ရရင် ကျွန်တော်သေရလည်း မကြောက်ပါဘူး"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည်
"မြောက်ပိုင်းမှာ ဒီလိုသစ္စာရှိတဲ့လူတွေအများကြီးရှိတာပဲ၊ ယွမ်မိသားစုက ဒီလိုလူတော်တွေကို အသုံးမချနိုင်တာ နှမြောစရာပဲ၊ အကယ်၍သူတို့သာ ဒီလိုအသုံးချနိုင်ခဲ့ရင် ငါဒီနယ်မြေကို ကြည့်တောင်ကြည့်ဝံ့မှာမဟုတ်ဘူး" ဟု ဆိုလေသည်။ ထို့နောက် "ဝမ်ရှို့"(Wang Xiu) အား သေဒဏ်မပေးသည့်အပြင် "ယွမ်ထန်"(Yuan Tan) ၏အလောင်းကိုလည်း ကောင်းကောင်းမွန်မွန်မြုပ်နှံစေသည်။ "ဝမ်ရှို့"(Wang Xiu) အား ကောင်းကောင်းဆက်ဆံကာ ရာထူးတစ်နေရာပင်ပေးထားလေသည်။
ထို့နောက် "ယွမ်ရှန်"(Yuan Shang) အား မည်သို့မည်ပုံချေမှုန်းရမည်ကို "ဝမ်ရှို့"(Wang Xiu) အားမေးသည်။ "ဝမ်ရှို့"(Wang Xiu) က မည်သို့မှမဖြေပဲ ဆိတ်ဆိတ်သာနေသည်၊ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် "ဝမ်ရှို့"(Wang Xiu) အပေါ် ရှေးယခင်ကထက်ပင်ပို၍လေးစားသွားပြီး "သူက တကယ့်ကိုသစ္စာရှိသူပဲ" ဟု ပြောလေသည်။ ထို့နောက် "ကောကျား"(Guo Jia) အားအကြံတောင်းရာ "ကောကျား"(Guo Jia) မှ
"ယွမ်ရှီး(Yuan Xi) ရဲ့စစ်သူကြီးဟောင်းတွေကိုပဲ ယိုကျိုးကိုတိုက်ဖို့ အမိန့်ပေးလိုက်ပါ" ဟု ပြောသည်။

ထို့ကြောင့် "ကျောက်ချူ"(Jiao Chu) နှင့် "ကျန်းနန်"(Zhang Neng) အပြင် တပ်ကူအနေဖြင့် "လွီရှန်"(Lu Xiang) ၊ "လွီခွမ်း"(Lu Kuang) ၊ "မာရန်"(Ma Yang) ၊ "ကျန်းကျီ"(Zhang Zi) တို့အား စစ်ထွက်တိုက်စေသည်။ ထိုစစ်သူကြီးခြောက်ဦးတို့သည် စစ်ကြောင်းသုံးကြောင်းခွဲပြီး ယိုကျိုးသို့ချီတက်သည်။ "လီတျန်"(Li Dian) ၊ "ယွဲကျင့်"(Yue Jing) နှင့် "ကျန်းရန်"(Zhang Yan) တို့၏တပ်ကိုမူ ဘင်းကျိုးရှိ "ကျောက်ကန်း"(Gao Gan) နှင့်ရင်ဆိုင်စေသည်။
"ချောင်ချောင်း"(Cao Cao) စစ်တပ်ချီတက်လာသောသတင်းကိုကြားလျှင် "ယွမ်ရှီး"(Yuan Xi) နှင့် "ယွမ်ရှန်"(Yuan Shang) တို့သည် လျောင်ရှီးသို့ပြေးပြီး ဝူးဟွမ်(Wuhuan) ပြည်နယ်မှ ဝူးဟွမ်လူမျိုးစုတို့၏အကူအညီကိုတောင်းခံသည်။ ထိုအခါ ယိုကျိုးပြည်နယ်၏နယ်စားအသစ်ဖြစ်လာသော "ဝူးဟွမ်ချူ"(Wuhuan Chu) သည် အင်အားကြီးသော "ချောင်ချောင်း"(Cao Cao) ကိုမခုခံနိုင်မှန်းသိ၍ သူ၏လက်အောက်ငယ်သားတို့အားခေါ်ပြီး သူ၏လုပ်ဆောင်ချက်ကိုထောက်ခံရန်ပြောသည်။ "ဝူးဟွမ်ချူ"(Wuhuan Chu) မှ
"ချောင်ချောင်း(Cao Cao) က လက်ရှိမှာအင်အားအကြီးဆုံးပဲ၊ ဒါကြောင့် သူ့ကိုထောက်ခံမယ်လို့စဉ်းစားထားတယ်၊ ငါ့အကြံကိုမလိုက်နာတဲ့လူကို သေဒဏ်ပေးမယ်" ဟုပြောသည်။ လက်အောက်ခံတို့ကလည်း  သွေးဖြင့် သစ္စာဆိုကြလေသည်၊ ထိုသူတို့အနက်မှ "ဟန်ဟန်"(Han Heng) ၏အလှည့်သို့ရောက်သော် သူသည် သစ္စာမဆိုပဲ သူ၏ဓားကိုမြေကြီးသို့စိုက်လိုက်ပြီး
"ကျွန်တော်က ယွမ်မိသားစုတွေရဲ့သူကောင်းပြုတာခံခဲ့ရတယ်၊ အခုတော့ ကျွန်တော့်သခင်က ရှုံးနိမ့်နေပြီ။ ဒါပေမယ့် သူ့ကိုကယ်တင်ဖို့ အကြံဉာဏ်လည်းမရှိဘူး၊ သူ့အတွက်သေဖို့ကလည်း သေရဲတဲ့သတ္တိကမရှိပြန်ဘူး၊ ဒါကြောင့် တာဝန်ကိုမကျေပွန်နိုင်ခဲ့ဘူး။ ဒါပေမယ့် သခင်အပေါ်သစ္စာဖောက်ပြီးတော့ ချောင်ချောင်း(Cao Cao) လက်အောက်မှာ အမှုမထမ်းနိုင်ဘူး" ဟု ပြောသည်။ ထိုစကားကြောင့် ကျန်သောသူများ၏မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားကြသည်။ ထိုအခါ ခေါင်းဆောင်မှ
"ကိစ္စကြီးကိုလုပ်မယ်ဆိုရင် သစ္စာဆိုတာရှိကိုရှိရမယ်။ ဒါပေမယ့် လူတိုင်းထောက်ခံမှ အောင်မြင်မှုရတာမဟုတ်ပါဘူး၊ ဟန်ဟန်(Han Heng) က ဒီလိုဆိုတော့လည်း သူနေချင်သလိုနေပါစေ" ဟု ပြောကာ "ဟန်ဟန်"(Han Heng) သူတို့လူစုမှ ထွက်စေလိုက်သည်။
ထို့နောက် "ဝူးဟွမ်ချူ"(Wuhuan Chu) သည် မြို့ပြင်သို့ထွက်ကာ "ချောင်ချောင်း"(Cao Cao) လက်အောက်တွင် သစ္စာခံသည်။ သူ့အား "မြောက်ပိုင်းကိုစောင့်ကြပ်သောစစ်သူကြီး" ဟူသည့်ဘွဲ့ပေးခြင်းခံရသည်။

ထိုအချိန်တွင် အထောက်တော်တစ်ဦးရောက်လာပြီး
"စစ်သူကြီး လီတျန်(Li Dian) ၊ ယွဲကျင့်(Yue Jing) နဲ့ ကျန်းရန်(Zhang Yan) ဟာ ဘင်းကျိုးကိုချီတက်သွားပေမယ့် ကောက်ကန်း(Gao Gan) စောင့်ကြပ်တဲ့ဟူကွမ်းခံတပ်ကို မထိုးဖောက်နိုင်ဘူး" ဟူသောအကြောင်းပြောသည်။ "ချောင်ချောင်း"(Cao Cao) သည် ထိုခံတပ်သို့ သူကိုယ်တိုင်ချီတက်သွားလေသည်။ ထို့နောက် အကြံပေးတို့၏အကြံတောင်းရာ "ရွှင်ယို"(Xun You) မှ လူအချို့ကို သစ္စာဖောက်ပြီးပြန်ပြေးလာသည့်ပုံစံဖြင့်လွှတ်စေရန်ပြောသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ "လွီရှန်"(Lu Xiang) နှင့် "လွီခွမ်း"(Lu Kuang) ကို အမိန့်ပေးကာ လွှတ်လိုက်သည်။ သူတို့နှစ်ဦးသည် ခံတပ်အနီးသို့ရောက်သော်
"ကျုပ်တို့က ယွမ်ရှောက်(Yuan Shao) လက်အောက်က အမှုထမ်းဟောင်းတွေဖြစ်ပြီး မတတ်သာလို့ ချောင်ချောင်း(Cao Cao) လက်အောက်မှာအမှုထမ်းခဲ့တယ်။ သူကငါတို့ကို ကောင်းကောင်းမဆက်ဆံတာကြောင့် သခင်ဟောင်းဆီပြန်လာပြီး အမှုလာထမ်းတာဖြစ်တယ်။ ဒါကြောင့် ကျုပ်တို့ကိုဝင်ခွင့်ပေးပါ" ဟု ပြောသည်။ "ကောက်ကန်း"(Gao Gan) အတန်ငယ်သံသယရှိသော်လည်း ထိုသူနှစ်ဦးအား မြင်းပေါ်မှဆင်းစေကာ လက်နက်ကိုချ၊သံချပ်ကာတို့ကိုချွတ်စေပြီး ဝင်စေလိုက်သည်။
ထိုသူနှစ်ဦးတို့မှ "ကောက်ကန်း"(Gqao Gqan) အား
"ချောင်ချောင်း(Cao Cao) ရဲ့တပ်တွေက ဒီဒေသကိုမကျွမ်းသေးဘူး။ ဒါကြောင့် ဒီညနေမှာ သူ့ရဲ့စခန်းကိုသွားတိုက်သင့်တယ်။ ခင်ဗျားသဘောတူရင် ကျုပ်တို့ဦးဆောင်ပြီး သွားတိုက်မယ်" ဟု ပြောသည်။

"ကောက်ကန်း"(Gao Gan) သည် ထိုသူတို့ကိုယုံကြည်ရန်ဆုံးဖြတ်လိုက်ပြီး တိုက်ခိုက်ရန်ပြင်သည်။ ထို့နောက် ညီအစ်ကိုနှစ်ဦးတို့ကို စစ်တပ်တစ်သောင်းဦးဆောင်စေသည်။ "ချောင်ချောင်း(Cao Cao) ၏စခန်းအနီးသို့ရောက်သောအခါ အရပ်လေးမျက်နှာမှ ရန်သူတို့၏ကင်းပုန်းတပ်ထွက်လာကာ တိုက်လေသည်။ လှည့်ဖြားခံလိုက်ရမှန်းသိလိုက်သော်လည်း နောက်ကျသွားချေပြီ။ "ကောက်ကန်း"(Gao Gan) သည် ခံတပ်သို့ပြန်ပြေးရန်လုပ်သော်လည်း ခံတပ်ကို "လီတျန်"(Li Dian) နှင့် "ယွဲကျင့်"(Yue Jing) တို့က သိမ်းထားနှင့်ပြီ။ ထိုအခါ "ကောက်ကန်း"(Gao Gan) သည် ရှုံးနု(Xiongnu) လူမျိုးစုတို့၏ခေါင်းဆောင်ထံထွက်ပြေးသည်။ "ချောင်ချောင်း"(Cao Cao) ကလည်း လူလွှတ်ကာ တိုက်စေသည်။ "ကောက်ကန်း"(Gao Gan) သည် ရှုံးနုနယ်စပ်နားသို့ရောက်သော် မြောက်ပိုင်းလူမျိုးစုတို့၏ခေါင်းဆောင် (သို့) ခန်(Khan) "ချဲ့ရှန်"(Ce Xian) နှင့်တွေ့သည်။ "ကောက်ကန်း"(Gao Gan) သည် မြင်းပေါ်မှဆင်းကာ အရိုအသေပြုပြီး
"ချောင်ချောင်း(Cao Cao) က တခြားနယ်မြေတွေလိုက်သိမ်းနေတာ၊ မကြာခင်မှာ ဘုရင်မင်းမြတ်ရဲ့နယ်မြေကိုပါ ကျူးကျော်လိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့အတူတူ မြောက်ပိုင်းဒေသကိုကာကွယ်ကြရအောင်" ဟုပြောလေသည်။ "ချဲ့ရှန်"(Ce Xian) မှ
"ချောင်ချောင်း(Cao Cao) နဲ့ ငါနဲ့က ရန်ငြိုးရန်စမှမရှိတာ၊ ဘာလို့ငါ့နယ်ကို ကျူးကျော်မှာလဲ။ မင်းက သူနဲ့ငါ့ကိုရန်တိုက်ပေးချင်တာလား" ဟု ပြောသည်။ ထို့နောက် "ကောက်ကန်း"(Gao Gan) ကို ပြန်လွှတ်လိုက်သည်။

"ကောက်ကန်း"(Gao Gan) သည်လည်း ချောင်ပိတ်နေသည့်အဆုံးတွင် "လျူပြောင်း"(Liu Biao) ထံတွင် ခိုလှုံရန်ကြံသည်။ ရှန်းလုသို့အရောက်တွင် မြို့စား"ဝမ်ရန်"(Wang Yan) မှ သူ့ကိုဖမ်းမိပြီး ခေါင်းဖြတ်ကာ "ချောင်ချောင်း(Cao Cao) ထံပို့လိုက်လေသည်။ "ဝမ်ရန်"(Wang Yan) သည် ဂုဏ်ထူးဆောင်ဘွဲ့ရလေသည်။
သို့နှင့် ဘင်းကျိုးကိုအောင်နိုင်ခဲ့ပြီ၊ ပြီးနောက် "ချောင်ချောင်း(Cao Cao) သည် ဝူးဟွမ်ပြည်နယ်ကိုသိမ်းရန်ကြံသည်။ "ချောင်ဟုန်"(Cao Hong) မှ
"ယွမ်ရှီး(Yuan Xi) နဲ့ ယွမ်ရှန်(Yuan Shang) မှာ ဘာမှမကျန်တော့ဘူး၊ ဒါကြောင့် သူတို့ကိုကြောက်စရာမလိုဘူး။ သူတို့က သဲကန္တာရအထိတောင်ထွက်ပြေးသွားကြပြီ။ သူတို့နောက်ကိုလိုက်နေရင် လျူပြောင်း(Liu Biao) နဲ့ လျူဘေ့(Liu Bei) က မြို့တော်ကိုလာတိုက်နိုင်တယ်။ အဲ့လိုသာဆို ကျွန်တော်တို့ မြို့တော်ကိုပြန်သွားကူနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ရွှီချန်ကိုပြန်သင့်ပါတယ်" ဟု ပြောသည်။ သို့သော်လည်း "ကောကျား"(Guo Jia) မှ
"ခင်ဗျားပြောတာမှားတယ်၊ ကျုပ်တို့ရဲ့သခင်ဟာ အင်အားကြီးပေမယ့်လည်း မြောက်ပိုင်းကလူတွေက သဲကန္တာရကိုအားကိုးပြီး ဘာမှပြင်ဆင်မှုမလုပ်ထားဘူး၊ ဒါကြောင့်သူတို့ကိုတိုက်ခိုက်ပြီး အောင်နိုင်ရမယ်။ ဒါ့အပြင် ယွမ်ရှောက်(Yuan Shao) ကော၊ သူ့သားနှစ်ယောက်လုံးကပါ အဲ့ခြေသလုံးအိမ်တိုင်တွေကိုကောင်းကောင်းဆက်ဆံခဲ့တယ်။ သူတို့ကိုဖြိုခွဲမှဖြစ်မယ်။ လျူပြောင်း(Liu Biao) ကတော့ ဘာမှမှုစရာမလိုပါဘူး၊ လျူဘေ့(Liu Bei) ကတော့ လုပ်ငန်းကြီးတွေကိုလုပ်ဆောင်နိုင်တဲ့လူမဟုတ်ဘူး၊ဒါကြောင့် ရန်သူကိုဆက်လိုက်လည်း သူတို့က မြို့တော်ကိုတိုက်မှာမဟုတ်ဘူး" ဟု ပြောလေသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ကောကျား(Guo Jia) ပြောတာ မှန်တယ်" ဟု ဆိုသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် လောက်လွှဲကြီးများပါဝင်သောတပ်မကြီးနှင့် ဂိုဘီသဲကန္တာရကိုဖြတ်လေသည်။ သဲကန္တာရအတွင်းတွင် လေပြင်းတို့ကလည်းကြမ်းတမ်းသလိုလမ်းခရီးကလည်း ဆိုးဝါးရကား ဆက်ချီတက်ရန်ခက်ခဲလာသည်။ "ချောင်ချောင်း"(Cao Cao) သည်ပင်လျှင် တပ်ပြန်ဆုတ်ရန်စိတ်ကူးလျက်ရှိပြီး ၎င်းကို "ကောကျား"(Guo Jia) နှင့်တိုင်ပင်သည်။ "ကောကျား"(Guo Jia) မှာ ရာသီဥတုဒဏ်ကြောင့် အပြင်းအထန်ဖျားနာနေခဲ့သည်။ "ချောင်ချောင်း"(Cao Cao) မှ မျက်ရည်ကျကာ
"သူငယ်ချင်း၊ ဂိုဘီသဲကန္တာရကိုသိမ်းဖို့ ငါ့အိပ်မက်အတွက် မင်းအနစ်နာခံခဲ့ရပြီ။ ဒီလိုနေမကောင်းဖြစ်တာ စိတ်မကောင်းဘူး" ဟု ပြောသည်။
"သခင်ကြီးက ကျွန်တော့်အပေါ်အမြဲတမ်းကောင်းခဲ့တာ ပြန်မပေးဆပ်နိုင်ခဲ့ဘူး"
"ဒီနေရာက ကြမ်းတမ်းတယ်၊ ဒါကြောင့် ပြန်လှည့်ဖို့စဉ်းစားနေပြီ၊ ဒါကိုဘယ်လိုထင်လဲ"
"ဒီတိုက်ပွဲမှာလျင်မြန်မှုက အရေးကြီးတယ်။ မြန်မြန်ဆန်ဆန်ချီတက်နိုင်တဲ့စစ်သားတွေနဲ့ လမ်းကောင်းကနေတစ်ဆင့် ရန်သူတွေအဆင်သင့်မပြင်နိုင်ခင်မှာတိုက်ရမယ်။ ဒါကြောင့် လမ်းညွှန်နိုင်တဲ့လူကို ရှာသင့်တယ်"

ထို့နောက် နေမကောင်းဖြစ်နေသော "ကောကျား"(Guo Jia) ကို ရဲ့ကျိုးတွင်ပင် နားနေစေသည်။ ထိုဒေသကိုကျွမ်းကျင်သူရှာရာ  ယွမ်ရှောက်(Yuan Shao) လက်အောက်တွင်အမှုထမ်းခဲ့ဖူးသော"ထျန်းချို"(Tian Chou) ဟူသောအမည်ရှိသည့်သူကို တွေ့သည်။ ထိုသူမှ
"ဆောင်းဦးနဲ့နွေအကြားမှာ ဒီနေရာက ရေတွေပြည့်နေတယ်။ ရေတိမ်တဲ့နေရာကိုတော့ လှည်းတွေတောင်မဖြတ်နိုင်ဘူး၊ နက်တဲ့နေရာမှာ လှေတွေတောင်မလုံလောက်ဘူး။ ဒါကြောင့် လူလုံကိုသွားပြီး ပိုင်ထန်ခံတပ်ကတစ်ဆင့် ကန္တာရကိုဖြတ်သင့်တယ်။ ပြီးရင် လျူချန်ကိုချီတက်ပြီး ရန်သူတွေကိုတိုက်ပါ။ ဒီလိုသာဆို ဘုရင် မောင်တွန်း(Mao Dun) ကိုရှင်းနိုင်မှာပါ" ဟုပြောသည်။
ထိုတန်ဖိုးရှိသောအကြံအတွက် "ထျန်းချို"(Tian Chou) အား "မြောက်ပိုင်းကိုအေးချမ်းစေသောစစ်သူကြီး" ဟူသည့်ဘွဲ့ပေးလိုက်ပြီး ထိုခရီးကိုခေါင်းဆောင်စေသည်။ နောက်ဘက်မှ "ကျန်းလျောင်"(Zhang Liao) ၊ ထိုအနောက်မှ "ချောင်ချောင်း"(Cao Cao) ကလိုက်သည်။ "ထျန်းချို"(Tian Chou) သည် "ကျန်းလျောင်"(Zhang Liao) အား မြေခွေးဖြူတောင်ကုန်းသို့ခေါ်သွားပြီး ထိုနေရာတွင် "ယွမ်ရှီး"(Yuan Xi) ၊ "ယွမ်ရှန်"(Yuan Shang) ၊ ဘုရင် "မောင်တွန်း"(Mao Dun) တို့ဦးဆောင်သော မြင်းတပ်တစ်သောင်းနှင့်ရင်ဆိုင်ရသည်။ ရန်သူတို့သည် ဗျူဟာမဖြန့်ခင်းထားပဲ ပြန့်ကျဲနေသည်ကိုတွေ့သောအခါ "ချောင်ချောင်း"(Cao Cao) သည်
"ရန်သူတွေက ဘာဗျူဟာမှ မခင်းထားဘူး။ သူတို့ကို အလွယ်တကူတိုက်နိုင်တယ်" ဟု ပြောသည်။

ထို့နောက် "ကျန်းလျောင်"(Zhang Liao) ၊ "ရွှီချူ"(Xu Chu) ၊ "ယွီကျင့်"(Yu Jin) နှင့် "ရွှီဟွမ်"(Xu Huang) တို့ကို နေရာလေးနေရာမှချီတက်စေရာ ရန်သူတို့မှာ အရှုပ်အထွေးဖြစ်သွားသည်။ "ကျန်းလျောင်"(Zhang Liao) သည် ဘုရင် "မောင်တွန်း"(Mao Dun) ကို သတ်လိုက်ရာ အခြားစစ်သူကြီးတို့လက်နက်ချကြသည်။ "ယွမ်ရှီး"(Yuan Xi) နှင့် "ယွမ်ထန်"(Yuan Shang) တို့သည် မြင်းတပ်သုံးလေးထောင်နှင့် လျောင်တုန်းသို့ထွက်ပြေးသည်။
"ချောင်ချောင်း"(Cao Cao) သည် လျူချန်မြို့ကိုသိမ်းပြီး "ထျန်းချို"(Tian Chou) ကို ထိုမြို့ မြို့စားအဖြစ်ခန့်ရာ "ထျန်းချို"(Tian Chou) မှ မျက်ရည်ကျကာ
"ကျွန်တော်က ဝရမ်းပြေးတစ်ဦးပါ။ ကျွန်တော့်ကို မသတ်တာနဲ့တင် ကျွန်တော်ကတော်တော်ကံကောင်းနေပါပြီ၊ လူလုံမြို့ကိုသစ္စာဖောက်ပြီး ရာထူးဘယ်ယူရဲပါ့မလဲ။ အဲ့အစားသေတာကမှ တော်ဦးမယ်" ဟု ပြောကာ ငြင်းလိုက်သည်။ သို့နှင့် "ချောင်ချောင်း"(Cao Cao) ကလည်း "ထျန်းချို"(Tian Chou) ကို နန်းတွင်းအမှုထမ်းအဖြစ်ခန့်အပ်လိုက်လေသည်။ ထို့နောက် ရှုံးနုခေါင်းဆောင်တို့နှင့် ငြိမ်းချမ်းရေးယူကာ တပ်ပြန်ဆုတ်လာသည်။

ရာသီကား ဆောင်းရာသီဖြစ်ပြီး အေးခဲခြောက်သွေ့သောအချိန်ပင်ဖြစ်သည်။ မိုင်ခုနှစ်ဆယ်ပတ်လည်တွင် ရေမရှိ၊ စားစရာကလည်း ရှားပါးလေသည်။ စစ်သားတို့မှာ မြင်းသားတို့ကိုစားရသည်၊ ရေရရန်အတွက် မြေအောက်အနက်ကြီးတူးရလေသည်။ "ချောင်ချောင်း"(Cao Cao) ရဲ့ကျိုးသို့ရောက်သောအခါ စစ်မချီတက်ရန်တားမြစ်သောလူတို့ကို ဆုပေးသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ငါက ဒီစစ်ပွဲကိုအရဲစွန့်တာ ကံကောင်းတော့အောင်မြင်သွားတယ်။ မင်းတို့အကြံကို ငါ မနားထောင်ခဲ့ပေမယ့်လည်း ဒါက လုံခြုံမှုအတွက်ပေးတဲ့အကြံမို့လို့ ဆုပေးတာ။ အနာဂတ်မှာလည်း ကိုယ့်အကြံကို မကြောက်မဝံ့ပဲ ရဲရဲသာပြောပါ" ဟု ပြောသည်။ "ကောကျား"(Guo Jia) သည် သူ့သခင်၏ပြန်အလာကို မမှီလိုက်ပေ။ သူ၏အခေါင်းကို ဝန်ထမ်းတို့၏ခန်းမဆောင်တွင်ထားထားသည်။ "ချောင်ချောင်း"(Cao Cao) သည် ထိုနေရာသို့သွားကာ
"ဪ၊ ကောင်းကင်ကြီးက ငါ့အပေါ်မတရားဘူး။ ကောကျား(Guo Jia) က သေဆုံးသွားခဲ့ပြီ" ဟု ပြောကာ ငိုလေသည်။ ထို့နောက် သူ၏နောက်လိုက်တို့ဘက်လှည့်ကာ
"ခင်ဗျားတို့တွေကတော့ ကျုပ်နဲ့အသက်သိပ်မကွာဘူး။ ဒါပေမယ့် သူကတော့ သေဆုံးဖို့အရမ်းငယ်သေးတယ်။ သူ့ကိုအနာဂတ်မျိုးဆက်တွေအတွက် လိုအပ်သေးတယ်၊ သူက အရွယ်ကောင်းမှာ ခွဲခွာသွားခဲ့ပြီ။" ဟု ပြောသည်။

ထို့နောက် "ကောကျား"(Guo Jia) ၏အစေခံတို့က "ကောကျား"(Guo Jia) ရေးခဲ့သောနောက်ဆုံးစာကို "ချောင်ချောင်း"(Cao Cao) အားပေးပြီး
"ဝန်ကြီးချုပ်သာ ဒီစာထဲကအတိုင်းလိုက်နာရင် လျောင်တုန်းမြို့အတွက် စိုးရိမ်စရာမရှိဘူး လို့ပြောသွားခဲ့ပါတယ်" ဟု ဆိုသည်။ "ချောင်ချောင်း"(Cao Cao) သည် ထိုစာကိုဖွင့်ကာဖတ်လေသည်။ ဖတ်ပြီးနောက်ဝယ် "ချောင်ချောင်း"(Cao Cao) သည် ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ သက်ပြင်းချသည်။ ထိုစာထဲတွင် မည်သည်ကိုရေးထားမှန်း မည်သူမှမသိပေ။
ထိုအချိန်တွင် "ရှဟိုတွန်း"(Xiahou Dun) ရောက်လာပြီး
"ယွမ်ညီအစ်ကိုနှစ်ဦးဟာ လျောင်တုန်းက ကုန်းစွန်းခန်း(Gongsun Kang) ဆီမှာ ခိုလှုံဖို့သွားတယ်။ သူတို့လက်မဦးခင် ကျွန်တော်တို့အရင်တိုက်ရင် မကောင်းဘူးလား" ဟု ပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ
"စစ်သူကြီးတွေ စိတ်ပူစရာ မလိုပါဘူး။ မကြာခင်မှာ ရန်သူနှစ်ယောက်ရဲ့ခေါင်း ဒီရောက်လာလိမ့်မယ်" ဟု ပြောသည်။ သို့သော်လည်း လက်အောက်ငယ်သားတို့က မယုံကြပေ။

"ယွမ်ရှီး"(Yuan Xi) နှင့် "ယွမ်ရှန်"(Yuan Shang) တို့သည် မြင်းတပ်အနည်းငယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်။ လျောင်တုန်းမြို့စား "ကုန်းစွန်းခန်း"(Gongsun Kang) မှာ ဟန်တိုင်းပြည်၏စစ်သူကြီးဖြစ်ခဲ့သော "ကုန်းစွန်းတု"(Gongsun Du) ၏သားဖြစ်ပြီး ရှန်းဖင်အရပ်သားဖြစ်သည်။ ယွမ်ညီအစ်ကိုတို့ သူ၏နယ်အတွင်းလာသည်ကိုကြားသော် သူ၏လက်အောက်ငယ်သားတို့ကိုခေါ်ကာတိုင်ပင်သည်။ ထိုဆွေးနွေးပွဲတွင် "ကုန်းစွန်းကုန်း"(Gongsun Gong) မှ
"ယွမ်ရှောက်(Yuan Shao) အသက်ရှိစဉ်တုန်းက ဒီနယ်မြေကိုသိမ်းဖို့လုပ်ခဲ့တယ်။ အခုသူ့သားတွေက အိုးမဲ့အိမ်မဲ့ဖြစ်တော့ ဒီမှာခိုလှုံဖို့လုပ်တယ်။ သူတို့ကိုကူညီရင် ကျွန်တော်တို့ပါဒုက္ခရောက်မယ်။ ဒါကြောင့် သူတို့ကိုသတ်ပြီး ခေါင်းကို ချောင်ချောင်း(Cao Cao) လက်အပ်လိုက်တာ ကောင်းမယ်" ဟု ဆိုသည်။
"ကုန်းစွန်းခန်း"(Gongsun Kang) : "ငါစိုးရိမ်တာက ချောင်ချောင်း(Cao Cao) က ပြီးရင် ငါတို့ကိုပါလာတိုက်မှာကိုပဲ။ ဒီလိုသာဆို ယွမ်ညီအစ်ကိုနဲ့ပူးပေါင်းတာပိုကောင်းမယ်"
"ဒါဆိုလည်း သူလျှိုတွေလွှတ်ပြီး ချောင်ချောင်း(Cao Cao) ရဲ့အခြေအနေကိုစုံစမ်းပေါ့။ သူ့စစ်တပ်က တိုက်ခိုက်ဖို့လုပ်ရင် ယွမ်ညီအစ်ကိုနဲ့ပေါင်းပြီးပြန်တိုက်တာပေါ့။ အဲ့လိုမှမဟုတ်ရင် ကျွန်တော့်အကြံအတိုင်းပဲလုပ်ပါ"
ထိုအကြံအတိုင်းလုပ်လိုက်ပြီးလျှင် သူလျှိုတို့ပြန်လာမည့်အချိန်ကို စောင့်နေသည်။

ထိုအချိန်တွင် "ယွမ်ရှီး"(Yuan Xi) နှင့် "ယွမ်ရှန်"(Yuan Shang) တို့သည် လျောင်တုန်းနားရောက်သော်
"လျောင်တုန်းမှာ ချောင်ချောင်း(Cao Cao) ကို တိုက်နိုင်လောက်တဲ့စစ်တပ်ကြီးရှိတယ်။ ငါတို့တွေ အဲ့မြို့စားဆီမှာအရင်ခိုလှုံပြီး အခွင့်ရရင် သူ့ကိုသတ်ပြီးတော့ စစ်တပ်ကိုချုပ်ကိုင်ပြီး ဆုံးရှုံးသွားတဲ့နယ်တွေကို ပြန်သိမ်းရမယ်" ဟုပြောသည်။ ညီအစ်ကိုနှစ်ဦးတို့လည်း လျောင်တုန်းနှင့်သွားရာ "ကုန်းစွန်းခန်း"(Gongsun Kang) က ဧည့်ခန်းဆောင်တွင်ထားစေပြီး အကြောင်းတစ်ခုပြကာ ထွက်မတွေ့သေးပေ။
ရက်အနည်းငယ်ကြာသော် သူလျှိတို့ပြန်ရောက်လာပြီးလျှင် "ချောင်ချောင်း(Cao Cao) ၏တပ်မှာ စစ်တိုက်ရန် အလားအလာမရှိကြောင်းပြောလေသည်။ ထိုအခါမှသာ "ကုန်းစွန်းခန်း"(Gongsun Kang) သည် ယွမ်ညီအစ်ကိုနှစ်ဦးကိုတွေ့ရန်ခေါ်လိုက်ပြီး အနောက်ဘက်တွင် လူသတ်သမားအချို့ကိုပုန်းခိုင်းထားစေသည်။

ညီအစ်ကိုနှစ်ဦးတို့ရောက်သော် ထိုင်ရန်နေရာပေးသည်။ အင်မတန်အေးသောရာသီဖြစ်ပြီး ထိုင်ခုံတွင် အခင်းမရှိသောအခါ "ယွမ်ရှန်"(Yuan Shang) မှ
"အောက်ခံအခင်းပေးလို့ရမလား" ဟု မေးလေရာ "ကုန်းစွန်းခန်း"(Gongsun Kang) မှ
"မင်းတို့ခေါင်းတွေက ခရီးအရှည်ကြီးသွားရမှာ အခင်းလိုသေးလို့လား" ဟု ပြောလိုက်ရာ "ယွမ်ရှန်"(Yuan Shang) သည် ကြက်သေသေသွားသည်။ ယွမ်ညီအစ်ကိုနှစ်ဦး မည်သို့မှမပြုမူနိုင်ခင်မှာပင် "ကုန်းစွန်းခန်း"(Gongsun Kang) မှ
"ဘာလို့ မစသေးတာလဲ" ဟု အော်လိုက်ရာ လူသတ်သမားတို့ထွက်လာပြီး ညီအစ်ကိုနှစ်ဦးကိုသတ်လိုက်သည်။ ထို့နောက် ခေါင်းတို့ကို သေတ္တာဖြင့်ထည့်ပြီး ရဲ့ကျိုးမှ "ချောင်ချောင်း"(Cao Cao) ထံစောင့်လိုက်သည်။

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် တည်ငြိမ်စွာစောင့်နေသည်။ သူ၏လက်အောက်ငယ်သားတို့က စိတ်မရှည်တော့ပဲ
"ကျွန်တော်တို့ မြို့တော်ကိုအမြန်ချီတက်ပြီး လျူပြောင်း(Liu Biao) ကို တိုက်သင့်ပါတယ်" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ငါ ရန်သူ့ရဲ့ခေါင်းကိုစောင့်နေတာ၊ ခေါင်းရောက်တာနဲ့ မြို့တော်ကိုပြန်မယ်" ဟု ပြန်ပြောသည်။ လက်အောက်ငယ်သားတို့က မယုံနိုင်ပဲ စိတ်ထဲမှ ကြိတ်ရယ်ကြသည်။ ထိုအချိန်တွင်ပင် လျောင်တုန်းမှ ဆက်သားရောက်လာပြီး ခေါင်းနှစ်လုံးကိုလာပို့ရာ အကုန်လုံးအံ့အားသင့်သွားကြသည်။ ထို့နောက် ထိုဆက်သားသည် "ကုန်းစွန်းခန်း"(Gongsun Kang) ဆီမှစာကို ပြသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ကောကျား(Guo Jia) ပြောထားတဲ့အတိုင်းပဲ" ဟုဆိုလေသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် ဆက်သားကိုဆုပေးပြီး လျောင်တုန်းမြို့စားကိုလည်း ရှန်ဖင်သခင်၊ လက်ဝဲတပ်စစ်သူကြီး စသောရာထူးများပေးလေသည်။

စစ်သူကြီးတို့က အကြောင်းအရင်းကိုမေးရာ "ချောင်ချောင်း"(Cao Cao) သည် " ကောကျား"(Guo Jia) ၏နောက်ဆုံးစာကို ဖတ်ပြသည်။
'ယွမ်ရှီး(Yuan Xi) နဲ့ ယွမ်ထန်(Yuan Tan) က လျောင်တုန်းကိုသွားလိမ့်မယ်။ သခင်ကြီးက တိုက်ခိုက်ဖို့မလုပ်ပါနဲ့။ ကုန်းစွန်းခန်း(Gongsun Kang) က သူ့ဘဝတစ်လျှောက်လုံးယွမ်မိသားစုရဲ့ အန္တရာယ်ကိုစိုးရိမ်ခဲ့တာ။ အဲ့ညီအစ်ကိုနှစ်ယောက် သူ့ဆီရောက်လာရင် သူဆုံးဖြတ်ချက်ချဖို့ တွန့်ဆုတ်နေလိမ့်မယ်။ သခင်ကြီးသာ တိုက်ရင် သူက ယွမ်ညီအစ်ကိုကို ကူညီလိမ့်မယ်၊ သခင်ကြီးကစောင့်ရင်တော့ သူတို့က အချင်းချင်းလုပ်ကြံပြီး အကျိုးရှိမှာအမှန်ပါပဲ'
တကယ်ဖြစ်လာခဲ့သောအဖြစ်အပျက်တို့နှင့် "ကောကျား"(Guo Jia) ၏ခန့်မှန်းချက်မှာ ထပ်တူကျနေရကား အမှုထမ်းတို့မှာ ထခုန်မတတ်အံ့ဩသွားကြသည်။ "ချောင်ချောင်း"(Cao Cao) သည်ထိပ်ဆုံးတွင်နေပြီး အခြားသောအမှုထမ်းတို့နှင့်အတူ "ကောကျား"(Guo Jia) ၏အခေါင်းရှေ့တွင် ပူဇော်ပသကြသည်။ "ကောကျား"(Guo Jia) သည် အသက်သုံးဆယ့်ရှစ်နှစ်တွင် သေဆုံးခဲ့ပြီး စစ်ပွဲတို့တွင် တစ်ဆယ့်တစ်နှစ်တာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သည်။

"ချောင်ချောင်း"(Cao Cao) သည် ကျိကျိုးသို့ရောက်လျှင် သူ၏အကြံပေးအခေါင်းကို ရွှီချန်သို့ပို့ပြီး မြှုပ်နှံစေသည်။ "ချန်ယွီ"(Cheng Yu) နှင့်အခြားသူတို့က
"မြောက်ပိုင်းကိုသိမ်းပြီးပြီဆိုတော့ တောင်ပိုင်းကိုတိုက်ဖို့အချိန်ရောက်ပြီ" ဟု ပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ငါ အဲ့လိုစဉ်းစားထားတာကြာပြီ" ဟု ပြောသည်။ ကျိကျိုးတွင် နေသော နောက်ဆုံးညတွင် "ချောင်ချောင်း"(Cao Cao) သည်အရှေ့ဘက်ပြဿဒ်တွင်ရှိနေပြီး နံဘေးတွင် "ရွှင်ယို"(Xun You) ရှိသည်။ "ချောင်ချောင်း"(Cao Cao) မှ
"တောင်ဘက်မှာ တအားတောက်ပတဲ့အလင်းရောင်ကိုတွေ့တယ်၊ ငါ ဘာမှမလုပ်နိုင်လိုက်ဘူး" ဟု ပြောသည်။ "ရွှင်ယို"(Xun You) မှ
"သခင်ကြီးကိုဆန့်ကျင်တဲ့အရာက ဘာများလဲ" ဟု ပြောသည်။

ထိုအချိန်တွင်ပင် မြေကြီးထဲမှအလင်းရောင်ထွက်ပေါ်လာသည်။ "ရွှင်ယို"(Xun You) မှ

"ဒီထဲမှာ ရတနာတစ်ခုခုရှိတာ သေချာတယ်" ဟုပြောသည်။ သူတို့နှစ်ဦးသည် အောက်သို့ဆင်းပြီး အစောင့်တို့ကိုခေါ်ကာ ထိုအလင်းရောင်ထွက်သောနေရာမှ မြေကြီးကိုတူးစေသည်။

Comments

Popular posts from this blog

Lookism