သုံးနိုင်ငံခေတ်(၃၅)

အခန်း(၃၅) "လျူဘေ့"(Liu Bei) သည် နန်ကျန်းတွင် ပြင်ပလောကနှင့်အဆက်အသွယ်ဖြတ်ထားသောသူနှင့်တွေ့ဆုံခြင်း။ "ရှန်ဖူ"(Shan Fu) သည် ရှင်းရဲ့တွင် အရှင်သခင်နှင့်တွေ့ခြင်း။

“ချိုက်မောက်”(Cai Mao)သည် မြို့ထဲသို့ပြန်ဝင်ခါနီးတွင် "ကျောက်ယွင်"(Zhao Yun) နှင့်စစ်သည်သုံးရာတို့သည် မြို့ထဲမှထွက်လာသည်ကိုတွေ့လိုက်သည်။ စားသောက်ပွဲတွင် သူ၏သခင်ပျောက်နေသည့်အပြင် စစ်သားအချို့တို့အပြင်ထွက်သွားသည်ကိုမြင်လိုက်သည့် "ကျောက်ယွင်"(Zhao Yun) သည် စိတ်ပူပြီးထွက်လာခြင်းဖြစ်သည်။ “ချိုက်မောက်”(Cai Mao)နှင့်မြို့အနီးတွင် တွေ့သော် "ကျောက်ယွင်"(Zhao Yun)  မှ
"ကျုပ်သခင် ဘယ်မှာလဲ" ဟု မေးသည်။
“ချိုက်မောက်”(Cai Mao): "သူ စားသောက်ပွဲကနေရုတ်တရတ်ထွက်သွားတယ်၊ ဘယ်သွားလည်းတော့မသိဘူး"
ထိုအခါ "ကျောက်ယွင်"(Zhao Yun) သည် အလျင်စလိုမပြုမူသည်နှင့် "လျူဘေ့"(Liu Bei) ထွက်သွားသောအရပ်သို့သွားရာ တံတားမရှိ၊ ဖြတ်သန်းစရာကုန်းမြေမရှိသောမြစ်ကိုတွေ့လိုက်သည်။ သို့နှင့် နောက်ပြန်လှည့်လာပြီး “ချိုက်မောက်”(Cai Mao)အား
"ခင်ဗျား ကျုပ်သခင်ကို ဘာလုပ်လိုက်လဲ" ဟု အော်ပြောသည်။
“ချိုက်မောက်”(Cai Mao): "သူအနောက်တံခါးကနေထွက်သွားတယ်လို့ ပြောကြတာပဲ"
"ကျောက်ယွင်"(Zhao Yun)  သည် မယုံသင်္ကာဖြစ်ကာ ထိုမြစ်နားသို့ထပ်သွားပြန်သည်၊ ဤအခေါက်တွင်မူ တစ်နေရာ၌ စိုစွတ်သောသဲလွန်စ အရာတစ်ခုတွေ့လိုက်သည်။ ထိုနေရာမှ လူနှင့်မြင်းသည် မြစ်ကိုဖြတ်ရန်မဖြစ်နိုင်သဖြင့် သူ၏နောက်လိုက်တို့ကို လူခွဲပြီးရှာစေသည်။ သို့သော်လည်း "လျူဘေ့"(Liu Bei) ၏အစအနမတွေ့ပေ။
"ကျောက်ယွင်"(Zhao Yun) သည် မြို့ထဲသို့တစ်ခါပြန်သွားပြန်သည်။ ထိုအခါတွင်မူ “ချိုက်မောက်”(Cai Mao)သည် အထဲသို့ဝင်သွားပြီ။ "ကျောက်ယွင်"(Zhao Yun) သည် အစောင့်တို့ကိုမေးရာ အကုန်လုံးက "လျူဘေ့"(Liu Bei) တစ်ဦးတည်းမြင်းစီးကာထွက်သွားသည်ဟုဆိုကြသည်။ "ကျောက်ယွင်"(Zhao Yun) သည် မြို့ထဲသို့ဝင်လျှင် ရန်သူတို့ဝိုင်းလုပ်ကြံမည်စိုးသဖြင့် ရှင်းရဲ့သို့ပြန်လှည့်လေသည်။

မြစ်ကိုထူးဆန်းစွာဖြတ်ကူးပြီး အသက်ဘေးမှာလွတ်ခဲ့သော်လည်း "လျူဘေ့"(Liu Bei) မှာ ပျော်ရွှင်သော်လည်း အံ့ဩနေဆဲဖြစ်သည်။ "လျူဘေ့"(Liu Bei) သည်
'ဒါ မိုးနတ်မင်းကြီးရဲ့ကူညီမှုကြောင့်ပဲနေမယ်' ဟု တွေးနေမိသည်။ ထို့နောက် နန်ကျန်းကိုသွားရန်ပြုလေသည်။ နေသည်အနောက်ဘက်သို့ဝင်သွားသော်လည်း သူအလိုရှိရာအရပ်သို့မရောက်သေးချေ။ ထိုအချိန်တွင် ပုလွေမှုတ်နေသော ကျွဲကျောင်းသားလေးကိုတွေ့လိုက်သည်။ ထိုအခါ "လျူဘေ့"(Liu Bei) သည် သက်ပြင်းချကာ
"ငါသာ သူ့လိုပျော်နေရင်ကျေနပ်ပြီ" ဟုဆိုလေသည်။ "လျူဘေ့"(Liu Bei) သည် မြင်းကိုရပ်ပြီး ကျွဲကျောင်းသားလေးကိုကြည့်နေရာ တစ်ဖက်မှလည်း သတိပြုမိပြီး ပုလွေမမှုတ်တော့ပဲ "လျူဘေ့"(Liu Bei) ကိုပြန်စိုက်ကြည့်သည်။ ထို့နောက် ထိုကောင်လေးမှ
"ခင်ဗျားက အဝါရောင်သူပုန်တွေကိုတိုက်ခဲ့တဲ့စစ်သူကြီး လျူဘေ့(Liu Bei) မလား" ဟု မေးသည်။ "လျူဘေ့"(Liu Bei) သည် လန့်သွားသည်။ ထို့နောက်တွင်မှ
"မင်းလို လူသူနည်းတဲ့အရပ်မှာနေတဲ့ကလေးက ငါ့နာမည်ကိုဘယ်လိုသိတာလဲ" ဟု ပြန်မေးသည်။
"ခင်ဗျားကိုတော့ ကျွန်တော်ဘယ်သိပါ့မလဲ၊ ဒါပေမယ့် ကျွန်တော့်သခင်ဆီကိုမိတ်ဆွေတွေလာတတ်တယ်လေ၊ သူတို့တွေက အရပ်ရှည်ပြီး လက်ကဒူးလောက်အထိရောက်ပြီးတော့ ထင်ရှားတဲ့မျက်လုံးရှိတဲ့ လျူဘေ့(Liu Bei) အကြောင်းပြောကြတယ်။ သူက ဒီခေတ်မှာ နာမည်အကြီးဆုံးလူပဲတဲ့။ သူတို့ပြောတဲ့အချက်တွေနဲ့ကိုက်တော့ ခင်ဗျားက လျူဘေ့(Liu Bei) ပဲလို့ခန့်မှန်းလိုက်တာပေါ့"

"မင်းရဲ့သခင်က ဘယ်သူတုန်း"
"ကျွန်တော့်သခင်က စီးမာဟွေး(Sima Hui) လို့ခေါ်တယ်။ သူက ရင်းချွမ်ဇာတိဖြစ်ပြီး တာအိုနာမည်ကတော့ ရွှေကျင့်(Shui Jing - " ရေမှန်") ဖြစ်တယ်"
"မင်းပြောတဲ့ သူ့မိတ်ဆွေတွေဆိုတာကကော?"
"သူတို့က ရှန်းရန်က ဖန်တဲကုန်း(Pang Degong) နဲ့ ဖန်ထုံ(Pang Tong) တို့ပဲ"
"သူတို့တွေက ဘယ်သူတွေလဲ"
"သူတို့က တူဝရီးတွေ။ ဖန်တဲကုန်း(Pang Degong) က ကျွန်တော့်သခင်ထက် အသက်ဆယ်နှစ်ကြီးတယ်၊ ဖန်ထုံ(Pang Tong) ကျတော့ သခင့်ထက်ငါးနှစ်ငယ်တယ်။ တစ်ရက် ကျွန်တော့်သခင် ဘယ်ရီသီးခူးတဲ့အချိန် ဖန်ထုံ(Pang Tong) ရောက်လာတာ၊ သူတို့တွေစကားပြောတာ နေတောင်စောင်းသွားတယ်။ သခင်က ဖန်ထုံ(Pang Tong) ကို အင်မတန်သဘောကျပြီး ညီငယ်လို့ခေါ်တယ်"
"မင်းသခင်က ဘယ်မှာနေလဲ"
"ဟိုးတောအုပ်ထဲမှာ၊ သူ့မှာလယ်တစ်ကွက်လည်းရှိတယ်"
"ငါက လျူဘေ့(Liu Bei) ဆိုတာ အမှန်ပါပဲ။ မင်းသခင်နဲ့တွေ့ချင်လို့ ငါ့ကိုလမ်းပြပါ"

သို့နှင့် ကျွဲကျောင်းသားကလည်း "လျူဘေ့"(Liu Bei) ကိုခေါ်သွားရာ တစ်မိုင်ခန့်သွားပြီးသော် လယ်ကွက်တစ်ကွက်တွေ့သည်။ အိမ်ပေါက်ဝနားအရောက်ဝယ် သာယာငြိမ့်ညောင်းသော ဗျပ်စောင်းသံကိုကြားလိုက်သည်။ "လျူဘေ့"(Liu Bei) သည် ထိုနေရာတွင်ပင်ရပ်ကာ ထိုအသံကိုနားထောင်နေလေသည်။ ရုတ်တရတ်သီချင်းသံရပ်သွားပြီး ရယ်မောသံနှင့်အတူ လူတစ်ယောက်ထွက်လာကာ
"သာယာတဲ့ဗျပ်စောင်းသံကြားမှာ ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ယောက် ရောက်လာတယ်" ဟုဆိုလေသည်။ ကျွဲကျောင်းသားမှ
"ဒါ ကျွန်တော့်သခင်ပဲ" ဟုဆိုသည်။ "လျူဘေ့"(Liu Bei) သည် ထိုပိန်ပိန်နှင့်လူကို အရိုအသေပြုလေသည်။ မြစ်ကိုဖြတ်ခဲ့ရသဖြင့် "လျူဘေ့"(Liu Bei) ၏အဝတ်မှာ စိုနေဆဲဖြစ်သည်။ ထိုအခါ "ရွှေကျင့်"(Shui Jing) မှ
"ခင်ဗျား ဒီနေ့အသက်ဘေးက လွတ်လာတာပဲ" ဟုဆိုသည်။ "လျူဘေ့"(Liu Bei) မှာ လန့်သွားပြီး ဆိတ်ဆိတ်သာနေသည်။ ကျွဲကျောင်းသားမှ ဝင်ပြီး
"ဒါက လျူဘေ့(Liu Bei) ပါ" ဟုဆိုသည်။

အိမ်ရှင်ကလည်း "လျူဘေ့"(Liu Bei) ကို အထဲသို့ဖိတ်ခေါ်လေသည်။ အထဲသို့ရောက်သော် အခန်းတွင်းဝယ် စာအုပ်များ၊ မှတ်တမ်းမှတ်ရာများ အများအပြားရှိကြောင်းသတိထားမိသည်။ ထို့အပြင် ထင်းရှူးပင်၊ ဝါးပင်စသည်တို့ကို ပြောင်မြောက်စွာဆွဲထားသော ပန်းချီတို့ကိုတွေ့သည်။ စားပွဲပေါ်တွင် ဗျပ်စောင်းကိုတင်ထားသည်၊ အင်မတန်သေသပ်ပြီး ပြည့်စုံသည်ဟုဆိုနိုင်သော အိမ်ခန်းပင်ဖြစ်သည်။ အိမ်ရှင်မှပင် အရင်
"ဘယ်ကနေရောက်လာတာလဲ" ဟုမေးသည်။
"ကျွန်တော် ဒီနားကိုဖြတ်ရင်းနဲ့ ဒီကောင်လေးက သခင်ကြီးအကြောင်းပြောတော့ တွေ့ချင်တာနဲ့ရောက်လာခဲ့တာပါ၊ ဒီလိုတွေ့ရတာ ဘယ်လိုဝမ်းသာလို့သာမှန်းတောင် မဖော်ပြနိုင်ဘူး"
"ရွှေကျင့်"(Shui Jing) သည် ရယ်ကာ
"ဘာလို့များ လျှို့ဝှက်နေရတာလဲ? ခင်ဗျား အသက်ဘေးကပြေးလာခဲ့တယ်ဆိုတာ သေချာပါတယ်" ဟု ပြောသည်။ သို့နှင့် "လျူဘေ့"(Liu Bei) သည်လည်း စားသောက်ပွဲအကြောင်းနှင့် လုပ်ကြံမှုအကြောင်းတို့ကိုပြောပြလိုက်သည်။
"ခင်ဗျားရဲ့ပုံစံကိုမြင်လိုက်တာနဲ့ ကျုပ်အကုန်သိတယ်၊ ခင်ဗျားရဲ့နာမည်ကို ရင်းနှီးနေခဲ့တာကြာပြီ။ အခုထိတော့ ခင်ဗျားကအိမ်ခြေမဲ့တစ်ဦးဖြစ်နေတုန်းပဲ"
"ကျွန်တော်ဘဝမှာ အန္တရာယ်တွေအများကြီးကြုံခဲ့ရတယ်။ အဲ့ထဲက တစ်ခုကတော့ ဒီနေ့ရဲ့အဖြစ်အပျက်ပေါ့"

"အဲ့လိုတော့မဟုတ်ပါဘူး။ ဒီလိုဖြစ်ရတာက ခင်ဗျားဆီမှာ အကူအညီပေးမယ့်လူတစ်ယောက်မရှိသေးလို့ပါ"
"ကျွန်တော်ကဘာမှ ထူးထူးခြားခြားမဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ဆီမှာ အုပ်ချုပ်ရေးအပိုင်းကဆို စွန်းချန်(Sun Qian) ၊ မီကျူ(Mi Zhu) နဲ့ ကျန်းယုံ(Jian Yong) စတဲ့လူတွေရှိတယ်၊ စစ်သူကြီးတွေဆိုရင်တော့ ကွမ်းယွီ(Guan Yu) ၊ ကျန်းဖေး(Zhang Fei) နဲ့ ကျောက်ယွင်(Zhao Yun) တို့ရှိတယ်။ သူတို့တွေအကုန်လုံးက သစ္စာရှိတဲ့လူတွေ၊ ကျွန်တော် သူတို့အပေါ်အများကြီးအားကိုးခဲ့တယ်"
"ခင်ဗျားရဲ့စစ်သူကြီးတွေက ကောင်းပါတယ်၊ တပ်မကြီးတစ်ခုလုံးတောင်ရင်ဆိုင်နိုင်တဲ့အစွမ်းရှိတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးအပိုင်းကတော့ စာပေပညာရှင်တွေပဲဖြစ်နေတယ်။ ကံတရားကြီးကိုပြောင်းလဲပြီး ချုပ်ကိုင်နိုင်လောက်တဲ့လူတွေမဟုတ်ဘူး"
"ကျွန်တော် လောကကြီးကအဆက်အသွယ်ဖြတ်ပြီး တောထဲတောင်ထဲမှာပဲနေတဲ့ အရည်အချင်းရှိသူတွေကိုခေါ်ယူဖို့ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမယ့် အချည်းနှီးပါပဲ"
"အိမ်ခြေတစ်သောင်းမှာတော့ လူအစစ်အမှန်တစ်ယောက်ရှိနိုင်ကောင်းပါတယ်လို့ ဆရာကြီးကွန်ဖြူးရှပ်ပြောခဲ့တယ်လေ။ ခင်ဗျားက ဘာလို့ ဘယ်သူမှမရှိဘူးလို့ဆိုရတာလဲ"

"ကျွန်တော်က နားမလည်တော့ ရှင်းပြပါဦး"
"လမ်းမှာကလေးတွေဆိုနေတာ မကြားဘူးလား -
'၈နှစ်က ၉နှစ်အတွင်းမှာ ယိုယွင်းမှုဖြစ်မယ်
လေးနှစ်အကြာမှာတော့ ကံကြမ္မာဖန်တဲ့နေ့တစ်နေ့ရောက်လာမယ်
ကံတရားကြီးက လမ်းပြတဲ့အခါမှာ
နဂါးက ရွှံ့နွန်ထဲကနေ ကောင်းကင်ပေါ်ပျံလိမ့်မယ်'
အုပ်ချုပ်မှုစနစ်အသစ်ပြောင်းသွားတဲ့အချိန်မှာ ဒီသီချင်းကို စကြားရတာ၊ ပထမဆုံးစာကြောင်းက နယ်စားကြီး လျူပြောင်း(Liu Biao) ဟာ သူ့ပထမဇနီးဆုံးရှုံးသွားခဲ့ပြီး မိသားစုပြဿနာတွေစတင်တာကိုရည်ညွှန်းတယ်။ ဒုတိယကတော့ လျူပြောင်း(Liu Biao) ရဲ့သေဆုံးမှုကို နိမိတ်ဖတ်ထားတာ၊ သူ့လက်အောက်ကလူတွေက အရည်အချင်းရှိတဲ့လူမရှိဘူး။ နောက်ဆုံးစာကြောင်းနှစ်ကြောင်းကတော့ ခင်ဗျားကိုရည်ညွှန်းတာ"
"လျူဘေ့"(Liu Bei) က အံ့ဩကာ
"ကျွန်တော်က အဲ့လူ ဘယ်ဖြစ်နိုင်ပါ့မလဲ" ဟုဆိုသည်။
"လက်ရှိအချိန်မှာ လူတော်လူမော်တွေအများကြီးရှိနေတာ၊ အဲ့လူတွေရဲ့အကူအညီရယူရမယ်"
"သူတို့တွေကဘယ်မှာလဲ? ဘယ်သူတွေလဲ?"
"ခင်ဗျားသာ 'အိပ်ပျော်နေတဲ့နဂါး' ကိုဖြစ်ဖြစ် 'ဇာမဏိငှက်ငယ်' ကိုဖြစ်ဖြစ်ရှာနိုင်ရင် တိုင်းပြည်ကိုကောင်းမွန်အောင်လုပ်နိုင်မယ်"
"ဒါပေမယ့် သူတို့တွေက ဘယ်သူတွေတုန်း"
"ရွှေကျင့်"(Shui Jing) က လက်ခုတ်လက်ဝါးတီးပြီး "ကောင်းတယ်၊ကောင်းတယ်" ဟုသာပြောသည်။ "လျူဘေ့"(Liu Bei) က ထိုအကြောင်းကို ထပ်မေးသော်လည်း အိမ်ရှင်ဖြစ်သူမှ

"ညဥ့်နက်နေပြီ။ ဒီမှာအနားယူလိုက်ပါဦး၊ မနက်မှ ဆက်ပြောတာပေါ့" ဟု ပြောသည်။ ထို့နောက် လူငယ်လေးအား ဧည့်သည်အတွက် စားစရာနှင့်အရက်ယူလာခိုင်းစေပြီး မြင်းကို မြင်းဇောင်းတွင် ထားစေသည်။ "လျူဘေ့"(Liu Bei) သည် စားသောက်ပြီးသော် အိပ်ယာဝင်လေသည်။ ညဥ့်အတော်နက်မှသာ ခဏလေးအိပ်ပျော်သွားခဲ့သည်။

သို့သော် ရုတ်တရတ် အပြင်မှ တံခါးခေါက်သံနှင့်လူတစ်ယောက်ဝင်လာသည့်အသံကြားလိုက်သောအခါ "လျူဘေ့"(Liu Bei) နိုးသွားသည်။ အိမ်ရှင်မှ "ဘယ်ကနေရောက်လာတာလဲ" ဟု မေးသံကြားရသည်။ "လျူဘေ့"(Liu Bei) ကလည်း အိပ်ယာမှထပြီး ထိုသူတို့စကားပြောသည်ကို နားစွင့်နေလိုက်သည်။ ထိုဧည့်သည်မှ
"လျူပြောင်း(Liu Biao) က အရည်အချင်းရှိတဲ့လူတွေကို ကောင်းကောင်းဆက်ဆံတယ်ဆိုပြီး နာမည်ကြီးတယ်။ ဒါကြောင့် သူ့ဆီကိုသွားခဲ့တာ။ ဒါပေမယ့် အဲ့နာမည်ကြီးတာက အလကားပါပဲ။ သူက လူတွေကို ကောင်းကောင်းဆက်ဆံပေမယ့် ကောင်းကောင်းအသုံးမချနိုင်ဘူး။  မကောင်းတဲ့လူတွေကိုတော့ ကောင်းကောင်းဆက်ဆံတယ်။ ဒါကြောင့် သူ့ကိုစာတစ်စောင်ထားခဲ့ပြီး ထွက်လာခဲ့တာ" ဟုဆိုသည်။ "ရွှေကျင့်"(Shui Jing) မှ
"ခင်ဗျားက ဘုရင့်ရဲ့အကြံပေးတောင်ဖြစ်နိုင်တာ၊ ခင်ဗျားတာဝန်ထမ်းဆောင်ဖို့ သင့်တော်တဲ့သခင်ကိုရှာသင့်တယ်။ ဘာလို့များ လျူပြောင်း(Liu Biao) ဆီသွားနေတာလဲ? ခင်ဗျားမျက်စိရှေ့မှာ သူရဲကောင်းရှိနေရက်နဲ့" ဟု ဆိုသည်။
"ခင်ဗျား ပြောသလိုပါပဲ"

ထိုစကားကိုနားထောင်ပြီး ထိုသူမှာ အိမ်ရှင်ပြောသည့်လူနှစ်ဦးထဲမှ တစ်ဦးဖြစ်မည်ဟု "လျူဘေ့"(Liu Bei) မှ ကောက်ချက်ချလိုက်သည်။ "လျူဘေ့"(Liu Bei) သည် သူ့အခန်းမှ ရုတ်တရတ်ထွက်လာလျှင် မသင့်တော်သဖြင့် မနက်အထိစောင့်နေခဲ့သည်။ မိုးစင်စင်လင်းသော် "လျူဘေ့"(Liu Bei) မှ အိမ်ရှင်အား
"မနေ့က လာတဲ့ဧည့်သည်က ဘယ်သူလည်း" ဟု မေးသည်။
"ကျွန်တော့်မိတ်ဆွေတစ်ဦးပါ"
"လျူဘေ့"(Liu Bei) မှ ထိုသူနှင့် မိတ်ဆက်ပေးရန်တောင်းဆိုရာ အိမ်ရှင်မှ
"သူက သူနဲ့သင့်တော်မယ့်သခင်ကိုရှာဖို့ထွက်သွားပြီ" ဟု ဆိုသည်။ ထိုအခါ "လျူဘေ့"(Liu Bei) က ထိုသူ၏နာမည်ကိုမေးရာ အိမ်ရှင်က "ကောင်းတယ်၊ ကောင်းတယ်" ဟုသာဆိုသည်။ "လျူဘေ့"(Liu Bei) က 'အိပ်ပျော်နေသောနဂါး' နှင့် "ဇာမဏီငယ်' တို့အကြောင်းမေးပြန်ရာ အိမ်ရှင်က 'ကောင်းတယ်၊ ကောင်းတယ်" ဟုသာပြောပြန်သည်။ သို့နှင့် "လျူဘေ့"(Liu Bei) သည် အိမ်ရှင်ကို အရိုအသေပေးကာ တိုင်းပြည်ကြီးအတွက် သူ့အားဝိုင်းဝန်းကူညီပေးရန်ပြောသည်။ သို့သော် အိမ်ရှင်က
"တောတွေ၊ တောင်တွေမှာနေတဲ့လူက ဒီတာဝန်တွေကိုလုပ်ဆောင်ဖို့မဖြစ်နိုင်ဘူး၊ ကျွန်တော့်ထက်အများကြီးသာတဲ့လူတွေလောကမှာ ရှိပါတယ်" ဟု ပြောကာ ငြင်းလိုက်သည်။

သူတို့နှစ်ဦးစကားပြောနေစဉ်မှာပင် မြင်းသည်တော်တပ်တစ်တပ်ကိုဦးဆောင်လာသောစစ်သူကြီးတစ်ဦးရောက်လာသည်။ ထိုစစ်သူကြီးမှာ "ကျောက်ယွင်"(Zhao Yun) ဖြစ်နေသည်။ "ကျောက်ယွင်"(Zhao Yun) မှာ အိမ်ထဲသို့ဝင်ပြီး
"မနေ့က ကျွန်တော် ရှင်းရဲ့ကိုပြန်သွားတော့ သခင်ကြီးကိုမတွေ့တာနဲ့လိုက်ရှာရင်း ဒီကိုရောက်လာတာ။ သခင်ကြီး မြို့ကိုမြန်မြန်ပြန်မှဖြစ်မယ်။ မဟုတ်ရင် ရန်သူတွေလာတိုက်မှာစိုးရိမ်ရတယ်" ဟုပြောသည်။  "လျူဘေ့"(Liu Bei) သည်လည်း အိမ်ရှင်အားနှုတ်ဆက်ပြီး ရှင်းရဲ့သို့ပြန်လေသည်။ ရှင်းရဲ့သို့ရောက်သော် သူ၏ညီနှစ်ဦးက ဝမ်းပန်းတသာကြိုဆိုကြသည်။ "လျူဘေ့"(Liu Bei) ကလည်း သူ့မြင်းက မြစ်ကိုဖြတ်ခဲ့သည့်အံ့ဩဖွယ်အတွေ့အကြုံကိုပြန်ပြောလေသည်။ အကုန်လုံးက ဝမ်းလည်းဝမ်းသာ၊ အံ့လည်းအံ့ဩကြသည်။ မြို့သို့ရောက်သည်နှင့် အစည်းအဝေးပြုလုပ်ပြီး "ကျောက်ယွင်"(Zhao Yun) မှ
"ပထမဆုံး ဒီအကြောင်းတွေကို လျူပြောင်း(Liu Biao) ဆီစာရေးပြီးပြောပြသင့်တယ်" ဟုဆိုသည်။

ထိုစာကို "စွန်းချန်"(Sun Qian) အားပို့စေလိုက်သည်။ "လျူပြောင်း"(Liu Biao) ကလည်း စားသောက်ပွဲမှ "လျူဘေ့"(Liu Bei) ရုတ်တရတ်ထွက်သွားသည့်အကြောင်းကို မေးရာ "စွန်းချန်"(Sun Qian) က စာကိုဆက်သလိုက်သည်။ စာကိုဖတ်ပြီးနောက် အကြောင်းအရင်းကိုသိပြီး ဒေါသထွက်ကာ “ချိုက်မောက်”(Cai Mao)ကို ခေါ်လေသည်။ “ချိုက်မောက်”(Cai Mao)ရောက်သော်
"ဘာလို့ ငါ့ညီကို ဒီလိုလုပ်ကြံဖို့လုပ်ရတာလဲ" ဟုမေးသည်။ ထို့နောက် “ချိုက်မောက်”(Cai Mao)အား သေဒဏ်ပေးစေလိုက်သည်။ သို့သော်လည်း "လျူပြောင်း"(Liu Biao) ၏ ဇနီးလည်းဖြစ်၊ “ချိုက်မောက်”(Cai Mao)၏ အစ်မဖြစ်သူက ဝင်ပြီးအသနားခံသည်။ သို့သော်လည်း "လျူပြောင်း"(Liu Biao) က လက်မခံချေ။ ထိုအခါ "စွန်းချန်"(Sun Qian) မှ ဝင်ပြီး
"ချိုက်မောက်(Cai Mao)ကိုသတ်လိုက်ရင် ဦးရီးတော် လျူဘေ့(Liu Bei) က ဒီမှာဆက်နေနိုင်မှာမဟုတ်ဘူး" ဟုဆိုသဖြင့် သေဒဏ်မှလွတ်ငြိမ်းစေပြီး ပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်သည်။ ထို့နောက် သားအကြီးဖြစ်သော "လျူချီ"(Liu Qi) ကို "စွန်းချန်"(Sun Qian) နှင့်အတူလွှတ်ပြီး တောင်းပန်စေသည်။

ရှင်းရဲ့သို့ရောက်သော် "လျူဘေ့"(Liu Bei) မှ "လျူချီ"(Liu Qi) အား စားသောက်ပွဲတည်ခင်းကာဧည့်ခံသည်။ အရက်သောက်ပြီးသော် "လျူချီ"(Liu Qi) မှ ရုတ်တရတ်ငိုကာ
"ကျွန်တော့်မိထွေးက ကျွန်တော့်ကိုရှင်းပစ်ချင်တာကြာနေခဲ့ပြီ။ သူ့ဒေါသကလွတ်အောင် ဘယ်လိုလုပ်ရမယ်မသိဘူး။ ဒါကို ဦးလေးက အကြံပေးပါလား" ဟု ပြောသည်။ "လျူဘေ့"(Liu Bei) ကလည်း သတိဖြင့်နေလျှင် ဘာမှမဖြစ်နိုင်ကြောင်းပြောကာ အားပေးလိုက်သည်။ မကြာမီပင် "လျူချီ"(Liu Qi) လည်း ထွက်ခွာရန်ပြင်သည်။ "လျူဘေ့"(Liu Bei) ကအပြင်သို့လိုက်ပို့ရာ မြင်းဇောင်းနားအရောက်ဝယ် မြင်းကိုညွှန်ပြပြီး
"ငါ့အသက်ကို ဒီမြင်းသာ မကယ်ရင် အခုလောက်ဆို ငရဲပြည်ရောက်နေလောက်ပြီ" ဟု ဆိုသည်။ "လျူချီ"(Liu Qi) မှ
"ဒါ မြင်းရဲ့ခွန်အားကြောင့်မဟုတ်ပဲ ဦးလေးရဲ့ကံကောင်းမှုကြောင့်ပါ" ဟု ပြောသည်။ ထို့နောက်  "လျူချီ"(Liu Qi) ထွက်ခွာသွားသည်။

"လျူဘေ့"(Liu Bei) မြို့ထဲဝင်သောအခါ အမည်းရောင်အဝတ်၊ အမည်းရောင်ဖိနပ်ဝတ်ထားသောလူတစ်ဦးသည် အောက်ပါ သီချင်းကို ဆိုနေသည်ကိုကြားလိုက်သည်။
'စကြာဝဠာကြီးက ကွဲသွားပြီ၊ အရာအားလုံးပြီးဆုံးတော့မယ်
အိမ်တော်ကြီးကလှုပ်ခါနေပြီ၊ ဘယ်သစ်သားက မလဲကျပဲနေနိုင်ပါ့မလဲ?
ပညာရှိသူက သခင်ကိုရှာပေမယ့်လည်း ချိုင့်ဝှမ်းထဲမှာ အမြှုပ်နှံခံရတယ်
ရှာဖွေတဲ့လူကတော့ သူ့ကိုမသိဘူး၊ သာမန်လူတွေထဲကငါပါပဲလား'
"လျူဘေ့"(Liu Bei) သည် ထိုသီချင်းကို နားထောင်နေသည်။
'ဒါ ရွှေကျင့်(Shui Jing) ပြောတဲ့လူပဲနေမယ်' ဟုတွေးလေသည်။ ထို့နောက် မြင်းပေါ်မှဆင်းပြီး ထိုသူ့ကို မိမိ၏အိမ်တော်သို့လာရန် ဖိတ်ခေါ်သည်၊ အိမ်တော်သို့ပြန်ရောက်သောအခါ "လျူဘေ့"(Liu Bei) က ထိုသူ၏နာမည်ကိုမေးသည်။

ထိုသူမှ
"ကျွန်တော်က ရင်းချွမ်က ရှန်ဖူ(Shan Fu) ပါ။ သခင်ကြီးရဲ့အကြောင်းကိုကြားသိခဲ့တာကြာပါပြီ။ သခင်ကြီးက လူတော်တွေကို မြောက်စားတယ်လို့သိရပါတယ်။ သခင်ကြီးဆီလာတွေ့ဖို့လုပ်ပေမယ့်လည်း အဆင်မပြေတာနဲ့ သတိထားမိအောင် ဈေးထဲမှာ အဲ့လိုသီချင်းဆိုတာပါ" ဟုပြောသည်။
"လျူဘေ့"(Liu Bei) ကလည်း ရတနာတွေ့လေပြီ ဟုသဘောထားပြီး ထိုသူ့အပေါ်ကောင်းကောင်းဆက်ဆံသည်။ ထို့နောက် "ရှန်ဖူ"(Shan Fu) သည် "လျူဘေ့"(Liu Bei) စီးသောမြင်းကိုတွေ့သဖြင့် ထိုမြင်းကိုကြည့်လိုကြောင်းပြောသည်။ မြင်းကိုကြည့်ပြီးသော် "ရှန်ဖူ"(Shan Fu) မှ  "ဒါ တဲ့လု(Dilu) မြင်းမဟုတ်လား။ မြင်းကောင်းဆိုပေမယ့် ဒီမြင်းက သခင်ကိုခိုက်စေတဲ့အတွက် မစီးသင့်ဘူး" ဟုပြောသည်။ "လျူဘေ့"(Liu Bei) မှ
"ဒါပေမယ့် နိမိတ်ဆိုးတွေကိုပြခဲ့ပြီးပါပြီ" ဟု ပြောကာ  သူ့အဖြစ်အပျက်ကိုပြောပြလေသည်။
"ဒါက သူ့သခင်ကိုကယ်တာပဲ။ ဒါပေမယ့် နောက်ဆုံးမှာတစ်ယောက်ယောက်ကို ဒုက္ခပေးစေလိမ့်မယ်။ အဲ့လိုနိမိတ်ဆိုးကိုဘယ်လိုကာကွယ်ရမယ်ဆိုတာ ကျွန်တော် ပြောပြပါ့မယ်"
"ဒီလိုဆိုရင်တော့ ကောင်းတာပေါ့"
"သခင်ကြီးနဲ့ရန်ငြိုးရှိတဲ့လူကို ဒီမြင်းပေးလိုက်၊ အဲ့လူဒုက္ခရောက်ပြီးသွားပြီဆိုရင်တော့ ဒီမြင်းကို စိတ်ချလက်ချစီးလို့ရပြီ"

ထိုအခါ "လျူဘေ့"(Liu Bei) သည် မျက်နှာပျက်သွားပြီး
"ဘာ? ခင်ဗျားနဲ့ကျွန်တော်နဲ့ကသိတာမကြာသေးဘူး၊ ကျုပ်ရဲ့အကျိုးကျေးဇူးအတွက်နဲ့ သူများကို ဒုက္ခပေးဖို့အကြံပေးတယ်? ဒါကို လက်မခံနိုင်ဘူး" ဟုဆိုသည်။ ထိုအခါ "ရှန်ဖူ"(Shan Fu) မှပြုံးပြီး
"လူတွေက သခင်ကြီးကို သနားကြင်နာတတ်တယ်လို့ပြောကြတယ်။ ဒါက ဒီအတိုင်းမေးလို့မဖြစ်နိုင်တဲ့အတွက်  ဒီလိုပြောပြီးစမ်းသပ်ရတာပါ" ဟုဆိုသည်။ ထိုအခါ "လျူဘေ့"(Liu Bei) သည် ပြုံးကာ
"ခင်ဗျားရဲ့အဆုံးအမ မရှိရင် ကျွန်တော်က အဲ့လိုလူဘယ်ဖြစ်နိုင်မလဲ" ဟု ဆိုသည်။
"ကျွန်တော် ဒီကိုရောက်တော့ လူတွေက ဒီလိုပြောတာကြားရတယ်
'လျူဘေ့(Liu Bei) က ဒီကိုရောက်လာပြီဆိုတော့ ကောင်းမွန်တဲ့နေ့ပဲ
သူဒီမှာရှိတဲ့ကာလပတ်လုံးဟာ ငါတို့အတွက်ကံကောင်းမှုပဲ' တဲ့၊
ဒီတော့ သခင်ကြီးရဲ့မေတ္တာဟာ သာမန်လူတွေအပေါ်တောင်အကျိုးသက်ရောက်တယ်ဆိုတာတွေ့နိုင်တယ်"
ထို့နောက် "ရှန်ဖူ"(Shan Fu) အား စစ်တပ်အကြံပေးအနေဖြင့် ခန့်အပ်လိုက်သည်။

ကျိကျိုးကို သိမ်းပြီးသည့်နောက် "ချောင်ချောင်း"(Cao Cao) ၏အကြံမှာ ကျင်ကျိုးကိုသိမ်းယူရန်ဖြစ်သည်။ စစ်သူကြီး "ချောင်ရန်"(Cao Ren) နှင့် "လီတျန်"(Li Dian) အပြင် လက်နက်ချခဲ့သော ညီနောင်နှစ်ဦးဖြစ်သည့် "လွီရှန်"(Lu Xiang) နှင့် "လွီခွမ်း"(Lu Kuang) တို့အား စစ်တပ်သုံးသောင်းနှင့်အတူ ဖန်ချန်တွင်စခန်းချထားစေသည်။ ရည်ရွယ်ချက်မှာ ကျင်ကျိုးနှင့် ရှန်းရန်ကိုခြိမ်းခြောက်ရန်ဖြစ်သည်။ ထို့နောက် သူလျှိုတို့ကိုလွှတ်ကာ ရန်သူ့အားနည်းချက်ကိုစုံစမ်းသည်။
"လွီရှန်"(Lu Xiang) နှင့် "လွီခွမ်း"(Lu Kuang) တို့မှ
"လျူဘေ့(Liu Bei) ဟာ ရှင်းရဲ့မှာ အကာအကွယ်ယူပြီး နေနေတယ်။ ကျွန်တော်တို့က လက်နက်ချပြီးကတည်းက ဘာမှစွမ်းဆောင်မှုမလုပ်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့ကိုစစ်သားငါးထောင်ပေးပါ၊ လျူဘေ့(Liu Bei) ရဲ့ခေါင်းကိုဖြတ်လာခဲ့မယ်လို့ ကတိပြုပါတယ်" ဟု ဆိုရာ "ချောင်ရန်"(Cao Ren) ကလည်း လက်ခံလိုက်သည်။

ရန်သူတို့ချီတက်လာသည့်သတင်းကိုကြားသော် "လျူဘေ့"(Liu Bei) မှ "ရှန်ဖူ"(Shan Fu) အား အကြံဉာဏ်တောင်းရာ "ရှန်ဖူ"(Shan Fu) မှ
"သူတို့ကို ဒီနယ်မြေထဲ မလာအောင်လုပ်ရမယ်၊ ကွမ်းယွီ(Guan Yu) နဲ့ ကျန်းဖေး(Zhang Fei) ကို စစ်သားတစ်ထောင်စီနဲ့လွှတ်ပြီး တစ်ယောက်က ရန်သူနဲ့ရင်ဆိုင်ပါစေ၊ နောက်တစ်ယောက်က ရန်သူ့ပြေးပေါက်ကိုပိတ်ထားခိုင်းပါ။ သခင်ကြီးကတော့ "ကျောက်ယွင်"(Zhao Yun) နဲ့အတူ ရန်သူတွေကိုထိပ်တိုက်ရင်ဆိုင်ပါ" ဟု ဆိုသည်။ "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) သည်လည်း တပ်ကိုယ်စီဦးဆောင်ကာထွက်သွားသည်။ "လျူဘေ့"(Liu Bei) သည် စစ်သားနှစ်ထောင်နှင့်အတူ မြို့ပြင်သို့ထွက်ပြီး ရန်သူတို့လာသော်
"ငါ့နယ်မြေထဲကို ကျူးကျော်လာတာ ဘယ်သူတွေလဲ" ဟုပြောသည်။
"ကျုပ်က စစ်သူကြီး လွီခွမ်း(Lu Kuang) ပဲ။ ဝန်ကြီးချုပ်ရဲ့အမိန့်နဲ့ ခင်ဗျားကိုဖမ်းဖို့လာတာ"
ထိုအခါ "လျူဘေ့"(Liu Bei) သည် "ကျောက်ယွင်"(Zhao Yun) အား ရန်သူ့ခေါင်းဆောင်နှင့် ရင်ဆိုင်စေသည်။ မကြာမီပင် "ကျောက်ယွင်"(Zhao Yun) ၏လှံချက်ဖြင့် ရန်သူ့ခေါင်းဆောင်ကျလေသည်။ "လျူဘေ့"(Liu Bei) သည် သူ၏စစ်တပ်တို့အား တိုက်ရန် အချက်ပေးလိုက်သည်။

"လွီရှန်"(Lu Xiang) သည် အခြေအနေမဟန်သဖြင့် တပ်ဆုတ်ရန်ပြင်သည်။ သို့သော် ဘေးဘက်မှ "ကွမ်းယွီ"(Guan Yu) ဦးဆောင်သောစစ်တပ်က တိုက်လေရာ စစ်သားထက်ဝက်ကျော်သေဆုံးကုန်သည်။ ကျန်သောသူတို့က ဆက်လက်ထွက်ပြေးကြသည်။ သုံးမိုင်ခန့်အကွာတွင် "ကျန်းဖေး"(Zhang Fei) ဦးဆောင်သောစစ်တပ်က လမ်းပိတ်ကာ စောင့်နေသည်ကိုတွေ့သည်။ ထို့နောက် "ကျန်းဖေး"(Zhang Fei) သည်
"ကျန်းဖေး(Zhang Fei) က ဒီမှာပဲ" ဟု အော်ပြီး လှံရှည်ကိုကိုင်ကာ ရန်သူ့ခေါင်းဆောင်အားတိုက်ရာ "လွီရှန်"(Lu Xiang) သေလေသည်။ ရန်သူ့စစ်သားတို့မှာလည်း ကြောက်လန့်ပြီး ဦးတည်ရာမဲ့ထွက်ပြေးကြသည်။ သေသည့်လူသေ၊ သုံ့ပန်းဖြစ်သူတို့ဖြစ်ကုန်သည်။ "လျူဘေ့"(Liu Bei) သည် ရှင်းရဲ့သို့ပြန်ရောက်သော် "ရှန်ဖူ"(Shan Fu) နှင့် အောင်ပွဲရစစ်သည်တို့အား ဆုလာဘ်ပေးလေသည်။

ဖန်ချန်မှ "ချောင်ရန်"(Cao Ren) သည် ထိုစစ်ရှုံးသည့်သတင်းကိုကြားသော် "လီတျန်"(Li Dian) နှင့်တိုင်ပင်သည်။ "လီတျန်"(Li Dian) မှ
"ဒီလိုရှုံးရတာဟာ ကျုပ်တို့ ရန်သူတွေကိုအထင်သေးမိလို့ဖြစ်ရတာ။ ကျုပ်တို့တွေဒီမှာပဲ စခန်းချပြီး စစ်ကူတောင်းမှဖြစ်မယ်" ဟု ဆိုသည်။
"မဖြစ်ဘူး။ ငါတို့တွေ စစ်သူကြီးနှစ်ယောက်နဲ့စစ်သားတွေအများကြီးဆုံးရှုံးသွားတာ လက်စားချေမှဖြစ်မယ်။ ရှင်းရဲ့လိုမြို့သေးသေးလေးကို သိမ်းဖို့အတွက်နဲ့ ဝန်ကြီးချုပ်ကို မနှောင့်ယှက်သင့်ဘူး"
"လျူဘေ့(Liu Bei) က အရည်အချင်းရှိတယ်၊ သူ့ကိုအထင်မသေးနဲ့"
"ခင်ဗျားက ဘာကြောက်နေတာလဲ"
"စစ်ဗျူဟာကျမ်းမှာ ကိုယ့်ကိုယ်ကိုလည်းသိ၊ ရန်သူကိုလည်းသိမှ စစ်ပွဲမှာအောင်နိုင်မယ်လို့ ဆိုထားတယ်လေ။ စစ်တိုက်ရတာကိုတော့မကြောက်ပါဘူး။ ဒါပေမယ့် ကျုပ်တို့နိုင်မယ်လို့မထင်ဘူး"
"ခင်ဗျားက သစ္စာဖောက်ပဲ။ လျူဘေ့(Liu Bei) ကို ကျုပ်ကိုယ်တိုင်ဖမ်းပြမယ်"
"လုပ်ပေါ့။ ကျုပ်ကတော့ ဒီမြို့မှာပဲစောင့်နေမယ်"
"ခင်ဗျားသာ ကျုပ်နဲ့အတူစစ်တိုက်မထွက်ရင် ဒါသစ္စာဖောက်တဲ့သက်သေအနေနဲ့ သတ်မှတ်ရမယ်"
ထိုအခါ "လီတျန်"(Li Dian) မှာ မတတ်သာပဲ စစ်တိုက်ထွက်ရန်ပြင်ရလေသည်။ ထို့နောက် စစ်သားနှစ်သောင်းငါးထောင်တို့အား ယွီမြစ်ကိုဖြတ်ပြီး ရှင်းရဲ့သို့ချီတက်စေသည်။


Comments

Popular posts from this blog

Lookism