သုံးနိုင်ငံခေတ် (၆၇)

အခန်း(၆) "ချောင်ချောင်း"(Cao Cao) သည် ဟန်ကျုံးကိုအောင်နိုင်ခြင်း။
"ကျန်းလျောင်"(Zhang Liao) သည် ရှောင်းယောင်တွင် အောင်နိုင်ခြင်း။

အရှေ့ဘက်မြစ်ကမ်းဒေသကိုသိမ်းယူရန် တပ်မကြီးသုံးခုနှင့် ချီတပ်လေသည်။ "ရှဟိုယွမ်"(Xiahou Yuan) နှင့် "ကျန်းဟဲ"(Zhang He) တို့သည် ရှေ့ပြေးတပ်ကို ဦးဆောင်ကာ "ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်သူကြီးတို့ဖြင့် အလယ်ပင်မတပ်ကိုဦးဆောင်ပြီး "ချောင်ရန်"(Cao Ren) သည် နောက်မှလိုက်သည်။ "ရှဟိုတွန်း"(Xiahou Dun) မှာ စားနပ်ရိက္ခာတို့ကိုတာဝန်ယူသည်။
သူလျှိုများမှတဆင့် ဟန်ကျုံးသို့သတင်းရောက်လာသောအခါ "ကျန်းလု"(Zhang Lu) သည် သူ၏ညီ "ကျန်းဝေ"(Zhang Wei) ကိုခေါ်ကာ ခုခံရန် တိုင်ပင်၏။
"ကျန်းဝေ"(Zhang Wei) မှ
"ဗျူဟာအရ အရေးပါတဲ့နေရာက ရန်ဖင်ခံတပ်ပဲ။ အဲ့နေရာမှာ စည်းရိုးဆယ်ခုကာပြီး သစ်တောနဲ့တောင်ကုန်းတွေကို အကာအကွယ်ယူထားသင့်တယ်။ အစ်ကိုကြီးကတော့ ဟန်နင်မှာ ရိက္ခာတွေစုဆောင်းထားရမယ်"

ထို့နောက် စစ်သူကြီးနှစ်ဦးဖြစ်သော "ရန်အန်း"(Yang An) နှင့် "ယန်ရန်"(Yan Ren) တို့ကို "ကျန်းဝေ"(Zhang Wei) နှင့်အတူ ခံတပ်သို့လွှတ်လိုက်ပြီး စည်းရိုးတို့ဆောက်စေသည်။
ကြာမီတွင်ပင် "ရှဟိုယွမ်"(Xiahou Yuan) နှင့် "ကျန်းဟဲ"(Zhang He) တို့ချီတက်လာပြီး ရန်သူတို့သည် ခုခံရန်ပြင်နေကြောင်း သိလိုက်သည်။ ထို့ကြောင့် ထိုခံတပ်နှင့် ၅ မိုင်အကွာတွင် စခန်းချလေ၏။ အချိန်ကြာညောင်းစွာချီတက်လာရသောကြောင့် စစ်သားတို့မှာ ပင်ပန်းနေပြီး အနားယူကြလေရာ အစောင့်အကြပ်လျော့ရဲနေသည်။
ထိုအချိန်တွင် ရုတ်တရတ် အနောက်ဘက်မှ "ရန်အန်း"(Yang အန်း) နှင့် "ယန်ရန်"(Yan Ren) တို့တိုက်လေသည်။ "ရှဟိုယွမ်"(Xiahou Yuan) နှင့် "ကျန်းဟဲ"(Zhang He) တို့လည်း မြင်းစီးကာ ရန်သူတို့ကိုခုခံသည်။ သို့သော် ရန်သူတို့သည် အပြင်းအထန်တိုက်သောကြောင့် အဆုံးအရှုံးများခဲ့သည်။ သို့နှင့် သူတို့သည် တပ်မကြီးထံသို့ပြန်ကာ စစ်ရှုံးသည့်အကြောင်းကို တင်ပြသည်။

"ခင်ဗျားတို့လိုဝါရင့်စစ်သည်တော်တွေက ခရီးကပင်ပန်းပြီး အနားယူတဲ့အချိန်မှာ ရန်သူတွေလာတိုက်မှာကိုကြိုပြင်ထားပြီး သတိနဲ့နေရမယ်မဟုတ်လား"
"ချောင်ချောင်း"(Cao Cao) သည် ထိုသူနှစ်ဦးကိုသေဒဏ်ပေးရန်ပင်ပြု၏။ သို့သော်လည်း အခြားသူတို့က ဝိုင်းအသနားခံသောကြောင့် ခွင့်လွှတ်လိုက်သည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) ကိုယ်တိုင် ရှေ့ပြေးတပ်ကိုဦးဆောင်လေရာ ထိုမြေပြင်၏တည်နေရာပတ်ဝန်းကျင်တွင် သစ်ပင်တို့ဝန်းရံနေသောကြောင့် အန္တရာယ်ရှိသည်ကို သတိပြုမိသည်။ ထို့အပြင် လမ်းမကျွမ်းကျင်သည့်အတွက် ရန်သူတို့ကင်းပုန်းချထားမည်ကိုစိုးရိမ်သဖြင့် တပ်ပြန်ဆုတ်လာသည်။

ထို့နောက် ခေါင်းဆောင်နှစ်ဦးဖြစ်သည့် "ရွှီချူ"(Xu Chu) နှင့် "ရွှီဟွမ်"(Xu Huang) တို့ကိုခေါ်ကာ
"ဒီနေရာက ဒီလောက် အန္တရာယ်များမှန်းသိရင် မချီတက်လာဘူး"
"ရွှီချူ"(Xu Chu) မှ
"တပ်သားတွေက ဒီကိုရောက်နေပြီ၊ အခက်အခဲရှေ့မှာ ပြန်မဆုတ်သင့်ပါဘူး၊ သခင်ကြီး"
နောက်ရက်တွင် "ချောင်ချောင်း"(Cao Cao) သည် "ရွှီချူ"(Xu Chu) နှင့် "ရွှီဟွမ်"(Xu Huang) တို့ကိုသာခေါ်ပြီး ရန်သူ့စခန်းကိုထောက်လှမ်းလေသည်။
ထိုအချိန်တွင် အနောက်ဘက်မှ အော်သံကိုကြားလိုက်ပြီး မြားတို့ဖြင့်ပစ်သည်ကိုခံရသည်။ ထိုတိုက်ခိုက်လာသူမှာ "ရန်အန်း"(Yang Ang) နှင့် "ယန်ရန်"(Yan Ren) တို့ဖြစ်သည်။
"ရွှီချူ"(Xu Chu) မှ
"သူငယ်ချင်း ရွှီဟွမ်(Xu Huang) ၊ သခင်ကြီးကိုကာကွယ်ထားပါ၊ ကျုပ်ရန်သူတွေကိုခုခံထားမယ်"

"ရွှီချူ"(Xu Chu) သည် မြင်းကို ကစုန်ဆိုင်းစီးကာ ရန်သူတို့ကိုရင်ဆိုင်သည်။ တစ်ဘက်မှ စစ်သူကြီးနှစ်ဦးတို့သည်လည်း "ရွှီချူ"(Xu Chu) ကိုပြန်တိုက်ကြသည်။ ထိုအချိန်တွင် တပ်သားတို့မှာ ကစဥ့်ကလျားဖြစ်ကုန်သည်။ "ရွှီဟွမ်"(Xu Huang) သည်လည်း သူ၏သခင်ကိုခေါ်ပြီး တောင်ကုန်းပေါ်သို့သွားလေသည်။ မကြာမီပင် တပ်ကြီးတစ်တပ်နှင့်တွေ့သည်။ "ရှဟိုယွမ်"(Xiahou Yuan) နှင့် "ကျန်းဟဲ"(Zhang He) တို့သည် တိုက်ခိုက်သံကိုကြားသောကြောင့် စစ်သည်တို့ကိုဦးဆောင်ကာ ကယ်တင်ရန်လာခဲ့ခြင်းဖြစ်သည်။ စခန်းသို့ပြန်ရောက်သော် ထိုစစ်သူကြီးလေးဦးအား ဆုလာဘ်များပေးလေသည်။
ရက်ငါးဆယ်ကြာအောင် တပ်ဖွဲ့ကြီးနှစ်တပ်တို့သည် မတိုက်ခိုက်ပဲ ကြန့်ကြာနေခဲ့သည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) ၏စခန်းမှ တပ်ဖွဲ့တို့ကိုပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။
"ကျာရွှီ"(Jia Xu) မှ
"ကျွန်တော်တို့ရန်သူရဲ့အင်အားကိုတောင် မစမ်းသပ်ကြည့်ရသေးပဲ ပြန်မဆုတ်သင့်ဘူး"

"ချောင်ချောင်း"(Cao Cao) - "သူတို့က အမြဲတမ်းသတိနဲ့နေ,နေတော့ တပ်ပြန်ဆုတ်ပြီး သူတို့အငိုက်ဖမ်းမလို့။ ပြီးရင် သူတို့တပ်နောက်ဘက်ကို အလျင်မြင်းတပ်ကိုလွှတ်ပြီးတိုက်ရင် သူတို့ကိုအောင်နိုင်ပြီပေါ့"
"ကျာရွှီ"(Jia Xu) - "ဪ၊ သခင်ကြီးရဲ့အစွမ်းက အံ့မခန်းပါပဲ"

"ရှဟိုယွမ်"(Xiahou Yuan) နှင့် "ကျန်းဟဲ"(Zhang He) တို့သည် လူအသွားအလာနည်းပါးသည့်လမ်းမှ ရန်ဖင်ခံတပ်ကိုကွေ့ပတ်ပြီး သွားသည့်အချိန်တွင် "ချောင်ချောင်း"(Cao Cao) သည်လည်း ရွက်ဖျင်တဲတို့ကိုဖြုတ်ကာ တပ်ဆုတ်ရန်ပြင်သည်။
"ရန်အန်း"(Yang Ang) သည် ရန်သူတို့တပ်ဆုတ်ကြောင်းကြားလျှင် တိုက်ခိုက်ရန် အခွင့်ကောင်းဟုတွေးသည်။ သို့သော် "ယန်ရန်"(Yan Ren) မှ
"ချောင်ချောင်း(Cao Cao) ခေါင်းထဲမှာ ဉာဏ်နီဉာဏ်နက်တွေချည်းပဲ။ ဒီအခြေအနေက မသေချာသေးဘူး၊ ဒါကြောင့် မတိုက်သင့်ဘူး"
"ကျုပ်တော့သွားမယ်၊ ခင်ဗျား မတိုက်ရင်နေခဲ့"

သူ၏တွဲဘက်စစ်သူကြီးမှတားမြစ်မှုကို "ရန်အန်း"(Yang Ang) သည်လက်မခံပဲ တပ်စခန်းငါးခုမှ စစ်သားတို့ကိုခေါ်ကာ ခုခံရန်တပ်သားအနည်းအကျဉ်းကို ထားခဲ့ပြီးနောက် ချီတက်လေသည်။ ထိုနေ့တွင် မြူတို့အုံ့ဆိုင်းနေသောကြောင့် ကောင်းကောင်းမမြင်ရပေ။ ထို့ကြောင့် လမ်းခုလပ်တွင် ခဏတာ စခန်းချရသည်။
ထိုအချိန်တွင် "ရှဟိုယွမ်"(Xiahou Yuan) ၏တပ်သည် တောင်ကုန်းအနောက်ဘက်မှ ချီတက်ရာ လူသံ၊ မြင်းသံတို့ကိုကြားသဖြင့် ရန်သူ့ကင်းပုန်းမိမည်ကို စိုးရိမ်ပြီး တပ်ပြန်ဆုတ်ရန်ပြင်သည်။ သို့သော်လည်း လမ်းပျောက်သွားကာ "ရန်အန်း"(Yang Ang) ၏ခံတပ်သို့ရောက်သွားသည်။ ခံတပ်အတွင်းမှလူတို့သည် ချီတက်သွားသောတပ်ပြန်ရောက်လာသည်မှတ်ပြီး ဂိတ်တံခါးတို့ကိုဖွင့်ကာ "ချောင်ချောင်း"(Cao Cao) ၏တပ်ဖွဲ့ကို ပေးဝင်လိုက်သည်။ လစ်ဟာနေသောခံတပ်ကိုတွေ့သည်နှင့် ထိုခံတပ်ကိုသိမ်းယူလေသည်။ အခြားသောခံတပ်မှတပ်သားတို့လည်း ထွက်ပြေးသွားကြသည်။

မြူတို့ကင်းစင်သွားသောအခါ "ယန်ရန်"(Yan Ren) သည် ကယ်တင်ရန်ရောက်လာသည်။ သို့သော်လည်း "ယန်ရန်"(Yan Ren) နှင့် "ရှဟိုတွန်း"(Xiahou Dun) တို့တိုက်နေချိန်တွင် "ကျန်းဟဲ"(Zhang He) သည် အနောက်ဘက်မှဝင်တိုက်သောကြောင့် "ယန်ရန်"(Yan Ren) သည် ရန်သူတို့ကိုဖောက်ထွက်ကာ နန်ကျန်းသို့ထွက်ပြေးရသည်။
"ရန်အန်း"(Yang Ang) ပြန်ရောက်လာသောအခါ သူ၏ခံတပ်ကို "ချောင်ချောင်း"(Cao Cao) တပ်က သိမ်းယူထားပြီး တပ်ဖွဲ့နှစ်ခုကြားတွင်ပိတ်မိသွားလေသည်။ ထိုတပ်ဖွဲ့တို့ကြားမှထိုးဖောက်ရန် ကြိုးစားပြီး "ကျန်းဟဲ"(Zhang He) နှင့်ရင်ဆိုင်ပြီးနောက်တွင် "ရန်အန်း"(Yang Ang) သေဆုံးသွားလေ၏။ လွတ်မြောက်သွားသောတပ်သားတို့သည် အကျိုးအကြောင်းကို "ကျန်းဝေ"(Zhang Wei) အားပြောပြရာ "ကျန်းဝေ"(Zhang Wei) သည် ရန်ဖင်ခံတပ်ကိုစွန့်ပြီး တပ်ဆုတ်လေသည်။

ချီတက်လာသော "ချောင်ချောင်း"(Cao Cao) ၏တပ်က ရန်ဖင်ခံတပ်ကိုသိမ်းယူလိုက်သည်။ "ကျန်းဝေ"(Zhang Wei) နှင့် "ယန်ရန်"(Yan Ren) တို့လည်း ပြန်ကာ စစ်ရှုံးသည့်သတင်းကို တင်ပြသည်။
"ကျန်းဝေ"(Zhang Wei) သည် စစ်သူကြီးနှစ်ဦးတို့အား အပြစ်ပုံချသည်။
"ဒါ သူတို့စခန်းတွေဆုံးရှုံးသွားလို့ ခံတပ်ကိုလည်း ထိန်းသိမ်းဖို့ မဖြစ်နိုင်ခဲ့ဘူး"
"ကျန်းလု"(Zhang Lu) သည် "ယန်ရန်"(Yan Ren) ကိုခေါင်းဖြတ်သတ်ရန် ပြုသည်။ "ယန်ရန်"(Yan Ren) မှ
"ရန်အန်း(Yang Ang) က ကျွန်တော့်စကားကိုမနားထောင်ခဲ့လို့ ဒီလိုစစ်ရှုံးခဲ့တာ။ အခုကျွန်တော့်ကို နောက်တစ်ကြိမ်တိုက်ဖို့ အခွင့်အရေးပေးပါ။ ဒီတစ်ခါ ချောင်ချောင်း(Cao Cao) ခေါင်းကိုမဖြတ်နိုင်ရင် အပြစ်ဒဏ်ခံယူပါ့မယ်"
"ကျန်းလု"(Zhang Lu) လည်း လက်ခံလိုက်ပြီး တပ်သားနှစ်သောင်းပေးလိုက်သည်။ "ယန်ရန်"(Yan Ren) သည် နန်ကျန်းသို့သွားပြီး ခုခံမှုများအတွက် ပြင်ဆင်သည်။

"ချောင်ချောင်း"(Cao Cao) သည် ဆက်လက်မချီတက်မှီ "ရှဟိုယွမ်"(Xiahou Yuan) ကို တပ်သားငါးထောင်ဖြင့် လွှတ်ကာ ထောက်လှမ်းစေသည်။ ထိုတပ်သည် "ယန်ရန်"(Yan Ren) ၏တပ်နှင့်ရင်ဆိုင်ရလေသည်။ နှစ်ဖက်စလုံးက တပ်ဗျူဟာခင်းပြီးနောက် "ယန်ရန်"(Yan Ren) ဘက်မှ "ချန်ချီ"(Chang Qi) ကိုလွှတ်ကာ "ရှဟိုယွမ်"(Xiahou Yuan) နှင့်ရင်ဆိုင်စေသည်။ စတုတ္ထကွက်မစမှီတွင်ပင် "ရှဟိုယွမ်"(Xiahou Yuan) သည် "ချန်ချီ"(Chang Qi) ကိုသတ်လိုက်သည်။ ထိုအခါ "ယန်ရန်"(Yan Ren) သည် သူ၏လှံကိုကိုင်ကာ အရှေ့သို့ထွက်လာသည်။ ထိုသူနှစ်ဦးတို့သည် အကွက်လေးဆယ်ခန့်တိုက်ပြီးသော်လည်း အရှုံးအနိုင်မပေါ်ပေ။ ထို့နောက် "ရှဟိုယွမ်"(Xiahou Yuan) သည် ရှုံးချင်ယောင်ဆောင်ကာ ထွက်ပြေးသည်။ "ယန်ရန်"(Yan Ren) ကလည်း အနောက်မှလိုက်သည်။ "ရှဟိုယွမ်"(Xiahou Yuan) မှရုတ်တရတ် "မြင်းလှည့်ထိုးကွက်" ကိုသုံးလိုက်လေရာ သူ့နောက်တွင်လိုက်သော "ယန်ရန်"(Yan Ren) ကို သတ်နိုင်လိုက်သည်။ "ယန်ရန်"(Yan Ren) ၏တပ်သည်လည်း ထွက်ပြေးကုန်သည်။

"ယန်ရန်"(Yan Ren) သေဆုံးကြောင်းကို "ချောင်ချောင်း"(Cao Cao) သိသောအခါ နန်ကျန်းသို့ချက်ချင်းချီတက်ပြီး စခန်းချလေသည်။ "ကျန်းလု"(Zhang Lu) လည်း စိုးရိမ်ပြီးအစည်းအဝေးခေါ်ကာ တိုင်ပင်သည်။
"ရန်ဖူ"(Yan Pu) မှ
"ကျွန်တော်ပြောမယ့်လူတစ်ယောက်ကတော့ ရန်သူတွေကိုခုခံဖို့အကောင်းဆုံးပါပဲ"
"သူက ဘယ်သူလဲ"
"နန်အန်းက ဖန်တဲ(Pang De) ဖြစ်ပါတယ်။ သူက မာချောင်း(Ma Chao) နဲ့တစ်ချိန်တည်းလက်နက်ချခဲ့ပြီး မာချောင်း(Ma Chao) ယီကျိုးကိုချီတက်သွားတဲ့အချိန်မှာ သူကဖျားနာနေတဲ့အတွက် မလိုက်ပါသွားခဲ့ဘူး။ သခင်ကြီးက သူ့ကိုကောင်းကောင်းဆက်ဆံခဲ့တော့ သူကသခင်ကြီးကျေးဇူးကို တုန့်ပြန်မှာပါ"

"ဖန်တဲ"(Pang De) ကိုခေါ်လိုက်ပြီးနောက် လက်ဆောင်တို့ပေးကာ စစ်သည်တစ်သောင်းဖြင့် စစ်ချီတက်စေသည်။ "ဖန်တဲ"(Pang De) သည် ချီတက်ပြီးနောက် မြို့မှသုံးမိုင်အကွာ ရန်သူ့စခန်းနားတွင် စခန်းချသည်။ ပြီးနောက် "ဖန်တဲ"(Pang De) သည်မြင်းစီးကာ တစ်ဖက်ရန်သူကို စိန်ခေါ်လေ၏။
"ချောင်ချောင်း"(Cao Cao) သည် ဝေမြစ်ကမ်းတံတားတိုက်ပွဲတွင် အစွမ်းပြခဲ့သည့် "ဖန်တဲ"(Pang De) ၏ရဲရင့်မှုကို သဘောကျသဖြင့် သူ့လက်အောက်တွင် သိမ်းသွင်းလိုစိတ်ပေါ်လာသည်။ ထို့ကြောင့် သူ၏စစ်သူကြီးတို့အား
"ဖန်တဲ(Pang De) က အရင်တုန်းက မာချောင်း(Ma Chao) လက်အောက်မှာ အမှုထမ်းခဲ့တဲ့ ရှီးလျန်က စစ်သူကြီးကောင်းပဲ။ အခု ကျန်းလု(Zhang Lu) လက်အောက်မှာရှိပေမယ့် ဒါက သူ့ဆန္ဒမှန်မဟုတ်ဘူး။ ဒါကြောင့် သူ့ကိုပင်ပန်းနွမ်းနယ်အောင် တိုက်ပွဲကိုကြာရှည်အောင်တိုက်ပြီး အရှင်ဖမ်းရမယ်"

ပထမဆုံး "ကျန်းဟဲ"(Zhang He) ထွက်လာပြီး စိန်ခေါ်သူနှင့်ရင်ဆိုင်သည်။ အကွက်အနည်းငယ်ခန့်တိုက်ပြီးနောက် ပြန်လှည့်သွားသည်။ ထို့နောက် "ရှဟိုယွမ်"(Xiahou Yuan) သည်လည်း ထိုနည်းတူပင် ပြုမူသည်။ "ရွှီဟွမ်"(Xu Huang) သည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ နောက်ဆုံးတွင် "ရွှီချူ"(Xu Chu) ထွက်လာပြီး အကွက်ငါးဆယ်ခန့်တိုက်ပြီးနောက် ပြန်လှည့်သွားသည်။ သို့သော်လည်း "ဖန်တဲ"(Pang De) မှာ ပင်ပန်းနွမ်းနယ်မှုနှင့်ကြောက်ရွံ့မှု အလျင်းမရှိပေ။
"ချောင်ချောင်း"(Cao Cao) မှ
"သူသာ ကျုပ်လက်အောက်မှာ အမှုထမ်းရင်ကောင်းမှာပဲ!"
"ကျာရွှီ"(Jia Xu) မှ
"ကျွန်တော် ကျန်းလု(Zhang Lu) ရဲ့အမှုထမ်းတွေထဲမှာ ရန်စုန့်(Yang Song) ဆိုတဲ့လူကိုသိတယ်။ သူက လောဘကြီးပြီး လာဘ်စားသူဖြစ်တယ်။ သူ့ဆီကို တိတ်တဆိတ် လက်ဆောင်တွေပေးပို့ပြီး သူ့သခင်ရှေ့မှာ ဖန်တဲ(Pang De) အကြောင်း ကုန်းတိုက်စေရင် ဖန်တဲ(Pang De) ရဲ့ဩဇာနည်းလာမှာဖြစ်တယ်"
"ဒါပေမယ့် သူ့ကိုဘယ်လိုဆက်သွယ်မလဲ? သူက နန်ကျန်းမှာ"
"နောက်တိုက်ပွဲမှာ စစ်ရှုံးချင်ယောင်ဆောင်ပြီး ထွက်ပြေးပါ။ ဖန်တဲ(Pang De) ကို ဒီစခန်းပေးသိမ်းလိုက်ပါ။ ညဘက်မှာ ပြန်တိုက်ရင် သူမြို့တွင်းကို ပြန်ထွက်ပြေးရလိမ့်မယ်။ ကျွန်တော်တို့လူတွေထဲက စကားပြောလိမ္မာတဲ့လူကို တဖက်စစ်သားအနေနဲ့ယောင်ဆောင်ခိုင်းပြီး မြို့အတွင်းကိုဝင်စေပါ"

သင့်တော်သည့်လူတစ်ဦးကိုရှာပြီးနောက် လက်ဆောင်တို့ကိုပြင်ဆင်ပြီး လာဘ်ထိုးရန်အတွက် ရွှေချပ်ဝတ်တန်ဆာကို ထိုသူနှင့်ထည့်ပေးလိုက်သည်။ ထိုသူက ၎င်းကိုဝတ်ဆင်က ဟန်ကျုံး၏သာမန်တပ်သားအနေဖြင့် ရုပ်ဖျက်ပြီး ဟန်ကျုံးတပ်တို့တပ်ဆုတ်မည့်နေရာမှ ကြိုစောင့်နေနှင့်သည်။
နောက်ရက်တွင် "ရှဟိုယွမ်"(Xiahou Yuan) နှင့် "ကျန်းဟဲ"(Zhang He) တို့သည် ကင်းပုန်းပြင်ထားပြီး "ရွှီဟွမ်"(Xu Huang) ကိုမူ စိန်ခေါ်မှုကိုလက်ခံစေပြီး ရှုံးချင်ယောင်ဆောင်စေသည်။ အကြံအစည်အတိုင်းဖြစ်လာပြီး "ဖန်တဲ"(Pang De) ရောက်လာသည်။ သူမရောက်လာမှီကပင် "ချောင်ချောင်း"(Cao Cao) ၏တပ်ဖွဲ့သည် ဆုတ်ခွာသွားပြီဖြစ်သည်။ စခန်းလွတ်အတွင်းတွင် မြင်းတို့အတွက် စားစရာတို့ကျန်ရစ်ခဲ့သည်ကိုမြင်သောအခါ ဝမ်းမြောက်သွားသည်။

"ဖန်တဲ"(Pang De) သည် သူ၏အထက်သို့အကြောင်းကြားစေပြီးနောက် အောင်ပွဲခံရန်ပြင်သည်။ ည အိပ်စက်သောအချိန် နှစ်ချက်တီးခန့်တွင် နေရာသုံးနေရာမှ အချက်ပေးသံတို့ကိုကြားလိုက်လေသည်။ တပ်စခန်းကို တပ်ဖွဲ့သုံးဖွဲ့တို့က ဝန်းရံထားလေသည်။ "ကျန်းဟဲ"(Zhang He) သည် ဘယ်ဘက်၊ "ရှဟိုယွမ်"(Xiahou Yuan) သည် ညာဘက်တွင်ရှိပြီး "ရွှီချူ"(Xu Chu) နှင့် "ရွှီဟွမ်"(Xu Huang) တို့က အလယ်မှတိုက်သည်။ ထိုတိုက်ခိုက်မှုကို "ချောင်ချောင်း"(Cao Cao) မှစီမံထားခြင်းဖြစ်သည်။ "ဖန်တဲ"(Pang De) မှာ မခုခံနိုင်ပဲ ရန်သူတို့ကိုထိုးဖောက်ပြီး မြို့အတွင်းသို့ ပြန်ဆုတ်လေသည်။ ထိုအချိန်တွင် အသင့်စောင့်နေသော သူလျှိုမှ "ဖန်တဲ"(Pang De) ၏တပ်နှင့်ရောကာ မြို့တွင်းသို့ဝင်သွားသည်။
အတွင်းသို့ရောက်သည်နှင့် "ရန်စုန့်"(Yang Song) ၏အိမ်တော်သို့သွားကာ "ရန်စုန့်"(Yang Song) နှင့်တွေ့သည်။

"ဝန်ကြီးချုပ်၊ ဝေဘုရင်ငယ်က ခင်ဗျားရဲ့နာမည်ကျော်ကြားမှုကိုသိတော့ ခင်ဗျားအပေါ်လေးစားခဲ့တယ်။ ဒါကြောင့် လက်ဆောင်အနေနဲ့ ဒီရွှေသံချပ်ကာကိုပေးပို့ပြီး လျှို့ဝှက်စာတစ်စောင်လည်း ပေးလိုက်တယ်"
"ရန်စုန့်"(Yang Song) သည် စာကိုလက်ခံကာ
"ကျုပ် အကြောင်းပြန်ပါ့မယ်။ ကျုပ်က ဒီကျေးဇူးကိုပြန်တုန့်ပြန်မှာဖြစ်လို့ ဝေဘုရင်ငယ်က စိုးရိမ်စရာမလိုပါဘူး။ ခင်ဗျားပြန်သွားလို့ရပြီ"
မကြာမီတွင်ပင် "ရန်စုန့်"(Yang Song) သည် "ကျန်းလု"(Zhang Lu) နှင့်တွေ့ကာ
"ဖန်တဲ(Pang De) စစ်ရှုံးရတာဟာ ချောင်ချောင်း(Cao Cao) လာဘ်ထိုးထားလို့ပါ"

"ကျန်းလု"(Zhang Lu) သည် သူ၏စစ်သူကြီးကိုခေါ်ပြီး ဆဲဆိုကြိမ်းမောင်းပြီးနောက် သေဒဏ်ပေးရန်ပြုသည်။ သို့သော်လည်း "ရန်ဖူ"(Yan Pu) မှကန့်ကွက်ပြီး နောက်တစ်ကြိမ်အခွင့်အရေးပေးရန် တောင်းဆိုသည်။ "ကျန်းလု"(Zhang Lu) မှ
"မနက်ဖြန်စစ်ရှုံးရင် ခင်ဗျားခေါင်းကိုဖြတ်မယ်"
"ဖန်တဲ"(Pang De) သည် အမျက်ထွက်ကာ ထွက်လာသည်။

နောက်ရက် "ချောင်ချောင်း"(Cao Cao) တပ်လာတိုက်သောအခါ "ဖန်တဲ"(Pang De) မှထွက်ပြီးခုခံသည်။ "ချောင်ချောင်း"(Cao Cao) သည် "ရွှီချူ"(Xu Chu) ကိုလွှတ်ပြီး ရှုံးနိမ့်ချင်ယောင်ဆောင်စေသည်။ "ဖန်တဲ"(Pang De) သည် နောက်မှလိုက်သောအခါ "ချောင်ချောင်း"(Cao Cao) မှတောင်ကုန်းပေါ်သို့မြင်းစီးကာ တက်လာပြီး "ဖန်တဲ"(Pang De) နှင့်စကားပြောသည်။
"ဖန်တဲ(Pang De) ၊ ဘာလို့လက်နက်မချတာလဲ"
သို့သော် "ဖန်တဲ"(Pang De) သည် "ချောင်ချောင်း"(Cao Cao) ကိုဖမ်းနိုင်လျှင် စွမ်းဆောင်မှုကြီးဖြစ်သည်ဟုတွေးကာ "ချောင်ချောင်း"(Cao Cao) ၏ကိုယ်ရံတော်တို့ကို ရင်ဆိုင်ပြီး တောင်ကုန်းပေါ်သို့တက်လာသည်။ သို့သော် ကောင်းကင်နှင့်မြေကြီးတို့ထိသည့်အလားကျယ်လောင်သည့်အသံတို့ကိုကြားလိုက်ပြီးနောက် သူနှင့်နောက်လိုက်နောက်ပါတို့သည် ရန်သူတို့အသင့်တူးထားသော ကျင်းထဲသို့ကျွံကျသွားလေသည်။ "ချောင်ချောင်း"(Cao Cao) ၏တပ်ဖွဲ့သည် ကြိုးတို့ကိုယူဆောင်လာပြီး "ဖန်တဲ"(Pang De) ကိုဖမ်းဆီးလိုက်သည်။ သူ့ကို "ချောင်ချောင်း"(Cao Cao) ရှေ့သို့ခေါ်သွားရာ "ချောင်ချောင်း"(Cao Cao) မှ ကောင်းမွန်စွာ ဆက်ဆံသည်။ "ချောင်ချောင်း"(Cao Cao) သည် မြင်းပေါ်မှဆင်းကာ ကြိုးတို့ကိုဖြည်ပေးပြီးနောက်
"ခင်ဗျား လက်နက်ချမလား" ဟုမေးလိုက်သည်။
"ဖန်တဲ"(Pang De) သည် သူ၏သခင်က သူ့အပေါ်ဆိုးရွားစွာ ဆက်ဆံသည်တို့ကိုတွေးမိပြီးနောက် လက်နက်ချလိုက်သည်။ ထို့နောက် "ဖန်တဲ"(Pang De) ကိုမြင်းစီးစေကာ စခန်းသို့ပြန်သည်။

မြို့တွင်းတွင်ရှိသောတပ်သားတို့သည် ထိုအချင်းအရာကိုမြင်သော် "ကျန်းလု"(Zhang Lu) ထံသွားကာ သတင်းပို့ကြသည်။
"ဖန်တဲ(Pang De) က ချောင်ချောင်း(Cao Cao) နဲ့တရင်းတနှီး မြင်းစီးပြီးထွက်သွားတယ်"
ထိုအခါ "ကျန်းလု"(Zhang Lu) သည် "ရန်စုန့်"(Yang Song) ကုန်းတိုက်မှုကို အကြွင်းမဲ့ယုံကြည်သွားခဲ့သည်။ မကြာမီတွင်ပင် ရန်သူတို့သည် မြို့ရိုးပေါ်တက်ရန် လှေကားတို့ဖြင့်ရောက်လာပြီး ကျောက်တုံးပစ်ကိရိယာတို့ဖြင့် ကြီးမားသော ကျောက်တုံးတို့ဖြင့် ပစ်လေသည်။

အန္တရာယ်များလာသောကြောင့် "ကျန်းဝေ"(Zhang Wei) မှ
"စားနပ်ရိက္ခာတွေအကုန်လုံးကို မီးရှို့ပြီးနောက် ပါကျုံးမှာ ခုခံဖို့ တောင်ပိုင်းကို ပြေးရင်သင့်တော်ပါတယ်"
သို့သော် "ရန်စုန့်"(Yang Song) မှ
"အကောင်းဆုံးကတော့ တံခါးဖွင့်ပေးလိုက်ပြီး လက်နက်ချတာ အကောင်းဆုံးပါပဲ"
"ကျန်းလု"(Zhang Lu) မှာ ဝေခွဲမရဖြစ်နေသည်။ သူ့ညီမှ အကုန်လုံးကိုမီးရှို့ကာ ထွက်ပြေးရန် အကြံကို ထပ်တိုက်တွန်းသည်။ "ကျန်းလု"(Zhang Lu) မှ
"ကျုပ်က အမြဲတမ်း တိုင်းပြည်အပေါ်သစ္စာရှိပြီး အခြေအနေပေးလာရင် တိုင်းပြည်အတွက်ထမ်းဆောင်ချင်ခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။ အခုတော့ တိုက်ခိုက်မှုသာလျှင် တစ်ခုတည်းသော လမ်းဖြစ်တယ်။ ဒါပေမယ့် ဂိုထောင်တွေ၊ ရတနာတွေ၊ ပြည်သူ့အဆောက်အဦးတွေ၊ ရုံးတွေ နဲ့အစိုးရအဆောက်အဦးတွေကို ဒီအတိုင်း ထားရစ်ခဲ့ပါ"

ပြည်သူ့အဆောက်အဦးမှာကို မဖျက်စီးပဲ ချန်ရစ်ခဲ့ပြီး ထိုညတွင်ပင် "ကျန်းလု"(Zhang Lu) နှင့် သူ၏မိသားစုတို့သည် တောင်ဘက်တံခါးမှထွက်ခွာလေသည်။ "ချောင်ချောင်း"(Cao Cao) ကလည်း ထိုသူတို့နောက်ကို မလိုက်ပေ။ မြို့အတွင်းသို့ဝင်သော် အစိုးရအဆောက်အဦးတို့ကို မဖျက်စီးထားသည်ကိုတွေ့သောအခါ မြို့တော်ဝန်အပေါ် သနားသွားသည်။ ထို့နောက် ပါကျိုးသို့ဆက်သားစေလွှတ်ကာ "ကျန်းလု"(Zhang Lu) အားလက်နက်ချစေသည်။ "ကျန်းလု"(Zhang Lu) က လက်နက်ချလိုသော်လည်း ညီဖြစ်သူက လက်မခံပေ။ "ရန်စုန့်"(Yang Song) သည် "ချောင်ချောင်း"(Cao Cao) ထံလျှို့ဝှက်စာတစ်စောင်ရေးပြီး စစ်ဖြစ်လာပါက ကူညီမည်ဖြစ်ကြောင်း ကတိပြုသည်။

"ချောင်ချောင်း"(Cao Cao) ၏တပ်ကြီးတိုက်ခိုက်သောအခါ "ကျန်းဝေ"(Zhang Wei) မှထွက်ပြီးခုခံသည်။ သို့သော်လည်း သူနှင့်ယှဉ်ပြိုင်သူမှာ "ရွှီချူ"(Xu Chu) ဖြစ်သောကြောင့် ရှုံးနိမ့်သွားလေသည်။ စစ်ရှုံးသောတပ်သားတို့သည် မြို့တွင်းသို့ပြေးဝင်ကြသည်။ "ကျန်းလု"(Zhang Lu) က မြို့ကိုကာကွယ်ရန်ဆုံးဖြတ်လိုက်သည်။ ထိုသို့ကာကွယ်မှာက သူ့အကြံကိုအကောင်အထည်ဖော်နိုင်မည်မဟုတ်သောကြောင့် "ရန်စုန့်"(Yang Song) သည် "ကျန်းလု"(Zhang Lu) အား ဤသို့အကြံပေးသည်။
"ကျွန်တော်တို့ဒီလိုမြို့ထဲကပဲခုခံနေရင် သေခြင်းကလွဲပြီးအခြားမရှိဘူး။ ဒီတော့ သခင်ကြီးကိုယ်တိုင်ဦးဆောင်ပြီး ရန်သူတွေကိုခုခံသင့်တယ်။ ကျွန်တော်က မြို့ကိုကာကွယ်ထားမယ်"

၎င်းကို "ရန်ဖူ"(Yan Pu) မှကန့်ကွက်သော်လည်း "ကျန်းလု"(Zhang Lu) က အကြံကိုလက်ခံလိုက်သည်။ သူ၏ရှေ့ပြေးတပ်သည် ရန်သူ့စခန်းသို့မရောက်မီမှာပင် အနောက်ဘက်တွင်ရှိသော တပ်သားတို့သည် ထွက်ပြေးကုန်ကြသည်။ ထိုအခါ "ကျန်းလု"(Zhang Lu) လည်း နောက်ပြန်ဆုတ်ရလေသည်။ "ချောင်ချောင်း"(Cao Cao) ၏တပ်ကလည်း မြို့တံခါးနားအထိလိုက်လာသည်။ "ကျန်းလု"(Zhang Lu) သည် မြို့တံခါးနားသို့ရောက်လာသော်လည်း မြို့အတွင်းမှ တံခါးမဖွင့်ပေးချေ။
"ချောင်ချောင်း"(Cao Cao) မှ
"ကျန်းလု(Zhang Lu) လက်နက်ချတော့!"
အခြေအနေမဟန်တော့သော "ကျန်းလု"(Zhang Lu) မှာ မြင်းပေါ်မှဆင်းပြီး အရိုအသေပြုကာ လက်နက်ချလိုက်လေသည်။

ထိုသို့လက်နက်ချခြင်းနှင့် ပြည်သူ့အဆောက်အဦးတို့ကို မဖျက်စီးခဲ့ခြင်းတို့ကြောင့် "ချောင်ချောင်း"(Cao Cao) သည် "ကျန်းလု"(Zhang Lu) အား ကောင်းမွန်စွာဆက်ဆံပြီး နှစ်သိမ့်လေသည်။ ထို့အပြင် သူ့အား "တောင်ပိုင်းကိုကာကွယ်သောစစ်သူကြီး" ဘွဲ့ကိုပေးခဲ့သည်။ "ရန်ဖူ"(Yan Pu) နှင့်အခြားအမှုထမ်းတို့ကိုလည်း သူကောင်းအဖြစ် ချီးမြှောက်ခဲ့သည်။ နယ်မြေတစ်ခုစီတွင် မြို့တော်ဝန်အပြင် စစ်အုပ်ချုပ်ရေးအရာရှိထားရှိသည်။ စစ်သားတို့ကိုလည်း စားသောက်ပွဲတို့တည်ခင်းကာ ဆုလာဘ်များပေးခဲ့သည်။
သခင်ဖြစ်သူကိုရောင်းစားခဲ့သော "ရန်စုန့်"(Yang Son) ရောက်လာပြီး သူ၏ဆုလာဘ်များကိုလာတောင်းဆိုသည်။ ထိုသူကို လူလည်ခေါင်တွင် သေဒဏ်ပေးလိုက်လေ၏။

အရှေ့ပိုင်းမြစ်နယ်ကိုသိမ်းပြီးသော် ပထမတန်းအတွင်းရေးအရာရှိဖြစ်သူ "စိမာယီ"(Sima Yi) မှ
"လျူဘေ့(Liu Bei) က အရင်နယ်စား လျူကျန်း(Liu Zhang) နေရာကိုယူလိုက်တော့ ရှူပြည်နယ်ကလူတွေက သူ့အပေါ် သစ္စာမရှိသေးဘူး။ လက်ရှိသခင်ကြီးရဲ့အောင်မြင်မှုနဲ့ဆက်ပြီးတိုက်မယ်ဆိုရင် လျူဘေ့(Liu Bei) ကိုအလွယ်တကူအောင်နိုင်မယ်။ ပညာရှိသူဟာ ကျရောက်လာတဲ့အခွင့်အရေးကိုလက်လွှတ်မခံသင့်ဘူး"
"ချောင်ချောင်း"(Cao Cao) သည် သက်ပြင်းချကာ
"မပြီးဆုံးနိုင်တော့ဘူး။ လူတွေလိုချင်တာက အဆုံးမရှိဘူး။ အခုဟန်ကျုံးကိုရပြီးနောက် ယီကျိုးကိုသိမ်းရဦးမယ်"
"လျူရဲ့"(Liu Ye) မှလည်း
"စိမာယီ(Sima Yi) ပြောတာ မှန်ပါတယ်။ သခင်ကြီး ကြန့်ကြာနေရင် ကျူးကဲလျန့်(Zhuge Liang) က အဓိကဝန်ကြီးဖြစ်လာပြီး ကွမ်းယွီ(Guan Yu) ၊ ကျန်းဖေး(Zhang Fei) နဲ့ တခြားသူရဲကောင်းတွေက တပ်ဖွဲ့ရဲ့ခေါင်းဆောင်တွေဖြစ်လာလိမ့်မယ်။ ရှူပြည်နယ်ကလူတွေ အခြေကျသွားရင် သူတို့ကိုရင်ဆိုင်ဖို့ ပိုခက်ခဲသွားမယ်"
"ချောင်ချောင်း"(Cao Cao) - "ဒါပေမယ့် ကျုပ်တို့စစ်သားတွေက အကြာကြီးချီတက်လာတော့ ပင်ပန်းနေကြပြီ။ သူတို့ကို သနားရမယ်"
ထို့နောက် တပ်ဖွဲ့ကို အနားယူခိုင်းစေသည်။

အရှေ့ဘက်မြစ်ကမ်းဒေသတွင် "ချောင်ချောင်း"(Cao Cao) ၏အောင်မြင်မှုကိုကြားသိသောအခါ ဒုတိယပစ်မှတ်မှာ အနောက်ဘက်မြစ်ကမ်းပြည်နယ်ဖြစ်မည်ဟု သိသောကြောင့် လူအများတို့ထိတ်လန့်နေကြသည်။ "လျူဘေ့"(Liu Bei) က ညွှန်ကြားရေးအရာရှိကိုခေါ်ကာ အကြံတောင်းလေသည်။
"ကျွန်တော် ချောင်ချောင်း(Cao Cao) သူ့ဟာသူဆုတ်ခွာသွားအောင် လုပ်နိုင်တယ်"
"ဘယ်လိုများတုန်း"
" စွန်းချွမ်(Sun Quan) ရဲ့ရန်ကို စိုးရိမ်လို့ ချောင်ချောင်း(Cao Cao) တပ်မကြီးရဲ့အချို့ အဖွဲ့တွေက ဟဲဖေးမှာနေရာယူထားတယ်။ အခု ကျင်ကျိုးရဲ့နယ်ပယ်သုံးခုဖြစ်တဲ့ ချန်ဆား၊ ကျန်းရှာနဲ့ ကွေ့ရန်တို့ကို ပြန်ပေးလိုက်ပြီး လူတစ်ယောက်လွှတ်ပြီး သိမ်းသွင်းနိုင်ရင် စွန်းချွမ်(Sun Quan) က ဟဲဖေးကိုတိုက်လိမ့်မယ်။ ဒါဆို ချောင်ချောင်း(Cao Cao) က ဟဲဖေးကိုသွားပြီး အနောက်ဘက်ကိုဂရုစိုက်အားမှာမဟုတ်ဘူး"
"ဒါဆို ဘယ်သူ့ကိုလွှတ်ရမလဲ"
"ယီကျိ"(Yi Ji) မှ
"ကျွန်တော်သွားပါ့မယ်" ဟုဆိုသည်။
"လျူဘေ့"(Liu Bei) မှ ၎င်းအဆိုကိုကျေနပ်ပြီး စာရေးကာလက်ဆောင်များပြင်ဆင်သည်။ "ယီကျိ"(Yi Ji) သည်ထွက်ခွာပြီးနောက် "ကွမ်းယွီ"(Guan Yu) ထံအရင်သွားကာ အကြောင်းကြားပြီး မြို့တော် ကျန်းရဲ့သို့သွားပြီး "စွန်းချွမ်"(Sun Quan) နှင့်တွေ့သည်။
နှုတ်ဆက်စကားတို့ဆိုပြီးနောက် "စွန်းချွမ်"(Sun Quan) မှ
"ဘာကြောင့်များ ရောက်လာရသလဲ" ဟုမေးသည်။
"ရှေ့တစ်ခါတုန်းက ကျူးကဲကျင့်(Zhuge Jin) ကို ချန်ဆား၊ လင်လင်နဲ့ ကွေ့ရန် နယ်ပယ်သုံးခုကိုပေးမယ်လို့ကတိပေးခဲ့တယ်။ ဒါပေမယ့် အကြံပေးဟာအဝေးကိုရောက်နေခဲ့တဲ့အတွက် မပေးဖြစ်ခဲ့ဘူး။ အခုတော့ ကျွန်တော်က ချန်ဆား၊ ကွေ့ရန်နဲ့ကျန်းရှာတို့ကိုပြန်ပေးအပ်ဖို့အတွက် စာယူဆောင်လာခဲ့ပြီ။ ဒါ့အပြင် သခင် လျူဘေ့(Liu Bei) နဲ့ကျူးကဲလျန့်(Zhuge Liang) က ကျင်ကျိုးရဲ့တခြားနယ်ပယ်တွေဖြစ်တဲ့ ရှန်းရန်၊ နန်ကျွင်းနဲ့ လင်လင်တို့ကိုလည်း ပြန်ပေးအပ်လိုတယ်။ ဒါပေမယ့် ချောင်ချောင်း(Cao Cao) က အရှေ့ဘက်မြစ်ကမ်းဒေသကိုသိမ်းထားတော့ ကွမ်းယွီ(Guan Yu) အတွက် နေရာမရှိဘူး။ ဟဲဖေးမှာ အစောင့်အကြပ်နည်းတဲ့အတွက် ခင်ဗျားတို့က ဟဲဖေးကိုတိုက်ပြီး ချောင်ချောင်း(Cao Cao) ကိုတောင်ပိုင်းက တပ်ပြန်ဆုတ်အောင်လုပ်သင့်ပါတယ်။ ဒီလိုဆိုရင် ကျွန်တော့်သခင်က အရှေ့ဘက်မြစ်ပြည်နယ်ကိုသိမ်းပြီး ကျင်ကျိုးကိုပြန်အပ်နိုင်ပါလိမ့်မယ်"
"ဧည့်ဆောင်မှာ အရင်နားနှင့်ပါဦး။ ဒီကိစ္စကို တခြားသူတွေနဲ့တိုင်ပင်ဦးမယ်"

"ယီကျိ"(Yi Ji) ထွက်သွားသည်နှင့် ဝူနယ်စားသည် သူ၏အမှုထမ်းတို့ကိုခေါ်ကာ တိုင်ပင်သည်။
"ကျန်းကျောက်"(Zhang Zhao) - "ဒါ လျူဘေ့(Liu Bei) ကသူ့ကို ချောင်ချောင်း(Cao Cao) လာတိုက်မှာကြောက်လို့ပဲ။ ဒါပေမယ့် ချောင်ချောင်း(Cao Cao) က ဟန်ကျုံးမှာမရှိတော့ ဒါကိုအခွင့်ကောင်းယူပြီး ဟဲဖေးကိုတိုက်သင့်တယ်"
"စွန်းချွမ်"(Sun Quan) သည် ၎င်းကိုလက်ခံလိုက်ပြီး သံတမန်ကိုပြန်ခိုင်းစေပြီးနောက် စစ်ချီရန်ပြင်သည်။ "လူဆု"(Lu Su) ကို ချန်ဆား၊ ကျန်းရှာနှင့်ကွ့ရန်တို့ကိုထိန်းချုပ်ထားစေကာ "စွန်းချွမ်"(Sun Quan) သည် လုခိုတွင်စခန်းချကာ စစ်သူကြီး "ကန်းနင်(Gan Ning) နှင့် "လွီမန်"(Lu Meng) တို့ကိုခေါ်လိုက်သည်။ ထို့အပြင် ယွီဟွမ်ရှိ "လင်ထုံ"(Ling Tong) ကိုခေါ်စေသည်။
ရက်အနည်းငယ်ကြာသော် "လွီမန်"(Lu Meng) နှင့် "ကန်းနင်"(Gan Ning) တို့ရောက်လာသည်။

"လွီမန်"(Lu Meng) - "ချောင်ချောင်း(Cao Cao) က လုကျန်းမြို့စား ကျူကွမ်း(Zhu Guang) ကို ဟွမ်ချန်မှာစခန်းချစေပြီး ဟဲဖေးကို ရိက္ခာတွေပို့စေတယ်။ ဒါကြောင့် ဟွမ်ချန်ကိုအရင်တိုက်ပြီးမှ ဟဲဖေးကိုတိုက်သင့်တယ်"
"စွန်းချွမ်"(Sun Quan) - "ဒီအကြံကို ကျုပ်သဘောကျတယ်"
"စွန်းချွမ်"(Sun Quan) သည် "လွီမန်"(Lu Meng) နှင့် "ကန်းနင်"(Gan Ning) တို့ကို ရှေ့ပြေးတပ်ခေါင်းဆောင်အဖြစ်ခန့်အပ်ပြီး "ကျန်းချင်"(Jiang Qin) နှင့် "ဖန်ကျန်း"(Pan Zhang) တို့သည် တပ်ဖျားတွင်စောင့်ကြပ်သည်။ သူကိုယ်တိုင်မှာမူ "ကျိုးထိုက်"(Zhou Tai) ၊ "ချန်ဝူ"(Chen Wu) ၊ "တုန်းရှီ"(Dong Xi) ၊ "ရွှီရှန်"(Xu Sheng) တို့နှင့်အတူ အလယ်ဗဟိုတွင်နေသည်။ စစ်သူကြီး "ချန်ဖူ"(Cheng Pu) ၊ "ဟွမ်ကိုင်"(Huang Gai) နှင့် "ဟန်တန်"(Han Dang) တို့သည် အရေးပါသောနေရာများကိုစောင့်ကြပ်နေသဖြင့် ထိုတိုက်ပွဲတွင် မပါဝင်ချေ။

တပ်ဖွဲ့ကြီးသည် မြစ်ကိုဖြတ်ပြီးနောက် ဟဲကျိုးကိုသိမ်းလိုက်သည်။ မြို့စား "ကျူကွမ်း"(Zhu Guang) သည် ဟဲဖေးမှစစ်ကူပို့ရန် အဆောတလျင်အကြောင်းကြားစေပြီး ရန်သူတို့ကိုခုခံရန်ပြင်သည်။ "စွန်းချွမ်"(Sun Quan) သည် မြို့၏အခြေအနေကိုထောက်လှမ်းရန် မြို့ရိုးနားသို့ရောက်သောအခါ ရန်သူတို့မှ မြားတို့ဖြင့်ကြိုဆိုသောကြောင့် သူ၏ထီးတော်ကိုမြားထိလေသည်။ ထိုအခါ စခန်းသို့ပြန်ပြီး အမှုထမ်းတို့နှင့် တိုင်ပင်သည်။
"တုန်းရှီ"(Dong Xi) - "မြေကြီးတွေအများကြီးဖို့ပြီး တောင်ကုန်းလိုလုပ်ပြီး အမြင့်ကပြန်တိုက်သင့်တယ်"
"ရွှီရှန်"(Xu Sheng) - "လှေကားရှည်တွေနဲ့မြို့ရိုးကိုကျော်တဲ့ပြင်မြင့်တွေဆောက်ပြီး တိုက်သင့်တယ်"
သို့သော် "လွီမန်"(Lu Meng) မှ
"ဒါတွေအကုန်လုံးက ပြင်ဆင်ဖို့အချိန်လိုတယ်။ ဒီအတောအတွင်းမှာ ချောင်ချောင်း(Cao Cao) ရဲ့တပ်တွေဟဲဖေးကိုပြန်လာနိုင်တယ်။ ဒါကြောင့် အချိန်ကြာစေမယ့်အရာတွေလုပ်တာမကောင်းဘူး။
 ကျွန်တော်တို့ရဲ့နောက်ဆုံးမှအသစ်ရောက်လာတဲ့တပ်ဖွဲ့တွေနဲ့ မနက်ဖြန်အရုဏ်တက်ချိန်မှာ အပြင်းအထန်တိုက်ရင် ညနေဆိုရင် မြို့ကိုသိမ်းနိုင်ပြီ"
ထို့ကြောင့် နံနက်ငါးနာရီတွင် စားသောက်ပြီးနောက် တိုက်ခိုက်ရန်ထွက်ခွာလေသည်။ "ကန်းနင်"(Gan Ning) သည် သူ၏လက်တွင် သံကြိုးကိုကိုင်ကာ မြို့ရိုးပေါ်သို့တက်သည်။ ရန်သူတို့မှ မြားတို့ဖြင့်ပစ်သော်လည်း မြားတို့ကိုရှောင်ကာ သံကြိုးဖြင့် မြို့စား "ကျူကွမ်း"(Zhu Guang) ကိုဆွဲချလိုက်သည်။ "လွီမန်"(Lu Meng) သည် ဗုံကိုတီးကာ တိုက်ခိုက်စေသည်။ တပ်သားတို့သည်လည်း အလျင်အမြန်မြို့ရိုးပေါ်သို့တက်ပြီး "ကျူကွမ်း"(Zhu Guang) ကိုသတ်လိုက်သည်။ အခြားသောအမှုထမ်းတို့နှင့်တပ်သားတို့ လက်နက်ချလေရာ "စွန်းချွမ်"(Sun Quan) သည် ဟွမ်ချန်ကိုသိမ်းနိုင်လိုက်သည်။ ထိုအချိန်တွင် ညနေပင်မစောင်းသေးပေ။

မြို့ကိုကာကွယ်ရန်ချီတက်လာသော "ကျန်းလျောင်"(Zhang Liao) သည် ဟွမ်ချန်မြို့ကျသွားသည်ကိုကြားသောကြောင့် ဟဲဖေးသို့ပြန်လှည့်သွားသည်။
မြို့ကိုအောင်နိုင်ကာ မြို့တွင်းသို့ဝင်ပြီး မကြာမီတွင်ပင် "လင်ထုံ"(Ling Tong) သည် သူ၏တပ်ဖွဲ့နှင့်ရောက်လာသည်။ မြို့ကိုသိမ်းရာတွင် ဂုဏ်ထူးဆောင်ခဲ့သောစစ်သူကြီးနှစ်ဦးကို ဆုလာဘ်များပေးလေသည်။ "ကန်းနင်"(Gan Ning) ၏သတ္တိဗျတ္တိတို့ကြောင့် "လွီမန်"(Lu Meng) မှသူ့အား အထူးနေရာတွင်ထိုင်စေသည်။
သို့သော် ဂုဏ်ပြုသေရည်ကိုသောက်နေသည့်အချိန်တွင် "ကန်းနင်"(Gan Ning) မှ သူ့အဖေကိုသတ်ခဲ့သည့်ရန်ငြိုးကိုမမေ့သော "လင်ထုံ"(Ling Tong) သည် "ကန်းနင်"(Gan Ning) ကိုအမျက်ဒေါသဖြင့်ကြည့်ကာ လက်စားချေရန်ဆုံးဖြတ်လိုက်သည်။
"လင်ထုံ"(Ling Tong) သည် ဓားကိုဆွဲလိုက်ပြီး
"ဒီလိုပွဲမျိုးမှာ ပျော်ရွှင်ဖို့ကောင်းအောင် ဓားရေးပြပြီးဖျော်ဖြေပါ့မယ်"
"ကန်းနင်"(Gan Ning) သည်လည်း သူ၏အကြံကိုသိသဖြင့် သူ၏ခုံကိုတွန်းလိုက်ပြီး လှံနှစ်ချောင်းကိုကိုင်ကာ
"ခင်ဗျားလည်း ဒီလက်နက်အစွမ်းကိုစမ်းကြည့်ပါလား"

"လွီမန်"(Lu Meng) မှာ ထိုသူနှစ်ဦး၏အခြေအနေကိုရိပ်မိသောကြောင့် ဓားနှင့်ဒိုင်းကိုကိုင်ကာ ထိုသူနှစ်ဦးကြားသို့ဝင်လိုက်ပြီး
"ခင်ဗျားတို့နှစ်ယောက်လုံးက ကျုပ်လောက် မကြံ့ခိုင်ပါဘူး"
ထို့ကြောင့် တိုက်ခိုက်လိုသောလူနှစ်ဦးတို့မှာ ခဏရပ်လိုက်ရသည်။ ထိုစဉ်တွင် တစ်စုံတစ်ယောက်မှ ဝူနယ်စားကိုအကြောင်းကြားသဖြင့် ဝူနယ်စားသည်မြင်းကိုစီးကာ ရောက်လာသည်။ နယ်စားကိုမြင်သည်နှင့် သုံးဦးလုံး လက်နက်တို့ကိုပြန်သိမ်းလိုက်သည်။
"ခင်ဗျားတို့နှစ်ယောက်ကို အရင်က ရန်ငြိုးတွေမေ့ဖို့ပြောခဲ့ပြီပဲ။ ဘာလို့ဒီနေ့မှပြန်ပြီး အသစ်စနေတာလဲ"
"လင်ထုံ"(Lin Tong) သည် ဒူးထောက်ကာ ငိုလေသည်။ "စွန်းချွမ်"(Sun Quan) မှ ရန်စတို့ကိုမေ့ပျောက်ရန်ဆိုလေရာ ငြိမ်းချမ်းသွားလေသည်။

နောက်ရက်တွင် တပ်ဖွဲ့ကြီးသည် ဟဲဖေးသို့ချီတက်သည်။ ဟွမ်ချန်ကိုဆုံးရှုံးသွားသောကြောင့် "ကျန်းလျောင်"(Zhang Liao) သည် စိတ်ညစ်နေခဲ့သည်။ "ချောင်ချောင်း"(Cao Cao) သည် "ရွှယ်ထီ"(Xue Ti) မှ တဆင့်ပေးထားသောစာရှိပြီး ထိုစာကို ရန်သူများလာပါကဖောက်ဖွင့်ရန်မှာထားသည်။
ရန်သူတို့လာသည်ကိုသိသောအခါ "ကျန်းလျောင်"(Zhang Liao) သည် ထိုစာကိုဖွင့်ကြည့်လိုက်သည်။
"စွန်းချွမ်(Sun Quan) က ဟဲဖေးကိုတိုက်ခဲ့ရင် စစ်သူကြီးနှစ်ဦးဖြစ်တဲ့ လီတျန်(Li Dian) နဲ့ ကျန်းလျောင်(Zhang Liao) က ရန်သူကိုရင်ဆိုင်ပြီး ယွဲကျင့်(Yue Jing) က မြို့ကိုကာကွယ်ပါ"

"ကျန်းလျောင်"(Zhang Liao) သည် ထိုစာကိုကျန်စစ်သူကြီးနှစ်ဦးကိုပြရာ "ယွဲကျင့်"(Yue Jing) မှ
"ဘယ်လိုလုပ်သင့်တယ်လို့ထင်လဲ"
"ကျန်းလျောင်"(Zhang Liao) - "သခင်ကြီးက အဝေးမှာရောက်နေပြီး ဝူကလာတိုက်မှာ သေချာတယ်။ ဒီတော့ သူတို့ရဲ့ရှေ့ပြေးတပ်ကိုအရင်တိုက်ပြီး သူတို့အင်အားကိုလျော့နည်းအောင်လုပ်ရမယ်။ ပထမဆုံး ပြည်သူတွေကိုစိတ်အေးအောင်လုပ်သင့်တယ်၊ ဒီတော့မှ မြို့ကိုထိန်းထားနိုင်မှာ"
"လီတျန်"(Li Dian) မှာ "ကျန်းလျောင်"(Zhang Liao) ကိုမနှစ်မြို့သောကြောင့် ဘာမှမပြောပေ။

သူ၏လုပ်ဖော်ကိုင်ဖက်မှာ စောင့်ဆိုင်းလိုသည်ကိုသိသော "ယွဲကျင့်"(Yue Jing) မှ
"ကျုပ်ကတော့ ခုခံတာပိုကောင်းမယ်ထင်တယ်။ ရန်သူတွေက ကျုပ်တို့ထက်အင်အားများတယ်"
"ကျန်းလျောင်"(Zhang Liao) - ကြည့်ရတာ ခင်ဗျားတို့က တကိုယ်ကောင်းဆန်ပြီး ပြည်သူတွေရဲ့အကျိုးအတွက် မလုပ်ချင်ဘူး။ ခင်ဗျားတို့တွေ ကိုယ်ရေးကိုယ်တာအကြောင်းအရင်းရှိကောင်းရှိမယ်။ ဒါပေမယ့် ကျုပ်ကတော့ ရန်သူတွေနဲ့ထွက်ပြီး အသေအကြေတိုက်မယ်"
ထို့နောက် "ကျန်းလျောင်"(Zhang Liao) သည် လက်အောက်ငယ်သားတို့အား မြင်းကိုအဆင်သင့်ပြင်ထားစေသည်။ ထိုအခါမှ "လီတျန်"(Li Dian) က မတ်တပ်ရပ်ပြီး
"ကျုပ်က ကိုယ်ရေးကိုယ်တာပြဿနာကြောင့် ဘာလို့အများအကျိုးကို မငဲ့ရမှာလဲ။ ခင်ဗျားအမိန့်အတိုင်းလုပ်ဆောင်ဖို့ အသင့်ပဲ"
ထိုအခါ "ကျန်းလျောင်"(Zhang Liao) မှာ ဝမ်းမြောက်သွားပြီး
"ခင်ဗျားကို အားကိုးရမယ်ဆိုတော့ ခင်ဗျား ရှောင်းယောင်ရဲ့မြောက်ဘက်မှာ ကင်းဝပ်နေပြီး ဝူတပ်ကြီးဖြတ်လာတာနဲ့ ရှောင်းရှီတံတားကိုဖျက်ဆီးလိုက်ပါ။ ကျုပ်နဲ့ ယွဲကျင့်(Yue Jing) က ရန်သူတွေကိုချေမှုန်းမယ်"
ထိုအခါ "လီတျန်"(Li Dian) လည်း ထွက်သွားပြီး ရန်သူတို့ကိုအသင့်စောင့်ရန်အတွက် ပြင်ဆင်သည်။

ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း ရှေ့ပြေးတပ်တို့ကို ဝါရင့်စစ်သူကြီးများဖြစ်သည့် "လွီမန်"(Lu Meng) နှင့် "ကန်းနင်"(Gan Ning) တို့ဦးဆောင်ပြီး "စွန်းချွမ်"(Sun Quan) နှင့်  "လင်ထုံ"(Ling Tong) တို့က အလယ်တွင်ရှိကာ ကျန်သောစစ်သူကြီးတို့က အနောက်ဘက်တွင်ရှိသည်။ ရှေ့ပြေးတပ်သည် "ယွဲကျင့်"(Yue Jing) နှင့်တွေ့သောအခါ "ကန်းနင်"(Gang Ning) မှထွက်ပြီး စိန်ခေါ်သည်။ အကွက်အနည်းငယ်ခန့်တိုက်ပြီးနောက် "ယွဲကျင့်"(Yue Jing) သည် ထွက်ပြေးချင်ယောင်ဆောင်သည်။ "ကန်းနင်"(Gan Ning) နှင့် ကျန်စစ်သူကြီးတို့သည် အနောက်မှလိုက်သည်။

"စွန်းချွမ်"(Sun Quan) သည် ရှေ့ပြေးတပ်၏အောင်မြင်မှုကိုကြားသောအခါ တပ်ဖွဲ့တို့ကိုရှောင်းယောင်သို့ချီတက်စေသည်။ သို့သော် ကျယ်လောင်သောပေါက်ကွဲသံတို့ကိုကြားလိုက်ပြီးနောက် "ကျန်းလျောင်"(Zhang Liao) နှင့် "လီတျန်"(Li Dian) တို့သည် ရန်သူကို တစ်ဖက်တစ်ချက်ဆီမှ ဝန်းရံထားသည်။ ဤသို့ဖြစ်မည်ဟုမမျှော်လင့်ထားသော "စွန်းချွမ်"(Sun Quan) သည် "လွီမန်"(Lu Meng) နှင့် "ကန်းနင်"(Gan Ning) တို့ထံမှ စစ်ကူတောင်းသည်။ ထိုစစ်ကူမရောက်လာမီတွင် "ကျန်းလျောင်"(Zhang Liao) ရောက်လာသည်။ မြင်းသည်တော် သုံးရာသာရှိသော "လင်ထုံ"(Ling Tong) သည် "ချောင်ချောင်း"(Cao Cao) ၏တပ်ဖွဲ့ကြီးကိုမယှဉ်နိုင်သော်လည်း ရန်သူတို့ကိုရဲဝံ့စွာ ခုခံသည်။
"လင်ထုံ"(Lin Tong) မှ  သူ၏သခင်အား
"ရှောင်ရှီတံတားကို ကျော်ပြီး မြန်မြန်ထွက်ပြေးပါ၊ သခင်ကြီး" ဟုအော်ပြောသည်။

"စွန်းချွမ်"(Sun Quan) သည် မြင်းကိုကစုန်ဆိုင်းစီးကာ ထွက်ပြေးရန်ပြုသော်လည်း မြောက်ဘက်သို့သွားသော်လည်း တံတားမှာ ကျိုးနေခဲ့ပြီ။ ထိုသို့မည်သို့ပြုရမည်မသိဖြစ်နေစဉ် "ကူလိ"(Gu Li) ဟူသော စစ်သူကြီးမှ
"အနောက်ဆုတ်ပြီး ခုန်လိုက်ပါ" ဟုပြောသည်။
"စွန်းချွမ်"(Sun Quan) သည်လည်း မြင်းကို ခြေလှမ်းသုံးဆယ်ခန့်ဆုတ်စေပြီးနောက် ကြာပွတ်ဖြင့်ရိုက်ကာ ခုန်ကျော်စေသည်။ ထိုမြင်းသည်လည်း ခုန်ကျော်လိုက်ရာ ချောချောမောမောဖြင့်ပင် တောင်ဘက်ကမ်းခြေသို့ရောက်သွားလေသည်။

တစ်ဖက်ကမ်းသို့ရောက်သောအခါ "စွန်းချွမ်"(Sun Quan) သည် "ရွှီရှန်"(Xu Sheng) နှင့် "တုံးရှီ"(Dong Xi) တို့၏သင်္ဘောပေါ်သို့တက်ပြီး လုံခြုံရာတွင်နေသည်။ ထိုအချိန်တွင် "လင်ထုံ"(Ling Tong) နှင့် "ကူလိ"(Gu Li) တို့သည် "ကျန်းလျောင်"(Zhang Liao) ၏တပ်နှင့်တိုက်နေသေးသည်။ စစ်ကူလာသော "ကန်းနင်"(Gan Ning) နှင့် "လွီမန်"(Lu Meng) တို့၏တပ်ကို "ယွဲကျင့်"(Yue Jing) နှင့် "လီတျန်"(Li Dian) တို့က ရင်ဆိုင်သည်။ တောင်ပိုင်းပြည်နယ်၏တပ်ဖွဲ့ကြီးသည် ရွပ်ရွပ်ချွံချွံတိုက်ခဲ့ပြီး တပ်သားတစ်ဝက်ကျော်ခန့် သေဆုံးကုန်သည်။ "လင်ထုံ"(Ling Tong) ၏ မြင်းသည်တော် သုံးရာသည်လည်း တိုက်ပွဲတွင် ကျသွားခဲ့သည်။ "လင်ထုံ"(Lin Tong) မှာမူဒဏ်ရာရပြီး မြစ်ထဲသို့ခုန်ချကာ ထွက်ပြေးလေသည်။ နောက် "စွန်းချွမ်"(Sun Quan) မှတွေ့သဖြင့် "တုန်းရှီ"(Dong Xi) မှ ကယ်တင်ကာ သင်္ဘောပေါ်သို့တင်ဆောင်လိုက်သည်။ "ကန်းနင်"(Gan Ning) နှင့် "လွီမန်"(Lu Meng) တို့သည်လည်း ရန်သူတို့ကိုထိုးဖောက်ကာ တောင်ဘက်ကမ်းသို့ပြန်ရောက်လာသည်။

ထိုတိုက်ပွဲမှာ တောင်ပိုင်းပြည်နယ်သားတို့အတွက် ဆိုးရွားသောတိုက်ပွဲဖြစ်ပြီး "ကျောင်းလျောင်"(Zhang Liao) ၏နာမည်သည် ညဘက်တွင် ကလေးများကိုအငိုတိတ်စေသော နာမည်ဖြစ်လာခဲ့သည်။
စခန်းသို့ပြန်ရောက်သောအခါ "စွန်းချွမ်"(Sun Quan) သည် "လင်ထုံ"(Ling Tong) နှင့် "ကူလိ"(Gu Li) တို့ကို ဆုလာဘ်များပေးသည်။ ထို့နောက် ရုရွှီသို့ပြန်သွားပြီး သင်္ဘောတို့ကိုပြင်ဆင်ကာ ရေတပ်နှင့် ကြည်းတပ်တို့ပူးပေါင်းကာတိုက်ရန်ပြင်သည်။ ထို့အပြင် တောင်ပိုင်းမှ စစ်ကူများစေလွှတ်ရန် အမိန့်ပေးလိုက်သည်။

ရန်သူတို့သည် ရေတပ်ဖြင့်ပါတိုက်လာပါက မခုခံနိုင်မည်ကိုသဘောပေါက်သော "ကျန်းလျောင်"(Zhang Liao) သည် "ရွှယ်ထီ"(Xue Ti) ကို အမြန်စေလွှတ်ကာ ဟန်ကျုံးတွင်ရှိသော သူ၏သခင်ကို အကြောင်းကြားစေသည်။ "ချောင်ချောင်း"(Cao Cao) သည် သူ၏နယ်ပယ်ကိုခုခံရန်အတွက် အနောက်ဘက်နယ်ကိုသိမ်းမည့်အကြံကို ခဏရပ်ရမည်ဟု သဘောပေါက်သောကြောင့် သူ၏အကြံပေးတို့ကိုခေါ်ကာ တိုင်ပင်သည်။
"ကျုပ်တို့တွေ ဒီအချိန်မှာ အနောက်ဘက်မြစ်ပြည်နယ်ကိုသိမ်းနိုင်မလား"
"လျူရဲ့"(Liu Ye) မှ
"ရှူပြည်နယ်က အသင့်ပြင်ထားတဲ့အတွက် အခုအချိန်မှာ မဖြစ်နိုင်သေးဘူး။ ဒါကြောင့် ဟဲဖေးကိုသွားပြီး မြစ်ကြောင်းတစ်လျှောက်စုန်ဆင်းပြီးတော့ တောင်ပိုင်းပြည်နယ်ကိုသိမ်းသင့်တယ်"

ထို့ကြောင့် ဟန်ကျုံးကိုကာကွယ်ရန် "ရှဟိုယွမ်"(Xiahou Yuan) အား တင်းကျွင်းတောင်တွင် စခန်းချစေပြီး "ကျန်းဟဲ"(Zhang He) ကို မုန့်ထိုတောင်ခံတပ်တွင် နေစေသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်သူကြီးတို့နှင့် အတူ ရုရွှီသို့သွားလေသည်။

Comments

Popular posts from this blog

Lookism