My Daoist Life (6)

ကျွန်တော့်ရဲ့တာအိုဝါဒီဘဝ (My Daoist Life)

အခန်း(၆) ဆရာမ Lin ရဲ့ ရည်းစား

ကျွန်တော်ထတဲ့အချိန်မှာ ဆရာမ Lin က ဝတ်စုံဝတ်ပြီးနေပြီး စားပွဲခုံမှာ အိမ်စာတွေကို အမှတ်ခြစ်နေတယ်။ ကျွန်တော်ထတာတွေ့တော့ သူက ပြုံးပြီး
"ထလာပြီလား" လို့မေးတယ်။
ကျွန်တော်က ခေါင်းညိတ်လိုက်ပြီး အဝတ်သွားလဲတယ်။
ကျွန်တော် အိမ်ပြန်ပြီး အိမ်အလုပ်တွေဝိုင်းကူရမှာသိတော့ ဆရာမက မြန်မြန်,မြန်မြန်နဲ့ ကျွန်တော့လက်ထဲကို ပစ္စည်းတစ်ခုထည့်ပေးလိုက်တယ်။ လမ်းလျှောက်ထွက်လာပြီးနောက် ကြည့်လိုက်တော့ အဲ့ဒါက caramel အရသာသကြားလုံးဖြစ်နေတယ်။ ကျွန်တော် ဒါမျိုးကို နှစ်ကူးမှစားရတာ။ နံပတ် ၁၃ ဦးလေးက နှစ်ကူးလာနှုတ်ဆက်ရင် ကျွန်တော့အတွက် ဘူးလေးနဲ့သကြားလုံးအမြဲဝယ်လာပေးတယ်။ အဲ့ဒါ တော်တော်ချိုတယ်။

မနက်ဘက်မှာ လောကကြီးရဲ့ကနဦးချိက အင်မတန်မှလန်းဆန်းပြီး တောင်ကြားလမ်းမှာလမ်းလျှောက်ရတာက ဦးနှောက်ကိုကြည်စေတယ်။ ရွာထဲကခွေးတွေက ကျွန်တော့ကို ဘယ်တုန်းကမှ မဟောင်ဖူးဘူး။ ဒါပေမယ့် ရွာသားတွေအတွက်ကတော့ ကျွန်တော်နဲ့ပတ်သတ်ပြီး ဒီလိုထူးဆန်းတာကိုမြင်ရတာ ရိုးနေခဲ့ပြီ။
အိမ်ကိုပြန်ရောက်ပြီး ပထမဆုံးလုပ်ရတဲ့အလုပ်က နွားကိုတင်းကုပ်ထဲက ထုတ်ဖို့ပဲ။ ကျွန်တော်တို့အိမ်ကနွားက တော်တော်သန့်တယ်။ တင်းကုပ်ထဲမှာ အညစ်အကြေးတွေက တစ်ဖက်မှာရှိပြီး ကောက်ရိုးတွေက တခြားတစ်ဖက်မှာရှိတယ်။ အိမ်ကနွားက အင်မတန်ကိုမှ အသန့်ကြိုက်တယ်။ ရွာထဲက လူတွေကတော့ ဒါကို သိပ်ဂရုမစိုက်မိဘူး။ ဒါပေမယ့် သူတို့တွေအတွက် ထူးဆန်းတဲ့အချက်ကတော့ ကျွန်တော့နွားက နွားကျောင်းသွားလို့ရှိရင် စပါးနှံတွေကိုမစားပဲ ကောက်ရိုးတွေပဲစားတယ်။

မနက်စာစားတဲ့အချိန်မှာတော့ အဘိုးက အပြင်ကပြန်လာပြီး လက်ထဲမှာ ခွေးလေးတစ်ကောင်ကိုင်လာတယ်။
ခုနစ်နှစ်သား ကျွန်တော့အတွက်ကတော့ ခွေးလေးတွေက ချစ်စရာကောင်းတယ်
"ဒီခွေးလေးကို ဘယ်ကရလာတာလဲ"
"မင်း ဒီခွေးကိုသဘောကျလား"
ကျွန်တော်ပျော်နေတာမြင်တော့ အဘိုးလည်း ပြုံးနေခဲ့တယ်။
"လုံးဝ သဘောကျတယ်"
ကျွန်တော် ခေါင်းညိတ်ခဲ့တယ်။
"သိပ်မကြာသေးခင်က မင်းရဲ့အဘေးအိမ်က ခွေးသားပေါက်တယ်။ ငါ သူနဲ့ပြောပြီးသွားပြီးပြီ။ ဒီခွေးလေးက တစ်လတောင်မပြည့်သေးပေမယ့် ငါမြင်ဖူးသမျှခွေးထီးတွေထဲမှာ ဒီကောင်ရဲ့သွားကအကြီးဆုံးပဲ"
အဘိုးက စားပွဲမှာထိုင်ပြီး ကျွန်တော်စားစရာခူးခပ်ပေးတာကို စောင့်နေတယ်။ ကျွန်တော်ခူးခပ်ပြီးနောက်မှာတော့ နှစ်ယောက်သားအတူတူ မနက်စာစားကြတယ်။

"ကျွန်တော် ကန်ထဲမှာငါးမွေးရင်ကောင်းမလားလို့၊ ရွှံ့ငါးတွေမွေးလို့ရနိုင်တယ်။ ဒီလိုသာဆို ကျွန်တော်တို့ငါးစားချင်ရင် စားလို့ရပြီလေ။ နှစ်သစ်ကူးကျရင် ငါးတွေရောင်းပြီး ဝင်ငွေအပိုရှာလို့ရတယ်"
ကျွန်တော် စားပွဲပေါ်ကချဉ်ဖတ်ကိုကြည့်ပြီး ပြောလိုက်တယ်
"မွေးဖို့မတတ်နိုင်ဘူး၊ ငါးအတွက်လျပ်စစ်စက်က ဈေးကြီးလွန်းတယ်။ နောက်ပြီး ငါးတွေကို အမြဲတမ်းစောင့်ကြည့်မထားနိုင်ဘူး"
အဘိုးက မတတ်နိုင်တဲ့ပုံစံနဲ့ ခေါင်းခါတယ်။
"ကျွန်တော် ဒီခွေးကိုကြီးအောင်မွေးပြီး ကြီးလာရင် သူ့ကို ငါးကန်စောင့်ခိုင်းထားမယ်"
ကျွန်တော်က အားတက်တရောနဲ့ပြောတယ်။

"မွေးချင်ရင်လည်း မွေးပေါ့။ ကန်ကလည်း အလွတ်ကြီးပဲ။ ငါးဥတွေရော ဘယ်ကရမလဲ? အဘိုးဝယ်ပေးရမလား"
အဘိုးက မေးတယ်။
"မလိုဘူး။ ကျွန်တော်မြစ်ထဲသွားလို့ရှိရင် နည်းနည်းယူလာခဲ့မယ်"
ကျွန်တော် စဉ်းစားပြီးနောက်ပြောလိုက်တယ်။
"ဒါ ကလေးကလားဆန်တာပဲ"
အဘိုးက ရယ်ပြီး ဒါကိုအတည်ပြောတယ်လို့မမှတ်ခဲ့ဘူး။

ကျောင်းဆင်းတဲ့အချိန်မှာ ကျွန်တော့အကြံကို အကောင်အထည်ဖော်ဖို့လုပ်တယ်။ ရွှံ့ငါးက ရဖို့လွယ်ကူခဲ့တယ်၊ ကျင်းတွေထဲကတောင် ဖမ်းလို့ရနိုင်တယ်။ ဒါပေမယ့် လျပ်စစ်စက်တွေနဲ့ငါးဖမ်းနေတဲ့ဒီခေတ်ကြီးထဲမှာ ကျင်းတွေထဲကငါးအရေအတွက်နည်းလာခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ခွေးမြန်မြန်ကြီးလာဖို့မျှော်လင့်တယ်။ အဲ့လိုမှမဟုတ်ရင် ငါးတွေကိုစောင့်ကြပ်နိုင်မှာ မဟုတ်ဘူး။

ဒီခွေးလေးက ကျွန်တော့နားအမြဲကပ်နေတယ်။ ကျွန်တော်ထိုင်နေရင် ကျွန်တော့နားပြေးလာပြီး ကျွန်တော့ခြေထောက်နားလာပွတ်သပ်နေတယ်။ နွားကိုလုပ်သလိုပဲ သူ့ခေါင်းကိုပုတ်ပြီး 'ကနဦးချိ' ကိုထည့်ပေးခဲ့တယ်။
ဒီခွေးက အမည်းရောင်ဆိုတော့ သူ့ကို 'ပဲမည်း' လို့နာမည်ပေးခဲ့တယ်။ ပြီးတော့မျှတအောင် နွားကိုလည်း 'ရွှေအို' လို့နာမည်ပေးခဲ့တယ်။ ရာသီဥတုက သာယာနေပြီး စက်တင်ဘာလထဲမှာမို့ အပူချိန်တော့နည်းနည်းမြင့်တယ်။ ဒါပေမယ့် ရေတွေက အေးမြနေတော့ မြစ်ထဲဆင်းပြီး ရေချိုးလို့ အဆင်ပြေတယ်လေ။ ရွာနဲ့မနီးမဝေးမှာ ကျောက်စရစ်ခဲတွေအများကြီးရှိတဲ့ မြစ်ကမ်းစပ်လေးရှိတယ်။ အဲ့ကျောက်တုံးတွေအောက်မှာ ငါးတွေပုန်းနေတတ်တယ်။ ရွာသားတွေက တခါတလေတော့သွားပြီး ငါးဖမ်းတတ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ငါးဖမ်းစက်တွေသုံးလာပြီဆိုတော့ ဒီနားတစ်ဝိုက်မှာ ငါးတွေရှားပါးသွားတယ်။ တခါတလေ အကြာကြီးစောင့်တာတောင်မှ တစ်ကောင်တလေတောင် မတွေ့တတ်ဘူး။

ကျွန်တော် ရေတစ်ဝက်ထည့်ထားတဲ့ပုံးကိုဘေးချပြီး ကျောက်တုံးတွေကို တစ်တုံးပြီးတစ်တုံးလိုက်ကြည့်တယ်။ ဒါပေမယ့် အချိန်အကြာကြီးရှာတာတောင်မှ ငါးတစ်ကောင်မှမတွေ့ခဲ့ဘူး။ မမျှော်လင့်ပဲ ရွှံ့ငါးတစ်ကောင်နှစ်ကောင်လောက်တွေ့ရင်လည်း ထွက်ပြေးသွားတယ်။ ဒီအတိုင်းသာဆိုရင် မိုးချုပ်တာတောင်မှ ငါးကိုဖမ်းနိုင်မှာမဟုတ်ဘူး။
ကျွန်တော် စိတ်ပူပူနဲ့မျက်မှောင်ကြုတ်နေခဲ့တယ်။ 'ပဲမည်း' ကတော့ ဘေးနားမှာ ခုန်ပေါက်နေတယ်။ ကျွန်တော် ငါးကိုဖမ်းဖို့လုပ်တိုင်း သူက ရေကိုကြည့်ပြီး အကြာကြီးဟောင်နေခဲ့တယ်။ ဒါပေမယ့် သူရေထဲတော့ မဆင်းရဲပဲ ကျောက်တုံးတစ်တုံးကနေတစ်တုံးကို ခုန်နေခဲ့တယ်။

'ပဲမည်း' ခုန်တာမြင်တော့ ကျွန်တော် ဖျက်ကနဲတစ်ခုစဉ်းစားမိသွားတယ်။ နောက် ကျွန်တော် ထူးခြားတဲ့ခြေလှမ်းတွေလျှောက်ပြီး ပါးစပ်ကနေ 'a ၊ o ၊ e ၊ i ၊ u ၊ ü ' ဆိုတဲ့အသံတွေကိုရွတ်နေခဲ့တယ်။
ကျွန်တော် ခုန်ပေါက်ပြီး မကြာခင်မှာပဲ ရေထဲက အသံတွေကြားလိုက်တယ်။ ရေထဲမှာ ငါးတွေအများကြီးက သူတို့ကိုခေါ်လို့ရောက်လာတဲ့အလား လျင်မြန်တဲ့အရှိန်နဲ့ ကျွန်တော့ဆီလာနေတယ်။
ကျွန်တော်လည်း ခုန်တာရပ်ပြီး ငါးတွေကိုပုံးထဲကောက်ထည့်လိုက်တယ်။ သိပ်မကြာခင်မှာပဲ ပုံးထဲမှာ ငါးတွေပြည့်သွားတယ်။

"ငါးတွေ နေရာပြောင်းနေကြတယ်!! ငါးတွေ နေရာပြောင်းနေတယ်!"

နွားကိုဆွဲလာတဲ့ Huang Shulang က ကျွန်တော့ကို အဝေးကမြင်တော့ ကျယ်လောင်တဲ့အသံနဲ့အော်နေခဲ့တယ်။
ငါးတွေ နေရာပြောင်းတဲ့အကြောင်းကို လူကြီးတွေပြောတာကြားဖူးတယ်။ ဘာလို့ငါးတွေ ဒီလိုအရပ်ဒေသပြောင်းရွှေ့တယ်ဆိုတာ ဘယ်သူမှမသိဘူး။ ဒါပေမယ့် အဲ့လိုဖြစ်တိုင်း အစိမ်းရင့်ရောင် မြစ်တစ်ခုလုံးက ငါးတွေနဲ့ပြည့်နေပြီး နေရာတိုင်းမှာ ငါးပါးစပ်တွေကို မြင်နေရတယ်။
လူငယ်တစ်ယောက်ဆိုရင် သူ့ခြင်းတောင်းနဲ့တင်မြစ်ထဲကငါးဖမ်းတာတွေ့ဖူးတယ်လို့ အဘိုးတစ်ခါပြောဖူးတယ်။

Huang Shulang ရဲ့အော်သံကိုကြားပြီးနောက် ရွာသားတွေ အလျင်အမြန်ပြေးလာကြတယ်။ ဒါပေမယ့် သူတို့နည်းနည်းနောက်ကျသွားခဲ့တယ်။ သူတို့ရောက်လာတဲ့အချိန်မှာတော့ ငါးတွေအကုန်လုံးမရှိတော့ပဲ ပြေးပေါက်မှားတဲ့ ကျောက်တုံးတွေကြားက ခပ်ထိုင်းထိုင်းငါးတွေပဲ ကျန်ရစ်တော့တယ်။
"ဟေ့၊ Huang Shulang ဖက်တီးပုတ်၊ ဘယ်မလဲ၊ ငါးတွေနေရာပြောင်းတယ်ဆိုတာ?"
လူကြီးတစ်ယောက်က Huang Shulang ရဲ့တင်ပါးကိုရိုက်လိုက်ပြီး မေးတယ်။
"ခုနကတင်ရှိသေးတယ်။ Huang Jingyang လည်း မြင်လိုက်တယ်"
Huang Shulang က ကျွန်တော့်ကို လက်ညှိုးထိုးပြီးပြောတယ်။

အဲ့အချိန်မှာမှ ရွာသားတွေက ကျွန်တော့ရေပုံးထဲမှာ ငါးတွေပြည့်နေတာ သတိထားမိတယ်။ ဒါပေမယ့် ဘယ်သူမှ ကျွန်တော့ကိုလာမမေးရဲဘူး။ ကျွန်တော်ဘာမှမပြောတော့ သူတို့လည်း တစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြတယ်။
အဘိုးရောက်လာတော့ ကျွန်တော့ရဲ့ပြဿနာကြီးကို ဖြေရှင်းပြီးသားဖြစ်သွားတယ်။ ငါးတွေအပြည့်နဲ့ပုံးကို ကျွန်တော်တစ်ယောက်တည်းသယ်ဖို့က မဖြစ်နိုင်ဘူးလေ။ ရွာမှာ ကျွန်တော့ကို မကောင်းဆိုးရွားလိုသတ်မှတ်ထားပေမယ့် ကျွန်တော့အင်အားက ခုနစ်နှစ်သားအရွယ်ရဲ့အားပဲရှိတာကိုး။

'ပဲမည်း' က ပါးစပ်ထဲမှာ ငါးကိုကိုက်ထားပြီး အရုပ်သဖွယ်ကစားနေခဲ့တယ်။ ကျွန်တော်အိမ်ပြန်တာမြင်ပေမယ့် သူ့ပါးစပ်ထဲကငါးကို မလွှတ်ချချင်ပဲ ဆက်ကိုက်ထားတယ်။
"မင်း တကယ်ဒီငါးတွေကိုမွေးမှာလား"
အဘိုးက ရေပုံးကိုမ,ရင်း မေးခဲ့တယ်။ အဘိုးရဲ့အတွေးအရကတော့ ဒီလောက်ငါးတွေအများကြီးကို မွေးနေရင် သေမလား၊ရှင်မလားဆိုတာ ကံတရားအပေါ်မူတည်မယ့်အစား ဗိုက်ထဲထည့်လိုက်တာပိုကောင်းမယ်ဆိုတာပဲ။
"အင်း"
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

အဲ့ညမှာလည်း ကျွန်တော်ကျောင်းကိုသွားပြီး ဆရာမ Lin ကို အဖော်သွားလုပ်ရတယ်။ ဆရာမ Lin ရဲ့အိတ်ကြီးက ရတနာရွှေခွက်ကြီးလိုပဲ၊ အဲ့ထဲမှာ စားစရာတွေ အမြဲရှိတယ်။ ကျွန်တော့အရွယ်ကလေးအတွက်ကတော့ စားကောင်းသောက်ဖွယ်တွေက 'ကနဦးချိ' ထက် အပုံကြီးသာတယ်။
ကျွန်တော့ကိုယ်ထဲမှာ ပုန်းလျှိုနေခဲ့တဲ့ 'ကနဦးချိ' က 'တာအိုအစေ့' ကိုအညှောင့်ပေါက်စေခဲ့တယ်။ အဲ့ဒါက တဖြည်းဖြည်းကြီးလာတယ်လို့ခံစားရပေမယ့် ဘာအကျိုးရှိတယ်ဆိုတာ ကျွန်တော်မပြောတတ်ဘူး။
နောက်ရက်မှာ ကျွန်တော်တို့မူလတန်းကျောင်းကိုဧည့်သည်တစ်ယောက် ရောက်လာတယ်။ သူက ဆရာမအရွယ် လူငယ်တစ်ယောက်ပဲ။ သူက အင်မတန်ကြည့်ကောင်းတယ်၊ ဒါပေမယ့် ကျွန်တော် သူ့ကိုမကြိုက်ဘူး။ သူ့ကိုယ်က ကျွန်တော်မခံနိုင်တဲ့အနံ့အသက်ရှိတယ်။ ဒါ့အပြင် သူ့ကိုယ်ပတ်ဝန်းကျင်မှာ အမည်းရောင် 'ချိ' တွေဝန်းရံနေတာတွေ့တယ်။
Cui Chenlin ကိုတွေ့တော့ ဆရာမ Lin တအားပျော်နေတာကိုမြင်တဲ့အခါ အတန်းထဲကလူတွေအားလုံး အသည်းကွဲကုန်တယ်။ ဆရာမက စာသင်တာကို ခဏရပ်ပြီး စိတ်လှုပ်ရှားစွာနဲ့အပြင်ထွက်သွားတယ်။

"ဘာလို့ရောက်လာတာလဲ"
ကြည့်ရတာ ဆရာမ Lin က ကောင်းကင်ပေါ်ရောက်နေသလိုပဲ။
"နင် ငါပေးထားတဲ့ ကျောက်စိမ်းလည်ဆွဲကိုဝတ်နေသေးလား"
သူ့ရဲ့လေသံက စိတ်တိုနေသလိုပဲ။
"ဝတ်ထားတုန်းပဲလေ၊ ဒီမှာ"
အဲ့လူက ကျောက်စိမ်းလည်ဆွဲကိုပဲဂရုစိုက်နေတာကို Lin Jing က သတိမပြုမိဘူး။
ကျောက်စိမ်းဆွဲကြိုးကိုကိုင်ကြည့်ပြီး အမည်းရောင် 'ချိ' တွေလျော့နည်းသွားတာတွေ့တော့ သူမျက်မှောင်ကြုတ်လိုက်တယ်။

"ဘာဖြစ်လို့လဲ"
သူ့အပြုအမူတွေကြောင့် Lin Jing အံ့ဩနေတယ်။
"ဒီဆွဲကြိုးကို တစ်ယောက်ယောက်ကိုပေးလိုက်သေးလား"
အဲ့လူက Lin Jing ကိုမေးတယ်။
အတန်းထဲက ကလေးတွေအကုန်လုံးက ပြတင်းပေါက်နားမှာစုပြီး ချောင်းကြည့်နေတယ်။ ကျွန်တော်လည်း ဆရာမရဲ့ဆွဲကြိုးကိုကိုင်ထားတဲ့လူကို သတိနဲ့ကြည့်နေပြီးနောက် ကျွန်တော့်ရဲ့နှလုံးခုံသံက ရုတ်တရတ်မြန်လာတယ်။ သူ ကျွန်တော့်အကြောင်းကို သိသွားမှာကြောက်တယ်။ သူက ကျွန်တော့ကိုရန်မူနိုင်တဲ့သူပဲ။

"မပေးပါဘူး။ လည်ပင်းမှာ အမြဲဆွဲထားတာပဲ။ ဘာဖြစ်လို့လဲ"
Lin Jing က ပြန်မေးလိုက်တယ်။
သူက ချက်ချင်းခေါင်းခါလိုက်ပြီး "ဘာမှမဖြစ်ပါဘူး" လို့ပြောတယ်။
ကျွန်တော်လည်း တော်ပါသေးရဲ့လို့ သက်ပြင်းချလိုက်တယ်။
အဲ့လူက လည်ဆွဲကိုသူ့လက်ထဲမှာကိုင်ထားတဲ့အချိန်မှာ အဲ့လည်ဆွဲထဲကို အမည်းရောင်'ချိ' တွေထည့်လိုက်တာ မြင်လိုက်တယ်။ ဒီ အမည်းရောင် 'ချိ' က အရင်တုန်းက လည်ဆွဲထဲကထက် ပိုပြီးထူထဲတယ်။ ဒီလူရဲ့အစွမ်းက မြင့်သွားတာလား?

ဘာကြောင့်မှန်းမသိပေမယ့် အဲ့လူက ကျွန်တော်ရှိတဲ့နေရာကိုတစ်ချက်လှမ်းကြည့်တယ်။ သူ ကျွန်တော့်တည်ရှိမှုကိုရိပ်မိသလားတော့မသိပေမယ့် သူ့မျက်လုံးတွေက ဆိုးရွားလွန်းတယ်။ သူ့ကိုကြည့်တာနဲ့တင် ဟိုးအဝီစိထဲဆင်းသွားသလိုခံစားရတယ်။
"ဒီကျောက်စိမ်းဆွဲကြိုးကို သေချာဝတ်ပါ။ ဘယ်သူမှမမြင်စေနဲ့" သူကသေချာပြောတယ်
"Chenlin ၊ နင်ဘာလို့ဒီကျောက်စိမ်းဆွဲကြိုးအကြောင်းပဲပြောနေတာလဲ? ဒါကို ဂရုစိုက်တာက ငါ့ကိုဂရုစိုက်တာထက်တောင် ပိုနေသလိုပဲ"
ဆရာမ Lin က သူ့ရည်းစားကို မကျေမနပ်နဲ့ပြောတယ်။
"မဟုတ်ပါဘူး၊ နင်အတွေးလွန်နေပြီ" အဲ့လူက ခေါင်းခါပြီးပြောတယ်။

အဲ့လူနေ့လည်စာစားပြီးနောက် ပြန်ထွက်သွားတယ်။ ဆရာမ Lin လည်း သိပ်မပျော်သလိုပဲ။ ဆရာမ အတန်းထဲပြန်ဝင်လာတဲ့အချိန်မှာ မျက်ရည်တွေသုတ်ထားတာ သတိထားမိတယ်။ ဒါ့အပြင် ဆရာမ Lin ရဲ့ကိုယ်က နေလို့ထိုင်လို့မကောင်းတဲ့ ကိုယ်ရောင်ကိုယ်ဝါက ပိုပြီးများလာတယ်။
အဲ့လူက ဘယ်သူများပါလိမ့်? ဘာလို့ အမည်းရောင် 'ချိ' တွေက သူ့ကိုယ်မှာရှိနေတာလဲ? ဆရာမ Lin ရဲ့လည်ဆွဲမှာ ဘာလို့ အမည်းရောင် 'ချိ' ကိုထည့်ရတာလဲ?
ကျွန်တော့်စိတ်ထဲမှာ မေးခွန်းတွေပေါ်လာတယ်။ ဒါပေမယ့် ကျွန်တော့အနေနဲ့ ဒါတွေကိုမေးဖို့ မသင့်တော်ဘူး။

နှစ်စတုန်းကဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့် ဘယ်သူမှ ကျွန်တော်နဲ့တစ်စားပွဲတည်းမထိုင်ရဲဘူး။ ဒါကြောင့် စားပွဲတစ်ခုလုံးကို ကျွန်တော်တစ်ယောက်တည်း အပိုင်စီးထားတယ်။ Huang Shulang ကလည်း ကျွန်တော့်ရဲ့လျှို့ဝှက်ချက်တွေကို မပြောရဲဘူး၊ ဘာလို့လည်းဆိုတော့ အဲ့လိုသာဆိုရင် ကျွန်တော်က ဆရာမ Lin နဲ့ပိုပြီး ထိတွေ့ဆက်ဆံရမှာကိုး။ အခုတောင် ဆရာမ Lin က ကျွန်တော့်ကိုညတိုင်း အဖော်လုပ်ခိုင်းနေတာ။


ဒါပေမယ့် အဲ့ညမှာ ဆရာမ Lin ရဲ့ကျောက်စိမ်းလည်ဆွဲထဲကို 'ကနဦးချိ' မထည့်ရဲဘူး။ လည်ဆွဲရဲ့အမည်းရောင်ချိက ပိုပြီးသိပ်သည်းလာပေမယ့် ကျွန်တော့်ကို ရန်မပြုနိုင်ဘူး။ ကျွန်တော်ရှိနေတော့ အမည်းရောင်ချိလည်း မတတ်သာပဲ ကျောက်စိမ်းလည်ဆွဲထဲမှာပဲ ပုန်းနေရတယ်။

Comments

Popular posts from this blog

Lookism