My Daoist Life (7)

ကျွန်တော့်ရဲ့တာအိုဝါဒီဘဝ (My Daoist Life)
အခန်း(၇) ရွှေရောင်အမွှေးနဲ့မျောက်

ဒါပေမယ့် ကျောက်စိမ်းလည်ဆွဲထဲက အေးစက်တဲ့ချိတွေကြောင့် ကျွန်တော်နေလို့ထိုင်လို့မကောင်းဖြစ်ပြီး အဲ့ညမှာ ကောင်းကောင်းမအိပ်ပျော်ခဲ့ဘူး။ အဲ့လည်ဆွဲကိုလည်း နေရာမရွှေ့ရဲတော့ အဲ့အေးစက်စက်ချိတွေက ကျွန်တော့ကိုစိတ်ပူစေခဲ့တယ်။ နောက်ဆုံးမှာအိပ်ပျော်သွားပေမယ့် ဘယ်အချိန်အိပ်သွားမှန်းမသိလိုက်ဘူး။ နောက်ရက်မနက် ဆရာမ Lin လာနိုးမှပဲထတော့တယ်။
"Huang Jingyang  ဘာလို့အိပ်ရာထနောက်ကျတာလဲဟင်? ညတုန်းက မဟုတ်တာတစ်ခုခုလုပ်ထားလား?"
ဆရာမက ကျွန်တော့ကိုပြုံးပြီးကြည့်နေတယ်။
"ကျွန်တော် ဆရာမရဲ့ကျောက်စိမ်းလည်ဆွဲကိုမကိုင်ဘူး"
ကျွန်တော်စိတ်ထဲမှာ အပြစ်ရှိသလိုခံစားနေရတော့ ခုနစ်နှစ်သားအရွယ်အတွက် ဒါကိုဖုံးကွယ်ဖို့ခက်ခဲတယ်။

ဆရာမ Lin စိတ်ထဲတစ်မျိုးဖြစ်သွားပြီး သူ့ရဲ့လည်ဆွဲကိုထုတ်ပြီးကြည့်တယ်။ ဒီကျောက်စိမ်းဆွဲကြိုးနဲ့ပတ်သတ်ပြီး သူမသိလောက်ပေမယ့်လည်း ကျွန်တော့စကားကြောင့် သူ့ရည်းစားပြောတာကို သတိရသွားပုံပေါ်တယ်။
"ဆရာမ လည်ဆွဲက တစ်ခုခုဖြစ်နေလို့လား? "
ကျွန်တော်တစ်ခုခုကိုသိတယ်လို့ဆရာမက သံသယရှိပြီးမေးတယ်။
"ဘာမှမဖြစ်ပါဘူး" ကျွန်တော်အထိတ်တလန့်နဲ့ဖြေလိုက်တယ်။
 "ဆရာမ Lin ၊ ကျွန်တော် နွားကျောင်းရဦးမယ်"
ဆရာမအခန်းထဲမှာကျန်နေတဲ့ဖိနပ်ကို မယူဖြစ်တော့ပဲ ခြေဗလာနဲ့ပဲအိမ်ပြန်လာတယ်။

ဒီမနက်တော့ အဘိုးလယ်ထဲမသွားဘူး။ လယ်အလုပ်က တချို့ရက်တွေပဲလုပ်ပြီး နေ့တိုင်းသွားစရာမလိုဘူးလေ။
"ဘာတွေလောနေတာလဲ? အပြစ်တစ်ခုခုလုပ်မိလို့လား"
အဘိုးက ကျွန်တော့ကို စတယ်။
"ဘာ-ဘာမှမလုပ်ပါဘူး။ အိပ်ရာထနောက်ကျတော့ ကျောင်းနောက်ကျမှာစိုးလို့"
ကျွန်တော် ကိုယ့်ကိုယ်ကိုကာကွယ်ပြီးပြောလိုက်တယ်။

ကျွန်တော့အနာဂတ်အတွက် မုတစ်ဝက်အတိုင်းအတာရှိတဲ့ ငါးကန်အပေါ် မျှော်လင့်ချက်တွေထားထားတော့ ငါးကန်က ကျွန်တော့အတွက် အရေးကြီးတယ်။ နွားကျောင်းပြီးနောက် ငါးကန်ဆီကိုပြေးပြီးသွားခဲ့တယ်။ ဒီငါးတွေကိုဘာကျွေးရမှန်းမသိဘူး။ လူတချို့က ငါးကန်ထဲကိုမြက်တွေထည့်ပြီး ငါးတွေစားတာမြင်ဖူးတော့ ကျွန်တော်လည်း ကောင်းတဲ့မြက်တွေနည်းနည်းယူပြီးငါးကန်ထည့်ဖြန့်ကြဲလိုက်တယ်။ တစ်ချိန်တည်းမှာပဲ အဲ့မြက်တွေထဲကို 'ကနဦးချိ' ကိုထည့်လိုက်တယ်။
[တစ် မု = ၆၆၆.၅ စတုရမ်းမီတာ]

"ဒီကောင်လေး၊ မင်းမွေးထားတဲ့ငါးတွေက မြက်ငါးကြင်းတွေမှမဟုတ်တာ၊ မြက်တွေကျွေးပြီး......"
အဘိုးစကားတစ်ဝက်တစ်ပျက်နဲ့ရပ်သွားတယ်။ ဘာလို့လည်းဆိုတော့ ကန်ထဲကငါးတွေက မြက်တွေကို အလောတကြီးနဲ့စားနေတာတွေ့လိုက်လို့ပဲ။ ကျွန်တော့ဘဝတစ်လျှောက်ကြုံဖူးသမျှမှာ ဒါအထူးဆန်းဆုံးပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ထိလိုက်တဲ့အရာတွေကပုံမှန်မဟုတ်နိုင်တော့ဘူး။
အဘိုးက ခေါင်းကိုခါယမ်းပြီး အိမ်ထဲပြန်ဝင်သွားတယ်။
"အဘိုး၊ ကျွန်တော် ဒီကောင်တွေကိုမြက်ပဲဆက်ကျွေးရမလား"
ကျွန်တော် ဒွိဟဖြစ်ပြီးမေးလိုက်တယ်။
"ဆက်ကျွေးပါ"
အဘိုးက အဝေးကလှမ်းဖြေတယ်။

အခုအဘိုးကခွင့်ပြုလိုက်ပြီဆိုတော့ သူတို့ကို ဒီအတိုင်းပဲဆက်ကျွေးတော့မယ်။ ဒီငါးကန်အကြီးကြီးထဲမှာ ငါးတစ်ပုံးလောက်က ကျွန်တော့အတွက်မလုံလောက်ဘူး။ ဒါကြောင့် နေ့ခင်းဘက်မှာ မြစ်ကမ်းဘက်သွားပြီး ငါးဖမ်းပြီးပြန်လာခဲ့တယ်။
'ပဲမည်း' က ကျွန်တော့နောက်မှာခုန်ပေါက်နေတယ်။ ကျွန်တော့အိတ်ထောင်ထဲနှိုက်ကြည့်လိုက်တော့ သကြားလုံးတချို့ပဲတွေ့ပြီး အရိုးမတွေ့ဘူး။ ဒီတော့ ကျွန်တော် နှမြောစွာနဲ့ 'မဲမည်း' ကို သကြားလုံးကျွေးလိုက်တယ်။ ဒါပေမယ့် ကျွန်တော်မထင်မှတ်မိတာက ကျွန်တော့အတွက်စားကောင်းတဲ့အရာက သူ့ကိုစိတ်မဝင်စားစေဘူး၊ လျာနဲ့ပဲတစ်ခါလျက်ကြည့်ပြီး ဆက်မစားတော့ဘူး။

"ဒီခွေးစုတ်လေး၊ သကြားလုံးကစားကောင်းတယ်ဆိုတာ မသိဘူးလား"
ကျွန်တော် အဲ့သကြားလုံးကို စက္ကန့်အနည်းငယ်လောက်ကြည့်ပြီး ပြန်မကောက်တော့ပဲ ထွက်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့က တာအိုပညာရှင်တွေမဟုတ်လား၊ ဘာလို့ခွေးစားထားတဲ့သကြားလုံးကိုပြန်ကောက်ရမှာတုန်း?
ဒီနေ့က သောကြာနေ့ဆိုတော့ ကလေးတွေအတွက်အပျော်ဆုံးနေ့ပဲ။ ဘာလို့လည်းဆိုတော့ ကျောင်းကနေ့ခင်းဘက်ပဲတက်ရပြီး နေ့ခင်းဘက်မှာ အားသွားပြီလေ။ ဆရာမ Lin လည်း သောကြာနေ့ဆို သူ့အိမ်ပြန်တယ်။ နောက်ဆုံးမှာတော့ ကျွန်တော်လည်း ကျောင်းကိုသွားစရာမလိုတော့ဘူး။ နေ့လည်မှာ ကျွန်တော်တောင်ပေါ်တက်ပြီး ထင်းသွားခွေဖို့လုပ်တယ်။

ကျွန်တော့အရွယ်နဲ့ဆိုရင် လေးလံတဲ့ထင်းချောင်းတွေကိုသယ်ဖို့ခက်ခဲတယ်။ ဒါပေမယ့် ကျွန်တော့အတွက်တော့ ဒါက ပြဿနာမဟုတ်ဘူး။ အဘိုးကို နွားပေါ်မှာ ခြင်းတောင်းနှစ်ခုတပ်ခိုင်းထားတယ်လေ။ ဒါ့အပြင် ကျွန်တော်ကိုယ်တိုင်ကလည်း ဝါးခြင်းတောင်းလေးသယ်ထားတယ်။ တောင်ပေါ်က သစ်အကြီးကြီးတွေကိုသယ်ဖို့မဖြစ်နိုင်ပေမယ့်လည်း သစ်ကိုင်းခြောက်တွေဘာတွေတော့သယ်နိုင်တယ်လေ။ သယ်လာတဲ့ထင်းတွေက နှစ်ရက်စာသုံးဖို့ လုံလောက်တယ်။

ရွာက ကလေးတွေက ကျွန်တော့ကိုရှောင်ကြပြီး ဘယ်သူမှကျွန်တော်နဲ့အတူ တောင်ပေါ်မသွားဘူး။ ဒီနှစ်နှစ်အတွင်းမှာ ကျွန်တော့ရဲ့အတွေ့အကြုံတွေကြောင့် ကစားဖော်တွေမရှိလည်း ကျွန်တော်မမှုပါဘူး။ နေ့လည်စာစားပြီးနောက် 'ရွှေအို' နဲ့ 'ပဲမည်း' တို့ကိုခေါ်ပြီး တောင်ပေါ်လျှောက်သွားခဲ့တယ်။
ရွာကကလေးတွေကို သူတို့မိဘတွေက ကျွန်တော့နားကရှောင်နေဖို့မှာထားပေမယ့် ကျွန်တော့ရဲ့နွားနဲ့ခွေးကအင်မတန်လိမ္မာတာကိုမြင်တော့ သူတို့တွေရဲ့အားကျတဲ့အကြည့်ကိုကျွန်တော်သတိထားမိတယ်။
ဆောင်းဦးက စိမ်းစိုနေခဲ့တဲ့တောတောင်တွေကို အနီအဝါရောင်ပြောင်းသွားစေတယ်။ ရွှေရောင်ထင်းရှူးရွက်တွေက မြေကြီးပေါ်မှာ ကော်ဇောသဖွယ် ပြန့်ကြဲနေပြီး မေပယ်ရွက်နီလေးတွေက လေနဲ့အတူလွင့်ပါနေခဲ့တယ်။ သစ်ပေါ်ပေါ်မှာ သည်သီးရိုင်းတွေဟာလည်း မီးအိမ်လေးတွေလိုပဲရှိနေတယ်။ ရာသီဥတုပြောင်းလဲတာဟာ ကျွန်တော့အတွက်တော့ အချိန်ပြောင်းလဲမှုကိုခံစားလို့ရနိုင်မယ့် သဲလွန်စပဲ။

ထင်းရှူးသီးတစ်ခုက ကျွန်တော့မျက်နှာနားရောက်လာတဲ့အချိန်မှာ ကျွန်တော်လျင်မြန်စွာရှောင်လိုက်တယ်။ မရှောင်နိုင်ရင်တော့ ခေါင်းမှာ အမှတ်အသားတစ်ခုခုဖြစ်သွားမှာပဲ။မြေကြီးပေါ်လူးနေခဲ့တဲ့ ကျွန်တော်က သနားစရာကောင်းနေတယ်။
"ကျီကျီ၊ ကျီကျီ"
တောင်နဲ့မနီးမဝေးက ထင်းရှူးပင်ပေါ်မှာ ရွှေရောင်အမွှေးနဲ့မျောက်ကရယ်နေတယ်။
သခင်တစ်ခုခုဖြစ်ရင် အမှုထမ်းတွေက သေဒဏ်ခံရသလိုပဲ၊ ကျွန်တော်ဒီလိုအရှက်ကွဲတော့ ကျွန်တော့ရဲ့စစ်သူကြီးနှစ်ဦးက ဒေါသထွက်သွားတယ်။
'ရွှေအို' ကဒေါသတကြီးအော်တယ်။ သူ့နောက်ကလိုက်ပြီး 'မဲမည်း' ကလည်း ဟောင်နေခဲ့တယ်။
ကျွန်တော် မြေကြီးပေါ်ကကျောက်ခဲတုံးကိုကောက်ပြီး မျောက်ကိုလှမ်းပစ်လိုက်တယ်။ ကျွန်တော်ဘာလို့ရှုံးရမှာလဲ?

ဒါပေမယ့် ကျောက်တုံးကအဝေးကိုမသွားပဲ အောက်ပြန်ကျပြီး ကျွန်တော့ဘေးကိုပြန်လိမ့်လာတယ်။
ရွှေရောင်မျောက်က ရုတ်တရတ်လန့်ပြီး ထခုန်တယ်။ ဒါပေမယ့် ကျွန်တော်ပစ်တဲ့ကျောက်တုံးက အားမပါတော့ ချက်ချင်းပဲရယ်ပြီး ကျွန်တော့ကို ထင်းရှူးသီးနဲ့ပြန်ပစ်တယ်။
ကျွန်တော်လည်း ဒေါသထွက်ပြီး ထင်းရှူးသီးကိုကောက်ပြီး 'ကနဦးချီ' ကိုလက်ထဲမှာသုံးလိုက်တယ်။ အဲ့ထင်းရှူးသီးကိုပစ်တဲ့အချိန်မှာ 'ကနဦးချိ' သုံးလိုက်တော့ အဲ့ဟာက မျောက်နားရောက်သွားတယ်။

"ကျီကျီကျီ"
ရွှေရောင်မျောက်ရဲ့အတွေးထဲမှာတော့ ကျွန်တော်ပစ်တာက လမ်းတစ်ဝက်မှာပဲရပ်သွားလိမ့်မယ်လို့ထင်ခဲ့တယ်။ ဒါပေမယ့် အဲ့ထင်းရှူးသီးက အရှိန်မလျော့သွားပဲ ပိုတောင်မြန်လာပြီး မျောက်ရဲ့နှဖူးကိုထိမှန်လိမ့်မယ်လို့ ဘယ်သူမှမမျှော်လင့်ထားခဲ့ဘူး။ မျောက်လည်းကြောက်လန့်ပြီး သူ့မျက်လုံးကိုမှိတ်ထားခဲ့တယ်။
"ဘုန်း"
မျောက်က အဲ့နေရာမှာတင်မေ့လဲသွားပြီး သစ်ပင်ပေါ်ကပြုတ်ကျသွားတယ်။ ကံကောင်းတာက အောက်ဘက်မှာ ခြုံနွယ်တွေအများကြီးခံထားတော့ မျောက်ရဲ့အကျကို ခံထားခဲ့တယ်။ နောက်ဆုံးတော့ အဲ့ကောင်ဟာ ထင်းရှူးတွေရှိတဲ့မြေပေါ်တင်နေခဲ့ပြီး သူ့ရဲ့ရွှေရောင်အမွှေးနဲ့ထင်းရူးရွက်ခြောက်ဝါတွေက ရောနေတယ်။

ကျွန်တော်လည်း မျောက်ရှိတဲ့နေရာကိုပြေးသွားတယ်။ ကျွန်တော့စစ်သူကြီးနှစ်ယောက်က နောက်ကလိုက်လာတယ်။ မျောက်က မြေကြီးပေါ်မှာ မလှုပ်မယှက်နဲ့လဲနေတယ်။ ကျွန်တော်ထင်တာက ဒီမျောက်တော့သေသွားပြီပေါ့။ 'ပဲမည်း' ကတော့ အင်မတန်မှရန်လိုနေခဲ့တယ်၊ သူတခါတည်းပြေးသွားပြီး မျောက်ရဲ့အမြီးကိုကိုက်ခဲထားတယ်။ ဒီခွေးလေးရဲ့ငယ်သွားလေးတွေက အမြီးကိုကိုက်ထားနိုင်ပါ့မလားလို့တွေးမိတယ်။ ဒါပေမယ့် မျောက်ကရုတ်တရတ်ထခုန်လိမ့်မယ်လို့ ဘယ်သူထင်မလဲ? မျောက်က ကျွန်တော့ကို လူဆိုးလူမိုက်တစ်ယောက်အလား ရန်ငြိုးကြီးစွာနဲ့ကျွန်တော့ကိုကြည့်နေခဲ့တယ်။ နောက်တော့ မျောက်ကအော်လိုက်ပြီး ကျွန်တော့နားကပ်လာတယ်။ ကြည့်ရတာ သူက လက်စားချေမလို့နဲ့တူပါရဲ့။ ဒါပေမယ့် 'ရွှေအို' က ဝင်လာပြီး သူ့ရဲ့ခြေထောက်နဲ့ကန်လိုက်တာ မျောက်က ပေနှစ်ဆယ်အကွာအဝေးလောက်ကို ရောက်သွားတယ်။
ရှုံးနိမ့်သွားခဲ့တဲ့မျောက်ဟာ သိုင်းလောကရဲ့မှန်ကန်ဖြောင့်မတ်တဲ့စည်းမျဉ်းစည်းကမ်းတွေကိုမလိုက်နာခဲ့တဲ့ ကျွန်တော်တို့ကိုဆူတယ်။ ဆူပြီးမကြာခင်မှာပဲ ထွက်ပြေးသွားတယ်။
ကျွန်တော်က ကလေးပီပီ ဒီမျောက်နဲ့သိုင်းလောကရဲ့ဖြောင့်မတ်မှုတွေအကြောင်းပြောနေမှာမဟုတ်ဘူး။ တစ်ခုတည်းသောနောင်တကတော့ ဒီမျောက်ကို ကျွန်တော့စကားနားထောင်အောင်မလုပ်နိုင်တာပဲ။ ဒီကောင့်ကို 'ကနဦးချိ' ထည့်လိုက်ရင်ကောင်းသား၊ ဒါပေမယ့် သူက 'ရွှေအို' နဲ့ 'ပဲမည်း' တို့လို ကျွန်တော့စကားနားထောင်ပါ့မလား?
ဒါကြောင့် ကျွန်တော် ရက်အနည်းငယ်အကြာအထိ နောင်တရနေခဲ့တယ်။

'ရွှေအို' ရဲ့အကူအညီနဲ့ ခြင်းတောင်းထဲထင်းအပြည့်သယ်ပြီး အိမ်ကိုပြန်လာခဲ့တယ်။ 'ရွှေအို' ပေါ်ကခြင်းတောင်းထဲမှာ သစ်ကိုင်းခြောက်တွေနဲ့ထင်းရှူးသီးခြောက်တွေအပြည့်ရှိတယ်။ ဒါ့အပြင် ကျွန်တော်လည်း သည်သီးရိုင်းတွေခူးလာတယ်၊ ဂိုထောင်ထဲမှာထည့်ပြီးသိမ်းထားဖို့ပေါ့။
ဒါတင်မက ရွာကကလေးတွေကို မသွားဖို့တားမြစ်ထားတဲ့နေရာကနေ သစ်ချောင်းယူလာသေးတယ်။ အဲ့နေရာကနေပဲ ကျွန်တော့ရဲ့သတ္တုတုံးလေးကို ကောက်ရခဲ့တာ။ အဲ့တုန်းက အဲ့သစ်ချောင်းကို အင်မတန်မှထူးခြားတယ်လို့ခံစားရတယ်။ အဲ့နားကိုဖြတ်သွားတုန်းက 'ပဲမည်း' က ကြောက်လန့်တုန်လှုပ်နေခဲ့ပြီး 'ရွှေအို' ကတော့ အသက်ပြင်းပြင်းရှူနေခဲ့တယ်။

ကျွန်တော်လည်း ခပ်လန့်လန့်နဲ့လည်ပင်းမှာဆွဲထားတဲ့သတ္တုတုံးကို တင်းတင်းကြပ်ကြပ်ကိုင်ထားမိတယ်။ သတ္တုတုံးလေးက ကျွန်တော့ဆီက ပျံထွက်သွားဖို့ကြိုးစားနေတယ်လို့ခံစားရတယ်။
အဲ့အချိန်မှာ တော်တော်မှောင်နေပြီ၊ ကျွန်တော်က ကောင်းကင်နဲ့မြေကြီးရဲ့ဆန်းကြယ်မှုတွေကို နားလည်ခဲ့ပေမယ့်လည်း ကျွန်တော်က အမှောင်ကြောက်တဲ့ကလေးတစ်ယောက်သာဖြစ်တယ်။ ဘာမှမရှိတဲ့နေရာအလွတ်တွေက ပိုပြီးမှောင်နေတတ်တယ်။ အရိပ်တွေနေရာအနှံ့ပါရှိနေပြီး ကျွန်တော့ခြေလှမ်းမြန်လာလေလေ၊ နှလုံးခုံနှုန်းလည်းမြန်လာလေလေပဲလို့ ခံစားရတယ်။ သေးငယ်တဲ့ 'ပဲမည်း' ဟာ သည်းမခံနိုင်တော့ပဲ နောက်ဘက်ကနေ အလန့်တကြားဟောင်နေခဲ့တယ်။ ကျွန်တော်လည်း မတတ်နိုင်တော့ပဲ ရပ်တန့်ခဲ့ရတယ်။ ဒီအချိန်မှာ ရွှေရောင်အမွှေးနဲ့မျောက်ပြန်ရောက်လာပြီး လက်စားချေလေမလားလို့ စိုးရိမ်နေခဲ့တယ်။
အဲ့မျောက်ကရှုံးသွားကတည်းက ကျွန်တော့ရှေ့မှာပေါ်မလာတော့ဘူး။ ဒါကြောင့် သူ့ကိုဖမ်းဖို့နောက်အခွင့်အရေးရှိဦးမလားဆိုတာ မပြောတတ်ဘူး။

ခြံထဲမှာထိုင်စောင့်နေတဲ့အဘိုးဟာ 'ရွှေအို' က ထင်းချောင်းတွေထမ်းပြီးပြန်လာတာမြင်တော့ ထွက်လာပြီးကူတယ်။
"ဒီကောင်လေး၊ ကြည့်ပါဦး။ ဒီလောက်မိုးချုပ်နေပြီ၊ စောစောပြန်လာရမယ်ဆိုတာ မသိဘူးလား။ တောတောင်ထဲမှာ ကျားနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ"
အဘိုးက ကျွန်တော့ကိုခြောက်တယ်။
"ကျွန်တော်တို့ဒီပဲရောက်နေပြီပဲ၊ ဘယ်မှာလဲ၊ ကျားဆိုတာ? ဒီနှစ်တွေအများကြီးထဲမှာ ဝံပုလွေတို့၊ ဝက်ရိုင်းတို့တောင်မမြင်ဖူးဘူး"
ကျွန်တော်လုံးဝမကြောက်ပါဘူး။
"မြန်မြန် အင်္ကျီချွတ်ပြီး ရေသွားချိုးချည်။ ဒီလောက်ချွေးသံတရွှဲရွှဲနဲ့ အအေးမိလို့မဖြစ်ဘူး"
အဘိုးက ရေပူတည်ထားနှင့်ပြီ။
"ဘာမှမဖြစ်ပါဘူး၊ ဒီချွေးနည်းနည်းလေးက မကြာခင်ခြောက်သွားမှာပါ"
ကျွန်တော် အဲ့လိုပြောပေမယ့်လည်း အဝတ်အစားတွေကိုချွတ်လိုက်ပြီးပြီ။ ပြီးတော့ ရေပူကိုလောင်းချပြီး ကိုယ်ကိုသန့်အောင်ပွတ်တိုက်ဆေးနေခဲ့တယ်။ တခြားကလေးတွေထက်စာရင် ကျွန်တော်က ပိုပြီးအသန့်ကြိုက်တယ်။ ဘာလို့လည်းဆိုတော့ ညစ်ပတ်တဲ့အခါပေါ်လာတဲ့ ကိုယ်ရောင်ကိုယ်ဝါကို ကျွန်တော်မကြိုက်လို့ပဲ။

"အဘိုး၊ နှံစားပြောင်းပင်တွေတောင် အဝါရောင်သမ်းနေပြီ။ အဖေနဲ့အမေက ဖုန်းမခေါ်ဘူးလား?"
ရေချိုးပြီးနောက် အဝတ်အစားလဲပြီး ညစာအတွက်ဟင်းတည်ထားတဲ့ မီးဖိုဘေးမှာထိုင်နေခဲ့တယ်။
"မင့်အဖေနဲ့အမေက အလုပ်များပြီး နေ့တိုင်းအချိန်ပိုဆင်းရတယ်လေ။ သူတို့မှာဖုန်းခေါ်ဖို့ အချိန်ဘယ်ရှိပါ့မလဲ? ဒါ့အပြင် တယ်လီဖုန်းခတွေကလည်း ဈေးကြီးတာ မင်းသိတယ်မလား? ဖုန်းလာလို့ ရွာက စာရေးအိမ်မှာပြောရင်တောင် တစ်ယွမ်ပေးရတာ"
အဘိုးက ဆင်ခြေတွေအများကြီးပြောခဲ့တယ်၊ ဒါပေမယ့် အဖေနဲ့အမေဖုန်းမခေါ်ခဲ့ဘူးဆိုတဲ့အချက်ကိုတော့ ကျွန်တော့ကိုသိစေခဲ့တယ်။

အဲ့ဒါကိုကြားတော့ ကျွန်တော်စိတ်မကောင်းဖြစ်သွားတယ်။ မီးဖိုထဲမှာ ထင်းကမီးမြိုက်ခံရတော့ အသံထွက်နေတယ်။ မီးက ဟိုဟိုသည်သည်လှုပ်နေပြီး ညအမှောင်မှာ ကျွန်တော့အရိပ်ဟာလည်းလှုပ်နေခဲ့တယ်။
အမှောင်ထဲက မီးဖိုရဲ့မီးဟာ ကျွန်တော့မျက်လုံးထဲမှာတော့ တဖျတ်ဖျတ်လက်နေတဲ့ကြယ်လေးတွေအဖြစ်ပြောင်းသွားတယ်။ ဒါက မီးစွမ်းအင်ရှိတဲ့ 'ကနဦးချိ' ပဲ။ တစ်ခုချင်းဆီက ပေါက်ကွဲနိုင်မယ့်အင်အားရှိတယ်၊ ဒါပေမယ့် သူတို့တွေမီးထဲကထွက်သွားတာနဲ့ လေထဲမှာပျောက်ကွယ်သွားတယ်။

ကျွန်တော် 'မီးချိ' တွေကို ကျွန်တော့ကိုယ်ထဲကိုဆွဲခေါ်ကြည့်တယ်၊ ဒါပေမယ့် ကျွန်တော်သတိထားမိတာက ဒီ ချိအမျိုးအစားက ထိန်းချုပ်ရခက်တယ်။ ကြေးနီသတ္တုတုံးလေးမှာ 'ကနဦးချိ' ဟာပုံစံရှစ်မျိုးနဲ့တည်ရှိပြီး အဲ့ရှစ်မျိုးကြားမှာ မရေမတွက်နိုင်တဲ့အတွဲပေါင်းများစွာရှိပြီး ကောင်းကင်နဲ့မြေကြီးရဲ့ အရာဝတ္ထုတွေကို ဖန်တီးနေတယ်။

ဒါပေမယ့် အဲ့ထဲက တစ်မျိုးကိုတောင် ကျွန်တော်မထိန်းချုပ်နိုင်သေးဘူး။

Comments

Popular posts from this blog

Lookism