My Daoist Life (8)
ကျွန်တော့်ရဲ့တာအိုဝါဒီဘဝ
(My Daoist Life)
အခန်း(၈) ပိုက်ဆံရှာဖို့အစီအစဉ်
'ကနဦး ချိ'
အရောင်မျိုးစုံရှိနိုင်တယ်။ 'ကနဦး ချိ' က အရောင်မျိုးစုံရှိတဲ့အပြင် မတူညီတဲ့အရည်အသွေးတွေရှိတယ်ဆိုတာ
ကျွန်တော်တဖြည်းဖြည်းနဲ့တွေ့ရှိခဲ့တယ်။ ဥပမာ- ဒီမီးထဲက ချိရဲ့အရည်အသွေးက ခက်ထန်ပြီးစိတ်မြန်လက်မြန်ရှိတယ်။
ဒါက သွားပြီးအနှောင့်အယှက်ပေးလို့မရတဲ့လူနဲ့ဆင်တူတယ်။ ကျွန်တော် ဒါကိုကိုယ်ခန္ဓာထဲထည့်ထားချင်ပေမယ့်
သူကနားမထောင်ဘူး - ယဉ်အောင်လုပ်ဖို့ခက်တဲ့မြင်းရိုင်းလိုပဲ။
အဖြူရောင်ကျောက်လိုမျိုး
'ကနဦး ချိ'ကတော့ အယဉ်ဆုံးပဲ။ ဒါပေမယ့် ကျွန်တော့ကိုယ်ထဲဝင်ပြီးတာနဲ့ချက်ချင်းပြန်ထွက်သွားတယ်။
တစ်ချိန်တည်းမှာပဲ ကျွန်တော့ကိုယ်ထဲက အညစ်အကြေးတွေကိုသန့်စင်ပေးတယ်။
"တူးနေပြီ!
ထမင်းတူးနေပြီ! ဒီကောင်လေး၊ ထမင်းချက်နေတာ ဘာတွေစိတ်ကူးယဉ်နေတုန်း"
အဘိုးက အလောတကြီးနဲ့ပြောတယ်။
အဲ့တော့မှ
ကျွန်တော်တူးနံ့ကို သတိပြုမိတယ်။ ကျွန်တော် အလျင်အမြန်နဲ့ မီးဖိုကမီးကိုပြာနဲ့ဖုံးလိုက်တယ်။
"မင်းအဖေနဲ့အမေကိုလည်း
အပြစ်ပြောလို့မရဘူး။ ကွမ်တုံးက ရွှေတောင်၊ ငွေတောင်ကြီးမှမဟုတ်တာ။ ပိုက်ဆံနည်းနည်းလေးရှာဖို့တောင်
မလွယ်ဘူး။ ဒါ့အပြင် ရုံးအလုပ်နဲ့လည်းမတူဘူး၊ သူတို့က စက်ရုံထဲဝင်ပြီး အလုပ်ကြမ်းလုပ်ရတာ။
တစ်ရက်ကို ဆယ်နာရီနဲ့အထက်လုပ်ရတယ်။ ဒီနှစ်နှစ်အတွင်းမှာ သူတို့တွေရှာထားတဲ့ပိုက်ဆံတွေ
ကုန်သွားခဲ့ပြီ။ ပထမတော့ ပြန်လာပြီး အိမ်ကိုနောက်တစ်ထပ်တိုးပြီးဆောက်မလို့။ ဒါပေမယ့်
အခုမင်းညီလေးလည်းရှိတော့ ဘယ်တော့မှ အိမ်ပြင်ဆောက်နိုင်မလည်းမသိဘူး။"
အဘိုးက သက်ပြင်းချပြီးပြောတယ်။
"အဘိုး၊
ကျွန်တော် သူတို့ကိုအပြစ်မတင်ပါဘူး။ သူတို့အလုပ်ကြိုးစားနေတာသိတယ်။ သူတို့ကိုမမြင်တာ
နှစ်တော်တော်ကြာပြီလေ။ နောက်ပြီး ကျွန်တော့ညီကိုလည်း လွမ်းတယ်"
ကျွန်တော့မျက်လုံးမှာ
မျက်ရည်ဝဲနေတာကို ခံစားမိတယ်။ အဲ့မျက်ရည်တွေကို ထွက်မလာအောင် ကျွန်တော်ကြိုးစားပြီးထိန်းခဲ့တယ်။
မီးဖိုက မီးကကျွန်တော့မျက်လုံးကို ဝါးသွားစေတယ်။
ကျွန်တော်
ရုတ်တရတ် ပိုက်ဆံရှာချင်မိတယ်။ ကျွန်တော်သာပိုက်ဆံအများကြီးရှာနိုင်ရင် အဖေနဲ့အမေပြန်လာမယ်လေ၊
ဒါဆို ပိုက်ဆံရှာဖို့အလုပ်ကြမ်းလုပ်စရာမလိုတော့ဘူး။ ကျွန်တော့ညီကိုလည်း တွေ့နိုင်မယ်။
ဒီအရွယ်ကတည်းကနေစပြီး ကျွန်တော် ငွေရဲ့တန်ဖိုးကို နားလည်ခဲ့တယ်။
ကျွန်တော့မှာရှိတဲ့အရာတွေနဲ့ပိုက်ဆံရှာဖို့နည်းတွေကိုတွေးနေတယ်။
ဒီထက်ပိုပြီးငါးတွေမွေးပြီး နှစ်သစ်ကူးမှာရောင်းရင် ပိုက်ဆံတွေအများကြီးရမှာပဲ။ ဒါပေမယ့်
ဒါကမလောက်နိုင်ဘူး။ မနှစ်တုန်းက အဘိုးအိမ်က ငါးတွေကို ယွမ်တစ်ထောင်နီးပါးနဲ့ရောင်းခဲ့တယ်။
အဲ့ပိုက်ဆံက ကွမ်တုံးက ကျွန်တော့မိဘတွေရှာတဲ့ပိုက်ဆံထက်နည်းတယ်။
နောက်ပြီး
ကျွဲတွေ၊နွားတွေမွေးနိုင်တယ်။ သူတို့ဟာသူတို့ အစာရှာဖို့လွှတ်ထားလည်းရတယ်။ နွားတစ်ကောင်ဆိုရင်
ထောင်ဂဏန်းလောက် အမြတ်ရမယ်။ ဟုတ်သားပဲ၊ ဝက်တွေ၊ကြက်တွေလည်း မွေးလို့ရမယ်။ ကျွန်တော့အစီအစဉ်တွေက
ပိုပြီးပြောင်မြောက်လာတယ်။
"အဘိုး၊
ကျွန်တော်တို့ နွားတွေနည်းနည်းမွေးရင်ကောင်းမယ်။ တစ်ကောင်ကို သုံးလေးထောင်လောက်နဲ့ပြန်ရောင်းနိုင်မယ်။
နောက်ပြီး ဝက်လည်း မွေးချင်တယ်။ အကုန်လုံးကို ကျွန်တော်တာဝန်ယူပါ့မယ်။ နောက်ပြီး ဝက်အတွက်ကောက်ရိုးတွေသွားဝယ်မယ်။
ဝက်တွေကိုလည်း အစာကျွေးမယ်။ နောက် ကြက်၊ဘဲ၊ ငန်းတွေလည်း မွေးနိုင်တယ်"
ကျွန်တော့အကြံကို
အဘိုးကိုပြောပြတယ်။
"နွားမွေးလို့မဖြစ်ဘူး။
နွားပေါက်တွေက ဈေးများလွန်းတယ်။ အဘိုးဆီမှာ အဲ့လောက်ပိုက်ဆံမရှိဘူး။ ဝက်မွေးပါ၊ ဟုတ်ပြီလား?
ကြက်၊ ဘဲ၊ ငန်းတွေလည်း မွေးလို့ရတယ်။ ဒါပေမယ့် သူများယာခင်းထဲသွားစားရင် ပိုက်ဆံလျော်ပေးရမယ်"
အဘိုးက စိုးရိမ်တကြီးပြောတယ်။
"ကျွန်တော်
သူတို့ကို သူများပြောင်းတွေ၊ အရွက်တွေသွားမစားစေပါဘူး။ သူတို့တွေကို အင်းဆက်တွေပဲပေးစားမယ်"
ကျွန်တော်တွေးပြီးပြောတယ်။
အဘိုးက တစ်ခုခုပြောချင်နေပုံပဲ။
ဒါပေမယ့် နွားတင်းကုပ်ကို တစ်ချက်ငဲ့ကြည့်လိုက်ပြီး ဘာမှဆက်မပြောတော့ဘူး။
"မနက်ဖြန်
အဘိုးနဲ့အတူတူဈေးသွားပြီး ဝက်ပေါက်လေးတွေသွားဝယ်ကြရအောင်။ နောက်ပြီး ကြက်တွေ၊ ဘဲတွေ၊
ငန်းလေးတွေလည်း ဝယ်လို့ရတယ်။ ဒါပေမယ့် မှတ်ထားရမှာက ဝယ်လာတဲ့အကောင်တွေကို ကိုယ့်ကိုယ်ကို
တာဝန်ယူရမယ်။ မွေးတာက ကိစ္စမရှိဘူး၊ ဒါပေမယ့် ငါ့မြေးကထွားတဲ့အရွယ်ဆိုတော့ ငါ့မြေးလည်းကောင်းကောင်းစားရမယ်"
အဘိုးက ကျွန်တော့ခေါင်းကိုပွတ်သပ်ပြီး
ကြင်ကြင်နာနာပြောတယ်။
"ဒါတွေကိုမွေးရင်
ပိုက်ဆံရှာလို့ရမယ်။ ပိုက်ဆံလုံလုံလောက်လောက်ရှာနိုင်ရင် အဖေနဲ့အမေပြန်လာလိမ့်မယ်၊
ညီလေးလည်း ပြန်လာမယ်"
ကျွန်တော်
သေချာတဲ့လေသံနဲ့ပြောလိုက်တယ်။
"အာ...."
အဘိုးက သက်ပြင်းချပြီး
ထွက်သွားတယ်။
ချန်တောင်ကုန်းမြို့မှာ
နေ့တိုင်းလူတွေအများကြီးရှိတယ်။ လူအများစုကတော့ ဈေးထဲမှာရှိနေတယ်။ အဘိုးက ကျွန်တော့ကိုခေါ်ပြီး
တိရစ္ဆာန်ရောင်းထယ်နေရာသွားတယ်။
"ကျွန်တော်
ဒီကြက်လေးဝယ်မယ်"
ကျွန်တော်
ကြက်လှောင်အိမ်ထဲက တစ်ကောင်ကိုဆွဲယူလိုက်တယ်။
"ဟေ့၊
ဘယ်ကကောင်လေးလဲ။ အဲ့ကြက်လေးသေသွားရင် ပြန်လျော်ရမှာနော်"
ရောင်းတဲ့လူက
စိုးရိမ်တကြီးပြောတယ်။
"သူ့ဟာသူရွေးပါစေ။
ကျွန်တော်ပိုက်ဆံပေးပါ့မယ်"
အဘိုးက ဝင်ပြောတယ်။
ကျွန်တော်
လှောင်အိမ်ထဲကကြက်ပေါက်တစ်ကောင်ကိုရွေးလိုက်တယ်။ ထူးထူးဆန်းဆန်း ကျွန်တော့လက်ထဲမှာ
ကြက်လေးကမရုန်းဘူး။
"ဒီကောင်လေး၊
တော်လိုက်တာ။ ငါ့မှာရှိတဲ့အကောင်းဆုံးအကောင်တွေပဲရွေးသွားတယ်။ ကြက်တွေကိုင်တွယ်တာလည်း
တော်တယ်။ ခင်ဗျား ကလေးကိုဘယ်လိုသင်ထားတာလဲ"
ရောင်းတဲ့လူက
တအံ့တဩနဲ့မေးတယ်။
"ကျွန်တော်မသိဘူး"
အဘိုးက ခေါင်းခါလိုက်တယ်။
ဒါပေမယ့် သူက ဂုဏ်ယူစွာပြုံးနေတယ်။ ကျွန်တော့ထူးချွန်မှုကို ရွာကဘယ်သူမှဂရုမစိုက်ပေမယ့်
ဒီမှာရုတ်တရတ်ချီးမွမ်းခံရတော့ အဘိုးကဝမ်းသာနေခဲ့တယ်။
"ဒီကိုလာ၊
ဦးလေး နှစ်ကောင်အလကားပေးမယ်"
ဈေးရောင်းတဲ့လူက
သူ့ဟာသူအရှုံးခံပြီး အလကားပေးခဲတယ်။
ကြက်ပေါက်၊
ဘဲပေါက် နဲ့ငန်းပေါက် အကောင်နှစ်ဆယ်ဆီဝယ်ခဲ့တယ်။ နှစ်သစ်ကျရင် အဖေနဲ့အမေအိမ်ပြန်လာမှာကိုမြင်ယောင်ပြီး
ကျွန်တော့မျက်နှာက ပြုံးနေခဲ့တယ်။ အဘိုးက ကျွန်တော်ဘာတွေးနေလည်းဆိုတာသိပြီး တအားမျှော်လင့်ထားပြီးမှ
မျှော်လင့်ထားသလိုဖြစ်မလာရင် အကြီးအကျယ်စိတ်ပျက်သွားမှာကို သူစိုးရိမ်နေခဲ့တယ်။ ကျွန်တော့အဖေနဲ့အမေဟာ
ကျွန်တော့ညီကိုပဲ ပိုအလေးထားတယ်ဆိုတာ အဘိုးက သိနေတာကိုး။ သူတို့မှာ သားအကြီးရှိသေးတယ်ဆိုတာ
မေ့သွားခဲ့ပြီ။
"ငါတို့
ဝက်ပေါက်နှစ်ကောင်လောက်ဝယ်ရမယ်"
အဘိုးက ဝန်တွေကိုဝါးလုံးနဲ့ပုခုံးပေါ်ထမ်းပြီး
ကျွန်တော့ကို ဝက်ရောင်းတဲ့နေရာခေါ်သွားတယ်။ ဝက်ဝယ်ရတာက ကြက်တွေ၊ ဘဲတွေဝယ်တာလောက် မလွယ်ဘူး။
ဝက်ရောင်းတဲ့လူတွေက
အမျိုးမျိုးအဖုံဖုံရှိတယ်။ အချို့ကျွမ်းကျင်တဲ့လူတွေက ရွာကနေ ဝက်ပေါက်တွေယူရောင်းတယ်။
တချို့ရွာသားတွေကတော့ ပုခုံးမှာဝက်ပေါက်လေးတွေထမ်းပြီး မြို့တက်ပြီး ရောင်းတယ်။ ဝက်ဝယ်ရင်
တအားစိစစ်ရတယ်၊ ဘာလို့လည်းဆိုတော့ မွေးကတည်းက ရောဂါရှိတဲ့ဝက်ကိုဝယ်ပြီးရင် မွေးပြီးမကြာခင်မှာပဲသေသွားတတ်တယ်။
ဝက်က ရောဂါရှိတဲ့ဝက်မဟုတ်ရင်တောင် ပထမတန်းစားဝက်နဲ့ သိပ်မထွားတဲ့ဝက်ဆိုပြီးရှိသေးတယ်။
ဝက်ငယ်တုန်းမှာ အရွယ်တူပေမယ့် တစ်လလောက်ကြာရင် လေးငါး 'ကျင်း' လောက်ကွာသွားပြီ။ နောက်လအနည်းငယ်လောက်ထပ်မွေးလိုက်ရင်
ကွာခြားမှုက 'ကျင်း' တစ်ဆယ် နှစ်ဆယ်လောက်အထိဖြစ်သွားရော။ ဒါကြောင့် သေချာရွေးတတ်တဲ့အမြင်ရှိဖို့လိုတယ်။
[တစ် 'ကျင်း'
= ၀.၅ ကီလိုဂရမ်]
"ကျွန်တော်
ရွေးမယ်"
ကျွန်တော်
အမြန်သွားပြီး ဝက်ကိုရွေးဖို့လုပ်တယ်။
"မဖြစ်ဘူး၊
အဘိုးရွေးတာပိုကောင်းမယ်"
အဘိုးက ကျွန်တော်
အရွေးမှားမှာကိုစိုးရိမ်နေတယ်။
"ကျွန်တော်
ကောင်းကောင်းရွေးလို့ဖြစ်ပါတယ်"
ဘာကြောင့်မှန်းမသိပေမယ့်
ကျွန်တော် တစ်ချက်ကြည့်လိုက်တာနဲ့ ဘယ်ကောင်ကကောင်းပြီး ဘယ်ကောင်ကမကောင်းတာကို သိနေတယ်။
"ဒါဆိုလည်း
ရွေးပါ"
အဘိုးက ကျွန်တော်နဲ့မငြင်းတော့ပဲ
ကျွန်တော့ကို ပေးရွေးလိုက်တယ်။
မြွေအရေခွံအိတ်ထဲမှာ
ဝက်ပေါက်သုံးကောင်ကိုသယ်လာပြီး ရွာကလာပုံရတဲ့လူဆီ ကျွန်တော်သွားလိုက်တယ်။
"ဒီနှစ်ကောင်ကို
ယူမယ်" လို့ကျွန်တော်ပြောလိုက်တယ်။
"မဖြစ်ဘူး။
ဝယ်ရင် သုံးကောင်စလုံးဝယ်။ အကြီးကြီးနှစ်ကောင်ဝယ်သွားတော့ ကျန်တဲ့တစ်ကောင်ကိုဘယ်လိုရောင်းရမှာလဲ။
ပိုက်ဆံမတတ်နိုင်ရင်တော့ ကျုပ်နဲ့မဆိုင်ဘူး။ ဒီဝက်လေးကိုမခွဲခြားပါနဲ့။ တကယ်တမ်းမှာ
သူက ကျန်တဲ့နှစ်ကောင်နဲ့ယှဉ်နိုင်ပါတယ်။ တစ်ခြားဆိုင်က ဝက်လေးတွေနဲ့ယှဉ်ရင် ဒီကောင်မယှဉ်နိုင်တာမရှိဘူး။
ကျုပ်တို့အိမ်က ဝက်မကြီးက သာမန်မဟုတ်ဘူး။ သူမွေးတဲ့ဝက်တွေအကုန်လုံးက မွေးဖို့အဆင်ပြေတယ်။
ဒီတစ်ခေါက် ဆယ့်နှစ်ကောင်ပေါက်တယ်။ ရွာသားတွေက အစောကြီးကတည်းက တခြားအကောင်တွေကို ရွေးဝယ်သွားပြီ။
ဒီသုံးကောင်က ပထမ သူများအတွက်ချန်ထားတာ။ အဲ့လူက ရုတ်တရတ် အလုပ်ကြောင့်ပြောင်းသွားတာကို
မသိလိုက်ဘူး။ ဒါကြောင့် ဒီသုံးကောင်ကိုရောင်းဖို့မြို့ပေါ်တက်လာရတာ။
အဲ့ရွာသားက
အသက်ငါးဆယ် ဝန်းကျင်လောက်ရှိမယ်။
"အဘိုး၊
ဒီအကောင်ကိုပါ ဝယ်ရင်ကောင်းမယ်"
ကျွန်တော်
အဲ့ဝက်ပေါက်လေးသုံးကောင်ကိုဝယ်ခဲ့တယ်။ တခြားဝက်လေးတွေနဲ့စာရင် ဒီဝက်တွေက ပိုပြီး လူအပေါ်နားလည်ပုံရတယ်။
အဲ့လိုထူးဆန်းတာခံစားရလို့ ဒီဝက်သုံးကောင်ကိုဝယ်ခဲ့တာ။
ရောင်းတဲ့လူကလည်း
ပွင့်လင်းပြီး အကြွေသုံးလေးယွမ်ဖိုးလောက် ဈေးလျှော့လိုက်တယ်။
ကျွန်တော်မသိခဲ့တာက
ဒီတစ်ခေါက်မြို့တက်လာတာမှာ အဘိုးက သူစုထားတဲ့ပိုက်ဆံအတော်များများကိုသုံးခဲ့တယ်ဆိုတာပဲ။
ဒီပိုက်ဆံတွေက အဘိုး သူများအိမ်တွေမှာ ကြုံရာကျပန်းလုပ်ပြီးစုထားတာ။ ဒါပေမယ့် ကျွန်တော့အတွက်နဲ့
အကုန်သုံးခဲ့တယ်။
"Yang
Yang ဘာစားချင်သေးလဲ" အဘိုးက မေးတယ်။
လမ်းမှာ လည်ဆွဲလိုအရောင်လက်နေတဲ့
ပစ္စည်းတွေကို ကျွန်တော်ကြည့်လိုက်တယ်။ လမ်းဘေးမှာရောင်းတဲ့စားစရာတွေက အနံ့လေးသင်းနေတယ်။
ကျွန်တော်မထိန်းနိုင်ပဲ တံထွေးမြိုချလိုက်တယ်။ ဒါပေမယ့် အဲ့နောက်မှာ ကျွန်တော်ခေါင်းခါလိုက်တယ်။
"မစားတော့ပါဘူး"
"ဟဟား"
အဘိုးက ရယ်တယ်။
အဲ့နောက်
လမ်းဘေးက စာအုပ်ဆိုင်တစ်ဆိုင်ကို ကျွန်တော်သတိထားမိတယ်။ အဲ့ဆိုင်မှာ စာအုပ်သစ်တွေခင်းကျင်းထားသလို
စာအုပ်ဟောင်းတွေလည်းရှိတယ်။ စာအုပ်တိုင်းမှာ တန်ဖိုးရေးထားပြီး တချို့စာအုပ်တွေက တအားပေါပြီး
တချို့ကတော့ အင်မတန်ဈေးကြီးတယ်။ ဘာလို့လည်းဆိုတော့ ၁၉၈၀ ဝန်းကျင်မှာ စာအုပ်ဈေးတွေပေါပြီး
၉၀ ခုနှစ်နောက်ပိုင်းမှာတော့ စာအုပ်တွေက ဈေးကြီးလာခဲ့တယ်။
ကျွန်တော်
<<ရှင်းယီချွမ် လက်သီးငါးမျိုး ရုပ်ပြ>> ဆိုတဲ့စာအုပ်ကိုတွေ့ခဲ့တယ်။ စာအုပ်မှာတော့
၅.၅ ' ကျောက်' လို့ပဲရေးထားပြီး ဆိုင်က ငါးယွမ်နဲ့ရောင်းနေခဲ့တယ်။ ကျွန်တော်စိတ်ဝင်စားခဲ့တဲ့အရာကတော့
အဲ့စာအုပ်ရဲ့မျက်နှာဖုံးပဲ။ ၉၀ ခုနှစ်နောက်ပိုင်းတွေဟာ သိုင်းပညာတွေခေတ်စားခဲ့တဲ့အချိန်ကိုး။
[ ၁ 'ကျောက်'
= တစ်ယွမ်၏ဆယ်ပုံတစ်ပုံ]
"အဲ့စာအုပ်ကို
ငါးယွမ်ပဲပေးပါ"
ရောင်းတဲ့လူက
ကျွန်တော့ကိုကြည့်ပြီးပြောတယ်။
"စာအုပ်ပေါ်မှာ
၅.၅ ကျောက်လို့ရေးထားတယ်လေ။ ဘာလို့ဒီလောက်ဈေးများရတာလဲ။ နှစ်ယွမ်ပဲထားပါ"
အဘိုးက ကျွန်တော်ကြိုက်တာမြင်တော့
ဝယ်ပေးချင်တယ်။ ဒါပေမယ့် ဒီနေ့ယူလာတဲ့ပိုက်ဆံက သုံးလိုက်ပြီ၊ နည်းနည်းပဲကျန်တော့တယ်။
နောက်ပြီး သူက ကျွန်တော့အတွက် မုန့်ဝယ်ကျွေးချင်သေးတယ်။ ဒီဘက်ကိုလာခဲတော့ ကျွန်တော့ကို
အာသာပြေအောင်ပေါ့။
"ဒါ
၁၉၆၀ ခုနှစ်လောက်ကစာအုပ်၊ အရင်တုန်းက ဒါက သုံးလေးဖန်းလောက်ပဲတန်တာ။ ဒီခေတ်မှာတော့ စက္ကူစုတ်တောင်
သုံးလေးဖန်းမကဘူးမဟုတ်လား။ သုံးယွမ်ထိပဲလျှော့နိုင်မယ်၊ ဝယ်ချင်ဝယ်၊ မဝယ်ချင်လည်းနေ"
အဘိုးအိုနဲ့ကလေးကိုမြင်တော့
ရောင်းတဲ့လူက မူရင်းဈေးက နှစ်ယွမ်လျှော့ပေးလိုက်တယ်
[၁ ဖန်း
= တစ်ယွမ်၏တစ်ရာပုံတစ်ပုံ]
အဘိုးက သူ့အိတ်ကပ်ထဲက
ပလက်စတစ်အိတ်ကိုထုတ်လိုက်တယ်၊ ဒါကအဘိုးရဲ့ ပိုက်ဆံအိတ်ပဲ။ သူ့ပိုက်ဆံအိတ်ထဲကနေ သုံးယွမ်ထုတ်ပေးလိုက်တယ်။
အထဲမှာ ဘယ်လောက်မှမကျန်တော့ဘူး။
စာအုပ် ကျွန်တော့လက်ထဲရောက်သွားတော့
လမ်းဘေးက စားစရာတွေကို မမက်တော့ဘူး။ ကျွန်တော်ချက်ချင်းပဲစာအုပ်ကိုဖွင့်ကြည့်တယ်။ မမျှော်လင့်တာကတော့
အထဲကစာအတော်များများကို ကျွန်တော်မဖတ်တတ်ဘူး။ ဒီလိုပဲလှန်လျောရင်းနဲ့ နောက်ဆုံးရုပ်ပုံတွေဆွဲထားတဲ့စာမျက်နှာကိုရောက်သွားတယ်။
ပြောရင် ထူးဆန်းပေမယ့်
ဒီရုပ်ပုံတွေက ကျွန်တော့စိတ်ထဲမှာ အသက်ဝင်လာပြီး ကျွန်တော်စာရွက်ကိုလှန်တဲ့အချိန်မှာ
အဲ့ရုပ်ပုံကလည်း အကွက်ပေါင်းများစွာကို သရုပ်ပြနေခဲ့တယ်။ နောက်ဆုံးစာမျက်နှာကိုရောက်သွားတဲ့အခါမှာ
အဲ့အရုပ်ဟာလည်း လှုပ်ရှားတာရပ်သွားခဲ့တယ်။ အဲ့အကွက်တွေကို ကျွန်တော့ဦးနှောက်ထဲမှာမှတ်ထားပြီး
အချိန်မရွေး ထုတ်သုံးနိုင်တယ်။
"လာ၊
ဒီမှာပေါက်ဆီအချိုစားရအောင်။ ဒါမှလမ်းလျှောက်ဖို့အားရှိမှာ"
အဘိုးက ကျွန်တော့ကို
ပေါက်ဆီကျွေးတယ်၊ ကျွန်တော်ချက်ချင်းမစားခဲ့ဘူး။ ကြည့်လိုက်တော့ အဘိုးရဲ့လက်ထဲမှာ ပေါက်ဆီမရှိဘူး။
အဘိုးက ပေါက်ဆီတစ်လုံးပဲဝယ်ပြီး
ကျန်တာကို သုံးထားမလို့လုပ်ခဲ့တယ်။ ကျွန်တော်က ပေါက်ဆီကိုတစ်ဝက်ခွဲလိုက်ပြီး အဘိုးကို
တစ်ဝက်ပေးလိုက်တယ်။
"ကျွန်တော်တို့တစ်ယောက်တစ်ဝက်စားတာပေါ့"
အဘိုးက နောက်ကိုလှည့်ပြီး
သူ့မျက်လုံးကိုလက်နဲ့ပွတ်ပြီးတော့ ပေါက်ဆီကိုယူလိုက်တယ်။
"အဘိုး၊
ကျွန်တော် နောက်ချမ်းသာလာရင် လမ်းပေါ်လျှောက်သွားပြီးစားချင်တာဝယ်စားကြမယ်"
ဒီပေါက်ဆီရဲ့ချိုတဲ့အရသာကို
ကြာကြာခံစားချင်လို့ ကျွန်တော်ပေါက်ဆီတစ်ဝက်ကို နည်းနည်းချင်းစီ ကိုက်ဖဲ့ပြီး စားနေခဲ့တယ်။
"အေး၊
အေး၊ Yang Yang က အကောင်လေးတွေမွေးတော့မယ်ဆိုတော့ ဒီကြက်၊ဘဲ၊ငန်းတွေကြီးလာရင် ငါတို့လည်း
ချမ်းသာလာမယ်"
အဘိုးက ခေါင်းတညိတ်ညိတ်နဲ့ပြောတယ်။
ဟိုးအရင်
အဘွားအိမ်မှာရှိတုန်းက ကျွန်တော်တို့မိသားစုက နှစ်တိုင်းဝက်မွေးတယ်။ ဒီတော့ ဝက်ခြံကရှိပြီးသား။
ကြက်တွေ၊ ငန်းတွေ၊ ဘဲတွေက ငယ်သေးတော့ အိုးအကြီးကြီးထဲမှာထည့်ပြီး မွေးရမယ်။
အိမ်ကိုပြန်ရောက်တော့
ဒီကြက်၊ဘဲ၊ငန်းတွေကိုကောင်းကောင်းစောင့်ရှောက်ဖို့ 'ပဲမည်း' ကို ကျွန်တော်မှာခဲ့တယ်။
Comments