သုံးနိုင်ငံခေတ်(၄၀)

အခန်း(၄၀) ချိုက်အမျိုးသမီးသည် ကျင်ကျိုးကို လက်နက်ချစေခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) သည် ရှင်းရဲ့ကို မီးရှို့စေခြင်း။

"လျူဘေ့"(Liu Bei) သည် "ချောင်ချောင်း"(Cao Cao) အား မည်သို့တွန်းလှန်ရမည်ကို သူ၏အကြံပေးအားမေးရာ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ရှင်းရဲ့က မြို့ငယ်လေးဆိုတော့ ဒီမှာ ရေရှည်စခန်းချဖို့မသင့်တော်ဘူး။ လျူပြောင်း(Liu Biao) က နေမကောင်းဖြစ်ပြီး ကျန်းမာရေးဆိုးရွားနေပြီ။ ဒါကြောင့် သူ့ပြည်နယ်ကိုသိမ်းပြီးတော့ ချောင်ချောင်း(Cao Cao) ကို ခုခံဖို့လုပ်ရမယ်" ဟု ပြောသည်။
"ခင်ဗျားပြောတဲ့အကြံက ကောင်းပါတယ်။ ဒါပေမယ့် လျူပြောင်း(Liu Biao) က ကျုပ်ကိုကောင်းကောင်းဆက်ဆံခဲ့တာ သူ့အပေါ် အဲ့လိုဘယ်လုပ်နိုင်ပါ့မလဲ"
"သခင်ကြီး ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးမချရင် နောင်တစ်ချိန်မှာ နောင်တရလိမ့်မယ်"
"မကောင်းတာလုပ်တာထက် သေသွားတာက ပိုကောင်းတယ်"
"နောက်မှပဲ ထပ်ဆွေးနွေးတာပေါ့"

"ရှဟိုတွန်း"(Xiahou Dun) သည် မြို့တော်သို့ရောက်သော် သူ့ကိုယ်သူ ကြိုးချည်နှောင်ကာ သူ့သခင်ထံသွားပြီး သူ့အား သေဒဏ်ပေးရန်ပြောသည်။ သို့သော်လည်း ဝန်ကြီးချုပ်က ကြိုးကိုဖြည်စေကာ အဖြစ်အပျက်ကိုပြောစေသည်။ "ရှဟိုတွန်း"(Xiahou Dun) မှ
"ကျွန်တော် ကျူးကဲလျန့်"(Zhuge Liang) ရဲ့ မီးနဲ့တိုက်ခိုက်မှုကိုခံခဲ့ရတယ်" ဟုပြောလေသည်။
"လူငယ်လေးအရွယ်လောက်ထဲက စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တာ လမ်းကျဉ်းလေးမှာဆို မီးကိုလက်နက်အနေနဲ့အသုံးချပြီး တိုက်တာခံရမယ်ဆိုတာ မတွေးမိဘူးလား"
"လီတျန်(Li Dian) နဲ့ ယွီကျင့်(Yu Jin) တို့က ကျွန်တော့်ကို သတိပေးခဲ့ပါသေးတယ်။ ကျွန်တော်အခုတော့ စိတ်မကောင်းဖြစ်နေပြီ"
"ချောင်ချောင်း"(Cao Cao) သည် ခေါင်းဆောင်ဖြစ်သူကို သတိပေးခဲ့သော "လီတျန်"(Li Dian) နှင့် "ယွီကျင့်"(Yu Jin) တို့အား ဆုပေးလေသည်။ "ရှဟိုတွန်း"(Xiahou Dun) မှ
"လျူဘေ့(Liu Bei) က အင်အားကြီးလာပြီဆိုတော့ ကျွန်တော်တို့အတွက် အနှောင့်အယှက်ဖြစ်လာနိုင်ပြီ။ ဒါကြောင့် သူ့ကို အမြန်ချေမှုန်းရမယ်" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ
"သူက ငါ့ရဲ့စိတ်ပူပန်မှုတွေထဲက တစ်ခုပဲ၊ ကျန်တစ်ခုကတော့ စွန်းချွမ်(Sun Quan) ပဲ။ ကျန်တဲ့လူတွေကိုတော့ မှုစရာမလိုဘူး။ ဒါကိုအခွင့်ကောင်းယူပြီး တောင်ပိုင်းကိုစစ်ချီတက်ရမယ်" ဟု ပြောသည်။

သို့နှင့် စစ်တပ်အင်အားငါးသိန်းရှိသော တပ်မကြီးဆယ်ခုကို ငါးဖွဲ့ခွဲကာ တစ်ဖွဲ့စီတွင် ခေါင်းဆောင်နှစ်ယောက်ထားစေပြီး စစ်ချီတက်စေသည်။ ပထမတပ်ဖွဲ့တွင် "ချောင်ရန်"(Cao Ren) နှင့် "ချောင်ဟုန်"(Cao Hong) ၊ ဒုတိယတပ်ဖွဲ့တွင် "ကျန်းလျောင်"(Zhang Liao) နှင့် "ကျန်းဟဲ"(Zhang He)၊ တတိယတပ်တွင် "ရှဟိုတွန်း"(Xiahou Dun) နှင့် "ရှဟိုယွမ်"(Xiahou Yuan) ၊ စတုတ္ထတပ်ဖွဲ့တွင် "ယွီကျင့်"(Yu Jin) နှင့် "လီတျန်"(Li Dian) တို့ဦးဆောင်ကြပြီး နောက်ဆုံးတပ်ကိုမူ "ချောင်ချောင်း"(Cao Cao) ကိုယ်တိုင်ကွပ်ကဲသည်။ ရှေ့ပြေးတပ်ကို "ရွှီချူ"(Xu Chu) က ဦးဆောင်လေသည်။ စစ်ချီတက်ရန်ရက်သည်ကား ကျန်းအန်းနှစ်တစ်ဆယ့်သုံးနှစ်မြောက် (အေဒီ-၂၀၈) သတ္တမမြောက်လ၊ "မြင်း"ရက် ဖြစ်သည်။
ထိုသို့စစ်ချီတက်သည်ကို ဝန်ကြီး "ခုံးရုံ"(Kong Rong) မှ
"လျူဘေ့(Liu Bei) နဲ့ လျူပြောင်း(Liu Biao) တို့ဟာ မင်းဆွေမင်းမျိုးတွေဖြစ်တဲ့အတွက် အကြောင်းအရင်းကြီးကြီးမားမားမရှိပဲ တိုက်ဖို့မသင့်တော်ပါဘူး။ ဒါ့အပြင် စွန်းချွမ်(Sun Quan) က တောင်ပိုင်းပြည်နယ်ခြောက်ခုမှာ အခိုင်အမာနေပြီး ရန်စီမြစ်ကိုအကာအကွယ်ယူထားတဲ့အတွက် အင်မတန်အင်အားတောင့်တယ်။ ဒါကြောင့် ဒီစစ်ပွဲကိုစတင်လိုက်ရင် တစ်လောကလုံးကလူတွေရဲ့လေးစားမှုရမှာ မဟုတ်ဘူး" ဟု ပြောလေသည်။ "ချောင်ချောင်း"(Cao Cao) မှ
"သူတို့တွေအကုန်လုံးက ဘုရင့်ကိုဆန့်ကျင်တဲ့မင်းမှုထမ်းတွေ၊ သူပုန်တွေပဲ။ ဘာလို့သူတို့ကို အပြစ်မပေးနိုင်ရမှာလည်း" ဟု ဆိုသည်။
"ချောင်ချောင်း"(Cao Cao) သည် စိတ်ဆိုးဟာ အကြံပေးဖြစ်သူကို သူ့ရှေ့မှောက်မှ ထွက်သွားစေသည်။ ထို့နောက် ထိုစစ်ပွဲအားဆန့်ကျင်သူမှန်သမျှကို သေဒဏ်ပေးမည်ဟု ကြေညာလိုက်လေသည်။

"ခုံးရုံ"(Kong Rong) သည် နန်းတော်အတွင်းမှ စိတ်မကောင်းကြီးစွာဖြင့်ထွက်လာသည်။ သူသည် ကောင်းကင်ကြီးကိုမျှော်ကြည့်ကာ
"လူကောင်းတွေကို ဒီလိုမျိုးဆိုးဆိုးရွားရွားတိုက်ခိုက်ဖို့လုပ်တာ ဘယ်လိုအောင်မြင်မှုဆိုတာ ရနိုင်မှာလဲ။ သူ ဒီစစ်ပွဲမှာ အရှုံးနဲ့ရင်ဆိုင်ရလိမ့်မယ်" ဟု ရေရွတ်လေသည်။ ထိုသို့ရေရွတ်သည်ကို နန်းတွင်းစစ်ဆေးရေးမှူး "ချီလု"(Chi Lu) ၏ လက်အောက်ခံတစ်ဦးက ကြားသွားသည်။ "ချီလု"(Chi Lu) သည် "ခုံးရုံ"(Kong Rong) အပေါ် မကျေမနပ်ဖြစ်နေသူဖြစ်လေသည်။ ထိုအကြောင်းကို သူ၏လက်အောက်ထံမှကြားသော် "ချီလု"(Chi Lu) သည် "ချောင်ချောင်း"(Cao Cao) ထံသွားပြီး
"ခုံးရုံ(Kong Rong) က ဝန်ကြီးချုပ်အပေါ် ရိုင်းပျစွာပြောပြီး မီဟန်(Mi Heng) နဲ့လည်း အင်မတန်ရင်းနှီးတဲ့လူဖြစ်တယ်။ ဟိုးအရင်က မီဟန်(Mi Heng) က ဝန်ကြီးချုပ်အပေါ် မကောင်းပြောခဲ့တာက ခုံးရုံ(Kong Rong) ရဲ့ လုပ်ဆောင်မှုတွေပါပဲ။ ခုံးရုံ(Kong Rong) နဲ့ မီဟန်(Mi Heng) က တစ်ဦးနဲ့တစ်ဦးလေးစားကြတယ်။ မီဟန်(Mi Heng) မကြာခဏပြောခဲ့ဖူးတာရှိတယ်၊ အဲ့ဒါကတော့ 'ကွန်ဖြူးရှပ်မသေသေးဘူး၊ ဘာကြောင့်လည်းဆိုတော့ ခုံးရုံ(Kong Rong) က ကွန်ဖြူးရှပ်ပဲ' တဲ့။ အလားတူပဲ၊ ခုံးရုံ(Kong Rong) ကလည်း 'မီဟန်(Mi Heng) က ရန်ဟွေ(Yan Hui) ပဲ' လို့ ပြောခဲ့ဖူးပါတယ်" ဟု ဆိုကာ ချောက်တွန်းလေသည်။

[မီဟန်(Mi Heng) - အခန်း-၂၃ တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
ရန်ဟွေ(Yan Hui) - ကွန်ဖြူးရှပ်၏နာမည်ကြီးတပည့်တစ်ဦးဖြစ်သည်။]

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ပြီး "ခုံးရုံ"(Kong Rong) ကို ဖမ်းဆီးကာ သေဒဏ်ပေးရန် အမိန့်ချလိုက်သည်။ ထိုအချိန်တွင် "ခုံးရုံ"(Kong Rong) ၏သားနှစ်ဦးသည် အိမ်တွင်ထိုင်နေကာ စစ်တုရင်ကစားနေသည်။ အိမ်စေတို့က
"သခင်ကြီးက အဖမ်းခံရပြီး သေဒဏ်အပေးခံလိုက်ရပြီ။ သခင်လေးတို့က ဘာလို့ထွက်မပြေးတာလဲ" ဟု ပြောရာ ထိုလူငယ်နှစ်ဦးက
"ငှက်သိုက်က အောက်ကိုဆွဲချခံရရင် ဥတွေမကွဲပဲဘယ်နေမလဲ" ဟုဆိုလေသည်။ ထိုအချိန်တွင်ပင် အာဏာပါးကွက်သားတို့ရောက်လာကာ တစ်အိမ်လုံးကိုဖမ်းဆီးသွားသည်။ ထိုလူငယ်နှစ်ဦးကိုခေါင်းဖြတ်စေပြီး အဖေဖြစ်သူ၏အလောင်းကိုမူ လမ်းအတွင်းတွင် ပြသထားလေသည်။ ဝန်ကြီးတစ်ဦးဖြစ်သော "ကျီရှီ"(Zhi Xi) သည် ထိုအလောင်းအနီးသွားကာ ငိုလေသည်။ ၎င်းကို "ချောင်ချောင်း"(Cao Cao) သိလျှင် ဒေါသထွက်ကာ ထိုဝန်ကြီးကိုပါသတ်ရန်ပြုသည်။ သို့သော်လည်း "ရွှင်ယွိ"(Xun Yu) မှ
"သူငယ်ချင်းအတွက် ငိုယိုတဲ့လူကို မသတ်သင့်ဘူး၊ ကျီရှီ(Zhi Xi) က ခုံးရုံ(Kong Rong) ရဲ့ပြင်းထန်တဲ့အမှန်တရားဘက်ကိုလိုက်တဲ့စိတ်ဓာတ်အပေါ်သတိပေးခဲ့ဖူးတယ်" ဟု ဆိုသည်။ သို့နှင့် "ချောင်ချောင်း"(Cao Cao) သည် ထိုဝန်ကြီးကိုမသတ်တော့ပဲ စစ်ချီတက်ရန် အမိန့်ထုတ်ပြန်လိုက်သည်။ မြို့တော်ကိုစောင့်ကြပ်ရန် "ရွှင်ယွိ"(Xun Yu) ကို ထားခဲ့လေသည်။

ထိုအချိန်လောက်တွင်ပင် ကျင်ကျိုးနယ်စားသည် အပြင်းအထန်မမာမကျန်းဖြစ်ကာ "လျူဘေ့"(Liu Bei) ကို ခေါ်စေသည်။ "လျူဘေ့"(Liu Bei) သည် ညီဖြစ်သူနှစ်ဦးအပြင် "ကျူးကဲလျန့်"(Zhuge Liang) ကိုခေါ်ကာ "လျူပြောင်း"(Liu Biao) နှင့်သွားတွေ့သည်။ "လျူပြောင်း"(Liu Biao) မှ
"ကျုပ်ရဲ့ရောဂါက တအားဆိုးရွားနေပြီ၊ ကျုပ်မှာ အချိန်သိပ်မကျန်တော့ဘူး။ ဒါကြောင့် ငါ့သားနှစ်ယောက်ရဲ့အုပ်ထိန်းသူအနေနဲ့နေဖို့ ငါ့ညီကိုလွှဲခဲ့ပါရစေ။ ငါ့သားတွေက ငါ့ရာထူးကိုဆက်ခံဖို့မသင့်တော်ဘူး။ ငါသေရင် ငါ့ညီကပဲ ပြည်နယ်ကိုအုပ်ချုပ်ပါ" ဟု ဆိုသည်။ "လျူဘေ့"(Liu Bei) သည် ငိုကာ
"တူဖြစ်သူနှစ်ဦးကို အစွမ်းကုန်ကူညီပါ့မယ်" ဟု ပြောလေသည်။
"ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ကြီးချီတက်လာပြီဟု သတင်းကြားသောအခါ "လျူဘေ့"(Liu Bei) သည် ရှင်းရဲ့သို့ပြန်သွားသည်။ "လျူပြောင်း"(Liu Biao) သည် သူ၏အရိုက်အရာအား "လျူချီ"(Liu Qi) ကို လွှဲပေးရန်ပြုပြီး "လျူဘေ့"(Liu Bei) ကို အုပ်ထိန်းသူအနေနှင့်ရှိစေရန် စီမံသည်။ ထိုသို့လုပ်ဆောင်မှုကြောင့် ချိုက်အမျိုးသမီးသည်ဒေါသထွက်ကာ "ချိုက်မောက်"(Cai Mao) နှင့် "ကျန်းယွင်"(Zhang Yun) တို့ကိုခေါ်ပြီး မြို့အပြင်တံခါးများကိုစောင့်ကြပ်ထားစေသည်။
ကျန်းရှာတွင်ရှိနေသော သားအကြီးဖြစ်သူ "လျူချီ"(Liu Qi) သည် သူ့အဖေ၏ကျန်းမာရေးအခြေအနေကို ကြားသဖြင့် ပြန်လာလေသည်။ သို့သော် "ချိုက်မောက်"(Cai Mao) က မြို့တွင်းသို့ပေးမဝင်ပဲ
"ခင်ဗျားအဖေက ခင်ဗျားက ကျန်းရှာကိုစောင့်ကြပ်ဖို့အမိန့်ပေးထားတာ။ ဆင့်ခေါ်တဲ့အမိန့်စာမရပဲ ဒီလိုမျိုးတာဝန်ကြီးကနေ ထွက်မလာသင့်ဘူး။ ရန်သူတွေလာတိုက်ရင် ဘယ်လိုလုပ်မလဲ။ နယ်စားကြီးသာ ဒါကိုသိရင် အင်မတန်စိတ်ဆိုးမှာ။ ဒါကြောင့် ကျန်းရှာကိုပဲ ပြန်သွားသင့်တယ်" ဟု ပြောသည်။ "လျူချီ"(Liu Qi) သည် အချိန်အတန်ကြာနေသော်လည်း ဝင်ခွင့်မပေးသဖြင့် ကျန်းရှာသို့ပြန်သွားရလေသည်။

"လျူပြောင်း"(Liu Biao) ၏ရောဂါကား ဆိုးရွားသည်ထက်ဆိုးရွားလာခဲ့သည်။ သားဖြစ်သူ "လျူချီ"(Liu Qi) ကိုမျှော်သော်လည်း ရောက်မလာချေ။ မကြာမီတွင်ပင် "လျူပြောင်း"(Liu Biao) သည် စိတ်မကောင်းကြီးစွာဖြင့်သေဆုံးသွားခဲ့သည်။ "လျူပြောင်း"(Liu Biao) သေဆုံးသွားသည့်သတင်းကို ချိုက်အမျိုးသမီးနှင့်အပေါင်းအပါတို့သည် မကြေညာသေးပဲ အမိန့်အတုလုပ်ကာ ဒုတိယသား "လျူကျုံး"(Liu Zong) ကို နယ်စားရာထူးလွှဲအပ်ခဲ့ကြောင်း ကြေညာသည်။ ထို "လျူကျုံး"(Liu Zong) သည် အသက်ဆယ့်လေးနှစ်သာရှိသေးသော်လည်း အင်မတန်ကောက်ကျစ်သူဖြစ်သည်။ သူသည် အမှုထမ်းတို့ကို စုဝေးစေကာ
"ကျွန်တော့်အဖေက သေဆုံးသွားခဲ့ပြီ။ အစ်ကိုကြီးကတော့ ကျန်းရှာမှာ၊ ဦးလေးက ရှင်းရဲ့မှာရှိနေတယ်။ ခင်ဗျားတို့က ကျွန်တော့်ကို နယ်စားအနေနဲ့တင်မြှောက်လိုက်ပေမယ့် အစ်ကိုနဲ့ဦးလေးက ဒီအရိုက်အရာကိုခိုးယူတယ်ဆိုပြီး အကြောင်းပြပြီးတော့ စစ်ချီတက်လာရင်ဘယ်လိုရှင်းပြရမလဲ" ဟု ပြောသည်။
ပထမသော် မည်သူမှ ဘာမှမပြောကြပေ။ ထို့နောက် အကြံပေး "လီကွေ့"(Li Gui) မှ ထကာ
"သခင်လေးပြောတာ ကောင်းပါတယ်။ အခု သခင်လေးရဲ့အစ်ကိုဆီကိုစာပို့ပြီးတော့ ဒီကိုလာပြီး အရိုက်အရာကိုဆက်ခံခိုင်းပါ။ ဒါ့အပြင် လျူဘေ့(Liu Bei) ကိုခေါ်ပြီး အုပ်ချုပ်မှုမှာ ကူညီစေပါ။ ဒီလိုသာဆိုရင် မြောက်ပိုင်းက ချောင်ချောင်း(Cao Cao) နဲ့ တောင်ပိုင်းက စွန်းချွမ်(Sun Quan) တို့ရဲ့ရန်က လွတ်မြောက်မှာပါ။ ကျွန်တော်ကတော့ ဒီလိုလုပ်တာ အကောင်းဆုံးလို့ထင်ပါတယ်" ဟု ပြောသည်။ ထိုအခါ "ချိုက်မောက်"(Cai Mao) မှ
"ခင်ဗျားက ဘာမို့လို့ သေဆုံးသွားတဲ့နယ်စားမင်းရဲ့ဆန္ဒကိုချိုးဖောက်ချင်ရတာလဲ" ဟု ရိုင်းစိုင်းစွာဆိုလေသည်။
"ခင်ဗျားနဲ့ ခင်ဗျားအပေါင်းအပါတွေက အမိန့်စာအတုလုပ်ပြီး မစစ်မှန်တဲ့နယ်စားကိုတင်မြှောက်တာမဟုတ်လား။ အခု ပြည်နယ်တစ်ခုလုံးက ချိုက်မိသားစုလက်အောက်ရောက်နေပြီ။ သေဆုံးသွားတဲ့နယ်စားကြီးသာ သိခဲ့ရင် ခင်ဗျားကို သေဒဏ်ပေးမှာ"

ထိုအခါ "ချိုက်မောက်"(Cai Mao) သည် "လီကွေ့"(Li Gui) ကို ဆွဲထုတ်စေပြီး သေဒဏ်ပေးစေလိုက်သည်။
သို့နှင့် သားအငယ်ဖြစ်သူသည် နယ်စားဖြစ်လာလေသည်။ ကျင်ကျိုး၏စစ်တပ်ကို ချိုက်မိသားစုကချုပ်ကိုင်ထားလေသည်။ ကျင်ကျိုးနယ်၏ကာကွယ်မှုကိုမူ "လျူရှင်း"(Liu Xin) နှင့် "တန်းရီ"(Deng Yi) တို့ထံ လွှဲအပ်ထားသည်။ ချိုက်အမျိုးသမီးနှင့် သားဖြစ်သူတို့သည် "လျူဘေ့"(Liu Bei) နှင့် "လျူချီ"(Liu Qi) တို့နှင့်ဝေးရာ ရှန်းရန်သို့ပြောင်းလေသည်။ သေဆုံးသွားသည့်နယ်စားအလောင်းကို ရှန်းရန်မြို့အရှေ့ဘက် ဟန်မြစ်ကမ်းနံဘေးတွင် မြှုပ်နှံလိုက်သည်။ နယ်စားကြီးသေဆုံးသွားကြောင်းကို "လျူချီ"(Liu Qi) ကိုရော၊ "လျူဘေ့"(Liu Bei) ကိုပါ အသိမပေးခဲ့ချေ။
"လျူကျုံး"(Liu Zong) ရှန်းရန်သို့ရောက်ပြီး မကြာမီပင် "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ကြီးနီးကပ်လာပြီဟူသော သတင်းကိုကြားလိုက်သည်။ ထို့ကြောင့် "ခွိုင်ယွဲ့"(Kuai Yue) ၊ "ချိုက်မောက်"(Cai Mao) နှင့် အခြားသော လက်အောက်ခံတို့ကိုခေါ်ကာ တိုင်ပင်သည်။ အမှုထမ်းတစ်ဦးဖြစ်သော "ဖူရွှမ်း"(Fu Xuan) မှ
"ကျွန်တော်တို့က လက်ရှိမှာ မြောက်ပိုင်းက စစ်တပ်ရဲ့အန္တရာယ်တင်မက ကျန်းရှာက လျူချီ(Liu Qi) နဲ့ ရှင်းရဲ့က ဦးလေးဖြစ်သူတို့ရဲ့ရန်ကလည်း စိုးရိမ်ရသေးတယ်။ သူတို့ကို နယ်စားကြီးသေဆုံးသွားတာကိုအကြောင်းမကြားတော့ သိသွားရင် စိတ်ဆိုးမှာပဲ။ သူတို့ပါစစ်ချီတက်လာရင် အခြေအနေမကောင်းနိုင်ဘူး။ ဒါပေမယ့် သခင်လေးကသာ ကျွန်တော့်အကြံအတိုင်းလုပ်ရင် ထိုင်စန်းတောင်လိုပဲကြံ့ကြံ့ခိုင်နေမှာဖြစ်ပြီး နယ်စားအဖြစ်လည်း ရပ်တည်နိုင်မယ်" ဟုပြောသည်။
"ဘာအကြံပါလိမ့်"
"ပြည်နယ်တစ်ခုလုံးကို ချောင်ချောင်း(Cao Cao) ထံဆက်သလိုက်ရင် ဝန်ကြီးချုပ်က သခင်လေးကိုကောင်းကောင်းဆက်ဆံမှာပါ"

ထိုအခါ "လျူကျုံး"(Liu Zong) သည် ဒေါသထွက်ကာ
"ဒါက ဘာအကြံလဲ? နယ်စားရာထူးကိုကောင်းကောင်းတောင် မဆက်ခံရသေးပဲနဲ့ ပြည်နယ်ကိုတခြားလူကိုပေးလိုက်ရမယ်" ဟု ပြောသည်။
"ခွိုင်ယွဲ့"(Kuai Yue) : "ဒီအကြံကကောင်းပါတယ်။ အခွင့်အရေးကိုအသုံးချတာက နည်းလမ်းပဲ၊ ဖြစ်နိုင်ချေတွေက စဉ်းစားတွေးတောမှုလိုအပ်တယ်။ အခုအုတ်မြစ်တောင်မခိုင်သေးတာ ရန်သူကိုဘယ်လိုများခုခံနိုင်မလဲ"
"လျူကျုံး"(Liu Zong) : "ကျုပ်သဘောမတူတာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ပြည်နယ်အတွက် မခုခံပဲ ဒီအတိုင်းလက်နက်ချလိုက်ရင် တစ်လောကလုံးရဲ့ပြက်ရယ်ပြုစရာမဖြစ်သွားဘူးလား"
ထိုအချိန်တွင် လူတစ်ယောက်မှ ဝင်ကာ
"ဒီအကြံကကောင်းတယ်ဆိုရင် ဘာလို့မလုပ်ရမှာလည်း" ဟု ပြောသည်။ ထိုသူမှာ ရှန်ရန်မှ "ဝမ်ချန့်"(Wang Can) ဆိုသူဖြစ်သည်။

"ဝမ်ချန့်"(Wang Can) သည် ငယ်စဉ်အခါက ဝန်ကြီး "ချိုင်ယုံ"(Cai Yong) ထံသွားရာ ထိုဝန်ကြီးက သူ့ကိုတလေးတစားဖြင့်ဆက်ဆံခဲ့သည်။ အခြားလူတို့က ထိုလူငယ်လေးကို အဘယ်ကြောင့်ထိုသို့ဆက်ဆံသည်ကိုမေးရာ "ချိုင်ယုံ"(Cai Yong) က
"သူက အရည်အချင်းရှိတဲ့လူငယ်တစ်ယောက်ပဲ" ဟု ပြောခဲ့ဖူးသည်။ "ဝမ်ချန့်"(Wang Can) သည် စာဖတ်အားကောင်းပြီး အင်မတန်မှတ်ဉာဏ်ကောင်းသူဖြစ်သည်။ လမ်းဖြတ်သွားလျှင် တွေ့သည့်အရာတိုင်းကို အသေးစိတ်မှတ်မိသည်။ လူနှစ်ဦးစစ်တုရင်ကစားသည်ကိုကြည့်ပြီး စစ်တုရင်ခုံကိုမှောက်ကာ အကွက်တိုင်းကိုမလွဲစေပဲပြန်ရွေှ့နိုင်သည်။ သူသည် သင်္ချာတွင်လည်း ထူးချွန်သူဖြစ်ပြီး ကဗျာဘက်တွင်လည်း ကျွမ်းကျင်သည်။ အသက်ဆယ့်ခုနှစ်နှစ်တွင် နန်းတွင်း၌အမှုထမ်းရန် ကမ်းလှမ်းခြင်းခံခဲ့ရသော်လည်း ငြင်းဆိုလိုက်သည်။ တိုင်းပြည်အတွင်းအခြေအနေဆိုးရွားလာသောအခါ ကျင်ကျိုးတွင်လာရောက်ခိုလှုံခဲ့ပြီး နယ်စားကြီး၏လေးစားမှုကိုခံရသူဖြစ်သည်။

"ဝမ်ချန့်"(Wang Can) : "စစ်သူကြီးက ချောင်ချောင်း(Cao Cao) နဲ့ယှဉ်ရင် ဘယ်လိုရှိလဲ"
"လျူကျုံး"(Liu Zong) : "ကျုပ်ကပိုပြီး နိမ့်ကျတာပေါ့"
"ဝမ်ချန့်"(Wan Can) : "ချောင်ချောင်း(Cao Cao) မှာ စစ်သားတွေ၊ စစ်သူကြီးတွေအများကြီးရှိတယ်။ သူကိုယ်တိုင်ကလည်း အရည်အချင်းရှိတယ်။ သူက ရှဖီမှာ လွီပု(Lu Bu) ကို ချေမှုန်းနိုင်ခဲ့ပြီး ကွမ်းတုမှာ ယွမ်ရှောက်(Yuan Shao) ကို ရှင်းနိုင်ခဲ့တယ်။ လုံယိုမှာ လျူဘေ့(Liu Bei) ကိုတိုက်ခဲ့ပြီးတော့ မြေခွေးဖြူတောင်ကုန်းမှာ မောင်တွန်း(Mao Dun) ကိုချေမှုန်းခဲ့တယ်။ သူ့ကိုတွန်းလှန်ဖို့ဆိုတာ ခက်ခဲလွန်းတယ်။ ဒါကြောင့် နောင်တမရခင်မှာ ဒီအကြံကိုလုပ်ဆောင်သင့်တယ်"
"လျူကျုံး"(Liu Zong) : "ခင်ဗျားပြောတာ သင့်တော်ပါတယ်။ ဒါပေမယ့် ကျွန်တော် အမေနဲ့တိုင်ပင်ပါဦးမယ်"
ထိုအချိန်တွင်ပင် ချိုက်အမျိုးသမီးက အနောက်မှထွက်လာကာ
"လူကြီးလူကောင်းတွေက ဆွေးနွေးနေတာ ငါ့ကိုမေးစရာမလိုပါဘူး" ဟု ပြောသည်။

သို့နှင့် "လျူကျုံး"(Liu Zong) သည် လက်နက်ချသည့်စာကို "စုန့်ကျုံး"(Song Zhong) ဆိုသူကိုပို့စေသည်။ "ချောင်ချောင်း"(Cao Cao) သည် ထိုစာကိုလက်ခံပြီးနောက်
"လျူကျုံး(Liu Zong) ကို ငါနဲ့တွေ့ဖို့ပြောလိုက်ပါ။ သူ့ကို ဒီနယ်စားအဖြစ်သတ်မှတ်ပေးမယ်" ဟု ပြောသည်။
"စွန်းကျုံး"(Sun Zong) သည် ရှန်းရန်သို့ပြန်ရာလမ်းတွင် "ကွမ်းယွီ"(Guan Yu) နှင့်တွေ့ပြီး အဖမ်းခံလိုက်ရသည်။ ထိုသူမှတစ်ဆင့် အကြောင်းအရာအလုံးစုံကိုသိသောအခါ "လျူဘေ့"(Liu Bei) သည် စိတ်မကောင်းဖြစ်လေသည်။ "ကျန်းဖေး"(Zhang Fei) မှ
"ကျွန်တော်တို့ ဒီကောင်ကိုသတ်ပြီးတော့ ရှန်းရန်မြို့ကိုတိုက်ပြီး ချိုက်မျိုးရိုးနဲ့ လျူကျုံး(Liu Zong) ကိုရှင်းပစ်ရမယ်။ ပြီးရင် ချောင်ချောင်း(Cao Cao) ကိုတိုက်ကြတာပေါ့" ဟုပြောသည်။ သို့သော် "လျူဘေ့"(Liu Bei) မှ
"ခဏလေး။ ငါပြောစရာရှိသေးတယ်" ဟု ဆိုသည်။
ထို့နောက် "လျူဘေ့"(Liu Bei) သည် အကျဉ်းသားဘက်လှည့်ကာ
"သူတို့တွေ အဲ့လိုလုပ်တဲ့အချိန်တုန်းက ဘာလို့ငါ့ကိုလာမပြောတာလဲ။ မင်းကိုသတ်လည်း ဘာမှမထူးဘူး။ သွားလိုရာသွားတော့" ဟု ပြောပြီး လွှတ်ပေးလိုက်သည်။ "စုန့်ကျုံး"(Song Zhong) သည်လည်း ကျေးဇူးတင်ကာ ထွက်သွားသည်။

ထိုအချိန်တွင်ပင် ကျန်းရှာမှ "ရီကျိ"(Yi Ji) ရောက်လာရာ "လျူဘေ့"(Liu Bei) ကိုယ်တိုင်ထွက်ကာ ကြိုဆိုသည်။ "ရီကျိ"(Yi Ji) မှ
"သခင်က အဖေဖြစ်သူသေဆုံးသွားတာသိပေမယ့်လည်း မိထွေးဖြစ်သူက သူ့ကိုမြို့ထဲပေးမဝင်ခဲ့ဘူး။ ဒါကြောင့် သူ ရှန်းရန်ကိုသွားရာမှာ ဦးရီးတော်ပါကူညီပေးဖို့ စာပို့လိုက်တာပါ" ဟု ပြောသည်။
"လျူဘေ့"(Liu Bei) သည် စာကိုဖတ်ပြီးနောက်
"သားအငယ်ဖြစ်သူက ရာထူးကိုလုယူသွားတာကိုတော့ ခင်ဗျားတို့သိတာဟုတ်တယ်။ ဒါပေမယ့် သူ ချောင်ချောင်း(Cao Cao) လက်အောက်မှာ အညံ့ခံလိုက်တဲ့သတင်းကိုမကြားသေးဘူးမလား" ဟု မေးသည်။ ထိုအခါ "ရီကျိ"(Yi Ji) သည် အံ့ဩသွားပြီး
"ဦးရီးတော်က ဘယ်လိုသိတာလဲ" ဟု မေးသည်။ "လျူဘေ့"(Liu Bei) ကလည်း "စုန့်ကျုံး"(Song Zohong) ကို ဖမ်းမိသည့်အကြောင်းပြောပြလိုက်သည်။

"ရီကျိ"(Yi Ji) : "ဒါဆို ဦးရီးတော်က ဈာပနကိုတက်ရောက်ဖို့အနေနဲ့ ရှန်းရန်သွားပါ။ အဲ့အခါ လျူကျုံး(Liu Zong) က မြို့ပြင်ထွက်လာရင် သူ့ကိုဖမ်းပြီး အပေါင်းအပါတွေကိုရှင်းလိုက်ပြီးတော့ ပြည်နယ်ကိုသိမ်းလိုက်ပါ"
"ကျူးကဲလျန့်"(Zhuge Liang) : "ဒီအကြံကောင်းတယ်။ သခင်ကြီး ဒီအတိုင်းလုပ်ဆောင်သင့်တယ်"
"လျူဘေ့"(Liu Bei) သည် ငိုကာ
"ငါ့အစ်ကိုကြီးနဲ့နောက်ဆုံးတွေ့ခဲ့တုန်းက သူက သူ့သားတွေကိုစောင့်ရှောက်ဖို့မှာခဲ့တာ။ သူ့သားဖြစ်သူကိုဖမ်းပြီး ပြည်နယ်ကိုသိမ်းလိုက်ရင် တမလွန်မှာ အစ်ကိုကြီးကိုဘယ်လိုမျက်နှာပြရမလဲ" ဟု ပြောလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ဒါဆို ဝမ်ချန်ကိုရောက်နေတဲ့ ချောင်ချောင်း(Cao Cao) ကို ဘယ်လိုတွန်းလှန်မလဲ" ဟု ပြောသည်။
"လျူဘေ့"(Liu Bei) : "အကောင်းဆုံးကတော့ ဖန်ချန်ကိုသွားဖို့ပဲ"

ထိုအချိန်လောက်တွင်ပင် သူလျှိုတို့မှတစ်ဆင့် "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်သည် ပေါ်ဝမ်သို့ရောက်လာပြီဖြစ်ကြောင်းကြားရသည်။ ထို့ကြောင့် "ရီကျိ"(Yi Ji) သည် ရန်သူကိုခုခံမှုပြုလုပ်ရန် ကျန်းရှာသို့ပြန်သွားသည်။ "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့သည် ရန်သူကို ခုခံရန်တိုင်ပင်ကြသည်။
"ကျူးကဲလျန့်"(Zhuge Liang) : "သခင်ကြီး စိတ်မပူပါနဲ့။ ပေါ်ဝမ်တောင်ကုန်းမှာ ချောင်ချောင်း(Cao Cao) ရဲ့တပ်တွေကို မီးနဲ့သုံးပြီးအနိုင်ယူခဲ့တယ်။ အခု ရှင်းရဲ့မှာ ဒီဗျူဟာကိုပဲထပ်သုံးရတာပေါ့။ ကျွန်တော်တို့က ဖန်ချန်ကိုပြောင်းရမယ် "
ထို့နောက် မြို့အတွင်းတွင် ကြေညာချက်ထုတ်ပြန်ပြီးနောက် လူအကုန်လုံးအား မြို့အသစ်သို့ပြောင်းရန်ပြုသည်။ သင်္ဘောတို့ပြင်ဆင်ထားစေပြီး "စွန်းချန်"(Sun Qian) က အရပ်သားတို့အား ဦးဆောင်ကာ ပြောင်းရွေှ့ကြသည်။ "မီကျူ"(Mi Zhu) ကမူ အမှုထမ်းမိသားစုတို့နှင့်အတူ ပြောင်းရွေှ့ရန်ပြုသည်။

ထို့နောက် စစ်မှုထမ်းတို့အားစုဝေးစေပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကွမ်းယွီ(Guan Yu) က မြစ်ဖြူမြစ်အပေါ်ဘက်ကို စစ်တပ်တစ်ထောင်နဲ့သွားရမယ်။ စစ်သားတွေက သဲအိတ်တွေသယ်ဆောင်သွားပြီးတော့ သဲအိတ်တွေနဲ့မြစ်ရေမစီးအောင် ဖို့ထားရမယ်။ နောက်ရက်သုံးနာရီ ရန်သူတွေရောက်လာတဲ့အချိန်မှာတော့ မြစ်ရေကိုလွှတ်ပေးပြီး ရန်သူတွေကို ရေနှစ်အောင်လုပ်ရမယ်။
ကျန်းဖေး(Zhang Fei) ကတော့ စစ်သားတစ်ထောင်နဲ့ပေါ်လင်ကူးတို့ဆိပ်ကိုသွားပြီး ရောက်လာမယ့်ရန်သူတွေကိုတိုက်ဖို့လုပ်ရမယ်။
ကျောက်ယွင်(Zhao Yun) ကတော့ စစ်သားသုံးထောင်ကိုလေးဖွဲ့ခွဲပြီးတော့ တစ်ဖွဲ့စီကိုမြို့ဂိတ်တစ်ခုစီမှာ စောင့်ကြပ်ထားရမယ်။ မြို့တွင်းကအိမ်တွေရဲ့ခေါင်မိုးပေါ်မှာ ဆာဖာ၊ ယမ်းမှုန့်ဖြူ(ပိုတက်စီယမ်နိုက်ထရိတ်) စတဲ့လောင်စာတွေ ထားထားရမယ်။ ရန်သူတွေမြို့တွင်းကိုဝင်လာရင် မီးနဲ့တိုက်ဖို့အတွက်ပေါ့။ နောက်ရက်ညနေမှာ လေပြင်းတိုက်ခတ်မှာဖြစ်တဲ့အတွက် မီးကိုပိုပြီးကြီးစေလိမ့်မယ်။ မီးလောင်တဲ့အချိန်မှာ အပြင်ဘက်ကနေအော်ပြီးတော့ ရန်သူတွေကိုရှုပ်ထွေးအောင်လုပ်ရမယ်။ ပြီးရင် အရှေ့ဘက်ဂိတ်ကို အလွတ်ထားပြီး ရန်သူတွေကို ပြေးပေါက်ပေးထားရမယ်။
မီဖန်(Mi Fang) နဲ့ လျူဖုန်း(Liu Feng) ကတော့ စစ်တပ်နှစ်ထောင်ကိုဦးဆောင်ပြီး ချွဲ့ငှက်မြီးတောင်ကုန်း(Magpie Tail) မှာနေပြီး နှစ်ဖွဲ့ခွဲပြီးတော့ တစ်ဖွဲ့ကို အလံအနီ၊ နောက်တစ်ဖွဲ့ကို အလံအပြာကိုင်ထားစေရမယ်။ ရန်သူတွေရောက်လာရင် အလံနီတပ်ကဘယ်ဘက်၊ အလံပြာတပ်ကညာဘက်ကိုချီတက်ပြီး ရန်သူရှေ့ဆက်သွားဖို့ တုံ့ဆိုင်းအောင်လုပ်ရမယ်။ ရှင်းရဲ့မှာမီးလောင်တာနဲ့ ရန်သူတွေကို ကင်းပုန်းတိုက်ရမယ်။ ပြီးရင် မြစ်ဘက်ကိုချီတက်ပြီးတော့ ကျုပ်တို့အဖွဲ့နဲ့လာဆုံရမယ်။
တိုက်ပွဲပြီးရင် စစ်သူကြီးတွေအကုန်လုံးက ဖန်ချန်မှာစုစည်းရမယ်" ဟု ပြောသည်။
သို့နှင့် စစ်သူကြီးအသီးသီးတို့သည်လည်း ကိုယ်တာဝန်ကျရာနေရာသို့သွားကြလေသည်။ "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) မှာမူ တိုက်ပွဲကိုလှမ်းမြင်နိုင်သည့်နေရာတွင် စခန်းချထားလေသည်။
"ချောင်ဟုန်"(Cao Hong) နှင့် "ချောင်ရန်"(Cao Ren) တို့သည် စစ်သားတစ်သိန်း၊ "ရွှီချူ"(Xu Chu) သည် စစ်သားသုံးထောင်ပါဝင်သော ရှေ့ပြေးတပ်ကိုဦးဆောင်ကာ ရှင်းရဲ့အနီးသို့ရောက်လာသည်။ ညနေဘက်အရောက်တွင် ချွဲ့တောင်ကုန်းအနီးသို့ ရောက်လာသည်။ တောင်ကုန်းပေါ်တွင် အလံနီ၊ အလံပြာနှင့်စစ်တပ်တို့ကိုတွေ့သောအခါ ရှေ့သို့ဆက်ချီတက်ရန် တုံ့ဆိုင်းသွားသည်။ "ရွှီချူ"(Xu Chu) သည် ဤသို့တွေးသည်။
'ရန်သူက ချုံခိုတိုက်နိုင်တဲ့အတွက် ဆက်ချီတက်ဖို့မသင့်တော်ဘူး'
နောက်ဆုံးတွင်မူ စစ်တပ်ကိုဆက်မချီတော့ပဲ အနောက်ဘက်သို့လှည့်ပြီး "ချောင်ရန်"(Cao Ren) ထံသွားသည်။ "ချောင်ရန်"(Cao Ren) မှ
"ရန်သူ့စစ်တပ်တွေက ဟန်ပြပဲဖြစ်မှာ၊ ရှေ့ကိုဆက်ချီတက်၊ ကင်းပုန်းမရှိနိုင်ဘူး။ ငါအနောက်က လိုက်ခဲ့မယ်" ဟုဆိုသည်။

သို့နှင့် "ရွှီချူ"(Xu Chu) သည် ရှေ့သို့ဆက်ချီတက်သည်။ သစ်တောအတွင်းသို့ရောက်သော် အလံနီ၊ အလံပြာတို့ကိုတွေ့သော်လည်း လူတစ်ဦးတစ်ယောက်မှမတွေ့ပေ။ တောင်ကုန်းအပေါ်ဘက်မှ တူရိယာသံတို့ကြားသဖြင့် ကြည့်လိုက်သောအခါ "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့သည် ထီးအမိုးနှစ်ခုအောက်ဝယ် အေးဆေးစွာ သောက်စားနေသည်ကိုတွေ့လိုက်သည်။ ထိုအခါ "ရွှီချူ"(Xu Chu) သည် ဒေါသထွက်ပြီး တောင်ပေါ်တက်ရန်ပြုသည်၊ တောင်ပေါ်မှ သစ်တုံး၊ ကျောက်တုံးများပြုတ်ကျလာသည်။ "ရွှီချူ"(Xu Chu) မှာ ရန်သူကိုတိုက်ရန်နည်းမတွေ့ပေ၊ နေလည်း ဝင်လုနီးနေပြီ။
ထို့နောက် "ချောင်ဟုန်"(Cao Hong) နှင့် "ချောင်ရန်"(Cao Ren) တို့သည် ရှင်းရဲ့သို့ရောက်လာပြီး မြို့ကိုတိုက်ရန်အမိန့်ပေးသည်။ သို့သော်လည်း မြို့တံခါးတို့မှာ ပွင့်နေပြီး မြို့အတွင်းဝယ်လူတစ်ဦးမျှမရှိပေ။ "ချောင်ဟုန်"(Cao Hong) မှ
"ဒါ သူတို့တွေထွက်ပြေးသွားတာပဲနေမှာ။ ဒီမြို့ထဲမှာပဲ အနားယူပြီးတော့ မနက်ဖြန်အတွက် အဆင်သင့်ပြင်ရမယ်" ဟု ပြောသည်။

စစ်သားတို့သည် ခရီးရှည်ကြီးကိုချီတက်လာရသဖြင့် ပင်ပန်းနွမ်းနယ်နေကြသည်။ ထို့ကြောင့် မြို့တွင်းရှိအိမ်များတွင် နေရာယူကြလေသည်။ အချိန်တစ်ချက်တီးအကျော်တွင် လေတို့စတင်တိုက်လာသည်။ မကြာမီပင် အစောင့်တို့ရောက်လာပြီး မီးလောင်သည့်အကြောင်းလာပြောသည်။ "ချောင်ရန်"(Cao Ren) မှ
"ကချော်ကပျက်နဲ့လုပ်လို့ မီးစလေးလောင်တာနေမယ်" ဟု ပြောသည်။ မကြာမီပင် မီးလောင်သည့်အကြောင်းတစ်ခုပြီးတစ်ခု ရောက်လာလေသည်။ ထိုအခါ ဤသို့လောင်သည်မှာ မတော်တဆမဟုတ်မှန်းသိလိုက်သည်။ တစ်မြို့လုံးမီးလောင်ပြီး မီးတောက်မီးလျှံတို့ကား ကောင်းကင်ယံအထိရောက်နေသည်။ ပေါ်ဝမ်တောင်ကုန်းတွင် "ရှဟိုတွန်း"(Xiahou Dun) ကြုံခဲ့သည့်မီးတို့ထက် ပြင်းထန်သည်။
စစ်သားတို့သည် မီးဘေးမှလွတ်ရာသို့ ပြေးကြလေသည်။ အရှေ့ဘက်တံခါးပွင့်နေသည်ဆိုသည့်အကြောင်းကိုကြားသောအခါ လူအကုန်လုံးက အရှေ့ဘက်သို့ပြေးကြလေရာ အချင်းချင်း နင်းမိ၊ တိုက်မိ၊ တွန်းမိသောကြောင့် သေဆုံးကုန်ကြသည်။

ထို့အပြင် အနောက်ဘက်တွင် အော်သံကြားလိုက်ရပြီးနောက် "ကျောက်ယွင်"(Zhao Yun) ၏စစ်တပ်ရောက်လာကာ တိုက်လေသည်။ "ချောင်ချောင်း"(Cao Cao) ၏စစ်တို့သည် ထွက်ပြေးကုန်ကြသည်။ "မီဖန်"(Mi Fang) နှင့် "လျူဖုန်း"(Liu Feng) ၏စစ်တပ်တို့သည်လည်း ရောက်လာသည်။ "ချောင်ရန်"(Cao Ren) မှာ နောက်ကျန် စစ်သားအနည်းငယ်နှင့်အတူ ထွက်ပြေးလွတ်မြောက်သွားသည်။ ကျန်သောလူတို့မှာ မီးလောင်ကာ သေကုန်သည်။
လွတ်မြောက်သွားသောစစ်သားတို့သည် မြစ်ဖြူမြစ်သို့သွားပြီး ရေထဲဆင်းကာ ရေသောက်ကြသည်။ ထိုအချိန်တွင် မြို့ထဲမှာ မီးလောင်သည်ကို မြင်လိုက်သော "ကွမ်းယွီ"(Guan Yu) သည် အခြေအနေကိုစောင့်နေခဲ့သည်။ လေးချက်တီးအချိန်လောက်တွင် ရန်သူ့စစ်သားတို့၏အသံကိုကြားလိုက်သောအခါ ဖို့ထားသောမြစ်ရေတို့ကိုလွှတ်လိုက်စေသည်။
ရုတ်တရတ်ကျလာသော မြစ်ရေအောက်ဝယ် "ချောင်ရန်"(Cao Ren) ၏စစ်သားတို့သည် ရေနစ်ကာ သေဆုံးကုန်သည်။

"ချောင်ရန်"(Cao Ren) သည် ထိုမြစ်မှလွတ်သွားပြီးနောက် ပေါ်လင်ကူးတို့ဆိပ်သို့ရောက်သောအခါ လမ်းပိတ်ထားသည်ကိုမြင်လိုက်သည်။

ထိုအချိန်တွင် "သူပုန်ချောင်ချောင်း(Cao Cao) လက်အောက်ကကောင်တွေ၊ သေဖို့ပြင်ထား" ဟူသော "ကျန်းဖေး"(Zhang Fei) ၏အော်သံကိုကြားလိုက်လေသည်။

Comments

Popular posts from this blog

Lookism