သုံးနိုင်ငံခေတ်(၃၈)

အခန်း(၃၈)
“ကျူးကဲ့လျန့်”(Zhuge Liang) က သုံးနိုင်ငံအခင်းအကျင်းကို ချမှတ်ခြင်း၊
“စွန်းချွမ်”(Sun Quan) က ရှခို ကိုတိုက်ခိုက်ကာ လက်စားချေခြင်း။

“လျူဘေ့”(Liu Bei) သည် ၂ ကြိမ်တိုင် မအောင်မြင်ခဲ့သော်လည်း တတိယအကြိမ် သွားရောက်ရန် ပြင်ဆင်လေသည်။ ညီ ၂ ယောက်က ကန့်ကွက်လေသည်။
“ကွမ်းယွီ”(Guan Yu): “အစ်ကိုကြီး၊ သူ့ဆီကို ၂ ခေါက်တောင် သွားခဲ့ပြီ။ ဒီလောက်နဲ့ကို အောက်ကျို့လွန်းနေပြီ။ သူကျော်ကြားတာကိုလည်း မယုံပါဘူး။ အစမ်းသပ်မခံနိုင်လို့ ရှောင်နေတာ။ ဘာလို့ ခေါင်းမာနေရတာလဲ။”
“လျူဘေ့”(Liu Bei): “ညီလေး၊ မင်းမှားနေပြီ။ နွေဦးဆောင်းဦးခေတ်တုန်းက ချီရဲ့ ဟွမ်မင်းသားက "ကွမ်းကျုံး"(Guan Zhong)ကိုတွေ့ဖို့ အရှေ့ခြမ်းကရွာလေးကို ၅ ကြိမ်တိုင်တိုင်သွားခဲ့တယ်။ ငါ “ကျူးကဲ့လျန့်”(Zhuge Liang) နဲ့တွေ့ချင်တဲ့ဆန္ဒက အဲ့ထက်ကို ပိုပါတယ်။”
“ကျန်းဖေး”(Zhang Fei): “အစ်ကိုကြီးမှားနေပြီထင်တယ်။ ဘယ်လိုလုပ် ဒီရွာသားက ဉာဏ်ပညာအကျော်အမော်ဖြစ်နိုင်မှာလဲ။မသွားသင့်တော့ဘူး၊ သူမလာရင် ကြိုးနဲ့တုပ်ပြီးခေါ်လာခဲ့မယ်။”
“လျူဘေ့”(Liu Bei): “ဝေမြစ်ကမ်းက အဘိုးအို "လွီဝမ်"(Lu Wang)ဆီကို ကြီးမြတ်တဲ့ ‘ဝင်’(Wen) ဘုရင် သွားရောက်ခဲ့တာကို မေ့နေကြပြီလား။ Wen ဘုရင်တောင် နှိမ့်ချနိုင်ရင် ငါကဘာလို့ မလုပ်နိုင်ရမှာလဲ။ မင်းမလိုက်ရင် မင်းမပါဘဲ ငါတို့သွားမယ်။”
“ကျန်းဖေး”(Zhang Fei): “အစ်ကိုတို့သွားမှတော့ ကျုပ်လည်းလိုက်ရမှာပေါ့”
“လျူဘေ့”(Liu Bei): “မင်းလိုက်မယ်ဆိုရင် ယဉ်ကျေးပါ။”
“ကျန်းဖေး”(Zhang Fei) ကလက်ခံသဖြင့် ခရီးထွက်ခဲ့ကြသည်။ “လျူဘေ့”(Liu Bei) သည် ရိုသေမှုကိုပြလိုသဖြင့် အိမ်ငယ်နားရောက်သော် မြင်းပေါ်ကဆင်းကာ ခြေလျင်လျှောက်သည်။ မကြာမီ “ကျူးကဲ့ကျွင်း”(Zhuge Jun) နှင့်တွေ့သော် ရိုသေစွာနှုတ်ဆက်ရင်း အစ်ကိုဖြစ်သူရှိ မရှိ မေးမြန်းသည်။

“ကျူးကဲ့ကျွင်း”(Zhuge Jun): ရိုင်းစိုင်းစွာ “မနေ့ညနေကပဲ ပြန်ရောက်တယ်။”
“လျူဘေ့”(Liu Bei): “ကံကြမ္မာက မျက်နှာသာပေးပြီပဲ။ ခုပဲ ၀င်တွေ့လိုက်မယ်။"
“ကျန်းဖေး”(Zhang Fei): “တယ်ရိုင်းတဲ့လူပဲ။ အိမ်ထဲဖိတ်ခေါ်လို့ရရက်နဲ့ ရှောင်ထွက်သွားတယ်။”
“လျူဘေ့”(Liu Bei): “လူတိုင်းမှာ သူ့ကိစ္စနဲ့သူ ရှိတယ်။ ငါတို့က သူ့အပေါ် ဘာသြဇာရှိလို့လဲ။”
တံခါးရှေ့ရပ်ကာ တံခါးခေါက်လေသည်။ အစေခံထွက်လာကာ လာရင်းအကြောင်းကို မေးသည်။
“လျူဘေ့”(Liu Bei): လွန်စွာရိုကျိုးလျက် ““လျူဘေ့”(Liu Bei) က သခင်ကြီးကို ဂါရ၀ပြုချင်လို့ပါ။ အသင့်ကိုပဲ ဒုက္ခပေးရတော့မှာပဲ။”
အစေခံ: “သခင်ကြီးက အိပ်နေတယ်။”
“လျူဘေ့”(Liu Bei): “ဒါဆို မနှိုးပါနဲ့ဦး။”
“လျူဘေ့”(Liu Bei) က ညီ ၂ ယောက်ကို အပြင်ကတိတ်ဆိတ်စွာ စောင့်စေကာ ကိုယ်တိုင်က တိတ်ဆိတ်စွာ ၀င်သွားလေသည်။ အတွင်းရောက်သော် သူတွေ့ချင်နေသူမှာ ခုံတန်းပေါ်တွင် ဖျာခင်းကာ အိပ်နေလေသည်။ “လျူဘေ့”(Liu Bei) က အ၀ေးမှနေကာ အရိုအသေပေးလေသည်။
အချိန်အတော်ကြာအထိ နိုးမလာသေးပေ။ အပြင်တွင်ကျန်ခဲ့သော ညီ ၂ ယောက်က စိတ်မရှည်ဘဲလိုက်ဝင်လာသည်။ မတ်တပ်ရပ်စောင့်နေသော အစ်ကိုဖြစ်သူကိုမြင်သော် “ကျန်းဖေး”(Zhang Fei) မှာ များစွာ စိတ်အနှောင့်အယှက်ဖြစ်ကာ 
“ကျန်းဖေး”(Zhang Fei): “ဘယ်လောက်ရိုင်းစိုင်းလိုက်သလဲ။ ငါတို့အစ်ကိုကြီးက စောင့်နေတာကို သူက အေးဆေးအိပ်နေတယ်။ အပြင်ထွက် လောင်စာမီးရှို့ခွဲပြီး သူနိုး မနိုး ကြည့်ဦးမယ်။”
“ကွမ်းယွီ”(Guan Yu): လေသံဖြင့် “မင်း ဒီလိုလုပ်လို့မရဘူး။”
“လျူဘေ့”(Liu Bei) က ၂ ယောက်လုံးကို အပြင်ပြန်ထွက်စေသည်။ ထိုစဉ် “ကျူးကဲ့လျန့်”(Zhuge Liang) လှုပ်သည်ကို မြင်၏။ ထမလိုလိုပြုပြီးမှ နံရံဖက်လှည့်ကာ ဆက်လက်အိပ်စက်ပြန်သည်။ အစေခံက နှိုးမည်ပြုသော်လည်း “လျူဘေ့”(Liu Bei) က တဖန်တားပြန်သည်။ နောက်ထပ် ၁ နာရီခန့် စောင့်ဆိုင်းပြန်သည်။ ထို့နောက် နိုးလာပြီး ကဗျာရွတ်လေသည်။ ပြီးသော် အစေခံကို ဧည့်သည်လာ မလာ မေးမြန်းသည်။
အစေခံ: “ဘုရင့်ဦးရီးတော် “လျူဘေ့”(Liu Bei) လာပါတယ်။ သူစောင့်နေတာ ကြာပြီ။”
“ကျူးကဲ့လျန့်”(Zhuge Liang): “ဘာလို့ ငါ့ကိုမပြောရတာလဲ။ အ၀တ်လဲရမယ်။”
“ကျူးကဲ့လျန့်”(Zhuge Liang) လည်း ထကာ အခန်းထဲဝင်ပြီး လျင်မြန်စွာ အ၀တ်လဲသည်။ ထို့နောက် “လျူဘေ့”(Liu Bei) ထံ သွားရောက်တွေ့ဆုံလေသည်။ “ကျူးကဲ့လျန့်”(Zhuge Liang) မှာ အရပ်အတန်သင့်ရှိပြီး ကြည်လင်သော မျက်နှာရှိသည်။ လူငယ်တစ်ဦးဖြစ်ပြီး ခေါင်းပေါင်းဆောင်းကာ အဖြူရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်သည်။ နတ်ဘုရားအလား ကျက်သရေရှိလှသည်။
“လျူဘေ့”(Liu Bei) က ဦးညွှတ်ကာ “ကျွန်ုပ်က Han မိသားစုရဲ့ အခက်အလက်တစ်ခု၊ Zhuo က သာမန်လူတစ်ယောက်ပါ။ သခင်ကြီးရဲ့ ကျော်ကြားမှုကို ကြားရတာ ကြာပြီ။ အရင် ၂ ခေါက်က တွေ့ခွင့်မကြုံခဲ့ဘူး။ သင့်ရဲ့ စာရေးစားပွဲပေါ်မှာ နာမည်တော့ရေးခဲ့ပါတယ်။” ဟုပြောသည်။ “ကျူးကဲ့လျန့်”(Zhuge Liang) က “ကျွန်တော်ဟာ နှောင့်နှေးစေခဲ့တာပဲ။ ရှက်မိတယ်။ တစ်ကြိမ်ထက်ပိုပြီး လာပေးလို့ကျေးဇူးတင်ပါတယ်။” ဟုဆိုလေသည်။ ရိုကျိုးစွာ နှုတ်ဆက်ကြပြီး အပြန်အလှန်ဂါရ၀ပြုပြီးနောက် အိမ်ရှင်နှင့် ဧည့်သည်နေရာတွင် အသီးသီးထိုင်ကြကာ လက်ဖက်ရည်နှင့် တည်ခင်းသည်။

“ကျူးကဲ့လျန့်”(Zhuge Liang): “ခင်ဗျားရဲ့စာအရ ခင်ဗျားက ပြည်သူတွေနဲ့ အစိုးရအတွက် ပူဆွေးနေတယ်လို့ သိရတယ်။ ကျွန်တော်သာ အရည်အချင်းရှိပြီး အသက်မငယ်လှတော့ဘူးဆိုရင် မေးခွန်းနည်းနည်း အရဲစွန့်မေးချင်မိတယ်။”
“လျူဘေ့”(Liu Bei): “"စီးမာဟွေး"(Sima Hui)နဲ့ ရွှီရှူ(Xu Shu)၂ ယောက်လုံးက ခင်ဗျားကို ချီးမွမ်းကြတယ်။ သူတို့စကားက အလကားဖြစ်ပါ့မလား။ ခင်ဗျားကကျွန်တော့် ရဲ့ အသုံးမကျတာကို ဗွေမယူဘဲ ညွှန်ကြားပေးလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။”
“ကျူးကဲ့လျန့်”(Zhuge Liang): “ခင်ဗျားပြောတဲ့ ၂ ယောက်က တော်တဲ့ ပညာရှင်တွေပါ။ ကျွန်တော်က သာမန်ရွာသား၊ လယ်သမားတစ်ယောက်ပါ။ တိုင်းပြည်ရေး၊ နိုင်ငံရေး မဆွေးနွေးသင့်ပါဘူး။ သူတို့တွေ ခင်ဗျားကို တလွဲညွှန်လိုက်ပြီ။ ဘာလို့ လှပတဲ့ ရတနာကိုစွန့်ပြီး အဖိုးမတန်တဲ့ရွဲလုံးကို ရွေးရတာလဲ။”
“လျူဘေ့”(Liu Bei): “ခင်ဗျားရဲ့ အရည်အချင်းတွေက ကမ္ဘာကတောင် အသိအမှတ်ပြုရပြီး ပြောင်မြောက်လှတယ်။ ဘာလို့ လူမသိ သူမသိ အချိန်ဖြုန်းပြီး ဘ၀ကို ကုန်ဆုံးသွားမှာကို ရောင့်ရဲနေရတာလဲ။ အို သခင်၊ ပြည်သူပြည်သားတွေရဲ့ မျက်နှာကို ထောက်ပါ၊ ကျွန်တော့်ကိုညွှန်ကြားပြသပြီး အသုံးမကျမှုကို ဖယ်ရှားပေးပါ။”
“ကျူးကဲ့လျန့်”(Zhuge Liang): “ခင်ဗျားရဲ့ ရည်မှန်းချက်က ဘာများလဲ။”
“လျူဘေ့”(Liu Bei): အနားကပ်ကာ “ဟန်တိုင်းပြည်က ပြိုလဲတော့မယ်။ ၀န်ကြီးတွေက အာဏာကို ကိုင်ထားကြတယ်။ ကျွန်တော်က အားနည်းပေမဲ့ တိုင်းပြည်ကိုတော့ ကောင်းမွန်အောင် ပြန်လုပ်ပေးချင်တယ်။ ဒါပေမဲ့ ကျွန်တော်က တော်တော်ကို အသိဉာဏ်နည်းပြီး အင်အားလည်း နည်းပါးတယ်။ ခင်ဗျားတစ်ယောက်ပဲ အမှောင်ခွင်းလို့ အလင်းဆောင်ပြီး ကျွန်တော့်ကို ကယ်တင်နိုင်မှာပါ။ ဒီလိုဆို ဘယ်လောက်များ ပျော်ဖို့ကောင်းလိုက်မလဲ။”
“ကျူးကဲ့လျန့်”(Zhuge Liang): “သူပုန် "တုန်ကျိုး"(Dong Zhuo)ကစပြီး လူစွမ်းတွေ တစ်ယောက်ပြီး တစ်ယောက် နိုင်ငံအနှံ့မှာ ပေါ်လာတယ်။ “ချောင်ချောင်း”(Cao Cao) ဟာ “ယွမ်ရှောက်”(Yuan Shao) လောက် အင်အားမကြီးပေမဲ့ အချိန်ကောင်းကို ရွေးနိုင်ပြီး စစ်သည်တွေကို ကောင်းကောင်းအသုံးချနိုင်တော့ အနိုင်ရခဲ့တယ်။ အခု သူအင်အားအကြီးဆုံးပဲ။ စစ်တပ်ကြီးကို ပိုင်ဆိုင်ထားပြီး နန်းတော်ကတဆင့် နယ်စားတွေကို ထိန်းချုပ်ထားတယ်။ သူ့ကိုဆန့်ကျင်ဖို့တော့ မဖြစ်နိုင်ဘူး။ စွန်းမိသားစုက တောင်ပိုင်းကို ထိန်းချုပ်ထားတာ မျိုးဆက် ၃ ဆက်ရှိပြီ။ ဝူနိုင်ငံဟောင်းကို ရထားတာ သိပ်မလုံခြုံပေမဲ့ လူထုထောက်ခံမှုတော့ ရထားတယ်။ သူတို့ဆီက အကူအညီရနိုင်ပေမဲ့ အောင်မြင်မှုမရနိုင်ဘူး။
ကျင်းကျိုး နယ်ဟာ ဟန်နဲ့ မြန် မြစ် ၂ စင်းကြားမှာရှိတယ်။ အရှေ့ဖက်မှာ ဝူအနောက်ဖက်မှာ ပါ၊ ရှူ အထိကျယ်တယ်။ ဒီနေရာဟာ အဆုံးအဖြတ်တိုက်ပွဲတွေနိုင်ခဲ့တဲ့နေရာဖြစ်တယ်။ ဒီနေရာကို ရကို ရရမှာဖြစ်ပြီး ကောင်းကင်က ခင်ဗျားကို ပေးထားပြီးသားပါ။
အနောက်ဖက်က ရီကျိုး နယ်ကလည်း အရေးပါတယ်။ သီးနှံဖြစ်ထွန်းတယ်၊ ကျယ်ပြောတယ်၊ ကောင်းချီးပေးခံရတဲ့ နယ်ဖြစ်ပြီး ဟန်နိုင်ငံထူထောင်သူက ဒီနယ်ကစခဲ့တာပဲ။ လက်ရှိနယ်စား “လျူကျန်း”(Liu Zhang) က ညံ့ဖျင်းတယ်၊ အားနည်းတယ်။ ပြည်သူတွေက တော်ပြီး နယ်က ကြွယ်ဝပေမဲ့ အသုံးမချတတ်တော့ လူတော်တွေက မင်းလောင်းမျှော်ကြတယ်။
ခင်ဗျားက မင်းမျိုးမင်းနွယ်ဖြစ်တယ်၊ မှန်ကန်ပြီး ယုံကြည်ရတယ်လို့လည်း တစ်တိုင်းပြည်လုံးက သိကြတယ်။ နှလုံးသားပြည့်ဝပြီး ပညာရှိကိုဆည်းကပ်တဲ့ ခင်ဗျားဟာ ရီကျိုး နဲ့ ကျင်းကျိုး ကိုသာ ရမယ်၊ အနောက်ဖက်က Rong မျိုးနွယ်စုတွေနဲ့ သင့်မြတ်မယ်၊ တောင်ဖက်က ရီနဲ့ ဗီယက်နယ်ဟောင်းတွေလည်းရပြီး ဝူရဲ့ “စွန်းချွမ်”(Sun Quan) နဲ့ မဟာမိတ်ဖွဲ့နိုင်မယ်၊ အစိုးရကောင်းအနေနဲ့ အုပ်ချုပ်နိုင်မယ်ဆိုရင် ကောင်းကင်က ခင်ဗျားလိုချင်တဲ့ အခွင့်အရေးကို ပေးမယ့်ရက်ကို စိတ်ချလက်ချစောင့်နေရုံပါပဲ။ ပြီးရင် သင့်တော်တဲ့ ခေါင်းဆောင်တစ်ယောက်ကို အရှေ့မြောက်ကို လွှတ်၊ ခင်ဗျားက အနောက်မြောက်ကို ချီရင် ပြည်သူတွေက ခင်ဗျားကို ကြိုလိမ့်မယ်။ ဒီလိုဆိုရင် လုပ်ငန်းပြီးဆုံးဖို့က လွယ်ကူပြီ။ ဟန်တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်ပြီ။ ဒါတွေက ကျွန်တော့်ရဲ့ အကြံဉာဏ်ပါပဲ။”
ခဏရပ်ကာ အစေခံကို ခေါ်၍ မြေပုံကို ယူစေသည်။ မြေပုံကို ဖြည်၍ “ဒီမှာ အနောက်ဖက်က ၅၄ ခရိုင်ကို တွေ့ရမယ်။ ခင်ဗျားသာ သိမ်းပိုက်နိုင်မယ်ဆို မြောက်ဖက်က “ချောင်ချောင်း”(Cao Cao) နဲ့ တောင်ဖက်က “စွန်းချွမ်”(Sun Quan) တို့အပေါ် အသာရဖို့ ကောင်းကင်ရော မြေထုကပါ အလေးပေးနေပြီ။ နောက်တစ်ဆင့်တက်ဖို့ ကျင်းကျိုး ကို အရင် သိမ်းပိုက်ရမယ်။ အထိုင်ကျပြီဆိုမှ တစ်နိုင်ငံလုံးကို သိမ်းပိုက်ဖို့ စီစဉ်ရမယ်။” ဟု ဆိုလေသည်။
ရှည်လျားလှသော စကားပြီးသော် “လျူဘေ့”(Liu Bei) က နေရာမှထကာ အရိုအသေပေးပြီး “သင့်ရဲ့ စကားတွေက အရာရာကို ရှင်းလင်းစေပါတယ်။ တိမ်ကင်းတဲ့ကောင်းကင်ကို မြင်ရပြီ။ ဒါပေမဲ့ ကျင်းကျိုး နယ်စား “လျူပြောင်း”(Liu Biao) ရော ရီကျိုး နယ်စား “လျူကျန်း”(Liu Zhang)ရောက ကျွန်တော့်ဆွေမျိုးတွေဆိုတော့ သူတို့ဆီက နယ်သိမ်းဖို့ခက်တယ်။” ဟုဆိုသည်။
“ကျူးကဲ့လျန့်”(Zhuge Liang) က “ကြယ်တွေကို လေ့လာကြည့်တော့ “လျူပြောင်း”(Liu Biao) ကကြာကြာမနေရတော့ပါဘူး။ “လျူကျန်း”(Liu Zhang) ဆိုတာလည်း ကြံ့ကြံ့ခံနိုင်မယ့်လူမဟုတ်ပါဘူး။ ၂ နယ်လုံး ခင်ဗျားလက်ထဲ သေချာပေါက် ရောက်လာမှာပါ။” ဟုပြန်ဖြေသည်။

“လျူဘေ့”(Liu Bei) က အသိအမှတ်ပြုကာ ဦးညွတ်လေသည်။ စကားတစ်ကြိမ်ပြောရုံနှင့် “ကျူးကဲ့လျန့်”(Zhuge Liang) သည် မိမိတန်ဖိုးကို ပြသလေသည်။ နိုင်ငံ ၃ ပိုင်းကွဲနိုင်သည်ကို ကြိုမြင်ခဲ့ပြီး မှန်လည်း မှန်ကန်ပေသည်။ ထို့ကြောင့်လည်း အခြေအနေကို သုံးသပ်နိုင်စွမ်းနှင့် ဉာဏ်ပညာတို့တွင် ခေတ်အဆက်ဆက် ပြိုင်ဖက်ကင်း ဖြစ်နေလေသည်။
“လျူဘေ့”(Liu Bei): “ကျွန်တော့်မှာ ထင်ပေါ်ကျော်ကြားခြင်းမရှိပေမဲ့ ခင်ဗျားက ကျွန်တော့်ကို မငြင်းပယ်ဘူးလို့ မျှော်လင့်ပါတယ်။ ခင်ဗျားရဲ့ အကြံဉာဏ်ကို တသ၀မေတိမ်း လိုက်နာပါ့မယ်။”
“ကျူးကဲ့လျန့်”(Zhuge Liang): “ကျွန်တော်က လယ်စိုက်ရင်း အားလပ်ချိန်တွေကို ပျော်မွေ့နေတာကြာပြီ။ ခင်ဗျားရဲ့ အမိန့်ကို မနာခံနိုင်မှာ စိုးမိတယ်။”
“လျူဘေ့”(Liu Bei): “သခင်လက်မခံရင် ပြည်သူတွေ ဘယ်လိုဖြစ်သွားမလဲ။” ဟုဆိုကာ မျက်ရည်များက ထိန်းမနိုင်သိမ်းမရ စီးကျလာလေသည်။ ထိုအခါမှ “ကျူးကဲ့လျန့်”(Zhuge Liang) လည်း သူ၏ စေတနာကို ယုံကြည်သွားကာ
“ကျူးကဲ့လျန့်”(Zhuge Liang): “ခင်ဗျားသာလက်ခံမယ်ဆို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အမှုတော်ထမ်းပါ့မယ်။”
“လျူဘေ့”(Liu Bei) လည်း လွန်စွာဝမ်းမြောက်ကာ ညီ ၂ ယောက်ကို ခေါ်ပြီး အရိုအသေပေးစေသည်။ လက်ဆောင်ပေးသော် “ကျူးကဲ့လျန့်”(Zhuge Liang) က ငြင်း၏။ “လျူဘေ့”(Liu Bei) က “ခင်ဗျားကို အမှုထမ်းလို့ ပေးတာမဟုတ်ပါဘူး။ ခင်ဗျားအပေါ် ကျုပ်ရဲ့သဘောထားကို ပြရုံသက်သက်ပါ။” ဟုဆိုမှ လက်ခံလေသည်။
ထိုညကို လယ်ကွင်းတွင် ကုန်ဆုံးကြသည်။ နောက်နေ့တွင် “ကျူးကဲ့ကျွင်း”(Zhuge Jun) ပြန်လာသော် “ဦးရီးတော် “လျူဘေ့”(Liu Bei) က ငါ့ကို ၃ ကြိမ်တောင်လာတွေ့တာ၊ အခု ငါ သူနဲ့လိုက်ရမယ်။ ငါမရှိတုန်း လယ်ဆက်ထွန်ထားပါ၊ မပျက်စီးပါစေနဲ့။ အလုပ်ပြီးတာနဲ့ သေချာပေါက်ပြန်ခဲ့မယ်။” ဟုမှာလေသည်။
“ကျူးကဲ့ကျွင်း”(Zhuge Jun) ကိုနှုတ်ဆက်ပြီးသော် “ကျူးကဲ့လျန့်”(Zhuge Liang) နှင့်အတူ ရှင်းရဲ့ကို ပြန်ခဲ့ကြသည်။ နားနေစရာနေရာရောက်တိုင်း “ကျူးကဲ့လျန့်”(Zhuge Liang) ကို ဆရာအဖြစ် သဘောထားကာ ဆက်ဆံသည်။ ၁ စားပွဲတည်း စားပြီး “လျူဘေ့”(Liu Bei) နှင့် ခုံတန်း ၁ ခုတည်းပေါ် အတူအိပ်ကြသည်။ တနေ့လုံး တိုင်းရေးပြည်ရေး ဆွေးနွေးကြသည်။ “ကျူးကဲ့လျန့်”(Zhuge Liang) က ““ချောင်ချောင်း”(Cao Cao) က စိမ်းပြာရေကန်မှာ ရေတပ်ကို လေ့ကျင့်ပေးနေတယ်။ ရန်ဇီမြစ်တောင်ဖက်က နယ်ကို ကျူးကျော်ဖို့ ရည်ရွယ်နေတာ သေချာတယ်။ သူလျှိုတွေလွှတ်ပြီး “ချောင်ချောင်း”(Cao Cao) နဲ့ “စွန်းချွမ်”(Sun Quan) ကို ထောက်လှမ်းရမယ်။” ဟုအကြံပေးသည်။ သို့နှင့် သူလျှိုများ စေလွှတ်လိုက်သည်။
“စွန်းချွမ်”(Sun Quan) သည် ဖခင်နှင့် အစ်ကိုဖြစ်သူ၏ အရိုက်အရာကို ဆက်ခံပြီးနောက် ၎င်းကို ကူညီရန် အစွမ်းအစရှိသူများကို ဖိတ်ခေါ်သည်။ ခွိုင်ကျီ တွင် နေထိုင်ရန် အဆောင်များဆောက်ကာ "ကူယုံ"(Gu Yong)နှင့် "ကျန်းဟုန်"(Zhang Hong)ကို ကြိုဆိုရန် တာဝန်ပေးသည်။ တစ်ဦးနှင့် တစ်ဦး လက်ဆင့်ကမ်း ညွှန်းကြလေရာ နှစ်စဉ် အမြောက်အမြား လာကြလေသည်။ ခွိုင်ကျီ က "ခန့်ကျဲ"(Kan Ze)၊ ဖန်းချန်က "ရန်ကျွင်း"(Yan Jun)၊ ပေရှန်း က "ရွှဲ့ရုံ"(Xue Rong)၊ ရုနန် က "ချန်ပင်း"(Cheng Bing)၊ ဝူကျွင်း က "ကျူဟွမ်"(Zhu Huan)နှင့် 
"လွီကျိ"(Lu Ji)၊ ဝူချန်က "ကျန်းဝင်"(Zhang Wen)၊ ခွိုင်ကျီ က "လော့ထုံ"(Luo Tong)နှင့် ဝူရှန်က "ဝူချန်း"(Wu Can) တို့လည်းပါဝင်သည်။ ပညာရှင်အားလုံးကို ရိုသေစွာ ဆက်ဆံကြသည်။
လူစွမ်းကောင်းစစ်သည်များလည်း လာကြလေသည်။ ရုနန် က “လွီမန်”(Lu Meng)၊ ဝူကျွင်း က "လုရွှင့်"(Lu Xun)၊ Langye က "ရွှီရှန်"(Xu Sheng)၊ တုန်းကျွင်းက "ဖန်ကျန်း"(Peng Zhang)နှင့် လုကျန့်က "တင်းဖုန့်"(Ding Feng)တို့မှာ ထင်ရှားသည်။ သို့နှင့် “စွန်းချွမ်”(Sun Quan) မှာ လက်ရုံးရည်၊ နှလုံးရည်ရှိသော လူတော်များ၏ ကူညီမှုကို ရရှိခဲ့လေသည်။
ကျန်းအန်နှစ် ခုနစ်နှစ်မြောက် (AD 202) တွင် “ချောင်ချောင်း”(Cao Cao) သည် “ယွမ်ရှောက်”(Yuan Shao) ၏သြဇာကို ရိုက်ချိုးခဲ့သည်။ ထို့နောက် တောင်ပိုင်းနယ်သို့ ဆက်သားလွှတ်ကာ ဘုရင့်အမှုတော်ထမ်းရန် “စွန်းချွမ်”(Sun Quan) ၏သားတစ်ယောက်စေလွှတ်စေသည်။ သို့သော် “စွန်းချွမ်”(Sun Quan) အတွက် လိုက်နာရန် နှောင့်နှေးနေသည်။ ၎င်း၏ မယ်တော် ဝူအမျိုးသမီးက Zhou Yu နှင့် “ကျန်းကျောက်”(Zhang Zhao) ကိုအခေါ်လွှတ်ကာ အကြံဉာဏ်တောင်းသည်။
“ကျန်းကျောက်”(Zhang Zhao): ““ချောင်ချောင်း”(Cao Cao) က ကျွန်တော်တို့ကိုချုပ်ကိုင်ဖို့ သားတော်တစ်ယောက်ကို ဓားစာခံအဖြစ် နန်းတော်မှာ ထားချင်တာ၊ အရင်နယ်စားတွေနဲ့တုန်းကအတိုင်းပဲ။ တောင်းဆိုချက်ကိုငြင်းရင် သေချာပေါက် တိုက်ခိုက်မှာပဲ။ ဒါဆို အန္တရာယ်ရှိတယ်။”
Zhou Yu: “ကျွန်တော်တို့အရှင်ဟာ ထီးနန်ကိုဆက်ခံထားပြီး သူ့မှာ ၀ါရင့်စစ်သည်တွေပါဝင်တဲ့ စစ်တပ်ကြီးရှိတယ်။ ရိက္ခာအလျှံပယ်ရှိတယ်။ စွမ်းဆောင်ရည်ရှိတဲ့ အမတ်တွေလည်းရှိတယ်။ ဘာလို့ သူများအမိန့်ကို နာခံရမလဲ။ ဓားစာခံပေးထားရတယ်ဆိုတာ “ချောင်ချောင်း”(Cao Cao) နဲ့ပူးပေါင်းရသလိုဖြစ်ပြီး သူခိုင်းတာမှန်သမျှ လုပ်ပေးရလိမ့်မယ်။ သူ့လက်အောက်ရောက်တာနဲ့ မခြားဘူး။ မလွှတ်တာပိုသင့်တော်တယ်။ အခြေအနေစောင့်ကြည့်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ရမယ်။”
မယ်တော်ကြီး: “ငါလည်း ဒီအကြံသဘောတူတယ်။”

“စွန်းချွမ်”(Sun Quan) လည်း သားဖြစ်သူကို ထည့်မပေးဘဲ ဆက်သားကို ပြန်လွှတ်လိုက်သည်။ “ချောင်ချောင်း”(Cao Cao) က မကျေနပ်ဘဲ ထိုစဉ်မှစ၍ တောင်ပိုင်းနယ်ကို တိုက်ခိုက်ရန် ပြင်ဆင်ထားလေသည်။ သို့သော် မြောက်ဖက်ရှိ အန္တရာယ်များကြောင့် လက်တွေ့တိုက်ခိုက်ရန် နှောင့်နှေးနေလေသည်။
ကျန်းအန်နှစ် ရှစ်နှစ် (AD 203) နှောင်းပိုင်းတွင် “စွန်းချွမ်”(Sun Quan) သည် “ဟွမ်ကျူ”(Huang Zu) ထံစစ်ချီပြီး ရန်ဇီမြစ်တွင် တိုက်ခိုက်ကြပြီး တိုက်ပွဲများစွာ အနိုင်ရလေသည်။ “စွန်းချွမ်”(Sun Quan) ၏တပ်မှူးတစ်ယောက်ဖြစ်သော “လင်ချောင်”(Ling Cao) သည် လှေမြန်တပ်ကို ဦးစီးကာ မြစ်ကိုဆန်တက်ပြီး ရှခို ကိုဖောက်နိုင်ခဲ့သော်လည်း “ဟွမ်ကျူ”(Huang Zu) ၏စစ်သူကြီး “ကန်းနင်”(Gan Ning) ၏ မြားချက်နှင့် ကျဆုံးခဲ့ရသည်။ “လင်ချောင်”(Ling Cao) တွင် ၁၅ နှစ်အရွယ် “လင်ထုံ”(Ling Tong) ဟူသော သားတစ်ယောက်ကျန်ခဲ့သည်။ ၎င်းက ဖခင်အလောင်းကိုပြန်သယ်ရန် တပ်ကိုဦးစီး တိုက်ခိုက်လေရာ အတော်အတန်အောင်မြင်ခဲ့လေသည်။ ထို့နောက်တွင်မူ အခြေအနေမဟန်သည်နှင့် “စွန်းချွမ်”(Sun Quan) သည် မိမိနိုင်ငံပြန်ခဲ့သည်။
တောင်ပိုင်းနယ်ကို အနှောင့်အယှက်ပေးနေသော သူပုန်များလည်း ပပျောက်သွားပြီး စစ်သင်္ဘော ၇ ထောင်ကလည်း ရန်ဇီမြစ်တွင် အသင့်ဖြစ်နေသည်။ “စွန်းချွမ်”(Sun Quan) က Zhou Yu ကို ရေတပ်ဗိုလ်ချုပ်အပြင် တပ်အားလုံး၏ စစ်သေနာပတိအဖြစ် ခန့်အပ်သည်။
ကျန်းအန်နှစ် တစ်ဆယ့်နှစ်နှစ် (AD 207) တွင် ဝူမယ်တော်ကြီးမှာ မိမိသေဆုံးတော့မည်ကို သိသဖြင့် Zhou Yu နှင့် “ကျန်းကျောက်”(Zhang Zhao) ကိုခေါ်ကာ "ငါက ရှေး ဝူမိသားစုက ဆင်းသက်လာပေမဲ့ ငယ်ငယ်ကတည်းက မိဘတွေကို ဆုံးရှုံးခဲ့ရတယ်။ ငါ့အစ်ကို ဝူကျင်း(Wu Jing) နဲ့ ငါက ရှေး ယွဲ့ ထဲခိုလှုံခဲ့ရပြီး စွန်းမျိုးနွယ်ကို လက်ဆက်ခဲ့တယ်။ ငါဟာ ကြီးကျယ်လာမယ့် သား ၄ ယောက် မွေးဖွားပေးခဲ့တယ်။ ပထမသား စွန်းချဲ့(Sun Ce) တုန်းက လကို မြင်မက်ပြီး ဒုတိယသား “စွန်းချွမ်”(Sun Quan) ကျ နေကို မြင်မက်တယ်။ ကြီးကျယ်မြင့်မြတ်မယ့် သင်္ကေတတွေပဲ။ စိတ်မကောင်းစရာက စွန်းချဲ့(Sun Ce) က ငယ်ငယ်နဲ့ အသက်ဆုံးပါးခဲ့ရတယ်။ “စွန်းချွမ်”(Sun Quan) က အရာဆက်ခံတော့ မင်းတို့ ၂ ယောက်ကို ဆက်ပြီးကူညီစေချင်တယ်။ ဒါမှ ငါအေးအေးချမ်းချမ်းသေဆုံးလို့မယ်။" ဟု မှာကြားလေသည်။၏
ထို့နောက် သူ၏သားကို “မင်းကလည်း သူတို့ ၂ ယောက်ကို ဆရာလိုသဘောထားပြီး ရိုရိုသေသေဆက်ဆံရမယ်။ ငါ့ညီမနဲ့ ငါ ၂ ယောက်လုံးက မင်းအဖေကို လက်ထပ်ခဲ့တယ်။ ဒီတော့ သူကလည်း မင်းအမေလိုပဲ။ သူ့ကိုလည်း ငါ့ကိုဆက်ဆံသလို ဆက်ဆံပါ။ မင်းရဲ့ နှမကိုလည်း ချစ်ချစ်ခင်ခင် ဆက်ဆံပြီး သူ့အတွက် လက်တွဲဖော်ကောင်းရှာပေးပါ။” ဟုမှာကာ ကွယ်လွန်လေသည်။ ထိုနှစ်ကို ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနှင့် ပူဇော်ကန်တော့ကြသည်။
နောက်နှစ်တွင် “ဟွမ်ကျူ”(Huang Zu) ကို တိုက်ခိုက်ရန် စီစဉ်ကြသည်။

“ကျန်းကျောက်”(Zhang Zhao): “၀မ်းနည်းပူဆွေးတဲ့ကာလမှာ စစ်မချီသင့်ဘူး။”
Zhou Yu: “လက်တုံ့ပြန်တယ်ဆိုတာ အချိန်မဆွဲသင့်ဘူး။ အချိန်တွေ၊ ရာသီတွေကို မစောင့်နိုင်ဘူး။”
“စွန်းချွမ်”(Sun Quan) မှာလည်း မဆုံးဖြတ်နိုင်လဲ နေလေသည်။ ထိုစဉ် တပ်မှူး “လွီမန်”(Lu Meng) ၀င်လာကာ “ကျွန်တော် နဂါးတောင်ကြားမှာရှိနေတုန်း “ဟွမ်ကျူ”(Huang Zu) ရဲ့စစ်သူကြီး၊ Lingjiang က “ကန်းနင်”(Gan Ning) လာအညံ့ခံတယ်။ သူ့အကြောင်းစုံစမ်းကြည့်တော့ လူတော်တစ်ယောက်ပဲ။ အားကောင်းမောင်းသန်၊ ခြေဦးတည့်ရာသွားရတာ၊ တိုက်ခိုက်ရတာ မွေ့လျော်တယ်။ ဥပဒေချိုးဖောက်တဲ့သူတွေကိုစုပြီး မြစ်တွေ ချောင်းတွေကို စုံဆန်သွားနေတယ်။ ခါးမှာ ခေါင်းလောင်းချိတ်ထားတော့ ခေါင်းလောင်းသံကြားရင် လူတွေကြောက်ကြပြီး ထွက်ပြေးကြတယ်။ သူ့လှေတွေရဲ့ ရွက်ဖျင်ကို ရှီးချွမ် အထည်နဲ့ လုပ်ထားတော့ လူတွေက သူ့ကို ပိုးသားရွက်ဖျင်နဲ့ ပင်လယ်ဓားပြ လို့ ခေါ်ကြတယ်။ အဲဒီနောက် သူက ပြောင်းလဲလိုက်ပြီး “လျူပြောင်း”(Liu Biao) ဆီသွားကြတယ်။ “လျူပြောင်း”(Liu Biao) ကလုပ်ငန်းကြီးမဆောင်ရွက်နိုင်တာတွေ့ရတော့ စွန့်ခွာခဲ့ကြတယ်။ အရှင့်အလံတော်အောက် အမှုထမ်းဖို့ ထွက်အလာ “ဟွမ်ကျူ”(Huang Zu) က ရှခို မှာ ခေါ်ထားလိုက်တာပဲ။ အရှင် “ဟွမ်ကျူ”(Huang Zu) ကိုတိုက်တုန်းက ရှခို ကို ပြန်ပေးလိုက်ရတာ “ကန်းနင်”(Gan Ning) ကြောင့်ပါ။ ဒါပေမဲ့ ထိုက်ထိုက်တန်တန် ချီးမြှင့်မခံရဘူး။ တပ်မှူး “စူးဖေး”(Su Fei) က ရာထူးတိုးပေးဖို့ ပြောပေမဲ့ “ဟွမ်ကျူ”(Huang Zu) က ပင်လယ်ဓားပြမို့ ရာထူးကြီးနဲ့မတန်ဘူး ဆိုပြီး ငြင်းခဲ့တယ်။ ဒီတော့ “ကန်းနင်”(Gan Ning) က စိတ်ပျက်တယ်။ “စူးဖေး”(Su Fei) ကတော့ သူ့ကို ညစာစားပွဲတွေကို ဖိတ်ခေါ်ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။ ဒီလိုနဲ့ “ကန်းနင်”(Gan Ning) က ရှခို ကထွက်ပြေးလာတယ်။ အရှင့်ဆီလာချင်ပေမဲ့ “ဟွမ်ကျူ”(Huang Zu) ကို ကူပြီး “လင်ချောင်”(Ling Cao) ကိုသတ်ခဲ့တော့ စိုးရိမ်နေတယ်။ အရှင်က အရင်ကလုပ်ရပ်တွေကို သင်ပုန်းချေပြီး လူတော်တွေကို ဖိတ်ခေါ်တယ်လို့ သူ့ကို ပြောပြလိုက်တယ်။ လူတိုင်းက သူတို့သခင်အတွက် အကောင်းဆုံးလုပ်ပေးချင်ကြတယ်။ သူ့ကိုသာ ကောင်းကောင်းကြိုဆိုရင် အရှင့်အတွက် ပျော်ပျော်ရွှင်ရွှင် အမှုထမ်းလိမ့်မယ်။ အရှင် ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။” ဟုဆိုလေသည်။
“စွန်းချွမ်”(Sun Quan) က အားရစွာ “သူ့အကူအညီနဲ့ဆိုရင် “ဟွမ်ကျူ”(Huang Zu) ကို ချေမှုန်းနိုင်ပြီ။” ဟုကြွေးကြော်သည်။ ထို့နောက် “ကန်းနင်”(Gan Ning) ကိုခေါ်ရန် “လွီမန်”(Lu Meng) ကိုလွှတ်လိုက်သည်။ 
“စွန်းချွမ်”(Sun Quan): “မင်းလာတာကို သိပ်အားရတယ်။ မင်းအပေါ်အငြိုးမထားတာကို ယုံစေချင်တယ်။ မင်းဆီက အကြံဉာဏ်ကိုလည်း မျှော်လင့်ပါတယ်။”
“ကန်းနင်”(Gan Ning): “တိုင်းပြည်က ကျဆုံးတော့မယ်။ “ချောင်ချောင်း”(Cao Cao) ကို မဆန့်ကျင်နိုင်ရင် သူက တစ်နိုင်ငံလုံးသိမ်းပိုက်တော့မယ်။ “လျူပြောင်း”(Liu Biao) ကလည်း အနာဂတ်အတွက်ဘာမှအစီအစဉ်မရှိဘူး၊ သူ့သားတွေကလည်း သူ့ကိုဆက်ခံရလောက်အောင် အရည်အချင်းမရှိဘူး။ “ချောင်ချောင်း”(Cao Cao) မင်းကိုမတိုက်ခင် “လျူပြောင်း”(Liu Biao) နယ်ကို အရင်သိမ်းထားသင့်တယ်။ ပထမဆုံးတော့ လူမုန်းများတဲ့ “ဟွမ်ကျူ”(Huang Zu) ကို တိုက်ပါ။ သူက စစ်အတွက်ပြင်ဆင်မထားဘူး၊ စစ်တပ်ကလည်း လျော့တိလျော့ရဲနဲ့ စနစ်မကျဘူး။ ခဏနဲ့ ကျဆုံးမှာပဲ။ သူ့ကိုနိုင်ရင် အနောက်ဖက်တောင်ကြားတွေကို ထိန်းချုပ်နိုင်ပြီး ပါနဲ့ ရှူကို သိမ်းနိုင်မယ်။ ဒါဆို လုံလုံခြုံခြုံ အခြေချနိုင်ပြီ။”
“စွန်းချွမ်”(Sun Quan): "ဒီအကြံက တန်ဖိုးအရှိဆုံးပဲ။" 
ထို့နောက် ပြင်ဆင်မှုများ ပြုလုပ်သည်။ Zhou Yu ကို စစ်သေနာပတိ၊ “လွီမန်”(Lu Meng) ကို ရှေ့ပြေးတပ်မှူး၊ “တုန်းရှီး”(Dong Xi) နှင့် “ကန်းနင်”(Gan Ning) တို့ကို စစ်သူကြီး ခန့်အပ်ကာ “စွန်းချွမ်”(Sun Quan) ကိုယ်တိုင်က စစ်သည် ၁သိန်းကို ဦးစီးကာ ပင်မတပ်ကို ဦးစီးသည်။
သူလျှိုများ၏ သတင်းပေးချက်အရ “ဟွမ်ကျူ”(Huang Zu) ကလည်း တပ်မှူးများခေါ်ကာ ပြင်ဆင်နေသည်။ “စူးဖေး”(Su Fei) ကို စစ်သေနာပတိ၊ “ချန်ကျို”(Chen Jiu) နှင့် “တန်းလုံ”(Deng Long) ကို ရှေ့ပြေးတပ်မှူးများအဖြစ် ခန့်အပ်ကာ ခံစစ်အတွက်ပြင်ဆင်သည်။ “ချန်ကျို”(Chen Jiu) နှင့် “တန်းလုံ”(Deng Long) လက်အောက်တွင် စစ်သင်္ဘော ၂ ရာထားသည်။ ၎င်းပေါ်တွင် လေးနှင့် ဒူးလေးစစ်သည် ၁ ထောင်ကျော်ထားသည်။ သင်္ဘောများကိုလည်း ခိုင်ခိုင်ခံ့ခံ့ချည်ထားရာ မြစ်တွင်းခံတပ်သဖွယ်ဖြစ်နေသည်။
တောင်ပိုင်းတပ်များချီတက်လာသော် ဗုံတီး၍တိုက်ရန် အချက်ပြသည်။ မြားများဖြင့် သည်းထန်စွာပစ်ခတ်လေရာ တိုက်ခိုက်သူများ မိုင်အတော်အတန် ဆုတ်ခွာရသည်။
“ကန်းနင်”(Gan Ning) က “တုန်းရှီး”(Dong Xi) ကို "ငါတို့ ရှေ့တက်မှရမယ်။"ဟု ဆိုသည်။
ထို့နောက် စစ်သည် ၅၀ ကို ၁ စီးကျ လှေငယ် အစီး ၁၀၀ ကိုရွေးချယ်သည်။ ၂၀ မှာ လှော်ခတ်၍ ၃၀ မှာ ချပ်ဝတ်ဝတ်ဓားသမားများဖြစ်ပြီး တိုက်ခိုက်ရန်ဖြစ်သည်။ ရန်သူ၏ မြားဒဏ်ကို မမှုဘဲ ရှေ့တိုးကာ ချည်ထားသောကြိုးများကို ဖြတ်လေသော် သင်္ဘောများ မငြိမ်မသက်ဖြစ်ကာ ရှုပ်ထွေးကုန်လေသည်။ “ကန်းနင်”(Gan Ning) က လှေတစ်စင်းပေါ်ခုန်တက်ကာ “တန်းလုံ”(Deng Long) ကို သတ်လိုက်သည်။ “ချန်ကျို”(Chen Jiu) က လှေပေါ်မှဆင်းကာ ကမ်းပေါ်ပြေးသည်။ “လွီမန်”(Lu Meng) က လှေငယ်တစ်စီးပေါ်တက်ကာ သင်္ဘောများကို မီးရှို့သည်။ “ချန်ကျို”(Chen Jiu) ကမ်းနားရောက်လုတွင် “လွီမန်”(Lu Meng) က သေဘေးကိုမမှုဘဲ လိုက်လံတိုက်ခိုက်ရာ “ချန်ကျို”(Chen Jiu) သေလေသည်။
“စူးဖေး”(Su Fei) ၏စစ်ကူများရောက်လာသော်လည်း အခါနှောင်းချေပြီ။ တောင်ပိုင်းတပ်များက ကမ်းတက်ပြီးနေပြီဖြစ်ရာ တွန်းလှန်နိုင်စွမ်းမရှိတော့ပေ။ “စူးဖေး”(Su Fei) လည်း အကျဉ်းချခံလိုက်ရလေသည်။
“စူးဖေး”(Su Fei) ကို “စွန်းချွမ်”(Sun Quan) ထံ ခေါ်သွားရာ “စွန်းချွမ်”(Sun Quan) က “ဟွမ်ကျူ”(Huang Zu) ကို မမိမချင်း ဖမ်းဆီးထားရန် အမိန့်ချသည်။ ထို့နောက်တွင်မှ အတူသေဒဏ်ပေးရန်ဖြစ်သည်။ ရှခို ကို ဆက်လက်ဖိတိုက်ကြပြီး သိမ်းပိုက်နိုင်ရန် နေ့ရောညပါ ကြိုးစားကြလေသည်။

Comments

Popular posts from this blog

Lookism