သုံးနိုင်ငံခေတ်(၃၉)

အခန်း(၃၉) ကျင်ကျိုးဝယ် "လျူပြောင်း"(Liu Biao) ၏သားမှ အကြံဉာဏ်သုံးကြိမ်လာတောင်းခြင်း။ စစ်ဗျူဟာရှင်၏ပထမဆုံးတိုက်ပွဲ - ပေါ်ဝမ်ကုန်းမြေမြင့်တိုက်ပွဲ

"စွန်းချွမ်"(Sun Quan) ရှခိုကိုတိုက်သောအခါ "ဟွမ်ကျူ"(Huang Zu) သည် မခုခံနိုင်မှန်းသိသဖြင့် ကျန်းရှာကိုစွန့်ပြီး ကျင်ကျိုးသို့ပြေးရန်ပြင်သည်။ ၎င်းကိုကြိုသိသော "ကန်းနင်"(Gan Ning) မှ ကျန်းရှာ၏အရှေ့ဂိတ်ဘက်တွင်စောင့်ကာ ခြုံခိုတိုက်လေသည်။ ထိုအခါ "ဟွမ်ကျူ"(Huang Zu) မှ
"ငါ မင်းကိုကောင်းကောင်းဆက်ဆံခဲ့တာ ဘာလို့ငါ့ကိုအခက်အခဲဖြစ်အောင်လုပ်ရတာလဲ" ဟု ပြောလေသည်။ "ကန်းနင်"(Gan Ning) မှ ဒေါသဖြင့်
"ကျုပ်က ကောင်းကောင်းအမှုထမ်းခဲ့တာ၊ ခင်ဗျားက ကျုပ်ကိုပင်လယ်ဓားပြလိုဆက်ဆံခဲ့တယ်။ ဒါကို ဘာပြောမလဲ" ဟု အော်ပြောလေသည်။ "ဟွမ်ကျူ"(Huang Zu) သည် မြင်းကိုပြန်လှည့်ပြီးထွက်ပြေးရန်ပြင်သည်။ "ကန်းနင်"(Gan Ning) သည် အနောက်ဘက်မှလိုက်လေသည်။ ထို့အပြင် စစ်သူကြီး "ချန်ဖူ"(Cheng Pu) ၏စစ်တပ်သည်လည်းရောက်လာသည်။ ထို့နောက် "ကန်းနင်"(Gan Ning) သည် မြားဖြင့်လှမ်းပစ်ရာ "ဟွမ်ကျူ"(Huang Zu) ကိုထိမှန်ကာ မြင်းပေါ်မှကျသွားသည်။ ထို့နောက် "ကန်းနင်"(Gan Ning) မှ "ဟွမ်ကျူ"(Huang Zu) ၏ခေါင်းကိုဖြတ်လိုက်လေသည်။ ထို့နောက် "ကန်းနင်"(Gan Ning) သည် "ချန်ဖူ"(Cheng Pu) နှင့်အတူပြန်လိုက်လာခဲ့သည်။

"စွန်းချွမ်"(Sun Quan) သည် စစ်ပွဲအနိုင်ရသောစစ်သားတို့အား ဆုချီးမြှင့်ပြီးနောက် ကျန်းရှာကိုသိမ်းရန်ကြံသည်။ ထိုအခါ အကြံပေး "ကျန်းကျောက်"(Zhang Zhao) မှ
"ဟိုးအဝေးက မြို့ကိုသိမ်းထားဖို့မဖြစ်နိုင်ဘူး။ လက်ရှိမှာတော့ စစ်တပ်ကိုပြန်ဆုတ်ပြီး လျူပြောင်း(Liu Biao) က လက်စားချေဖို့လွှတ်လာမယ့်စစ်တပ်ကိုခုခံဖို့လုပ်ရမယ်၊ အဲ့စစ်တပ်ကိုအနိုင်ရပြီးသွားမှ သူတို့တစ်ပြည်နယ်လုံးကိုသိမ်းရမယ်" ဟု ဆိုသည်။ ထိုအကြံကို လက်ခံလိုက်ကာ စစ်တပ်တို့ကို တောင်ပိုင်းသို့ပြန်ဆုတ်စေလေသည်။
ထိုအချိန်တွင် "စူးဖေး"(Su Fei) သည် အကျဉ်းချထားခြင်းခံရသည်။ သို့သော်လည်း သူသည် "ကန်းနင်"(Gan Ning) ထံ လူတစ်ယောက်လွှတ်ကာ သူ့အတွက် အသနားခံပေးရန်ပြောစေသည်။ "ကန်းနင်"(Gan Ning) သည်လည်း သူ၏သူငယ်ချင်းဖြစ်သူ သေဆုံးမည်ကိုမလိုလားချေ။

စစ်တပ်တို့ပြန်ရောက်လာသောအခါ "စွန်းချွမ်"(Sun Quan) မှ "စူးဖေး"(Su Fei) အား ခေါင်းဖြတ်သတ်ရန်အမိန့်ချသည်။ ထိုအခါ "ကန်းနင်"(Gan Ning) မှ
"ဟိုးအရင်က စူးဖေး(Su Fei) ကြောင့်သာမဟုတ်ရင် ကျွန်တော့်အရိုးအသားတွေက တစ်နေရာမှာ ပုတ်ပွနေလောက်ပြီ။ သခင်ကြီးဆီမှာ အမှုထမ်းနိုင်မှာမဟုတ်ဘူး။ အခုသူ့ကို သေဒဏ်ပေးသင့်ပေမယ့်လည်း သူ ကျွန်တော့်အပေါ်ထားခဲ့တဲ့ စေတနာကိုငဲ့ပြီး သူကိုလွှတ်ငြိမ်းခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်" ဟု ပြောလေသည်။
"စွန်းချွမ်"(Sun Quan) : "မင်းကို ကူညီခဲ့ဖူးတယ်ဆိုတော့ သူ့ကိုမသတ်လို့ရတယ်။ ဒါပေမယ့် သူထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ"
"အကယ်၍ သူ့ကို သေဒဏ်မပေးတော့ရင် သူကအင်မတန်ကျေးဇူးတင်မှာဖြစ်ပြီး ထွက်ပြေးမှာမဟုတ်ပါဘူး။ သူထွက်ပြေးခဲ့ရင် ကျွန်တော့်အသက်အသေခံပါ့မယ်"
သို့နှင့် "စူးဖေး"(Su Fei) အား သေဒဏ်မပေးတော့ချေ။

ထို့နောက် အောင်ပွဲရသော စစ်သည်တို့အတွက် စားသောက်ပွဲကြီးကျင်းပလေသည်။ ထိုစားသောက်ပွဲဝယ် စစ်မှုထမ်းတစ်ဦးသည် ဓားထုတ်ပြီး "ကန်းနင်"(Gan Ning) ကို ခုတ်ရန်ပြုသည်။ "ကန်းနင်"(Gan Ning) ကလည်း ရုတ်တရတ်ထပြီး ထိုင်ခုံဖြင့်ကာလိုက်သည်။ ထိုဓားဖြင့်ခုတ်သောသူမှာ "လင်ထုံ"(Ling Tong) ဖြစ်နေသည်။ "လင်ထုံ"(Ling Tong) ၏အဖေဖြစ်သူ "လင်ချောင်"(Ling Cao) သည် "ကန်းနင်"(Gan Ning) ၏မြားကြောင့်သေဆုံးခဲ့သဖြင့် လက်စားချေရန်ဤသို့ပြုမူခြင်းဖြစ်သည်။ "စွန်းချွမ်"(Sun Quan) မှ "လင်ထုံ"(Ling Tong) ကို
"သူက မင်းအဖေကို သတ်ခဲ့တယ်ဆိုတာ အဲ့အချိန်တုန်းက ကိုယ့်သခင်အတွက်ကိုယ်အကောင်းဆုံးလုပ်ဆောင်နေတဲ့အချိန်ကိုး။ အခုကနှစ်ယောက်လုံး တစ်ဖွဲ့တည်းဖြစ်သွားပြီဆိုတော့ အတိတ်က ဒဏ်ရာဟောင်းကို အမှတ်မရသင့်တော့ဘူး" ဟု ဆိုလေသည်။ "လင်ထုံ"(Ling Tong) သည် သူ့ခေါင်းကိုမြေကြီးဖြင့်ရိုက်ပြီး ငိုကာ
"ဒါကို လက်စားမချေလို့ဘယ်ရမလဲ။ ဒါကသွေးနဲ့ဆေးရမယ့်ရန်ငြိုးကြီးပဲ။ ကျွန်တော်နဲ့သူက ကောင်းကင်တစ်ခုတည်းအောက်မှာ အတူရှိဖို့မဖြစ်နိုင်ဘူး" ဟုဆိုသည်။
ဧည့်သည်တို့မှ ဝင်ကာ ဖျန်ဖြေပေးလိုက်သဖြင့် "လင်ထုံ"(Ling Tong) သည် "ကန်းနင်"(Gan Ning) အားသတ်ရန် မပြုတော့သော်လည်း ရန်သူဖြစ်သူကို ဒေါသဖြင့် စိုက်ကြည့်နေခဲ့သည်။
ထို့နောက် "ကန်းနင်"(Gan Ning) အား "လင်ထုံ"(Ling Tong) နှင့်ဝေးရာ ရှခိုတွင် စစ်သားငါးထောင်၊ စစ်သဘောင်္တစ်ရာဖြင့် မြို့ကိုကာကွယ်ရန်အမိန့်ချလိုက်သည်။ "လင်ထုံ"(Ling Tong) ကိုလည်း ရာထူးတိုးပေးလိုက်လေရာ "လင်ထုံ"(Ling Tong) လည်း အတန်အသင့်စိတ်ပြေသွားလေသည်။

တောင်ဘက်ပိုင်းပြည်နယ်တွင် စစ်သဘောင်္တို့ကိုတိုးချဲ့ပြီး စစ်တပ်တို့ကိုလည်း နေရာအနှံ့သို့စေလွှတ်သည်။ "စွန်းချွမ်"(Sun Quan) ၏ညီဖြစ်သူ "စွန်းခွမ်"(Sun Kuang) သည် ဝူကျွင်းကိုအုပ်ချုပ်ပြီး "စွန်းချွမ်"(Sun Quan) ကိုယ်တိုင်မှာမူ စစ်တပ်ကြီးဖြင့် ချိုင်စန်းတွင် တပ်စွဲထားသည်။ စစ်သေနာပတိနှင့် ရေတပ်စစ်သူကြီးဖြစ်သော "ကျိုးယွီ"(Zhou Yu) မှာမူ ဖိုရန်ရေကန်တွင် ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်နေခဲ့သည်။
ထိုသတင်းကို သူလျှိုတို့မှ တစ်ဆင့်ကြားသောအခါ "လျူဘေ့"(Liu Bei) သည် "ကျူးကဲလျန့်"(Zhuge Liang) နှင့် တိုင်ပင်လေသည်။ ထိုအချိန်တွင်ပင် လူတစ်ယောက်ယောက်လာကာ "လျူပြောင်း"(Liu Biao) မှ "လျူဘေ့"(Liu Bei) ကို လာရောက်ရန်ခေါ်ကြောင်းပြောသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် "လျူဘေ့"(Liu Bei) ကို
"ဒါက ဟွမ်ကျူ(Huang Zu) အတွက်လက်စားချေဖို့ တိုင်ပင်ဖို့အတွက်ခေါ်တာဖြစ်မယ်။ သခင်ကြီးက ကျွန်တော့်ကိုပါခေါ်သွားပါ။ ကျွန်တော်အခြေအနေကြည့်ပြီး ပြောပါ့မယ်။ ဒီမှာ ကောင်းကျိုးတွေရနိုင်တယ်" ဟု ဆိုသည်။

ထိုအခါ "လျူဘေ့"(Liu Bei) သည် "ကွမ်းယွီ"(Guan Yu) ကို ရှင်းရဲ့တွင်စောင့်ကြပ်စေပြီး "ကျန်းဖေး"(Zhang Fei) နှင့်စစ်သားငါးရာတို့ကိုအစောင့်အနေဖြင့်ခေါ်လိုက်သည်။ လမ်းတွင် "လျူပြောင်း"(Liu Biao) နှင့်တွေ့လျှင် မည်သို့ပြုမူရမည်ကို အကြံပေးနှင့်တိုင်ပင်ရာ အကြံပေးမှ
"ပထမဆုံး ချိုက်မောက်(Cai Mao) ရဲ့အကြံက ကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပါ။ ဒါပေမယ့် တောင်ဘက်ပိုင်းကိုစစ်တိုက်ဖို့ကို သဘောမတူပါနဲ့။ ရှင်းရဲ့ကိုပြန်ပြီး စစ်တပ်ကိုကွပ်ကဲရမယ်လို့ အကြောင်းပြပါ" ဟု ပြောသည်။
ကျင်ကျိုးသို့ရောက်သော် "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့သည် "လျူပြောင်း"(Liu Biao) နှင့် ဝင်တွေ့သည်။ "လျူဘေ့"(Liu Bei) မှ စားသောက်ပွဲတွင် သူ၏အပြုအမူအတွက် တောင်းပန်ကြောင်းပြောလေသည်။ "လျူပြောင်း"(Liu Biao) မှ
"ငါ့ညီက သူများရဲ့လုပ်ကြံမှုကိုခံရတာကိုသိပါတယ်။ အဲ့လုပ်ကြံတဲ့အဓိကတရားခံကို သေဒဏ်ပေးလိုက်ရမှာ။ ဒါပေမယ့် တခြားလူတွေက ဝိုင်းတောင်းပန်ကြလို့ သေဒဏ်မပေးခဲ့ဘူး။ ဒါကို ငါ့ညီ အပြစ်မမြင်ပါနဲ့" ဟုဆိုသည်။
"ဒါ ချိုက်မောက်(Cai Mao) နဲ့မဆိုင်လောက်ပါဘူး။ သူ့လက်အောက်ကလူတွေက လုပ်တာနေမှာပါ"
"ကျန်းရှာမြို့ကျသွားပြီ။ ဒါ့အပြင် ဟွမ်ကျူ(Huang Zu) လည်း သေဆုံးသွားခဲ့ပြီ။ ဒါကြောင့် ခင်ဗျားလည်း ကျုပ်နဲ့လိုက်ပြီး လက်စားချေဖို့ စစ်ချီတက်ပါလား"
"ဟွမ်ကျူ(Huang Zu) က အုပ်ချုပ်တာ ရက်စက်ကြမ်းကြုတ်တယ်။ ဒါ သူရှုံးနိမ့်ရတဲ့အဓိကအကြောင်းအရင်းပဲ။ ဒါပေမယ့် ကျွန်တော်တို့က တောင်ပိုင်းကိုတိုက်ရင် မြောက်ဘက်က ချောင်ချောင်း(Cao Cao) က ငြိမ်နေမယ်လို့ထင်လား?"
"ကျုပ်က အသက်ကြီးပြီ၊ အင်အားလည်းမရှိတော့ဘူး။ တိုင်းရေးပြည်ရာတွေကို ကောင်းကောင်းမလုပ်ဆောင်နိုင်တော့ဘူး။ ဒါကြောင့်ငါ့ညီ၊ ငါ့ကိုကူညီပေးပါလား။ ငါမရှိတော့ရင် ဒီပြည်နယ်ကို ငါ့ညီပဲအုပ်ချုပ်ပါ"
"ဘာလို့ဒီလိုပြောရတာလဲ၊ ကျွန်တော်က ဒီလိုတာဝန်ကြီးကိုလုပ်ဆောင်နိုင်မယ်လို့ထင်လို့လား"

ထိုနေရာတွင် "ကျူးကဲလျန့်"(Zhuge Liang) က "လျူဘေ့"(Liu Bei) ကို လှမ်းကြည့်လိုက်သည်။ "လျူဘေ့"(Liu Bei) မှ
"ကျွန်တော့်ကိုစဉ်းစားဖို့အချိန်ပေးပါဦး" ဟုပြောကာ ထွက်သွားလေသည်။ တည်းခိုရာနေရာသို့ရောက်သောအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ "လျူဘေ့"(Liu Bei) အား
"သူက ပြည်နယ်ကိုအုပ်ချုပ်ဖို့ကမ်းလှမ်းတာဘာလို့ ငြင်းလိုက်ရတာလဲ" ဟု ပြောသည်။
"သူက အမြဲတမ်းယဉ်ကျေးပြီး ကြင်နာတတ်တယ်၊ သူ့ရဲ့အားနည်းချက်ကို အခွင့်ကောင်းမယူချင်ဘူး"
ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည်
"အင်မတန်ကြင်နာပြီးပျော့ပြောင်းတဲ့သခင်ပဲ" ဟု ဆိုကာ သက်ပြင်းချလေသည်။

မကြာမီပင် "လျူပြောင်း"(Liu Biao) ၏သား "လျူချီ"(Liu Qi) ရောက်လာသည်။ ထိုလူငယ်လေးသည် ဝင်လာသည်နှင့် ငိုကာ
"အမေကကျွန်တော့်ကိုမျက်မုန်းကျိုးနေတယ်။ ကျွန်တော်အသက်ဘေးနဲ့ရင်ဆိုင်နေရပြီ။ ဦးလေး၊ ကျွန်တော့်ကိုကယ်ပါ" ဟုပြောသည်။ "လျူဘေ့"(Liu Bei) မှ
"ငါ့တူ၊ ဒါက မိသားစုအတွင်းရေးကိစ္စပဲ၊ ငါ့ဆီမလာသင့်ဘူး" ဟုပြောသည်။
ထိုအနားတွင် ရှိနေသော "ကျူးကဲလျန့်"(Zhuge Liang) သည် ပြုံးနေလေသည်။ "လျူဘေ့"(Liu Bei) သည် မည်သို့ပြုလုပ်ရမည်မသိသဖြင့် "ကျူးကဲလျန့်"(Zhuge Liang) ထံလှမ်းကြည့်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ဒါ မိသားစုအရေးပဲ။ အပြင်လူဝင်ပါလို့မကောင်းဘူး" ဟု ပြောသည်။
ထိုလူငယ်လေးပြန်ခါနီးဝယ် "လျူဘေ့"(Liu Bei) မှ
"ငါ ကျူးကဲလျန့်(Zhuge Liang) မင်းကိုကူဖို့ပြောပေးပါ့မယ်" ဟု တီးတိုးပြောလေသည်။ "လျူချီ"(Liu Qi) လည်း ကျေးဇူးတင်ကာ ထွက်သွားသည်။ နောက်ရက်တွင် "လျူချီ"(Liu Qi) ထံမှ ဖိတ်ခေါ်စာ ရောက်လာသောအခါ "လျူဘေ့"(Liu Bei) မှနေမကောင်းဟုအကြောင်းပြကာ "ကျူးကဲလျန့်"(Zhuge Liang) အားသွားတွေ့စေသည်။

"ကျူးကဲလျန့်"(Zhuge Liang) အခန်းတွင်းသို့ရောက်လာသောအခါ "လျူချီ"(Liu Qi) မှ
"ကျွန်တော့်မိထွေးက ကျွန်တော့်ကိုမနှစ်သက်ဘူး။ ကျွန်တော်ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံပေးပါလား" ဟု ပြောသည်။
"ဆွေမစပ်မျိုးမစပ်ဧည့်သည်တစ်ယောက်အနေနဲ့ ဒီလိုအိမ်တွင်းရေးကိစ္စတွေမှာ ဝင်မပါကောင်းဘူး။ ဝင်ပါခဲ့ရင် တခြားလူတွေက ကဲ့ရဲ့ကြလိမ့်မယ်"
ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) သည် မတ်တပ်ရပ်ကာ ထွက်ရန်ပြင်သည်။ "လျူချီ"(Liu Qi) သည် မသွားစေချင်သေးသဖြင့်
"ဒီလိုကျွန်တော့်ဆီရောက်လာပြီး အချည်းနှီးပြန်သွားရင် မသင့်တော်ပါဘူး" ဟုပြောပြီး စားသောက်ပွဲတည်ခင်းစေကာ ကျွေးမွေးလေသည်။ စားသောက်နေရင်း "လျူချီ"(Liu Qi) သည် နောက်တစ်ကြိမ်ထပ်ကာ အကြံဉာဏ်တောင်းခံပြန်သည်။

"ကျူးကဲလျန့်"(Zhuge Liang) သည်
"ဒါ ကျွန်တော်အကြံပေးနိုင်တဲ့အရာမဟုတ်ဘူး" ဟု ပြောပြီး ပြန်ရန်ပြင်ပြန်သည်။
"ဆရာကြီးက မပြောချင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် ထွက်မသွားပါနဲ့ဦး" ဟု ပြောသဖြင့် "ကျူးကဲလျန့်"(Zhuge Liang) သည် ပြန်ထိုင်သည်။ ထို့နောက် "လျူချီ"(Liu Qi) မှ
"ကျွန်တော့်မှာ ရှေးဟောင်းစာတစ်ခုရှိတယ်" ဟု ပြောကာ "ကျူးကဲလျန့်"(Zhuge Liang) ကို အပေါ်ထပ်သို့ခေါ်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"အဲ့စာဘယ်မှာလည်း" ဟု မေးလျှင် "လျူချီ"(Liu Qi) မှ ငိုကာ
"ကျွန်တော့်မိထွေးက ကျွန်တော့်ကိုမနှစ်သက်ဘူး။ ကျွန်တော်အသက်ဘေးနဲ့ကြုံရတာကို ဆရာကြီးက မကယ်ဘူးလား" ဟု ပြောပြန်သည်။
ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် ရှက်သွားကာ ထွက်ရန်ပြင်ပြန်သည်။ ထိုအချိန်တွင် သူတို့တက်လာသော လှေကားမရှိတော့သည်ကို သတိပြုမိလိုက်သည်။

ထိုအခါ "လျူချီ"(Liu Qi) မှ နောက်တစ်ကြိမ်ပင်
"ဆရာကြီးက တခြားလူတွေ ကြားသွားမှာကိုစိုးရိမ်လို့မပြောတာမဟုတ်လား? အခု ဆရာကြီးပြောတာကို ဘယ်သူမှမကြားနိုင်တော့ဘူး။ ဒီလိုဆိုကျွန်တော့်ကိုဘယ်လိုလုပ်ရမလည်းဆိုတာ ပြောလို့ရပြီမဟုတ်လား" ဟု ပြောပြန်သည်။
"ဆွေမျိုးတွေကြားကိုဝင်လို့မကောင်းဘူး။ မင်းအတွက်အကြံပေးလို့ ဘယ်ဖြစ်မလဲ"
"ကျွန်တော်က တကယ်အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်။ ကျွန်တော် ခင်ဗျားခြေအောက်မှာပဲသေပါ့မယ်"
 ထို့နောက် "လျူချီ"(Liu Qi) သည် ဓားမြောင်ကို ဟုတ်ကာ ကိုယ့်ကိုယ်ကိုသတ်သေရန်ပြုသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ
"နည်းလမ်းတစ်ခုတော့ရှိပါတယ်" ဟု ပြောလေသည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကိုပြောပြပါ"

"ရှန်ရှန်း(Shen Sheng) နဲ့ ချုံးအာ(Chong Er) ဆိုတဲ့ညီအစ်ကိုနှစ်ယောက်အကြောင်းကြားဖူးတယ်မလား၊ ရှန်ရှန်း(Shen Sheng) ဟာ အိမ်မှာနေခဲ့လို့သေဆုံးခဲ့ရတယ်။ ညီဖြစ်တဲ့ချုံးအာ(Chong Er) ကတော့ အပြင်ကိုထွက်သွားခဲ့တဲ့အတွက် အေးအေးချမ်းချမ်းနေခဲ့ရတယ်၊ အခု ဟွမ်ကျူ(Huang Zu) သေဆုံးသွားပြီဆိုတော့ ကျန်းရှာက မလုံခြုံဘူး။ ဒါကြောင့် အဲ့မြို့ကိုကာကွယ်ဖို့သွားမယ်လို့ပြောလိုက်ရင် မင်းအသက်ဘေးကစိုးရိမ်စရာမလိုတော့ဘူး"
"လျူချီ"(Liu Qi) သည် ကျေးဇူးတင်ကာ သူ့လူတို့ကို လှေကားပြန်ရွေှ့လာရန်အမိန့်ပေးလိုက်သည်။ ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) အား အောက်အထိလိုက်ပို့လေသည်။

[ရှန်ရှန်း(Shen Sheng) သည် ဆောင်းဦးနွေဦးကာလတွင် ကျင်းပြည်နယ် နယ်စားရှောက်၏အကြီးဆုံးသားဖြစ်သည်။ ထိုနယ်စားသည် သူ၏အချစ်ဆုံးမိဖုရား လီကျိ( Li Ji )၏သားကို အုပ်ချုပ်သူဖြစ်စေချင်သဖြင့် ရှန်ရှန်း(Shen Sheng) သည် သူ့ကိုသတ်ရန်ကြံစည်သည်ဟု စွတ်စွဲခဲ့သည်။ ရှန်ရှန်း(Shen Sheng) သည်လည်း ထွက်မပြေးပဲ ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်။ ဒုတိယသားဖြစ်သူ ချုံးအာ(Chong Er) မှာမူ ထွက်ပြေးခဲ့သဖြင့် အသက်ချမ်းသာရာရခဲ့သည်။]

ထို့နောက် "လျူချီ"(Liu Qi) သည် သူ့အဖေထံသွားပြီး ကျန်းရှာမြို့ကိုစောင့်ကြပ်လိုကြောင်းပြောသည်။ "လျူပြောင်း"(Liu Biao) သည် ၎င်းကိုခွင့်မပြုလိုပေ။ ထို့နောက် "လျူဘေ့"(Liu Bei) နှင့်တိုင်ပင်ရာ "လျူဘေ့"(Liu Bei) မှ
"ကျန်းရှာက အရေးကြီးတယ်။ ခင်ဗျားသားက အဲ့မြို့ကိုစောင့်ကြပ်ဖို့အသင့်တော်ဆုံးလူပဲ။ သူ့ကိုသွားစေလိုက်ပါ။ အရှေ့တောင်ဘက်ကို ခင်ဗျားသားက စောင့်ပြီး ကျွန်တော်က အနောက်မြောက်ပိုင်းကိုကာကွယ်ပါ့မယ်" ဟု ပြောသည်။
"ချောင်ချောင်း(Cao Cao) က ရေတပ်ကြီးတစ်ခုလေ့ကျင့်နေတယ်လို့ကြားတယ်။ ဒါကျုပ်တို့ကိုတိုက်ဖို့အကြံရှိပုံရတယ်။ သတိထားမှဖြစ်မယ်"
"ကျွန်တော်သိပါတယ်။ စိတ်မပူပါနဲ့"
ထို့နောက် "လျူဘေ့"(Liu Bei) သည် သူ၏မြို့သို့ပြန်ထွက်သွားလေသည်။ "လျူချီ"(Liu Qi) သည်လည်း စစ်သားသုံးထောင်နှင့်အတူ ကျန်းရှာကိုစောင့်ကြပ်ရန်သွားသည်။
ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် အခြားသော အာဏာရှိဝန်ကြီးသုံးဦးကိုဖိနှိပ်ကာ  ဝန်ကြီးချုပ်အာဏာကိုကြီးသည်ထက်ကြီးအောင် ပြုလုပ်နေခဲ့သည်။ "မောင်ကျဲ"(Mao Jie) နှင့် "ချွေ့ရန်"(Cui Yan) တို့ကို အထွေထွေဝန်ကြီးအဖြစ်ခန့်အပ်ပြီး "စီးမာရီ"(Sima Yi) ကို စာပေဝန်ကြီးအဖြစ်ခန့်အပ်ခဲ့လေသည်။ "စီးမာရီ"(Sima Yi) သည် ရင်းချွမ်မြို့စား "စီးမာကျွမ်း"(Sima Juan) ၏မြေး၊ ကျင်းကျောက်နယ်စား "စီးမာဖန်း"(Sima Fang) ၏သား၊ စစ်သူကြီး "စီးမာလန်"(Sima Lang) ၏ညီတော်သူဖြစ်သည်။
"ချောင်ချောင်း"(Cao Cao) သည် သူ့လက်အောက်ခံတို့ကိုခေါ်ကာ တောင်ပိုင်းကိုစစ်ချီတက်ရန် တိုင်ပင်လေသည်။ "ရှဟိုတွန်း"(Xiahou Dun) မှ
"လျူဘေ့(Liu Bei) က ရှင်းရဲ့မှာ စစ်ရေးလေ့ကျင့်နေတယ်။ သူက အန္တရာယ်များတဲ့အတွက် သူ့ကိုရှင်းပစ်ရမယ်" ဟု ပြောသည်။
"ရှဟိုတွန်း"(Xiahou Dun) ကို စစ်တပ်ခေါင်းဆောင်အဖြစ်ခန့်ကာ အကူအဖြစ် "ယွီကျင့်"(Yu Jin) ၊ "လီတျန်"(Li Dian) ၊ "ရှဟိုလန်"(Xiahou Lan) နှင့် "ဟန်ဟောက်"(Han Hao) တို့နှင့်အတူ စစ်တပ်တစ်သိန်းဖြင့် ပေါ်ဝမ်သို့ချီတက်စေသည်။ ထိုနေရာမှ ရှင်းရဲ့၏အခြေအနေကိုအကဲခတ်နိုင်သည်။

၎င်းကို "ရွှင်ယွိ"(Xun Yu) မှ
"လျူဘေ့(Liu Bei) က နာမည်ကြီးသူရဲကောင်းတစ်ဦးပဲ။ ဒါ့အပြင် အခုသူ့မှာ အကြံပေး ကျူးကဲလျန့်(Zhuge Liang) ရှိတဲ့အတွက် သတိထားသင့်တယ်" ဟု ဝင်ပြောသည်။ "ရှဟိုတွန်း"(Xiahou Dun) မှ
"လျူဘေ့(Liu Bei) က ကြွက်စုတ်လေးပါပဲ။ သူ့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းပြီးပြန်လာခဲ့မယ်" ဟု ဆိုသည်။
"ချောင်ချောင်း"(Cao Cao) : "ကျူးကဲလျန့်(Zhuge Liang) က ဘယ်သူလဲ"
"ရွှီရှူ"(Xu Shu) : "သူက တာအိုနာမည် 'အိပ်ပျော်နေတဲ့နဂါး' ဆိုတဲ့နာမည်ကိုယူထားတယ်။ သူက ပါရမီရှင်ပဲ။ ဒီခေတ်ဒီအခါမှာ အတော်ဆုံးလူတစ်ယောက်ပဲ။ သူ့ကိုအထင်မသေးသင့်ဘူး"
"ချောင်ချောင်း"(Cao Cao) : "ခင်ဗျားနဲ့ယှဉ်ရင် ဘယ်လိုရှိလဲ"
"ရွှီရှူ":(Xu Shu) : "ယှဉ်စရာတောင်မရှိပါဘူး။ ကျွန်တော်က မီးတောက်သေးသေးလေးဆိုရင် သူက ထိန်ထိန်လင်းနေတဲ့လမင်းကြီးပါပဲ"
"ရှဟိုတွန်း"(Xiahou Dun) : "ခင်ဗျားမှားနေပြီ။ ဒီကျူးကဲလျန့်(Zhuge Liang) ကို ဘာမှကြောက်စရာမလိုဘူး။ ဒီတိုက်ပွဲမှာ သူ့ခေါင်းကိုမယူလာနိုင်ရင် ကျုပ်ခေါင်းကိုဖြတ်ပြီး ဝန်ကြီးချုပ်ထံဆက်သ,ပါ့မယ်"
"ချောင်ချောင်း"(Cao Cao) : "မင်းရဲ့စစ်အောင်နိုင်မှုသတင်းကို စောင့်နေပါ့မယ်"
ထို့နောက် "ရှဟိုတွန်း"(Xiahou Dun) သည် စစ်တိုက်ရန်ထွက်ခွာသွားသည်။

"လျူဘေ့"(Liu Bei) ၏ညီနှစ်ဦးတို့သည် "ကျူးကဲလျန့်"(Zhuge Liang) ကို မနှစ်သက်သဖြင့် "လျူဘေ့"(Liu Bei) ထံသွားကာ
"သူက ငယ်ရွယ်ပြီး ထူးချွန်ပေမယ့်လည်း အစ်ကိုကြီးက သူ့အပေါ်ဆက်ဆံတာ ရိုကျိုးလွန်းတယ်။ သူ့ရဲ့အစွမ်းအစတွေကိုတောင် မမြင်ရသေးဘူး" ဟု ပြောသည်။
"သူ့ရဲ့တန်ဖိုးကို မင်းတို့မသိပါဘူး။ သူ့ကိုရလိုက်တာဟာ ငါးကရေထဲကိုရောက်သွားသလိုပဲ။ ဒီအကြောင်းကိုထပ်မပြောပါနဲ့တော့"
သို့နှင့်ညီနှစ်ဦးလည်း မကျေမနပ်ဖြင့်ထွက်သွားသည်။

တစ်နေ့သော် လူတစ်ဦးက "လျူဘေ့"(Liu Bei) ကို နွားသိုးမြီးလက်ဆောင်ပေးရာ "လျူဘေ့"(Liu Bei) သည် ထိုအမြီးကို ခေါင်းပေါင်းပေါ်တွင် အဆောင်အယောင်အနေနှင့်ဝတ်ဆင်ထားလေသည်။ ၎င်းကို "ကျူးကဲလျန့်"(Zhuge Liang) က သတိပြုမိရာ
"သခင်ကြီးမှာ ကြီးမားတဲ့ရည်မှန်းချက်တွေရှိတာ ဒီဟာကိုပဲအာရုံရောက်နေတော့မလို့လား" ဟု ပြောလေသည်။ "လျူဘေ့"(Liu Bei) မှ သူ့ခေါင်းပေါင်းကိုချက်ချင်းပင် လွှတ်ပစ်လိုက်ပြီး
"ဒီဟာလေးကိုလျှောက်ဝတ်ကြည့်နေတာပါ" ဟု ပြောသည်။
"ချောင်ချောင်း(Cao Cao) နဲ့ယှဉ်ရင် သခင်ကြီးက ဘယ်လိုအခြေအနေရှိတယ်လို့ထင်လဲ"
"မယှဉ်နိုင်ဘူး"
"မှန်တယ်။ သခင်ကြီးရဲ့စစ်တပ်ကတစ်သောင်းတောင်မရှိဘူး။ နောက်ပြီးသူက ကျွန်တော်တို့ကိုတိုက်ဖို့အလားအလာရှိတယ်။ ဒါကိုဘယ်လိုခုခံမလဲ"
"ဒါကြောင့် ငါလည်းစိတ်ညစ်နေတာ၊ နည်းလမ်းမမြင်ဘူး"
"သခင်ကြီးက စစ်သားတွေကို စုဆောင်းပါ။ ကျွန်တော်က လေ့ကျင့်ပေးပါ့မယ်၊ ဒီလိုဆိုရင်တော့ ခုခံနိုင်မယ်"
ထို့နောက် စစ်သားတို့စုဆောင်းလေရာ စစ်သားသစ်သုံးထောင်ရရှိလေသည်။

မကြာမီပင် "ရှဟိုတွန်း"(Xiahou Dun) သည် စစ်သားတစ်သိန်းကိုဦးဆောင်လာသည်ဟူသောသတင်းကိုကြားလိုက်ရသည်။ "ကျန်းဖေး"(Zhang Fei) မှ "ကွမ်းယွီ"(Guan Yu) အား
"ဒီ ကျူးကဲလျန့်(Zhuge Liang) ကို ရန်သူတွေနဲ့တိုက်ခိုင်းရမယ်" ဟု ပြောသည်။
ထိုအချိန်တွင်ပင် "လျူဘေ့"(Liu Bei) မှ သူ့ညီနှစ်ဦးကိုခေါ်ကာတိုင်ပင်သည်။ "ကျန်းဖေး"(Zhang Fei) မှ
"ဘာလို့ 'ရေ' ကိုမလွှတ်တာလဲ" ဟု ပြောသည်။
"နည်းဗျူဟာအရဆိုရင်တော့ ကျူးကဲလျန့်(Zhuge Liang) ကိုအားကိုးပြီး တိုက်ခိုက်ရေးမှာတော့ ငါ့ညီတွေကို အားကိုးတယ်။ ငါ့ကိုစိတ်ပျက်အောင်လုပ်မလို့လား"
ညီနှစ်ဦးထွက်သွားသောအခါ "ကျူးကဲလျန့်"(Zhuge Liang) ဝင်လာသည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ
"သခင်ကြီးရဲ့ညီနှစ်ယောက်က ကျွန်တော်ပြောတာကို နားမထောင်မှာစိုးရတယ်။ ဒါကြောင့် ဒီစစ်ပွဲကိုကွပ်ကဲဖို့အတွက် ကျွန်တော့်ကို အခွင့်အာဏာပေးပါ" ဟု ပြောသည်။ "လျူဘေ့"(Liu Bei) ကလည်း သဘောတူလိုက်သည်။ ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) မှ အမှုထမ်းတို့ကိုဆင့်ခေါ်လေသည်။
"ကျန်းဖေး"(Zhang Fei) မှ "ကွမ်းယွီ"(Guan Yu) ကို
"သူဘာလုပ်မလည်း ကြည့်သေးတာပေါ့" ဟု ပြောပြီး သွားကြသည်။ အမှုထမ်းတို့ရောက်သောအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ပေါ်ဝမ်ရဲ့ဘယ်ဘက်မှာ ယွီစန်းတောင်ရှိပြီးတော့ ညာဘက်မှာ အန်းလင်သစ်တောရှိတယ်။ အဲ့မှာ ခြုံခိုတိုက်ကြရမယ်။ ကွမ်းယွီ(Guan Yu) က ယွီစန်းတောင်ကုန်းကို စစ်တပ်တစ်ထောင်နဲ့သွားရမယ်။ အဲ့မှာရန်သူတွေကျော်သွားတဲ့စောင့်နေရမယ်။ မီးနဲ့အချက်ပြတာကိုလှမ်းမြင်မှသာ ရန်သူကိုတိုက်ရမယ်။ ပြီးရင် ရန်သူရဲ့စားနပ်ရိက္ခာတွေကို မီးရှို့ရမယ်။ ကျန်းဖေး(Zhang Fei) ကတော့ အန်းလင်သစ်တောအနောက်ဘက်က တောင်ကြားမှာစခန်းချပြီးတော့ အချက်ပေးတာမြင်ရင် ပေါ်ဝမ်က ရန်သူ့ဂိုထောင်တွေကို မီးရှို့ဖျက်စီးရမယ်။ လျူဖုန်း(Liu Feng) နဲ့ ကွမ်းဖင်(Guan Ping) ကတော့ တောင်ဘက်ကိုသွားပြီး လောင်စာတွေပြင်ဆင်ထားပြီးတော့ ပေါ်ဝမ်တောင်ကြားမှာစောင့်နေရမယ်။ ရန်သူတွေက ညနေပိုင်းလောက်မှာ အဲ့နားကိုရောက်လာရင် အသံအကျယ်ကြီးပြုရမယ်။ ကျောက်ယွင်(Zhao Yun) ကတော့ ဖန်ချန်ကနေပြန်လာပြီး တိုက်ခိုက်မှုကိုဦးဆောင်ရမယ်။ သူကနိုင်အောင်တိုက်ရမှာမဟုတ်ပဲ ရှုံးအောင်တိုက်ရမှာဖြစ်တယ်။ သခင်ကြီးကတော့ ကျန်တဲ့စစ်တပ်တွေကိုဦးဆောင်မယ်။ လူတွေအကုန်လုံးက ကိုယ့်တာဝန်ကိုယ်လုပ်ရမှာဖြစ်ပြီး အမှားမရှိစေရဘူး" ဟုပြောသည်။ ထိုအခါ "ကွမ်းယွီ"(Guan Yu) မှ
"ကျုပ်တို့တွေအကုန်လုံးက ရန်သူတွေနဲ့ရင်ဆိုင်မှာ ဟုတ်ပြီ။ ခင်ဗျား ဘာလုပ်မယ်ဆိုတာ ကျုပ်မကြားမိပါလား" ဟု ပြောလေသည်။
"ကျုပ်က မြို့ကို စောင့်မယ်"

ထိုအခါ "ကျန်းဖေး"(Zhang Fei) သည် ရယ်မောပြီး
"ကျုပ်တို့က စစ်မြေပြင်သွားတဲ့အချိန်မှာ ခင်ဗျားကတော့ အိမ်မှာပဲအေးဆေးနေမှာပေါ့" ဟု ပြောလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် သူ့အားအခွင့်အာဏာလွှဲထားသည့်ဓားနှင့် တံဆိပ်တုံးကိုထုတ်ကာ
"ဒါက ဓားနဲ့တံဆိပ်တုံးပဲ။ အမိန့်ကိုမနာခံရင် သေဒဏ်ပေးရမှာဖြစ်တယ်" ဟုပြောလေသည်။ "လျူဘေ့"(Liu Bei) မှ
"အခန်းအတွင်းမှာ ချမှတ်တဲ့အစီအစဉ်တွေက မိုင်ထောင်ပေါင်းများစွာကစစ်မြေပြင်ရဲ့အောင်နိုင်မှုကိုအဆုံးအဖြတ်ပေးတယ်ဆိုတဲ့စကားကို မကြားဖူးဘူးလား? အမိန့်ကို ကောင်းကောင်းနာခံပါ" ဟု ဝင်ပြောသည်။
"ကျန်းဖေး"(Zhang Fei) သည် မဲ့ပြုံးပြုံးလေသည်။ "ကွမ်းယွီ"(Guan Yu) မှာမူ
"ရလဒ်ဘယ်လိုလာမလည်း ကြည့်သေးတာပေါ့" ဟုပြောသည်။
ညီဖြစ်သူနှစ်ဦးတို့ထွက်သွားကြသည်။ အမှုထမ်းတို့သည် စစ်ဗျူဟာကိုနားမလည်ကြသော်လည်း ပေးထားသည့်အမိန့်ကိုလုပ်ဆောင်ရန်ပြင်ကြသည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ "လျူဘေ့"(Liu Bei) ကို
"သခင်ကြီးက စစ်သားတွေကိုဦးဆောင်ပြီး တောင်ကုန်းကိုသွားပြီးတော့ မနက်ဖြန်လာမယ့်ရန်သူတွေကို စောင့်နေပါ။ ပြီးရင် စစ်တပ်ကို အချက်ပြမီးမြင်တဲ့အချိန်အထိဆုတ်ခွာရမယ်။ ပြီးရင်တော့ ရန်သူကိုပြန်လှည့်ပြီးတိုက်ပါ။ မီကျူ(Mi Zhu) ၊ မီဖန်(Mi Fang) နဲ့ ကျွန်တော်က မြို့ကိုစောင့်ကြပ်ပါ့မယ်" ဟု ဆိုသည်။
ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) သည် အောင်ပွဲခံကာပြန်လာမည့်စစ်သားတို့ကိုကြိုဆိုရန်အတွက် ကြိုတင်ပြင်ဆင်ထားလေသည်။ ၎င်းတို့ကို "လျူဘေ့"(Liu Bei) က ခွင့်ပြုသော်လည်း စိတ်အတွင်းတွင်မူ မရေမရာဖြစ်နေသည်။

သို့နှင့် "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်တို့သည် ပေါ်ဝမ်သို့ရောက်လာသည်။ "ရှဟိုတွန်း"(Xiahou Dun) သည် စစ်တပ်ကိုတစ်ဝက်ခွဲကာ တစ်ဝက်ကို ရန်သူကိုတိုက်ရန်ချီတက်စေပြီး ကျန်တစ်ဝက်ကိုမူ စားနပ်ရိက္ခာတို့ကို စောင့်ကြပ်ထားစေသည်။ ထိုအချိန်သည် ဆောင်းဦးကာလဖြစ်ပြီး လေအေးတို့က တစ်သွင်သွင်တိုက်ခတ်လေသည်။ စစ်ချီတက်ရာ နေရာတစ်ခုသို့အရောက်ဝယ် "ရှဟိုတွန်း"(Xiahou Dun) မှ လမ်းပြတို့အား ထိုနေရာ၏နာမည်ကိုမေးရာ
"အရှေ့ကတော့ ပေါ်ဝမ်တောင်ကုန်းဖြစ်ပြီး အနောက်ဘက်ကတော့ လော့မြစ်လို့ခေါ်ပါတယ်" ဟု ပြောသည်။
"လျူဘေ့"(Liu Bei) ၏စစ်တပ်ကို တွေ့သော် "ရှဟိုတွန်း"(Xiahou Dun) သည် ရယ်မောလေသည်။ အကြောင်းရင်းကိုမေးကြရာ "ရှဟိုတွန်း"(Xiahou Dun) မှ
"ရွှီရှူ(Xu Shu) က ကျူးကဲလျန့်(Zhuge Liang) ကို မိုးပေါ်ထိရောက်အောင် ချီးမွမ်းပြောဆိုခဲ့တယ်။ အခုတော့ သူ့စစ်တပ်တွေကိုကြည့်ပါဦး။ ကျားတွေ၊ ကျားသစ်တွေကိုရင်ဆိုင်ဖို့အတွက် ခွေးတွေ၊ သိုးတွေလွှတ်ပေးလိုက်သလိုပဲ။ သူ့ကိုဖမ်းမယ်ပြောတုန်းက ငါနည်းနည်းကြွားပြီး ပြောခဲ့တာ။ အခုတော့ တကယ်ဖမ်းရတော့မှာပေါ့" ဟု ပြောသည်။

"ရှဟိုတွန်း"(Xiahou Dun) သည် ရှေ့သို့ထွက်ကာ
"လျူဘေ့(Liu Bei) ရဲ့နောက်လိုက်တွေက မကောင်းဆိုးရွားရဲ့နောက်လိုက်တွေလိုပဲ" ဟု ပြောသည်။ ထိုအခါ "ကျောက်ယွင်"(Zhao Yun) သည် ဒေါသထွက်ကာ ထွက်တိုက်လေသည်။ တိုက်ပြီးမကြာမီတွင်ပင်  အခြေအနေမကောင်းပုံယောင်ဆောင်ကာ နောက်ပြန်လှည့်ရန်ပြုသည်။ "ရှဟိုတွန်း"(Xiahou Dun) ကလည်း နောက်မှလိုက်သည်။ သုံးမိုင်ခန့်ပြေးပြီးနောက် "ကျောက်ယွင်"(Zhao Yun) သည် ပြန်လှည့်ပြီးတိုက်ပြန်သည်။ ထို့နောက် ပြေးပြန်သည်။ ၎င်းကိုမြင်သောအခါ "ဟန်ဟောက်"(Han Hao) မှ
"သူတို့တွေက ခြုံခိုတိုက်ဖို့ ကျွန်တော်တို့ကိုမြားခေါ်နေသလိုပဲ" ဟု ပြောသည်။ "ရှဟိုတွန်း"(Xiahou Dun) မှ
"ဒီလိုမျိုးရန်သူတွေနဲ့တိုက်ရင် ခြုံခိုတိုက်တာ ဆယ်ခါခံရလည်း ကြောက်စရာမလိုဘူး" ဟု ပြောသည်။ တောင်ကုန်းနားသို့အရောက်ဝယ် "လျူဘေ့"(Liu Bei) ၏စစ်တပ်ရောက်လာလေသည်။ ထိုအခါ  "ရှဟိုတွန်း"(Xiahou Dun) မှ
"ဒီမှာ ခြုံခိုတိုက်တာလာပြီ။ ဒီညနေမှာ ရှင်းရဲ့ကိုအရောက်ချီတက်မယ်" ဟု ပြောလေသည်။

ထို့နောက် "ရှဟိုတွန်း"(Xiahou Dun) သည် သူ၏စစ်တပ်တို့ကို ဆက်ချီတက်စေသည်။ ညနေသို့ရောက်သောအခါ လေတို့က ပိုပြင်းလာသည်။ သို့သော်လည်း "ရှဟိုတွန်း"(Xiahou Dun) က ထွက်ပြေးသော ရန်သူ့နောက် လိုက်မြဲလိုက်လေသည်။ သို့နှင့် လမ်းကျဉ်းမြောင်းပြီး ခြုံနွယ်တို့ထူထပ်သောနေရာသို့ရောက်လာသည်။ "လီတျန်"(Li Dian) မှ "ယွီကျင့်"(Yu Jin) အား
"ရန်သူကို အထင်သေးတဲ့လူက ရှုံးနိမ့်လိမ့်မယ်။ ဒီနားမှာလမ်းတွေကျဉ်းသလိုသစ်တောတွေလည်း ထူထပ်တယ်။ ရန်သူတွေသာ မီးနဲ့တိုက်ရင် ငါတို့တွေအခြေအနေမကောင်းဘူး" ဟု ပြောသည်။"ယွီကျင့်"(Yu Jin) မှ
"ခင်ဗျားပြောတာမှန်တယ်။ ကျုပ် ခေါင်းဆောင်ကို သတိပေးရမယ်" ဟု ပြောလေသည်။ ထို့နောက် "ယွီကျင့်"(Yu Jin) မှ
"ချီတက်တာ ရပ်လိုက်" ဟု ပြောသည်။ "ရှဟိုတွန်း"(Xiahou Dun) မှ အကြောင်းအရင်းကိုမေးရာ "ယွီကျင့်"(Yu Jin) မှ
"လမ်းတွေက ကျဉ်းမြောင်းပြီး သွားလာရခက်ခဲတယ်။ ဒါ့အပြင် ဘေးပတ်လည်မှာ သစ်ပင်တွေနဲ့။ ရန်သူတွေက မီးကိုသုံးပြီးတိုက်ရင် ဘယ်လိုလုပ်မလဲ" ဟု ပြောသည်။

"ရှဟိုတွန်း"(Xiahou Dun) သည် မိုက်ရူးရဲဆန်မှုလျော့သွားပြီး တပ်ရှေ့သို့သွားရန်ပြင်သည်။ ထိုအချိန်တွင်ပင် အသံတစ်ခုကြားလိုက်ရပြီး နေရာအနှံ့တွင် မီးတို့ပျံ့ကုန်သည်။ လေကလည်း တိုက်ခတ်သဖြင့် မီးတောက်က ကြီးသည်ထက်ကြီးလာသည်။ "ရှဟိုတွန်း"(Xiahou Dun) ၏စစ်တပ်သည် အရှုပ်အထွေးဖြစ်ကုန်ပြီး အများအပြားသေဆုံးကုန်သည်။ ထိုအချိန်တွင် "ကျောက်ယွင်"(Zhao Yun) သည် ပြန်ရောက်လာပြီး တိုက်လေသည်။
ထိုအခါ "ရှဟိုတွန်း"(Xiahou Dun) သည် မီးကြားမှ ထွက်ပြေးရန်ပြုသည်။
ထိုအချိန်တွင် "လီတျန်"(Li Dian) သည်လည်း အခြေအနေမဟန်သဖြင့် ပေါ်ဝမ်သို့ပြန်လှည့်ရန်ပြင်ရာ "ကွမ်းယွီ"(Guan Yu) ဦးဆောင်သောစစ်တပ်နှင့်ရင်ဆိုင်တွေ့လေသည်။ သို့သော်လည်း ခက်ခက်ခဲခဲဖြင့် လွတ်မြောက်သွားခဲ့သည်။
"ယွီကျင့်"(Yu Jin) သည်လည်း စားနပ်ရိက္ခာတို့ဖျက်စီးခံရသဖြင့် ထွက်ပြေးလေသည်။ အခြားသောစစ်သူကြီးနှစ်ဦးတို့က စားနပ်ရိက္ခာလှည်းကိုကယ်ရန်ပြုရာ "ကျန်းဖေး"(Zhang Fei) နှင့်တွေ့ပြီး "ရှဟိုလန်"(Xiahou Lan) သေလေသည်။ "ဟန်ဟောက်"(Han Hao) မှာမူထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
နောက်ရက်ဝယ် အလောင်းတို့ကား တောင်လိုပုံနေခဲ့သည်။

"ရှဟိုတွန်း"(Xiahou Dun) သည် သူ၏ကျန်သောစစ်တပ်တို့ကိုဦးဆောင်ပြီး ရွှီချန်သို့ပြန်သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ရန်သူ့ထံမှ အဖိုးတန် အကြွင်းအကျန်တို့ကိုကောက်စေကာ စစ်သားတို့အား မျှဝေစေသည်။ "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့သည် မြို့သို့ပြန်လာပြီး
"ကျူးကဲလျန့်(Zhuge Liang) က တကယ့်ကိုထူးချွန်တဲ့စစ်ဗျူဟာရှင်ပါပဲ" ဟုပြောကာ အသိအမှတ်ပြုရလေသည်။
မကြာမီပင် "မီကျူ"(Mi Zhu) နှင့် "မီဖန်"(Mi Fang) တို့သည် စစ်သားအနည်းငယ်နှင့်အတူထွက်ကြိုသည်။ ထိုအထဲတွင် လှည်းယာဉ်တစ်စီးပါလေသည်။ ထိုလှည်းယာဉ်ပေါ်တွင် "ကျူးကဲလျန့်"(Zhuge Liang) ထိုင်နေသည်။ စစ်တပ်တို့မြို့သို့ပြန်ရောက်သောအခါ လူအများက "လျူဘေ့"(Liu Bei) ကို ကြိုဆိုကြလေသည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ "လျူဘေ့"(Liu Bei) အား
"ရှဟိုတွန်း(Xiahou Dun) ကိုတော့ တိုက်ထုတ်နိုင်လိုက်ပြီ။ ဒါပေမယ့် ချောင်ချောင်း(Cao Cao) က ဒီထက်ပိုကြီးတဲ့တပ်နဲ့လာတိုက်လိမ့်မယ်" ဟု ပြောသည်။
"ဒါဆိုဘယ်လိုလုပ်ရမလဲ"

"ကျွန်တော် အစီအစဉ်တွေလုပ်ထားပြီးပါပြီ"

Comments

Popular posts from this blog

Lookism