သုံးနိုင်ငံခေတ်(၄၁)
အခန်း(၄၁) "လျူဘေ့"(Liu
Bei) သည် လူတို့ကို ဦးဆောင်ကာမြစ်ကိုဖြတ်ကူးခြင်း၊ "ကျောက်ယွင်"(Zhao
Yun) သည် တန်းရန်တွင် သခင်လေးကိုကယ်တင်ခြင်း။
"ကျန်းဖေး"(Zhang
Fei) သည် "ရွှီချူ"(Xu Chu) နှင့်တိုက်ခိုက်လေသည်။ သို့သော်လည်း မကြာမီပင်
"ရွှီချူ"(Xu Chu) ထွက်ပြေးသွားသဖြင့် "ကျန်းဖေး"(Zhang Fei) သည်
"လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) ရှိရာသွားသည်။
ထိုသူသုံးဦးတို့သည် "မီဖန်"(Mi Fang) နှင့် "လျူဖုန်း"(Liu
Feng) တို့ပြင်ဆင်ထားသောသင်္ဘောဖြင့် မြစ်ကိုဖြတ်ပြီးနောက် ဖန်ချန်သို့ချီတက်ကြသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် သင်္ဘောတို့ကို မီးရှို့ဖျက်စီးခဲ့စေသည်။
"ချောင်ရန်"(Cao
Ren) သည် ရှင်းရဲ့တွင် စခန်းချပြီးနောက် "ချောင်ဟုန်"(Cao Hong) သည်
"ချောင်ချောင်း"(Cao Cao) ထံသွားကာ စစ်ရှုံးနှိမ့်သည့်သတင်းကို တင်ပြသည်။
"ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ကာ
"တော်တော်အတင့်ရဲတဲ့
ကျူးကဲလျန့်(Zhuge Liang) ပဲ" ဟုဆိုသည်။ ထို့နောက် ဖန်ချန်ကိုအဘက်ဘက်မှ တိုက်ခိုက်ရန်
စစ်တပ်တို့အား ပြင်ဆင်မှုပြုလုပ်စေသည်။
"လျူရဲ့"(Liu
Ye) သည် "ချောင်ချောင်း"(Cao Cao) ထံသွားကာ
"သခင်ကြီးက
ဒီနယ်မြေနဲ့စိမ်းတော့ ပြည်သူတွေရဲ့နှလုံးသားကို အရင်ဆုံးအောင်နိုင်ဖို့ကြိုးစားရပါမယ်။
စစ်ဖြစ်ရင် ပြည်သူတွေကပဲ အရင်ဆုံးခံရမှာမဟုတ်လား? ဒီတော့ လျူဘေ့(Liu Bei) ထံ လူလွှတ်ပြီး
လက်နက်ချဖို့တိုက်တွန်းပြီးတော့ လူတွေရဲ့ယုံကြည်မှုကိုရအောင်လုပ်ရမယ်" ဟုဆိုသည်။
"ချောင်ချောင်း"(Cao Cao) ကလည်း သဘောတူပြီး သံတမန်အနေဖြင့် မည်သူ့ကိုလွှတ်ရမည်ကို
မေးရာ "ရွှီရှူ"(Xu Shu) ကိုလွှတ်သင့်ကြောင်းပြောသည်။
"သူက
ကျွန်တော်တို့တပ်ထဲမှာ လျူဘေ့(Liu Bei) နဲ့ရင်းနှီးတဲ့လူပဲလေ"
"ဒါပေမယ့်
သူက သွားမယ်မထင်ဘူး"
"သူမသွားရင်
လူတွေရဲ့ရယ်စရာဖြစ်သွားလိမ့်မယ်။ ဒါကြောင့် သူသွားမှာပါ"
ထို့ကြောင့်
"ချောင်ချောင်း"(Cao Cao) သည် "ရွှီရှူ"(Xu Shu) ကိုခေါ်ကာ
"ငါက
ဖန်ချန်ကိုချေမှုန်းချင်တာ။ ဒါပေမယ့်လည်း တိုင်းသူပြည်သားတွေကို ငဲ့ညာတဲ့အတွက် မတိုက်သေးပဲ
လျူဘေ့(Liu Bei) ကို လက်နက်ချဖို့အရင်တောင်းဆိုမလို့။ သူသာ အညံ့ခံရင် သူ့ကိုမသတ်ရုံမက
ရာထူးတောင်ပေးထားမှာ။ အခုအတိုင်းသာဆက်သွားရင် သူ့လက်အောက်ကလူတွေအများကြီးသေလိမ့်မယ်၊
ခင်ဗျားက ရိုးသားတဲ့လူဆိုတော့ ဒီသံတမန်တာဝန်ကို ခင်ဗျားကိုလွှဲပေးလိုက်ပြီ။ ကျုပ်ကိုစိတ်ပျက်အောင်
မလုပ်ပါနဲ့" ဟု ပြောသည်။
"ရွှီချူ"(Xu
Shu) သည် မည်သို့မျှမပြောသော်လည်း အမိန့်ကိုလက်ခံကာ "လျူဘေ့"(Liu Bei) ထံသွားသည်။
"လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့သည်
"ရွှီရှူ"(Xu Shu) ကိုကြိုဆိုကာ ရှေးဖြစ်နှောင်းဟောင်းများပြောကြသည်။ ထို့နောက်
"ရွှီရှူ"(Xu Shu) သည် သူလာသည့်အကြောင်းကိုပြောသည်။
"ချောင်ချောင်း(Cao
Cao) က ခင်ဗျားတို့လက်နက်ချအောင်တိုက်တွန်းဖို့ ကျွန်တော့်ကိုလွှတ်လိုက်တာ။ ဒါ့အပြင်
သူက ဖန်ချန်ကိုတိုက်ဖို့လည်း ပြင်ဆင်မှုတွေလုပ်နေတယ်၊ မြစ်ဖြူမြစ်က ရေကိုဆည်ဖို့ပြီးတော့
အဲ့ရေနဲ့ဖန်ချန်မြို့ကိုတိုက်ဖို့လုပ်လိမ့်မယ်"
"လျူဘေ့"(Liu
Bei) သည် "ရွှီရှူ"(Xu Shu) အား နေရစ်ခဲ့ရန်ပြောရာ "ရွှီရှူ"(Xu
Shu) က
"ဒါမဖြစ်နိုင်ဘူး။
ကျွန်တော်နေခဲ့ရင် လောကကြီးက ကျွန်တော့်ကိုပြက်ရယ်ပြုကြလိမ့်မယ်။ ကျွန်တော့်အမေလည်း
သေသွားခဲ့ပြီ။ ရန်ငြိုးကိုတော့ဘယ်တော့မှမမေ့ဘူး။ လူကအဲ့မှာရှိနေပေမယ့် ကျွန်တော်ဘယ်တော့မှ
ချောင်ချောင်း(Cao Cao) အတွက်အကြံဉာဏ်မပေးပါဘူး။ ဒါ့အပြင် အခု ကျူးကဲလျန့်(Zhuge
Liang) လည်းရှိတယ်ဆိုတော့ စိတ်ပူစရာမရှိပါဘူး။ သွားခွင့်ပြုပါဦး" ဟု ပြောသည်။
"ရွှီရှူ"(Xu
Shu) သည် "ချောင်ချောင်း"(Cao Cao) ထံသွားပြီး "လျူဘေ့"(Liu
Bei) လက်နက်ချရန်အစီအစဉ်မရှိကြောင်းပြောရာ "ချောင်ချောင်း"(Cao Cao) သည်
တိုက်ခိုက်မှုအတွက်ပြင်ဆင်လေသည်။
"လျူဘေ့"(Liu
Bei) သည် မည်သို့လုပ်ဆောင်ရမည်ကို "ကျူးကဲလျန့်"(Zhuge Liang) နှင့်တိုင်ပင်ရာ
"ကျူးကဲလျန့်"(Zhuge Liang) က
"ကျွန်တော်တို့
ဖန်ချန်မြို့ကိုစွန့်ခွာပြီးတော့ ရှန်းရန်ကိုသွားရမယ်" ဟု ပြောသည်။
"ဒါပေမယ့်
ငါတို့နဲ့အတူလိုက်လာတဲ့လူတွေရော ဘယ်လိုလုပ်မလဲ။ သူ့တို့ကို စွန့်ပစ်ခဲ့လို့မဖြစ်ဘူး"
"သူတို့ကို
သူတို့ဆန္ဒအတိုင်း နေရစ်ချင်နေ၊ မနေချင်ရင်လိုက်နိုင်တယ် လို့ပြောလိုက်ပါ"
လူ အကုန်လုံးတို့က
"ကျွန်တော်တို့
သေရွာကိုသွားရမယ်ဆိုရင်တောင် မင်းသားနဲ့လိုက်ပါ့မယ်" ဟု ပြောကြသည်။
ထို့နောက်
"ကွမ်းယွီ"(Guan Yu) ကို သင်္ဘောတို့ပြင်ဆင်ထားခိုင်းလေသည်။
ထွက်ခွာရန်ပြင်ဆင်ကြသောအခါ
ငိုယိုသည့်သူတို့က ငိုကုန်သည်။ လူငယ်တို့က အသက်ကြီးသူတို့ကို ကူညီကာ၊ မိဘတို့ကသားသမီးတို့ကိုဦးဆောင်ကာ၊
စစ်သည်တို့က အမျိုးသမီးတို့အား သယ်ဆောင်ကာ သင်္ဘောပေါ်သို့တက်ကြလေသည်။ လူအပေါင်းတို့ထိုသို့ဝမ်းနည်းကြသည်ကို
"လျူဘေ့"(Liu Bei) တွေ့လျှင် စိတ်မကောင်းဖြစ်ကာ
"ငါ
ဘာလို့များမွေးဖွားလာရတာလဲ? လူတွေကို ဒီလိုဒုက္ခရောက်စေဖို့လား?" ဟုဆိုလေသည်။ သင်္ဘော
ဆိပ်ကမ်းသို့ကပ်ပြီးနောက် ရှန်းရန်အနီးသို့ရောက်လျှင် "လျူဘေ့"(Liu Bei)
သည်
"ငါ့တူ
လျူကျုံး(Liu Zong) ၊ ငါက လူတွေကိုကူညီချင်လို့ပါ။ တခြားဘာအကြောင်းမှမရှိပါဘူး။ မြို့တံခါးကိုဖွင့်ပေးပါ"
ဟု ပြောသည်။ "လျူကျုံး"(Liu Zong) သည် ကြောက်ကာ ထွက်မလာရဲပေ။ "ချိုက်မောက်"(Cai
Mao) နှင့် "ကျန်းယွင်"(Zhang Yun) တို့သည် မြို့တံတိုင်းပေါ်မှ မြားတို့ဖြင့်
ပစ်ရန်အမိန့်ပေးလေသည်။
ထိုအချိန်တွင်
စစ်သူကြီးတစ်ဦးမှ
"ချိုက်မောက်(Cai
Mao) နဲ့ ကျန်းယွင်(Zhang Yun) က သစ္စာဖောက်တွေပဲ။ လျူဘေ့(Liu Bei) က တရားမျှတတဲ့လူ၊
ဒီကိုလာတာ သူ့လူတွေကို နေရာချပေးချင်လို့လေ။ ဘာလို့တိုက်ရတာလဲ" ဟု ပြောသည်။ ထိုစစ်သူကြီးမှာ
ရီရန်မှ "ဝေ့ရန်"(Wei Yan) ဟုခေါ်သော စစ်သူကြီးဖြစ်သည်။ အရပ်ခြောက်ပြန်ခန့်မြင့်ပြီး
ညိုသောအသားအရည်ရှိသည်။ ထိုသူသည် မြို့စောင့်တို့ကိုခြိမ်းခြောက်ကာ မြို့တံခါးကိုဖွင့်စေလိုက်သည်။
ထို့နောက်
"ဦးရီးတော်
လျူဘေ့(Liu Bei) ၊ ဝင်လာပြီးတော့ ဒီသစ္စာဖောက်တွေကိုရှင်းပစ်ပါ" ဟု ပြောလေသည်။
ထိုအခါ
"ကျန်းဖေး"(Zhang Fei) သည် မြို့တွင်းသို့ဝင်ပြီးတိုက်မည်ပြူသော်လည်း အစ်ကိုဖြစ်သူက
"မြို့သူမြို့သားတွေအထိတ်တလန့်ဖြစ်အောင်မလုပ်နဲ့"
ဟု တားလိုက်သည်။
ထိုအချိန်တွင်
"ဝင်ဖင်"(Wen Ping) ဟူသောစစ်သူကြီးရောက်လာကာ "ဝေ့ရန်"(Wei
Yan) နှင့်တိုက်ကြလေသည်။
"လျူဘေ့"(Liu
Bei) - "ငါက လူတွေကိုမြို့ထဲမှာ နေခိုင်းစေဖို့အတွက်ပဲ။ ငါ မြို့ထဲဝင်ဖို့ ဆန္ဒမရှိခဲ့ဘူး"
"ကျူးကဲလျန့်"(Zhuge
Liang) : "ကျန်းလင်လည်း ဗျူဟာအရအရေးပါတဲ့နေရာပဲ။ ကျွန်တော်တို့အဲ့ကိုသွားကြတာပေါ့"
"လျူဘေ့"(Liu
Bei) : "ကောင်းပြီ"
သို့နှင့်
"လျူဘေ့"(Liu Bei) တို့အဖွဲ့သည် ရှန်းရန်မြို့မှထွက်ခွာသွားကြသည်။ မြို့အတွင်းမှ
လူအများအပြားတို့သည် အရှုပ်အထွေးများကြားဝယ် "လျူဘေ့"(Liu Bei) နှင့်အတူလိုက်သွားကြသည်။
မြို့အတွင်းတွင် "ဝေ့ရန်"(Wei Yan) နှင့် "ဝင်ဖင်"(Wen Ping) တို့၏တိုက်ပွဲသည်
လေးငါးနာရီခန့်ကြာမြင့်ခဲ့ပြီးနောက် စစ်သားတို့သေဆုံးကုန်ကာ "ဝေ့ရန်"(Wei
Yan) လည်း ထွက်ပြေးလွတ်မြောက်သွားသည်။ "ဝေ့ရန်"(Wei Yan) သည် "လျူဘေ့"(Liu
Bei) ကိုရှာသော်လည်း မတွေ့သည်နှင့် ချန်ဆားသို့သွားပြီး မြို့စား "ဟန်ရွှမ်"(Han
Xuan) ထံတွင် ခိုလှုံနေခဲ့သည်။
"လျူဘေ့"(Liu
Bei) သည် ရှန်းရန်မြို့မှထွက်ခွာလာသောအခါ သူ၏နောက်လိုက်နောက်ပါ စစ်သား၊ အရပ်သားစုစုပေါင်းတစ်သိန်းကျော်ရှိပြီး
လှည်းပေါင်းထောင်ချီပါဝင်သည်။ ထိုလူစုသည် "လျူပြောင်း"(Liu Biao) ၏အုတ်ဂူနားမှအဖြတ်ဝယ်
"လျူဘေ့"(Liu Bei) သည် ထိုအုတ်ဂူသို့သွားပြီး အရိုအသေပြုလေသည်။
"ကျွန်တော့်ကြောင့်
အစ်ကိုကြီးအရှက်ရစေခဲ့မိပြီ။ ကျွန်တော့်မှာအရည်အချင်းမရှိတော့ အစ်ကိုကြီးလုပ်ခိုင်းစေခဲ့တဲ့တာဝန်ကိုမလုပ်ဆောင်နိုင်ခဲ့ဘူး။
တမလွန်က အစ်ကိုကြီးရဲ့ဝိညာဉ်က ဒီလူတွေကို စောင့်ရှောက်ပေးပါ"
ထိုစကားကြောင့်
လူတို့သည် ဝမ်းနည်းကာ ငိုကြွေးကြလေသည်။
ထိုအချိန်တွင်
"ချောင်ချောင်း"(Cao Cao) သည် ဖန်ချန်ကိုသိမ်းပိုက်ပြီးနောက် မြစ်ကိုဖြတ်ရန်
ပြင်ဆင်နေပြီ။ "လျူဘေ့"(Liu Bei) ၏စစ်သူကြီးတို့က
"ကျန်းလင်က
ခုခံကာကွယ်ဖို့သင့်တော်တဲ့နေရာပါပဲ။ ဒါပေမယ့် ဒီလူအုပ်နဲ့ဆိုရင် ဖြည်းဖြည်းစီပဲသွားရမှာ
ဘယ်တော့မှများ မြို့ကိုရောက်နိုင်မလဲ? ချောင်ချောင်း(Cao Cao) သာ ကျွန်တော်တို့နောက်ရောက်လာရင်
ဒုက္ခရောက်ပြီ။ ဒါကြောင့် အရပ်သားတွေကိုစွန့်ခဲ့ပြီးတော့ ကျန်းလင်ကို အမြန်ချီတက်မှဖြစ်မယ်"
ဟု ပြောကြသည်။ "လျူဘေ့"(Liu Bei) က
"အောင်မြင်မှုကြီးတွေဟာ
လူသားတွေအပေါ်မှာ မူတည်တာပဲ။ ငါ့နောက်လိုက်ပါလာတဲ့လူတွေကို ငါက ဘာလို့စွန့်လွှတ်ရမှာလဲ"
ဟု ပြောသည်။
"ကျန်းကဲလျန့်"(Zhuge
Liang) မှ
"ရန်သူ့တပ်တွေက
မကြာခင်ရောက်လာတော့မယ်။ ကွမ်းယွီ(Guan Yu) ကိုအကူအညီတောင်းစေဖို့ ကျန်းရှာကိုလွှတ်ရမယ်။
ပြီးတော့ "လျူချီ"(Liu Qi) ရဲ့စစ်တပ်ကို ကျန်းလင်ကိုလွှတ်ခိုင်းပြီးတော့ ကျွန်တော်တို့အတွက်
သင်္ဘောပြင်ခိုင်းထားရမယ်" ဟု ပြောသည်။ "လျူဘေ့"(Liu Bei) သည် လက်ခံလိုက်ပြီး
စာတစ်စောင်ရေးကာ "ကွမ်းယွီ"(Guan Yu) ထံပေးလိုက်သည်။ "ကွမ်းယွီ"(Guan
Yu) သည် "စွန်းချန်"(Sun Qian) နှင့်အတူ စစ်သားငါးရာကိုဦးဆောင်ကာ ထွက်သွားသည်။
"ကျန်းဖေး"(Zhang Fei) ကို တပ်နောက်ပိုင်းကိုကာကွယ်စေသည်။ "ကျောက်ယွင်"(Zhao
Yun) ကိုမူ "လျူဘေ့"(Liu Bei) ၏မိသားစုတို့အား စောင့်ကြပ်စေသည်။ ကျန်သောသူတို့မှာ
အရပ်သားတို့နှင့်အတူ ဆက်လက်ချီတက်ကြသည်။
ထိုအဖွဲ့ကြီးသည်
တစ်ရက်လျှင် သုံးလေးမိုင်ခန့်သာခရီးပေါက်လေသည်။
ဖန်ချန်မှ
"ချောင်ချောင်း"(Cao Cao) သည် ရှန်းရန်သို့စစ်တပ်လွှတ်ကာ "လျူကျုံး"(Liu
Zong) ကိုခေါ်စေသည်။ "လျူကျုံး"(Liu Zong) သည် ကြောက်လန့်ပြီးထွက်မလာရဲချေ။
"ဝမ်ဝေ"(Wang Wei) သည် "လျူကျုံး"(Liu Zong) ထံသွားကာ
"အခု
သခင်က လက်နက်ချလိုက်တယ်ဆိုတော့ ချောင်ချောင်း(Cao Cao) က သခင့်အပေါ်သတိထားနေမှာ မဟုတ်ဘူး။
ဒါကိုအခွင့်ကောင်းယူပြီးတော့ ချောင်ချောင်း(Cao Cao) ကိုဖမ်းရမယ်။ သူ့ကိုဖမ်းနိုင်လိုက်ရင်
သခင်ဟာ တစ်တိုင်းပြည်လုံးမှာ နာမည်ကြီးသွားလိမ့်မယ်။ ဒီအခွင့်အရေးကိုလက်လွှတ်မခံသင့်ဘူး"
ဟု ပြောသည်။
"လျူကျုံး"(Liu
Zong) သည် "ချိုက်မောက်"(Cai Mao) နှင့်တိုင်ပင်ရာ "ချိုက်မောက်"(Cai
Mao) မှ "ဝမ်ဝေ"(Wang Wei) အား
"ခင်ဗျားရူးနေပြီ။
ခင်ဗျား ဘာမှနားလည်တာလည်း မဟုတ်ဘူး" ဟု ပြောကာ အပြစ်တင်သည်။ "ဝမ်ဝေ"(Wang
Wei) က
"ချိုက်မောက်"(Cai
Mao) က သစ္စာဖောက်ပဲ။ ဖြစ်နိုင်ရင် သူ့ကိုအစိမ်းစားလိုက်ချင်တယ်" ဟု ဒေါသတကြီးပြောသည်။
ရန်ပွဲသည် ကြီးသည်ထက်ကြီးလာသည်။ သို့သော်လည်း "ခွိုင်ယွဲ့"(Kuai Yue) မှ
ကြားဝင်ဖျန်ဖြေသဖြင့် ရန်ပွဲပြီးဆုံးသွားသည်။
ထို့နောက်
"ချိုက်မောက်"(Cai Mao) နှင့် "ကျန်းယွင်"(Zhang Yun) တို့သည်
ဖန်ချန်သွားကာ "ချောင်ချောင်း"(Cao Cao) နှင့်တွေ့သည်။ "ချိုက်မောက်"(Cai
Mao) သည် မြှောက်ပင့်ပြောဆိုတတ်သူ၊ သစ္စာမရှိသူဖြစ်လေရကား "ချောင်ချောင်း"(Cao
Cao) မှ ကျင်ကျိုးတွင် ရိက္ခာမည်မျှရှိသည့်အကြောင်းမေးရာ "ချိုက်မောက်"(Cai
Mao) မှ
"မြင်းငါးသောင်း၊
ခြေလျင်တပ်သားတစ်သိန်းခွဲနဲ့ ရေတပ်သား ရှစ်သောင်းရှိပါတယ်။ စားနပ်ရိက္ခာနဲ့ငွေကြေးအများစုက
ကျန်းလင်မှာ သိုလှောင်ထားတယ်။ တစ်နှစ်စာလုံလောက်တဲ့ရိက္ခာရှိပါတယ်" ဟုပြောသည်။
"သင်္ဘောတွေကကော
ဘယ်နှစင်းရှိတုန်း။ ရေတပ်ကိုဘယ်သူကဦးဆောင်လဲ"
"သင်္ဘောအရွယ်အစားမျိုးစုံစုစုပေါင်းခုနှစ်ထောင်ရှိပြီးတော့
ကျွန်တော်တို့နှစ်ယောက်က ရေတပ်စစ်သူကြီးတွေပါ"
ထိုအခါ
"ချောင်ချောင်း"(Cao Cao) သည် "ချိုက်မောက်"(Cai Mao) အား
"တောင်ပိုင်းကိုချုပ်ကိုင်ထားသောသခင်' ၊ 'ရေတပ်စစ်သူကြီး' စသောရာထူးကိုလည်းကောင်း၊
"ကျန်းယွင်"(Zhang Yun) ကိုမူ 'ဒု-ရေတပ်စစ်သူကြီး' ဟူသောရာထူးကိုပေးသည်။
ထို့အပြင် ထိုသူနှစ်ဦးပြန်ခါနီးတွင် "ချောင်ချောင်း"(Cao Cao) မှ
"မင်းတို့သခင်ကိုလည်း
သူ့အဖေရာထူးဖြစ်ခဲ့တဲ့ ကျင်ကျိုးနယ်စားရာထူးပေးပါ့မယ်" ဟု ကတိပေးလိုက်သည်။ ထိုသူနှစ်ဦးတို့လည်း
ကျေးဇူးတင်စကားပြောကာ ပြန်သွားကြသည်။
ထိုလူနှစ်ဦးပြန်သွားသော်
"ရွှင်ယို"(Xun You) မှ "ချောင်ချောင်း"(Cao Cao) အား
"ဒီလူနှစ်ဦးက
ကိုယ့်အကျိုးအတွက်ပဲကြည့်တတ်တဲ့ ကပ်ဖားရပ်ဖားတွေပဲ၊ သူတို့ကို ဘာလို့ဒီလိုကောင်းကောင်းဆက်ဆံရတာလည်း"
ဟု မေးသည်။
"သူတို့တွေဘယ်လိုလူမျိုးလည်းဆိုတာ
ငါမသိပဲနေမလား? ငါတို့က မြောက်ပိုင်းကဆိုတော့ ရေကြောင်းရေးရာမှာ သိပ်နားမလည်ဘူး။ ဒါကြောင့်
သူတို့ကိုအားကိုးရမှာ။ ငါ့ရည်ရွယ်ချက်အောင်မြင်သွားရင်တော့ သူတို့ကိုလုပ်ချင်တာလုပ်လို့ရပြီ"
"လျူကျုံး"(Liu
Zong) သည် "ချောင်ချောင်း"(Cao Cao) ၏ကတိကိုကြားရသောအခါ ဝမ်းမြောက်သွားပြီး
"ချောင်ချောင်း"(Cao Cao) ကို ကြိုဆိုရန်ပြင်သည်။ "ချောင်ချောင်း"(Cao
Cao) ရောက်လာသောအခါ "ခွိုင်ယွဲ့"(Kuai Yue) ကို ဆင့်ခေါ်စေကာ
"ကျုပ်
ကျင်ကျိုးကိုသိမ်းရတာဟာ ခင်ဗျားနဲ့တွေ့ရတာလောက် ဝမ်းမသာမိဘူး" ဟု ပြောလေသည်။
"ခြိုင္ယြဲ့"(Kuai
Yue) ကို ကျန်းလင်မြို့စား၊ ဖန်ချန်အရှင်သခင် စသော ရာထူးများပေးသည့်အပြင် "ခွိုင်ယွဲ့"(Kuai
Yue) ၏အပေါင်းအပါများဖြစ်သည့် "ဝမ်ချန်း"(Wang Can) ၊ "ဖူရွှမ်"(Fu
Xuan) စသောသူတို့ကိုလည်း သူကောင်းပြုလေသည်။ "လျူကျုံး"(Liu Zong) ကိုမူ ချင်ကျိုးနယ်စားဟူသော
ရာထူးပေးပြီး မြောက်ပိုင်းသို့ပြောင်းရွေှ့စေသည်။
"လျူကျုံး"(Liu
Zong) သည် ကြောက်လန့်ကာ
"ကျွန်တော်
တကယ့်အမှုထမ်းအဖြစ်တာဝန်ထမ်းဆောင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ကျွန်တော့်မိဘတွေရှိခဲ့တဲ့ဒီနေရာမှာပဲ
နေပါရစေ" ဟု ပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ချင်ကျိုးနယ်က
မြို့တော်နဲ့နီးတယ်။ မင်းကိုအဲ့ကိုပြောင်းစေတာက ဒီက အရှုပ်အထွေးတွေကနေလွတ်အောင်လို့"
ဟု ပြောလေသည်။
"လျူကျုံး"(Liu
Zong) သည် ထိုရာထူးကိုငြင်းဆန်သော်လည်း မသွားမနေရ ဟူသောအမိန့်ကြောင့် အမေဖြစ်သူနှင့်အတူ
ထွက်ခွာရန်ပြင်ဆင်သည်။ သူ၏အမှုထမ်းထဲတွင် "ဝမ်ဝေ"(Wang Wei) တစ်ယောက်သာ သူနှင့်လိုက်သည်။
အခြားသောအမှုထမ်းတို့ကမူ မြစ်နားအထိသာ လိုက်ပို့သည်။
ထို့နောက်
"ချောင်ချောင်း"(Cao Cao) သည် "ယွီကျင့်"(Yu Jin) ကို ခေါ်ကာ
"လျူကျုံး(Liu
Zong) နောက်လိုက်ပြီးတော့ သူရော၊ သူ့အမေကိုပါ သတ်လိုက်၊ ဒါဆို စိတ်ပူစရာမရှိတော့ဘူး"
ဟု ဆိုသည်။ "ယွီကျင့်"(Yu Jin) သည် "လျူကျုံး"(Liu Zong) နောက်
လိုက်မှီသောအခါ
"မင်းတို့ကိုသတ်ဖို့
ဝန်ကြီးချုပ်ဆီက အမိန့်ရထားတယ်။ အေးအေးဆေးဆေးနဲ့အသေခံပါ" ဟု ပြောလေသည်။ ချိုက်အမျိုးသမီးသည်
သားဖြစ်သူကိုဖက်ကာ ငိုကြွေးလေသည်။ "ယွီကျင့်"(Yu Jin) သည် စစ်သားတို့အား
တိုက်ရန်အမိန့်ပေးလိုက်သည်။ "ဝမ်ဝေ"(Wang Wei) သည် သခင်ဖြစ်သူအား ကာကွယ်ရန်
ခုခံပြီး သေဆုံးသွားခဲ့သည်။ ထို့နောက် အမေရော၊ သားပါ အသတ်ခံလိုက်ရသည်။ "ယွီကျင့်"(Yu
Jin) သည် သူ၏အောင်မြင်မှုကို သတင်းပို့လေရာ ဆုလာဘ်ပေးခြင်းခံရသည်။
ထို့နောက်
"ချောင်ချောင်း"(Cao Cao) သည် စစ်သားတို့အား လွှတ်ကာ "ကျူးကဲလျန့်"(Zhuge
Liang) ၏မိသားစုဝင်တို့ကိုသတ်စေသည်။ သို့သော်လည်း "ကျူးကဲလျန့်"(Zhuge
Liang) သည် သူ၏မိသားစုဝင်တို့အား အခြားနေရာသို့ ပြောင်းရွေှ့စေခဲ့နှင့်ပြီ။
ရှန်းရန်တွင်
အခြေချပြီးနောက် "ရွှင်ယို"(Xun You) သည် "ချောင်ချောင်း"(Cao
Cao) အား
"ကျန်းလင်ကိုသာ
လျူဘေ့(Liu Bei) ရသွားရင် သူ့ကိုအောင်နိုင်ဖို့ခက်ခဲသွားလိမ့်မယ်" ဟု ပြောသည်။
"ချောင်ချောင်း"(Cao Cao) က
"အဲ့အချက်ကို
ငါမတွေးမိဘူး" ဟု ပြောသည်။ ထို့နောက် ရှန်းရန်မြို့ရှိအမှုထမ်းများကိုခေါ်စေသည်။
"ဝင်ဖင်"(Wen Ping) မှတပါး အခြားသောအမှုထမ်းတို့လာကြသည်။ "ဝင်ဖင်"(Wen
Ping) ကို ထပ်ခေါ်စေရာ မကြာမီတွင် "ဝင်ဖင်"(Wen Ping) ရောက်လာသည်။ "ချောင်ချောင်း"(Cao
Cao) မှ
"ဘာလို့
နောက်ကျပြီးမှ ရောက်လာရသလဲ" ဟု မေးသည်။
"သခင်ဖြစ်တဲ့လူက
နယ်မြေဆုံးရှုံးသွားတော့ ကျွန်တော်က အရှက်ရပြီး တခြားလူတွေနဲ့မရင်ဆိုင်ရဲတာကြောင့်
မလာတာပါ"
"ချောင်ချောင်း"(Cao
Cao) သည် "ဝင်ဖင်"(Wen Ping) ၏ သစ္စာရှိမှုကိုနှစ်သက်ကာ ကျန်းရှာမြို့စားရာထူးပေးလိုက်သည်။
ထိုအချိန်တွင် သူလျှိုတို့ရောက်လာပြီး
"လျူဘေ့(Liu
Bei) နောက်လိုက်တဲ့လူများတော့ သူကတစ်ရက်ကို သုံးလေးမိုင်လောက်ပဲ ခရီးသွားနိုင်တယ်၊
ဒါကြောင့် သူက ဒီကနေ မိုင်တစ်ရာအကွာလောက်မှာပဲရှိတယ်" ဟုပြောသည်။ ထိုအခါ
"လျူဘေ့"(Liu Bei) ကိုတိုက်ရန် မြင်းသည်တော်ငါးထောင်ကိုလွှတ်လိုက်သည်။
တစ်ရက်တွင်
"ကျူးကဲလျန့်"(Zhuge Liang) သည် "လျူဘေ့"(Liu Bei) အား
"ကျန်းရှာက
ဘာသတင်းမှမကြားတာ တစ်ခုခုမှားနေပြီ" ဟု ပြောသည်။
"ခင်ဗျားကိုယ်တိုင်သွားရင်ကောင်းမယ်။
ခင်ဗျားက လျူချီ(Liu Qi) ကိုကူညီခဲ့ဖူးတော့ ခင်ဗျားတောင်းဆိုတာဆိုရင်တော့ လက်ခံမှာပါ"
သို့နှင့်
"ကျူးကဲလျန့်"(Zhuge Liang) သည် "လျူဘေ့"(Liu Bei) မွေးစားသား
"လျူဖုန်း"(Liu Feng) နှင့် စစ်သားငါးရာနှင့်အတူထွက်သွားသည်။ ရက်အနည်းငယ်ကြာသော်
ခရီးဆက်နေခိုက် လေပြင်းမုန်တိုင်းတစ်ခုသည် နေကိုဖုံးအုပ်ထားသည်ကိုမြင်လိုက်သည်။
"လျူဘေ့"(Liu Bei) မှ
"ဒါ
ဘာအတိတ်နိမိတ်များပါလိမ့်" ဟု ပြောလေသည်။
"ကျန်းယုံ"(Jian
Yong) သည် သူ၏လက်တို့ဖြင့်တွက်ချက်ပြီးနောက်
"ဒီညမှာ
အခက်အခဲကြီးတစ်ခုလာလိမ့်မယ်။ သခင်ကြီးက လူတွေကိုထားခဲ့ပြီး အရင်ထွက်ပြေးမှဖြစ်မယ်"
ဟု ပြောသည်။
"ဒီလိုလုပ်လို့မဖြစ်ဘူး"
"သနားကြင်နာမှုကိုဦးစားပေးရင်
ဒုက္ခရောက်လိမ့်မယ်"
"လျူဘေ့"(Liu
Bei) သည် ထိုအနီးအနားနေရာတစ်ဝိုက်အကြောင်းကိုမေးရာ "ကျန်းယုံ"(Jian
Yong) မှ
"ဒီနားက
တန်းရန်နဲ့နီးတယ်။ နောက်ပြီး 'ဖြစ်နိုင်ချေ' လို့ခေါ်တဲ့တောင်တစ်တောင်ရှိတယ်" ဟု
ပြောသည်။
ထိုအချိန်သည်
ဆောင်းဦးအကုန်၊ ဆောင်းဝင်ခါနီးအချိန်ဖြစ်ပြီး အရိုးအထိခိုက်ခိုက်တုန်အောင်အေးသောအချိန်ဖြစ်သည်။
"လျူဘေ့"(Liu Bei) သည် ညဘက်စခန်းချနေစဉ် ညသန်းခေါင်ကျော်အချိန်တွင် အနောက်မြောက်ဘက်မှ
အသံတို့ကြားရာ စစ်သားနှစ်ထောင်လွှတ်ပြီး စုံစမ်းစေသည်။ မကြာမီပင် "ချောင်ချောင်း"(Cao
Cao) ၏စစ်တပ်ပေါ်လာပြီးတိုက်ခိုက်လေသည်။ "လျူဘေ့"(Liu Bei) သည် အပြင်းအထန်တိုက်ခိုက်သော်ငြားလည်း
ရန်သူကိုမခုခံနိုင်ပေ။ "ကျန်းဖေး"(Zhang Fei) သည် "လျူဘေ့"(Liu
Bei) ကိုကယ်တင်ကာ ရန်သူတို့ကိုဖောက်ထွက်နိုင်ခဲ့ပြီး အရှေ့ဘက်အရပ်သို့ပြေးလေသည်။ ထိုနေရာတွင်
"ဝင်ဖင်"(Wen Ping) နှင့်တွေ့ရာ "လျူဘေ့"(Liu Bei) မှ
"သစ္စာဖောက်၊
မင်း တခြားလူတွေကိုရင်ဆိုင်နိုင်ရဲသေးရဲ့လား?" ဟု ပြောလေသဖြင့် "ဝင်ဖင်"(Wen
Ping) သည်အရှက်ရပြီး တပ်ပြန်ဆုတ်သွားသည်။
"လျူဘေ့"(Liu
Bei) သည် ရန်သူတို့ရန်မှထွက်ပြေးနိုင်ခဲ့ပြီး ခဏနားနေခိုက်
"ငါ့ကြောင့်
လူတွေအများကြီးဒုက္ခရောက်ခဲ့ပြီ။ ငါ့မိသားစုနဲ့လက်အောက်ခံတွေလည်း ပျောက်နေတယ်။ ဒီအချိန်မှာ
မငိုနိုင်ပဲဘယ်ရှိပါ့မလဲ" ဟု ညည်းတွားလေသည်။ ထိုအချိန်တွင် "မီဖန်"(Mi
Fang) ရောက်လာကာ
"ကျောက်ယွင်(Zhao
Yun) က ချောင်ချောင်း(Cao Cao) လက်အောက်ဝင်သွားပြီ" ဟု ပြောလေသည်။ "လျူဘေ့"(Liu
Bei) သည် ထိုသို့ကြားလျှင် စိတ်ဆိုးကာ
"ငါ့မိတ်ဆွေဟောင်းက
အဲ့လိုလုပ်မယ်ဆိုတာ မယုံဘူး" ဟုပြောပြီး ထပ်မပြောတော့ရန် တားမြစ်လိုက်သည်။
"ကျန်းဖေး"(Zhang Fei) မှ ဝင်ပြီး
"သူ
တကယ် ရန်သူ့လက်အောက်မှာအညံ့ခံလိုက်တာဖြစ်မှာပေါ့။ ကျွန်တော်တို့က စစ်ရှုံးခါနီးနေပြီ၊
ဟိုဘက်က ဂုဏ်တွေ၊ ပကာသနတွေနောက် လိုက်သွားမှာပေါ့" ဟု ပြောသည်။
"လျူဘေ့"(Liu
Bei) : "သူက ငါနဲ့အတူတူလိုက်ပြီး ဒုက္ခတွေအများကြီးခံလာခဲ့တာ။ သူ့နှလုံးသားက ကျောက်တုံးလိုပဲ
မာကျောတယ်။ ဂုဏ်တွေ၊ ချမ်းသာကြွယ်ဝမှုတွေကိုမက်တဲ့လူမဟုတ်ဘူး"
"မီဖန်"(Mi
Fang) : "သူ အနောက်မြောက်ဘက်ကိုသွားတာ မြင်လိုက်တယ်"
"ကျန်းဖေး"(Zhang
Fei) : "ကျွန်တော် သူနဲ့ရင်ဆိုင်လို့ကတော့ သူ့ကိုသတ်ပစ်မယ်"
"လျူဘေ့"(Liu
Bei) : "သူ့ကိုသံသယမဖြစ်နဲ့။ အရင်တုန်းကလည်း မင်းက အစ်ကိုဖြစ်တဲ့ကွမ်းယွီ(Guan
Yu) ကိုအထင်လွဲတော့ ကွမ်းယွီ(Guan Yu) က ချိုင်ရန်(Cai Yang) ကိုသတ်ပြီး သက်သေပြခဲ့တာမေ့သွားပြီလား?
သူ ဒီကိုမလာသေးတာ သူ့အကြောင်းနဲ့သူရှိမှာပါ။ သူ ငါ့ကိုဘယ်တော့မှ စွန့်ခွာမှာမဟုတ်ဘူး"
သို့သော်လည်း
"ကျန်းဖေး"(Zhang Fei) သည် လက်မခံပဲ စစ်သည်အချို့ကိုခေါ်ကာ လုံတောင်ကုန်းတံတားနားတွင်
စောင့်နေသည်။
ထိုအချိန်တွင်
"ကျောက်ယွင်"(Zhao Yun) သည် မနက်လေးနာရီခန့်မှ မိုးစဉ်စဉ်လင်းသည်အထိ ရန်သူတို့နှင့်တိုက်နေခဲ့သည်။
သူ့သခင်၏အရိပ်အယောင်ကိုမတွေ့။ ပိုဆိုးသည်မှာ လမ်းတွင် သခင်ဖြစ်သူ၏မိသားစုနှင့် ကွဲသွားခဲ့သည်။
'သခင်က ငါ့ကိုသူ့မိသားစုနဲ့
သား လျူရှန်(Liu Shan) ကို စောင့်ရှောက်ဖို့တာဝန်ပေးခဲ့တာ။ အခုသူတို့ပျောက်နေပြီ။ သခင်ကြီးဆီကို
ဘယ်လိုပြန်ပြီးမျက်နှာပြရမလဲ? အခုတော့ ရန်သူနဲ့သေသေကြေကြေတိုက်ပြီးတော့ သခင်ကြီးရဲ့ဇနီးနှစ်ဦးနဲ့
သားကိုရှာရမယ်'
"ကျောက်ယွင်"(Zhao
Yun) ၏နောက်တွင် လူလေးဆယ်ခန့်သာကျန်တော့သည်။ ထိုလူတို့ကိုခွဲစေပြီး "လျူဘေ့"(Liu
Bei) ၏မိသားစုကိုလိုက်ရှာစေသည်။ တစ်နေရာအရောက်တွင် မြက်ခင်းပေါ်တွင်လှဲနေသော "ကျန်းယုံ"(Jian
Yong) ကိုတွေ့သည်။
"သခင်မကြီး
နှစ်ဦးကိုတွေ့မိလား?"
"သူတို့တွေ
လျူရှန်(Liu Shan) ကိုခေါ်ပြီး လှည်းနဲ့ထွက်သွားတာပဲ။ ကျုပ်လည်း သူတို့နဲ့လိုက်သွားခဲ့တာ၊
ဒါပေမယ့် လမ်းမှာဒဏ်ရာရသွားတဲ့အပြင် မြင်းကလည်း အခိုးခံလိုက်ရတော့ ဆက်မသွားနိုင်လို့လှဲနေတာ"
"ကျောက်ယွင်"(Zhao
Yun) သည် သူ့နောက်လိုက်တစ်ဦး၏မြင်းပေါ်တွင် "ကျန်းယုံ"(Jian Yong) ကို တင်ကာ
"လျူဘေ့"(Liu Bei) ထံသွားပြီး အကျိုးအကြောင်းပြောရန် လွှတ်လိုက်သည်။
"ကျွန်တော်
ပျောက်ဆုံးနေတဲ့မိသားစုတွေကို ကောင်းကင်ဘုံပဲရောက်ရောက်၊ ငရဲပြည်ပဲရောက်ရောက် ရအောင်ရှာမယ်၊
ရှာမတွေ့ရင်တော့ စစ်မြေပြင်မှာပဲ သေတော့မယ်လို့ သခင်ကြီးကို ပြောလိုက်ပါ။"
"ကျောက်ယွင်"(Zhao
Yun) သည် လုံတောင်ကုန်းတံတားနားအရောက်ဝယ် လူတစ်ယောက်မှ
"စစ်သူကြီး
ကျောက်ယွင်(Zhao Yun) ၊ ဘယ်သွားမလို့လဲ" ဟု မေးသည်။
"မင်းက
ဘယ်သူလဲ"
"မင်းသားလှည်းစောင့်ထဲက
တစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော်ဒဏ်ရာရခဲ့တယ်"
"သခင်မကြီးနှစ်ဦးက
ဘယ်ရောက်သွားလဲ"
"ခုဏတုန်းကတော့
ကန်းသခင်မကြီးက အမျိုးသမီးအချို့နဲ့တောင်ဘက်ကိုသွားတာ မြင်လိုက်တယ်။ သူ့ဆံပင်တွေကဖွာနေပြီး
ဖိနပ်လည်းမပါဘူး"
ထိုအကြောင်းကိုကြားသည်နှင့်
"ကျောက်ယွင်"(Zhao Yun) သည် မြင်းစီးကာ တောင်ဘက်သို့သွားသည်။
လမ်းတွင်
လူတစ်အုပ်ကိုတွေ့ရာ
"ဒီထဲမှာ
ကန်းသခင်မကြီး ရှိလား" ဟု မေးသည်။ ထိုလူအုပ်ထဲမှ အမျိုးသမီးတစ်ဦးသည် "ကျောက်ယွင်"(Zhao
Yun) ကိုကြည့်ကာ ငိုလေသည်။ "ကျောက်ယွင်"(Zhao Yun) သည် မြင်းပေါ်မှဆင်းပြီး
"ဒါ
ကျွန်တော့်အပြစ်ကြောင့် သခင်မကြီးတို့လမ်းကွဲသွားခဲ့တာပါ။ မီသခင်မကြီးနဲ့သခင်လေးတို့ရော"
ဟု မေးသည်။
"သူနဲ့ငါတို့က
လှည်းပေါ်ကဆင်းပြီး လမ်းလျှောက်ခဲ့ရတယ်။ နောက်တော့ စစ်သားတွေရောက်လာတော့ ငါလည်းထွက်ပြေးတာနဲ့
သူတို့ဘယ်ရောက်သွားလည်းမသိဘူး"
ထိုသို့စကားပြောနေစဉ်
စစ်သားတစ်ထောင်ခန့်ရောက်လာသည်။ ထိုစစ်တပ်ကိုဦးဆောင်လာသူမှာ စစ်သူကြီး "ချွန်းယွီတောက်"(Chunyu
Dao) ဖြစ်ပြီး "ချောင်ရန်"(Cao Ren) လက်အောက်မှ စစ်သူကြီးတစ်ဦးဖြစ်သည်။
သူသည် "မီကျူ"(Mi Zhu) ကိုဖမ်းမိပြီးချီတက်လာခြင်းဖြစ်သည်။ "ကျောက်ယွင်"(Zhao
Yun) သည် သူ၏လှံဖြင့် ရန်သူ့ခေါင်းဆောင်ကိုသတ်လိုက်ပြီး "မီကျူ"(Mi Zhu)
ကိုလွှတ်စေလိုက်သည်။ ထို့နောက် မြင်းနှစ်ကောင်ကိုယူကာ "မီကျူ"(Mi Zhu) နှင့်
ကန်းအမျိုးသမီးအားစီးစေပြီး လုံတောင်ကုန်းတံတားသို့သွားကြလေသည်။
သို့သော်လည်း
ထိုတံတားတွင် "ကျန်းဖေး"(Zhang Fei) ရပ်နေပြီး "ကျောက်ယွင်"(Zhao
Yun) ကိုမြင်လျှင်
"မင်း
ငါတို့သခင်ကြီးကိုဘာလို့သစ္စာဖောက်ခဲ့ရတာလဲ" ဟု ပြောသည်။
"ကျုပ်
နောက်ကျရတဲ့အကြောင်းအရင်းက သခင်မကြီးနဲ့ သခင်လေးကိုလိုက်ရှာနေရလို့။ ဘာလို့သစ္စာဖောက်တယ်လို့ပြောရတာတုန်း"
"ကျန်းယုံ(Jian
Yong) သာအရင်ရောက်လာပြီး အဖြစ်အပျက်ကိုမပြောခဲ့ရင် ငါမင်းကို သတ်မိမှာ"
"သခင်ကြီးက
ဘယ်မှာလဲ"
"ဒီကနေ
အရှေ့နားလောက်မှာပဲ"
"ကန်းသခင်မကြီးကို
သခင်ကြီးထံခေါ်သွားလိုက်ပါ။ ကျုပ် မီသခင်မကြီးကို သွားရှာလိုက်ဦးမယ်"
ထိုသို့ပြောပြီးနောက်
"ကျောက်ယွင်"(Zhao Yun) သည်အနောက်ဘက်သို့ပြန်လှည့်သွားသည်။
မကြာမီပင်
လက်တွင်လှံကိုင်ထားပြီး အနောက်ဘက်တွင် ဓားလွယ်ထားသောရန်သူကိုတွေ့လိုက်သည်။ "ကျောက်ယွင်"(Zhao
Yun) သည် ထိုသူကိုသတ်နိုင်လိုက်ပြီးနောက် ထိုသူ၏နောက်လိုက်စစ်သားတို့လည်း ထွက်ပြေးသွားသည်။
ထိုကျရှုံးသွားသောရန်သူမှာ "ချောင်ချောင်း"(Cao Cao) ၏ ဓားကိုင်အမှုထမ်း
"ရှဟိုအန်း"(XiahouEn) ဖြစ်သည်။ ထိုသူ၏နောက်ဘက်တွင် လွယ်ထားသောဓားမှာ
"ချောင်ချောင်း"(Cao Cao) ၏ဓားဖြစ်လေသည်။ "ချောင်ချောင်း"(Cao
Cao) တွင် "ကောင်းကင်သစ္စာ" နှင့် "အပြာရောင်ဓား" ဟုအမည်ရှိသော
ဓားနှစ်လက်ရှိသည်။ "ချောင်ချောင်း"(Cao Cao) သည် "ကောင်းကင်သစ္စာ"ဓားကိုကိုင်လေ့ရှိပြီး
ထိုဓားကိုင်အမှုထမ်းနောက်တွင် လွယ်ထားခဲ့သောဓားမှာ "အပြာရောင်ဓား" ဖြစ်သည်။
"ကျောက်ယွင်"(Zhao Yun) သည် ထိုဓားကိုမြင်လျှင် ဓားကောင်းဖြစ်မှန်းသိလေရာ
ယူလိုက်ပြီး သူ၏ခါးပတ်တွင်ချိတ်ထားလိုက်သည်။ ထိုအချိန်တွင် "ကျောက်ယွင်"(Zhao
Yun) နောက်တွင်လိုက်ပါသော စစ်သားတို့မရှိတော့ပေ။ သို့သော်လည်း သူသည် တွန့်ဆုတ်ခြင်းမရှိပဲ
ရှေ့သို့သာဆက်သွားသည်။
တစ်နေရာအရောက်တွင်
လူတစ်ဦးက
"ကလေးချီထားတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်တယ်။
ဒါပေမယ့် သူက ပေါင်မှာဒဏ်ရာရထားတော့လမ်းမလျှောက်နိုင်ပဲ တံတိုင်းနားက ကျင်းတစ်ခုမှာလှဲနေတယ်"
ဟုပြောသည်။ "ကျောက်ယွင်"(Zhao Yun) သည် ထိုနေရာသို့ရောက်လျှင် အမျိုးသမီးတစ်ဦးသည်
ရင်ခွင်ထဲဝယ် ကလေးကိုပိုက်လျက်ငိုနေသည်ကိုမြင်လိုက်သည်။
"ကျောက်ယွင်"(Zhao
Yun) သည် မြင်းပေါ်မှဆင်းပြီး ဒူးထောက်လိုက်သည်။ မီအမျိုးသမီးမှ
"မင်းရောက်လာပြီဆိုတော့
ကလေးက အသက်ချမ်းသာရာရမှာပါ။ သူက သူ့အဖေရဲ့တစ်ဦးတည်းသောကလေးပဲ။ သူ့ကိုသူ့အဖေဆီခေါ်သွားနိုင်ရင်
ငါသေပျော်ပါပြီ" ဟု ပြောသည်။
"သခင်မကြီး
အခုလိုဒုက္ခရောက်တာဟာ ကျွန်တော့်ရဲ့အပြစ်ကြောင့်ပါပဲ။ သခင်မကြီးက ကျွန်တော့်မြင်းကိုစီးပါ။
ကျွန်တော်က ဘေးကလိုက်ပြီး ကာကွယ်ပါ့မယ်"
"အဲ့လိုလုပ်လို့မဖြစ်ဘူး။
မင်းမြင်းမစီးလို့ဘယ်ဖြစ်မလဲ။ ဒီကလေးကိုမင်းလက်ထဲအပ်လိုက်ပြီ။ ငါဒဏ်ရာအပြင်းအထန်ရထားတယ်၊
ပြန်ကောင်းဖို့မျှော်လင့်ချက်မရှိဘူး။ ငါ့ကိုစိတ်မပူပဲ ကလေးကိုပဲခေါ်ပြီးသွားပါ"
"လူသံတွေကြားတယ်။
ရန်သူ့စစ်သားတွေက မကြာခင်ရောက်လာတော့မယ်။ သခင်မကြီး မြင်းပေါ်မြန်မြန်တက်ပါ"
"ဒါပေမယ့်
ငါတကယ်မလှုပ်ရှားနိုင်ပြီ။ ဆုံးရှုံးမှုနှစ်ခုဖြစ်အောင်မလုပ်နဲ့"
ထို့နောက်
ကလေးကို "ကျောက်ယွင်"(Zhao Yun) လက်ထဲပေးကာ
"ကလေးကိုခေါ်သွား၊
သူ့အသက်နဲ့လုံခြုံမှုက မင်းလက်ထဲမှာပဲ" ဟု ပြောသည်။
"ကျောက်ယွင်"(Zhao
Yun) သည် မီအမျိုးသမီးကိုမြင်းပေါ်တက်ရန်ပြောသော်လည်း မီအမျိုးသမီးကလက်မခံချေ။ မကြာမီပင်
စစ်သားတို့နီးကပ်လာသောအသံကိုကြားလိုက်ရာ "ကျောက်ယွင်"(Zhao Yun) မှ
"သခင်မကြီးက
ကျွန်တော်ပြောသလိုမလုပ်ရင် စစ်တပ်တွေရောက်လာရင် ဘယ်လိုလုပ်မလဲ" ဟု မေးလေသည်။ မီအမျိုးသမီးသည်
မည်သို့မျှပြန်မဖြေပဲ အနောက်သို့လှည့်ပြီး ရေတွင်းပျက်ထဲသို့ခုန်ချကာ ကိုယ့်ကိုယ်ကို
သတ်သေလိုက်လေသည်။
"ကျောက်ယွင်"(Zhao
Yun) သည်လည်း မည်သို့မျှမတတ်နိုင်လေရကား မြို့ရိုးမှ ကျောက်တုံးတို့ကိုတွန်းပြီး ရေတွင်းအနီးတွင်ထားကာ
မီအမျိုးသမီးအတွက် အုတ်ဂူသဖွယ်ပြုပေးလိုက်သည်။ ထို့နောက် ကလေးကိုရင်ဝယ်ပိုက်ကာ လှံကိုကိုင်ပြီး
မြင်းပေါ်သို့တက်သည်။ ထိုအချိန်တွင် ရန်သူ့စစ်သားတို့ရောက်လာသည်။ ထိုစစ်တပ်ကိုခေါင်းဆောင်သူမှာ
"ချောင်ဟုန်"(Cao Hong) လက်အောက်မှ "ရန်မင်"(Yan Ming) ဟူသောစစ်သူကြီးဖြစ်သည်။
အသွားနှစ်ဖက်ရှိသောလက်နက်ကိုအသုံးပြုသူဖြစ်သည်။ သို့သော်လည်း "ကျောက်ယွင်"(Zhao
Yun) နှင့်တိုက်ပြီး မကြာခင်မှာပင် အသတ်ခံလိုက်ရသည်။
တစ်နေရာအရောက်တွင်
လမ်းပိတ်ထားသောရန်သူတို့ကိုတွေ့လေသည်။ ထိုနေရာရှိစစ်သူကြီးမှာ ဟဲကျန့်မှ "ကျန်းဟဲ"(Zhang
He) ဖြစ်သည်။ "ကျောက်ယွင်"(Zhao Yun) သည် ထိုသူနှင့်တိုက်သော်လည်း လွယ်လွယ်နှင့်အနိုင်မရချေ။
ထို့အပြင် လက်ထဲတွင် ကလေးငယ်ရှိသဖြင့် ထိုရန်သူနှင့် မတိုက်တော့ပဲ ထွက်ပြေးလေသည်။
"ကျန်းဟဲ"(Zhang He) သည်နောက်မှလိုက်သည်။ "ကျောက်ယွင်"(Zhao
Yun) သည် လမ်းတွင် ရန်သူတို့ဆင်ထားသော ကျင်းထဲကျသွားသည်။ သို့သော်လည်း သူ၏မြင်းကခုန်ကာ
ပြန်ထွက်နိုင်ခဲ့သည်။ ၎င်းကိုမြင်လျှင် "ကျန်းဟဲ"(Zhang He) မှာ ဆက်မလိုက်တော့ချေ။
ထို့နောက်
"ကျောက်ယွင်"(Zhao Yun) ၏နောက်ဘက်မှ
"ကျောက်ယွင်(Zhao
Yun) ၊ ရပ်လိုက်၊ မပြေးနဲ့"ဟုသောအော်သံများကိုကြားလိုက်သည်။ ထိုသူတို့မှာ
"မာရန်"(Ma Yan) ၊ "ကျန်းကျီ"(Zhang Zi) ၊ "ကျောက်ချူ"(Jiao
Chu) နှင့် "ကျန်းနန်"(Zhang Neng) တို့ဖြစ်သည်။ "ကျောက်ယွင်"(Zhao
Yun) သည် "ချောင်ချောင်း"(Cao Cao) ၏ဓားကိုအသုံးချပြီး ထိုသူတို့ကိုတိုက်သည်။
မည်သည့်အရာမျှ "အပြာရောင်ဓား" ကိုမခုခံနိုင်ပေ။ ထိုစစ်သူကြီးလေးဦးကိုချေမှုန်းပြီးနောက်
"ကျောက်ယွင်"(Zhao Yun) သည် ဆက်ကာ ခရီးနှင်သည်။
ထိုအချိန်တွင်
"ချောင်ချောင်း"(Cao Cao) သည် တောင်ကုန်းပေါ်မှ စစ်မြေပြင်ကိုရှစားနေခဲ့သည်။
မိမိ၏စစ်တပ်ကို ရွပ်ရွပ်ချွံချွံတိုက်နေသော ရန်သူ့စစ်သူကြီးတစ်ဦးကိုမြင်လျှင်
"ချောင်ချောင်း"(Cao Cao) မှ ထိုသူ၏အကြောင်းကိုမေးသော်လည်း မည်သူမျှ မသိကြချေ။
ထို့ကြောင့် "ချောင်ဟုန်"(Cao Hong) က အောက်ဘက်သို့ဆင်းကာ
"သူရဲကောင်းရဲ့နာမည်ကို
သိပါရစေ" ဟု လှမ်းအော်ပြောသည်။
"ကျုပ်က
ချန်ဆန်းက ကျောက်ယွင်"(Zhao Yun) ပဲ"
"ချောင်ဟုန်"(Cao
Hong) သည် ၎င်းကို "ချောင်ချောင်း"(Cao Cao) အားပြန်ပြောလေလျှင် "ချောင်ချောင်း"(Cao
Cao) မှ
"အင်မတန်ရဲရင့်တဲ့လူပဲ။
ငါသူ့ကို အရှင်လိုချင်တယ်" ဟု ပြောသည်။ သို့နှင့် "ကျောက်ယွင်"(Zhao
Yun) အား မြားတို့ဖြင့် မပစ်စေပဲ အရှင်ဖမ်းရန်အမိန့်ပေးလိုက်သည်။
သို့နှင့်
"ကျောက်ယွင်"(Zhao Yun) သည် သခင်ဖြစ်သူ၏သားကိုကာကွယ်ကာ အကြပ်အတည်းကြားမှ
လွတ်မြောက်ခဲ့သည်။ လမ်းတစ်လျှောက်တွင် "ချောင်ချောင်း"(Cao Cao) လက်အောက်မှ
စစ်သူကြီးငါးဆယ်ခန့်နှင့်တိုက်ခဲ့ပြီး သေသည့်သူသေကာ ဒဏ်ရာရသည့်သူ ရလေသည်။ သူ၏အဖြူရောင်အင်္ကျီတို့သည်
သွေးတို့ဖြင့် ခြင်းခြင်းနီစေခဲ့သည်။ "ကျောက်ယွင်"(Zhao Yun) သည် တောင်ကုန်းတစ်ခုနားအရောက်ဝယ်
"ကျုံးကျင့်"(Zhong Jin) နှင့် "ကျုံးရှန်"(Zhong Shen) ဟူသော
ညီအစ်ကိုနှစ်ဦးနှင့်တွေ့သည်၊ တစ်ဦးက ပုဆိန်ကိုင်ထားပြီး ကျန်တစ်ဦးက ပုဆိန်ရှည်ကိုင်ထားသည်။
ထိုနှစ်ဦးတို့မှ
"မြင်းပေါ်ကဆင်းပြီး
လက်နက်ချပါ" ဟု အော်ပြောလေသည်။
Comments