သုံးနိုင်ငံခေတ်(၄၂)

အခန်း(၄၂) လုံတောင်ကုန်းတံတားဝယ် "ကျန်းဖေး"(Zhang Fei) ၏ဟစ်အော်သံကြောင့် အောင်နိုင်ခဲ့ခြင်း။ စစ်ရှုံးသူ "လျူဘေ့"(Liu Bei) သည် ဟန်ကျင်းသို့သွားခြင်း။

"ကျုံးကျင့်"(Zhong Jin) သည် သူ၏ပုဆိန်ဖြင့် "ကျောက်ယွင်"(Zhao Yun) ကိုတိုက်မည်ပြုသည်။ သို့သော်လည်း "ကျောက်ယွင်"(Zhao Yun) မှ ပြန်တိုက်ရာ "ကျုံးကျင့်"(Zhong Jin) မြင်းပေါ်မှပြုတ်ကျသွားသည်။ "ကျုံးရှန်"(Zhong Shen) သည် "ကျောက်ယွင်"(Zhao Yun) ၏အနောက်မှ လိုက်ရာ အနီးသို့ရောက်သောအခါ "ကျောက်ယွင်"(Zhao Yun) သည် သူ၏သံချပ်ကာမှ အလင်းပြန်သောရန်သူ၏ပုံရိပ်ကိုမြင်လိုက်သည်။ ထိုအခါ "ကျောက်ယွင်"(Zhao Yun) သည် နောက်သို့လှည့်လိုက်ရာ မြင်းအချင်းချင်း ထိပ်တိုက်တွေ့လေသည်။ "ကျောက်ယွင်"(Zhao Yun) သည် ဘယ်ဘက်လက်တွင် လှံကိုကိုင်ကာ ရန်သူ၏တိုက်ကွက်ကိုခုခံပြီး ညာဘက်လက်ရှိ "အပြာရောင်ဓား" ဖြင့် ရန်သူကိုခုတ်လိုက်ရာ "ကျုံးရှန်"(Zhong Shen) ခေါင်းပြတ်ပြီး မြင်းပေါ်မှ ပြုတ်ကျသွားသည်။  "ကျုံးရှန်"(Zhong Shen) ၏ နောက်လိုက်တို့လည်း ထွက်ပြေးသွားကြသည်။ "ကျောက်ယွင်"(Zhao Yun) သည် လုံတောင်ကုန်းတံတားဘက်သို့ဦးတည်ကာ ခရီးဆက်သည်။
တံတားအနီးသို့ရောက်သောအခါ အနောက်ဘက်မှ "ဝင်ဖင်"(Wen Ping) ရောက်လာသည်။ သို့သော်လည်း "ကျောက်ယွင်"(Zhao Yun) သည် အရှေ့ဘက်တွင် "ကျန်းဖေး"(Zhang Fei) ကို လှမ်းမြင်လိုက်သဖြင့်
"ကျန်းဖေး(Zhang Fei) ၊ ငါ့ကိုကူဦး" ဟု လှမ်းပြောလိုက်သည်။
"မြန်မြန်သွား! ငါရန်သူတွေကို ခုခံပေးမယ်"

"ကျောက်ယွင်"(Zhao Yun) သည် တံတားမှခုနှစ်မိုင်အကွာခန့်ဝယ် "လျူဘေ့"(Liu Bei) နှင့်သူ၏နောက်လိုက်တို့သည် သစ်ပင်ရိပ်အောက်ဝယ်အနားယူနေသည်ကိုတွေ့လိုက်သည်။ "ကျောက်ယွင်"(Zhao Yun) သည် မြင်းပေါ်မှဆင်းလိုက်ပြီး
"ကျွန်တော့်အပြစ်က သေဒဏ်ပေးရင်တောင် နည်းနေပါသေးတယ်။ မီသခင်မကြီးဟာ ဒဏ်ရာအကြီးအကျယ်ရသွားခဲ့ပြီး ကျွန်တော်နဲ့မလိုက်ပဲနဲ့ ရေတွင်းပျက်ထဲခုန်ချပြီး သူ့ကိုယ်သူအဆုံးစီရင်ခဲ့တယ်။ ဒါပေမယ့် ဒီကလေးကိုတော့ အဝတ်နဲ့ပတ်ပြီးတော့ တိုက်ပွဲကြားကနေခေါ်လာနိုင်ခဲ့တယ်။ ဒါ သခင်လေးရဲ့ကံကောင်းမှုကြောင့်အခက်အခဲကလွတ်မြောက်ခဲ့တာ။ ပထမတုန်းကတော့ တော်တော်ငိုတယ်၊ ဒါပေမယ့် နောက်ပိုင်းအသံတိတ်သွားတယ်၊ ဒါကြောင့် အသက်ဆုံးသွားတာလားလို့တောင်စိုးရိမ်မိတယ်" ဟု ပြောသည်။ 
ပြီးနောက် အဝတ်ကိုဖွင့်ကြည့်သောအခါ ကလေးသည် အိပ်ပျော်နေသည်ကိုတွေ့ရသောအခါ "ကျောက်ယွင်"(Zhao Yun) သည်
"သခင်ကြီးရဲ့သားက ဘာထိခိုက်ဒဏ်ရာမှမရလိုက်ပါဘူး" ဟုပြောကာ ကလေးကို "လျူဘေ့"(Liu Bei) လက်ထဲအပ်လိုက်လေသည်။
"လျူဘေ့"(Liu Bei) သည် ကလေးကိုချီကာ မြေပြင်ပေါ်သို့ပြန်ချလိုက်ပြီး
"ဒီကလေးအတွက်နဲ့ စစ်သူကြီးကောင်းတစ်ယောက်ဆုံးရှုံးမလို ဖြစ်သွားတယ်" ဟု ဒေါသတကြီးပြောသည်။ "ကျောက်ယွင်"(Zhao Yun) သည် ကလေးကိုပြန်ချီလိုက်ကာ
"ကျွန်တော် အမှုန့်ဖြစ်သွားရင်တောင် သခင်ကြီးရဲ့ကျေးဇူး ဆပ်လို့မကုန်ပါဘူး" ဟု ဆိုသည်။

"ဝင်ဖင်"(Wen Ping) နှင့်နောက်လိုက်တို့သည် "ကျောက်ယွင်"(Zhao Yun) နောက်သို့လိုက်သော်လည်း "ကျန်းဖေး"(Zhang Fei) နှင့်ရင်ဆိုင်ရသောအခါ ဆက်မလိုက်တော့ပေ။ "ကျန်းဖေး"(Zhang Fei) သည် မြင်းပေါ်တွင်ရှိနေပြီး သူ၏မြွေလှံကိုကိုင်ထားကာ ရန်သူတို့အားစိုက်ကြည့်နေသည်။ မကြာမီပင် "ချောင်ရန်"(Cao Ren) ၊ "ရှဟိုတွန်း"(Xiahou Dun) ၊ "ရှဟိုယွမ်"(Xiahou Yuan) ၊ "လီတျန်"(Li Dian) ၊ "ယွီကျင့်"(Yu Jin) ၊ "ကျန်းလျောင်"(Zhang Liao) ၊ "ရွှီချူ"(Xu Chu) ၊ "ကျန်းဟဲ"(Zhang He) နှင့် အခြားသောစစ်သူကြီးတို့ရောက်လာကြသည်။ သို့သော်လည်း မည်သူမျှရှေ့သို့မဆက်ရဲပေ။ ထို့နောက် "ချောင်ချောင်း"(Cao Cao) ထံသတင်းပို့လိုက်သည်။ ထိုအကြောင်းကိုကြားလျှင် "ချောင်ချောင်း"(Cao Cao) ကိုယ်တိုင် ထိုတံတားနားသို့ရောက်လာသည်။
"ကျန်းဖေး"(Zhang Fei) မှ
"ကျုပ်က ရန်က ကျန်းဖေး(Zhang Fei) ပဲ။ ဘယ်သူ ကျုပ်နဲ့ရင်ဆိုင်ဝံ့လဲ" ဟု အော်ပြောသည်။

"ကျန်းဖေး"(Zhang Fei) ၏ကြောက်မက်ဖွယ်အသံကြောင့် "ချောင်ချောင်း"(Cao Cao) တုန်လှုပ်သွားသည်၊ ထို့နောက် သူ၏စစ်သူကြီးတို့ဘက်လှည့်ကာ
"ကွမ်းယွီ(Guan Yu) က သူ့ညီ ကျန်းဖေး(Zhang Fei) ဟာ စစ်တပ်ပေါင်းတစ်ရာကိုတောင်ထိုးဖောက်သွားနိုင်ပြီး ရန်သူ့ခေါင်းဆောင်ကိုသတ်နိုင်တဲ့လူစားဆိုပြီး ပြောခဲ့ဖူးတယ်။ အခုအဲ့လိုကြောက်မက်ဖွယ်လူက ငါတို့ရှေ့မှာဆိုတော့ သတိထားရမယ်" ဟု ဆိုသည်။ ထိုအချိန်တွင်ပင် "ကျန်းဖေး"(Zhang Fei) မှ
"ကျုပ်က ရန်ပြည်နယ်က ကျန်းဖေး(Zhang Fei) ပဲ။ ဘယ်သူကျုပ်နဲ့တိုက်မလဲ" ဟု ထပ်အော်ပြောပြန်သည်။ "ချောင်ချောင်း"(Cao Cao) သည် "ကျန်းဖေး"(Zhang Fei) ၏ကြမ်းကြုတ်သောအသွင်အပြင်ကိုမြင်လျှင် စစ်တပ်ကိုပြန်ဆုတ်ရန်ပြုလေသည်။ ထိုအခါ "ကျန်းဖေး"(Zhang Fei) မှ
"ဒါက ဘာသဘောလဲ? မတိုက်ပဲနဲ့ထွက်ပြေးမလို့လား?" ဟု ပြောသည်။
ထိုဟိန်းထွက်လာသောအသံကြောင့် "ချောင်ချောင်း"(Cao Cao) ၏အမှုထမ်းတစ်ဦးဖြစ်သော "ရှဟိုကျဲ"(Xiahou Jie) သည် ကြောက်လန့်ပြီး မြင်းပေါ်မှကျသွားသည်။ ၎င်းကို "ချောင်ချောင်း"(Cao Cao) မြင်လေလျှင် ကစုန်ဆိုင်းပြေးသည်။ ကလေးငယ်သည် မိုးခြိမ်းသံကြောင့် ကြောက်ရွံ့သွားသည့်အလား၊ သစ်တောက်ငှက်သည် ကျားဟိန်းသံကြောင့် လန့်သွားသည့်အလား ထွက်ပြေးကြလေသည်။ များစွာသောစစ်သားတို့သည် လှံကိုပစ်ချကာ ထွက်ပြေးကြသည်။ ထိုသို့ရုတ်ရုတ်သဲသဲထွက်ပြေးကြသဖြင့် အချင်းချင်းတွန်းမိ၊ နင်းမိကုန်ကြသည်။

"ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်တပ်တို့နှင့်အတူ အနောက်ဘက်သို့ထွက်ပြေးသည်။ သူ၏ခေါင်းပေါင်းပင်ပြုတ်ကျသွားပြီး ဆံပင်တို့မှာ ဖရိုဖရဲဖြစ်နေသည်။ ထိုအချိန်တွင် "ကျန်းလျောင်"(Zhang Liao) နှင့် "ရွှီချူ"(Xu Chu) တို့သည် အနားသို့ရောက်လာပြီး "ကျန်းလျောင်"(Zhang Liao) မှ
"သခင်ကြီး ကြောက်စရာမလိုပါဘူး၊ ကျန်းဖေး(Zhang Fei) ဘယ်လောက်စွမ်းစွမ်း၊ သူက တစ်ယောက်ထဲပါပဲ။ နောက်မှပြန်ပြီးတိုက်ရင် ရန်သူကိုဖမ်းနိုင်မှာပါ" ဟု ပြောသည်။
ထိုအခါမှ "ချောင်ချောင်း"(Cao Cao) သည် အတန်ငယ်အကြောက်ပြေသွားသည်။ စစ်သူကြီးနှစ်ဦးတို့သည် စစ်သားတို့အား တံတားအနီးသို့ပြန်လာရန် အမိန့်ပေးလိုက်သည်။

"ကျန်းဖေး"(Zhang Fei) သည် ရန်သူတို့ကိုမောင်းထုတ်နိုင်ခဲ့သော်လည်း ရန်သူ့နောက်သို့မလိုက်ရဲပေ။ ထို့နောက် သူ၏လူတို့အား တံတားကိုဖျက်စီးစေလိုက်သည်။ ထို့နောက် သူ၏အစ်ကိုထံသွားပြီး တံတားကိုဖျက်လိုက်သည့်အကြောင်းပြောသည်။ ထိုအခါ "လျူဘေ့"(Liu Bei) မှ
"မင်းထက်ပိုပြီးဘယ်သူမှ မရဲဝံ့ဘူး။ ဒါပေမယ့် မင်းက စစ်ဗျူဟာရှင်မဟုတ်ဘူး" ဟု ပြောသည်။
"အစ်ကိုကြီး ဘာကိုဆိုလိုတာလဲ"
"ချောင်ချောင်း(Cao Cao) က အတွေးနက်တယ်၊ မင်း သူနဲ့မယှဉ်နိုင်ဘူး။ တံတားကိုဖျက်လိုက်တာကြောင့် သူက ငါတို့နောက်ကို လိုက်တိုက်လိမ့်မယ်"
"သူက ကျွန်တော့်ကြောင့် ထွက်ပြေးသွားတာ ပြန်လာရဲပါ့မလား?"
"မင်း တံတားကို ဒီအတိုင်းထားထားခဲ့ရင် သူက ငါတို့ကင်းဝပ်ပြီး သူ့ကိုစောင့်နေမယ်လို့ထင်ပြီး လာတိုက်ရဲမှာမဟုတ်ဘူး။ အခုတံတားကိုဖျက်လိုက်တော့ ငါတို့စစ်တပ်အင်အားက နည်းပြီး သူ့ကိုကြောက်နေတယ်ဆိုတာ ပြလိုက်သလိုပဲ။ ဒါကြောင့် သူ သေချာပေါက်လာတိုက်လိမ့်မယ်"
ထို့နောက် စစ်တပ်တို့အား မင်ရန်လမ်းမှတဆင့် ဟန်ကျင်းသို့ချီတက်စေသည်။

"ချောင်ချောင်း"(Cao Cao) ၏စစ်သူကြီးနှစ်ဦးတို့သည် တံတားပျက်နေသည်ကိုမြင်လျှင် "ချောင်ချောင်း"(Cao Cao) ထံသွားကာ သတင်းပို့သည်။
"ချောင်ချောင်း"(Cao Cao) : "ဒါဆို သူကြောက်နေလို့ပဲ"
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် စစ်သားတစ်သောင်းအား တံတားသုံးခုကို ညတွင်းချင်းအပြီးဆောက်စေရန် အမိန့်ပေးလိုက်သည်။
"လီတျန်"(Li Dian) : "ဒါ ကျူးကဲလျန့်(Zhuge Liang) ရဲ့အကြံဖြစ်နေမှာစိုးရတယ်၊ သတိထားရမယ်"
"ချောင်ချောင်း"(Cao Cao) : "ကျန်းဖေး(Zhang Fei) က ရဲရင့်တဲ့စစ်သူကြီးဖြစ်ပေမယ့် စစ်ဗျူဟာကျွမ်းကျင်သူမဟုတ်ဘူး"
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် စစ်တပ်တို့အား ချက်ချင်းချီတက်စေရန် အမိန့်ပေးလိုက်သည်။

"လျူဘေ့"(Liu Bei) သည် ဟန်ကျင်းသို့ချီတက်စဉ် အနောက်ဘက်မှ ရန်သူ၏အသံတို့ကိုကြားလိုက်သည်။ ထိုအခါ "လျူဘေ့"(Liu Bei) မှ
"ငါတို့ရှေ့မှာ ရန်စီမြစ်ရှိပြီး အနောက်ဘက်မှာတော့ ရန်သူတွေရောက်လာပြီ။ မျှော်လင့်ချက်ဆိုတာကောရှိသေးရဲ့လား" ဟု ပြောသည်။ ထို့နောက်  "ကျောက်ယွင်"(Zhao Yun) အား ရန်သူတို့ကို ခုခံစေသည်။
"ချောင်ချောင်း"(Cao Cao) သည်
"လျူဘေ့(Liu Bei) က အခု ခွက်ထဲကငါးလို၊ ကျင်းထဲကျနေတဲ့ကျားလို ချောင်ပိတ်နေပြီ။ အခုဖမ်းနိုင်ရင်ဖမ်း၊ မဟုတ်ရင် ငါးကပင်လယ်ထဲရောက်သွားသလို၊ ကျားကတောတောင်ထဲပြန်ရောက်သွားသလို ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် စစ်သူကြီးတိုင်းက အစွမ်းကုန်ကြိုးစားပြီး ချီတက်ရမယ်" ဟု ပြောကာ သူ၏စစ်တပ်အားတိုက်စေသည်။ ထို့ကြောင့် "ချောင်ချောင်း"(Cao Cao) ၏စစ်သူကြီးတို့သည် ရှေ့သို့ချီတက်ကြလေသည်။

ထိုအချိန်တွင်ပင် တောင်ကုန်းဘက်မှ စစ်သားတို့ပေါ်လာကာ
"ငါ ဒီမှာစောင့်နေတာကြာပြီ" ဟူသောအသံကိုကြားလိုက်သည်။ ထိုပေါ်လာသောသူမှာ "ယုန်နီ" မြင်းကိုစီးကာ အစိမ်းရောင်လှံရှည်ကိုကိုင်ထားသော "ကွမ်းယွီ"(Guan Yu) ပင်ဖြစ်သည်။ "ကွမ်းယွီ"(Guan Yu) သည် ကျန်းရှာမှစစ်ကူတစ်သောင်းခေါ်လာခဲ့ပြီး ရန်သူအား လျက်တပြက်ဝင်တိုက်ရန်စောင့်နေခြင်းဖြစ်သည်။
"ကွမ်းယွီ"(Guan Yu) ပေါ်လာသည်နှင့် "ချောင်ချောင်း"(Cao Cao) သည် ရပ်တန့်လိုက်ပြီး
"ငါတို့ ကျူးကဲလျန့်(Zhuge Liang) ရဲ့လှည့်စားမှုခံလိုက်ရပြန်ပြီ" ဟု ပြောကာ စစ်တပ်အားပြန်ဆုတ်ရန်အမိန့်ပေးလိုက်သည်။

"ကွမ်းယွီ"(Guan Yu) သည် "လျူဘေ့"(Liu Bei) နှင့်တွေ့ပြီး ဒုတိယမရီး မီအမျိုးသမီးကိုမတွေ့လေလျှင် အကြောင်းအရင်းကိုမေးရာ "လျူဘေ့"(Liu Bei) မှ တန်းရန်အဖြစ်အပျက်အကြောင်းပြောလေသည်။ ထိုအခါ "ကွမ်းယွီ"(Guan Yu) မှ
"အစ်ကိုကြီးသာ ရွှီထျန်းအမဲလိုက်ပွဲမှာ ချောင်ချောင်း(Cao Cao) ကိုသတ်ခဲ့ရင် ဒီလိုအဖြစ်အပျက်ဖြစ်လာမှာမဟုတ်ဘူး" ဟု ပြောသည်။
"အဲ့တုန်းက အဲ့လိုလုပ်လိုက်ရင် ကြွက်တစ်ကောင်သတ်ဖို့အတွက်နဲ့ ပစ္စည်းတွေကိုရိုက်ခွဲမိသလိုဖြစ်သွားမှာပေါ့"
ထိုအချိန်တွင်ပင် တောင်ဘက်မှ သင်္ဘောပေါင်းများစွာဖြင့် ရေတပ်ကြီးတစ်တပ်ရောက်လာသည်။ ထိုရေတပ်အနီးသို့ရောက်လျှင်ဦးဆောင်လာသူမှာ ငွေရောင်ခမောက်ဆောင်းထားသူဖြစ်ကြောင်းတွေ့လိုက်သည်။ ထိုခေါင်းဆောင်မှ
"ဦးလေး၊ အဆင်ပြေရဲ့လား? ကျွန်တော် အပြစ်ရှိပါတယ်" ဟု လှမ်းပြောလေသည်။ ထိုသူမှာ "လျူချီ"(Liu Qi) ဖြစ်သည်။ "လျူဘေ့"(Liu Bei) အား အရိုအသေပြုပြီးနောက်
"ချောင်ချောင်း(Cao Cao) က ဦးလေးကိုတိုက်တယ်ဆိုတဲ့သတင်းကြားလို့ ကျွန်တော်ကူဖို့ရောက်လာတာ" ဟု ပြောလေသည်။
"လျူဘေ့"(Liu Bei) သည် "လျူချီ"(Liu Qi) အား ဝမ်းပန်းတသာကြိုဆိုပြီး လမ်းခရီးတစ်လျှောက်ကြုံတွေ့ခဲ့သောအဖြစ်အပျက်တို့ကို ပြောကြလေသည်။

ထိုအချိန်တွင်ပင် နောက်ထပ်ရေတပ်တစ်တပ်ရောက်လာသည်ကိုတွေ့ရသည်။ "လျူချီ"(Liu Qi) မှ
"ဒါ ကျွန်တော့်တပ်ကမဟုတ်ဘူး၊ ချောင်ချောင်း(Cao Cao) တပ်ကလည်း မဟုတ်ရင် တောင်ပိုင်းကတပ်ဖွဲ့ပဲ ဖြစ်ရမယ်" ဟု ပြောသည်။
ထိုရေတပ်ရှိသင်္ဘောပေါ်တွင် "ကျူးကဲလျန့်"(Zhuge Liang) နှင့် "စွန်းချန်"(Sun Qian) တို့လိုက်ပါလာသည်ကိုတွေ့ရသည်။ "လျူဘေ့"(Liu Bei) သည် အဘယ်ကြောင့်ဤသို့ရောက်လာကြောင်းမေးရာ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျွန်တော် ကျန်းရှာကိုရောက်တော့ ကွမ်းယွီ(Guan Yu) ကို စစ်ကူနဲ့အတူ ဟန်ကျင်းကိုသွားစေလိုက်တယ်။ နောက်ပြီး သခင်ကြီးက ကျန်းလင်ကိုသွားမယ့်လမ်းအစား တခြားလမ်းကိုသွားမယ်ဆိုတာသိတော့ သခင်ကြီးရဲ့တူကိုလွှတ်ပြီး ကြိုစေခဲ့တယ်။ ပြီးတော့ ကျွန်တော်က ရှခိုကိုသွားပြီး စစ်သားစုဆောင်းနေတာပါ" ဟုပြောသည်။
အသစ်ရောက်လာသောစစ်သားတို့ကို ပင်မတပ်နှင့်ပေါင်းပြီးနောက် ရန်သူအား မည်သို့မည်ပုံခုခံကြမည်ကိုတိုင်ပင်ကြလေသည်။

"ကျူးကဲလျန့်"(Zhuge Liang) : "ရှခိုကအင်အားတောင့်ပြီး ရေရှည်စခန်းချဖို့သင့်တော်တယ်။ ဒါကြောင့် သခင်ကြီးက အဲ့ကိုသွားပြီးစခန်းချသင့်တယ်။ သခင်ကြီးရဲ့တူကတော့ ကျန်းရှာမှာပဲ စစ်သင်္ဘောနဲ့လက်နက်တွေကိုအဆင်သင့်ပြင်ထားသင့်တယ်။ ဒါမှသာ ကျွန်တော်တို့က နှစ်နေရာကနေ ရန်သူကိုခြိမ်းခြောက်နိုင်မှာ။ အကုန်လုံး ကျန်းရှာကိုပြန်သွားရင်တော့ နေရာအရ အင်အားနည်းသွားမယ်"
"လျူချီ"(Liu Qi) : "အကြံပေးပြောတာက သင့်တော်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အထင်ကတော့  ဦးလေးက ကျန်းရှာမှာခဏနေပြီး စစ်တပ်တွေအစီအစဉ်တကျဖြစ်သွားမှပဲ ရှခိုကိုသွားသင့်တယ်"
"လျူဘေ့"(Liu Bei) : "ငါ့တူပြောတာ အချက်ကျတယ်"
သို့နှင့် "ကွမ်းယွီ"(Guan Yu) အား စစ်သားငါးရာနှင့်အတူ ရှခိုတွင်နေစေပြီး "လျူဘေ့"(Liu Bei) ၊ "ကျူးကဲလျန့်"(Zhuge Liang) နှင့် "လျူချီ"(Liu Qi) တို့သည် ကျန်းရှာသို့သွားကြသည်။ "ချောင်ချောင်း"(Cao Cao) သည် ရန်သူ့ကင်းပုန်းတို့အား စိုးရိမ်သဖြင့် ဆက်မတိုက်တော့ပေ၊ သို့သော်လည်း "လျူဘေ့"(Liu Bei) ကျန်းလင်ကိုသိမ်းမည်စိုးသဖြင့် ခရီးအမြန်နှင်သည်။

ကျင်ကျိုးမြို့ကို စောင့်ကြပ်သော "တန်းရီ"(Deng Yi) နှင့် "လျူရှင်း"(Liu Xin) တို့သည် သူတို့သခင်ဖြစ်သူ "လျူကျုံး"(Liu Zong) ရှန်းရန်တွင် သေဆုံးသောသတင်းကိုကြားသဖြင့် "ချောင်ချောင်း"(Cao Cao) လက်အောက်တွင် အညံ့ခံလိုက်သည်။ "ချောင်ချောင်း"(Cao Cao) သည် မြို့ထဲသို့ဝင်ပြီးနောက် "ဟန်စုန့်"(Han Song) အားလွှတ်စေပြီး ရာထူးပေးလေသည်။ အခြားသောသူတို့အားလည်း ဆုလာဘ်တို့ပေးသည်။
"ချောင်ချောင်း"(Cao Cao) : "လျူဘေ့(Liu Bei) က တောင်ပိုင်းပြည်နယ်နဲ့မဟာမိတ်ဖွဲ့ရင် ငါတို့အတွက်ရန်များမယ်။ ဒါကိုဘယ်လိုလုပ်မလဲ"
"ရွှင်ယို"(Xun You) : "သခင်ကြီးရဲ့စွမ်းဆောင်မှုတွေကို လူတွေအကုန် ကြားသိပြီးဖြစ်ပါတယ်။ ဒါကြောင့် စွန်းချွမ်(Sun Quan) ဆီကို သံတမန်လွှတ်ပြီး သခင်ကြီးနဲ့ပူးပေါင်းပြီးတော့ လျူဘေ့(Liu Bei) ကိုတိုက်မယ်လို့ဆိုပါ။ သူ လက်မခံပဲမနေပါဘူး"
"ချောင်ချောင်း"(Cao Cao) သည် ထိုအကြံကိုလက်ခံလိုက်ပြီး စာပို့ရန်ပြင်ဆင်စေသည်။ ထို့နောက် ခြေလျင်တပ်၊ မြင်းတပ်၊ ရေတပ်တို့ကိုပြင်ဆင်လေသည်။ စစ်သည်အင်အားစုစုပေါင်းမှာရှစ်သိန်းသုံးသောင်းရှိသည်၊ သို့သော်လည်း "ချောင်ချောင်း"(Cao Cao) က စစ်သည်အင်အားတစ်သန်းဟုဆိုသည်။ ရန်သူအား ကြည်း၊ရေနှစ်တန်မှ တိုက်ရန် ပြုလေသည်။

"ချောင်ချောင်း"(Cao Cao) ၏လှုပ်ရှားမှုနှင့်အောင်မြင်မှုတို့ကို "စွန်းချွမ်"(Sun Quan) ကြားလျှင် ခုခံမှုအတွက် တိုင်ပင်ကြသည်။
“လူဆု”(Lu Su) : "ကျင်ကျိုးက ကျွန်တော်တို့နယ်မြေနဲ့ထိနေပြီး ကြီးမားပြီးတော့ တောင့်တင်းတယ်၊ ဒါ့အပြင် လူတွေလည်းချမ်းသာကြတယ်။ ဒီလိုပြည်နယ်မျိုးက ဘုရင် ဒါမှမဟုတ် ဧကရာဇ်တို့ကထိန်းချုပ်ရမယ့်ပြည်နယ်မျိုးပဲ။ လျူပြောင်း(Liu Biao) ရဲ့သေဆုံးမှုကိုအကြောင်းပြုပြီးတော့ ကျွန်တော် လျူဘေ့(Liu Bei) နဲ့ တခြားအမှုထမ်းတွေကိုသွားတွေ့မယ်။ သူတို့သာ ကျွန်တော်တို့နဲ့ပူးပေါင်းမယ်ဆိုရင် အောင်မြင်မှာပါ"
"စွန်းချွမ်"(Sun Quan) သည် ၎င်းကိုလက်ခံပြီး “လူဆု”(Lu Su) အားသွားစေသည်။

ကျန်းရှာဝယ် "လျူဘေ့"(Liu Bei) သည် "ကျူးကဲလျန့်"(Zhuge Liang) ၊ "လျူချီ"(Liu Qi) တို့နှင့်အတူ စစ်ပွဲအတွက်တိုင်ပင်နေကြသည်။
"ကျူးကဲလျန့်"(Zhuge Liang) : "ချောင်ချောင်း(Cao Cao) ကို ကျွန်တော်တို့ချည်းပဲခုခံဖို့မဖြစ်နိုင်ဘူး။ သူ့အင်အားက ကြီးလွန်းတယ်။ ဒါကြောင့် စွန်းချွမ်(Sun Quan) ရဲ့အကူအညီယူရမယ်။ တောင်ပိုင်းနဲ့မြောက်ပိုင်းသာစစ်ဖြစ်ကြရင် ကျွန်တော်တို့က ကြားထဲက အမြတ်ရနိုင်တယ်"
"လျူဘေ့"(Liu Bei) : "ဒါပေမယ့် သူတို့က ငါတို့နဲ့မဟာမိတ်ဖွဲ့ပါ့မလား? တောင်ပိုင်းနယ်က ကျယ်ပြန့်ပြီး လူဦးရေထူထပ်တယ်။ စွန်းချွမ်(Sun Quan) က သူ့အကြံနဲ့သူရှိမှာပေါ့"
"ကျူးကဲလျန့်"(Zhuge Liang) : "ချောင်ချောင်း(Cao Cao) က သူ့အင်အားတစ်သန်းနဲ့ ဟန်မြစ်နဲ့ ရန်စီမြစ်တစ်ဝက်ကိုနေရာယူထားတယ်။ တောင်ပိုင်းပြည်နယ်က ဒီအခြေအနေကို သေချာပေါက်လာစုံစမ်းမှာပဲ။ သံတမန်ရောက်လာရင် ကျွန်တော်က သင်္ဘောတစ်စင်းနဲ့အတူ တောင်ပိုင်းပြည်နယ်ကိုသွားပြီးတော့ ကျွန်တော့်ဒီလျာကိုအားကိုးပြီး တောင်ပိုင်းနဲ့မြောက်ပိုင်းစစ်ဖြစ်စေအောင် လုပ်ပါ့မယ်။ တောင်ပိုင်းနိုင်ရင်တော့ ကျင်ကျိုးကိုပြန်သိမ်းဖို့ ချောင်ချောင်း(Cao Cao) ကိုတိုက်တာပေါ့။ မြောက်ပိုင်းကနိုင်သွားရင်တော့ အခွင့်ကောင်းယူပြီး တောင်ပိုင်းကပြည်နယ်တွေကိုသိမ်းရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်က အမြတ်ပဲ"
"လျူဘေ့"(Liu Bei) : "ဒါက အကြံကောင်းပဲ။ ဒါပေမယ့် တောင်ပိုင်းက လူကို ဘယ်မှာသွားရှာမှာလဲ"
ထိုအချိန်တွင်ပင် သင်္ဘောတစ်စီးသည် ဆိပ်ကမ်းသို့ဆိုက်ကပ်ကာ သံတမန်တစ်ဦးထွက်လာသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် ရယ်လိုက်ပြီး
"ဟိုမှာ ရောက်လာပြီလေ" ဟု ပြောသည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် "လျူချီ"(Liu Qi) ဘက်လှည့်ကာ
"စွန်းချဲ့(Sun Ce) သေတုန်းက ခင်ဗျားတို့က သူတို့ဆီကို သံတမန်လွှတ်ခဲ့လား" ဟု မေးသည်။
"သူတို့နဲ့ ကျွန်တော်တို့ကြားမှာ ဈာပနအတွက် လူလွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ့အဖေ စွန်းကျန့်(Sun Jian) က ကျွန်တော်တို့ကြောင့် သေခဲ့တာကိုး"
"ဒါဆို ဒီသံတမန်လာတာက ဈာပနကြောင့်မဟုတ်ပဲ အခြေအနေကို စုံစမ်းဖို့လာတာပဲဖြစ်မယ်"
"ကျူးကဲလျန့်"(Zhuge Liang) သည် "လျူဘေ့"(Liu Bei) အား
"အကယ်၍ သူသာ ချောင်ချောင်း(Cao Cao) ရဲ့လှုပ်ရှားမှုတွေအကြောင်းမေးရင် မသိဘူးလို့ငြင်းပြီး ထပ်မေးလာရင်တော့ ကျွန်တော့်ကိုလွှဲလိုက်ပါ" ဟု ပြောသည်။

ထို့နောက် ရောက်လာသော သံတမန် “လူဆု”(Lu Su) ကို ကြိုဆိုသည်။ အခန်းတွင်းဝယ် အရက်သောက်ကြရင်း “လူဆု”(Lu Su) မှ "လျူဘေ့"(Liu Bei) အား
"ကျွန်တော် ဦးရီးတော်ရဲ့ဂုဏ်သတင်းကိုကြားခဲ့တာကြာပါပြီ။ အခုမှပဲတွေ့ရတော့တယ်။ ဦးရီးတော်က ချောင်ချောင်း(Cao Cao) နဲ့တိုက်နေတာဆိုတော့ သူ့ရဲ့အင်အားကိုသိမှာပေါ့။ သူ့အင်အားက ဘယ်လောက်ရှိလဲ?" ဟု မေးသည်။
"ကျုပ်စစ်တပ်က သေးတော့ ချောင်ချောင်း(Cao Cao) စစ်တပ်ရောက်လာပြီဆိုတဲ့သတင်းကြားတာနဲ့မတိုက်ပဲထွက်ပြေးတာပဲ။ အင်အား ဘယ်လောက်ရှိလည်းဆိုတာ မသိပါဘူး"
"ဒါပေမယ့် ဦးရီးတော်က ကျူးကဲလျန့်(Zhuge Liang) ရဲ့အကြံနဲ့ မီးကိုသုံးပြီး ချောင်ချောင်း(Cao Cao) ရဲ့စစ်တပ်ကိုနှစ်ခါတောင်တိုက်နိုင်ခဲ့တယ်မဟုတ်လား? ဒါကို ဘာကြောင့်များ သူ့စစ်တပ်အင်အားကိုမသိဘူးလို့ပြောရတာလဲ"
"ကျုပ်အကြံပေးကိုမမေးကြည့်ပဲနဲ့ အသေးစိတ်ကို တကယ်မသိပါဘူး"
"ကျူးကဲလျန့်(Zhuge Liang) ဘယ်မှာလဲ။ ကျွန်တော် သူနဲ့တွေ့ချင်တယ်"
သို့နှင့် “လူဆု”(Lu Su) အား "ကျူးကဲလျန့်"(Zhuge Liang) နှင့် မိတ်ဆက်ပေးလိုက်သည်။

“လူဆု”(Lu Su) မှပင် စကာ
"ကျွန်တော် ခင်ဗျားရဲ့ဉာဏ်ပညာကြီးမားမှုအကြောင်းကြားခဲ့တာကြာပါပြီ။ ဒါပေမယ့်လည်း တွေ့ဖို့အခွင့်အရေးမရှိခဲ့ဘူး။ အခုတွေ့ပြီဆိုတော့ လက်ရှိတိုင်းရေးပြည်ရေးအခြေအနေအကြောင်းပြောကြတာပေါ့" ဟု ပြောသည်။
"ကျွန်တော် ချောင်ချောင်း(Cao Cao) ရဲ့ရက်စက်မှု၊ ဆိုးရွားမှုတွေအကြောင်းအကုန်သိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့က အင်အားနည်းတော့ သူ့ကိုမခုခံနိုင်ဘူး၊ ဒါကြောင့် တိမ်းရှောင်နေရတာ"
"ဦးရီးတော်က ဒီမှာနေမှာလား"
"သခင်ကြီးက ချန်ဝူမြို့စား ဝူကျွီ(Wu Ju) နဲ့သူငယ်ချင်းဟောင်းတွေဆိုတော့ သူ့ဆီသွားလိမ့်မယ်"
"ဝူကျွီ(Wu Ju) မှာ စစ်တပ်အင်အားနည်းနည်းပဲရှိတယ်။ သူ့လုံခြုံမှုတောင် သူအာမမခံနိုင်တာ ဦးရီးတော်ကို ဘယ်လိုလက်ခံနိုင်ပါ့မလဲ"
"ချန်ဝူမှာအကြာကြီးနေဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် လက်ရှိယာယီတော့ အဆင်ပြေမှာပါ"
"ကျွန်တော်တို့သခင် စွန်းချွမ်(Sun Quan) က တောင်ပိုင်းပြည်နယ်ခြောက်ခုကိုထိန်းချုပ်ထားပြီး စားနပ်ရိက္ခာလည်းပေါများတယ်။ သူက သူရဲကောင်းတွေ၊ ပညာရှိတွေကို အလေးထားပြီးဆက်ဆံသူဖြစ်တယ်။ ခင်ဗျား သခင်ကြီးအတွက် သူ့ဆီသွားမယ်ဆိုအဆင်ပြေမှာပါ"
"ဒါပေမယ့် ခင်ဗျားသခင်နဲ့ကျွန်တော့်သခင်ကြားမှာ ဘာရင်းနှီးမှုမှမရှိဘူးလေ။ သွားရင်လည်း အချည်းနှီးပဲဖြစ်မှာပေါ့၊ နောက်ပြီး ဘယ်သူ့ကိုလွှတ်ရမှာလဲ"
"ခင်ဗျားအစ်ကို ကျူးကဲကျင့်(Zhuge Jin) က ကျွန်တော်တို့ဘက်မှာ အကြံပေးလုပ်နေခဲ့တာပဲ။ သူလည်း ခင်ဗျားနဲ့တွေ့ချင်နေတာ။ နောက်ပြီး ခင်ဗျားနဲ့ကျွန်တော့်သခင်ကြီးတွေ့ပြီးဆွေးနွေးဖို့ ကျွန်တော်စီစဉ်ပေးပါ့မယ်"

ထိုအခါ "လျူဘေ့"(Liu Bei) မှ ဝင်ပြီး
"ဒါပေမယ့် ကျူးကဲလျန့်(Zhuge Liang) က ကျုပ်ရဲ့အကြံပေးလေ။ သူမရှိရင်ဘယ်ဖြစ်မလဲ။ သူသွားလို့မရဘူး" ဟု ပြောသည်။ “လူဆု”(Lu Su) မှ ထပ်တိုက်တွန်းသော်လည်း "လျူဘေ့"(Liu Bei) မှ ငြင်းဆိုသည့်ဟန် ယောင်ဆောင်လေသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ဒါက အရေးကြီးတဲ့အတွက် ကျွန်တော့်ကိုသွားခွင့်ပြုပါ" ဟု ဝင်ပြောသည်။ ထိုအခါမှ "လျူဘေ့"(Liu Bei) မှ လက်ခံလိုက်သည်။
"ကျူးကဲလျန့်"(Zhuge Liang) နှင့် “လူဆု”(Lu Su) တို့သည် သင်္ဘောဖြင့် "စွန်းချွမ်"(Sun Quan) ၏ဌာနချုပ်သို့သွားကြလေသည်။

Comments

Popular posts from this blog

Lookism