သုံးနိုင်ငံခေတ်(၄၉)

အခန်း(၄၉) "ကျူးကဲလျန့်"(Zhuge Liang) သည် ကြယ်ခုနှစ်စင်းနတ်ကွန်းတွင် လေတိုက်ရန် စီမံခြင်း။ မြစ်ကမ်းပါးသုံးခုဝယ် "ကျိုးယွီ"(Zhou Yu) မီးဗျူဟာ သုံးခြင်း။

"ကျိုးယွီ"(Zhou Yu) သည် ရန်သူ့ရေတပ်ကိုကြည့်ရင်း ရုတ်တရတ်ဖျားနာသွားခဲ့သည်ကို ရှေ့တစ်ခန်းတွင် ဖော်ပြခဲ့ပြီးပြီ။ "ကျိုးယွီ"(Zhou Yu) ကို ရွက်ဖျင်တဲအတွင်းသို့ပြန်ခေါ်သွားကြပြီးနောက် အမှုထမ်းတို့သည် "ကျိုးယွီ"(Zhou Yu) ထံလာကာ သတင်းမေးကြသည်။ သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက်
"ချောင်ချောင်း(Cao Cao) စစ်တပ်ကြီးက ရန်ပြုချင်နေတဲ့အချိန်မှာ စစ်သူကြီးက ရုတ်တရတ်ဖျားသွားတာ စိတ်မကောင်းစရာပဲ။ ရန်သူတွေလာတိုက်ရင် ဘယ်လိုလုပ်မလဲ" ဟုပြောသည်။ ထို့နောက် "စွန်းချွမ်"(Sun Quan) ထံ အကြောင်းကြားစာပို့ကြသည်။ သမားတော်တို့က အကောင်းဆုံး ကုသပေးသော်လည်း မသက်သာချေ။

သို့နှင့် "လူဆု"(Lu Su) က စိုးရိမ်ကာ "ကျူးကဲလျန့်"(Zhuge Liang) ထံသွားပြီး တိုင်ပင်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ခင်ဗျားက ဒါကိုဘယ်လိုထင်လဲ" ဟု မေးသည်။
" ချောင်ချောင်း(Cao Cao) အတွက်တော့ ကောင်းပေမယ့် ကျုပ်တို့အတွက်တော့မကောင်းဘူး"
"ကျူးကဲလျန့်"(Zhuge Liang) သည် ရယ်ကာ
"ကျုပ်တို့ သူ့ကိုကုပေးနိုင်မယ်" ဟုပြောသည်။
"ခင်ဗျားသာကုနိုင်ရင် ဝူအတွက် ကံကောင်းမှုပဲ"

ထို့နောက် "လူဆု"(Lu Su) က "ကျူးကဲလျန့်"(Zhuge Liang) ကို လူနာသွားကြည့်ရန်ခေါ်သည်။ ရွက်ဖျင်တဲသို့ရောက်သော်အခါ "လူဆု"(Lu Su) က အရင်ဝင်သွားသည်။ "ကျိုးယွီ"(Zhou Yu) သည် ကုတင်ပေါ်တွင်လှဲနေပြီး ခေါင်းကို ပိတ်စဖြင့်စည်းထားသည်။ "လူဆု"(Lu Su) မှ
"စစ်သူကြီး ဘယ်လိုနေသေးလဲ" ဟု မေးသည်။
"နှလုံးကအောင့်နေတယ်၊ မကြာခဏ ခေါင်းမူးတယ်"
"ဆေးရောသောက်ထားလား"
"မကြာခဏ ပျို့အန်ချင်လို့ မသောက်နိုင်ဘူး"
"ခုနက ကျွန်တော် ကျူးကဲလျန့်(Zhuge Liang) နဲ့တွေ့တယ်၊ သူက ခင်ဗျားကိုကုနိုင်တယ်ပြောတယ်။ အခုသူ အပြင်မှာ၊ စစ်သူကြီးခွင့်ပြုမယ်ဆိုရင် သူ့ကိုအထဲဝင်ခိုင်းလိုက်မယ်"
"သူ့ကိုအထဲခေါ်လိုက်ပါ"
"ကျိုးယွီ"(Zhou Yu) သည် အစေအပါးတို့အား ဝိုင်းထူစေပြီးနောက် ထိုင်နေလိုက်သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ဝင်လာကာ
"ခင်ဗျားနဲ့မတွေ့တာ ရက်နည်းနည်းကြာပြီ။ နေမကောင်းဖြစ်နေလိမ့်မယ်လို့ မထင်မိဘူး" ဟုပြောသည်။
"ဘယ်သူက လုံခြုံစိတ်ချစွာနဲ့နေနိုင်မလဲ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျုပ်တို့က ကံတရားရဲ့ကစားစရာအရုပ်လိုပဲ မဟုတ်လား"
"ဟုတ်တာပေါ့။ ကောင်းကင်ကြီးရဲ့လေနဲ့တိမ်ကိုဘယ်သူမှ မတိုင်းတာနိုင်ဘူး။ အဲ့အရာတွေ ဘယ်လိုလာမယ်၊ ဘယ်လိုသွားမယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူး"

ထိုအခါ "ကျိုးယွီ"(Zhou Yu) မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး နာကျင်စွာညည်းညူသည်။ သို့သော်လည်း "ကျူးကဲလျန့်"(Zhuge Liang) မှ ဆက်ပြီး
"ခင်ဗျားစိတ်ပျက်နေတာမဟုတ်လား။ ရင်ထဲမှာ ပြဿနာတွေဖြစ်နေတယ်မလား" ဟု ပြောသည်။
"ဟုတ်ပါတယ်"
"ခင်ဗျား ဒီစိတ်တွေကိုထိန်းဖို့အတွက် ဆေးသောက်ရမယ်"
"သောက်တော့သောက်ထားပြီးပြီ၊ ဒါပေမယ့် မသက်သာပါဘူး"
"နှလုံးသားဟာဒယကိုရွှင်အောင် အရင်လုပ်ပြီးမှဆေးကိုသောက်သင့်တယ်"
"ကျိုးယွီ"(Zhou Yu) သည် အကြောင်းအရင်းအမှန်ကို "ကျူးကဲလျန့်"(Zhuge Liang) သိမသိ တီးခေါက်ကြည့်မည်ဟုကြံကာ
"ဘယ်လိုများ နှလုံးသားဟာဒယရွှင်အောင် လုပ်ရမှာလဲ" ဟုမေးသည်။
"အဲ့လိုလုပ်ဖို့ ကျုပ်မှာနည်းလမ်းရှိပါတယ်"
"အဲ့နည်း ကျုပ်ကိုပြောပြပါ"

"ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် စာရွက်နှင့်စုတ်တံယူလာစေပြီးနောက် အစေခံတို့အား အပြင်ထွက်ခိုင်းစေပြီး အောက်ပါစာကိုရေးလေသည်။
'ချောင်ချောင်း(Cao Cao) ကိုတိုက်ဖို့
မီးကိုသုံးရမယ်
အကုန်လုံး စိတ်ကူးထားတယ်
ဒါပေမယ့် အရှေ့အရပ်က လေလိုတယ်'
ထိုစာကို "ကျိုးယွီ"(Zhou Yu) အား ပေးလိုက်ပြီး
"ဒါ ခင်ဗျားရောဂါရဲ့အရင်းအမြစ်ပဲ" ဟုပြောသည်။

"ကျိုးယွီ"(Zhou Yu) သည် ထိုစာကိုတအံ့တဩဖတ်ပြီးနောက်
"ခင်ဗျားက ဒီရောဂါအရင်းအမြစ်ကိုသိတယ်ဆိုတော့ ဘယ်လိုကုရမယ်ဆိုတာ ပြောပြပါဦး။ ဒါအင်မတန်အရေးကြီးတယ်" ဟုပြောသည်။
"ကျွန်တော် ဘာမှမထူးချွန်ပါဘူး။ ဒါပေမယ့် အင်မတန်ထူးချွန်ပြီးပါရမီရှိတဲ့လူတစ်ယောက်ဆီကနေ 'လျှို့ဝှက်နည်းစနစ်' ဆိုတဲ့စာအုပ်တစ်အုပ်ရခဲ့တယ်။ ကျွန်တော် လေကိုခေါ်ပြီး မိုးရွာအောင်လုပ်နိုင်တယ်။ စစ်သူကြီးက အရှေ့တောင်လေလိုအပ်တယ်ဆိုတော့ တောင်ဘက်တောင်ကုန်းမှာ ကြယ်ခုနှစ်စင်းနတ်ကွန်းဆောက်ရမယ်။ အဲ့စင်က ကိုးယူနစ်မြင့်ပြီး အထပ်သုံးဆင့်ရှိရမယ်၊ ဘေးပတ်လည်မှာ လူအယောက်တစ်ရာ့နှစ်ဆယ်က အလံကိုင်ပြီးရပ်ထားစေရမယ်။ ဒါဆိုရင်တော့ အဲ့စင်ပေါ်မှာ ကျွန်တော် အစီအရင်လုပ်ပြီး သုံးရက်သုံးည အရှေ့တောင်လေတိုက်စေပါ့မယ်။ စစ်သူကြီး သဘောတူပါသလား"
"သုံးရက်သုံးညမလိုဘူး။ တစ်ရက်တည်းဆိုရင် ကျုပ်အကြံအောင်ပါပြီ။ ဒါပေမယ့် ဒါနှောင့်နှေးလို့မဖြစ်ဘူး"
"ဒါဆို နှစ်ဆယ်ရက်နေ့မှာ ကျွန်တော် သုံးရက်သုံးညလေတိုက်အောင် စီမံပါ့မယ်"

"ကျိုးယွီ"(Zhou Yu) သည် ဝမ်းမြောက်ဝမ်းသာဖြင့်ထကာ အမိန့်ပေးသည်။ ထိုတောင်ကုန်းအနီးတွင်စောင့်ကြပ်ရန် စစ်သားငါးရာလွှတ်လိုက်ကာ နတ်စင်ဆောက်စေသည်။ ထို့အပြင် "ကျူးကဲလျန့်"(Zhuge Liang) ၏အမိန့်အတိုင်းလုပ်ဆောင်ရန် စစ်သားတစ်ရာ့နှစ်ဆယ် လွှတ်လိုက်သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် "လူဆု"(Lu Su) နှင့်အတူ တောင်ကုန်းဆီသို့သွားပြီး မြေကြီးကိုတိုင်းထွာသည်။ ထို့နောက် စစ်သားတို့အား အရှေ့တောင်အရပ်တွင်ရှိသော မြေနီပေါ်တွင် စင်ဆောက်စေသည်။စင်မှာ ဘေးပတ်လည်နှစ်ရာ့လေးဆယ်ယူနစ်ကျယ်ဝန်းပြီး လေးထောင့်ပုံစံရှိသည်၊ အဆင့်သုံးဆင့်ရှိပြီး အဆင့်တိုင်း သုံးယူနစ်မြင့်ကာ စုစုပေါင်း ကိုးယူနစ်မြင့်လေသည်။
အနိမ့်ဆုံးအဆင့်တွင် ကောင်းကင်ဘုံပြဿဒ်ဘုံနှစ်ဆယ့်လေးခုနှင့် နက္ခတ်တာရာလေးခု၏အလံများထားထားသည်။ အရှေ့အရပ်တွင် အပြာရောင်အလံခုနှစ်ခု၊ မြောက်ဘက်တွင် အမည်းရောင်အလံ ခုနှစ်ခု၊ အနောက်ဘက်တွင် အဖြူရောင်အလံ ခုနှစ်ခု နှင့် တောင်ဘက်တွင် အနီရောင်အလံခုနှစ်ခုထားထားသည်။
ဒုတိယအဆင့်တွင်မူ အလံရှစ်ခုကိုတစ်စုစီဖြင့် စုစုပေါင်းခြောက်ဆယ့်လေးခုထားထားသည်။
အမြင့်ဆုံးအဆင့်တွင် လူလေးဦးထားထားသည်။ ထိုလူတို့သည် ခေါင်းတွင် တာအိုခေါင်းဆောင်းဆောင်းထားကာ ဇာမဏီပုံဖော်ထားသော အမည်းရောင်အဝတ်ဝတ်ထားပြီး ကျယ်ပြန့်သော ခါးပတ်ပတ်ထားသည်၊ အနီရောင်ဖိနပ်ဝတ်ထားစေကာ လေးထောင့်ကျကျဘောင်းဘီစကပ်ဝတ်ထားစေသည်။ ဘယ်ဘက်တွင် လူတစ်ဦးက တိုင်တစ်တိုင်ကိုကိုင်ထားပြီး ထိပ်တွင် လေတိုက်မည်ကိုသိနိုင်ရန် ငှက်တောင်တို့ကိုချိတ်ထားသည်။ ညာဘက်တွင် ခုနှစ်စင်ကြယ်အလံကိုင်ထားသော လူတစ်ဦးရပ်ထားစေသည်။ အနောက်ဘယ်ဘက်တွင် လူတစ်ဦးကိုဓားကိုင်ကာ ရပ်ခိုင်းစေပြီး အနောက်ညာဘက်တွင် လူတစ်ဦးအား အမွှေးတိုင်ခွက်ကိုင်ထားစေသည်။
စင်အောက်ဘက်တွင်မူ လူလေးဆယ့်လေးယောက်ရှိပြီး အလံ၊ ထီး၊ လှံ၊ လှံရှည်၊ အဝါရောင်အလံ၊ အဖြူရောင်ရဲတင်း၊ အနီရောင်အလံ၊ အမည်းရောင်အလံတို့ကိုင်ထားစေပြီး အသီးသီးနေရာယူထားစေသည်။

နှစ်ဆယ်ရက်နေ့ ရွေးချယ်ထားသောအချိန်အခါတွင် "ကျူးကဲလျန့်"(Zhuge Liang) သည် ခန္ဓာကိုယ်ကိုသန့်စင်စေပြီး တာအိုအဝတ်ဝတ်ကာ စင်ပေါ်သို့တက်သည်။ ထို့နောက် "လူဆု"(Lu Su) အား
"စခန်းကိုပြန်ပြီး စစ်တိုက်ဖို့အတွက် စစ်သူကြီးကိုကူညီပါ။ လေမတိုက်မှာ မစိုးရိမ်ပါနဲ့" ဟုပြောလိုက်သည်။ "လူဆု"(Lu Su) လည်းထွက်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) က စစ်သားတို့အား တိတ်ဆိတ်စွာနေရန် အမိန့်ပေးလိုက်သည်။ အမိန့်မနာခံလျှင် သေဒဏ်ပေးမည်ဟုဆိုလိုက်သည်။ ထို့နောက် စင်ပေါ်သို့တက်ပြီး အမွှေးတိုင်ထွန်းကာ ရေတို့နှင့်ပက်ဖြန်းပြီး ဆုတောင်းလေသည်။ ထိုသို့ဆုတောင်းပြီးနောက် ကောင်းကင်ကြီးကိုကြည့်ကာ ရွက်ဖျင်တဲသို့ပြန်သွားသည်။ စစ်သားတို့ကိုအားလည်း ခဏနားခိုင်းစေကာ အလှည့်ကျ စားသောက်စေသည်။ ထိုနေ့ရက်တွင်ပင် စင်ပေါ်သို့သုံးကြိမ်တက်ပြီး သုံးကြိမ်ဆင်းသည်။ သို့သော်လည်း လေမတိုက်သေးပေ။

ထိုအချိန်တွင် "ကျိုးယွီ"(Zhou Yu) ၊ "ချန်ဖူ"(Cheng Pu) ၊ "လူဆု"(Lu Su) နှင့် အခြားသောစစ်အမှုထမ်းတို့သည် စစ်ထွက်ရန်အတွက်ပြင်ထားကာ လေတိုက်မည်ကိုမျှော်နေကြသည်။ ထို့အပြင် "စွန်းချွမ်"(Sun Quan) ထံသို့လည်းစာပို့ပြီး စစ်ကူပေးရန် တောင်းဆိုသည်။ "ဟွမ်ကိုင်"(Huang Gai) ၏မီးသင်္ဘောအစင်းနှစ်ဆယ်တို့လည်း အဆင်သင့်ဖြစ်နေပြီ။ သင်္ဘောပေါ်တွင် သစ်တုံးတို့ကို ငါးဆီ၊ ဆာလဖာ၊ ပိုတက်ဆီယမ်နိုက်ထရိတ်နှင့် အခြားလောင်စာတို့ဖြင့် သုတ်လိမ်းကာထားထားသည်။
"ချောင်ချောင်း"(Cao Cao) ၏သူလျှိုနှစ်ဦးဖြစ်သော "ချိုက်ဟဲ"(Cai He) နှင့် "ချိုက်ကျုံး"(Cai Zhong) ကို မြစ်ကမ်းနှင့်အဝေးတစ်နေရာတွင် ထားထားပြီး လုံခြုံစွာစောင့်ကြပ်ထားစေသည်။ "ကျိုးယွီ"(Zhou Yu) သည်လည်း စိတ်လှုပ်ရှားစွာဖြင့် လေတိုက်မည်ကိုစောင့်မျှော်နေပြီး "လူဆု"(Lu Su) မှာ စစ်သူကြီးတို့အား အဆင်သင့်ပြင်ထားရန် လိုက်လှုံ့ဆော်သည်။ ကောင်းကင်ကြီးမှာ သာယာနေပြီး လေတိုက်ရန်အရိပ်အယောင်မတွေ့ပေ။

"ကျိုးယွီ"(Zhou Yu) : "ကျုပ်တို့အလိမ်ခံလိုက်ရပြီလားမသိဘူး။ ဆောင်းတွင်းကြီးမှာ အရှေ့တောင်လေတိုက်ဖို့ဖြစ်နိုင်ပါ့မလား"
"လူဆု"(Lu Su) : "ကျူးကဲလျန့်(Zhuge Liang) ကတော့ မလိမ်လောက်ပါဘူး"
အချိန်သုံးချက်တီးမြောက်တွင် လေထဲတွင်အသံတစ်ခုကြားလိုက်ပြီး အလံတို့လွင့်သွားသည်။ ထိုအခါ သေနာပတိကထွက်ကြည့်လေရာ လေတို့သည် အနောက်မြောက်ဘက်သို့တိုက်သည်ကိုတွေ့လိုက်သည်။ သို့သော် မကြာမီမှာပင် အရှေ့တောင်ဘက်သို့တိုက်လေသည်။ ထိုအခါ "ကျိုးယွီ"(Zhou Yu) မှာ လန့်သွားပြီး
"သူက ကောင်းကင်ကြီးလောက်အစွမ်းရှိပြီး မြေပြင်ကိုချုပ်ကိုင်နိုင်တယ်။ သူ့နည်းလမ်းတွေကိုတွက်ချက်လို့မရဘူး၊ နတ်ဘုရားတွေ၊ မိစ္ဆာတွေထက်သာလွန်တယ်။ သူအသက်ဆက်ရှင်နေရင် တောင်ပိုင်းပြည်နယ်အတွက် ကြမ္မာဆိုးပဲ။ သူ့ကိုသတ်ပစ်မှဖြစ်မယ်" ဟုပြောသည်။
ထို့နောက် "တင်းဖုန်း"(Ding Feng) နှင့် "ရွှီရှန်"(Xu Sheng) ကိုခေါ်ပြီး
"ခင်ဗျားတို့နှစ်ယောက် စစ်သားအယောက်တစ်ရာစီနဲ့ တစ်ဖွဲ့ကမြစ်ကြောင်းက၊ တစ်ဖွဲ့ကကုန်းကြောင်းက ချီတက်ပြီး တောင်နားက နတ်စင်ကိုသွားပါ။ အဲ့နေရာရောက်ရင် ဘာမှမပြောပဲနဲ့ ကျူးကဲလျန့်(Zhuge Liang) ကိုသတ်လိုက်ပါ။ သူ့ခေါင်းကိုပြန်ယူလာနိုင်ရင် ထိုက်ထိုက်တန်တန်ဆုချမယ်" ဟုပြောသည်။
"ရွှီရှန်"(Xu Sheng) သည် ဓားတို၊ ရဲတင်းကိုင်ထားသောစစ်သည်တို့ကိုဦးဆောင်ပြီး "တင်းဖုန်း"(Ding Feng) က မြားသမားတို့ကိုဦးဆောင်ကာ အသီးသီးထွက်သွားကြသည်။
"တင်းဖုန်း"(Ding Feng) သည် ပထမဆုံးရောက်သွားပြီး စင်ပေါ်သို့တက်သွားသောအခါ "ကျူးကဲလျန့်"(Zhuge Liang) ကိုမတွေ့ပေ။ အစောင့်တို့ကိုမေးသောအခါ
"အခုလေးတင် ဆင်းသွားပြီ" ဟု ပြောကြသည်။ "တင်းဖုန်း"(Ding Feng) လည်း တောင်အောက်သို့ဆင်းသွားရာ "ရွှီရှန်"(Xu Sheng) ၏တပ်ဖွဲ့နှင့်တွေ့သည်။ ထိုအချိန်တွင် စစ်သားတစ်ဦးမှ
"ညနေပိုင်းလောက်က သဲသောင်ပြင်နားမှာ လှေငယ်လေးကိုတွေ့လိုက်တယ်။ ကျူးကဲလျန့်(Zhuge Liang) က အဲ့လှေပေါ်တက်ပြီး မြစ်ကိုဆန်တက်သွားတယ်" ဟုပြောသည်။ ထိုအခါ "ရွှီရှန်"(Xu Sheng) နှင့် "တင်းဖုန်း"(Ding Feng) သည် ရေကြောင်း၊ ကုန်းကြောင်းခွဲကာ လိုက်ကြသည်။ "ရွှီရှန်"(Xu Sheng) သည် လှေကိုရွက်လွှင့်စေပြီး လေအရှိန်ကြောင့် မကြာမီမှာပင် တစ်ဖက်လှေကိုလှမ်းမြင်ရာ
"အကြံပေး၊ ခဏနေပါဦး။ စစ်သူကြီးက ခင်ဗျားနဲ့တွေ့ချင်လို့" ဟုပြောသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) ကရယ်ပြီး
"ပြန်သွားပြီး စစ်သူကြီးကို စစ်သားတွေကောင်းကောင်းအသုံးချဖို့ပြောလိုက်ပါ။ ကျုပ် ရေဆန်တက်ပြီး အစီအရင်လေးလုပ်စရာရှိလို့။ နောက်ရက်မှ သူ့ကိုလာတွေ့ပါ့မယ်" ဟုပြောသည်။
"ခဏလေးနေပါဦး။ အရေးကြီးကိစ္စပြောစရာရှိလို့ပါ"
"ကျုပ်အကုန်လုံးသိတယ်။ ကျိုးယွီ(Zhou Yu) က ကျုပ်ကိုသတ်ချင်လို့ ခင်ဗျားကိုလွှတ်လိုက်တာမလား။ ဒါကြောင့် ကျောက်ယွင်(Zhao Yun) ဒီမှာလာစောင့်နေတာ။ ခင်ဗျား အနားမကပ်ရင်ကောင်းမယ်"

သို့သော်လည်း "ရွှီရှန်"(Xu Sheng) သည်အနောက်မှဆက်လိုက်ရာ "ကျောက်ယွင်"(Zhao Yun) သည် မြားဖြင့်ချိန်ပြီး
"ခင်ဗျား ကျုပ်ကိုသိတယ်မလား။ ကျုပ်က အကြံပေးအရာရှိကိုစောင့်ကြပ်ဖို့လာတာ။ ခင်ဗျားဘာလို့ နောက်ကဆက်လိုက်နေတာလဲ? မြားတစ်ချောင်းက ခင်ဗျားကိုသတ်ဖို့လုံလောက်တယ်၊ အဲ့လိုဆိုရင်တော့ နှစ်ဦးနှစ်ဖက်ငြိမ်းချမ်းမှုတွေပျက်ကုန်မယ်။ ဒါပေမယ့်လည်း ခင်ဗျားကိုမြားနဲ့ပစ်ပြီး ကျုပ်အစွမ်းကိုပြဖို့ဝန်မလေးဘူး" ဟုပြောသည်။ ထို့နောက် မြားကိုပစ်လိုက်ရာ ရွက်ကိုချည်ထားသော ကြိုးကိုထိမှန်ပြီး ရွက်ပြုတ်ကျသွားသည်။ "ကျောက်ယွင်"(Zhao Yun) ၏လှေသည်လည်း ရွက်လွှင့်ပြီး မျက်စိမြင်ကွင်းမှပျောက်ကွယ်သွားသည်။
ကမ်းစပ်တွင်ရှိသော "တင်းဖုန်း"(Ding Feng) မှ "ရွှီရှန်"(Xu Sheng) ကိုပြန်ခေါ်စေကာ
"ကျူးကဲလျန့်(Zhuge Liang) က ဉာဏ်ပညာကောင်းလွန်းတယ်၊ ကျောက်ယွင်(Zhao Yun) က သူရဲကောင်းထဲမှာ အရဲရင့်ဆုံးသူရဲကောင်းပဲ။ တန်းရန် လုံတောင်ကုန်းတံတားမှာ သူလုပ်ခဲ့တာတွေကို ခင်ဗျားသိတယ်မလား? လောလောဆယ်တော့ ပြန်လှည့်ပြီးသတင်းပို့တာပေါ့" ဟုပြောသည်။

ထိုသူနှစ်ဦးလည်း ပြန်သွားကြပြီး "ကျိုးယွီ"(Zhou Yu) အား သတင်းပို့ရာ "ကျိုးယွီ"(Zhou Yu) မှ
"သူအသက်ရှင်နေရင် နေ့ရောညပါ စိတ်ချလက်ချနေရမှာမဟုတ်ဘူး" ဟုပြောသည်။ "လူဆု"(Lu Su) မှ
"ချောင်ချောင်း(Cao Cao) ကိုတိုက်ပြီးတဲ့အထိစောင့်ပါဦး" ဟုပြောသဖြင့် လက်ခံလိုက်သည်။ ပြီးနောက် အမှုထမ်းတို့ကို စုဝေးစေလိုက်သည်။
"ကျိုးယွီ"(Zhou Yu) သည် "ကန်းနင်"(Gan Ning) အား
"ခင်ဗျားနဲ့ အတူ ချိုက်ကျုံး(Cai Zhong) နဲ့သူ့စစ်သားတွေခေါ်သွားပါ။ တောင်ပိုင်းကမ်းစပ်ရောက်တဲ့အထိသွားပြီး ချောင်ချောင်း(Cao Cao) ရဲ့အလံထောင်လိုက်ပါ။ ပြီးရင် ရန်သူစားနပ်ရိက္ခာထားထားတဲ့နေရာရဲ့မျက်နှာချင်းဆိုင်ထိရောက်အောင်သွားပါ၊ အဲ့ကနေ ရန်သူရဲ့စခန်းတွေထဲထိုးဖောက်နိုင်သလောက် ထိုးဖောက်ပြီး မီးနဲ့အချက်ပြလိုက်ပါ။ ချိုက်ဟဲ(Cai He) ကတော့ တခြားအသုံးချစရာရှိသေးတဲ့အတွက် စခန်းမှာပဲထားထားမယ်" ဟုပြောသည်။ နောက်ထပ်အမိန့်တစ်ခုမှာကား
"ထိုက်ရှီချီ(Taishi Ci) ကတော့ စစ်သားနှစ်ထောင်ကိုဦးဆောင်ပြီး ဟွမ်ကျိုးကိုချီတက်ပြီးတော့ ဟဲဖေးက ရန်သူနဲ့အဆက်အသွယ်ကိုဖြတ်တောက်လိုက်ပါ။ ရန်သူနားရောက်ရင် အချက်ပေးလိုက်ပါ။ အနီရောင်အလံကိုတွေ့ရင် ကျုပ်တို့သခင် စွန်းချွမ်(Sun Quan) က စစ်ကူနဲ့ရောက်လာပြီဆိုတာ သိလိမ့်မယ်" ဟု၍ဖြစ်သည်။
"ကန်းနင်"(Gan Ning) နှင့် "ထိုက်ရှီချီ"(Taishi Ci) တို့သည်လည်း အရင်ဆုံးထွက်သွားကြသည်။

ရန်သူ့တပ်စခန်းကိုမီးရှို့ရန်သွားသည့် "ကန်းနင်"(Gan Ning) အား ကူညီရန် "လွီမန်"(Lu Meng) ကိုလွှတ်လိုက်သည်။ "လင်ထုံ"(Ling Tong) ကိုမူ စစ်သားသုံးထောင်ဦးဆောင်စေပြီး ယီလင်သို့သွားစေကာ သစ်တောထဲမှအချက်ပေးသည်ကိုမြင်သည်နှင့်တိုက်ရန်ပြောသည်။  ပဉ္စမတပ်ဖွဲ့အနေဖြင့် "တုံးရှီး"(Dong Xi) အားစစ်သားသုံးထောင်ဖြင့် ဟန်ရန်သို့သွားစေကာ ဟန်မြစ်မှရန်သူကိုတိုက်စေသည်။ သူတို့၏တပ်ဖွဲ့မှအလံအဖြူဖြင့် အချက်ပေးသည်နှင့် ကူညီရန် "ဖန်ကျန်း"(Pan Zhang) ၏စစ်တပ်သုံးထောင်အားလွှတ်လိုက်သည်။
ထိုတပ်ဖွဲ့ခြောက်ဖွဲ့ကိုလွှတ်ပြီးနောက် "ဟွမ်ကိုင်"(Huang Gai) အား "ချောင်ချောင်း"(Cao Cao) ထံစာပို့စေပြီး ထိုညနေလာမည်ဖြစ်ကြောင်းပြောစေသည်။ ထို့အပြင် "ဟွမ်ကိုင်"(Huang Gai) ကိုကူညီရင် ရေတပ်တပ်မကြီးလေးခုလွှတ်လိုက်သည်။ တပ်မတစ်ခုစီတွင် သင်္ဘောအစင်းသုံးရာစီရှိပြီး စစ်သူကြီးလေးဦးတို့က ဦးဆောင်သည်။ ထိုစစ်သူကြီးတို့မှာ "ဟန်တန်"(Han Dang) ၊ "ကျိုးထိုက်"(Zhou Tai) ၊ "ကျန်းချင်"(Jiang Qin) နှင့် "ချန်ဝူ"(Chen Wu) တို့ဖြစ်ကြသည်။ တပ်မတစ်ခုစီတွင် မီးသင်္ဘောအစင်းနှစ်ဆယ်ရှိသည်။ ထိုတိုက်ပွဲကို ထိန်းကွပ်ရန် "ကျိုးယွီ"(Zhou Yu) နှင့် "ချန်ဖူ"(Cheng Pu) တို့က သင်္ဘောကြီးပေါ်တွင်နေရာယူသည်။ ထိုသူနှစ်ဦးတို့အား "တင်းဖုန်း"(Ding Feng) နှင့် "ရွှီရှန်"(Xu Sheng) တို့က စောင့်ကြပ်ကာကွယ်သည်။ "လူဆု"(Lu Su) ၊ "ခန့်ဇယ်"(Kan Ze) နှင့် အခြားအကြံပေးတို့သည် စစ်စခန်းတွင်သာနေရစ်ခဲ့ပြီး စခန်းကိုကာကွယ်သည်။

ထိုအချိန်တွင် "စွန်းချွမ်"(Sun Quan) ထံမှ "လုရွှင့်"(Lu Xun) အား ရှေ့ပြေးတပ်အနေဖြင့်လွှတ်လိုက်ပြီဖြစ်ကြောင်း စာရောက်လာသည်။ "စွန်းချွမ်"(Sun Quan) ကမူ ပင်မတပ်ကြီးကိုဦးဆောင်ပြီး "လုရွှင့်"(Lu Xun) အား ကူညီမည်ဖြစ်သည်။ "ကျိုးယွီ"(Zhou Yu) သည် တပ်ဖွဲ့သေးနှစ်ဖွဲ့ခွဲကာ တစ်ဖွဲ့ကို အနောက်ဘက်တောင်ကုန်းတွင် မီးဖြင့်အချက်ပေးရန်လွှတ်လိုက်ပြီး ကျန်တစ်ဖွဲ့ကို တောင်ဘက်တောင်ကုန်းတွင် အလံဖြင့်အချက်ပေးစေသည်။
အကုန်လုံးပြင်ဆင်ပြီးနောက်ဝယ် နေဝင်သည့်အချိန်ကိုစောင့်နေသည်။

"လျူဘေ့"(Liu Bei) သည် ရှခိုတွင် စိတ်ပူပင်စွာဖြင့် သူ၏အကြံပေးအားစောင့်နေသည်။ ထိုအချိန်တွင် "လျူချီ"(Liu Qi) ခေါင်းဆောင်သော သင်္ဘောတပ်ရောက်လာသည်။ သူသည် အခြေအနေကိုလာမေးမြန်းခြင်းဖြစ်သည်။ "လျူဘေ့"(Liu Bei) သည် သူ့အားစစ်မျှော်စင်အတွင်းသို့ခေါ်ပြီး
"အရှေ့တောင်လေ စတိုက်ပြီ၊ ကျောက်ယွင်(Zhao Yun) က ကျူးကဲလျန့်(Zhuge Liang) ကိုသွားခေါ်တယ်" ဟုပြောသည်။ မကြာမီမှာပင် "ကျောက်ယွင်"(Zhao Yun) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ရောက်လာသည်။ အချင်းချင်းသာကြောင်းမာကြောင်းမေးမြန်းပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) မှ
"အခုတခြားအကြောင်းတွေပြောဖို့အချိန်မရှိတော့ဘူး၊ စစ်တပ်တွေ၊ သင်္ဘောတွေအဆင်သင့်ပြင်ပြီးပြီလား" ဟုမေးသည်။
"အဆင်သင့်ပဲ။ အမိန့်ပေးဖို့ပဲစောင့်နေကြတာ"

သို့နှင့် ရွက်ဖျင်တဲအတွင်းသို့ဝင်သွားကြပြီး "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျောက်ယွင်(Zhao Yun) က စစ်သားသုံးထောင်ကိုဦးဆောင်ပြီး မြစ်ကိုဖြတ်ပြီးတော့ အမည်းရောင်သစ်တောနားက လမ်းနားမှာစောင့်နေရမယ်။ နောက် နက်နဲတဲ့သစ်တောကိုအကာအကွယ်ယူပြီး ခြုံခိုတိုက်ရမယ်။ ဒီည လေးနာရီမြောက်အချိန်မှာ ချောင်ချောင်း(Cao Cao) အဲ့ကဖြတ်လိမ့်မယ်။ သူ့တပ်ဖွဲ့တစ်ဝက်လောက်ဖြတ်ပြီးသွားတဲ့အချိန်မှာ သစ်တောကိုမီးရှို့လိုက်ပါ။ ချောင်ချောင်း(Cao Cao) တပ်တွေအကုန်လုံးမပျက်သွားပေမယ့် အတော်တော့ထိနာသွားလိမ့်မယ်" ဟုပြောသည်။ "ကျောက်ယွင်"(Zhao Yun) မှ
"အဲ့မှာ လမ်းနှစ်လမ်းရှိတယ်။ တစ်လမ်းက တောင်ပိုင်းပြည်နယ်ကိုသွားတာ၊ နောက်တစ်လမ်းက ကျင်ကျိုးကိုသွားတာ။ သူတို့ဘယ်လမ်းကဖြတ်မယ်ဆိုတာမသိဘူး" ဟုပြောသည်။
"တောင်ပိုင်းပြည်နယ်ဘက်က အန္တရာယ်များတဲ့အတွက် ချောင်ချောင်း(Cao Cao) က ကျင်ကျိုးကနေတဆင့် မြို့တော်ကိုသွားလိမ့်မယ်"
သို့နှင့် "ကျောက်ယွင်"(Zhao Yun) ထွက်သွားသည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ "ကျန်းဖေး"(Zhang Fei) အား
"ခင်ဗျားက စစ်သားသုံးထောင်ကိုဦးဆောင်ပြီးတော့ ယီလင်က ရန်သူ့လမ်းကိုဖြတ်တောက်ရမယ်။ ပြီးရင် ဟူလူချိုင့်ဝှမ်းမှာ ခြုံခိုတိုက်ရမယ်၊ ချောင်ချောင်း(Cao Cao) က တောင်ဘက်ယီလင်ကို မသွားရဲတဲ့အတွက် မြောက်ဘက်ယီလင်ကိုလာလိမ့်မယ်။ မနက်ဖြန်နံနက် ဟင်းချက်တဲ့မီးခိုးငွေ့ကိုမြင်ရင် တောင်ကုန်းကိုမီးရှို့လိုက်ပါ။ ခင်ဗျားက ချောင်ချောင်း(Cao Cao) ကိုဖမ်းမိနိုင်မှာမဟုတ်ပေမယ့် ကြီးမားတဲ့ဂုဏ်ထူးဆောင်နိုင်လိမ့်မယ်" ဟုပြောသည်။
"ကျန်းဖေး"(Zhang Fei) လည်း ထွက်သွားလေသည်။ ထို့နောက် "မီကျူ"(Mi Zhu) ၊ "မီဖန်"(Mi Fang) နှင့် "လျူဖုန်း"(Liu Feng) တို့အား တပ်ဖွဲ့သုံးဖွဲ့ဦးဆောင်စေကာ မြစ်ကမ်းစပ်သို့သွားစေပြီး ရှုံးနိမ့်သွားသောစစ်သားများနှင့်သူတို့၏လက်နက်များကိုကောက်ယူစေသည်။

ထို့နောက် "လျူချီ"(Liu Qi) အား
"ဝူချန်အနီးအနားက ရွာလေးတွေက အရေးပါတယ်၊ ခင်ဗျားတပ်ဖွဲ့ကိုဦးဆောင်ပြီး အရေးပါတဲ့နေရာတွေမှာစောင့်ကြပ်ပါ။ စစ်ပွဲရှုံးပြီးပြေးလာတဲ့ ချောင်ချောင်း(Cao Cao) ကိုဖမ်းမိလိမ့်မယ်။ ဒါပေမယ့် အကြောင်းအရင်းမရှိပဲ မြို့ထဲကမထွက်ပါနဲ့" ဟုပြောသည်။ "လျူချီ"(Liu Qi) လည်းထွက်သွားလေသည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ "လျူဘေ့"(Liu Bei) အား
"သခင်ကြီးကတော့ ဖန်ခိုမှာပဲအေးအေးဆေးဆေးနေပြီး မျှော်စင်အမြင့်ထက်ကနေ ဒီညမှာလှုပ်ရှားမယ့် ကျိုးယွီ(Zhou Yu) ရဲ့စီမံကိန်းတွေကိုကြည့်နေပါ" ဟုပြောသည်။
"ကွမ်းယွီ"(Guan Yu) သည် သူ့အလှည့်ကိုစောင့်နေသော်လည်း "ကျူးကဲလျန့်"(Zhuge Liang) က မခေါ်သဖြင့် မနေနိုင်တော့ပဲ
"ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကျုပ်အစ်ကိုကြီးနောက်လိုက်ပြီး တိုက်ပွဲဝင်ခဲ့တာ ကျုပ်ဘယ်တော့မှချန်ရစ်ထားတာ မခံခဲ့ရဘူး။ အခုကိစ္စကြီးကိုလုပ်မယ်ဆိုတော့ ကျုပ်အတွက် ဘာအလုပ်မှမရှိတာလဲ? ဒါဘာသဘောလဲ" ဟုပြောလေသည်။
"ခင်ဗျားအံ့ဩစရာမလိုပါဘူး၊ ခင်ဗျားအတွက် တာဝန်ကြီးတစ်ခုရှိတယ်။ ဒါပေမယ့် အကြောင်းအရင်းတစ်ခုကြောင့် ခင်ဗျားကိုမလွှတ်တာ"
"ဘာအကြောင်းအရင်းလဲ? ကျုပ်ကိုပြောပြစမ်းပါ"
"ချောင်ချောင်း(Cao Cao) က ခင်ဗျားအပေါ်ကောင်းခဲ့ဖူးတော့ ခင်ဗျားကသူ့ကိုကျေးဇူးတင်နေမှာပဲလေ။ ချောင်ချောင်း(Cao Cao) စစ်ရှုံးသွားရင် ဟွာရုံလမ်းကနေပြေးလိမ့်မယ်။ ခင်ဗျားကို အဲ့လမ်းမှာစောင့်ကြပ်ခိုင်းထားရင် ခင်ဗျားက သူ့ကိုလွှတ်ပေးလိုက်မှာ"
"အကြံပေးအရာရှိက စာနာတတ်တယ်။ သူကကျွန်တော့်အပေါ်ကောင်းကောင်းဆက်ဆံခဲ့တယ်ဆိုပေမယ့် သူ့ရန်သူတွေဖြစ်တဲ့ ဝင်ချို(Wen Chou) နဲ့ ရန်လျန်(Yan Liang) ကိုသတ်ပြီး အဲ့ကြင်နာမှုကိုပြန်ပေးဆပ်ခဲ့တာပဲလေ။ ချောင်ချောင်း(Cao Cao) နဲ့လမ်းမှာတွေ့ရင် သူ့ကိုမလွှတ်ပေးပါဘူး"
"အကယ်၍ ခင်ဗျားလွှတ်လိုက်ရင်ကော?"
"စစ်စည်းကမ်းအတိုင်း အရေးယူပါ"
"ဒါဆို ကတိသက်သေအနေနဲ့စာရေးထားပါ"
သို့နှင့် "ကွမ်းယွီ"(Guan Yu) သည်လည်း စာရေးကာ "ကျူးကဲလျန့်"(Zhuge Liang) အား ပေးလိုက်သည်။

"ဒါပေမယ့် သူအဲ့လမ်းကမလာခဲ့ရင်ကော"
"သူ အဲ့လမ်းကနေဖြတ်ကိုဖြတ်မယ်ဆိုတဲ့အာမခံစာ ရေးထားပါ့မယ်။ ဟွာရုံကမ်းပါးနားကတောင်ကုန်းမှာ ထင်းတွေ၊မြက်တွေနဲ့မီးမွှေးပြီး ချောင်ချောင်း(Cao Cao) အဲ့လမ်းလာအောင်လုပ်ပါ"
"ချောင်ချောင်း(Cao Cao) က မီးခိုးတွေ့ရင် ကင်းပုန်းရှိတယ်လို့ယူဆပြီး လာမှာမဟုတ်ဘူး"
"ခင်ဗျားက ရိုးစင်းလွန်းတယ်။ စစ်ဗျူဟာတွေကို ဒီထက်ပိုမသိတော့ဘူးလား? ချောင်ချောင်း(Cao Cao) က ထူးချွန်တဲ့ခေါင်းဆောင်တစ်ယောက်ပဲ။ ဒါပေမယ့် ဒီအချိန်မှာတော့ သူ့ကိုလှည့်စားနိုင်လိမ့်မယ်။ သူမီးခိုးကိုတွေ့ရင် တမင်သက်သက်လမ်းလွဲအောင်လုပ်တယ်လို့ထင်ပြီး အဲ့လမ်းကိုပဲလာလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားရဲ့ဆင်ခြင်တုံတရားကို အကြင်နာတရားကြောင့် မဖုံးလွှမ်းမိပါစေနဲ့"
ထိုတာဝန်ကို "ကွမ်းယွီ"(Guan Yu) အား ပေးလိုက်ပြီးနောက် "ကွမ်းယွီ"(Guan Yu) သည် မွေးစားသား "ကွမ်းဖင်"(Guan Ping) ၊ စစ်သူကြီး "ကျိုးချန်း"(Zhou Cang) နှင့်အတူ ဓားသမားငါးရာဖြင့် ထွက်သွားသည်။

"လျူဘေ့"(Liu Bei) မှ
"သူက သစ္စာ မေတ္တာတရားကြီးလွန်းတယ်။ ချောင်ချောင်း(Cao Cao) အဲ့လမ်းကဖြတ်ရင် သူလွှတ်ပေးလိုက်မှာပဲ" ဟုပြောသည်။
"ကျွန်တော် နက္ခတ်တွေကိုကြည့်ထားတာအရကတော့ သူပုန်ချောင်ချောင်း(Cao Cao) က သေကိန်းမရှိသေးဘူး။ ဒါပေမယ့် ကွမ်းယွီ(Guan Yu) ကိုတမင်တကာ ဒီတာဝန်ပေးပြီး ကောင်းကျိုးရအောင်လုပ်လိုက်တာ"
"ခင်ဗျားလောက် အမျှော်အမြင်ကြီးတဲ့လူ ရှားပါတယ်"
ထိုသူတို့နှစ်ဦးတို့သည် "ကျိုးယွီ"(Zhou Yu) ၏ဗျူဟာကိုစောင့်ကြည့်ရန် ဖန်ခိုသို့သွားသည်။ "စွန်းချန်"(Sun Qian) နှင့် "ကျန်းယုံ"(Jian Yong) ကိုမူ ရှခိုကိုစောင့်ကြပ်စေသည်။

"ချောင်ချောင်း"(Cao Cao) သည် ရွက်ဖျင်တဲကြီးအတွင်းဝယ် အစည်းအဝေးပြုလုပ်ကာ "ဟွမ်ကိုင်"(Huang Gai) အလာကိုစောင့်နေသည်။ အရှေ့တောင်လေက အင်မတန်ပြင်းသဖြင့် "ချန်ယွီ"(Cheng Yu) မှ သတိထားရန်အကြံပေးသည်။ "ချောင်ချောင်း"(Cao Cao) ကရယ်ကာ
"ဆောင်းရာသီမှာ နေ့တာအတိုအရှည်က နေနဲ့ဆိုင်တယ်။ တချက်တလေတော့ အရှေ့တောင်လေတိုက်ရင်တိုက်မှာပေါ့။ ဒါဘာမှမထူးဆန်းပါဘူး" ဟုပြောသည်။ ထိုအချိန်တွင် "ဟွမ်ကိုင်"(Huang Gai) ၏စာရောက်လာသောကြောင့် "ချောင်ချောင်း"(Cao Cao) က စာကိုဖတ်ရာ စာမှာအောက်ပါအတိုင်းဖြစ်သည်။
'ကျိုးယွီ(Zhou Yu) က တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေတဲ့အတွက် အရင်က ထွက်လမ်းမရှိခဲ့ဘူး။ ဒါပေမယ့် အခုစားနပ်ရိက္ခာသင်္ဘောတွေရောက်လာတဲ့အချိန်မှာ ကျွန်တော့်ကိုစောင့်ကြပ်ဖို့ ကြီးကြပ်ရေးအရာရှိအနေနဲ့တာဝန်ပေးခဲ့တဲ့အတွက် ဝန်ကြီးချုပ်ထံလာဖို့ အခွင့်ကောင်းတွေ့ခဲ့ပါပြီ။ ကျွန်တော်လာတဲ့အခါမှာ နာမည်ကြီးစစ်သူကြီးတစ်ယောက်ရဲ့ခေါင်းကိုဖြတ်ပြီး သူ့ခေါင်းကိုလက်ဆောင်အနေနဲ့ယူလာခဲ့ပါ့မယ်။ ဒီညနေ သုံးချက်တီးအချိန်မှာ နဂါးသွားအလံနဲ့သင်္ဘောတွေကိုမြင်ရင် အဲ့သင်္ဘောတွေက စားနပ်ရိက္ခာသင်္ဘောပါပဲ'
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် အင်မတန်ဝမ်းသာသွားပြီး သင်္ဘောကြီးပေါ်တွင်တက်ကာ "ဟွမ်ကိုင်"(Huang Gai) လာမည်ကိုစောင့်နေသည်။

တောင်ပိုင်းပြည်နယ်တွင် "ကျိုးယွီ"(Zhou Yu) သည် စစ်သားတို့ကိုခေါ်ကာ "ချိုက်ဟဲ"(Cai He) အားခေါင်းဖြတ်စေသည်။
"ကျွန်တော် ဘာအပြစ်မှမလုပ်ပါဘူး"
"ကျုပ်ဘက်ကိုလာဟန်ဆောင်ပြီး သစ္စာခံတာကိုမသိဘူးထင်လား? ခင်ဗျားရဲ့ခေါင်းကို ကျုပ်အသုံးချရမယ်"
"ခင်ဗျားဘက်က လူနှစ်ယောက် - ခန့်ဇယ်(Kan Ze) နဲ့ ကန်းနင်(Gan Ning) တို့လည်း ဒီအကြံအစည်ထဲမှာပါတယ်"
"သူတို့က ကျုပ်အမိန့်အတိုင်းလုပ်နေတာ"
ထို့နောက် "ချိုက်ဟဲ"(Cai He) ၏ခေါင်းကိုယဇ်ကောင်အနေဖြင့် အလံတွင်ချိတ်ထားစေသည်။ ပြီးနောက်တွင် "ဟွမ်ကိုင်"(Huang Gai) သည် သင်္ဘောတို့ဖြင့် ချီတက်လေသည်။ သူစီးသောသင်္ဘော၏အလံတွင် ရှေ့ပြေးတပ်စစ်သူကြီး ဟွမ်ကိုင်(Huang Gai) ဟူသောစာရေးထားပြီး ကမ်းပါးနီဘက်သို့ချီတက်သည်။ လေတို့သည် ပြင်းထန်စွာတိုက်နေသည်။

"ချောင်ချောင်း"(Cao Cao) သည် စစ်ပွဲအောင်နိုင်တော့မည်အထင်ဖြင့် ကျေနပ်စွာရယ်မောသည်။ စစ်သားတစ်ဦးမှလာပြီး
"တောင်ပိုင်းပြည်နယ်က သင်္ဘောတွေ လေအရှိန်ကိုအားကိုးပြီး ဒီကိုချီတက်လာကြတယ်" ဟု သတင်းပို့သည်။ "ချောင်ချောင်း"(Cao Cao) သည် မြင့်သောတစ်နေရာသို့သွားပြီး ထိုသင်္ဘောတို့ကိုကြည့်လေရာ အမှုထမ်းတို့က အလံမှာ အနက်ရောင်နဂါးပုံနှင့် ဟွမ်ကိုင်(Huang Gai) ဟူသောစာလည်းရေးထားကြောင်းပြောကြသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည်
"ဒါ ငါ့မဟာမိတ်ပဲ။ ဒီနေ့ ကောင်းကင်ကြီးက ငါ့ဘက်မှာရှိတယ်" ဟုပျော်ရွှင်စွာပြောသည်။ သင်္ဘောတို့အနီးသို့ရောက်လာသောအခါ "ချန်ယွီ"(Cheng Yu) မှ
"အဲ့သင်္ဘောတွေက ရန်သူတွေပဲ၊ အနီးမကပ်စေနဲ့" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ခင်ဗျား ဘယ်လိုသိလဲ" ဟုမေးရာ
"သင်္ဘောတွေက စားနပ်ရိက္ခာသယ်လာတယ်ဆိုရင် သင်္ဘောကိုယ်ထည်ကလေးနေပြီး ဝမ်းပိုင်းက တော်တော်လေးနစ်နေရမှာ။ အခုတော့ ဒီသင်္ဘောတွေက ပေါ့ပါးနေတယ်။ အရှေ့တောင်လေက တအားပြင်းနေတယ်။ သူတို့သာသစ္စာဖောက်ပြီး ကျွန်တော်တို့ကိုတိုက်ရင် ဘယ်လိုလုပ်မလဲ" ဟုပြန်ဖြေသည်။

"ချောင်ချောင်း"(Cao Cao) သည် သဘောပေါက်သွားပြီး လာသောသင်္ဘောတို့ကိုမည်သူသွားတားမည်နည်းဟုမေးရာ "ဝင်ဖင်"(Wen Ping) မှ
"ကျွန်တော် ရေကြောင်းနဲ့ပတ်သတ်ပြီးကျွမ်းတယ်" ဟုပြောပြီး သူသွားမည်ဟုပြောသည်။ ထို့နောက် "ဝင်ဖင်"(Wen Ping) သည် သူ၏သင်္ဘောပေါ်မှ
"တောင်ပိုင်းသင်္ဘောတွေ အနားမကပ်နဲ့လို့ ဝန်ကြီးချုပ်က အမိန့်ထုတ်ထားတယ်။ အဲ့နေရာမှာပဲ ခဏရပ်နေပါ" ဟုပြောသည်။ သို့သော် တောင်ပိုင်းသင်္ဘောတို့မှာ မရပ်ပေ။ ထိုအချိန်တွင် မြားတစ်စင်းသည် "ဝင်ဖင်"(Wen Ping) ၏ဘယ်လက်မောင်းကိုထိမှန်သွားပြီး လဲကျသွားလေသည်။ စစ်သားတို့လည်း ရှုပ်ထွေးကုန်သည်။

"ဟွမ်ကိုင်"(Huang Gai) သည် သူ၏ဓားဖြင့်အချက်ပြလိုက်သောအခါ ရှေ့တွင်ဦးဆောင်နေသော သင်္ဘောတို့သည် မီးသင်္ဘောဖြစ်သွားပြီး ထိုသင်္ဘောအစင်းနှစ်ဆယ်တို့သည် မီးမြားအသွင်ဖြင့် ရန်သူ၏သင်္ဘောတို့ကိုတိုက်လေသည်။
"ချောင်ချောင်း"(Cao Cao) ၏သင်္ဘောတို့မှာ ကြိုးဖြင့်ချိတ်ဆက်ထားသဖြင့် မရှောင်တိမ်းနိုင်ပေ။ ထိုအချိန်တွင် လေကလည်း တိုက်သဖြင့် မီးများဟုန်းဟုန်းတောက်လောင်ကျွမ်းလေသည်။ တစ်လောကလုံးမီးတောက်မီးလျှံနှင့်ပြည့်နေလေ၏။ "ဟွမ်ကိုင်"(Huang Gai) သည်လည်း မီးတောက်မီးလျှံကြားတွင် သင်္ဘောငယ်တစ်စီးဖြင့် ရန်သူ့ခေါင်းဆောင် "ချောင်ချောင်း"(Cao Cao) ကိုလိုက်ရှာသည်။ "ချောင်ချောင်း"(Cao Cao) သည် ကုန်းမြေပြင်ပေါ်သို့ထွက်ပြေးရန်ပြုလေသည်။ ထိုအချိန်တွင် "ကျန်းလျောင်"(Zhang Liao) သည်လှေငယ်လေးဖြင့် ရောက်လာပြီး "ချောင်ချောင်း"(Cao Cao) ကိုခေါ်ကာ မြေပြင်သို့ချဉ်းကပ်လေသည်။ ၎င်းကိုမြင်သောအခါ "ဟွမ်ကိုင်"(Huang Gai) က နောက်မှလိုက်လေသည်။
အနီးသို့ရောက်သောအခါ
"သူပုန်၊ မပြေးနဲ့။ ကျုပ်က ဟွမ်ကိုင်(Huang Gai) ပဲ" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) သည် စိတ်ပျက်စွာဖြင့် ကျယ်လောင်စွာအော်ဟစ်သည်။

"ကျန်းလျောင်"(Zhang Liao) သည် လေးနှင့်မြားကိုကိုင်ပြီး နောက်မှလိုက်လာသူကိုလှမ်းပစ်ရာ "ဟွမ်ကိုင်"(Huang Gai) ၏ပုခုံးကိုထိမှန်ပြီး ရေထဲသို့ပြုတ်ကျသွားလေသည်။

Comments

Popular posts from this blog

Lookism