သုံးနိုင်ငံခေတ်(၅၀)

အခန်း(၅၀) "ကျူးကဲလျန့်"(Zhuge Liang) သည် ဟွာရုံကမ်းပါးတွင် ဖြစ်ပျက်မည်ကိုကြိုသိခြင်း။ "ကွမ်းယွီ"(Guan Yu) သည် "ချောင်ချောင်း"(Cao Cao) ကိုလွှတ်ပေးလိုက်ခြင်း။

ရှေ့တစ်ခန်းတွင် "ဟွမ်ကိုင်"(Huang Gai) ရေထဲကျသွားပြီး "ချောင်ချောင်း"(Cao Cao) ထွက်ပြေးလွတ်မြောက်သွားသည့်အကြောင်းကိုဖော်ပြခဲ့သည်။ "ဟန်တန်"(Han Dang) သည် စစ်ချီတက်လာချိန်တွင် ရေထဲမှလူတစ်ဦးသည် "ဟန်တန်"(Han Dang) ၏နာမည်ကိုရင်းနှီးစွာခေါ်ပြီး သင်္ဘောဒလက်ပေါ်မှတဆင့် သင်္ဘောပေါ်တက်ရန် ကြိုးစားနေကြောင်း စစ်သားတို့ကလာပြောကြသည်။ ၎င်းကို "ဟန်တန်"(Han Dang) သွားကြည့်သော် ထိုအသံရှင်မှာ "ဟွမ်ကိုင်"(Huang Gai) ဖြစ်ကြောင်းသိသွားပြီး
"ဒါငါ့သူငယ်ချင်း ဟွမ်ကိုင်(Huang Gai) ပဲ" ဟုပြောကာကူညီပြီး ရေထဲမှဆယ်ယူသည်။
"ဟွမ်ကိုင်"(Huang Gai) လက်မောင်းတွင် မြားစိုက်နေဆဲဖြစ်ပြီး ထိုမြားကို "ဟန်တန်"(Han Dang) ကနှုတ်ပေးလိုက်သည်။ သို့သော်လည်း မြားထိပ်မှာအသားထဲတွင် နှစ်ဝင်နေသည်။ ထိုအခါ ရေစိုနေသောအင်္ကျီစတို့ကိုဖယ်ရှားလိုက်ပြီး ဓားမြောင်ဖြင့် မြားထိပ်ဖူးကိုကလော်လိုက်သည်။ ပြီးနောက်တွင်မူ အလံတစ်ခုကိုဖြဲလိုက်ကာ ပတ်တီးစည်းပေးလိုက်လေသည်။ "ဟန်တန်"(Han Dang) သည် သူ၏စစ်ဝတ်စုံကို "ဟွမ်ကိုင်"(Huang Gai) အားပေးလိုက်ပြီး စခန်းပြန်ရန် လှေငယ်လေးပေါ်သို့တင်ပေးလိုက်သည်။
အင်မတန်အေးသောဆောင်းရာသီတွင် သံချပ်ကာဝတ်စုံအပြည့်အစုံဝတ်ထားခဲ့သော "ဟွမ်ကိုင်"(Huang Gai) သည် ရေထဲသို့ကျသွားခဲ့သောလည်း ရေနစ်ကာ အသက်မသေဆုံးပဲ ပြန်တက်လာနိုင်ခဲ့သည်ကြောင့် "ဟွမ်ကိုင်"(Huang Gai) ကို ရေနှင့်သဟဇာတရှိသည်ဟူ၍ပင်ဆိုရပေမည်။

မြစ်ကမ်းပါးသုံးခုဝယ် မီးတောက်မီးလျံတို့သာပြည့်နေခဲ့သည်။ ကြည်းတပ်တို့သည် ဘယ်ညာ တောင်ပံနှစ်ဖက်မှတဖြည်းဖြည်းဝိုင်းလာသည်၊ ရေတပ်တို့သည်လည်း တပ်မကြီးလေးခုက ရှေ့မှဦးဆောင်ကာ ချီတက်လာသည်။ မီး၏အကူအညီဖြင့်လက်နက်တို့ကိုအသုံးချခြင်း၊ လှံ၊ မြားတို့ဖြင့်တိုက်ခိုက်ခြင်းတို့ကြောင့် "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်တို့တွင် လူပေါင်းများစွာ သေကြေကြလေသည်။

"ချောင်ချောင်း"(Cao Cao) ၏ရေတပ် မီးတို့ဖြင့်တိုက်ခိုက်ခံနေရချိန်တွင် "ကန်းနင်"(Gan Ning) သည် "ချိုက်ကျုံး"(Cai Zhong) ကို "ချောင်ချောင်း"(Cao Cao) ၏တပ်အတွင်းပိုင်းသို့ခေါ်သွားခိုင်းပြီးနောက်ဝယ် ဓားကိုထုတ်ပြီး "ချိုက်ကျုံး"(Cai Zhong) ကိုသတ်လိုက်သည်။ ထို့နောက် တောထဲမှ မီးရှို့ကာအချက်ပေးလိုက်သည်။ ထိုသို့အချက်ပေးလိုက်သောအခါ "လွီမန်"(Lu Meng) က သူ့အနီးအနားတွင်ရှိသောနေရာဆယ်နေရာကို မီးရှို့လိုက်ပြီးနောက် ရန်သူတို့ကိုတိုက်လေသည်။
"ချောင်ချောင်း"(Cao Cao) နှင့် "ကျန်းလျောင်"(Zhang Liao) တို့သည် မြင်းသည်တော်အနည်းငယ်ဖြင့်ထွက်ပြေးရာ မီးလောင်နေသောသစ်တောကြီးကိုဖြတ်ရလေသည်။ နေရာတိုင်းတွင် မီးတို့နှင့်အတိပြီးနေသည်။ "မောက်ကျဲ"(Mao Jie) ၊ "ဝင်ဖင်"(Wen Ping) နှင့် စစ်သားအနည်းငယ်တို့သည်လည်း "ချောင်ချောင်း"(Cao Cao) တပ်နှင့်လာပေါင်းသည်။ "ချောင်ချောင်း"(Cao Cao) က စစ်သားတို့ကို လမ်းရှင်းရန်အမိန့်ပေးလိုက်သည်။ "ကျန်းလျောင်"(Zhang Liao) မှ
"သွားလို့ရတဲ့လမ်းက အနက်ရောင်သစ်တောကိုဖြတ်သွားရမယ်" ဟုပြောသည်။

ထိုသစ်တောကိုဖြတ်ကြရာ အတန်ငယ်ခန့်သွားပြီးနောက် "ချောင်ချောင်း(Cao Cao) ၊ ရပ်လိုက်စမ်း" ဟူသောအသံနှင့်အတူ "လွီမန်"(Lu Meng) ပေါ်လာသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် စစ်သားအနည်းငယ်ဖြင့်အရင်ပြေးကာ "လွီမန်"(Lu Meng) ကို "ကျန်းလျောင်"(Zhang Liao) အားရင်ဆိုင်စေသည်။
မကြာမီပင် "ချောင်ချောင်း"(Cao Cao) သည် မီးတုတ်တို့ကိုတွေ့လိုက်ပြီးနောက် နောက်ထပ်တပ်ဖွဲ့ပေါ်လာပြန်သည်။ ထိုတပ်ဖွဲ့ခေါင်းဆောင်မှ
"ကျုပ်က လင်ထုံ(Ling Tong) ပဲ" ဟုအော်ပြောကာတိုက်လေသည်။ "ချောင်ချောင်း"(Cao Cao) မှာ ရင်ထဲမှာ အူ၊ အသည်းတို့ထွက်သွားလုမတတ် ကြောက်လန့်သွားသည်။ ထိုအချိန်တွင်ပင် နောက်တပ်ဖွဲ့ရောက်လာကာ
"ဝန်ကြီးချုပ်၊ မကြောက်နဲ့။ ကျွန်တော် ဝန်ကြီးချုပ်ကိုကယ်ဖို့ရောက်လာတာ" ဟုပြောသည်။ ထိုသို့ပြောပြီးရောက်လာသူမှာ "ရွှီဟွမ်"(Xu Huang) ဖြစ်ပြီး နောက်မှလိုက်လာသော ဝူတပ်တို့ကိုဟန့်တားလိုက်သည်။
ထို့နောက် မြောက်ဘက်သို့ဆက်သွားကြရာ တောင်ကုန်းတစ်ခုပေါ်တွင် တပ်စခန်းတစ်ခုကိုတွေ့သည်။ "ရွှီဟွမ်"(Xu Huang) သည် ထိုတပ်စခန်းသို့သွားကြည့်ရာ ထိုစခန်း၏ခေါင်းဆောင်တို့မှာ "ချောင်ချောင်း"(Cao Cao) ၏စစ်သူကြီး "မာရန်"(Ma Yan) နှင့် "ကျန်းကျီ"(Zhang Zi) ဖြစ်နေသည်။ ထိုသူနှစ်ဦးတို့သည် "ယွမ်ရှောက်"(Yuan Shao) လက်အောက်တွင် ရှိခဲ့ကြပြီး နောက်ပိုင်းမှ "ချောင်ချောင်း"(Cao Cao) ထံဝင်အမှုထမ်းကြခြင်းဖြစ်သည်။ ထိုစခန်းတွင် စစ်သားသုံးထောင်ရှိသည်။ ကောင်းကင်ယံပေါ်တွင် မီးခိုးများကိုလှမ်းမြင်ရသော်လည်း အခြေအနေသေချာမသိ၍ မလှုပ်ရှားကြသေးပေ။ ၎င်းသည် "ချောင်ချောင်း"(Cao Cao) အတွက် ကံကောင်းသွားသည်ဟုဆိုနိုင်သည်။ "ချောင်ချောင်း"(Cao Cao) သည် ထိုစစ်သူကြီးနှစ်ဦးနှင့်စစ်သားတစ်ထောင်ကိုလမ်းရှင်းခိုင်းပြီး ကျန်သောသူများကို ရန်သူအားခုခံရန်အတွက်ထားသည်။ ထိုအခါ ပို၍လုံခြုံသွားသည်ဟုခံစားရသည်။

ထိုအချိန်တွင် စစ်တပ်တစ်ဖွဲ့ရောက်လာပြီး ခေါင်းဆောင်မှ
"ကျုပ်က ဝူက ကန်းနင်(Gan Ning) ပဲ" ဟုဆိုလေသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) ဘက်မှာစစ်သူကြီးနှစ်ဦးထွက်တိုက်ရာ "မာရန်"(Ma Yan) သည် "ကန်းနင်"(Gan Ning) ၏လက်ချက်ဖြင့်သေဆုံးသွားလေသည်။ "ကျန်းကျီ"(Zhang Zi) သည်လည်း လှံဖြင့်တိုက်ရန်ထွက်လာသည်၊ သို့သော် "ကန်းနင်"(Gan Ning) ၏ဓားချက်မိကာသေဆုံးသွားသည်။ ခေါင်းဆောင်နှစ်ဦးသေသွားသောအခါ စစ်သားတို့ထွက်ပြေးကြသည်။ ၎င်းသည် "ချောင်ချောင်း"(Cao Cao) အတွက် သတင်းဆိုးပင်ဖြစ်သည်။

"စွန်းချွမ်"(Sun Quan) လမ်းပိတ်ထားမှန်းမသိသော "ချောင်ချောင်း"(Cao Cao) သည် ဟဲဖေးမှစစ်ကူကိုမျှော်နေသေးသည်။ "စွန်းချွမ်"(Sun Quan) သည် အဝေးမှမီးတို့ကိုမြင်သောအခါ သူ၏တပ်ဖွဲ့တို့အောင်ပွဲရကြောင်းသိလိုက်သည်။ ထိုအခါ "လုရွှင့်"(Lu Xun) အား အချက်ပေးစေလိုက်သည်။ ထိုသို့အချက်ပေးသည်ကိုမြင်သော "ထိုက်ရှီချီ"(Taishi Ci) သည် "လုရွှင့်"(Lu Xun) ၏တပ်ဖွဲ့နှင့်ပေါင်းပြီး "ချောင်ချောင်း"(Cao Cao) ကိုတိုက်သည်။ "ချောင်ချောင်း"(Cao Cao) သည် ယီလင်ဘက်သို့သာသွားနိုင်သည်။ လမ်းခရီးတွင် "ကျန်းဟဲ"(Zhang He) နှင့်တွေ့သဖြင့် ဆုတ်ခွာမှုအတွက်အကာအကွယ်ပြုခိုင်းစေပြီး အလျင်အမြန်ချီတက်သည်။

ငါးချက်တီးအချိန်တွင် တစ်နေရာသို့အရောက် "ချောင်ချောင်း"(Cao Cao) မှ
"ဒါ ဘယ်နေရာလဲ" ဟုမေးသောအခါ
"ဒီဟာက အနက်ရောင်သစ်တောရဲ့အနောက်ဘက်ဖြစ်ပြီး မြောက်ဘက်မှာ ယီတုရှိတယ်" ဟုပြန်ဖြေကြသည်။ ထိုနေရာတွင် တောင်ကုန်းတို့မှာမတ်စောက်ပြီး လမ်းတို့မှာကျဉ်းမြောင်းသည်။ ၎င်းကိုမြင်သော "ချောင်ချောင်း"(Cao Cao) သည် ခေါင်းမော့ကာရယ်သည်။ သူ့ဘေးမှလူတို့က
"ဘာကြောင့် ဒီလောက်ဝမ်းသာပြီးရယ်ရတာလဲ" ဟုမေးလျှင်
"ငါက ကျိုးယွီ(Zhou Yu) ရဲ့ဉာဏ်တုံးမှုနဲ့ ကျူးကဲလျန့်(Zhuge Liang) ရဲ့မသိနားမလည်မှုကိုရယ်တာ။ သူတို့သာဒီမှာ ကင်းပုန်းထားထားရင် လွတ်ပေါက်မရှိတော့ဘူး" ဟုပြန်ဖြေသည်။

ထိုသို့ဖြေပြီးမကြာမီပင် ဗုံသံတို့ကြားလိုက်ရပြီး မီးတို့လောင်ကျွမ်းသည်ကိုမြင်လိုက်သည်။ "ချောင်ချောင်း"(Cao Cao) မှာ မြင်းပေါ်မှကျလုမတတ်လန့်သွားလေသည်။ ထိုစစ်တပ်ကိုဦးဆောင်သောသူမှာ "ကျောက်ယွင်"(Zhao Yun) ဖြစ်ပြီး ၎င်းမှ
"ကျုပ်က ကျောက်ယွင်(Zhao Yun) ပဲ။ ဒီမှာစောင့်နေတာကြာပြီ" ဟုပြောသည်။ ထိုရန်သူအသစ်ကိုရင်ဆိုင်ရန် "ကျန်းဟဲ"(Zhang He) နှင့် "ရွှီဟွမ်"(Xu Huang) ကိုတာဝန်ပေးပြီး "ချောင်ချောင်း"(Cao Cao) ထွက်ပြေးလေသည်။ "ကျောက်ယွင်"(Zhao Yun) သည် ဆက်မလိုက်တော့ပဲ ရန်သူ့အလံနှင့်သုံ့ပန်းတို့ကိုဖမ်းဆီးသည်။

အရုဏ်တက်ချိန်သို့ရောက်လာပြီး အလင်းရောင်ပြူစပြုလာပြီ၊ အရှေ့တောင်လေမှာမရပ်သေးပေ။ ထိုအချိန်တွင် မိုးကရုတ်တရတ်ရွာချလိုက်ရာ အကုန်လုံးရွှဲရွှဲစိုကုန်သည်။ စစ်သားတို့မှာ အစာရေစာပြတ်လပ်နေ၍ ဆာလောင်မွတ်သိပ်နေကြသည်။ "ချောင်ချောင်း"(Cao Cao) က အနီးအနားရှိရွာတို့သို့သွားပြီး စားစရာရှာယူကြရန်နှင့်မီးမွှေးရန် လိုအပ်သည်တို့ကိုစုဆောင်းစေသည်။ ထိုအချိန်တွင် တပ်ဖွဲ့တစ်ခုကိုတွေ့လိုက်ရာ "ချောင်ချောင်း"(Cao Cao) လန့်သွားသည်။ ထိုတပ်ဖွဲ့မှာ "လီတျန်"(Li Dian) ၊ "ရွှီချူ"(Xu Chu) နှင့်အခြားအကြံပေးတို့ဖြစ်သောကြောင့် စိတ်ချမ်းသာရာရသွားသည်။

ထွက်ခွာရန်ပြင်ကြသောအခါ "ချောင်ချောင်း"(Cao Cao) မှ
"အရှေ့မှာဘာလမ်းရှိလဲ" ဟုမေးရာ
"လမ်းနှစ်လမ်းရှိပါတယ်။ တစ်ခုက လမ်းအမြင့်ဖြစ်ပြီး တောင်ယီလင်ကိုသွားတာ။ နောက်တစ်ခုက တောင်ကြားလမ်းဖြစ်ပြီးတော့ မြောက်ယီလင်ကိုသွားတဲ့လမ်းပါ" ဟုဖြေကြသည်။
"ကျန်းလင်ကို ဘယ်လမ်းကသွားရင်ပိုတိုလဲ"
"အကောင်းဆုံးကတော့ ဟူလုချိုင့်ဝှမ်းကတဆင့် တောင်ဘက်လမ်းကသွားရမယ်"
"ချောင်ချောင်း"(Cao Cao) သည် ထိုလမ်းအတိုင်းသွားလေသည်။ ဟူလုချိုင့်ဝှမ်းသို့ရောက်သော် လူရော၊မြင်းပါ ပင်ပန်းနွမ်းနယ်နေကြသည်။ လမ်းပေါ်တွင် အများအပြားလဲကျကုန်သည်။ ထိုအခါ ခဏတာအနားယူပြီး အနီးအနားရွာသားတို့ထံမှ စားစရာ အဓမ္မယူစေသည်။ ခြောက်သွေ့သောနေရာတွင် မီးမွေးပြီး မြင်းသားကိုကင်ကာစားကြသည်။ ရေစိုနေသောအဝတ်တို့ကိုအခြောက်လှန်းစေပြီး မြင်းတို့ကိုလည်း အစာကျွေးလေသည်။
ထိုသို့ထိုင်ကာ အနားယူကြရင်း "ချောင်ချောင်း"(Cao Cao) က ရယ်ပြန်သည်။ သူတို့အတူပါလာသူတို့က ဝန်ကြီးချုပ် အရင်တစ်ခေါက်ရယ်ပြီးနောက်ဝယ် ဖြစ်ပျက်ခဲ့သည်တို့ကိုအမှတ်ရကာ
"မကြာခင်တုန်းက ဝန်ကြီးချုပ်က ကျိုးယွီ(Zhou Yu) နဲ့ ကျူးကဲလျန့်(Zhuge Liang) ကိုရယ်တယ်။ ပြီးတော့ သိပ်မကြာဘူး၊ ကျောက်ယွင်(Zhao Yun) ပေါ်လာခဲ့ပြီး ကျွန်တော်တို့စစ်သားတွေအများကြီးဆုံးရှုံးလိုက်ရတယ်။ အခုကျတော့ ဘာအတွက်ကြောင့်ရယ်တာလဲ" ဟုမေးကြသည်။
"အခုလည်း အဲ့လူနှစ်ယောက်ရဲ့မသိနားမလည်မှုကိုရယ်တာ။ ငါသာသူတို့နေရာမှာဆို ဒီနေရာမှာ ခြုံခိုတိုက်ဖို့တပ်ဖွဲ့တစ်ဖွဲ့ထားထားမှာ။ အဲ့လိုလုပ်ရင် ငါတို့ကိုဖမ်းမိမှာမဟုတ်ပေမယ့် တော်တော်ကိုအထိနာမှာ။ သူတို့တွေက ဒါကိုကြိုမမြင်လို့ရယ်တာ"

ထိုအချိန်တွင်ပင် အနောက်ဘက်မှအော်ဟစ်သံကြီးကြားလိုက်ရသည်။ "ချောင်ချောင်း"(Cao Cao) မှာ လန့်သွားပြီး သူ၏ကိုယ်ချပ်အင်္ကျီကိုချကာ မြင်းပေါ်သို့အလျင်အမြန်တက်ပြီးထွက်ပြေးလေသည်။ စစ်သားအများစုမှာ မပြေးနိုင်သဖြင့် ရန်သူ၏မီးတို့ဖြင့်တိုက်ခိုက်မှုကိုခံကြရလေသည်။ မကြာမီတွင်ပင် သူတို့ရှေ့တွင် တပ်ဖွဲ့ကြီးကိုတွေ့လိုက်သည်။ ထိုတပ်ကိုဦးဆောင်သူမှာ ရန်ပြည်နယ်သား "ကျန်းဖေး"(Zhang Fei) ဖြစ်သည်။ "ကျန်းဖေး"(Zhang Fei) မှ
"သူပုန်၊ ဘယ်ပြေးမှာလဲ" ဟု အော်လေသည်။ "ချောင်ချောင်း"(Cao Cao) ၏တပ်မှ "ရွှီချူ"(Xu Chu) ထွက်ကာ "ကျန်းဖေး"(Zhang Fei) နှင့်ရင်ဆိုင်သည်။ "ကျန်းလျောင်"(Zhang Liao) နှင့် "ရွှီဟွမ်"(Xu Huang) တို့သည်လည်း "ရွှီချူ"(Xu Chu) အားဝိုင်းကူပြီး "ကျန်းဖေး"(Zhang Fei) နှင့် သုံးယောက်တစ်ယောက်တိုက်လေသည်။ ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) ကထွက်ပြေးလေသည်။ "ကျန်းဖေး"(Zhang Fei) သည် နောက်မှလိုက်သည်။ သို့သော်လည်း တဖြည်းဖြည်းဝေးကွာသွားပြီး လိုက်မမှီတော့ပေ။ "ချောင်ချောင်း"(Cao Cao) စစ်တပ်တွင် လူအမြောက်အများ ဒဏ်ရာရကုန်သည်။

တစ်နေရာသို့အရောက်တွင် စစ်သားတို့က
"ရှေ့မှာ လမ်းနှစ်လမ်းရှိတယ်။ ဘယ်လမ်းကသွားမလဲ" ဟုမေးကြသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ဘယ်လမ်းက ပိုတိုလဲ" ဟုမေးရာ စစ်သားတို့က
"လမ်းမြင့်က လမ်းညီတယ်၊ ဒါပေမယ့် နောက်လမ်းထပ် ဆယ့်ငါးမိုင်ပိုရှည်တယ်။ နောက်လမ်းကတော့ ဟွာရုံချိုင့်ဝှမ်းကနေသွားရတာ၊ ကျဉ်းမြောင်းပြီး အန္တရာယ်များတယ်၊ လမ်းကလည်းခက်ခဲကြမ်းတမ်းတယ်" ဟုပြောသည်။
"ချောင်ချောင်း"(Cao Cao) သည် တောင်ကုန်းသို့လူလွှတ်ပြီး အခြေအနေကိုစုံစမ်းခိုင်းသည်။ ထိုသို့စုံစမ်းပြီးနောက်
"ဟွာရုံချိုင့်ဝှမ်းဘက်မှာတော့ မီးခိုးငွေ့တွေ့တယ်။ နောက်လမ်းကတော့ တိတ်ဆိတ်နေပုံပဲ" ဟုပြောကြသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ ဟွာရုံချိုင့်ဝှမ်းဘက်မှသွားရန် အမိန့်ပေးလိုက်သည်။
"အဲ့ဘက်မှာ မီးခိုးတွေ့တယ်ဆိုတော့ ရန်သူတွေ အဲ့မှာရှိနိုင်တယ်မဟုတ်လား? ဘာလို့အဲ့ကသွားရတာလဲ"
"စစ်ဗျူဟာကျမ်းထဲမှာ မရှိတာကိုရှိတယ်လို့သဘောထားပြီး အရှိကိုမရှိသလိုလုပ်ရမယ်လို့ ဆိုထားတယ်။ အဲ့ကျူးကဲလျန့်(Zhuge Liang) က ဉာဏ်များတော့ အဲ့ဘက်ကို တမင်လူလွှတ်ပြီး မီးမွှေးခိုင်းထားပြီးတော့ ငါတို့ကိုအဲ့ဘက်မသွားအောင် လုပ်တာပဲ။ ပြီးရင် လမ်းအမြင့်မှာ ထောင်ချောက်ဆင်ထားမှာ။ ဒါကြောင့် သူ့ထောင်ချောက်ထဲအကျမခံဘူး၊ ငါဆုံးဖြတ်ပြီးပြီ"
"ဝန်ကြီးချုပ် တွေးခေါ်မြော်မြင်တာက လေးစားစရာကောင်းပါတယ်။ ဝန်ကြီးချုပ်ကို ယှဉ်နိုင်မယ့်သူမရှိဘူး"

ဟွာရုံချိုင့်ဝှမ်းဘက်သို့ချီတက်ကြရာ စစ်သားတို့သည် ဒဏ်ရာရနေသည့်အပြင် ပင်ပန်းနေကြသည်။ စစ်သားတဝက်ကျော်လောက်ကို လမ်းတွင်ထားခဲ့ရသည်။ မြင်းအများစုတို့မှာလည်း နှီးကုန်းနှင့်ကြိုးတို့ပင် မရှိတော့ပေ။ ထိုအချိန်မှာ ဆောင်းရာသီ၏အင်မတန်အေးသောအချိန်ဖြစ်သည်။ ချီတက်နေသောစစ်တပ်ကြီးသည် ရုတ်တရတ်ရပ်သွားရာ "ချောင်ချောင်း"(Cao Cao) က အကြောင်းအရင်းကိုမေးခိုင်းလေသည်။
"မိုးတွေရွာထားတော့ ရွှံနွံတွေပြည့်နေပြီး မြင်းတွေခရီးဆက်လို့မရလို့ပါ"
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ပြီး
"စစ်သားဆိုတာ တောင်ကိုတက်ရင် လမ်းရှင်းရတယ်။ မြစ်ကိုဖြတ်ရင် တံတားဆောက်တယ်။့ ရွှံတွေကစစ်တပ်ကိုဟန့်တားစရာလား" ဟုပြောပြီး  ဒဏ်ရာရသူ၊ ခွန်အားနည်းနေသူတို့ကို အနောက်သို့ပို့ကာ လုပ်နိုင်ကိုင်နိုင်သောသူများအား သစ်ပင်တို့ကိုခုတ်လှဲစေပြီး အရွက်တို့ကိုစုစေကာ လမ်းကိုခင်းစေသည်။ ထိုသို့ပြုလုပ်ရာတွင် နှောင့်နှေးခြင်းမရှိပဲလုပ်ရမည်ဖြစ်ပြီး အမိန့်မနာခံပါက သေဒဏ်ဟုထုတ်ပြန်လိုက်သည်။

သို့နှင့် စစ်သားတို့သည်လည်း သစ်ပင်၊ ဝါးတို့ကိုခုတ်လှဲကြပြီး မြေပြင်ကိုညီညာအောင်လုပ်ကြသည်။ "ကျန်းလျောင်"(Zhang Liao) ၊ "ရွှီချူ"(Xu Chu) နှင့်" "ရွှီဟွမ်"(Xu Huang) တို့သည် စစ်သားတစ်ရာကိုဦးဆောင်ပြီး နှောင့်နှေးသောစစ်သားတို့ကိုသတ်ပစ်စေသည်။ ထိုအခါ စစ်သားတို့သည် ညည်းတွားကာအော်ငိုကြသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည်
"ဘာတွေအော်နေတာလဲ? အော်တဲ့လူတွေကိုသေဒဏ်ပေးမယ်" ဟုဆိုလေသည်။
ကျန်ရစ်သောစစ်တပ်တို့ကို သုံးဖွဲ့ခွဲလိုက်သည်။ တစ်ဖွဲ့ကိုဖြည်းဖြည်းချီတက်စေသည်၊ ကျန်တစ်ဖွဲ့ကို မြေပြင်တို့အားညီညာအောင်ပြုစေသည်။ နောက်ဆုံးအဖွဲ့ကိုမူ "ချောင်ချောင်း"(Cao Cao) အား ကာကွယ်စေသည်။ မြေပြင်ညီညာသောနေရာသို့ရောက်လျှင် အနောက်ကိုလှည့်ကြည့်လိုက်သောအခါ စစ်သားသုံးရာခန့်သာ ကျန်တော့ကြောင်းသတိထားမိသည်။ ထိုစစ်သားတို့မှာလည်း စစ်ဝတ်စုံအပြည့်အစုံမရှိသည့်အပြင် ချပ်ဝတ်တန်ဆာတို့လည်း မရှိတော့ပေ။ "ချောင်ချောင်း"(Cao Cao) က အရှေ့သို့ဆက်သွားရန် အမိန့်ပေးလိုက်ပြီး
"ကျင်ကျိုးကို ရောက်ရင် ကောင်းကောင်းအနားယူကြမယ်" ဟုဆိုသည်။
နှစ်မိုင်ခန့်ခရီးဆက်ပြီးနောက် "ချောင်ချောင်း"(Cao Cao) ကရယ်ပြန်သည်။
"ဘာကြောင့်ရယ်ရတာလဲ"
"လူတွေက ကျိုးယွီ(Zhou Yu) နဲ့ ကျူးကဲလျန့်(Zhuge Liang) တို့က စစ်ဗျူဟာကျွမ်းကျင်ပြီးပရိယာယ်ကြွယ်တယ်လို့ပြောကြတယ်။ ဒါပေမယ့် ငါကတော့ အဲ့လိုမထင်ဘူး။ သူတို့သာ ပရိယာယ်ကြွယ်ရင် ဒီမှာစစ်တပ်တစ်ဖွဲ့ထားထားမှာပေါ့။ အဲ့လိုသာဆို ငါတို့တွေအားလုံး အကျဉ်းသားဖြစ်သွားလိမ့်မယ်"
ထိုစကားပြော၍ပင်မဆုံးခင် စစ်သားငါးရာခန့်သည် လမ်းပိတ်ထားသည်ကိုတွေ့လိုက်သည်။ ခေါင်းဆောင်မှာ ယုန်နီမြင်းကိုစီးကာ အစိမ်းရောင်နဂါးလှံရှည်ကိုကိုင်ထားသော "ကွမ်းယွီ"(Guan Yu) ဖြစ်သည်။

ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ
"ငါတို့မှာ လမ်းတစ်လမ်းပဲကျန်တော့တယ်။ အဲ့ဒါက အသေအကြေတိုက်ဖို့ပဲ" ဟုပြောသည်။ အမှုထမ်းတို့က
"ဘယ်လိုတိုက်နိုင်ပါ့မလဲ။ ခေါင်းဆောင်တွေမှာ အင်အားတွေရှိဦးမှာပေမယ့် မြင်းတွေက ပန်းနေပြီ" ဟုပြောသည်။ "ချန်ယွီ"(Cheng Yu) မှ
"ကွမ်းယွီ(Guan Yu) က မာနကြီးပေမယ့် နိမ့်ကျတဲ့လူကိုကြင်နာတယ်။ အင်အားကြီးသူကိုမုန်းတီးပြီး အင်အားနည်းသူကိုဖေးမပေးတယ်။ ချစ်ခြင်း၊မုန်းခြင်းကိုခွဲခြားသိမြင်ပြီး အမှန်တရားရဲ့ဘက်တော်သားဖြစ်တယ်။ ဝန်ကြီးချုပ်က သူ့ကိုအရင်က ကောင်းကောင်းဆက်ဆံခဲ့ဖူးတယ်။ အဲ့အကြောင်းကိုသာပြန်အစဖော်လိုက်ရင် ကျွန်တော်တို့ဒီအန္တရာယ်က လွတ်မြောက်နိုင်မယ်" ဟုပြောသည်။
"ချောင်ချောင်း"(Cao Cao) ကလည်း ထိုအတိုင်းကြိုးစားကြည့်မည်ဟု သဘောတူကာ အရှေ့သို့ထွက်သွားပြီး အရိုအသေပြုကာ
"စစ်သူကြီး၊ ကျန်းမာလို့သာပါစ" ဟု နှုတ်ဆက်လိုက်သည်။ "ကွမ်းယွီ"(Guan Yu) မှလည်း ပြန်အရိုအသေပြုကာ
"ကျွန်တော် ဝန်ကြီးချုပ်ကိုဒီမှာစောင့်နေဖို့ အမိန့်နဲ့လာတာပါ။ စောင့်နေတာ ရက်တော်တော်ကြာပြီ" ဟုပြောသည်။
"ခင်ဗျား အရင်စစ်ရှုံးခဲ့တုန်းက ခင်ဗျားကို ကျွန်တော်ကောင်းကောင်းဆက်ဆံခဲ့တယ်။ စစ်သူကြီး ဟိုးအရင်ကနေ့ရက်တွေကိုမမေ့သေးပါဘူးနော်"

"ဝန်ကြီးချုပ်က ကျွန်တော့်အပေါ်ကြင်နာခဲ့တာအမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော် ဝန်ကြီးချုပ်ရဲ့ရန်သူကိုသတ်ပြီး ပိုင်မာစစ်ပွဲမှာအောင်ပွဲယူနိုင်ခဲ့တယ်မဟုတ်လား။ ကိုယ်ရေးကိုယ်တာခံစားချက်ကို တာဝန်နဲ့ရောပစ်လို့မဖြစ်ဘူး"
"ခင်ဗျား ခံတပ်ငါးခုကိုဖြတ်တုန်းက ကျွန်တော့်စစ်သူကြီးခြောက်ဦးကိုသတ်ခဲ့တာ မှတ်မိပါသလား? မြင့်မြတ်ထယ်လူဆိုတာ အမှန်တရားကိုအလေးထားတယ်။ ဟိုးရှေးတုန်းက ယွီကုန်း(Yu Gong) ဟာ သူ့ဆရာသင်ခဲ့တဲ့ပညာနဲ့သူ့ဆရာကိုပြန်မသတ်ချင်လို့ ဆရာဖြစ်တဲ့ ကျီကျိုး(Zi Zhuo) ကိုလွှတ်ပေးခဲ့တဲ့သာဓကရှိပါတယ်"
"ကွမ်းယွီ"(Guan Yu) မှာ အမှန်တကယ်ပင် စိတ်ထားမွန်မြတ်ပြီး တပါးသူ၏ကျေးဇူးကိုမမေ့တတ်သူဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) ၏စကားကိုကြားလျှင် မြင်းကိုဇက်ဆွဲကာ အနောက်ဘက်သို့လှည့်ပြီး သူ၏စစ်သားတို့အား
"လမ်းပိတ်ထားတာကိုဖြုတ်လိုက်" ဟုပြောသည်။

၎င်းမှာ "ကွမ်းယွီ"(Guan Yu) မှ "ချောင်ချောင်း"(Cao Cao) အားလွှတ်ပေးလိုက်သောသင်္ကေတပင်ဖြစ်သည်။ "ကွမ်းယွီ"(Guan Yu) နောက်ဘက်သို့လှည့်နေစဉ် အကုန်လုံးဖြတ်သွားကြလေသည်။ "ကွမ်းယွီ"(Guan Yu) သည် ရုတ်တရတ်ကျယ်လောင်စွာအော်လိုက်ရာ စစ်သားတို့က မြင်းပေါ်မှဆင်းပြီး ဒူးထောက်ကာ အသနားခံကြသည်။ သို့နှင့် "ကွမ်းယွီ"(Guan Yu) ကလွှတ်ပေးလိုက်သည်။ "ကွမ်းယွီ"(Guan Yu) နှင့်ရင်းနှီးသော "ကျန်းလျောင်"(Zhang Liao) ကိုလည်းလွှတ်ပေးလိုက်လေသည်။
"ချောင်ချောင်း"(Cao Cao) သည် အခက်အခဲမှလွတ်မြောက်ပြီးနောက် အနောက်ဘက်ကိုလှည့်ကြည့်လိုက်သောအခါ မြင်းသည်တော် ၄၇ ဦးသာကျန်တော့သည်။ ညနေစောင်း ကျန်းလင်သို့ရောက်သောအခါ စစ်တပ်တစ်ဖွဲ့နှင့်တွေ့သည်။ "ချောင်ချောင်း"(Cao Cao) မှာ ရန်သူအမှတ်ဖြင့် သူတို့အားလုံးသေဆုံးတော့မည်ဟုတွေးလိုက်သော်လည်း ထိုစစ်တပ်မှာ သူ့ဘက်မှလူများဖြစ်နေသောအခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုပြန်ရှိသွားလေသည်။ ထိုစစ်တပ်ကိုဦးဆောင်လာသူမှာ "ချောင်ရန်"(Cao Ren) ဖြစ်သည်။

"ချောင်ရန်"(Cao Ren) မှ
"ကျွန်တော် ဝန်ကြီးချုပ်ရဲ့သတင်းတွေကြားရပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိုတာဝန်ပေးထားတဲ့နေရာကနေ မထွက်လာရဲဘူး။ အဲ့လိုမဟုတ်ရင် ဝန်ကြီးချုပ်ကိုစောစောလာကြိုတယ်" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ကျုပ် ခင်ဗျားနဲ့ပြန်မတွေ့တော့ဘူးမှတ်နေတာ"
သို့နှင့် "ချောင်ချောင်း"(Cao Cao) တို့တပ်ဖွဲ့သည် မြို့အတွင်းတွင်အနားယူကြသည်။ မကြာမီတွင်ပင် "ကျန်းလျောင်"(Zhang Liao) လည်းရောက်လာပြီး "ကွမ်းယွီ"(Guan Yu) ၏သနားကြင်နာမှုအကြောင်း ချီးမွမ်းကြလေသည်။

"ချောင်ချောင်း"(Cao Cao) ၏အမှုထမ်းတော်တော်များများမှာ ဒဏ်ရာရနေသဖြင့် အနားယူစေသည်။ "ချောင်ရန်"(Cao Ren) သည် သူ့သခင်စိတ်ညစ်ပြေရန်အတွက် အရက်တိုက်ကျွေးလေသည်။ "ချောင်ချောင်း"(Cao Cao) မှာ အရက်သောက်နေရင်း ဝမ်းနည်းသည့်ပုံပေါ်လာသည်။ ထိုအခါ အမှုထမ်းတို့မှ
"ဝန်ကြီးချုပ် ကျားခံတွင်းထဲ ကျရောက်သွားပြီးလွတ်မြောက်ဖို့ကြိုးစားတုန်းက ဘာမှဝမ်းနည်းတဲ့ပုံမပြဘူး။ အခုမြို့ထဲမှာ လုံလုံခြုံခြုံရှိနေပြီး စားစရာတွေလည်းရှိသလို မြင်းတွေအတွက်လည်း မြင်းစာတွေရှိတယ်။ ဝန်ကြီးချုပ်က လက်စားချေဖို့ပြင်ဆင်ရမှာမဟုတ်လား? ဘာကြောင့်ရုတ်တရတ်ကြီး ဝမ်းနည်းနေရတာလဲ" ဟုမေးမြန်းကြသည်။
"ကျုပ်က ကျုပ်သူငယ်ချင်း ကောကျား(Guo Jia) ကိုသတိရလို့။ သူသာအသက်ရှင်နေခဲ့ရင် ဒီလိုအရှုံးနဲ့ရင်ဆိုင်ရမှာမဟုတ်ဘူး"
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် ရင်ကိုထုကာ ငိုယိုပြီး
"ကောကျား(Guo Jia) ရေ!!! ငါ ကောကျား(Guo Jia) အတွက်နဲ့ဝမ်းနည်းတယ်။ ငါ ကောကျား(Guo Jia) ကိုသတိရလို့ပူဆွေးတယ်" ဟုပြောလေသည်။
ထိုစကားကိုကြားသော် အခြားသောအကြံပေးတို့မှာ အရှက်ရသွားပြီး တိတ်ဆိတ်သွားသည်။

နောက်ရက်တွင် "ချောင်ချောင်း"(Cao Cao) မှ "ကျန်းလျောင်"(Zhang Liao) ကိုခေါ်ပြီး
"ကျုပ် မြို့တော်ကိုပြန်ပြီး လက်စားချေဖို့ စစ်တပ်ကြီးပြင်ဆင်ရမယ်။ ခင်ဗျားက ဒီဒေသကိုစောင့်ကြပ်နေပါ၊ လိုလိုမယ်မယ် အမိန့်စာပေးထားခဲ့မယ်။ အခြေအနေတအားခက်ခဲမှသာ ဖွင့်ဖတ်ပါ၊ ပြီးရင်အဲ့အတိုင်းလုပ်ဆောင်ပါ။ တောင်ပိုင်းနယ်က ဒီဘက်ကိုစေ့စေ့တောင်ကြည့်ရဲမှာမဟုတ်ဘူး" ဟုပြောသည်။
"ဟဲဖေးနဲ့ ရှန်းရန်ကိုကော ဘယ်သူ့ကိုစောင့်ကြပ်စေမှာလဲ"
"ကျင်ကျိုးကိုတော့ ခင်ဗျားပဲတာဝန်ယူပါ။ ရှဟိုတွန်း(Xiahou Dun) ကို ရှန်းရန်ကိုထိန်းခိုင်းပြီး ဟဲဖေးကအရေးကြီးတဲ့အတွက် ကျန်းလျောင်(Zhang Liao) နဲ့အတူ လီတျန်(Li Dian) နဲ့ ယွဲကျင့်(Yue Jing) ကိုအကူအဖြစ်လွှတ်ပါ"
ထိုသို့ပြင်ဆင်ပြီးနောက် "ချောင်ချောင်း"(Cao Cao) သည် နောက်လိုက်နောက်ပါအနည်းငယ်နှင့်အတူထွက်သွားသည်။ ကျင်ကျိုးမြို့ကျစဉ်က အညံ့ခံခဲ့သောအမှုထမ်းတို့သည်လည်း "ချောင်ချောင်း"(Cao Cao) နှင့်အတူပါသွားသည်။ "ချောင်ရန်"(Cao Ren) သည် ယီလင်နှင့်ကျန်းလင်ကိုကာကွယ်ရန် "ချောင်ဟုန်"(Cao Hong) အားတာဝန်ပေးလိုက်သည်။

"ချောင်ချောင်း"(Cao Cao) ကိုလွှတ်ပေးလိုက်ပြီးနောက် "ကွမ်းယွီ"(Guan Yu) သည် တပ်စခန်းသို့ပြန်လာသည်။ ထိုအချိန်တွင် အခြားသောတပ်ဖွဲ့တို့သည် စစ်ပွဲအတွင်းရရှိသော လက်နက်များ၊ စားနပ်ရိက္ခာများ၊ မြင်းများအသီးသီးယူလာကြသည်။ "ကွမ်းယွီ"(Guan Yu) သာလျှင် လက်ဗလာဖြင့်ပြန်လာလေသည်။ "ကွမ်းယွီ"(Guan Yu) ပြန်ရောက်သောအချိန်တွင် "ကျူးကဲလျန့်"(Zhuge Liang) သည် "ကျန်းဖေး"(Zhang Fei) အား အောင်ပွဲအတွက်ဂုဏ်ပြုစကားပြောနေခဲ့သည်။ "ကွမ်းယွီ"(Guan Yu) ပြန်လာသောသတင်းကိုကြားသည်နှင့် "ကျူးကဲလျန့်"(Zhuge Liang) သည် အရက်ခွက်ကိုင်ကာ ထပြီး "ကွမ်းယွီ"(Guan Yu) အား ကြိုဆိုသည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ
"စစ်သူကြီးက လောကကြီးကိုလှုပ်ခါစေမယ့်၊ တပါးသူတွေမလုပ်နိုင်တဲ့အကျိုးထူးကြီးလုပ်ဆောင်ခဲ့ပြီ။ ခင်ဗျားက တိုင်းပြည်ကြီးရဲ့အဆိုးဆုံးရန်သူကိုရှင်းထုတ်နိုင်ခဲ့တော့ ဟိုးအဝေးတည်းကလာကြိုပြီးဂုဏ်ပြုသင့်တယ်" ဟုပြောသည်။
"ကွမ်းယွီ"(Guan Yu) သည် စကားတစ်ခွန်းကိုတီးတိုးရေရွတ်လိုက်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှပင် ဆက်ပြီး
"ကျွန်တော်တို့ ခင်ဗျားကိုလမ်းခရီးကနေလာမကြိုလို့ထင်တယ်၊ စစ်သူကြီးကိုကြည့်ရတာဝမ်းနည်းနေပုံပဲ" ဟုပြောသည်။ ထို့နောက် အနောက်ဘက်မှလူတို့ထံလှည့်လိုက်ပြီး
"ကွမ်းယွီ(Guan Yu) လာတဲ့အကြောင်းကို ကျုပ်ကိုဘာလို့မပြောတာလဲ" ဟုပြောသည်။ ထိုအခါမှ "ကွမ်းယွီ"(Guan Yu) က
"ကျွန်တော် သေဒဏ်ကိုခံယူဖို့ရောက်လာတာပါ" ဟုပြောသည်။
"ချောင်ချောင်း(Cao Cao) က အဲ့ချိုင့်ဝှမ်းကိုတော့ ဖြတ်ခဲ့တယ်မလား"
"ဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကိုလွှတ်ပေးလိုက်တယ်"
"ဒါဆို ခင်ဗျား ဘယ်သူ့ကိုဖမ်းလိုက်လဲ"
"ဘယ်သူ့ကိုမှ မဖမ်းလာခဲ့ဘူး"
"ခင်ဗျားက ချောင်ချောင်း(Cao Cao) ရဲ့ကြင်နာမှုကိုအမှတ်ရပြီး သူ့ကိုလွှတ်ပေးခဲ့တယ်။ ဒါပေမယ့် ခင်ဗျားဒီတာဝန်ကိုလုပ်မယ်ဆိုတဲ့ကတိကို ဒီစာမှာရေးထားတယ်လေ။ ဒါကြောင့် ခင်ဗျားကို စည်းကမ်းအတိုင်းအပြစ်ပေးရမယ်"

"ကျူးကဲလျန့်"(Zhuge Liang) သည် အာဏာပါးကွက်သားတို့ကိုခေါ်လိုက်ပြီး "ကွမ်းယွီ"(Guan Yu) ကိုဆွဲထုတ်ပြီး သေဒဏ်ပေးရန် အမိန့်ထုတ်လိုက်လေသည်။

Comments

Popular posts from this blog

Lookism