သုံးနိုင်ငံခေတ်(၅၂)

အခန်း(၅၂) "ကျူးကဲလျန့်"(Zhuge Liang) သည် "လူဆု"(Lu Su) ဆွေးနွေးညှိနှိုင်းခြင်း။ "ကျောက်ယွင်"(Zhao Yun) က ကွေ့ရန်ကိုသိမ်းယူခြင်း။

"ကျူးကဲလျန့်"(Zhuge Liang) ၏လုပ်ဆောင်မှုကြောင့် "ကျိုးယွီ"(Zhou Yu) မှာစိတ်ဆိုးပြီး ဒဏ်ရာဟောင်းပွင့်သွားခဲ့လေသည်။ သို့သော်လည်း မကြာမီတွင်ပင် ပြန်သက်သာလာသောအခါ အမှုထမ်းတို့က လာရောက်ကြပြီး "ကျိုးယွီ"(Zhou Yu) ကိုဖြောင်းဖျကြသည်။ သို့သော်လည်း "ကျိုးယွီ"(Zhou Yu) က
"အဲ့ကျူးကဲလျန့်(Zhuge Liang) သေမှသာလျှင် ကျုပ်ဒေါသကိုဖြေဆည်နိုင်မယ်။ ချန်ဖူ(Cheng Pu) သာ ကျုပ်ကိုကူပြီးနန်ကျွင်းကိုတိုက်မယ်ဆိုရင် ကျုပ် ဒီနယ်မြေကိုတောင်ပိုင်းနယ်အတွက်သိမ်းပိုက်နိုင်မယ်" ဟုပြောသည်။
ထိုအချိန်တွင် "လူဆု"(Lu Su) ဝင်လာရာ "ကျိုးယွီ"(Zhou Yu) မှ
"ကျုပ် လျူဘေ့(Liu Bei) ၊ ကျူးကဲလျန့်(Zhuge Liang) တို့နဲ့စစ်တိုက်ပြီး ဘယ်သူသာလည်းဆိုတာ ဆုံးဖြတ်ရမယ်။ နောက်ပြီး မြို့တွေကိုလည်း ပြန်သိမ်းရမယ်။ ခင်ဗျား ကျုပ်ကိုကူညီပါ" ဟုပြောသည်။ သို့သော် "လူဆု"(Lu Su) က
"ဒါ လုပ်လို့မဖြစ်ဘူး။ ကျွန်တော်တို့တွေက အခု ချောင်ချောင်း(Cao Cao) နဲ့ရန်စောင်နေတာ၊ အရှုံးအနိုင်မသိသေးဘူး။ နောက်ပြီး ကျွန်တော်တို့သခင်ကြီးက ဟဲဖေးမှာအောင်နိုင်မှုမရသေးဘူး။ အိမ်နားမှာရန်ဖြစ်ရင် ကိုယ့်အချင်းချင်းပဲပျက်စီးလိမ့်မယ်။ ချောင်ချောင်း(Cao Cao) က အဲ့ဒါကိုအခွင့်ကောင်းယူပြီးလာတိုက်ရင် ကျွန်တော်တို့ပဲ ဒုက္ခရောက်မှာ။ ဒါ့အပြင် လျူဘေ့(Liu Bei) နဲ့ ချောင်ချောင်း(Cao Cao) တို့က အရင်က ခင်မင်ရင်းနှီးမှုရှိတယ်။ ဖိအားတအားများသွားရင် လျူဘေ့(Liu Bei) က အဲ့မြို့တွေကို ချောင်ချောင်း(Cao Cao) ဆီ ဆက်သပြီး သူတို့နှစ်ယောက်ပေါင်းပြီး တောင်ပိုင်းကိုလာတိုက်မှ ကျွန်တော်တို့အကြီးအကျယ်ဘေးကြုံမယ်" ဟုပြောသည်။
"ကျုပ် စိတ်မတိုပဲမနေနိုင်ဘူး။ သူတို့တွေက ကျုပ်တို့ရဲ့အင်အားကိုအသုံးချပြီး သူတို့အကျိုးအမြတ်ရအောင်လုပ်သွားတယ်"
"ကျွန်တော် လျူဘေ့(Liu Bei) နဲ့သွားတွေ့ပြီး ညှိနှိုင်းကြည့်တာပေါ့။ အဆင်မပြေမှပဲ တခါတည်းစစ်တိုက်ဖို့လုပ်တာပေါ့"
"အဲ့အကြံကောင်းတယ်"
သို့နှင့် "လူဆု"(Lu Su) သည်လည်း နန်ကျွင်းသို့သွားသောအခါ "ကျောက်ယွင်"(Zhao Yun) မှထွက်လာပြီး စကားပြောသည်။
"ကျွန်တော် လျူဘေ့(Liu Bei) နဲ့ပြောစရာရှိတယ်။ သူနဲ့တွေ့ပါရစေ"
"ကျွန်တော့်သခင်ကြီးနဲ့ ကျူးကဲလျန့်(Zhuge Liang) က အခု ကျင်ကျိုးမှာ"

ထိုအခါ "လူဆု"(Lu Su) သည် ကျင်ကျိုးသို့အမြန်လိုက်သွားသည်။ ကျင်ကျိုးသို့ရောက်သောအခါ အလံတို့ကို တံတိုင်းပေါ်တွင် စိုက်ထူထားပြီး စနစ်တကျဖွဲ့စည်းထားသည်ကိုမြင်သောအခါ "လူဆု"(Lu Su) စိတ်ထဲတွင်လေးစားသွားသည်၊ ထိုတပ်၏ခေါင်းဆောင်မှာ အင်မတန်အရည်အချင်းရှိသောသူဟူ၍ တွေးမိသည်။
အစောင့်တို့က ဧည့်သည်ရောက်လာကြောင်း အကြောင်းကြားသောအခါ "ကျူးကဲလျန့်"(Zhuge Liang) က အစောင့်တို့အား ဂိတ်တံခါးကိုဖွင့်ပြီးနောက် "လူဆု"(Lu Su) ကိုကြိုဆိုစေသည်။ အချင်းချင်းနှုတ်ဆက်စကားပြောပြီး နေရာအသီးသီးတွင်ထိုင်ကြသည်။ လက်ဖက်ရည်သောက်ပြီးနောက် "လူဆု"(Lu Su) မှ
"ကျွန်တော့်သခင် နယ်စားကြီးစွန်းချွမ်(Sun Quan) နဲ့ သူ့စစ်သူကြီး ကျိုးယွီ(Zhou Yu) တို့က ကျွန်တော့်ကိုဒီလွှတ်လိုက်ပြီး သူတို့ရဲ့ဆန္ဒကိုထုတ်ဖော်ပြောခိုင်းစေလိုက်တာပါ။ ချောင်ချောင်း(Cao Cao) တောင်ပိုင်းကိုဝင်တိုက်တုန်းက သူက တောင်ပိုင်းပြည်နယ်ကိုသိမ်းဖို့အတွက်လို့ပြောပေမယ့် တကယ်တော့ လျူဘေ့(Liu Bei) ကိုချေမှုန်းမလို့ပဲမဟုတ်လား။ ကျွန်တော်တို့စစ်တပ်တွေက ရန်သူတွေကိုချေမှုန်းခဲ့ပြီး သူ့ကိုကယ်ခဲ့တယ်။ ကျင်ကျိုးရဲ့ နယ်မြေကိုးခုနဲ့မြို့နယ် ၄၂ ခုက ကျွန်တော်တို့နယ်မြေဖြစ်ရမှာလေ။ ဒါပေမယ့် ခင်ဗျားတို့သခင်က သစ္စာဖောက်ပြီး ကျင်ကျိုးနဲ့ရှန်းရန်ကိုသိမ်းလိုက်တယ်၊ အဲ့တော့ ကျုပ်တို့ရဲ့စားနပ်ရိက္ခာနဲ့စစ်တပ်တွေကသုံးပြီး ဘာအကျိုးမှမရှိပဲဖြစ်သွားတယ်။ ဦးရီးတော်ကတော့ အကျိုးအမြတ်တွေအများဆုံးရသွားတယ်။ အဲ့ဒါမဖြစ်သင့်ဘူးလေ" ဟုဆိုသည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ
"လူဆု(Lu Su) ၊ ခင်ဗျားက ဉာဏ်ရည်ထူးချွန်တဲ့လူတစ်ယောက်ပဲ။ ဘာလို့များ ဒီလိုစကားပြောရတာလဲ? ဒီနယ်မြေတွေက ခင်ဗျားတို့တောင်ပိုင်းပြည်နယ်ပိုင်တဲ့အရာမဟုတ်ပါဘူး။ ဒါက လျူပြောင်း(Liu Biao) ရဲ့နယ်မြေပဲ။ သူသေသွားပြီဆိုပေမယ့် သူ့သားရှိနေသေးတယ်လေ။ ဦးလေးက တူကိုကူပြီးတော့ နယ်မြေသိမ်းပေးတာမဖြစ်သင့်ဘူးလား? ဘာလို့ ကျုပ်သခင်က ဒီလိုမလုပ်ရမှာလဲ" ဟု ပြန်ပြောလေသည်။
"အကယ်၍ သင့်တော်တဲ့ရာထူးဆက်ခံသူ လျူချီ(Liu Qi) သာ ဒီနယ်မြေတွေကိုသိမ်းရင် ဘာမှပြောစရာမရှိပါဘူး။ ဒါပေမယ့် သူက အခုဒီမှာမှမဟုတ်တာ၊ ကျန်းရှာမှာလေ"
"ခင်ဗျား သူနဲ့တွေ့ချင်လား"

ထို့နောက် အစောင့်တို့အား "လျူချီ"(Liu Qi) ကိုခေါ်လာရန်အမိန့်ပေးလိုက်သည်။ မကြာမီတွင်ပင် အစေခံနှစ်ဦးတို့က "လျူချီ"(Liu Qi) အားတွဲပြီးထွက်လာသည်။ "လျူချီ"(Liu Qi) မှ
"ကျွန်တော်က သင့်တော်တဲ့နှုတ်ဆက်မှုတွေလုပ်ဖို့နေထိုင်မကောင်းဖြစ်နေတဲ့အတွက်တောင်းပန်ပါတယ်။ ကျွန်တော့်ကိုခွင့်ပြုပါဦး၊ လူဆု(Lu Su) " ဟုပြောလေသည်။ "လူဆု"(Lu Su) မှာ အံ့အားသင့်သွားပြီး ကြက်သေသေသွားသည်။
သို့သော်လည်း မကြာမီတွင်ပင် "လူဆု"(Lu Su) မှ
"အကယ်၍ ဒီနယ်မြေကိုဆက်ခံတဲ့လူက မရှိတော့ရင်ရော?" ဟုပြောသည်။
"လျူချီ(Liu Qi) က ဒီမှာ အမြဲရှိနေတာပဲ။ သူမရှိရင်တော့ အဲ့အချိန်မှပဲပြောကြတာပေါ့"
"သူသာသေဆုံးသွားခဲ့ရင် ဒီမြို့တွေကို ကျုပ်တို့လက်ထဲပြန်အပ်ရမယ်"
"ခင်ဗျားပြောတာ မှန်ပါတယ်"

ထို့နောက် စားစရာတို့ဖြင့်ကျွေးမွေးဧည့်ခံသည်။ စားသောက်ပြီးနောက်ဝယ် "လူဆု"(Lu Su) သည် သူ၏စခန်းသို့ပြန်သွားပြီး "ကျိုးယွီ"(Zhou Yu) အားအကျိုးအကြောင်းပြောလေသည်။ "ကျိုးယွီ"(Zhou Yu) မှ
"လျူချီ(Liu Qi) သေဖို့ဆိုတာဖြစ်နိုင်လို့လား? သူက အခုမှ လူငယ်ပဲလေ။ ဘယ်အချိန်မှများ ကျုပ်တို့အဲ့မြို့တွေရမှာလဲ" ဟုပြောသည်။
"စစ်သူကြီး၊ စိတ်မပူပါနဲ့။ အဲ့မြို့တွေ ကျွန်တော်တို့လက်ထဲပြန်ရောက်လာမယ်လို့အာမခံတယ်"
"ခင်ဗျားက ဘာလို့အာမခံနိုင်တာလဲ"
"လျူချီ(Liu Qi) နဲ့ မိန်းမနဲ့ယာမကာမှာမွေ့လျော်လွန်းတယ်။ သူက အဲ့လိုမကောင်းတာတွေလိုက်စားတဲ့အတွက် ကျန်းမာရေးက မကောင်းဘူး။ နှစ်ဝက်တောင်လိုမယ်မထင်ဘူး။ ပြီးရင် ကျွန်တော် လျူဘေ့(Liu Bei) ဆီသွားပြီးပြောရင် သူတို့လည်းငြင်းဖို့မဖြစ်နိုင်တော့ဘူး"
သို့သော်လည်း "ကျိုးယွီ"(Zhou Yu) မှာ စိတ်ဆိုးမပြေသေးပေ။

ထိုအချိန်တွင် "စွန်းချွမ်"(Sun Quan) ထံမှဆက်သားရောက်လာပြီး
"သခင်ကြီးက ဟဲဖေးကိုတိုက်နေတာ တိုက်ပွဲတွေသုံးလေးပွဲလောက်တိုက်ပြီးသွားပေမယ့်လည်း အောင်မြင်မှုမရသေးဘူး။ ဒါကြောင့် စစ်သူကြီးကို ဒီကနေဟဲဖေးကိုလာပြီး စစ်ကူပို့ဖို့တောင်းဆိုထားပါတယ်" ဟုပြောသည်။
ထိုအခါ "ကျိုးယွီ"(Zhou Yu) သည် ချိုင်စန်းသို့သွားပြီး အိမ်သို့ရောက်သောအခါဝယ် သူ၏ကျန်းမာရေးကိုပို၍ဂရုစိုက်လေသည်။ ထို့နောက် "ချန်ဖူ"(Cheng Pu) အား ရေတပ်၊ကြည်းတပ်တို့ကိုဦးဆောင်စေပြီး ဟဲဖေးသို့လွှတ်လိုက်သည်။

"လျူဘေ့"(Liu Bei) သည် နယ်မြေအသစ်ကိုအုပ်ချုပ်ရသဖြင့်ကျေနပ်ပြီး မကြာမီတွင်ပင် သူ၏ရည်ရွယ်ချက်တို့ပိုကြီးမားလာသည်။ ထိုအချိန်တွင် လူတစ်ယောက် ရောက်လာပြီး "လျူဘေ့"(Liu Bei) အားအကြံပေးသည်။ ထိုသူမှာ "ယီကျီ"(Yi Ji) ဖြစ်သည်။ "လျူဘေ့"(Liu Bei) က "ယီကျီ"(Yi Ji) အား ကောင်းမွန်စွာဆက်ဆံသည်။ "ယီကျီ"(Yi Ji) မှ
"ခင်ဗျားက ဒီထက်ကြီးမားတဲ့လုပ်ဆောင်မှုတွေလုပ်ချင်တာမဟုတ်လား။ တခြား ဉာဏ်ပညာကြီးသူတွေရဲ့အကြံတွေတောင်းခံကြည့်ပါလား" ဟုပြောသည်။
"အဲ့လိုပညာရှိတွေ ဘယ်မှာသွားရှာရမလဲ"
"ဒီနယ်မြေမှာ မာမျိုးရိုးမိသားစုတစ်စုရှိတယ်။ အဲ့မိသားစုမှာ ညီအစ်ကိုငါးယောက်ရှိပြီး သူတို့တွေအကုန်လုံးက အရည်အချင်းရှိကြသူတွေအဖြစ်နာမည်ကြီးတယ်။ အငယ်ဆုံးကတော့ မာဆု(Ma Su) လို့ခေါ်တယ်၊ သူတို့ထဲမှာ အတော်ဆုံးကတော့ အဖြူရောင်မျက်ခုံးမွှေးရှိတဲ့ မာလျန့်(Ma liang) ပဲ။ ဒါကြောင့် ရွာသားတွေက 'မာမိသားစုမှာ သားငါးယောက်ရှိပေမယ့် မျက်ခုံးဖြူက အတော်ဆုံးပဲ' ဆိုပြီး ပြောစမှတ်ရှိကြတယ်။ ခင်ဗျားသာ အဲ့လူရဲ့အကူအညီနဲ့ ခင်ဗျားကိုကူညီပြီး အစီအစဉ်တွေရေးဆွဲစေပါ"
ထို့ကြောင့် "လျူဘေ့"(Liu Bei) ကလည်း ထိုသူကိုဖိတ်ခေါ်စေလိုက်သည်။ "မာလျန့်"(Ma Liang) ရောက်လာသောအခါ "လျူဘေ့"(Liu Bei) မှ တလေးတစားနှင့်တွေ့ဆုံသည်။

"မာလျန့်"(Ma Liang) အား လက်ရှိသိမ်းပိုက်ထားသောနယ်မြေလုံခြုံမှုအတွက်မည်သို့လုပ်ဆောင်ရမည်ကိုမေးရာ "မာလျန့်"(Ma Liang) မှ
"ဒီနယ်မြေက ဘက်ပေါင်းစုံက အတိုက်ခံရနိုင်တယ်၊ ဒါကြောင့် ဒီနေရာက အမြဲတမ်းလုံခြုံနိုင်တဲ့နေရာမဟုတ်ဘူး။ ခင်ဗျားက လျူချီ(Liu Qi) ကို ဒီမှာပဲ သူနေပြန်ကောင်းလာတဲ့အထိနေစေပါ။ ဒါပေမယ့် ဒီနယ်မြေကိုစောင့်ကြပ်ဖို့တာဝန်ကိုတော့ ယုံကြည်စိတ်ချရတဲ့လူလက်ထဲလွှဲထားမှရမယ်။ အဲ့လူကို ဒီနယ်မြေရဲ့ကာကွယ်စောင့်ရှောက်သူအဖြစ် နန်းတွင်းက အမိန့်စာရအောင်လုပ်ပြီး ပြည်သူတွေစိတ်ချမ်းသာအောင်လုပ်ရမယ်။ ပြီးရင်တော့ ဝူလင်၊ ချန်ရှ၊ ကွေ့ရန်နဲ့ လင်းလင်တို့ကိုသိမ်းရမယ်။ အဲ့ဒါတွေကရတဲ့ အရင်းအမြစ်တွေကို အသုံးချပြီးတော့ နောက်ထပ်စီမံကိန်းအသစ်တွေလုပ်ဆောင်ရမယ်။ ဒါက ခင်ဗျားလုပ်ရမယ့် မူဝါဒပဲ" ဟုပြောသည်။
"အဲ့နယ်မြေတွေထဲမှာ ဘယ်နယ်မြေကိုအရင်သိမ်းသင့်လဲ"
"အနီးဆုံးကတော့ ရှန်မြစ်အနောက်ဘက်က လင်းလင်ပဲ။ ပြီးရင် ဝူလင်၊ ပြီးမှ ကျန်တဲ့နှစ်နေရာလာတယ်"
ထို့နောက် "မာလျန့်"(Ma Liang) ကို နယ်စားလက်ထောက်၊ "ယီကျီ"(Yi Ji) ကို "မာလျန့်"(Ma Liang) ပြီးလျှင် ဒုတိယအနေဖြင့်တာဝန်ပေးသည်။ ထို့နောက် "လျူဘေ့"(Liu Bei) သည် "လျူချီ"(Liu Qi) အား ရှန်းရန်သို့ပို့မည့်အကြောင်းကို "ကျူးကဲလျန့်"(Zhuge Liang) နှင့်တိုင်ပင်သည်။ သို့မှသာ "ကွမ်းယွီ"(Guan Yu) ပြန်လာနိုင်မည်ဖြစ်သည်။ ပြီးနောက် လင်းလင်ကိုတိုက်ရန် ပြင်ဆင်မှုများပြုလုပ်လေသည်။ "ကျန်းဖေး"(Zhang Fei) ကို ရှေ့ပြေးတပ်ဦးဆောင်ခိုင်းပြီး "ကျောက်ယွင်"(Zhao Yun) ကို တပ် နောက်ပိုင်းအားစောင့်ကြပ်စေကာ "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့သည် ပင်မတပ်ကိုဦးဆောင်ကာ ချီတက်ကြသည်။ ကျင်ကျိုးမြို့ကိုကာကွယ်ရန် စစ်သား တစ်သောင်းခွဲထားခဲ့လေသည်။ "မီကျူ"(Mi Zhu) နှင့် "လျူဖုန်း"(Liu Feng) ကိုမူ ကျန်းလင်ကိုကာကွယ်ခိုင်းထားသည်။

လင်းလင်မြို့စားမှာ "လျူတု"(Liu Du) ဖြစ်သည်။ ရန်သူ၏စစ်တပ်ကြီးစစ်ချီတက်လာသည်ဟူသောသတင်းကိုကြားလျှင် သားဖြစ်သူ "လျူရှန်"(Liu Xiang) ကိုခေါ်ကာတိုင်ပင်သည်။ "လျူရှန်"(Liu Xiang) မှ ယုံကြည်မှုအပြည့်ဖြင့်
"အဖေ၊ စိတ်မပူပါနဲ့။ သူတို့ဘက်မှာ နာမည်ကြီးစစ်သူကြီး ကျန်းဖေး(Zhang Fei) နဲ့ ကျောက်ယွင်(Zhao Yun) ပါတဲ့ဆိုပေမယ့် ကျွန်တော်တို့ဘက်မှာလည်း တခြားလူတွေဘယ်သူမှမယှဉ်နိုင်တဲ့ စစ်သူကြီး ရှင်းတရုံ(Xing Darong) ရှိတယ်။ သူ ရန်သူတွေကိုပြန်ခုခံနိုင်မှာပါ" ဟုပြောသည်။
သို့နှင့် ကာကွယ်ရေးတာဝန်ကို ထိုစစ်သူကြီးလက်သို့အပ်လိုက်သည်။ စစ်တပ်အင်အားတစ်သောင်းတို့သည် မြို့ပြင် တောင်ကုန်းနှင့်မြစ်ချောင်းတို့ကိုအကာအကွယ်ယူနိုင်သည့်နေရာတွင် စခန်းချထားသည်။ ကင်းထောက်တို့က "ကျူးကဲလျန့်"(Zhuge Liang) သည် အနီးအနားပတ်ဝန်းကျင်တွင်ရောက်နေကြောင်း သတင်းလာပို့ရာ "ရှင်းတရုံ"(Xing Darong) ကထွက်ပြီးတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

တပ်ဖွဲ့နှစ်ဦးနှစ်ဖက်ရင်ဆိုင်မိသောအခါ "ရှင်းတရုံ"(Xing Darong) သည် အရှေ့သို့ရဲတင်းကိုကိုင်ကာထွက်လာပြီး ကြီးမားကျယ်လောင်သောအသံဖြင့်
"သူပုန်တွေ၊ ဘာလို့ ကျုပ်တို့နယ်မြေထဲဝင်လာကြတာလဲ" ဟုမေးသည်။
တစ်ဖက်တပ်ဖွဲ့မှ အဝါရောင်အလံတို့ပေါ်လာပြီး ဘီးလေးလုံးပါသောကုလားထိုင်တွင်ထိုင်နေကာ အဖြူရောင်ဝတ်ထားပြီး ခေါင်းတွင်ဦးထုပ်ဆောင်းထားသည့်လူတစ်ဦးထွက်လာသည်။ ထိုသူ၏လက်တွင် ယပ်တောင်ကိုကိုင်ထားပြီး ရဲမက်တို့ကိုအမိန့်ပေးနေသည်။ တစ်ချိန်ထဲတွင်ပင် ထိုသူက
"ကျွန်တော်က နန်ရန်က ကျူးကဲလျန့်(Zhuge Liang) ပါ။ ကျုပ်က ချောင်ချောင်း(Cao Cao) ရဲ့စစ်တပ်ကြီးကိုချေမှုန်းဖို့အစီအစဉ်တွေလုပ်ခဲ့တာ၊ ခင်ဗျားက ကျုပ်ကိုဘယ်လိုဆန့်ကျင်နိုင်မလဲ? ဒါကြောင့် ကျုပ်က ငြိမ်းချမ်းရေးကမ်းလှမ်းပါတယ်၊ လက်နက်ချလိုက်ရင် ခင်ဗျားအတွက်ပိုကောင်းမယ်" ဟုပြောသည်။
"ရှင်းတရုံ"(Xing Darong) က ရယ်မောကာ
"သူတို့တွေစစ်ရှုံးသွားတာက ကျိုးယွီ(Zhou Yu) ရဲ့စီမံမှုကြောင့်ပဲ၊ ခင်ဗျားနဲ့ဘာမှမဆိုင်ဘူး။ ကျုပ်ကိုလာလိမ်ချင်သေးတယ်" ဟုပြောကာ ရဲတင်းကိုကိုင်ပြီး "ကျူးကဲလျန့်"(Zhuge Liang) အနီးသို့ကပ်လာသည်။

သို့သော်လည်း "ကျူးကဲလျန့်"(Zhuge Liang) သည် သူ၏လှည်းယာဉ်ဖြင့်အနောက်သို့ပြန်ဝင်သွားပြီး စစ်သားတို့က ပိတ်လိုက်သည်။ "ရှင်းတရုံ"(Xing Darong) ကလည်း အနောက်မှလိုက်လေသည်။ စစ်သားတို့က "ရှင်းတရုံ"(Xing Darong) ဝင်လာလျှင် လမ်းဖယ်ပေးလိုက်သည်။ "ရှင်းတရုံ"(Xing Darong) သည် အဝါရောင်အလံကိုမြင်လျှင် ထိုနေရာတွင် "ကျူးကဲလျန့်"(Zhuge Liang) ရှိသည်အမှတ်ဖြင့် ထိုနေရာသို့လိုက်လေသည်။ ထိုအလံသည် တောင်ကုန်းတစ်ခုပေါ်သို့ရောက်သောအခါ ရပ်သွားသည်။ လှည်းယာဉ်မှာလည်း ပျောက်ကွယ်သွားပြီး ထိုနေရာတွင် မြင်းစီးထားပြီး မြွေလှံကိုကိုင်ထားသော သူရဲကောင်းတစ်ဦးထွက်လာသည်၊ ထိုသူမှာ "ကျန်းဖေး"(Zhang Fei) ပင်ဖြစ်သည်။ "ကျန်းဖေး"(Zhang Fei) သည် ကျယ်လောင်စွာဟစ်အော်ပြီး "ရှင်းတရုံ"(Xing Darong) ဆီသို့အဟုန်ဖြင့်စီးသွားသည်။
"ရှင်းတရုံ"(Xing Darong) သည်လည်း သူ၏ရဲတင်းကိုကိုင်ကာ "ကျန်းဖေး"(Zhang Fei) နှင့်ရင်ဆိုင်သည်။လေးငါးကွက်ခန့်တိုက်ပြီးနောက်ဝယ် "ရှင်းတရုံ"(Xing Darong) မှာ မနိုင်မှန်းသိသဖြင့် အနောက်ဘက်သို့လှည့်ပြေးသည်။ "ကျန်းဖေး"(Zhang Fei) ကလည်း ကျယ်လောင်သောအသံဖြင့်အော်ဟစ်ရင်း အနောက်မှလိုက်သည်။ ထိုအချိန်တွင် ကင်းပုန်းတပ်တို့ပေါ်လာရာ "ရှင်းတရုံ"(Xing Darong) မှာ ထိုတပ်ကိုထိုးဖောက်ကာထွက်ရန်လုပ်သည်။

သို့သော်လည်း နောက်ထပ်သူရဲကောင်းတစ်ဦးပေါ်လာပြီး
"ခင်ဗျား ကျုပ်ကိုသိလား? ကျုပ်က ချန်စန်းက ကျောက်ယွင်(Zhao Yun) ပဲ" ဟုပြောသည်။
"ရှင်းတရုံ"(Xing Darong) မှာ ထွက်ပြေး၍မလွတ်သည့်အပြင် တိုက်လည်းမတိုက်နိုင်သလို ကောင်းကင်ပေါ်သို့လည်းမပျံနိုင်သဖြင့် လက်နက်ချလိုက်သည်။ "ရှင်းတရုံ"(Xing Darong) အား "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ရှိရာစခန်းသို့ခေါ်သွားသည်။ "လျူဘေ့"(Liu Bei) က ကွပ်မျက်ရန်အမိန့်ပေးလိုက်သော်လည်း "ကျူးကဲလျန့်"(Zhuge Liang) က အလောတကြီးဝင်တားလိုက်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ခင်ဗျားသာ လျူရှန်(Liu Xiang) ကိုဖမ်းနိုင်ရင် ခင်ဗျားလက်နက်ချတာကိုလက်ခံမယ်" ဟုပြောသည်။ "ရှင်းတရုံ"(Xing Darong) သည်လည်း ၎င်းကိုလက်ခံလိုက်သည်။

"ကျူးကဲလျန့်"(Zhuge Liang) က မည်သို့စီမံထားကြောင်းမေးရာ "ရှင်းတရုံ"(Xing Darong) မှ
"ခင်ဗျားသာ ကျွန်တော့်ကိုပြန်လွှတ်ပေးမယ်ဆိုရင် ဒီညနေ ကျုပ်တို့စခန်းကိုလာတိုက်ရင် ကျုပ်က ခင်ဗျားကိုအတွင်းကနေကူပေးပါ့မယ်။ ပြီးရင် လျူရှန်(Liu Xiang) ကိုဖမ်းလိုက်မယ်။ လျူရှန်(Liu Xiang) ကိုဖမ်းရင် သူ့အဖေလည်းလက်နက်ချမှာပဲ" ဟုပြောသည်။
"လျူဘေ့"(Liu Bei) က မယုံကြည်သော်လည်း "ကျူးကဲလျန့်"(Zhuge Liang) မှ
"ရှင်းတရုံ(Xing Darong) က မလိမ်ဘူး" ဟုပြောလေသည်။

"ရှင်းတရုံ"(Xing Darong) သည် သူ၏စခန်းသို့ရောက်သောအခါ အဖြစ်အပျက်အလုံးစုံကိုပြန်ပြောလိုက်သည်။ "လျူရှန်"(Liu Xiang) မှ
"ဒါဆို ကျုပ်တို့ဘယ်လိုလုပ်မလဲ" ဟုမေးရာ
"လှည့်ဖြားမှုကိုလှည့်ဖြားမှုနဲ့ အနိုင်ယူမယ်။ စစ်သားတွေကို ကင်းပုန်းတိုက်ဖို့စောင့်ခိုင်းထားပြီး စခန်းကိုတော့ ဘာမှမပြောင်းလဲသလိုလုပ်ထားရမယ်။ ကျူးကဲလျန့်(Zhuge Liang) သာရောက်လာရင် သူ့ကိုဖမ်းနိုင်တာပေါ့" ဟုပြောသည်။
သို့နှင့် ကင်းပုန်းတပ်ဖွဲ့ထားလိုက်လေသည်။ ညနှစ်ချက်တီးအချိန်တွင် ရန်သူတို့ရောက်လာသည်။ ထိုသူတို့တွင် မီးတုတ်များကိုင်ထားပြီး နေရာအနှံ့ကိုမီးတို့ဖြင့်ရှို့လေသည်။ "လျူရှန်"(Liu Xiang) နှင့် "ရှင်းတရုံ"(Xing Darong) တို့ကလည်း ထွက်ပြေးရာ အနောက်ဘက်မှ သူရဲကောင်းနှစ်ဦးကလည်း လိုက်လေသည်။ သုံးမိုင်ခန့်အကွာတွင် ထွက်ပြေးနေသော လူနှစ်ဦးက ရုတ်တရတ်ပျောက်သွားရာ နောက်မှလိုက်သူတို့ကလည်း ဆက်မလိုက်တော့ပေ။ စစ်စခန်းမှာ မီးလောင်ကျွမ်းနေဆဲပင်ဖြစ်သည်။ ထိုအချိန်တွင် သူတို့နှစ်ဦး၏နောက်ဘက်မှ "ကျန်းဖေး"(Zhang Fei) ပေါ်လာသည်။

"လျူရှန်"(Liu Xiang) မှ
"မီးလောင်နေတဲ့စခန်းကိုပြန်မသွားတော့ဘူး။ ကျူးကဲလျန့်(Zhuge Liang) ရဲ့စခန်းကိုပဲသွားတိုက်ကြမယ်" ဟုပြောသည်။ သို့နှင့် နောက်သုံးမိုင်ခန့်ခရီးဆက်ပြီးနောက် ရုတ်တရတ် "ကျောက်ယွင်"(Zhao Yun) ပေါ်လာပြီး တိုက်ခိုက်ကာ "ရှင်းတရုံ"(Xing Darong) ကိုသတ်လိုက်သည်။ "လျူရှန်"(Liu Xiang) သည်ထွက်ပြေးရန်ပြုသော်လည်း အနောက်ဘက်မှ "ကျန်းဖေး"(Zhang Fei) ရောက်လာပြီး "လျူရှန်"(Liu Xiang) ကိုဖမ်းလိုက်သည်။ ထို့နောက် "လျူရှန်"(Liu Xiang) ကိုကြိုးနှင့်ချည်ပြီးမြင်းပေါ်သို့တင်ကာ စခန်းသို့ပြန်ခေါ်သွားသည်။
"ကျူးကဲလျန့်"(Zhuge Liang) ကိုမြင်လျှင် "လျူရှန်"(Liu Xiang) မှ
"အဲ့အကြံဆိုးတွေက ရှင်းတရုံ(Xing Darong) ရဲ့အကြံတွေပါပဲ။ ကျွန်တော်နဲ့မဆိုင်ဘူး" ဟုပြောသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် "လျူရှန်"(Liu Xiang) ကိုတုတ်နှောင်ထားသည့် ကြိုးတို့ကိုဖြည်စေပြီး ကောင်းကောင်းမွန်မွန်ဝတ်စေကာ စိတ်ပြေပျောက်စေရန် အရက်တို့တိုက်ကျွေးလေသည်။ ထို့နောက် သူ၏အဖေထံသို့ပြန်ပြီး လက်နက်ချရန်အတွက်တိုက်တွန်းကြည့်ရန်ပြောသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"လက်နက်မချရင်တော့ မြို့ကိုမီးရှို့ပြီး အကုန်လုံးကိုသတ်ပစ်မယ်" ဟုပြောလေသည်။

သားဖြစ်သူလည်း မြို့သို့ပြန်သွားပြီး အဖေဖြစ်သူအား အကြောင်းအရာအလုံးစုံကိုပြောပြလေသည်။ "လျူတု"(Liu Du) လည်း လက်နက်ချရန်ဆုံးဖြတ်လိုက်ပြီး လက်နက်ချသည့်အလံတို့ကိုလွှင့်ကာ မြို့တံခါးတို့ကိုဖွင့်စေပြီး မြို့အပြင်သို့ထွက်လေသည်။ သို့သော်လည်း "လျူတု"(Liu Du) ကို ထိုမြို့ကိုပင်ပြန်အုပ်ချုပ်စေပြီး သားဖြစ်သူကိုမူ ကျင်ကျိုးသို့ပို့ကာ စစ်မှုထမ်းစေသည်။
လင်းလင်မြို့သူမြို့သားတို့သည် အုပ်ချုပ်သူပြောင်းသွားကြသည်ကို ဝမ်းသာအားရဖြင့်ကြိုဆိုကြသည်။ "လျူဘေ့"(Liu Bei) သည် မြို့တွင်းသို့ဝင်ကာ မြို့သားတို့ကို တည်ငြိမ်စေပြီးနောက် သူ၏စစ်တပ်တို့ကို ဆုလာဘ်များပေးလေသည်။
ထို့နောက် နောက်မြို့တစ်မြို့ဖြစ်သည့် ကွေ့ရန်ကိုမည်သူတိုက်မည်နည်းဟုမေးရာ "ကျောက်ယွင်"(Zhao Yun) မှ သူသွားတိုက်လိုကြောင်းပြောသည်။ "ကျန်းဖေး"(Zhang Fei) မှလည်း ဝင်ပြီး သူတိုက်လိုကြောင်းပြောလေရာ နှစ်ယောက်သားငြင်းခုံကြလေသည်။

ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျောက်ယွင်(Zhao Yun) က အရင်ပြောတာဆိုတော့ သူ့ကိုပဲလွှတ်သင့်တယ်" ဟုပြောသည်။ သို့သော်လည်း "ကျန်းဖေး"(Zhang Fei) မှလက်မခံသဖြင့် မဲနှိုက်ပြီးဆုံးဖြတ်စေသည်။ မဲနှိုက်ရာတွင်လည်း "ကျောက်ယွင်"(Zhao Yun) သာနိုင်လေသည်။ "ကျန်းဖေး"(Zhang Fei) မှာ သိပ်မကျေနပ်သေးပဲ
"ကျုပ်သာသွားရင် စစ်တပ်အင်အားသိပ်မလိုဘူး။ စစ်သားသုံးထောင်လောက်ဆိုရပြီ" ဟုပြောသည်။ "ကျောက်ယွင်"(Zhao Yun) ကလည်း
"ကျုပ်လည်း စစ်သားသုံးထောင်နဲ့ဆို မြို့သိမ်းနိုင်တယ်။ မအောင်မြင်ရင် အပြစ်ပေးပါ" ဟုဆိုသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် "ကျောက်ယွင်"(Zhao Yun) ၏တာဝန်သိစိတ်ကိုနှစ်သက်သွားပြီး အတွေ့အကြုံရှိစစ်သားသုံးထောင်နှင့်လွှတ်လိုက်သည်။
"ကျန်းဖေး"(Zhang Fei) မှာ မကျေမနပ်ဖြင့် ဆက်ပြောနေသေးသော်လည်း "လျူဘေ့"(Liu Bei) မှ ဆက်မပြောတော့ရန်တားမြစ်ပြီး အနားယူခိုင်းလိုက်လေသည်။

"ကျောက်ယွင်"(Zhao Yun) ၏စစ်တပ်သည် ကွေ့ရန်သို့ချီတက်လာသောသတင်းကိုကြားသောအခါ မြို့စားဖြစ်သူ "ကျောက်ဖန်"(Zhao Fan) က သူ၏အမှုထမ်းတို့နှင့်တိုင်ပင်လေသည်။ အမှုထမ်းနှစ်ဦးဖြစ်သည့် "ချန်ရင်"(Chen Ying) နှင့် "ပေါက်လုံ"(Bao Long) တို့က ရန်သူကိုတွန်းလှန်မည်ဟုဆိုလေသည်။ ထိုသူနှစ်ဦးတို့မှာ ကွေ့ရန်ဇာတိဖြစ်ပြီး အမဲလိုက်မုဆိုးအဖြစ်ဖြင့် နာမည်ကြီးကြသည်။ "ချန်ရင်"(Chen Ying) မှာ 'ခက်ရင်းပျံ' ကိုကိုင်ဆောင်ပြီး "ပေါက်လုံ"(Bao Long) မှာ မြားပစ်လျှင် ကျားနှစ်ကောင်ကိုမြားတစ်ချောင်းဖြင့် ထုတ်ချင်းပေါက်အောင်ပစ်နိုင်သည်ဟုကျော်ကြားသည်။ သူတို့သည် ရဲရင့်သူများလည်းဖြစ်သည်။ ထိုသူနှစ်ဦးတို့က "ကျောက်ဖန်"(Zhao Fan) ရှေ့တွင်ရပ်ကာ
"ကျုပ်တို့တွေ လျူဘေ့(Liu Bei) တပ်ကိုသွားပြီးခုခံပါ့မယ်" ဟုပြောသည်။
"လျူဘေ့(Liu Bei) က မင်းဆွေမင်းမျိုးထဲကပဲ။ ကျူးကဲလျန့်(Zhuge Liang) က ဗျူဟာပိုင်းကျွမ်းကျင်ပြီး ကွမ်းယွီ(Guan Yu) ၊ ကျန်းဖေး(Zhang Fei) တို့က ရဲရင့်တယ်။ အခုဒီတပ်ကိုဦးဆောင်လာသူက ချောင်ချောင်း(Cao Cao) ရဲ့တပ်ဖွဲ့တွေကြားထဲဝင်ပြီး ပြန်ထိုးဖောက်ထွက်နိုင်ခဲ့တဲ့ ကျောက်ယွင်(Zhao Yun) ပဲ။ သူတို့ကိုကျုပ်တို့တိုက်လို့နိုင်မှာမဟုတ်ဘူး၊ လက်နက်ချရင်ကောင်းမယ်"

သို့သော်လည်း "ချန်ရင်"(Chen Ying) မှ
"ကျွန်တော့်ကို စစ်တိုက်ခွင့်ပြုပါ။ ကျွန်တော်မနိုင်ရင်တော့ မြို့စားမင်းလက်နက်ချချင်ရင် ချနိုင်တယ်" ဟုပြောသည်။
ထိုအခါ မြို့စားကလည်း မည်သို့မျှမပြောတော့ပဲ သဘောထွန်းလိုက်သည်။ "ချန်ရင်"(Chen Ying) သည် စစ်သားသုံးထောင်နှင့်အတူ ရန်သူအားသွားရင်ဆိုင်သည်။ မကြာမီတွင်ပင် နှစ်ဦးနှစ်ဖက်တို့တွေ့ကြလေသည်။ "ချန်ရင်"(Chen Ying) သည် သူ၏ခက်ရင်းပျံကိုကိုင်ကာ ထွက်လာသည်။ "ကျောက်ယွင်"(Zhao Yun) သည်လည်း လှံကိုကိုင်ကာ ရင်ဆိုင်လေသည်။ "ကျောက်ယွင်"(Zhao Yun) မှ
"ကျုပ်သခင်က ဒီနယ်ကိုအုပ်ချုပ်ခဲ့တဲ့ နယ်စားကြီးလျူပြောင်း(Liu Biao) နဲ့ညီအစ်ကိုပဲ။ အခု သူက ဒီနယ်ကိုဆက်ခံမယ့် လျူပြောင်း(Liu Biao) ရဲ့သား၊ သူ့တူဖြစ်သူကိုကူညီနေတယ်။ ကျင်ကျိုးကိုသိမ်းပြီးတော့ ဒီကိုလာပြီး ဒီကလူတွေကိုတည်ငြိမ်အောင်လုပ်မလို့၊ ခင်ဗျားက ဘာလို့တားရတာလဲ" ဟုပြောသည်။
"ကျုပ်တို့က ဝန်ကြီးချုပ် ချောင်ချောင်း(Cao Cao) ကိုထောက်ခံတဲ့လူတွေပဲ။ ခင်ဗျားသခင်ရဲ့နောက်လိုက်တွေမဟုတ်ဘူး"

"ကျောက်ယွင်"(Zhao Yun) သည် ဒေါသထွက်ကာ လှံကိုတင်းတင်းကိုင်ပြီး ရန်သူကိုတိုက်လေသည်။ တစ်ဖက်လူကလည်း ခက်ရင်းပျံကိုကိုင်ကာ ရင်ဆိုင်တွေ့သည်။ လေးငါးကွက်ခန့်တိုက်ပြီးနောက်ဝယ် "ချန်ရင်"(Chen Ying) သည် မနိုင်မှန်းသိသောကြောင့် ထွက်ပြေးလေသည်။ "ကျောက်ယွင်"(Zhao Yun) က နောက်မှလိုက်သည်။ ရုတ်တရတ် "ချန်ရင်"(Chen Ying) ကပြန်လှည့်ပြီး ခက်ရင်းဖြင့်ပစ်လိုက်သည်။ "ကျောက်ယွင်"(Zhao Yun) က လက်ဖြင့်ဖမ်းလိုက်ပြီး ပြန်ပစ်လိုက်ရာ "ချန်ရင်"(Chen Ying) က ရှောင်လိုက်သည်။ သို့သော်လည်း "ကျောက်ယွင်"(Zhao Yun) သည် အနီးသို့ကပ်လာပြီး တဖက်လူကိုမြင်းပေါ်မှဆွဲလိုက်ပြီး မြေကြီးပေါ်သို့ပစ်ချလိုက်သည်။ ထို့နောက် စစ်သားတို့အား ရန်သူကို ကြိုးတုတ်ပြီးဖမ်းရန် အမိန့်ပေးလိုက်သည်။ ပြီးနောက် "ချန်ရင်"(Chen Ying) ကိုဖမ်းပြီး စခန်းသို့ပြန်လေသည်၊ ရန်သူဘက်မှစစ်သားတို့သည်လည်း ထွက်ပြေးကုန်သည်။

"ကျောက်ယွင်"(Zhao Yun) မှ စစ်သုံ့ပန်းအား
"ခင်ဗျားက ကျုပ်နဲ့မတိုက်ရဲဘူးမှတ်နေတာ။ ဒါပေမယ့် ခင်ဗျားကိုမသတ်ပါဘူး၊ ပြန်လွှတ်ပေးမယ်။ ခင်ဗျားသခင်ကို လက်နက်ချဖို့တိုက်တွန်းကြည့်ပါ" ဟုပြောသည်။
"ချန်ရင်"(Chen Ying) သည်လည်း အသက်ချမ်းသာခွင့်တောင်းပြီး လန့်သွားသောကြွက်ကဲ့သို့ကြောက်လန့်တကြားပြေးလေသည်။ မြို့သို့ပြန်ရောက်သော် မြို့စားအား ပြန်ပြောပြရာ မြို့စားမှ
"ကျုပ်က နဂိုတည်းက လက်နက်ချမလို့။ ခင်ဗျားက တိုက်ခိုက်ဖို့ပဲလုပ်နေတာကိုး၊ အခုတော့ ခင်ဗျားခံရပြီမလား" ဟုပြောသည်။ ထို့နောက် မြို့စားက "ချန်ရင်"(Chen Ying) ကို ထွက်သွားစေပြီးနောက် လက်နက်ချသည့်စာကိုပြင်ဆင်ကာ မြို့တံဆိပ်တုံးကိုယူလေသည်။ ထို့နောက် ကိုယ်ရံတော်အနည်းငယ်ဖြင့် မြို့ပြင်သို့ထွက်ပြီး "ကျောက်ယွင်"(Zhao Yun) ၏စခန်းသို့သွားသည်။ "ကျောက်ယွင်"(Zhao Yun) ကလည်း မြို့စားကိုကောင်းကောင်းမွန်မွန်ဆက်ဆံကာ အရက်တို့ဖြင့်ဧည့်ခံသည်။ ပြီးနောက် မြို့တံဆိပ်တုံးကိုလက်ခံလိုက်သည်။

အရက်သောက်ပြီးနောက် "ကျောက်ဖန်"(Zhao Fan) သည် အာရွှင်လာပြီး
"စစ်သူကြီးနဲ့ကျွန်တော်က မျိုးရိုးအတူတူပဲ၊ လွန်ခဲ့တဲ့နှစ်ငါးရာလောက်က တစ်မိသားစုထဲပဲဖြစ်မှာ။ ဒါ့အပြင် ကျွန်တော်ရောစစ်သူကြီးရောက ချန်စန်းဇာတိ၊ အဲ့ထက်ပိုတိုက်ဆိုင်တာက တစ်ရွာတည်းသားတွေပဲ။ ကျွန်တော်တို့တွေ သွေးသောက်ညီအစ်ကိုဖွဲ့ကြရင်တော့ ကျွန်တော့်ရဲ့ကောင်းမှုပါပဲ" ဟုပြောသည်။
"ကျောက်ယွင်"(Zhao Yun) ကလည်း သဘောကျပြီး နှစ်ဦးနှစ်ယောက်တို့ မွေးဖွားသောခုနှစ်တို့ကိုတိုက်ဆိုင်ကြည့်ကြသောအခါ တစ်နှစ်တည်းတွင်မွေးကြောင်းတွေ့သည်၊ သို့သော်လည်း "ကျောက်ယွင်"(Zhao Yun) က လေးလခန့်ပိုကြီးသည်။ ထိုအခါ "ကျောက်ဖန်"(Zhao Fan) က "ကျောက်ယွင်"(Zhao Yun) ကို အစ်ကိုကြီးအနေဖြင့် အရိုအသေပြုရသည်။ သူတို့နှစ်ဦးတို့သည် အကြိုက်ချင်းလည်းတူညီကြသဖြင့် မိတ်ဆွေကောင်းဖြစ်ရန်သင့်တော်လေသည်။

စားသောက်ကြပြီးနောက် မြို့စားကလည်းမြို့တွင်းသို့ပြန်သွားလေသည်။ နောက်ရက်တွင် "ကျောက်ဖန်"(Zhao Fan) က "ကျောက်ယွင်"(Zhao Yun) အား မြို့ထဲသို့လာရန် ဖိတ်ခေါ်သည်။ "ကျောက်ယွင်"(Zhao Yun) သည် မြို့သူမြို့သားတို့ကို တည်ငြိမ်စေပြီးနောက် စားသောက်ပွဲသို့တက်ရောက်လေသည်။ "ကျောက်ယွင်"(Zhao Yun) အတန်ငယ်မူးသောအခါ မြို့စားမှ အမျိုးသမီးတစ်ယောက်ကိုထွက်လာခိုင်းစေပြီး အရက်ငှဲ့ခိုင်းသည်။ ထိုအမျိုးသမီးမှာ အဖြူရောင်အဝတ်ဝတ်ဆင်ထားပြီး သူ၏အလှမှာ ပြည်ဖျက်နိုင်လောက်သည့်အလှပင်တည်း။
"သူက ဘယ်သူလဲ"
"သူက ကျွန်တော့်ခယ်မပါ။ သူက ဖန်မျိုးရိုးကဆင်းသက်လာတာ"
ထိုအခါ "ကျောက်ယွင်"(Zhao Yun) သည် ထိုအမျိုးသမီးကို တလေးတစားဆက်ဆံသည်။ ထို့နောက် မြို့စားက ထိုအမျိုးသမီးကိုပါဝင်ပြီး စားသောက်ပွဲတွင်ပါဝင်ခိုင်းသော်လည်း "ကျောက်ယွင်"(Zhao Yun) က ငြင်းလိုက်သဖြင့် ထိုအမျိုးသမီးကပြန်ထွက်သွားသည်။
"ခင်ဗျားက ဘာလို့ ခင်ဗျားခယ်မကို ကျုပ်အတွက် အရက်ငှဲ့ခိုင်းရတာလဲ"
ထိုအခါ မြို့စားကပြုံးလိုက်ပြီး
"ဒါက အကြောင်းရှိတယ်။ ကျွန်တော့်အစ်ကိုကြီးက လွန်ခဲ့တဲ့သုံးနှစ်ကသေဆုံးသွားပြီး သူ့ဇနီးက မုဆိုးမဖြစ်ခဲ့ရတယ်။ ဒါကြောင့် သူ့ကိုနောက်ထပ်လက်ထပ်ဖို့တိုက်တွန်းပေမယ့်လည်း သူက အချက်သုံးခုနဲ့ပြည့်စုံမှစဉ်းစားမယ်လို့ပြောတယ်။ ပထမက အဲ့လူက စာပေပညာရော၊ စစ်ရေးမှာပါကျွမ်းကျင်ရမယ်၊ ဒုတိယကတော့ ရုပ်ချောပြီး လေးစားလောက်သူဖြစ်ရမယ်၊ တတိယကတော့ ကျွန်တော်တို့မျိုးရိုးထဲကပဲဖြစ်ရမယ်လို့ပြောတယ်။ လောကကြီးမှာ အဲ့လိုလူမျိုးကိုဘယ်မှာသွားရှာရပါ့မလဲ? ဒါပေမယ့် အစ်ကိုကြီးကတော့ ရုပ်ရည်ချောမော၊ အရည်အချင်းရှိပြီး တစ်လောကလုံးမှာနာမည်ကြီးတယ်။ ကျွန်တော့်ခယ်မရဲ့တောင်းဆိုချက်တွေနဲ့ကိုက်ညီတယ်။ အစ်ကိုကြီးသာ သူ့ကိုအပြစ်ရှိတယ်လို့မမြင်ရင် သူနဲ့လက်ထပ်စေချင်ပါတယ်။ ကျွန်တော်က သူ့အတွက်လက်ဖွဲ့စိုက်ပေးပါ့မယ်။ အစ်ကိုကြီး ဒါကိုဘယ်လိုသဘောရလဲ" ဟုပြောသည်။

ထိုအခါ "ကျောက်ယွင်"(Zhao Yun) က ဒေါသတကြီးဖြင့် မတ်တပ်ရပ်ပြီး
"ကျုပ်က ခုနကပဲ ခင်ဗျားနဲ့သွေးသောက်ညီအစ်ကိုဖွဲ့လိုက်တာ၊ ခင်ဗျားခယ်မဆိုရင် ကျုပ်ခယ်မပဲမဟုတ်လား? ဘာလို့ရှုပ်ထွေးအောင်လုပ်ချင်ရတာလဲ" ဟုပြောလေသည်။ "ကျောက်ဖန်"(Zhao Fan) မှာ ရှက်သွားပြီး
"ကျုပ်က ခင်ဗျားကိုစေတနာနဲ့ပြောတာ၊ ခင်ဗျားက ဘာလို့အဲ့လိုရိုင်းရိုင်းစိုင်းစိုင်းပြောတာလဲ" ဟုပြောပြီး ဘေးဘီဝဲယာမှ အစောင့်တို့ကို လူသတ်လိုသောမျက်လုံးဖြင့်ကြည့်လေသည်။ "ကျောက်ယွင်"(Zhao Yun) သည် "ကျောက်ဖန်"(Zhao Fan) အား ထိုးလိုက်ပြီး အပြင်သို့ထွက်ကာ မြင်းစီးပြီးမြို့ပြင်သို့ထွက်သွားသည်။

ထိုအခါ "ကျောက်ဖန်"(Zhao Fan) က သူ၏စစ်သူကြီးနှစ်ဦးကိုခေါ်လိုက်သည်။
"ချန်ရင်"(Chen Ying) : "သူအခုပဲ ဒေါသတကြီးနဲ့ထွက်သွားတယ်။ ဒါဆို ကျုပ်တို့သူနဲ့စစ်တိုက်ရမယ်"
"ကျောက်ဖန်"(Zhao Fan) : "မနိုင်မှာပဲစိုးရိမ်ရတယ်"
"ပေါက်လုံ"(Bao Long) : "ကျွန်တော်တို့က စစ်ပြေးအနေနဲ့ယောင်ဆောင်ပြီး မြို့စားကသူ့ကိုစိန်ခေါ်တဲ့အချိန်မှာ ကျွန်တော်တို့က သူ့ကိုဖမ်းလိုက်မယ်"
"ချန်ရင်"(Chen Ying) : "ကျုပ်တို့နဲ့အတူ လူတချို့ခေါ်သွားသင့်တယ်"
"ပေါက်လုံ"(Bao Long) : "စစ်သားငါးရာလောက်ဆို လုံလောက်ပြီ"
ထိုညဝယ် စစ်သူကြီးနှစ်ဦးတို့သည် "ကျောက်ယွင်"(Zhao Yun) စခန်းသို့သွားပြီး စစ်ပြေးအနေဖြင့်ရောက်လာကြောင်းပြောသည်။

"ကျောက်ယွင်"(Zhao Yun) က တဖက်လူ၏လှည့်စားမှုကိုနားလည်သော်လည်း ထိုသူနှစ်ယောက်ကိုခေါ်တွေ့သည်။ ထိုသူနှစ်ဦးမှ
"ကျောက်ဖန်(Zhao Fan) က ခင်ဗျားကို ကညာပျိုဆက်သပြီး မူးအောင်လုပ်ပြီးရင် ခင်ဗျားကိုသတ်ပြီးတော့ ချောင်ချောင်း(Cao Cao) လက်ထဲအပ်ဖို့ကြံနေတာ။ သူက အင်မတန်ကောက်ကျစ်တော့ ကျွန်တော်တို့လည်းမခံနိုင်ပဲ ခင်ဗျားဆီရောက်လာတာပါ" ဟုပြောကြသည်။
"ကျောက်ယွင်"(Zhao Yun) မှာ အင်မတန်ဝမ်းသာသွားသောပုံဖြင့် ထိုသူနှစ်ဦးအား ဧည့်ခံပြီး အရက်တို့ဖြင့်တိုက်ကျွေးသည်။ ပြီးနောက်တွင် ထိုသူနှစ်ယောက်ကိုကြိုးဖြင့်တုတ်နှောင်စေပြီး ထိုသူနှင့်အတူပါလာသော စစ်သားတို့ကိုခေါ်ကာ ဟန်ဆောင်ခြင်းလော၊ အမှန်တကယ်ပင်တပ်ပြေးလာသလောဟုမေးရာ စစ်သားတို့က အမှန်အတိုင်းပင်ပြောကြသည်။

"ကျောက်ယွင်"(Zhao Yun) က ထိုစစ်သားတို့ကို အရက်ပေးလိုက်ပြီး
"ကျုပ်ကိုရန်ပြုချင်တာက မင်းတို့ရဲ့ခေါင်းဆောင်တွေပဲ။ မင်းတို့မဟုတ်ဘူး။ ဒီတော့ ကျုပ်ပြောသလိုလုပ်နိုင်ရင် မင်းတို့ကိုဆုကြီးကြီးချီးမြှင့်မယ်" ဟုပြောသည်။ ရဲမက်တို့ကလည်း လိုက်နာပါမည်ဟု ကတိပေးကြသည်။ ပြီးနောက်တွင် စစ်သူကြီးနှစ်ဦးကိုသတ်လိုက်ပြီး စစ်သည်ငါးရာတို့ကိုရှေ့တွင် ဟန်ဆောင်ချီတက်ခိုင်းကာ နောက်တွင် မြင်းသည်တော်တစ်ထောင်လိုက်စေသည်။ မြို့နားသို့ရောက်သောအခါ စစ်သားတို့က "ကျောက်ယွင်"(Zhao Yun) ကိုသတ်ပြီးပြန်လာကြောင်း၊ မြို့စားနှင့်တွေ့လိုကြောင်းပြောလေသည်။ ထိုစစ်သားတို့ဝတ်ဆင်ထားသည်မှာလည်း မိမိတို့၏တပ်အင်္ကျီဖြစ်သောကြောင့် မြို့စားကိုသတင်းပို့ကြသည်။ မြို့စားထွက်လာသောအခါ မြို့စားကိုဖမ်းပြီး သုံ့ပန်းအဖြစ်ချုပ်နှောင်ထားသည်။ ပြီးလျှင် "ကျောက်ယွင်"(Zhao Yun) သည် မြို့တွင်းသို့ဝင်ပြီးနောက် "လျူဘေ့"(Liu Bei) ထံစာပို့လိုက်သည်။ မကြာမီပင် "လျူဘေ့"(Liu Bei) သည် သူ၏အကြံပေးနှင့်အတူ ရောက်လာသည်။

ထို့နောက် နေရာယူကြပြီးနောက် သုံ့ပန်းကိုလှေကားခြေရင်းတွင်ထားစေသည်။ "ကျူးကဲလျန့်"(Zhuge Liang) က မေးမြန်းရာ "ကျောက်ဖန်"(Zhao Fan) က လက်ထပ်ရန်ပြောသည့်အကြောင်းကိုပြောသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) က "ကျောက်ယွင်"(Zhao Yun) ဘက်လှည့်ပြီး
"ဒီအကြံကမဆိုးပါဘူး။ ဘာလို့ ငြင်းလိုက်တာလဲ" ဟုမေးသည်။
"ကျောက်ဖန်(Zhao Fan) နဲ့ကျွန်တော်နဲ့က သွေးသောက်ညီအစ်ကိုဖွဲ့တာတောင်မကြာသေးဘူး။ သူ့ခယ်မကို ကျွန်တော်ကလက်ထပ်လိုက်ရင် လူတွေက အပြစ်တင်မှာပေါ့။ ဒီဟာက ပထမအချက်ပေါ့။ နောက်တစ်ချက်က လက်ထပ်လိုက်ရင် သေဆုံးသွားတဲ့ရောက်ျားအတွက် မယားကောင်းကျင့်ဝတ်ကိုဖောက်ဖျက်ခိုင်းရာကျမယ်။ တတိယအနေနဲ့ကတော့ လက်နက်ချတာမကြာသေးတဲ့လူရဲ့တောင်းဆိုမှုကိုယုံရမလား၊ မယုံရဘူးလားမသိဘူး။ ကျွန်တော့်အတွက်နဲ့ သခင်ကြီးရဲ့အောင်မြင်မှုကိုအဆုံးရှုံးခံစရာလား"

ထိုအခါ "လျူဘေ့"(Liu Bei) မှဝင်ပြီး
"ဒါပေမယ့် အခုမြို့ကိုသိမ်းနိုင်ခဲ့ပြီး အောင်နိုင်သွားခဲ့ပြီ။ ခင်ဗျား သူ့ကိုလက်ထပ်ဦးမှာလား" ဟုမေးသည်။
"ကျွန်တော်စိုးရိမ်တာက ဂုဏ်သတင်းပါပဲ။ မိသားစုအရေးက နောက်မှလာတာပါ"
"ခင်ဗျားက အင်မတန်လေးစားထိုက်တဲ့လူပဲ"
ထို့နောက် "ကျောက်ဖန်"(Zhao Fan) ကိုလည်းလွှတ်ပေးပြီး မူလရာထူးကိုပြန်ပေးလေသည်။ "ကျောက်ယွင်"(Zhao Yun) ကိုလည်းထိုက်ထိုက်တန်တန်ဆုချသည်။

"ကျန်းဖေး"(Zhang Fei) မှာ မကျေနပ်စွာဖြင့်
"ကျောက်ယွင်(Zhao Yun) က ချီးမွမ်းမှုတွေခံရတယ်။ ကျုပ်က ဘာမှတန်ဖိုးမရှိဘူး။ ကျုပ်ကို စစ်သားသုံးထောင်ပဲပေး။ ဝူလင်ကိုသိမ်းပြီး မြို့စားကိုဖမ်းပြီးပြန်လာခဲ့မယ်" ဟုပြောသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှာ ပျော်ရွှင်စွာဖြင့်

"ခင်ဗျားကို မလွှတ်စရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် ခင်ဗျားဆီက တောင်းဆိုစရာတစ်ခုရှိတယ်" ဟုပြောသည်။

Comments

Popular posts from this blog

Lookism