My Daoist Life(2)
ကျွန်တော့်ရဲ့တာအိုဝါဒီဘဝ
(My Daoist Life)
အခန်း(၂) နိုးထလာခြင်း
ချန်တောင်ကုန်းမြို့က
ဘေးပတ်လည်မှာမြို့နယ်လေးတွေဝိုင်းနေတဲ့ မြို့ကြီးတစ်ခုပါ။ ဒါကြောင့် ဈေးတွေဖွင့်ဖို့မလိုအပ်ဘူး။
အဘိုးက ယွမ်တစ်ရာကျော်အကုန်ခံပြီး
ကျွန်တော့်အတွက် အင်္ကျီအသစ်တွေဝယ်ပေးခဲ့တယ်။ ကျွန်တော့်အဖေနဲ့အမေပို့ပေးလိုက်တဲ့ နှစ်ကူးအတွက်သုံးဖို့ပိုက်ဆံထဲက
တစ်ဝက်ကျော်လောက်ကုန်သွားခဲ့တယ်။ အဘိုးက သူကိုယ်တိုင် အလုပ်လုပ်ပြီး စုထားခဲ့တဲ့ငွေနဲ့
အသားတွေ၊ ငါးတွေဝယ်ခဲ့တယ်။ ခဏလေးစဉ်းစားပြီးနောက်မှာတော့ သူ မီးရှူးမီးပန်းတွေလည်း
သွားဝယ်လိုက်တယ်။
အဘိုးက မီးပန်းတွေကို
ကျွန်တော့်လက်ထဲထည့်လိုက်ပြီး ဝမ်းနည်းစွာနဲ့
"လူလေး၊
တခြားလူတွေက မင်းကိုလူတစ်ယောက်အနေနဲ့မဆက်ဆံရင်တောင်မှ မင်းဟာမင်းတိုးတက်အောင်လုပ်ဆောင်ရမယ်။
ကျန်းမာအောင်နေ" ဆိုပြီးပြောတယ်။
နှစ်သစ်ကူးအချိန်မှာဆိုရင်
လမ်းတွေမှာ အမြဲတမ်းလူတွေနဲ့ပြည့်နေတယ်။ ဘာလို့လည်းဆိုတော့ လူတွေက နှစ်သစ်ကူးအတွက်ပြင်ဆင်ဖို့ဈေးဝယ်ထွက်ကြလို့ပါပဲ။
လမ်းတကာမှာ လူတွေချည်းပြည့်နေတော့ ကိုယ့်ရှေ့ကလမ်းကိုတောင် ကောင်းကောင်းမမြင်နိုင်ဘူး။
လူအုပ်တွေနဲ့ပြည့်ကြပ်ညှပ်နေပြီး
ရှုပ်ထွေးဆူညံနေတဲ့လမ်းထဲကို ကျွန်တော် အဘိုးနဲ့အတူသွားခဲ့တယ်။ အဲ့လမ်းထဲကအသံတွေက ကျွန်တော့်နားထဲရောက်ရင်
တိတ်ဆိတ်သွားသလိုပဲ။ ကျွန်တော်အမြဲကိုင်ထားလေ့ရှိတဲ့သတ္တုတုံးလေးကို အဘိုးကကြိုးနဲ့ချည်ပြီး
ကျွန်တော့်လည်ပင်းမှာ ချိတ်ထားပေးတယ်။ ဒါပေမယ့် အကျင့်ဖြစ်နေတဲ့ကျွန်တော်က အဲ့သတ္တုတုံးလေးကိုပွတ်နေလေ့ရှိတယ်။
သတ္တုတုံးပေါ်မှာထွင်းထားတဲ့အရာက
ကျွန်တော့်စိတ်ထဲမှာ မှတ်မိနေခဲ့ပြီ။ ကျွန်တော်မျက်လုံးမှိတ်လိုက်ရင်တောင်မှ အဖြူအမည်းငါးက
လှည့်နေတာ၊ ဘေးပတ်လည်က အဖြူရောင်နဲ့အမည်းရောင်ငှက်တောင်မွှေးတွေ ပုံပြောင်းနေတာကိုမြင်ရတယ်။
အဘိုးက ဈေးထဲကဝယ်လာတဲ့ပစ္စည်းတွေကို ခြင်းတောင်းထဲထည့်ပြီး အဲ့ခြင်းတောင်းကိုကျောမှာလွယ်ထားတယ်။
ကျွန်တော်ကလည်း အဘိုးလက်ကို တင်းတင်းကြပ်ကြပ်ကိုင်ထားတယ်။ လမ်းပေါ်မှာရှုပ်ထွေးနေတဲ့လူတွေကြောင့်
အဘိုးအတွက် လမ်းလျှောက်ဖို့ခက်ခဲနေခဲ့တယ်။
လမ်းမှာ အဘိုးရပ်ရင်
ကျွန်တော်လည်းရပ်လိုက်တယ်၊ အဘိုးဆက်လျှောက်ရင် ကျွန်တော်လည်း ဆက်လျှောက်တယ်။ ဒီလိုနဲ့ပဲ
ကျွန်တော်တို့မြေးအဘိုးနှစ်ယောက် ရှုပ်ထွေးလှတဲ့ဈေးထဲက ထွက်လာတယ်။
အိမ်မှာ အဘိုးနဲ့ကျွန်တော်ပဲရှိတော့
နှစ်သစ်အတွက် ပြင်ဆင်မှုက အင်မတန်မှရိုးရှင်းတယ်။ မီးဖိုချောင်မှာ အသားကင်ချိတ်ထားပြီး
ဧည့်ခန်းမှာတော့ ငါးခြောက်တွေချိတ်ထားတယ်။ ဒါတွေက နှစ်ကူးပြီးရင် လူကြုံနဲ့တောင်ပိုင်းကအဖေနဲ့အမေအတွက်
ထည့်ပေးလိုက်ဖို့ပါပဲ။
နှစ်သစ်ရဲ့ပထမဆုံးရက်မှာ
သွေးဆိုတာကို မမြင်ရဘူးလို့အယူရှိတယ်။ ဒါကြောင့် ကြက်တွေ၊ ဘဲတွေ၊ ငါးတွေကို နှစ်မကူးခင်မှာကြိုသတ်ထားရတယ်။
အဘိုးက တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့တယ်။ ဒါပေမယ့် ညနေစောင်းမှာတော့ သူ ကျွန်တော့်ကိုမီးရှူးမီးပန်းလွှတ်ဖို့ခေါ်သွားတယ်။
အဘိုးက မီးရှူးမီးပန်းတွေကို
ကျွန်တော့်လက်ထဲထည့်ပြီး
"Yang
Yang ဒီကိုလာခဲ့။ ဒီမီးပန်းတွေက မြေးအတွက်ပဲ" ဆိုပြီးပြောတယ်။
ကျွန်တော်က
စက်ရုပ်လိုပဲ ဒီအတိုင်းကိုင်ထားခဲ့တယ်။ အဘိုးက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျွန်တော့်ကို
ရှိုင်ချိုင့်ဝှမ်းလွင်ပြင်နားကိုခေါ်ပြီးတော့
"ဒီကိုလာခဲ့၊
အဘိုးနဲ့အတူတူ မီးရှူးမီးပန်းလွှတ်မယ်" ဆိုပြီးပြောတယ်။
အဘိုးက ကျွန်တော့်လက်ကိုကိုင်ပြီး
မီးပန်းကိုမီးညှိလိုက်ပြီးနောက် လက်ကိုမြှောက်ထားစေလိုက်တယ်။
(ဖောက်!)
မီးပန်းက
အပေါ်မြှောက်တက်သွားပြီး ပေါက်ကွဲသွားပြီးနောက် အရောင်ငါးမျိုးပေါ်လာတယ်။
"ဟိုမှာကြည့်၊
အရမ်းလှတယ်"
ကျွန်တော့်စိတ်ထဲမှာလည်း
ကျယ်လောင်တဲ့အသံကြီးမြည်ဟီးသွားပြီး ရုတ်တရတ် ပြန်သတိရလာသလိုခံစားလိုက်တယ်။
"အဘိုး"
"ဟေ၊
ဟင်??"
အဘိုးက ဓာတ်လိုက်သွားတဲ့ပုံမျိုးနဲ့
ကျွန်တော့်ကို တအံ့တဩကြည့်နေခဲ့တယ်။
အဘိုးက ကျွန်တော့်လက်မောင်းကိုတင်းတင်းဆုတ်ကိုင်ပြီးတော့
"မင်း....မင်း
နောက်တစ်ခါ ထပ်ပြောကြည့်စမ်း" ဆိုပြီးပြောတယ်။
ကျွန်တော်က
"အဘိုး"
ဆိုပြီး ထပ်ခေါ်လိုက်တယ်။ ကျွန်တော့်မျက်လုံးက ပြန်ပြီးကြည်လင်နေခဲ့ပြီ၊ သာမန်ကလေးလိုမျိုး
ဉာဏ်ရည်ပြန်ရှိလာခဲ့ပြီ။
အဘိုးက ကျွန်တော့်ကို
တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြီးတော့
"လိမ္မာလိုက်တဲ့မြေးလေး၊
ငါ့ရဲ့လိမ္မာတဲ့မြေးလေး" ဆိုပြီး ပြောရင်း သူ့မျက်လုံးကမျက်ရည်တွေကျလာခဲ့တယ်။
"အဘိုး၊
ကျွန်တော်ကောင်းသွားပါပြီ"
နှစ်နှစ်ကျော်ကြာအောင်
စကားမပြောခဲ့တဲ့ကျွန်တော်က စကားကို အစီအစဉ်တကျမပြောနိုင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်ပြောလိုက်တဲ့ဒီစကားတွေက
ကျွန်တော့်အသက်အရွယ်ကလေးတွေပြောတဲ့စကားနဲ့စာရင် ပိုပြီးလေးနက်မှုရှိတယ်။
အဘိုးက ကျွန်တော့်ကိုခေါ်ပြီး
ဧည့်ခန်းထဲက ဘိုးဘေးတွေရဲ့ကမ္ပည်းတိုင်ရှေ့သွားပြီးတော့ ဒူးထောက်ရှိခိုးပြီး
"ဘိုးဘေးတွေရဲ့
စောင်မမှုကိုကျေးဇူးတင်ပါတယ်။ ဘိုးဘေးဘီဘင်တွေ ကူညီစောင်မပေးတာကိုကျေးဇူးတင်ပါတယ်"
ဆိုပြီး ဆိုနေခဲ့တယ်။
ကျွန်တော်စကားမပြောနိုင်ခဲ့တဲ့ဒီနှစ်နှစ်အတွင်းမှာ
တာအိုအမှန်တရားတွေကိုနားလည်ခဲ့တယ်။ တိုက်ခတ်နေတဲ့လေတွေ၊ ဟိုဟိုသည်သည်ယိုင်နေတဲ့မြက်ပင်တွေကိုကြည့်တာနဲ့
ရာသီဥတုနေသာမလား၊ မိုးရွာမလားဆိုတာ ကျွန်တော်ခန့်မှန်းနိုင်တယ်။ အိပ်နေတဲ့အချိန်ပဲဖြစ်ဖြစ်၊
နိုးနေတဲ့အချိန်ပဲဖြစ်ဖြစ်၊ မတ်တပ်ရပ်နေတာပဲဖြစ်ဖြစ်၊ ထိုင်နေတာပဲဖြစ်ဖြစ်၊ လမ်းပဲလျှောက်နေနေ၊
မလျှောက်ပဲနေနေ အမြဲတည်ရှိနေတဲ့ 'ကနဦး ချိ' ကို ကျွန်တော်ခံစားလို့ရတယ်။ အဲ့ 'ကနဦး
ချိ' က ကျွန်တော့်ကိုယ်ရဲ့စုပ်ယူမှုကိုခံရပြီး ကျောက်ကပ်ကနေပြန်ထွက်သွားတယ်။
ဒါက ဟိုးမြေကြီးထဲမှာဖုန်မှုန့်ဖြစ်နေတဲ့ဘိုးဘေးတွေနဲ့ဘာမှမဆိုင်ပါဘူး။
တကယ်တော့ အဲ့အချိန်အတွင်းမှာ အပင်ပန်း၊ အထုထောင်းဒဏ်အခံခဲ့ရဆုံးက အဘိုးပါပဲ။ အဘိုးရဲ့စောင့်ရှောက်မှုကြောင့်သာမဟုတ်ရင်
ကျွန်တော် အဲ့သတ္တုတုံးရဲ့လောကထဲမှာ ပျောက်ကွယ်သွားခဲ့မှာ......
အဲ့သတ္တုတုံးက
မီးတောက်လေးလိုပဲ ကျွန်တော့်ကိုယ်ထဲက တာအိုမီးကိုထွန်းညှိပေးခဲ့တယ်။ ဒီသတ္တုတုံးလေးက
ကျွန်တော် တာအိုလမ်းစဉ်လေ့ကျင့်မှုနယ်ပယ်ထဲရောက်စေခဲ့တဲ့သော့ချက်လို့ ပြောရင်ပိုသင့်တော်မယ်ထင်ပါရဲ့။
အဲ့သတ္တုတုံးက ကြေးနီနဲ့လုပ်ထားပြီးတော့ ယင်းရန်သင်္ကေတရှစ်မျိုးထွင်းထားတယ်။
ဒါ ကျွန်တော့်အတွက်ကတော့ အင်မတန်အဖိုးထိုက်တန်တဲ့ရတနာပါပဲ။
တာအိုအမှန်တရားကိုသိခဲ့တဲ့အချိန်က
ဒီထဲမှာဝိညာဉ်ကျန်ထင်သွားလို့ ဒီကြေးနီတုံးလေးဟာ သာမန်ကြေးနီတွေနဲ့မတူ၊ တမူထူးခြားခဲ့တယ်။
သူ့မှာ 'ရတနာအလင်းရောင်' ရှိနေပြီး သာမန်သတ္တုတွေလိုမဟုတ်တော့ပဲ မြေကြီးထဲမှာ နှစ်တစ်ရာလောက်ထားရင်တောင်
သံချေးမတက်နိုင်တော့ပါဘူး။
"ကောင်းတယ်၊
ကောင်းတယ်။ Yang Yang...အဘိုး ငါ့မြေးကိုကောင်းကောင်းကြည့်ရမယ်"
ပြောရင်းဆိုရင်းနဲ့
အဘိုးက ကျွန်တော့်ကို ဆွဲမလိုက်တယ်။ ဒါပေမယ့် အဘိုးရဲ့ခြေထောက်က တုန်နေတာ ကျွန်တော်သတိထားမိတယ်။
အဘိုးက သူငယ်ငယ်က တအားပင်ပန်းခဲ့တယ်လေ။ နှင်းတွေ၊ ရေခဲတွေကြားမှာ မီးရထားသံလမ်းဆောက်လုပ်ခဲ့ရတော့
ခြေထောက်က အအေးကိုက်တဲ့ဒဏ်ခံခဲ့ရတယ်။ ရာသီဥတုအပြောင်းအလဲတိုင်းမှာ အဘိုး ခြေထောက်က
အမြဲတမ်းကိုက်ခဲဒဏ်ခံခဲ့ရတယ်။
အဘိုးရဲ့နာကျင်မှုကိုမြင်တော့
ကျွန်တော့်စိတ်ထဲမကောင်းဘူး။
"အဘိုး
ခြေထောက်က နောက်ထပ်နာနေပြန်ပြီလား?"
"နောက်ထပ်?"
ကျွန်တော်
'နောက်ထပ်'ဆိုတဲ့စာလုံးသုံးလိုက်တာကို အဘိုးမမျှော်လင့်ထားပုံပဲ။ လွန်ခဲ့တဲ့နှစ်နှစ်
ကျွန်တော် ဉာဏ်ထိုင်းသွားတုန်းက ငါးနှစ်သားပဲရှိသေးတာကိုး။ အဲ့လောက်အရွယ်ပဲရှိတဲ့ကလေးက
အဘိုးရောဂါအကြောင်း မှတ်မိနိုင်ပါ့မလား?
ကျွန်တော်
အဲ့ဒါနဲ့ပတ်သတ်ပြီး ဘာမှမရှင်းပြလိုက်ဘူး။ ဒါကလွယ်လွယ်နဲ့ရှင်းပြလို့လည်းမရဘူး။
"အဘိုး၊
ကျွန်တော် ခြေထောက်ရေနွေးစိမ်ဖို့ ရေပူသွားယူလိုက်မယ်"
ကျွန်တော်
အဘိုးကို အရင်ထိုင်ခိုင်းပြီးတော့ သစ်သားဇလုံနဲ့ရေပူယူလာတယ်၊ အဲ့နောက်မှာတော့ အဘိုးရဲ့ဖိနပ်နဲ့ခြေအိတ်ကိုချွတ်ပြီး
ရေပူထဲစိမ်ပေးလိုက်တယ်။
ကျွန်တော်က
အားတက်သရောနဲ့
"အဘိုးခြေထောက်ကို
ကျွန်တော်ဆေးပေးမယ်။ ဒီနေ့ကစပြီး အသက်အရွယ်ကြီးတဲ့အဘိုးကို ကျွန်တော်ပြုစုမယ်"
ဆိုပြီးပြောလိုက်တယ်။ ဘယ်လောက်ပဲအားတက်သရောပြောသည်ဖြစ်စေ၊ ခုနစ်နှစ်အရွယ်ကလေးမှာတော့
ကလေးဆန်မှုဆိုတာရှိမှာပဲ။
ဒါပေမယ့်
ကျွန်တော်အဲ့လိုပြောတာကြားတော့ အဘိုးက ဝမ်းသာလုံးဆို့သွားပြီး မျက်ရည်တဝဲဝဲနဲ့
"အေး၊
အေး၊ ငါ့မြေး Yang Yang က သိတတ်တယ်" ဆိုပြီးပြန်ပြောတယ်။
ကျွန်တော်က
အဘိုးခြေထောက်ကို လက်တစ်ဖက်နဲ့ဆေးပေးနေရင်း နောက်လက်တစ်ဖက်က 'ကနဦး ချိ' ကိုသုံးပြီးတော့
အဘိုးရဲ့ကိုက်ခဲတဲ့ဒဏ်ရာတွေကိုနှိပ်ပေးလိုက်တယ်။
"အင်း၊
သက်တောင့်သက်သာရှိတယ်"
အဘိုးက သူ့ခြေထောက်သက်သာလာတာကို
သတိမထားမိပေမယ့်လည်း သူ့စိတ်ထဲမှာတော့ နေလို့ထိုင်လို့ကောင်းတယ်လို့ ခံစားနေရတယ်။
၁၉၉၉ ခုနှစ် ယုန်နှစ်၊ အဲ့နှစ်ဟာ ကျွန်တော့်အတွက် ဘဝအသစ်စတင်တဲ့နှစ်လို့ဆိုနိုင်တယ်။
ဒါပေမယ့်
ရွာသားတွေရဲ့မျက်လုံးထဲမှာတော့ ကျွန်တော်က ထူးခြားတဲ့လူတစ်ယောက်ပါပဲ။ ရွာထဲက ကလေးတွေက
ကျွန်တော့်နား မကပ်ရဲကြဘူး။ ကျွန်တော့်အနေနဲ့ပြောရရင်တော့ ကျွန်တော် ဒီကလေးတွေရဲ့လောကထဲက
ထွက်ခဲ့တာကြာခဲ့ပြီ။ ကျွန်တော် စကားလည်းသိပ်မပြောသလို သိပ်လည်းမပြုံးခဲ့ဘူး။
ကျွန်တော်
စကားပြန်ပြောနိုင်ပြီဆိုတာ အဖေနဲ့အမေသိခဲ့ပေမယ့်လည်း သူတို့ဆီက ဘာသံမှမကြားရဘူး။ ကြည့်ရတာတော့
သူတို့ ကျွန်တော့်ကို စွန့်လွှတ်လိုက်ပုံပဲ။
ဟုတ်ပါတယ်၊
တခြားကလေးတွေနဲ့စာရင် ကျွန်တော့်မှာ မတူညီတာတွေ အများကြီးရှိတယ်။ ကျွန်တော့်မိသားစုမှာ
ကျွန်တော့်ညီလေးကိုပါထည့်တွက်လိုက်မယ်ဆိုရင် စုစုပေါင်း ခြောက်ယောက်ရှိတယ်။ အဲ့တော့
ကျွန်တော်တို့မှာ ငါးဧကကျော်တဲ့ လူငါးယောက်စာလယ်ကွက်ကြီးရှိတယ်။ အဘိုးက နွားဝါကြီးတစ်ကောင်မွေးထားတယ်။
အခု ကျွန်တော့်အခြေအနေကကောင်းလာခဲ့ပြီဆိုတော့ နွားကိုစားကျက်ထဲလွှတ်ဖို့တာဝန်က ကျွန်တော့်ခေါင်းပေါ်ကျလာခဲ့တယ်။
ရွာကကလေးတွေက
ကျွန်တော်နဲ့မပေါင်းဘူးဆိုတော့ သူတို့က ကျွန်တော့်ကိုသူတို့နွားတွေနဲ့အတူ နွားကျောင်းဖို့
ဘယ်ခေါ်ပါ့မလဲ။ ကျွန်တော်လည်း တောတောင်ထဲအထိမသွားချင်ပါဘူး၊ လယ်ကွက်တွေကြားက ကုန်းမြင့်တွေမှာပေါက်နေတဲ့မြက်တွေက
လတ်ဆတ်ပြီးနူးညံ့တယ်။ ဒါပေမယ့် အဲ့နားမှာနွားပေးမကျောင်းခိုင်းဘူး၊ ဘာလို့လည်းဆိုတော့
လယ်ထဲက ကောက်ပဲသီးနှံတွေကိုစားလိုက်မှာစိုးလို့။ ဒါပေမယ့် တောင်ပေါ်အထိသွားတာက အဲ့နားကတောင်ကုန်းတွေသွားတာထက်
အလုပ်ရှုပ်တယ်လေ။
ဒါပေမယ့်
ကျွန်တော့်မှာ နည်းလမ်းကောင်းတစ်ခုရှိတယ်။ ကျွန်တော် 'ကနဦး ချိ' ကိုသုံးပြီး နွားရဲ့ခေါင်းကိုပုတ်ပြီးတော့
"မြက်ပဲစားခွင့်ပြုမယ်"
လို့အော်လိုက်တယ်။
တကယ်တော့
ကျွန်တော် နွားတွေကိုဘယ်လိုထိန်းကျောင်းရမယ်ဆိုတာ မသိပါဘူး။ ဒါပေမယ့်လည်း အဲ့လိုပုတ်တာက
အလုပ်ဖြစ်သွားတယ်။ နွားမှာသိုင်းထားတဲ့ကြိုးကို နွားချိုမှာပဲပတ်ချည်လိုက်ပြီးတော့
နွားကိုလွှတ်ပြီး ကျွန်တော်ကလမ်းဘေးကကျောက်တုံးပေါ်မှာ ထိုင်ပြီးဟိုငေးဒီငေး ငေးနေခဲ့တယ်။
နွားကိုဒီအတိုင်းလွှတ်ထားတာမြင်တဲ့ရွာသားတစ်ယောက်က
အလောတကြီးနဲ့ရောက်လာပြီး
"Yang
Yang ၊ မင်း ရူးချင်ယောင်ဆောင်နေတာလား? အကယ်၍ ငါတို့လယ်ကွက်က သီးနှံတွေအစားခံရရင် မင်းတို့အိမ်မှာအလျော်လာတောင်းမယ်"
ဆိုပြီးပြောတယ်။ ကျွန်တော်လည်း သူနဲ့ပြိုင်ပြီး ငြင်းမနေဘူး။ ဘယ်သူမှလည်း ကျွန်တော့်ဆီကိုလာပြီး
ဘာဖြစ်တာလဲလို့မမေးရဲကြဘူး။
အဲ့လူက သူ့လယ်ကွက်ထဲပြန်သွားတော့
နွားက လယ်ထဲက သီးနှံတစ်စေ့လေးတောင်မစားပဲ လိမ်လိမ်မာမာနဲ့မြက်စားနေတာ တွေ့ရတယ်။ အဲ့အကြောင်း
ရွာထဲပြန့်သွားတော့ ကျွန်တော်ကျိန်စာတိုက်ခံရတယ်ဆိုတာကို ရွာသားတွေပိုယုံသွားကြတယ်။
မဟုတ်ရင် ဒီလိုထူးဆန်းထွေလာဖြစ်စဉ် ဘယ်ဖြစ်နိုင်ပါ့မလဲ?
လူတွေက ကျွန်တော်ကျိန်စာတိုက်ခံရတယ်ဆိုပြီးပြောတာကို
အဘိုးကြားရင် တအားစိတ်ဆိုးပြီး ရွာသားတွေကို ခဏခဏဆူတတ်တယ်။ အဲ့ဒါနဲ့နောက်ပိုင်းမှာတော့
ရွာသားတွေက အဲ့အကြောင်းကိုကျွန်တော့်ရှေ့မှာ မပြောကြတော့ဘူး။ ဒါပေမယ့်လည်း လူတွေတိတ်တိတ်လေးပြောတာကိုတော့
ဘယ်သူတားနိုင်မှာမို့လဲ? ရွာက ကလေးတွေကတော့ ကျွန်တော်နဲ့ မကစားရဲကြဘူး။အဲ့နှစ် နှစ်ဝက်လောက်မှာတော့
ကျွန်တော် ကျောင်းတက်ဖို့အချိန်ရောက်လာခဲ့တယ်။ ၁၉၉၉ ခုနှစ်မှာ ကျွန်တော် ခုနစ်နှစ်ပြည့်ခဲ့ပြီ။
တာအိုလေ့ကျင့်မှုကြောင့် နှောင့်နှေးမသွားခဲ့ရင် ကျွန်တော် ၁၉၉၇ ခုနှစ်ကတည်းက မူကြိုတက်ပြီး
၉၈ ဆို မူလတန်းသွားခဲ့ရမှာ။ ဒါပေမယ့်လည်း ကျွန်တော် အချိန်မှီနိုးထသွားတော့ တော်သေးတာပေါ့၊
နို့မို့ဆို မူလတန်းတက်ဖို့ကို ရာစုနှစ်တစ်ခုထပ်စောင့်ရမှာ.....
ကျွန်တော်
မူလတန်းတက်မယ့်ကိစ္စနဲ့ပတ်သတ်ပြီး အဖေနဲ့အမေက ဂရုစိုက်ပုံတောင်မပေါ်ပါဘူး၊ ပိုက်ဆံလည်းမပို့ပေးခဲ့ဘူး။
အဘိုးကတော့ ကျွန်တော့်အဖေ၊ အမေအပေါ် စိတ်လျှော့လိုက်ပြီ။ အဘွားသာ ကျွန်တော့်ညီလေးကိုစောင့်ရှောက်နေတာမဟုတ်ဘူးဆိုရင်
အဘိုးက အဘွားကို 'ရှစ်ထောင့်ရွာ' ကိုချက်ချင်းပြန်လာခိုင်းလိမ့်မယ်ထင်တယ်။
ကျောင်းသွားရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး
တခြားကလေးတွေနဲ့စာလျဉ်း ကျွန်တော်သိပ်ဂရုမစိုက်ပါဘူး။ အမြင့်ကိုရောက်လေ၊ အဝေးကိုပိုမြင်နိုင်လေပဲ။
လောကကြီးရဲ့နက်နဲရှုပ်ထွေးမှုတွေက အဆုံးအစမရှိဘူး၊ အလွယ်တကူနဲ့သဘောမပေါက်နိုင်ဘူး။ အဲ့ဒါကို
ဘယ်အရာကများယှဉ်နိုင်လို့လဲ? ကျွန်တော်နိုးထလာခဲ့ပေမယ့်လည်း ဘဝကလုံးဝပြောင်းလဲသွားခဲ့ပြီ။
ကျောင်းအပ်ရမယ့်နေ့မှာ
အဘိုးကကျွန်တော့်ကို ကိုယ်တိုင်လိုက်ပို့တယ်။ အပြင်ထွက်ခါနီးမှာ ကျွန်တော်ကောင်းကင်ကြီးကိုကြည့်ပြီးနောက်
အိမ်ထဲပြန်ပြေးဝင်ပြီးထီးယူလိုက်တယ်။ အဘိုးက ကျွန်တော်ထီးယူတာကို နားမလည်နိုင်ပဲ
"Yang
Yang ၊ အပြင်မှာနေသာနေတာ ဘာလို့ထီးယူတာလဲ? နေရောင်ဒဏ်ခံရမှာစိုးလို့လား" ဆိုပြီးမေးတယ်။
ကျွန်တော်က
ဘာမှမရှင်းပြပဲ ထီးကိုပဲကိုင်ထားပြီးတော့
"မကြာခင်
အသုံးဝင်ပါလိမ့်မယ်" ဆိုပြီးပြန်ဖြေလိုက်တယ်။
ရွာထဲကဖက်တီး
Huang Shulang က ကျွန်တော်ထီးကိုင်ထားတာမြင်တော့
"ဟိုမှာကြည့်စမ်း။
အဲ့ငတုံးက ဒီလောက်နေသာနေတာ ထီးကိုင်ထားတယ်" ဆိုပြီး အော်ပြီးပြောတယ်။
ဖက်တီးရဲ့အဖေ
Huang Kui က ရွာထဲကသားသတ်သမားပါ။ ရွာထဲမှာ ဝက်သတ်ချင်ရင် သူ့ဆီလာအပ်ကြရတယ်။ သူတို့အိမ်က
အမြဲအသားဟင်းစားရပြီး Huang Shulang က အသားစားရတာ အင်မတန်ကြိုက်တယ်။ အဲ့လိုစားလို့လည်း
နောက်ဆုံးမှာ ဖက်တီးဖြစ်လာတာပေါ့။ ရွာသားတွေပြောကြတာကတော့
'အိမ်မှာဝက်သတ်ပြီး
အိမ်ပေါ်မှာတော့ ဝက်တစ်ကောင်မွေးထားတယ်' တဲ့။
အဘိုးက
Huang Shulang ပြောတာကြားတော့ မျက်မှောင်ကြုတ်ပြီး
"Huang
Shu Lang ၊ ကျောင်းမှာ မင်းကအမြဲဘဲဥကိုက်တယ်မဟုတ်လား။ ကြည့်ရတာ မင်းစားတဲ့အသားတွေက
ဦးနှောက်ဆီမရောက်ပဲ အဆီပဲဖြစ်သွားပုံရတယ်" ဆိုပြီးပြောလိုက်တယ်။
Huang
Shu Lang က ကျွန်တော့်အဘိုးကိုမကြောက်ပဲနဲ့
"ကျွန်တော်
စာမေးပွဲကျသွားတော့ တစ်နှစ်အောက်သွားပြီး Yang Yang နဲ့တစ်တန်းတည်းတက်ရလိမ့်မယ်။ ဒါပေမယ့်
သေချာကြည့်ထားပါ၊ ခင်ဗျားမိသားစုက Yang Yang က အတန်းထဲမှာ နောက်ဆုံးကရေရင် ပထမရလိမ့်မယ်"
ဆိုပြီးပြန်ပြောတယ်။
အဘိုးကရယ်ပြီး
"Huang
Shulang.....မင်းအိပ်ယာကမနိုးသေးဘူးထင်တယ်" ဆိုပြီးပြောတယ်။
ကျောင်းကဆရာတွေက
ကျွန်တော့် နာမည်ကျော်ကြားမှုအကြောင်းကိုအကုန်သိကြတယ်။ ကျောင်းမှာ ပထမတန်းက တစ်ခန်းပဲရှိတယ်။
ဆရာမ Guo Daoying က ကျွန်တော့်ကိုလက်မခံချင်ပေမယ့်လည်း အသက်ပြည့်နေတော့ မလွဲသာမရှောင်သာနဲ့လက်ခံလိုက်ရတယ်။
ဒါပေမယ့် သူ့မျက်နှာကြည့်တာနဲ့ ကျွန်တော့်ကိုကျောင်းသားအဖြစ်လက်မခံချင်တာ သိသာတယ်။
Patriarch [Sloth]
Comments