သုံးနိုင်ငံခေတ် (၇၃)

အခန်း (၇၃) "လျူဘေ့"(Liu Bei) သည် ဟန်ကျုံးမင်းသားဖြစ်လာခြင်း။
"ကွမ်းယွီ"(Guan Yu) သည် ရှန်းရန်ကိုတိုက်ခြင်း။

"ချောင်ချောင်း"(Cao Cao) သည် ရှဲ့တောင်ကြားသို့တပ်ဆုတ်သွားသောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် ဟန်ကျုံးကိုသိမ်းရန်ပြုသည်။ ထို့ကြောင့် "ချောင်ချောင်း"(Cao Cao) အလျင်အမြန်တပ်ဆုတ်သွားရန်အလို့ငှာ "မာချောင်း"(Ma Chao) ကိုလွှတ်ပြီး နှောင့်ယှက်စေသည်။ ထို့အပြင် "ချောင်ချောင်း"(Cao Cao) က ဒဏ်ရာရနေသောကြောင့် အလျင်အမြန်ချီတက်လေသည်။ ဝေတပ်မှာ ရန်သူတို့ဘေးနှစ်ဖက်မှတိုက်ခိုက်မှုကိုခံရသည့်အပြင် "မာချောင်း"(Ma Chao) ၏တပ်ကလည်းတိုက်သောကြောင့် တိုက်ခိုက်ရန် သတ္တိမရှိတော့ပဲ နေ့ရောညပါ မနားမနေဖြင့်ဆက်လက်ချီတက်လေ၏။ ကျင်းကျောက်သို့ရောက်သောအခါမှ အနားရလေသည်။

ဟန်ကျုံးကိုအောင်နိုင်ပြီးနောက် "လျူဘေ့"(Liu Bei) သည် "လျူဖုန်း"(Liu Feng) ၊ "မုန့်တာ"(Meng Da) နှင့် "ဝမ်ဖင်"(Wang Ping) တို့ကိုလွှတ်ပြီး ရှန်ယုံကိုသိမ်းစေသည်။ ထိုမြို့၏စစ်သူကြီး "ရှန်တန်"(Shen Dan) နှင့်အပေါင်းအပါတို့သည် "ချောင်ချောင်း"(Cao Cao) တပ်ဆုတ်သွားကြောင်းသိသဖြင့် အသာတကြည်လက်နက်ချခဲ့လေသည်။ ထို့နောက်  "လျူဘေ့"(Liu Bei) သည် သူ၏တပ်ဖွဲ့တို့ကို ဆုလာဘ်များစွာပေးခဲ့သည်။
အမှုထမ်းတို့က "လျူဘေ့"(Liu Bei) ကို 'ဧကရာဇ်' အဖြစ်နန်းတက်ရန် တိုက်တွန်းလိုသော်လည်း မပြောရဲသဖြင့် "ကျူးကဲလျန့်"(Zhuge Liang) ထံသို့ အသနားခံစာတင်ကြသည်။
"ကျုပ် ဒီကိစ္စကိုဆုံးဖြတ်ထားပြီးပြီ"
ထို့ကြောင့် "ကျူးကဲလျန့်"(Zhuge Liang) နှင့် "ဖာကျန့်"(Fa Zheng) တို့သည် အမှုထမ်းတို့ကိုဦးဆောင်ကာ သူတို့၏သခင်ထံသွားသည်။

"အခုလက်ရှိမှာ ချောင်ချောင်း(Cao Cao) က အာဏာကိုဆုတ်ကိုင်ထားတဲ့အတွက် လူတွေမှာဦးဆောင်မယ့်သူမရှိဘူး။ သခင်ကြီးရဲ့ကြင်နာမှုနဲ့တရားမျှတမှုဟာ တစ်နိုင်ငံလုံးမှာ ကျော်ကြားတယ်။ ဒါ့အပြင် မြစ်ကြောင်းနယ်ပယ်ကြီးနှစ်ခုကို ငြိမ်းချမ်းအောင်လုပ်ဆောင်ခဲ့တဲ့အတွက် ဒါဟာ ဧကရာဇ်အဖြစ်ခံယူတာဟာ ကောင်းကင်ကြီးရဲ့ဆန္ဒဖြစ်ပြီး လူအပေါင်းတို့ရဲ့တောင့်တမှုဖြစ်တယ်။ ဒါကြောင့် ကောင်းမွန်တဲ့ရက်တစ်ရက်ကိုရွေးချယ်ပြီး နန်းတက်သင့်ပါတယ်"
"လျူဘေ့"(Liu Bei) မှာအံ့ဩသွားလေ၏။
"အို၊ အတိုင်ပင်ခံ ပြောတာမှားနေတယ်။ ကျုပ်က မင်းဆွေမင်းမျိုးဆိုပေမယ့် ဒီတိုင်းပြည်ကြီးရဲ့အမှုထမ်းလည်းဖြစ်တယ်။ ဒီလိုလုပ်တာဟာ ဟန်တိုင်းပြည်ကိုပုန်ကန်တာပဲ"
"မဟုတ်ပါဘူး။ လက်ရှိမှာ နိုင်ငံက အစိတ်စိတ်အမွှာမွှာကွဲနေပြီး အရည်အချင်းရှိသူတွေက နယ်ပယ်ကိုယ်စီကို အုပ်ချုပ်တယ်။ ထက်မြက်ပြီး မွန်မြတ်တဲ့အမှုထမ်းတွေဟာလည်း စစ်မှန်တဲ့ဧကရာဇ်လက်အောက်မှာပဲ သွေးချွေးတွေကိုရင်းပြီး အမှုထမ်းလိုကြတယ်။ သခင်ကြီးက ဒီလိုပဲဆက်ပြီး နှိမ့်ချနေမယ်ဆိုရင် လူအပေါင်းတို့ရဲ့ထောက်ခံမှုလျော့နည်းသွားလိမ့်မယ်။ ဒါကြောင့် ဒါကိုစဉ်းစားပေးဖို့တောင်းဆိုပါတယ်"
"ဒါပေမယ့် တိုင်းပြည်ကိုသစ္စာဖောက်တဲ့အလုပ်ကို ကျုပ်မလုပ်နိုင်ဘူး။ ဒီကိစ္စကိုနောက်ရွှေ့ပြီး ထပ်ဆွေးနွေးတိုင်ပင်ပါဦး"
"သခင်ကြီးက ဒါကိုငြင်းရင် လူတွေရဲ့နှလုံးသားက သခင်ကြီးနဲ့အတူရှိမှာမဟုတ်ဘူး"
"သခင်ကြီးက ဒီဖြောင့်မတ်တဲ့လမ်းကို တစ်သက်လုံးလိုက်ခဲ့တယ်။ ဧကရာဇ်အရာကိုလုံးဝဆန့်ကျင်တယ်ဆိုရင်လည်း လက်ရှိမှာ ကျင်ကျိုး၊ယီကျိုးနဲ့ ဟန်ကျုံးတို့ကိုပိုင်ဆိုင်တဲ့အတွက် ဟန်ကျုံးမင်းသားဆိုတဲ့ဘွဲ့ကို ယာယီယူထားသင့်ပါတယ်"

"အမှုထမ်းတို့၊ ခင်ဗျားတို့က ကျုပ်ကို မင်းသားရာထူးယူခိုင်းပေမယ့်လည်း ဒါက ဧကရာဇ်ရဲ့ခွင့်ပြုတဲ့အမိန့်တော်လက်ခံမှဖြစ်တယ်။ အဲ့လိုမှမဟုတ်ရင် ပုန်ကန်တာနဲ့မခြားဘူး"
"အခြေအနေအရ ဒီလိုရာထူးမျိုးကိုလိုအပ်နေတဲ့အတွက် စည်းမျဉ်းတွေ၊ လုပ်ရိုးလုပ်စဉ်တွေကိုဥပေက္ခာပြုသင့်တယ်"
"ကျန်းဖေး"(Zhang Fei) မှ
"လူတွေအကုန်လုံးက သူတို့ဟာသူတို့ အုပ်ချုပ်သူရာထူးတွေခံယူနေကြတာ။ မင်းဆွေမင်းမျိုးဖြစ်တဲ့အစ်ကိုကြီးက မင်းသားရာထူးတောင်မဟုတ်ပဲ ဧကရာဇ်အရိုက်အရာကိုခံယူသင့်တာ။ ဘာလို့တွေဝေနေရတာလဲ"
"ငါ့ညီ၊ ဆက်မပြောနဲ့တော့"
"ကျူးကဲလျန့်"(Zhuge Liang) မှ
"သခင်ကြီး၊ အခုလက်ရှိမှာ တိုင်းရေးပြည်ရေးအခြေအနေအပေါ်မူတည်ပြီး သင့်တော်သလိုပြုမူသင့်တယ်။ ဒါကြောင့် မင်းသားရာထူးကိုအရင်ယူပြီး ဧကရာဇ်ထံအကြောင်းကြားပါ"

"လျူဘေ့"(Liu Bei) သည် နှစ်ကြိမ်၊သုံးကြိမ်ခန့်ငြင်းပယ်ပြီး နောက်ဆုံးတွင်လက်ခံလိုက်လေ၏။ ကျန်းအန်းနှစ် နှစ်ဆယ့်လေးနှစ်မြောက်(အေဒီ ၂၁၉) ခုနစ်လပိုင်း၌ မျန်ရန်တွင် ပြင်ဆင်မှုများပြုလုပ်ကာ အလံ၊ တံဆိပ်အဆောင်အယောင်တို့ကိုလွင့်ထူထားစေသည်။ ပြည်ထဲရေးနှင့်စစ်မှုရေးရာအမှုထမ်းတို့သည် ရာထူးအလိုက်နေရာယူထားကြသည်။ ဝန်ကြီးနှစ်ဦးဖြစ်သော "ရွှီကျင်း"(Xu Jing) နှင့် "ဖာကျန့်"(Fa Zheng) တို့၏တောင်းဆိုမှုဖြင့် "လျူဘေ့"(Liu Bei) သည် ခေါင်းဆောင်းနှင့် မင်းသားအရိုက်အရာကိုလက်ခံခဲ့လေသည်။ ထို့နောက် တောင်ဘက်ကိုမျက်နှာမူကာ နေရာယူပြီး အမှုထမ်းတို့၏အရိုအသေပြုခြင်းကိုလက်ခံခဲ့လေသည်။ ပြီးနောက်ဝယ် သားဖြစ်သူ "လျူရှန်"(Liu Shan) ကို အရိုက်အရာဆက်ခံမည့်သူအဖြစ် လျာထားခဲ့သည်။
"ရွှီကျင်း"(Xu Jing) ကို နန်းတော်စောင့်ရာထူးပေးပြီး "ဖာကျန့်"(Fa Zheng) ကို အတွင်းဝန်အဖြစ်တာဝန်ထမ်းစေသည်။ "ကျူးကဲလျန့်"(Zhuge Liang) ကို တပ်ဖွဲ့အားလုံးတို့ကိုကြီးကဲသည့် အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် နယ်ပယ်ကိုအုပ်ချုပ်သည့်အာဏာကိုပါ ပေးခဲ့လေ၏။ "ကွမ်းယွီ"(Guan Yu) ၊  "ကျန်းဖေး"(Zhang Fei) ၊ "ကျောက်ယွင်"(Zhao Yun) ၊ "ဟွမ်ကျုံး"(Huang Zhong) နှင့် "မာချောင်း"(Ma Chao) တို့ကို ကျားစစ်သူကြီးဟူသောဘွဲ့ကိုပေးခဲ့သည်။ "ဝေရန်"(Wei Yan) ကို ဟန်ကျုံးမြို့စားအဖြစ် ချီးမြှင့်ပြီး အခြားသူတို့ကိုလည်း ရာထူးအသီးသီးပေးခဲ့သည်။

ထို့နောက် မြို့တော် ရွှီချန်သို့ သဝဏ်လွှာပို့ခဲ့သည်။ ထိုစာမှာအောက်ပါအတိုင်းဖြစ်သည်။
'ကျွန်တော်မျိုး လျူဘေ့(Liu Bei) ဟာ သာမန်အရည်အချင်းသာရှိခဲ့ပေမယ့် ကြီးမြင့်တဲ့ရာထူးရပြီး တပ်ဖွဲ့တွေကိုဦးဆောင်ခဲ့ရတယ်။ သူပုန်တွေကိုနှိမ်နှင်းဖို့အမိန့်တော်လက်ခံရရှိပေမယ့်လည်း သူပုန်အလုံးစုံကိုမနှိမ်နှင်းနိုင်သေးပဲ အရှင်မင်းကြီးအတွက် တိုင်းပြည်ကိုငြိမ်းချမ်းအောင် မရွက်ဆောင်နိုင်ခဲ့ဘူး။ ဒီလိုငြိမ်းချမ်းအောင် လုပ်ဆောင်တာကပဲ ကြန့်ကြာနေခဲ့တယ်။ လောကကြီးကရှုပ်ထွေးပွေလီတာကို အကြိမ်ကြိမ်အဖန်ဖန်တွေးမိပြီး စိတ်မကောင်းဖြစ်မိတယ်။
တုန်ကျိုး(Dong Zhuo) က စခဲ့တဲ့ပုန်ကန်မှုဟာ တိုင်းပြည်အနှံ့ကိုပြန့်ခဲ့တယ်။ ဒါပေမယ့် အရှင်မင်းကြီးရဲ့ဂုဏ်သရေနဲ့ကြီးမြတ်မှုကြောင့် အမှုထမ်းတွေကစုစည်းပြီး သူပုန်တွေကို နှိမ်နှင်းခဲ့တယ်။ အခုတော့ နှိမ်နှင်းဖို့ ချောင်ချောင်း(Cao Cao) ပဲကျန်ပါတော့တယ်။ သူက အင်မတန်ကောက်ကျစ်တဲ့သူဖြစ်တယ်။ ကျွန်တော်မျိုးဟာ ဦးရီးတော် တုန်းချန်(Dong Cheng) နဲ့ပေါင်းပြီး သူ့ကိုလုပ်ကြံဖို့ကြိုးပမ်းခဲ့ပေမယ့် အဲ့အကြံအစည်ကပေါက်ကြားသွားခဲ့ပြီး အထမမြောက်ခဲ့ဘူး။ ဒါကြောင့် ချောင်ချောင်း(Cao Cao) ဟာ အတင့်ရဲသထက်ရဲလာပြီး မိဖုရားခေါင်နဲ့သားတော်တွေကိုသေဆုံးစေခဲ့တယ်။ ကျွန်တော်မျိုးတို့အမှုထမ်းတွေဟာ အတူတူပူးပေါင်းပြီး ဆန့်ကျင်ပေမယ့်လည်း အင်အားမမျှခဲ့ဘူး။ နှစ်တွေအများကြီးကြာသွားခဲ့ပေမယ့် ဘာမှဖြစ်မလာခဲ့ဘူး။ ဖျက်စီးခံရမှာကို အမြဲကြောက်ရွံ့နေခဲ့တဲ့အပြင် ကျွန်တော်မျိုးတို့ရဲ့တာဝန်ကိုမေ့သွားမှာကို ပိုပြီးစိုးရိမ်ခဲ့တယ်။ နိုးထနေချိန်ရော၊ အိပ်တဲ့အချိန်မှာပါ သက်ပြင်းတွေချပြီး စိုးထိတ်နေခဲ့တယ်။

ကျွန်တော့ရဲ့လက်အောက်ငယ်သားတွေက သမိုင်းဟာတကျော့ပြန်လည်လာပြီလို့ထင်ကြတယ်။ သူတို့ဟာ မိသားစုတွေအပေါ် တန်ဖိုးထားပြီး အဲ့အတွက်ကြိုးပမ်းကြတယ်။ မျိုးရိုးစဉ်ဆက်အရိုက်အရာဆက်ခံတာကိုလည်း ဆက်လက်ကျင့်သုံးနေကြစေပဲ။ ကျိုးဘုရင်တွေဟာ ရှေ့ကနန်းဆက်နှစ်ခုရဲ့သာဓကကိုယူပြီး ကျင်းနဲ့ကျန်းပြည်နယ်တို့အကူအညီနဲ့ ကိုယ့်မိသားစုတွေကိုတောင့်တင်းခိုင်မာအောင်လုပ်ခဲ့တယ်။ ဟန်တိုင်းပြည်ကိုထူထောင်ခဲ့တဲ့ဧကရာဇ်ဟာလည်း မိမိရဲ့အမျိုးအနွယ်တွေကို ဘုရင်၊ သခင်ရာထူးတွေပေးခဲ့တယ်။ နောက်ပိုင်းမှာတော့ လွီမိသားစုကိုဖယ်ရှားပြီး လျူမျိုးနွယ်တွေကိုတိုးတက်စေဖို့ နယ်ပယ်ကိုးခုလုံးမှာ အမိန့်တော်ထုတ်ခဲ့ရတယ်။
[မှတ်ချက် -  "လျူဘန်း"(Liu Bang) သေဆုံးပြီးနောက် လွီမိဖုရားသည် နန်းတွင်းကို ခြယ်လှယ်ခဲ့ပြီး သူ၏ဆွေမျိုးတို့ကို အရေးပါသည့်ရာထူးများကိုပေးပြီး လျူမျိုးနွယ်၏အုပ်ချုပ်မှုကို အစားထိုးလိုခဲ့သည်။]
လက်ရှိအချိန်မှာ ချောင်ချောင်း(Cao Cao) ဟာ လူတွေအကုန်လုံးရဲ့ရန်သူဖြစ်ပြီး သူ့အပေါင်းအပါတွေဟာလည်း ရက်စက်သူတွေဖြစ်တယ်။ မင်းဆွေမင်းမျိုးတွေမှာ အင်အားနည်းနေတဲ့အတွက် အလေးထားခြင်းမခံရတော့ဘူး။ ဒါကြောင့် ရှေးထုံးတွေကိုနှလုံးမူပြီး ကျွန်တော့နောက်လိုက်နောက်ပါတို့ဟာ ကျွန်တော့ကို ဟန်ကျုံးမင်းသားရာထူးနဲ့သေနာပတိရာထူးတို့ကိုယူစေခဲ့တယ်။

ကျွန်တော် ဒါနဲ့ပတ်သတ်ပြီး အများကြီးစဉ်းစားခဲ့တယ်။ အရှင်မင်းမြတ်ထံက ကျေးဇူးတော်ကိုလက်ခံရရှိပြီး တိုင်းပြည်အတွက် တာဝန်ယူပြီးတော့ အဲ့တာဝန်ကိုမထမ်းဆောင်နိုင်ခဲ့ရင် အဲ့အပြစ်ကိုဆေးကြောဖို့အတွက် အဲ့ထက်ပိုကြီးလေးတဲ့တာဝန်နဲ့ရာထူးကို ယူသင့်ပါတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့အရာလို့ ကျွန်တော်မျိုးရဲ့လက်အောက်ငယ်သားတွေက တိုက်တွန်းခဲ့ပြီး ကျွန်တော်ငြင်းဆိုခဲ့ရင် ဆိုးရွားတဲ့လူလည်း ပပျောက်သွားမှာမဟုတ်သလို တိုင်းပြည်ရန်စွယ်ဟာလည်း ရှိနေဦးမှာပဲ။ ရှေးလူတွေရဲ့ကျောင်းဆောင်တွေဟာ အန္တရာယ်ရှိနေပြီး မျိုးရိုးအလိုက်အရိုက်အရာဆက်ခံတာက ပျောက်ကွယ်လုဖြစ်နေပြီ။ တိုင်းပြည်ရဲ့သစ္စာရှိအမှုထမ်းအနေနဲ့တိုင်းပြည်အတွက် သင့်တော်တဲ့မူဝါဒကိုလက်သင့်ခံရပါမယ်။ ဒါကြောင့် ကျွန်တော်မျိုးဟာ တိုင်းပြည်အတွက် ဒီရာထူးကိုလက်ခံဖို့ဆုံးဖြတ်ခဲ့တယ်။
ဒီရာထူးနဲ့ဒီအဆင့်အတန်းနဲ့ထိုက်တန်တဲ့လုပ်ဆောင်မှုကို လုပ်ဆောင်ပါ့မယ်။ ဒီတာဝန်ကကြီးလေးတော့ စိုးရိမ်စိတ်တော့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုအကောင်းဆုံးကြိုးစားပြီး အခြေအနေပေးလာခဲ့ရင် သူပုန်တွေကိုအပြီးအပြတ်နှိမ်နှင်းပြီး တိုင်းပြည်ကို အေးချမ်းစေပါမယ်'

ထိုစာအကြောင်းကို "ချောင်ချောင်း"(Cao Cao) သိသောအခါ ဒေါသအကြီးအကျယ်ထွက်လေ၏။ "ကောက်ရိုးဖိနပ်ချုပ်သမားကများ ရာရာစစ ဒီလိုလုပ်ရဲတယ်! သူ့ကိုလုံးဝချေမှုန်းပစ်ရမယ်"
ထို့နောက် မြစ်နယ်ပယ်နှစ်ခုကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ သို့သော် ပထမတန်းအတွင်းရေးအရာရှိ "စီးမာယီ"(Sima Yi) မှ
"တခဏအမျက်ဒေါသကြောင့် အဝေးကြီးကို စစ်ချီတက်စရာမလိုပါဘူး။ မြားတစ်စင်းတောင် ပစ်စရာမလိုပဲနဲ့ လျူဘေ့(Liu Bei) ကိုဒုက္ခရောက်စေနိုင်မဲ့နည်းရှိပါတယ်။ သူ့စစ်သည်တွေ နွမ်းနယ်နေတဲ့အချိန်မှာမှ တပ်ဖွဲ့စေလွှတ်လိုက်ပြီး အနိုင်ပိုင်းရင်ရပါတယ်"
"ခင်ဗျားရဲ့အကြံက ဘာများလဲ"
"စွန်းချွမ်(Sun Quan) ရဲ့ညီမဟာ လျူဘေ့(Liu Bei) နဲ့လက်ဆက်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ သူ့ညီမကို ပြန်ခေါ်သွားခဲ့တယ်။ လျူဘေ့(Liu Bei) လက်ထဲမှာ ကျင်ကျိုးက ရှိနေတုန်းပဲ။ ဒီတော့ သူနဲ့ စွန်းချွမ်(Sun Quan) နဲ့က မသင့်မြတ်ကြဘူး။ ဝူပြည်နယ်ကိုစာပို့ပြီးတော့ ကျင်ကျိုးကိုပြန်ယူအောင်လုပ်ပါ။ ဒါဆိုရင် ရှူတပ်ဖွဲ့တွေက ဝူကိုအပြင်းအထန်ခုခံရလိမ့်မယ်။ အဲ့အချိန်မှာ သခင်ကြီးသာ ဟန်ကျုံးကို စစ်တပ်စေလွှတ်လိုက်မယ်ဆို လျူဘေ့(Liu Bei) လည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး"
ထိုအကြံကို "ချောင်ချောင်း"(Cao Cao) သဘောကျသွားပြီး "မန်ချုံး"(Man Chong) ကို ဝူသို့သံတမန်အဖြစ် စေလွှတ်ခဲ့သည်။ "စွန်းချွမ်"(Sun Quan) သည် သူ၏အကြံပေးတို့ကို ဆင့်ခေါ်ကာ တိုင်ပင်သည်။
"ကျန်းကျောက်"(Zhang Zhao) မှ
"ဝေနဲ့ဝူ ရန်သူတွေဖြစ်ရတာဟာ ကျူးကဲလျန့်(Zhuge Liang) က ရန်တိုက်ပေးခဲ့လို့ဖြစ်ရတာပါ။ ကျွန်တော်တို့တွေ နှစ်ချီပြီးစစ်တိုက်နေခဲ့တာ လူ့အသက်အများကြီးဆုံးရှုံးခဲ့ပြီ။ အခုသံတမန်ရောက်လာတာဟာ ချစ်ကြည်ရင်းနှီးဖို့ဖြစ်တဲ့အတွက် သူ့ကိုကောင်းစွာဆက်ဆံသင့်ပါတယ်"
ထို့ကြောင့် "မန်ချုံး"(Man Chong) ကို ကောင်းစွာဆက်ဆံလေ၏။

"မန်ချုံး"(Man Chong) သည် "စွန်းချွမ်"(Sun Quan) နှင့်တွေ့ပြီးသော် သူရောက်လာသောအကြောင်းကိုပြောပြီး စာကိုပေးလိုက်လေသည်။
"ဝူနဲ့ဝေဟာ အရင်ကတည်းက ရန်ငြိုးမရှိခဲ့ဘူး။ ဒီလိုမသင့်မမြတ်ဖြစ်ခဲ့တာဟာ လျူဘေ့(Liu Bei) လက်ချက်ကြောင့်ပဲ။ အကယ်၍ ဝူသာ ကျင်ကျိုးကိုတိုက်ရင် ကျုပ်ရဲ့သခင်ကြီးက ဟန်ကျုံးကိုတိုက်လိမ့်မယ်။ ဒီလို စစ်မြေပြင်နှစ်ဖက်ကတိုက်ပြီး အောင်နိုင်သွားရင် နယ်မြေတွေကို ခွဲဝေပြီး နှစ်ဦးနှစ်ဖက်လုံးက နယ်မြေပိုင်ဆိုင်မှုအပေါ် အလေးအမြတ်ထားမယ်လို့ ကတိပြုပါတယ်"
"စွန်းချွမ်"(Sun Quan) သည် "မန်ချုံး"(Man Chong) အတွက် စားသောက်ပွဲတည်ခင်းစေပြီးနောက် ဧည့်ဆောင်တွင်နားစေကာ သူ၏အမှုထမ်းများနှင့်တိုင်ပင်ကြသည်။
"ကူယုံ"(Gu Yong) မှ
"သံတမန်ပြောတာ တချို့ဟာတွေက မယုံနိုင်စရာတွေရှိပေမယ့် မှန်သင့်သလောက်တော့မှန်ပါတယ်။ ကျွန်တော့အမြင်ကတော့ သံတမန်ကိုပြန်ခိုင်းစေပြီး ချောင်ချောင်း(Cao Cao) နဲ့အတူ ပူးပေါင်းတိုက်ဖို့ ကတိပြုစာလုပ်လိုက်ပါ။ ပြီးရင် လိုအပ်ရင်လှုပ်ရှားဖို့အတွက် ရန်စီမြစ်တဖက်ကမ်းကို သူလျှိုတွေလွှတ်ပြီး ကွမ်းယွီ(Guan Yu) ရဲ့အခြေအနေကို စောင့်ကြည့်ထားပါ"
"ကျူးကဲကျင့်"(Zhuge Jin) မှ
"ကျင်ကျိုးမှာရှိတဲ့ ကွမ်းယွီ(Guan Yu) ကို လျူဘေ့(Liu Bei) က ဇနီးတစ်ယောက်ရှာပေးခဲ့ပြီး သူတို့မှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်။ သမီးဖြစ်သူက တအားငယ်သေးတဲ့အတွက် လက်မထပ်လောက်သေးဘူး။ ဒီတော့ သခင်ကြီးရဲ့သားနဲ့လက်ဆက်ဖို့ကမ်းလှမ်းကြည့်မယ်။ သူသာလက်ခံရင် သူနဲ့ပေါင်းပြီး ချောင်ချောင်း(Cao Cao) ကိုတိုက်မယ်။ သူငြင်းခဲ့ရင်တော့ ချောင်ချောင်း(Cao Cao) ကိုကူပြီး ကျင်ကျိုးကိုတိုက်သင့်ပါတယ်"

"စွန်းချွမ်"(Sun Quan) သည် ထိုအကြံကိုလက်ခံလိုက်ပြီး "မန်ချုံး"(Man Chong) ကိုပြန်လွှတ်လိုက်သည်။ ထို့နောက် "ကျူးကဲကျင့်"(Zhuge Jin) ကို ကျင်ကျိုးသို့စေလွှတ်ပြီး ထိမ်းမြားရန်အတွက် ကမ်းလှမ်းစေသည်။
"ကျူးကဲကျင့်(Zhuge Jin) ၊ ခင်ဗျား ဘာလို့ဒီရောက်လာရတာလဲ"
"ကျွန်တော် ဒီကိုလာပြီး ထိမ်းမြားခြင်းမင်္ဂလာအတွက် ကမ်းလှမ်းတာပါ။ ကျွန်တော့သခင် ဝူနယ်စားမှာ အင်မတန်ထူးချွန်တဲ့သားတစ်ဦးရှိတယ်။ စစ်သူကြီးဆီမှာလည်း သမီးတစ်ယောက်ရှိတော့ သူတို့နှစ်ဦးကို အချင်းချင်းလက်ဆက်စေပြီး ချောင်ချောင်း(Cao Cao) ကိုတိုက်ရင် မသင့်တော်ပေဘူးလား။ ဒီကိစ္စကိုစဉ်းစားပေးဖို့ တောင်းဆိုပါတယ်"
"ကျားရဲ့သမီးက ခွေးသားနဲ့ဘယ်လိုလက်ထပ်မလဲ? ခင်ဗျားညီရဲ့မျက်နှာကြောင့်သာမဟုတ်ရင် ခင်ဗျားကိုသတ်ပစ်လိုက်ပြီ။ ထပ်မပြောပါနဲ့တော့"

ထိုအခါ "ကျူးကဲကျင့်"(Zhuge Jin) သည် ထွက်ပြေးသွားခဲ့ပြီး ဝူသို့ပြန်ရောက်သောအခါ အကြောင်းအရာအလုံးစုံကိုပြန်ပြောလေ၏။
"တော်တော် ရိုင်းပျတာပဲ"
ထို့နောက် "စွန်းချွမ်'(Sun Quan) သည် ကျင်ကျိုးကိုတိုက်ရန် ညီလာခံကျင်းပလေ၏။
"ပုကျီ"(Bu Zhi) မှ
"ချောင်ချောင်း(Cao Cao) ဟာ ရာဇပလ္လင်ကိုမှန်းနေတာကြာခဲ့ပြီ။ ဒါပေမယ့် ရှူပြည်နယ်ကိုကြောက်နေတာ။ ကျွန်တော်တို့က အခုရှူကိုတိုက်မယ်ဆိုရင် ချောင်ချောင်း(Cao Cao) ရဲ့ပြဿနာတွေက ကျွန်တော်တို့ခေါင်းပေါ်ရောက်လာသလိုပဲ"
"ဒါပေမယ့် ကျုပ်က ကျင်ကျိုးကိုလိုချင်တယ်"
"ချောင်ရန်(Cao Ren) က ဖန်ချန်နဲ့ရှန်းရန်မှာ စခန်းချထားပြီး မြစ်ဘက်ကနေ ရန်စွယ်တွေမရှိတော့ဘူး။ ချောင်ချောင်း(Cao Cao) သာ ကျင်ကျိုးကို ကုန်းကြောင်းကသိမ်းနိုင်မယ်ဆိုရင် ဘာလို့မသိမ်းသေးတာလဲ? ဒါပေမယ့် သူက သခင်ကြီးကိုသိမ်းစေချင်တယ်။ ဒီမှာသူ့ရဲ့အဓိကရည်ရွယ်ချက်ကိုတွေ့နိုင်တယ်။ ဒီတော့ သခင်ကြီးက ချောင်ချောင်း(Cao Cao) ဆီကိုစာပို့ပြီး ချောင်ရန်(Cao Ren) ကို ကြည်းကြောင်းကနေတိုက်ခိုင်းပါစေ။ ဒီလိုသာဆို ကွမ်းယွီ(Guan Yu) က ကျင်ကျိုးတပ်ကိုဦးဆောင်ပြီး ဖန်ချန်ကိုသွားရလိမ့်မယ်။ ကွမ်းယွီ(Guan Yu) ထွက်သွားပြီဆိုတာနဲ့ သခင်ကြီးက တပ်ဖွဲ့စေလွှတ်ပြီး ကျင်ကျိုးကိုသိမ်းပါ"
ထို့ကြောင့် "ချောင်ချောင်း(Cao Cao) ထံစေလွှတ်ကာ တောင်းဆိုမှုများပြုလုပ်သည်။ ၎င်းတို့ကို "ချောင်ချောင်း"(Cao Cao) ကလက်ခံပြီး "မန်ချုံး"(Man Chong) ကို ဖန်ချန်သို့လွှတ်ကာ "ချောင်ရန်"(Cao Ren) အား အကြံပေးအနေနှင့်ကူစေ၏။ ထို့နောက် တောင်ပိုင်းရှိ "စွန်းချွမ်"(Sun Quan) ၏ရေတပ်မှလည်း စစ်ကူတောင်းလေသည်။

"ဝေရန်"(Wei Yan) ကို အရှေ့ဘက်မြစ်ကမ်းဒေသကိုစောင့်ကြပ်စေပြီးနောက် ဟန်ကျုံးမင်းသားသည် သူ၏အမှုထမ်းတို့နှင့်အတူ ချန်တူးသို့ပြန်လေသည်။ နန်းတော်ကြီးဆောက်လုပ်စေခဲ့ပြီး ဧည့်ဂေဟာများလည်းဆောက်စေသည်။ ချန်တူးနှင့်ပိုင်ရွှေကြား နေရာအချို့တို့တွင် နားခိုရာနေရာများနှင့် ကင်းတဲများ စုစုပေါင်းလေးရာခန့်ထားရှိခဲ့သည်။ ထို့အပြင် တစ်တိုင်းပြည်လုံးကိုစုစည်းနိုင်ရန်အတွက် စစ်ထွက်လျှင်လိုအပ်သော စပါးနှင့်ရိက္ခာတို့ကို သိုလှောင်စေသည်။
"ချောင်ချောင်း"(Cao Cao) နှင့် "စွန်းချွမ်"(Sun Quan) တို့သည် ကျင်ကျိုးကိုမျက်စိကျနေသည်ဟု သူလျှိုတို့ထံမှကြားသောအခါ "ကျူးကဲလျန့်"(Zhuge Liang) ကိုခေါ်ပြီး တိုင်ပင်သည်။
"ချောင်ချောင်း(Cao Cao) ဒီလိုလုပ်လိမ့်မယ်လို့ ထင်တယ်။ တောင်ပိုင်းပြည်နယ်က အကြံပေးတွေကလည်း ချောင်ရန်(Cao Ren) ကိုစတိုက်ဖို့တောင်းဆိုလိမ့်မယ်"
"ဒါဆို ကျုပ်က ဘာလုပ်ရမလဲ"
"ပထမဆုံး ကွမ်းယွီ(Guan Yu) ဆီစာပို့ပြီး သူ့ရဲ့ဂုဏ်ဒြပ်အသစ်ကို ပေးလိုက်ပါ။ ပြီးရင် သူ့ကို ဖန်ချန်ကိုသိမ်းခိုင်းလိုက်ပါ။ ဒါဆို ရန်သူတွေ သူ့ဟာသူပြိုကွဲသွားလိမ့်မယ်"
ထို့ကြောင့် ဝန်ကြီး "ဖေးရှီ"(Fei Shi) ကို "ကွမ်းယွီ"(Guan Yu) ထံလွှတ်လိုက်သည်။

"ကွမ်းယွီ"(Guan Yu) က ရာထူးအသစ်အကြောင်းကိုမေးလေသည်။
"ကျား စစ်သူကြီးငါးဦးထဲမှာ ပထမဆုံးစစ်သူကြီးပါ"
"အဲ့လူငါးယောက်က ဘယ်သူတွေလဲ"
"သူတို့က ကွမ်းယွီ(Guan Yu) ၊ ကျန်းဖေး(Zhang Fei) ၊ ကျောက်ယွင်(Zhao Yun) ၊ မာချောင်း(Ma Chao) နဲ့ ဟွမ်ကျုံး(Huang Zhong) တို့ဖြစ်ပါတယ်"
"ဒုတိယက ကျုပ်ရဲ့ညီပဲ။ မာချောင်း(Ma Chao) က နာမည်ရှိမိသားစုနွယ်ကနေ ဆင်းသက်လာတဲ့လူ၊ နောက်ပြီး ကျောက်ယွင်(Zhao Yun) က ကျုပ်အစ်ကိုနဲ့အတူရှိတာ နှစ်ပေါင်းများစွာကြာပြီး သူလည်း ညီအစ်ကိုလိုဖြစ်နေပြီ။ သူတို့တွေကို ကျုပ်နဲ့တစ်တန်းတည်းထားလို့ဖြစ်တယ်။ ဒါပေမယ့် ဟွမ်ကျုံး(Huang Zhong) က ဘယ်လိုလူမျိုးမို့လို့ ကျုပ်တို့နဲ့တစ်တန်းတည်း ထားရတာလဲ။ ကြီးမြတ်တဲ့လူဆိုတာ သာမန်တပ်သားတွေနဲ့ပုခုံးချင်းယှဉ်ပြီး မနေဘူး"
"ကွမ်းယွီ"(Guan Yu) သည် သူ၏ရာထူးနှင့်တံဆိပ်တုံးကို လက်မခံပေ။

"ဖေးရှီ"(Fei Shi) မှ
"ဒီလိုငြင်းပယ်တာမှားပါတယ်။ အရင်တုန်းက ဟန်တိုင်းပြည်ကိုတည်ထောင်တဲ့ လျူဘန်း (Liu Bang) ကို ရှောင်းဟဲ(Xiao He) နဲ့ ချောင်ရှန်(Cao shen) တို့က ကူညီခဲ့တယ်။ ဒါ့အပြင် သူတို့နှစ်ဦးက သူငယ်ချင်းတွေဖြစ်တယ်၊ ဒါပေမယ့် ဟန်ရှင်း(Han Xin) ကတော့ ချူပြည်ကနေ ပြေးလာတဲ့လူပဲ။ ဒါပေမယ့် လျူဘန်း(Liu Bang) က ဟန်ရှင်း(Han Xin) ကို မင်းသားအဖြစ်မြောက်စားခဲ့ပြီး ရှေ့ကလူနှစ်ဦးထက် မြင့်တဲ့ရာထူးတောင် ပေးခဲ့သေးတယ်။ ဒါနဲ့ပတ်သတ်ပြီး အဲ့လူနှစ်ဦးက မကျေနပ်တာ မရှိခဲ့ဘူး။ ဟန်ကျုံးမင်းသားမှာ ကျားစစ်သူကြီးငါးဦးရှိပေမယ့်လည်း စစ်သူကြီးက သူ့ရဲ့ညီပဲလေ၊ ဒါက အဓိကပဲမဟုတ်လား? တခြားလူနဲ့ယှဉ်စရာလိုလို့လား? မင်းသားက ခင်ဗျားကို အမြဲတမ်းကောင်းကောင်းဆက်ဆံခဲ့တယ်။ ခင်ဗျားတို့ဟာ အေးအတူပူအမျှ အခက်အခဲတွေ၊ ပျော်ရွှင်မှုတွေကို ကြုံတွေ့ခဲ့ပြီပဲ။ ဒါကြောင့် ဒီလိုဘွဲ့ရာထူးနဲ့ပတ်သတ်ပြီး ချဲ့ကားနေစရာမလိုပါဘူး။ ဒါကြောင့် စစ်သူကြီး ပြန်သုံးသပ်ပါလို့ပြောချင်ပါတယ်"
"ကွမ်းယွီ"(Guan Yu) သည် သဘောပေါက်သွားပြီး "ဖေးရှိ"(Fei Shi) အား ကျေးဇူးတင်သည်။
"ကျုပ် မသိနားမလည်မှုကြောင့် အမှားကြီးလုပ်မိမှာကို ခင်ဗျားတားမြစ်နိုင်ခဲ့တယ်"

ပြီးနောက် "ဖေးရှီ"(Fei Shi) သည် ဖန်ချန်ကိုသိမ်းရန်အမိန့်တော်ကို ဖတ်လေသည်။ "ကွမ်းယွီ"(Guan Yu) သည် အချိန်မလင့်စေပဲ စစ်ချီရန်ပြင်ဆင်သည်။ "ဖူရှီရန်"(Fu Shiren) နှင့် "မီဖန်"(Mi Fang) တို့ကို ရှေ့ပြေးတပ်ခေါင်းဆောင်အဖြစ်ခန့်အပ်ပြီး မြို့ပြင်သို့ထွက်စေကာ စခန်းချစေ၏။
ထို့နောက် "ဖေးရှီ"(Fei Shi) အတွက် စားသောက်ပွဲတည်ခင်းလေ၏။ ထိုအချိန်တွင် မီးလောင်သဖြင့် အချက်ပေးသောအသံတို့ကိုကြားလေရာ "ကွမ်းယွီ"(Guan Yu) သည် မြို့ပြင်သို့အမြန်ထွက်ပြီး ကြည့်ရှုလေသည်။ မီးလောင်ရသည့်အကြောင်းမှာ စစ်သူကြီးနှစ်ဦးတို့သည် စားသောက်နေကြစဉ် စခန်းထဲတွင် မီးစလောင်ပြီး မီးတောက်လေးသည် လောင်စာတို့နှင့်ထိတွေ့သွားသောကြောင့် အကြီးအကျယ်လောင်ကျွမ်းသွားပြီး စခန်းတစ်ခုလုံးပါသွားခဲ့သည်။ "ကွမ်းယွီ"(Guan Yu) နှင့် သူ၏တပ်ဖွဲ့တို့သည် မီးကိုငြိမ်းသတ်ပြီး မြို့ထဲသို့ပြန်ဝင်သည်။ ထို့နောက် စစ်သူကြီးနှစ်ဦးကိုခေါ်ကာ သူတို့၏ပေါ့ဆမှုအတွက် ဆူပူကြိမ်းမောင်းပြီး သေဒဏ်ပေးရန်ပြုသည်။
ထိုအခါ "ဖေးရှီ"(Fei Shi) မှတားမြစ်လေသည်။
"စစ်ပွဲစခါနီးမှာ ခေါင်းဆောင်နှစ်ဦးကို သေဒဏ်ပေးလို့ မသင့်တော်ပါဘူး။ အနည်းဆုံး ရာထူးချတာပဲလုပ်သင့်ပါတယ်"
"ကွမ်းယွီ"(Guan Yu) ၏ဒေါသမှာ မပျောက်ပြယ်ခဲ့ပေ။
"ဝန်ကြီး ဖေးရှီ(Fei Shi) ကြောင့်သာမဟုတ်ရင် ခင်ဗျားတို့နှစ်ယောက်ကို သေဒဏ်ပေးလိုက်ပြီ။ ဒီတော့ အဲ့အစား ကြိမ်ဒဏ်ပဲပေးတော့ပဲ"
ထို့နောက် သူတို့နှစ်ဦးကို ကြိမ်ဒဏ်အချက်လေးဆယ်ဆီ ပေးစေပြီးနောက် ရှေ့ပြေးတပ်ခေါင်းဆောင်ရာထူးမှာ လျှော့ချလိုက်ပြီး "မီဖန်"(Mi Fang) ကို နန်ကျွင်းသို့သွားစေကာ "ဖူရှီရန်"(Fu Shiren) ကို ကုန်းအန်းသို့ပို့လိုက်သည်။
"ဒီတစ်ခါ သတိပေးတာပဲ။ ကျုပ်ရှေ့တန်းကပြန်လာလို့ ခင်ဗျားတို့တာဝန်တွေပေါ့လျော့နေဦးမယ်ဆိုရင် ဒီအပြစ်ကိုပါပေါင်းပြီး ကြီးလေးတဲ့ဒဏ်ပေးမယ်"
ထိုစစ်သူကြီးနှစ်ဦးလည်း ရှက်သွားကာ ထွက်သွားလေသည်။

ထို့နောက် "လျောင်ဟွာ"(Liao Hua) နှင့် "ကွမ်းဖင်"(Guan Ping) တို့ကို စစ်သူကြီးရာထူးအသစ်ခန့်လိုက်သည်။ ပြီးနောက် "ကွမ်းယွီ"(Guan Yu) သည် တပ်မကြီးကိုဦးဆောင်ပြီး အကြံပေး "မာလျန့်"(Ma Liang) နှင့် "ယီကျီ"(Yi Ji) တို့ပါဝင်သည်။
ထို့အပြင် "ဟူဟွာ"(Hu Hua) ၏သားဖြစ်သော "ဟူပန်"(Hu Ban) ဆိုသောသူရှိသည်။ သူသည် ကျင်ကျိုးသို့လာပြီး "ကွမ်းယွီ"(Guan Yu) လက်အောက်တွင် အမှုထမ်းခဲ့သည်။ သူ့ဖခင်ကြောင့်လည်းကောင်း၊ "ဟူပန်"(Hu Ban) က "ကွမ်းယွီ"(Guan Yu) ကို ကယ်တင်ခဲ့ဖူးသောကြောင့်သော်လည်းကောင်း "ကွမ်းယွီ"(Guan Yu) က သူ့အပေါ်ကောင်းစွာဆက်ဆံခဲ့သည်။ "ဟူပန်"(Hu Ban) ကို "ဖေးရှီ"(Fei Shi) နှင့်အတူ ဟန်ကျုံးသို့လွတ်လိုက်သည်။
စစ်မချီတက်မီတစ်ရက်အလို "ကွမ်းယွီ"(Guan Yu) သည် သူ၏စခန်းထဲတွင်လှဲလျောင်းနေစဉ် နွားသိုးတစ်ကောင်နီးပါ ကြီးမားသော တောဝက်မည်းတစ်ကောင်ဝင်လာပြီး သူ၏ခြေထောက်ကို ကိုက်သွားသည်။ သူသည် ခုန်ကာ ထိုတောဝက်ကိုသတ်ရန်ပြုသည်၊ ထိုဝက်သည် အဝတ်ကိုဆွဲဖြဲလိုက်သောအသံပြုပြီး ထိုအချိန်တွင် အိပ်မက်မှ နိုးထလာသည်။ သူ၏ခြေထောက်တွင် နာကျင်မှုကိုခံစားရပြီး ထိုအိပ်မက်ကြောင့် စိတ်ထင့်နေသလိုဖြစ်ခဲ့သော်လည်း ဘာကြောင့်မှန်းမသိပေ။

ထိုအိပ်မက်အကြောင်းကို သူ့သားအားပြောပြရာ သူ့သားမှ ဝမ်းသာအားရ ပြောသည်။
"တောဝက်ဟာ နဂါးလိုပဲ မြင့်မြတ်တဲ့အထဲမှာပါတယ်။ ခြေထောက်နားကိုလာတယ်ဆိုတော့ ဒါရာထူးဂုဏ်သိန်မြင့်မားမဲ့လက္ခဏာပဲ "
ထိုအကြောင်းကို အမှုထမ်းတို့ကသိသောအခါ အချို့က ကောင်းမွန်သည့်နိမိတ်ဟုဆိုပြီး အချို့က မကောင်းသည့်နိမိတ်ဟု ဆိုကြသည်။
"လူတစ်ယောက်က အသက်ခြောက်ဆယ်နားနီးရင် သေမှာကို စိုးရိမ်မနေသင့်ဘူး။ ဘာလို့လည်းဆိုတော့ ကျုပ်က စစ်မြေမြင်မှာနေ,နေရတဲ့ စစ်သည်ရဲမက်ပဲမဟုတ်လား"
ထိုအချိန်တွင် ဟန်ကျုံးမင်းသားထံမှ အမိန့်စာရောက်လာသည်။ ထိုအမိန့်စာသည် "ကွမ်းယွီ"(Guan Yu) အား ကျင်ကျိုးရှိ နယ်ပယ်ကိုးခုထဲရှိ မြို့နယ် ၄၁ နယ်တို့ကိုထိန်းကွပ်နိုင်သည့်အမိန့်စာဖြစ်သည်။ ထိုအခါ အမှုထမ်းတို့က ဝမ်းမြောက်ကြောင်းပြောကြလေသည်။
"ဒီတောဝက်အိပ်မက်က ဒါကြောင့်ပဲဖြစ်မယ်"

"ကွမ်းယွီ"(Guan Yu) သည် ဝမ်းသာသွားပြီး သူ၏စိတ်ထဲတွင် သံသယမရှိတော့ပေ။ ပြီးနောက် တပ်ဖွဲ့တို့ကိုဦးဆောင်ကာ စတ်ချီတက်လေသည်။
ရှန်းရန်တွင်ရှိသော "ချောင်ရန်"(Cao Ren) သည် "ကွမ်းယွီ"(Guan Yu) စစ်ချီလာသည်ကိုသိသောအခါ ခံစစ်ဖြင့်သာခုခံလိုခဲ့သည်။ သို့သော် လက်ထောက်စစ်သူကြီး "ကျိုက်ယွမ်"(Zhai Yuan) မှ လက်မခံပေ။
"ဝေမင်းသားဟာ စစ်သူကြီးကို ဝူတပ်တွေနဲ့ပေါင်းပြီး ကျင်ကျိုးကိုသိမ်းဖို့အမိန့်ပေးခဲ့တယ်။ ကျင်ကျိုးတပ်တွေက ဒီကိုလာတယ်ဆိုတော့ သေတွင်းထဲကိုရောက်လာတာပဲ။ ဒါကြောင့် ထိပ်တိုက်တွေ့မှာကို ရှောင်စရာမလိုပါဘူး"
သို့သော် အကြံပေး "မန်ချုံး"(Man Chong) မှ
"ကွမ်းယွီ(Guan Yu) က ရဲရင့်ပြီး ပရိယာယ်ကြွယ်တယ်။ ဒါကြောင့် ခံစစ်သာအကောင်းဆုံးလို့ထင်တယ်"
ထိုအချိန်တွင် စစ်သူကြီး "ရှဟိုချွန်း"(Xiahou Cun) မှ
"ဒါ စာအုပ်ကြီးသမားတွေ ပြောတဲ့စကားပဲ။ ရေကြီးတွေ တာတွေဆောက်ပြီး ကာရတာပဲ။ ရန်သူတွေက ချီတက်ပြီး ပင်ပန်းလာတဲ့အခါ ကျုပ်တို့ကထွက်ပြီး အနိုင်ယူလိုက်ရင် ဆုလာဘ်တွေတောင်ရနိုင်တယ်"

နောက်ဆုံးတွင် "ချောင်ရန်"(Cao Ren) သည် တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ပြီး "မန်ချုံး"(Man Chong) အား ဖန်ချန်ကို စောင့်ကြပ်စေသည်။ သူကိုယ်တိုင်မှာမူ အပြင်သို့ထွက်ပြီး "ကွမ်းယွီ"(Guan Yu) ၏တပ်နှင့်တွေ့သည်။ တပ်ဖွဲ့နှစ်ခုတို့ရင်ဆိုင်မိသောအခါ "ကွမ်းယွီ"(Guan Yu) သည် "ကွမ်းဖင်"(Guan Ping) နှင့် "လျောင်ဟွာ"(Liao Hua) တို့ကိုခေါ်ပြီး မည်သို့ရွက်ဆောင်ရမည်ကို မှာကြားသည်။
"လျောင်ဟွာ"(Liao Hua) သည် တပ်ဖွဲ့ရှေ့သို့ထွက်လာပြီး စိန်ခေါ်ရာ "ကျိုက်ယွမ်"(Zhai Yuan) က လက်ခံလိုက်သည်။ "လျောင်ဟွာ"(Liao Hua) သည် ရှုံးချင်ယောင်ဆောင်ပြီး ထွက်ပြေးလေသည်။ "ကျိုက်ယွမ်"(Zhai Yuan) ကလည်း နောက်မှလိုက်သည်။ ကျင်ကျိုးတပ်တို့သည် ခုနစ်မိုင်အကွာသို့တပ်ဆုတ်သွားသည်။
မကြာမီတွင် ကျင်ကျိုးတပ်တို့ပြန်ရောက်လာပြီး စိန်ခေါ်ပြန်သည်။ ထိုအခါတွင် "ရှဟိုချွန်း"(Xiahou Cun) နှင့် "ကျိုက်ယွမ်"(Zhai Yuan) တို့ထွက်တွေ့သည်။

ရှေ့တစ်ရက်ကဲ့သို့ပင် ကျင်ကျိုးတပ်သည် ခုနစ်မိုင်ဆုတ်သွားပြန်သည်။ ရုတ်တရတ် ဝေတပ်ဖွဲ့နောက်ဘက်တွင် ပေါက်ကွဲသံ၊ ဗုံသံတို့ကိုကြားလိုက်ရသဖြင့် "ချောင်ရန်"(Cao Ren) သည် ပြန်လှည့်သွားသည်။ ထိုအချိန်တွင် "ကွမ်းဖင်"(Guan Ping) နှင့် "လျောင်ဟွာ"(Liao Hua) တို့က ပြန်တိုက်သဖြင့် ဝေတပ်မှာ ကစဥ့်ကလျားဖြစ်သွားလေသည်။ "ချောင်ရန်"(Cao Ren) သည် ရန်သူတို့ထောင်ချောက်ဆင်ထားမှန်းသိသည့်အပြင် "ကွမ်းယွီ"(Guan Yu) ပါရောက်လာပြီး မနိုင်မှန်းသိကာ ရှန်းရန်သို့ပြန်ဝင်သွားသည်။
"ရှဟိုချွန်း"(Xiahou Cun) ထွက်လာပြီး "ကွမ်းယွီ"(Guan Yu) နှင့်တိုက်သည်။ သို့သော်လည်း တခဏအတွင်းတွင်ပင် "ရှဟိုချွန်း"(Xiahou Cun) အသတ်ခံလိုက်ရသည်။ "ကျိုက်ယွမ်"(Zhai Yuan) သည်လည်း ထွက်ပြေးသွားရာ "ကွမ်းဖင်"(Guan Ping) က အနောက်မှလိုက်ပြီး သုတ်သင်ခဲ့လေသည်။ ဝေတပ်၏အဆုံးအရှုံးများသွားပြီး တပ်သားတစ်ဝက်ခန့်မှာ ရှန်းမြစ်တွင် ရေနစ်သေဆုံးခဲ့သည်။ "ကွမ်းယွီ"(Guan Yu) သည် ရှန်းရန်ကိုသိမ်းလိုက်ပြီး "ချောင်ရန်"(Cao Ren) သည် ဖန်ချန်သို့ပြေးသွားသည်။
စစ်သူကြီး "ဝမ်ဖူ"(Wang Fu) မှ
"မြို့ကို အလွယ်တကူနဲ့ရလိုက်ပေမယ့် ဒါကမပြီးသေးဘူး။ ချောင်ချောင်း(Cao Cao) တပ်ပျက်သွားပေမယ့် ဝူတပ်ရှိသေးတယ်။ လွီမန်(Lu Meng) က လုခိုမှာစခန်းချထားပြီး ကျင်ကျိုးကိုတိုက်ချင်တာကြာပြီ။ အခုအချိန်သူတိုက်ရင် ဘယ်လိုလုပ်မလဲ"
"ကျုပ်လည်း ဒါကိုတွေးနေတာ။ ခင်ဗျားက ဒီကိစ္စကို တာဝန်ယူပါ။ မြစ်ကမ်းတစ်လျှောက် ခုနစ်မိုင်ပတ်လည် မြင့်တဲ့နေရာတွေမှာ တပ်ဖွဲ့တွေကို နေရာယူခိုင်းထားပြီး ဝူရေတပ်ကြီးဖြတ်လာတာနဲ့ အကြောင်းကြားနိုင်အောင်လုပ်ပါ။ တစ်နေရာမှာ တပ်သားငါးဆယ်စီထားပြီး ညမှာဆိုမီးနဲ့၊ မနက်ဘက်ဆို မီးခိုးနဲ့အချက်ပြနိုင်အောင် လုပ်ပါ။ သူတို့တွေမြစ်ကိုဖြတ်တာနဲ့ ကျုပ်သွားပြီးတိုက်မယ်"
"ဖူရှီရန်(Fu Shiren) နဲ့ မီဖန်(Mi Fang) က အချက်အချာကျတဲ့နေရာတွေမှာ တာဝန်ယူထားတယ်။ ဒါပေမယ့် သူတို့တာဝန်ကို ကောင်းကောင်းလုပ်ဆောင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျင်ကျိုးကိုကွပ်ကဲဖို့ ခေါင်းဆောင်လိုအပ်တယ်"
"စိတ်ပူစရာမလိုပါဘူး။ စစ်ဆေးရေးအရာရှိ ဖန်ကျွင်း(Pan Jun) ကို ဒီတာဝန်ပေးထားတယ်"
"ဒါပေမယ့် ဖန်ကျွင်း(Pan Jun) က တစ်ကိုယ်ကောင်းဆန်ပြီး မနာလိုစိတ်များသူဖြစ်တယ်။ ဒီတာဝန်ကိုယူဖို့ မသင့်တော်ပါဘူး။ သူ့အစား ရိက္ခာအရာရှိ ကျောက်လေ(Zhao Lei) ကို တာဝန်ပေးသင့်တယ်။ သူက သစ္စာရှိပြီး ယုံကြည်နိုင်တဲ့လူဖြစ်တယ်"
"ကျုပ် ဖန်ကျွင်း(Pan Jun) အကြောင်းသိတယ်။ ဒါပေမယ့် ဒီတာဝန်ကို သူ့ကိုပေးထားပြီးပြီ။ အခုအချိန်မှာ ပြောင်းဖို့မသင့်တော်ဘူး။ စိတ်မပူပါနဲ့၊ အချက်ပြမီးတွေပဲ စီစဉ်ထားပါ"
"ဝမ်ဖူ"(Wang Fu) လည်း စိတ်ပျက်လက်ပျက်နှင့် ထွက်သွားလေသည်။

"ကွမ်းဖင်"(Guan Ping) သည် မြစ်ကိုဖြတ်ရန် သင်္ဘောတို့ကိုပြင်ပြီး ဖန်ချန်ကိုတိုက်ရန်ပြုသည်။ "ချောင်ရန်"(Cao Ren) မှ "မန်ချုံး"(Man Chong) အား
"ခင်ဗျားပြောတဲ့အကြံကို နားမထောင်ခဲ့လို့ စစ်သူကြီးနှစ်ဦးရယ်၊ တပ်သားတွေအများကြီးရယ်၊ ရှန်းရန်မြို့ရယ်ကို လက်လွှတ်ခဲ့ရပြီ"
"ကွမ်းယွီ(Guan Yu) က သတ္တိဗျတ္တိရှိပြီး ထူးချွန်တဲ့အတွက် ကျွန်တော်တို့ရင်ဆိုင်ဖို့မဖြစ်ဘူး၊ ဒါကြောင့် ခံစစ်မှာပဲ နေသင့်တယ်"
ထိုအချိန်တွင် "ကွမ်းယွီ"(Guan Yu) မြစ်ကိုဖြတ်လာပြီဟု သတင်းပို့လာသည်။ "ချောင်ရန်"(Cao Ren) ၏စစ်သူကြီး "လုချန်"(Lu Chang) မှ
"ကျွန်တော့ကို တပ်သားထောင်ဂဏန်းလောက်ပေးရင် ရန်သူတွေကိုသွားပြီး ရင်ဆိုင်ပါ့မယ်"
"မန်ချုံး"(Man Chong) မှ
"ခင်ဗျား သွားလည်း မဖြစ်ဘူး"
"ခင်ဗျားအပါအဝင် စာအုပ်ကြီးသမားတွေက တစ်ခုပဲလုပ်ဖို့ပြောနေတယ်။ ဒါပေမယ့် ရန်သူတွေကို ဒီအတိုင်းခုခံရင် ရန်သူတွေက ပြန်ဆုတ်သွားရောလား? ကွမ်းယွီ(Guan Yu) မြစ်ကိုဖြတ်လာပြီးတဲ့အချိန်မှာ တိုက်သင့်တယ်။ မြို့ကိုဝန်းရံခံရတဲ့အချိန်မှာဆို ပိုဆိုးသွားမယ်"

နောက်ဆုံးတွင် "လုချန်"(Lu Chang) အား တပ်သားနှစ်ထောင်ပေးလိုက်လေ၏။ "လုချန်"(Lu Chang) သည် "ကွမ်းယွီ"(Guan Yu) နှင့်တွေ့ပြီး "ကွမ်းယွီ'(Guan Yu) သည် မြင်းစီးကာ ထွက်လာသည်။ "လုချန်"(Lu Chang) သည် ရဲဝံ့စွာဖြင့်တိုက်ခိုက်ရန်ပြုသော်လည်း ဝေတပ်သားတို့သည် "ကွမ်းယွီ"(Guan Yu) ကို မြင်သည်နှင့်ထွက်ပြေးကုန်သည်။ "လုချန်"(Lu Chang) သည် သူ၏တပ်သားတို့ကို ပြန်လာရန်အမိန့်ပေးသော်လည်း မနာခံကြပေ။ ထို့ကြောင့် ဝေတပ်ဖွဲ့စစ်ရှုံးသွားပြီး ရဲမက်ပေါင်းများစွာသေဆုံးကာ လွတ်မြောက်သူတို့သည် ဖန်ချန်သို့ထွက်ပြေးကြသည်။
"ချောင်ရန်"(Cao Ren) သည် ရွှီချန်သို့ ဆက်သားစေလွှတ်ကာ ဖန်ချန်မြို့ကျတော့မည်ဟုပြောပြီး စစ်ကူတောင်းလေသည်။ "ချောင်ချောင်း"(Cao Cao) သည် ထိုသတင်းကိုကြားသောအခါ သူ၏စစ်သူကြီးတစ်ဦးကို အမိန့်ပေးလိုက်သည်။
"ခင်ဗျားသွားပြီး ဖန်ချန်ကို ကာကွယ်ပါ"
ထိုသူမှာ "ယွီကျင့်"(Yu Jin) ဖြစ်သည်။
"ရှေ့ပြေးတပ်ကိုဦးဆောင်ဖို့ နောက်ထပ်စစ်သူကြီးတစ်ယောက်ကိုပါ ထည့်ပေးလိုက်ပါ"
"ဘယ်သူသွားချင်လဲ"
ထိုအချိန်တွင် လူတစ်ဦးမှ

"ကျွန်တော် သွားပါ့မယ်။ ကျွန်တော် ကွမ်းယွီ(Guan Yu) ကိုဖမ်းခေါ်လာခဲ့ပါ့မယ်"

Comments

Popular posts from this blog

Lookism