သုံးနိုင်ငံခေတ် (၇၄)

အခန်း(၇၄) "ဖန်တဲ"(Pang De) သည် သူ၏အခေါင်းကိုသယ်သွားခြင်း။
"ကွမ်းယွီ"(Guan Yu) သည် တပ်ခုနစ်တပ်ကို ရေနစ်စေခြင်း။

ထိုရဲရင့်စွာပြောဆိုသောသူမှာ "ဖန်တဲ"(Pang De) ဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) သည် ထိုကဲ့သို့သောသူရှိသည်ကိုမြင်သောအခါ ဝမ်းသာလေ၏။
"ဒီကွမ်းယွီ(Guan Yu) က တအားနာမည်ကြီးပြီး တစ်နိုင်ငံလုံးမှာ သူ့ကိုယှဉ်နိုင်တဲ့လူမရှိဘူး။ အခု ခင်ဗျားသွားမယ်ဆိုတော့ သူ့ကိုအနိုင်ယူနိုင်မှာပါ"
ထို့နောက် "ယွီကျင့်"(Yu Jin) ကို 'တောင်ပိုင်းကို ပြုပြင်သောစစ်သူကြီး' ဟူသောဘွဲ့ပေးပြီး "ဖန်တဲ"(Pang De) ကို 'အနောက်ပိုင်းကို ပြုပြင်သောစစ်သူကြီး' ဟူသောဘွဲ့ကိုပေးသည်။ ပြီးနောက် "ဖန်တဲ"(Pang De) ကို ရှေ့ပြေးတပ်ခေါင်းဆောင်အဖြစ်တာဝန်ယူစေပြီး စစ်သူကြီးနှစ်ဦးတို့သည် တပ်ခုနစ်တပ်ကို ဦးဆောင်လေသည်။
ထိုတပ်ခုနစ်တပ်သည် ကြံ့ခိုင်သော မြောက်ပိုင်းသားတို့ဖြင့်ဖွဲ့စည်းထားပြီး ၎င်းတပ်တို့ကို "တုန်းဟန်"(Dong Heng) နှင့် "တုန်းချောင်"(Dong Chao) တို့က ဦးဆောင်သည်။ သူတို့၏အထက်လူကြီးမှာ "ဖန်တဲ"(Pang De) ဖြစ်လိမ့်မည်ဟုသိသောအခါ မသင့်တော်သည့်သူဟုယူဆပြီး "ယွီကျင့်"(Yu Jin) ထံသွားပြောကြသည်။
"တုန်းဟန်"(Dong Heng) မှ
"စစ်သူကြီးက ဖန်ချန်ကို စစ်ကူသွားရာမှာ စစ်အောင်နိုင်ဖို့သေချာပါတယ်။ ဒါပေမယ့် ဖန်တဲ(Pang De) ကို ရှေ့ပြေးတပ်ကိုဦးဆောင်ခိုင်းတာဟာ အပ်စပ်ပါ့မလား"
"ဘာကြောင့်လဲ"
"ဘာကြောင့်လည်းဆိုတော့ သူဟာ တစ်ချိန်တုန်းက မာချောင်း(Ma Chao) လက်အောက်မှာ အမှုထမ်းခဲ့ဖူးတယ်။ ဒါပေမယ့် မတတ်သာတဲ့အဆုံးမှာမှ ဝေတပ်ဖွဲ့အောက်မှာ လက်နက်ချခဲ့တာ။ အခု သူ့ရဲ့အရင်ခေါင်းဆောင်က ကျားစစ်သူကြီးငါးဦးထဲက တစ်ယောက်ဖြစ်တယ်။ သူ့ညီဖြစ်တဲ့ ဖန်ရို(Pang Rou ဟာလည်း အဲ့မှာ အမှုထမ်းနေတယ်။ ဒီတော့ ဖန်တဲ(Pang De) ကို ခေါင်းဆောင်အဖြစ်စေလွှတ်တာဟာ မီးကိုဆီနဲ့ငြိမ်းဖို့ကြိုးစားသလိုပဲ။ ဒါကြောင့် ဝေမင်းသားကိုပြောပြီး လူပြောင်းခိုင်းရင်မကောင်းဘူးလား"

ထိုအခါ "ယွီကျင့်"(Yu Jin) လည်း "ချောင်ချောင်း"(Cao Cao) နှင့်တွေ့ကာ ပြောလေ၏။ "ချောင်ချောင်း"(Cao Cao) သည် "ဖန်တဲ"(Pang De) ကိုခေါ်ပြီး သူ၏ရှေ့ပြေးတပ်ခေါင်းဆောင်ရာထူးနှင့်တံဆိပ်တုံးကို ပြန်အပ်ရန်တောင်းဆိုသည်။
"မင်းသားက ကျွန်တော့ရဲ့ရွက်ဆောင်မှုကို မလိုလားလို့လား? ကျွန်တော်က အကောင်းဆုံးလုပ်ဆောင်မလို့"
"ခင်ဗျားကို သံသယမရှိပါဘူး။ ဒါပေမယ့် မာချောင်း(Ma Chao) ရော၊ ခင်ဗျားညီရောက လျူဘေ့(Liu Bei) လက်အောက်မှာရှိနေပြီး တခြားလူတွေကလည်းပြောနေကြလို့။ ငါလည်း မတတ်နိုင်ဘူး"
ထိုအခါ "ဖန်တဲ"(Pang De) သည် သူ၏ခေါင်းဆောင်းကိုချွတ်ကာ ဒူးထောက်ပြီး ငိုကြွေးလေသည်။
"ကျွန်တော် လက်နက်ချပြီးကတည်းက သခင်ကြီးရဲ့ကြင်နာမှုကိုခံစားခဲ့ရလို့ ကျွန်တော်က ဘယ်လိုအခက်အခဲမျိုးပဲကြုံပါစေ၊ အဲ့ကျေးဇူးတွေကိုပြန်ဆပ်ဖို့ ဆုံးဖြတ်ထားတယ်။ သခင်ကြီးက ကျွန်တော့ကို ယုံကြည်ဖို့မျှော်လင့်ပါတယ်။ တစ်ခါတုန်းက ကျွန်တော်နဲ့ကျွန်တော့ညီအိမ်မှာ ရှိတဲ့အချိန်၊ ကျွန်တော်မူးနေတဲ့အချိန်တုန်းက သူ့ရဲ့ကောက်ကျစ်တဲ့ဇနီးကို ကျွန်တော်သတ်ခဲ့မိတယ်။ ဒါကြောင့် ကျွန်တော့ညီက ကျွန်တော့ကိုခွင့်မလွှတ်ပဲရန်သူတွေဖြစ်ခဲ့တယ်။ ကျွန်တော်ရဲ့သခင်ဟောင်း မာချောင်း(Ma Chao) အပေါ်မှာတော့ ဟိုးအရင်တည်းက သူ့ကိုအထင်သေးခဲ့တယ်။ သူက သတ္တိပဲရှိသူဖြစ်ပြီး ကျန်တဲ့အရည်အချင်းတွေမရှိဘူး။ သူ အနောက်ဘက်ကိုထွက်ပြေးရတဲ့အချိန်က သနားစရာကောင်းတယ်။ အခု သူလည်း သူ့သခင်အောက်မှာ အမှုထမ်းနေသလို ကျွန်တော့မှာလည်း ကျွန်တော့သခင်ရှိတယ်။ ကျွန်တော်တို့ကြားက ချစ်ခင်ရင်းနှီးမှုဆိုတာ မရှိတော့ဘူး။ သခင်ကြီးရဲ့ကျေးဇူးအပေါ် ကျွန်တော်ဘယ်လိုသစ္စာဖောက်ပါ့မလဲ"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် "ဖန်တဲ"(Pang De) အား ဒူးထောက်ရာမှထစေသည်။
"ခင်ဗျားက သစ္စာရှိတဲ့လူဆိုတာ ကျုပ်သိပြီးသားပါ။ တခြားလူတွေပြောလို့သာ ကျုပ်က ဒီလိုပြောရတာပါ။ အခု ခင်ဗျား ကျော်ကြားအောင်လုပ်ဆောင်လို့ရပြီ။ ခင်ဗျားသာ သစ္စာမဖောက်ရင် ကျုပ်ဘက်ကလည်း မပျက်ကွက်စေရဘူး"
"ဖန်တဲ"(Pang De) သည် သူ၏အိမ်ပြန်ပြီးနောက်ဝယ် အခေါင်းတစ်ခုလုပ်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ဧည့်သည်တို့ကိုဖိတ်ကြားပြီး အခေါင်းကို ဧည့်ခန်းထဲတွင် ထားထားစေသည်။
"ဘာလို့ နိမိတ်နမာမရှိတဲ့ဟာကို စစ်ထွက်ခါနီးမှာ ထားထားရတာတုန်း"
"ဝေမင်းသားက ကျုပ်အပေါ်ကောင်းခဲ့တဲ့အတွက် ကျုပ်က ဒီကျေးဇူးကို အသက်ဆုံးသည်ထိပေးဆပ်မလို့ပါ။ ကျုပ် ကွမ်းယွီ(Guan Yu) နဲ့တိုက်ရင် ကျုပ်က သူ့ကိုသတ်နိုင်ရင်သတ်၊ မသတ်နိုင်ရင် သူက ကျုပ်ကိုသတ်မှာပဲ။ သူကျုပ်ကိုမသတ်ရင်လည်း ကိုယ့်ဟာကို သတ်သေပါမယ်။ ဒါကြောင့် ဒီအခေါင်းကိုလိုအပ်တယ်။ ကျုပ်တာဝန်ကို မပြီးဆုံးမချင်းပြန်လာမှာမဟုတ်ဘူး။
ထို့ကြောင့် ဧည့်သည်တို့လည်း သက်ပြင်းချကြသည်။

"ဖန်တဲ"(Pang De) သည် သူ၏ဇနီး လီအမျိုးသမီးနှင့် "ဖန်ဟွေး"(Pang Hui) တို့ကိုခေါ်ကာ သားဖြစ်သူအား စောင့်ရှောက်ရန် မှာကြားသည်။
"ဒီတစ်ခေါက်မှာ ကွမ်းယွီ(Guan Yu) ကိုတိုက်ဖို့အတွက် ရှေ့ပြေးတပ်ကိုဦးဆောင်ရမယ်။ အကယ်၍ ပြန်မလာနိုင်ခဲ့ရင် ငါတို့သားကို ချစ်ဇနီးကပဲ ကြည့်ရှုစောင့်ရှောက်ပါ။ ဪ၊ သားက မကောင်းတဲ့နက္ခတ်အောက်မှာမွေးလာလားမသိဘူး။ ကြီးပြင်းလာရင် သူ့အဖေအတွက် လက်စားချေကောင်း ချေရလိမ့်မယ်"
ထိုအခါ သားအမိနှစ်ဦးတို့သည် ငိုယိုကာ နှုတ်ဆက်ကြသည်။

"ဖန်တဲ"(Pang De) မှ သူ၏အမှုထမ်းတို့အား
"ကျုပ် ကွမ်းယွီ(Guan Yu) နဲ့သူသေကိုယ်သေတိုက်ရမယ်။ ကျုပ်တိုက်ပွဲကျသွားရင် ကျုပ်အလောင်းကို ဒီအခေါင်းထဲမှာ ထည့်လိုက်ပါ။ ကွမ်းယွီ(Guan Yu) ကိုသတ်နိုင်ရင်တော့ သူ့ခေါင်းကိုဖြတ်ပြီး အခေါင်းကိုပြန်သယ်လာမယ်"
ထိုအခါ ဝါရင့်စစ်သည်ငါးရာတို့ကလည်း
"စစ်သူကြီးက ဒီလိုဆိုရင် ကျွန်တော်တို့လည်း စစ်သူကြီးနောက်ကို အဆုံးတိုင်လိုက်ပါ့မယ်"
ထို့နောက် စစ်ချီတက်သွားကြသည်။

ထိုအကြောင်းကို "ချောင်ချောင်း"(Cao Cao) ကြားလျှင် လွန်စွာ ဝမ်းမြောက်လေ၏။
"ဒီလိုစစ်သူကြီးက ဦးဆောင်ရင် စိတ်ပူစရာမလိုတော့ဘူး"
သို့သော် "ကျာရွှီ"(Jia Xu) မှ
"ကျွန်တော် ဖန်တဲ(Pang De) ရဲ့လုံခြုံမှုကိုစိုးရိမ်ပါတယ်။ သူက သတ္တိရှိတာလွန်သွားပြီး ကွမ်းယွီ(Guan Yu) နဲ့သေသေကြေကြေရင်ဆိုင်လိုနေတာကြောင့်ဖြစ်တယ်"
ထို့ကြောင့် "ချောင်ချောင်း"(Cao Cao) သည် "ဖန်တဲ"(Pang De) ထံ သတိပေးစာတစ်စောင့်ပို့စေသည်။
'ကွမ်းယွီ(Guan Yu) က သူရသတ္တိရော၊ ဉာဏ်ရည်ဉာဏ်သွေးရော နည်းသူမဟုတ်ဘူး။ ဒါကြောင့် သူနဲ့ရင်ဆိုင်ရင် သတိကြီးကြီးထားပါ။ အနိုင်ယူနိုင်က အနိုင်ယူ၊ မယူနိုင်ရင် ခုခံရုံသာခုခံပါ'

"မင်းသားက ကွမ်းယွီ(Guan Yu) အပေါ် တအားအထင်ကြီးတာပဲ။ ဒါဟာ သူ့ရဲ့နှစ်သုံးဆယ်ကျော်နာမည်ကြီးမှုကြောင့်ပဲဖြစ်မယ်"
"ယွီကျင့်"(Yu Jin) မှ
"မင်းသားရဲ့အမိန့်ကို နာခံရမယ်"
"ဖန်တဲ"(Pang De) သည် ဗုံတို့ကိုတီးစေကာ ဖန်ချန်သို့အလျင်အမြန်ချီတက်သည်။

"ကွမ်းယွီ"(Guan Yu) သည် တပ်စခန်းထဲတွင် ထိုင်နေစဉ် သတင်းတစ်ခုရောက်လာသည်။
"ယွီကျင့်(Yu Jin) ဦးဆောင်တဲ့ တပ်ခုနစ်တပ်ဟာ ဆယ်မိုင်အကွာနားကိုရောက်လာပါတယ်။ ရှေ့ပြေးတပ်ကိုဦးဆောင်တဲ့လူက ဖန်တဲ(Pang De) ဖြစ်ပြီး အခေါင်းယူလာပြီးတော့ စစ်သူကြီးကိုအနိုင်ယူမယ်လို့ သွားပုတ်လေလွင့်ပြောနေပါတယ်"
ထိုအခါ "ကွမ်းယွီ"(Guan Yu) သည် ဒေါသထွက်ပြီး သူ၏မုတ်ဆိတ်မှာ လှုပ်ခါသွားသည်။
"ဒီလောကထဲက စစ်တိုက်တဲ့လူတွေဟာ ကျုပ်နာမည်ကြားတာနဲ့ မတုန်လှုပ်သွားတဲ့လူမရှိဘူး။ သူက ကျုပ်ကိုအထင်သေးရဲတယ်"
ထို့နောက် "ကွမ်းဖင်"(Guan Ping) အား ဖန်ချန်ကိုတိုက်ရန်အမိန့်ပေးပြီး သူကိုယ်တိုင်မှာမူ ထိုကြွားဝါသူကိုတိုက်ရန်ပြုသည်။
"အဖေ၊ ထိုက်စန်းတောင်က သာမန်ကျောက်တုံးလေးကို ဂရုမမူပါဘူး။ ကျွန်တော့ကိုသွားခွင့်ပြုပြီး ဖန်တဲ(Pang De) နဲ့ရင်ဆိုင်ပါရစေ"
"ကောင်းပြီ၊ ငါ့သား၊ မင်းသွားပြီးကြိုးစားကြည့်ပါ။ အဖေအားပေးနေမယ်"

"ကွမ်းဖင်"(Guan Ping) သည် သူ၏ဓားကိုကိုင်ကာ မြင်းစီးပြီး တပ်ဖွဲ့တို့ကိုဦးဆောင်ပြီးထွက်သွားသည်။ တပ်ဖွဲ့နှစ်ခုတွေ့သောအခါ ဝေတပ်ဘက်တွင် အမည်းရောင်အလံလွှင့်ထူထားပြီး ထိုအလံပေါ်တွင် "ဖန်တဲ"(Pang De) ဟူသောစာရေးထားပြီး အဖြူရောင်အလံပေါ်တွင် 'အနောက်ပိုင်းကိုပြုပြင်သူ' ဟုရေးထားသည်။ ခေါင်းဆောင်ဖြစ်သူသည် အပြာရောင်အဝတ်ကိုဝတ်ဆင်ကာ ငွေရောင်ခမောက်ကိုဆောင်းထားပြီး အဖြူရောင်မြင်းကိုစီးထားသည်။ သူသည် စစ်သည်ငါးရာ၏ရှေ့တွင်ရပ်နေပြီး နံဘေးတွင် အခေါင်းတစ်ခုလည်းရှိသည်။
"ကွမ်းဖင်"(Guan Ping) သည် ဒေါသထွက်ပြီး
"သစ္စာဖောက်" ဟုဆိုလေသည်။

"သူက ဘယ်သူတုန်း"
"သူက ကွမ်းယွီ(Guan Yu) ရဲ့မွေးစားသား  ကွမ်းဖင်(Guan Ping) ပါ"
"ကျုပ်က မင်းအဖေရဲ့ခေါင်းကိုဖြတ်ဖို့ ဝေမင်းသားဆီက အမိန့်စာပါတယ်။ မင်းက သာမန်ပမွှားလေးမို့လို့ မင်းကိုလွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် မင်းအဖေကိုခေါ်လိုက်ပါ"
"ကွမ်းဖင်"(Guan Ping) သည် သူ၏ဓားကိုကိုင်ကာ "ဖန်တဲ"(Pang De) နှင့်တိုက်လေသည်။ အကွက်သုံးဆယ်ခန့်တိုက်ပြီးသော်လည်း မည်သူမှအနိုင်မရသေးချေ။ နောက်ဆုံးတွင် အနားယူရန် နှစ်ဖက်လုံးမှ ရပ်တန့်လိုက်သည်။
ထိုအကြောင်းကိုကြားသောအခါ "ကွမ်းယွီ"(Guan Yu) သည်မကျေနပ်ပေ။ ထို့ကြောင့် "လျောင်ဟွာ"(Liao Hua) အားမြို့ကိုတိုက်ရန်အမိန့်ပေးပြီး သူကိုယ်တိုင်မှာမူ "ဖန်တဲ"(Pang De) နှင့်ရင်ဆိုင်ရန်ပြုသည်။ "ကွမ်းဖင်"(Guan Ping) သည် သူ၏ဖခင်အား အဖြစ်အပျက်အလုံးစုံတို့ကိုပြောလေသည်။
"ကွမ်းယွီ"(Guan Yu) သည် သူ၏ အစိမ်းရောင်နဂါးဓားရှည်ကိုကိုင်ပြီး
"မြန်မြန်လာပြီး အသတ်ခံစမ်း"

တစ်ဘက်မှာဗုံတို့ကိုတီးကာ "ဖန်တဲ"(Pang De) ရောက်လာပြီးနောက်
"ဝေမင်းသားက ခင်ဗျားကိုသတ်ဖို့အမိန့်ပေးခဲ့တယ်၊ ခင်ဗျားမယုံမှာစိုးလို့ ဒီမှာအခေါင်းတောင်ယူလာသေးတယ်။ သေမှာကြောက်ရင် မြင်းပေါ်ကဆင်းပြီး အညံ့ခံပါ"
"ခင်ဗျားလို သာမန်အရူးတစ်ယောက်က ဘာလုပ်နိုင်မှာမို့လဲ? ဒီလိုကြွက်စုတ်ရဲ့သွေးက ကျုပ်ဓားမှာပေတော့မှာကို သနတယ်"
ထို့နောက် မြင်းနီကိုစီးပြီး "ဖန်တဲ"(Pang De) နှင့်တိုက်သည်။ သူတို့နှစ်ဦးသည် အကွက်တစ်ရာခန့်တိုက်သော်လည်း အနိုင်အရှုံးမပေါ်ပေ။ တပ်နှစ်တပ်လုံးက အံ့အားသင့်စွာဖြင့်ကြည့်နေခဲ့ကြသည်။
သို့သော် ဝေတပ်မှာ သူတို့စစ်သူကြီးအတွက်စိုးရိမ်သဖြင့် တပ်ဆုတ်ရန် အချက်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် "ကွမ်းဖင်"(Guan Ping) သည် သူ၏ဖခင်ပင်ပန်းမည်စိုးသောကြောင့် ဗုံတို့ကိုတီးကာ တပ်ဆုတ်စေ၏။

"ဖန်တဲ"(Pang De) သည် သူ၏တပ်ဖွဲ့အတွင်းသို့ပြန်ရောက်သောအခါ
"ကွမ်းယွီ(Guan Yu) ဟာ စစ်ပွဲထဲမှာ အင်အားကြီးသူလို့ လူတွေပြောကြတာ ဒီနေ့တော့ယုံသွားပြီ"
ထိုအချိန်တွင် ခေါင်းဆောင်ဖြစ်သည့် "ယွီကျင့်"(Yu Jin) ရောက်လာပြီး
"စစ်သူကြီးက အကွက်တစ်ရာလောက်တိုက်နိုင်ခဲ့ပြီး အရှုံးအနိုင်မပေါ်ခဲ့ဘူး။ လောလောဆယ်မှာတော့ သူနဲ့မရင်ဆိုင်သေးပဲနေရင်ကောင်းမယ်၊ ဒီလိုမှ သူ့ရဲ့တိုက်ခိုက်လိုစိတ် တုံးသွားမှာ"
"ခင်ဗျားက ဘာလို့ဒီလောက်ပျော့ရတာလဲ? ဒါတောင် မင်းသားက တပ်ခုနစ်တပ်ကိုဦးဆောင်ဖို့ ခင်ဗျားကိုတာဝန်ပေးခဲ့တယ်။ မနက်ဖြန်မှာ သူနဲ့သူသေကိုယ်သေတိုက်မယ်။ ကျုပ်လုံးဝလက်မလျှော့ဘူး"
"ယွီကျင့်"(Yu Jin) သည် "ဖန်တဲ"(Pang De) ၏ဆုံးဖြတ်ချက်ကိုမတားမြစ်နိုင်သဖြင့် သူ၏စခန်းသို့ပြန်သွားသည်။
"ကွမ်းယွီ"(Guan Yu) သည် သူ၏စခန်းသို့ပြန်ရောက်သောအခါ ပြိုင်ဖက်ဖြစ်သူအား ချီးမွမ်းသည်။
"သူ့ရဲ့ဓားရေးက လုံးဝပြီးပြည့်စုံတယ်။ ကျုပ်နဲ့ယှဉ်နိုင်တဲ့ရန်သူပဲ"
"ကွမ်းဖင်"(Guan Ping) မှ
"မွေးခါစနွားပေါက်က ကျားကိုမကြောက်ဘူး။ ဒါပေမယ့် အဖေက သူနဲ့ရင်ဆိုင်ပြီး သူ့ကိုသတ်လိုက်ရင်တောင် သာမန်ချန်မျိုးနွယ်စုက တပ်သားကိုသတ်သလိုပဲ။ အဖေတစ်ခုခုဖြစ်သွားရင် ဘကြီးကို ဘယ်လိုမျက်နှာပြမလဲ"
"သူ ဒီအတိုင်းသေဆုံးရုံနဲ့ ကျုပ်က ဘယ်ကျေနပ်နိုင်မလဲ? သူနဲ့တိုက်ခိုက်ဖို့ဆုံးဖြတ်ပြီးပြီ။ ထပ်မပြောနဲ့တော့။

နောက်ရက်တွင် "ကွမ်းယွီ"(Guan Yu) က အရင်ဆုံးထွက်လာပြီး တခဏခန့်ကြာသော် "ဖန်တဲ"(Pang De) ရောက်လာသည်။ နှစ်ဖက်လုံး၏တပ်ဖွဲ့တို့ကို ခင်းကျင်းထားပြီး နှစ်ယောက်လုံးစကားမပြောကြပဲ တခဏကြာသော် တိုက်ခိုက်လေသည်။ အကွက်ငါးဆယ်ခန့်တိုက်ပြီးနောက်ဝယ် "ဖန်တဲ"(Pang De) သည် ဓားကိုဓားအိမ်ထဲသို့ထည့်လိုက်ပြီး လှည့်ပြေးသည်။ "ကွမ်းယွီ"(Guan Yu) ကလည်း အနောက်မှလိုက်သည်။
"သစ္စာဖောက်၊ ခင်ဗျားက မြင်းပေါ်ကဓားနဲ့ဝှေ့ရမ်းတိုက်တဲ့အကွက်သုံးမလို့မလား။ ကျုပ်က အဲ့အကွက်ကိုမကြောက်ဘူး"
စင်စစ် "ဖန်တဲ"(Pang De) သည် မြားနှင့်ပစ်ရန်ကြံခဲ့ခြင်းဖြစ်သည်။ သူ၏မြင်းပေါ်မှတဆင့် မြားနှင့်ပစ်ရန် လေးတင်သောအခါ မျက်စိလျင်သော "ကွမ်းဖင်"(Guan Ping) မှ
"ဟိုသူပုန်က မြားပစ်ဖို့လုပ်နေတယ်" ဟု သတိလှမ်းပေးသည်။
"ကွမ်းယွီ"(Guan Yu) သည် ရှောင်ရန်ပြုသော်လည်း ထိုအချိန်တွင် မြားကိုပစ်လိုက်ပြီ ဖြစ်သောကြောင့် သူ၏ဘယ်ဘက်လက်မောင်းကိုထိမှန်သွားသည်။ "ကွမ်းဖင်"(Guan Ping) သည် သူ၏အဖေကိုကူညီရန် ချက်ချင်းထွက်လာပြီး ဖခင်ကိုခေါ်ကာ စခန်းသို့ပြန်လေသည်။ "ဖန်တဲ"(Pang De) သည် "ကွမ်းယွီ"(Guan Yu) အား အနောက်မှလိုက်တိုက်ရန်ပြုသော်လည်း သူ၏တပ်ဖွဲ့မှ တပ်ဆုတ်ရန်အမိန့်ပေးသောကြောင့် ရပ်တန့်လိုက်ရသည်။
အကြောင်းမှာ "ဖန်တဲ"(Pang De) ၏စွမ်းဆောင်မှုတို့ကိုမြင်သော "ယွီကျင့်"(Yu Jin) မှ သူ့ထက်သာသွားမည်ကို မလိုလားသောကြောင့် တပ်ဆုတ်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

"ဖန်တဲ"(Pang De) သည် ထိုအမိန့်ကိုနာခံခဲ့သော်လည်း ပြန်လှည့်လာသောအခါ တပ်ဆုတ်ခိုင်းရခြင်းအကြောင်းကိုမေးသည်။
"ဘာလို့မောင်းခတ်ပြီး တပ်ဆုတ်ဖို့အချက်ပေးရတာလဲ"
"ဘာကြောင့်လည်းဆိုတော့ ဒါက မင်းသားရဲ့သတိပေးချက်ကြောင့်ပါ။ ကွမ်းယွီ(Guan Yu) က ဒဏ်ရာရနေပေမယ့် ဒါက သူပရိယာယ်သုံးတာဖြစ်မှာစိုးလို့"
"ခင်ဗျားသာ အဲ့လိုမလုပ်ရင် သူ့ကိုသတ်နိုင်ခဲ့မှာ"
"အလျင်လို အနှေးဖြစ်တယ်။ ဒါကြောင့် တိုက်ခိုက်မှုကို ခဏနားလိုက်ပါ"
"ဖန်တဲ"(Pang De) မှာ တပ်ဆုတ်သည့်အကြောင်းအရင်းမှန်ကို မသိခဲ့သော်လည်း မကျေမနပ်ဖြစ်လေသည်။

"ကွမ်းယွီ"(Guan Yu) သည် သူ၏စခန်းသို့ပြန်ရောက်သောအခါ မြားကိုဆွဲထုတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် မြားဒဏ်ရာသည် အတွင်းထဲသို့မဝင်ခဲ့ပေ။ ပြီးနောက် ထိုဒဏ်ရာကို ဆေးတို့ဖြင့်လိမ်းထားလိုက်သည်။
"ဒီမြားဒဏ်ရာအတွက် လက်စားပြန်ချေရမယ်"
"လောလောဆယ်မှာတော့ ဒဏ်ရာပြန်ကောင်းသည်အထိအနားယူပြီးမှ တိုက်ခိုက်ဖို့လိအုပ်ပါ"
မကြာခင်တွင် "ဖန်တဲ"(Pang De) ရောက်လာပြီး စိန်ခေါ်သည်။ "ကွမ်းယွီ"(Guan Yu) သည် ထွက်ပြီးရင်ဆိုင်ရန်ပြုသော်လည်း အမှုထမ်းတို့၏တားမြစ်မှုကြောင့် မထွက်တော့ပေ။ ထိုအခါ "ဖန်တဲ"(Pang De) သည် သူ၏ရဲမက်တို့အား မခံချင်အောင်ပြောစေပြီး စိန်ခေါ်စေသည်။ "ကွမ်းဖင်"(Guan Ping) သည် ထိုအသံတို့ကို ဖခင်ဖြစ်သူမကြားနိုင်အောင် ပြုထားသည်။
ဆယ်ရက်ခန့်ကြာအောင် စိန်ခေါ်သော်လည်း တဖက်ရန်သူမှ ထွက်မလာသောကြောင့် "ဖန်တဲ"(Pang De) သည် "ယွီကျင့်"(Yu Jin) နှင့်တိုင်ပင်သည်။
"ဒါ ကွမ်းယွီ(Guan Yu) မြားဒဏ်ရာရနေလို့ ထွက်မလာတာဖြစ်မယ်။ ဒီအချိန်မှာ သူ့စခန်းကိုဝင်တိုက်ပြီး အနိုင်ယူရင် ဖန်ချန်မြို့ကိုကယ်တင်နိုင်မယ်"

သို့သော်လည်း "ယွီကျင့်"(Yu Jin) သည် မနာလိုစိတ်ကြီးမားနေသောကြောင့် "ဖန်တဲ"(Pang De) ၏စကားတို့ကို နားမထောင်ခဲ့ပေ။ သူ၏တပ်တို့ကို ဖန်ချန်မှ မြောက်ဘက်သုံးမိုင်အကွာတွင် စခန်းချထားစေပြီး "ဖန်တဲ"(Pang De) ကိုလည်း မလှုပ်ရှားနိုင်ရန် အနောက်ဘက်တွင် နေရာပေးထားခဲ့သည်။
"ကွမ်းယွီ"(Guan Yu) ၏ ဒဏ်ရာမှာ သက်သာလာသောကြောင့် "ကွမ်းဖင်"(Guan Ping) မှာ ဝမ်းမြောက်သွားသည်။ သူတို့သည် "ယွီကျင့်"(Yu Jin) ၏စခန်းပြောင်းရွှေ့သွားသည်ကိုသိသောအခါ ရန်သူတို့တစ်ခုခုကြံစည်နေမည်ကိုစိုးရိမ်သော "ကွမ်းဖင်"(Guan Ping) မှ သူ၏ဖခင်ကိုပြောသည်။ "ကွမ်းယွီ"(Guan Yu) သည် အမြင့်တစ်နေရာမှနေပြီး ကြည့်ရာ ဖန်ချန်မြို့တွင်းမှာ အရာအားလုံးတို့ကိုမြင်နေရပြီး စစ်ကူတပ်တို့သည် မြောက်ပိုင်းချိုင့်ဝှမ်းနားတွင်တပ်စွဲထားသည်ကိုလည်း တွေ့ရသည်။ ထို့အပြင် ရှန်မြစ်သည် အလျင်အမြန်ဖြင့်စီးဆင်းနေသည်ကိုမြင်တွေ့ရပြီးနောက် လမ်းပြတို့ကိုခေါ်ကာ သုံးမိုင်အကွာခန့်က စမ်းချောင်း၏နာမည်ကိုမေးသည်။
"ကျန့်ခို စမ်းချောင်းလို့ခေါ်ပါတယ်"
ထိုအခါ "ကွမ်းယွီ"(Guan Yu) သည် ရယ်လေ၏။
"ယွီကျင့်(Yu Jin) ကိုဖမ်းလို့ရပြီ"
အဘယ်ကြောင့် ထိုသို့ပြောသည်ကို မေးကြသောအခါ.....
"ဘာကြောင့်လည်းဆိုတော့ ပိုက်ကွန်ထဲက ငါးက ဘယ်လောက်ကြာကြာခံနိုင်မှာမို့လဲ"

အမှုထမ်းတို့လည်း ထိုစကားကို အမှုမဲ့အမှတ်မဲ့ပင် သတိမထားကြပေ။ ဆောင်းဦးမိုးတို့သည် ခုနစ်ရက်ခုနစ်လီရွာသွန်းပြီး ရေကြီးရေလျှံဖြစ်လေသည်။ ထိုအခါ လှေ၊ ဖောင်တို့ကို အဆင်သင့်ပြင်ထားရန် အမိန့်ပေးသည်။ "ကွမ်းဖင်"(Guan Ping) သည် ခြောက်သွေ့သောစစ်မြေပြင်တွင် အဘယ်ကြောင့် ထိုသို့ပြင်ခိုင်းသည်ကိုနားမလည်သောကြောင့် မေးသည်။
"ဒါတောင် မသိဘူးလား။ ရန်သူတွေက အန္တရာယ်များတဲ့ချိုင့်ဝှမ်းမှာစခန်းချထားတယ်။ နောက်ရက်နည်းနည်းလောက်ထိ မိုးရွာပြီးရင် ရှန်မြစ်က ရေတက်လိမ့်မယ်။ ဒီတော့ လူလွှတ်ပြီး ဆည်တွေလုပ်ခိုင်းပြီး ရေတွေကို အမြင့်ကြီးအထိထားစေမယ်။ ပြီးတော့ ဆည်တွေကိုဖောက်လိုက်ပြီး ဖန်ချန်ကိုရေလွှမ်းမိုးစေမယ်။ အဲ့လိုဆို အဲ့ချိုင့်ဝှမ်းလည်း ရေလွှမ်းပြီး တပ်သားတွေက ရေနေသတ္တဝါတွေဖြစ်သွားလိမ့်မယ်"

ဝေတပ်စခန်းဝယ်....
နေ့စဉ်ရက်ဆက်ရွာသွန်းသောမိုးကြောင့် စစ်ဆေးရေးအရာရှိ "ချန်ဟဲ"(Cheng He) သည် ခေါင်းဆောင်ဖြစ်သူနှင့်သွားတွေ့သည်။
"ကျွန်တော်တို့တပ်ဖွဲ့ဟာ စမ်းချောင်းနဲ့နီးတဲ့ မြေနိမ့်ပိုင်းမှာစခန်းချထားတယ်။ ဒီနားမှာ တောင်ကုန်းတွေလည်းဝန်းရံထားတဲ့အတွက် ရေကြီးခဲ့ရင် ရေတွေကိုထုတ်ဖို့အဆင်မပြေဘူး။ မိုးအကြီးအကျယ်ရွာတာကြောင့် ရဲမက်တွေလည်း အဆင်မပြေဖြစ်နေပြီ။ ဒါ့အပြင် ကျင်ကျိုးတပ်တွေက အမြင့်ပိုင်းကိုပြောင်းသွားတယ်လို့သတင်းရတယ်။ နောက်ပြီး ဖောင်တွေ၊လှေတွေလည်း ပြင်နေကြတယ်တဲ့။ ဒါကြောင့် ကျွန်တော်တို့တစ်ခုခုလုပ်သင့်ပါတယ်"
"ယွီကျင့်"(Yu Jin) ကလက်မခံပေ။
"အရူး! ခင်ဗျားက စစ်သည်တွေစိတ်ဓာတ်ကျအောင်ပြောနေတာလား? ထပ်မပြောနဲ့တော့၊ အဲ့လိုမှမဟုတ်ရင် ခင်ဗျားခေါင်းက မြေခရလိမ့်မယ်"
ထိုအခါ "ချန်ဟဲ"(Cheng He) သည် အရှက်ရကာ ထွက်သွားပြီး "ဖန်တဲ"(Pang De) နှင့်တွေ့သည်။

"ဖန်တဲ"(Pang De) မှ
"ခင်ဗျားပြောတာမှန်တယ်၊ ယွီကျင့်(Yu Jin) ဘာမှမလုပ်ရင်တောင် ကျုပ်တစ်ခုခုလုပ်ပါ့မယ်"
ထိုညတွင် မုန်တိုင်းတိုက်လေသည်၊ "ဖန်တဲ"(Pang De) သည် သူ၏စခန်းအတွင်း၌ရှိနေစဉ် မြင်းသောင်းပေါင်းများစွာတို့၏အသံနှင့်ဗုံသံတို့ကို ကြားသောကြောင့် ထွက်ကြည့်လေသည်။ ထိုအချိန်တွင် တပ်ခုနစ်တပ်တို့သည် ရေမြုပ်နေခဲ့ပြီး ရေမှာ ဆယ်ထွာအမြင့်သို့တက်ခဲ့သည်။ "ယွီကျင့်"(Yu Jin) ၊ "ဖန်တဲ"(Pang De) နှင့် အခြားအမှုထမ်းတို့သည် တောင်ကုန်းထက်သို့တက်ကြသည်။
မိုးသောက်စတွင် "ကွမ်းယွီ"(Guan Yu) သည် သူ၏လှေ၊သင်္ဘောတို့နှင့်အတူ ချီတက်လာပြီး ဗုံတို့ကိုတီးစေသည်။  "ယွီကျင့်"(Yu Jin) ၏ နောက်လိုက်တပ်သားတို့မှာ ငါးဆယ်၊ ခြောက်ဆယ်ခန့်သာကျန်တော့သည်။ အကုန်လုံးက လက်နက်ချလိုကြလေသည်။ "ကွမ်းယွီ"(Guan Yu) သည် ထိုသူအားလုံးတို့၏လက်နက်၊ သံချပ်ကာတို့ကို ချွတ်စေပြီး သင်္ဘောပေါ်တက်စေသည်။

ပြီးနောက် "ဖန်တဲ"(Pang De) ကိုဖမ်းဆီးရန်ပြုသည်။ "ဖန်တဲ"(Pang De) သည် "တုန်းဟန်"(Dong Heng) ၊ "တုန်းချောင်"(Dong Chao) ၊ "ချန်ဟဲ"(Cheng He) အပြင် တပ်သားငါးရာနှင့်အတူရှိနေခဲ့သည်။ ရန်သူတို့နီးကပ်လားသော်လည်း "ဖန်တဲ"(Pang De) သည် ကြောက်ရွံ့မှု တစိုးတစိမှမရှိပေ။ "ကွမ်းယွီ"(Guan Yu) သည် တဖက်ရန်သူတို့ကိုဝန်းရံကာ မြားတို့ဖြင့်ပစ်စေသည်။
ထိုအခါ "တုန်းဟန်"(Dong Heng) နှင့် "တုန်းချောင်"(Dong Chao) တို့က လက်နက်ချလို၏။
"ကျွန်တော်တို့လူတစ်ဝက်လောက်သေသွားပြီ။ လက်နက်ချမှပဲဖြစ်တော့မယ်"
"ကျုပ်က မင်းသားရဲ့ချီးမြှောက်မှုတွေကိုလက်ခံခဲ့တာ တခြားလူလက်အောက်မှာ ခေါင်းငုံ့မယ်လို့ထင်လား"
ထို့နောက် "တုန်းဟန်"(Dong Heng) နှင့် "တုန်းချောင်"(Dong Chao) တို့ကိုသတ်လိုက်ပြီး
"လက်နက်ချဖို့ပြောတဲ့လူတွေ သူတို့လမ်းအတိုင်းသွားရမယ်"
ထိုအခါ တပ်သားတို့သည် သည်းသည်းမည်းမည်းတိုက်ကြပြီး နေ့လည်အထိခုခံနိုင်ခဲ့သည်။ "ကွမ်းယွီ"(Guan Yu) သည် သူ၏တပ်သားတို့ကို အပြင်းအထန်တိုက်စေသည်။

"ဖန်တဲ"(Pang De) မှ
"ရဲရင့်တဲ့ခေါင်းဆောင်ဟာ သေခြင်းတရားကို တပ်ပြေးမှုလောက်မကြောက်ဘူး။ ရဲစွမ်းသတ္တိရှိတဲ့သူရဲဟာ ကိုယ့်အသက်ကယ်ဖို့အတွက် ကိုယ့်ယုံကြည်မှုကို မချိုးဖောက်ဘူး"
"ဒီနေ့ဟာ ကျွန်တော့ရဲ့နောက်ဆုံးနေ့ပဲ၊ ဒါပေမယ့် ကျွန်တော် အဆုံးအစွန်အထိတိုက်သွားမယ်။ စစ်သူကြီးလည်း ဆက်လက်တိုက်ခိုက်သွားပါ"
ထိုသို့ပြောပြီးနောက် "ချန်ဟဲ"(Cheng He) သည် ဆက်လက်တိုက်ခိုက်ပြီး နောက်ဆုံးတွင် "ကွမ်းယွီ"(Guan Yu) ၏မြားမှန်ကာ ရေထဲသို့ကျသွားသည်။ ရဲမက်တို့သည်လည်း လက်နက်ချကြလေသည်။
"ဖန်တဲ"(Pang De) မှာ ဆက်လက်တိုက်ခိုက်နေပြီး လှေတစ်စင်းသည် မြေပြင်နှင့်ကပ်လာသောကြောင့် ထိုလှေပေါ်သို့ခုန်တက်လိုက်ပြီး ရဲမက်စစ်သည်ဆယ်ယောက်ခန့်ကိုသတ်လိုက်သည်။ အခြားသောသူတို့သည်လည်း လှေပေါ်မှခုန်ဆင်းပြီး ရေကူးကာပြေးသွားကြသည်။ "ဖန်တဲ"(Pang De) သည် လှေကိုကြိုးစားထိန်းပြီး ဖန်ချန်သို့ပြန်ရန်ပြုသည်။ သို့သော် အခြားသင်္ဘောတစ်စင်းက သူ၏လှေကို ဝင်တိုက်ရာ သူသည် ရေထဲသို့ကျသွားသည်။ စစ်သူကြီးတစ်ဦးသည် ရေထဲသို့ဆင်းပြီး "ဖန်တဲ"(Pang De) ကိုဖမ်းခေါ်ပြီးနောက် သင်္ဘောပေါ်ပြန်တက်လာသည်။ ထိုစစ်သူကြီးမှာ "ကျိုးချန်"(Zhou Cang) ဖြစ်ပြီး ရေကူးကျွမ်းကျင်သူဖြစ်သည်။ သူသည် ကျင်ကျိုးတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ရေလမ်းကျွမ်းကျင်သူဖြစ်သည်။ ထို့အပြင် ခွန်အားကြီးမားသူဖြစ်ရကား "ဖန်တဲ"(Pang De) ကို အရှင်ဖမ်းနိုင်ခဲ့သည်။
တပ်ကြီးခုနစ်တပ်သည် ရေနစ်သေဆုံးကုန်ကြပြီး ရေကူးပြီးလွတ်မြောက်သွားသူအချို့သာရှိခဲ့သည်။ ထိုသူတို့သည်လည်း မပြေးနိုင်သောကြောင့် လက်နက်ချခဲ့လေသည်။

"ကွမ်းယွီ"(Guan Yu) သည် သူ၏တပ်စခန်းထဲတွင်ရှိနေစဉ် တပ်သားတို့က "ယွီကျင့်"(Yu Jin) ကိုခေါ်လာပြီး ဒူးထောက်စေသည်။
"ခင်ဗျားက ကျုပ်ရဲ့တိုက်ရဲတယ်ပေါ့? ခင်ဗျားကိုသတ်တာ ဝက်ကိုသတ်သလိုပဲ အလဟဿဓားကိုသွေးစွန်းစေလိမ့်မယ်"
ထို့နောက် "ယွီကျင့်"(Yu Jin) အား ကျင်ကျိုးအကျဉ်းထောင်တွင် ချုပ်ထားစေ၏။
"ကျုပ်ပြန်လာမှ ခင်ဗျားရဲ့ကြမ္မာကိုဆုံးဖြတ်မယ်"
ထို့နောက် "ဖန်တဲ"(Pang De) ကိုခေါ်လာစေ၏။
"ခင်ဗျားရဲ့ညီက ဟန်ကျုံးမှာရှိတယ်၊ နောက်ပြီး ခင်ဗျားရဲ့သခင်ဟောင်း မာချောင်း(Ma Chao) လည်းရှိတာပဲ။ ကျုပ်တို့တပ်ဖွဲ့ထဲဝင်ရင် မကောင်းဘူးလား"
"အဲ့လိုလက်နက်ချမဲ့အစား ဓားအောက်မှာသေတာမှ ပိုကောင်းဦးမယ်"
ထို့နောက် "ဖန်တဲ"(Pang De) သည် ဆဲရေးတိုင်းထွာလေရာ "ကွမ်းယွီ"(Guan Yu) မှာ ဒေါသထွက်ပြီး သေဒဏ်ပေးလိုက်လေ၏။ ထိုသေဆုံးသွားသောစစ်သူကြီးကို သနားသဖြင့် ကောင်းစွာမြှုပ်နှံစေသည်။

ရေကြီးနေသေးသည်ကို အခွင့်ကောင်းယူကာ ကျင်ကျိုးတပ်တို့သည် သင်္ဘောတို့ဖြင့် ဖန်ချန်သို့မောင်းနှင်သည်။ ထိုအချိန်တွင် ဖန်ချန်မှာ ရေပတ်လည်ဝိုင်းနေသော ကျွန်းအဖြစ်သာကျန်ရစ်ပြီး ရေတို့က မြို့ရိုးကိုရိုက်ခတ်နေသည်။ ရေအားသည် ပြင်းထန်လွန်းသောကြောင့် မြို့ရိုးမှာပြိုလုမတတ်ဖြစ်နေပြီး မြစ်တွင်းရှိ ယောက်ျား၊မိန်းမ၊ လူကြီး၊လူငယ်အကုန်လုံးတို့သည် ရွှံ့၊အုတ်တို့ကိုသယ်ကာ မြို့ရိုးကိုဖာထေးနေရသည်။ သို့သော်လည်း အရာမရောက်ပဲ ခေါင်းဆောင်တို့မှာလည်း ခေါင်းခဲနေကြသည်။
"ဒီဘေးက ဘယ်သူမှရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ ဒီညအထိတောင့်ခံထားနိုင်ရင် လှေတွေနဲ့ထွက်ပြေးလို့ရနိုင်မယ်။ မြို့ကိုဆုံးရှုံးပေမဲ့ အသက်တော့ ကယ်တင်နိုင်လိမ့်မယ်"
သို့သော် "မန်ချုံး"(Man Chong) မှ
"မဖြစ်ဘူး၊ တောင်ကျရေက ကြီးနေပေမယ့်လည်း ဆယ်ရက်လောက်စောင့်လိုက်ရင် ရေပြန်ကျသွားမှာပဲ။ ကွမ်းယွီ(Guan Yu) က ဒီမြို့ကိုမတိုက်သေးပေမယ့် ကျားရှကိုလည်း စစ်တပ်တွေစေလွှတ်ထားတယ်။ ဒါဟာ ကျွန်တော်တို့တွေ သူ့တပ်နောက်ကိုရောက်သွားမှာစိုးလို့ သူလည်း မတိုက်သေးဘူးဆိုတာပြနေတယ်။ ဒါ့အပြင် ဒီမြို့ကိုစွန့်လွှတ်လိုက်ရင် မြစ်ဝါမြစ်ရဲ့တောင်ပိုင်းတစ်ခုလုံးကို စွန့်လွှတ်ရလိမ့်မယ်။ ဒါကြောင့် ဒီမြို့မကျအောင် ကာကွယ်မှဖြစ်မယ်"
ထိုအခါ "ချောင်ရန်"(Cao Ren) သည် "မန်ချုံး"(Man Chong) အား အရိုအသေပေးပြီး
"ခင်ဗျားသာ မထောက်ပြရင် ကျုပ် အမှားကြီးလုပ်မိတော့မလို့"

ထို့နောက် မြို့ရိုးပေါ်သို့တက်ပြီးနောက် ကြေညာလေသည်။
"မင်းသားက ဒီမြို့ကိုကာကွယ်ဖို့ အမိန့်ပေးထားခဲ့တယ်။ ဒါကြောင့် ကျုပ်က ဒီမြို့ကို အဆုံးစွန်အထိကာကွယ်သွားမယ်။ မြို့ကိုစွန့်မယ်လို့ထပ်ပြောတဲ့လူမှန်သမျှကို သေဒဏ်ပေးမယ်"
ထို့နောက် မြို့ကိုကာကွယ်ရန် ပြင်ဆင်မှုများလုပ်စေသည်။ လေးတပ်၊ ဒူးလေးတပ်တို့ကို နေ့ရောညပါ စောင့်ကြပ်ထားစေပြီး သာမန်ပြည်သူတို့ကိုလည်း ရွှံ့၊ ကျောက်တုံးတို့ကိုသယ်စေသည်။ ဆယ်ရက်ကြာပြီးနောက် ရေပြန်ကျသွားသည်။ "ကွမ်းယွီ"(Guan Yu) သည် ဝေတပ်ကိုအနိုင်ရသည်ဟူသော သတင်းကြောင့် သူ၏ဂုဏ်သတင်းသည် ပိုကြီးသွားခဲ့လေ၏။ တစ်ချိန်တည်းတွင်ပင် သူ၏ဒုတိယသား "ကွမ်းရှင်း"(Guan Xing) သည် တပ်စခန်းသို့ရောက်လာသည်။ ထိုအခါ သူ၏စစ်အောင်နိုင်သည့်သတင်းကို မြို့တော်ချန်တူးသို့အကြောင်းကြားရန် သားဖြစ်သူ "ကွမ်းရှင်း"(Guan Xing) ကိုလွှတ်လိုက်သည်။
"ကွမ်းရှင်း"(Guan Xing) ထွက်သွားပြီးနောက် တပ်ဖွဲ့ကို နှစ်ဖွဲ့ခွဲလိုက်ပြီး "ကွမ်းယွီ"(Guan Yu) ဦးဆောင်သည့်တပ်က ဖန်ချန်ကိုတိုက်ရန်ပြုကာ ကျန်တစ်ဖွဲ့က ကျားရှသို့သွားသည်။

တစ်ရက်သော် "ကွမ်းယွီ"(Guan Yu) သည် မြောက်ဘက်တံခါးသို့သွားပြီး သူ၏ကြာပွတ်ကိုမြို့ဘက်သို့ထိုးကာ အော်ပြောသည်။
"မင်းတို့ကြွက်တွေက လက်နက်မချသေးဘူးလား? ဘာကိုစောင့်နေတာလဲ"
မြို့ရိုးပေါ်တွင်ရှိသော "ချောင်ရန်"(Cao Ren) သည် "ကွမ်းယွီ"(Guan Yu) သံချပ်ကာမဝတ်ထားသည်ကိုတွေ့ပြီး မြားတို့ဖြင့်ပစ်ရန်အမိန့်ပေးလိုက်သည်။ "ကွမ်းယွီ"(Guan Yu) သည် အလျင်အမြန်လှည့်ပြန်သော်လည်း မြားတစ်စင်းသည် သူ၏လက်မောင်းကိုထိမှန်ကာ မြင်းပေါ်မှ ပြုတ်ကျသွားလေသည်။


Comments

Popular posts from this blog

Lookism