သုံးနိုင်ငံခေတ်(၇၅)

အခန်း(၇၅) "ကွမ်းယွီ"(Guan Yu) ၏အရိုးကို ခွဲစိတ်ကုသခြင်း။
"လွီမန်"(Lu Meng) သည် အဝတ်ဖြူဖြင့်မြစ်ကိုဖြတ်ခြင်း။

"ကွမ်းယွီ"(Guan Yu) သည် မြင်းပေါ်မှကျသွားသောအခါ "ချောင်ရန်"(Cao Ren) သည် တပ်ဖွဲ့တို့ကိုဦးဆောင်ပြီး "ကွမ်းယွီ"(Guan Yu) ကိုဖမ်းရန်ပြုသည်။ သို့သော်လည်း "ကွမ်းဖင်"(Guan Ping) မှာ သူ၏ဖခင်ကိုသယ်ဆောင်ပြီးတပ်ဆုတ်သွားလေသည်။ မြားကိုထုတ်လိုက်သော်လည်း မြားခေါင်းတွင်အဆိပ်ပါသည့်အပြင် ဒဏ်ရာမှာ အရိုးထဲထိရောက်နေပြီး ညာလက်တစ်ခုလုံးညိုမည်းကာ လှုပ်ရှား၍မရပေ။
ထိုအခါ "ကွမ်းဖင်"(Guan Ping) သည် အခြားသောခေါင်းဆောင်တို့နှင့်တိုင်ပင်လေသည်။
"လက်ရှိမှာ စစ်ဆက်တိုက်ဖို့က မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ကျင်ကျိုးကိုဆုတ်ပြီး အဖေရဲ့ဒဏ်ရာကိုကုရမယ်"
ထိုသို့ဆုံးဖြတ်ပြီးနောက် "ကွမ်းယွီ"(Guan Yu) ကို သွားတွေ့သည်။
"ဘာကြောင့် ရောက်လာကြတာလဲ"
"စစ်သူကြီးက ဒဏ်ရာရနေတဲ့အတွက် တပ်ပြန်ဆုတ်ပြီး နောက်ပြန်ကောင်းသွားတဲ့အထိစောင့်သင့်ပါတယ်"

"ကွမ်းယွီ"(Guan Yu) သည် ဒေါသတကြီးဖြင့်တုန့်ပြန်သည်။
"ကျုပ်က မြို့ကိုတောင်သိမ်းနိုင်တော့မှာ။ ပြီးရင် မြို့တော်ရွှီချန်အထိချီတက်ပြီး သူပုန်ချောင်ချောင်း(Cao Cao) ကို ချေမှုန်းပြီးတော့ ဟန်တိုင်းပြည်ကို ပြန်လည်ထူထောင်အောင်လုပ်ရမယ်။ ဒီဒဏ်ရာလေးကြောင့် စစ်ဆင်ရေးတစ်ခုလုံးကို ဖျက်ရမလား? တပ်သားတွေစိတ်ဓာတ်ကျအောင်လုပ်မလို့လား"
ထိုအခါ "ကွမ်းဖင်"(Guan Ping) နှင့် အခြားသူတို့သည်လည်း ပြန်ထွက်သွားကြသည်။ တပ်ခေါင်းဆောင်မှာ တပ်မဆုတ်လိုသည့်အပြင် ဒဏ်ရာကလည်း တနေ့တခြားဆိုးလာသောကြောင့် ကုသရန် သမားတော်တို့ကိုရှာဖွေလေသည်။
တစ်ရက်သော် လှေတစ်စင်းဖြင့် လူတစ်ဦးရောက်လာပြီး "ကွမ်းဖင်"(Guan Ping) နှင့်တွေ့လေသည်။ ထိုသူသည် လေးထောင့်ကျသော ခေါင်းပေါင်းကိုဆောင်းထားပြီး ချောင်ချိသောအဝတ်ကိုဝတ်ဆင်ထားကာ အနောက်ဘက်တွင် အနက်ရောင်အထုတ်တစ်ထုတ်ကိုင်ဆောင်ထားသည်။
"ကျွန်တော်က ဟွားထော်(Hua Tuo) ပါ၊ ချောင်ပြည်ကလာတာပါ။ နာမည်ကြီးစစ်သူကြီးက ဒဏ်ရာရတယ်လို့ကြားလို့ ကုသဖို့ရောက်လာတာပါ"
"ခင်ဗျားက တောင်ပိုင်းပြည်နယ်က ကျိုးထိုက်ကိုကုပေးခဲ့တဲ့သမားတော်လား"
"ဟုတ်ပါတယ်"

သမားတော်ကိုခေါ်ဆောင်ပြီးနောက် "ကွမ်းယွီ"(Guan Yu) နှင့်တွေ့စေသည်။ ထိုအချိန်တွင် "ကွမ်းယွီ"(Guan Yu) သည် "မာလျန့်"(Ma Liang) နှင့်စစ်တုရင်ကစားနေလေသည်။ သူ၏လက်မှာ အင်မတန်နာနေသော်လည်း ရဲမက်တို့စိတ်ဓာတ်ပျက်ပြားမည်စိုးသောကြောင့် လုံးဝမျက်နှာမပျက်ပဲ တောင့်ခံထားလေသည်။ သမားတော် "ဟွားထော်"(Hua Tuo) နှင့် မိတ်ဆက်ပေးပြီးနောက် ရေနွေးကြမ်းတိုက်စေကာ ဒဏ်ရာကိုပြလေသည်။
"ဒီဒဏ်ရာက မြားကြောင့်ဖြစ်တာပဲ။ ဒါ့အပြင် အဆိပ်က အရိုးအထိဝင်နေတယ်။ ဒီဒဏ်ရာကို အမြန်မကုရင် နောင်လက်ကိုသုံးနိုင်မှာမဟုတ်ဘူး"
"ဒါဆို ဘယ်လိုလုပ်ရမလဲ"
"ကျွန်တော် ကုသလို့ရပါတယ်။ ဒါပေမယ့် ဒီနည်းကိုစစ်သူကြီးကြောက်မှာပဲစိုးရတယ်"
"ကျုပ်က သေမှာတောင်မကြောက်တာ တခြားဘာကြောက်စရာရှိသေးလဲ။ သေခြင်းဆိုတာ ကိုယ့်အိမ်ကိုယ်ပြန်သလိုပဲမဟုတ်လား"
"ဒါဆိုရင် ကျွန်တော်ကုသပေးပါ့မယ်။ သံကွင်းကိုအသင့်ပြင်ထားပြီး စစ်သူကြီးလက်ကိုသံကွင်းစွပ်ထားပြီးတော့ အဲ့သံကွင်းကိုမြဲမြဲတိုင်မှာချည်ထားပါ။ စစ်သူကြီးမမြင်အောင်လို့ ခေါင်းဘက်ကို အဝတ်နဲ့အုပ်ထားပြီး ကျွန်တော်က အရိုးကိုဓားလေးနဲ့ခွဲစိတ်ပါ့မယ်။ ပြီးရင် အဆိပ်ကိုဖယ်ပြီးနောက် ဒဏ်ရာကိုဆေးနဲ့လိမ်းကျံပြီး အပ်ချည်နဲ့ပြန်ပိတ်ပါမယ်။ ပြီးရင်တော့ ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး။ ဒါပေမယ့် ဒီကုသမှုအပေါ် စစ်သူကြီးသံသယရှိမှာစိုးရတယ်"
"ကွမ်းယွီ"(Guan Yu) က ပြုံးလေသည်၊
"ဒါလွယ်ကူတဲ့ပုံပဲ။ ဒါပေမယ့် တိုင်နဲ့သံကွင်းက ဘာလုပ်ဖို့လဲ"

အရက်သေရည်တို့ကိုပြင်စေပြီးနောက် "ကွမ်းယွီ"(Guan Yu) သည် သူ၏လက်ကိုခွဲစိတ်ရန်အတွက်ဆန့်တန်းထားပြီး ကျန်လက်တစ်ဖက်က စစ်တုရင်ဆက်ကစားနေသည်။ ထိုအချိန်တွင် သမားတော်က သူ၏ဓားကိုပြင်ဆင်ပြီး လူငယ်လေးတစ်ဦးကိုခေါ်ကာ ဇလုံကိုလက်၏အောက်တွင် ခံထားစေသည်။
"ကျွန်တော် စပြီးခွဲစိတ်တော့မှာမို့လို့ ရုတ်တရတ်မထိတ်လန့်သွားပါနဲ့"
"ကျုပ်က ဒါကိုသဘောတူပြီးပြီပဲ၊ နာကျင်မှာကို ကြောက်ရမလား"
သမားတော်လည်း သူပြောခဲ့သည့်အတိုင်း ခွဲစိတ်ကုသမှုပြုလေသည်။ အရောင်ပြောင်းနေသည့်အရိုးကို သန့်စင်စေသည့်အချိန်တွင် အရိုးနှင့်ဓားထိသောအသံတို့ကိုကြားသောအခါ အနီးအနားရှိလူတို့သည် မျက်လုံးကိုပိတ်ထားကြသည်။ သို့သော် "ကွမ်းယွီ"(Guan Yu) မှာ အရက်ကိုဆက်သောက်ပြီး စစ်တုရင်ကစားနေခဲ့သည်။ သူ၏မျက်နှာတွင်လည်း နာကျင်သည့်ဟန်အလျင်းမျှမပေါ်ပေ။ ဒဏ်ရာကိုသန့်စင်ပြီး ချည်နှောင်ပြီးနောက် လူနာမှာမတ်တပ်ရပ်ပြီး
"ဒီလက်မောင်းက အကောင်းပတိလိုပြန်ဖြစ်သွားပြီ။ မနာတော့ဘူး။ တကယ်ကို သမားတော်က အစွမ်းထက်လှပါတယ်"
"ကျွန်တော် တဘဝလုံးဆေးကုသလာခဲ့တာ စစ်သူကြီးလို လူနာမျိုးတစ်ခါမှမမြင်ဖူးခဲ့ဘူး။ စစ်သူကြီးက လူ့လောက,ကမဟုတ်ပဲ ကောင်းကင်ကနတ်အလားပါပဲ"

ထိုသို့ကုသပြီးနောက် သမားတော်အား ဂုဏ်ပြုသည့်အနေဖြင့် စားသောက်ပွဲတည်ခင်းကာ ရွှေအောင်စတစ်ထောင်ပေးလေသည်။ သို့သော် "ဟွားထော်"(Hua Tuo) က လက်မခံပေ။
"ကျွန်တော် ဒီကိုလာပြီး ကုသတာဟာ စစ်သူကြီးရဲ့ဂုဏ်ကိုလေးစားလို့လာခဲ့ပြီး ပိုက်ဆံကြောင့်မဟုတ်ပါဘူး။ ဒဏ်ရာက ပျောက်သွားပေမဲ့ ဒီရက်တစ်ရာအတွင်းမှာ စိတ်မလှုပ်ရှားအောင် သတိထားနေပါ။ ဒါကိုကျော်သွားရင်တော့ လုံးဝကောင်းသွားပါလိမ့်မယ်"
ထို့နောက် "ဟွားထော်"(Hua Tuo) လည်း ထွက်ခွာသွားလေသည်။
"ယွီကျင့်"(Yu Jin) ကိုဖမ်းကာ "ဖန်တဲ"(Pang De) ကိုသတ်နိုင်ခဲ့သော "ကွမ်းယွီ"(Guan Yu) သည် တိုင်းပြည်တစ်ခုလုံးတွင် ဖိန့်ဖိန့်တုန်အောင်နာမည်ကြီးခဲ့သည်။ "ချောင်ချောင်း"(Cao Cao) : "ကွမ်းယွီ(Guan Yu) က ရဲစွမ်းသတ္တိနဲ့အရည်အချင်းရှိတယ်လို့ အသိအမှတ်ပြုရမယ်။ သူက ကျင်ကျိုးနဲ့အနီးအနားကနယ်ပယ်တွေကိုသိမ်းလိုက်တာက ကျားကိုတောင်ပံတပ်လိုက်သလိုပဲ။ ဖန်တဲ(Pang De) က လောကကြီးထဲမှာမရှိတော့ဘူး၊ ယွီကျင့်(Yu Jin) လည်း အဖမ်းခံလိုက်ရပြီ။ ဝေတပ်ဖွဲ့တွေက တိုက်ခိုက်လိုစိတ်နည်းနေပြီး သူသာ ရွှီချန်ကိုချီတက်လာရင် ဒုက္ခရောက်လိမ့်မယ်။ ဒီတော့ မြို့တော်ကို တခြားနေရာပြောင်းရင်ကောင်းမလား"
"စီးမာယီ"(Sima Yi) : "မဖြစ်ဘူး၊ ယွီကျင့်(Yu Jin) နဲ့ တခြားသူတွေက အသတ်ခံခဲ့ရပေမယ့်လည်း သခင်ကြီးရဲ့စီမံကိန်းကြီးကို မပျက်ပြားသွားစေပါဘူး။ ကွမ်းယွီ(Guan Yu) ကြောင့် စွန်းနဲ့လျူမိသားစုတို့က မတည့်တော့တဲ့အတွက် တောင်ပိုင်းပြည်နယ်ကိုလူလွှတ်ပြီး ကွမ်းယွီ(Guan Yu) ကို အနောက်ဘက်ကနေတိုက်ဖို့ စစ်ကူတောင်းသင့်တယ်။ အဲ့လိုစစ်ကူတောင်းပြီး တောင်ပိုင်းကို စွန်းချွမ်(Sun Quan) ကိုလက်ဆောင်ပေးမယ်လို့ကမ်းလှမ်းပါ။ ဒီလိုဆို ဖန်ချန်ကိုကာကွယ်နိုင်မယ်"
ဝန်ကြီး"ကျန်းကျီ"(Jiang Ji) မှ
"စီးမာယီ(Sima Yi) ပြောတာမှန်ပါတယ်။ အချိန်မလင့်စေပဲ သံတမန်စေလွှတ်သင့်တယ်။ မြို့တော်ပြောင်းပြီး လူတွေအထိတ်တလန့်ဖြစ်အောင် မလုပ်သင့်ဘူး"
"ချောင်ချောင်း"(Cao Cao) သည် ထိုအကြံကိုလက်ခံလိုက်သည်။ သို့သော်လည်း "ယွီကျင့်"(Yu Jin) အတွက်ဝမ်းနည်းပြီး သံယောဇဉ်ရှိစွာဖြင့် ဆိုခဲ့သည်။
"ယွီကျင့်(Yu Jin) က ကျုပ်နောက်ကို နှစ်သုံးဆယ်လောက် အတူလိုက်ခဲ့တာ။ ဒါပေမယ့် အရေးကြီးတဲ့အချိန်မှာ သူက ဖန်တဲ(Pang De) လောက် အသုံးမဝင်ခဲ့ဘူး"

ထို့နောက် "ကွမ်းယွီ"(Guan Yu) ကို ရင်ဆိုင်လိုမည့်လူကို ရှာသည်။ စစ်သူကြီးများကြားမှထွက်လာသောသူမှာ "ရွှီဟွမ်"(Xu Huang) ဖြစ်သည်။ "ရွှီဟွမ်"(Xu Huang) ကိုတပ်သားငါးသောင်းဦးဆောင်စေပြီး "လုချန်"(Lu Qian) ကို လက်ထောက်စစ်သူကြီးအနေဖြင့်တာဝန်ပေးကာ ချီတက်စေသည်။ ထို့တပ်ကြီးသည် ရန်လင်တောင်ကုန်းနားတွင် စခန်းချထားပြီး အရှေ့တောင်ဘက်က စစ်ကူလာမည်ကိုမျှော်နေသည်။
"ချောင်ချောင်း"(Cao Cao) ၏စာကိုလက်ခံပြီးနောက် "စွန်းချွမ်"(Sun Quan) သည် အမှုထမ်းတို့ကိုခေါ်ကာ တိုင်ပင်သည်။ "ကျန်းကျောက်"(Zhang Zhao) မှ
"ကွမ်းယွီ(Guan Yu) က စစ်သူကြီးတစ်ယောက်ကိုဖမ်းပြီး တစ်ယောက်ကိုသတ်လိုက်တယ်ဆိုတာ သိပြီးပြီ။ ဒါက သူ့နာမည်ကိုပိုကြီးသွားစေခဲ့တယ်။ ချောင်ချောင်း(Cao Cao) က ရန်သူတွေလာတိုက်မှာစောင့်မဲ့အစား မြို့တော်ကိုပြောင်းဖို့ စိတ်အားထက်သန်လိမ့်မယ်။ ဒါ့အပြင် ဖန်ချန်မြို့ကျတော့မယ်ဆိုတာလည်းသိနေတော့ သူတို့က ကျွန်တော်တို့ကို အကူအညီတောင်းခဲ့တယ်။ ဒါပေမယ့် သူ့ကိုကူပြီးသွားရင်တောင် သူကကတိတည်နိုင်ပါ့မလားဆိုတာ သံသယရှိတယ်"
ထိုအချိန်တွင် လုခိုမှ "လွီမန်"(Lu Meng) သည် သင်္ဘောတစ်စင်းဖြင့်ရောက်လာပြီး "လွီမန်"(Lu Meng) မှ
"ကွမ်းယွီ(Guan Yu) တပ်တွေက ဖန်ချန်နားမှာရှိတဲ့အတွက် ဒီအချိန်ဟာ ကျင်ကျိုးကိုတိုက်ဖို့အကောင်းဆုံးအချိန်ပဲ"

"စွန်းချွမ်"(Sun Quan) : "ဒါပေမယ့် ကျုပ်က မြောက်ပိုင်းက ရွှီကျိုးကိုတိုက်လိုတယ်။ ဒီလိုဆိုရင်ကော? "
"လွီမန်"(Lu Meng) : "ကျင်ကျိုးကိုတိုက်တာပိုကောင်းပါတယ်၊ ကျင်ကျိုးကိုရရင် ရန်စီမြစ်ကိုထိန်းချုပ်နိုင်ပြီ။ ချောင်ချောင်း(Cao Cao) က မြောက်ပိုင်းမှာရှိပြီး အရှေ့ဘက်ကိုသိပ်ဂရုမပြုနိုင်ဘူး။ ရွှီကျိုးက အစောင့်အကြပ်နည်းပြီး အချိန်မရွေးတိုက်လို့ရတယ်။ ဒါ့အပြင် ရွှီကျိုးကိုတိုက်ရင် ရေတပ်အစား ကြည်းတပ်ကိုပဲသုံးရလိမ့်မယ်။ တိုက်လို့နိုင်သွားခဲ့ရင်တောင် ခုခံရခက်ခဲတယ်။ ဒါပေမယ့် ကျင်ကျိုးကိုသိမ်းရင်တော့ ခုခံရလွယ်ပြီး တခြားစီမံကိန်းအသစ်တွေမှာ ချမှတ်နိုင်မယ်"
"စွန်းချွမ်"(Sun Quan) : "ကျုပ်လည်း ကျင်ကျိုးကိုတိုက်ဖို့ ဆန္ဒရှိပါတယ်။ စစ်သူကြီးမှာ တခြားအကြံရှိလားလို့မေးတာပါ။ ဒီအကြံကိုအလျင်အမြန်အကောင်အထည်ဖော်ပါ"
ထိုအခါ "လွီမန်"(Lu Meng) သည် လုခိုသို့ပြန်သွားသည်။ "ကွမ်းယွီ"(Guan Yu) သည် ရန်စီမြစ်တစ်လျှောက်တွင် ကင်းစင်များထောင်ထားသည်ကို သိရသောအခါ
"ဒီလိုဆိုရင်တော့ အောင်မြင်နိုင်ဖို့ ခက်ခဲမယ်။ ကျုပ်က သခင်ကြီးကို ကျင်ကျိုးကိုတိုက်ဖို့အကြံပေးပြီးပြီ။ ဒါကိုအကောင်အထည်မဖော်နိုင်ရင် ဘယ်လိုလုပ်မလဲ"

ထိုအခါ "လွီမန်"(Lu Meng) သည် နေမကောင်းဟု "စွန်းချွမ်"(Sun Quan) ထံအကြောင်းကြားကာ မလှုပ်ရှားပဲနေလေသည်။ ထိုအခါ "စွန်းချွမ်"(Sun Quan) သည် စိတ်ကြောင့်ကြသွားသည်။
"လုရွှင့်"(Lu Xun) မှ
"သူက ဒါ နေမကောင်းချင်ယောင်ဆောင်တာပဲ။ တကယ်တော့ ကျန်းမာနေဆဲပါပဲ"
"ဒါဆိုရင် ခင်ဗျားသွားပြီး သူ့ကိုသတင်းမေးကြည့်ပါ"
"လုရွှင့်"(Lu Xun) သည် လုခိုသို့ရောက်သောအခါ ကျန်းမာနေပြီး မျက်နှာတွင်ပင် နေမကောင်းဟန်မပေါ်သော "လွီမန်"(Lu Meng) နှင့်တွေ့သည်။
"ဝူနယ်စားက ခင်ဗျားရဲ့ကျန်းမာရေးအခြေအနေကို သိချင်လို့ ကျွန်တော့ကိုလွှတ်လိုက်တာပါ"
"ကျွန်တော် စိတ်မချမ်းသာဖြစ်နေခဲ့တာကို ဝူနယ်စားက လူလွှတ်ပြီးတောင်မေးရတယ်ပေါ့"
"နယ်စားက ခင်ဗျားကိုကြီးလေးတဲ့တာဝန်ပေးထားခဲ့တယ်။ ဒါပေမယ့် ခင်ဗျားက ဒီအခွင့်အရေးကိုအသုံးမချဘူး။ ခင်ဗျားနေမကောင်းရတဲ့အကြောင်းရင်းဇစ်မြစ်က ဘာလဲ"
"လွီမန်"(Lu Meng) သည် သူ၏ဧည့်သည်ကိုငေးကြည့်ပြီး အချိန်ကြာမြင့်စွာစကားမပြောပဲနေခဲ့သည်။

"ကျွန်တော့မှာ ခင်ဗျားရောဂါကိုကုနိုင်မယ့်ဆေးရှိတယ်။ စိတ်ဝင်စားလား"
"လွီမန်"(Lu Meng) သည် သူ၏အစေခံတို့ကို အပြင်ထွက်စေပြီးနောက်
"မိတ်ဆွေ၊ ခင်ဗျားရဲ့ကုထုံးက ဘာများပါလိမ့်"
"ခင်ဗျား နေမကောင်းတာ ကျင်ကျိုးတပ်တွေရဲ့လုပ်ဆောင်နိုင်စွမ်းကြောင့်မဟုတ်လား။ ကျုပ်က ကျင်ကျိုးတပ်သားတွေရဲ့လက်ကိုချည်နှောင်နိုင်လိုက်ရင် ခင်ဗျားရောဂါပျောက်သွားမလား"
"ခင်ဗျားရဲ့စကားက ကျွန်တော့ရဲ့နှလုံးထဲကိုထိုးဖောက်ပြီး မြင်နိုင်သလိုပဲ။ အဲ့အကြံကိုပြောကြည့်ပါ"
"ကွမ်းယွီ(Guan Yu) က သူ့ကိုယှဉ်နိုင်မဲ့သူရှားတဲ့သူရဲကောင်းလို့ ကိုယ့်ကိုယ်ကို ခံယူထားတယ်။ သူစိုးရိမ်တာ ခင်ဗျားပဲရှိတယ်။ ဒီတော့ ခင်ဗျားက အခုလက်ရှိနေမကောင်းတဲ့အကြောင်းပြချက်ကိုဆက်သုံးပြီးတော့ ဒီရာထူးကနေ အနားယူလိုက်ပါ။ ခင်ဗျားတာဝန်ကိုဆက်ခံတဲ့သူက ကွမ်းယွီ(Guan Yu) ကိုချီးကျူးရင် သူက အင်မတန်မြောက်သွားပြီး သူ့တပ်တွေအကုန်လုံးကို ဖန်ချန်ကိုရွှေ့သွားလိမ့်မယ်။ ကျင်ကျိုးမှာ စောင့်ကြပ်တဲ့တပ်မရှိရင် အဲ့မြို့ကိုကျုပ်တို့သိမ်းဖို့လွယ်ပြီပေါ့"
"ဒီအကြံက အင်မတန်ကောင်းပါတယ်"
ထို့နောက် "လုရွှင့်"(Lu Xun) အား ရာထူးမှတဆင့် ရာထူးမှနှုတ်ထွက်သည့်စာပေးစေသည်။ "လုရွှင့်"(Lu Xun) သည်လည်း "စွန်းချွမ်"(Sun Quan) ထံသွားပြီး အကျိုးအကြောင်းပြောသည်။ ထိုအခါ "လွီမန်"(Lu Meng) အား ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှအနားယူရန် ခွင့်ပြုမိန့်ပေးလိုက်သည်။

"လွီမန်"(Lu Meng) သည် "စွန်းချွမ်"(Sun Quan) နှင့်လာတွေ့ပြီး သူ၏ရာထူးကိုဆက်ခံမည့်သူအတွက် တိုင်ပင်သည်။
"လုခိုကိုကာကွယ်ဖို့ ကျိုးယွီ(Zhou Yu) က လူဆု(Lu Su) ကိုတာဝန်ပေးခဲ့တယ်။ လူဆု(Lu Su) ကတဆင့် ခင်ဗျားကိုထောက်ခံခဲ့တယ်။ ဒီတော့ ခင်ဗျားနေရာကို နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်ယောက်ကို လွှဲပေးသင့်တယ်"
"နာမည်ကြီးတဲ့လူကို တာဝန်ပေးလိုက်ရင် ကွမ်းယွီ(Guan Yu) က အဲ့လူအပေါ်သတိကြီးကြီးထားလိမ့်မယ်။ လုရွှင့်(Lu Xun) က နက်နဲပြီး ရေရှည်ကိုရှုမြင်နိုင်တယ်၊ ဒါပေမယ့် သူက နာမည်မကြီးသေးဘူး။ ဒါကြောင့် သူ့ကိုတာဝန်ပေးရင် အသင့်တော်ဆုံးပါပဲ"
"စွန်းချွမ်"(Sun Quan) က လက်ခံပြီး "လုရွှင့်"(Lu Xun) အား ညာတပ်ဖွဲ့၏စစ်သူကြီးရာထူးနှင့် ညာရေတပ်၏ရေတပ်စစ်သူကြီးရာထူးကိုပေးလိုက်ပြီး လုခိုကိုကာကွယ်စေသည်။
"ကျွန်တော်က ငယ်ရွယ်သေးတဲ့အတွက် ဒီတာဝန်ကို မထမ်းဆောင်နိုင်မှာစိုးရတယ်"
"လွီမန်(Lu Meng) က ခင်ဗျားကိုထောက်ခံပေးခဲ့တဲ့အတွက် ဘာအမှားမှရှိမှာမဟုတ်ပါဘူး၊ ဒါကြောင့် ဒါကိုမငြင်းပယ်ပါနဲ့"

"လုရွှင့်"(Lu Xun) သည် လုခိုသို့သွားပြီး တပ်တို့ကိုဦးစီးပြီးနောက် "ကွမ်းယွီ"(Guan Yu) ထံစာတစ်စောင်ပို့ရန်ပြုသည်။ ထိုစာနှင့်အတူ မြင်းကောင်း၊ ပိုးထည်ကောင်းနှင့် အရက်၊ စားစရာတို့ကို လက်ဆောင်အဖြစ် ဖန်ချန်သို့ပို့စေသည်။
ထိုရာထူးအလွှဲအပြောင်းဖြစ်သည့်သတင်းကို "ကွမ်းယွီ"(Guan Yu) သိသည့်အချိန်တွင် "ကွမ်းယွီ"(Guan Yu) သည် ဒဏ်ရာ၏အရှိန်ကြောင့် စစ်တပ်ကိုမဦးဆောင်နိုင်သေးပေ။ "လုရွှင့်"(Lu Xun) မှ လက်ဆောင်များပို့လိုက်သည်ကိုသိသောအခါ သံတမန်ကိုခေါ်ပြီး တွေ့လေသည်။ "ကွမ်းယွီ"(Guan Yu) က သံတမန်ကိုလက်ညှိုးထိုးပြီး
"မိတ်ဆွေကြီး စွန်းချွမ်(Sun Quan) က စစ်သူကြီးရာထူးကို ဒီလောက်ငယ်တဲ့လူကိုတာဝန်ပေးတာဟာ တော်တော်မဆီလျော်တာပဲ"
သံတမန်မှ
"စစ်သူကြီး လုရွှင့်(Lu Xun) က ဒီစာနဲ့အတူလက်ဆောင်တွေပေးလိုက်ပြီး စစ်သူကြီးလက်ခံဖို့မျှော်လင့်ပါတယ်။ ဒါ့အပြင် သူကချီးကျူးထောမနာစကားတွေပြောလိုက်ပြီး အိမ်တော်နှစ်ခုမိတ်ဆွေဖြစ်ဖို့မျှော်လင့်ပါတယ်"
"ကွမ်းယွီ"(Guan Yu) သည် စာကိုဖတ်သောအခါ စာမှာ ကိုယ့်ကိုယ်ကိုနှိမ့်ချသောအသုံးအနှုန်းတို့ဖြင့် သုံးထားသည်ကိုတွေ့သောအခါ ကျယ်လောင်စွာရယ်ပြီး လက်ဆောင်တို့ကိုလက်ခံပြီးနောက် သံတမန်ကိုပြန်လွှတ်လိုက်သည်။
ထိုသံတမန်သည် လုခိုသို့ရောက်သောအခါ "လုရွှင့်"(Lu Xun) အား
"ကွမ်းယွီ(Guan Yu) က ကျေနပ်ပုံရပြီး တောင်ပိုင်းပြည်နယ်အပေါ် သတိကြီးကြီးထားတဲ့ပုံမပေါ်ဘူး"
ထို့ပြင် ကျင်ကျိုးတပ်တဝက်ခန့်သည် ဖန်ချန်ကိုဝန်းရံရန် ချီတက်သွားကြောင်း သူလျှိုတို့ထံမှကြားရသည်။ "ကွမ်းယွီ"(Guan Yu) သက်သာလာသည်နှင့်တပြိုင်နက် မြို့ကိုတိုက်မည်ဖြစ်သည်။ ထိုအကြောင်းကိုကြားသော "စွန်းချွမ်"(Sun Quan) သည် "လွီမန်"(Lu Meng) ကိုခေါ်သည်။
"ဒီအချိန်က ကျင်ကျိုးကိုသိမ်းယူဖို့အချိန်ကောင်းပဲ။ ဒီတော့ ခင်ဗျားနဲ့ ကျုပ်ညီအစ်ကို စွန်းကျောက်(Sun Jiao) ကိုစစ်တပ်ကိုခေါင်းဆောင်ဖို့လွှတ်မယ်"
"စွန်းကျောက်"(Sun Jiao) သည် "စွန်းချွမ်"(Sun Quan) ဦးလေး  "စွန်းကျင့်"(Sun Jing) ၏ဒုတိယသားဖြစ်သည်။
သို့သော် "လွီမန်"(Lu Meng) က ကန့်ကွက်သည်။
"သခင်ကြီးက ကျွန်တော့ကိုဦးဆောင်စေချင်ရင် ကျွန်တော့ကိုပဲလွှတ်ပါ။ ဒါမှမဟုတ် စွန်းကျောက်(Sun Jiao) ကိုပဲဦးဆောင်စေပါ။ အရင်တုန်းက ကျိုးယွီ(Zhou Yu) နဲ့ချန်ဖူ(Cheng Pu) တို့လည်း အတူတူဦးဆောင်ခဲ့ဖူးတယ်။ ဆုံးဖြတ်ချက်တွေကို ကျိုးယွီ(Zhou Yu) က ချမှတ်တာဖြစ်ပေမယ့်လည်း ချန်ဖူ(Cheng Yu) ရဲ့အသက်နဲ့ဝါရင့်မှုကြောင့် သူတို့နှစ်ဦးမသင့်မမြတ်ဖြစ်ခဲ့တယ်။ နောက်ပိုင်း ချန်ဖူ(Cheng Pu) က ကျိုးယွီ(Zhou Yu) ရဲ့အရည်အချင်းကို လက်ခံသွားခဲ့ပြီး သင့်မြတ်သွားတယ်။ ဒါပေမယ့် ကျွန်တော်က ကျိုးယွီ(Zhou Yu) လောက်မထက်မြက်ဘူး။ စွန်းကျောက်(Sun Jiao) ကိုကျွန်တော်နဲ့အတူဦးဆောင်စေရင် ဒီထက်ဆိုးတဲ့ဆိုးကျိုးတွေဖြစ်မှာ စိုးရိမ်ရတယ်၊ သူက ကျွန်တော့အစီအစဉ်တွေကို လက်ခံမှာမဟုတ်ဘူး"
ထိုအခါ "လွီမန်"(Lu Meng) ကို ခေါင်းဆောင်စစ်သူကြီးအဖြစ်တာဝန်ပေးပြီး "စွန်းကျောက်"(Sun Jiao) ကိုမူ စားနပ်ရိက္ခာတို့အားတာဝန်ယူစေသည်။ "လွီမန်"(Lu Meng) သည် သူ၏သခင်ကိုကျေးဇူးတင်ပြီး ရေတပ်သား သုံးသောင်း၊ သင်္ဘောအစင်းရှစ်ဆယ်တို့ဖြင့် ချီတက်လေသည်။

"လွီမန်"(Lu Meng) သည် သူ၏ရေတပ်တို့ကို အဖြူရောင်ဝတ်ထားစေပြီး သာမန်ကုန်သည်များသဖွယ်ရုပ်ဖျက်စေသည်။ ထို့အပြင် ထိုလူများကြားတွင် ဝါရင့်တပ်ဖွဲ့များကိုထားထားသည်။ သူသည် စစ်သူကြီးခုနစ်ဦးဖြစ်သည့် "ဟန်တန်"(Han Dang) ၊ "ကျန်းချင်"(Jiang Qin) ၊ "ကျူရန်"(Zhu Ran) ၊ "ဖန်ကျန်း"(Pan Zhang) ၊ "ကျိုးထိုက်"(Zhou Tai) ၊ "ရွှီရှန်"(Xu Sheng) နှင့် "တင်းဖုန်း"(Ding Feng) တို့ကိုရွေးချယ်ပြီး တာဝန်များပေးထားခဲ့သည်။ ကျန်သောတပ်တို့ကို အရံတပ်အဖြစ်ဖွဲ့ပြီး "စွန်းချွမ်"(Sun Quan) က ဦးဆောင်သည်။ ထို့အပြင် "ချောင်ချောင်း"(Cao Cao) ထံစာပို့ပြီး "ကွမ်းယွီ"(Guan Yu) ကိုအနောက်ဘက်မှတိုက်မည့်အကြောင်းနှင့် "လုရွှင့်"(Lu Xun) ကိုမူ အတူတူပူးပေါင်းလုပ်ဆောင်ရန် စာပို့သည်။
သင်္ဘောတို့သည် ရွှင်ရန်မြစ်ကိုခုတ်မောင်းသွားပြီး မြောက်ဘက်ကမ်းခြေတွင် ကမ်းကပ်သည်။ အစောင့်တို့က မေးသောအခါ ဝူတပ်သားတို့က
"လေအပြင်းအထန်တိုက်လို့ ဒီဘက်ကိုခဏဆိုက်လာတဲ့ကုန်သင်္ဘောတွေပါ"
ထို့အပြင် အစောင့်တို့ကို လက်ဆောင်များပေးပြီး ဆိပ်ကမ်းနှင့်နီးကပ်သောနေရာတွင် ကျောက်ချထားသည်။

နှစ်ချက်တီးသို့ရောက်သောအခါ ပုန်းလျှိုနေသောတပ်သားတို့သည် ရုတ်တရတ်ထွက်လာပြီး အစောင့်တပ်သားတို့ကိုဖမ်းဆီးလိုက်သည်။ ထို့နောက် အချက်ပြမီးကိုပြလိုက်ရာ သင်္ဘောအစင်းရှစ်ဆယ်တို့သည် ကမ်းသို့ကပ်လာသည်။ ကင်းစင်များအားလုံးကိုတိုက်ခိုက်ပြီး
တစ်ဦးတစ်ယောက်မျှမလွတ်စေရပဲ တပ်သားတို့ကိုဖမ်းဆီးကာ ကျင်ကျိုးမြို့နားသို့သွားလေသည်။
"လွီမန်"(Lu Meng) သည် ဖမ်းဆီးထားသောတပ်သားတို့ကိုကောင်းမွန်စွာဆက်ဆံပြီး လက်ဆောင်တို့ပေးပြီးနောက် ထိုသူတို့အား မြို့တံခါးဖွင့်ရာတွင်ကူညီပေးရန် တောင်းဆိုသည်။ ထိုတပ်သားတို့က လက်ခံလိုက်ပြီး မြို့တံခါးပွင့်သွားပါက အချက်ပေးလိုက်မည်ဖြစ်ကြောင်းပြောသည်။ ညသန်းခေါင်အချိန်တွင် မြို့နားသို့သွားပြီး တံခါးဖွင့်ရန်ပြောသည်။ တံခါးစောင့်တို့သည်လည်း ထိုတပ်သားတို့၏အသံကိုမှတ်မိသည်နှင့် မြို့တံခါးကိုဖွင့်ပေးလိုက်သည်။ ထိုအခါ အချက်ပြမီးပြလိုက်ပြီး ဝူတပ်သားတို့ရုတ်တရုတ်ရောက်လာကာ မြို့ကိုသိမ်းလိုက်လေသည်။
မြို့ထဲသို့ဝင်သည်နှင့် "လွီမန်"(Lu Meng) ၏ပထမဆုံးအမိန့်မှာ ပြည်သူတို့ကိုမသတ်ရန်၊ ပစ္စည်းဥစ္စာတို့ကိုမယူရန်ဖြစ်သည်။ မြို့ထဲရှိအမှုထမ်းအသီးသီးတို့ကိုလည်း သူတို့ရာထူးအတိုင်းသာ ဆက်လက်ထားရှိပြီး အုပ်ချုပ်မှုယန္တယားကိုလည်ပတ်စေသည်။ "ကွမ်းယွီ"(Guan Yu) ၏မိသားစုတို့ကိုစောင့်ကြပ်ရန် အထူးတပ်ကိုစေလွှတ်ထားသည်။ ထို့နောက် အကြောင်းအရာတို့ကို "စွန်းချွမ်"(Sun Quan) အားသတင်းပို့စေသည်။

မိုးရွာသောရက်တစ်ရက်တွင် "လွီမန်"(Lu Meng) သည် မြင်းသည်တော်အနည်းငယ်နှင့်အတူ တံတိုင်းတို့ကိုလှည့်လှည်ကြည့်ရှုရာ တပ်သားတစ်ဦးသည် ပြည်သူတစ်ဦးစီမှ ဦးထုပ်ကိုယူပြီး သူ၏စိုနေသောခမောက်အစား ဦးထုပ်ကိုဆောင်းထားလေ၏။ ထိုအကြောင်းအရာကိုသိသောအခါ ထိုတပ်သားကိုဖမ်းစေသည်။ ထိုတပ်သားမှာ "လွီမန်"(Lu Meng) နှင့် တစ်ရွာတည်းသားဖြစ်သည်။
"ခင်ဗျားက ကျုပ်နဲ့မိတ်ဆွေဟောင်းပဲ၊ အမိန့်ချမှတ်ထားတာ ဘာလို့မနာခံတာလဲ"
"မိုးရွာတော့ အဝတ်စိုမှာစိုးလို့ ဒီလိုလုပ်ရတာပါ။ ဒါကျွန်တော့အကျိုးအတွက်လုပ်တာမဟုတ်ပဲ ပြည်သူ့ပိုင်ဆိုင်မှုကိုကာကွယ်ဖို့ဖြစ်တယ်။ ကျွန်တော်တို့တွေ ဇာတိတူတာကိုထောက်ထားပြီး အသက်ချမ်းသာပေးပါ၊ စစ်သူကြီး!"
"ခင်ဗျားရဲ့သံချပ်ကာကို ရေစိုမှာစိုးလို့လုပ်တယ်ဆိုတာ နားလည်တယ်။ ဒါပေမယ့် ဒီလိုလုပ်တာက စည်းကမ်းကိုချိုးဖောက်တာပဲ"
ထို့နောက် ထိုတပ်သားကိုခေါင်းဖြတ်သတ်စေပြီး ဦးခေါင်းကိုသတိပေးသည့်အနေဖြင့် ပြသထားစေသည်။ ထိုသို့ပြုပြီးနောက် "လွီမန်"(Lu Meng) သည် အလောင်းကိုကောင်းစွာမြှုပ်နှံစေပြီး ထိုအုတ်ဂူသို့သွားပြီး ငိုလေသည်။
ထိုအချိန်မှစပြီး တပ်ထဲတွင် တပ်စည်းကမ်းဖောက်သည့်သူမရှိတော့ပေ။

"စွန်းချွမ်"(Sun Quan) သည် ကျင်ကျိုးမြို့သို့လာသောအခါ "လွီမန်"(Lu Meng) က သွားပြီးကြိုဆိုသည်။ "စွန်းချွမ်"(Sun Quan) သည် ဆုလာဘ်များပေးပြီး "ဖန်ကျွင်း"(Pan Jun) ကို မြို့အုပ်ချုပ်ရန်တာဝန်ပေးသည်။ အကျဉ်းထောင်တွင်ရှိသော "ယွီကျင့်"(Yu Jin) ကိုလွှတ်ပေးပြီး "ချောင်ချောင်း"(Cao Cao) ထံပို့လိုက်သည်။ ထို့နောက် အောင်နိုင်မှုအတွက် စားသောက်ပွဲကြီးတည်ခင်းလေသည်။
"စွန်းချွမ်"(Sun Quan) မှ "လွီမန်"(Lu Meng) အား
"ကျင်ကျိုးမြို့ကိုတော့ရပြီ။ ဒါပေမယ့် ဖူရှီရန်(Fu Shiren) က ကုန်းအန်းမှာရှိပြီး မီဖန်(Mi Fang) က နန်ကျွင်းမှာရှိတယ်။ ဒီနေရာနှစ်ခုကို ဘယ်လိုသိမ်းရမလဲ'
ထိုအခါ "ယွီဖန်"(Yu Fan) မှ
"သခင်ကြီး၊ မြားတွေတောင် ကုန်စရာမလိုပါဘူး။ ကျွန်တော့ရဲ့ပါးစပ်ကိုသုံးပြီး ဖူရှီရန်(Fu Shiren) ကို လက်နက်ချစေပါ့မယ်"
"မိတ်ဆွေ ယွီဖန်(Yu Fan) ၊ ခင်ဗျားက ဘယ်လိုလုပ်မှာတုန်း"
"ဖူရှီရန်(Fu Shiren) နဲ့ကျွန်တော်က ငယ်ငယ်တည်းကသိတဲ့သူငယ်ချင်းတွေပါ။ ကျွန်တော် ရှင်းပြရင် ကျွန်တော်တို့ဘက်ပါလာပါလိမ့်မယ်"
ထို့နောက် "ယွီဖန်"(Yu Fan) သည် ကုန်းအန်းသို့သွားသည်။

ကျင်ကျိုးမြို့ကျသွားပြီဟုသိသော "ဖူရှီရန်"(Fu Shiren) သည် ဂိတ်တံခါးတို့ကိုပိတ်ထားစေသည်။ ထို့ကြောင့် "ယွီဖန်"(Yu Fan) ရောက်လာသောအခါ မဝင်နိုင်ပေ။ "ယွီဖန်"(Yu Fan) သည် စာတစ်စောင်ရေးပြီး မြားထိပ်တွင်ချိတ်ကာ မြို့တံခါးသို့လှမ်းပစ်စေသည်။ အစောင့်တို့သည် ထိုစာကိုယူပြီး စစ်သူကြီးထံပြသည်။
စာကိုဖတ်ပြီးနောက် "ဖူရှီရန်"(Fu Shiren) တွေးလေသည်။
'ကွမ်းယွီ(Guan Yu) က ငါ့အပေါ်အမြင်ကြည်တာမဟုတ်ဘူး။ ဒီတော့ လက်နက်ချလိုက်တာက ပိုကောင်းမယ်'
ထို့ကြောင့် မြို့တံခါးကိုဖွင့်ပြီး သူ၏သူငယ်ချင်းနှင့်တွေ့ကာ ရှေးဟောင်းနှောင်းဖြစ်များပြောကြသည်။ "ယွီဖန်"(Yu Fan) က "စွန်းချွမ်"(Sun Quan) ၏ကြီးကျယ်မြင့်မြတ်မှုနှင့် သဘောထားကြီးမှုအကြောင်း ထည့်ထည့်ပြောလေသောကြောင့် နောက်ဆုံးတွင် "ဖူရှီရန်"(Fu Shiren) က လက်နက်ချရန် သဘောတူလိုက်သည်။ "ဖူရှီရန်"(Fu Shiren) က သူ၏ရာထူးတံဆိပ်တုံးနှင့်အတူ "စွန်းချွမ်"(Sun Quan) အားသွားတွေ့သည်။ "စွန်းချွမ်"(Sun Quan) က သူ့အား ကုန်းအန်းတွင်ပင် တာဝန်ပြန်ပေးသည်။

သို့သော် "လွီမန်"(Lu Meng) မှ
"ကွမ်းယွီ(Guan Yu) ကိုမအောင်နိုင်သေးတဲ့အတွက် ဖူရှီရန်(Fu Shiren) ကို ကုန်းအန်းမှာထားလို့မဖြစ်သေးဘူး။ အဲ့အစား သူ့ကို နန်ကျွင်းကိုလွှတ်ပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဘက်ဟောင်း မီဖန်(Mi Fang) ကိုကျွန်တော်တို့ဘက်ပါလာအောင် တိုက်တွန်းပါစေ"
ထိုအကြံကိုလက်ခံလိုက်ပြီး "ဖူရှီရန်"(Fu Shiren) ကိုပြန်ခေါ်ကာ
"နန်ကျွင်းကိုသွားပြီး မီဖန်(Mi Fang) ကို လက်နက်ချအောင်လုပ်နိုင်ရင် ခင်ဗျားကို ဆုလာဘ်ကြီးပေးပါ့မယ်"
၎င်းတာဝန်ကို "ဖူရှီရန်"(Fu Shiren) ကလက်ခံလိုက်ပြီး နန်ကျွင်းသို့သွားလေသည်။


Comments

Popular posts from this blog

Lookism