သုံးနိုင်ငံခေတ်(၇၆)

အခန်း(၇၆) "ရွှီဟွမ်"(Xu Huang) သည် မျန်မြစ်တွင်တိုက်ခိုက်ခြင်း။
"ကွမ်းယွီ"(Guan Yu) သည် မိုက်ချန်သို့တပ်ဆုတ်ခြင်း။

ကျင်ကျိုးမြို့ကျသွားပြီးနောက် "မီဖန်"(Mi Fang) သည် ဘာလုပ်ရမည်ကိုဝေခွဲရခက်နေလေသည်။ ထိုအချိန်တွင်ပင် သူ၏လုပ်ဖော်ကိုင်ဘက်ဟောင်း "ဖူရှီရန်"(Fu Shiren) ရောက်လာရာ ဝင်ခွင့်ပေးလိုက်သည်။ "ဖူရှီရန်"(Fu Shiren) သည် သူလာရခြင်းအကြောင်းအရင်းကို တည့်တိုးပင် ပြောလိုက်သည်။
"ကျွန်တော်က သစ္စာရှိပါတယ်၊ ဒါပေမယ့် အခက်အခဲ၊အကြပ်အတည်းတွေကြောင့် မတတ်သာလို့လက်နက်ချခဲ့ရတယ်။ ဒါကြောင့် ခင်ဗျားလည်းဒီလိုလုပ်သင့်တယ်"
"ခင်ဗျားရော၊ ကျုပ်ရောက ဟန်ကျုံးမင်းသားကျွေးတဲ့ထမင်းကို စားလာခဲ့တာမဟုတ်လား။ ခင်ဗျားဒီလိုလုပ်တာကို နားမလည်နိုင်ဘူး"
"ကွမ်းယွီ(Guan Yu) က ကျုပ်တို့နှစ်ယောက်လုံးကိုမုန်းတယ်။ သူစစ်အောင်နိုင်ပြီးပြန်လာရင်တောင် ကျုပ်တို့ကိုခွင့်လွှတ်မှာမဟုတ်ဘူး၊ ဒါကိုသေချာတွေးစေချင်တယ်"
"ကျုပ်နဲ့ ကျုပ်အစ်ကိုဟာ မင်းသားနောက်လိုက်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဒီလိုမျိုးလုပ်ဖို့ မသင့်တော်ဘူး"
"မီဖန်"(Mi Fang) ဆုံးဖြတ်ရခက်နေခဲ့သည်။
ထိုအချိန်တွင် ဆက်သားတစ်ဦးရောက်လာသည်။
"ဖန်ချန်က တပ်တွေက ရိက္ခာနည်းနေတဲ့အတွက် စစ်သူကြီးက ဆန်တွေပို့ဖို့တောင်းဆိုပါတယ်၊ နန်ကျွင်းနဲ့ကုန်းအန်းကနေ ဆန်လှည်းပေါင်းတစ်ထောင်ပို့ပါ။ နှောင့်နှေးကြန့်ကြာရင် ကြီးလေးတဲ့အပြစ်ဒဏ်ပေးပါမယ်"

ထိုအခါ "မီဖန်"(Mi Fang) သည် အံ့ဩသွားသည်။
"ဒီလောက်များတဲ့ဆန်ကို ဘယ်ကရမှာတုန်း၊ ကျင်ကျိုးက ဝူလက်အောက်ရောက်သွားပြီ"
"ဘာမှလျှောက်တွေးမနေနဲ့တော့"
ပြီးနောက် "ဖူရှီရန်"(Fu Shiren) သည် သူ၏ဓားဖြင့် ဆက်သားကိုသတ်လိုက်လေသည်။
"ခင်ဗျား ဘာလုပ်လိုက်တာလဲ"
"ကွမ်းယွီ(Guan Yu) က ကျုပ်တို့နှစ်ယောက်ကိုသတ်ချင်လို့ ဖိအားပေးနေတာ။ ကျုပ်တို့က သေမှာကိုဒီအတိုင်းထိုင်စောင့်နေရမှာလား? ခင်ဗျား ဝူဘက်သွားရင်သွား၊ မသွားရင် ကွမ်းယွီ(Guan Yu) သတ်တာခံရမှာပဲ"
ထိုအချိန်တွင် "လွီမန်"(Lu Meng) ဦးဆောင်သော ဝူတပ်သည် မြို့ရိုးနားသို့ရောက်လာလေသည်။ မတတ်သာသည့်အဆုံးတွင် "မီဖန်"(Mi Fang) သည် "ဖူရှီရန်"(Fu Shiren) နှင့်အတူ "လွီမန်"(Lu Meng) လက်အောက်၌ လက်နက်ချလိုက်လေသည်။ ထိုလက်နက်ချသူနှစ်ဦးတို့အား "စွန်းချွမ်"(Sun Quan) ထံခေါ်သွားပြီးနောက် ဆုလာဘ်များပေးအပ်ခြင်းခံခဲ့ရသည်။ ထို့အပြင် ဝူတပ်တို့ကိုလည်း ဆုလာဘ်များချီးမြင့်ခဲ့လေသည်။

ရွှီချန်တွင် ကျင်ကျိုးနှင့်ပတ်သတ်ပြီးတိုင်ပင်နေကြစဉ် "စွန်းချွမ်"(Sun Quan) ဆီမှစာတစ်စောင်ရောက်လာသည်။ ထိုစာတွင် "ချောင်ချောင်း"(Cao Cao) တပ်ကို လျှို့ဝှက်စွာဖြင့်လှုပ်ရှားပြီး "ကွမ်းယွီ"(Guan Yu) တပ်နောက်ဘက်မှတိုက်ရန် တောင်းဆိုထားသည်။ "ချောင်ချောင်း"(Cao Cao) သည် သူ၏အကြံပေးတို့နှင့်တိုင်ပင်ရာ ပထမတန်းအတွင်းရေးအရာရှိ "တုန်းကျောက်"(Dong Zhao) မှ
"ဖန်ချန်က ဝန်းရံခံထားရတော့ မြို့ထဲကိုမြားနဲ့စာလှမ်းပို့ပြီး ဒီအကြောင်းကိုအကြောင်းကြားထားပါ။ ဒါမှ မြို့ကိုကာကွယ်တဲ့လူတွေ စိတ်ဓာတ်မကျမှာ။ နောက်ပြီး ကျင်ကျိုးဘေးတွေ့နေပြီဆိုတာ ကွမ်းယွီ(Guan Yu) သိအောင်လုပ်လိုက်ပါ။ အဲ့လိုဆို သူ့တပ်တွေကိုပြန်ဆုတ်ပြီး ကျင်ကျိုးဘက်ကိုသွားမှာပဲ။ အဲ့အချိန်မှာ ရွှီဟွမ်(Xu Huang) က နောက်ကနေတိုက်ရင် ကျွန်တော်တို့ရဲ့အနိုင်ပဲပေါ့"
"ချောင်ချောင်း"(Cao Cao) သည် လက်ခံလိုက်ပြီး ရွှီဟွမ်ကိုတိုက်ရန် အမိန့်ပေးလိုက်သည်။ "ချောင်ရန်"(Cao Ren) ကိုကာကွယ်ရန်အတွက် "ချောင်ချောင်း"(Cao Cao) ကိုယ်တိုင် တပ်ဖွဲ့ကြီးကိုဦးဆောင်ပြီး လော့ရန်မြို့တောင်ဘက် ရန်လင်တောင်ကုန်းတွင် စခန်းချထားသည်။

ရွှီဟွမ်သည် သူ၏စခန်း၌ရှိနေစဉ် ဝေမင်းသားထံမှဆက်သားရောက်လာကြောင်း သိရသည်။
"မင်းသားက တပ်မကြီးကိုဦးဆောင်ပြီး လော့ရန်ကိုထွက်သွားပြီ။ စစ်သူကြီးကိုတော့ ကွမ်းယွီ(Guan Yu) ကိုတိုက်ပြီး ဖန်ချန်ကိုကယ်ဖို့အမိန့်ပေးထားပါတယ်"
ထိုအချိန်တွင်ပင် ကင်းထောက်တပ်သားတို့ရောက်လာပြီး
"ကွမ်းဖင်(Guan Ping) က ရန်ချန်မှာစခန်းချထားပြီး လျောင်ဟွာ(Liao Hua) က စီးကျုံးမှာ စခန်းချထားတယ်။ ရန်သူတွေက ခံတပ်စခန်းပေါင်းဆယ့်နှစ်ခုကို ချိတ်ဆက်ထားတယ်"
ထိုအခါ စစ်သူကြီးနှစ်ဦးဖြစ်သည့် "လုချန်"(Lu Qian) နှင့် "ရွှီရှန်"(Xu Shang) တို့အား ရန်ချန်ကိုတိုက်ရန် အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်မှာမူ အထူးတပ်သားငါးရာကိုဦးဆောင်ပြီး မျန်မြစ်တစ်လျှောက်သွားပြီးနောက် ရန်ချန်၏အနောက်ဘက်မှတိုက်ရန်ပြုသည်။
"ရွှီဟွမ်"(Xu Huang) ၏တပ် ရောက်လာသည်ကိုသိသောအခါ "ကွမ်းဖင်"(Guan Ping) သည် ထွက်ပြီး "ရွှီရှန်"(Xu Shang) နှင့် ရင်ဆိုင်လေ၏။

သုံးကွက်ခန့်တိုက်ပြီးနောက် "ရွှီရှန်"(Xu Shang) သည်ထွက်ပြေးလေ၏။ ထိုအခါ အခြားသောစစ်သူကြီး "လုချန်"(Lu Qian) လာပြီးရင်ဆိုင်ပြန်သည်။ ခဏကြာတိုက်ပြီးနောက် ပြေးသွားပြန်သည်။ "ကွမ်းဖင်"(Guan Ping) သည် ရန်သူ့တပ်ကိုခုနစ်မိုင်အကွာခန့်အထိလိုက်ပြီးနောက် ရန်ချန်ဘက်မှ မီးခိုးတို့ကိုလှမ်းမြင်ရသောအခါ အလှည့်စားခံရပြီကိုသိသွားလေ၏။ ထို့ကြောင့် တပ်ကိုနောက်ပြန်ဆုတ်လေရာ "ရွှီဟွမ်"(Xu Huang) နှင့်တွေ့လေသည်။
"ရွှီဟွမ်"(Xu Huang) မှ
"ငါ့ရဲ့တူလေး ကွမ်းဖင်(Guan Ping) က သေခြင်းကိုတောင်မမြင်နိုင်တော့ဘူးထင်တယ်။ မင်းတို့ကျင်ကျိုးက ဝူတပ်လက်အောက်ထဲရောက်သွားတာတောင် ဒီမှာရှိနေနိုင်သေးတယ်"
"ကွမ်းဖင်"(Guan Ping) သည် သူ၏ဓားကိုဝှေ့ယမ်းပြီး "ရွှီဟွမ်"(Xu Huang) နှင့်ရင်ဆိုင်လေသည်။ သို့သော်သုံးကွက်ခန့်တွင် မြို့တွင်းရှိမီးတို့မှာ ပိုပြီးလောင်ကျွမ်းလာသောကြောင့် ဆက်လက်မတိုက်ခိုက်နိုင်တော့ပဲ စီးကျုံးသို့ပြေးရလေသည်။ "လျောင်ဟွာ"(Liao Hua) နှင့်တွေ့ပြီးနောက် "လျောင်ဟွာ"(Liao Hua) မှ
"ကျင်ကျိုးမြို့က လွီမန်(Lu Meng) အောက်ရောက်သွားပြီလို့ပြောနေကြတယ်။ ဒီသတင်းကြောင့် တပ်တစ်ခုလုံးတုန်လှုပ်ကုန်ပြီ။ ဘယ်လိုလုပ်ရမလဲ"
"ဒါ ကောလာဟလတွေပါ၊ မပြန့်စေနဲ့။ ဒီအကြောင်းပြောတဲ့လူမှန်သမျှကို သေဒဏ်ပေးပါ"

ထိုအချိန်တွင် "ရွှီဟွမ်"(Xu Huang) သည် မြောက်ဘက်မှစခန်းတစ်ခုကို ဝင်စီးကြောင်းသိရသည်။
"ကွမ်းဖင်"(Guan Ping) မှ
"ကျုပ်တို့နောက်ဘက်မှာ မျန်မြစ်ရှိတယ်ဆိုတော့ ရန်သူတွေလာတိုက်မှာစိုးရိမ်စရာမလိုဘူး။ ကျုပ်တို့တွေသွားပြီး အဲ့စခန်းကိုကာကွယ်ရအောင်"
ထိုအခါ "လျောင်ဟွာ"(Liao Hua) သည် သူ၏လက်အောက်ငယ်သားတို့ကိုခေါ်ပြီး ရန်သူတို့စခန်းကိုလာတိုက်ပါက အချက်ပေးရန်မှာထားလေသည်။ ထိုခေါင်းဆောင်တို့မှ
"ဒီမှာ ဘာအန္တရာယ်မှမရှိပါဘူး၊ အကာအကွယ်တွေ ဆယ်ထပ်လောက်ရှိတော့ ငှက်ကလေးတောင် ဝင်လို့မရနိုင်ဘူး"
"ကွမ်းဖင်"(Guan Ping) နှင့် "လျောင်ဟွာ"(Liao Hua) တို့သည် ဝါရင့်တပ်သားတို့ကိုခေါ်ပြီး အတိုက်ခံရသောစခန်းသို့သွားသည်။ ထိုနေရာတွင် ဝေတပ်သားတို့သည် မြေနိမ့်တစ်နေရာ၌ တပ်စွဲထားသည်ကိုတွေ့သဖြင့် "ကွမ်းဖင်"(Guan Ping) မှ
"ရန်သူတွေက မလုံခြုံတဲ့နေရာမှာ စခန်းချထားတယ်။ ဒီတော့ ဒီညအဲ့စခန်းကိုသွားတိုက်ရအောင်"
"စစ်သူကြီးက တပ်သားတစ်ဝက်ကိုဦးဆောင်သွားပါ။ ကျွန်တော်က ဒီမှာစောင့်ပြီး စခန်းကိုကာကွယ်ပါ့မယ်"
ညသို့ရောက်သောအခါ ရန်သူ့စခန်းကိုဝင်စီးသောလည်း စခန်းထဲတွင် ခွေးတစ်ကောင်ကြောင်တစ်မြီးမှ မရှိသောအခါ "ကွမ်းဖင်"(Guan Ping) သည် ရန်သူ့လှည့်ကွက်မှန်းသိသွားပြီး တပ်ဆုတ်ရန်ပြုသည်။
ထိုအချိန်တွင် "ရွှီရှန်"(Xu Shang) နှင့် "လုချန်"(Lu Qian) တို့သည် ဘယ်၊ညာနှစ်ဖက်ဆီမှဝိုင်းတိုက်လေသည်။ ရှူတပ်ဖွဲ့သည်တပ်စခန်းသို့ပြန်ဆုတ်သော်လည်း စခန်းမှာ အဝိုင်းခံရသောကြောင့် စခန်းကိုစွန့်ပြီး စီးကျုံးသို့သွားသည်။ ထိုစခန်းသည်လည်း ရန်သူ့လက်ထဲကျသွားသောကြောင့် ဖန်ချန်သို့သွားလေသည်။
သို့သော် လမ်းတစ်ဝက်တွင် "ရွှီဟွမ်"(Xu Huang) ဦးဆောင်သောတပ်က ပိတ်ထားလေ၏။ "ကွမ်းဖင်"(Guan Ping) သည် ခက်ခက်ခဲခဲတိုက်ပြီးမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သူ၏ဖခင်ထံသွားကာ
"ရွှီဟွမ်(Xu Huang) က ရန်ချန်ကိုသိမ်းထားလိုက်ပြီ။ ချောင်ချောင်း(Cao Cao) ဦးဆောင်တဲ့တပ်မကြီးက တပ်ဖွဲ့သုံးဖွဲ့ခွဲပြီးလာနေပြီတဲ့။ ဒါ့အပြင် ကျင်ကျိုးကလည်း ရန်သူ့လက်ထဲရောက်သွားပြီလို့ပြောနေကြတယ်"
"ကွမ်းယွီ"(Guan Yu) က ဆက်မပြောရန် တားမြစ်လိုက်သည်။
"ဒါ ရန်သူတွေသက်သက်ထောင်ချောက်ဆင်ပြီး တပ်သားတွေစိတ်ဓာတ်ကျအောင်လုပ်တာ။ လွီမန်(Lu Meng) က နေမကောင်းဖြစ်နေပြီး သူ့နေရာကိုအသစ်လာတဲ့ လုရွှင့်(Lu Xun) က အသုံးမဝင်ဘူး။ ဘာမှစိုးရိမ်စရာမလိုဘူး"
"ကွမ်းယွီ(Guan Yu) သည် သူ၏မြင်းကိုစီးကာ "ရွှီဟွမ်"(Xu Huang) နှင့်သွားတွေ့ရန်ပြုသည်။ ထိုအခါ "ကွမ်းဖင်"(Guan Ping) မှ
"အဖေ ဒဏ်ရာမသက်သာသေးလို့ တိုက်ပွဲထဲမသွားပါနဲ့ဦး"
"ရွှီဟွမ်(Xu Huang) နဲ့ငါနဲ့က မိတ်ဆွေဟောင်းတွေပဲ။ သူဘာလုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာ ငါသိတယ်။ သူ့ကိုတပ်ဆုတ်ဖို့ပြောမယ်၊ သူတပ်မဆုတ်ရင် သူ့ကိုသတ်ပြီး တခြားလူတွေကို နမူနာအဖြစ်ပြရမယ်"

ထို့နောက်  "ကွမ်းယွီ"(Guan Yu) သည် ဝေတပ်ဘက်သို့သွားကာ
"ကျုပ်ရဲ့မိတ်ဆွေကြီး ရွှီဟွမ်(Xu Huang) ဘယ်မှာလဲ"
ထိုအခါ "ရွှီဟွမ်"(Xu Huang) ထွက်လာပြီး အရိုအသေပြုကာ
"နယ်စားမင်းနဲ့မတွေ့ရတာတောင်နှစ်တွေ အတော်ကြာခဲ့ပြီ။ အခုဒီလိုပြန်တွေ့ရမယ်လို့မမျှော်လင့်ခဲ့ဘူး။ ကျွန်တော် နယ်စားဆီက ပညာတွေယူခဲ့တဲ့ဟိုးအရင်နှစ်တွေကို အမြဲအမှတ်ရပြီး ကျေးဇူးတင်နေပါတယ်။ စစ်သူကြီးရဲ့နာမည်က တစ်တိုင်းပြည်လုံးမှာကျော်ကြားပြီး မိတ်ဆွေဟောင်းဖြစ်တဲ့ကျွန်တော်က မချီးမွမ်းပဲမနေနိုင်ဘူး။ ဒီလိုတွေ့ရတော့ ဝမ်းသာပါတယ်
"ကျုပ်တို့တွေ မိတ်ဆွေကောင်းဖြစ်ခဲ့တယ်မဟုတ်လား။ ခင်ဗျား ဘာလို့ကျုပ်ရဲ့သားကို အတင်းတိုက်ခဲ့ရတာလဲ"

ထိုအခါ "ရွှီဟွမ်"(Xu Huang) သည် သူ၏တပ်ဘက်သို့လှည့်ကာ အမိန့်ပေးသည်။
"ကွမ်းယွီ(Guan Yu) ခေါင်းကိုဖြတ်နိုင်တဲ့လူကို ရွှေအောင်စတစ်ထောင်ဆုချမယ်"
"ခင်ဗျား ဘာလို့ဒီလိုပြောရတာလဲ"
"ကျွန်တော် ဒီနေ့နိုင်ငံအတွက်လာတာဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးခင်မင်မှုကိုရှေ့တန်းတင်လို့မဖြစ်ပါဘူး"
ထို့နောက် "ရွှီဟွမ်"(Xu Huang) သည် ရဲတင်းကိုကိုင်ပြီး ဓားရှည်ကိုင်ထားသော "ကွမ်းယွီ"(Guan Yu) နှင့်တိုက်လေသည်။ ခဏတာမျှတိုက်ပြီးသောအခါ "ကွမ်းယွီ"(Guan Yu) ၏လက်မှာဒဏ်ရာကြောင့် သိပ်မကောင်းသောကြောင့် အခြေအနေမဟန်ပေ။ ထို့ကြောင့် "ကွမ်းဖင်"(Guan Ping) သည် စိုးရိမ်ပြီး တပ်ဆုတ်ရန်အချက်ပေးလိုက်ရာ "ကွမ်းယွီ"(Guan Yu) သည်လည်း ပြန်လှည့်သွားသည်။
ထိုအချိန်တွင် "ရွှီဟွမ်"(Xu Huang) ကိုကူညီရန် ဖန်ချန်တွင်ရှိသော "ချောင်ရန်"(Cao Ren) ထွက်လာသည်။ ကျင်ကျိုးတပ်မှာ အဆုံးအရှုံးများသောကြောင့် "ကွမ်းယွီ"(Guan Yu) နှင့်အခြားစစ်သူကြီးတို့သည် ရှန်မြစ်ကြောင်းအတိုင်း ရှန်းရန်သို့ဆုတ်ရလေသည်။ ဝေတပ်ကလည်း အနောက်ဘက်မှ လိုက်တိုက်လေ၏။
ထိုအချိန်တွင် သတင်းတစ်ခုရောက်လာသည်။
"ကျင်ကျိုးမြို့ကို လွီမန်(Lu Meng) သိမ်းသွားပါပြီ။ စစ်သူကြီးရဲ့မိသားစုကိုလည်း ထိန်းသိမ်းထားတယ်"
ထိုအခါ "ကွမ်းယွီ"(Guan Yu) သည် အံ့ဩသွားပြီး ကုန်းအန်းသို့ချီတက်လေ၏။
"ကုန်းအန်းက ဖူရှီရန်(Fu Shiren) က ဝူလက်အောက် ခိုလှုံသွားပါပြီ"
ထို့အပြင် နောက်ထပ်သတင်းရောက်လာလေ၏။
"ဖူရှီရန်(Fu Shiren) က အမှုထမ်းတစ်ယောက်ကိုသတ်ပြီး မီဖန်(Mi Fang) ကိုပါ သစ္စာဖောက်အောင် သိမ်းသွင်းသွားခဲ့တယ်"
"ကွမ်းယွီ"(Guan Yu) သည် ဒေါသအကြီးအကျယ်ထွက်ပြီး ဒဏ်ရာဟောင်းပြန်ပေါ်ကာ လဲကျသွားသည်။

"ကွမ်းယွီ"(Guan Yu) သတိရလာသောအခါ
"ဝမ်ဖူ(Wang Fu) ၊ ခင်ဗျားပြောတာမှန်တယ်၊ ခင်ဗျားစကားကိုနားမထောင်ခဲ့မိတာ မှားတယ်။ ဒါပေမယ့် ကင်းစောင့်တွေကဘာလို့အချက်မပေးရတာလဲ"
"ဝူတပ်ဖွဲ့က ကုန်သည်ယောင်ဆောင်ပြီး ဝင်လာခဲ့တဲ့အတွက် အချက်ပေးဖို့အချိန်မရခဲ့ဘူး"
"ကွမ်းယွီ"(Guan Yu) သည် သက်ပြင်းချပြီး မြေကြီးကိုခြေဖြင့်ဆောင့်သည်။
"ကျုပ် သူတို့အကွက်ထဲဝင်သွားခဲ့ပြီ။ အစ်ကိုကြီးကို ဘယ်လိုမျက်နှာပြရမယ်မသိဘူး"
စားနပ်ရိက္ခာတပ်မှူး "ကျောက်လေ"(Zhao Lei) မှ
"ကျွန်တော်တို့တွေ အကျဉ်းအကြပ်ထဲရောက်နေတဲ့အတွက် ချန်တူးကိုလူလွှတ်ပြီး စစ်ကူတောင်းသင့်ပါတယ်။ ကျွန်တော်တို့တွေက ကုန်းကြောင်းအတိုင်း ကျင်ကျိုးကိုချီတက်ပြီးတော့ ပြန်သိမ်းဖို့ကြိုးစားသင့်တယ်"
ထိုအခါ "မာလျန့်"(Ma Liang) နှင့် "ယီကျီ"(Yi Ji) တို့ကိုရှူသို့စေလွှတ်ပြီး စစ်ကူတောင်းစေသည်။ "ကွမ်းယွီ"(Guan Yu) သည် တပ်ကိုဦးဆောင်ပြီး "လျောင်ဟွာ"(Liao Hua) နှင့် "ကွမ်းဖင်"(Guan Ping) တို့က အနောက်ဘက်ကိုစောင့်ကြပ်ကာ ကျင်ကျိုးသို့ချီတက်သည်။

ဖန်ချန်သည် ရန်သူတို့၏ဝန်းရံမှုမခံရတော့သဖြင့် "ချောင်ရန်"(Cao Ren) သည် သူ၏သခင်နှင့်တွေ့ပြီး ငိုယိုကာ သူ၏အပြစ်တို့ကိုပြောဆိုပြီး တောင်းပန်လေ၏။
"ချောင်ချောင်း"(Cao Cao) မှ
"ဒါ ကောင်းကင်ကြီးရဲ့ဆန္ဒပဲ။ ခင်ဗျားအပြစ်မဟုတ်ပါဘူး"
ထို့နောက် တပ်ဖွဲ့တို့ကို ဆုလာဘ်များပေးလေ၏။ "ချောင်ချောင်း"(Cao Cao) သည် စီးကျုံးသို့သွားရောက်စစ်ဆေးသောအခါ အကာအကွယ်တို့ကိုမြင်ပြီး မှတ်ချက်ချသည်။
"ရွှီဟွမ်(Xu Huang) က ဒါကိုရင်ဆိုင်နိုင်တာ တော်တော်ထူးချွန်တာပဲ။ ကျုပ် နှစ်သုံးဆယ်လောက် စစ်မက်ထဲမှာကျင်လည်နေခဲ့ပေမယ့် ဒီလိုအတားအဆီးကို ရင်ဆိုင်ဝံ့မှာမဟုတ်ဘူး။ သူက ရဲရင့်ပြီး ပညာဉာဏ်ရှိတယ်"
"ဟုတ်ပါတယ်"
အကုန်လုံးက ထောက်ခံကြလေ၏။

"ချောင်ချောင်း"(Cao Cao) သည် မော်ဖိုသို့သွားပြီး စခန်းချလေသည်။ "ရွှီဟွမ်"(Xu Huang) ပြန်ရောက်သောအခါ "ချောင်ချောင်း"(Cao Cao) မှထွက်တွေ့သည်။ စစ်တပ်ဖွဲ့စည်းပုံမှာ စနစ်ကျပြီး တိကျသပ်ရပ်သည့်အပြင် တပ်သားတို့သည် ရှုပ်ထွေးမှုတစဉ်းမျှမရှိသည်ကို မြင်သောအခါ "ချောင်ချောင်း"(Cao Cao) မှ
"ရွှီဟွမ်(Xu Huang) က ဟိုးအရင်က ကျိုးယဖူ(Zhou Yafu)1 လိုမျိုးပဲ" ဟုကောက်ချက်ချသည်။
ထို့နောက် "ရွှီဟွမ်"(Xu Huang) အား တောင်ပိုင်းကိုငြိမ်းချမ်းစေသောစစ်သူကြီးဘွဲ့ပေးပြီး "ရှဟိုရှန်"(Xiahou Shang) နှင့်အတူ ရှန်ရန်သို့ချီတက်စေ၏။
ကျင်ကျိုးမှာ ကစဥ့်ကလျားဖြစ်နေခဲ့ပြီး "ချောင်ချောင်း"(Cao Cao) သည် မော်ဖိုတွင် သတင်းစောင့်နဧခဲ့သည်။
"ကွမ်းယွီ"(Guan Yu) ၏တပ်သည် ကျင်ကျိုးသို့သွားရန်မှာ အရှေ့ဘက်တွင် ဝူတပ်ကပိတ်နေပြီး အနောက်တွင် ဝေတပ်ရှိသောကြောင့် မည်သို့လုပ်ရမည်ကို "ကျောက်လေ"(Zhao Lei) နှင့်တိုင်ပင်သည်။
"ဘာလုပ်ကြမလဲ။ ရှေ့တိုးလို့လည်းမရ၊ နောက်ဆုတ်လို့လည်းမရနဲ့၊ စစ်ကူလာတဲ့သတင်းလည်း မကြားသေးဘူးလား"
ထိုအခါ "ကျောက်လေ"(Zhao Lei) မှ "ချောင်ချောင်း"(Cao Cao) ကိုကူခဲ့သည့် "လွီမန်"(Lu Meng) ကို အရှက်ရစေရန်ကြိုးပမ်းစေသည်။
"လွီမန်(Lu Meng) က လုခိုမှာရှိတုန်းက စစ်သူကြီးဆီကို မကြာခဏစာရေးခဲ့ပြီး ချောင်ချောင်း(Cao Cao) ကိုအတူတိုက်ဖို့ သဘောတူခဲ့တယ်။ အခုသူက သစ္စာဖောက်ပြီး တခြားဘက်ပြောင်းသွားပြီ။ ဒီတော့ သူ့ကိုစာပို့ပြီး အရှက်ရအောင်လုပ်ပါ။ ဒီလိုဆို တစ်ခုခုပြောင်းလဲနိုင်မယ်"
ထို့ကြောင့် စာကို ကျင်ကျိုးသို့ပို့လိုက်သည်။ ထိုအချိန်တွင် ကျင်ကျိုး၌ "လွီမန်"(Lu Meng) ၏အမိန့်ဖြင့် "ကွမ်းယွီ"(Guan Yu) လက်အောက်တွင် အမှုထမ်းနေသောအရာရှိအားလုံးတို့၏မိသားစုတို့ကို လိုလေသေးမရှိအောင် ထားလေ၏။ စားစရာတို့ထောက်ပံ့သည့်အပြင် နေမကောင်းပါက အခမဲ့ဆေးကုစေသည်။ "ကွမ်းယွီ"(Guan Yu) ၏စာရောက်လာသောအခါ "လွီမန်"(Lu Meng) က ထိုဆက်သားကိုခေါ်ပြီး
"ဟိုးတုန်းကနဲ့ အခုက အခြေအနေမတူတော့ဘူး။ အရင်က စစ်သူကြီးနဲ့သင့်မြတ်တာဟာ ပုဂ္ဂိုလ်ရေးအရပဲ။ အခုက ကျုပ်သခင်ရဲ့အမိန့်နဲ့ဒီကိုလာရတာဖြစ်တယ်။ ဒါကြောင့် ခင်ဗျားပြန်သွားပြီး စစ်သူကြီးကို သေသေချာချာရှင်းပြလိုက်ပါ"
ထို့ပြင် ထိုဆက်သားကို စားသောက်ပွဲဖြင့်တည်ခင်းကျွေးမွေးပြီး စစ်ထွက်တိုက်နေသော အမှုထမ်းတို့၏မိသားစုဝင်တို့နှင့်တွေ့စေသည်။ ထိုမိသားစုဝင်တို့သည် သူတို့၏ခင်ပွန်းသည်၊ ဖခင် စသူတို့၏သတင်းကိုမေးမြန်းပြီး ထိုသူတို့အတွက်ပါ စာထည့်ပေးလိုက်ကာ သူတို့ကျန်းမာကြောင်း၊ အဆင်ပြေကြောင်းပြောစေသည်။ ထို့မျှမက ထိုဆက်သားပြန်သောအခါဝယ် "လွီမန်"(Lu Meng) ကိုယ်တိုင်လိုက်ပို့နှုတ်ဆက်လေ၏။

"ကွမ်းယွီ"(Guan Yu) ထံသို့ပြန်ရောက်သောအခါ "လွီမန်"(Lu Meng) သည် တပ်သားအရာရှိ မိသားစုဝင်တို့ကိုကောင်းစွာစောင့်ရှောက်ကြောင်းပြောသည်။ ထိုအခြင်းအရာကို "ကွမ်းယွီ"(Guan Yu) က မနှစ်မြို့ပေ။ ထို့ကြောင့် ခြေကိုဆောင့်ကာ
"ဒါ လူတွေသူ့ဘက်ပါအောင် ပရိယာယ်ဆင်တာပဲ။ ဒီသူပုန်၊ ကျုပ်အသက်ရှင်တဲ့အချိန်သူ့ကိုမသတ်နိုင်ရင်တောင် သေသွားတဲ့အချိန်အထိ သူ့ကိုအလွတ်မပေးဘူး"
ထို့နောက် ၎င်းဆက်သားကိုထွက်သွားစေရာ ထိုဆက်သားသည် သူ့တွင်ပါလာသောစာတို့ကို အမှုထမ်းတို့အား ပေးလေ၏။ စခန်းထဲရှိအမှုထမ်းတို့သည် ထိုစာတို့ကြောင့်ဝမ်းသာသွားပြီး "လွီမန်"(Lu Meng) အပေါ် အကောင်းမြင်ကြသည်။ ထို့ကြောင့် တိုက်ခိုက်လိုစိတ်လျော့နည်းလာသည်။ ကျင်ကျိုးကိုချီတက်သည့်ခရီးတလျှောက်တွင် တပ်ပြေးတို့တဖြေးဖြေးများလာခဲ့ပြီး "ကွမ်းယွီ"(Guan Yu) ၏ဒေါသသည်လည်းငယ်ထိပ်သို့ရောက်လာကာ အလျင်အမြန် ချီတက်စေ၏။
ထိုအချိန်တွင် အော်ဟစ်သံ၊ ဗုံသံတို့နှင့်အတူ "ကျန်းချင်"(Jiang Qin) ရောက်လာပြီး
"မိတ်ဆွေကြီး ကွမ်းယွီ(Guan Yu) လက်နက်ချပါလား"

"ဟန်တိုင်းပြည်ရဲ့အမှုထမ်း၊ စစ်တပ်ရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူပုန်လက်အောက်မှာလက်နက်ချစရာလား"
ထို့နောက် မြင်းကိုစီးကာ ရန်သူနှင့်ရင်ဆိုင်သည်။ "ကျန်းချင်"(Jiang Qin) သည် တခဏသာတိုက်ပြီး ထွက်ပြေးလေသည်။ "ကွမ်းယွီ"(Guan Yu) က အနောက်မှလိုက်သည်။ အချိန်အတန်ကြာသည်အထိလိုက်ပြီးနောက် "ဟန်တန်"(Han Dang) နှင့် "ကျိုးထိုက်"(Zhou Tai) တို့ပေါ်လာပြီး တိုက်လေ၏။ "ကျန်းချင်"(Jiang Qin) ကလည်း ပြန်လှည့်ကာတိုက်သည်။ ထို့ကြောင့် "ကွမ်းယွီ"(Guan Yu) ၏တပ် နောက်ပြန်ဆုတ်ရသည်။
ထိုခဏတာအချိန်အတွင်းတွင်ပင် တောင်ကုန်းတို့တွင်ရှိသော ကျင်ကျိုးမှလူတို့သည် အလံဖြူထောင်ပြီး
"ဒီနေရာက လူတွေလက်နက်ချပါတယ်" ဟုဟစ်အော်လေသည်။

"ကွမ်းယွီ"(Guan Yu) သည်ဒေါသထွက်ပြီး ထိုသူတို့ကို သတ်ချင်သော်လည်း "တင်းဖုန်း"(Ding Feng) နှင့် "ရွှီရှန်"(Xu Sheng) ဦးဆောင်သောတပ်တို့ထွက်လာပြီး "ကျန်းချင်"(Jiang Qin) ကိုကူလေရာ "ကွမ်းယွီ'(Guan Yu) မှာ သစ်အယ်သီး၏အဆံကဲ့သို့ အဘက်ဘက်မှ ဝန်းရံခံခဲ့ရသည်။
ထိုတင်မက သူ၏နောက်လိုက်နောက်ပါတို့သည် တဖြည်းဖြည်းနည်းလာလေ၏။ နေဝင်ရီတရောအချိန်အထိတိုက်ခိုက်ပြီး ကျင်ကျိုးမြို့သူမြို့သားတို့သည် တောင်ကုန်းတို့တွင်နေကာ သူတို့၏ညီအစ်ကိုတို့ကိုခေါ်သည့်သူကခေါ်၊ ကလေးက မိဘတို့ကိုအော်ခေါ်ကြသဖြင့် တပ်သားတို့မှာ တိုက်ခိုက်လိုစိတ်အလျင်းမရှိတော့ပေ။ ထိုအချိန်တွင် သူ့နောက်လိုက်နောက်ပါတို့မှာ သုံးရာခန့်သာရှိသည်။ သို့သော်လည်း "ကွမ်းဖင်"(Guan Ping) နှင့် "လျောင်ဟွာ"(Liao Hua) ရောက်လာပြီး ကယ်တင်ခဲ့လေသည်။
"ရဲမက်တွေရဲ့နှလုံးသားက အရည်ပျော်ကျကုန်ပြီ။ ဒါကြောင့် စစ်ကူကိုစောင့်ပြီး စခန်းချထားတာကောင်းမယ်။ ကျွန်တော်တို့ မိုက်ချန်ကိုသွားကြရအောင်၊ အဲ့နေရာက မကျယ်ပေမယ့် စခန်းချဖို့လုံလောက်ပါတယ်"
"ကွမ်းယွီ"(Guan Yu) ကလက်ခံလိုက်ပြီး မိုက်ချန်သို့ချီတက်ကာ စခန်းချသည်။ ထိုနေရာ၏တံခါးလေးပေါက်တို့တွင် အစောင့်များချထားစေ၏။
"ကျောက်လေ"(Zhao Lei) မှ
"ဒီနေရာက မုန့်တာ(Meng Da) နဲ့ လျူဖုန်း(Liu Feng) စခန်းချတဲ့ ရှန်ယုံနဲ့နီးတယ်။ ဒီတော့ သူတို့ဆီကိုစာပို့ပြီး အကူအညီတောင်းသင့်တယ်၊ ပင်မတပ်ကြီးမလာခင် သူတို့အရင်ရောက်လာရင် ရဲမက်တွေရဲ့စိတ်ဓာတ်ပြန်တက်လာမယ်"
သို့သော် မကြာခင်တွင်ပင် ဝူတပ်ရောက်လာပြီး ဝန်းရံလိုက်လေသည်။ "ကွမ်းယွီ"(Guan Yu) မှ
"ဘယ်သူ ရန်သူတွေကိုထိုးဖောက်ပြီး ရှန်ယုံကိုသွားမလဲ"
ထိုအခါ "လျောင်ဟွာ"(Liao Hua) မှ
"ကျွန်တော် သွားပါမယ်"
"ကွမ်းဖင်"(Guan Ping) မှ
"ခင်ဗျားကို ရန်သူ့နယ်ကျော်သွားတဲ့အထိလိုက်ပို့ပါမယ်"
"လျောင်ဟွာ"(Liao Hua) သည် စာကိုသူ၏ကိုယ်တွင်ဖွက်ပြီး ထမင်းကိုဝအောင်စားပြီးသော် တံခါးပေါက်မှ ထွက်လေသည်။ ရန်သူ့ခေါင်းဆောင် "တင်းဖုန်း"(Ding Feng) မှ သူ့ကိုတားရန်ပြုသော်လည်း "ကွမ်းဖင်"(Guan Ping) မှ သဲသဲမဲမဲတိုက်သောကြောင့် "လျောင်ဟွာ'(Liao Hua) လွတ်သွားသည်။ "ကွမ်းဖင်"(Guan Ping) လည်း စခန်းထဲသို့ပြန်ဝင်ပြီး ခံစစ်အနေဖြင့်နေသည်။
ရှန်ယုံကိုသိမ်းပြီးနောက် "လျူဖုန်း"(Liu Feng) နှင့် "မုန့်တာ"(Meng Da) တို့က ထိုမြို့ကိုစောင့်ကြပ်သည်။ "လျူဖုန်း"(Liu Feng) သည် မြို့စားစစ်သူကြီးအဖြစ်တာဝန်ယူပြီး "မုန့်တာ"(Meng Da) က မြို့ကာကွယ်ရေးတို့ကိုတာဝန်ယူသည်။ "ကွမ်းယွီ"(Guan Yu) စစ်ရှုံးကြောင်းကြားသိသောအခါ မည်သို့ပြုရမည်ကို တိုင်ပင်နေကြစဉ် "လျောင်ဟွာ"(Liao Hua) ရောက်လာသည်။ "လျောင်ဟွာ"(Liao Hua) သည် "ကွမ်းယွီ"(Guan Yu) ၏အခြေအနေကို ပြောပြီးစစ်ကူတောင်းလေသည်။
"စစ်သူကြီး ကွမ်းယွီ(Guan Yu) က မိုက်ချန်မှာရန်သူတွေဝန်းရံတာခံထားရတယ်။ အနောက်ဘက်က စစ်ကူတွေက လာဖို့ကြာဦးမယ်။ ဒါကြောင့် စစ်သူကြီးဆီလွှတ်ပြီး စစ်ကူတောင်းစေတာပါ။ ရှန်ယုံတပ်တွေအလျင်အမြန်ချီတက်ဖို့မျှော်လင့်ပါတယ်။ အဲ့လိုမှမဟုတ်ပဲ နှောင့်နှေးခဲ့ရင် အခြေအနေမလှဖြစ်လိမ့်မယ်"
"စစ်သူကြီး ဧည့်ဆောင်မှာ ခဏအနားယူပါဦး။ ကျွန်တော်တို့တိုင်ပင်ပါဦးမယ်"

"လျောင်ဟွာ"(Liao Hua) ထွက်သွားပြီးနောက် ခေါင်းဆောင်နှစ်ဦးတိုင်ပင်ကြသည်။
"လျူဖုန်း"(Liu Feng) မှ
"ဒါ သတင်းဆိုးပဲ။ ဘယ်လိုလုပ်ကြမလဲ"
"ဝူက အင်မတန်အင်အားကြီးတယ်။ အခု သူတို့တွေ ကျင်ကျိုးပြည်နယ်ကိုသိမ်းလိုက်ပြီ။ မိုက်ချန်ဆိုတဲ့နေရာလေးပဲကျန်တော့တာ။ ဒါ့အပြင် ချောင်ချောင်း(Cao Cao) ကလည်း တပ်သားငါးသိန်းကိုဦးဆောင်ပြီး လာနေတယ်။ အဲ့လိုအင်အားကြီးတပ်နှစ်တပ်ကို ကျုပ်တို့ခုခံနိုင်မှာမဟုတ်ဘူး"
"သိတယ်။ ဒါပေမယ့် ကွမ်းယွီ(Guan Yu) က ကျုပ်ရဲ့ဦးလေးပဲ။ မကူပဲ ဒီအတိုင်းထိုင်ကြည့်နေလို့မဖြစ်ဘူး"
"ခင်ဗျားက သူ့ကိုဦးလေးအဖြစ် သဘောထားတယ်ပေါ့။ ဒါပေမယ့် ကျုပ်အထင်ကတော့ သူက ခင်ဗျားကို တူသားတစ်ယောက်အနေနဲ့သဘောထားတာမဟုတ်ဘူး။ ဟန်ကျုံးမင်းသားက ခင်ဗျားကိုမွေးစားတုန်းက ကွမ်းယွီ(Guan Yu) ကမကြိုက်ခဲ့ဘူး။ နောက်ပြီး မင်းသားဘွဲ့ခံယူပြီး အရိုက်အရာလျာထားဖို့အတွက် ကျူးကဲလျန့်(Zhuge Liang) နဲ့တိုင်ပင်တယ်လို့ကြားခဲ့တယ်။ ကျူးကဲလျန့်(Zhuge Liang) က အိမ်တွင်းရေးကိစ္စမို့လို့ ဘာမှမပြောခဲ့ဘူးတဲ့။ အဲ့တော့ မင်းသားက ကွမ်းယွီ(Guan Yu) ရဲ့အကြံတောင်းခဲ့တယ်။ ကွမ်းယွီ(Guan Yu) က ခင်ဗျားကိုထောက်ခံခဲ့လို့လား? လုံးဝမထောက်ခံခဲ့ဘူး။ ခင်ဗျားက မွေးစားသားဖြစ်တဲ့အတွက် အရိုက်အရာဆက်ခံဖို့မဖြစ်နိုင်ဘူး။ ဒါ့အပြင် ကွမ်းယွီ(Guan Yu) က ခင်ဗျားရန်ပြုမှာစိုးလို့ အဝေးမှာထားဖို့ မင်းသားကိုတိုက်တွန်းခဲ့တယ်။ ဒါ လူတိုင်းသိတဲ့ကိစ္စပဲ၊ ခင်ဗျားမသိတာ အံ့ဩစရာပဲ။ ဒါတောင်မှ ခင်ဗျားက အသက်စွန့်ပြီးသူ့ကိုသွားကယ်မလို့လား"
"ခင်ဗျားပြောတာ မှန်ပြီထားတော့၊ သူ့ကိုဘယ်လို အကြောင်းပြန်ရမလဲ"
"မြို့က မငြိမ်သက်သေးတဲ့အတွက် စစ်ချီတက်ဖို့မသင့်တော်ဘူးလို့ပြန်ပြောလိုက်ပါ။ အဲ့လိုမှမဟုတ်ရင် မြို့ကိုဆုံးနိုင်မယ်လို့"

"လျူဖုန်း"(Liu Feng) သည် သူ၏လုပ်ဖော်ကိုင်ဖက်အကြံကိုနားထောင်ကာ "လျောင်ဟွာ"(Liao Hua) ကိုခေါ်ပြီး စစ်ကူမပေးနိုင်ကြောင်းပြောသည်။ "လျောင်ဟွာ"(Liao Hua) သည် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ဒူးထောက်ကာ ခေါင်းနှင့်ကြမ်းပြင်ကိုတိုက်ပြီး ကူညီရန် တောင်းဆိုလေ၏။
"ခင်ဗျားသာအဲ့လိုလုပ်ရင် စစ်သူကြီး ကွမ်းယွီ(Guan Yu) ရဲ့နိဂုံးဖြစ်သွားလိမ့်မယ်"
"မုန့်တာ"(Meng Da) မှ
"ရေလေးတစ်ခွက်က လှည်းတစ်စီးစာတောက်လောင်နေတဲ့မီးကို ငြိမ်းနိုင်မယ်ထင်လို့လား? ပြန်သွားပြီး အနောက်ဘက်က စစ်ကူလာတာကို စောင့်နေပါ"
"လျောင်ဟွာ"(Liao Hua) တောင်းပန်သော်လည်း ထိုစစ်သူကြီးနှစ်ဦးတို့သည် ထသွားပြီး အင်္ကျီလက်စကိုခါကာ ထွက်သွားလေသည်။

ထိုအခါ "လျောင်ဟွာ"(Liao Hua) သည် ချန်တူးသို့ချက်ချင်းသွားရန် ကြံစည်ခဲ့သည်။ မြို့ထဲမှ မြင်းစီးကာထွက်ပြီး မြို့စောင့်တို့ကိုဆဲရေးပြီးနောက် အနောက်ဘက်သို့သွက်သွားလေသည်။ "ကွမ်းယွီ"(Guan Yu) သည် သူ၏စခန်းတွင် စစ်ကူကိုမျှော်နေခဲ့သော်လည်း အချည်းနှီးပင်ဖြစ်သည်။ သူ၏တပ်သားတို့သည် ရာဂဏန်းခန့်သာကျန်တော့ပြီး ဒဏ်ရာရနေသူအများအပြားရှိသည့်အပြင် ရိက္ခာလည်း မလုံလောက်တော့ပေ။ ထိုအချိန်တွင် တံခါးနားသို့သံတမန်တစ်ဦးရောက်လာပြီး မြားမပစ်ရန်၊ တဖက်ခေါင်းဆောင်ထံမှမှာကြားချက်ပါကြောင်းပြောသည်။ ထိုသူမှာ "ကျူးကဲကျင့်"(Zhuge Jin) ဖြစ်သည်။
"ကျွန်တော်က ကျွန်တော့သခင် ဝူနယ်စားရဲ့အမိန့်နဲ့လာခဲ့တာပါ။ ဟိုးအရင်ကတည်းက သူရဲကောင်းတွေဟာလည်း အခြေအနေကြောင့် ခေါင်းငုံ့ရတာရှိတာပဲ။ စစ်သူကြီး အုပ်ချုပ်ခဲ့တဲ့ နယ်ပယ်ကိုးခုနဲ့ မြို့နယ် လေးဆယ့်နှစ်ခုမှာ ဒီမြို့ငယ်လေးပဲကျန်တော့တယ်။ ဒါ့အပြင် စားနပ်ရိက္ခာလည်းမရှိ၊ ပြင်ပအကူအညီလည်းမရှိတော့ မကြာခင်မှာ မြို့ကျတော့မယ်။ ဒီတော့ စစ်သူကြီးက ကျွန်တော်ပြောတာနားထောင်ပြီး ဝူနဲ့အတူလက်တွဲရင်မကောင်းဘူးလား? စစ်သူကြီးကို မူလရာထူးအတိုင်းပေးမှာဖြစ်ပြီး စစ်သူကြီးရဲ့မိသားစုတွေကိုလည်း အေးအေးချမ်းချမ်းနေစေမယ်။ ဒါကြောင့် ဒါကိုစဉ်းစားဖို့တိုက်တွန်းပါတယ်"
"ကွမ်းယွီ"(Guan Yu) သည် အေးဆေးစွာတုန့်ပြန်လေ၏။
"ကျုပ်က ကျဲ့လင်ရွာက သာမန်တပ်သားလေးပဲ။ ကျုပ်သခင်နဲ့ကျုပ်နဲ့က ညီအစ်ကိုတွေဆိုတော့ သူ့ကိုဘယ်သစ္စာဖောက်နိုင်မလဲ? ဒီမြို့ကျသွားနိုင်သလို၊ ကျုပ်လည်း သေသွားနိုင်တယ်။ ကျောက်စိမ်းကကွဲအက်နိုင်ပေမယ့် သူ့ရဲ့တောက်ပမှုကကျန်ရစ်မှာပဲ။ ဝါးပင်က မီးလောင်နိုင်ပေမယ့် သူ့အဆစ်တွေက မားမားမတ်မတ်ရှိနေလိမ့်မယ်။ ကျုပ်ခန္ဓာလည်း ပျက်စီးနိုင်ပေမယ့် ကျုပ်နာမည်ကတော့ သမိုင်းကြောင်းမှာကျန်ရစ်ခဲ့လိမ့်မယ်။ ထပ်မပြောပါနဲ့တော့၊ မြို့ထဲကထွက်သွားပါ။ ကျုပ် စွန်းချွမ်(Sun Quan) ကိုအဆုံးထိတိုက်သွားမယ်"
"ကျုပ်သခင်ကြီးက ဟိုးအရင်က ချင်နဲ့ကျင်းပြည်နယ်2လိုပဲ စစ်သူကြီးနဲ့အတူလက်တွဲပြီး ချောင်ချောင်း(Cao Cao) ကိုတိုက်ဖို့စိတ်ကူးရှိတယ်။ ပြီးရင် ဟန်တိုင်းပြည်ကိုပြန်မထူထောင်နိုင်ပေဘူးလား? ဘာလို့ ဒါကနည်းလမ်းမှားလို့ပြောရတာလဲ"
ထိုအခါ "ကွမ်းဖင်"(guan Ping) သည် ဓားကိုကိုင်ပြီး သတ်ရန်ပြုသော်လည်း ဖခင်ဖြစ်သူမှ လှမ်းဟန့်လိုက်သည်။
"သူ့ညီက ရှူပြည်နယ်မှာ မင့်ဘကြီးကိုကူပေးနေတယ်ဆိုတာ သတိရပါ။ မင်း သူ့ကိုဒဏ်ရာရအောင်လုပ်လိုက်ရင် ညီညွတ်မှုကိုပျက်ပြားစေလိမ့်မယ်"

ထို့နောက် "ကျူးကဲကျင့်"(Zhuge Jin) ကိုအပြင်သို့သွားစေလိုက်သည်။ "ကျူးကဲကျင့်"(Zhuge Jin) သည် သူ၏သခင်အား အလုံးစုံကိုပြန်ပြောပြသည်။
"သူက အင်မတန်သစ္စာရှိတဲ့လူပဲ။ ပြီးတော့ ဘာဆက်လုပ်ရမလဲ"
"လုဖန်" (Lu Fan)မှ
" ပြောင်းလဲခြင်းစာအုပ်ကိုသုံးပြီး တွက်ချက်ကြည့်ပါ"
ထိုသို့တွက်ချက်သောအခါ နယ်စား၏ရန်သူတို့သည် အဝေးကိုပြေးသွားလိမ့်မည်ဟူသောအဖြေကိုရသည်။
"စွန်းချွမ်"(Sun Quan) မှ "လွီမန်"(Lu Meng) ကိုမေးသည်။
"သူ အဝေးကိုပြေးသွားရင် ဘယ်လိုဖမ်းမလဲ"
"ဒီတွက်ချက်မှုက ကျွန်တော်စီစဉ်ထားတာနဲ့အံကိုက်ပဲ။ ကွမ်းယွီ(Guan Yu) မှာ တောင်ပံပါခဲ့ရင်တောင် ကျွန်တော့ပိုက်ကွန်အောက်မှ ပြေးမလွတ်ဘူး"





ကျိုးယဖူ(Zhou Yafu)1 - ဝင်ဧကရာဇ်လက်ထက်(ဘီစီ ၁၇၉ - ၁၅၆) ဝန်ကြီးချုပ် ကျိုးပေါ်(Zhou Bo) ၏သားဖြစ်ပြီး ဧကရာဇ်နတ်ရွာစံသောအခါ ထကြွသော ခုနစ်ပြည်နယ်သူပုန်တို့ကိုနှိမ်နှင်းနိုင်ခဲ့သည့် စစ်သူကြီးဖြစ်သည်။ တရုတ်ရာဇဝင်တွင် စစ်တပ်စည်းကမ်းသေသပ်အောင် ကြပ်မတ်နိုင်သောစစ်သူကြီးဟု အသိအမှတ်ပြုခြင်းခံရသူဖြစ်သည်။


ချင်နဲ့ကျင်းပြည်နယ်2 - နွေဦးဆောင်းဦးခေတ်နှင့် စစ်ပွဲများကာလအတွင်း တည်ရှိခဲ့သော ပြည်နယ်နှစ်ခုဖြစ်သည်။ ချင်ပြည်နယ်သည် တရုတ်ပြည်၏အနောက်ဘက်အကျဆုံးနေရာတွင်ရှိပြီး အရှေ့ဘက်ကိုကျင်းပြည်နယ်က ကာထားသောကြောင့် ချင်ပြည်နယ်သည် အလယ်ပိုင်းဒေသစစ်ပွဲများဒဏ်ကို မခံခဲ့ရပေ။ ထိုပြည်နယ်နှစ်ခုကြားစစ်ပွဲများမကြာခဏရှိတတ်သော်လည်း ထိုနှစ်ပြည်နယ်သည် မဟာမိတ်ဖြစ်ခဲ့ပြီး ထိုသို့မိတ်ဖွဲ့ခြင်းကြောင့် ပြည်နယ်နှစ်ခုလုံးအတွက် အကျိုးရှိစေခဲ့သည်။

Comments

Popular posts from this blog

Lookism