သုံးနိုင်ငံခေတ်(၇၇)

အခန်း(၇၇) "ချောင်ချောင်း"(Cao Cao) သည် လော့ရန်တွင် ဝင်ပူးခံရခြင်း။
"ကွမ်းယွီ"(Guan Yu) သည် ကျောက်စိမ်းစမ်းချောင်းတောင်တွင် ထွက်ပေါ်ခြင်း။

"ကွမ်းယွီ(Guan Yu) က တပ်သားနည်းနည်းပဲကျန်တဲ့အတွက် လမ်းမကြီးဘက်ကနေချီတက်မှာမဟုတ်ဘူး။ မိုက်ချန်မြောက်ဘက်က အန္တရာယ်များတယ်။ သူက အဲ့ကထွက်ပြေးဖို့ကြိုးစားလိမ့်မယ်။ ဒါကြောင့် မြို့ကနေ ခုနစ်မိုင်အကွာမှာ ကင်းပုန်းစောင့်နေပါ၊ ဒါပေမယ့် သူ့ကိုမရပ်တန့်စေပဲ ဆက်သွားခိုင်းပြီး သူ့တပ်နောက်ပိုင်းကိုတိုက်နေပါ။ ဒါဆို သူ လင်ကျွီကိုသွားရလိမ့်မယ်။ အဲ့နေရာမှာ နောက်ထပ်တပ်တွေချထားရင် ရန်သူကိုဖမ်းနိုင်ပြီ။ လက်ရှိမှာတော့ မြို့ကို လေးဘက်စလုံးက အပြင်းအထန်တိုက်ပြီး မြောက်ဘက်ဂိတ်ကိုတော့ သူထွက်ပြေးနိုင်အောင် လုပ်ပေးထားပါ"
ထိုအစီအစဉ်ကို မရွက်ဆောင်မီတွင် "စွန်းချွမ်"(Sun Quan) က "လုဖန်"(Lu Fan) အား တွက်ချက်စေသည်။
"ရန်သူက အနောက်မြောက်ပိုင်းကိုပြေးပါလိမ့်မယ်၊ ဒါပေမယ့် နောက်ရက် ညသန်းခေါင်မတိုင်ခင်မှာ သူ့ကိုဖမ်းမိလိမ့်မယ်"
ထို့ကြောင့် "ကျူရန်"(Zhu Ren) ကို ပထမကင်းပုန်းအတွက် တာဝန်ပေးပြီး ဒုတိယကင်းပုန်းအတွက်ကိုမူ "ဖန်ကျန်း"(Pan Zhang) အားသွားစေသည်။

"ကွမ်းယွီ"(Guan Yu) သည် မိုက်ချန်အတွင်းရှိ တိုက်ခိုက်နိုင်သောသူတို့ကိုစုစည်းလိုက်ရာ အင်အားသုံးရာသာရှိခဲ့သည်။ ထိုညဝယ် ဝူတပ်သားတို့သည် တပ်သားတို့၏ဆွေမျိုးတို့ကိုခေါ်လာပြီး နာမည်တို့ကိုခေါ်စေလေရာ များစွာသောရဲမက်တို့သည် တပ်စွန့်ကာပြေးကြသည်။ ထို့အပြင် စစ်ကူကမရောက်လာသည့်အတွက် "ကွမ်းယွီ"(Guan Yu) မှာ ဘာမှမတတ်နိုင်တော့ပေ။ ထို့ကြောင့် "ဝမ်ဖူ"(Wang Fu) ကိုထပ်ခေါ်ပြီးပြောပြန်သည်။
"ခင်ဗျားစကားကို နားမထောင်ခဲ့မိတာကို နောင်တရမိတယ်။ အခုအချိန်မှာ ဘာဆက်လုပ်ကြမလဲ"
"အကယ်၍ လွီဝမ်(Lu Wang)1 သာဒီနေရာမှာဆိုရင် သူလည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး"
"ကျောက်လေ"(Zhao Lei) မှ
"လျူဖုန်း(Liu Feng) နဲ့ မုန့်တာ(Meng Da) က ရှန်ယုံကနေစစ်ကူပို့မှာမဟုတ်တော့ဘူး။ ဒါကြောင့် ဒီဆိုးရွားတဲ့နေရာကစွန့်ပြီး ယီကျိုးကိုပြန်ပြီးတော့ တပ်တွေပြန်စုစည်းသင့်ပါတယ်"
"ကွမ်းယွီ"(Guan Yu) မှ
"ခင်ဗျားပြောတာမှန်တယ်။ ဒါအကောင်းဆုံးနည်းပဲ"

ထို့နောက် မြို့ရိုးပေါ်သို့တက်ပြီး အခြေအနေကိုကြည့်ရှုလေရာ မြောက်ဘက်တံခါးတွင် ရန်သူ့တပ်အနည်းဆုံးဖြစ်သည်ကို သတိထားမိသည်။ ထို့နောက် ဒေသခံတို့ကိုခေါ်ကာ ထိုလမ်းအခြေအနေတို့ကို မေးလေ၏။
"အဲ့ဘက်ကနေသွားတဲ့လမ်းတွေထဲမှာ တစ်လမ်းက အနောက်ဘက်မြစ်ပြည်နယ်ကိုရောက်နိုင်ပါတယ်"
"ဒါဆို ဒီညမှာ အဲ့ကဖောက်ထွက်ကြမယ်"
သို့သော် "ဝမ်ဖူ"(Wang Fu) ကကန့်ကွက်သည်။
"စစ်သူကြီး အဲ့ဘက်ကသွားရင် ကင်းပုန်းနဲ့တွေ့နိုင်တယ်။ ဒါကြောင့် လမ်းမကြီးဘက်ကသွားတာ ပိုလုံခြုံပါလိမ့်မယ်"
"ကင်းပုန်းတပ်ရှိလည်း ဘာကြောက်စရာရှိလဲ"
ထို့နောက် ချီတက်ရန်ပြင်ဆင်လေသည်။ ထိုအခါ "ဝမ်ဖူ"(Wang Fu) မှ
"ဘာပဲဖြစ်ဖြစ် သတိကြီးကြီးထားပါ။ ကျွန်တော်တော့ ဒီမြို့ကိုအဆုံးထိကာကွယ်သွားပါ့မယ်။ ကျွန်တော် တပ်သားတစ်ရာပဲလိုပါတယ်၊ ကျွန်တော်တို့ဘယ်တော့မှ လက်နက်မချဘူး။ စစ်သူကြီး စစ်ကူနဲ့ပြန်လာမဲ့အချိန်ကို မျှော်နေပါ့မယ်"

ထို့နောက် သူတို့နှစ်ဦးတို့သည် ဝမ်းနည်းစွာခွဲခွာခဲ့သည်။ "ဝမ်ဖူ"(Wang Fu) နှင့် "ကျိုးချန်"(Zhou Cang) တို့ကို မိုက်ချန်ကိုကာကွယ်ရန် ကျန်ရစ်ပြီး "ကွမ်းယွီ"(Guan Yu) ၊ "ကွမ်းဖင်"(Guan Ping) နှင့် "ကျောက်လေ"(Zhao Lei) တို့သည် မြောက်ဘက်တံခါးမှဖောက်ထွက်သည်။ "ကွမ်းယွီ"(Guan Yu) သည် သူ၏အစိမ်းရောင်နဂါးဓားရှည်ကိုကိုင်ပြီး ရှေ့ဆုံးမှထွက်သည်။ သုံးနာရီခန့်တွင် မြို့နှင့်ခုနစ်မိုင်အကွာသို့ရောက်သည်။ ထိုအချိန်တွင် တောင်ကုန်းတို့မှ တပ်ဖွဲ့တို့ပေါ်လာပြီး "ကျူရန်"(Zhu Ren) ထွက်လာသည်။
"ကွမ်းယွီ(Guan Yu) ၊ မပြေးနဲ့။ လက်နက်ချရင် အသက်ချမ်းသာရာရမယ်"
သို့သော် "ကွမ်းယွီ"(Guan Yu) သည် သူ၏မြင်းကိုစီးပြီး ခေါင်းဆောင်ဖြစ်သူကို ဒေါသဖြင့်ကြည့်ရာ "ကျူရန်"(Zhu Ren) ထွက်ပြေးသွားသည်။ "ကွမ်းယွီ"(Guan Yu) လည်း "ကျူရန်"(Zhu Ran) နောက်သို့လိုက်လေရာ ရုတ်တရတ် အဘက်ဘက်မှရဲမက်တို့ထွက်လာပြီး တိုက်သောကြောင့် "ကွမ်းယွီ"(Guan Yu) သည် လင်ကျွီသို့သွားရသည်။ "ကျူရန်"(Zhu Ren) သည် အနောက်ဘက်မှတိုက်လေရာ "ကွမ်းယွီ"(Guan Yu) ၏တပ်မှာ တဖြည်းဖြည်းနည်းလာသည်။

သို့သော် ရှူတပ်သည် ဆက်လက်တောင့်ခံနေခဲ့သေးသည်။ ထိုအချိန်တွင် "ဖန်ကျန်း"(Pan Zhang) ထွက်လာပြီး ရင်ဆိုင်လေသည်။ "ကွမ်းယွီ"(Guan Yu) နှင့် နှစ်ကွက်ခန့်သာတိုက်ပြီးနောက် ထွက်ပြေးသွားလေ၏။ သို့သော်လည်း ရန်သူ့အင်အားများသောကြောင့် "ကွမ်းယွီ"(Guan Yu) သည် တောတောင်ထဲတွင် ခိုလှုံရန်ပြုသည်။
ထိုအချိန်တွင် သူ၏သား "ကွမ်းဖင်"(Guan Ping) မှ အကြောင်းကြားသည်။
"ကျောက်လေ(Zhao Lei) တိုက်ပွဲကျသွားပါပြီ"
"ကွမ်းယွီ"(Guan Yu) သည် စိတ်မကောင်းဖြစ်သွားကာ သူ၏သားကို တပ်နောက်ပိုင်းကိုကာကွယ်စေပြီး ဆက်လက်ချီတက်စေသည်။

လူဆယ်ယောက်ခန့်နှင့်အတူ တောင်တို့ဖြင့်ကွယ်နေသော ကျူရှီးသို့ရောက်လာခဲ့သည်။ ထိုနေရာ၏မြေပြင်တွင် ရေညှိ၊ မြက်ခြောက်တို့ရှိနေပြီး သစ်တောတို့လည်း ထူထပ်သည်။ ထိုအချိန်တွင် ငါးချက်တီးရှိနေပြီဖြစ်သည်။ ထိုအချိန်တွင် ရုတ်တရတ် ရန်သူတို့ထွက်လာပြီး အချွန်ဖြင့်ထိုး၊ ပိုက်ကွန်ဖြင့်အုပ်လေရာ "ကွမ်းယွီ"(Guan Yu) ၏မြင်းမှာ လဲကျသွားသည်။ ထိုတပ်ကိုဦးဆောင်လာသူမှာ "ဖန်ကျန်း"(Pan Zhang) လက်အောက်မှ စစ်သူကြီး "မာကျုံး"(Ma Zhong) ဖြစ်သည်။ သူသည် "ကွမ်းယွီ"(Guan Yu) ကိုသုံ့ပန်းအဖြစ်ဖမ်းနိုင်ခဲ့သည်။

"ကွမ်းဖင်"(Guan Ping) သည် သူ၏ဖခင်ကိုကယ်ရန်ပြုသော်လည်း သူသည်လည်း ရန်သူတို့အဝိုင်းခံရကာ အဖမ်းခံခဲ့ရလေသည်။ သူ၏အကြံအောင်မြင်သောအခါ "စွန်းချွမ်"(Sun Quan) သည် အင်မတန်မှဝမ်းမြောက်သွားပြီး သုံ့ပန်းတို့ကိုခေါ်လာမည့်အချိန်ကို စခန်းထဲတွင်စောင့်နေခဲ့သည်။ ထို့နောက် "မာကျုံး"(Ma Zhong) သည် သုံ့ပန်းတို့ဖြင့် ရောက်လာသည်။
"ခင်ဗျားရဲ့ကြီးမြတ်တဲ့နာမည်ဂုဏ်ကြောင့် ခင်ဗျားအပေါ်လေးစားနေခဲ့တာကြာပြီ။ ခင်ဗျားရော၊ ခင်ဗျားရဲ့သားပါ ကိုယ့်ကိုယ်ကိုအမြဲစစ်အောင်နိုင်သူလို့ မှတ်ယူကြတယ်။ အခုတော့ ခင်ဗျားက ကျုပ်ရဲ့သုံ့ပန်းဖြစ်နေပေမယ့်လည်း ခင်ဗျားကို ကျုပ်ဆီမှာအမှုထမ်းဖို့ဆန္ဒရှိတယ်"
"အစိမ်းရောင်မျက်လုံးနဲ့ကောင်လေး! ခရမ်းရောင်မုတ်ဆိတ်နဲ့ကြွက်စုတ်! ကျုပ်က ဟိုးအရင်ကတည်းက မက်မွန်ပန်းခြံမှာကျုပ်ညီအစ်ကိုတွေနဲ့ ဟန်တိုင်းပြည်ကိုပြန်ကောင်းမွန်အောင်လုပ်ဖို့ ကတိကဝတ်ပြုထားပြီးသား။ မင်းလိုမျိုးသူပုန်နဲ့အတူယှဉ်နေမယ်လို့ထင်လို့လား။ မင်းရဲ့အကြံအစည်တွေကြောင့် ကျုပ်ရှုံးနိမ့်သွားခဲ့ပေမယ့် ကျုပ်ကတစ်ခါပဲသေမှာပဲ။ ဘာမှစကားအများကြီးပြောစရာမလိုဘူး"

"သူက တကယ့်သူရဲကောင်းပဲ၊ သူ့ကိုမြတ်နိုးတယ်။ အကယ်၍ သူ့ကိုကောင်းကောင်းဆက်ဆံရင် ကျုပ်ဘက်ပါလာမယ်ထင်လား"
ပထမတန်းအတွင်းရေးအရာရှိ "ကျော်ရှန်"(Zuo Xian) မှ
"ချောင်ချောင်း(Cao Cao) က သူ့ကိုဖမ်းမိတုန်းကလည်း သူ့အပေါ်ကောင်းကောင်းဆက်ဆံခဲ့တာပဲ။ သူ့ကို နယ်စားဘွဲ့တောင်ပေးအပ်ပြီး သုံးရက်တစ်ခါ စားပွဲလေးကျင်းပပြီး ငါးရက်တစ်ခါ ပွဲတော်ကြီးကျင်းပစေခဲ့တယ်။ ဒါ့အပြင် သူ့ကိုရွှေတွေ၊ ငွေတွေလည်း ပေးခဲ့တယ်။ အဲ့လိုတောင်မှ သူ့ဘက်ပါအောင် မလုပ်နိုင်ခဲ့ဘူး။ ဒီလူက တံခါးဂိတ်ကနေဖောက်ထွက်သွားပြီး ခံတပ်ငါးခုမှာ စစ်သူကြီးခြောက်ယောက်ကိုသတ်ခဲ့တယ်။ ဒီနေ့မှာတော့ ချောင်ချောင်း(Cao Cao) က သူ့ရန်ကိုကြောက်ပြီး မြို့တော်တောင်ပြောင်းဖို့လုပ်တယ်မလား။ အခု သူကသခင်ကြီးလက်ထဲမှာရှိတော့ သူ့ကိုရှင်းလိုက်တာက အကောင်းဆုံးပါပဲ။ အဲ့လိုမှမဟုတ်ရင် အနာဂတ်မှာဆိုးကျိုးတွေဖြစ်လိမ့်မယ်"
"စွန်းချွမ်"(Sun Quan) သည် အချိန်အတန်ကြာစဉ်းစားခဲ့သည်။
"ခင်ဗျားပြောတာမှန်တယ်"
ပြီးနောက် သုံ့ပန်းတို့ကို သေဒဏ်ပေးရန် အမိန့်ချလိုက်လေ၏။ ထို့ကြောင့် သားအဖနှစ်ဦးတို့သည် နှစ်ဆယ့်လေးနှစ်မြောက် (အေဒီ ၂၁၉) ဆယ်လပိုင်း ဆောင်းရာသီအချိန်တွင် သေဆုံးခဲ့လေ၏။ ထိုအချိန်တွင် "ကွမ်းယွီ"(Guan Yu) ၏အသက်မှာ ၅၈ နှစ်ဖြစ်သည်။
"ကွမ်းယွီ"(Guan Yu) ၏နာမည်ကြီးမြင်း 'ယုန်နီ' ကိုလည်း ဖမ်းဆီးရမိပြီး "စွန်းချွမ်"(Sun Quan) ထံဆက်သသည်။ "စွန်းချွမ်"(Sun Quan) မှ ထိုမြင်းကို "မာကျုံး"(Ma Zhong) အား ဆုလာဘ်အဖြစ်ပေးလိုက်သည်။ သို့သော်လည်း ထိုမြင်းသည် အစာလုံးဝမစားတော့ပဲ မကြာခင်တွင်ပင် သေဆုံးသွားခဲ့လေ၏။

ထိုအချိန်တွင် မိုက်ချန်တွင်ရှိသော "ဝမ်ဖူ"(Wang Fu) သည် စိတ်ထဲထင့်နေခဲ့သည်။ သူ၏အရိုးတို့သည် အေးနေသည်ဟုခံစားရပြီး အသားလှုပ်နေခဲ့သည်။ သူ၏လုပ်ဖော်ကိုင်ဖက် "ကျိုးချန်"(Zhou Cang) ကိုပြောပြသည်။
"ကျုပ်အိပ်မက်ဆိုးတစ်ခုမက်တယ်။ အိပ်မက်ထဲမှာ ကျုပ်တို့သခင်ကြီးက သွေးတွေနဲ့ပေလျံနေပြီး ဘာဖြစ်တာလဲလို့ သူ့ကိုမေးခဲ့တယ်။ နောက်ပြီး ကျုပ်စိတ်ထဲထင့်နေတယ်။ ဘာမှမဖြစ်ပါစေနဲ့လို့မျှော်လင့်ပါတယ်"
ထိုအချိန်တွင် ဝူတပ်ကြီးရောက်လာပြီး သားအဖနှစ်ဦးတို့၏ခေါင်းကို ပြလေ၏။ "ဝမ်ဖူ"(Wang Fu) နှင့် "ကျိုးချန်"(Zhou Cang) တို့သည် အစစ်အမှန်ဟုတ်မဟုတ် မြို့ရိုးပေါ်တက်ပြီးကြည့်လေသည်။ အစစ်အမှန်ဖြစ်ကြောင်းသိသောအခါ "ဝမ်ဖူ"(Wang Fu) သည် ငိုပြီး မြို့ရိုးပေါ်မှ ခုန်ချကာ သေဆုံးသွားလေ၏။ "ကျိုးချန်"(Zhou Cang) သည်လည်း သူ့ကိုယ်သူသတ်သေခဲ့သည်။ သို့နှင့် မိုက်ချန်ကိုဝူတို့သိမ်းနိုင်ခဲ့သည်။
"ကွမ်းယွီ"(Guan Yu) ၏သေဆုံးမှုနှင့်အတူ ကျင်ကျိုးပြည်နယ်တစ်ခုလုံးသည် "စွန်းချွမ်"(Sun Quan) လက်အောက်သို့ရောက်ခဲ့သည်။ ထို့နောက် ဝူတပ်ကြီးသည် အောင်ပွဲခံပြီး "လွီမန်"(Lu Meng) ကိုဂုဏ်ထူးဆောင်နေရာထိုင်ခင်းတွင် ထိုင်စေသည်။

"စွန်းချွမ်"(Sun Quan) မှ မိန့်ခွန်းပြောသည်။
"အကြာကြီးစောင့်ခဲ့ပြီးနောက် ကျုပ်ရဲ့အိပ်မက်တွေအကောင်အထည်ပေါ်လာခဲ့တယ်။ ဒါ ကျုပ်ရဲ့မိတ်ဆွေကြီး လွီမန်(Lu Meng) ကြောင့်ပါပဲ"
"လွီမန်"(Lu Meng) က အရိုအသေပြုသည်။ "စွန်းချွမ်"(Sun Quan) က ဆက်ပြောလေသည်။
"ကျိုးယွီ(Zhou Yu) ဟာ လူတွေအများကြီးထက်သာလွန်ခဲ့တယ်။ ချောင်ချောင်း(Cao Cao) ကို ကမ်းပါးနီမှာ အနိုင်ယူနိုင်ခဲ့တယ်။ ဝမ်းနည်းစရာကောင်းတာက သူအသေစောသွားခဲ့တာပဲ။ ပြီးတော့ လူဆု(Lu Su) က သူ့နေရာကိုအစားထိုးခဲ့တယ်။ သူ့ရဲ့ပထမဆုံးစွမ်းဆောင်ချက်ကတော့ ပြည်နယ်ဖန်တီးဖို့မူဝါဒလုပ်ဆောင်ခဲ့တယ်။ ဒါသူ့ရဲ့အမျှော်အမြင်ကြီးမှုကို ပြတာပဲ။ နောက်ပြီး ချောင်ကဟွန်း(Cao Cao) က ဝူပြည်ကိုတိုက်ဖို့လုပ်တော့ လူတွေအများကြီးက လက်နက်ချဖို့အကြံပေးတဲ့အချိန်မှာ သူက ကျိုးယွီ(Zhou Yu) ကိုခေါ်ပြီး တိုင်ပင်ဖို့ အကြံပေးခဲ့တယ်။ ဒါသူ့ရဲ့အမျှော်အမြင်ရှိတာကိုပြသတဲ့နောက်ဥပမာပဲ။ သူအမှားတစ်ခုပဲ လုပ်ခဲ့တယ်။ အဲ့ဒါကတော့ ကျင်ကျိုးကို လျူဘေ့(Liu Bei) လက်ထဲရောက်စေခဲ့တာပဲ။ ဒီနေ့မှာတော့ လွီမန်(Lu Meng) က သူ့ရာထူးကိုယူပြီး ရှေးကလူတွေထက် သာလွန်ခဲ့တယ်"
"စွန်းချွမ်"(Sun Quan) သည် အရက်ခွက်ကိုငှဲ့ပြီး "လွီမန်"(Lu Meng) ကိုလှမ်းပေးလိုက်သည်။ "လွီမန်"(Lu Meng) သည် ခွက်ကိုယူလိုက်သည့်အချိန်တွင် ရုတ်တရတ်ပုံစံပြောင်းသွားကာ ခွက်ကိုအောက်ပစ်ချပြီး "စွန်းချွမ်"(Sun Quan) ကိုဆွဲကိုင်လိုက်သည်။
"အစိမ်းရောင်မျက်လုံးနဲ့ကောင်လေး! ခရမ်းရောင်မုတ်ဆိတ်နဲ့ကြွက်! ငါ့ကိုသိလား"
စားသောက်ပွဲတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး အများစုမှာ ကြမ်းပြင်သို့ကျသွားသောသူတို့သခင်ကို ကယ်ရန်ပြုသည်။ "လွီမန်"(Lu Meng) သည် အိမ်ရှင်နေရာတွင်ထိုင်ကာ သူ၏မျက်လုံးတို့ဖြင့်စိုက်ကြည့်နေခဲ့သည်။
"ကျုပ် အဝါရောင်သူပုန်တွေကိုနှိမ်နှင်းပြီးနောက် နှစ်သုံးဆယ်လောက်ကို ဖြတ်သန်းခဲ့တယ်။ မင်းရဲ့အကြံအစည်အောက်မှာ ငါရှုံးနိမ့်သွားခဲ့တယ်။ ရှင်နေတုန်းက ရန်သူရဲ့အသွေးအသားကို မထုတ်ကော်နိုင်ပေမယ့် သေတဲ့အချိန်မှာတော့ ဒီဓားပြ လွီမန်(Lu Meng) ရဲ့ဝိညာဉ်ကိုခေါ်သွားမယ်။ ကျုပ်က ဟန်ရှိုသခင် ကွမ်းယွီ(Guan Yu) ပဲ"
"စွန်းချွမ်"(Sun Quan) သည် လန့်သွားပြီး မြေပေါ်တွင် ဝပ်တွားနေခဲ့သည်။ အခြားသောအမှုထမ်းတို့လည်း ကြောက်လန့်ကုန်သည်။ ထို့နောက် "လွီမန်"(Lu Meng) ၏ ခန္ဓာကိုယ်အပေါက်ခုနစ်နေရာတို့မှ သွေးတို့ယိုစီးကာ လဲကျပြီးသေဆုံးသွားလေသည်။

"လွီမန်"(Lu Meng) ကို အခေါင်းထဲထည့်စေကာ ကောင်းစွာမြှုပ်နှံစေပြီး နန်ကျွင်းမြို့စားရာထူးနှင့် ချန်လင်သခင်ဘွဲ့တို့ပေးအပ်ခဲ့သည်။ သားဖြစ်သူ "လွီပါ"(Lu Ba) ကိုလည်း သူကောင်းဘွဲ့ပေးခဲ့လေသည်။ ထိုအချိန်မှစပြီး "စွန်းချွမ်"(Sun Quan) သည် ကြောက်လန့်တုန်လှုပ်နေခဲ့ရာ ကျန်းရဲ့မှ "ကျန်းကျောက်"(Zhang Zhao) ရောက်လာပြီး အပြစ်တင်စကားဆိုသည်။
"သခင်ကြီးက ကွမ်းယွီ(Guan Yu) ကိုသတ်လိုက်တာဟာ ဝူပြည်နယ်အတွက် ကံဆိုးမှုကိုဆောင်ကြဉ်းလာသလိုပဲ။ သူတို့တွေ မက်မွန်ပန်းခြံမှာ သွေးသောက်ဖွဲ့ခဲ့တာ သိတယ်မလား? သူက မြစ်ပြည်နယ်နှစ်နယ်ရဲ့တပ်တွေကိုကိုင်ထားပြီး အကြံပေးအနေနဲ့ ကျူးကဲလျန့်(Zhuge Liang) အပြင် ကျန်းဖေး(Zhang Fei) ၊ ကျောက်ယွင်(Zhao Yun) ၊ ဟွမ်ကျုံး(Huang Zhong) ၊ မာချောင်း(Ma Chao) စတဲ့သူရဲကောင်းတွေရှိတယ်။ လျူဘေ့(Liu Bei) က ဒီသားအဖနှစ်ဦးသေသွားတာသိရင် လက်စားချေဖို့စစ်ချီလာမှာပဲ။ သခင်ကြီး ဒါကိုမခုခံနိုင်မှာစိုးရိမ်ရတယ်"
"ဟုတ်တယ်၊ ကျုပ်အမှားလေးလုပ်မိသွားတယ်။ အခုဘာဆက်လုပ်မလဲ"
"စိတ်ပူစရာမလိုပါဘူး။ အနောက်ပိုင်းကတပ်တွေ ကျွန်တော်တို့နယ်ကို မဝင်အောင်နဲ့ ကျင်ကျိုးလုံခြုံအောင်လုပ်ထားလို့ရပါတယ်"
"ခင်ဗျားရဲ့အကြံက ဘာလဲ"
"ချောင်ချောင်း(Cao Cao) က သူ့ရဲ့တပ်မကြီးတွေနဲ့ တစ်တိုင်းပြည်လုံးကို တပ်မက်တဲ့အကြည့်နဲ့စောင့်ကြည့်နေခဲ့တာ။ လျူဘေ့(Liu Bei) သာ ဝူကိုတိုက်မယ်ဆိုရင် သူပထမဆုံး ဝေနဲ့မဟာမိတ်ဖွဲ့ပြီး တောင်ပိုင်းပြည်နယ်ကိုတိုက်မှာပဲ။ ဒီတော့ ကွမ်းယွီ(Guan Yu) ရဲ့ခေါင်းကို ချောင်ချောင်း(Cao Cao) ဆီပို့စေပြီး ဒီအရာတွေအားလုံးက ချောင်ချောင်း(Cao Cao) လုပ်ခိုင်းတဲ့ပုံဖြစ်အောင်လုပ်လိုက်တာပေါ့။ အဲ့လိုဆိုရင် လျူဘေ့(Liu Bei) က ချောင်ချောင်း(Cao Cao) ကိုပိုမုန်းသွားပြီး ဝူကိုတိုက်မယ့်အစား ဝေကိုသွားတိုက်ပါလိမ့်မယ်။ ကျွန်တော် ဒါကိုသေချာစမ်းစစ်ပြီးနောက်မှာတော့ ဒီလိုလုပ်တာက အသင့်တော်ဆုံးပဲ။

"စွန်းချွမ်"(Sun Quan) သည် စဉ်းစားပြီးနောက်ဝယ် သေဆုံးသွားသောစစ်သူကြီး၏ခေါင်းကို သေတ္တာထဲထည့်စေပြီး "ချောင်ချောင်း"(Cao Cao) ထံအလျင်အမြန်ပို့စေသည်။
ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် မို့ဖိုမှ လော့ရန်သို့ပြန်ချီတက်သွားပြီဖြစ်သည်။ ထိုလက်ဆောင်ကို မြင်သောအခါ "ချောင်ချောင်း(Cao Cao) မှဝမ်းသာသွားသည်။
"ကွမ်းယွီ"(Guan Yu) က သေသွားပြီပဲ။ ဒါဆိုကျုပ်တော့ ညဘက်ဆို ဖျာပေါ်မှာအေးဆေးအိပ်လို့ရပြီ"
သို့သော် "စီးမာယီ"(Sima Yi) သည် ဝူတို့၏ပရိယာယ်ကိုထိုးထွင်းမြင်သည်။
"ဒါ ကံဆိုးမှုကိုကျွန်တော်တို့ဆီလွှဲပြောင်းဖို့ ဝူတွေဉာဏ်ဆင်တာပဲ"
"ခင်ဗျားက ဘာကိုဆိုလိုတာလဲ? ဘယ်လိုလုပ်မှာလဲ"
"မက်မွန်ဥယျာဉ်ထဲမှာ ညီအစ်ကိုသုံးယောက်က သေအတူရှင်မကွာဆိုပြီး ကတိကဝတ်ထားခဲ့တယ်။ အခုတစ်ယောက်က သေဆုံးသွားပြီဆိုတော့ လျူဘေ့(Liu Bei) လက်စားချေမှာစိုးတာနဲ့ အဲ့ခေါင်းကို သခင်ကြီးဆီတမင်ပို့စေခဲ့တာ။ စွန်းချွမ်(Sun Quan) က လျူဘေ့(Liu Bei) နဲ့သခင်ကြီးစစ်ဖြစ်တာကိုကြည့်ပြီး သူကကြားထဲက အမြတ်ထုတ်မလို့"
"ခင်ဗျားပြောတာမှန်တယ်။ ဒါကိုဘယ်လိုရှောင်လွှဲရမလဲ"
"ဒါကလွယ်ပါတယ်။ အခု ကွမ်းယွီ(Guan Yu) ရဲ့ခေါင်းပဲရှိတော့ သူ့ရဲ့ကိုယ်ကို သစ်သားနဲ့ထုဆစ်စေပြီး တိုင်းပြည်ရဲ့ဝန်ကြီးတစ်ယောက်ကို သင်္ဂြိုလ်သလိုကောင်းကောင်းမွန်မွန်လုပ်ဆောင်လိုက်ပါ။ ဒါကို လျူဘေ့(Liu Bei) ကြားရင် စွန်းချွမ်(Sun Quan) ကိုသွားတိုက်ပါလိမ့်မယ်။ သူတို့နှစ်ဖွဲ့ထဲက ဘယ်သူပဲနိုင်နိုင်၊ နိုင်တဲ့အဖွဲ့ကို သခင်ကြီးသွားတိုက်ပြီး အနိုင်ယူဖို့လွယ်သွားပြီမဟုတ်လား"

"ချောင်ချောင်း"(Cao Cao) သည် ထိုအကြံကိုကြားသော် ဝမ်းမြောက်သွားပြီး ဆက်သားကိုဝင်စေလာကာ သေတ္တာကိုဖွင့်စေသည်။ "ကွမ်းယွီ"(Guan Yu) ၏ခေါင်းကိုကြည့်သောအခါ သူ၏ပုံပန်းသဏ္ဍာန်တို့သည် ပြောင်းလဲခြင်းမရှိပေ။
"မတွေ့တာကြာပြီဆိုတော့ နေကောင်းနေဖို့မျှော်လင့်ပါတယ်"
ထိုအချိန်တွင် ခေါင်းပြတ်၏ပါးစပ်မှာဟသွားပြီး မျက်လုံးပွင့်သွားကာ မုတ်ဆိတ်နှင့်ဆံပင်တို့မှာ တောင့်တင်းသွားသည်။ "ချောင်ချောင်း"( Cao Cao) သည် လန့်သွားပြီး လဲကျသွားလေသည်။ သတိပြန်ရလာသောအခါ
"စစ်သူကြီး ကွမ်းယွီ(Guan Yu) ရဲ့ဝိညာဉ်ရှိသေးတာပဲ"
ထိုအချိန်တွင် ခေါင်းပြတ်ကိုသယ်လာသောဆက်သားသည် ဝူပြည်နယ်၌ "လွီမန်"(Lu Meng) သေဆုံးသွားသည့်အကြောင်းကိုပြောသည်။
"ချောင်ချောင်း"(Cao Cao) သည် ထိတ်လန့်သွားပြီး သေဆုံးသူကို ပူဇော်ပသရန်ပြင်ဆင်သည်။ သူကောင်းမျိုးကိုမြှုပ်နှံသခဲ့သို့ အနံ့မွှေးသောသစ်သားနှင့်ထုလုပ်ထားသောအခေါင်းကိုသုံးစေပြီး တောင်ဘက်တံခါးနားတွင်မြှုပ်နှံစေသည်။ ထို့အပြင် ရာထူးအဆင့်အသီးသီးရှိအမှုထမ်းအများအပြားတို့သည် ထိုဈာပနကိုတက်ရောက်သည်။ "ချောင်ချောင်း"(Cao Cao) ကိုယ်တိုင်အခေါင်းရှေ့တွင် အရိုအသေပြုပြီး အရက်သွန်လောင်းခဲ့သည်။ သေဆုံးသွားသောစစ်သူကြီးကို ကျင်ကျိုးမင်းသားဟူသောဘွဲ့ပေးစေပြီး အုတ်ဂူကိုစောင့်ရှောက်ရန် အစောင့်တို့ကိုချထားစေသည်။ ပြီးနောက် ဆက်သားကို ဝူပြည်သို့ပြန်ပို့လိုက်သည်။

"ကွမ်းယွီ"(Guan Yu) ၏ဝိညာဉ်သည် လှည့်လည်သွားလာနခဲ့ပြီး တန်းရန်သို့ရောက်လာပြီး ထိုနားတွင်နာမည်ကြီးသော ကျောက်စိမ်းစမ်းချောင်းတောင်ကုန်းသို့ ရောက်လာသည်။ ထိုနေရာတွင် 'ငြိမ်းချမ်းမှုသို့သွားခြင်း' ဟူသောအဓိပ္ပာယ်ရသည့်ဘွဲ့တော်နှင့်ဘုန်းတော်ကြီးတစ်ပါးရှိသည်။ ထိုဘုန်းတော်ကြီးသည် စီမြစ်ကမ်းနားရှိ ပြည်နယ်ဘုံကျောင်းတွင် သီတင်းသုံးပြီး တိုင်းပြည်တခွင်ကြွလှမ်းပြီးနောက် တန်းရန်နားတွင် လှပသောရှုခင်းကြောင့် နေရာချပြီး 'လမ်းမှန်' ကိုရှာဖွေနေသူဖြစ်သည်။ ထို့အပြင် သူ၏ဝေယျာဝိစ္စတို့ကိုရွက်ဆောင်ရန် ကပ္ပိယတစ်ဦးပါလာသည်၊
လေပြည်တို့တိုက်ခတ်ပြီး လသာသောညတစ်ည သုံးချက်တီးအချိန်ခန့်တွင် ဘုန်းတော်ကြီးသည် တောတောင်ထဲတွင်ထိုင်နေစဉ် အသံတစ်ခုကြားလိုက်သည်။
"ကျုပ်ခေါင်းကိုပြန်ပေး၊ ခေါင်းပြန်ပေး"
ကြည့်လိုက်သောအခါ အနီရောင်မြင်းပေါ်တွင် အစိမ်းရောင်ဓားရှည်ကိုင်ထားသောလူတစ်ဦးကို မြင်ရလေသည်၊ သူ၏နောက်တွင် စစ်သူကြီးအဝတ်အစားနှင့်လူနှစ်ဦးရှိသည်။ ဘယ်ဘက်တွင်ရှိသောလူသည် ဖြူရော်သောမျက်နှာရှိပြီး ညာဘက်တွင်ရှိသောလူသည် နက်မှောင်သောအသားအရည်နှင့်ကွေးကောက်သောမုတ်ဆိတ်ရှိသည်။ ထိုနှစ်ဦးတို့သည် ဓားရှည်ကိုင်ထားသောလူနောက်လိုက်ပြီး တောင်ကုန်းနားတွင်ရပ်တန့်နေကြသည်။
ဘုန်းတော်ကြီးသည် သားမြီးယပ်ကိုကိုင်ပြီး လှမ်းမေးသည်။
"ကွမ်းယွီ(Guan Yu) ဘယ်မှာလဲ"

ထိုအခါ ဝိညာဉ်သည် မြင်းပေါ်မှဆင်းလာကာ တဲကျောင်းဆောင်ရှေ့တွင်အနားယူသည်။ ထို့နောက်အရိုအသေပြုပြီး
"ဆရာတော်ကဘယ်သူပါလဲ? ဘွဲ့တော်ကို သိလို့ရမလား"
"ဒီရဟန်းက အရင်က စီမြစ်ခံတပ်နားက ပြည်နယ်ကျောင်းတော်မှာ သီတင်းသုံးခဲ့ပါတယ်။ စစ်သူကြီးကိုတစ်ခါမြင်ဖူးတော့ မျက်နှာကိုမှတ်မိနေခဲ့တယ်"
"ဆရာတော်က ကျွန်တော့ကိုကူညီတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကံဆိုးမိုးမှောင်ကျပြီး အသက်ဆုံးရှုံးခဲ့တယ်။ ဒါကြောင့် ကျွန်တော့အတွက် လမ်းမှန်ကိုပြသပေးပါ"
"အရှေ့ကအပြစ်တွေရော၊ လက်ရှိအဖြစ်အပျက်တွေရော မပြောတာကောင်းတယ်။ အကျိုးတရားဆိုတာ ရှေးကအကြောင်းကြောင့်ဖြစ်လာတဲ့ရလဒ်ပဲမဟုတ်လား။ လွီမန်(Lu Meng) က စစ်သူကြီးကိုဒုက္ခပေးခဲ့မှန်းသိပါတယ်။ တကာကြီးက တကာ့ရဲ့ခေါင်းကိုပြန်ပေးဖို့ပြောနေခဲ့တယ်။ ဒါပေမယ့် တကာကြီးဓားအောက်မှာ အသက်ဆုံးရှုံးခဲ့တဲ့လူတွေ၊ ဥပမာ ရန်လျန်(Yan Liang) ၊ ဝင်ချို(Wen Chou) နဲ့ ခံတပ်ငါးခုကစစ်သူကြီးရဲ့ခေါင်းတွေကိုရော ဘယ်သူကပြန်ပေးမလဲ"
ထိုအခါ "ကွမ်းယွီ"(Guan Yu) သည် သဘောပေါက်သွားပြီး အရိုအသေပြုကာ ပျောက်ကွယ်သွားသည်။ ထိုအချိန်မှာစပြီး သူ၏ဝိညာဉ်သည် တောတောင်ထဲတွင်လှည့်လှည်နေကာ လူတို့ကိုစောင့်ရှောက်လေ၏။
ထိုအချင်းအရာတို့ကြောင့် ဒေသခံတို့သည် ထိုကျောက်စိမ်းစမ်းချောင်းတောင်အနီးတွင် ဘုံကျောင်းတစ်ခုဆောက်ပေးပြီး လေးရာသီလုံးပူဇော်ပသခဲ့သည်။ နောက်ပိုင်းခေတ်တွင် ထိုဘုံကျောင်း၌ အောက်ပါစာတမ်းတို့ကို ချိတ်ဆွဲထားလေသည်။
'မျက်နှာနီနဲ့အတွင်းစိတ်က ပွင့်လင်းပြီး လေနဲ့အတူ ယုန်နီကိုစီးတဲ့ အနီရောင်ဘုရင်'
'မီးအိမ်ရဲ့အရောင်အောက်မှာ သမိုင်းကြောင်းကိုဖတ်ရှုရင်း လခြမ်းလိုထုလုပ်ထားတဲ့အစိမ်းရောင်နဂါးဓားရှည်ပေါ်မှာ အနားယူလျက် အနီရောင်ကောင်းကင်ကဲ့သို့ သန့်စင်တဲ့စိတ်နှလုံးရှိသူ'
ရှူပြည်နယ်
ဟန်ကျုံးမင်းသားသည် အရှေ့ဘက်မြစ်ဒေသကိုသိမ်းပိုက်ပြီးနောက် မြို့တော်ချန်တူးသို့ပြန်လာခဲ့သည်။ "ဖာကျန့်"(Fa Zheng) မှ
'မင်းသားရဲ့ ကြင်ယာတော်တွေက ဘဝတပါးကိုပြောင်းသွားပြီး စွန်းအမျိုးသမီးဟာလည်း ဝူပြည်ကိုပြန်ရောက်သွားတာ ပြန်မလာတော့ဘူး။ လူ့ဘောင်မှာ တဦးတည်းနေလို့မသင့်တော်တဲ့အတွက် နောက်ထပ် မိဖုရားတစ်ပါးတင်မြောက်ပြီး နန်းတော်အတွင်းမှာထားသင့်ပါတယ်"
မင်းသားက ၎င်းကိုလက်ခံသောအခါ "ဖာကျန့်"(Fa Zheng) မှဆက်ပြောသည်။
"ဝူယီ(Wu Yi) မှာ ညီမတစ်ဦးရှိပြီး သူ့ကို အင်္ဂဝိဇ္ဇာဆရာက ကောင်းစားမယ့်အမျိုးသမီးဆိုပြီးဟောခဲ့ဖူးတယ်။ သူက လျူရန်(Liu Yan) ရဲ့သား လျူမောင်(Liu Mao) နဲ့လက်ထပ်ခဲ့ဖူးပြီး အဲ့လူက သေဆုံးသွားခဲ့ပြီးနောက်ပိုင်းမှာ မုဆိုးမအဖြစ်နေထိုင်ခဲ့တယ်။ သူ့ကို လက်ထပ်သင့်ပါတယ်"
"ဒါက မသင့်တော်ဘူး။ လျူမောင်(Liu Mao) နဲ့ ကျုပ်က မျိုးရိုးတူတယ်လေ"
"ဒီလိုဆက်နွယ်မှုက ရှေးတုန်းက ကျင်းပြည်နယ်စား ဝင်(Wen) နဲ့ ဟွိုင်ယင်း(Huai Ying) အမျိုးသမီးကြားမှာလည်းရှိခဲ့တာပဲ"
ထို့ကြောင့် "လျူဘေ့"(Liu Bei) သည်  လက်ခံလိုက်ပြီး ထိုအမျိုးသမီးတွင် သားနှစ်ဦးဖွားမြင်သည်။ သားအကြီးသည် လျူယုံ(Liu Yong) ဖြစ်ပြီး အငယ်ကို "လျူလီ"(Liu L) ဟုခေါ်တွင်စေသည်။

ရှူပြည်နယ်တစ်ခုလုံးချမ်းသာဝပြောခဲ့ပြီး မြစ်ပြည်နယ်နှစ်ခုလုံးမှ စပါးသီးနှံများအထွက်တိုးခဲ့လေသည်။ ထိုအချိန်တွင် "စွန်းချွမ်"(Sun Quan) သည် "ကွမ်းယွီ"(Guan Yu) ထံသို့ သားသမီးချင်းလက်ဆက်ရန်ခွင့်တောင်းကြောင်း အကြောင်းကြားစာရောက်လာပြီး "ကွမ်းယွီ"(Guan Yu) က ငြင်းလိုက်ကြောင်းသိခဲ့သည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကွမ်းယွီ(Guan Yu) ကို ဒီပြန်ခေါ်ပြီး သူ့နေရာမှာ တခြားတစ်ယောက်ကိုအစားထိုးစေပါ"
ထိုသို့မလုပ်ဆောင်နိုင်မီတွင် ကျင်ကျိုးမှ သတင်းတစ်ခုပြီးတစ်ခုရောက်လာခဲ့သည်။ ကောင်းသတင်းများအရင်ရောက်လာပြီး သတင်းဆိုးများသည် အနောက်မှလိုက်ပါလာသည်။ ပထမဆုံး "ကွမ်းရှင်း"(Guan Xing) ရောက်လာပြီး ယွီကျင့်(Yu Jin) ၏တပ်ခုနစ်တပ်ကိုရေနစ်စေခဲ့ကြောင်းပြောပြသည်။ နောက်ဆက်သားတစ်ဦးမှာမူ မြစ်ကမ်းတစ်လျှောက်တွင် မျှော်စင်တို့ထားရှိပြီး ရန်သူတို့အရိပ်အခြည်ကိုစောင့်ကြည့်ထားကြောင်းသတင်းပို့သောအခါ "လျူဘေ့"(Liu Bei) မှာစိတ်အေးသွားသည်။
သို့သော် "လျူဘေ့"(Liu Bei) စိတ်မှာလေးလံနေခဲ့ပြီး မနက်ဘက်တွင် စိတ်မတည်မငြိမ်ဖြစ်ကာ ညဘက်တွင် အိပ်မပျော်ခဲ့ပေ။ တစ်ညသော် သူ၏အိပ်ယာမှထပြီး ဖယောင်းတိုင်၏အလင်းရောင်ဖြင့် စာဖတ်နေစဉ် ရုတ်တရတ်အိပ်ပျော်သွားသည်။ အိပ်မက်ထဲတွင် အခန်းကို လေပွေတိုက်ခတ်သွားပြီး မီးစာမှာငြိမ်းမတတ်ဖြစ်သွားသည်။ ထိုအချိန်တွင် လူရိပ်ကိုလှမ်းမြင်လိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ? ညဘက်ကြီး ဘာလို့ ကျုပ်ရဲ့အဆောင်ထဲကိုရောက်လာတာလဲ"
တစ်ဖက်မှ ဘာမှပြောသည့်အသံကိုမကြားရပေ။ "လျူဘေ့"(Liu Bei) သည် သွားကြည့်သောအခါ သူ၏ညီဖြစ်နေမှန်းသိသည်။ "လျူဘေ့"(Liu Bei) က ရှေ့သို့တိုးသွားသော်လည်း ထိုအရိပ်က နောက်ကို တဖြည်းဖြည်းဆုတ်သွားသည်။

"ငါ့ညီ ဘာမှမဖြစ်ဘူးလို့မျှော်လင့်ပါတယ်။ ဒါပေမယ့် ညဘက်ကြီးဘာကြောင့်ရောက်လာရတာလဲ? နောက်ပြီး မင်းရဲ့အစ်ကိုကို ဘာလို့မတွေ့ချင်တာလဲ"
ထိုအရိပ်မှ ငိုပြီး
"အစ်ကိုကြီး၊ တပ်တွေစေလွှတ်ပြီး ကျွန်တော့အတွက် လက်စားချေပေးပါ"
ထိုအချိန်တွင် လေတစ်ချက်တိုက်ပြီး အရိပ်လည်းပျောက်သွားသည်။ ထိုအခါမှ "လျူဘေ့"(Liu Bei) သည် အိပ်မက်မှနိုးလာခဲ့သည်။ မိုးသောက်သော် "ကျူးကဲလျန့်"(Zhuge Liang) နှင့်တိုင်ပင်ရာ အကြံပေးမှ
"သခင်ကြီး၊ ကွမ်းယွီ(Guan Yu) ကိုလွမ်းလို့မက်မြင်တာဖြစ်မှာပါ။ မစိုးရိမ်ပါနဲ့"
"လျူဘေ့"(Liu Bei) သည် စိုးရိမ်ကြောင့်ကြများနေသောကြောင့် "ကျူးကဲလျန့်"(Zhuge Liang) မှ အားပေးစကားပြောပြီး ထွက်သွားသည်။

"ကျူးကဲလျန့်"(Zhuge Liang) ထွက်သွားသည်နှင့် "ရွှီကျင်း"(Xu Jing) ရောက်လာပြီး
"ကြီးကြပ်ရေးအရာရှိ၊ ကျွန်တော် ခင်ဗျားအိမ်တော်သွားပြီး လျှို့ဝှက်သတင်းပို့မလို့၊ သူတို့က ခင်ဗျားဒီမှာလို့ပြောလို့ ဒီကိုရောက်လာတာ"
"ဘာလျှို့ဝှက်သတင်းလဲ'
"ဝူက လွီမန်(Lu Meng) က ကျင်ကျိုးကိုသိမ်းသွားပြီတဲ့။ ဒါ့အပြင် ကွမ်းယွီ(Guan Yu) လည်း သေသွားပြီလို့ကြားသိရတယ်။ ဒါကိုလာပြောတာ"
"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ကျင်ကျိုးဘက်ကို စစ်သူကြီးကြယ်ကြွေတာတွေ့လိုက်ရတာ။ ဒါကြောင့် ကွမ်းယွီ(Guan Yu) တစ်ခုခုဖြစ်ပြီဆိုတာ သိတယ်။ ဒါပေမယ့် ကျုပ်တို့သခင်ကြီးစိတ်မကောင်းဖြစ်မှာစိုးလို့ ဒါကိုမပြောပဲနေဟဲ့တာ"
ထိုအချိန်တွင် တံခါးနားတွင်ရှိသော "လျူဘေ့"(Liu Bei) သည် ကြားသွားပြီး ချက်ချင်းထွက်လာကာ "ကျူးကဲလျန့်"(Zhuge Liang) ၏အဝတ်ကိုဆွဲကိုင်ပြီး
"ဘာလို့ ဒါကိုဖုံးကွယ်ထားရတာလဲ? ဘာကြောင့်လဲ? ဒီလောက်ဆိုးရွားတဲ့သတင်းကိုဘာလို့မပြောတာလဲ"
"ဒါက ကောလာဟလပဲရှိပါသေးတယ်။ ယုံဖို့မဖြစ်သေးဘူး။ ဒါကြောင့် တအားမစိုးရိမ်ပါနဲ့ဦး"
"ကျုပ်တို့က အတူတူအသက်ရှင်ပြီး အတူတူသေဆုံးမယ်လို့ကတိကဝတ်ပြုထားတာ။ သူမရှိရင် ကျုပ်ဘယ်လိုရှင်သန်မလဲ"

ထိုအချိန်တွင် "မာလျန့်"(Ma Liang) နှင့် "ယီကျီ"(Yi Ji) တို့ရောက်လာရာ "လျူဘေ့"(Liu Bei) မှ အလျင်အမြန်ခေါ်တွေ့သည်။
"ကျင်ကျိုးမြို့ကျသွားခဲ့ပါပြီ။ စစ်သူကြီး ကွမ်းယွီ(Guan Yu) က စစ်ကူတောင်းနေခဲ့တယ်"
ထိုသူနှစ်ဦးတို့ယူလာသည့်စာကို မဖောက်ကြည့်မီတွင်ပင် "လျောင်ဟွာ"(Liao Hua) ရောက်လာပြီး ငိုယိုကာ အကြောင်းကြားသည်။ ထို့အပြင် "လျူဖုန်း"(Liu Feng) နှင့် "မုန့်တာ"(Meng Da) တို့က စစ်ကူမပေးကြောင်း တိုင်တန်းခဲ့သည်။
"ဒါဆို ကျုပ်ညီက အခြေအနေမကောင်းတော့ဘူးပဲ"
"သူတို့နှစ်ယောက်က တကယ်စစ်ကူမပေးခဲ့တာဆိုရင် သူတို့ဟာ သေဒဏ်ထက်ဆိုးရွားတဲ့အပြစ်ဒဏ်ကိုခံသင့်တယ်။ ဒါပေမယ့် မင်းသား၊ စိတ်အေးအေးထားပါ။ ကျွန်တော် တပ်ဖွဲ့ကြီးကိုဦးဆောင်ပြီး စစ်သူကြီးကိုသွားကယ်ပါ့မယ်"
"ကွမ်းယွီ(Guan Yu) မရှိရင် ကျုပ်လည်း ဘာလုပ်ရမှာလဲ။ မနက်ဖြန် ကျုပ်ကိုယ်တိုင်စစ်ချီပြီး သူ့ကိုသွားကယ်မယ်"
ထို့နောက် လန်ကျုံးရှိ "ကျန်းဖေး"(Zhang Fei) အား လူသူအင်အားစုစည်းစေပြီး အလျင်အမြန်ချီတက်စေသည်။

မိုးမသောက်မီတွင်ပင် သတင်းဆိုးထပ်ရောက်လာသည်။
"ကွမ်းယွီ(Guan Yu) က လင်ကျွီကို ညဘက်မှာရောက်သွားခဲ့ပြီး ဝူစစ်သူကြီးတစ်ယောက် ဖမ်းဆီးတာခံခဲ့ရတယ်။ သူက လက်နက်မချတဲ့အတွက် သားအဖနှစ်ယောက်လုံး သေဆုံးသွားခဲ့ပါပြီ"
ထိုအကြောင်းကိုကြားသောအခါ "လျူဘေ့"(Liu Bei) သည် အော်ငိုကာ အရုပ်ကြိုးပြတ်လဲကျသွားလေသည်။




လွီဝမ်(Lu Wang)1 - ပထမဆုံး ကျိုးမင်းဆက်ဘုရင်၏ အကြံပေးဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

Comments

Popular posts from this blog

Lookism