သုံးနိုင်ငံခေတ်(၇၈)

အခန်း (၇၈) ခေါင်းကိုက်ဝေသနာကိုကုသရင်း နာမည်ကြီးသမားတော် အသက်ဆုံးခဲ့ခြင်း။
ပါးနပ်သောသူရဲကောင်းသည် နောက်ဆုံးစကားပြောပြီးနောက် လောကကြီးကိုကျောခိုင်းခဲ့ခြင်း။

ဟန်ကျုံးမင်းသား သတိပြန်ရလာသောအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ
"သခင်ကြီးရဲ့ ဝမ်းနည်းမှုတွေကို ထိန်းချုပ်ထားပြီ။ သေခြင်း၊ရှင်ခြင်းဆိုတာ ကံကြမ္မာက အဆုံးအဖြတ်ပေးတာပဲ။ ကွမ်းယွီ(Guan Yu) က သူ့ရဲ့အလျင်စလိုနိုင်မှုနဲ့မာနကြီးမှုတို့ကြောင့် အခုလိုဖြစ်ခဲ့ရတာပါ။ အခုအချိန်မှာတော့ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ပြီး နောင်မှလက်စားချေဖို့လုပ်ပါ "
"ကျုပ်တို့တွေ မက်မွန်ပန်းခြံမှာ သွေးသောက်ဖွဲ့ခဲ့တုန်းက သေအတူ၊ရှင်မကွာ ဆိုပြီး ကတိကဝတ်ပြုခဲ့ကြတယ်။ ကျုပ်ညီမရှိတော့တဲ့အချိန်မှာ ဘာစည်းစိမ်ချမ်းသာတွေ သွားခံစားနေဦးမလဲ"
ထိုအချိန်တွင် "ကွမ်းယွီ"(Guan Yu) ၏သား "ကွမ်းရှင်း"(Guan Xing) ရောက်လာပြီး ငိုလေသည်။ ထိုအခြင်းအရာကိုမြင်သောအခါ "လျူဘေ့(Liu Bei) လည်း ထပ်စိတ်မကောင်းဖြစ်ကာ လဲကျသွားသည်။ "လျူဘေ့"(Liu Bei) သည် သုံးရက်တိုင်တိုင်အစာမစားပေ။ အကြီးအကျယ်ငိုလေသောကြောင့် အဝတ်တို့မှာ မျက်ရည်တို့ဖြင့်ရွှဲနေပြီး သွေးအစွန်းအစများပင် ရှိသည်ဟုဆိုသည်။

"ကျူးကဲလျန့်"(Zhuge Liang) နှင့်အခြားသောအမှုထမ်းတို့မှ စိတ်သက်သာရာရစေရန်ပြောဆိုကြသော်လည်း "လျူဘေ့"(Liu Bei) မှာ ဝမ်းနည်းနေဆဲပင်။
"ကျုပ် စွန်းချွမ်(Sun Quan) နဲ့ မိုးကောင်းကင်တစ်ခုထဲအောက်မှာ မနေဘူး"
"သခင်ကြီးညီရဲ့ဦးခေါင်းကို ချောင်ချောင်း(Cao Cao) ဆီပို့လိုက်တယ်လို့ပြောကြတယ်။ ချောင်ချောင်း(Cao Cao) ကလည်း ကောင်းကောင်းမွန်မွန်မြှုပ်နှံပေးခဲ့သတဲ့"
"သူက ဘာလို့ဒီလိုလုပ်ရတာလဲ"
"ဘာလို့လည်းဆိုတော့ စွန်းချွမ်(Sun Quan) က မကောင်းတဲ့အရာကို ချောင်ချောင်း(Cao Cao) ဆီသွားအောင်လုပ်တာ။ ချောင်ချောင်း(Cao Cao) ကလည်း ဒါကိုသိတဲ့အတွက် ခေါင်းကိုကောင်းကောင်းမြှုပ်နှံပြီးတော့ သခင်ကြီးရဲ့အမျက်ဒေါသကို ဝူပြည်နယ်အပေါ်ပြန်ကျသွားစေတာ"
"ကျုပ် တပ်ဖွဲ့တွေစေလွှတ်ပြီး ဝူကိုအပြစ်ပေးမှ ကျုပ်ဒေါသပြေပျောက်နိုင်မယ်"
"မဖြစ်ဘူး၊ ဝူက သခင်ကြီး ဝေကိုတိုက်ဖို့မျှော်လင့်သလို ဝေကလည်း ဝူပြည်နဲ့သခင်ကြီးစစ်ဖြစ်နေမှာကို လိုလားတယ်။ သခင်ကြီးက အဲ့လိုမလုပ်ပဲ ကွမ်းယွီ(Guan Yu) အတွက် ဈာပနကျင်းပပေးပြီး ဝေပြည်နဲ့ဝူပြည်စစ်ဖြစ်သည်အထိစောင့်ပါ။ အဲ့အချိန်မှာမှ သခင်ကြီးရဲ့အခွင့်ကောင်းပါပဲ"
အခြားသောအမှုထမ်းတို့သည်လည်း "ကျူးကဲလျန့်"(Zhuge Liang) ပြောသည်ကို ထောက်ခံကြသည်။ "လျူဘေ့"(Liu Bei) ကလည်း နားထောင်ပြီး အစာကိုပြန်စားလေသည်။ ထို့နောက် အမှုထမ်းအရာရှိအားလုံး ဝမ်းနည်းခြင်းအထိန်းအမှတ် ဝတ်စုံဝတ်ရမည်ဟု အမိန့်ထုတ်လိုက်သည်။ မင်းသားသည် တောင်ဘက်တံခါးသို့သွားပြီး သေဆုံးသူဝိညာဉ်ကိုခေါ်ကာ သူ၏ညီဖြစ်သူအတွက် တစ်ရက်လုံးငိုကြွေးခဲ့သည်။

လော့ရန်တွင် "ချောင်ချောင်း"(Cao Cao) သည် "ကွမ်းယွီ"(Guan Yu) ၏ခေါင်းကိုကောင်းစွာမြှုပ်နှံခဲ့သော်လည်း သူ၏ဝိညာဉ်ကြောင့် ထိတ်လန့်နေခဲ့သေးသည်။ ညစဉ်ညတိုင်း မျက်လုံးမှိတ်သည့်အချိန်တွင် "ကွမ်းယွီ"(Guan Yu) ပုံပေါ်လာသဖြင့် သူ၏အမှုထမ်းတို့နှင့်တိုင်ပင်သည်။ အချို့က နေထိုင်ရန်အခန်းအသစ်များ ဆောက်လုပ်ရန် အကြံပေးသည်။
"ဒီလော့ရန်က နန်းတော်ဟောင်းမှာ မကောင်းတဲ့အရာတွေရှိတဲ့အတွက် နန်းတော်သစ်ဆောက်လုပ်သင့်ပါတယ်"
"ကျာရွှီ"(Jia Xu) မှ
"လော့ရန်မှာ စူးယွဲ့(Su Yue) လို့ခေါ်တဲ့ စက်မှုပညာရှင်ရှိတယ်"
ထို့ကြောင့် "စူးယွဲ့"(Su Yue) ကိုခေါ်ပြီး အခန်းကိုးခန်းရှိသော အိမ်တော်ကြီးကိုပြင်ဆင်စေသည်။ အထပ်မြင့်ရှိသည့်အပြင် ဝရန်တာပါရှိသဖြင့် "ချောင်ချောင်း"(Cao Cao) က သဘောကျလေသည်။
"ခင်ဗျားရဲ့ပုံစံကြမ်းကတော့ ကျုပ်လိုချင်တဲ့အတိုင်းပဲ။ ဒါပေမယ့် ဒီအိမ်တော်အတွက် ပင်မသစ်တိုင်ကိုဘယ်မှာသွားရှာမလဲ"
"ကျွန်တော် အဲ့အတွက် သစ်ပင်တစ်ပင်တွေ့ထားပါတယ်။ မြို့ကနေ ဆယ်မိုင်အကွာ နဂါးပျံအိုင်နားမှာ နတ်ကွန်းတစ်ခုရှိတယ်။ အဲ့ဘေးနားမှာ သစ်တော်သီးပင်ရှိတယ်။ အဲ့အပင်က ယူနစ်တစ်ရာစာလောက်မြင့်တဲ့အတွက် ခေါင်မိုးသစ်ပင်အဖြစ် အသုံးပြုဖို့သင့်တော်မယ်"

ထို့ကြောင့် " ချောင်ချောင်း"(Cao Cao) သည် လူလွှတ်ပြီးထိုသစ်ပင်ကိုခုတ်လှဲစေသည်။ ထိုအဖွဲ့သည် တစ်ရက်လုံးလုံး လွှ၊ ပုဆိန်တို့ဖြင့်ခုတ်ရန်ပြုသော်လည်း ခုတ်မရသဖြင့်ပြန်လာသည်။ ထိုအခါ "ချောင်ချောင်း(Cao Cao) သည် သူကိုယ်တိုင်သွားကြည့်ရာ အင်မတန်ကြီးမားသောအပင်ကြီးကိုတွေ့သည်။ ထို့ကြောင့် နောက်တစ်ကြိမ်ခုတ်ခိုင်းပြန်သည်။
ရွာထဲမှ အသက်ကြီးပုဂ္ဂိုလ်အချို့တို့ရောက်လာပြီး
"ဒီသစ်ပင်က ရှိနေရာ ရာစုနှစ်တော်တော်ကြာခဲ့ပြီး နတ်ရဲ့အစောင့်အရှောက်ရှိတယ်။ ဒါကြောင့် ဒီသစ်ပင်ကိုမခုတ်လှဲသင့်ဘူး"
"ချောင်ချောင်း"(Cao Cao) မှ
"ကျုပ် တစ်လောကလုံးကို အနှစ်သုံးဆယ်လောက်လှည့်လှည်နေခဲ့တာ ဘုရင်အစပြုလို့ သာမန်ပြည်သူတွေအထိ ကျုပ်ကိုမကြောက်တဲ့လူမရှိဘူး။ သာမန်ဝိညာဉ်က ကျုပ်လုပ်ဆောင်မှုကိုဖျက်စီးနိုင်မယ်ထင်လား"
ထို့နောက် ဓားကိုကိုင်ပြီး ပင်စည်ကိုခုတ်လိုက်ရာ သစ်ပင်မှကျယ်လောင်သောအသံထွက်ပြီး သွေးတို့ပန်းထွက်ကာ "ချောင်ချောင်း"(Cao Cao) ၏အဝတ်ကိုပေသွားသည်။ "ချောင်ချောင်း"(Cao Cao) သည်လန့်သွားပြီး မြင်းပေါ်သို့တက်ကာ ပြေးလေသည်။

ထိုညနေတွင် အနားယူရန်ကြိုးစားသော်လည်း အိပ်မပျော်ပေ။ ထို့ကြောင့် စားပွဲခုံအနားတွင်ထိုင်နေစဉ် အနက်ရောင်အဝတ်နှင့်ဓားကိုင်ထားသောသူရောက်လာကာ "ချောင်ချောင်း"(Cao Cao) ကိုဓားနှင့်ရွယ်သည်။
"ကျုပ်က သစ်တော်သီးပင်ရဲ့ဝိညာဉ်ပဲ။ ခင်ဗျားဟာ ခင်ဗျား အိမ်တော်ဆောက်ချင်ဆောက်၊ ပုန်ကန်ချင်ပုန်ကန်နိုင်ပေမယ့် ကျုပ်အပင်ကိုလာထိရင်တော့ ခင်ဗျားရဲ့သက်တမ်းက သိပ်မကျန်တော့ဘူး။ ခင်ဗျားကိုသတ်ဖို့ရောက်လာပြီ"
"အစောင့်တွေ ဘယ်မှာလဲ"
ထိုသို့ပြောရင်း "ချောင်ချောင်း"(Cao Cao) နိုးထလာသည်။ သူ၏ခေါင်းမှာ မခံမရပ်နိုင်အောင် ကိုက်ခဲလေ၏။ အကောင်းဆုံးသောသမားတော်တို့နှင့် ပြသသော်လည်း မသက်သာပေ။ တစ်ရက်တွင် "ဟွာရှင်း"(Hua Xin) မှ
"သခင်ကြီး၊ ဟွားထော်(Hua Tuo) ကိုကြားဖူးလား"
"ချောင်ပြည်နယ်မှာ ကျိုးထိုက်(Zhou Tai) ကိုကုသပေးခဲ့တဲ့သူမလား"
"ဟုတ်ပါတယ်"
"သူ့အကြောင်းကြားဖူးနေပေမယ့် သူ့ဆေးပညာက တကယ်စွမ်းမစွမ်းမသိဘူး"
"သူက အင်မတန်ထူးချွန်တယ်။ သူက နေမကောင်းတယ်လူကိုကြည့်တာနဲ့ ဆေးတိုက်ရမလား၊ အပ်စိုက်ရမလား၊ ဒါမှမဟုတ်ခွဲစိတ်ရမလားဆိုတာ သိတယ်။ ကိုယ်တွင်းအင်္ဂါတွေနာကျင်နေပြီး ဆေးမတိုးတော့ရင်တောင် သူ့ဆေးသောက်လိုက်တာနဲ့ ချက်ချင်းသက်သာသွားတယ်။ ဒါ့အပြင် ဝမ်းဗိုက်ကိုခွဲစိတ်ကုသပြီး သန့်စင်ပြီးရင် ဒဏ်ရာကိုချည်နဲ့ပြန်ချုပ်ပေးတယ်။ တစ်လလောက်ကြာရင် လူနာက အကောင်းပတိပြန်ဖြစ်သွားရော။
တစ်ရက်မှာ ဟွားထော်(Hua Tuo) အပြင်ထွက်တုန်းက လမ်းဘေးမှာ လူတစ်ယောက် အော်နေတာတွေ့ခဲ့တယ်။ သူက ဒါအစာမကြေဖြစ်တာပဲလို့ပြောပြီး မေးခွန်းတွေမေးတော့ သူ့ထင်မြင်ချက်မှန်မှန်းသေချာသွားတယ်။ ဒီတော့ သူက ကြက်သွန်ဖြူအရည်ကိုသောက်စေလိုက်တာ အဲ့လူက တီကောင်အန်ထွက်ပြီး ပြန်ကောင်းသွားတယ်။
ကွမ်းလင်မြို့စား ချန်တန်(Chen Deng) ကလည်း နှလုံးမှာအောင့်ပြီး မျက်နှာနီပြီးတော့ မစားနိုင်မသောက်နိုင်တဲ့အခါမှာ ဟွားထော်(Hua Tuo) က သူ့ကိုဆေးတစ်ဖုံပေးခဲ့တယ်။ ပြီးတော့ သူ ဝမ်းထဲကအနီရောင်ခေါင်းနဲ့ကပ်ပါးကောင်တွေကိုအန်ထုတ်ပြီးနောက် သက်သာသွားတယ်။ သူဒီလိုဖြစ်ရတာဟာ အင်မတန်အနံ့ဆိုးတဲ့ငါးကိုစားလို့ဖြစ်တာလို့ပြောပြီး သုံးနှစ်ကြာရင် အဲ့ရောဂါပြန်ပေါ်လာမှာဖြစ်ကြောင်း၊ အဲ့အခါမှာတော့ ဘယ်လိုမှကုနိုင်မှာမဟုတ်ကြောင်းပြောတယ်။ သုံးနှစ်ကြာပြီးနောက် ချန်တန်(Chen Deng) သေသွားခဲ့တယ်။
လူတစ်ယောက်က မျက်လုံးနှစ်ခုကြားမှာ အသားပိုဖြစ်တော့ ဟွားထော်(Hua Tuo) ကစစ်ဆေးပြီး အထဲမှာ ငှက်ရှိတယ်လို့ပြောတယ်။ အဲ့အသားပိုကိုခွဲလိုက်တဲ့အခါမှာတော့ စာဝါငှက်တစ်ကောင်ထွက်လာတယ်ဆိုတယ်။
လူတစ်ယောက် ခြေချောင်းကိုခွေးကိုက်ခံရတော့ ဖောင်းရောင်လာပြီး ခြေချောင်းတစ်ချောင်းက အင်မတန်ယားပြီး တစ်ချောင်းက အင်မတန်နာခဲ့တယ်။ ဟွားထော်(Hua Tuo) က ဘာပြောလည်းဆိုတော့ နာနေတဲ့ခြေချောင်းထဲမှာ အပ်ဆယ်ချောင်းရှိပြီး ယားနေတဲ့ဘက်မှာတော့ အဖြူ၊ အမည်းကျားကွက်ပြား နှစ်ခုရှိတယ်လို့ပြောတယ်။ ခွဲလိုက်တဲ့အခါမှာတော့ သူပြောတဲ့အတိုင်း ဟုတ်မှန်နေတာကိုတွေ့ရတယ်။ သူက ရှေးတုန်းက သမားတော်ကြီးတွေဖြစ်တဲ့ ပျန်းချွဲ့(Bian Que) နဲ့ ကျန်းခုံး(Zang Kong) တို့လိုထူးချွန်တယ်။ သူက ဒီနားက ကျင်းချန်မှာနေတဲ့အတွက် ခေါ်လိုက်ရင် မကြာခင်ရောက်လာပါလိမ့်မယ်"

ထို့ကြောင့် သမားတော် "ဟွားထော်"(Hua Tuo) ကိုဖိတ်စေပြီး ရောက်လာသောအခါ လူနာကို စစ်ဆေးသည်။
"မင်းသားရဲ့ခေါင်းကိုက်ဝေဒနာဟာ ဦးနှောက်ထဲက အရည်တွေကြောင့်ဖြစ်ပါတယ်။ ဒါတွေကိုထုတ်ဖို့ရာမှာ ဆေးပဲမှီဝဲနေလို့မဖြစ်နိုင်ဘူး။ ဒီတော့ ဆေးခြောက်ကိုသုံးပြီးတော့ ဦးခေါင်းခွံကိုခွဲစိတ်ပြီး အတွင်းကအရည်တွေကိုဖယ်ထုတ်ပစ်မှရမယ်။ ဒါက အစွန်းရောက်တဲ့ကုသမှုပဲ"
"ခင်ဗျားက ကျုပ်ကို အသေသတ်ချင်တာလား"
"မင်းသားက ကျွန်တော် ကွမ်းယွီ(Guan Yu)ရဲ့အရိုးကို ဘယ်လိုကုသဖူးတယ်ဆိုတာ သိမှာပါ။ သူက လုံးဝမတွန့်ဆုတ်ခဲ့ဘူး၊ မင်းသားက ဘာလို့ကျွန်တော့ကို မယုံရတာလဲ"
"လက်မောင်းခွဲတာက ဖြစ်နိုင်တယ်။ ခေါင်းကိုဘယ်လိုသွားခွဲမလဲ။ ခင်ဗျားက ကွမ်းယွီ(Guan Yu) ရဲ့သူငယ်ချင်းတစ်ယောက်ယောက်နဲ့ပူးပေါင်းပြီး ကျုပ်ကိုသေစေချင်တာမလား"
ထို့နောက် "ဟွားထော်"(Hua Tuo) ကိုထောင်ထဲတွင် ညှင်းပန်းနှိပ်စက်စေပြီး စုံစမ်းစစ်ဆေးစေသည်။
"ကျာရွှီ"(Jia Xu) မှ အသနားခံပေးသည်။
"သူက အင်မတန်ထူးချွန်ပါတယ်၊ သူ့ကိုသတ်လိုက်ရင် နှမြောဖို့ကောင်းတယ်"
သို့သော်လည်း အရာမထင်ခဲ့ပေ။
"သူက ကျုပ်ကိုသတ်ဖို့အခွင့်ကောင်းစောင့်နေတာ။ ကျီဖင်(Ji Ping) လိုမကောင်းတဲ့လူပဲ"
"ဟွားထော်"(Hua Tuo) ၏ထောင်စောင့်တစ်ဦးမှာ ဝူမျိုးရိုးဖြစ်ပြီး "ဟွားထော်"(Hua Tuo) ကိုကောင်းစွာကျွေးမွေးသည်။ ထို့ကြောင့် "ဟွားထော်"(Hua Tuo) သည် ထိုထောင်စောင့်အပေါ် သံယောဇဉ်ရှိပြီး တစ်ရက်သော်
"ကျုပ်တော့ သွားပြီပဲ။ ကျုပ်နှမြောတာကတော့ အနက်ရောင်အိတ်ထဲက ဆေးပညာစာအုပ်ပျောက်ပျက်သွားမှာကိုပဲ။ ခင်ဗျားက ကျုပ်အပေါ်ကောင်းခဲ့တာအပေါ် ကျေးဇူးပြန်ဆပ်မယ့် တခြားနည်းမရှိတဲ့အတွက် ကျုပ်ဇနီးကနေတဆင့် အဲ့စာအုပ်ကိုခင်ဗျားကိုပေးခိုင်းလိုက်မယ်။ ခင်ဗျားက ကျုပ်ပညာတွေကိုဆက်ခံပါ"
ထောင်စောင့်လည်း ဝမ်းသာသွားပြီး
"ကျွန်တော်သာ အဲ့စာအုပ်ရရင် ဒီထောင်စောင့်အလုပ်ကိုမလုပ်တော့ပဲ နေမကောင်းတဲ့လူတွေကိုကုသပြီး ခင်ဗျားဂုဏ်သတင်းမွှေးအောင်လုပ်မယ်"

"ဟွားထော်"(Hua Tuo) သည် စာတစ်စောင်ရေးပြီး ထောင်စောင့်ကိုပေးလိုက်ရာ ထောင်စောင့်သည်လည်း ကျင်းချန်သို့အမြန်သွားပြီး "ဟွားထော်"(Hua Tuo) ၏ဇနီးနှင့်တွေ့ကာ စာအုပ်ကိုပြန်ယူလာသည်။ "ဟွားထော်"(Hua Tuo) သည် ထိုစာအုပ်ကိုသေချာအောင် ကြည့်ပြီးနောက် ထောင်စောင့်ကိုပေးလိုက်သည်။ ထောင်စောင့်သည်လည်း စာအုပ်ကိုအိမ်သို့ယူဆောင်သွားပြီး ဖွက်ထားလေသည်။
ဆယ်ရက်ကြာသော် "ဟွားထော်"(Hua Tuo) သည် ထောင်ထဲတွင်ပင်ကွယ်လွန်သွားသည်။ ထောင်စောင့်လည်း အခေါင်းဝယ်ကာ သမားတော်ကြီးကိုကောင်းစွာမြှုပ်နှံခဲ့သည်။ ပြီးနောက် ထောင်စောင့်အလုပ်မှထွက်ပြီး အိမ်သို့ရောက်သည့်အခါ သူ၏ဇနီးဖြစ်သူအား စာအုပ်ဘယ်မှာထားလိုက်သည်ကို မေးသောအခါ ထိုစာအုပ်ကိုမီးရှို့ပြီး မီးမွှေးနေသည်ဟုသိလျှင် ချက်ချင်းပင် မီးကိုငြိမ်းစေသည်။ သို့သော်လည်း စာမျက်နှာအတော်များများမှာ ပျက်စီးသွားခဲ့ပြီး စာရွက်အနည်းငယ်သာကျန်ရစ်ခဲ့တော့သည်။ ထို့ကြောင့် သူ၏မယားကိုဆူပူကြိမ်းမောင်းလေသည်၊
"ရှင်က ဟွားထော်(Hua Tuo) လိုသမားတော်ဖြစ်လာရင်လည်း သူ့လိုထောင်ထဲမှာသေနေရဦးမယ်။ ဒါ ရှင့်အတွက်ဘာကောင်းသွားမှာမို့လဲ"
ထို့နောက် အိတ်အမည်းအတွင်းရှိဆေးပညာစာအုပ်မှာ လောကထဲမှ ထာဝရပျောက်ကွယ်သွားခဲ့ပြီး အိမ်မွေးတိရစ္ဆာန်တို့နှင့်ပတ်သတ်သည့်စာမျက်နှာအချို့တို့သာ ကျန်ရစ်ခဲ့တော့သည်။

"ချောင်ချောင်း"(Cao Cao) ၏အခြေအနေသည် တနေ့တခြားဆိုးရွားလာသည်။ တစ်ရက်သော် ဝူပြည်နယ်မှသံတမန်သည် စာတစ်စောင်ယူလာသည်။ စာမှာအောက်ပါအတိုင်းဖြစ်သည်။
"အရှင့်ကျွန် စွန်းချွမ်(Sun Quan) က လောကကြီးပြောင်းလဲမှုကိုမြင်ပြီး သခင်ဟာ ကောင်းကင်ဘုံ၏သားတော်အဖြစ်ခံယူမည်ဟု မျှော်ကိုးနေခဲ့သည်။ အရှင်သာ မြစ်ပြည်နယ်နှစ်နယ်ကို တပ်စေလွှတ်ပြီး လျူဘေ့(Liu Bei) ကိုချေမှုန်းခဲ့လျှင် ကျွန်တော်မျိုးက သခင့်အောက်တွင် အမှုထမ်းရွက်ပါ့မည်"
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ရယ်ပြီး
"ဒီကောင်လေးက ကျုပ်ကို မီးဖိုပေါ်တင်ဖို့ကြိုးစားနေတာပဲ"
သို့သော်လည်း ဝန်ကြီး "ချန်ချွမ်"(Chen Quan) နှင့်အခြားသောသူတို့က
"အို၊ မင်းသား၊ ဟန်တိုင်းပြည်က တနေ့တခြားဆုတ်ယုတ်လာခဲ့ပြီ။ မင်းသားရဲ့ဩဇာနဲ့လုပ်ဆောင်မှုတွေက တောင်ကြီးလိုမြင့်မားပြီး လူတွေက အံ့အားသင့်ကြရတယ်။ စွန်းချွမ်(Sun Quan) က မင်းသားရဲ့အမှုထမ်းအနေနဲ့ သူ့ကိုယ်သူအသိအမှတ်ပြုတော့ မင်းသားကိုယ်တိုင်လည်း အထက်ကိုလှမ်းတက်သင့်ပါတယ်"
"ချောင်ချောင်း"(Cao Cao) ကပြုံးသည်။
"ကျုပ် ဟန်တိုင်းပြည်ကို အမှုထမ်းရွက်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ကျုပ်လုပ်ဆောင်မှုတွေကြောင့် မင်းသားရာထူးအထိရောက်လာခဲ့ပေမယ့် ဒီထက်မြင့်မားတဲ့နေရာကို မတက်လှမ်းချင်ပါဘူး။ ကောင်းကင်ကြီးက ကျုပ်ကိုလက်ညှိုးညွှန်ခဲ့ရင်တောင်မှ ကျုပ်က ကျိုးရဲ့ဝင်ဘုရင် (King Wen)1 လိုပဲ နေသွားပါ့မယ်"
"စွန်းချွမ်(Sun Quan) က သူ့ကိုယ်သူ သခင်ကြီးရဲ့အမှုထမ်းအနေနဲ့အသိအမှတ်ပြုတော့ သူ့ကို ရာထူးတစ်ခုပေးပြီး လျူဘေ့(Liu Bei) ကိုတိုက်ခိုင်းသင့်ပါတယ်"
"စီးမာယီ"(Sima Yi) မှပြောသည်။

"ချောင်ချောင်း"(Cao Cao) မှလက်ခံလိုက်ပြီး "စွန်းချွမ်"(Sun Quan) ကို မြင်းပျံတပ်စစ်သူကြီးရာထူး၊ နန်ကျန်းသခင်ဘွဲ့နှင့် ကျင်ကျိုးနယ်စားရာထူးတို့ကို ပေးခဲ့လေသည်။ တစ်ညသော် " ချောင်ချောင်း"(Cao Cao) ၏အိပ်မက်ထဲတွင် မြင်းသုံးကောင်သည် စားခွက်တစ်ခုတည်းတွင် စားနေသည်ဟုမြင်မက်သည်၊ ထိုအကြောင်းကို "ကျာရွှီ"(Jia Xu) အားပြောပြသည်။
"အရင်တုန်းက မာထန်(Ma Teng) ကိုမသတ်ခင်မှာ ဒီအိပ်မက်ကိုမက်ခဲ့ဖူးတယ်။ အခုလည်း မက်ပြန်ပြီ။ ဒါဘာကြောင့်လဲ"
"မြင်းတွေက ကောင်းမွန်တာတွေစားတာဟာ နိမိတ်ကောင်းတဲ့အိပ်မက်ဖြစ်ပါတယ်။ ဒါကောင်းမွန်တဲ့အရာတွေက ချောင်မျိုးနွယ်ဆီကိုရောက်လာမယ်ဆိုတာပါပဲ။ မစိုးရိမ်ပါနဲ့"
"ချောင်ချောင်း"(Cao Cao) လည်း စိတ်သက်သာရာရသွားခဲ့သည်။

တစ်ညသော် "ချောင်ချောင်း"(Cao Cao) သည် ခေါင်းမူးသောကြောင့် ထပြီးစားပွဲနားတွင်ထိုင်နေစဉ် အော်သံတို့ကိုကြားသောကြောင့် ကြည့်လိုက်သောအခါတွင် သူ၏သားကောင်များဖြစ်ခဲ့သော ဖူမိဖုရားခေါင်၊ တုန်းမိဖုရား၊ ဖူဝမ်(Fu Wan) ၊ တုန်းချန်(Dong Cheng) နှင့်အခြားသောအမှုထမ်း အယောက်နှစ်ဆယ်ခန့်ကိုမြင်တွေ့ခဲ့လေသည်။ အကုန်လုံးမှာ သွေးများစွန်းပေနေပြီး သူ၏အသက်သေဆုံးရန်တောင်းဆိုနေကြသည်။ သူသည် ထပြီး ဓားဖြင့်လှမ်းပစ်လိုက်ရာ လေထဲတွင်လွင့်သွားသည်။ ထိုအချိန်တွင် အဆောက်အအုံ၏ခေါင်မိုးသည် ပြိုကျပြီး "ချောင်ချောင်း"(Cao Cao) လည်းလဲကျသွားသည်။ အစောင့်တို့က "ချောင်ချောင်း"(Cao Cao) ကိုဖေးမပြီး တခြားနေရာတွင်ထားစေသည်။
သို့သော်လည်း သူ့မှာ မငြိမ်းချမ်းခဲ့ပေ။ နောက်ညတွင်လည်း ယောက်ျား၊ မိန်းမတို့၏ငိုသံကိုကြားနေခဲ့သည်။ မိုးသောက်သော် အမှုထမ်းတို့ကိုခေါ်ပြီး
"ကျုပ် စစ်မြေပြင်မှာ ကျင်လည်တာ အနှစ်သုံးဆယ်ရှိပေမယ့် ဒီလိုထူးဆန်းတာတွေကိုအယုံကြည်မရှိခဲ့ဘူး။ ဒါဘာအဓိပ္ပာယ်လဲ"
"အို၊ မင်းသား၊ တာအိုပညာရှင်တွေကိုဖိတ်ကြားပြီး ရှိခိုးတာတွေ၊ အစီအရင်တွေလုပ်သင့်ပါတယ်"
"ချောင်ချောင်း"(Cao Cao) က သက်ပြင်းချသည်။
"ကောင်းကင်ကြီးကိုဆန့်ကျင်တဲ့လူအတွက် ရှိခိုးဖို့လူမရှိဘူးဆိုပြီး ကွန်ဖြူးရှပ်ကပြောခဲ့ဖူးတယ်။ ကျုပ်ရက်တွေက ဘယ်လောက်မှမကျန်တော့ဘူးလို့ခံစားရတယ်။ လုပ်လည်းထူးမှာမဟုတ်ဘူး"
နောက်ပိုင်း တဖြည်းဖြည်းဆိုးရွားလာပြီး အမြင်အာရုံချို့တဲ့လာခဲ့သည်။ ထို့ကြောင့် "ရှဟိုတွန်း"(Xiahou Dun) ကိုအလျင်အမြန်ဆင့်ခေါ်စေသည်။ "ရှဟိုတွန်း"(Xiahou Dun) သည် တံခါးနားသို့ရောက်သောအခါ "ချောင်ချောင်း"(Cao Cao) ရက်စက်မှု၏သားကောင်များဖြစ်ခဲ့သော မီဖုရားခေါင်နှင့်မင်းသားအပြင် အခြားသူတို့၏အရိပ်ကိုမြင်လေရာ ကြောက်လန့်ပြီး လဲကျသွားသည်။ နောက်လိုက်နောက်ပါတို့သည်လည်း စစ်သူကြီးကိုပြန်ခေါ်သွားသည်။


ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် သူယုံကြည်ရသောအကြံပေးလေးဦးဖြစ်သည့် "ချောင်ဟုန်"(Cao Hong) ၊ "ချန်ချွမ်"(Chen Quan) ၊ "ကျာရွှီ"(Jia Xu) နှင့် "စီးမာယီ"(Sima Yi) တို့ကိုခေါ်ပြီး နောက်ဆုံးအမှာစကားပြောခဲ့သည်။ "ချောင်ဟုန်"(Cao Hong) မှ
"မင်းသား၊ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ပါ။ မကြာခင် ပြန်ကောင်းလာမှာပါ"
"ကျုပ် လောကဓံအနိမ့်အမြင့်တွေကြုံခဲ့တာ အနှစ်သုံးဆယ်ရှိပြီး ဒီကာလအတွင်းမှာ ခေါင်းဆောင်တွေအများကြီး ကျုပ်ထက်အရင်သွားနှင့်ခဲ့ကြပြီ။ အခုတော့ တောင်ပိုင်းက စွန်းချွမ်(Sun Quan) နဲ့ အနောက်ဘက်က လျူဘေ့(Liu Bei) ပဲကျန်တော့တယ်။ သူတို့ကို မရှင်းနိုင်သေးဘူး။ အခု ကျုပ်အပြင်းအထန်ဖျားနာတော့ ခင်ဗျားတို့ရှေ့မှာထပ်ရပ်နိုင်မှာမဟုတ်တော့ဘူး။ ဒီတော့ မိသားစုရေးကိုဖြေရှင်းရမယ်။ လျူအမျိုးသမီးကမွေးတဲ့ ကျုပ်ရဲ့အကြီးဆုံးသား ချောင်အန်း(Cao Ang) ဟာ ဝမ်ချန်တိုက်ပွဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသွားခဲ့တယ်။ ပျန်းအမျိုးသမီးမှာတော့ သားလေးယောက်ရှိတယ်။ တတိယသား ချောင်ကျီ(Cao Zhi) ကိုတော့ ကျုပ်အနှစ်သက်ဆုံးပဲ။ ဒါပေမယ့် သူက အပျော်အပါးနဲ့အသောက်မက်ပြီး အားမကိုးရဘူး။ ဒါကြောင့် အရိုက်အရာဆက်ခံဖို့မဖြစ်နိုင်ဘူး။ ဒုတိယသား ချောင်ကျန်း(Cao Zhang) က ရဲရင့်ပေမယ့် အမြော်အမြင်မရှိဘူး။ စတုတ္ထသား ချောင်ရှုံး(Cao Xiong) ကတော့ ချူချာတဲ့အတွက် ကြာကြာနေရမှာမဟုတ်ဘူး။ အကြီးဆုံးဖြစ်တဲ့ ချောင်ဖီ(Cao Pi) သာ တည်ကြည်လေးနက်သူဖြစ်တဲ့အတွက် သူသာလျှင် အရိုက်အရာဆက်ခံဖို့သင့်တော်တယ်။ ဒါကြောင့် ခင်ဗျားတို့က သူ့ကိုဖေးမဖို့မျှော်လင့်ပါတယ်"
"ချောင်ဟုန်"(Cao Hong) နှင့် အခြားသူတို့သည်လည်း ထိုစကားကိုကြားသော် ငိုလေ၏။ ထို့ကြောင့် "ချောင်ချောင်း"(Cao Cao) သည် ရှားပါးသည့် အမွှေးနံ့သာ၊ အမွှေးတိုင်တို့ကိုယူလာစေပြီး နေ့တိုင်း မီးရှို့စေသည်။ ပြီးနောက် ၎င်းတို့ကို ရံရွေတော်တို့အားပေးလိုက်သည်။
"ကျုပ်သေသွားတဲ့အချိန်မှာ ကိုယ့်အလုပ်ကိုယ်ပဲဆက်လုပ်ပါ။ ဒီပိုးထည်ဖိနပ်တွေကိုရောင်းစားပြီး ကိုယ့်ဘဝကိုယ်လျှောက်ပါ"
ထို့နောက် ထိုသူတို့ကို ကြေးနီငှက်အဆောက်အဦးတွင်နေစေပြီး သူ့အတွက်နေ့စဉ် ပူဇော်ပသစေကာ ကချေသည်၊ စားသောက်စရာမျိုးစုံတို့ဖြင့်အချိန်ကုန်စေပြီးသည်။ ထို့နောက် ကျန်းဝူအနီးတွင် အုတ်ဂူအတွက် နေရာ ၇၂ ခုရွေးချယ်စေသည်။ ထိုမှသာ သူ၏အုတ်ဂူအစစ်အမှန်ကို လူသိနည်းမည်ဖြစ်ပြီး တူးဖော်သူတို့လက်ချက်မမိရန်ဖြစ်သည်။
ထိုသို့ နောက်ဆုံးပြင်ဆင်မှုများလုပ်ပြီးနောက် အကြိမ်ကြိမ်သက်ပြင်းချပြီး မျက်ရည်အနည်းငယ်ကျကာ သေဆုံးသွားခဲ့လေသည်။ သေဆုံးသည့်အချိန်တွင် အသက် ၆၆ နှစ်ရှိပြီဖြစ်ပြီး ထိုအချိန်မှာ ကျန်းအန်းနှစ် နှစ်ဆယ့်ငါးနှစ်မြောက် (အေဒီ ၂၂၀) ၊ ပထမဆုံးလဖြစ်သည်။

"ချောင်ချောင်း"(Cao Cao) သေဆုံးသွားသည့်အခါတွင် လူပေါင်းများစွာတို့ဝမ်းနည်းကြသည်။ ထိုသတင်းကို "ချောင်ချောင်း"(Cao Cao) ၏သားများဖြစ်သော " ချောင်ဖီ"(Cao Pi) ၊ ရန်လင်သခင် "ချောင်ကျန်း"(Cao Zhang) ၊ လင်ကျီသခင် "ချောင်ကျီ"(Cao Zhi) နှင့် ရှောင်ဟွိုင်သခင် "ချောင်ရှုံး"(Cao Xiong) တို့ထံအကြောင်းကြားစေသည်။ အလောင်းကို ကောင်းစွာအဝတ်ဖြင့်ပတ်ထားပြီး ငွေရောင်အခွံဖြင့်ထပ်ပတ်ကာ ရွှေရောင်အခေါင်းထဲထည့်ပြီး ရဲ့ကျွင်းသို့ပို့စေသည်။
သားအကြီးဆုံးသည် ထိုအကြောင်းကိုသိသောအခါ သူ၏နောက်လိုက်နောက်ပါတို့နှင့်အတူရောက်လာပြီး ဖခင်၏ခန္ဓာကို အိမ်သို့ပြန်သယ်သည်။ အခေါင်းကို ခန်းမဆောင်အတွင်းတွင်ထားထားပြီး အမှုထမ်းအားလုံးတို့သည် ဝမ်းနည်းစွာငိုကြွေးကြလေသည်။ ထိုအချိန်တွင် လူအများထဲမှ တစ်ဦးက
"အရိုက်အရာဆက်ခံမယ့်သူက ဝမ်းနည်းတာကိုရပ်ပြီး တိုင်းပြည်ရေးအတွက်လုပ်ဆောင်သင့်ပါတယ်"
ထိုပြောသူမှာ "စီးမာဖူ"(Sima Fu) ဖြစ်ပြီး သူမှပင်ဆက်ပြောသည်။
"မင်းသား သေဆုံးသွားတာက တိုင်းပြည်တစ်ခုလုံးရှုပ်ထွေးသွားနိုင်တဲ့အတွက် လျာထားခြင်းခံရသူက အချိန်မလင့်စေပဲ ချက်ချင်းအရိုက်အရာကိုဆက်ခံသင့်ပါတယ်။ ဒီအတိုင်း ဝမ်းနည်းနေလို့မဖြစ်ဘူး"
"ဒီကိစ္စက လုပ်ဆောင်ပြီးပေမယ့် ဧကရာဇ်ဆီက အမိန့်တော်မရသေးလို့ ဆက်လုပ်လို့မရသေးဘူး"
စစ်မက်ရေးရာဝန်ကြီး "ချန်ကျောက်"(Chen Jiao) မှ
"မင်းသားက အိမ်ကအဝေးမှာ ကွယ်လွန်သွားတဲ့အတွက် ပြဿနာတွေဖြစ်လာနိုင်ပြီး တိုင်းပြည်ကြီးရှုပ်ထွေးနိုင်တယ်"
ပြီးနောက် "ချန်ကျောက်"(Chen Jiao) မှပင် သူ၏အဝတ်ကိုဓားဖြင့် ပိုင်းဖြတ်လိုက်ပြီး
"ကျုပ်တို့က မင်းသားကိုထောက်ခံပါတယ်။ ကျန်တဲ့မထောက်ခံတဲ့လူတွေကို ဒီအဝတ်လိုပဲ ဖြစ်စေမယ်"
အကုန်လုံးမှာ ထိတ်လန့်သွားသည်။ ထိုအချိန်တွင် မြို့တော်မှ "ဟွာရှင်း"(Hua Xin) ရောက်လာပြီး
"ဝေမင်းသားက ကွယ်လွန်သွားတာကို ဘာလို့သူ့ရာထူးကိုဆက်ခံမယ့်သူကို မတင်မြောက်သေးတာလဲ"
"ကျုပ်တို့က ဧကရာဇ်ရဲ့အမိန့်တော်ကိုစောင့်နေတာပါ။ နောက်ပြီး ဒီကိစ္စနဲ့ပတ်သတ်ပြီး ပျန်းအမျိုးသမီးက ဘယ်လိုပြောမလည်းမသိဘူး"
"ကျုပ်ဆီမှာ  ဧကရာဇ်ရဲ့အမိန့်တော်ပါလာတယ်"
ထိုအခါ လူတို့လည်း ဝမ်းမြောက်စကားဆိုကြပြီး "ဟွာရှင်း"(Hua Xin) မှ အမိန့်တော်ကို ဖတ်ပြလေသည်။

"ဟွာရှင်း"(Hua Xin) သည် ဝေပြည်နယ်အပေါ်သစ္စာရှိသူဖြစ်ပြီး "ချောင်ချောင်း"(Cao Cao) သေဆုံးသွားသည်ကိုသိသည်နှင့် ရှန် ဧကရာဇ်ကိုအမိန့်တော်ရေးရန် တွန်းအားပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် "ချောင်ဖီ"(Cao Pi) ကို ဝေမင်းသား၊ ပထမတန်းစားဝန်ကြီးနှင့် ကျိကျိုးနယ်စားရာထူးကို ပေးအပ်ခဲ့လေသည်။
"ချောင်ဖီ"(Cao Pi) သည်လည်း အမိန့်တော်ကိုလက်ခံပြီး အမှုထမ်းတို့က ဝမ်းမြောက်စကားပြောကြသည်။ ပြီးနောက် စားသောက်ပွဲကြီးကျင်းပလေသည်။ ထိုအချိန်တွင် သတင်းတစ်ခုရောက်လာခဲ့သည်။
"ရန်လင်သခင် ချောင်ကျန်း(Cao Zhang) က စစ်တပ်အင်အားတစ်သိန်းနဲ့ ချန်အန်းကိုစစ်ချီလာပါပြီ"
ထို့ကြောင့် မင်းသားမှ သူ၏အမှုထမ်းတို့ဘက်သို့လှည့်ပြီး
"ဘယ်လိုလုပ်မလဲ။ ဒီရွှေရောင်မုတ်ဆိတ်နဲ့ကျုပ်ရဲ့ညီက အမြဲတမ်းကောင်းမာပြီး စစ်တပ်အရည်အချင်းနည်းနည်းလေးရှိတာနဲ့ကျုပ်ရဲ့ရာထူးဆက်ခံတာကို တားဆီးဖို့ရောက်လာပြီ'
"ကျွန်တော်သွားပြီး ရန်လင်သခင်နဲ့တွေ့လိုက်ပါ့မယ်။ သူ့ကိုဒီလုပ်ရပ်က ရပ်တန့်သွားအောင်လုပ်ပါ့မယ်"
အခြားသူတို့ကလည်း
"မြင့်မြတ်တဲ့ခင်ဗျားလိုလူသာလျှင် ဒီအခက်အခဲကနေလွတ်အောင် လုပ်နိုင်မယ်"




ကျိုးရဲ့ဝင်ဘုရင် (King Wen)1 - ကျိုးမင်းဆက်ကိုထူထောင်သူ ဝူဘုရင်၏ဖခင်ဖြစ်သည်။ ရှန်မင်းဆက်နေဝင်ခါနီးအချိန်တွင် ဝင်ဘုရင်သည် တိုင်းပြည်၏သုံးပုံနှစ်ပုံကိုထိန်းချုပ်ထားခဲ့သည်။ သို့သော်လည်း ရှန်ဧကရာဇ်လက်အောက်တွင် သစ္စာရှိစွာအမှုထမ်းခဲ့သည်။ ဝင်ဘုရင်သည် တိုင်းပြည်မထူထောင်ခဲ့သော်လည်း တိုင်းပြည်အတွက် အုတ်မြစ်ချသွားပေးခဲ့သည်။

Comments

Popular posts from this blog

Lookism