သုံးနိုင်ငံခေတ်(၁၀၄)
အခန်း(၁၀၄) ကြွေသွားခဲ့သောကြယ်တစ်ပွင့် - ဝန်ကြီးချုပ်သည်
ကောင်းကင်သို့တက်ခြင်း။
သစ်သားရုပ်တစ်ရုပ် - စစ်သေနာပတိ ကြောက်လန့်သွားခဲ့ခြင်း။
"ကျူးကဲလျန့်"(Zhuge Liang) ၏ဟန့်တားမှုကြောင့်
"ဝေရန်"(Wei Yan) သည် ဓားဖြင့် အခုတ်မခံခဲ့ရပေ။
"ဒါ ကျုပ်ရဲ့ကြမ္မာပဲ။
သူ့အပြစ်မဟုတ်ဘူး"
"ကျန်းဝေ"(Jiang
Wei) က ဓားကိုပြန်ရုတ်သိမ်းလိုက်သောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် နွမ်းနယ်စွာဖြင့်
ညောင်စောင်းပေါ်တွင်ထိုင်ခဲ့သည်။
"စီးမာယီ(Sima
Yi) က ကျုပ်သေပြီလို့တွက်ပြီး သေချာအောင် တပ်တချို့လွှတ်ပြီးစုံစမ်းစေမှာပဲ။ သွားပြီးတော့
သူတို့တွေကိုမောင်းထုတ်လိုက်ပါ"
"ဝေရန်"(Wei
Yan) သည် ထွက်သွားပြီး လူအနည်းငယ်နှင့်အတူ ဝေတပ်တို့ကိုတိုက်ထုတ်လေရာ ဝေတပ်တို့လည်း
ထွက်ပြေးသွားခဲ့သည်။ ရန်သူတို့နောက်ကို ခုနစ်မိုင်ကျော်လိုက်ပြီးနောက် ပြန်လာခဲ့သည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ "ဝေရန်"(Wei Yan) အား သတိဖြင့်စောင့်ကြည့်ရန်မှာကြားကာ
သူ့စခန်းသို့ပြန်သွားစေခဲ့သည်။
"ကျန်းဝေ"(Jiang
Wei) သည် ပြန်ဝင်လာပြီး လူနာ၏ကုတင်ပေါ်သို့သွားကာ အခြေအနေကိုမေးမြန်းခဲ့သည်။ "ကျူးကဲလျန့်"(Zhuge
Liang) မှ
"ကျုပ်မကြာခင်
သေဆုံးတော့မယ်။ ကျုပ်ရဲ့အဓိကဆန္ဒကတော့ ဟန်ပြည်ကိုပြန်လည်ထူထောင်ပြီး ဟန်တိုင်းပြည်က
မြို့တော်ဟောင်းမှာပြန်လည်နေရာချနိုင်ဖို့ပဲဖြစ်တယ်။ ဒါပေမယ့် ကောင်းကင်ကြီးက ခွင့်မပြုခဲ့ဘူး။
ကျုပ် လေ့လာမှုတွေကိုတစ်ခါမှမရပ်နားခဲ့ဘူး။ စစ်ပွဲရဲ့ထိတ်လန့်ဖွယ်ငါးမျိုး၊ စိုးရိမ်ဖွယ်ခြောက်မျိုး၊
သတိထားစရာခုနစ်မျိုး၊ လိုအပ်ချက်ရှစ်မျိုးနဲ့ပတ်သတ်ပြီး စာလုံးရေပေါင်း ၁၀၄၁၀၄၁၂ လုံး၊
အခန်း ၂၄ ခန်းပါတဲ့စာအုပ်ရေးထားခဲ့တယ်။ အဲ့ဒါကိုဆက်ခံပြီး ကျုပ်တာဝန်ကိုလက်လွှဲယူနိုင်မယ့်လူက
မင်းကလွဲရင်မရှိဘူး။ ဒါကြောင့် ဒါကိုလက်မခံပဲမနေပါနဲ့"
ထို့နောက် ထိုကျမ်းစာအုပ်ကိုပေးလိုက်ရာ
"ကျန်းဝေ"(Jiang Wei) မှ မျက်ရည်ကျကာ လက်ခံခဲ့သည်။
"ကျုပ်အကောင်အထည်မဖော်နိုင်သေးတဲ့
တစ်ခါပစ်ရင်အများကြီးပစ်လို့ရမယ့် ဒူးလေးလက်နက်ရှိသေးတယ်။ အဲ့လက်နက်က တစ်ခါပစ်ရင် ရှစ်လက်မအရှည်ရှိတဲ့မြားဆယ်ချောင်းကိုပစ်နိုင်မှာဖြစ်တယ်။
ပုံကြမ်းတွေတော့ အဆင်သင့်ဖြစ်နေပြီဆိုတော့ အဲ့အတိုင်း လက်နက်တွေကိုဆောက်လို့ရမယ်"
"ကျန်းဝေ"(Jiang
Wei) က အရိုအသေပေးပြီး စာရွက်များကိုယူခဲ့သည်။ သေဆုံးခါနီးလူမှ ဆက်လက်ပြောခဲ့သည်။
"ရင်းဖင်တောင်ကလွဲရင်
ရှူတပ်အတွက် စိုးရိမ်လောက်တဲ့နေရာမရှိပါဘူး၊ ဒါကြောင့် အဲ့နေရာကို သေချာကာကွယ်ရမယ်။
အဲ့နေရာက တောင်တွေရဲ့အကာအကွယ်ရှိတယ်ဆိုပေမယ့် သေချာပေါက်အဆုံးအရှုံးများနိုင်တဲ့နေရာဖြစ်တယ်"
ထို့နောက်
"မာတိုက်"(Ma Dai) ကိုခေါ်စေကာ တီးတိုးအမိန့်များပေးခဲ့သည်။ ပြီးနောက်
"ကျုပ်သေဆုံးသွားရင်
ကျုပ်မှာခဲ့တာတွေကို လုပ်ဆောင်ပါ"
မကြာမီတွင်
"ရန်ယီ"(Yang Yi) ဝင်လာပြီး ကုတင်နားသို့ရောက်လာသည်။ သူသည် လျှို့ဝှက်အမိန့်ပါသောပိုးထည်အိတ်ကိုလက်ခံရရှိခဲ့သည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ ထိုအိတ်ကိုပေးပြီး
"ကျုပ်မရှိတော့ရင်
ဝေရန်(Wei Yan) ကသစ္စာဖောက်လိမ့်မယ်။ အဲ့လိုသာဆိုရင် စစ်တပ်အတွက် အန္တရာယ်များတယ်။ ဒီထဲမှာ
ဘာလုပ်ရမလည်းဆိုတာ ရေးထားတယ်"
ထိုသို့စီစဉ်ပြီးနောက်
"ကျူးကဲလျန့်"(Zhuge Liang) သည် မေ့မြောသွားပြီး ညနေမှသာ ပြန်သတိလည်လာသည်။
ထိုအချိန်တွင် ဒုတိယဧကရာဇ်ထံပို့ရန် သဝဏ်လွှာရေးခဲ့သည်။ ထိုစာသည် ဧကရာဇ်ထံရောက်သွားသောအခါ
စိုးရိမ်ပြီး အထက်တန်းအတိုင်ပင်ခံ "လီဖူ"(Li Fu) ကို ချက်ချင်းစေလွှတ်ကာ မမာမကျန်းဖြစ်နေသောဝန်ကြီးကို
ကြည့်စေသည်။
"လီဖူ"(Li
Fu) သည် ဝူကျန်းတောင်ကုန်းသို့အလျင်အမြန်ခရီးထွက်လာခဲ့ပြီး စစ်သေနာပတိ၏ရွက်ဖျင်တဲသို့ရောက်လာသည်။
သူသည် ဒုတိယဧကရာဇ်၏အမိန့်တော်ကိုထုတ်ပြန်ပြီးနောက် လူနာ၏အခြေအနေကိုမေးမြန်းခဲ့သည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ ငိုကာ
"ကျုပ်က
တာဝန်ကိုမပြီးမြောက်ပဲ စိတ်မကောင်းဖြစ်စွာနဲ့သွားရတော့မယ်။ ကျုပ်က တိုင်းပြည်ရဲ့မူဝါဒကို
ယိုယွင်းအောင်လုပ်ခဲ့လို့ အပြစ်ရှိပါတယ်။ ကျုပ်သေဆုံးသွားရင် သစ္စာရှိစွာနဲ့ ဧကရာဇ်ကိုကူညီပြီး
မူဝါဒဟောင်းအတိုင်းလိုက်နာပြီးတော့ အစိုးရရဲ့အုပ်ချုပ်မှုကို တည်မြဲပါစေ။ ကျုပ်တာဝန်ပေးထားတဲ့လူတွေကို
အလွယ်တကူမစွန့်လွှတ်လိုက်ပါနဲ့။ ကျုပ်စစ်ဆင်ရေးနဲ့ပတ်သတ်တဲ့အစီအစဉ်ကို ကျန်းဝေ(Jiang
Wei) ကိုပေးခဲ့တယ်။ သူက ဆက်ပြီး ကျုပ်မူဝါဒကိုထိန်းသိမ်းပြီးတော့ တိုင်းပြည်အကျိုးကိုရွက်ဆောင်လိမ့်မယ်။
ကျုပ်နောက်ဆုံးအချိန်ရောက်တော့မှာမို့ သေတမ်းစာရေးခဲ့ရမယ်"
"လီဖူ"(Li
Fu) မှ နားထောင်ပြီးနောက် ပြန်ထွက်သွားခဲ့သည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် သူ၏တာဝန်ကို နောက်ဆုံးအကြိမ်ထမ်းရွက်ခဲ့လေသည်။ သူ၏ကုတင်ပေါ်မှထကာ နောက်လိုက်နောက်ပါတို့၏အကူအညီဖြင့်
လှည်းယာဉ်လေးပေါ်သို့တက်ပြီး စခန်းများ၊ နေရာများအားလုံးကို လက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဆောင်းဦးရာသီ၏လေအေးသည် သူ၏အရိုးထဲထိ ချမ်းစိမ့်စေခဲ့သည်။
"ကျူးကဲလျန့်"(Zhuge
Liang) ပြန်လာသောအခါ ယခင်ကထက် ပိုမိုအားလျော့သွားပြီး "ရန်ယီ"(Yang Yi) ကို
သူ၏အိပ်ရာနံဘေးသို့ခေါ်ခဲ့သည်။
"မာတိုက်(Ma
Dai) ၊ ဝမ်ဖင်(Wang Ping) ၊ လျောင်ဟွာ(Liao Hua) ၊ ကျန်းယီ(Zhang Yi) နဲ့ ကျန်းယီ(Zhang
Ni) တို့က သေသည်ထိအားကိုးလို့ရနိုင်မယ့်သူတွေဖြစ်တယ်။ သူတို့တွေက တိုက်ပွဲပေါင်းများစွာမှာကျင်လည်ခဲ့သလို
အခက်အခဲတွေအများကြီးကျော်ဖြတ်ခဲ့ဖူးသူတွေဖြစ်တယ်။ ဒါကြောင့် သူတို့တွေကို မူလတာဝန်မှာပဲဆက်လက်ရွက်ဆောင်စေသင့်တယ်။
ကျုပ်မရှိတော့ရင် နဂိုအတိုင်းပဲဆက်လက်လုပ်ဆောင်ပါ။ ဒါပေမယ့် တပ်ကိုတော့ပြန်ဆုတ်သွားရမယ်။
ဘယ်လိုနည်းဗျူဟာတွေသုံးရမယ်ဆိုတာ ခင်ဗျားသိပြီးဖြစ်တာကြောင့် ကျုပ်ဆက်မပြောတော့ဘူး။
မိတ်ဆွေကြီး ကျန်းဝေ(Jiang Wei) ကတော့ အမြော်အမြင်ရှိပြီးရဲရင့်တာကို တပ်ဆုတ်တဲ့အခါ
နောက်တန်းကိုကာကွယ်ခိုင်းပါ"
"ရန်ယီ"(Yang
Yi) သည် မျက်ရည်ကျလျက် အမိန့်တို့ကိုနာခံခဲ့သည်။
သေဆုံးခါနီးဝန်ကြီးသည်
သူ၏သေတမ်းစာကိုရေးခဲ့လေသည်။
"ရှင်သန်ခြင်း၊
သေဆုံးခြင်းဆိုတာ ဖြစ်ရိုးဖြစ်စဉ်တွေဖြစ်ပြီး ကံကြမ္မာဆိုတာကို ရှောင်လွှဲလို့မရဘူး။
သေခြင်းတရားက နီးကပ်လာတဲ့အချိန်မှာ ကျွန်တော့ရဲ့သစ္စာကိုအဆုံးထိ သက်သေပြချင်ပါသေးတယ်။
ကျွန်တော်မျိုး ကျူးကဲလျန့်(Zhuge Liang) ဟာ အရည်အချင်းတွေအများကြီးမရှိခဲ့ပေမယ့် ဒီခက်ခဲကြမ်းတမ်းတဲ့ခေတ်မှာမွေးဖွားလာခဲ့ပြီး
စစ်မက်ရေးရာတွေ ဦးဆောင်ခဲ့ရတယ်။ ကျွန်တော်က မြောက်ပိုင်းစစ်ဆင်ရေးကိုဆင်နွှဲခဲ့ပေမယ့်
အပြီးအပြတ်အောင်မြင်မှုမရခဲ့ဘူး။ အခုအချိန်မှာ ရောဂါဝေဒနာခံစားနေရပြီး မရဏသေမင်းကလည်း
မကြာခင်ရောက်လာတော့မှာမို့ ကျွန်တော့ရဲ့တာဝန်ကိုကျေပွန်အောင်မလုပ်ဆောင်နိုင်တော့ပါဘူး။
ဒီအတွက် မဖော်ပြနိုင်တဲ့ဝမ်းနည်းမှုတွေခံစားရပါတယ်။
အရှင်မင်းကြီးဟာ
စိတ်နှလုံးကိုသန့်စင်ပြီး ကိုယ့်ရဲ့ဆန္ဒနောက်ကိုမလိုက်ပဲ ကိုယ့်ကိုယ်ကိုထိန်းချုပ်ပြီးတော့
ပြည်သူတွေအပေါ်မေတ္တာထားပြီး နတ်ရွာစံသွားတဲ့ဧကရာဇ်အပေါ် သားသမီးဝတ်ကျေပွန်ပြီး တစ်လောကလုံးအပေါ်ကြင်နာမှုရှိနိုင်ဖို့
ကျွန်တော်မျိုးမျှော်လင့်ပါတယ်။ လူသူမသိအရပ်တွေမှာရှိနေတဲ့စာပေပညာရှင်တွေကို မြောက်စားပြီး
ပညာရှိတွေ၊ အကျင့်သီလကောင်းသူတွေရဲ့အကူအညီကို ရယူပါ၊ အကျင့်ဆိုးယုတ်တဲ့လူတွေကိုပယ်ရှားပါ။
ဒီလိုမှသာ အရှင်မင်းကြီးရဲ့ကိုယ်ကျင့်တရားဟာလည်း ကောင်းမွန်မှာဖြစ်တယ်။
ကျွန်တော်မျိုးရဲ့အိမ်မှာ
မြေကွက်ဧကတစ်ရာရှိပြီး ဘယ်ရီပင်ရှစ်ရာရှိတာကြောင့် ကျွန်တော့မိသားစုအတွက်ကတော့ ဖူလုံပါပြီ။
ကျွန်တော် တိုင်းပြည်တာဝန်ကိုထမ်းနေရတဲ့ကာလတလျှောက်လုံးမှာ ကျွန်တော်မျိုးလိုအပ်တာတွေကို
ဘဏ္ဍာထဲကပေးအပ်ခဲ့ပေမယ့် ကျွန်တော်မျိုးက မိသားစုအတွက် လိမ်လည်ပြီးယူခဲ့တာမျိုးမရှိပါဘူး။
ကျွန်တော်သေဆုံးသွားရင်လည်း ကျွန်တော့ပိုင်ဆိုင်မှုတွေမှာ ပိုးထည်တစ်လိပ်တောင်ပိုတိုးသွားအောင်
ထားခဲ့မှာမဟုတ်ပါဘူး။ ဒါဟာ ခြစားမှုနဲ့ပတ်သတ်ပြီး အရှင်မင်းကြီးက ကျွန်တော်မျိုးအပေါ်သံသယမဝင်စေဖို့ဖြစ်ပါတယ်"
ထိုစာကိုရေးပြီးနောက်
"ရန်ယီ"(Yang Yi) ဘက်သို့လှည့်ကာ
"ကျုပ်အတွက်
အသုဘဝတ်စုံတွေ မဝတ်ပါနဲ့။ အခေါင်းအကြီးကြီးလုပ်ပြီး ကျုပ်ခန္ဓာကိုထည့်ပြီးတော့ ကျုပ်ပါးအပ်ထဲမှာ
ဆန်ခုနစ်စေ့ထည့်ထားပါ။ ကျုပ်ခြေရင်းမှာ မီးအိမ်ကိုထားပြီးတော့ ကျုပ်ခန္ဓာကို တပ်နဲ့အတူ
လိုက်ပါ,ပါစေ။ ခင်ဗျားတို့တွေငိုယိုခြင်းမရှိဘူးဆိုရင် ကျုပ်ရဲ့ဝိညာဉ်ကအမြင့်တက်ပြီး
ကြယ်ကိုဆွဲထားမှာမို့ ကျုပ်ရဲ့ခေါင်းဆောင်မှုကြယ်ဟာ ကြွေသွားမှာမဟုတ်ဘူး။ ကျုပ်ကြယ်က
နေရာမရွေ့ဘူးဆိုရင် စီးမာယီ(Sima Yi) က သံသယဖြစ်ပြီး ကြောက်လန့်သွားလိမ့်မယ်။
တပ်ဖျားပိုင်းကနေစပြီးတော့
တပ်တွေကို စခန်းတစ်ခုချင်းစီ ဖြည်းဖြည်းချင်း တပ်ဆုတ်ကြပါ။ စီးမာယီ(Sima Yi) လိုက်လာခဲ့ရင်
ဗျူဟာခင်းကျင်းပြီးတော့ တိုက်ခိုက်ဖို့လုပ်ပါ။ သူအနားရောက်လာတဲ့အထိစောင့်ပြီးတော့ ကျုပ်ထုဆစ်ထားခဲ့တဲ့
ကျုပ်ရဲ့ပုံတူသစ်သားရုပ်ဟာ လှည်းယာဉ်ပေါ်မှာထိုင်နေပြီး ဘယ်ညာနှစ်ဖက်မှာ စစ်သူကြီးတွေနဲ့အတူ
ရုတ်တရတ်ပေါ်လာအောင် လုပ်လိုက်ပါ။ အဲ့ဒါဆို စီးမာယီ(Sima Yi) ကြောက်လန့်ပြီး ပြန်ဆုတ်သွားလိမ့်မယ်"
"ရန်ယီ"(Yang
Yi) က ထိုစကားတို့ကိုနားထောင်ပြီး မည်သို့မျှပြန်မပြောခဲ့ပေ။ ထိုညဝယ် "ကျူးကဲလျန့်"(Zhuge
Liang) အား မထူကာ အပြင်သို့ခေါ်သွားကြသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
ကောင်းကင်ကြီးကိုကြည့်ပြီး မှေးမှိန်နေပြီး သူ့နေရာမှယိမ်းယိုင်နေသယောင်ဖြစ်နေသောကြယ်ကို
ညွှန်ပြကာ
"ဒါ ကျုပ်ရဲ့ကြယ်ပဲ"
"ကျူးကဲလျန့်"(Zhuge
Liang) သည် ဂါထာတစ်ခုခုကိုရွတ်ဆိုနေသကဲ့သို့ ပါးစပ်လှုပ်နေခဲ့သည်။ ထို့နောက် ရက်ဖျင်တဲထဲသို့ပြန်ဝင်သွားပြီး
မကြာမီတွင် မေ့မြောသွားပြန်သည်။ ထိုအခြင်းအရာကြောင့် အမှုထမ်းတို့စိုးရိမ်နေကြစဉ်
"လီဖူ"(Li Fu) ရောက်လာသည်။ ခေါင်းဆောင်ဖြစ်သူ၏အခြေအနေကိုမြင်သောအခါ ငိုကြွေးပြီး
"ကျွန်တော်
တိုင်းရေးပြည်ရေးကိစ္စကြီးကို ပျက်ပြားစေခဲ့ပြီ"
"ကျူးကဲလျန့်"(Zhuge
Liang) သည် မျက်လုံးပြန်ပွင့်လာပြီး သူ့ကုတင်ဘေးတွင် ရပ်နေသော "လီဖူ"(Li
Fu) ကိုကြည့်ကာ
"ခင်ဗျားဘာကြောင့်လာတယ်ဆိုတာကို
ကျုပ်သိတယ်"
"ကျွန်တော်က
ဧကရာဇ်ရဲ့အမိန့်နဲ့ နောင်ရာစုနှစ်မှာ တိုင်းပြည်ကြီးရဲ့ကြမ္မာကိုဘယ်သူဦးဆောင်မလည်းဆိုတာ
လာမေးတာပါ။ ကျွန်တော်စိတ်ရှုပ်ထွေးပြီး မေးဖို့မေ့သွားခဲ့တယ်"
"ကျုပ်ပြီးရင်
ကိစ္စကြီးတွေကိုဆောင်ရွက်ဖို့ အသင့်တော်ဆုံးလူက ကျန်းဝမ်(Jiang Wan) ဖြစ်တယ်"
"ကျန်းဝမ်(Jiang
Wan) ပြီးရင်ကော"
"ပြီးရင်
ဖေးယီ(Fei Yi) ပေါ့"
"ဖေးယီ(Fei
Yi) အလှည့်ပြီးရင်ကော"
ပြန်ပြောသည့်စကားသံကိုမကြားရတော့သဖြင့်
သေချာကြည့်သောအခါ ဝန်ကြီးချုပ်၏ဝိညာဉ်မှာ ထွက်သွားပြီဖြစ်ကြောင်း သိခဲ့ရသည်။
"ကျူးကဲလျန့်(Zhuge Liang) သည် ကျန့်ရှင့်နှစ်တစ်ဆယ့်နှစ်နှစ်မြောက် (အေဒီ ၂၃၄
ခု)၊ ရှစ်လပိုင်း၊ သုံးရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ သူကွယ်လွန်သည့်အချိန်ဝယ် အသက်
၅၄ နှစ်ရှိပြီဖြစ်သည်။
လွန်လေပြီးသောအခါက
ချန်းဆွေတွင်တာဝန်ကျခဲ့သော တပ်မှူး "လျောင်လီ"(Liao Li) သည် ကိုယ့်အရည်အချင်းကိုယ်အထင်ကြီးကာ
"ကျူးကဲလျန့်"(Zhuge Liang) ပြီးလျှင် သူအတော်ဆုံးဟု ကိုယ့်ကိုယ်ကိုသတ်မှတ်ထားသူဖြစ်သည်။
ထို့ကြောင့် မကျေမနပ်ဖြစ်ကာ မိမိတာဝန်ကိုမလုပ်ဆောင်နိုင်ခဲ့ပဲ ဝန်ကြီးတို့၏မကောင်းသတင်းသာပြောနေခဲ့သည်။
ထို့ကြောင့် "ကျူးကဲလျန့်"(Zhuge Liang) မှ သူ့ကိုရာထူးလျှော့ချပြီး မင်စန်းသို့ပို့ခဲ့သည်။
"ကျူးကဲလျန့်"(Zhuge
Liang) သေဆုံးကြောင်း "လျောင်လီ"(Liao Li) သိသောအခါ မျက်ရည်ကျလျက်ပြောခဲ့သည်။
"ကျုပ်က
တကယ်တော့ လူရိုင်းသာသာပဲရှိတာပါလား"
ထိုသတင်းဆိုးကိုကြားသော
"လီယန်"(Li Yan) သည်လည်း စိတ်မကောင်းဖြစ်ခဲ့သည်။ အကြောင်းမှာ သူ၏အပြစ်များကိုပြန်ဆေးကြောနိုင်ရန်အတွက်
"ကျူးကဲလျန့်"(Zhuge Liang) မှ သူ့အားမူလရာထူးကိုပြန်ပေးလိမ့်မည်ဟု မျှော်လင့်နေခဲ့သောကြောင့်ဖြစ်သည်။
"ကျူးကဲလျန့်"(Zhuge Liang) သေဆုံးသွားသောအခါ သူ့ကိုပြန်ခေါ်ရန် မျှော်လင့်ချက်မရှိတော့သောကြောင့်
သူလည်း မကြာခင်တွင် သေဆုံးသွားခဲ့သည်။
"ကျူးကဲလျန့်"(Zhuge
Liang) ကွယ်လွန်သွားသောညဝယ် ကောင်းကင်နှင့်မြေကြီးတို့နိမိတ်များပြခဲ့သည်။ "ကျူးကဲလျန့်"(Zhuge
Liang) ၏ဝိညာဉ်သည် ကောင်းကင်သို့တက်သွားသောအခါ လမင်းကြီးမှာပင် မှေးမှိန်သွားခဲ့သည်။
စစ်သေနာပတိမှာကြားခဲ့သည့်အတိုင်း
"ကျန်းဝေ"(Jiang Wei) နှင့် "ရန်ယီ"(Yang Yi) တို့မှ ဈာပနဝတ်စုံကိုမဝတ်ကြရန်
အမိန့်ထုတ်ပြန်ခဲ့သည်။ သေဆုံးသူ၏အလောင်းကို မှာကြားခဲ့သည့်အတိုင်း အခေါင်းတွင်သည့်စေကာ
အစောင့်အယောက်သုံးရာချထားခဲ့သည်။
ထို့အပြင် နောက်တန်းကိုဦးဆောင်ရန်
"ဝေရန်"(Wei Yan) အား လျှို့ဝှက်အမိန့်ပေးပြီး ဖြည်းဖြည်းချင်းတပ်ဆုတ်ကာ
ဌာနေသို့ပြန်စေသည်။
"စီးမာယီ"(Sima
Yi) သည် ကောင်းကင်ကြီးကိုငေးကြည့်နေစင်း အရှေ့မြောက်ဘက်မှ လင်းထိန်သောအနီရောင်ကြယ်ကြီးသည်
ရှူတပ်စခန်းရှိရာ အနောက်တောင်ဘက်သို့ကျသွားသည်ကို မြင်လိုက်သည်။ ထိုသို့တက်လိုက်ကြလိုက်ဖြင့်
သုံးကြိမ်သုံးခါဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် အဝေးမှအသံကိုလည်း ကြားလိုက်ရသည်။
"စီးမာယီ"(Sima
Yi) သည် စိတ်လှုပ်ရှားကာ ဝမ်းသာအားရဖြင့်
"ကျူးကဲလျန့်(Zhuge
Liang) တော့ သေသွားပြီ"
ထို့နောက် စစ်တပ်အင်အားအမြောက်အများဖြင့်
လိုက်တိုက်ရန်ပြုစေသည်။ သူ၏စခန်းအဝနားသို့ရောက်လာသောအခါ သံသယအနည်းငယ်ဝင်ပြီး ထိုအစီအစဉ်ကိုပြောင်းလိုက်သည်။
"ကျူးကဲလျန့်(Zhuge
Liang) က လျှို့ဝှက်ဆန်းကြယ်တဲ့လူဖြစ်ပြီး ဘုံခြောက်ဘုံနတ်တွေရဲ့အကူအညီရသူလည်း ဖြစ်တယ်။
ဒီလိုလုပ်တာဟာ ငါ့ကိုတိုက်အောင်လုပ်တဲ့ သူ့ရဲ့ပရိယာယ်လည်းဖြစ်နိုင်တယ်။ မဆင်ခြင်ပဲလုပ်ရင်
သူ့ထောင်ချောက်ထဲကျသွားမယ်"
ထို့ကြောင့်
ရပ်နားပြီး "ရှဟိုပါ့"(Xiahou Ba) ကို ကင်းထောက်အချို့နှင့်လွှတ်ကာ ရန်သူ့စခန်းသို့သွားစုံစမ်းစေသည်။
တစ်ညသော်
"ဝေရန်"(Wei Yan) သည် သူ့တပ်စခန်းတွင်အိပ်နေခိုက် ထူးခြားသောအိပ်မက်မက်မြင်သည်။
အိပ်မက်ထဲဝယ် သူ့ခေါင်းတွင် ချိုနှစ်ချောင်းထွက်လာသည်ဟု မက်မြင်လေသဖြင့် နိုးလာသောအခါ
ထိုအိပ်မက်၏အဓိပ္ပာယ်ကို မမှန်းဆနိုင်ခဲ့ပေ။
ထိုစဉ် စစ်သူကြီး
"ကျောက်ကျီ"(Zhao Zhi) ရောက်လာသောအခါ "ဝေရန်"(Wei Yan) မှ
"ခင်ဗျားက
ပြောင်းလဲခြင်းစာအုပ်ကိုကျွမ်းကျင်တယ်မဟုတ်လား။ ကျုပ်ခေါင်းမှာ ချိုနှစ်ချောင်းပေါက်တယ်လို့အိပ်မက်မက်တာ
ဘာဖြစ်မလည်းဆိုတာ ပြောပြပါလား"
"ကျောက်ကျီ"(Zhao
Zhi) သည် ခဏတွေးတောပြီးနောက်
"ဒါက နိမိကောင်းပဲဖြစ်ပါတယ်။
နဂါးရော၊ ချိလင်ရောဂါ ချိုပါတဲ့တိရစ္ဆာန်တွေဖြစ်ကြတယ်။ ဒီလိုမက်မြင်တာဟာ ကြီးပွားတိုးတက်မယ့်နိမိတ်ဖြစ်ပါတယ်"
"ဝေရန်"(Wei
Yan) သည် ဝမ်းမြောက်သွားပြီး နိမိတ်ဖတ်သူကိုကျေးဇူးတင်ကာ ထိုအတိုင်းဖြစ်လာပါက ကျေးဇူးတုံ့ပြန်မည်ဟု
ကတိပေးခဲ့သည်။
"ကျောက်ကျီ"(Zhao
Zhi) လည်း ပြန်ထွက်သွားရာ မကြာမီတွင် "ဖေးယီ"(Fei Yi) နှင့်တွေ့သည်။
"ဖေးယီ"(Fei Yi) မှ ဘယ်ကပြန်လာသည်ကိုမေးသောအခါ
"မိတ်ဆွေကြီး
ဝေရန်(Wei Yan) စခန်းကပြန်လာတာ။ သူက ခေါင်းမှာချိုထွက်လာတယ်လို့ အိပ်မက်မက်သတဲ့။ သူ့ကို
ကောင်းတဲ့နိမိတ်လို့ပြောခဲ့တယ်၊ တကယ်တော့ ဒါဟာ မကောင်းတာကိုဖော်ညွှန်းတာဖြစ်တယ်။ ဒါပေမယ့်
ကျုပ်က သူ့ကို စိတ်မတိုစေချင်လို့ လိမ်ပြောလိုက်တာ"
"ခင်ဗျားက
မကောင်းတဲ့နိမိတ်မှန်းဘယ်လိုသိလဲ"
"ချိုဆိုတဲ့စာလုံးက
'အသုံးပြုခြင်း' ဆိုတဲ့စာလုံးပေါ်မှာ 'ဓား' မိုးထားတာမဟုတ်လား။ ဒီတော့ သူ့ခေါင်းပေါ်ကို
ဓားမိုးထားတယ်ဆိုတဲ့ နိမိတ်ဆိုးပဲပေါ့"
"ဘယ်သူ့ကိုမှမပြောပါနဲ့"
"ဖေးယီ"(Fei
Yi) သည် "ဝေရန်"(Wei Yan) ၏စခန်းသို့သွားပြီးနောက် သူတို့နှစ်ဦးသာရှိသောအချိန်တွင်
"ဝန်ကြီးချုပ်က
မနေ့ညသုံးချက်တီးအချိန်မှာ ကွယ်လွန်သွားပြီ။ သူက နောက်ဆုံးအနေနဲ့ မှာကြားခဲ့တာတွေရှိတယ်။
တပ်တွေဆုတ်ခွာတဲ့အချိန်မှာ စီးမာယီ(Sima Yi) ကိုတားဆီးဖို့အတွက် ခင်ဗျားက နောက်တန်းကိုဦးဆောင်ပါလို့မှတ်ခဲ့တယ်။
ဈာပနဝတ်စုံတွေလည်း မဝတ်ရဘူး။ ဒါက ခင်ဗျားအတွက် ချီတက်ဖို့အမိန့်ပါ"
"ဝန်ကြီးချုပ်နေရာကို
ဘယ်သူကတာဝန်ယူနေသလဲ"
"အဓိကဦးဆောင်မှုကိုတော့
ရန်ယီ(Yang Yi) ကိုပေးအပ်ခဲ့တယ်။ ဒါပေမယ့် တိုက်ပွဲရဲ့လျှို့ဝှက်အမိန့်တွေကိုတော့ ကျန်းဝေ(Jiang
Wei) ကိုပေးခဲ့တယ်။ ဒီအမိန့်ကတော့ ရန်ယီ(Yang Yi) က ထုတ်ပြန်ခဲ့တာပါ"
"ဝန်ကြီးချုပ်မရှိတော့ပေမယ့်
ကျုပ်ကရှိနေတုန်းပဲမဟုတ်လား။ အတိုင်ပင်ခံဝန်ကြီး ရန်ယီ(Yang Yi) က အုပ်ချုပ်ရေးဘက်ကဆိုတော့
သူက ဒီတာဝန်ကိုထမ်းဖို့မသင့်တော်ဘူး။ ကျုပ်က တပ်တွေကိုဦးဆောင်ပြီး စီးမာယီ(Sima
Yi) ကိုတိုက်ရမှာဖြစ်ပြီး သူက အခေါင်းကိုသယ်ပြီး ဌာနေကိုပြန်ရမှာဖြစ်တယ်။ ကျုပ်က အောင်မြင်မှုရမှာပါ။
ဝန်ကြီးချုပ်ဖြစ်ရင်တောင်မှ သူသေဆုံးတဲ့အတွက်နဲ့ စစ်ဆင်ရေးဆိုလက်လျှော့လိုက်တယ်ဆိုတာ
မလုပ်သင့်ဘူး"
"ဝန်ကြီးချုပ်က
ပြန်ဆုတ်ဖို့အမိန့်ပေးခဲ့တာပါ။ ဒီအမိန့်ကိုနာခံရမယ်"
"ဝန်ကြီးချုပ်က
ကျုပ်အကြံကို နားထောင်ခဲ့ရင် ကျုပ်တို့တွေအခု ချန်အန်းမှာရှိနေလောက်ပြီ။ ကျုပ်က အနောက်ပိုင်းကိုအောင်နိုင်တဲ့စစ်သူကြီးဖြစ်တဲ့အပြင်
နန်ကျန်းသခင်လည်းဖြစ်တယ်။ အရပ်သားအမှုထမ်းတွေအတွက် နောက်တန်းကိုကာကွယ်ပေးမှာမဟုတ်ဘူး"
"စစ်သူကြီးပြောတာမှန်ပါတယ်။
ဒါပေမယ့် လက်လွတ်စပယ်မပြုမူပါနဲ့ဦး။ ကျွန်တော် ရန်ယီ(Yang Yi) ဆီသွားပြီး ရှင်းပြလိုက်ပါ့မယ်။
ဒါဆိုရင် သူက ခေါင်းဆောင်မှုကို စစ်သူကြီးထံလွှဲပေးရင်လွှဲပေးမှာပေါ့"
"ဝေရန်"(Wei
Yan) ကလက်ခံလိုက်ပြီး "ဖေးယီ"(Fei Yan) က "ရန်ယီ"(Yang Yi) ထံသွားကာ
အကျိုးအကြောင်းပြောခဲ့သည်။
"ဝန်ကြီးချုပ်က
သေလုမြောပါးဖြစ်နေတဲ့အချိန်မှာ ဝေရန်(Wei Yan) က သစ္စာဖောက်လိမ့်မယ်လို့ပြောခဲ့တယ်။
ကျုပ်က သူ့ကိုဒီလိုအမိန့်ပေးတာက သူ့ကိုစမ်းသပ်တာပဲ။ အခု ဝန်ကြီးချုပ်ပြောသလိုဖြစ်လာပြီဆိုတော့
နောက်တန်းကိုဦးဆောင်ဖို့က ကျန်းဝေ(Jiang Wei) ကို တာဝန်ပေးရမယ်"
"ကျူးကဲလျန့်"(Zhuge
Liang) ၏အလောင်းကိုအရင်ပို့စေပြီးနောက် "ကျန်းဝေ"(Jiang Wei) သည် နောက်တန်းကိုကာကွယ်မည့်တာဝန်ကို
ယူခဲ့သည်။
ထိုစဉ်
"ဝေရန်"(Wei Yan) သည် "ဖေးယီ"(Fei Yi) ၏အဖြေကို သူ့စခန်းမှ စောင့်နေရာ
နှောင့်နှေးနေခဲ့သောကြောင့် မစောင့်နိုင်တော့ပဲ "မာတိုက်"(Ma Dai) ကိုလွှတ်ကာ
စုံစမ်းစေသည်။
"မာတိုက်"(Ma
Dai) မှ ပြန်လာပြီး
"နောက်တန်းကို
ကျန်းဝေ(Jiang Wei) ကို တာဝန်ပေးလိုက်ပါတယ်။ တပ်ဖွဲ့အများစုက ဆုတ်ခွာသွားပါပြီ"
"ဝေရန်"(Wei
Yan) သည် ဒေါသထွက်သွားလေ၏။
"ဒီစာအုပ်ကြီးသမားက
ကျုပ်ကိုလှည့်စားရဲတယ်! ဒီအတွက်ကြောင့် သူအသက်ပေးရလိမ့်မယ်"
"မာတိုက်"(Ma
Dai) ဘက်လှည့်ပြီးနောက်
"ခင်ဗျား
ကျုပ်ကိုကူညီမလား"
"ကျွန်တော်
ရန်ယီ(Yang Yi) ကိုမုန်းတီးနေတာ ကြာခဲ့ပြီ။ ဒါကြောင့် သူ့ကိုတိုက်ခိုက်ဖို့အဆင်သင့်ပဲ"
"ဝေရန်"(Wei
Yan) သည် စခန်းဖျက်ကာ တောင်ပိုင်းကိုချီတက်သည်။
"ရှဟိုပါ့"(Xiahou
Ba) သည် ရှူတပ်စခန်းသို့ရောက်သည့်အခါဝယ် လူသူတစ်ယောက်မှမရှိသည်ကိုမြင်သောအခါ ပြန်ပြီး
သတင်းပို့ခဲ့သည်။ ထင်ယောင်ထင်မှားဖြစ်သွားခဲ့မှုကြောင့် ဒေါသထွက်နေသော "စီးမာယီ"(Sima
Yi) မှ
"ကျူးကဲလျန့်(Zhuge
Liang) က တကယ်သေသွားပြီပဲ။ ကျုပ်တို့တွေ နောက်ကလိုက်တိုက်ရအောင်"
"သတိထားပြီး
ခေါင်းဆောင်ငယ်တစ်ယောက်ကို အရင်လွှတ်သင့်ပါတယ်"
"မဖြစ်ဘူး။
ဒီတစ်ခေါက် ကျုပ်ကိုယ်တိုင်သွားရမယ်"
ထို့ကြောင့်
"စီးမာယီ"(Sima Yi) နှင့် သားနှစ်ဦးတို့သည် ဝူကျန်းတောင်ကုန်းသို့ချီတက်ခဲ့သည်။
တလူလူလွင့်နေသောအလံ၊ အော်ဟစ်သံတို့ဖြင့် စခန်းထဲသို့ဝင်ခဲ့သော်လည်း လူတစ်ယောက်မျှမရှိပေ။
"စီးမာယီ"(Sima Yi) မှ သားနှစ်ဦးကို
"ငါက ရှေ့ပြေးတပ်ကိုဦးဆောင်ပြီး
မင်းတို့တွေက ကျန်တဲ့တပ်နဲ့အမြန်ဆုံးလိုက်လာပါ"
ထို့နောက်
"စီးမာယီ"(Sima Yi) သည် ဆုတ်ခွာနေသောတပ်နောက်သို့ အလျင်အမြန်လိုက်ခဲ့သည်။
တောင်ကုန်းတစ်ခုပေါ်ရောက်သောအခါ အဝေးမှရန်သူတို့ကိုလှမ်းမြင်သောကြောင့် အလျင်အမြန်လိုက်ခဲ့သည်။
ထိုအချိန်ဝယ် ပေါက်ကွဲသံနှင့်အော်ဟစ်သံတို့က ဆိတ်ငြိမ်မှုကိုဖျက်ဆီးလိုက်သည်။ တပ်ဆုတ်နေသောရန်သူတို့သည်
ပြန်လှည့်လာပြီး သူ့ကိုတိုက်ရန်အဆင်သင့်ပြင်ထားလေသည်။ ထိုတပ်ဖွဲ့ကြားဝယ် 'ဟန်ပြည်ဝန်ကြီးချုပ်၊
ဝူရှန်သခင် ကျူးကဲလျန့်(Zhuge Liang) ဟုရေးထားသောအလံကြီးကို တွေ့လိုက်ရသည်။
"စီးမာယီ"(Sima
Yi) သည် ကြောက်ရွံ့ကာ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ ထို့နောက် စစ်သူကြီးတို့ပေါ်ထွက်လာပြီး
ထိုစစ်သူကြီးတို့သည် လှည်းယာဉ်လေးကိုဝန်းရံနေကြကာ ထိုလှည်းယာဉ်ပေါ်တွင် "ကျူးကဲလျန့်"(Zhuge
Liang) သည် အရင်ကကဲ့သို့ ယပ်တောင်ကိုင်ကာ ထိုင်နေခဲ့သည်။
"စီးမာယီ"(Sima
Yi) သည် ပင့်သက်ရှိုက်ကာပြောခဲ့သည်။
"ကျူးကဲလျန့်(Zhuge
Liang) က အသက်ရှိနေတုန်းပဲ။ ကျုပ်က အလျင်စလိုနဲ့လာလိုက်မိတယ်"
ထို့နောက် မြင်းကိုပြန်လှည့်ကာ
ထွက်ပြေးလေ၏။ "ကျန်းဝေ"(Jiang Wei) မှ
"သူပုန်၊
ပြေးဖို့မစဉ်းစားနဲ့။ ခင်ဗျားက ဝန်ကြီးချုပ်ရဲ့ထောင်ချောက်ထဲဝင်သွားပြီ။ ဒီအတိုင်းအသာတကြည်လက်နက်ချတာ
ပိုကောင်းမယ်"
ကြောက်လန့်နေသောတပ်သားတို့ကိုဖမ်းဆီးခဲ့ပြီး
အချို့သည် လက်နက်များကိုပစ်ကာ ထွက်ပြေးသွားခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက်တိုးဝှေ့နင်းချေမိကာ
အမြောက်အများသေဆုံးကလှလေသည်။ ခေါင်းဆောင်ဖြစ်သူသည် ဇက်ကြိုးကိုမဆွဲနိုင်ပဲ ဆယ့်ငါးမိုင်အကွာသို့ကဆုန်စိုင်းသွားခဲ့သည်။
သူ၏စစ်သူကြီးနှစ်ဦးတို့က အနီးသို့ကပ်လာပြီး ဇက်ကြိုးကိုဆွဲကာ မြင်းကိုရပ်တန့်စေခဲ့သည်။
"စီးမာယီ"(Sima Yi) မှ သူ၏ခေါင်းကိုကိုင်ပြီး
"ကျုပ်မှာ
ခေါင်းရောရှိသေးရဲ့လား"
"စိတ်မပူပါနဲ့၊
စစ်သူကြီး။ ရှူတပ်တွေက အဝေးမှာကျန်ရစ်ခဲ့ပါပြီ"
"စီးမာယီ"(Sima
Yi) သည် ကြောက်ရွံ့နေခဲ့ပြီး အတန်ကြာမှသာ ထိုသူနှစ်ဦးသည် "ရှဟိုပါ့"(Xiahou
Ba) နှင့် "ရှဟိုဟွေး"(Xiahou Hui) ဖြစ်မှန်းသတိထားမိသည်။ သူတို့သည် လမ်းသွယ်လေးများမှ
စခန်းသို့ပြန်ကာ ကင်းထောက်များကို နေရာအနှံ့စေလွှတ်ခဲ့သည်။
ရက်အနည်းငယ်ကြာသောအခါ
သတင်းရောက်လာသည်။
"ရှူတပ်ကြီးက
တကယ်ကိုဆုတ်ခွာသွားပါပြီ။ သူတို့တွေက တောင်ကြားထဲဝင်သွားတာနဲ့ သေဆုံးတဲ့လူအတွက် အဖြူရောင်အလံတွေထောင်ခဲ့တယ်။
ကျူးကဲလျန့်(Zhuge Liang) က တကယ်ကိုသေဆုံးသွားခဲ့ပြီ။ ကျန်းဝေ(Jiang Wei) ရဲ့တပ်တွေက
အင်အားတစ်ထောင်ပဲရှိတာပါ။ လှည်းယာဉ်ထဲမှာရှိတဲ့လူက ဝန်ကြီးချုပ်ရဲ့ပုံတူသစ်သားရုပ်သာဖြစ်တယ်"
"စီးမာယီ"(Sima
Yi) မှ
"သူရှင်နေတုန်းက
သူဘာလုပ်မယ်ဆိုတာ ခန့်မှန်းနိုင်သေးတယ်။ သူသေဆုံးသွားတော့ ဘာမှမလုပ်နိုင်ခဲ့ဘူး"
အသက်ရှင်နေသော
"စီးမာယီ"(Sima Yi) ကို သေဆုံးသွားသော "ကျူးကဲလျန့်"(Zhuge
Liang) က ကြောက်လန့်အောင်လုပ်နိုင်သည်ဟု လူတို့ကပြောကြလေသည်။
သူ၏ပြိုင်ဘက်မရှိတော့ပြီဟုသိသော
"စီးမာယီ"(Sima Yi) သည် ချက်ချင်းပင် တိုက်ခိုက်ရန်ပြင်ဆင်သည်။ သို့သော်
သူသည် အနီရောင်တောင်ကုန်းသို့ရောက်သောအခါ ရှူတပ်ကြီးသည် အဝေးသို့ရောက်သွားပြီဖြစ်သည်။
အိမ်သို့ပြန်လာသည့်လမ်းတွင် သူ၏အမှုထမ်းတို့အား
"အခု ကျုပ်တို့တွေ
အေးအေးဆေးဆေးအိပ်လို့ရပြီ"
ပြန်လာသည့်လမ်းတစ်လျှောက်တွင်
ရှူတပ်စခန်းနှင့်ပြင်ဆင်ခင်းကျင်းမှုတို့ကိုတွေ့သောအခါ "စီးမာယီ"(Sima
Yi) မှသက်ပြင်းချပြီး
"တကယ့်ဉာဏ်ကြီးရှင်ပဲ"
ဟုပြောခဲ့သည်။
ဝေတပ်ကြီးသည်
ချန်အန်းသို့ပြန်ရောက်လာပြီး စစ်ဗျူဟာမြောက်နေရာတို့တွင် အမှုထမ်းများအား စောင့်ကြပ်စေခဲ့သည်။
"စီးမာယီ"(Sima Yi) သည် လော့ရန်သို့ပြန်လာကာ နန်းတွင်းသို့အခစားဝင်ခဲ့သည်။
"ရန်ယီ"(Yang
Yi) နှင့် "ကျန်းဝေ"(Jiang Wei) တို့သည် တဖြည်းဖြည်းချင်း စနစ်တကျဆုတ်ခွာခဲ့ပြီး
ပျဉ်ပြားလမ်းသို့ရောက်သောအခါ ဈာပနဝတ်စုံတို့ကိုဝတ်ဆင်ကြပြီး သေဆုံးသူအတွက် ငိုကြွေးခဲ့ကြသည်။
တပ်သားတို့သည် မြေပေါ်တွင်လိမ့်ကာ ငိုယိုခဲ့သည်။ အချို့သည် ငိုကြွေးပြီးသေဆုံးသွားခဲ့သည်ဟုဆိုသည်။
သို့သော် ထိုလမ်းထဲသို့ဝင်သောအခါ
အရှေ့ဘက်တွင် မီးတောက်ကြီးကိုတွေ့လိုက်ပြီး တပ်တစ်တပ်ကလမ်းပိတ်ထားလေသည်။ ခေါင်းဆောင်ဖြစ်သူတို့က
အံ့ဩသင့်သွားပြီး ထိုအကြောင်းကို "ရန်ယီ"(Yang Yi) အား တင်ပြခဲ့သည်။
Comments