သုံးနိုင်ငံခေတ်(၁၀၇)


အခန်း(၁၀၇) ဝေဧကရာဇ်မှ "စီးမာယီ"(Sima Yi) ကို အာဏာလွှဲအပ်ခဲ့ခြင်း။
"ကျန်းဝေ"(Jiang Wei) သည် နွားခေါင်းတောင်တွင် စစ်ရှုံးသွားခဲ့ခြင်း။

"ချောင်ရွှမ်"(Cao Shuang) နှင့်အပေါင်းအပါတို့သည် ဝေဧကရာဇ်နှင့်အတူ အုတ်ဂူသို့ထွက်သွားကြပြီးနောက် အမဲလိုက်ရန်သွားခဲ့သောကြောင့် ရန်သူတို့တစ်စုလုံးထွက်သွားသဖြင့် "စီးမာယီ"(Sima Yi) မှာ ဝမ်းမြောက်နေခဲ့သည်။ သူတို့ထွက်သွားသည်နှင့် "စီးမာယီ"(Sima Yi) သည် ပလ္လင်စောင့်ရာထူးကို အသုံးချကာ အတွင်းဝန် "ကောင်းရို"(Gao Rou) ကို ပြည်နယ်တပ်ထိန်းချုပ်ခွင့်ပေးအပ်ခဲ့ပြီး "ချောင်ရွှမ်"(Cao Shaung) ၏စခန်းကို ဝင်စီးစေသည်။ ထို့အပြင် နန်းတွင်းကြီးကြပ်ရေးအရာရှိ "ဝမ်ကွမ်း"(Wang Guan) ကိုလည်း ထိုနည်းလည်းကောင်းပင် "ချောင်ရှီး"(Cao Xi) ၏စခန်းကိုသိမ်းရန် အမိန့်ပေးခဲ့သည်။
ထိုသို့ပြင်ဆင်ပြီးနောက် "စီးမာယီ"(Sima Yi) နှင့်အပေါင်းအပါတို့သည် ဧကရာဇ်မယ်တော်၏နန်းတော်အတွင်းသို့သွားကာ
"ချောင်ရွှမ်(Cao Shaung) ဟာ အရင်ဧကရာဇ်ထားခဲ့တဲ့ယုံကြည်မှုကိုချိုးဖောက်ပြီး အစိုးရကိုပျက်စီးအောင်လုပ်ခဲ့တယ်။ ဒါကြောင့် သူ့ကိုအပြစ်ပေးရမယ်"
"အခု ဧကရာဇ်က နန်းတွင်းမှာမရှိတော့ ဘယ်လိုလုပ်ကြမလဲ"
"ဒီဝန်ကြီးတွေကိုချေမှုန်းဖို့ ကျွန်တော်ပြင်ဆင်ပြီးပါပြီ။ မယ်တော်မိဖုရားကြီးက ကိုယ့်ကိုယ်ကိုအန္တရာယ်မကျရောက်အောင် ဂရုစိုက်ပါ"
မိဖုရားကြီးသည် ထိတ်လန့်သွားသော်လည်း ထိုအကြံအတိုင်းလုပ်ဆောင်ရန် သဘောတူခဲ့သည်။

"စီးမာယီ"(Sima Yi) ၏ထောက်ခံသူနှစ်ဦးဖြစ်သော တပ်မှူးကြီး"ကျန်းကျိ"(Jiang Ji) နှင့် အထက်တန်းဝန် "စီးမာဖူ"(Sima Fu) တို့က အဆင်သင့်ပြင်ထားသည့်သဝဏ်လွှာကိုယူကာ မိန်းမစိုးတစ်ယောက်မှတဆင့် ဝေဧကရာဇ်ထံပေးအပ်စေသည်။ ထို့နောက် လက်နက်တိုက်ကို သိမ်းလိုက်သည်။
ထိုပုန်ကန်မှုသတင်းသည် "ချောင်ရွှမ်"(Cao Shuang) ၏အိမ်တော်သို့ရောက်သွားသောအခါ "ချောင်ရွှမ်"(Cao Shuang) ၏ဇနီး လျူအမျိုးသမီးသည် အတွင်းဆောင်မှထွက်လာခဲ့သည်။ ထို့နောက် ဂိတ်စောင့်တပ်မှူးကြီး "ဖန်ကျွီ"(Pan Ju) ကိုခေါ်ကာ
"သခင်က အပြင်ရောက်နေပြီး စီးမာယီ(Sima Yi) က ပုန်ကန်တယ်ဆိုတော့ ဘယ်လိုလုပ်မလဲ"
"မင်းကတော်ကြီး စိတ်မပူပါနဲ့။ ကျွန်တော်သွားပြီး စုံစမ်းကြည့်ပါဦးမယ်"
ထို့ကြောင့် "ဖန်ကျွီ"(Pan Ju) သည် မြားသမားအချို့နှင့်အတူ တံတိုင်းပေါ်သို့တက်ပြီး ကြည့်ရှုနေခဲ့သည်။ ထိုစဉ် "စီးမာယီ"(Sima Yi) ဖြတ်လာသောအခါ လှမ်းပြီးပစ်စေသည်။ "စီးမာယီ"(Sima Yi) သည် ဆက်မသွားနိုင်ခဲ့ပေ။

သို့သော် စစ်သူကြီးတစ်ဦးဖြစ်သော "စွန်းချန်"(Sun Qian) မှ
"ပုလ္လင်စောင့်ပုဂ္ဂိုလ်က အမိန့်အရလုပ်ဆောင်နေတာဖြစ်တာကြောင့် သူ့ကိုပစ်လိုက်လို့မဖြစ်ဘူး"
"စွန်းချန်"(Sun Qian) က သုံးကြိမ်သုံးခါတားမြစ်ခဲ့ပြီးနောက် "ဖန်ကျွီ"(Pan Ju) လည်း မြားတို့ဖြင့် မပစ်တော့ပေ။ သားဖြစ်သူ "စီးမာကျောင်း"(Sima Zhao) မှ "စီးမာယီ"(Sima Yi) ကိုကာကွယ်ကာ ထွက်သွားသည်။ မြို့ပြင်သို့ထွက်လာသောအခါ လော့မြစ်ကမ်း ပေါလောပေါ်တံတားနားဝယ် စခန်းချခဲ့သည်။
ထိုပုန်ကန်မှုစတင်သောအခါ "ချောင်ရွှမ်"(Cao Shuang) ၏အမှုထမ်း "လုကျီ"(Lu Zhi) သည် စစ်တပ်အတိုင်ပင်ခံ "ရှင်းချန်"(Xin Chang) နှင့် ဆွေးနွေးသည်။
"ပုန်ကန်မှုတွေစပြီဆိုတော့ ဘယ်လိုလုပ်ကြမတုန်း"
"ကျွန်တော်တို့မှာရှိတဲ့တပ်နဲ့ပဲ ဧကရာဇ်ဆီသွားရင်ကောင်းမယ်"   ဟု "ရှင်းချန်"(Xin Chang) မှပြောသည်။
"ဒါအကောင်းဆုံးနည်းပဲထင်တယ်"

ထို့နောက် "ရှင်းချန်"(Xin Chang) သည် အတွင်းဆောင်သို့သွားကာ အဆင်သင့်ပြင်သည်။ ထိုစဉ် သူ့နှမ "ရှင်းရှန်ယင်း"(Xin Xianying)နှင့်တွေ့ပြီး နှမဖြစ်သူမှ အလောတကြီးဖြစ်နေသည့်အကြောင်းအရာကို မေးခဲ့သည်။
"အရှင်မင်းကြီးက အမဲလိုက်ထွက်တာ စီးမာယီ(Sima Yi) က မြို့တံခါးတွေအကုန်ပိတ်လိုက်တယ်။ ဒါပုန်ကန်မှုကြီးပဲ"
"ကျွန်မတော့ အဲ့လိုမထင်ဘူး။ ဒါ သူ့ပြိုင်ဖက် ချောင်ရွှမ်(Cao Shuang) ကိုတိုက်ချင်လို့ပဲဖြစ်မယ်"
"ဒါဆို ဘယ်လိုရလဒ်ဖြစ်လာမလဲ"
"ချောင်ရွှမ်(Cao Shuang) က စီးမာယီ(Sima Yi) ကိုယှဉ်နိုင်မှာမဟုတ်ဘူး"
"စီးမာယီ(Sima Yi) က ငါတို့ကို သူနဲ့ပူးပေါင်းခိုင်းရင်ကော"
"ယောက်ျားကောင်းတစ်ယောက်က ဘာကိုရွေးချယ်ရမယ်ဆိုတာ သိမှာပါ။ လူတစ်ယောက်က အကျဉ်းအကြပ်ထဲကျရောက်ရင် ပိုပြီးတော့ သနားကြင်နာမှုလိုအပ်တယ်။ ချောင်ရွှမ်(Cao Shuang) ရဲ့လူအနေနဲ့နေပြီးတော့ အရေးအကြီးဆုံးအချိန်မှာမှ သူ့ကိုပစ်ထားတာဟာ အဆိုးရွားဆုံးသော မကောင်းမှုပဲ"
ထိုစကားကြောင့် "ရှင်းချန်"(Xin Chang) သည် စိတ်ပိုင်းဖြတ်လိုက်ပြီး "လုကျီ"(Lu Zhi) နှင့် ထွက်သွားသည်။ မြင်းသည်တော်အယောက်နှစ်ဆယ်နှင့်အတူ မြို့တံခါးအစောင့်တပ်တို့ကိုထိုးဖောက်ပြီး ထွက်သွားခဲ့သည်။

ထိုသို့ထွက်ပြေးသွားသည်ကိုသိသောအခါ "ဟွမ်ဖန်"(Huan Fan) သည်လည်း ထွက်ပြေးလိမ့်မည်ဟုတွေးမိသောကြောင့် "စီးမာယီ"(Sima Yi) မှ လူလွှတ်ပြီး ခေါ်စေသည်။ သို့သော် "ဟွမ်ဖန်"(Huan Fan) သည် သားဖြစ်သူ၏အကြံပေးမှုဖြင့် သွားရောက်ခြင်းမရှိပဲ ထွက်ပြေးရန်ပြုသည်။ သူသည် လှည်းယာဉ်နှင့် တောင်တံခါးမှ အလျင်အမြန်ထွက်ရန်ပြုခဲ့သည်။ သို့သော် တံခါးမှာပိတ်ထားပြီး တံခါးစောင့်တပ်မှူး "စီးဖန်"(Si Fan) မှာ "ဟွမ်ဖန်"(Huan Fan) အပေါ်မှီခိုခဲ့ရသူဖြစ်သည်။
"ဟွမ်ဖန်"(Huan Fan) သည် သူ၏အင်္ကျီအတွင်းမှ ဝါးလုံးကိုထုတ်ကာ
"ကျုပ်မှာ မိဖုရားကြီးရဲ့အမိန့်ပါလာတယ်။ မြို့တံခါးကိုဖွင့်ပေးပါ"
"ကျွန်တော်ကြည့်ပါရစေ"
"ဘာ! အစေခံဟောင်းက အတင့်ရဲလှချည်လား"

ထို့ကြောင့် "စီးဖန်"(Si Fan) မှ လွှတ်ပေးလိုက်သည်။ အပြင်သို့ရောက်သွားသည်နှင့် "ဟွမ်ဖန်"(Huan Fan) က "စီးဖန်"(Si Fan) ကိုလှမ်းအော်သည်။
"စီးမာယီ(Sima Yi) က ပုန်ကန်ဖို့လုပ်နေတာ မင်း ငါ့နောက်လိုက်သင့်တယ်"
"စီးဖန်"(Si Fan) သည် သူမှားပြီးလွှတ်ပေးလိုက်မိမှန်းသိသွားကာ အနောက်မှလိုက်သော်လည်း မမီတော့ပေ။ ထိုအကြောင်းကိုသိသောအခါ  "စီးမာယီ"(Sima Yi) မှ မှတ်ချက်ချခဲ့သည်။
"ဗဟုသုတအိတ်ကြီးလည်း လွတ်သွားပြီလား? နှမြောစရာကောင်းပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ"
"ကျန်းကျိ"(Jiang Ji) : "မြင်းအိုကြီးကတော့ မြင်းဇောင်းဟောင်းနဲ့စားခွက်ဟောင်းကိုပဲ မက်မောနေမှာပဲ။ သူက ကျွန်တော်တို့အတွက် အသုံးမဝင်ပါဘူး"

ထို့နောက် "စီးမာယီ"(Sima Yi) မှ "ရွှီယွင်"(Xu Yun) နှင့် "ချန်ထိုင်"(Chen Tai) တို့ကိုခေါ်ပြီး
"ချောင်ရွှမ်(Cao Shuang) ဆီသွားပြီးတော့ သူနဲ့သူ့ညီတွေဆီက စစ်တပ်အာဏာကိုပြန်ယူဖို့ကလွဲရင် တခြားဘာမှမလုပ်ဘူးလို့ပြောလိုက်ပါ"
ထိုသူနှစ်ဦးထွက်သွားသည်နှင့် "ရင်းတမူ"(Yin Damu) ကိုခေါ်ပြီးနောက် "ကျန်းကျိ"(Jiang Ji) ရေးထားသောစာတစ်စောင်ကို "ရင်းတမူ"(Yin Damu) မှတဆင့် "ချောင်ရွှမ်"(Cao Shuang) ကိုပေးစေသည်။ "စီးမာယီ"(Sima Yi) မှ
"ခင်ဗျားက သူနဲ့ရင်းနှီးတယ်ဆိုတော့ ဒီတာဝန်ကိုလုပ်ဆောင်ဖို့ အသင့်တော်ဆုံးပဲ။ ကျုပ်နဲ့ ကျန်းကျိ(Jiang Ji) ဟာ သူတို့ညီနောင်တွေဆီက အာဏာယူဖို့ကအဓိကပဲ ဆိုတာကို ချောင်ရွှမ်(Cao Shuang) ကိုပြောလိုက်ပါ။ နောက်ပြီး ကျုပ်တို့တွေ လော့မြစ်ကိုညွှန်ပြီး သစ္စာဆိုခဲ့တယ်ဆိုတာရောပေါ့"
သို့နှင့် "ရင်းတမူ"(Yin Damu) ထွက်သွားခဲ့သည်။

ထိုအချိန်တွင် "ချောင်ရွှမ်"(Cao Shuang) မှာ အမဲလိုက်သိမ်းငှက်များ၊ ခွေးများနှင့်အတူ သားကောင်များကိုဖမ်းဆီးသတ်ဖြတ်နေခဲ့သည်။ ထိုအချိန်ဝယ် သူ့ကိုဆန့်ကျင်သောသဝဏ်လွှာနှင့်ပုန်ကန်မှုအကြောင်းကို ကြားသိလိုက်ရသည်။ ထိုသတင်းကိုကြားသောအခါ မြင်းပေါ်မှပြုတ်ကျလုမတတ်ဖြစ်သွားသည်။ မိန်းမစိုးမှ "ချောင်ရွှမ်"(Cao Shuang) ၏ရှေ့မှာပင် သဝဏ်လွှာကို ဧကရာဇ်ထံဆက်သခဲ့သည်။ ထိုနားတွင်ရှိနေသောဝန်ကြီးတစ်ဦးက စာကိုဖတ်ပြသည်။
'အနောက်ဘက်ကိုအောင်နိုင်သောစစ်သူကြီးနှင့် နန်းစောင့်မှူးမတ် စီးမာယီ(Sima Yi) မှ အရိုအသေပြုပြီး စိုးရွံ့စွာဖြင့် ဤစာကိုဆက်သလိုက်ရပါတယ်။ လျောင်တုန်းက စစ်ဆင်ရေးပြီးသွားတဲ့အခါ ကျွန်တော်မျိုးကို ရှေ့ကအရှင်မင်းမြတ်က ချောင်ရွှမ်(Cao Shuang) အပါအဝင် လူအချို့နဲ့အတူ အခစားဝင်စေခဲ့ပါတယ်။ ဒါ့အပြင် ဧကရာဇ်က ကျွန်တော့လက်ကိုဆွဲကိုင်ပြီး နောင်လာမယ့်နှစ်တွေမှာ ထမ်းဆောင်ဖို့တာဝန်ပေးခဲ့တယ်။
အခု ချောင်ရွှမ်(Cao Shuang) က အဲ့ယုံကြည်မှုကိုချိုးဖောက်ပြီး တိုင်းပြည်ကိုရှုပ်ထွေးစေခဲ့တယ်။ သူက မြို့အုပ်ချုပ်ရေးအရာရှိအဖြစ် ကျန်းတန်(Zhang Dang) ကိုတာဝန်ပေးပြီး အရှင်မင်းကြီးကိုစောင့်ကြည့်စေခဲ့တယ်။ သူက သေချာပေါက် တိုင်းပြည်ကိုသိမ်းယူဖို့ဆန္ဒရှိသူဖြစ်ပါတယ်။ ဒါ့အပြင် မင်းဆွေမင်းမျိုးတွေကြားမှာ မသင့်မမြတ်ဖြစ်အောင် သွေးထိုးခဲ့ပြီး ကိုယ့်အသွေးအသားကို ဒုက္ခပေးခဲ့သူဖြစ်တယ်။ တိုင်းပြည်တစ်ခုလုံးက ကမောက်ကမဖြစ်နေခဲ့ပြီး လူတွေဟာလည်း ကြောက်ရွံ့နေကြတယ်။ ဒါတွေဟာ အရင်အရှင်မင်းမြတ်ထားခဲ့တဲ့အမိန့်တော်တွေနဲ့ ဆန့်ကျင်နေပါတယ်။

ကျွန်တော်မျိုးက ဉာဏ်ရည်ထိုင်းမှိုင်းပြီး အရည်အချင်းမရှိပေမယ့်လည်း အရင်အရှင်မင်းကြီးရဲ့စကားတွေကိုမမေ့ဝံ့ပါဘူး။ ချောင်ရွှမ်(Cao Shuang) က သစ္စာမရှိဘူးဆိုတာကို ကျွန်တော်မျိုးရဲ့လုပ်ဖော်ကိုင်ဘက်တွေဖြစ်တဲ့ ကျန်းကျိ(Jiang Ji) နဲ့ စီးမာဖူ(Sima Fu) တို့က သက်သေထူနိုင်ပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့အာဏာကို သူ့ကိုရော၊ သူ့ညီတွေကိုပါ မပေးအပ်သင့်ပါဘူး။
ဒါ့အပြင် မယ်တော်မိဖုရားကိုလျှောက်တင်ခဲ့ပြီး သူ့ဆီက ခွင့်ပြုမိန့်ရခဲ့ပြီးပါပြီ။ ချောင်ရွှမ်(Cao Shuang) ၊ ချောင်ရှီး(Cao Xi) နဲ့ ချောင်ရွှင်(Cao Xun) တို့ဆီက စစ်တပ်ထိန်းချုပ်ခွင့်အာဏာကိုပြန်သိမ်းပြီး အရှင်မင်းကြီးရဲ့လုပ်ဆောင်မှုတွေကို သူတို့တတွေမနှောင့်ယှက်နိုင်အောင် လုပ်ရပါမယ်။ အဲ့ဒါကိုဆန့်ကျင်တဲ့လူမှန်သမျှကို ရှင်းပစ်ရပါမယ်။
ကျွန်တော်မျိုးက ကျန်းမာရေးမကောင်းပေမယ့်လည်း သတိထားတဲ့အနေနဲ့ ပေါလောပေါ်တံတားနားမှာ စခန်းချပြီး ဒီစာကိုရေးလိုက်ရပါတယ်'

ထိုစာကိုနားထောင်ပြီးနောက် ဝေဧကရာဇ်မှ "ချောင်ရွှမ်"(Cao Shuang) ဘက်လှည့်ကာ
"ဒီလိုပြောလာတော့ ဘယ်လိုလုပ်မလဲ"
"ချောင်ရွှမ်"(Cao Shuang) သည် မည်သို့လုပ်ရမည်မသိသောကြောင့် သူ၏ညီဘက်ကိုလှည့်ပြီး
"ဘယ်လိုလုပ်ကြမတုန်း"
"ချောင်ရှီး"(Cao Xi) : "ကျွန်တော်ပြောခဲ့သားပဲ၊ အစ်ကိုက နားမှမဝင်ခဲ့တာ။ အခုတော့ ဒီလိုဖြစ်လာခဲ့ပြီ။ စီးမာယီ(Sima Yi) က ဟန်ဆောင်တတ်ပြီး ကောက်ကျစ်သူဖြစ်တယ်။ ကျူးကဲလျန့်(Zhuge Liang) တောင် သူ့ကိုယှဉ်နိုင်ချင်မှယှဉ်နိုင်ပါ၊ ကျွန်တော်တို့တွေ ဘာလုပ်နိုင်ဦးမှာတုန်း? လက်နက်ချပြီး အသက်ချမ်းသာဖို့ပဲမျှော်လင့်ရမယ်"
ထိုအချိန်ဝယ် "ရှင်းချန်"(Xin Chang) နှင့် "လုကျီ"(Lu Zhi) တို့ရောက်လာသောအခါ မည်သည့်အကြောင်းကြောင့် ရောက်လာသည်ကိုမေးခဲ့သည်။
"မြို့ကိုလုံးဝပိတ်ထားလိုက်ပြီး စီးမာယီ(Sima Yi) က တံတားနားမှာ စခန်းချထားတယ်။ ပြန်လို့မဖြစ်နိုင်တော့ဘူး။ ဘယ်လိုလုပ်မယ်ဆိုတာ ကြံရမယ်"
ထိုစဉ် ကဆုန်စိုင်းစီးလာသော "ဟွမ်ဖန်"(Huan Fan) မှ
"ဒါ ပုန်ကန်မှုကြီးပဲ။ ပြည်နယ်တပ်တွေလာပြီး စီးမာယီ(Sima Yi) ကိုမတိုက်ခင် အရှင်မင်းကြီးကို ရွှီချန်မှာစံနေဖို့တိုက်တွန်းကြည့်ပါလား"

"ချောင်ရွှမ်"(Cao Shuang) : "ကျုပ်တို့မိသားစုတွေအားလုံးက မြို့ထဲမှာကျန်ရစ်နေတာ ဘာလို့တခြားကိုသွားရမှာလဲ"
"ဒီအခြေအနေဆိုးမှာ အရူးမှသာလျှင် အသက်အကြောင်းစဉ်းစားနေလိမ့်မယ်။ စစ်သူကြီးချုပ်ဆီမှာ ကောင်းကင်ရဲ့သားတော်ရှိသလို တိုင်းပြည်ရဲ့တပ်တွေကိုကွပ်ကဲနိုင်တဲ့အမိန့်တော်လည်း ရှိတယ်။ ဘယ်သူမှ ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ ဒါတောင်မှ သေမင်းခံတွင်းဝထဲဝင်ချင်လို့လား"
"ချောင်ရွှမ်"(Cao Shuang) သည် စိတ်မပိုင်းဖြတ်နိုင်ပဲ တရှုပ်ရှုပ်ငိုနေခဲ့သည်။ "ဟွမ်ဖန်"(Huan Fan) မှဆက်ပြောခဲ့သည်။
"ရွှီချန်မှာက ခဏပဲနေရမှာဖြစ်တယ်။ ဒါ့အပြင် အဲ့မှာ ရိက္ခာအလုံအလောက်ရှိတယ်။ ဓာအပြင် တောင်ဘက်ခံတပ်က တပ်တွေခေါ်လို့ရတယ်။ စစ်သူကြီးချုပ်ဆီမှာ စစ်မက်ရေးရာဝန်ကြီးတံဆိပ်တုံးရှိနေခဲ့တာ၊ အဲ့ဒါကို ကျွန်တော်တခါတည်းသယ်လာတယ်။ အကုန်လုံးက စစ်သူကြီးချုပ်လက်ထဲမှာပဲ။ ချက်ချင်းလှုပ်ရှားဖို့ပဲလိုတယ်။ အဲ့လိုမှမဟုတ်ရင် သေဆုံးလိမ့်မယ်"
"ကျုပ်ကို မလောပါနဲ့။ သေချာတွေးပါရစေဦး"

ထိုစဉ် "စီးမာယီ"(Sima Yi) ၏လက်အောက်ခံ "ရွှီယွင်"(Xu Yun) နှင့် "ချန်ထိုင်"(Chen Tai) တို့ရောက်လာခဲ့သည်။
"အမတ်ကြီးက စစ်သူကြီးချုပ်ရဲ့စစ်တပ်အာဏာကိုပဲ သိမ်းယူချင်တာပါ။ စစ်သူကြီးချုပ်သာ လိုက်လျောမယ်ဆိုရင် မြို့တွင်းကို အေးအေးဆေးဆေးဝင်နိုင်မှာဖြစ်တယ်"
"ချောင်ရွှမ်"(Cao Shuang) သည် တုံ့ဆိုင်းနေခဲ့သည်။ ထို့နောက် "ရင်းတမူ"(Yin Damu) ရောက်လာပြီး
"နန်းစောင့်ဝန်ကြီးက သူဒီလိုလုပ်တဲ့ရည်ရွယ်ချက်က တပ်အာဏာလွှဲပြောင်းယူဖို့တစ်ခုတည်းသာဖြစ်တယ်လို့ လော့မြစ်နားမှာကျမ်းကျိန်ခဲ့ပါတယ်။ ဒါဝန်ကြီး ကျန်းကျိ(Jiang Ji) ဆီကစာပါ။ စစ်သူကြီးချုပ်က စစ်တပ်အာဏာကိုပြန်လွှဲအပ်ပြီး နန်းတွင်းကို ပြန်ဝင်သင့်ပါတယ်"
"ချောင်ရွှမ်"(Cao Shuang) က "စီးမာယီ"(Sima Yi) ၏ကမ်းလှမ်းမှုကို လက်ခံမည်ကြံသောအခါ "ဟွမ်ဖန်"(Huan Fan) က ကန့်ကွက်ခဲ့သည်။
"သူတို့စကားတွေကိုနားထောင်ရင် တကယ်အသက်ဆုံးရလိမ့်မယ်"

ညမိုးချုပ်သည်အထိ "ချောင်ရွှမ်"(Cao Shuang) သည် ဆုံးဖြတ်ချက်မချနိုင်သေးပေ။ နေဝင်ရီတရောအချိန်မှ မိုးချုပ်သွားသည့်တိုင် မတ်တပ်ရပ်လျက် ဓားကိုကိုင်ပြီး သက်ပြင်းချလျက် ငိုယိုလျက်ရှိနေခဲ့သည်။ မိုးစင်စင်လင်းသည့်တိုင် ဆုံးဖြတ်ချက်မချခဲ့ပေ။ "ဟွမ်ဖန်"(Huan Fan) မှ ဆုံးဖြတ်ချက်ချရန်တိုက်တွန်းခဲ့သည်။
"တစ်ရက်နဲ့တစ်ညတိုင်တိုင် စဉ်းစားပြီးပြီမဟုတ်လား။ တစ်ခုခုလုပ်ရပါတော့မယ်"
"ကျုပ်မတိုက်ဘူး။ ကျုပ်အားလုံးကို စွန့်လွှတ်နိုင်တယ်။ ကြွယ်ဝချမ်းသာတဲ့လူတစ်ယောက်ဖြစ်ရင် တော်ပါပြီ"
"ချောင်ရွှမ်"(Cao Shuang) က ပြောကာ ဓားကိုပစ်ချလိုက်သည်။
"ဟွမ်ဖန်"(Huan Fan) သည် ငိုယိုပြီး ရွက်ဖျင်တဲအပြင်သို့ထွက်သွားသည်။
"ချောင်ကျန်း(Cao Zhen) က အရည်အချင်းရှိပေမယ့် သူ့သားတွေကတော့ ကျွဲနွားတိရစ္ဆာန်သာသာပဲရှိတယ်"

သံတမန်နှစ်ဦးဖြစ်သော "ရွှီယွင်"(Xu Yun) နှင့် "ချန်ထိုင်"(Chen Tai) တို့မှ "စီးမာယီ"(Sima Yi) ထံအပ်ရန် တံဆိပ်တော်ကိုယူခဲ့သည်။ သို့သော် ပထမတန်းအတွင်းရေးမှူး "ရန်ကျုံး"(Yang Zong) မှ တံဆိပ်တော်ကိုယူပြီး
"သခင်ကြီးက အာဏာတွေလွှဲအပ်ပြီး လက်နက်ချလိုက်မယ်ဆိုရင် အရှေ့ဘက်ဈေးမှာ သေဒဏ်ပေးခံရမှာဧကန်ပါပဲ"
"ချောင်ရွှမ်"(Cao Shuang) : "နန်းစောင့်အမတ်ကြီးက သူ့ကတိကိုဖောက်ဖျက်မှာမဟုတ်ပါဘူး"
တံဆိပ်တော်ကို လက်လွှဲယူသွားခဲ့သောကြောင့် တပ်သားနှင့်စစ်သူကြီးတို့သည် "ချောင်ရွှမ်"(Cao Shuang) ၏စကားကိုလိုက်နာရန် မလိုတော့ပေ။ ညီနောင်သုံးဦးတို့သည် တံတားနားသို့ရောက်ပြီးသောအခါ သူတို့၏စံအိမ်သို့ပြန်သွားရန် အမိန့်ပေးခဲ့သည်။ သူတို့ကို ထောက်ခံသည့်လူတို့အားလည်း ထောင်သွင်းအကျဉ်းချစေကာ ဧကရာဇ်၏ဆုံးဖြတ်ချက်ကိုစောင့်နေရသည်။
ဩဇာထွားခဲ့သည့် "ချောင်ရွှမ်"(Cao Shuang) နှင့်အပေါင်းအပါတို့သည် အစေခံတစ်ဦးတစ်ယောက်မှမပါပဲ မြို့တွင်းသို့ဝင်လာခဲ့ရသည်။ "ဟွမ်ဖန်"(Huan Fan) သည် တံတားအနီးသို့ရောက်လာသောအခါ မြင်းပေါ်မှ "စီးမာယီ"(Sima Yi) သည် ကြာပွတ်ကိုကိုင်ပြီး မထေမဲ့မြင်ကြည့်ကာ
"ခင်ဗျား ဘာကြောင့်ဒီလိုဖြစ်တာလဲ" ဟုပြောသည်။ "ဟွမ်ဖန်"(Huan Fan) က ခွန်းတုံ့မပြန်ပဲ ခေါင်းငုံ့ကာဆက်သွားခဲ့သည်။
ထို့နောက် အမဲလိုက်ခြင်းပြီးဆုံးကြောင်းကြေညာပြီး မြို့တွင်းသို့ပြန်ဝင်ရန် ဧကရာဇ်ကိုတိုက်တွန်းခဲ့ကြသည်။

"ချောင်ရွှမ်"(Cao Shuang) ၊ "ချောင်ရှီး"(Cao Xi) နှင့် "ချောင်ရွှင်"(Cao Xun) တို့ကိုအိမ်တွင်း၌သာနေစေပြီး တံခါးကို ကြီးမားသောမင်းတုံးဖြင့်ခတ်ထားခဲ့သည်။ ထို့ပြင် စစ်တပ်ကိုလွှတ်ကာ ကင်းချထားစေသည်။ သူတို့၏ကြမ္မာမှာ မည်သို့ဖြစ်လာမည်မသိသောကြောင့် စိုးရိမ်ပြီး ကြောက်ရွံ့တုန်လှုပ်နေခဲ့ကြသည်။
"ချောင်ရှီး"(Cao Xi) မှ
"ကျုပ်တို့ဒီမှာ စားစရာသိပ်မကျန်တော့ဘူး။ စာရေးပြီးတော့ စားစရာပို့ပေးဖို့တောင်းရအောင်။ အကယ်၍ စီးမာယီ(Sima Yi) က ဒါကိုလိုက်လျောခဲ့ရင် ကျုပ်တို့ကိုသတ်ဖို့အစီအစဉ်မရှိသေးလို့ပဲ"
ထိုစာကိုရေးခဲ့ပြီးနောက် အစားအစာလှည်းယာဉ်ပေါင်းတစ်ရာရောက်လာခဲ့သည်။ ထို့ကြောင့် အားလုံးဝမ်းမြောက်သွားခဲ့ကြသည်။ "ချောင်ရွှမ်"(Cao Shuang) မှ
"စီးမာယီ(Sima Yi) လက်ထဲမှာ ကျုပ်တို့တွေလုံခြုံသွားပြီ"

"စီးမာယီ"(Sima Yi) သည် "ကျန်းတန်"(Zhang Dang) ကို ဖမ်းဆီးကာ စစ်မေးခဲ့သည်။ "ကျန်းတန်"(Zhang Dang) မှ တိုင်းပြည်၏အာဏာကိုသိမ်းယူလိုမည့်သူမှာ သူတစ်ယောက်တည်းတင်မက အခြားလူများပါ, ပါဝင်ကြောင်းပြောပြီး "ချောင်ရွှမ်"(Cao Shuang) ၏မိတ်ဆွေငါးဦးနာမည်ကိုဖော်ခဲ့သည်။ ထိုသူတို့မှာ "ဟဲရန်"(He yan) ၊  "တန်းရန်"(Deng Yang) ၊ "လီရှန်"(Li Sheng) ၊ "တင်းမီ"(Ding Mi) နှင့် "ပီကွေ့"(Bi Gui) တို့ဖြစ်သည်။ ထိုသူတို့ကိုဖမ်းဆီးပြီး စစ်ဆေးမေးမြန်းသောအခါ သုံးလပိုင်းတွင် ပုန်ကန်ရန်စီစဉ်ထားကြောင့် ဝန်ခံခဲ့ကြသည်။ "စီးမာယီ"(Sima Yi) မှ ထိုသူတို့၏လည်ပင်းကို သစ်သားပြားဖြင့်ခတ်ထားစေသည်။
ဂိတ်စောင့်တပ်မှူး "စီးဖန်"(Si Fan) မှလည်း "ဟွမ်ဖန်"(Huan Fan) သည် မယ်တော်မိဖုရားထံမှအမိန့်ဖြင့် လီဆယ်ကာ အပြင်ထွက်ခဲ့ကြောင်း သက်သေခံသည်။ ထို့ပြင် နန်းစောင့်အမတ်ကြီးကို သူပုန်ဟုစွပ်စွဲခဲ့သေ၏။
"စီးမာယီ"(Sima Yi) မှ
"လူတစ်ယောက်ဟာ တပါးသူရဲ့မဟုတ်မမှန်တဲ့အကြောင်းပြောရင် အဲ့အပြစ်ဒဏ်က သူ့ခေါင်းပေါ်ပဲကျလာမှာဖြစ်တယ်"
"ဟွမ်ဖန်"(Huan Fan) နှင့်အပေါင်းအပါတို့ကို ဖမ်းဆီးစေခဲ့သည်။ ပြီးနောက် "ချောင်ရွှမ်"(Cao Shuang) နှင့်ညီများ၊ သူတို့နှင့်ဆက်နွယ်သူများ၊ မိသားစုဝင်များအားလုံးကို ဈေးလည်ခေါင်တွင် သေဒဏ်ပေးစေသည်။ သူတို့၏ပိုင်ဆိုင်မှုများအားလုံးကို အစိုးရဘဏ္ဍာအဖြစ်သိမ်းယူခဲ့သည်။

"ချောင်ရွှမ်"(Cao Shuang) ၏ညီနှစ်ဝမ်းကွဲတော်စပ်သူ "ဝန်ရှူး"(Wen Shu) သည် ရှဟိုမိသားစုမှအမျိုးသမီးနှင့်လက်ဆက်ခဲ့သည်။ ရှဟိုအမျိုးသမီးသည် သားသမီးမထွန်းကားခဲ့သလို ခင်ပွန်းသည်ဆုံးပါးသွားသောကြောင့် မုဆိုးမဖြစ်ခဲ့သည်။ မိဘတို့မှ မင်္ဂလာထပ်ဆောင်ရန်တိုက်တွန်းကြသော်လည်း ရှဟိုအမျိုးသမီးသည် ငြင်းဆန်ပြီး သူ့နှာခေါင်းကိုဖြတ်ခဲ့သည်။ ထိုသို့ခေါင်းမာသောအမျိုးသမီးကြောင့် ဆွေမျိုးတို့က စိတ်သောကရောက်ခဲ့သည်။
"ဘယ်သူ့အတွက်များ ဒီလောက်သစ္စာထားနေရတာလဲ? ယောက်ျားဆိုတာ မြက်နုလေးပေါ်ကျတဲ့အလင်းရောင်လေးလိုပဲ။ ကိုယ့်ကိုယ်ကိုဖျက်စီးတော့ ဘာကောင်းသွားလို့လဲ"
ထိုအမျိုးသမီးက ငိုပြီး
"မွန်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်တော့မှသံဝါသမပြုတော့ဘူးလို့ သန္နိဌာန်ချခဲ့ပြီးတော့မှ ကြွယ်ဝချမ်းသာမှုအတွက်နဲ့ အဲ့သစ္စာကိုမချိုးဖောက်နိုင်ဘူး။ ဖြောင့်မတ်တဲ့လူဆိုတာ ဘယ်လောက်ပဲဆုံးရှုံးပါစေ သေဆုံးသည်ထိဖြောင့်မတ်နေမှာပဲ။ ချောင်မိသားစုတွေက တိုးတက်ကြီးပွားနေခဲ့ပေမယ့် အခု သူတို့ဆုတ်ယုတ်လာတဲ့အချိန်မှာ သူတို့အတွက်ပိုပြီးတောင် သစ္စာရှိသင့်တာမဟုတ်လား? ဘာကြောင့် တိရစ္ဆာန်လိုပြုမူရမှာတုန်း"
ထိုအကြောင်းကို "စီးမာယီ"(Sima Yi) ကြားသောအခါ ထိုအမျိုးသမီးကချီးမွမ်းပြီး မျိုးရိုးမပြတ်စေရန် သားတစ်ဦးမွေးစားစေ၏။


"ချောင်ရွှမ်"(Cao Shuang) သေဆုံးသွားသောအခါ "ကျန်းကျိ"(Jiang Ji) မှ "စီးမာယီ"(Sima Yi) အား
"ရှင်းချန်(Xin Chang) နဲ့ လုကျီ(Lu Zhi) တို့က မြို့ကိုဖောက်ပြီး သူပုန်တွေနဲ့ပူးပေါင်းခဲ့တယ်။ အရင်ဝန်ကြီးက တံဆိပ်တော်ကိုအပ်တော့ ရန်ကျုံး(Yang Zong) က တားမြစ်ခဲ့တယ်။ သူတို့တွေကိုလည်း အပြစ်ပေးသင့်ပါတယ်"
သို့သော် "စီးမာယီ"(Sima Yi) က အပြစ်မပေးခဲ့ပေ။
"သူတို့တွေဟာ သူတို့သခင်အပေါ်သစ္စာရှိကြတဲ့လူတွေပဲ" ဟုပြောပြီး ထိုသူတို့ကို နဂိုရာထူးအတိုင်းထားခဲ့သည်။ "ရှင်းချန်"(Xin Chang) မှ သက်ပြင်းချပြီး
"ငါသာ ငါ့နှမစကားနားမထောင်ခဲ့ရင် မကောင်းမှုပြုတဲ့လမ်းပေါ်ရောက်သွားမှာပဲ"

"ချောင်ရွှမ်"(Cao Shuang) ကိုထောက်ခံခဲ့သူများအားလုံးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ခဲ့ပြီး မည်သည့်အမှုထမ်းကိုမျှ ရာထူးချခြင်း၊ နှုတ်ပယ်ခြင်းမရှိခဲ့ပေ။ စည်းစိမ်ဥစ္စာတို့ကိုသိမ်းယူခြင်းလည်း မရှိခဲ့ပဲ ငြိမ်းချမ်းနေခဲ့သည်။ သို့သော် "ကွမ်းလု"(Guan Lu) ဟောခဲ့သည့်အတိုင်း "ဟဲရန်"(He Yan) နှင့် "တန်းရန်"(Deng Yang) တို့ဒုက္ခရောက်ကာ နိဂုံးချုပ်ခဲ့သည်။
"စီးမာယီ"(Sima Yi) အာဏာရလာသောအခါ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ကြီးမြတ်ခြင်းကိုးသွယ်ကို ခံစားခဲ့ရသည်။ "စီးမာယီ"(Sima Yi) က ထိုဂုဏ်ဒြပ်တို့ကိုငြင်းဆန်ခဲ့သော်လည်း ဝေဧကရာဇ်မှတိုက်တွန်းသောကြောင့် လက်ခံခဲ့ရသည်။ သူ၏သားနှစ်ဦးမှာလည်း ဖခင်၏လက်ထောက်များဖြစ်လာပြီး တိုင်းပြည်ကိစ္စအဝဝတို့သည် ထိုသူသုံးဦး၏လက်ထဲတွင်သာရှိသည်။

"စီးမာယီ"(Sima Yi) သည် ရန်ကျိုးတွင်စခန်းချနေသည့် ချောင်မိသားစုနှင့်ဆွေမျိုးတော်စပ်သော "ရှဟိုပါ့"(Xiahou Ba) ကို အမှတ်ရသွားသည်။ "ရှဟိုပါ့"(Xiahou Ba) သည် အန္တရာယ်ပေးလာနိုင်သောကြောင့် ရှင်းပစ်ရမည်ဟုကြံကာ အမိန့်တော်ထုတ်စေပြီး တိုင်းပြည်ကိစ္စဆွေးနွေးရန်ဟုဆိုကာ "ရှဟိုပါ့"(Xiahou Ba) အား မြို့တော်သို့လာစေသည်။ ထိုသို့ခေါ်စာကိုရသည်နှင့် "ရှဟိုပါ့"(Xiahou Ba) သည် အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ် သူပုန်အဖြစ်ကြေညာလိုက်သည်။ သူ့တွင် တပ်သားသုံးထောင်ရှိလေသည်။ ထိုအကြောင်းကိုသိသောအခါ "ကောဟွိုင်"(Guo Huai) မှ သူပုန်တို့ကိုနှိမ်နင်းရန်ရောက်လာသည်။ တပ်ကြီးနှစ်တပ်မျက်နှာချင်းဆိုင်တွေ့လေသောအခါ "ကောဟွိုင်"(Guo Huai) မှ
"ဧကရာဇ်က တိုင်းပြည်ထူထောင်ခဲ့တဲ့မျိုးဆက်ကဆင်းသက်လာတာပဲလေ။ ခင်ဗျားတို့မိသားစုတွေက ဧကရာဇ်နဲ့ဆွေမျိုးတော်သလို အမြဲတမ်းရက်ရက်ရောရောပေးကမ်းတာခံရတယ်မဟုတ်လား? ဒါတောင် ဘာကြောင့် ပုန်ကန်ရတာလဲ"
"ကျုပ်အဖေတွေလက်ထက်ကတည်းက ဒီတိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့တာ။ အခုတော့ စီးမာယီ(Sima Yi) က ကျုပ်ဆွေမျိုးတွေကိုသတ်ခဲ့သလို ကျုပ်ကိုပါသတ်ဖို့ကြံနေတယ်။ သူ့ရဲ့ရည်မှန်းချက်ကြီးပုံနဲ့ဆို ပလ္လင်ကို လုယူဖို့ကြံနေတာ မဟုတ်လား? ကျုပ်သာ သူ့ကိုသတ်နိုင်မယ်ဆိုရင် ကျုပ်လည်း တိုင်းပြည်ရဲ့သူပုန်ဖြစ်မှာမဟုတ်ဘူး"

"ကောဟွိုင်"(Guo Huai) မှ ရှေ့သို့ထွက်လာပြီး တိုက်ရာ "ရှဟိုပါ့"(Xiahou Ba) ကလည်း ပြန်တိုက်သည်။ နှစ်ဦးသား ဆယ်ကွက်ခန့်တိုက်ပြီးနောက် "ကောဟွိုင်"(Guo Huai) က ထွက်ပြေးသွားလေသည်။ ထိုသို့လုပ်ခြင်းမှာ ရန်သူ့ကိုမြားခေါ်ခဲ့ခြင်းဖြစ်သည်။ နောက်မှလိုက်ခဲ့သော "ရှဟိုပါ့"(Xiahou Ba) သည် မကြာမီတွင်ပင် သူ့နောက်ဘက်မှ "ချန်ထိုင်"(Chen Tai) ပေါ်လာသည်။ "ကောဟွိုင်"(Guo Huai) ကလည်း ပြန်လှည့်ပြီး တိုက်လေရာ "ရှဟိုပါ့"(Xiahou Ba) သည် မီးတောက်နှစ်ခုကြားရောက်သွားသကဲ့သို့ဖြစ်သွားသည်။ ထို့ကြောင့် ထွက်ပြေးခဲ့ရပြီး တပ်သားများစွာဆုံးရှုံးခဲ့သည်။ မကြာမီတွင် တစ်ခုတည်းသောထွက်ပေါက်မှာ ဟန်ကျုံးသို့ပြေးရန်ဖြစ်ပြီး ရှူဧကရာဇ်ထံတွင် လက်နက်ချရန်သာရှိကြောင်း သိရှိသဖြင့် ထိုသို့လုပ်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။

ထို့ကြောင့် ဟန်ကျုံးသို့သွားကာ ဒုတိယဧကရာဇ်သည် လက်နက်ချခြင်းကိုလက်ခံမည်၊ ငြင်းပယ်မည်ကို စောင့်နေခဲ့သည်။ ထိုသို့လက်နက်ချသည့်ကိစ္စနှင့်ပတ်သတ်ပြီး "ကျန်းဝေ"(Jiang Wei) က ကြားသောအခါ သံသယဖြစ်ခဲ့သည်။ သို့သော် စုံစမ်းစစ်ဆေးမှုများလုပ်ပြီးနောက် ကျေနပ်သွားခဲ့ပြီး ဝေပြည်မှပြေးလာသူကို မြို့ထဲပေးဝင်လိုက်သည်။ အရိုအသေပြုပြီးနောက် "ရှဟိုပါ့"(Xiahou Ba) က ငိုယိုပြီး သူ့အကြောင်းတို့ကိုပြောပြခခဲ့သည်။ "ကျန်းဝေ"(Jiang Wei) က ဝမ်းနည်းသည့်ပုံပြခဲ့သည်။
"ကျန်းဝေ"(Jiang Wei) : "ရှေးတုန်းက ဝေကျီ(Wei Zi) က ကျိုးနန်းတွင်းကို စက်ဆုပ်ပြီး နှုတ်ထွက်ခဲ့တယ်။ အဲ့လိုအပြုအမူကြောင့် သူဟာ ကြီးမြတ်တဲ့ဂုဏ်သိန်တွေခံစားခဲ့ရတယ်။ ခင်ဗျားလည်း ဟန်ပြည်ကိုပြန်ထူထောင်နိုင်အောင် ကူညီနိုင်မယ်ဆိုရင် ရှေးတုန်းကလူတွေထက် မလျော့တဲ့နေရာကိုရောက်လာမှာဖြစ်တယ်"
ထို့နောက် စားသောက်ပွဲတည်ခင်းစေခဲ့သည်။ ထိုသို့ ပြင်ဆင်နေချိန်တွင် အိမ်ရှင်ဖြစ်သူမှ မြို့တော်လော့ရန်မှအကြောင်းများကို မေးခဲ့သည်။

"စီးမာတွေက အခုအင်အားကြီးနေပြီး သူတို့လုပ်ချင်တာလုပ်လို့ရပြီဆိုတော့ သူတို့တွေရှူကိုလာတိုက်လိမ့်မယ်လို့ထင်လား"
"သစ္စာဖောက်အဘိုးကြီးကတော့ သူ့ဟာသူပုန်ကန်မှုတွေကြံစည်ပြီး အလုပ်ရှုပ်နေမှာပဲ။ ဒီတော့ ပြင်ပကိစ္စတွေကို ဂရုစိုက်အားမှာမဟုတ်ဘူး။ ဒါပေမယ့် အခု ဝေပြည်မှာ ထူးချွန်တဲ့ခေါင်းဆောင်ငယ်နှစ်ယောက်ပေါ်လာတယ်။ စီးမာယီ(Sima Yi) သာ သူတို့နှစ်ယောက်ကိုလွှတ်ပြီး ဝူနဲ့ရှူကိုတိုက်စေမယ်ဆို ဒုက္ခများလိမ့်မယ်"
"သူတို့က ဘယ်သူလဲ"
"တစ်ယောက်က ကျုံးဟွေ့(Zhong Hui) လို့ခေါ်တယ်။ ချန်ဆားဇာတိဖြစ်ပြီး အရင်နန်းတွင်းကြီးကြပ်ရေးအရာရှိ ကျုံးယောင်(Zhong Yao) ရဲ့သားဖြစ်တယ်။ သူငယ်ငယ်ကတည်းက ရဲရင့်ပြီးဉာဏ်ထက်မြက်တယ်လို့ အများကအသိအမှတ်ပြုကြတယ်။ သူ့အဖေက သူနဲ့ သူ့အစ်ကို ကျုံးယွီ(Zhong Yu) ကို မကြာခဏနန်းတွင်းထဲခေါ်သွားလေ့ရှိတယ်။ ကျုံးဟွေ့(Zhong Hui) ခုနစ်နှစ်၊ သူ့အစ်ကိုက ရှစ်နှစ်အရွယ်လောက်မှာ နန်းတွင်းထဲမှာရှိနေခဲ့တယ်။ အဲ့အချိန်မှာ အစ်ကိုဖြစ်သူက ချွေးထွက်နေတာကို ဖီဧကရာဇ်က သတိထားမိတော့ မေးတယ်။ ဒီတော့ ကျုံးယွီ(Zhong Yu) က 'ကြောက်လန့်တဲ့အခါ ချွေးထွက်လာတာဖြစ်တယ်' လို့ပြန်ဖြေတယ်။ အဲ့ဒါနဲ့ ဧကရာဇ်က ညီဖြစ်သူဘက်လှည့်ပြီး 'မင်းကတော့ ကြောက်လန့်ပုံမပေါ်ပါလား' လို့မေးတယ်။ ကျုံးဟွေ့(Zhong Hui) က 'ကျွန်တော်ကြောက်ရင် ချွေးမထွက်လာတော့ဘူး' လို့ပြန်ဖြေခဲ့တယ်။ အဲ့ကောင်လေးက ထူးခြားတယ်ဆိုတာ ဧကရာဇ်က သတိထားမိတယ်။ နောက်အတန်ကြာတော့ ကျုံးဟွေ့(Zhong Hui) က စစ်ပွဲတွေ၊ ဗျူဟာတွေနဲ့ပတ်သတ်တာ အမြဲလေ့လာပြီး ထူးချွန်တဲ့ဗျူဟာမှူးတစ်ယောက်ဖြစ်လာတယ်။ ဒါကြောင့် သူ့ကို စီးမာယီ(Sima Yi) နဲ့ ကျန်းကျိ(Jiang Ji) တို့က လေးစားကြတယ်။ ကျုံးဟွေ့(Zhong Hui) က နန်းတွင်းမှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းနေတယ်။

နောက်တစ်ဦးကတော့ ယီယန်က တန့်အိုက်(Deng Ai) ဖြစ်တယ်။ သူက ငယ်ငယ်တည်းက မိဘမဲ့ဖြစ်ပေမယ့် အမြော်အမြင်ကြီးသလို ရည်မှန်းချက်ကြီးသူလည်းဖြစ်တယ်။ သူက တောင်ကြီးတွေ၊ ကျယ်ပြန့်တဲ့ရွှံ့နွံတွေမြင်တိုင်း စစ်သားတွေကို ဘယ်နေရာမှာ စခန်းချသင့်တယ်တို့၊ ရိက္ခာတွေကိုဘယ်မှာထားသင့်တယ်၊ လောင်စာတွေဘယ်မှာချထားသင့်တယ် စသည်ဖြင့် လေ့လာခဲ့တယ်။ လူတွေက သူ့ကိုပြက်ရယ်ပြုကြပေမယ့် စီးမာယီ(Sima Yi) က ဒါကိုမြင်တော့ လေးစားသွားပြီး အဲ့လူငယ်လေးကို သူ့အမှုထမ်းအဖြစ် ခန့်အပ်ခဲ့တယ်။ တန့်အိုက်(Deng Ai) က စကားထစ်တော့ သူ့နာမည်သူခေါ်ရင် 'တန့်-တန့်-တန့်-အိုက်' လို့ပြောလေ့ရှိတယ်။ စီးမာယီ(Sima Yi) က ဒါနဲ့ပတ်သတ်ပြီး မကြာခဏနောက်တတ်တယ်။ တစ်ရက်မှာတော့ စီးမာယီက 'မင်းကိုယ့်ကိုယ်ကိုယ် တန့်-တန့်-တန့်-အိုက်လို့ပြောရအောင် မင်းက ဘယ်နှစ်ယောက်ရှိလို့လဲ' လို့မေးလိုက်တယ်။ တန့်အိုက်(Deng Ai) က ချက်ချင်းပဲ 'လူတွေက အို-ဇာမဏီ၊ ဇာမဏီပါလား လို့တမ်းတပြောဆိုကြပေမယ့် တကယ်တော့ ဇာမဏီက တစ်ကောင်တည်းရှိတာမဟုတ်လား' လို့ပြန်ပြောခဲ့တယ်။ ဒါ သူဉာဏ်ပြေးတယ်ဆိုတာပြသတဲ့အဖြစ်အပျက်ပဲ။ ဒါကြောင့် သူတို့နှစ်ယောက်လုံးက ကြောက်စရာကောင်းတာကြောင့် သတိထားရမယ်"

"ကျန်းဝေ"(Jiang Wei) : "သူတို့နှစ်ယောက်ကို စကားထဲထည့်ပြောစရာမလိုဘူးလို့မြင်တယ်"
"ကျန်းဝေ"(Jiang Wei) မှ "ရှဟိုပါ့"(Xiahou Ba) ကို ချန်တူးသို့ခေါ်သွားကာ ဒုတိယဧကရာဇ်ထံအခစားဝင်စေသည်။ "ကျန်းဝေ"(Jiang Wei) မှ
"စီးမာယီ(Sima Yi) က ချောင်ရွှမ်(Cao Shuang) ကိုသတ်ပြီးနောက်မှာ ရှဟိုပါ့(Xiahou Ba) ကိုမြားခေါ်ခဲ့ပေမယ့် ရှဟိုပါ့(Xiahou Ba) က ရှူပြည်မှာ လာခိုလှုံခဲ့တယ်။ အခု စီးမာသားအဖတွေက အာဏာတွေအများကြီးရှိပြီး အုပ်ချုပ်သူ ချောင်ဖန်း(Cao Fang) က ငယ်ရွယ်ပြီး ပျော့ညံ့တာကြောင့် ဝေပြည်ရဲ့ထည်ဝါမှုက နိဂုံးချုပ်ခါနီးပြီ။ ကျွန်တော်တို့တပ်တွေဟာ ဟန်ကျုံးမှာ နှစ်တွေအများကြီးကြာအောင် စစ်ရေးလေ့ကျင့်ခဲ့ပြီးပြီ။ ဒါ့အပြင် ဂိုထောင်တွေမှာလည်း ရိက္ခာအပြည့်ရှိနေတယ်။ ဒါကြောင့် ရှဟိုပါ့(Xiahou Ba) ကို လမ်းပြအနေနဲ့ခေါ်ပြီး စစ်ဆင်ရေးတစ်ခုဆင်နွှဲပြီးတော့ အလယ်ပိုင်းဒေသကိုသိမ်းပြီး ဟန်ပြည်ကို မူလမြို့တော်ဟောင်းမှာ ပြန်တည်ဆောက်စေချင်ပါတယ်။ ဒါမှသာ အရှင်မင်းကြီးအပေါ် ကျွန်တော့ကျေးဇူးသိမှုကိုပြသနိုင်မှာဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းရဲ့ဆန္ဒကိုဖြည့်ဆည်းနိုင်မှာဖြစ်တယ်"
သို့သော် အတွင်းဝန်မင်း "ဖေးယီ"(Fei Yi) မှ စစ်ထွက်မည့်အကြံကိုကန့်ကွက်ခဲ့သည်။
" ယုံကြည်ရတဲ့အမတ်ကြီးတွေဖြစ်တဲ့ ကျန်းဝမ်(Jiang Wan) နဲ့ တုန်းယွင်(Dong Yun) တို့ဟာ မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါကြောင့် အလျင်စလိုမလုပ်ဆောင်သင့်ပဲ ဒီလိုစစ်တိုက်တာကိုလည်း ရပ်တန့်ထားသင့်ပါတယ်"
"မဟုတ်ပါဘူး။ ဘဝက တိုတောင်းပါတယ်။ မြင်းဖြူတစ်ကောင်ရဲ့တောက်ပမှုက တံခါးမှာ တခဏထင်ဟပ်သလိုမျိုး နေ့ရက်တွေကလည်း ခဏလေးနဲ့ကုန်ဆုံးသွားတယ်။ ကျွန်တော်တို့တွေ စောင့်ပြီးရင်းစောင့်နေမယ်ဆိုရင် ဟန်တိုင်းပြည်ကို ပြန်ထူထောင်နိုင်ပါ့ဦးမလား"

"ဟိုးရှေးတုန်းက စွန်းကျီ(ဆွန်ဇု) ပြောခဲ့တာကို အမှတ်ရပါ။ 'ကိုယ့်ကိုယ်ကိုယ်သိပြီး ရန်သူကိုလည်း သိနားလည်တယ်ဆို တိုက်ပွဲတစ်ရာအောင်မြင်နိုင်မယ်။' ကျုပ်တို့က ဝန်ကြီးချုပ်ဟောင်းလိုအရည်အချင်းမရှိဘူး။ သူတောင်မလုပ်နိုင်တဲ့အရာကို ကျုပ်တို့တွေအောင်မြင်နိုင်ပါ့မလား"
"ကျွန်တော်တို့တွေ ချန်းမျိုးနွယ်စုတွေရဲ့အကုအညီကိုယူနိုင်တယ်။ ကျွန်တော် သူတို့တွေရှိတဲ့ ရှီးကျိုးမှာနေဖူးတော့ သူတို့အကြောင်းနားလည်တယ်။ သူတို့ရဲ့အကူအညီနဲ့ဆိုရင် တိုင်းပြည်တစ်ခုလုံးကို မသိမ်းနိုင်ရင်တောင် ရှီးကျိုးအနောက်ပိုင်းဒေသကို အောင်မြင်နိုင်မယ်"
ထိုသို့ဆွေးနွေးနေကြသည်ကို ဒုတိယဧကရာဇ်မှ ဖြတ်ပြောလိုက်လေသည်။
"ခင်ဗျား ဝေပြည်ကိုတိုက်ဖို့ကြိုးစားမယ်ဆို အကောင်းဆုံးကြိုးစားပါ။ ကျုပ်က ခင်ဗျားရဲ့တက်ကြွမှုကို မတားမြစ်ပါဘူး"

ဧကရာဇ်၏ခွင့်ပြုမိန့်ကိုရခဲ့သောကြောင့် "ကျန်းဝေ"(Jiang Wei) သည် နန်းတော်မှထွက်လာပြီး "ရှဟိုပါ့"(Xiahou Ba) နှင့်အတူ ဟန်ကျုံးသို့သွားကာ စစ်တိုက်ရန်ပြင်ဆင်သည်။
"ကျန်းဝေ"(Jiang Wei) မှ
"ကျုပ်တို့တွေ ချန်းမျိုးနွယ်စုတွေဆီ လူလွှတ်ပြီး မဟာမိတ်ဖွဲ့ရမယ်။ ပြီးရင် ရန်ဖင်ခံတပ်က ယိုကျိုးကိုချီတက်ပြီး ချွီစန်းတောင်ဘက်မှာ တံတိုင်းဆောက်ပြီးတော့ တပ်စွဲထားရမယ်။ အဲ့နေရာက ဗျူဟာမြောက်ဒေသဖြစ်တယ်။ ပြီးတော့ ဝန်ကြီးချုပ်မှာခဲ့တဲ့အတိုင်း အဲ့ဘက်ကို ကုန်းကြောင်းရော၊ ရေကြောင်းကပါ ရိက္ခာတွေပို့လို့ရနိုင်တယ်"
ထိုနှစ် (အေဒီ ၂၄၉) ၏ဆောင်းဦးရာသီတွင် ရှူစစ်သူကြီးနှစ်ဦးဖြစ်သော "လီရှင်း"(Li Xin) နှင့် "ကိုးအန်း"(Gou An )တို့ကို တပ်သားတစ်သောင်းခွဲနှင့်အတူ ချွီစန်းတောင်သို့စေလွှတ်ခဲ့သည်။ "ကိုးအန်း"(Gou An) သည် အရှေ့ဘက်ကိုတာဝန်ယူရပြီး "လီရှင်း"(Li Xin) သည် အနောက်ဘက်ကို တာဝန်ယူရသည်။ ထိုသတင်းကို ယိုကျိုးမှကြားသိသောအခါ နယ်စား "ကောဟွိုင်"(Guo Huai) မှ လော့ရန်သို့အစီရင်ခံစာတင်ခဲ့သည်။ ထို့နောက် "ချန်ထိုက်"(Chen Tai) ကို တပ်သားငါးသောင်းဖြင့်လွှတ်ကာ ရှူတပ်ကိုရင်ဆိုင်စေ၏။

ရန်သူ့တပ်ရောက်လာသောအခါ "လီရှင်း"(Li Xin) နှင့် "ကိုးအန်း"(Gou An) တို့က ရင်ဆိုင်ရန်ပြုသည်။ သို့သော်လည်း ရန်သူတို့အင်အားများလွန်းသောကြောင့် မရင်ဆိုင်နိုင်ပဲ မြို့တွင်းသို့ပြန်ဝင်ခဲ့ရသည်။ "ချန်ထိုက်"(Chen Tai) မှ မြို့ကိုဝန်းရံထားစေပြီး ဟန်ကျုံးသို့သွားသည့်လမ်းကိုပါပိတ်ထားသဖြင့် ရိက္ခာလမ်းကြောင်းကိုဖြတ်တောက်နိုင်ခဲ့သည်။
ရက်အနည်းငယ်ကြာသောအခါ ရှူတပ်သားတို့သည် ရိက္ခာပြတ်နေသောကြောင့် ငတ်မွတ်နေခဲ့ကြသည်။ "ကောဟွိုင်"(Guo Huai) မှ စစ်သူကြီး၏အခြေအနေကိုလာကြည့်ပြီး ရန်သူတို့အခြေအနေမဟန်သည်ကိုမြင်သောအခါ ဝမ်းမြောက်သွားခဲ့သည်။ ထို့နောက် စခန်းသို့ပြန်သွားပြီး "ချန်ထိုက်"(Chen Tai) အား
"သူတို့တွေ ရေလည်းပြတ်လပ်သွားမယ်ဆိုရင် မြို့ပြင်ကိုထွက်လာရလိမ့်မယ်။ ဒီတော့ သူတို့တွေသုံးနေတဲ့စမ်းချောင်းရေကြောတွေကိုပါ ဖြတ်တောက်ရမယ်"

ထို့ကြောင့် ဝေတပ်သားတို့သည် မြို့တွင်းသို့စီးဝင်လာသည့် စမ်းချောင်းများကို တခြားသို့လမ်းလွှဲစေခဲ့သည်။ "လီရှင်း"(Li Xin) သည် အပြင်သို့ထွက်လာပြီး ရွပ်ရွပ်ချွံချွံတိုက်ခဲ့သော်လည်း အရေးမလှသောကြောင့် မြို့တွင်းသို့ပြန်ဝင်ခဲ့ရသည်။ "လီရှင်း"(Li Xin) နှင့် "ကိုးအန်း"(Gou An) တို့နှစ်ဦးပူးပေါင်းပြီးနောက် ထပ်မံတိုက်ရန်ကြိုးစားခဲ့သည်။ သို့သော် ယုံကျိုးတပ်တို့က ဝန်းရံထားခဲ့ပြီး အနီးကပ်တိုက်ခဲ့ရပြီးနောက် မြို့တွင်းသို့ပြန်ဝင်ခဲ့ရပြန်သည်။
ထိုအချိန်ဝယ် တပ်သားတို့သည် ရေဆာနေခဲ့ကြပြီ။ နှစ်ဦးသားတိုင်ပင်ခဲ့ကြပြီး "ကိုးအန်း"(Gou An) မှ "လီရှင်း"(Li Xin) အား
"စစ်သူကြီး ကျန်းဝေ(Jiang Wei) ရဲ့စစ်ကူတွေက ဘာလို့နောက်ကျနေလည်းဆိုတာ နားမလည်နိုင်ဘူး"
"ကျုပ်အပြင်ထွက်ပြီးတော့ စစ်ကူခေါ်လာဖို့ ကြိုးစားကြည့်မယ်"

ထို့ကြောင့် မြို့တံခါးကိုဖွင့်ကာ "လီရှင်း"(Li Xin) သည် မြင်းသည်တော်နှစ်ဆယ်နှင့်အတူ ထွက်လာသည်။ ရန်သူတို့က ဝန်းရံလာပြီးတိုက်ခဲ့သော်လည်း "လီရှင်း"(Li Xin) သည် ဒဏ်ရာများစွာဖြင့် လွတ်မြောက်သွားခဲ့သည်။ သူ့နောက်လိုက်များအားလုံးမှာ အသက်ဆုံးခဲ့ရလေသည်။ ထိုညတွင် မြောက်လေပြင်းတိုက်ပြီး နှင်းကျခဲ့သောကြောင့် မြို့တွင်းမှလူတို့သည် ရေငတ်ပြေခဲ့ရသည်။ သူတို့သည် နှင်းကိုအရည်အဖြစ်ပျော်စေကာ ထမင်းချက်ခဲ့ရသည်။
ဒဏ်ရာအကြီးအကျယ်ရခဲ့သော "လီရှင်း"(Li Xin) သည် တောင်ကုန်းအနောက်ဘက်သို့သွားခဲ့ပြီး နှစ်ရက်အကြာတွင် "ကျန်းဝေ"(Jiang Wei) နှင့်တွေ့သည်။ သူသည် မြင်းပေါ်မှဆင်းပြီး ဒူးထောက်ကာ အဖြစ်အပျက်တို့ကိုပြောခဲ့သည်။
"ချွီစန်းက ဝန်းရံခံထားရပြီး သောက်စရာရေလည်း ပြတ်နေပြီ။ ကံကောင်းထောက်မလို့ နှင်းကျခဲ့တာကြောင့် တပ်သားတွေ ခဏတာ ရေငတ်ပြေခဲ့တယ်။ ဒါပေမယ့် အခြေအနေက အရေးကြီးနေပါပြီ"
"ကျန်းဝေ"(Jiang Wei) မှ
"နောက်ကျနေခဲ့တာ ကျုပ်ကြောင့်မဟုတ်ဘူး။ ကျုပ်တို့တွေအားကိုးခဲ့တဲ့ ချန်းမျိုးနွယ်စုတွေ ရောက်မလာလို့ဖြစ်တယ်"

'ကျန်းဝေ"(Jiang Wei) မှ ဒဏ်ရာရခဲ့သော "လီရှင်း"(Li Xin) အား ချန်တူးသို့ပြန်ပို့ကာ ဆေးကုသမှုခံယူစေသည်။ ထို့နောက် "ရှဟိုပါ့"(Xiahou Ba) ဘက်လှည့်ပြီး
"ချန်းမျိုးနွယ်စုတွေက မရောက်လာဘူး။ ချွီစန်းကို ဝေတပ်တွေကဝိုင်းထားတယ်။ စစ်သူကြီးမှာ ဘာအကြံကောင်းရှိမလဲ"
"ကျွန်တော်တို့ချန်းမျိုးနွယ်စုတွေကိုစောင့်နေရင် ချွီစန်းကိုကယ်နိုင်မှာမဟုတ်ဘူး။ ယုံကျိုးမှာ အစောင့်အကြပ်နည်းနေမှာဆိုတော့ နွားခေါင်းတောင်ကတဆင့် ယုံကျိုးရဲ့အနောက်ကိုသွားသင့်တယ်။ ဒါဆို ယုံကျိုးကို စစ်ကူဖို့အတွက် ဝေတပ်တွေဆုတ်ခွာရလိမ့်မယ်။ အဲ့လိုသာဆို ချွီစန်းကိုကူညီနိုင်ပြီ"
"ဒါအကြံကောင်းပဲ" ဟု "ကျန်းဝေ"(Jiang Wei) မှပြောကာ ချက်ချင်းထွက်ခွာခဲ့သည်။

"လီရှင်း"(Li Xin) လွတ်မြောက်သွားသည့်အကြောင်းကို "ချန်ထိုက်"(Chen Tai) သိသောအခါ သူ၏ခေါင်းဆောင်ထံသွားပြီး
"ဒီလူထွက်ပြေးသွားပြီဆိုတော့ သူက ကျန်းဝေ(Jiang Wei) ဆီသွားပြီး ဒီဘက်မှာ ဒုက္ခရောက်နေကြောင်းပြောလိမ့်မယ်။ ကျွန်တော်တို့တွေက ဒီဘက်ကိုပဲတိုက်ဖို့မဲနေတယ်လို့ ကျန်းဝေ(Jiang Wei) က တွေးမိမှာဖြစ်ပြီး ကျွန်တော်တို့နောက်တန်းကိုတိုက်ဖို့လုပ်လိမ့်မယ်။ ဒါကြောင့် စစ်သူကြီးအနေနဲ့ ယောင်းမြစ်ကိုသွားပြီး ရန်သူ့ရိက္ခာလမ်းကြောင်းကိုဖြတ်သင့်ပါတယ်။ ကျွန်တော်က နွားခေါင်းတောင်ကိုသွားပြီးတော့ ရန်သူတွေကို အနိုင်ယူလိုက်မယ်။ သူတို့ရိက္ခာတွေကိုဖြတ်တောက်တော့မှာကိုသိတာနဲ့ သူတို့ပြန်လှည့်လာလိမ့်မယ်"
ထို့နောက် "ကောဟွိုင်"(Guo Huai) သည် ယောင်းမြစ်သို့ တိတ်တဆိတ်သွားခဲ့ပြီး "ချန်ထိုက်"(Chen Tai) သည် တောင်ကုန်းပေါ်သွားခဲ့သည်။
"ကျန်းဝေ"(Jiang Wei) ဦးဆောင်သောရှူတပ်သည် နွားခေါင်းတောင်သို့ရောက်လာသောအခါ အရှေ့ဘက်မှကျယ်လောင်သောအသံကိုကြားရသည်။ ထို့နောက် ကင်းထောက်တို့ရောက်လာပြီး လမ်းကိုပိတ်ထားကြောင်းပြောသည်။ "ကျန်းဝေ"(Jiang Wei) မှ ကိုယ်တိုင်သွက်ကြည့်သည်။

"ချန်ထိုက်"(Chen Tai) မှ
"ခင်ဗျားတို့တွေက ယုံကျိုးကိုတိုက်မလို့မလား? ကျုပ်တို့က ခင်ဗျားတို့ကို နဂိုတည်းကစောင့်ကြည့်နေတော့ ခင်ဗျားတို့အစီအစဉ်တွေကို သိနှင့်နေပြီ"
"ကျန်းဝေ"(Jiang Wei) သည် အရှေ့သို့ထွက်လာပြီး တိုက်ခိုက်လေသည်။ "ချန်ထိုက်"(Chen Tai) မှလည်း ဓားကိုကိုင်ကာ တိုက်ခဲ့ပြီးနောက် ခဏအကြာတွင် ထွက်ပြေးသွားခဲ့သည်။ ရှူတပ်သားတို့သည် ဝေတပ်တို့ကို တောင်ကုန်းဘက်သို့ရောက်အောင် တွန်းထုတ်နိုင်ခဲ့သည်။ ထို့နောက် "ကျန်းဝေ"(Jiang Wei) မှ ရပ်နားခဲ့ပြီး တောင်ခြေတွင် စခန်းချကာ နေ့တိုင်းရန်သူတို့ကိုစိန်ခေါ်ခဲ့သည်။ သို့သော် အောင်မြင်မှုမရခဲ့ချေ။
ရက်အနည်းငယ်ကြာသော်လည်း အကျိုးမထူးသောအခါ "ရှဟိုပါ့"(Xiahou Ba) မှ
"ဒီမှာဆက်မနေသင့်တော့ဘူး။ အနိုင်လည်းမရနိုင်သလို ရုတ်တရတ်တိုက်ခိုက်တာလည်း ခံရနိုင်တယ်။ ဒါကြောင့် အရင်တပ်ဆုတ်ပြီးတော့မှ အကြံကောင်းစဉ်းစားသင့်တယ်"

ထိုအချိန်တွင် ယောင်းမြစ်မှရိက္ခာလမ်းကြောကို "ကောဟွိုင်"(Guo Huai) က ပိတ်လိုက်သောကြောင့် ဆုတ်ခွာရန်လိုအပ်လာသည်။ ထိုသတင်းကြောင့် အံ့ဩသွားခဲ့ပြီး "ရှဟိုပါ့"(Xiahou Ba) ကိုအရင်ထွက်ခွာစေကာ "ကျန်းဝေ"(Jiang Wei) မှ နောက်တန်းကိုစောင့်ရှောက်ခဲ့သည်။ "ချန်ထိုက်"(Chen Tai) သည် တပ်ငါးဖွဲ့ခွဲကာ လမ်းငါးသွယ်မှတိုက်ခဲ့သော်လည်း "ကျန်းဝေ(Jiang Wei) မှ ဆုံမှတ်များတွင်တပ်စွဲထားခဲ့သောကြောင့် ဝေတပ်တို့သည် တောင်ကုန်းများပေါ်ပြန်တက်သွားခဲ့ရသည်။ သို့သော် ထိုနေရာမှ "ချန်ထိုက်"(Chen Tai) သည် မြား၊ ကျောက်တုံးတို့ဖြင့် ပစ်ခဲ့သောကြောင့် "ကျန်းဝေ"(Jiang Wei) သည်လည်း သူတပ်စွဲထားသည့်နေရာမှ ဆုတ်ရလေသည်။ ယောင်းမြစ်သို့ရောက်လာသောအခါ "ကောဟွိုင်"(Guo Huai) မှထွက်လာပြီး တိုက်ခိုက်ခဲ့သည်။ "ကျန်းဝေ"(Jiang Wei) သည် ဟိုဟိုသည်သည်သွားကာ ရန်သူတို့ကိုတိုက်ခဲ့သော်လည်း ဝန်းရံခံခဲ့ရပြီး တပ်သားတဝက်ကျော်ဆုံးရှုံးပြီးနောက်မှသာလျှင် ရန်သူ့တပ်ကိုထိုးဖောက်နိုင်ခဲ့သည်။

"ကျန်းဝေ"(Jiang Wei) သည် ရန်ဖင်ခံတပ်သို့အလျင်အမြန်ချီတက်သောအခါ ရန်သူ့တပ်တစ်တပ်နှင့်တွေ့ခဲ့သည်။ ထိုတပ်ကို ငယ်ရွယ်သောခေါင်းဆောင်တစ်ဦးမှဦးဆောင်ခဲ့ပြီး ထိုသူမှ တဟုန်ထိုးတိုက်ခိုက်ခဲ့သည်။ ထိုခေါင်းဆောင်တွင် ဝိုင်းသောမျက်နှာ၊ ရှည်သောနားရွက်၊ လေးထောင့်ကျသောပါးစပ်နှင့် ထူသောနှုတ်ခမ်းတို့ရှိသည်။ သူ့ဘယ်မျက်လုံးအောက်တွင် အမွှေးရှိသောမှည့်တစ်လုံးရှိလေသည်။ ထိုသူမှာ "စီးမာယီ"(Sima Yi) ၏သားအကြီးဆုံး၊ မြင်းပျံတပ်စစ်သူကြီး "စီးမာရှီ"(Sima Shi) ဖြစ်သည်။
"ရူးသွပ်တဲ့လူ၊ ဘာကြောင့် ကျုပ်လမ်းကိုပိတ်ထားရတာလဲ"    "ကျန်းဝေ"(Jiang Wei) မှပြောဆိုပြီး လှံကိုကိုင်လျက်ထွက်လာသည်။
"စီးမာရှီ"(Sima Shi) က ရင်ဆိုင်ခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့သည်။  "ကျန်းဝေ"(Jiang Wei) သည် အနိုင်ရပြီးနောက် ဆက်လက်ချီတက်သွားခဲ့ရာ ခံတပ်သို့ရောက်လာခဲ့ပြီး တံတိုင်းအတွင်းသို့ဝင်ခဲ့လေသည်။

မကြာမီတွင် "စီးမာရှီ"(Sima Shi) ရောက်လာပြီး ခံတပ်ကိုတိုက်သည်။ သို့သော် ထိုတံတိုင်းများတွင် တစ်ခါပစ်လျှင် ဆယ်ခုပစ်နိုင်သော ဒူးလေးယန္တရားများရှိလေသည်။ ၎င်းတို့မှာ "ကျူးကဲလျန့်"(Zhuge Liang) ပုံကြမ်းရေးဆွဲခဲ့သည့်စက်များဖြစ်သည်။

Comments

Popular posts from this blog

Lookism

Kaichou wa Maid-sama!