သုံးနိုင်ငံခေတ်(၁၀၆)


အခန်း(၁၀၆) "ကုန်းစွန်းယွမ်"(Gongsun Yuan) သည် စစ်ရှုံးပြီးနောက် ရှန်းဖင်တွင်သေဆုံးခဲ့ခြင်း။
"စီးမာယီ"(Sima Yi) သည် နေမကောင်းဟုဟန်ပြကာ "ချောင်ရွှမ်"(Cao Shuang) ကိုလှည့်စားခဲ့ခြင်း။

"ကုန်းစွန်းယွမ်"(Gongsun Yuan) သည် လျောင်တုန်းရှိ စစ်ရေးကျွမ်းသော "ကုန်းစွန်းတု"(Gongsun Du) ၏မြေးဖြစ်ပြီး "ကုန်းစွန်းခန်း"(Gongsun Kang) ၏သားဖြစ်သည်။ ကျန်းအန်းနှစ်တစ်ဆယ့်နှစ်နှစ် - "ချောင်ချောင်း"(Cao Cao) က အရှေ့ဘက်သို့ပြေးသွားသော "ယွမ်ရှန်"(Yuan Shang) နောက်ကိုလိုက်နေသည့်အချိန် "ကုန်းစွန်းခန်း"(Gongsun Kang) က "ယွမ်ရှန်"(Yuan Shang) ကိုဖမ်းကာ ခေါင်းဖြတ်ပြီး ခေါင်းကို "ချောင်ချောင်း"(Cao Cao) ထံဆက်သခဲ့သည်။ ထိုလုပ်ဆောင်မှုကြောင့် "ကုန်းစွန်းခန်း"(Gongsun Kang) သည် ရှန်းဖင်သခင်ဖြစ်လာသည်။ "ကုန်းစွန်းခန်း"(Gongsun Kang) သေဆုံးသည့်အချိန်ဝယ် သူ့သားနှစ်ဦးဖြစ်သော "ကုန်းစွန်းဟွမ်"(Gongsun Huang) နှင့် "ကုန်းစွန်းယွမ်"(Gongsun Yuan) တို့မှာ အရွယ်မရောက်သေးသောကြောင့် ညီဖြစ်သူ "ကုန်းစွန်းကုန်း"(Gongsun Gong) မှ ရာထူးကိုဆက်ခံခဲ့သည်။ "ချောင်ဖီ"(Cao Pi) မှ "ကုန်းစွန်းကုန်း"(Gongsun Gong) ကို မြင်းပျံတပ်စစ်သူကြီးဘွဲ့ပေးခဲ့သည်။ နှစ်အနည်းငယ်ကြာသောအခါ ဒုတိယသား "ကုန်းစွန်းယွမ်"(Gongsun Yuan) သည် အရွယ်ရောက်လာခဲ့ပြီ။ သူသည် စာပေလေ့လာခဲ့ပြီး တိုက်ခိုက်ရေးလည်း လေ့ကျင့်ခဲ့ကာ တိုက်ခိုက်မှုကိုခုန်မင်သူဖြစ်သည်။ သူအရွယ်ရောက်လာသည်နှင့် သူ့ဦးလေး၏ရာထူးကိုလုယူကာ ဖခင်ဖြစ်သူ၏ရာထူးကိုဆက်ခံလေ၏။ "ချောင်ရေ့"(Cao Rui) မှ သူ့အား ခက်ထန်သောစစ်သူကြီးဟုခေါ်တွင်စေကာ လျောင်တုန်းမြို့စားအရာပေးခဲ့သည်။

ဝူဘုရင် "စွန်းချွမ်"(Sun Quan) သည် "ကုန်းစွန်းယွမ်"(Gongsun Yuan) ၏အကူအညီကိုလိုချင်သောကြောင့် "ကျန်းမီ"(Zhang Mi) နှင့် "ရွှီရန်"(Xu Yan) တို့ကို သံတမန်အဖြစ် စေလွှတ်ခဲ့သည်။ သံအဖွဲ့အနှင့်အတူ ရွှေ၊ ရတနာနှင့် ပုလဲများကိုလက်ဆောင်အဖြစ်ထည့်ပေးလိုက်ပြီး "ကုန်းစွန်းယွမ်"(Gongsun Yuan) ကို ယန့်ပြည်မင်းသားဘွဲ့ပေးခဲ့သည်။ ဝူပြည်နှင့်အဆက်အသွယ်ပြုခြင်းကို အလယ်ပိုင်းဒေသက မနှစ်မြို့မည်ကိုစိုးရိမ်သောကြောင့် "ကုန်းစွန်းယွမ်"(Gongsun Yuan) သည် ဝူပြည်သံအမတ်တို့ကိုသတ်ပြီး ခေါင်းတို့ကို ဝေဧကရာဇ်ထံဆက်သခဲ့သည်။ ထိုသစ္စာရှိမှုသက်သေကိုတွေ့သောအခါ "ချောင်ရေ့"(Cao Rui) မှ သူ့ကို ခမ်းနားသောစစ်သူကြီးနှင့် ယွဲ့လန်နယ်စားဘွဲ့တို့ကိုပေးအပ်ခဲ့လေသည်။
သို့သော် "ကုန်းစွန်းယွမ်"(Gongsun Yuan) သည် မကျေနပ်ခဲ့ပဲ လွတ်လပ်ရေးရရန်ကြံစည်နေခဲ့သည်။ သူ၏အမှုထမ်းတို့နှင့် တိုင်ပင်ပြီးနောက် သူ့ကိုယ်သူ ယန့်မင်းသားဟုကြေညာကာ သက္ကရာဇ်ကိုဖြိုပြီး ဟန်ပြည်သက္ကရာဇ်အသစ်သုံးစွဲစေခဲ့သည်။

စစ်သူကြီးတစ်ဦးဖြစ်သော "ကျားဖန်"(Jia Fan) မှ ကန့်ကွက်ခဲ့သည်။
"သခင်ကြီးကို အလယ်ပိုင်းဒေသက မြောက်စားခဲ့တယ်မဟုတ်လား။ စီးမာယီ(Sima Yi) က ထူးချွန်လွန်းတော့ ဒီလိုတော်လှန်တာက အောင်မြင်နိုင်မယ်မထင်ဘူး။ ကျူးကဲလျန့်(Zhuge Liang) တောင် သူ့ကိုအနိုင်မတိုက်နိုင်ခဲ့တာ၊ သခင်ကြီးကကော အနိုင်ယူနိုင်ပါ့မလား"
"ကုန်းစွန်းယွမ်"(Gongsun Yuan) မှ "ကျားဖန်"(Jia Fan) ကိုသေဒဏ်ပေးစေသည်။ သို့သော် အကြံပေး "လွန်ကျီ"(Lun Zhi) မှ
"ကျားဖန်(Jia Fan) ပြောတာ မှန်ပါတယ်။ ထူးခြားတဲ့နိမိတ်ဆိုးတွေဟာ တိုင်းပြည်ကိုပျက်စေတယ်လို့ ရှေးသူတော်စင်က ပြောခဲ့ဖူးတယ်။ အခုအချိန်မှာ ထူးခြားတာတွေဖြစ်နေပြီ။ ခွေးတစ်ကောင်က အနီရောင်အဝတ်ကိုဝတ်၊ ခေါင်းစည်းကိုစည်းပြီး ခေါင်မိုးပေါ်မှာ လူတစ်ယောက်လိုလမ်းလျှောက်နေတယ်လို့ပြောကြတယ်။ ဒါ့အပြင် မြို့တောင်ဘက်မှာ နေတဲ့လူတစ်ယောက်ဟာ သူဟင်းချက်နေတဲ့အိုးထဲမှာ ကလေးတစ်ယောက်ရဲ့အလောင်းတွေ့တယ်လို့ဆိုတယ်။ ဈေးအနီးမှာ ဂူကြီးတစ်ဂူပေါ်လာပြီး အဲ့ဂူထဲက ခြေလက်မပါတဲ့လူတစ်ယောက်ထွက်လာတယ်လို့ပြောကြတယ်။ အဲ့လူကိုဓားနဲ့ထိုးလို့လည်းမရသလို မြားနဲ့ပစ်လို့လည်းမရဘူးတဲ့။ အဲ့အရာက ဘာလည်းဆိုတာ ဘယ်သူမှမသိကြဘူး၊ ဒါနဲ့ ဟူးရားတွေကိုမေးတော့ ဟူးရားတွေက 'မပြည့်စုံသောခန္ဓာ၊ တိတ်ဆိတ်သောနှုတ်၊ ပျက်စီးလုတိုင်းပြည်' လို့ပြောခဲ့ကြတယ်။ ဒါတွေအားလုံးဟာ မကောင်းတဲ့နိမိတ်တွေပါပဲ။ ဒီမကောင်းတာတွေကိုရှောင်ကြဉ်ပြီး မျှတတဲ့လမ်းစဉ်ကိုလျှောက်လှမ်းသင့်ပါတယ်။ သေသေချာချာမစဉ်းစားပဲနဲ့တော့ ဆုံးဖြတ်ချက်မချသင့်ပါဘူး"

ထိုသို့ကန့်ကွက်မှုကြောင့် "ကုန်းစွန်းယွမ်"(Gongsun Yuan) မှာ ဒေါသထွက်သွားပြီး "လွန်ကျီ"(Lun Zhi) ကို "ကျားဖန်"(Jia Fan) နှင့်အတူ သေဒဏ်ပေးခဲ့သည်။ သူတို့နှစ်ဦးလုံးကို လူလည်ခေါင်တွင်သေဒဏ်ပေးခဲ့လေ၏။ "ကုန်းစွန်းယွမ်"(Gongsun Yuan) သည် တိုင်းပြည်ကိုသိမ်းရန် စွန့်စားခဲ့သည်။ စစ်တပ်များစုဆောင်းခဲ့ရာ အင်အားတစ်သိန်းငါးသောင်းရှိခဲ့သည်။ "ပေရန်"(Bei Yan) ကို စစ်သူကြီး၊ "ရန်ကျော"(Yang Zuo) ကို ရှေ့ပြေးတပ်စစ်သူကြီးအဖြစ်ခန့်အပ်ကာ အလယ်ပိုင်းကိုချီတက်ရန် ပြင်ဆင်ခဲ့သည်။
ထိုအကြောင်းကို ဝေဧကရာဇ်ကြားသောအခါ ထိတ်လန့်ပြီး "စီးမာယီ"(Sima Yi) ကိုခေါ်ခဲ့သည်။
"စီးမာယီ"(Sima Yi) က စိုးရိမ်ခြင်းမရှိပေ။
"ကျွန်တော့တပ်သားလေးသောင်းနဲ့ဆို ရပါပြီ"
"ဒီတာဝန်က ကြီးလေးပြီး ခရီးလမ်းရှည်တာကြောင့် အင်အားက မနည်းလွန်းဘူးလား"
"စစ်တပ်ရဲ့အင်အားဆိုတာ ပမာဏအပေါ်မူတည်တာမဟုတ်ပဲ ဗျူဟာနဲ့ပဲဆိုင်ပါတယ်။ အရှင်မင်းကြီးရဲ့ဘုန်းတော်ကြောင့် ကျွန်တော်မျိုးဟာ ကုန်းစွန်းယွမ်(Gongsun Yuan) ကို  ခြေတော်ရင်းထိဖမ်းခေါ်နိုင်မှာဖြစ်တယ်"
"သူပုန်တွေရဲ့အစီအစဉ်က ဘယ်လိုဖြစ်မလဲ"

"သူတို့အကောင်းဆုံးအစီအစဉ်ကတော့ ကျွန်တော်တို့တပ်တွေမရောက်ခင် တိုက်ခိုက်ဖို့ဖြစ်တယ်။ အလယ်အလတ်အစီအစဉ်ကတော့ လျောင်တုန်းက သူ့ပိုင်နက်ကိုကာကွယ်ဖို့ဖြစ်တယ်။ ညံ့ဖျင်းတဲ့အစီအစဉ်ကတော့ ရှန်းဖင်ကို ကာကွယ်ဖို့ဖြစ်ပါတယ်။ သူသာ နောက်ဆုံးအစီအစဉ်အတိုင်းသွားရင် သူ့ကိုအလွယ်တကူဖမ်းနိုင်ပါလိမ့်မယ်"
"စစ်တိုက်တာ ဘယ်လောက်ကြာနိုင်လဲ"
"ကျွန်တော်တို့ဟာ မိုင်ပေါင်းတစ်ထောင့်ငါးရာသွားရမှာဖြစ်တာကြောင့် ရက်ပေါင်းတစ်ရာကြာပါလိမ့်မယ်။ တိုက်ခိုက်ရင် နောက်ရက်တစ်ရာလောက်ကြာပါဦးမယ်။ အပြန်က ရက်တစ်ရာအပြင် အနားယူတာက ရက်ခြောက်ဆယ်လောက်ထည့်လိုက်မယ်ဆိုရင် စုစုပေါင်း တစ်နှစ်လောက်ကြာနိုင်ပါတယ်"
"အဲ့အချိန်မှာ ရှူတို့၊ ဝူတို့လာတိုက်ရင် ဘယ်လိုလုပ်မတုန်း"
"ကျွန်တော်မျိုးစီစဉ်ထားပါ့မယ်။ အရှင်မင်းကြီး စိတ်မပူပါနဲ့"
ဝေဧကရာဇ်လည်း စိတ်ချသွားကာ "စီးမာယီ"(Sima Yi) ကို စစ်ချီရန် အမိန့်ပေးခဲ့သည်။
"ဟူကျွန်း"(Hu Zun) အား ရှေ့ပြေးတပ်ကို ဦးဆောင်စေပြီး လျောင်တုန်းတွင် စခန်းချထားစေသည်။ ထိုအကြောင်းကို ကင်းထောက်တို့မှတဆင့်သိသောအခါ "ကုန်းစွန်းယွမ်"(Gongsun Yuan) မှ "ပေရန်"(Bei Yan) နှင့် "ရန်ကျော"(Yang Zuo) တို့ကို တပ်သားရှစ်သောင်းဖြင့် လျောင်စွေသို့စေလွှတ်ခဲ့သည်။ သူတို့သည် စခန်းကို ခုနစ်မိုင်အချင်းရှိသောတံတိုင်းဖြင့် ကာထားပြီး ကျုံး၏အပြင်ဘက်တွင် ဆူးများဖြင့်ထပ်ပိတ်ထားစေလေရာ အင်မတန်မှလုံခြုံပုံရသည်။

ထိုပြင်ဆင်မှုတို့အကြောင်းကို "ဟူကျွန်း"(Hu Zun) မှမြင်ပြီး "စီးမာယီ"(Sima Yi) ထံတင်ပြခဲ့သည်။
"ဪ၊ သူပုန်တွေက မတိုက်ပဲနဲ့ ကျုပ်တပ်တွေအင်အားနည်းမှာကို စောင့်နေတာပေါ့။ သူ့တပ်အများစုက အဲ့တံတိုင်းထဲမှာဆိုတော့ သူ့ပင်မတပ်စခန်းမှာ လူမရှိဘူးနဲ့တူတယ်။ ဒီတော့ ကျုပ်က ရှန်းဖင်ကိုတိုက်ရမယ်။ သူလာပြီး စစ်ကူတဲ့အခါ လမ်းမှာ သူ့ကိုချေမှုန်းလိုက်မယ်ဆို အောင်မြင်မှုရလိမ့်မယ်"
ထို့နောက် "စီးမာယီ"(Sima Yi) သည် လူသွားအလာနည်းသောလမ်းများမှ ရှန်းဖင်သို့သွားခဲ့သည်။

ထိုအချိန်ဝယ် တံတိုင်းတွင်းရှိ "ပေရန်"(Bei Yan) နှင့် "ရန်ကျော"(Yang Zuo) တို့သည် မည်သို့လုပ်မည်ကိုတိုင်ပင်ကြသည်။
"ရန်ကျော"(Yang Zuo) မှ
"ဝေတပ်ကြီးအနီးကပ်လာရင် ကျုပ်တို့တွေမတိုက်ဘူး။ သူတို့က အဝေးကချီတက်လာပြီး စားနပ်ရိက္ခာလည်း နည်းနေမှာမို့ ရေရှည်ခံနိုင်မှာမဟုတ်ဘူး။ သူတို့တွေပြန်ဆုတ်သွားမှ အခွင့်ကောင်းယူပြီး တိုက်ရမယ်။ ဒါဟာ ဝေမြစ်ကမ်းမှာ ကျူးကဲလျန့်(Zhuge Liang) နဲ့တိုက်တုန်းက စီးမာယီ(Sima Yi) သုံးခဲ့တဲ့ဗျူဟာပဲ။ အဲ့တိုက်ပွဲမပြီးခင်မှာ ကျူးကဲလျန့်(Zhuge Liang) ကကွယ်လွန်သွားခဲ့တယ်။ ကျုပ်တို့လည်း ဒီနည်းသုံးရမယ်"
ထိုစဉ် ဝေတပ်တို့သည် တောင်ပိုင်းသို့ချီတက်သွားပြီဟု ကင်းထောက်တို့မှသတင်းပို့သည်။ "ပေရန်"(Bei Yan) မှ အန္တရာယ်ကို ကြိုသိမြင်သောကြောင့်
"သူတို့တွေ ရှန်းဖင်မှာတပ်အနည်းအကျဉ်းပဲရှိမှန်းသိလို့ အဲ့ကိုသွားတိုက်တာနဲ့တူတယ်။ အဲ့တပ်စခန်းကိုဆုံးရှုံးလိုက်ရရင် ဒီမှာ အခိုင်အမာနေလည်း အလကားပဲ"

ထို့နောက် စခန်းမှထွက်ကာ ရန်သူ့နောက်ကိုလိုက်ခဲ့သည်။ ၎င်းကို "စီးမာယီ"(Sima Yi) ကြားသိသောအခါ ဝမ်းမြောက်သွားပြီး
"ကျုပ်ဆင်ထားတဲ့ထောင်ချောက်ထဲ ဝင်လာပြီ"
"စီးမာယီ"(Sima Yi) မှ "ရှဟိုပါ့"(Xiahou Ba) နှင့် "ရှဟိုဝေ"(Xiahou Wei) တို့ကို ကျိမြစ်ကမ်းသို့လွှတ်ခဲ့သည်။ လျောင်တုန်းတပ်များချီတက်လာပါက တိုက်ခိုက်ရန် ဖြစ်သည်။ သူတို့သည် ကြာကြာပင်မစောင့်လိုက်ရပဲ "ပေရန်"(Bei Yan) ၏တပ်များချီတက်လာသည်ကို တွေ့လိုက်သည်။ ထို့ကြောင့် "ရှဟိုပါ့"(Xiahou Ba) နှင့် "ရှဟိုဝေ"(Xiahou Wei) တို့က လောင်စာကိုဖောက်ခွဲလိုက်ပြီး ဗုံတို့ကိုတီးလျက် အလံကိုထောင်ကာ ထွက်လာပြီး တစ်ဖက်တစ်ချက်စီမှ ဝန်းရံခဲ့သည်။ "ပေရန်"(Bei Yan) နှင့် "ရန်ကျော"(Yang Zuo) တို့သည် တိုက်ခိုက်ခဲ့သော်လည်း မကြာမီတွင် ရှို့စန်းတောင်သို့ထွက်ပြေးသွားခဲ့သည်။ ထိုနေရာတွင် "ကုန်းစွန်းယွမ်"(Gongsun Yuan) ၏တပ်မနှင့်တွေ့ပြီး ပူးပေါင်းခဲ့သည်။ ထိုတပ်တို့သည် ရန်သူတို့ကိုရင်ဆိုင်ရန် ပြန်လှည့်လာသည်။

"ပေရန်"(Bei yan) မှ မြင်းစီးကာ အရှေ့သို့ထွက်လာပြီး စိန်ခေါ်ခဲ့သည်။ "ရှဟိုပါ့"(Xiahou Ba) မှ စိန်ခေါ်မှုကိုလက်ခံခဲ့ပြီး သုံး၊လေးကွက်ခန့်တိုက်ပြီးနောက် "ပေရန်"(Bei Yan) လဲကျသွားသည်။ ခေါင်းဆောင်ဖြစ်သူသေဆုံးသွားသောကြောင့် ရုတ်ရုတ်သဲသဲဖြစ်နေကြစဉ် "ရှဟိုပါ့"(Xiahou Ba) မှ ရန်သူတို့ကိုတိုက်ခဲ့သောကြောင့် "ကုန်းစွန်းယွမ်"(Gongsun Yuan) သည် ရှန်းဖင်မြို့ထဲသို့ထွက်ပြေးခဲ့ရသည်။
မြို့ကိုဝန်းရံထားခဲ့ပြီး ဆောင်းဦးရောက်သောအခါ မိုးရွာသွန်းမှုတို့မှာ ရပ်တန့်ခြင်းမရှိခဲ့ပေ။ လကုန်ခါနီး ရေသည် သုံးပေခန့်မြင့်တက်လာခဲ့သောကြောင့် ကုန်တင်လှေတို့သည် ကျိမြစ်မှ မြို့တွင်းသို့တိုက်ရိုက်ဝင်နိုင်ခဲ့သည်။ ရေကြီးသောကြောင့် ဝန်းရံထားသူတို့မှာ ဒုက္ခရောက်ခဲ့သည်။
လက်ဝဲတပ်မှူး "ဖေကျင်း"(Pei Jing) မှ "စီးမာယီ"(Sima Yi) ထံသွားကာ တပ်တို့ကို ရေနှင့်ရွှံ့များကင်းရာ အမြင့်တစ်နေရာသို့ပြောင်းရွှေ့ရန် အကြံပေးခဲ့သည်။ သို့သော် "စီးမာယီ"(Sima Yi) က ထိုအကြံကိုပယ်ချလိုက်သည်။
"အောင်မြင်မှုက  ကျုပ်တို့မျက်စိရှေ့တင်ရှိနေတဲ့အချိန်မှာ ဘာလို့တခြားကိုရွှေ့ရမှာတုန်း? သူပုန်တွေကို မကြာခင်မှာ အနိုင်ယူနိုင်တော့မယ်။ ဒီကနေဆုတ်ခွာဖို့ပြောသူမှန်သမျှကို သေဒဏ်ပေးမယ်"
"ဖေကျင်း"(Pei Jing) က လက်ခံကာ ထွက်သွားခဲ့သည်။

မကြာမီတွင် ညာတောင်ပံတပ်မှူး "ချိုလျန်"(Chou Lian) ရောက်လာပြီး ထိုအကြံကိုပင်ပေးပြန်သည်။
"မိုးဒဏ်ကြောင့် တပ်သားတွေဒုက္ခရောက်နေပါတယ်။ သူတို့ကို အမြင့်မှာတပ်စွဲခွင့်ပေးလိုက်ပါ"
"စီးမာယီ (Sima Yi) မှ ဒေါသထွက်ကာ
"ကျုပ်အမိန့်ပေးထားတာကို ခင်ဗျားကဆန့်ကျင်ရဲတယ်ပေါ့"
ထို့နောက် "ချိုလျန်"(Chou Lian) ကို သေဒဏ်ပေးစေခဲ့သည်။ ထိုသူ့ခေါင်းကို တပ်စခန်းအဝတွင်ထားပြီး အခြားလူများအတွက် နမူနာအဖြစ်ထားရှိခဲ့သည်။ ကျန်သောသူတို့သည်လည်း မကန့်ကွက်ရဲတော့ပေ။

"စီးမာယီ"(Sima Yi) သည် တောင်ဘက်စခန်းကိုစွန့်ပြီး စစ်တပ်ကြီးကို တောင်အရပ် ခုနစ်မိုင်အကွာသို့ချီတက်စေခဲ့သည်။ ထို့ကြောင့် မြို့တွင်းတွင်ရှိသော တပ်သားနှင့်ပြည်သူတို့သည် အပြင်သို့ထွက်ကာ လိုအပ်သည်တို့စုဆောင်းနိုင်သလို တိရစ္ဆာန်တို့ကိုလည်း စားကျက်လွှတ်နိုင်ခဲ့သည်။
တိုက်ခိုက်သောတပ်မှာ ထိုသို့လုပ်ဆောင်ခြင်းကိုနားမလည်သောကြောင့် "ချန်ချွန်"(Chen Qun) မှ
"ရှန်ယုံကိုဝန်းရံခဲ့တုန်းက စစ်သေနာပတိက အရပ်ရှစ်မျက်နှာက တိုက်စေတော့ မြို့ကိုရှစ်ရက်အတွင်းသိမ်းနိုင်ခဲ့တယ်။ မုန့်တာ(Meng Da) ကိုလည်း ဖမ်းနိုင်ပြီး အကြီးအကျယ်အောင်နိုင်ခဲ့တယ်။ အခု တပ်သားလေးသောင်းဟာ သံချပ်ကာတွေကိုဝတ်ဆင်ပြီး ရှည်လျားတဲ့ခရီးကိုချီတက်လာရတာ၊ စစ်သူကြီးက မတိုက်ပဲ သူတို့တွေကို ရွှံ့နွံတွေကြားမှာ နေစေခဲ့ပြီး ရန်သူတွေကိုကျတော့ စားနပ်ရိက္ခာတွေစုလို့ရစေခဲ့တယ်။ စစ်သေနာပတိရဲ့အစီအစဉ်ဘယ်လိုရှိလည်းဆိုတာ မသိပါဘူး"
"ဝန်မင်းက စစ်ပွဲအကြောင်းကိုနားမလည်ဘူး။ ခင်ဗျားက အခြေအနေတွေမတူတာကို မမြင်နိုင်ဘူး။ မုန့်တာ(Meng Da) မှာ ရိက္ခာတွေအများကြီးရှိပြီး စစ်တပ်အင်အားက နည်းတယ်၊ ကျုပ်တို့တွေက သူ့ရဲ့ပြောင်းပြန်အခြေအနေမှာရှိခဲ့တယ်။ ဒါကြောင့် အဲ့အချိန်တုန်းက ချက်ချင်းကိုတိုက်ခိုက်ရတာဖြစ်တယ်။ အဲ့လိုလျက်တပြက်တိုက်တာကြောင့် ရန်သူကို အနိုင်ယူနိုင်ခဲ့တယ်။ အခုအခြေအနေကို ပြန်ကြည့်ပါဦး။ လျောင်တုန်းတပ်အင်အားက များပြီး ကျုပ်တို့က အင်အားနည်းတယ်။ သူတို့က မကြာခင် ငတ်ပြတ်တော့မယ့်အနေအထားမှာရှိပေမယ့် ကျုပ်တို့မှာက ရိက္ခာတွေရှိနေတယ်။ ဒါကို ဘာကြောင့် အတင်းတိုက်ခိုက်ရမှာတုန်း? ကျုပ်က ရန်သူ့တပ်သားတွေ တပ်ပြေးပြီးတဲ့အခါမှ မြို့ကိုသိမ်းမလို့စောင့်နေတာ။ မြို့တံခါးကိုပေးဖွင့်တာက ရန်သူ့ဘက်ကလူတွေ ထွက်ပြေးနိုင်အောင်ဖြစ်တယ်"
"ချန်ချွန်"(Chen Qun) မှ သဘောပေါက်ကာ ထိုဗျူဟာမှန်ကန်ကြောင်း ဝန်ခံခဲ့သည်။ "စီးမာယီ"(Sima Yi) မှ ရိက္ခာများပြတ်လပ်ခြင်းမရှိစေရန် လော့ရန်မှရိက္ခာအမြန်ပို့စေခဲ့သည်။

သို့သော် ထိုတိုက်ပွဲကို မြို့တော်မှထောက်ခံခြင်းမရှိခဲ့ပေ။ ဆက်သားရောက်လာသောအခါ ဝေဧကရာဇ်မှ အမှုထမ်းတို့နှင့်တိုင်ပင်ခဲ့သည်။ အမှုထမ်းတို့က
"လျောင်တုန်းမှာ မိုးအဆက်မပြတ်ရွာခဲ့တာ တစ်လရှိပါပြီ။ တပ်သားတွေလည်း ပင်ပန်းနေကြပြီ။ စီးမာယီ(Sima Yi) ကိုပြန်ခေါ်ပြီး ရာသီဥတုကောင်းမွန်မှ စစ်ကိုတဖန်ပြန်တိုက်သင့်ပါတယ်"
ဝေဧကရာဇ်မှ
"ကျုပ်တို့တပ်ရဲ့ခေါင်းဆောင်က အရည်အချင်းအပြည့်ဝဆုံးဖြစ်တာကြောင့် ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်တယ်။ သူက အခြေအနေတွေကိုနားလည်ပြီး အစီအစဉ်တွေရေးဆွဲနိုင်သူဖြစ်တယ်။ သူသေချာပေါက်အောင်မြင်မှာပဲ။ ဒါကြောင့် ဝန်မင်းတို့က ရက်အနည်းငယ်စောင့်ကြည့်ပါဦး။ ရလဒ်နဲ့ပတ်သတ်ပြီး စိုးရိမ်မနေပါနဲ့"
"ချောင်ရေ့"(Cao Rui) သည် ကန့်ကွက်မှုတို့ကို နားမထောင်ခဲ့ပဲ ရိက္ခာများပို့ပေးခဲ့သည်။

ရက်အနည်းငယ်ကြာသောအခါ မိုးတိတ်သွားပြီး ရာသီဥတုသာယာနေခဲ့သည်။ ထိုညတွင် "စီးမာယီ"(Sima Yi) သည် စခန်းအပြင်ထွက်ကာ ကောင်းကင်ကြီးကိုလေ့လာခဲ့သည်။ ရုတ်တရတ် ကြီးမားသောကြယ်ကြီးသည်  ရှို့စန်းတောင်ဘက်မှ ရှန်းဖင်သို့ ကြွေကျတွဟားခဲ့သည်။ ထိုအခြင်းအရာကြောင့် တပ်သားတို့မှာ ထိတ်လန့်သွားသော်လည်း ခေါင်းဆောင်မှာ ဝမ်းသာနေခဲ့သည်။
"ငါးရက်အကြာ အဲ့ကြယ်ကြွေသွားတဲ့နေရာမှာ ကုန်းစွန်းယွမ်(Gongsun Yuan) အသတ်ခံရလိမ့်မယ်။ ဒါကြောင့် အားသွန်ခွန်စိုက်တိုက်ကြ"
နောက်ရက် အရုဏ်တက်ချိန်တွင် မြို့ရိုးကိုဖျက်စီးရန် ခဲပစ်ယန္တရားစက်များ၊ မြို့ရိုးပေါ်တက်နိုင်ရန်လှေကားများဖြင့် ရန်သူတို့ကို တိုက်ခဲ့သည်။ ညမိုးချုပ်သော်လည်း တိုက်ပွဲမှာ အဆုံးမသတ်ခဲ့ပေ။ မြို့တွင်းသို့မြားတို့သည် မိုးရွာချသကဲ့သို့ကျလာခဲ့သည်။

မြို့တွင်းဝယ် ကျန်ရစ်တဲ့ရိက္ခာတို့သည်လည်း မကြာမီတွင် ပြတ်လပ်သွားခဲ့သည်။ မြင်းနှင့်နွားတို့ကိုသတ်ကာ စားသောက်ခဲ့ရသည်။ စစ်သားတို့သည် ဆန့်ကျင်ကြပြီး စိတ်ပါလက်ပါ မတိုက်ခိုက်ကြတော့ပေ။ ထို့အပြင် "ကုန်းစွန်းယွမ်"(Gongsun Yuan) ကိုလုပ်ကြံမည်ဟူသောကောလာဟလများသည် မြို့တွင်းဝယ် ပြန့်နေခဲ့သည်။
"ကုန်းစွန်းယွမ်"(Gongsun Yuan) သည် စိတ်ဓာတ်ကျကာ ကြောက်ရွံ့ပြီး ငြိမ်းချမ်းရေးယူလိုခဲ့သည်။ ဝန်ကြီးချုပ် "ဝမ်ကျန်း"(Wang Jian) နှင့် နန်းတွင်းကြပ်မတ်ရေးမှူး "လျူဖူ"(Liu Fu) တို့ကိုလွှတ်ကာ "စီးမာယီ"(Sima Yi) အား ငြိမ်းချမ်းရေးယူရန် တောင်းပန်ခဲ့သည်။ ထိုသူနှစ်ဦးတို့အပြင်သို့ထွက်ရန် မြို့ရိုးပေါ်မှ ကြိုးဖြင့်ဆွဲကာ အောက်သို့တဖြည်းဖြည်းချခဲ့ရသည်။ ထိုနည်းမှလွဲပြီး အပြင်ထွက်ရန်နည်းမရှိခဲ့ပေ။
"ဝမ်ကျန်း"(Wang Jian) နှင့် "လျူဖူ"(Liu Fu) တို့သည် အပြင်သို့ရောက်သောအခါ "စီးမာယီ"(Sima Yi) နှင့်တွေ့ကာ
"စစ်သေနာပတိ၊ ကျေးဇူးပြုပြီး ခုနစ်မိုင်အကွာကိုပြန်ဆုတ်သွားပေးပါ။ ဒါဆို ကျွန်တော်တို့ထွက်လာပြီး လက်နက်ချပါ့မယ်"

"စီးမာယီ"(Sima Yi) မှ
"ဘာကြောင့် ကုန်းစွန်းယွမ်(Gongsun Yuan) ကိုယ်တိုင်မလာရတာလဲ? သူက ရိုင်းပျတာပဲ" ဟုပြောပြီး သံတမန်နှစ်ဦးကို သေဒဏ်ပေးခဲ့ပြီး ခေါင်းတို့ကိုမြို့တွင်းသို့ ပြန်ပို့စေသည်။ "ကုန်းစွန်းယွမ်"(Gongsun Yuan) သည် ထိတ်လန့်သွားခဲ့ပြီး နောက်တစ်ကြိမ်ကြိုးစားကြည့်ရန် အထက်တန်းအကြံပေးအရာရှိ "ဝေရင်း"(Wei yin) ကိုလွှတ်လိုက်သည်။ "စီးမာယီ"(Sima Yi) မှ အမှုထမ်းများအလည်တွင်ထိုင်ကာ သံတမန်နှင့်တွေ့ဆုံခဲ့သည်။ "ဝေရင်း"(Wei Yin) မှ ဒူးထောက်ပြီး အသနားခံလေသည်။
"စစ်သေနာပတိ၊ ကျွန်တော်တို့အပေါ်ထားတဲ့အမျက်ဒေါသကိုဖြေလျှော့ဖို့ တောင်းပန်ပါတယ်။ ကျွန်တော်တို့ဘက်က အရိုက်အရာဆက်ခံဖို့လျာထားသူ ခေါင်းဆောင်ရဲ့သားဖြစ်တဲ့ ကုန်းစွန်းရှို့(Gongsun Xiu) ကို ဓားစာခံအနေနဲ့ပေးပါ့မယ်။ ဒါ့အပြင် အမှုထမ်းတွေအကုန်လုံးကိုလည်း ကြိုးချည်နှောင်ပြီး သေနာပတိရှေ့ကိုပို့စေပါမယ်"
"ဘယ်လိုတပ်မျိုးအတွက်ပဲဖြစ်ဖြစ် နည်းလမ်းငါးမျိုးရှိတယ်။ တိုက်ခိုက်နိုင်ရင် တိုက်၊ မတိုက်နိုင်ရင် ခုခံ၊ မခုခံနိုင်ရင် ထွက်ပြေး၊ မပြေးနိုင်ရင် လက်နက်ချ၊ လက်နက်မချနိုင်ရင်တော့ သေဖို့ပဲရှိတယ်။ ဒီနည်းလမ်းငါးမျိုးလည်း ခင်ဗျားတို့အတွက်ရှိနေတယ်၊ ဓားစာခံလာပေးလည်း အလကားပဲ။ ဒီအကြောင်းကို ခင်ဗျားသခင်ကိုပြန်ပြောလိုက်ပါ"
"ဝေရင်း"(Wei Yin) သည် သူ့ခေါင်းပေါ်တွင် လက်တင်ကာ ကြွက်စုတ်ကဲ့သို့ထွက်ပြေးခဲ့သည်။ သူသည် မြို့တွင်းသို့ဝင်ပြီး အကြောင်းအရာတို့ကိုပြောပြခဲ့သည်။


ကုန်းစွန်းသားအဖတို့သည် ထွက်ပြေးရန်ဆုံးဖြတ်လိုက်သည်။ သူတို့သည် မြင်းသည်တော်တပ်တစ်ထောင်ကိုရွေးချယ်ကာ ညလူခြေတိတ်ချိန်တွင် တောင်ဘက်တံခါးကိုဖွင့်ပြီး ထွက်လာသည်။ သူတို့သည် အရှေ့ဘက်သို့သွားမည့်လမ်းကိုရွေးချယ်ခဲ့ပြီး ရန်သူတို့ကိုမမြင်သောကြောင့် ဝမ်းမြောက်နေခဲ့သည်။ သုံးမိုင်ခန့်ရောက်သောအခါ ကျယ်လောင်သောပေါက်ကွဲသံကိုကြားပြီး ဗုံသံ၊ ခရာသံတို့ကိုကြားလိုက်ရကာ တပ်တစ်တပ်ကိုမြင်တွေ့ခဲ့သည်။ ခေါင်းဆောင်မှာ "စီးမာယီ"(Sima Yi) ဖြစ်ပြီး သူ့သားနှစ်ဦးဖြစ်သည့် "စီးမာရှီ"(Sima Shi) နှင့် "စီးမာကျောင်း"(Sima Zhao) တို့သည် ကူညီရန်လိုက်ပါခဲ့သည်။
သားနှစ်ဦးမှ
"သူပုန်၊ ဘယ်ပြေးမလဲ"
"ကုန်းစွန်းယွမ်"(Gongsun Yuan) သည် မြင်းကို ကဆုန်စိုင်းစီးသွားခဲ့သည်။ ထိုအခါ "ဟူကျွန်း"(Hu Zun) ၊ "ရှဟိုပါ့"(Xiahou Ba) ၊ "ရှဟိုဝေ"(Xiahou Wei) ၊ "ကျန်းဟူ"(Zhang Hu) နှင့် "ယွဲ့ချန်"(Yue Chen) တို့သည် သူတို့တပ်များနှင့်အတူ ဝန်းရံထားလိုက်သောကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားခဲ့သည်။ ထွက်ပြေးလွတ်မြောက်ရန်မဖြစ်နိုင်သောကြောင့် "ကုန်းစွန်းယွမ်"(Gongsun Yuan) သည် သူ့သားနှင့်အတူ မြင်းပေါ်မှဆင်းလာကာ လက်နက်ချလေသည်။
"စီးမာယီ"(Sima Yi) သည် ထိုသူနှစ်ဦးတို့ကိုမကြည့်ပဲ သူ့အမှုထမ်းတို့ဘက်လှည့်ကာ
"ဒီနယ်မြေပေါ်ကိုကြယ်ကြွေသွားခဲ့တာ ဒီနေ့က ငါးရက်မြောက်နေ့ပဲ။ အခု အဲ့အတိတ်နိမိတ်က တကယ်ဖြစ်လာပြီ"
အားလုံးက သူ့ကိုဂုဏ်ပြုကြသည်။
"စစ်သေနာပတိဟာ တကယ့်ကိုတခြားလူတွေထက် ထူးချွန်ပါပေတယ်"

"ကုန်းစွန်းယွမ်"(Gongsun Yuan) နှင့် "ကုန်းစွန်းရှို့"(Gongsun Xiu) တို့ကိုသတ်လိုက်ပြီး "စီးမာယီ"(Sima Yi) သည် ရှန်းဖင်ကိုဝန်းရံတိုက်ခိုက်ရန် ပြန်လာခဲ့သည်။ သို့သော် သူပြန်မရောက်ခင်မှာပင် "ဟူကျွန်း"(Hu Zun) ၏တပ်က မြို့ထဲဝင်နိုင်ခဲ့ပြီဖြစ်သည်။ "စီးမာယီ"(Sima Yi) ဝင်သွားသောအခါ သူ့ကိုရိုသေစွာကြိုဆိုကြပြီး သူဖြတ်သွားတိုင်း အမွှေးတိုင်ထွန်းကြလေသည်။ ထို့နောက် နေထိုင်ရန်အိမ်သို့သွားခဲ့ပြီးနောက် "ကုန်းစွန်းယွမ်"(Gongsun Yuan) ၏ဆွေမျိုးအားလုံးနှင့်ပုန်ကန်ရာတွင် အကူအညီပေးခဲ့သူအားလုံးတို့ကို ခေါင်းဖြတ်သတ်စေခဲ့သည်။ ခေါင်းအရေအတွက်မှာ ခုနစ်ဆယ်ရှိခဲ့သည်။
မြို့ကိုသိမ်းကာ ရန်သူတို့ကိုချေမှုန်းပြီးနောက် "စီးမာယီ"(Sima Yi) မှ ပြည်သူတို့ထံမှယုံကြည်မှုများရရှိစေရန် ကြော်ငြာစာတမ်းများကပ်စေခဲ့သည်။
လူအချို့တို့မှ
"ဒီပုန်ကန်မှုကို ကျားဖန်(Jia Fan) နဲ့ လွန်ကျီ(Lun Zhi) တို့က ဆန့်ကျင်ခဲ့လို့ သေဒဏ်ပေးခံခဲ့ရတယ်" ဟုပြောကြသည်။ ထို့ကြောင့် "စီးမာယီ"(Sima Yi) မှ ထိုသူနှစ်ဦးအတွက် အုတ်ဂူဆောက်ပေးကာ သူတို့၏သားများကို ရာထူးများပေးခဲ့သည်။ ဘဏ္ဍာတိုက်တွင်ရှိသည်တို့ကို တပ်သားများအား ဆုလာဘ်အနေဖြင့်ခွဲဝေစေခဲ့ပြီး တပ်ဖွဲ့ကြီးသည် လော့ရန်သို့ပြန်ချီတက်လာခဲ့သည်။

တစ်ညသော် အေးမြသောလေပြင်းကြောင့် မီးတို့ကိုငြိမ်းသွားစေသောအခါ ဝေဧကရာဇ်သည် လန့်နိုးသွားခဲ့သည်။ ထိုအချိန်ဝယ် သေဆုံးသွားခဲ့သော မောက်မိဖုရားနှင့်နန်းတွင်းသူအချို့သည် သူ့အိပ်ရာအနားသို့လာကာ သူ့အသက်ကိုပေးရန် တောင်းဆိုနေကြသည်။ ဧကရာဇ်သည် လွန်စွာမှတုန်လှုပ်သွားခဲ့ပြီး သေလုမြောပါးရောဂါစွဲကပ်ခဲ့သည်။
ထို့ကြောင့် လျှို့ဝှက်ဆွေးနွေးရန်အတွက် အမှုထမ်း "လျူဖန်"(Liu Fang) နှင့် "စွန်းကျီ"(Sun Zi) တို့ကိုခေါ်ခဲ့သည်။ ထို့ပြင် စစ်သေနာပတိနှင့်ရင်ခွင်ပိုက်အုပ်ချုပ်သူအဖြစ်ထမ်းဆောင်ရန် ညီဖြစ်သူ ယန့်မင်းသား "ချောင်ယွီ"(Cao Yu) ကိုမြို့တော်သို့ဆင့်ခေါ်ခဲ့သည်။ သို့သော် "ချောင်ယွီ"(Cao Yu) မှာ မိမိကိုယ်ကိုနှိမ့်ချတတ်သူဖြစ်ပြီး အာဏာတို့ကိုမက်မောသူမဟုတ်သောကြောင့် ထိုမြင့်မားသောရာထူးနှင့်တာဝန်တို့ကို ငြင်းပယ်ခဲ့သည်။

ဝေဧကရာဇ်မှ သူ၏လူယုံတော်အကြံပေးများဖြစ်သော"လျူဖန်"(Liu Fang) နှင့် "စွန်းကျီ"(Sun Zi) တို့အားမေးခဲ့သည်။
"ချောင်မိသားစုတွေထဲမှာ အိမ်ရှေ့စံကိုဘယ်သူကူညီနိုင်မလဲ"
"လျူဖန်"(Liu Fang) နှင့် "စွန်းကျီ"(Sun Zi) တို့သည် "ချောင်ကျန်း"(Cao Zhen) ၏အကူအညီကိုယူခဲ့ဖူးသောကြောင့်
"ချောင်ကျန်း(Cao Zhen) ရဲ့သား ချောင်ရွှမ်(Cao Shuang) ကလွဲရင် ဒီတာဝန်ကိုထမ်းဆောင်နိုင်တဲ့လူမရှိပါဘူး" ဟုဖြေခဲ့ကြသည်။
ဝေဧကရာဇ်မှလက်ခံခဲ့သောကြောင့် "ချောင်ရွှမ်"(Cao Shuang) သည် တန်ခိုးဩဇာကြီးလာခဲ့သည်။

ထို့နောက် "လျူဖန်"(Liu Fang) နှင့် "စွန်းကျီ"(Sun Zi) တို့မှ လျှောက်တင်ကြသည်။
"ချောင်ရွှမ်(Cao Shuang) ကိုတာဝန်ကြီးပေးဖို့ ရွေးချယ်ပြီးပြီဆိုတော့ ယန့်မင်းသား ချောင်ယွီ(Cao Yu) ကို မြို့တော်ကပြန်ထွက်စေပြီး သူ့နယ်ဖြစ်တဲ့ ယန့်ပြည်ကိုပြန်သွားစေသင့်ပါတယ်"
ဝေဧကရာဇ်မှ သဘောတူခဲ့ပြီး အမိန့်တော်ထုတ်ပြန်ကာ ထိုသူနှစ်ဦးကိုလွှတ်ပြီး "ချောင်ယွီ"(Cao Yu) ထံပေးအပ်စေခဲ့သည်။
"မင်းသားက ကိုယ့်နယ်ကိုပြန်ပြီး အမိန့်မရှိပဲ နန်းတွင်းကိုပြန်မလာဖို့ ဧကရာဇ်ကိုယ်တိုင် အမိန့်တော်ရေးခဲ့တယ်"
"ချောင်ယွီ"(Cao Yu) က ငိုကြွေးခဲ့သော်လည်း အမိန့်ကိုလက်ခံကာ ထွက်သွားခဲ့သည်။ ထို့နောက် "ချောင်ရွှမ်"(Cao Shuang) သည် စစ်သေနာပတိနှင့် ရင်ခွင်ပိုက်အုပ်ထိန်းသူဖြစ်လာပြီး အုပ်ချုပ်ရေးတာဝန်တို့ကိုကိုင်တွယ်ခဲ့သည်။

ဝေဧကရာဇ်၏ရောဂါအခြေအနေသည် ဆိုးရွားလာခဲ့သောအခါ အခွင့်အာဏာကိုယ်စားပြုအလံနှင့်အတူ တမန်တစ်ဦးကိုလွှတ်ပြီး "စီးမာယီ"(Sima Yi) အား နန်းတော်အတွင်းသို့ခေါ်စေသည်။ သူရောက်လာသည်နှင့် ဧကရာဇ်၏အဆောင်တော်သို့ချက်ချင်းခေါ်သွားစေခဲ့သည်။
"ကျုပ် ခင်ဗျားကိုမတွေ့တော့မှာစိုးရိမ်နေတာ။ အခုတော့ စိတ်ချလက်ချသွားလို့ရပြီ"
စစ်သူကြီးမှအရိုအသေပြုကာ
"လမ်းမှာ အရှင်မင်းကြီးက ဖျားနာနေတယ်ဆိုတာကြားသိရတော့ ကျွန်တော်မြန်မြန်လာနိုင်ဖို့အတောင်ပံမရှိတဲ့အပေါ် စိတ်ပျက်ခဲ့မိတယ်။ ဒါပေမယ့် အခု နဂါးရဲ့မျက်နှာတော်ကိုမြင်ရတော့ ဝမ်းမြောက်မိပါတယ်"
ထို့နောက် အိမ်ရှေ့စံ "ချောင်ဖန်း"(Cao Fang) အပြင် "ချောင်ရွှမ်"(Cao Shuang) ၊ "လျူဖန်"(Liu Fang) ၊ "စွန်းကျီ"(Sun Zi) နှင့်လူအချို့တို့ကို ဧကရာဇ်၏ညောင်စောင်းအနီးသို့ခေါ်ခဲ့သည်။

သေအံ့ဆဲဆဲဧကရာဇ်မှ "စီးမာယီ"(Sima Yi) ၏လက်ကိုကိုင်ပြီး
"ပိုင်တိချန်မှာ လျူပေ့(Liu Bei) သေဆုံးခါနီး သူ့သားတော်ကို ကျူးကဲလျန့်(Zhuge Liang) လက်ထဲအပ်ခဲ့တယ်။ ကျူးကဲလျန့်(Zhuge Liang) က သူ့တာဝန်ကိုအဆုံးတိုင်ရွက်ဆောင်ခဲ့တာ သူသေဆုံးတဲ့အထိပါပဲ။ ဒီလိုမျိုးအပြုအမူက ပြိုပျက်လုနီးပါးတိုင်းပြည်ငယ်လေးမှာတောင်ရှိရင် ကျုပ်တို့လိုတိုင်းပြည်ကြီးမှာ မရှိပဲနေပါ့မလား။ ကျုပ်သားတော်က အသက်ရှစ်နှစ်သာရှိပြီး အုပ်ချုပ်မှုတာဝန်တွေ မလုပ်ဆောင်နိုင်သေးဘူး။ ဒါကြောင့် သူ့ဘေးမှာ ခင်ဗျားလိုလူမျိုးတွေနဲ့ဆွေတော်မျိုးတော်တွေက ဝိုင်းဝန်းကူညီပြီးတော့ အတွေ့အကြုံတွေရစေဖို့လိုအပ်တယ်။ ကျုပ်အတွက်ကြောင့် သူက မိတ်ဆွေနည်းမှာတော့မဟုတ်ဘူး"
ထို့နောက် မင်းသားငယ်ဘက်လှည့်ကာ
"မိတ်ဆွေကြီး စီးမာယီ(Sima Yi) ကို ဖခမည်းတော်လိုသဘောထားပြီး ရိုသေလေးစားသမှုနဲ့ဆက်ဆံပါ"
"ချောင်ရေ့"(Cao Rui) မှ မင်းသားငယ်ကိုခေါ်လာရန် "စီးမာယီ"(Sima Yi) အားပြောလိုက်သည်။ ထိုအခါ သူငယ်သည် "စီးမာယီ"(Sima Yi) ၏လယ်ပင်းကိုဖက်တွယ်ထားလေသည်။
"ချောင်ရေ့"(Cao Rui) က ငိုပြီး
"သူ့ရဲ့ချစ်ခင်မှုကို ဘယ်တော့မှမမေ့ပါနဲ့" ဟုပြောခဲ့သည်။ "စီးမာယီ"(Sima Yi) လည်း ငိုကြွေးလေသည်။ သေလုမြောပါးလူသည် သားဖြစ်သူကိုလက်ညှိုးညွှန်ကာ စကားမပြောနိုင်တော့ပဲ မေ့မြောသွားခဲ့သည်။ မကြာခင်တွင် နတ်ရွာစံလေသည်။ "ချောင်ရေ့"(Cao Rui) သည် တိုင်းပြည်ကို တစ်ဆယ့်သုံးနှစ်အုပ်ချုပ်ခဲ့ပြီး အသက် ၃၆ နှစ်အရွယ်တွင် နတ်ရွာစံသည်။ သူနတ်ရွာစံချိန်မှာ ကျင်ချူးနှစ်(ကောင်းမွန်ခြင်းတို့၏အစ) တတိယနှစ် [အေဒီ ၂၃၉] ပထမဆုံးလဖြစ်သည်။

အချိန်မလင့်စေပဲ ဧကရာဇ်အသစ်ကိုနန်းတင်ခဲ့ကြပြီး ဧကရာဇ်ကိုထောက်ပံ့သူတို့မှာ "စီးမာယီ"(Sima Yi) နှင့် "ချောင်ရွှမ်"(Cao Shuang) ဖြစ်သည်။ ဧကရာဇ်၏နာမည်မှာ "ချောင်ဖန်း"(Cao Fang) ဖြစ်ပြီး "ချောင်ရေ့"(Cao Rui) ၏မွေးစားသားဖြစ်လေသည်။ သူ့ကို နန်းတွင်းထဲတွင် တိတ်ဆိတ်စွာပျိုးထောင်ခဲ့ပြီး သူ့နောက်ကြောင်းရာဇဝင်ကို မည်သူမျှမသိကြပေ။
နတ်ရွာလားခဲ့သောဧကရာဇ်ကို အသိဉာဏ်ကြွယ်သော ရေ့(Rui) ဧကရာဇ်ဟုခေါ်တွင်စေပြီး ကောင်းဖင်သုဿန်တွင်မြုပ်နှံခယ်ခယ်သည်။ ကောမိဖုရားကြီးသည် မယ်တော်မိဖုရားကြီးဖြစ်လာခဲ့သည်။ အုပ်ချုပ်မှုနှစ်အသစ်ကို မှန်ကန်ခြင်း၏အစ(ကျန့်ရှီ) ဟုခေါ်တွင်စေသည်။ "ချောင်ရွှမ်"(Cao Shuang) နှင့် "စီးမာယီ"(Sima Yi) တို့မှဦးဆောင်ပြီး တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ကြသည်။ ကိစ္စအဝဝတွင် "ချောင်ရွှမ်"(Cao Shuang) ၏အကြံဉာဏ်ကိုလေးစားလိုက်လျောခဲ့ပြီး "စီးမာယီ"(Sima Yi) မသိပဲ မည်သည့်အရာမှမလုပ်ခဲ့ပေ။

"ချောင်ရွှမ်"(Cao Shuang) သည် နန်းတွင်းတွင်လူသစ်မဟုတ်ပေ။ "ချောင်ရေ့"(Cao Rui) သည် သူ၏ကြိုးစားမှုအပေါ်လေးစားခဲ့ပြီး အင်မတန်မှနှစ်သက်သည်။ သူသည် နန်းတွင်းသို့ တံခါးမရှိဓားမရှိဝင်ရောက်နိုင်ပြီး သူ့လက်အောက်တွင် အမှုထမ်းပေါင်းငါးရာရှိလေသည်။ ထိုသူတို့ထဲတွင် လူပေါ်ကြော့ငါးဦးပါဝင်ခဲ့သည်။ ထိုသူတို့မှာ"ဟဲရန်"(He Yan) ၊ "တန်းရန်"(Deng Yang) ၊ "လီရှန်"(Li Sheng) ၊ "တင်းမီ"(Ding Mi) နှင့် "ပီကွေ့"(Bi Gui) တို့ဖြစ်ကြသည်။ ထိုသူတို့အပြင် စိုက်ပျိုးမွေးမြူရေးဝန်ကြီးဖြစ်သည့် "ဟွမ်ဖန်"(Huang Fan) လည်း ပါဝင်သည်။ "ဟွမ်ဖန်"(Huang Fan) သည် အရည်အချင်းရှိသောဖြစ်သောကြောင့် ဗဟုသုတအိတ်ကြီးဟုခေါ်ကြသည်။ ထိုခြောက်ဦးတို့မှာ "ချောင်ရွှမ်"(Cao Shuang) ၏အယုံကြည်ရဆုံးအမှုထမ်းများဖြစ်လေသည်။
တစ်ရက်သော် "ဟဲရန်"(He Yan) မှ
"သခင်ကြီးရဲ့အာဏာတွေကို တခြားလူလက်ထဲရောက်သွားလို့မဖြစ်ဘူး။ အဲ့လိုဖြစ်ရင် နောင်တရပါလိမ့်မယ်"
"စီးမာယီ(Sima Yi) ရော၊ ကျုပ်ရောက အရင်ဧကရာဇ်ရဲ့ယုံကြည်မှုကိုရရှိတာကြောင့် အဲ့အတိုင်းလုပ်ဆောင်နေတာဖြစ်တယ်"
"သခင်ကြီးရဲ့ဖခင်နဲ့ စီးမာယီ(Sima Yi) တို့ဟာ အနောက်ဘက်မှာ စစ်နိုင်နေတုန်းက စီးမာယီ(Sima Yi) ရဲ့အကျင့်တွေကြောင့် သခင်ကြီးရဲ့ဖခင်ဟာ ဒုက္ခရောက်ပြီး နောက်ဆုံးမှာ သေဆုံးခဲ့ရတယ်မဟုတ်လား။ ဒါကို မမေ့သင့်ပါဘူး"
"ချောင်ရွှမ်"(Cao Shuang) သည် ရုတ်တရတ်နိုးထလာသကဲ့သို့ ဖြစ်သွားသည်။

တစ်ရက်တွင် မှူးကြီးမတ်ရာအများစု၏သဘောတူညီချက်ဖြင့် ဧကရာဇ်ထံသဝဏ်လွှာဆက်ခဲ့သည်။
"စီးမာယီ(Sima Yi) ရဲ့စွမ်းဆောင်ချက်တွေကြောင့် သူ့ကို ပလ္လင်စောင့်ပုဂ္ဂိုလ်အဖြစ်တိုးမြင့်ခန့်အပ်သင့်ပါတယ်"
ထိုသို့ရာထူးတိုးစေခဲ့သောအခါ "စီးမာယီ"(Sima Yi) သည် အရပ်သားအမှုထမ်းဖြစ်သွားခဲ့ပြီး စစ်အုပ်ချုပ်မှုအာဏာအလုံးစုံတို့သည် "ချောင်ရွှမ်"(Cao Shuang) လက်ထဲရောက်သွားခဲ့သည်။ ထိုသို့အောင်မြင်လာသောအခါ "ချောင်ရွှမ်"(Cao Shuang) သည် သူ၏ညီနောင်တို့အား မြင့်မားသည့်ရာထူးများပေးခဲ့သည်။ "ချောင်ရှီး"(Cao Xi) ကို ဗဟိုတပ်စစ်သူကြီးရာထူး၊ "ချောင်ရွှင်"(Cao Xun) ကို နန်းတွင်းအစောင့်တပ်စစ်သူကြီး၊ "ချောင်ရန်"(Cao Yan) ကို မြင်းသည်တော်တပ်စစ်သူကြီးရာထူးများပေးအပ်ခဲ့သည်။ သူတို့တစ်ယောက်ချင်းစီတွင် နန်းတွင်းအစောင့်တပ်သုံးထောင်ရှိပြီး နန်းတွင်းသို့စိတ်ကြိုက်ဝင်ထွက်ခွင့်ရှိသည်။ ထို့အပြင် သူ၏မိတ်ဆွေသုံးဦးဖြစ်သည့် "ဟဲရန် "(He Yan) ၊ "တန်းရန်"(Deng Yang) နှင့် "တင်းမီ"(Ding Mi) တို့အား ဝန်ကြီးများအဖွဲ့ခေါင်းဆောင်၊ "ပီကွေ့"(Bi Gui) ကို မြို့တော်ကြီးကြပ်ရေးတပ်အရာရှိနှင့် "လီရှန်"(Li Shen) ကို ဟဲနန်မြို့စားအဖြစ် ခန့်အပ်ခဲ့သည်။ ထိုသူငါးဦးတို့နှင့်သူတို့၏သက်ဆိုင်သူတို့သည် တိုင်းပြည်ကိုအုပ်ချုပ်ခြယ်လှယ်ခဲ့ကြသည်။

"ချောင်ရွှမ်"(Cao Shuang) သည် သူ့ကိုထောက်ခံသူများ တဖြည်းဖြည်းများလာအောင်လုပ်ခဲ့ပြီး "စီးမာယီ"(Sima Yi) မှာ နေမကောင်းဟုဆိုကာ တိုင်းပြည်ကိစ္စတို့တွင် ပတ်သတ်ခြင်းမရှိတော့ပေ။ သူ၏သားနှစ်ဦးသည်လည်း ရာထူးမှနှုတ်ထွက်သွားကြသည်။ "ချောင်ရွှမ်"(Cao Shuang) နှင့်အပေါင်းအပါတို့သည် ပျော်ရွှင်မှုနောက်သာလိုက်ခဲ့ကြပြီး နေ့ရောညပါ သောက်စားပျော်ပါးနေခဲ့သည်။ သူတို့၏အဝတ်အစားနှင့်အိမ်ထောင်ပရိဘောဂဒီဇိုင်းတို့ကို နန်းတွင်းပုံစံနှင့်ဆင်အောင်တုပခဲ့သည်။ ပဏ္ဏာဆက်ပစ္စည်းများဖြစ်သည့် ရတနာနှင့်ရှားပါးပစ္စည်းတို့သည် နန်းတွင်းသို့မရောတ်မီ "ချောင်ရွှမ်"(Cao Shuang) ၏အိမ်တော်သို့အရင်ရောက်ခဲ့သည်။ သူ၏အိမ်တော်တွင်လည်း လှပသောမိန်းမပျိုများဖြင့်ပြည့်နေခဲ့သည်။
နန်းတွင်းရေးရာဝန် "ကျန်းတန်"(Zhang Dang) မှ ဧကရာဇ်ဟောင်းထံတွင်ခစားခဲ့သောအပျိုတော်ဆယ့်ရှစ်ဦးကိုရွေးချယ်ကာ အာဏာရှိဝန်ကြီးထံပို့ခဲ့ပြီး "ချောင်ရွှမ်"(Cao Shuang) ကို ကပ်ဖားရပ်ဖားလုပ်ခဲ့သည်။ "ချောင်ရွှမ်"(Cao Shaung) ကလည်း ထိုသူ့အ
တွက် အကနှင့်ဂီတထူးချွန်သောအမျိုးသမီးကောင်းနှစ်ကျိပ်ကိုရွေးချယ်ပေးခဲ့သည်။ "ချောင်ရွှမ်"(Cao Shuang) သည် ဖျော်ဖြေမှုအတွက် လှပသောမျှော်စင်များ၊ ဇရပ်များဆောက်လုပ်စသည်။ ထို့အပြင် နာမည်ကြီး လက်မှုပညာရှင်တို့ကိုခေါ်ကာ ရွှေထည်၊ငွေထည်များလုပ်စေခဲ့သည်။
ဖင်ယွမ်မှ "ကွမ်းလု"(Guan Lu) ဆိုသူသည် ရှေ့ဖြစ်ဟောအတတ်ကိုကျွမ်းကျင်သူဖြစ်သောကြောင့် "ဟဲရန်"(He Yan) မှ ထိုသူနှင့် ပြောင်းလဲခြင်းစာအုပ်ကိုဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ ထိုဗေဒင်ဆရာရောက်လာသောအခါ "တန်းရန်"(Deng Yang) နှင့်အတူသွားတွေ့ခဲ့ပြီး "ဟဲရန်"(He Yan) မှ
"ခင်ဗျားကိုယ်ခင်ဗျား ကျွမ်းကျင်တဲ့ရှေ့ဖြစ်ဟောဆရာလို့ပြောထားတယ်မလား။ ဒါပေမယ့် ခင်ဗျားရဲ့ပြောစကားတွေက ပြောင်းလဲခြင်းစာအုပ်နဲ့မကိုက်ညီပါလား။ ဒါဘယ်လိုကြောင့်လဲ"
"နိမိတ်ဖတ်တဲ့လူက မူရင်းဘာသာစကားကိုသုံးစရာမလိုဘူး"
"ဟဲရန်"(He Yan) မှရယ်ပြီး
"ကောင်းမွန်တဲ့စကားဆို ငြီးငွေ့ဖွယ်မကောင်းဘူး။ ဒါပေမယ့် ခင်ဗျားစာချကြည့်ပြီး ကျုပ် အမြင့်ဆုံးရာထူးကိုရနိုင်မရနိုင် ပြောကြည့်ပါ။ ဘာလို့လည်းဆိုတော့ ကျုပ်က အိပ်မက်တစ်ခုကိုထပ်ခါထပ်ခါမက်ခဲ့လို့ပဲ။ အဲ့အိပ်မက်ထဲမှာ အပြာရောင်ယင်ကောင်တွေအများကြီးက ကျုပ်နှာခေါင်းပေါ်လာနားခဲ့တယ်"
"ကောင်းခိုင်(Gao Kai) နဲ့ကောင်းယွမ်(Gao Yuan) တို့က ရွှံ့ဘုရင်ကိုကူညီခဲ့တယ်။ ကျိုးနယ်စားကလည်း ကျိုးမင်းဆက်ရဲ့ချန်ဧကရာဇ်ကို ပံ့ပိုးခဲ့တယ်။ သူတို့တွေအားလုံးဟာ အကြင်နာစိတ်ရှိပြီး ကိုယ့်ကိုယ်ကိုနှိမ့်ချသူတွေဖြစ်တာကြောင့် ပျော်ရွှင်မှုကိုခံစားကြရတယ်။ ဒါပေမယ့် သခင်ကြီးဟာ ကြီးမားတဲ့ရာထူးတွေ၊ မြင့်မားတဲ့အာဏာတွေရှိပေမယ့် သခင်ကြီးအပေါ်လေးစားသူကနည်းပြီး ကြောက်ရွံ့သူကများတယ်။ ကံကောင်းမယ့်လမ်းကိုလျှောက်လှမ်းဖို့ သတိမမူနိုင်ခဲ့ဘူး။ နှာခေါင်းဆိုတာ ထင်ပေါ်ကျော်ကြားမှုကိုကိုယ်စားပြုတယ်။ ထင်ပေါ်ကျော်ကြားမှုက သူ့ဟာနဲ့သူဆို ဆက်ပြီး ကောင်းမွန်နေမှာဖြစ်ပေမယ့် အပြာရောင်ယင်ကောင်တွေလာနားတယ်ဆိုတာ ကျဆုံးခြင်းကို ကိုယ်စားပြုတာများလား။ ဒါကြောင့် ဆင်းရဲနွမ်းပါးသူတွေကိုကူညီပြီးတော့ လမ်းမှားကိုမလျှောက်မိဖို့ တိုက်တွန်းချင်ပါတယ်။ ဒါဆိုရင်တော့ တကယ်ကိုအမြင့်ဆုံးရာထူးကိုရရှိမှာဖြစ်ပြီး အပြာရောင်ယင်ကောင်တွေပျောက်ကွယ်သွားပါလိမ့်မယ်"

"တန်းရန်"(Deng Yang) : "ဒါက အသက်ကြီးသွားလို့အတင်းပြောစကားပဲဖြစ်တယ်"
"ကွမ်းလု"(Guan Lu): "သက်တမ်းကျန်ရှိခြင်းဟာ မတွေ့ကြုံရသေးတဲ့အရာတွေကိုကြုံနိုင်ဖို့ဖြစ်ပြီး အတင်းအဖျင်းဟာ မပြောထားတဲ့အရာတွေကိုကြိုလေ့လာသိရှိလို့ဖြစ်တယ်"
"ကွမ်းလု"(Guan Lu) သည် အင်္ကျီစကိုခါပြီး ထွက်သွားခဲ့သည်။
"သူက တကယ်ရူးသွပ်နေတာပဲ"
"ကွမ်းလု"(Guan Lu) အိမ်ပြန်သောအခါ သူ့ဦးလေးနှင့်တွေ့ပြီး ဖြစ်ကြောင်းကုန်စင်ကိုပြောခဲ့သည်။ ဦးလေးဖြစ်သူက ဖြစ်လာနိုင်မည့်အကျိုးဆက်နှင့်ပတ်သတ်ပြီး စိုးရိမ်သွားသည်။
"မင်း သူတို့ကိုဘာလို့စိတ်ဆိုးအောင်လုပ်လိုက်တာလဲ? သူတို့တွေက အာဏာရှိတော့ စော်ကားမော်ကားမလုပ်သင့်ဘူး"
"ဘာကြောက်စရာလိုသေးလဲ? သေခါနီးလူနှစ်ယောက်နဲ့ပြောတာပဲ"
"ဒါ ဘာကိုဆိုလိုတာလဲ"
"တန်းရန်(Deng Yang) လမ်းလျှောက်တဲ့ပုံစံက အရိုးမှာအရွတ်မရှိတော့ပဲ လျှောက်နေသလိုပဲ၊ ပြီးတော့ သူ့နှလုံးခုန်နှုန်းက ပုံမှန်မဟုတ်ဘူး။ သူမတ်တပ်ရပ်နေရင်လည်း ခြေလက်မရှိတဲ့လူလို ယိမ်းယိုင်နေတယ်။ ဒါဟာ ဝိညာဉ်က ကိုယ်မှာစွဲကပ်မနေလို့ဖြစ်တယ်။ ဟဲရန်(He Yan) ရဲ့ပုံစံကလည်း သူ့ဝိညာဉ်က သူ့ကိုယ်ကခွာတော့မလိုဖြစ်နေတယ်။ သူ့မှာသွေးမရှိတော့ပဲ ရေငွေ့တွေသာကျန်နေတယ်။ သူ့ပုံစံက သစ်ဆွေးအတိုင်းပဲ ဒါဟာ အမှောင်တောင်ကြားထဲရောက်သွားတဲ့ဝိညာဉ်ရဲ့ပုံစံပဲဖြစ်တယ်။ ဒီလူနှစ်ယောက်လုံးက မကြာခင်မှာ သေခြင်းဆိုးနဲ့သေရမှာဖြစ်တာမို့ စိုးရိမ်စရာမလိုပါဘူး"
ဦးလေးဖြစ်သူမှ သူ့ကိုရူးသွပ်သူဟုကြိမ်ဆဲကာ ထွက်သွားခဲ့သည်။

"ချောင်ရွှမ်"(Cao Shuang) နှင့်မိတ်ဆွေငါးဦးတို့သည် အမဲလိုက်ခြင်းကိုနှစ်သက်သောကြောင့် မကြာခဏ မြို့ပြင်ထွက်လေ့ရှိသည်။ "ချောင်ရွှမ်"(Cao Shuang) ၏ညီဖြစ်သူ "ချောင်ရှီး"(Cao Xi) မှ ထိုသို့လုပ်ဆောင်မှုနှင့်ပတ်သတ်ပြီး အန္တရာယ်များကြောင်းထောက်ပြကာ ကန့်ကွက်ခဲ့သည်။
"အစ်ကိုက ရာထူးကြီးကိုထမ်းရွက်ထားရပေမယ့် အမြဲအမဲလိုက်သွားနေခဲ့တယ်။ အကယ်၍ လူတွေကဒီအခွင့်အရေးကို အသုံးချသွားမယ်ဆိုရင် အစ်ကိုနောင်တရလိမ့်မယ်"
"ချောင်ရွှမ်"(Cao Shuang) က ထိုစကားအပေါ် ဒေါသထွက်ခဲ့သည်။
"စစ်တပ်တစ်ခုလုံးက ငါ့လက်ထဲမှာရှိတာ၊ ဘာကြောက်စရာလိုသေးလဲ"
စိုက်ပျိုးရေးဝန်ကြီး "ဟွမ်ဖန်"(Huang Fan) သည်လည်း ထိုနည်းလည်းကောင်း ကန့်ကွက်ခဲ့သည်။ "ချောင်ရွှမ်"(Cao Shuang) က နားမဝင်ခဲ့ပေ။

ကျန့်ရှီနှစ်ဒဿမနှစ်(အေဒီ ၂၄၉) သို့ရောက်သောအခါ ထိုနှစ်နာမည်ကိုပြောင်းလဲခဲ့ပြီး ကောင်းမွန်သောတည်ငြိမ်မှု(ကျာဖင်) ဟုခေါ်စေသည်။ "ချောင်ရွှမ်"(Cao Shuang) သည် စစ်တပ်အာဏာကိုအကြွင်းမဲ့ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်းတွင် အာဏာမဲ့သွားစေသောသူ၏ကျန်းမာရေးအခြေအနေမှန်ကို စစ်ဆေးခြင်းမရှိခဲ့ပေ။ ဝေဧကရာဇ်မှ "လီရှန်"(Li Sheng) ကို ချင်ကျိုးနယ်အုပ်ချုပ်ရန်လွှတ်စေသောအခါ "ချောင်ရွှမ်"(Cao Shuang) မှ "စီးမာယီ"(Sima Yi) ၏အခြေအနေကိုကြည့်ရှုစစ်ဆေးရန် "လီရှန်"(Li Sheng) ကိုလွှတ်ခဲ့သည်။
"လီရှန်"(Li Sheng) သည် အထက်တန်းဝန်ကြီး၏အိမ်တော်သို့ရောက်လာကာ ရောက်ကြောင်းကြေညာခဲ့သည်။ "စီးမာယီ"(Sima Yi) က တဖက်အကြံကိုကြိုသိသောအခါ သူ့သားတို့အား
"ချောင်ရွှမ်(Cao Shuang) က အဖေရဲ့အခြေအနေအမှန်ကိုသိချင်လို့ပဲ"
ထို့နောက် သူစီစဉ်ထားသည့်အတိုင်းလုပ်ဆောင်ရန် မှာကြားလိုက်ပြီး ဧည့်သည်ကိုဝင်လာစေသည်။ "စီးမာယီ"(Sima Yi) မှ ဦးပေါင်းကိုပစ်လိုက်ပြီး သူ့ဆံပင်တို့ကို မသေမသပ်ဖြစ်အောင်လုပ်ခဲ့သည်။ ထို့နောက် ကုတင်ပေါ်ကိုလှဲချလိုက်ပြီး အစေခံအမျိုးသမီးနှစ်ဦးအား တွဲထူစေသည်။ ထို့နောက် ဧည့်သည်ကိုအတွင်းသို့ဝင်လာရန် အိမ်စေတို့အားအမိန့်ပေးလိုက်သည်။

"လီရှန်"(Li Sheng) သည် အတွင်းသို့ဝင်လာပြီး လူမမာကိုမြင်သောအခါ
"ဝန်ကြီးနဲ့မတွေ့တာကြာပါပြီ။ ဝန်ကြီး ဒီလောက်ဖျားနာနေတယ်ဆိုတာ မသိခဲ့ဘူး။ အရှင်မင်းကြီးက ကျွန်တော့ကို ချင်ကျိုးကိုစေလွှတ်တော့ ကျွန်တော်က ဝန်ကြီးနဲ့လာတွေ့ပြီးနှုတ်ဆက်တာပါ"
"ဪ၊ ပင်းကျိုးက ဟိုးမြောက်ဘက်မှာပဲ။ သတိထားပြီး သွားပါ"    "စီးမာယီ"(Sima Yi) သည် သေချာမကြားသယောင်ဟန်ဆောင်ခဲ့သည်။
"ကျွန်တော်သွားတာ ချင်ကျိုးပါ။ ပင်းကျိုးမဟုတ်ပါဘူး"
"အိုး၊ ခင်ဗျားက ပင်းကျိုးက ပြန်လာတာလား"
"ဟွာစန်းတောင်တွေရှိတဲ့ ချင်ကျိုးပါ"
"ချင်ကျိုးက ပြန်လာတာမကြာသေးဘူးပေါ့ "      "စီးမာယီ"(Sima Yi) ကပြုံးကာ ပြောသည်။
"ပလ္လင်စောင့်ပုဂ္ဂိုလ်က ဒီလောက်တောင်ဖျားနာနေတာလား" ဟု "လီရှန်"(Li Sheng) မှအစေခံတို့ကိုမေးခဲ့သည်။
"ဝန်ကြီးက နားမကြားတော့ဘူး"
"ကျုပ်ကို စာရွက်နဲ့စုတ်တံပေးပါ"

စာရေးကိရိယာတို့ယူလာသောအခါ "လီရှန်"(Li Sheng) မှ သူပြောလိုသည်တို့ကို စာရေးပြီးပြောခဲ့သည်။
"ကျုပ်ရောဂါကြောင့် နားမကြားတော့ဘူး။ ခင်ဗျား လမ်းတလျှောက်ဂရုစိုက်ပါ"
ထို့နောက် ပါးစပ်ကိုလက်ဖြင့်ညွှန်ပြရာ မိန်းမပျိုတစ်ဦးမှ ဟင်းရည်ယူလာပြီး သောက်စေသည်။ သူသည် ဟင်းရည်သောက်သောအခါ အရည်တို့သည် အတန်ငယ်မှောက်သွားခဲ့ပြီး အဝတ်ကိုစိုသွားစေသည်။
"ကျုပ်က အင်အားချည့်နဲ့ပြီး နေမကောင်းဖြစ်နေတာ အချိန်မရွေးသေဆုံးနိုင်တယ်။ ကျုပ်သားတွေ သနားဖို့ကောင်းပါတယ်။ ခင်ဗျားကပဲ သူတို့ကို သင်ကြားပေးပါ။ ဒါ့အပြင် စစ်သေနာပတိကိုတွေ့ရင် ကျုပ်အစား သူတို့တွေကိုစောင့်ရှောက်ဖို့ပြောပေးပါ"
ထိုသို့ပြောပြီးနောက် "စီးမာယီ"(Sima Yi) သည် ကုတင်ပေါ်သို့ပြန်လှဲပြီး အမောဖောက်နေခဲ့သည်။ "လီရှန်"(Li Sheng) လည်း နှုတ်ဆက်ပြီး ပြန်ထွက်လာသည်။ ထိုအကြောင်းအရာတို့ကို "ချောင်ရွှမ်"(Cao Shaung) အားပြောသောအခါ သူ၏ပြိုင်ဘက်မှာ အသက်ရှင်ရန်အချိန်သိပ်မရှိတော့ပြီဟုတွက်ပြီး ပျော်နေခဲ့သည်။

ဧည့်သည်ထွက်သွားသောအခါ "စီးမာယီ"(Sima Yi) သည် အိပ်ရာမှထပြီး သူ့သားတို့ကို
"လီရှန်(Li Sheng) က ဒီအကြောင်းတွေကို ချောင်ရွှမ်(Cao Shuang) ကို သေချာပေါက်ပြောမှာပဲ။ သူက ကျုပ်ကိုကြောက်နေတော့မှာမဟုတ်ဘူး။ သူနောက်တစ်ခါ အမဲလိုက်ထွက်တဲ့အချိန်ကျရင် အဖေတို့တွေဘာလုပ်မယ်ဆိုတာ ကြည့်တာပေါ့"
မကြာမီ "ချောင်ရွှမ်"(Cao Shuang) သည် ဝေဧကရာဇ်သည် ဝေဧကရာဇ် "ချောင်ဖန်း"(Cao Fang) အား ယခင်ဧကရာဇ်နားစက်ရာ ကောင်းဖင်အုတ်ဂူသို့သွားပြီး ပူဇော်ရန်တိုက်တွန်းခဲ့သည်။ သို့နှင့် နန်းတွင်းလှည်းယာဉ်တော်၊ မှူးကြီးမတ်ရာအခြံအရံတို့နှင့်အတူ ထွက်သွားခဲ့ပြီး "ချောင်ရွှမ်"(Cao Shaung) နှင့်ညီများ၊ မိတ်ဆွေများလည်း အစောင့်အဖြစ်လိုက်ပါသွားကြသည်။
စိုက်ပျိုးရေးဝန် "ဟွမ်ဖန်"(Huang Fan) မှ တစ်ယောက်ယောက်လုပ်ကြံမည်ကိုစိုးရိမ်သောကြောင့် မြို့ထဲတွင် နေရစ်ခဲ့ရန်တိုက်တွန်းသည်။

"သခင်ကြီးက မြို့တော်ရဲ့လုံခြုံမှုကိုတာဝန်ယူထားရတာ၊ သခင်ကြီးရော၊ သခင်ကြီးရဲ့ညီနောင်တွေရော အားလုံး မြို့ပြင်ကိုမထွက်သင့်ဘူး။ အကယ်၍ ပုန်ကန်မှုရှိလာရင် ဘယ်လိုလုပ်မလဲ"
"ချောင်ရွှမ်"(Cao Shuang) မှ ဒေါသထွက်ကာ
"ဘယ်သူက ပြဿနာရှာရဲလဲ။ ခင်ဗျား ပေါက်ကရမပြောနဲ့" ဟုရိုင်းပျစွာပြောခဲ့သည်။
ထို့နောက် ဧကရာဇ်နှင့်အတူ လိုက်ပါသွားသည်။ ပြိုင်ဘက်ဖြစ်သူထွက်ခွာသွားသည်ကိုသိသော "စီးမာယီ"(Sima Yi) သည် ဝမ်းမြောက်သွားခဲ့ပြီး သူ၏ယုံကြည်ရသောမိတ်ဆွေများနှင့်လက်အောက်ငယ်သားတို့ကိုစုကာ သူ့ပြိုင်ဘက်၏အာဏာကိုသိမ်းယူရန် ကြံစည်ခဲ့သည်။


Comments

Popular posts from this blog

Lookism