သုံးနိုင်ငံခေတ်(၁၀၈)


အခန်း(၁၀၈) နှင်းများကြားဝယ် "တင်းဖုန်း"(Ding Feng) အနိုင်ရခဲ့ခြင်း။
စားသောက်ပွဲတွင် "စွန်းကျွင်း"(Sun Jun) သည် လျှို့ဝှက်အကြံကိုအကောင်အထည်ဖော်ခြင်း။

"ကျန်းဝေ"(Jiang Wei) သည် ပြန်ဆုတ်ခွာသည့်အခါ လမ်းပိတ်ထားသည့် "စီးမာရှီ"(Sima Shi) နှင့်ကြုံခဲ့ရသည်ကို ပြောခဲ့ပြီးဖြစ်သည်။ ထိုသို့ဖြစ်ခဲ့ရခြင်းမှာ "ကျန်းဝေ"(Jiang Wei) က ယုံကျိုးကိုတိုက်သည့်အချိန်တွင် "ကောဟွိုင်"(Guo Huai) မှ ခြေလျင်စစ်သားကို မြို့အောသို့စေလွှတ်ခဲ့သည်။ ထိုအခါ ဝေဧကရာဇ်မှ "စီးမာယီ"(Sima Yi) ကိုခေါ်ပြီး အကြံဉာဏ်တောင်းခဲ့လေသည်။ ဝန်ကြီးချုပ်၏သားကို တပ်သားငါးသောင်းနှင့် ယုံကျိုးသို့စစ်ကူသွားစေရန် ဆုံးဖြတ်ခဲ့သည်။ "စီးမာရှီ"(Sima Shi) သည် ရှူတပ်များစစ်ရှုံးသွားသည်ကိုသိသောအခါ ရန်သူတို့သည် အင်အားနည်းနေသည်ဟု ကောက်ချချလိုက်သည်။ ထို့ကြောင့် လမ်းတွင်တွေ့ကာ တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်၏။ သို့သော် ရန်ဖင်ခံတပ်အနီးတွင် "ကျူးကဲလျန့်"(Zhuge Liang) ပုံကြမ်းဆွဲထားခဲ့သည့်ဒူးလေးလက်နက်များမှာ စီရီလျက်ရှိနေသည်။ ထိုလက်နက်အများအပြားတို့သည် "ကျူးကဲလျန့်"(Zhuge Liang) ကွယ်လွန်ပြီးနောက်ပိုင်းတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိပ်များဖြင့်လူးထားသည်။
ဝေတပ်သားတို့အကျအရှုံးများခဲ့ပြီး  "စီးမာရှီ"(Sima Shi) သည် ကံကောင်းထောက်မစွာဖြင့်လွတ်မြောက်သွားကာ လော့ရန်သို့ပြန်ခဲ့သည်။

ချွီစန်းတံတိုင်းများပေါ်မှ ရှူစစ်သူကြီး "ကိုးအန်း"(Gou An) သည် ကြောင့်ကြနေလျက် စစ်ကူတို့ကိုစောင့်မျှော်နေခဲ့သော်လည်း ပေါ်မလာခဲ့ပေ။ ထို့ကြောင့် လက်နက်ချခဲ့လေသည်။ "ကျန်းဝေ"(Jiang Wei) သည်လည်း တပ်သားနှစ်သောင်း၊သုံးသောင်းခန့်ဆုံးရှုံးသွားပြီး ဟန်ကျုံးသို့ပြန်လာခဲ့သည်။

ကျာဖင်တတိယနှစ် (အေဒီ ၂၅၁) ရှစ်လပိုင်းတွင်  "စီးမာယီ"(Sima Yi) နေမကောင်းဖြစ်ခဲ့သည်။ သူ့ရောဂါအခြေအနေမှာဆိုးရွားလာခဲ့ပြီး ဤတောင်ကိုမကျော်နိုင်တော့ပြီဟု ခန့်မှန်းကာ သူ့သားနှစ်ဦးကိုခေါ်ပြီး နောက်ဆုံးအမှာစကားပြောခဲ့လေသည်။
"ငါ နှစ်ပေါင်းများစွာ ဝေပြည်မှာအမှုထမ်းခဲ့ပြီး ဝန်ကြီးတွေထဲမှာ အမြင့်ဆုံးသောရာထူးကိုရရှိခဲ့တယ်။ လူတွေက ငါ့မှာမကောင်းတဲ့ရည်မှန်းချက်တွေရှိတယ်လို့သံသယဖြစ်တဲ့အပေါ် ငါအကြောက်ဆုံးပဲ။ ငါသေသွားခဲ့ရင် အုပ်ချုပ်မှုက မင်းတို့နှစ်ယောက်လက်ထဲမှာရောက်သွားပြီ။ ဒါကြောင့် သတိကြီးကြီးထားပါ"
ထိုသို့ပြောနေရင်းမှာပင် "စီးမာယီ"(Sima Yi) ကွယ်လွန်သွားခဲ့သည်။ သားနှစ်ဦးတို့မှ ထိုအကြောင်းကို ဝေဧကရာဇ်အား လျှောက်တင်ခဲ့ရာ ဧကရာဇ်မှ သေဆုံးသူအား ကြီးမြတ်သောဂုဏ်ဒြပ်များပေးစေပြီး သားတို့ကိုလည်း ရာထူးတိုးစေသည်။ "စီးမာရှီ"(Sima Shi) ကို စစ်သေနာပတိရာထူးနှင့် ဝန်ကြီးအဖွဲ့ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပြီး "စီးမာကျောင်း"(Sima Zhao) ကို မြင်းပျံတပ်စစ်သူကြီးအဖြစ် ခန့်အပ်ခဲ့သည်။

ဝူပြည်ဘုရင် "စွန်းချွမ်"(Sun Quan) သည် သားဖြစ်သူ "စွန်းတန်း"(Sun Deng) ကို အရိုက်အရာဆက်ခံရန် လျာထားခဲ့သည်။ သူ၏မိခင်မှာ ရွှီအမျိုးသမီးဖြစ်သည်။ သို့သော် "စွန်းတန်း"(Sun Deng) သေဆုံးသွားသောကြောင့် ဒုတိယသား "စွန်းဟဲ"(Sun He) ကို အိမ်ရှေ့စံရာထူးပေးခဲ့လေသည်။ သူ၏ မိခင်မှာ ဝမ်အမျိုးသမီးဖြစ်၏။ "စွန်းဟဲ"(Sun He) နှင့် ချွမ်မင်းသမင်းတို့ရန်ဖြစ်ကြပြီး ချွမ်မင်းသမီးမှ "စွန်းဟဲ"(Sun He) ၏မကောင်းသတင်းကိုဖြန့်ကာ လျှို့ဝှက်ကြံစည်မှုများလုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် "စွန်းချွမ်"(Sun Quan) သည် ထိုသားဖြစ်သူကို ဖယ်ကြဉ်ထားခဲ့လေရာ "စွန်းဟဲ"(Sun He) သည် အရှက်ရပြီး သေဆုံးသွားခဲ့သည်။
ထို့ကြောင့် တတိယသား "စွန်းလျန့်"(Sun Liang) ကို အိမ်ရှေ့မင်းသားအဖြစ် သတ်မှတ်ခဲ့သည်။ သူ့မိခင်မှာ ဖန်အမျိုးသမီးဖြစ်၏။

ထိုအချိန်တွင် "လုရွှင့်"(Lu Xun) နှင့် "ကျူးကဲကျင့်"(Zhuge Jin) တို့ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ အုပ်ချုပ်ရေးကိစ္စကြီးကြီးငယ်ငယ်မှန်သမျှတို့ကို "ကျူးကဲကျင့်"(Zhuge Jin) ၏သား "ကျူးကဲခက်"(Zhuge Ke) မှ တာဝန်ယူရသည်။ ထိုက်ယွမ်နှစ်ပထမနှစ် (အေဒီ ၂၅၁) ရှစ်လပိုင်း တစ်ရက်နေ့တွင် ဝူပြည်၌ မုန်တိုင်းကြီးကျရောက်ခဲ့သည်။ လှိုင်းလုံးများပြင်းထန်ခဲ့ပြီး မြေနိမ့်သည့်နေရာတို့တွင် ရေတို့သည် ရှစ်ပေအထိမြင့်တက်ခဲ့သည်။ ဝူပြည်တော်ဝင်မျိုးနွယ်၏အုတ်ဂူတွင်ရှိသော ထင်းရှူးပင်တို့သည် အမြစ်မှလှန်ကုန်ကာ ကျန်းရဲ့မြို့တောင်တံခါးနားသို့ရောက်ခဲ့ပြီး အမြစ်တို့ပြောင်းပြန်ဖြစ်ကာ လမ်းကိုပိတ်နေခဲ့သည်။
"စွန်းချွမ်"(Sun Quan) သည် ကြောက်လန့်ပြီး နေမကောင်းဖြစ်ခဲ့ရာ နောက်နှစ်ဆန်းတွင် သူ့ကျန်းမာရေးမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ထို့ကြောင့် နန်းတွင်းစောင့်အမတ်ကြီး "ကျူးကဲကျန့်"(Zhuge Ke) နှင့် စစ်သေနာပတိ "လွီတိုက်"(Lu Dai) တို့ကိုခေါ်ကာ အမှာစကားပြောခဲ့သည်။ သူကွယ်လွန်ချိန်တွင် အသက် ခုနှစ်ဆယ့်တစ်နှစ်ရှိပြီဖြစ်ပြီး တိုင်းပြည်ကို နှစ်ဆယ့်လေးနှစ်ကြာ အုပ်ချုပ်ခဲ့သည်။ ထိုနှစ်သည် ရှူဟန်သက္ကရာဇ် ရန်ရှီးတစ်ဆယ့်ငါးနှစ် (အေဒီ ၂၅၂ ခု) ဖြစ်သည်။

"ကျူးကဲခက်"(Zhuge Ke) သည် ချက်ချင်းပင် သခင်ဟောင်း၏သား "စွန်းလျန့်"(Sun Liang) ကိုနန်းတင်ခဲ့ပြီး ထိုနှစ်ကို နတ်ဇာမဏီတို့နှစ် (ရှန်ဖုန့်) ပထမနှစ်ဟု ခေါ်တွင်စေသည်။ လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့ပြီး နတ်ရွာစံခဲ့သောဘုရင်ကို ကြီးမြတ်သောဧကရာဇ် "စွန်းချွမ်"(Sun Quan) ဟု ခေါ်ဝေါ်စေကာ ကျန်းလင်တွင်မြုပ်နှံခဲ့သည်။
ထိုအကြောင်းတို့ကို ဝေမြို့တော်မှကြားသိသောအခါ "စီးမာရှီ"(Sima Shi) သည် တောင်ပိုင်းပြည်နယ်ကိုတိုက်ရန်ကြံစည်ခဲ့သည်။ သို့သော် ပထမတန်းအတွင်းရေးအရာရှိ "ဖူကူ"(Fu Gu) မှ ကန့်ကွက်ခဲ့သည်။
"ဝူပြည်ကို ရန်စီမြစ်ကြီးက ကာကွယ်ထားပါတယ်။ အဲ့ပြည်ကို ကျွန်တော်တို့ဘိုးဘေးတွေက အကြိမ်ရေပေါင်းများစွာတိုက်ခဲ့ပြီးပေမယ့် တစ်ခါမှမအောင်မြင်ခဲ့ဘူး။ ဒါကြောင့် အခုလက်ရှိအတိုင်းပဲဆက်နေပြီး တိုင်းပြည်တစ်ခုလုံးကိုသိမ်းဖို့အချိန်တန်မှလှုပ်ရှားသင့်ပါတယ်"
"စီးမာရှီ"(Sima Shi) မှ
"ကောင်းကင်ကြီးရဲ့လမ်းကြောင်းဟာ နှစ်တစ်ရာမှာ သုံးခါပြောင်းလဲလေ့ရှိတယ်။ သုံးပြည်ထောင်ဖြစ်နေတာက ထာဝရမဟုတ်ဘူး။ ဒါကြောင့် ကျုပ် ဝူပြည်ကိုတိုက်လိုတာဖြစ်တယ်"
ညီဖြစ်သူ "စီးမာကျောင်း"(Sima Zhao) မှလည်း ထောက်ခံခဲ့သည်။
"ဒီအချိန်က အခွင့်အရေးအကောင်းဆုံးအချိန်ပဲ။ စွန်းချွမ်(Sun Quan) က သေဆုံးသွားပြီး အုပ်ချုပ်သူက ငယ်ရွယ်သေးတယ်"
ထို့ကြောင့် စစ်ဆင်ရေးပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ တောင်ပိုင်းကိုအောင်နိုင်သောစစ်သူကြီး "ဝမ်ချန်"(Wang Chang) ကို တပ်သားတစ်သိန်းနှင့်အတူ နန်ကျွင်းသို့လွှတ်ခဲ့သည်။ တောင်ပိုင်းကိုကာကွယ်သောစစ်သူကြီး "ကွမ်းချိုကျန့်"(Guanqiu Jian) အား တပ်တစ်သိန်းနှင့်အတူ ဝူချန်သို့စေလွှတ်လေ၏။ အရှေ့ဘက်ကိုအောင်နိုင်သောစစ်သူကြီး "ဟူကျွန်း"(Hu Zun) ကိုလည်း တပ်တစ်သိန်းနှင့်အတူ တုန်းရှင်းကိုတိုက်စေသည်။ တပ်မကြီးသုံးတပ်ဖြင့်ချီတက်ခဲ့ကာ "စီးမာကျောင်း"(Sima Zhao) သည် ထိုစစ်ပွဲကိုဦးဆောင်ရသည်။

ထိုနှစ်ဆောင်းရာသီ ဆယ်လပိုင်းတွင် "စီးမာကျောင်း"(Sima Zhao) သည် ဝူနယ်စပ်နားရောက်လာပြီး စခန်းချထားလိုက်သည်။ ထို့နောက် "ဝမ်ချန်"(Wang Chang) ၊ "ကွမ်းချိုကျန့်"(Guanqiu Jian)၊ "ဟူကျွန်း"(Hu Jun) နှင့်အခြားစစ်သူကြီးတို့ကိုခေါ်ကာ တိုင်ပင်ခဲ့သည်။
"တုန်းရှင်းမြို့နယ်ဟာ ဝူပြည်အတွက် အချက်အချာကျတဲ့ဒေသဖြစ်တယ်။ သူတို့တွေက အဲ့မှာ ခံတပ်ကြီးဆောက်ထားပြီး ဘယ်ညာမှာလည်း တံတိုင်းတွေကာထားသလို အနောက်ဘက်က ချောင်ဟူရေကန်လည်းခံနေတယ်။ ခင်ဗျားတို့တွေက ဂရုပြုပြီးတိုက်ခိုက်ရမှာဖြစ်တယ်"
တုန်းရှင်းကိုမသိမ်းနိုင်ခင်အချိန်အထိ "ဝမ်ချန်"(Wang Chang) နှင့် "ကွမ်းချိုကျန့်"(Guanqiu Jian) တို့ကို တပ်တစ်သောင်းစီဖြင့် ဘယ်ညာနှစ်ဖက်ဆီတွင် စောင့်နေစေသည်။ မြို့ကျသွားမှသာ ထိုတပ်နှစ်ခုတို့ချီတက်ရမည်ဖြစ်သည်။ "ဟူကျွန်း"(Hu Zun) က ရှေ့ပြေးတပ်ကို ဦးဆောင်သည်။ ပထမဆုံးလုပ်ဆောင်ရသည်မှာ တံတိုင်းနားသို့ကပ်နိုင်ရန် ရေပေါ်၌သွားနိုင်သည့်တံတားဆောက်ခြင်းပင်ဖြစ်သည်။ တံတိုင်းနှစ်ခုတို့ကိုသိမ်းနိုင်ရန်ကြိုးပမ်းခဲ့၏။

ထိုသတင်းသည် ဝူပြည်သို့ရောက်လာသောအခါ "ကျူးကဲခက်"(Zhuge Ke) မှ ခုခံရန် အစည်းအဝေးပြုခဲ့သည်။ မြောက်ပိုင်းကိုငြိမ်းချမ်းစေသောစစ်သူကြီး "တင်းဖုန်း"(Ding Feng) မှ
"တုန်းရှင်းသာကျသွားရင် ဝူချန်လည်း အန္တရာယ်ကျရောက်မှာဖြစ်လို့ တုန်းရှင်းကိုကာကွယ်ဖို့အရေးအကြီးဆုံးပါပဲ"
"ကျူးကဲခက်"(Zhuge Ke) : "ခင်ဗျားပြောတာမှန်တယ်။ ဒါကျုပ်အတွေးနဲ့တထပ်တည်းပဲ။ ခင်ဗျားက ရေတပ်သားသုံးထောင်၊ သင်္ဘောအစီးသုံးဆယ်နဲ့အတူ မြစ်ထဲသွားပါ။ ကြည်းကြောင်းအနေနဲ့ကတော့ လုကျွီ(Lu Ju) ၊ ထန်ကျီ(Tang Zi) နဲ့ လျူကျန့်(Liu Zan) တို့က တပ်တစ်သောင်းစီနဲ့အတူ နေရာသုံးနေရာက လိုက်လာလိမ့်မယ်။ ပေါက်ကွဲသံကြားတာနဲ့ တိုက်ခိုက်ဖို့ပြင်ပါ"
"တင်းဖုန်း"(Ding Feng) ကလည်း အမိန့်ကိုလက်ခံကာ တပ်သားသုံးထောင်၊ စစ်သင်္ဘောသုံးဆယ်တို့နှင့်အတူ ရန်စီမြစ်မှ တုန်းရှင်းသို့သွားခဲ့သည်။

ဝေပြည်ရှေ့တန်းစစ်သူကြီး "ဟူကျွန်း"(Hu Zun) သည် တံတားကိုဖြတ်ကာ ခံတပ်တွင်တပ်စွဲထားခဲ့သည်။ ထို့နောက် "ဟွမ်ကျား"(Huan Jia) နှင့် "ဟန်ကျုံး"(Han Zong) တို့ကိုစေလွှတ်ကာ ဘယ်ညာနှစ်ဖက်မှတိုက်စေသည်။ သို့သော် ထိုတိုက်ခိုက်မှုကို ဝူစစ်သူကြီး "ချွမ်ယီ(Quan Yi) နှင့် "လျူလွဲ့"(Liu Lue) တို့မှ ရပ်တန့်နိုင်ခဲ့သည်။ မြင့်မားသောတံတိုင်းများနှင့်သာလွန်သောခုခံမှုတို့ကြောင့် ဝေတပ်များသည် အောင်မြင်မှုမရခဲ့ပေ။ သို့သော် "ချွမ်ယီ"(Quan Yi) နှင့် "လျူလွဲ့"(Liu Lue) တို့ကလည်း အင်အားကြီးမားသောတပ်ကိုထွက်ပြီး မတိုက်ဝံ့ပေ။
"ဟူကျွန်း"(Hu Zun) သည် ရွှီထန်တွင် စခန်းချထားခဲ့သည်။ ထိုအချိန်သည် ဆောင်းရာသီဖြစ်သောကြောင့် လွန်စွာအေးနေခဲ့သည်။ နှင်းများလည်း တဖွဲဖွဲကျနေခဲ့ရာ စစ်ဆင်နိုင်သည့်အခြေအနေမရှိခဲ့ပေ။ ထို့ကြောင့် "ဟူကျွန်း"(Hu Zun) နှင့်အမှုထမ်းတို့သည် စားသောက်ပွဲကျင်းပနေခဲ့သည်။ ထိုအချိန်ဝယ် သတင်းတစ်ခုရလာသည်။
"မြစ်ထဲမှာ သင်္ဘေအစီးသုံးဆယ်ကို တွေ့ရပါတယ်"
"ဟူကျွန်း"(Hu Zun) သည် အပြင်သို့ထွက်ကြည့်ရာ သင်္ဘောတစ်စီးစီတွင် တပ်သားတစ်ရာသာရှိကြောင်း မြင်ခဲ့သည်။ ရန်သူတို့အင်အားနည်းသည်ကိုမြင်သောအခါ အတွင်းသို့ပြန်ဝင်လာပြီး အမှုထမ်းတို့ကိုပြောသည်။
"သင်္ဘောပေါ်က လူစုစုပေါင်းအယောက်သုံးထောင်လောက်ပဲရှိတယ်။ ဘာမှစိုးရိမ်စရာမလိုဘူး"
ထို့နောက် သေချာကင်းစောင့်ရန် အမိန့်ပေးပြီးနောက် ဆက်လက်စားသောက်နေခဲ့ကြသည်။

"တင်းဖုန်း"(Ding Feng) သည် သင်္ဘောတို့ကိုတန်းစီထားစေကာ အမှုထမ်းတို့အား ပြောသည်။
"ဒီနေ့ဟာ ရဲရင့်တဲ့စစ်သည်တွေ ဂုဏ်ထူးဆောင်နိုင်မယ့်နေ့ပဲဖြစ်တယ်။ လွတ်လွတ်လပ်လပ်သွားလာနိုင်ဖို့လိုအပ်တဲ့အတွက် မင်းတို့ရဲ့သံချပ်ကာတွေ၊ ခမောက်တွေ၊ လှံရှည်ကြီးတွေ၊ လေးလံတဲ့ဓားတွေအားလုံးကို ပစ်ချထားလိုက်ပါ။ ဒီနေ့အတွက် လက်နက်ဟာ ဓားမြောင်ပဲဖြစ်တယ်"
ကမ်းခြေတွင်ရှိသော ဝေတပ်သားတို့သည် ဝူပြည်ရေတပ်သားတို့လှုပ်ရှားနေသည်ကို မြူးတူးစွာဖြင့်ကြည့်နေခဲ့ပြီး ပြင်ဆင်မှုများမလုပ်ခဲ့ပေ။ ထိုစဉ် ရုတ်တရတ် ကျယ်လောင်သောအသံကိုကြားလိုက်ရပြီး အော်ဟစ်သံတို့နှင့်အတူ ရေထဲမှဝူတပ်သားများပေါ်လာခဲ့သည်။ "တင်းဖုန်း"(Ding Feng) သည် တပ်သားတို့၏ရှေ့ဆုံးမှရှိခဲ့သည်။ သူတို့သည် ကုန်းပေါ်တက်ကာ ဝေတပ်စခန်းကိုတိုက်လေ၏။
ဝေတပ်သားတို့သည် ထိတ်လန့်သွားကြပြီး မည်သို့မျှမလုပ်ဆောင်နိုင်ခဲ့ပေ။ "ဟန်ကျုံး"(Han Zong) သည် စစ်သူကြီး၏ရွက်ဖျင်တဲရှေ့တွင်ထောင်ထားသော လှံရှည်ကိုကိုင်လိုက်သည်။ သို့သော် "တင်းဖုန်း"(Ding Feng) မှ သူ့ရင်ကိုဓားဖြင့်ထိုးလိုက်သောအခါ လဲကျသွားလေ၏။ "ဟွမ်ကျား"(Huan Jia) သည် ကွေ့ပတ်ပြီး ဘယ်ဘက်မှနေရာယူခဲ့သည်။ သူ့လှံနှင့် "တင်းဖုန်း"(Ding Feng) ကိုထိုးမည်အပြုတွင် "တင်းဖုန်း"(Ding Feng) မှ လှံကို လက်မောင်းကြားတွင်ညှပ်ထားလိုက်သည်။ "ဟွမ်ကျား"(Huan Jia) သည် လှံကိုလွှတ်ချလိုက်ပြီး ထွက်ပြေးလေသည်။ "တင်းဖုန်း"(Ding Feng) မှ ဓားနှင့်လှမ်းပစ်လိုက်ရာ ပုခုံးကိုသွားထိမှန်သည်။ "ဟွမ်ကျား"(Huan Jia) မှပြန်လှည့်ကြည့်သည့်အချိန်ဝယ် "တင်းဖုန်း"(Ding Feng) မှ သူ့ကိုလှံဖြင့်ထိုးလိုက်လေ၏။


ဝူတပ်ကြီးသုံးတပ်သည် ဝေတပ်စခန်းတွင် သွားလာလှုပ်ရှားကာ သတ်ဖြတ်ခဲ့ကြသည်။ "ဟူကျွန်း"(Hu Zun) သည် မြင်းစီးကာ ထွက်ပြေးသွားခဲ့သည်။ သူ၏တပ်သားတို့သည် တံတားဘက်သို့သွားခဲ့ကြသော်လည်း တံတားမှာပျက်စီးနေခဲ့သောကြောင့် လူအမြောက်အမြား ရေနစ်သေဆုံးကုန်သည်။ နှင်းများကြားဝယ် အလောင်းတို့ပုံနေခဲ့၏။ ဝူတပ်ကြီးသည် စစ်လက်နက်ပစ္စည်းများစွာကို သိမ်းပိုက်ရရှိခဲ့သည်။
တုန်းရှင်းစစ်မျက်နှာစာတွင် ရှုံးနိမ့်သွားသည်ကိုသိသောအခါ "စီးမာကျောင်း"(Sima Zhao) ၊ "ဝမ်ချန်"(Wang Chang) နှင့် "ကွမ်းချိုကျန့်"(Guanqiu Jian) တို့က တပ်ဆုတ်ရန်ဆုံးဖြတ်လိုက်ကြသည်။

"ကျူးကဲခက်"(Zhuge Ke) သည် သူ့တပ်ကို တုန်းရှင်းသို့ချီတက်ကာ စားသောက်ပွဲကြီးကျင်းပစေပြီး ဆုလာဘ်များချီးမြင့်ခဲ့သည်။ ထို့နောက် သူ၏အမှုထမ်းတို့အား
"စီးမာကျောင်း(Sima Zhao) က ရှုံးနိမ့်သွားပြီး မြောက်ပိုင်းကိုပြေးသွားပြီ။ ဒီအချိန်က အလယ်ပိုင်းဒေသကိုတိုက်ရမယ့်အချိန်ပဲ"
ထို့နောက် ထိုသို့တိုက်ခိုက်ရန်မှာ သူ့ဆန္ဒဖြစ်ကြောင်း အမှုထမ်းတို့ကိုပြောပြီး ရှူပြည်သို့စာပို့ကာ "ကျန်းဝေ"(Jiang Wei) ၏အကူအညီတောင်းခံခဲ့သည်။ အောင်မြင်ပါက တိုင်းပြည်ကို ခွဲဝေအုပ်ချုပ်မည်ဟုကတိပေးခဲ့သည်။ အင်အားနှစ်သိန်းရှိသည့်တပ်ကြီးသည် အလယ်ပိုင်းဒေသကို ချီတက်ရန် ပြင်ဆင်ကြသည်။ ထိုသို့စတင်နေစဉ်မှာပင် မြေကြီးထဲမှ အဖြူရောင်အခိုးအငွေ့များထွက်လာပြီး တပ်ကြီးတစ်ခုလုံးကိုလွှမ်းခြုံသွားခဲ့ရာ တစ်ဦးနှင့်တစ်ဦးပင် မမြင်ရပေ။

"ကျန်းရန်"(Jiang Yan) မှ
"ဒါအဖြူရောင်သက်တံ့ပဲဖြစ်တယ်။ ဒါဟာ စစ်တပ်အတွက် နိမိတ်ဆိုးကြီးပါပဲ။ ဒါကြောင့် စစ်သေနာပတိက စစ်မချီတက်ပဲ ပြန်ဆုတ်ခွာသင့်ပါတယ်"
"ကျူးကဲခက်"(Zhuge Ke) မှ ဒေါသထွက်သွားပြီး
"ကျုပ်တပ်သားတွေ တက်ကြွနေတဲ့အချိန်မှာ ဘာလို့ဒီမကောင်းတဲ့စကားမျိုးပြောရတာလဲ" ဟုဆိုလျက် အာဏာပါးကွက်သားတို့ကိုခေါ်ကာ "ကျန်းရန်"(Jiang Yan) ကိုသေဒဏ်ပေးစေ၏။ သို့သော် "ကျန်းရန်"(Jiang Yan) ၏လုပ်ဖော်ကိုင်ဖက်တို့မှ ဝိုင်းတားမြစ်သောကြောင့် သေဒဏ်မပေးတော့ပေ။ သို့သော် ရာထူးမှချလိုက်လေ၏။ ထို့နောက် အလျင်အမြန် ချီတက်ရန်အမိန့်ထုတ်ခဲ့သည်။

ထိုစဉ် "တင်းဖုန်း"(Ding Feng) မှ
"ဝေရဲ့အဓိကခံစစ်က ရှင်းချန်ပဲဖြစ်တယ်။ ဒါကိုအောင်နိုင်မယ်ဆိုရင် စီးမာရှီ(Sima Shi) တစ်ပန်းရှုံးသွားလိမ့်မယ်"
"ကျူးကဲခက်"(Zhuge Ke) က ထိုအကြံကိုသဘောတူပြီး ရှင်းချန်သို့ချီတက်စေသည်။ သူတို့ရောက်လာသည့်အခါ မြို့တံခါးများပိတ်ထားသည်ကိုမြင်သောကြောင့် မြို့ကိုဝန်းရံခဲ့ကြသည်။ မြို့စောင့်စစ်သူကြီး "ကျန်းထဲ့"(Zhang Te) သည် ဝူတပ်မကြီးကို တံတိုင်းပေါ်မှလှမ်းမြင်သောအခါ တင်းကြပ်စွာခုခံနေခဲ့သည်။
ထို့နောက် လော့ရန်သို့အကြောင်းကြားစာပို့ခဲ့သည်။ ထိုအကြောင်းကို ပထမတန်းအတွင်းရေးအရာရှိ "ယွီစုန့်"(Yu Song) မှ ဝန်ကြီးချုပ် "စီးမာရှီ"(Sima Shi) ကိုပြောခဲ့သည်။
"ကျူးကဲခက်(Zhuge Ke) က ရှင်းချန်ကိုဝန်းရံထားပြီ။ မြို့ထဲကလူတွေက ထွက်မတိုက်ပဲနဲ့ အတတ်နိုင်ဆုံးတောင့်ခံထားသင့်တယ်။ ရန်သူတွေက ရိက္ခာကုန်သွားတဲ့အခါ ပြန်ဆုတ်သွားလိမ့်မယ်။ သူတို့တွေဆုတ်ခွာတော့မှ ကျွန်တော်တို့ပြန်တုံ့ပြန်နိုင်တယ်။ ဒါပေမယ့် ရှူပြည်က ကျူးကျော်လာမယ့်ဘေးကို ကာကွယ်ဖို့ပြင်ဆင်မှုတွေလိုအပ်တယ်"

ထို့ကြောင့် "ကျန်းဝေ"(Jiang Wei) ကိုရင်ဆိုင်ရန် "ကောဟွိုင်"(Guo Huai) အား စေလွှတ်ခဲ့ပြီး ဝူတပ်ကိုခုခံရန်အတွက် "ကွမ်းချိုကျန့်"(Guanqiu Jian) နှင့် "ဟူကျွန်း"(Hu Zun) ကိုလွှတ်ခဲ့သည်။ "ကျူးကဲခက်"(Zhuge Ke) သည် ရှင်းချန်ကို လပေါင်းများစွာ ဝန်းရံခဲ့သော်လည်း မသိမ်းပိုက်နိုင်ခဲ့ပေ။ သူ့စစ်သူကြီးတို့ကို အားသွန်ခွန်စိုက်ကြိုးပမ်းစေခဲ့ပြီး တုံ့နှေးပါက သေဒဏ်ပေးမည်ဟု အမိန့်ပေးခဲ့သည်။ နောက်ဆုံးတိုက်ခိုက်မှုတွင် တံတိုင်း၏ အရှေ့မြောက်ဘက်မှာ ယိုယွင်းသွားသောကြောင့် အောင်မြင်မှုရမည့်ပုံပေါ်သည်။
ထိုအခါ ရှင်းချန်စစ်သူကြီး "ကျန်းထဲ့"(Zhang Te) သည် အကြံတစ်ခုရခဲ့သည်။ ထို့နောက် စကားပြောကောင်းသောလူတစ်ယောက်ကို မြို့စာရွက်စာတမ်းများနှင့်အတူ "ကျူးကဲခက်"(Zhuge Ke) ထံစေလွှတ်ခဲ့သည်။ ထိုသံတမန်မှ
"မြို့ကိုကာကွယ်ပြီး စစ်ကူတွေရောက်မလာတဲ့အခါ ရက်ပေါင်းတစ်ရာအကြာမှာ လက်နက်ချလိုက်ရင် သူ့မိသားစုတွေအတွက် ထိခိုက်မှုမရှိတော့ဘူး၊ ဒါဟာ ဝေပြည်ရဲ့စည်းမျဉ်းပဲဖြစ်တယ်။ အခု ရှင်းချန်မြို့က ခုခံနေတာ ရက်ကိုးဆယ်ရှိပါပြီ။ ကျွန်တော့သခင်ကြီးက ရက်တစ်ရာပြည့်အောင်စောင့်ပြီးမှ လက်နက်ချလိုပါတယ်။ ဒီဟာတွေကတော့ သူပေးခိုင်းလိုက်တဲ့ မြို့ရဲ့စာရွက်စာတမ်းတွေဖြစ်ပါတယ်"

"ကျူးကဲခက်"(Zhuge Ke) မှ ၎င်းကိုယုံကြည်သွားခဲ့သည်။ သူ့တပ်တို့ကို ခဏတပ်ဆုတ်ခိုင်းလိုက်သောကြောင့် ခုခံသူတို့ဝမ်းမြောက်သွားခဲ့ကြသည်။ သို့သော် "ကျန်းထဲ့"(Zhang Te) လိုချင်သည်မှာ တံတိုင်းကိုပြန်ပြင်နိုင်မည့်အချိန်ပင်ဖြစ်သည်။ တိုက်ခိုက်မှုများရပ်တန့်သွားသည်နှင့် ခုခံသူတို့သည် မြို့စွန်မှအိမ်တို့ကိုဖြိုချပြီး ထိုပစ္စည်းတို့ဖြင့် မြို့ရိုးကိုပြင်ခဲ့ကြသည်။
ထိုသို့ ပြင်ဆင်ပြီးနောက် "ကျန်းထဲ့"(Zhang Te) သည် ဟန်ဆောင်မနေတော့ပဲ တံတိုင်းပေါ်တက်ကာ
"ကျုပ်ဆီမှာ ရိက္ခာတွေ နှစ်ဝက်စာလောက်ရှိသေးတယ်။ ဘယ်ဝူရဲ့ခွေးလက်အောက်မှာမှ လက်နက်ချမှာမဟုတ်ဘူး"
ခုခံမှုတို့သည် ယခင်ကထက် ပိုမိုကောင်းမွန်ခဲ့သည်။ "ကျူးကဲခက်"(Zhuge Ke) သည် လှည့်စားခံရသောကြောင့် ဒေါသထွက်ကာ ရန်သူတို့ကိုတိုက်ခိုက်စေသည်။
သို့သော် တစ်ရက်တွင် တံတိုင်းပေါ်မှ မြားထောင်ပေါင်းများစွာပစ်ခဲ့ရာ သူ့နဖူးကိုထိမှန်ပြီး ပြုတ်ကျသွားခဲ့သည်။ သူ့ကိုရွက်ဖျင်တဲသို့ခေါ်လာကာ ကုသခဲ့သော်လည်း သူ့ဒဏ်ရာမှာပိုဆိုးလာပြီး နေမကောင်းဖြစ်ခဲ့သည်။
ခေါင်းဆောင်ဖြစ်သူ၏ဝေဒနာကြောင့် တပ်သားများလည်း စိတ်ဓာတ်ပျက်ပြားကုန်သည်။ ထို့အပြင် ရာသီဥတုကလည်း ပူပြင်းလာသောကြောင့် တပ်အတွင်းဝယ် ရောဂါများပြန့်လာခဲ့သည်။ ထို့ကြောင့် တပ်သားနှင့်ခေါင်းဆောင်တို့သည် အိမ်ပြန်လိုကြသည်။ "ကျူးကဲခက်"(Zhuge Ke) သည် အတန်ငယ်ပြန်ကောင်းလာသောအခါ ဆက်တိုက်ခိုက်ရန်ပြုသည်။ သို့သော် စစ်သူကြီးတို့မှ
"စစ်သားတွေက နေမကောင်းဖြစ်နေလို့ တိုက်ခိုက်ဖို့မသင့်ပါဘူး"
"ကျူးကဲခက်"(Zhuge Ke) သည် ဒေါသပုန်ထကာ
"ဒီရောဂါအကြောင်းပြောတဲ့လူကို ခေါင်းဖြတ်သတ်မယ်"

ထိုအကြောင်းသည် တပ်အတွင်းဝယ်ပြန့်သွားသောအခါ တပ်သားတို့သည် ထွက်ပြေးကုန်ကြသည်။ ထို့ပြင် စစ်သူကြီး "ချိုက်လင်"(Cai Lin) နှင့်သူ့လက်အောက်ငယ်သားအားလုံးတို့သည် ရန်သူ့ဘက်သို့ခိုလှုံသွားခဲ့သည်။ "ကျူးကဲခက်"(Zhuge Ke) သည် စိုးရိမ်သွားပြီး တပ်စခန်းများကို လိုက်လံကြည့်ရှုသောအခါ တပ်သားတို့သည် ဖြူဖတ်ဖြူရော်ဖြင့် ဖျားနာနေသည့်ဟန်ပေါ်သည်။
ထို့ကြောင့် တိုက်ခိုက်မှုကိုရပ်နားစေပြီး ကိုယ့်ပြည်အတွင်းသို့ပြန်ဝင်လာခဲ့သည်။ ထိုအကြောင်းကို "ကွမ်းချိုကျန့်"(Guanqiu Jian) က သိသောအခါ ဝေတပ်တို့ကိုဦးဆောင်ပြီး "ကျူးကဲခက်"(Zhuge Ke) ၏တပ်ကိုလိုက်လံတိုက်သောကြောင့် ဝူတပ်တို့ထိနာခဲ့သည်။ ထိုအခြင်းအရာကြောင့် စိတ်သောကရောက်ခဲ့သော "ကျူးကဲခက်"(Zhuge Ke) သည် သူ့ရှုံးနိမ့်မှုကို ဝူဘုရင်ထံမတင်ပြခဲ့ပဲ နေမကောင်းချင်ယောင်ဆောင်ခဲ့သည်။

ဝူဘုရင် "စွန်းလျန့်"(Sun Liang) သည် လူမမာသတင်းမေးရန် စစ်သူကြီး၏အိမ်တော်သို့ရောက်လာပြီးနောက် အမှုထမ်းတို့ကိုခေါ်ခဲ့သည်။ "ကျူးကဲခက်"(Zhuge Ke) သည် စစ်ရှုံးနိမ့်မှုသတင်းကိုပေါက်ကြားခြင်းမရှိစေရန်အတွက် အမှုထမ်းတို့၏လုပ်ဆောင်မှုမှန်သမျှကို စောင့်ကြည့်စေခဲ့ပြီး အမှားလုပ်မိပါက နယ်နှင်ဒဏ်၊ သေဒဏ်တို့ပေးသောကြောင့် လူအားလုံးကြောက်ရွံ့နေခဲ့သည်။ ထို့အပြင် နန်းတွင်းအစောင့်တပ်ထဲတွင်လည်း သူ့လူယုံတော်နှစ်ဦးဖြစ်သော "ကျန်းယွဲ့"(Zhang Yue) နှင့် "ကျူအန်း"(Zhu En) တို့ကိုထားရှိခဲ့သည်။
"စွန်းကျွင်း"(Sun Jun) သည် "စွန်းကုန်း"(Sun Gong) ၏သားဖြစ်ပြီး "စွန်းကျန့်"(Sun Jian) ညီ "စွန်းကျင့်"(Sun Jing) ၏မြစ်တော်စပ်သူဖြစ်သည်။ "စွန်းချွမ်"(Sun Quan) က သူ့ကိုချစ်မြတ်နိုးပြီး နန်းတွင်းအစောင့်တပ်များကိုတာဝန်ယူစေခဲ့သည်။ "ကျူးကဲခက်"(Zhuge Ke) ၏အတွင်းလူဖြစ်သည့် "ကျန်းယွဲ့"(Zhang Yue) နှင့် "ကျူအန်း"(Zhu En) တို့က သူ့တာဝန်ကိုယူသွားသောအခါ အမျက်ထွက်နေခဲ့သည်။

"ကျူးကဲခက်"(Zhuge Ke) နှင့်ရန်ငြိုးရှိသော ဝန်ကြီး "ထန်ယင်း"(Teng Yin) မှလည်း "စွန်းကျွင်း"(Sun Jun) ကိုပြောသည်။
"ဒီကျူးကဲခက်(Zhuge Ke) က ဩဇာကြီးသလောက် ရက်စက်ကြမ်းကြုတ်သူဖြစ်တယ်။ သူ့အာဏာကိုအလွှဲသုံးစားလုပ်ပြီး ဘယ်သူမှလုံခြုံမှုမရှိဘူး။ သူက ဒီထက်မြင့်မားတာကိုမှန်းနေပုံပဲ။ ခင်ဗျားက တော်ဝင်မိသားစုအနေနဲ့ ဒါကိုရပ်တန့်မှတော်ကာကျမယ်"
"ခင်ဗျားပြောတာမှန်တယ်။ ကျုပ်လည်း သူ့ကိုရှင်းပစ်ချင်နေတယ်။ ဒီတော့ သူ့မကောင်းမှုတွေကိုကြေညာမယ့်အမိန့်တော်ကိုရအောင်ယူရမယ်"
ထို့နောက် နှစ်ဦးသား ဝူဘုရင် "စွန်းလျန့်"(Sun Liang) ထံသွားပြီး အကြောင်းစုံပြောခဲ့သည်။
"ကျုပ်လည်း သူ့ကိုကြောက်နေတာပဲ။ သူ့ကိုရာထူးက ဖယ်ရှားချင်တာကြာပြီ၊ ဒါပေမယ့် အခွင့်ကောင်းမရခဲ့ဘူး။ ခင်ဗျားတို့သာ ကျုပ်အပေါ်သစ္စာရှိရင် ကျုပ်အစားလုပ်ဆောင်ပေးပါ"
"ထန်ယင်း"(Teng Yin) : "အရှင်မင်းကြီးက စားသောက်ပွဲတစ်ခုလုပ်ပြီး သူ့ကိုဖိတ်ခေါ်လိုက်ပါ။ ပြီးရင် ရဲရင့်တဲ့လူအချို့ကို ခန်းဆီးတွေနောက်မှာ ပုန်းလျှိုနေပါစေ။ အရက်ခွက်ကိုလွှတ်ချလိုက်တာနဲ့ သူတို့ကိုထွက်လာစေပြီး သတ်လိုက်ပါ။ ဒါဆိုရင် ပြဿနာတွေရှင်းသွားပါလိမ့်မယ်"
"စွန်းလျန့်"(Sun Liang) မှ သဘောတူလိုက်သည်။

"ကျူးကဲခက်"(Zhuge Ke) သည် စစ်ရှုံးပြီးသည့်အချိန်မှစပြီး နန်းတွင်းညီလာခံကိုတက်ရောက်ခြင်းမရှိခဲ့ပေ။ သူသည် နေမကောင်းဟု အကြောင်းပြကာ အိမ်ထဲတွင်သာနေခဲ့သည်။ တစ်ရက်သော် သူဧည့်ခန်းထဲမှထွက်လာသည့်အခါဝယ် အဖြူရောင်ဈာပနဝတ်စုံဝတ်ထားသူကို မြင်လိုက်သည်။ သူက အသံမာမာဖြင့်
"ခင်ဗျားက ဘယ်သူလဲ" ဟု မေးလိုက်၏။
ထိုသူသည် ရုတ်တရတ်ထိတ်လန့်သွားခဲ့ပြီး ခုခံရန်၊ စကားပြန်ပြောရန်အချိန်ပင်မရခဲ့ပဲ အဖမ်းခံခဲ့ရသည်။ သူ့ကိုစစ်ဆေးသောအခါ
"ကျွန်တော့အဖေဆုံးသွားလို့ ဒီဝတ်စုံဝတ်ထားတာပါ။ ပြီးတော့ မြို့ထဲကိုလာပြီး ကျမ်းစာရွတ်ဖတ်ဖို့အတွက် ရသေ့ဆီလာတာပါ။ ဒီနေရာကို ဘုံကျောင်းထင်လို့ ဝင်မိတာပါ" ဟုဖြေသည်။ တံခါးစောင့်တို့ကိုမေးသောအခါတွင်လည်း
"ကျွန်တော်တို့တွေ တံခါးမှာအမြဲစောင့်ကြပ်နေတာ သူဝင်လာတာ မတွေ့မိပါဘူး" ဟုပြောသည်။
"ကျူးကဲခက်"(Zhuge Ke) က ဒေါသထွက်ကာ ထိုသူနှင့်ဂိတ်အစောင့်တို့ကို သေဒဏ်ပေးစေ၏။

ထိုညဝယ် "ကျူးကဲခက်"(Zhuge Ke) သည် နေမထိထိုင်မသာဖြင့် အိပ်မပျော်ခဲ့ပေ။ သူသည် ဧည့်ခန်းဘက်မှအသံကြားသဖြင့် သွားကြည့်သောအခါ မီးအိမ်သည် နှစ်ပိုင်းပြတ်နေသည်ကိုတွေ့ရသည်။ "ကျူးကဲခက်"(Zhuge Ke) သည် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။ အိပ်ဆောင်သို့ပြန်လာပြီး အိပ်ရန်ကြိုးပမ်းခဲ့၏။ အေးဆိမ့်သောလေတိုက်ခတ်လာပြီးနောက် သူသေဒဏ်ပေးလိုက်သောသူနှင့်တံခါးစောင့်တို့ကိုမြင်လိုက်ရသည်။ သူတို့သည် လက်ထဲတွင် ခေါင်းကိုကိုင်ကာ သူ့ကိုခြိမ်းခြောက်နေသည့်ဟန်ပြုမူနေခဲ့သည်။ သူသည် ကြောက်လန့်သွားပြီး သတိမေ့သွားလေသည်။
နောက်ရက်မနက် မျက်နှာသစ်သောအခါတွင်လည်း ရေထဲတွင် သွေးနံ့ရနေသည်ဟုခံစားရသည်။ ထို့ကြောင့် အစေခံအား ထိုရေကိုသွန်စေပြီးနောက် အသစ်ယူလာစေ၏။ သို့သော် အနံ့ကရှိနေဆဲဖြစ်ပြီး မထူးခြားသွားခဲ့ပေ။ သူအံ့ဩကာ စိတ်ညစ်သွားခဲ့သည်။ ထိုအချိန်ဝယ် နန်းတွင်းစားသောက်ပွဲသို့တက်ရောက်ရန်ဖိတ်စာရောက်လာ၏။ ထို့နောက် သူ့၏လှည်းယာဉ်ကိုပြင်ကာ တံခါးဝမှဖြတ်သွားချိန်ဝယ် အဝါရောင်ခွေးတစ်ကောင်မှ သူ့အဝတ်ကိုဆွဲထားပြီး ဟောင်နေလေ၏။
သူသည် ဒေါသထွက်သွားပြီး
"ခွေးတောင်မှ ငါ့ကိုမခန့်တော့ဘူး" ဟုပြောကာ ထိုခွေးကိုအဝေးသို့ဆွဲသွားစေသည်။ ပြီးနောက် နန်းတော်သို့ခရီးဆက်ခဲ့သည်။ ဝေးဝေးသို့မရောက်မီ မြေပေါ်မှထွက်လာသော အဖြူရောင်သက်တံ့သည် ကောင်းကင်သို့တက်သွားသည်ကို မြင်လိုက်သည်။ ထိုဖြစ်စဉ်သည် မည်သို့အကျိုးသက်ရောက်မည်ကိုတွေးနေရင် မိတ်ဆွေဖြစ်သူ "ကျန်းယွဲ့"(Zhang Yue) မှ သတိပေးခဲ့သည်။
"ဒီစားသောက်ပွဲရဲ့အဓိကအကြောင်းအရင်းက သံသယဖြစ်စရာပဲ။ ဒါကြောင့် ကျွန်တော့အမြင်က မသွားရင်ကောင်းမယ်"

"ကျူးကဲခက်"(Zhuge Ke) သည် အိမ်သို့ပြန်လှည့်ရန် အမိန့်ပေးလိုက်၏။ အိမ်တံခါးဝသို့မရောက်မီ ပူးပေါင်းကြံစည်သူနှစ်ဦးဖြစ်သည့် "စွန်းကျွင်း"(Sun Jun) နှင့် "ထန်ယင်း"(Teng Yin) တို့ကိုတွေ့ခဲ့သည်။ သူတို့မှ
"စစ်သူကြီးက ဘာလို့ပြန်လှည့်ရတာလဲ"
"ကျုပ်နေမကောင်းလို့ အရှင်မင်းကြီးထံ အခစားမဝင်နိုင်ဘူး"
"ဒီစားသောက်ပွဲက စစ်သူကြီးနဲ့စစ်တပ်တွေအတွက် အထူးစီစဉ်ထားတာ။ စစ်ပွဲနဲ့ပတ်သတ်ပြီး အစီရင်မခံရသေးတာတောင် စားသောက်ပွဲလုပ်ထားခဲ့တာ။ ဒီတော့ ဒီပွဲကိုမတက်လို့မဖြစ်ဘူး"
"ကျူးကဲခက်"(Zhuge Ke) မှ မငြင်းတော့ပဲ နန်းတော်သို့တဖန်ပြန်သွားရန်ပြုသည်။ သူ့မိတ်ဆွေ "ကျန်းယွဲ့"(Zhang Yue) အပြင် "စွန်းကျွင်း"(Sun Jun) နှင့် "ထန်ယင်း"(Teng Yin) တို့လည်း လိုက်ပါခဲ့ကြသည်။ သူရောက်သည့်အချိန်တွင် စားသောက်ပွဲမှာစနေပြီဖြစ်သည်။ သူသည် ဘုရင်ကိုအရိုအသေပြုပြီးနောက် သူ့နေရာတွင်သွားထိုင်ခဲ့သည်။

ထို့နောက် အရက်တို့လာချသောအခါ "ကျူးကဲခက်"(Zhuge Ke) မှ အဆိပ်ခပ်ထားနိုင်သည်ဟုတွေးပြီး ကျန်းမာရေးကိုအကြောင်းပြကာ ငြင်းဆန်ခဲ့သည်။
"စွန်းကျွင်း"(Sun Jun) မှ
"စစ်သူကြီးရဲ့အိမ်တော်က ဆေးအရက်ဆိုရင်ကော သောက်လို့ရမလား"
"အဲ့ဒါဆို သောက်လို့ရပါတယ်"
ထို့နောက် အစေခံတစ်ဦးကိုလွှတ်ပြီး ဆေးအရက်ကိုယူဆောင်လာစေ၏။ အချိန်အနည်းငယ်ကြာသောအခါ ဝူဘုရင်သည် အကြောင်းတစ်ခုပြပြီး ခန်းမထဲမှဟွောက်အက်သွားခဲ့သည်။ "စွန်းကျွင်း"(Sun Jun) သည် ခန်းမဆောင်၏အောက်ခြေဘက်သွားကာ ပွဲတက်အဝတ်ကိုချွတ်ပြီး အိမ်အဝတ်သာဝတ်ဆင်ခဲ့သည်။ သို့သော် အတွင်း၌ သံချပ်ကာဝတ်ထားလေ၏။ ပြီးနောက် သူ့ဓားကိုမြောက်ပြီး ခန်းမထဲသို့ဝင်ကာ အော်ဟစ်ခဲ့သည်။
"သူပုန်ကိုသုတ်သင်ဖို့ အရှင်မင်းကြီးက အမိန့်ပေးထားတယ်"

"ကျူးကဲခက်"(Zhuge Ke) သည် ထိတ်လန့်သွားပြီး သူ့လက်ထဲမှအရက်ခွက်ကျသွားခဲ့သည်။ သူသည် ဓားကိုကောက်ကိုင်ရန် လက်လှမ်းလိုက်သည်။ သို့သော် နောက်ကျသွားခဲ့ပြီ။ သူ့ခေါင်းမှာ မြေပေါ်သို့ကျသွားခဲ့၏။ မိတ်ဆွေ "ကျန်းယွဲ့"(Zhang Yue) သည်လည်း ဓားကိုဆွဲကာ လူသတ်သမားနှင့်ရင်ဆိုင်ခဲ့သည်။ သို့သော် "စွန်းကျွင်း"(Sun Jun) မှ ရှောင်လိုက်သောကြောင့် သူ့ဘယ်လက်ချောင်းလေးသာ ဒဏ်ရာရခဲ့သည်။ "စွန်းကျွင်း"(Sun Jun) က ဓားဖြင့်ပြန်ခုတ်ရာ "ကျန်းယွဲ့"(Zhang Yue) ၏ညာလက်မောင်းတွင် ဒဏ်ရာရသွားလေ၏။ ထို့နောက် လူသတ်သမားသို့ပေါ်လာပြီး "ကျန်းယွဲ့"(Zhang Yue) ကိုရှင်းလိုက်သည်။
"ကျူးကဲခက်"(Zhuge Ke) ၏မိသားစုဝင်များကို ဖမ်းဆီးရန်အမိန့်ပေးခဲ့သည်။ "ကျူးကဲခက်"(Zhuge Ke) နှင့် "ကျန်းယွဲ့"(Zhang Yue) တို့၏အလောင်းကို အခင်းဖြင့်ပတ်ကာ လှည်းယာဉ်ပေါ်တင်ပြီး တောင်တံခါးမှမြို့ပြင်သို့ထွက်ကာ အမှိုက်ပုံတွင် ပစ်ခဲ့သည်။

"ကျူးကဲခက်"(Zhuge Ke) သည် နန်းတော်သို့သွားသည့်အချိန်တွင် အမျိုးသမီးတန်းလျားများတွင်ရှိနေခဲ့သောဇနီးသည်သည် စိတ်ထဲတွင် ထင့်နေခဲ့သည်။ ထိုအချိန်ဝယ် အစေခံတစ်ဦးမှ အနီးသို့ကပ်လာသည်ကိုမြင်သောအခါ
"နင့်အင်္ကျီက ဘာကြောင့် သွေးနံ့ရနေတာလဲ"
ထိုအစေခံသည် ရုတ်တရတ် ထူးခြားသောသတ္တဝါအဖြစ်ပြောင်းလဲသွားပြီး အံကိုခဲလျက် ဒေါသမျက်လုံးများဖြင့်ကြည့်ကာ အခန်းထဲတွင်ကခုန်ရာ ခေါင်မိုးထိပင်ရောက်လေ၏။ ထို့အပြင် အော်ဟစ်နေခဲ့သည်။
"ငါက ကျူးကဲခက်(Zhuge Ke) ပဲ။ ငါ့ကို ဟိုခွေးကောင် စွန်းကျွင်း(Sun Jun) ကလုပ်ကြံခဲ့တယ်"
တစ်အိမ်လုံးကြောက်လန့်သွားကာ ပွက်လောရိုက်သွားခဲ့သည်။ မိနစ်အနည်းငယ်အကြာတွင် အိမ်ကို အကျဉ်းထောင်စောင့်တပ်တို့ကဝန်းရံထားခဲ့ပြီး တစ်အိမ်လုံးကိုဖမ်းဆီးကာ ဈေးအတွင်းသို့ခေါ်သွားပြီး သေဒဏ်ပေးခဲ့လေ၏။ ထိုအဖြစ်အပျက်တို့သည် ကျန့်ရှင့်ဒုတိယနှစ် (အေဒီ ၂၅၄) ဆယ်လပိုင်းတွင်ဖြစ်ခဲ့လေ၏။

"ကျူးကဲကျင့်"(Zhuge Jin) မသေဆုံးမီတွင် သူ့သား၏အရည်အချင်းကြောင့် မိသားစုတစ်ခုလုံးဒုက္ခရောက်နိုင်မည်ဟု ထင်ထားခဲ့သည်။ ထို့အပြင် အခြားသူတို့ကလည်း သူသည် အသေစောလိမ့်မည်ဟု တွက်ထားကြသည်။ ဝေပြည်အထက်တန်းဝန်ကြီး "ကျန်းချီ "(Zhang Qi) မှ "စီးမာရှီ"(Sima Shi) ကိုပြောလေ့ရှိသောစကားတစ်ခွန်းရှိသည်။
"ကျူးကဲခက်(Zhuge Ke) က အသေစောလိမ့်မယ်"
"ဘာကြောင့်လဲ"
"လူတစ်ယောက်ဟာ သူ့သခင်ရဲ့ဩဇာအာဏာကိုခြိမ်းခြောက်လာတဲ့အချိန်မှာ အသက်ရှည်ပါဦးမလား"

ထိုလုပ်ကြံမှုအပြီးတွင် "စွန်းကျွင်း"(Sun Jun) သည် သေဆုံးသူ၏ရာထူးကိုရရှိကာ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ထို့အပြင် တပ်ဖွဲ့များအားလုံးကိုအမိန့်ပေးနိုင်သည့်အာဏာလည်း ရှိသောကြောင့် အင်မတန်မှ တန်ခိုးထွားခဲ့သည်။ အရာအားလုံးသည် သူ့လက်ထဲတွင်ရှိနေခဲ့သည်။
"ကျူးကဲခက်"(Zhuge Ke) ၏စစ်ကူတောင်းသောစာသည် ချန်တူးသို့ရောက်လာသောအခါ "ကျန်းဝေ"(Jiang Wei) မှ ဒုတိယဧကရာဇ်ထံအခစားဝင်ကာ မြောက်ပိုင်းသို့စစ်ချီရန် အမိန့်တောင်းခံခဲ့သည်။

Comments

Popular posts from this blog

Lookism