သုံးနိုင်ငံခေတ်(၁၀၅)
အခန်း(၁၀၅) ဝူရှန်သခင်သည် ပိုးထည်အိတ်ထဲတွင်
အစီအစဉ်ကိုထားခဲ့ခြင်း။
ဝေဧကရာဇ်သည် နှင်းရေခွက်ကိုင်ဆောင်သော ကြေးနီရုပ်တုကို
ရွှေ့စေခြင်း။
ကင်းထောက်တို့ပြန်လာသောအခါဝယ်
ထိုလမ်းပိတ်ထားသောအဖွဲ့မှာ "ဝေရန်"(Wei Yan) ဦးဆောင်သည့်ရှူတပ်ဖြစ်ကြောင်းသိရသည်။
"ဝေရန်"(Wei Yan) သည် သစ်သားလမ်းကိုမီးရှို့ကာ လမ်းပိတ်ထားခြင်းဖြစ်သည်။
"ရန်ယီ"(Yang
Yi) မှ
"ဝန်ကြီးချုပ်မကွယ်လွန်ခင်တုန်းကတော့
ဒီလူက သစ္စာဖောက်လိမ့်မယ်လို့ပြောခဲ့တယ်။ သူ့ကိုဒီမှာလာတွေ့ရလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူး။
အခု လမ်းပိတ်ထားတယ်ဆိုတော့ဘယ်လိုလုပ်မလဲ"
"ဖေးယီ"(Fei
Yi) : "သူက ကျုပ်တို့တွေသစ္စာဖောက်သွားတယ်လို့ ဧကရာဇ်ထံလိမ်ဆည်ပြီး သတင်းပို့လိုက်တဲ့ပုံပဲ။
ဒါကြောင့် ကျုပ်တို့တွေရှေ့ဆက်မသွားနိုင်အောင် လမ်းတွေကိုဖျက်စီးလိုက်တာဖြစ်မယ်။ ကျုပ်တို့တွေ
ဧကရာဇ်ထံ အမှန်တရားကိုလျှောက်တင်ပြီးတော့ သူ့ကိုအနိုင်တိုက်ရမယ်"
"ကျန်းဝေ"(Jiang
Wei) : "ဒီပိတ်ထားတဲ့လမ်းကိုပတ်ပြီးသွားနိုင်မယ့် နောက်ထပ်လမ်းတစ်လမ်းကို ကျွန်တော်သိပါတယ်။
အဲ့လမ်းက မတ်စောက်ပြီးအန္တရာယ်များပေမယ့် လိုရာခရီးကိုရောက်နိုင်ပါတယ်။ အဲ့လမ်းက ချာစန်းတောင်လမ်းဖြစ်ပါတယ်"
ထို့ကြောင့်
ဧကရာဇ်ထံဆက်သရန်သဝဏ်လွှာကိုပြင်ဆင်ပြီး တောင်ကြားလမ်းမှသွားရန်ပြုသည်။
ချန်တူးဝယ်
ဒုတိယဧကရာဇ်သည် မစားနိုင်၊ မအိပ်နိုင်ဖြင့် ဒုက္ခရောက်နေခဲ့သည်။ မြို့တော်ကိုကာကွယ်ထားသည့်
တောက်ပသောတောင်ကုန်းကြီးမှာ ပြိုကျသွားသည်ဟု အိပ်မက်မက်မြင်၏။ ထိုအိပ်မက်ကြောင့် စိတ်ခြောက်ခြားပြီး
မိုးစင်စင်လင်းသောအခါ အမှုထမ်းတို့ကိုခေါ်ပြီး ထိုအိပ်မက်အကြောင်းမေးခဲ့သည်။
"ချောင်ကျိုး"(Qiao
Zhou) မှထပြီး
"မနေ့ညတုန်းက
အရှေ့မြောက်ဘက်က ကြယ်နီကြီးဟာ အနောက်တောင်ဘက်ကိုကြွေကျသွားတာ မြင်လိုက်ရပါတယ်။ ဒါဟာ
ဝန်ကြီးချုပ် ဘေးဒုက္ခနဲ့ကြုံတွေ့ရတယ်ဆိုတဲ့နိမိတ်ပါပဲ။ အရှင်မင်းကြီးရဲ့အိပ်မက်ဟာ ကျွန်တော်မြင်ခဲ့တာနဲ့ကိုက်ညီပါတယ်"
ဧကရာဇ်သည် ပိုမို၍ပူပန်သောကများသွားခဲ့သည်။
ထိုစဉ် "လီဖူ"(Li Fu) ရောက်လာကာ ဧကရာဇ်ရှေ့မှောက်သို့အခစားဝင်စေ၏။
"လီဖူ"(Li
Fu) သည် အရိုအသေပြုပြီးနောက် ငိုကြွေးကာ
"ဝန်ကြီးချုပ်
ကွယ်လွန်သွားပြီ"
ထို့နောက်
"ကျူးကဲလျန့်"(Zhuge Liang) ၏နောက်ဆုံးအမှာစကားနှင့်သူသိသမျှတို့ကို ပြောခဲ့သည်။
ဧကရာဇ်သည် လွန်စွာဝမ်းနည်းပြီး ငိုကြွေးကာ
"ကောင်းကင်ကြီးက
ငါ့ကိုထိခိုက်အောင်လုပ်ခဲ့တယ်" ဟုပြောပြီး သလွန်ညောင်စောင်းတွင်လှဲနေခဲ့သည်။ အမှုထမ်းတို့မှ
ဧကရာဇ်ကို အတွင်းဆောင်ထဲသို့ခေါ်သွားခဲ့သည်။
ဧကရာဇ်မယ်တော်
ဝူမိဖုရားကြီးသည် ထိုအကြောင်းကိုကြားသောအခါ မရပ်တန့်နိုင်ပဲ ငိုကြွေးခဲ့သည်။ အမှုထမ်းများ၊
သာမန်ပြည်သူများလည်း စိတ်မကောင်းဖြစ်ကာ ငိုယိုခဲ့ကြသည်။
ဒုတိယဧကရာဇ်သည်
စိတ်မကောင်းဖြစ်သောကြောင့် ရက်ပေါင်းများစွာ ညီလာခံသို့မတက်ရောက်ခဲ့ပေ။ ထိုအချိန်တွင်
"ရန်ယီ"(Yang Yi) ကပုန်ကန်သွားပြီဟု "ဝေရန်"(Wei Yan) ထံမှအကြောင်းကြားစာရောက်လာသည်။
အမတ်ကြီးတို့သည် အံ့ဩသွားကြပြီး ဧကရာဇ်၏အဆောင်တော်သို့သွားကာ တင်လျှောက်ကြသည်။ ထိုအဆောင်တော်တွင်
ဝူမိဖုရားကြီးလည်းရှိနေခဲ့သည်။ ထိုသဝဏ်လွှာမှာ အောက်ပါအတိုင်းဖြစ်သည်။
"ဝန်ကြီး၊
အနောက်ဘက်ကိုအောင်နိုင်သောစစ်သူကြီးနှင့် နန်ကျန်းသခင် ကျွန်တော်မျိုး ဝေရန်(Wei
Yan) မှ ရိုကျိုးစွာဖြင့် စာပို့လိုက်ပါတယ်။ ရန်ယီ(Yang Yi) ဟာ စစ်တပ်ကိုချုပ်ကိုင်ပြီး
ပုန်ကန်သွားပါပြီ။ သူဟာ ဝန်ကြီးချုပ်ဟောင်းရဲ့အခေါင်းကိုထိန်းသိမ်းထားပြီး တပ်တွေကိုဦးဆောင်ပြီးတော့
နယ်စပ်ကိုချဉ်းကပ်လာပါပြီ။ ကြိုတင်ပြီး သတိထားတဲ့အနေနဲ့ ကျွန်တော်မျိုးက သစ်သားလမ်းကိုမီးရှို့ဖျက်စီးလိုက်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သတ်ပြီး ဧကရာဇ်ထံ သံတော်ဦးတင်ရခြင်းဖြစ်ပါတယ်"
ဒုတိယဧကရာဇ်မှ
"ဝေရန်(Wei
Yan) က ရဲရင့်တဲ့သူရဲကောင်းဖြစ်ပြီး ရန်ယီ(Yang Yi) ကိုအလွယ်တကူအနိုင်ယူနိုင်တာ၊ ဘာကြောင့်
လမ်းကိုဖျက်စီးရတာလဲ"
ဝူမိဖုရားကြီးမှ
"ကျူးကဲလျန့်(Zhuge
Liang) ဟာ ဝေရန်(Wei Yan) ရဲ့သစ္စာမဲ့တဲ့နှလုံးသားအကြောင်းကိုသိတယ်လို့ ပထမဧကရာဇ်ကပြောခဲ့ဖူးတယ်။
အဲ့တုန်းက ဝေရန်(Wei Yan) ကိုသေဒဏ်ပေးချင်ပေမယ့် သူ့ရဲ့ရဲစွမ်းသတ္တိကြောင့်သာ အသက်ကိုချမ်းသာပေးခဲ့တာဖြစ်တယ်။
ဒါကြောင့် ရန်ယီ(Yang Yi) သစ္စာဖောက်သွားပြီဆိုတာကို အလွယ်တကူယုံကြည်လို့မဖြစ်ပါဘူး။
ရန်ယီ(Yang Yi) က စာပေပညာရှင်၊ အုပ်ချုပ်ရေးအမှုထမ်းဖြစ်ပြီး ဝန်ကြီးချုပ်က သူ့ကို ကြီးမားတဲ့တာဝန်တွေပေးအပ်ခဲ့တယ်။
ဒါဟာ ရန်ယီ(Yang Yi) အပေါ်ဘယ်လောက်ယုံကြည်တယ်ဆိုတာ ပြသတာပဲဖြစ်တယ်။ ဝေရန်(Wei Yan) ရဲ့စာကိုသာယုံလိုက်မယ်ဆိုရင်
ရန်ယီ(Yang Yi) မှာ ရွေးချယ်စရာမရှိပဲ ဝေဘက်ကိုသွားရလိမ့်မယ်။ သေချာသုံးသပ်ပြီးမှ ဆုံးဖြတ်ချက်ချသင့်ပါတယ်"
ထိုသို့တိုင်ပင်နေကြစဉ်
"ရန်ယီ"(Yang Yi) ထံမှအရေးကြီးစာတစ်စောင်ရောက်လာသည်။
"တပ်ဆုတ်လာသောခေါင်းဆောင်
ရန်ယီ(Yang Yi) မှ လေးစားစွာ၊ ကြောက်ရွံ့စွာနဲ့ ဤစာကိုဆက်သလိုက်ရပါတယ်။ ဝန်ကြီးချုပ်ဟာ
နောက်ဆုံးအချိန်တွေမှာ တပ်ဖွဲ့ကြီးကိုဦးဆောင်ပြီး သူ့အစီအစဉ်အတိုင်းလုပ်ဆောင်ဖို့အတွက်
ကျွန်တော်မျိုးကိုတာဝန်ပေးခဲ့ပါတယ်။ တပ်နောက်မြီးပိုင်းကိုဦးဆောင်ဖို့အတွက် ဝေရန်(Wei
Yan) ကိုတာဝန်ပေးပြီး လက်ထောက်အနေနဲ့ ကျန်းဝေ(Jiang Wei) ကို တာဝန်ပေးခဲ့ပါတယ်။ ဒါပေမယ့်
ဝေရန်(Wei Yan) က ဒီတာဝန်ကိုငြင်းဆန်ပြီး ဟန်ကျုံးကိုပြန်ဝင်လာခဲ့တယ်။ ဒါ့အပြင်သစ်သားလမ်းကိုမီးရှို့ဖျက်စီးခဲ့ပြီး
စစ်သေနာပတိရဲ့အလောင်းကို ခိုးယူဖို့ကြံစည်ခဲ့တယ်။ သူဟာ ရုတ်တရတ်ပုန်ကန်တာဖြစ်တာကြောင့်
ဒီသဝဏ်လွှာကိုအလျင်အမြန်ပို့လိုက်ရပါတယ်"
မယ်တော်မှအဆုံးထိနားထောင်ပြီးနောက်
အမှုထမ်းတို့ဘက်လှည့်ကာ
"ဝန်မင်းတို့က
ဘယ်လိုမြင်ကြတုန်း"
"ကျန်းဝမ်"(Jiang
Wan) မှ
"ရန်ယီ(Yang
Yi) က အလျင်စလိုနိုင်ပြီး သည်းမခံတတ်သူဖြစ်ပေမယ့် သူဟာ စစ်တပ်ရဲ့စားနပ်ရိက္ခာတွေအတွက်
တာဝန်ယူခဲ့ပြီး တာဝန်ကိုကောင်းကောင်းထမ်းရွက်နိုင်သူဖြစ်တယ်။ သူက အရင်ဝန်ကြီးချုပ်ရဲ့ယုံကြည်ရတဲ့
လုပ်ဖော်ကိုင်ဖက်လည်းဖြစ်ပြီး သူသေဆုံးခါနီးမှာ ကိစ္စအဝဝကို ရန်ယီ(Yang Yi) ကိုလွှဲအပ်ခဲ့တယ်။
ဒါကြောင့် သူဟာ သူပုန်မဖြစ်နိုင်ပါဘူး။ တစ်ဖက်မှာတော့ ဝေရန်(Wei Yan) ဟာ ရဲရင့်ပြီး
ရည်မှန်းချက်ကြီးသူဖြစ်ပြီးတော့ သူ့ကိုယ်သူ တခြားလူတွေထက်သာလွန်တယ်လို့ခံယူထားသူဖြစ်တယ်။
ရန်ယီ(Yang Yi) က သူနဲ့အယူအဆမတူတာကြောင့် ဝေရန်(Wei Yan) က သူ့ကိုမုန်းနေခဲ့တာဖြစ်တယ်။
ရန်ယီ(Yang Yi) က တပ်ကိုတာဝန်ယူတော့ ဝေရန်(Wei Yan) က ထောက်ပံ့မှုမပေးခဲ့ဘူး။ ဒါ့အပြင်
လမ်းကိုဖြတ်တောက်ပြီး ကုန်းတိုက်ပြီးတော့ သူ့ကိုသတ်ဖို့လုပ်ခဲ့တယ်။ ရန်ယီ(Yang Yi)
ရဲ့သစ္စာရှိမှုအပေါ် ကျွန်တော့တစ်မိသားစုလုံးရဲ့အသက်နဲ့လောင်းဝံ့ပါတယ်"
"တုန်းယွင်"(Dong
Yun) : "ဝေရန်(Wei Yan) က ဟိုးအရင်တည်းက ဘဝင်မြောက်နေပြီး မကျေမနပ်ဖြစ်နေသူဖြစ်တယ်။
သူ့ပါးစပ်ကလည်း တခြားလူအပေါ်မုန်းတီးတဲ့စကားတွေပဲထွက်နေခဲ့တယ်။ ဝန်ကြီးချုပ်ကိုသာ ကြောက်ခဲ့ပြီး
ဝန်ကြီးချုပ်သေဆုံးသွားတော့ သူ့အတွက် အခွင့်အရေးပဲလို့ထင်တာကြောင့် သစ္စာဖောက်ခဲ့တာဖြစ်တယ်။
ဒါက ဒီကိစ္စရဲ့အရင်းမှန်ပါပဲ။ ရန်ယီ(Yang Yi) က အရည်အချင်းရှိသူဖြစ်ပြီး ဝန်ကြီးချုပ်က
သူ့ကိုခေါ်ထားတာဟာ သူ့ရဲ့သစ္စာရှိမှုကြောင့်ဖြစ်တယ်"
ဒုတိယဧကရာဇ်: "ဝေရန်(Wei Yan) က သူပုန်ဆိုရင် ဘယ်လိုလုပ်ကြမလဲ"
"ဝန်ကြီးချုပ်က
ဝေရန်(Wei Yan) ကိုဖြေရှင်းဖို့နည်းလမ်းတွေချန်ထားခဲ့မယ် ထင်ပါတယ်။ ရန်ယီ(Yang Yi)
က လုံခြုံမှုမရှိဘူးလို့ထင်ရင် တခြားတောင်ကြားလမ်းဘက်က လာလိမ့်မယ်။ ဝေရန်(Wei Yan) က
ထောင်ချောက်ထဲကျမှာမို့ အရှင်မင်းကြီးစိတ်ပူစရာမလိုပါဘူး။ သူတို့နှစ်ယောက်ဆီကစာကို
တစ်ချိန်တည်းမှာရခဲ့တယ်။ ခဏစောင့်ကြည့်လိုက်ပါဦး"
ထိုစဉ်
"ဖေးယီ"(Fei Yi) ရောက်လာပြီး "ဝေရန်"(Wei Yan) ၏ပုန်ကန်မှုအကြောင်းပြောခဲ့သည်။
ဒုတိယဧကရာဇ်မှ
"ဒါဆိုရင်
တုန်းယွင်(Dong Yun) ကို အာဏာကိုယ်စားပြုအလံကိုပေးပြီး ဝေရန်(Wei Yan) ဆီလွှတ်ပြီးတော့
ဖြောင်းဖျကြည့်မယ်"
ထို့ကြောင့်
"တုန်းယွင်"(Dong Yun) လည်းထွက်ခွာသွားခဲ့သည်။ ထိုအချိန်တွင် "ဝေရန်"(Wei
Yan) သည် နန်ကူတောင်ကြားတွင် စခန်းချထားပြီး သူ့အစီအစဉ်သည် ချောမောနေခဲ့ပြီဟုမှတ်ယူထားသည်။
"ရန်ယီ"(Yang Yi) နှင့် "ကျန်းဝေ"(Jiang Wei) တို့သည် တခြားလမ်းမှသွားလိမ့်မည်ဟု
မထင်မှတ်ထားခဲ့ပေ။
တစ်ဖက်တွင်
"ရန်ယီ"(Yang Yi) သည် ဟန်ကျုံးကိုလက်လွှတ်လိုက်ရပြီဟုထင်သောကြောင့်
"ဟဲဖင်"(He Ping) အား တပ်သားသုံးထောင်နှင့်အတူ အရင်လွှတ်ပြီး သူကိုယ်တိုင်မှာမူ
အခေါင်းနှင့်လိုက်လာခဲ့သည်။ "ဟဲဖင်"(He Ping) သည် နန်ကူတောင်ကြားနားသို့ရောက်သောအခါ
ဗုံတို့ကိုတီးစေပြီး သူတို့ရောက်လာကြောင်းကြေညာစေသည်။ ကင်းထောက်တို့ထံမှကြားရသောအခါ
"ဝေရန်"(Wei Yan) သည် ဓားကိုကိုင်လျက်ထွက်လာပြီး "ဟဲဖင်"(He
Ping) နှင့်ရင်ဆိုင်ခဲ့သည်။ နှစ်ဖက်စလုံးတိုက်ခိုက်ရန်ခင်းကျင်းခဲ့ပြီး "ဟဲဖင်"(He
Ping) သည် အရှေ့သို့ထွက်လာကာ ရန်သူကိုဆဲရေးခဲ့သည်။
"သူပုန်
ဝေရန်(Wei Yan) ကဘယ်မှာလဲ"
"မင်းကမှ
သစ္စာဖောက် ရန်ယီ(Yang Yi) ကိုကူညီနေတာ။ ကျုပ်ကို မကောင်းပြောရဲတယ်ပေါ့"
"ဟဲဖင်"(He
Ping) သည် မခံမရပ်နိုင်ဖြစ်သွားသည်။
"သေနာပတိရဲ့ကိုယ်တောင်
မအေးသေးတဲ့အချိန်မှာ ခင်ဗျားက ချက်ချင်းသစ္စာဖောက်သွားခဲ့တယ်လေ"
ထို့နောက်
"ဝေရန်"(Wei Yan) ၏နောက်လိုက်နောက်ပါတို့အား ကြာပွတ်ဖြင့်ညွှန်ကာ
"မင်းတို့တွေက
ရှူပြည်ရဲ့စစ်သည်တွေမဟုတ်ဘူးလား။ မင်းတို့ရဲ့မိခင်တွေ၊ ဖခင်တွေ၊ ဇနီးတွေ၊ သားသမီးတွေနဲ့မိတ်ဆွေသူငယ်ချင်းတွေအားလုံးက
ရှူပြည်မှာပဲ။ မင်းတို့အပေါ် ဘာမကောင်းတာများလုပ်ခဲ့မိလို့ သစ္စာဖောက်ကိုကူညီနေရတာလဲ?
မင်းတို့တွေက အိမ်ပြန်လာရင် ဆုလာဘ်တွေကိုစောင့်နေရမယ့်အချိန်မဟုတ်လား"
ထိုစကားတို့သည်
တပ်သားတို့၏ရင်ကိုထိသွားစေခဲ့သည်။ စစ်သည်တို့သည် ကြွေးကြော်ကြပြီး တစ်ဝက်ကျော်ခန့်ထွက်ပြေးသွားခဲ့သည်။
"ဝေရန်"(Wei
Yan) သည် လွန်စွာဒေါသထွက်သွားပြီး ဓားကိုဝှေ့ရမ်းကာ "ဟဲဖင်"(He Ping) ကိုတိုက်ရန်ချဉ်းကပ်လာသည်။
"ဟဲဖင်"(He Ping) မှ လှံဖြင့်အဆင်သင့်စောင့်နေခဲ့သည်။ သူတို့နှစ်ဦးသည် တခဏခန့်တိုက်ပြီးနောက်
"ဟဲဖင်"(He Ping) သည် ရှုံးနိမ့်ချင်ယောင်ဆောင်ပြီးထွက်ပြေးသွားသည်။
"ဝေရန်"(Wei Yan) သည် အနောက်မှလိုက်လာသောအခါ "ဟဲဖင်"(He Ping)
၏တပ်မှမြားဖြင့်ပစ်သောကြောင့် "ဝေရန်"(Wei Yan) တပ်ဆုတ်ခဲ့ရသည်။ "ဝေရန်"(Wei
Yan) သည် စခန်းနားသို့ပြန်လာသောအခါ သူ၏စစ်သူကြီးများစွာတို့သည် ထွက်ခွာရန်ပြင်နေကြသည်။
"ဝေရန်"(Wei Yan) မှအနောက်မှလိုက်ပြီး တချို့ကိုဓားဖြင့်ခုတ်ခဲ့သည်။ သို့သော်လည်း
စစ်သူကြီးအများစုမှာ ထွက်သွားခဲ့သည်။ သူ့တပ်တွင်ကျန်ရစ်ခဲ့သောတပ်ဖွဲ့မှာ "မာတိုက်"(Ma
Dai) ၏တပ်သာဖြစ်ပြီး စိတ်ပြောင်းခြင်းမရှိခဲ့ပေ။
"ဝေရန်"(Wei
Yan) : "ခင်ဗျားက ကျုပ်ကိုတကယ်ကူမှာလား။ ကျုပ်အောင်မြင်ရင် ခင်ဗျားကိုမမေ့ပါဘူး"
ထို့နောက် ထွက်ပြေးသွားသော
"ဟဲဖင်"(He Ping) နောက်သို့လိုက်ခဲ့ကြသည်။ သို့သော်လည်း အမီမလိုက်နိုင်သောကြောင့်
တပ်များကိုရပ်တန့်ခဲ့သည်။ "ဝေရန်"(Wei Yan) သည် သူ၏ကျန်ရစ်သောတပ်စုလေးကိုလှုံ့ဆောခဲ့သည်။
"ဝေရန်"(Wei
Yan) : "ကျုပ်တို့တွေ ဝေပြည်ကိုသွားကြမလား"
"မာတိုက်"(Ma
Dai) : "ဒါက မသင့်တော်ဘူး။ ကျွန်တော်တို့တွေဘာလို့ သူများလက်အောက်မှာနေမတုန်း?
အင်အားကြီးတဲ့လူဆိုတာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး ဘယ်သူ့ကိုမှ ဒူးမထောက်ဘူး။ ခင်ဗျားက
မြစ်ပြည်နယ်က ခေါင်းဆောင်တွေထက် အရည်အချင်းရှိပြီး ရဲရင့်သူပဲလေ။ ဘယ်သူမှ ခင်ဗျားကိုရင်ဆိုင်ဝံ့မှာမဟုတ်ဘူး။
ဒါကြောင့် ကျွန်တော်က ခင်ဗျားကိုကူညီပြီး ဟန်ကျုံးကိုသိမ်းပိုက်မယ်။ ပြီးရင် အဲ့ကိုဗဟိုပြုပြီး
အနောက်ဘက်မြစ်ပြည်နယ်ကိုသိမ်းမယ်"
သို့နှင့် သူတို့နှစ်ဦးသည်
"ကျန်းဝေ"(Jiang Wei) ရှိသည့် နန်ကျန်းသို့ထွက်လာခဲ့သည်။ ရန်သူတို့သည် ဝံ့ကြွားစွာဖြင့်
ချီတက်လာသည်ကို "ကျန်းဝေ"(Jiang Wei) သည် တံတားပေါ်မှလှမ်းမြင်လိုက်သည်။ ထို့ကြောင့်ဆွဲတံတားကိုတင်စေပြီး
သူ၏လုပ်ဖော်ကိုင်ဖက်"ရန်ယီ"(Yang Yi) ကို အကြောင်းကြားစေသည်။
အနီးသို့ကပ်လာသောအခါ
"ဝေရန်"(Wei Yan) နှင့် "မာတိုက်"(Ma Dai) တို့မှ
"လက်နက်ချစမ်း"
ဟုအော်ခဲ့သည်။
ရန်သူတို့သည်
အင်အားနည်းသော်လည်း "မာတိုက်"(Ma Dai) နှင့် "ဝေရန်"(Wei Yan)
တို့ပူးပေါင်းပါက ရင်ဆိုင်ရခက်မည်ကိုမြင်သောကြောင့် "ရန်ယီ"(Yang Yi) ၏အကြံကိုတောင်းခဲ့သည်။
"ကျန်းဝေ"(Jiang
Wei) : "ဝေရန်(Wei Yan) က ရဲစွမ်းသတ္တိရှိတဲ့အပြင် မာတိုက်(Ma Dai) ကလည်း သူ့ကိုကူညီနေတော့
ဘယ်လိုတွန်းလှန်ကြမလဲ"
"ရန်ယီ"(Yang
Yi) : "ဝေရန်(Wei Yan) ဒုက္ခပေးလာခဲ့ရင် ပိုးထည်အိတ်ထဲကစာအတိုင်းလုပ်ဆောင်ဖို့
ဝန်ကြီးချုပ်က မှာခဲ့တယ်။ အဲ့ထဲမှာ ဒီသစ္စာဖောက်ကိုနှိမ်နင်းနိုင်မယ့်နည်းလမ်းရှိတာကြောင့်
ဒီအချိန်ဟာ အဲ့စာကိုဖောက်ကြည့်ရမယ့်အချိန်ပဲ"
"ရန်ယီ"(Yang
Yi) သည် စာကိုဖွင့်လိုက်သောအခါ ထိပ်တွင် 'ဝေရန်(Wei Yan) က မျက်နှာချင်းဆိုင်တိုက်ခိုက်ရန်ပြင်သောအခါ
ဖတ်ရန်' ဟုရေးထားသည်။
"ကျန်းဝေ"(Jiang
Wei) : "ဒါဆို ကျွန်တော်အရင်ထွက်သွားလိုက်မယ်။ သူ့တပ်တွေခင်းကျင်းထားတဲ့အခါ ခင်ဗျားထွက်လာပါ"
"ကျန်းဝေ"(Jiang
Wei) သည် သံချပ်ကာကိုဝတ်ကာ လှံကိုကိုင်ပြီး တပ်သုံးထောင်နှင့်အတူ ထွက်သွားသည်။ သူတို့သည်
ဗုံတို့ကိုတီးစေပြီး မြို့ပြင်သို့ထွက်လာသည်။ "ကျန်းဝေ"(Jiang Wei) သည် သင့်မြတ်သောနေရာတွင်နေကာ
မခံချင်အောင် ရန်စလေသည်။
"သူပုန်
ဝေရန်(Wei Yan) ၊ ဝန်ကြီးချုပ်က ခင်ဗျားကိုဒုက္ခမပေးခဲ့ဘူး။ ခင်ဗျားက ဘာကြောင့်သစ္စာဖောက်ရတာလဲ"
"ဝေရန်"(Wei
Yan) မှ မြင်းကိုတန့်လိုက်ပြီး ဓားကိုဘေးတွင်ကိုင်ထားကာ
"မိတ်ဆွေ
ကျန်းဝေ(Jiang Wei) ၊ ဒါ ခင်ဗျားနဲ့မဆိုင်ဘူး။ ရန်ယီ(Yang i) ကိုထွက်လာဖို့ပြောလိုက်ပါ"
ထိုအချိန်တွင်
"ရန်ယီ"(Yang Yi) သည် ပုန်းကွယ်နေခဲ့ပြီးနောက် စာကိုဖောက်လိုက်သည်။ ထိုစာကိုဖတ်ပြီးသောအခါ
ဝမ်းမြောက်သွားပြီး အရှေ့သို့ထွက်လာသည်။ ပြီးနောက် ''ဝေရန်"(Wei Yan) ကိုလက်ညှိုးညွှန်ကာ
"ဝန်ကြီးချုပ်က
ခင်ဗျားသစ္စာဖောက်မယ်ဆိုတာသိလို့ ကျုပ်ကိုသတိပေးခဲ့တယ်။ ခင်ဗျားသာ 'ကျုပ်ကိုဘယ်သူသတ်ရဲလဲ'
လို့ သုံးကြိမ်သုံးခါအော်နိုင်ရင် ခင်ဗျားကသူရဲကောင်းပဲ။ ဟန်ကျုံးမြို့တစ်ခုလုံးကို
ခင်ဗျားလက်ထဲအပ်လိုက်မယ်"
"ဝေရန်"(Wei
Yan) က ရယ်ပြီး
"ဒီမှာ
အဘိုးကြီး၊ ကျူးကဲလျန့်(Zhuge Liang) ရှိတုန်းကတော့ သူ့ကိုနည်းနည်းကြောက်ရပေမယ့် အခုကျုပ်ရှေ့မှာ
ရပ်တည်နိုင်တဲ့လူမရှိတော့ဘူး။ ကျုပ်က အဲ့စကားကိုသုံးကြိမ်မက အကြိမ်ပေါင်းများစွာတောင်
အော်ရဲတယ်"
"ဝေရန်"(Wei
Yan) မှ သူ့ဓားကိုမြောက်ပြီး ဇက်ကြိုးကိုဆွဲကာ
"ကျုပ်ကိုဘယ်သူသတ်ရဲလဲ"
ဟုအော်ခဲ့သည်။
သို့သော် သူ့စကားမဆုံးမီမှာပင်
အနောက်ဘက်မှ အသံကျယ်ကြီးကိုကြားလိုက်သည်။
"ကျုပ်သတ်ဝံ့တယ်"
တစ်ချိန်တည်းမှာပင်
"ဝေရန်"(Wei Yan) သည် မြင်းပေါ်မှပြုတ်ကျကာ သေဆုံးသွားသည်။ ၎င်းမှာ "မာတိုက်"(Ma
Dai) ၏လက်ချက်ဖြစ်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မသေဆုံးမီတွင် "မာတိုက်"(Ma
Dai) ကိုလျှို့ဝှက်အမိန့်ပေးထားခဲ့သည်။ "ဝေရန်"(Wei Yan) သည် ထိုစကားတို့ကိုပြောပြီး
သူမထင်မှတ်ထားသည့်အချိန်တွင် သူ့အားလုပ်ကြံရန်ဖြစ်သည်။ "ရန်ယီ"(Yang Yi)
က စာကိုဖတ်ပြီးနောက် ထိုသို့ဖြစ်မည်ကိုသိနေခဲ့သည်။
ထို့ကြောင့်
"တုန်းယွင်"(Dong Yun) သည် နန်ကျန်းသို့မရောက်မီမှာပင် "ဝေရန်"(Wei
Yan) သေဆုံးခဲ့သည်။ "မာတိုက်"(Ma Dai) သည် "ကျန်းဝေ"(Jiang
Wei) ၊ "ရန်ယီ"(Yang Yi) တပ်တို့နှင့်ပူးပေါင်းခဲ့ပြီးနောက် "ရန်ယီ"(Yang
Yi) မှ ဧကရာဇ်ထံသဝဏ်လွှာပို့ခဲ့သည်။
မကြာခင်မှာပင်
ဧကရာဇ်မှအမိန့်တော်ထုတ်ပြန်ခဲ့သည်။
'ဝေရန်(Wei
Yan) ဟာ သူ့အမှားအတွက်ပေးဆပ်ခဲ့ပြီးပြီ။ သူရှေးကလုပ်ဆောင်မှုတွေကိုအမှတ်ရသောအားဖြင့်
ကောင်းမွန်စွာသဂြိုဟ်ရန် ဧကရာဇ်မှမိန့်တော်မူသည်'
"ရန်ယီ"(Yang
Yi) သည် ခရီးဆက်ခဲ့ပြီးနောက် ဝန်ကြီးချုပ်၏အခေါင်းနှင့်အတူ ချန်တူးသို့ရောက်လာသည်။
ဒုတိယဧကရာဇ်သည် အမတ်ကြီးများခြံရံလျက် မြို့ပြင် ခုနစ်မိုင်အကွာမှစောင့်နေခဲ့ပြီး သေဆုံးသူအတွက်
ငိုကြွေးခဲ့သည်။ သူနှင့်အတူ အမှုထမ်းများ၊ သာမန်ပြည်သူများလည်း ငိုကြွေးခဲ့ရာ မြေပြင်တစ်ခုလုံး
ဝမ်းနည်းမှုဖြင့်လွှမ်းခြုံခဲ့သည်။
ဧကရာဇ်၏အမိန့်တော်ဖြင့်
အလောင်းကို ဝန်ကြီးချုပ်၏အိမ်တော်သို့သယ်လာစေပြီး ထိုသို့ပြုလုပ်ခြင်းကို သားဖြစ်သူ
"ကျူးကဲကျန့်"(Zhuge Zhan) မှဦးဆောင်ခဲ့သည်။
ဧကရာဇ်သည် ညီလာခံကျင်းပသောအခါ
"ရန်ယီ"(Yang Yi) မှ ကိုယ့်ကိုယ်ကိုကြိုးတုတ်ပြီး သူ့အမှားကိုဝန်ခံခဲ့သည်။
ဧကရာဇ်မှ ကြိုးတို့ကိုဖြည်စေပြီး
"ဝန်ကြီးကြောင့်သာမဟုတ်ရင်
အခေါင်းက အိမ်ကိုပြန်ရောက်မှာမဟုတ်ဘူး။ ခင်ဗျားက ဝန်ကြီးချုပ်မှာကြားခဲ့တာကိုလုပ်ဆောင်နိုင်ခဲ့ပြီး
ဝေရန်(Wei Yan) ကိုလည်း ချေမှုန်းနိုင်ခဲ့တယ်။ ဒါဟာ ခင်ဗျားရဲ့စွမ်းဆောင်မှုပဲ"
"ရန်ယီ"(Yang
Yi) အား ဗဟိုတပ်၏ကြီးကြပ်ရေးအရာရှိအဖြစ် ရာထူးတိုးမြင့်ခဲ့ပြီး "မာတိုက်"(Ma
Dai) အား "ဝေရန်"(Wei Yan) ၏ရာထူးတွင် အစားထိုးစေသည်။ "ရန်ယီ"(Yang
Yi) မှ "ကျူးကဲလျန့်"(Zhuge Liang) ၏သေတမ်းစာကိုဆက်သခဲ့ရာ ဧကရာဇ်သည် ဖတ်ရှုပြီး
မျက်ရည်ကျခဲ့လေသည်။ ထို့နောက် ဟူးရားပုရောဟိတ်တို့ကိုခေါ်ကာ တွက်ချက်စေပြီး တိုင်းပြည်၏ကြီးမြတ်သောဝန်ကြီး၏နားစက်ရာနေရာကောင်းကို
ရွေးချယ်စေခဲ့သည်။
"ဖေးယီ"(Fei
Yi) မှ
"ဝန်ကြီးချုပ်မကွယ်လွန်ခင်တုန်းက
သူ့ကို တင်းကျွင်းတောင်မှာမြုပ်နှံပြီး ယဇ်ပူဇော်မှုတွေ၊ မော်ကွန်းတိုင်တွေမလုပ်ဖို့မှာခဲ့ပါတယ်"
ဝန်ကြီးချုပ်၏ဆန္ဒကိုလိုက်လျောစေပြီး
အလောင်းကိုမြေချရန်အတွက် ဆယ်လပိုင်း၏ရက်ကောင်းတစ်ရက်ကို ရွေးချယ်စေသည်။ ဒုတိယဧကရာဇ်သည်
တင်းကျွင်းတောင်ရှိအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ကွယ်လွန်သွားခဲ့သောဝန်ကြီးချုပ်အား
ကျုံးဝူ(သစ္စာရှိပြီး ခွန်အားကြီး)မှူးမတ်ကြီးဟု ခေါ်တွင်စေသည်။ မျန်ရန်တွင် ဘုံကျောင်းဆောက်လုပ်စေကာ
လေးရာသီလုံးပူဇော်ပသစေ၏။
ဧကရာဇ်သည် မင်းနေပြည်တော်သို့ပြန်လာသောအခါ
သတင်းဆိုးတစ်ခုကိုကြားရသည်။ ဝူပြည်မှ "ချွမ်ကျုံး"(Quan Zong) သည် အင်အားကြီးမားသောတပ်ဖြင့်
ပါးချို၏အဝတွင်စခန်းချထားပြီး မည်သည့်ရည်ရွယ်ချက်ရှိသည်ကို မသိရပေ။ ဧကရာဇ်မှ
"ဝန်ကြီးချုပ်မရှိတော့တာနဲ့
ဝူပြည်က သစ္စာဖောက်တော့မယ်။ ဘယ်လိုလုပ်ကြမလဲ"
"ကျန်းဝမ်"(Jiang
Wan) : "ကျွန်တော့အကြံကတော့ သတိထားတဲ့အနေနဲ့ ကျန်းနီ(Zhang Ni) နဲ့ ဝမ်ဖင်(Wang
Ping) တို့ကို ပိုင်တိချန်ကိုလွှတ်ထားသင့်ပါတယ်။ နောက်ပြီး ဝူပြည်ကို သံတမန်စေလွှတ်ပြီးတော့
သေဆုံးတဲ့သတင်းနဲ့ဈာပနအခမ်းအနားကျင်းပမယ့်အချိန်ကိုပြောသင့်တယ်။ သူက အဲ့မှာနေပြီး
အခြေအနေကိုစောင့်ကြည့်နိုင်တယ်"
ဧကရာဇ်:
"အဲ့သံတမန်က စကားပြောကောင်းသူဖြစ်ရမယ်"
ထိုစဉ် အမှုထမ်းများထဲမှာ
တစ်ဦးထွက်လာပြီး ထိုတာဝန်ကိုထမ်းရွက်လိုကြောင်းပြောခဲ့သည်။ ထိုသူသည် နန်ရန်မြို့သားဖြစ်ပြီး
စစ်တပ်အကြံပေး "ကျုံးယွီ"(Zong Yu) ဖြစ်သည်။ ထို့ကြောင့် ဝန်ကြီးချုပ်ကွယ်လွန်သွားသည့်အကြောင်းကို
အကြောင်းကြားရန်နှင့် အခြေအနေတို့ကိုစောင့်ကြည့်ရန် ထိုသူ့အားတာဝန်ပေးခဲ့သည်။
"ကျုံးယွီ"(Zong
Yu) သည် ကျန်းရဲ့သို့ရောက်လာပြီး ဧကရာဇ်၏ရှေ့တော်မှောက်သို့ရောက်လာခဲ့သည်။ ထိုခန်းမဆောင်အတွင်းရှိလူအားလုံးတို့သည်
ဈာပနဝတ်စုံဝတ်ထားသည်ကို သတိထားမိသည်။ "စွန်းချွမ်"(Sun Quan) သည် ဒေါသထွက်ဟန်ဖြင့်
"ဝူနဲ့ရှူဟာ
တစ်မိသားစုလို့သတ်မှတ်လို့ရတာမဟုတ်လား။ ခင်ဗျားရဲ့သခင်က ဘာလို့ ပိုင်တိချန်မှာ တပ်တွေတိုးလိုက်တာလဲ"
"အရှေ့ဘက်က
ပါးချိုမှာတပ်တွေချထားသလို အနောက်ပိုင်းကလည်း အစောင့်တွေပိုပြီး ချထားဖို့လိုအပ်တာကြောင့်ပါ။
ဒါတွေက မပြောပလောက်ပါဘူး"
"စွန်းချွမ်"(Sun
Quan) မှပြုံးပြီး
"သံတမန်တစ်ယောက်အနေနဲ့ဆို
တန်းကျီ(Deng Zhi) ထက်မလျှော့တဲ့အရည်အချင်းရှိတယ်"
"စွန်းချွမ်"(Sun
Quan) မှ ဆက်ပြောခဲ့သည်။
"ခင်ဗျားတို့ဝန်ကြီးချုပ်
ကျူးကဲလျန့်(Zhuge Liang) က အထက်ဘုံကိုတက်သွားပြီလို့ကြားတော့ ကျုပ်နေ့တိုင်းငိုကြွေးခဲ့ရပြီး
အမှုထမ်းတွေကိုလည်း ဈာပနဝတ်စုံဝတ်ဖို့အမိန့်ပေးခဲ့တယ်။ ဝေပြည်က ဒါကိုအခွင့်ကောင်းယူပြီး
လာတိုက်မှာစိုးတာကြောင့် ခင်ဗျားတို့အကူအညီလိုအပ်ရင်ကူဖို့ ပါးချိုမှာ စစ်တပ်တစ်သောင်းတိုးမြင့်ခဲ့တာဖြစ်တယ်။
ကျုပ်ရဲ့ရည်ရွယ်ချက်က ဒါပါပဲ"
"ကျုံးယွီ"(Zong
Yu) မှ အရိုအသေပြုကာ ကျေးဇူးတင်စကားပြောခဲ့သည်။
"ကျုပ်တို့ကြားက
ကတိသစ္စာကိုမချိုးဖောက်ပါဘူး"
"ဧကရာဇ်က
ကျွန်တော့ကိုလွှတ်လိုက်တာဟာ ဝန်ကြီးချုပ်ရဲ့နာရေးကိစ္စအကြောင်းလျှောက်တင်ဖို့ဖြစ်ပါတယ်"
"စွန်းချွမ်"(Sun
Quan) မှ အဖျားတွင်ရွှေရောင်ရှိသောမြားကိုယူကာ ချိုးလိုက်ပြီး
"ကျုပ်သာသစ္စာကိုဖောက်ဖျက်ခဲ့ရင်
ကျုပ်ကိုဆက်ခံမယ့်သူမရှိပါစေသား"
ဝူဧကရာဇ်မှ
အမွှေးတိုင်၊ ပိုးထည်နှင့်အခြားလက်ဆောင်တို့နှင့်အတူ သံတမန်တစ်ဦးကို ရှူပြည်သို့သွားစေခဲ့သည်။
"ကျုံးယွီ"(Zong Yu) နှင့်ထိုသံအမတ်တို့သည် ဝူဧကရာဇ်ကိုနှုတ်ဆက်ပြီးနောက်
ချန်တူးသို့ထွက်လာသည်။ ချန်တူးသို့ရောက်သောအခါ ဒုတိယဧကရာဇ်နှင့်တွေ့ဆုံပြီး "ကျုံးယွီ"(Zong
Yu) မှ သဝဏ်လွှာဆက်သခဲ့သည်။
"ဝူဘုရင်ဟာ
ကျွန်တော်တို့ဝန်ကြီးချုပ်အတွက် စိတ်မကောင်းဖြစ်ပြီးငိုကြွေးခဲ့တဲ့အပြင် သူ့နန်းတွင်းတစ်ခုလုံးက
လူတွေကိုလည်း ဈာပနဝတ်စုံဝတ်စေခဲ့တယ်။ ပါးချိုမှာ စစ်တပ်အင်အားတိုးချဲ့လိုက်တာဟာ ဝေပြည်က
ကျွန်တော်တို့ကိုလာတိုက်ရင် ကူညီပြီးတိုက်ခိုက်နိုင်ဖို့ဖြစ်တယ်။ ဝူဘုရင်က မြားကိုချိုးပြီးတော့
သစ္စာဆိုခဲ့ပါတယ်"
ဒုတိယဧကရာဇ်သည်လည်း
ဝမ်းမြောက်သွားပြီး "ကျုံးယွီ"(Zong Yu) အား ဆုလာဘ်များပေးခဲ့သလို ဝူပြည်သံတမန်ကိုလည်း
ကောင်းစွာဆက်ဆံခဲ့သည်။
"ကျူးကဲလျန့်"(Zhuge
Liang) ၏အမှာစကားအတိုင်းပင် "ကျန်းဝမ်"(Jiang Wan) ကို ဝန်ကြီးချုပ်၊ အတွင်းရေးမှူးချုပ်ရာထူး၊
ဖေးယီ(Fei Yi) ကို ဒု-ဝန်ကြီးချုပ်နှင့် ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ပေးခဲ့သည်။
"ဝူယီ"(Wu Yi) အား မြင်းပျံတပ်စစ်သူကြီးနှင့်ဟန်ကျုံးမြို့စောင့်စစ်သူကြီး၊
"ကျန်းဝေ"(Jiang Wei) ကိုမူ ဟန်ပြည်ကိုစောင့်ရှောက်သောစစ်သူကြီးဘွဲ့၊ ဖင်ရှန်သခင်နှင့်
ဟန်ကျုံးမြို့စောင့်စစ်သူကြီးအဖြစ် အသီးသီးတာဝန်ပေးခဲ့သည်။
"ရန်ယီ"(Yang
Yi) ၏အမှုထမ်းသက်တမ်းမှာ "ကျန်းဝမ်"(Jiang Wan) ထက်ဝါရင့်သော်လည်း "ကျန်းဝမ်"(Jiang
Wan) မှာ သူ့ထက်ကျော်ပြီး ရာထူးတက်သွားသောကြောင့် သူ့အပေါ်အရေးတယူလုပ်ခြင်းမရှိဟုမြင်ကာ
မကျေနပ်ခဲ့ပေ။ သူမှ "ဖေးယီ"(Fei Yi) အား
"ဝန်ကြီးချုပ်ကွယ်လွန်တဲ့အချိန်မှာ
ကျုပ်က ရှိတဲ့တပ်တွေနဲ့ဝေပြည်ကိုသွားခဲ့ရင် ဒီလိုအအေးထဲမှာတစ်ကိုယ်တည်းနေရမှာမဟုတ်ဘူး"
ထိုအကြောင်းကို
"ဖေးယီ"(Fei Yi) မှ ဒုတိယဧကရာဇ်အား တိတ်တဆိတ်ပြန်ပြောခဲ့သည်။ ဧကရာဇ်သည် အမျက်ထွက်ပြီး
"ရန်ယီ"(Yang Yi) ကိုထောင်သွင်းအကျဉ်းချထားခဲ့သည်။ ထိုအကျဉ်းသားကို သေဒဏ်ပေးလိုခဲ့သော်လည်း
"ကျန်းဝမ်"(Jiang Wan) မှ
"ရန်ယီ(Yang
Yi) က ဝန်ကြီးချုပ်ဟောင်းနောက်ကိုလိုက်ပြီး တိုက်ပွဲများစွာမှာပါဝင်ခဲ့ပြီးတော့ စွမ်းဆောင်မှုတွေရှိခဲ့တယ်။
ဒါကြောင့် အရှင်မင်းကြီးက သက်ညှာစွာနဲ့ သူ့ကိုသေဒဏ်မပေးပဲ ရာထူးလျှော့ချသင့်ပါတယ်"
ထို့ကြောင့်
"ရန်ယီ"(Yang Yi) ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး ရာထူးချကာ ဟန်ကျုံး၊
ဟန်ကျားအရပ်သို့ပို့စေခဲ့သည်။ "ရန်ယီ"(Yang Yi) သည် အရှက်ရကာ ကိုယ့်ကိုယ်ကို
သတ်သေခဲ့လေ၏။
ရှူပြည် ကျန့်ရှင့်နှစ်တစ်ဆယ့်သုံးနှစ်၊
ဝေပြည် ချင်းလုံနှစ်တတိယနှစ်၊ ဝူပြည် ကျားဟဲစတုတ္ထနှစ် (အေဒီ ၂၃၅ ခု) တွင် စစ်ပွဲများမရှိခဲ့ပေ။
ဝေပြည်တွင် "စီးမာယီ"(Sima Yi) သည် ရင်ခွင်ပိုက်အစိုးရ အကြီးအကဲဖြစ်လာခဲ့ပြီး
ဝေပြည်၏တပ်များအားလုံးကိုထိန်းချုပ်နိုင်ခွင့်ရခဲ့ကာ လော့ရန်သို့ထွက်လာခဲ့သည်။
ရွှီချန်တွင်ရှိသော
ဝေဧကရာဇ်သည် နန်းတော်ကြီးဆောက်လုပ်ရန် ပြင်ဆင်နေခဲ့သည်။ လော့ရန်မြို့တွင် အရုဏ်တက်ခန်းမဆောင်၊
ကောင်းကင်ခန်းမဆောင်၊ ပန်းပြောက်ခန်းမဆောင်များကို လှပသောဒီဇိုင်းများဖြင့်ဆောက်လုပ်စေသည်။
ထို့အပြင် ကောင်းမေတ္တာခန်းမ၊ အစိမ်းရောင်ပုလွေမျှော်စင်နှင့် ဇာမဏီမျှော်စင်တို့ကိုမွမ်းမံစေကာ
နဂါးကိုးကောင်ရေကန်ကိုလည်း တူးစေခဲ့သည်။ ထိုဆောက်လုပ်ရေးတို့ကိုကြီးကြပ်ရန်အတွက် စာပေပညာရှင်
"မာကျွင်း"(Ma Jun) ကိုတာဝန်ပေးခဲ့လေသည်။
ထိုအဆောက်အဦးတို့ကိုကိုလှပစေရန်အတွက်
များစွာအကုန်အကျခံခဲ့သည်။ ရက်မတို့ကိုထုဆစ်စေပြီး အမိုးအောက်ခံ ရနယ်တို့ကို ဆေးသုတ်စေသည်။
နံရံတို့ကို ရွှေရောင်သစ်သားပြားတို့ဖြင့်ပြုလုပ်ထားပြီး အမိုးတို့မှာ အစိမ်းရောင်ဖြစ်လေသည်။
၎င်းတို့သည် နေရောင်ထဲတွင် အလွန်တောက်ပြောင်ခဲ့သည်။
တစ်လောကလုံးတွင်ရှိသော
ထူးချွန်သည့်လက်သမားပေါင်းထောင်ပေါင်းများစွာကို ခေါ်ယူခဲ့ပြီး မရေမတွက်နိုင်သောသာမန်အလုပ်သမားများနှင့်အတူ
နေ့ရောညပါမနားပဲ ဧကရာဇ်၏ကြီးမြတ်မှု၊ ပျော်ရွှင်မှုအတွက် တည်ဆောက်စေခဲ့သည်။ သို့သော်လည်း
ထိုဆောက်လုပ်မှုတို့တွင် လူအများတို့၏ခွန်အားများကိုအသုံးချခဲ့ရသောကြောင့် ပင်ပန်းကာ
ညည်းညူကြပြီး စောဒကတက်ခဲ့ကြသည်။
ထို့ပြင် ဝေဧကရာဇ်မှ
'နံ့သာပင်ပန်းခြံ' အတွက် သစ်ပင်၊ မြေကြီးများသယ်ယူရန် တိုင်းပြည်၏အမှုထမ်းများကိုပါလုပ်ကိုင်စေခဲ့သည်။
ထိုအခြင်းအရာတို့ကိုကြည့်ပြီး အလုပ်သမားရေးရာဝန်ကြီး "တုန်းရွှင်"(Dong
Xun) မှ ကန့်ကွက်ရန် သဝဏ်လွှာတင်ခဲ့သည်။
"ကျန်းအန်းနှစ်အစကတည်းက
ပျက်စီးမှု၊ ရှုပ်ထွေးမှုတွေရှိနေခဲ့တယ်။ သေခြင်းတရားကလွတ်မြောက်လာခဲ့သူတွေက နည်းပါးခဲ့ပြီး
အဲ့လိုလူတွေကလည်း အိုမင်းပြီး ခွန်အားတွေနည်းကုန်ပြီ။ နန်းတော်ကြီးတွေက သေးငယ်ပြီး
ချဲ့ဖို့လိုအပ်တာ ဟုတ်ပါရဲ့၊ ဒါပေမယ့် နန်းတော်ဆောက်လုပ်တဲ့အချိန်ဟာ ကောက်ပဲသီးနှံစိုက်ပျိုးထွန်ယက်တဲ့အချိန်နဲ့
ထပ်မနေရင် ပိုမကောင်းဘူးလား? အရှင်မင်းကြီးဟာ ကြီးမြတ်တဲ့အမှုထမ်းတွေအပေါ်တန်ဖိုးထားခဲ့ပြီး
သူတို့တွေကို လှပတဲ့ခေါင်းစည်းတွေ၊ တင့်တယ်တဲ့အင်္ကျီတွေနဲ့ လှည်းယာဉ်တွေစီးခွင့်ပေးခဲ့တယ်။
ဒါဟာ သာမန်လူတွေနဲ့မတူပဲ ရတဲ့အခွင့်အရေးမဟုတ်လား?
အခုတော့ ဒီလိုအမှုထမ်းတွေက
သစ်သားတွေ၊ မြေဆီလွှာတွေသယ်နေပြီး သူတို့ချွေးတွေက ခြေထောက်ကနေမြေကြီးထိကျခဲ့ရတယ်။ အသုံးမဝင်တဲ့ဘုံဗိမာန်ကြီးဆောက်ဖို့အတွက်နဲ့
တိုင်းပြည်ရဲ့ထည်ဝါမှုကိုဖျက်စီးတာဟာ မသင့်တော်ပါဘူး။ အရင်တုန်းက ဆရာကြီးကွန်ဖြူးရှပ်လည်း
ပြောခဲ့ဖူးပါတယ်။ မင်းသားတွေက ဝန်ကြီးတွေကိုရိုသေစွာဆက်ဆံရမှာဖြစ်သလို ဝန်ကြီးတွေကလည်း
မင်းသားတွေအပေါ်မှာ သစ္စာရှိနေရမှာဖြစ်တယ်။ သစ္စာမဲ့၊ ကျင့်ဝတ်ပျက်ဖြစ်နေခဲ့ရင် တိုင်းပြည်ဆိုတာ
ရှိပါဦးမလား။
ကျွန်တော်ပြောတဲ့စကားတွေက
သေဒဏ်ပေးခံရနိုင်တယ်ဆိုတာသိပါတယ်။ ဒါပေမယ့် ကျွန်တော်က နွားတစ်ကောင်ရဲ့အမွှေးတစ်ပင်မျှသာမို့
ကျွန်တော့အသက်က အရေးမကြီးသလို ကျွန်တော်သေဆုံးသွားလည်း ဘာဆုံးရှုံးမှုမှမဖြစ်နိုင်ပါဘူး။
ကျွန်တော် လောကကြီးကိုနှုတ်ဆက်ရင်း ဒီစာကိုရေးလိုက်ရပါတယ်။ ကျွန်တော်မျိုးမှာ သားရှစ်ဦးရှိပြီး
ကျွန်တော်သေဆုံးသွားရင် သူတို့တွေဟာ အရှင်မင်းကြီးအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နိုင်ပါတယ်။
ကျွန်တော့ကြမ္မာအတွက်စိုးရွံ့မှုက မဖော်မပြနိုင်အောင်ပါပဲ"
"ချောင်ရေ့"(Cao
Rui) သည် ဒေါသထွက်ပြီး
"ဒီလူက
သေမှာမကြောက်ဘူးလား"
အမှုထမ်းတို့မှ
"တုန်းရွှင်"(Dong Xun) ကို သေဒဏ်ပေးရန်တိုက်တွန်းကြသည်။ သို့သော် ထိုဝန်ကြီး၏လုပ်ဆောင်မှုနှင့်သစ္စာတို့ကိုအမှတ်ရကာ
ရာထူးချခြင်းသာပြုစေခဲ့သည်။ နောက်ထပ်ကန့်ကွက်သူတို့ကိုသေဒဏ်ပေးမည်ဟု ကြော်ညာစေသည်။
အိမ်ရှေ့စံလက်အောက်တွင်အမှုထမ်းနေသော
'ကျန်းမောက်"(Zhang Mao) ဆိုသူမှ ကန့်ကွက်လေရာ "ချောင်ရေ့"(Cao
Rui) မှချက်ချင်းသေဒဏ်ပေးခဲ့သည်။ "ချောင်ရေ့"(Cao Rui) မှ "မာကျွင်း"(Ma
Jun) ကိုဆင့်ခေါ်ပြီး
"ကျုပ်ဇရပ်ဆောင်ကြီးတွေ၊
မျှော်စင်မြင့်ကြီးတွေဆောက်တာဟာ နတ်တွေ၊ နတ်ဖုရားမတွေကိုပူဇော်ဖို့ဖြစ်တယ်။ အဲ့လိုဆို
မအိုမနာတဲ့ဆေးရနိုင်မယ်ထင်တယ်"
"မာကျွင်း"(Ma
Jun) : "အရှေ့ဟန်ခေတ်ရဲ့မင်းဆက်ပေါင်းနှစ်ဆယ်မှာ ဝူဧကရာဇ်တစ်ပါးတည်းသာလျှင် အသက်အရွယ်ကြီးရင့်သည်ထိ
နန်းစံခဲ့တယ်။ ကြီးမြတ်တဲ့နေမင်းနဲ့သာယာတဲ့လမင်းတို့ရဲ့အနှစ်သာရကိုသောက်သုံးခဲ့တာကြောင့်
ဒီလိုအသက်ရှည်တာဖြစ်တယ်။ ချန်အန်းကနန်းတော်ကြီးထဲ ထင်းရှူးပင်တန်းတွေမှာ နှင်းရေခွက်ကိုင်ထားတဲ့လူရုပ်တုတစ်ခုရှိတယ်။
မြောက်ကြယ်စင်တန်းကရေငွေ့ဟာ ညသုံးချက်တီးအချိန်မှာ ရေအဖြစ်ပေါင်းခံသွားတယ်။ အဲ့အရည်ကို
နှင်းရေချို ဒါမှမဟုတ် နတ်ဆေးရည်လို့ခေါ်ကြတယ်။ အဲ့ဒါကို ကျောက်စိမ်းအမှုန့်နဲ့ရောပြီး
သောက်သုံးရင် အသက်ကြီးတဲ့အချိန်မှာတောင် နုပျိုနေတယ်လို့ပြောတယ်"
"အလုပ်သမားတွေကို
ချက်ချင်း ချန်အန်းကိုပြောင်းရွှေ့ပြီး ကြေးနီရုပ်ကို 'နံ့သာပင်' ပန်းခြံထဲကို ပြောင်းပြီးထားလိုက်"
ဟု ဝေဧကရာဇ်က အမိန့်ချခဲ့သည်။
အလုပ်သမားတစ်သောင်းကို
ချန်အန်းသို့ပို့ကာ ထိုရုပ်တု၏ဘေးနားတွင် ငြမ်းဆင်စေသည်။ ထို့နောက် ကြိုးတို့ကိုတပ်ပြီး
ချည်ထားစေသည်။ ထိုစင်သည် ပေနှစ်ရာမြင့်ပြီး အဝန်းကုဗအရှည်မှာ ဆယ်ကုဗရှိသည်။ "မာကျွင်း"(Ma
Jun) မှ ပထမဆုံး ထိုရုပ်တုကို ခွဲထုတ်စေသည်။ ထိုသို့လုပ်သောအခါ ရုပ်တုမှမျက်ရည်များကျလာသည်ကိုမြင်သောကြောင့်
အလုပ်သမားတို့သည် ထိတ်လန့်သွားခဲ့သည်။ ထိုစဉ် ရုတ်တရတ် လေပြင်းတို့တိုက်ကာ ဖုန်မှုန့်၊
ကျောက်ခဲတို့ပါလာပြီး မိုးရွာခဲ့လေသည်။ ထို့အပြင် ငလျင်လှုပ်သကဲ့သို့ မြည်ဟီးသံများလည်း
ကြားခဲ့သည်။ စင်ကြီးသည်ပြိုကျသွားခဲ့ပြီး ထောင်ပေါင်းများစွာသောအလုပ်သမားတို့ သေဆုံးခဲ့သည်။
သို့သော်လည်း
ကြေးနီရုပ်နှင့်ရွှေခွက်တို့ကို လော့ရန်သို့ပြောင်းရွှေ့နိုင်ခဲ့ပြီး ဧကရာဇ်ထံဆက်သခဲ့သည်။
"အောက်ခံခုံကော
ပါမလာဘူးလား"
"မာကျွင်း"(Ma
Jun) : "အဲ့ဒါက ပေါင်တစ်သန်းခွဲလေးတော့ သယ်ယူပို့ဆောင်ဖို့မဖြစ်နိုင်ဘူး"
ထို့ကြောင့်
ဝေဧကရာဇ်မှ ထိုကျောက်တို့ကိုဖြတ်ပြီး သယ်လာစေသည်။ ထိုကျောက်တုံးတို့မှ ရုပ်တုနှစ်ခုပြုလုပ်စေပြီး
ဝန်ကျုံးသူတော်စင်ရုပ်ဟု ခေါ်စေခဲ့သည်။ ထိုကျောက်ရုပ်တုတို့ကို စစ်မက်ရေးရာရုံး၏အဝတွင်ထားခဲ့ပြီး
နဂါးနှင့်ဇာမဏီတစ်စုံစီ ဆောက်လုပ်စေသည်။ နဂါးရုပ်တုတို့မှာ ပေလေးဆယ်မြင့်ပြီး ဇာမဏီမှာ
ပေသုံးဆယ်မြင့်သည်။ ထိုအရုပ်တို့ကိုမူ ညီလာခံခန်းမဆောင်၏အပြင်တွင် ထားရှိစေသည်။
ထို့အပြင်"ဝေဧကရာဇ်"
သည် ထူးခြားသောပန်းများနှင့်ရှားပါးသောသစ်ပင်များကို 'နံ့သာပင်' ပန်းခြံဝယ် စိုက်ပျိုးစေသည်။
ထိုမျှမက ထူးခြားသောတိရစ္ဆာန်များကိုလည်း မွေးမြူခဲ့သည်။ ထိုသို့ဖြုန်းတီးခြင်းကို
"ရန်ဖူ"(Yang Fu) မှ ကန့်ကွက်ခဲ့သည်။
"ဟိုးအရင်တုန်းက
ယောင်းဘုရင်ဟာ ထောင်လွှားမှုမရှိပဲသာမန်တဲအိမ်လေးမှာပဲနေခဲ့တာကြောင့် ပြည်သူတွေ ငြိမ်းချမ်းခဲ့တယ်။
ယွီဘုရင်ဟာလည်း သူ့မှာရှိတဲ့နန်းတော်နဲ့ကျေနပ်တင်းတိမ်ခဲ့တာကြောင့် ပြည်သူတွေကိုပျော်ရွှင်စေခဲ့တယ်။
ယင်းနဲ့ကျိုးခေတ်တုန်းက ဧကရာဇ်တွေရဲ့ခန်းမဆောင်ဟာ သာမန်အမြင့်ထက်သုံးပေသာမြင့်ပြီး
အကျယ်အဝန်းက ဖျာကိုးချပ်စာသာရှိခဲ့တယ်။ မင်းကောင်းမင်းမြတ်တွေနဲ့ကြီးမြတ်တဲ့ဧကရာဇ်တွေဟာ
လူတွေကိုပင်ပန်းအောင်စေခိုင်းပြီး ငွေကြေးတွေကိုဖြုန်းတီးပြီးတော့ ကြီးမားတဲ့နန်းတော်တွေတည်ဆောက်ခြင်းမရှိခဲ့ဘူး။
ကျဲ့ဧကရာဇ်ဟာ
ကျောက်စိမ်းခန်းမဆောင်ကြီးဆောက်လုပ်ခဲ့ပြီး ဆင်တွေနေထိုင်ဖို့ဇောင်းဆောက်ပေးခဲ့တယ်။
ကျိုးဧကရာဇ်ဟာလည်း လှပတဲ့နန်းတော်ကြီးနဲ့သမင်ကြည့်စင်ကြီးဆောက်စေခဲ့တယ်။ ဒါပေမယ့် သူတို့တွေဟာ
တိုင်းပြည်ကိုဆုံးရှုံးခဲ့ရတယ်။ ချူဘုရင်လင်က လှပတဲ့နန်းတော်ကြီးကိုဆောက်ခဲ့ပေမယ့်
ဇာတ်သိမ်းမလှခဲ့ဘူး။ ချင်မင်းဆက်ရဲ့ပထမဆုံးဧကရာဇ်ဟာ အားဖန်းနန်းတော်ကြီးကိုဆောက်လုပ်ခဲ့တယ်။
ဒါပေမယ့် သူ့သားတော်လက်ထက်မှာ ကံဆိုးမိုးမှောင်ကျပြီး ပုန်ကန်မှုတွေကြောင့် သူ့မျိုးဆက်ဟာ
ဒုတိယအဆက်မှာတင် ပြတ်သွားခဲ့တယ်။
ဒါဟာ ပြည်သူတွေအပေါ်သက်ညှာမှုမရှိပဲနဲ့
အပျော်အပါးဘက်ကိုပဲမက်နေတာကြောင့်ဖြစ်တယ်။ အရှင်မင်းကြီးမှာ အတုယူစရာ ယောင်း၊ ယွီ၊
ရွှန်းနဲ့ထန်ဘုရင်တွေရှိသလို ကျဲ့၊ ကျိုး၊ လင်နဲ့ ပထမဆုံးသောဧကရာဇ်တို့ဆီက သင်ခန်းစာယူစရာတွေလည်းရှိတယ်။
ကိုယ့်ရဲ့အပျော်အပါးကိုပဲရှေးရှုပြီး လှပတဲ့နန်းတော်ကြီးတွေကိုသာအာရုံစိုက်နေမယ်ဆိုရင်
သေချာပေါက်ကပ်ဘေးနဲ့ကြုံတွေ့ရမှာဖြစ်တယ်။
အုပ်ချုပ်သူဆိုတာ
အရေးအကြီးဆုံးဖြစ်သလို ဦးခေါင်းလည်းဖြစ်ပါတယ်။ အမှုထမ်းတွေကတော့ ခြေတွေ၊လက်တွေဖြစ်တယ်။
သူတို့တွေက အတူတူရှင်သန်ကြသလို အတူတူသေဆုံးကြမှာဖြစ်တယ်။ ကျွန်တော့ရဲ့တာဝန်ကို ကျွန်တော်မေ့ခဲ့ရင်၊
ပြတ်ပြတ်သားသားမပြောနိုင်ခဲ့ဘူးဆိုရင် အရှင်မင်းကြီးရဲ့စိတ်ကိုပြောင်းနိုင်မှာမဟုတ်ပါဘူး။
အခု ကျွန်တော်မျိုးက ထိုက်တန်တဲ့အပြစ်ကိုခံယူဖို့အတွက် အခေါင်းကိုအဆင်သင့်ပြင်ထားပြီး
ခန္ဓာကိုယ်ကိုဆေးကြောထားပါတယ်"
သို့သော် ဝေဧကရာဇ်သည်
ထိုသဝဏ်လွှာကိုအရေးမူခြင်းမရှိပဲ ဆောက်လုပ်ရေးကိုအမြန်ပြီးအောင် စီမံနေခဲ့သည်။ ပြီးနောက်
ရွှေခွက်ကိုင်ထားသောကြေးနီရုပ်ကို စိုက်ထူထားစေပြီး တစ်တိုင်းပြည်လုံးတွင်ရှိသော ချောမောလှပသည့်မိန်းမပျိုများကိုစုစေကာ
'ပျော်ရွှင်ခြင်း' ပန်းခြံတွင်ထားရှိစေသည်။ သဝဏ်လွှာပေါင်းများစွာလျှောက်တင်ခဲ့ကြသော်လည်း
ဝေဧကရာဇ်သည် ဂရုမစိုက်ခဲ့ပေ။
ဝေဧကရာဇ်၏ကြင်ရာတော်သည်
ဟဲနေရှိ မောက်မျိုးရိုးမှဖြစ်သည်။ ဧကရာဇ် အိမ်နိမ့်စံဘဝတွင် သူ၏ကြင်ရာတော်အပေါ် လွန်စွာမှမြတ်နိုးခဲ့ပြီး
နန်းတက်သောအခါ မောက်မိဖုရားကြီးအဖြစ်မြောက်စားခဲ့သည်။ နောက်ပိုင်းတွင် မိဖုရားကြီးကိုဂရုမစိုက်ပဲ
ကောအမျိုးသမီးကို ပစားပေးခဲ့လေသည်။ ကောအမျိုးသမီးသည် လှပပြီးဉာဏ်ရည်ထက်သောကြောင့် ဧကရာဇ်မှ
လွန်စွာနှစ်သက်ခဲ့သည်။ ဧကရာဇ်သည် တိုင်းပြည်အရေးကိစ္စကိုဂရုမစိုက်ပဲ ထိုအမျိုးသမီးဖြင့်
တစ်လခန့်အချိန်ကုန်ဆုံးစေခဲ့သည်။ နေ့စဉ်နေ့တိုင်း ပျော်ပွဲရွှင်ပွဲများရှိခဲ့သည်။
နွေဦးရာသီ
နံ့သာပင်ပန်းခြံတွင်
ပန်းများပွင့်သောအခါ ဝေဧကရာဇ်နှင့် ကောအမျိုးသမီးတို့သည် ပန်းတို့ကိုကြည့်ရှုခံစားပြီးစားသောက်ရန်လာခဲ့သည်။
ကောအမျိုးသမီးမှ
"ဘာလို့မိဖုရားကြီးကိုမဖိတ်တာလဲ"
"သူလာရင်
ကျုပ်စားဝင်မှာမဟုတ်ဘူး"
ထို့နောက် ဧကရာဇ်သည်
ထိုသို့ပျော်ပွဲရွှင်ပွဲများလုပ်နေခြင်းအပေါ် မိဖုရားကြီးကိုပေးမသိခဲ့ပေ။
တစ်လကြာသောအခါ
ဧကရာဇ်ပေါ်လာခြင်းမရှိသောကြောင့် မောက်မိဖုရားကြီးနှင့်မောင်းမမိဿံတို့သည် အပျင်းဖြေရန်
ပန်းပြာဇရပ်သို့သွားခဲ့ကြသည်။ ထိုနေရာဝယ် သီချင်းသံတို့ကိုကြားသဖြင့် မည်သူတီးမှုတ်နေသည်ကိုမေးရာ
ဧကရာဇ်နှင့်ကောအမျိုးသမီးတို့ စားတော်တည်နေကြောင်းပြောသည်။
ထိုနေ့တွင်
မောက်မိဖုရားကြီးသည် ဒေါသထွက်ကာ မိမိ၏နန်းဆောင်အတွင်းသို့ပြန်လာခဲ့သည်။ နောက်ရက်တွင်
သူ့လှည်းယာဉ်ဖြင့်အပြင်ထွက်သောအခါ ဝရန်တာတွင်ရှိနေသော ဧကရာဇ်ကိုတွေ့လိုက်သည်။
ထိုအခါ မိဖုရားမှ
"မနေ့တုန်းက
ဧကရာဇ်ဟာ မြောက်ဘက်ပန်းခြံမှာလမ်းလျှောက်ပြီး သီချင်းကိုခံစားနေခဲ့တယ်မဟုတ်လား"
ဟုပြောကာ ရယ်ခဲ့သည်။
"ချောင်ရေ့"(Cao
Rui) သည် ဒေါသထွက်ပြီး အစေခံအားလုံးကိုခေါ်ကာ ဆူပူကြိမ်းမောင်းခဲ့သည်။
"မင်းတို့တွေကို
မိဖုရားကြီးထံမလျှောက်တင်ဖို့ပြောထားတာ အမိန့်ကိုနာမခံကြဘူး"
ထို့နောက် အစေခံအားလုံးကို
သေဒဏ်ပေးခဲ့သည်။ မောက်မိဖုရားကြီးလည်း ကြောက်ရွံ့ကာ သူ့နန်းဆောင်သို့ပြန်သွားခဲ့သည်။
မကြာမီဝယ် မောက်မိဖုရားအား
ကိုယ့်ကိုယ်ကိုအဆုံးစီရင်စေကာ ကောအမျိုးသမီးကို မိဖုရားကြီးအရာထားရန်အမိန့်တော်ကျလာခဲ့သည်။
ထိုကိစ္စနှင့်စပ်လျဉ်းပြီး မည်သည့်မှူးမတ်မျှမကန့်ကွက်ရဲကြပေ။
ထို့နောက် ယိုကျိုးနယ်စား
ကွမ့်ချိုးကျန်(Guanqiu Jian) ထံမှ သဝဏ်လွှာရောက်လာသည်။ သဝဏ်လွှာထဲတွင် လျောင်တုန်းမှ
"ကုန်းစွန်းယွမ်"(Gongsun Yuan) သည် ပုန်ကန်ကာ သူ့ကိုယ်သူ ယန့်ပြည်မင်းသားအဖြစ်ကြေညာပြီး
ဟန်ခေတ်၏သက္ကရာဇ်ကိုသုံးစွဲနေကြောင်းဆိုထားသည်။ "ကုန်းစွန်းယွမ်"(Gongsun
Yuan) သည် သူ့အတွက်နန်းတော်ကြီးတည်ဆောက်ကာ နန်းတွင်းအုပ်ချုပ်မှုတစ်ခုဖန်တီးပြီး မြောက်ပိုင်းတစ်ခုလုံးကိုနှောင့်ယှက်ကာ
လုယက်မှုများပြုခဲ့သည်။
ထိုအရေးအတွက်
တိုင်ပင်ရန် ညီလာခံကြီးကျင်းပစေသည်။
Comments