သုံးနိုင်ငံခေတ်(၁၉)

အခန်း(၁၉) ရှဖီတွင် ချောင်ချောင်း(Cao Cao) စစ်ခင်းခြင်း။ အဖြူရောင်တံခါးမျှော်စင်တွင် လွီပု(Lu Bu) ကျဆုံးခြင်း

ရှေ့တစ်ခန်းတွင် ဖော်ပြထားသည့်အတိုင်း "ကောက်ရွှန်း"(Gao Shun) နှင့် "ကျန်းလျောင်"(Zhang Liao) တို့သည် "ကွမ်းယွီ"(Guan Yu) နှင့်တိုက်ရန်ပြင်ပြီး "လွီပု"(Lu Bu) က "ကျန်းဖေး"(Zhang Fei) ကို တိုက်လေသည်။ ညီအစ်ကိုနှစ်ဦးလုံးထွက်တိုက်ကြပြီး "လျူဘေ့"(Liu Bei) သည် အရံအနေဖြင့် ရှိခဲ့သည်။ သို့သော် "လွီပု"(Lu Bu) သည် နှစ်ယောက်လုံးကို အနောက်မှဝင်၍တိုက်လေရာ ညီအစ်ကိုသုံးယောက်တို့ တပ်ဆုတ်ရလေသည်။ "လျူဘေ့"(Liu Bei) သည် မြင်းတပ်အနည်းငယ်နှင့်အတူ ရှောင်ဖေသို့ ဝင်ရန်ပြုသည်။ "လွီပု"(Lu Bu) သည်လည်း နောက်မှ တရကြမ်းလိုက်လာလေရာ မြို့ရိုးပေါ်မှစစ်သားတို့သည် မြားဖြင့် ပစ်ရန်ကြံသော်လည်း သူတို့၏ သခင်ကိုပါ ထိသွားမည်စိုးရိမ်သဖြင့် မပစ်ပဲနေရာ "လွီပု"(Lu Bu) ပါ မြို့အတွင်းဝင်ရောက်လာသည်။


"လျူဘေ့"(Liu Bei) သည် အခြေအနေမဟန်သဖြင့် သူ့အိမ်တော်သို့ပင် မဝင်နိုင်ပဲ နောက်လိုက်အနည်းငယ်နှင့် အနောက်တံခါးမှ ခြေသုတ်သင်ပြေးရလေသည်။ "လွီပု"(Lu Bu) သည် အိမ်တော်သို့ရောက်သော် "မီကျူ"(Mi Zhu) နှင့် တွေ့ရာ "မီကျူ"(Mi Zhu) မှ
"သူရဲကောင်းဆိုတာ ကိုယ့်ရန်သူရဲ့မိသားစုကို ဒုက္ခမပေးဘူး။ ခင်ဗျားရဲ့ရန်သူအစစ်အမှန်က ချောင်ချောင်း(Cao Cao) ပဲ။ ကျွန်တော့်သခင်ကြီးကတော့ မတတ်သာလို့သာ ချောင်ချောင်း(Cao Cao) နဲ့ပေါင်းရတာမို့ သူ့အပေါ် ခင်ဗျား နားလည်နိုင်မယ်လို့ ထင်ပါတယ်" ဟု ပြောလေသည်။
"လွီပု"(Lu Bu) : "သူနဲ့ ကျုပ်နဲ့က သူငယ်ချင်းဟောင်းတွေပဲ။ သူ့ဇနီးနဲ့သားသမီးတွေကို ရန်ပြုစရာအကြောင်း မရှိပါဘူး"
ထို့နောက် ထိုမိသားစုဝင်တို့ကို မီကျူနှင့်အတူ ရွှီကျိုးသို့ပို့ကာ စောင့်ရှောက်စေသည်။ ထို့နောက် စစ်တပ်တို့ကို ဟွာရှန်းတောင်မှ ရန်ကျိုးသို့ပြောင်းကာ ရှောင်ဖေကိုမူ "ကောက်ရွှန်း"(Gao Shun) နှင့် "ကျန်းလျောင်"(Zhang Liao) တို့အားစောင့်ကြပ်စေသည်။ 

ထိုအရှုပ်အထွေးများကြားဝယ် "စွန်းချန်"(Sun Qian) သည်လည်း မြို့ထဲမှ အပြင်သို့ထွက်ပြေးသွားသည်။ "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့သည်လည်း စစ်သားအနည်းငယ်နှင့် တောင်ကုန်းများဘက်သို့ရောက်သွားသည်။ "လျူဘေ့"(Liu Bei) သည်လည်း စစ်သားအနည်းငယ်တို့ဖြင့် ထွက်ပြေးရာ နောက်မှ လူတစ်ယောက်လိုက်လာသဖြင့် ကြည့်လိုက်ရာ ထိုသူမှာ "စွန်းချန်"(Sun Qian) ဖြစ်နေသည်။
"လျူဘေ့"(Liu Bei) : "ငါ့ညီတွေလည်း ဘယ်လိုအခြေအနေရှိနေလည်း မသိဘူး။ ဇနီးနဲ့သားသမီးတွေကိုလည်း ထားခဲ့ရပြီ။ ငါဘာလုပ်နိုင်မလဲ?"
"စွန်းချန်"(Sun Qian) : "ချောင်ချောင်း(Cao Cao) ဆီသွားပြီး ဘာဆက်လုပ်ရမလည်းဆိုတာ ကြည့်ကြတာပေါ့"

"လျူဘေ့"(Liu Bei) တွင်လည်း ထို့ထက်ကောင်းသောအကြံမရှိလေသဖြင့် နှစ်ဦးသား ရွှီချန်သို့ခရီးနှင်ကြသည်။ လမ်းတွင်အစားအစာမလုံမလောက်ဖြစ်လေရကား နီးစပ်ရာရွာတစ်ရွာသို့ဝင်ပြီး အကူအညီတောင်းရသည်။ ထိုအကူအညီလိုသူမှာ ယွီကျိုးမှ "လျူဘေ့"(Liu Bei) မှန်းသိသောအခါ သူ့ထက်ငါဆိုသလို အလုအယက်ပင် အကူအညီပေးကြသည်။
တစ်နေ့သော် "လျူအန်း"(Liu An) ဟူသော လူရွယ်လေး၏ အိမ်တွင် တည်းခိုလေသည်။ ထိုသူသည် အင်မတန်ရိုကျိုးပြီး အမဲလိုက်မုဆိုးမိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူသည် ဧည့်သည်တို့အတွက် ထမင်း၊ဟင်းတို့ဖြင့် တည်ခင်းရန်လုပ်သော်လည်း အိမ်တွင်ဘာမှမရှိ၊ သို့နှင့် သူ့အမျိုးသမီးကို သတ်ကာ ဟင်းချက်လေသည်။ "လျူဘေ့"(Liu Bei) မှ "ဘာအသားလည်း" ဟုမေးရာ "မြေခွေးသား" ဟု ပြန်ဖြေလေသည်။
"လျူဘေ့"(Liu Bei) လည်း စားလိုက်လေသည်။ နောက်ရက် နေထွက်သော် ထွက်ရန်ပြင်လေရာ မြင်းဇောင်းသို့အသွား၊ မီးဖိုချောင်အတွင်းမှ အမျိုးသမီးတစ်ဦး၏ အလောင်းကို လှမ်းမြင်လိုက်သည်။ ထို့အပြင် ထိုအမျိုးသမီး၏လက်တစ်ချောင်းကိုလည်း အဖြတ်ခံထားရသည်။ ၎င်းအကြောင်းကို မေးပြီးနောက် အကြောင်းစုံသိလေသော် ဝမ်းနည်းခြင်းကြီးစွာဖြစ်လေသဖြင့် ငိုကြွေးလေသည်။

"လျူအန်း"(Liu An) : "ကျွန်တော်လည်း ခင်ဗျားတို့နဲ့ လိုက်ချင်တာ အမေကြီးရှိနေလို့ ငဲ့ညာနေရတာပါ"
ထို့နောက် "လျူဘေ့"(Liu Bei) သည် ထိုသူ့ကို ကျေးဇူးတင်ပြီး ခရီးထွက်သည်။ လျန်ချန်သို့ရောက်သော် စစ်တပ်ကြီးတစ်တပ်ကို တွေ့ရာ ထိုစစ်တပ်မှာ "ချောင်ချောင်း"(Cao Cao) ၏ စစ်တပ်ဖြစ်နေသည်။ "ချောင်ချောင်း"(Cao Cao) သည် "လျူဘေ့"(Liu Bei) ၏ ရှုံးနှိမ့်မှုအကြောင်းကို ကြားလျှင် ငိုကြွေး၏။ ထို့နောက် "လျူဘေ့"(Liu Bei) ကို ကူညီခဲ့သော လူရွယ်မုဆိုးကို ငွေသားတစ်ရာ ဆုချစေသည်။
ထိုစစ်တပ်ကြီးသည် ကျိပေသို့ ချီတက်ရာ ရောက်သော် "ရှဟိုယွမ်"(Xiahou Yuan) က ကြိုဆိုသည်။ "ရှဟိုတွန်း"(Xiahou Dun) မှာ မျက်လုံးဒဏ်ရာ မသက်သာသေးသဖြင့် ထိုလူနာကို "ချောင်ချောင်း"(Cao Cao) ကိုယ်တိုင်သွားကြည့်ကာ ရွှီချန်သို့ပို့စေပြီး အကောင်းဆုံးသော သမားတော်တို့နှင့် ကုသစေသည်။

ထိုအချိန်တွင် အထောက်တော်တို့ရောက်လာကာ
"လွီပု(Lu Bu) ဟာ အရှေ့ဘက်က သူပုန်တွေနဲ့ပူးပေါင်းပြီး ရန်ကျိုးကိုတိုက်နေပါပြီ" ဟု သတင်းပို့သည်။
"ချောင်ချောင်း"(Cao Cao) သည် "ချောင်ရန်"(Cao Ren) အား စစ်သားသုံးထောင်နှင့်အတူ ရှောင်ဖေသို့သွားစေသည်။ သူကိုယ်တိုင်မှာမူ "လျူဘေ့"(Liu Bei) နှင့်အတူ "လွီပု"(Lu Bu) အားတိုက်ရန် ချီတက်လေသည်။
မန်တန်တောင်ကုန်းနားအရောက်ဝယ် သူပုန်တပ်သုံးသောင်းတို့က လမ်းပိတ်ထားသည်။ သို့သော် "ရွှီချူ"(Xu Chu) က အလွယ်တကူပင် တိုက်ထုတ်နိုင်လိုက်သည်။
ထိုသတင်းကို အထောက်တော်တို့မှတဆင့် "လွီပု"(Lu Bu) ကြားလျှင် ရွှီကျိုးကို "ချန်ကွေး"(Chen Gui) လက်တွင်အပ်ထားခဲ့ပြီး "ချန်တန်"(Chen Deng) နှင့် ထွက်လေသည်။ မထွက်ခင်တွင် "ချန်ကွေး"(Chen Gui) မှ "ချန်တန်"(Chen Deng) ကို
"ချောင်ချောင်း(Cao Cao) က အရှေ့ဘက်ကို ငါတို့လက်ထဲ အပ်ထားခဲ့တယ်။ အခုတော့ လွီပု(Lu Bu) ကျဆုံးဖို့ အချိန်တန်ပြီ" ဟု တိတ်တဆိတ် မှာကြားသည်။

"အဖေ၊ အပြင်က ကိစ္စကို ကျွန်တော် ကြည့်လုပ်ပါ့မယ်၊ ဒါပေမယ့် လွီပု(Lu Bu) စစ်ရှုံးပြီးပြန်လာရင် သူ့ကိုမြို့ထဲဝင်လို့မရအောင် မီကျူ(Mi Zhu) နဲ့ ပေါင်းပြီး ကြံစည်ပါ။ ကျွန်တော်ထွက်ပြေးဖို့နည်းလမ်းရှာပါ့မယ်"
"သူ့မိသားစုကော၊ မိတ်ဆွေတွေကောက ဒီမှာလေ။ အဲ့ဒါကျတော့ကော"
"သူတို့နဲ့ပတ်သတ်ပြီး ကျွန်တော့်မှာ အကြံရှိပါတယ်"
ထို့နောက် "ချန်တန်"(Chen Deng) သည် "လွီပု"(Lu Bu) နှင့် သွားတွေ့ကာ
"ရွှီကျိုးကို လက်ရှိရန်သူတွေက ဝန်းရံထားတယ်။ ဒါကြောင့် အရေးကြုံရင် ရှောင်တိမ်းဖို့အဆင်သင့်ပြင်ထားရမယ်။ ရှဖီမှာ ဆန်စပါးနဲ့ ငွေကြေးတွေစုဆောင်းပြီး အခြေအနေမကောင်းရင် အဲ့ကို တိမ်းရှောင်လို့ရတာပေါ့" ဟု ဆိုလေသည်။
"မင်းအကြံက သင့်လျော်တယ်။ ငါ့မိန်းမနဲ့ မိသားစုတွေကိုပါ အဲ့ကို ပို့ထားမယ်"
ထို့နောက် "လွီပု"(Lu Bu) သည် သူ၏မိသားစုတို့ကို "ဝေရွှီ"(Wei Xu) နှင့် "စုန်းရှန်"(Song Xian) တို့အားစောင့်ကြပ်စေပြီး အဖိုးတန်ပစ္စည်းတို့နှင့်အတူ ပို့လေသည်။

 "လွီပု"(Lu Bu) နှင့်အတူ ချီတက်ရာ လမ်းတစ်ဝက်တွင် "ချန်တန်"(Chen Deng) သည် သူအရင်သွားနှင့်မည်ဟုဆိုကာ ထွက်သွားသည်။ ထို့နောက် ခံတပ်တွင် စောင့်ကြပ်နေသော "ချန်ကုန်း"(Chen Gong) ထံသွားကာ
"စစ်သူကြီးက အကြံပေးဘာကြောင့် စစ်မချီရသလဲလို့ တွေးနေတယ်။ ဒါကြောင့် ကျွန်တော့်ကို လွှတ်ပြီး စုံစမ်းခိုင်းတာပါ" ဟု ပြောသည်။
"ရန်သူ့ အင်အားက ကြီးလွန်းတဲ့အတွက် ဂရုစိုက်နေရတာပါ။ ငါတို့က ခံတပ်ကို ထိန်းထားတဲ့အတွက် စစ်သူကြီးကို ရှောင်ဖေကိုသာ စောင့်ကြပ်ပါလို့ ပြောလိုက်ပါ"
"အကြံပေးပြောတာ သင့်တော်ညီညွတ်ပါပေတယ်"
ထိုညနေဝယ် "ချန်တန်"(Chen Deng) သည် "ချောင်ချောင်း"(Cao Cao) ၏စခန်းကို လှမ်းမြင်နိုင်လောက်သောနေရာမှ စာတိုသုံးခုကိုမြားတွင်ချီကာ လှမ်းပစ်လိုက်သည်။

နောက်တစ်ရက်ဝယ် "ချန်တန်"(Chen Deng) သည် "လွီပု"(Lu Bu) ထံ အလျင်အမြန်သွားကာ
"သူပုန်တွေကြောင့် ခံတပ်က ရန်သူ့လက်ထဲကျပါတော့မယ်။ ဒါပေမယ့် ချန်ကုန်း(Chen Gong) ကိုတော့ ခုခံခိုင်းထားတယ်။ ဒီညမြန်မြန်သွားတိုက်သင့်တယ်" ဟု ပြောသည်။
"မင်းကြောင့်သာ မဟုတ်ရင် ခံတပ်ကျတော့မယ်"
ထို့နောက် ထိုအကြောင်းကို "ချန်ကုန်း"(Chen Gong) အားပြောရန် "ချန်တန်"(Chen Deng) ကို လွှတ်လိုက်သည်။ "ချန်တန်"(Chen Deng) သည် "ချန်ကုန်း"(Chen Gong) ထံသွားကာ
"ချောင်ချောင်း(Cao Cao) ရဲ့တပ်တွေက လျှို့ဝှက်လမ်းကိုတွေ့သွားပြီး ခံတပ်ကို ဖြတ်ကျော်သွားတဲ့အတွက် ရွှီကျိုးကျပါတော့မယ်။ ဒါကြောင့် နောက်ကိုမြန်မြန်ဆုတ်သင့်တယ်" ဟု ပြောသည်။

သို့နှင့် "ချန်ကုန်း"(Chen Gong) လည်း ခံတပ်ကိုစွန့်ကာ တပ်ဆုတ်သည်။ ထို့နောက် "ချန်တန်"(Chen Deng) က အချက်ပြမီးကိုလွှတ်လိုက်ရာ "လွီပု"(Lu Bu) သည် တိုက်ရန်ချီတက်လာသည်။ "လွီပု"(Lu Bu) သည် အမှောင်ထဲမှ ခံတပ်မှ စစ်တပ်တို့ထွက်လာသည်ကိုတွေ့ရာ ရန်သူ့တပ်အမှတ်နှင့် တိုက်လေသည်။ "ချန်ကုန်း"(Chen Gong) ဘက်မှလည်း  "လွီပု"(Lu Bu) တပ်မှန်းမသိသဖြင့် သဲကြီးမဲကြီးတိုက်ကြလေသည်။ မိုးစင်စင်လင်းသော်အခါမှ ကိုယ့်တပ်ကိုယ်တိုက်နေမှန်း သိကြကာ စစ်ပွဲကို ရပ်တန့်လိုက်သည်။
ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် ခံတပ်ကို ဝင်တိုက်လေရာ ခံတပ်ထဲမှ သူပုန်တို့မှာ မခုခံနိုင်သဖြင့် ခံတပ်ကျလေသည်။

ခံတပ်ကျသွားလေသဖြင့် "ချန်ကုန်း"(Chen Gong) နှင့် "လွီပု"(Lu Bu) တို့သည် ရွှီကျိုးသို့သွားသည်။ ရွှီကျိုးသို့ရောက်သောအခါ မြို့အတွင်းမှ မြို့တံခါးမဖွင့်ပေးပဲ မြားတို့ဖြင့် ဆီးပစ်လေ၏။ ထိုအချိန်တွင် တံတိုင်းပေါ်မှ "မီကျူ"(Mi Zhu) ပေါ်လာကာ
"ခင်ဗျားက ကျုပ်တို့သခင်ကြီးဆီက မြို့ကို ခိုးသွားခဲ့တယ်၊ ဒါကြောင့် သခင်ကြီးကို မြို့ပြန်ပေးဖို့ ဒီမြို့ကို ကျုပ်တို့ သိမ်းလိုက်တာ" ဟု ပြောသည်။ "လွီပု"(Lu Bu) မှ ဒေါသတကြီးဖြင့်
"ချန်ကွေး(Chen Gui) ဘယ်ရောက်သွားလည်း" ဟု မေးသည်။
"ကျုပ်တို့ သူ့ကိုသတ်လိုက်ပြီ"
ထို့နောက်  "လွီပု"(Lu Bu) သည် "ချန်ကုန်း"(Chen Gong) နောက်သို့လှည့်ကာ
"ချန်တန်(Chen Deng) ကော" ဟု မေးသည်။
"အဲ့လို သစ္စာမရှိတဲ့ကောင်က ဒီမှာ ဘယ်ရှိတော့မလဲ"

"ချန်တန်"(Chen Deng) ကို ရှာဖွေသော်လည်း လုံးဝရှာမတွေ့၊ သို့နှင့် နောက်ဆုံးတွင် ရှောင်ဖေသို့ ချီတက်ရန်ပြင်သည်။ ထိုအချိန်တွင်ပင် "ကောက်ရွှန်း"(Gao Shun) နှင့် "ကျန်းလျောင်"(Zhang Liao) တို့သည် စစ်တပ်တို့ကို ချီတက်ကာ ရောက်လာသည်။ သူတို့နှစ်ဦးက
"ချန်တန်(Chen Deng) က ကျွန်တော်တို့ဆီလာပြီး စစ်သူကြီးကို ရန်သူတွေ ဝန်းရံခံနေရတယ်လို့ ဆိုလို့ အကူအညီပေးဖို့ ရောက်လာတာပါ" ဟု ပြောသည်။
 "လွီပု"(Lu Bu) : "အဲ့ကောင်လှည့်စားသွားပြန်ပြီ၊ သူ့ကို တွေ့ရင် အသေသတ်ပစ်မယ်"
ထို့နောက် ရှောင်ဖေသို့ တရကြမ်းချီတက်သည်။ အလာကောင်းသော်လည်း အခါနှောင်းသွားချေပြီ။ ရှောင်ဖေကို "ချောင်ရန်"(Cao Ren) ၏ တပ်က သိမ်းလိုက်ချေပြီ။

"လွီပု"(Lu Bu) သည် မြို့ပြင်မှ ထိုသစ္စာဖောက်ကို ကြုံးဝါးနေချိန်တွင် မြို့ရိုးပေါ်မှ "ချန်တန်"(Chen Deng) ပေါ်လာကာ
"ကျုပ်လို ဟန်တိုင်းပြည်ရဲ့အမှုထမ်းက ခင်ဗျားလို သူပုန်လက်အောက်မှာ အမှုထမ်းမယ်လို့ ထင်လား" ဟု ဆိုလေသည်။
"လွီပု"(Lu Bu) သည် ဒေါသထွက်ကာ တိုက်မည်ပြုသော်လည်း အနောက်ဘက်မှ "ကျန်းဖေး"(Zhang Fei) ဦးဆောင်သော စစ်တပ်ရောက်လာသည်၊ "ကောက်ရွှန်း"(Gao Shun) က ယှဉ်တိုက်သော်လည်း အခြေအနေမကောင်းပေ။ မကြာမီပင် "ချောင်ချောင်း"(Cao Cao) ဦးဆောင်သော တပ်ကြီးပါရောက်လာရာ "လွီပု"(Lu Bu) သည် အခြေအနေမဟန်သဖြင့် အရှေ့ဘက်သို့ တပ်ဆုတ်လေသည်။ "ချောင်ချောင်း"(Cao Cao) မှလည်း နောက်မှလိုက်သည်။ ထိုစဉ်တွင်ပင် "လွီပု(Lu Bu) မပြေးနဲ့၊ ငါ ကွမ်းယွီ(Guan Yu) လာပြီ" ဟူသောအသံဖြင့် "ကွမ်းယွီ"(Guan Yu) ၏ စစ်တပ်ရောက်လာသည်။
"လွီပု"(Lu Bu) ကလည်း "ကွမ်းယွီ"(Guan Yu) တပ်နှင့် တိုက်ပြန်သည်။ ထိုအချိန်တွင် "ကျန်းဖေး"(Zhang Fei) တပ်မှီလာရာ "လွီပု"(Lu Bu) သည် ရန်သူ့တပ်ကိုဖောက်ပြီး ရှဖီသို့ပြေးသည်။ ရှဖီမှ "ဟိုချန်"(Hou Cheng) သည် ရန်သူတို့ကို ဟန့်တားလိုက်ပြီး "လွီပု"(Lu Bu) တို့ကို မြို့တွင်းသို့ ကြိုဆိုသည်။

ညီအစ်ကိုနှစ်ဦးဖြစ်သော "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ပြန်တွေ့ကြလေရာ သူတို့နှစ်ဦးသည်ကြုံတွေ့ခဲ့ရသည်တို့ကို ပြောသည်။
"ကွမ်းယွီ"(Guan Yu) : "ငါ ဟိုင်ကျိုးလမ်းမှာရောက်တဲ့အချိန် မင်းသတင်းကို ကြားလို့ ဒီကို အပြေးလိုက်လာတာ"
"ကျန်းဖေး"(Zhang Fei) : "ကျွန်တော် မန်တန်တောင်ကုန်းမှာ စခန်းချတာ ကြာပြီ။ အခုလိုပြန်တွေ့တာ ဝမ်းသာတယ်"
ထိုသို့ စကားပြောကြပြီးနောက် သူတို့နှစ်ဦးသည် "လျူဘေ့"(Liu Bei) နှင့် သွားတွေ့သည်။ "လျူဘေ့"(Liu Bei) သည် သူတို့ညီနောင်တို့ပြန်ဆုံရသည့်အတွက် ဝမ်းနည်း၊ဝမ်းသာဖြစ်လေသည်။ ထို့နောက် ညီအစ်ကိုသုံးဦးတို့သည် "ချောင်ချောင်း"(Cao Cao) နှင့်အတူ ရွှီကျိုးမြို့အတွင်းသို့ ဝင်ကြသည်။

"မီကျူ"(Mi Zhu) က "လျူဘေ့"(Liu Bei) တို့ကို ကြိုဆိုပြီး သူတို့၏ မိသားစုဘေးကင်းကြောင်းပြောသည်။ ထို့နောက် အောင်ပွဲခံရာ "ချောင်ချောင်း"(Cao Cao) ၏ ဝဲ၊ယာတွင် "လျူဘေ့"(Liu Bei) နှင့် "ချန်ကွေး"(Chen Gui) တို့က ထိုင်သည်။  "ချောင်ချောင်း"(Cao Cao) သည် ချန်(Chen) သားအဖတို့၏ လုပ်ဆောင်မှုကို ချီးမွမ်းကာ ရွာဆယ်ရွာကို အပိုင်စားပေးသည်။ သားဖြစ်သူကိုလည်း စစ်သူကြီးဘွဲ့ပေးအပ်သည်။
"ချောင်ချောင်း"(Cao Cao) သည် အောင်မြင်မှုအတွက် ကျေနပ်စွာဖြင့် ရှဖီသို့ချီတက်ရန်ပြင်သည်။
"ချန်ယွီ"(Cheng Yu) မှ
"လွီပု(Lu Bu) သာ တအားချောင်ပိတ်သွားရင် ကျွန်တော်တို့ရဲ့မဟာရန်သူဖြစ်တဲ့ ယွမ်စု(Yuan Shu) နဲ့ ပူးပေါင်းနိုင်တယ်၊ ဒါကြောင့် သူတို့နှစ်ဦးမပူးပေါင်းအောင် ဟွိုင်မြစ်ရဲ့တောင်ဘက်ကို လူလွတ်ပြီးစောင့်ကြပ်ထားသင့်တယ်။ တစ်ဖက်မှာ လွီပု(Lu Bu) ၊ တစ်ဖက်မှာ ယွမ်စု(Yuan Shu) ကို ထိန်းထားနိုင်ရမယ်၊ ဒါ့အပြင် ဟွာရှန်းက သူပုန်တွေကလည်း ရန်သူတွေမို့ သူတို့ကို သတိထားရမယ်" ဟု ဆိုသည်။
"ချောင်ချောင်း"(Cao Cao) : "ဟွာရှန်းတောင်ကိစ္စက ငါ ရှင်းလို့ရတယ်၊ တောင်ပိုင်းကိုတော့ လျူဘေ့(Liu Bei) ကိုပဲ လွှဲရမယ်"
"လျူဘေ့"(Liu Bei) : "ဝန်ကြီးချုပ် အမိန့်အတိုင်းလုပ်ပါ့မယ်"

ထို့နောက် "လျူဘေ့"(Liu Bei) သည် "မီကျူ"(Mi Zhu) နှင့် "ကျန်းယုံ"(Jian Yong) ကို ရွှီကျိုးတွင်ထားကာ "ကွမ်းယွီ"(Guan Yu)၊ "ကျန်းဖေး"(Zhang Fei) နှင့် "စွန်းချန်"(Sun Qian) တို့ကို ခေါ်ပြီး တောင်ပိုင်းသို့ချီတက်သည်။ "ချောင်ချောင်း"(Cao Cao) ကမူ ရှဖီသို့ ချီတက်လေသည်။
"လွီပု"(Lu Bu) သည် ရှဖီ၏ခံတပ်တို့ကို စိတ်ချလေရကား "ချောင်ချောင်း"(Cao Cao) ကို လမ်းမှဖြတ်မတိုက်ပဲနေသည်။
"ချန်ကုန်း"(Chen Gong) မှ တိုက်ရန်အကြံပေးသော်လည်း "လွီပု"(Lu Bu) သည် အကြံကိုမလိုက်နာပဲ နေလေ၏။
သို့နှင့် "ချောင်ချောင်း"(Cao Cao) ၏ စစ်တပ်ကြီးသည် မြို့အနီးသို့ ရောက်လာလေပြီ။

"ချောင်ချောင်း"(Cao Cao) မှ "လွီပု"(Lu Bu) ကို
"မင်းနဲ့မင်းမိသားစုတွေဟာ ယွမ်စု(Yuan Shu) နဲ့ပူးပေါင်းမယ်လို့ သတင်းကြားတယ်၊ ယွမ်စု(Yuan Shu) က တိုင်းပြည်ရဲ့သစ္စာဖောက်၊ မင်းကတော့ တုန်ကျိုး(Dong Zhuo) ကို သတ်ခဲ့တဲ့စွမ်းဆောင်မှုရှိတယ်၊ အဲ့လိုလူမျိုးနဲ့ ပူးပေါင်းမလို့လား? မြို့ကျမှ နောင်တရရင် တအားနောက်ကျသွားပြီ။ ဒါပေမယ့် အခုလက်နက်ချရင်တော့ မင်းရာထူးရော အသက်ပါချမ်းသာပေးမယ်" ဟု ဆိုသည်။
"လွီပု"(Lu Bu)" : "ဝန်ကြီးချုပ်သာ စစ်တပ်ကိုနောက်ဆုတ်ပေးရင် ကျုပ်တို့ ဒီကိစ္စကို ဆွေးနွေးတာပေါ့"
သို့သော် သူ့သခင်နားတွင် ရပ်နေသော "ချန်ကုန်း"(Chen Gong) က မြားဖြင့် လှမ်းပစ်ရာ "ချောင်ချောင်း"(Cao Cao) ၏ ခမောက်သို့စိုက်သွားသည်။

"ချောင်ချောင်း"(Cao Cao) က "ချန်ကုန်း"(Chen Gong) ကို လက်ညှိုးထိုးကာ
"အနည်းဆုံး မင်းကိုတော့ သတ်ပစ်မယ်" ဟု ဆိုလေသည်။ သို့နှင့် ရန်သူတို့သည် မြို့ကို စတိုက်ကြသည်။
"ချန်ကုန်း"(Chen Gong) : "ရန်သူတွေက အဝေးကချီတက်လာတာဖြစ်တဲ့အတွက် အကြာကြီးမတိုက်နိုင်ဘူး၊ စစ်သူကြီးက စစ်သားတွေကို ဦးဆောင်ပြီး ထွက်တိုက်ပါ၊ ကျွန်တော်က ကျန်တဲ့စစ်သားတွေနဲ့မြို့ကို ကာကွယ်ပါ့မယ်၊ ရန်သူက စစ်သူကြီးကိုတိုက်ရင် ကျွန်တော်ထွက်လာပြီး သူတို့ရဲ့တပ်ဖျားကိုတိုက်မယ်၊ မြို့ကိုတိုက်ရင်တော့ စစ်သူကြီးက သူတို့စစ်တပ်ကို တိုက်နိုင်ပါတယ်။ ဆယ်ရက်အတွင်းမှာ သူတို့စားနပ်ရိက္ခာကုန်ပြီး တပ်ပြန်ခေါက်ရပါလိမ့်မယ်"
"လွီပု"(Lu Bu) : "ဒီအကြံကောင်းတယ်"

ထို့နောက် "လွီပု"(Lu Bu) သည် သူ့အိမ်တော်သို့ပြန်ပြီး လက်နက်တို့ကိုယူရာ ဇနီးဖြစ်သူ ရန်အမျိုးသမီးက ဘယ်လို့သွားမည်နည်းဟု မေးရာ "လွီပု"(Lu Bu) မှ "ချန်ကုန်း"(Chen Gong) ၏ အကြံအစည်ကို ပြောလိုက်သည်။ ထိုအခါ ထိုအမျိုးသမီးက
"ရှင်က ဇနီးနဲ့သားသမီးတွေကို ထားခဲ့ပြီး မြို့ပြင်ထွက်မလို့လား။ မပြောကောင်းဆိုကောင်း၊ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလည်း" ဟု ပြောရာ "လွီပု"(Lu Bu) တွေဝေသွားပြီး သုံးရက်ခန့် ဘာမျှမလုပ်ပဲနေသည်။
ထိုအခါ "ချန်ကုန်း"(Chen Gong) ရောက်လာပြီး
"ရန်သူတွေက မြို့ကိုဝိုင်းထားပြီ၊ စစ်သူကြီးထွက်မတိုက်ရင်တော့ ဒုက္ခရောက်တော့မယ်" ဟု ပြောသည်။
"ခံစစ်ပဲ တိုက်ရင်ပိုကောင်းမလားလို့ တွေးနေတယ်"
"ရန်သူတွေက အစားအစာမလုံလောက်တဲ့အတွက် ရွှီချန်ကနေလှမ်းမှာနေရပြီ။ အဲ့စားနပ်ရိက္ခာလမ်းကြောင်းကိုဖြတ်တိုက်ရင် ရန်သူတွေဒုက္ခရောက်သွားမှာပါ"

"လွီပု"(Lu Bu) က သဘောတူလိုက်ပြီး ထိုအကြံကို သူ့ဇနီးကိုပြောပြန်သည်။ သူ့ဇနီးက ငိုယိုကာ
"ရှင်သွားရင် ချန်ကုန်း(Chen Gong) တစ်ယောက်ထဲမြို့ကို ထိန်းထားနိုင်မယ် ထင်လား? တစ်ခုခုမှားသွားပြီးမှ နောင်တရလည်း အလကားပဲ။ ချန်အန်းမှာတုန်းကလည်း ရှင် ကျွန်မကို ထားခဲ့ပြီးပြီ။ ဖန်ရှု(Pang Shu) ရဲ့အကူအညီကြောင့်သာ သေကံမရောက် သက်မပျောက်ပဲ ရှိခဲ့တာ၊ အခုလည်း ထပ်ထားခဲ့ဦးမလို့လား? သွားချင်လည်းသွား၊ ကျွန်မကို ဂရုမစိုက်နဲ့" ဟု ပြောလေသည်။
ပြီးနောက် ပို၍ သည်းထန်စွာငိုသည်။
ထို့နောက် "သောင်းချန်"(Diao Chan) ကို သွားတွေ့ရာ "သောင်းချန်"(Diao Chan) မှ
"ရှင်က ကျွန်မရဲ့သခင်၊ ကျွန်မရဲ့ ဘဝပဲ၊ တစ်ယောက်တည်းမထွက်သွားပါနဲ့" ဟု ဆိုသည်။
"လွီပု"(Lu Bu) : "စိတ်မပူပါနဲ့၊ ငါ့မှာ ဒီလှံနဲ့ ယုန်နီရှိပါတယ်"

ထို့နောက် "လွီပု"(Lu Bu) သည် "ချန်ကုန်း"(Chen Gong) ကို တွေ့ပြီး
"ချောင်ချောင်း(Cao Cao) စားနပ်ရိက္ခာ မရှိဘူးဆိုတဲ့သတင်းက သတင်းအမှားပဲ ဖြစ်လိမ့်မယ်၊ ဒါကြောင့် ငါ မသွားတော့ဘူး" ဟု ပြောသည်။
ထိုအခါ "ချန်ကုန်း"(Chen Gong) သည် သက်ပြင်းချကာ
"ငါတို့တော့ သေတော့မှာပဲ၊ ငါတို့မြေမြုပ်တဲ့နေရာကို ဘယ်သူမှသိမှာတောင် မဟုတ်ဘူး" ဟု ဆိုလေသည်။
ထိုအချိန်မှစ၍ "လွီပု"(Lu Bu) သည် သူ၏အိမ်အတွင်း၌ပင် သူ့ဇနီးတို့နှင့်အတူနေထိုင်ပြီး အရက်သေစာတို့သာ သောက်စားကာနေ၏။
တစ်ရက်သော် သူ၏အကြံပေးနှစ်ဦးဖြစ်သော "ရွှီစီ"(Xu Si) နှင့် "ဝမ်ခိုင်"(Wang Kai) တို့ရောက်လာကာ
"ဟွိုင်မြစ်တောင်ဘက်က ယွမ်စု(Yuan Shu) က အင်အားကြီးမားတယ်၊ သူ့ဆီကို နှစ်အိမ်ထောင်လက်ဆက်ပြီး မဟာမိတ်ဖွဲ့ဖို့ စာပို့ကြည့်ပါလား? ဒီလိုဆို သူစစ်ကူပို့နိုင်လောက်ပါတယ်" ဟု ပြောသည်။
ထိုအခါ "လွီပု"(Lu Bu) သည် စာရေးပြီး ထိုသူနှစ်ဦးကို သွားပို့စေသည်။

"ရွှီစီ"(Xu Si) : "ကျွန်တော်တို့ ရန်သူကိုဖောက်ပြီးသွားရမှာဖြစ်တဲ့အတွက် ကိုယ်ရံတော်နည်းနည်းထည့်ပေးပါ"
ထိုအခါ "လွီပု"(Lu Bu) သည် စစ်သားတစ်ထောင်နှင့်အတူ စစ်သူကြီးနှစ်ဦးဖြစ်သည့် "ကျန်းလျောင်"(Zhang Liao) နှင့် "ဟဲမန်"(He Meng) ကို ထည့်ပေးလိုက်သည်။ ကိုယ်ရံတော်တပ်တို့ ရန်သူ့တပ်ကိုဖြတ်ကျော်ပြီးသောအခါဝယ် "ကျန်းလျောင်"(Zhang Liao) သည် ကျန်သောတပ်ဖွဲ့တစ်ဝက်ကိုဦးဆောင်ပြီး မြို့တွင်းသို့ပြန်ဝင်ရာ မြို့အနီးတွင် "ကွမ်းယွီ"(Guan Yu) နှင့် တွေ့သော်လည်း "ကောက်ရွှန်း"(Gao Shun) က ဝင်ကူသဖြင့် မြို့အတွင်းသို့လုံခြုံစွာပြန်ဝင်နိုင်သည်။

သံတမန်နှစ်ဦးတို့သည် ရှိုချွန်းသို့ရောက်ကာ "ယွမ်စု"(Yuan Shu) အား ထိုစာကို ပေးသော် "ယွမ်စု"(Yuan Shu) မှ
"ဒါက ဘာလဲ၊ အရင်ကတော့ ငါ့သံတမန်ကိုသတ်ပြီး မဟာမိတ်မလုပ်ဘူးပြောပြီးမှ အခုပြန်လာလုပ်ချင်တယ်?" ဟု မေးသည်။ "ရွှီစီ"(Xu Si) မှ
"ဒါက ချောင်ချောင်း(Cao Cao) ရဲ့ ကောက်ကျစ်မှုတွေကြောင့် ဖြစ်ခဲ့ရတာပါ။ မဟာမိတ်ဖွဲ့ဖို့ကိစ္စကိုပြန်စဉ်းစားပေးဖို့တောင်းပန်ပါတယ်" ဟု ပြောသည်။
"ဒါပေမယ့် မင်းတို့ သခင်သာ ရန်သူတွေကြောင့် ချောင်မပိတ်ဘူးဆိုရင် ဒီလိုမဟာမိတ်ဖွဲ့ဖို့ စိတ်ကူးထဲထည့်မှာတောင် မဟုတ်ဘူး"
"မကူညီပဲနေလို့ရပါတယ်၊ ဒါပေမယ့် နှုတ်ခမ်းဆိုတာ မရှိရင် သွားလည်း အကာအကွယ်ရှိတော့မှာမဟုတ်ဘူး၊ ဒါကြောင့် ပြန်စဉ်းစားပေးပါ"
"လွီပု(Lu Bu) က မယုံရဘူး၊ သူ့သမီးဒီကိုရောက်လာမှ ငါစစ်ကူပို့ပေးမယ်လို့ ပြောလိုက်"
သို့နှင့် သံတမန်နှစ်ဦးတို့သည်လည်း ရှဖီသို့ပြန်သွားသည်။

ထိုသံတမန်နှစ်ဦးတို့သည် "လျူဘေ့"(Liu Bei) စခန်းအနီးသို့ရောက်သော် "ရွှီစီ"(Xu Si) မှ
"ညရောက်လာတဲ့အထိစောင့်ပြီး ကျုပ်နဲ့ ဝမ်ခိုင်(Wang Kai) က မှောင်တာကို အခွင့်ကောင်းယူပြီး ရန်သူ့ခံတပ်ကို တိတ်တဆိတ်ကျော်ဖြတ်ရမယ်၊ ဟဲမန်(He Meng) နဲ့ သူ့စစ်သားတွေက နောက်မှာနေခဲ့ပြီး ငါတို့ကိုစောင့်ကြပ်စေမယ်" ဟု ပြောသည်။
ညဘက်တွင် ထိုအတိုင်းပြုရာ သံတမန်နှစ်ဦးတို့သည် ဘေးကင်းကင်းဖြင့် ကျော်ဖြတ်သွားခဲ့သော်လည်း "ဟဲမန်"(He Meng) မှာမူ "ကျန်းဖေး"(Zhang Fei) နှင့် ထိပ်တိုက်တွေ့လေရာ ပထမအကွက်တိုက်ရာတွင်ပင် အဖမ်းခံရပြီး စစ်သားငါးရာတို့သည်လည်း အဖမ်းခံရသူတို့က သေသူသေ၊ ထွက်ပြေးသူ ထွက်ပြေးဖြင့် တပ်ပျက်သွားလေသည်။
ထိုအဖမ်းခံရသူကို "လျူဘေ့"(Liu Bei) ထံ ခေါ်သွားရာ "ယွမ်စု"(Yuan Shu) နှင့် မဟာမိတ်ဖွဲ့မည့်အကြံကို သိသွားလေသည်။ "ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ကာ ဖမ်းမိသောသူကို သေဒဏ်ပေးစေလိုက်သည်။ ထို့နောက် မြို့တွင်းမှ ရန်သူတို့ အပြင်မှ အဆက်အသွယ်ရအောင် လုပ်ပါက  မည်သူ့ကိုမဆို အပြစ်ပေးမည်ဟု အမိန့်ထုတ်လိုက်သည်။

"လျူဘေ့"(Liu Bei) သည် သူ့တပ်စခန်းသို့ပြန်ရောက်သောအခါ သူ့ညီနှစ်ဦးတို့အား
"ငါတို့ကို ဟွိုင်မြစ်က ရန်သူတွေကို စောင့်ကြပ်ခိုင်းထားတာ၊ ဒါကြောင့် ဒီအမိန့်ကို ချိုးဖောက်လို့ မဖြစ်ဘူး" ဟု သတိပေးသည်။ ထိုအခါ "ကျန်းဖေး"(Zhang Fei) က
"ကျွန်တော်တို့က ရန်သူ့ခေါင်းဆောင်တစ်ယောက်ကိုလည်း ဖမ်းရသေးတယ်၊ ခုတော့ ဆုမချတဲ့အပြင် ခြိမ်းခြောက်တာတွေ ဘာတွေလုပ်လာတာ ဘာသဘောလည်း" ဟု ပြောသည်။
"ဒီလိုမပြောပါနဲ့။ ဒါက တပ်ဖွဲ့ခေါင်းဆောင်ရဲ့အမိန့်ပဲ၊ မလိုက်နာပဲ မနေပါနဲ့"
ထိုအခါ ညီနှစ်ဦးတို့ကလည်း လိုက်နာပါမည်ဟု ကတိပေးလိုက်သည်။

"ရွှီစီ"(Xu Si) နှင့် "ဝမ်ခိုင်"(Wang Kai) တို့မြို့တွင်းသို့ ပြန်ရောက်သွားသောအခါ "လွီပု"(Lu Bu) အား "ယွမ်စု"(Yuan Shu) ပါးလိုက်သောစကားတို့ကို ပြန်ပြောလေသည်။
"လွီပု"(Lu Bu) : "ဒါပေမယ့် သူ့ကိုဘယ်လိုပို့မှာတုန်း"
"ရွှီစီ"(Xu Si) : "ဒါကတော့ ပြဿနာပဲ၊ ချောင်ချောင်း(Cao Cao) က ကျွန်တော်တို့အကြံကိုသိသွားလောက်ပြီ။ စစ်သူကြီးကိုယ်တိုင်မှမသွားရင်တော့ ရန်သူ့တပ်ကိုထိုးဖောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"လွီပု"(Lu Bu) : "ဒီနေ့ပဲ စမ်းကြည့်ရင်ကော?"
"ရွှီစီ"(Xu Si) : "ဒီနေ့က နေ့ကောင်းရက်သာမဟုတ်ပါဘူး၊ နက်ဖြန်ညနေမှသာ လုပ်ဆောင်သင့်ပါတယ်"
ထိုအခါ "လွီပု"(Lu Bu) သည် "ကျန်းလျောင်"(Zhang Liao) နှင့် "ကောက်ရွှန်း"(Gao Shun) တို့အား
"ရန်သူ့တပ်ကို ထိုးဖောက်ဖို့ စစ်သားသုံးထောင်ပြင်ထား၊ ပြီးတော့ သတို့သမီးအတွက် လှည်းယာဉ်ပါအသင့်ပြင်ထား" ဟု အမိန့်ပေးလိုက်သည်။

နောက်တစ်နေ့ညနေနှစ်နာရီအချိန်ဝယ် "လွီပု"(Lu Bu) သည် မြင်းစီးပြီး သူ့သမီးကို သူ့နောက်တွင်တင်ဆောင်ကာ ထွက်ခွာသည်။ "ကျန်းလျောင်"(Zhang Liao) နှင့် "ကောက်ရွှန်း"(Gao Shun) တို့လည်း နောက်မှပါလေသည်။
"လျူဘေ့"(Liu Bei) စခန်းနားအရောက်ဝယ် ဗုံသံတို့ကြားလိုက်ရပြီး "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ ထွက်လာကာ "ရပ်လိုက်" ဟု အော်လေသည်။ "လွီပု"(Lu Bu) သည် ရန်သူတို့ကိုတိုက်ရန်ဆန္ဒမရှိလေရကား ရှောင်ထွက်သွားရန်ပင်ပြင်သည်။ ထိုအချိန်တွင် "လျူဘေ့"(Liu Bei) ဝင်ရောက်ကာ ဝင်တိုက်လေသည်။ "လွီပု"(Lu Bu) သည်မည်သို့ပင်ရဲရင့်စေကာမူ သမီးဖြစ်သူကို နောက်တွင် တင်ထားရသည့်အတွက် ထိုမိန်းကလေးကိုမထိခိုက်အောင်ပင် အလူးအလဲရှောင်တိမ်းရချေသည်။ နောက်ဆုံး ရန်သူ့ကိုဖောက်ထွက်ရန်လမ်းမမြင်သဖြင့် "လွီပု"(Lu Bu) မှာ စိတ်ဓာတ်ကျစွာဖြင့် ရှဖီသို့ပြန်လာရသည်။ ဝန်းရံထားသူတို့မှာ ရန်သူတို့တပ်ခေါက်သွားသည်ကို ဝမ်းသာကြလေသည်။

"လွီပု"(Lu Bu) သည် ထိုအချိန်မှစပြီး ဝိုင်အရက်တို့နှင့်သာအဖော်ပြုလေသည်။ ရန်သူတို့မြို့ကို ဝန်းရံထားသည်မှာ နှစ်လကြာခဲ့ပြီ။ ထိုအချိန်တွင် ဟဲနေမြို့စား "ကျန်းရန်"(Zhang Yang) သည် "လွီပု"(Lu Bu) ကို ကူမည်ဟူသော သတင်းကြားရသည်။ သို့သော်လည်း သူ့လက်အောက်ခံတစ်ဦးဖြစ်သည့် "ရန်ချိုး"(Yang Chou) သည် ကိုယ့်သခင်ကိုပြန်သတ်ပြီး ခေါင်းကို "ချောင်ချောင်း"(Cao Cao) ထံ လာဆက်သသည်။ "ရန်ချိုး"(Yang Chou) သည်လည်း "ကျန်းရန်"(Zhang Yang) လက်အောက်ခံတစ်ဦးဖြစ်ခဲ့သည့် "ခွေ့ကူ"(Kui Gu) ဟူသောသူသတ်ခြင်းကို ခံလိုက်ရသည်။ ထို့နောက် "ခွေ့ကူ"(Kui Gu) သည် စစ်တပ်တို့ကိုဦးဆောင်ကာ တိုက်ချန်အနီးသို့ရောက်လာသည်။
ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ "ရှီဟွမ်"(Shi Huan) ကို လွှတ်ပြီး "ခွေ့ကူ"(Kui Gu) ကို သတ်စေသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် အစည်းအဝေးခေါ်ကာ
"ကျန်းရန်(Zhang Yang) က သေသွားခဲ့ပေမယ့် မြောက်ဘက်က ယွမ်ရှောက်(Yuan Shao) ၊ အနောက်ဘက်က လျူပြောင်း(Liu Biao) နဲ့ ကျန်းရှို့(Zhang Xiu) တို့ရဲ့ရန်ရှိသေးတယ်။ ရှဖီမြို့ကလည်း ခုထိမကျသေးဘူး၊ ဒါကြောင့် လွီပု(Lu Bu) ကို လွှတ်ထားလိုက်ပြီး တပ်ပြန်ဆုတ်ကြရင် ကောင်းမလား" ဟု မေးသည်။ သို့သော် "ရွှင်ယို"(Xun You) မှ
"ဒီလိုမလုပ်သင့်ပါဘူး၊ လွီပု(Lu Bu) ဟာ တော်တော်ဆုံးရှုံးသွားခဲ့ပြီ၊ ခေါင်းဆောင်ဟာ စစ်သားတွေရဲ့အသက်ပဲ၊ ခေါင်းဆောင်က မဦးဆောင်နိုင်ရင် စစ်သားတွေကလည်း တိုက်နိုင်မှာမဟုတ်ဘူး၊ ချန်ကုန်း(Chen Gong) က တော်ပေမယ့် ဘာမှဖြစ်မလာဘူး၊ ဒီလိုအခြေအနေမျိုးမှာ ဆက်တိုက်ရန် ကျွန်တော်တို့ အောင်နိုင်တယ်" ဟု ဆိုကာ ကန့်ကွက်သည်။
"ကောကျား"(Guo Jia) : "ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်၊ မြို့ကိုချက်ချင်းသိမ်းနိုင်မယ့်အကြံပဲ၊ စစ်သားနှစ်သိန်းထက်တောင် တန်ဖိုးရှိတယ်"
"ရွှင်ယွိ"(Xun Yu) : "ခင်ဗျားအကြံက စီမြစ်နဲ့ ရီမြစ်က ရေတွေ မြို့ကိုလွှမ်းစေဖို့မဟုတ်လား"
"ကောကျား"(Guo Jia) သည် ပြုံးကာ "ဒါပေါ့" ဟု ပြောလေသည်။

"ချောင်ချောင်း"(Cao Cao) သည် ထိုအကြံကိုလက်ခံကာ သူ၏စစ်တပ်ကို ကုန်းမြင့်ဘက်တွင်ပြောင်းရွေှ့စေပြီး မြစ်မှရေတို့ကိုလမ်းကြောင်းပြောင်းကာ မြို့တွင်းသို့  ရေလျှံအောင်ပြုစေသည်။ အရှေ့ဂိတ်မှလွဲ၍ကျန်သောနေရာတို့ ရေတို့အတိလွှမ်းလေ၏။ မြို့တွင်းရှိစစ်သားတို့က ထိုအကြောင်းကို သူတို့ခေါင်းဆောင်ကိုအကြောင်းကြားရာ "လွီပု"(Lu Bu) မှ
"ငါက ဘာလို့ကြောက်ရမှာလည်း? ငါ့မြင်းကောင်းက ရေပေါ်ရော၊ ကုန်းပေါ်မှာ သွားလို့ရတယ်" ဟု ပြောသည်။
ထို့နောက် သူ့ဇနီးတို့ဖြင့် အရက်တို့သာ စွတ်သောက်သည်။

အရက်တို့သော စွတ်သောက်သော "လွီပု"(Lu Bu) မှာ အရက်ဖောဖောလေသည်။ တစ်နေ့ ကြေးမုံမှန်တွင် သူ့မျက်နှာကိုမြင်လိုက်ရာ
"ငါ ကိုယ့်ကိုယ်ကို ဒုက္ခပေးနေတာပဲ၊ ဒီနေ့ကစပြီး အရက်မသောက်တော့ဘူး" ဟု ဆိုကာ "မည်သူမှ အရက်မသောက်ရ၊ သောက်လျှင် သေဒဏ်" ဟူသော အမိန့်ကိုပါ ထုတ်လိုက်သည်။
တစ်ရက်သော် သူ့စစ်သူကြီးတစ်ဦးဖြစ်သည့် "ဟိုချန်"(Hou Cheng) သည် မြင်းဆယ့်ငါးကောင်ပျောက်သွားရာ သူ့လက်အောက်ရှိ "ဟိုချောင်"(Hou Cao) ဟူသောသူ ခိုးသွားမှန်းသိသဖြင့် သူ့ကို သတ်စေသည်။ ထို့နောက် "ဟိုချန်"(Hou Cheng) သည် သူ့မြင်းတို့ကို ပြန်တွေ့သည့်အထိမ်းအမှတ်အနေဖြင့် အရက်တို့ဖြင့် သောက်စားပျော်ပါးသည်။ ထို့နောက် "လွီပု"(Lu Bu) စိတ်ဆိုးမည်စိုးသဖြင့် "လွီပု"(Lu Bu) ထံ အရက်တို့ကို ပို့စေသည်။
ထိုအခါ "လွီပု"(Lu Bu) သည် သူ့စည်းကမ်းကို မလိုက်နာရကောင်းလား ဟု ဒေါသထွက်ပြီး "ဟိုချန်"(Hou Cheng) ကို ချက်ချင်းသတ်စေသည်။

သို့သော်လည်း "စုန်းရှန်"(Song Xian) ၊ "ဝေရွှီ"(Wei Xu) နှင့် အခြားအမှုထမ်းတို့က ဝင်တားရာ နောက်ဆုံးတွင် "လွီပု"(Lu Bu) က စိတ်ပျော့သွားပြီး ကြိမ်ဒဏ်တစ်ရာပေးရန် အမိန့်ချလိုက်သည်။  အပြစ်ကို ထို့ထက်ကိုလျှော့ရန် တောင်းပန်သော်လည်း တစ်ဝက်သာ လျှော့ပေးလေသည်။
ထိုသို့ကြိမ်ဒဏ်ခံလိုက်ရသည့် "ဟိုချန်"(Hou Cheng) ကို သူ၏ အပေါင်းအပါတို့က သွားကာ သတင်းမေးကြသည်။
"ဟိုချန်"(Hou Cheng) : "ခင်ဗျားတို့ကျေးဇူးကြောင့်သာမဟုတ်ရင် ကျုပ်တော့ သေဒဏ်ပေးခံရမှာ"
"စုန်းရှန်"(Song Xian) : "လွီပု(Lu Bu) က သူ့မိသားစုကိုပဲ သူဂရုစိုက်တယ်၊ တခြားလူတွေကို သနားတောင်မသနားဘူး၊ ငါတို့ကိုလမ်းဘေးက မြက်အဆင့်လောက်တောင် သဘောထားမှာမဟုတ်ဘူး"
"ဝေရွှီ"(Wei Xu) : "မြို့ကြီးက ဝန်းရံခံထားရပြီ၊ သိပ်အကြာကြီးမခံနိုင်တော့ပါဘူး၊ ငါတို့လည်း ဘယ်တော့သေမလည်း မသိနိုင်ဘူး"
"စုန်းရှန်"(Song Xian) : "အဲ့လူက တိရစ္ဆာန်သာသာပဲ၊ အမှားအမှန်တွေဘာတွေနားလည်တာမဟုတ်ဘူး၊ သူ့ဆီကထွက်သွားကြရအောင်"
"ဝေရွှီ"(Wei Xu) : "သူ့အတွက် အလုပ်လုပ်ပေးရတာ မတန်ဘူး၊ သူ့ကိုဖမ်းပြီး ချောင်ချောင်း(Cao Cao) လက် အပ်လိုက်ကြရအောင်"
"ဟိုချန်"(Hou Cheng) : "ငါက ငါ့မြင်းတွေပြန်တွေ့လို့ ပျော်ပွဲရွှင်ပွဲလေးလုပ်တာကို သူက အပြစ်ပေးတယ်၊ သူက သူ့မြင်း ယုန်နီကိုပဲ ဂရုစိုက်တာ၊ အဲ့မြင်းကို ခိုးပြီး ချောင်ချောင်း(Cao Cao) ကို ပေးလိုက်မယ်"

ထို့နောက် မည်သို့မည်ပုံလုပ်ကြမည်ကို တိတ်တဆိတ်တိုင်ပင်ကြသည်။ ထိုညတွင် "ဟိုချန်"(Hou Cheng) သည် မြင်းဇောင်းသို့သွားပြီး ယုန်နီကို ခိုးယူကာ ပြေးလေသည်၊ အစောင့်က နောက်မှလိုက်သော်လည်း မမှီချေ။ "ဟိုချန်"(Hou Cheng) သည် "ချောင်ချောင်း"(Cao Cao) စခန်းသို့ရောက်သွားသောအခါ မြင်းကို ဆက်သလိုက်ပြီး သူတို့အကြံကိုပြောလိုက်သည်။ အကြံကိုလုပ်ဆောင်သည့်အချိန်တွင် မြို့ရိုးပေါ်မှ အလံဖြူလွှင့်တင်မည်ဖြစ်ကြောင်းပြောလေသည်။
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် မြားတွင် အောက်ပါစာကို ချိတ်ပြီး မြို့တွင်းသို့ လှမ်းပစ်လိုက်သည်။
'နယ်စားကြီး ချောင်ချောင်း(Cao Cao) ဟာ ဘုရင့်အမိန့်အရ လွီပု(Lu Bu) ကို ရှင်းဖို့လာခဲ့တာ၊ သူနဲ့ပေါင်းပြီး ဘုရင့်အမိန့်ကို ဖီဆန်တဲ့သူကို သေဒဏ်ချမှတ်မှာဖြစ်ပြီး လွီပု(Lu Bu) ကို ဖမ်းနိုင်သူကိုတော့ ဆုကြီးကြီးပေးအပ်မည်'


နောက်ရက်တွင် မြို့တံခါးအနီးတွင် ရုတ်ရုတ်သဲသဲဖြစ်သဖြင့် "လွီပု"(Lu Bu) သွားကြည့်လေရာ "ဟိုချန်"(Hou Cheng) ထွက်ပြေးသွားကြောင်းသိသဖြင့် "ဝေရွှီ"(Wei Xu) ကို အပြစ်ပေးမည်ဟု ခြိမ်းခြောက်သည်။ သို့သော် ထိုအချိန်တွင်ပင် မြို့ရိုးမှ အလံဖြူထောင်လိုက်သဖြင့် ရန်သူတို့က သဲကြီးမဲကြီးတိုက်လေရာ "လွီပု"(Lu Bu) မှာ မြို့ကိုကာကွယ်ပြီး မအားမလပ်နိုင်ဖြစ်သွားသည်။
ပြီးနောက် "လွီပု"(Lu Bu) သည် ပြဿဒ်ပေါ်ရှိ သူ၏ကုလားထိုင်တွင် အိပ်ပျော်သွားသည်။ ထိုအချိန်တွင် "စုန်းရှန်"(Song Xian) ရောက်လာကာ အစောင့်တို့ကို အပြင်သွားစေလိုက်ပြီး "လွီပု"(Lu Bu) ၏ လှံကို ခိုးယူလိုက်သည်။ ထို့နောက် "ဝေရွှီ"(Wei Xu) နှင့် "စုန်းရှန်"(Song Xian) နှစ်ယောက်သား "လွီပု"(Lu Bu)ကို ကြိုးတို့ဖြင့် တုတ်နှောင်လိုက်သည်။ "လွီပု"(Lu Bu) နိုးလာသောအခါ အစောင့်တို့ကို ခေါ်သော်လည်း အစောင့်တို့မှာ မရှိတော့ပြီ။
ထို့နောက် သစ္စာဖောက်နှစ်ဦးတို့သည်
"လွီပု(Lu Bu) ကို အရှင်ဖမ်းမိပြီ" ဟု အော်လိုက်သည်။

"ရှဟိုယွမ်"(Xiahou Yuan) မှာ ထိုကြားရသည့်သတင်းကို ယုံပင်မယုံနိုင်ပေ။ နောက်ဆုံး မြို့ရိုးပေါ်မှ "လွီပု"(Lu Bu) ၏ နာမည်ကြီး လှံကို ပစ်ချလိုက်သောအခါမှသာ ယုံသွားကြ၏။ မြို့တံခါးဖွင့်လိုက်ပြီး ရန်သူတို့ဝင်လာကြသည်။ တစ်ခြားတစ်ဖက်တွင်ရှိသော "ကောက်ရွှန်း"(Gao Shun) နှင့် "ကျန်းလျောင်"(Zhang Liao) တို့လည်း ရန်သူတို့ဝန်းရံခံလိုက်ရသည်။ "ချန်ကုန်း"(Chen Gong) သည်လည်း "ရွှီဟွမ်"(Xu Huang) ၏ ဖမ်းဆီးမှုကို ခံလိုက်ရ၏။ ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် မြစ်ရေတို့ကို ပြန်၍ လမ်းကြောင်းပြောင်းစေသဖြင့် မြို့သူမြို့သားတို့ စိတ်ချမ်းသာကြလေသည်။

ထို့နောက် အဖြူရောင်တံခါးမျှော်စင်ပေါ်ဝယ် "ချောင်ချောင်း"(Cao Cao) နှင့် "လျူဘေ့"(Liu Bei) တို့က ထိုင်ကာ နောက်တွင် "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့က နေရာယူထားကြသည်။ ထို့နောက် စစ်သုံ့ပန်းတို့ကို သူတို့ရှေ့မှောက်သို့ ခေါ်ဆောင်လာသည်။ "လွီပု"(Lu Bu) မှာ သနားစရာ သတ္တဝါလေးအလား အချုပ်နှောင်ခံထားရသည်။
"လွီပု"(Lu Bu) : "ကြိုးတွေက တအားတင်းတယ်၊ နည်းနည်း ဖြေလျှော့ပေးဖို့ တောင်းပန်ပါတယ်"
"ချောင်ချောင်း"(Cao Cao) : "ကျားကိုကြိုးနဲ့တုတ်ထားတာ ဒီလောက်တော့ တင်းထားသင့်တာပေါ့"

"ဟိုချန်"(Hou Cheng) ၊ "စုန်းရှန်"(Song Xian) နှင့် "ဝေရွှီ"(Wei Xu) တို့ပျော်နေသည့်ပုံကိုကြည့်ကာ "လွီပု"(Lu Bu) မှ
"မင်းတို့တွေကို ငါ ကောင်းကောင်းဆက်ဆံခဲ့တာ၊ ဘာလို့ သစ္စာဖောက်ရတာလဲ? " ဟု မေးသည်။ "စုန်းရှန်"(Song Xian) မှ
"ခင်ဗျားက ခင်ဗျားမိန်းမတွေ စကားပဲနားထောင်ပြီး ကိုယ့်စစ်သူကြီးတွေအကြံပေးတာကို နားမထောင်ပဲ နေခဲ့တယ်လေ၊ အဲ့ဒါက ကောင်းကောင်းဆက်ဆံတယ်ခေါ်လား" ဟု ပြောရာ "လွီပု"(Lu Bu) မှာ ဆွံ့အသွားလေသည်။
ထို့နောက် "ကောက်ရွှန်း"(Gao Shun) ကို ရှေ့သို့ခေါ်လာစေသည်။့ "ချောင်ချောင်း"(Cao Cao) မှ "မင်း ဘာပြောစရာရှိလည်း" ဟု မေးသည်။ "ကောက်ရွှန်း"(Gao Shun) က ဘာမှပြန်မဖြေချေ။ ထို့နောက် သူ့ကို သေဒဏ်ပေးစေလိုက်သည်။

ပြီးနောက် "ချန်ကုန်း"(Chen Gong) ကို ခေါ်လာသည်။
"ချောင်ချောင်း"(Cao Cao) : "ဟိုးအရင်တစ်ခါတည်းက မတွေ့ဖြစ်တော့တာ နေကောင်းပါရဲ့လား"
"ချန်ကုန်း"(Chen Gong) : "ခင်ဗျားရဲ့နည်းလမ်းတွေကို မကြိုက်လို့ ခင်ဗျားကို ထားခဲ့တာ"
"ချောင်ချောင်း"(Cao Cao) : "ကျုပ်ကို မကောင်းဘူးလို့ ပြောတာ လွီပု(Lu Bu) ကကော ဘာထူးလို့လဲ"
"ချန်ကုန်း"(Chen Gong) : "သူက ဉာဏ်မရှိတဲ့လူဆိုပေမယ့် ခင်ဗျားလို ယုတ်မာကောက်ကျစ်သူမဟုတ်ဘူး"
"ချောင်ချောင်း"(Cao Cao) : "ခင်ဗျားကို အစွမ်းအစရှိပြီး ပညာထက်မြက်တယ်လို့ လူတွေက ပြောကြတယ်၊ အခု ခင်ဗျားအခြေအနေကို ကြည့်ပါဦး"

"ချန်ကုန်း"(Chen Gong) သည် "လွီပု"(Lu Bu) ဘက် လှည့်ပြီး
"သူ ကျုပ်ပြောတာတွေ နားမထောင်ခဲ့လို့၊ ကျုပ်အကြံတွေကို နားထောင်ခဲ့ရင် ဒီလိုမျိုးသုံ့ပန်းဖြစ်လာမှာတောင် မဟုတ်ဘူး" ဟု ပြောလေသည်။
"ခင်ဗျားကို ဘယ်လိုလုပ်သင့်တယ်လို့ ထင်သလဲ"
"ဒီနေ့က ကျုပ်ရဲ့ သေနေ့၊ နောက်ဆုံးပဲ"
" ကောင်းပြီလေ၊ ခင်ဗျားရဲ့အမေရယ်၊ မိန်းမရယ်၊ ကလေးတွေရယ်ကျတော့ကော?"
"ရိုသေလေးစားမှုရှိတဲ့လူဟာ အခြားလူရဲ့မိသားစုကို ဒုက္ခမပေးဘူးလို့ဆိုတယ်လေ၊  စိတ်ကောင်းရှိတဲ့လူဟာ သူများအုတ်ဂူရှေ့မှာ တခြားသူကို မစတေးဘူး၊ ကျုပ်က ခင်ဗျားရဲ့သုံ့ပန်းဖြစ်နေပြီမို့လို့ ကျုပ်ခံစားချက်ကို မထိခိုက်ပဲနဲ့ မြန်မြန်သာ သတ်ပါလို့ တောင်းဆိုချင်ပါတယ်"

"ချောင်ချောင်း"(Cao Cao) သည် "ချန်ကုန်း"(Chen Gong) ကို မသတ်ရက်ချေ။ သို့သော်လည်း "ချန်ကုန်း"(Chen Gong) သည် အစောင့်တို့ကို တွန်းဖယ်ကာ အပြင်သို့ထွက်သွားသည်။ "ချောင်ချောင်း"(Cao Cao) သည် ထိုင်ရာမှထကာ မျက်ရည်တို့ယိုစီးလာသည်။ "ချန်ကုန်း"(Chen Gong) သည် နောက်သို့ လှည့်ပင်မကြည့်ချေ။
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် အစောင့်တို့အား
"သူ့အမေနဲ့ မိသားစုဝင်တွေကို ရွှီချန်ကိုပို့ပြီးစောင့်ရှောက်စေ၊ ဒီကိစ္စကို မနှောင့်နှေးစေနဲ့" ဟု ပြောလိုက်သည်။
၎င်းကို "ချန်ကုန်း"(Chen Gong) ကြားသော်လည်း မည်သို့မှမဆိုချေ။ ထို့နောက် သူ့လည်ပင်းကို ပေးကာ အသတ်ခံလေသည်။ ထိုမြင်ကွင်းကိုမြင်ရသောသူအပေါင်းတို့မှာ မျက်ရည်ကျကုန်သည်။ ထို့နောက် "ချန်ကုန်း"(Chen Gong) ၏ အလောင်းကို အခေါင်းတွင်ထည့်ကာ ရွှီချန်တွင် ကောင်းကောင်းမြေမြုပ်ခဲ့သည်။

"ချန်ကုန်း"(Chen Gong) ၏ အဖြစ်အပျက်ကို အောက်ပါကဗျာစာသားဖြင့် ဆိုထားသည်။
'
ရှင်သန်မှုရဲ့မျှော်လင့်ချက်ဆိုတာကိုရော၊ သေဆုံးခြင်းရဲ့ကြောက်ရွံ့မှုဆိုတာကိုပါ မမှုခဲ့ပါဘူး
ဒီလိုရဲရင့်တဲ့လူမျိုးဟာ သူရဲကောင်း အစစ်အမှန်ပါပဲ
ဒါပေမယ့် သူ့သခင်ဟာ သူ့စကားကို နားမထောင်ခဲ့ဘူး
ဒါကြောင့် သူ့အစွမ်းအစဟာ အချည်းနှီးဖြစ်ခဲ့တယ်
ဒါပေမယ့်လည်း သူဟာ သူ့သခင်အနားမှာပဲ ရပ်တည်ခဲ့တယ်
ဇနီးနဲ့ အမေကိုပါ ခွဲခွာခဲ့ရတယ်
သူ့လုပ်ဆောင်မှုဟာ သနားစရာကောင်းသလို လေးစားစရာလည်း ကောင်းခဲ့တယ်
အဲ့နေ့က မျှော်စင်ဖြူပေါ်မှာ သေဆုံးခဲ့တဲ့ ချန်ကုန်း(Chen Gong) ကို
ဘယ်သူ့ ယှဉ်နိုင်ပါ့မလည်း?
'
"ချောင်ချောင်း"(Cao Cao) က "ချန်ကုန်း"(Chen Gong) ၏အလောင်းကို ဝမ်းနည်းစွာပို့ဆောင်နေစဉ် "လွီပု"(Lu Bu) မှ "လျူဘေ့"(Liu Bei) အား
"ခင်ဗျားက မြင့်မြတ်တဲ့နေရာမှာ ထိုင်နေတာ၊ ကျွန်တော်ကတော့ အောက်မှာ၊ ကျွန်တော့်အတွက်တစ်ခုခုပြောပေးပါလား" ဟု တောင်းပန်သည်။ "လျူဘေ့"(Liu Bei) က ခေါင်းညိတ်လိုက်သည်။ "ချောင်ချောင်း"(Cao Cao) ပြန်ရောက်လာသော် "လွီပု"(Lu Bu) မှ
"ကျွန်တော် ခင်ဗျားဘက်မှာနေပါ့မယ်၊ ခင်ဗျားဦးဆောင်ပြီး ကျွန်တော့်အကူအညီနဲ့ဆို လောကကြီးကို သိမ်းနိုင်မယ်" ဟု ပြောသည်။
ထိုအခါ "ချောင်ချောင်း"(Cao Cao) က "လျူဘေ့"(Liu Bei) အား
"ခင်ဗျား ဘယ်လို ထင်လဲ" ဟုမေးသည်။ "လျူဘေ့"(Liu Bei) မှ
"အတိတ်မှာတုန်းက တင်းယွမ်(Ding Yuan) နဲ့ တုန်ကျိုး(Dong Zhuo) တို့ရဲ့သာဓကတွေကို မေ့ပစ်မလို့လား" ဟု ပြောသည်။
"လွီပု"(Lu Bu) က "လျူဘေ့"(Liu Bei) ကို ကြည့်ပြီး
"ခင်ဗျားလို လူမျိုးက မယုံရဘူး" ဟု ပြောသည်။
"ချောင်ချောင်း"(Cao Cao) မှ "သူ့ကို ကြိုးစင်တင်ပြီး ခေါင်းကို ပြထားစေ" ဟု အမိန့်ပေးလိုက်သည်။

"လွီပု"(Lu Bu) သည် ထွက်မသွားခင် "လျူဘေ့"(Liu Bei) အား
"နားရွက်ရှည်ကောင်၊ ခင်ဗျားအပေါ် ကျုပ်ကျေးဇူးရှိတာ မေ့သွားပြီလား" ဟု ပြောလေသည်။
ထိုစဉ် အနောက်မှ လူတစ်ဦးက
"အရူး လွီပု(Lu Bu) ၊ သေတာက သေတာပဲ၊ ဘာလို့များ ကြောက်နေရတာတုန်း" ဟု ပြောသည်။ ထို့နောက် အစောင့်တို့က "လွီပု"(Lu Bu) ကို ဆွဲထုတ်သွားသည်။

ထို့နောက် "ကျန်းလျောင်"(Zhang Liao) ကို ခေါ်လာသည်။ "ချောင်ချောင်း"(Cao Cao) က "ကျန်းလျောင်"(Zhang Liao) လက်ညှိုးထိုးကာ
"ဒီလူ့ကို မြင်ဖူးတယ်" ဟု ပြောသည်။
"ခင်ဗျား ကျုပ်ကို ပုရန်မှာ တွေ့ဖူးတယ်လေ"
"ဪ၊ မင်း မှတ်မိတယ်ပေါ့"
"မှတ်မိတာထက် နှမြောတာ"
"ဘာကို နှမြောတာတုန်း"
"ခင်ဗျားလို သူပုန်ကို မသတ်နိုင်လိုက်လို့"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် "ငါ့ကို ဒီလိုစော်ကားရလား" ဟု ဒေါသထွက်ကာ ဓားကိုဆွဲလိုက်ပြီး "ကျန်းလျောင်"(Zhang Liao) ကို ခုတ်ရန်ပြင်သည်။ "ကျန်းလျောင်"(Zhang Liao) တွင် ကြောက်ရွံ့မှု အလျင်းမရှိ၊ သို့သော် အနောက်မှ လူတစ်ဦးက "ချောင်ချောင်း"(Cao Cao) ဓားကို လှမ်းဆွဲလိုက်ပြီးနောက် ဒူးထောက်ကာ

"ဝန်ကြီးချုပ်ခင်ဗျား၊ သူ့ကိုမသတ်ပဲထားဖို့ တောင်းပန်ပါတယ်" ဟု ပြောလေသည်။

Comments

Popular posts from this blog

Lookism