သုံးနိုင်ငံခေတ်(၁၅)

အခန်း(၁၅) "ထိုက်ရှီချီ"(Taishi Ci) သည် မင်းသားငယ်နှင့် တိုက်ခြင်း။ "စွန်းချဲ့"(Sun Ce) သည် ကျားဖြုဘုရင်ကို တိုက်ခြင်း

ရှေ့တစ်ခန်းတွင် "ကျန်းဖေး"(Zhang Fei) သည် သူ့ကိုယ်သူ သတ်သေရန်ပြုကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း "လျူဘေ့"(Liu Bei) မှ "ကျန်းဖေး"(Zhang Fei) လက်ကိုဆွဲကာ ဓားကို လုလိုက်ပြီး မြေကြီးပေါ်သို့ ပစ်ချလိုက်ကာ
"ညီအကိုဆိုတာ ကိုယ့်လက်၊ကိုယ့်ခြေလိုပဲ၊ မိန်းမဆိုတာကတော့ အဝတ်တန်ဆာလိုပဲလို့ ဆိုကြတယ်။ အဝတ်ဆိုတာ ပြဲသွားရင် ပြင်လို့ရသေးတယ်၊ လက်တွေ၊ခြေတွေကျိုးသွားရင် ဘယ်လိုပြန်ဆက်မှာလဲ? ငါတို့သုံးယောက်ဟာ မက်မုံပန်းခြံမှာ တစ်နေ့တည်း တစ်ရက်တည်းသေမယ်လို့ သစ္စာဆိုထားတယ်လေ။ မြို့ဆုံးရှုံးသွားခဲ့တာမှန်တယ်၊ ငါ့ဇနီးတွေနဲ့ ကလေးတွေလည်း သေဆုံးကောင်းသေဆုံးသွားလိမ့်မယ်။ ဒါပေမယ့် ရွှီကျိုးက နဂိုတည်းက ငါတို့ပိုင်တာမှ မဟုတ်တာ၊ နောက်ပြီး လွီပု(Lu Bu) က ငါ့မိသားစုတွေကို သတ်မှာထက် ထိန်းသိမ်းထားမှာ ပိုဖြစ်နိုင်တယ်၊ မင်း အမှားလုပ်မိတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကို သတ်သေလောက်အောင် ပြင်းထန်လို့လား" ဟု ပြောသည်။
ထို့နောက် "လျူဘေ့"(Liu Bei) သည် ငိုကျွေးလေသည်။ ကျန်ညီနှစ်ဦးကလည်း သနားကာ မျက်ရည်ကျသည်။

"လွီပု"(Lu Bu) သည် ရွှီကျိုးနယ်ကို သိမ်းလိုက်သည့်အကြောင်းကို "ယွမ်စု"(Yuan Shu) ကြားသော် "လွီပု"(Lu Bu) ထံ လက်ဆောင်ပဏ္ဏာတို့ပို့စေကာ "လျူဘေ့"(Liu Bei) ကို တိုက်ရန် တိုက်တွန်းသည်။ ထိုလက်ဆောင်တို့ကား စားနပ်ရိက္ခာ လှည်းငါးသောင်းတိုက်၊ မြင်းကောင်ရေ ငါးရာ၊ ရွှေငွေအောင်စတစ်သောင်းနှင့် ပိုးထည်စ တစ်ထောင်တို့ ဖြစ်သည်။ "လွီပု"(Lu Bu) ကလည်း ထိုလက်ဆောင်တို့ကို လက်ခံကာ "ကောက်ရွှန်း"(Gao Shun) ကို စစ်သားငါးသောင်းပေးကာ ချီတက်စေသည်။ "လျူဘေ့"(Liu Bei) သည် ထိုသတင်းကို ကြားသော် တပ်သားတို့ကို ဦးဆောင်ပြီး ရွှီရီမှ ကွမ်းလင်သို့ ထွက်ပြေးတိမ်းရှောင်သည်။
သို့သော်လည်း "ကောက်ရွှန်း"(Gao Shun) သည် "ကျီလင်"(Ji Lin) ထံသွားကာ "ယွမ်စု"(Yuan Shu) ထံမှ လက်ဆောင်ကို တောင်းသည်။ သို့သော် "ကျီလင်"(Ji Lin) မှ
"လောလောဆယ် နယ်စားက အပြင်ထွက်သွားတယ်၊ နောက်မှ ဒီအကြောင်းကို ပြောပေးမယ်" ဟု ဆိုသဖြင့် "ကောက်ရွှန်း"(Gao Shun) လည်း  ဘာလုပ်ရမည် မသိသည်နှင့် "လွီပု"(Lu Bu) ထံ ပြန်သွားသည်။

မကြာမီပင် "ယွမ်စု"(Yuan Shu) ဆီမှ စာရောက်လာသည်။ ထိုစာတွင်
"ကောက်ရွှန်း(Gao Shun) က လျူဘေ့(Liu Bei) ကို သွားတိုက်ပေမယ့် လျူဘေ့(Liu Bei) စစ်တပ်က မပြိုကွဲသေးတဲ့အတွက် ပြောထားတဲ့အတိုင်း လက်ဆောင်မပေးနိုင်ပါဘူး" ဟု ဆိုထားသည်။
ထိုအခါ "လွီပု"(Lu Bu) သည် ဒေါသထွက်ပြီး "ယွမ်စု"(Yuan Shu) ကို တိုက်ရန်ပြင်သည်။ သို့သော်လည်း အကြံပေး "ချန်ကုန်း"(Chen Gong) မှဝင်၍
"ယွမ်စု(Yuan Shu) ကို မတိုက်သင့်ဘူး၊ သူက ရှိုချွန်းနယ်ကိုပိုင်ပြီး ကြီးမားတဲ့စစ်တပ်ရှိပြီး နောက်ခံအင်အားလည်း ကောင်းတယ်။ ကျွန်တော်တို့လက်ရှိအနေအထားနဲ့ သူ့ကို ယှဉ်နိုင်မှာ မဟုတ်သေးဘူး။ အဲ့အစား လျူဘေ့(Liu Bei) ကို ရှောင်ဖေမှာ နေစေပြီး အခွင့်အခါသင့်ရင် သူ့ကို ယွမ်စု(Yuan Shu) နဲ့ တိုက်ခိုင်းရမယ်၊ နောက်ပိုင်း ယွမ်စု(Yuan Shu) ရော၊ ယွမ်ရှောက်(Yuan Shao) ရော ကျသွားရင်တော့ ခင်ဗျားက အင်အားကြီးတဲ့လူ ဖြစ်လာမှာ" ဟု ဆိုသည်။
ထိုအကြံအတိုင်းပင် "လွီပု"(Lu Bu) က "လျူဘေ့"(Liu Bei) ထံ စာပို့လိုက်သည်။

"လျူဘေ့"(Liu Bei) ထွက်ပြေးပြီးနောက်တွင် "ယွမ်စု"(Yuan Shu) သည် ကွမ်းလင်ကို တိုက်ပြီး "လျူဘေ့"(Liu Bei) ၏ စစ်တပ်တစ်ဝက်ကျော်ကို သေဆုံးစေခဲ့သည်။ "လွီပု"(Lu Bu) ထံမှ စာရောက်သောအခါ "လျူဘေ့"(Liu Bei) သည် ၎င်းကို လက်ခံရန် ကြံသော်လည်း သူ့ညီနှစ်ဦးက "လွီပု"(Lu Bu) ကို မယုံတော့ချေ။ "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) မှ
"ဒီလို သစ္စာမရှိတဲ့လူက ဒီလိုမျိုးကမ်းလှမ်းတယ်ဆိုတာ သူ့မှာ အကြံတစ်ခုခု ရှိလို့နေမယ်" ဟု ပြောသည်။
"လျူဘေ့"(Liu Bei) : "အဲ့လို ကောင်းကောင်းဆက်ဆံလာတော့လည်း သူ့ကို မယုံပဲ မနေနိုင်ဘူး"

သို့နှင့် "လျူဘေ့"(Liu Bei) သည် ရွှီကျိုးသို့ ပြန်သွားလေသည်။ "လွှီပု"(Lu Bu) သည် သူ့ကို မယုံမည်စိုးသဖြင့် "လျူဘေ့"(Liu Bei) ၏ ဇနီးနှစ်ဦးဖြစ်သော "ကန်း"(Gan) အမျိုးသမီးနှင့် "မီ"(Mi) အမျိုးသမီးတို့ကို လွှတ်ပေးလိုက်သည်။ ထိုအမျိုးသမီးတို့က "လျူဘေ့"(Liu Bei) အား "လွှီပု"(Lu Bu) သည် သူတို့အပေါ် ကောင်းကောင်းဆက်ဆံကြောင်း ပြောလေသည်။ "လျူဘေ့"(Liu Bei) မှ သူ့ညီနှစ်ဦးကို
"သူက ငါ့မိသားစုတွေကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူးဆိုတာ ငါသိတယ်" ဟု ပြောသည်။
"ကျန်းဖေး"(Zhang Fei) သည် မကျေနပ်သဖြင့် သူ့အစ်ကိုတို့နှင့်အတူ မြို့ထဲသို့ မဝင်ပဲ "လျူဘေ့"(Liu Bei) ၏ ဇနီးနှစ်ဦးကိုသာ ရှောင်ဖေသို့ ခေါ်သွားသည်။

"လွီပု"(Lu Bu) : "တကယ်တော့ ကျွန်တော်က မြို့ကို မသိမ်းချင်ပါဘူး။ ဒါပေမယ့် ခင်ဗျားညီရဲ့ အပြုအမူတွေကြောင့် မြို့ကို စောင့်ရှောက်လိုက်ရတာ"
"လျူဘေ့"(Liu Bei) : "ကျွန်တော် ဟိုးအရင်ထဲက ဒီမြို့ကို ခင်ဗျားလက်ထဲအပ်ချင်ခဲ့တာ
ထို့နောက် "လွီပု"(Lu Bu) သည် မြို့ကို "လျူဘေ့"(Liu Bei) အား ပြန်အပ်ရန်ပြုသော်လည်း "လျူဘေ့"(Liu Bei) က လက်မခံချေ။ ထိုအကြောင်းကို "လျူဘေ့"(Liu Bei) ၏ ညီနှစ်ဦးကြားလေသော် စိတ်မကောင်းဖြစ်ကြသည်။
"လျူဘေ့"(Liu Bei) : "ကံကြမ္မာက ဒီလိုဖန်လာတော့လည်း ဘယ်တတ်နိုင်မလဲ"
ထို့နောက် "လွီပု"(Lu Bu) သည် အစားအစာနှင့် လက်ဆောင်တို့ကို ပေးလေရာ နှစ်ဦးနှစ်ဖက် သင့်မြတ်သွားကြပြန်သည်။

လုကျန့်မြို့စား "လုကန်း"(Lu Gang) ကို "စွန်းချဲ့"(Sun Ce) က တိုက်ခိုက်အောင်မြင်လေသော် "ယွမ်စု"(Yuan Shu) က "စွန်းချဲ့"(Sun Ce) ကို ခေါ်ပြီး အောင်ပွဲခံလေသည်။
"စွန်းချဲ့"(Sun Ce) သည် သူ၏အဖေသေဆုံးပြီးနောက် ကိုယ့်မြို့ကိုပြန်ကာ လက်အောက်ငယ်သားတို့ကို စုရုံးသည်။ သို့သော်လည်း သူ့အမေ၏မောင်ဖြစ်သူနှင့် အလျင်ရွှီကျိုးနယ်စားဟောင်း "ထောင်ချန်"(Tao Qian) တို့ ရန်ဖြစ်ကြရာ "စွန်းချဲ့"(Sun Ce) သည် သူ့အမေမိသားစုကို ချွဲ့သို့သွားစေပြီး သူကိုယ်တိုင်မှာမူ "ယွမ်စု"(Yuan Shu) လက်အောက်တွင် အမှုထမ်းသည်။ "ယွမ်စု"(Yuan Shu) ကလည်း "စွန်းချဲ့"(Sun Ce) ကို မြောက်စားသည်။
"ယွမ်စု"(Yuan Shu) : "ငါ့မှာသာ ဒီလိုသားမျိုးရှိရင် သေပျော်ပြီ"
"ယွမ်စု"(Yuan Shu) သည် "စွန်းချဲ့"(Sun Ce) ကို စစ်သူကြီးအဖြစ်ခန့်အပ်ပြီး အရပ်ရပ်သို့ စေလွှတ်ကာ စစ်တိုက်စေခဲ့သည်။

စားသောက်ပွဲပြီးနောက် "စွန်းချဲ့"(Sun Ce) သည် သူ့ရွက်ဖျင်တဲသို့မပြန်ပဲ လရောင်အောက်တွင် လမ်းလျှောက်ကာ
"ငါ့အဖေက သူရဲကောင်း တစ်ဦးဖြစ်ခဲ့ပေမယ့် ငါကတော့ ဘာမှမဟုတ်တဲ့လူတစ်ယောက်ဖြစ်နေပါလား" ဟု မြည်တမ်းကာ ငိုလေသည်။
ထိုအချိန်တွင်ပင် လူတစ်ဦးသည် ရယ်မောကာ ထွက်လာသည်။
"စွန်းချဲ့(Sun Ce) ၊ ဘာဖြစ်တာလဲ၊ မင်းအဖေကတော့ ငါ့ကို အသုံးချခဲ့တယ်။ မင်းကတော့ ငါ့ကိုဘာမှမပြောပဲ ဘာလို့ ဒီမှာလာငိုနေတာလဲ?"
ထိုအသံရှင်မှာ "စွန်းကျန့်"(Sun Jian) လက်အောက်တွင်အမှုထမ်းခဲ့သော "ကျူကျီ"(Zhu Zhi) ဖြစ်သည်။ "စွန်းချဲ့(Sun Ce) သည်လည်း အငိုရပ်ကာ နှစ်ဦးလုံး တစ်နေရာတွင် ထိုင်လိုက်သည်။

"ကျွန်တော်က ကျွန်တော့်အဖေခြေရာကို မနင်းနိုင်တာ စိတ်မကောင်းလို့ပါ"
"ဘာလို့ သူများလက်အောက်မှာ နေရတာလဲ? တန်းရန်ကို သိမ်းပြီးတော့ ယွမ်စု(Yuan Shu) အရိပ်အောက်က လွတ်အောင်လုပ်ပြီး လုပ်ငန်းကြီးတွေ ဆောင်ရွက်ပါ"
ထိုသူ နှစ်ဦးတို့ စကားပြောနေစဉ်တွင် လူတစ်ယောက်ရောက်လာသည်။
"ကျွန်တော်လည်း ခင်ဗျားတို့ကို ကူညီပါရစေ"
ထိုသူသည်ကား "ယွမ်စု"(Yuan Shu) ၏ အကြံပေးတစ်ဦးဖြစ်သူ "လွီဖန်"(Lu Fan) ဖြစ်သည်။ သူတို့သုံးယောက်လုံး ထိုင်ကာ တိုင်ပင်ကြသည်။

"လွီဖန်"(Lu Fan) : "ယွမ်စု(Yuan Shu) က စစ်တပ်မပေးမှာပဲ စိုးရိမ်ရတာ"
"စွန်းချဲ့(Sun Ce) : "ကျုပ်အဖေပေးခဲ့တဲ့ ဘုရင့်တံဆိပ်တုံးရှိတယ်၊ အဲ့ဟာကို အသုံးချလို့ရနိုင်တယ်"
"ကျူကျီ"(Zhu Zhi) : "ယွမ်စု(Yuan Shu) က အဲ့ရတနာကို လိုချင်နေတာ၊ အဲ့ဟာကို ငါးစာလုပ်ရင် သူလာဟပ်မှာပဲ"
ထိုသုံးယောက်တို့သည် တိုင်ပင်ကာ အသေးစိတ်စီမံကြသည်။

ရက်အနည်းငယ်ကြာသော် "စွန်းချဲ့(Sun Ce) သည် "ယွမ်စု"(Yuan Shu) နှင့် သွားတွေ့သည်။ ဝမ်းနည်းသော ပုံစံဖြင့် "စွန်းချဲ့(Sun Ce) သည်
"ကျွန်တော် အဖေ့အတွက်တောင် လက်စားမချေနိုင်ခဲ့ဘူး၊ အခု ရန်ကျိုးနယ်စား လျူရောင်(Liu Yao) ဟာ ကျွန်တော့်ဦးလေးနဲ့ ကျွန်တော့်အမေတို့ကို ဖိနှိပ်နေတယ်၊ ဒါကြောင့် ချွဲ့ကိုသွားပြီး သူတို့ကို သွားကယ်ဖို့အတွက် စစ်တပ်ထောင်ဂဏန်းအနည်းငယ်လောက် လိုချင်ပါတယ်။ အာမခံပစ္စည်းအနေနဲ့ ဘုရင့်တံဆိပ်တုံးကို အပ်ထားပါရစေ" ဟု ပြောသည်။
"မင်းမှာ တံဆိပ်တုံးတကယ်ရှိလားဆိုတာ ငါ ကြည့်ပါရစေ၊ အဲ့ဟာကို ငါမလိုချင်ပေမယ့် ငါ့လက်ထဲကို အပ်ထားခဲ့လို့ရပါတယ်။ မင်းလက်ထဲကို စစ်သားသုံးထောင်နဲ့ မြင်းငါးရာချေးပေးလိုက်မယ်။ နောက်ပြီး မင်းရာထူးက အဲ့အစစ်သားပမာဏကို မထိန်းနိုင်သေးတဲ့အတွက် သူပုန်တွေကို နှိမ်နှင်းတဲ့စစ်သူကြီးဆိုပြီး ရာထူးတိုးပေးလိုက်မယ်"
ထိုအခါ "စွန်းချဲ့(Sun Ce) သည် "ယွမ်စု"(Yuan Shu) ကို ကျေးဇူးတင်ကာ စစ်သားတို့ကို ဦးဆောင်ပြီး အသစ်ရသော အကြံပေးနှစ်ဦးအပြင် သူ့အဖေ၏လက်အောက်ရှိ အမှုထမ်းများဖြစ်သော "ကျူကျီ"(Zhu Zhi) ၊ "လွီဖန်"(Lu Fan) ၊ "ချန်ဖူ"(Cheng Pu) ၊ "ဟွမ်ကိုင်"(Huang Gai) ၊ "ဟန်တန်"(Han Dang) နှင့် အခြားသူတို့နှင့်အတူ ချီတက်သည်။

"စွန်းချဲ့(Sun Ce) သည် လင်းရန်သို့ရောက်သော် ရုပ်ရည်ချောမောသော လူငယ်တစ်ဦးက ဦးဆောင်လာသော စစ်တပ်တစ်တပ်က တွေ့လိုက်သည်။ ထိုလူငယ်မှာ ရှူချန်မှ "ကျိုးယွီ"(Zhou Yu) ဖြစ်သည်။
"စွန်းကျန့်"(Sun Jian) သည် "တုန်ကျိုး"(Dong Zhuo) နှင့် တိုက်စဉ်အခါက ရှူချန်တွင် မိသားစုတို့နှင့် နေခဲ့ဖူးသည်။ "စွန်းချဲ့(Sun Ce) နှင့် "ကျိုးယွီ"(Zhou Yu) မှာ အသက်အတူတူ၊ လအားဖြင့် နှစ်လသာကွာသဖြင့် လူငယ်အချင်းချင်းရင်းနှီးခဲ့ပြီး သွေးသောက် ညီအကိုဖွဲ့ခဲ့သည်။ "စွန်းချဲ့(Sun Ce) ကား "ကျိုးယွီ"(Zhou Yu) ထက် အသက်အတန်ငယ်ကြီးသဖြင့် အကိုကြီးအရာ ဖြစ်ခဲ့သည်။ ယခုမှာ "ကျိုးယွီ"(Zhou Yu) သည် "စွန်းချဲ့(Sun Ce) ဦးလေးဆီသွားရန် ပြင်စဉ် လမ်း၌တွေ့ကြခြင်းပေတည်း။
သို့နှင့် "စွန်းချဲ့(Sun Ce) သည် သူ၏အကြံတို့ကို သူ့ညီကို ပြောလေရာ "ကျိုးယွီ"(Zhou Yu) က
"ကျွန်တော့်တစ်ဘဝလုံးကို ရင်းပြီးတော့ အကြံအစည်ထမြောက်အောင် ကူညီပေးပါ့မယ်" ဟု ဆိုသည်။
"မင်းပါ ရောက်လာပြီဆိုတော့ အကြံအစည်အောင်လုနီးနီးပါပဲ"
ထို့နောက် "စွန်းချဲ့"(Sun Ce) သည် "ကျိုးယွီ"(Zhou Yu) ကို "ကျူကျီ"(Zhu Zhi) ၊ "လွီဖန်"(Lu Fan) တို့နှင့် မိတ်ဆက်ပေးသည်။

"ကျိုးယွီ"(Zhou Yu) : "ကွမ်းလင်က ကျန်းနှစ်ဦးကို သိလား။ သူတို့အကူအညီနဲ့ဆို အစ်ကိုရဲ့ အကြံအစည်အောင်နိုင်တယ်
"စွန်းချဲ့"(Sun Ce) : "ကျန်းနှစ်ဦးဆိုတာ ဘယ်သူတွေတုန်း"
"ကျိုးယွီ"(Zhou Yu) : "သူတို့က ဒီအနားမှာ နေပြီး ဉာဏ်ကြီးရှင်တွေလို့ နာမည်ကြီးတယ်။ သူတို့နာမည်တွေက "ကျန်းကျောက်"(Zhang Zhao) နဲ့ "ကျန်းဟုန်"(Zhang Hong) ဖြစ်တယ်။ သူတို့ရဲ့အကူအညီတောင်းခံကြည့်ပါလား"
ထိုအခါ "စွန်းချဲ့"(Sun Ce) သည် အချိန်မနှောင့်နှေးစေပဲ စာတို့လက်ဆောင်တို့ပို့ကာ သူ့ထံ အမှုထမ်းရန် ဖိတ်ခေါ်သည်။ သို့သော် နှစ်ဦးလုံးက ငြင်းလိုက်သည်။ ထိုအခါ "စွန်းချဲ့"(Sun Ce) ကိုယ်တိုင်သွားကာ ခေါ်ပြန်သည်။ အကြိမ်ကြိမ်အခါခါ တောင်းဆိုပြီးသည့်နောက်တွင်မှ ထိုသူနှစ်ဦးထံမှ ကူညီမည်ဟူသော ကတိကို ရခဲ့သည်။ "စွန်းချဲ့"(Sun Ce) သည် ထိုသူနှစ်ယောက်ကို စစ်သူကြီး၊ အကြံပေးရာထူးပေးလိုက်သည်။

ထို့နောက် ရန်ကျိုးပြည်နယ်ကိုတိုက်ရန် အစီအစဉ်ဆွဲကြသည်။ နယ်စား "လျူရောင်"(Liu Yao) သည် တုန်းလိုင်အရပ်တွင်ရှိနေပြီး သူသည် ရန်ကျိုးနယ်စား "လျူတိုက်"(Liu Dai) နှင့် ညီအစ်ကိုတော်သည်။ ရန်ကျိုးပြည်နယ် ရှိုချွန်းမြို့တွင် နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့သော်လည်း "ယွမ်စု"(Yuan Shu) ၏ စစ်ဆင်မှုကြောင့် မြစ်ဝါမြစ်၏ အရှေ့တောင်ဘက်သို့ ထွက်ပြေးခဲ့ရသည်။ သူသည် ချွဲ့သို့ရောက်လာခဲ့ပြီး လင်းရန်တွင် "ဝူကျင်း"(Wu Jing) နှင့် တိုက်နေသည်။
"စွန်းချဲ့"(Sun Ce) ချီတက်လာသော သတင်းကို ကြားသည့်အခါ "လျူရောင်"(Liu Yao) သည် စစ်သူကြီးတို့ကို ခေါ်ကာ စည်းဝေးစေသည်။ စစ်သူကြီး "ကျန်းရင်"(Zhang Ying) မှ ဤသို့ပြောသည်။
"ကျွန်တော် စစ်တပ်ကို ဦးဆောင်ပြီး နူကျူမှာ စခန်းချပြီး ရန်သူတွေ မလာနိုင်အောင် ပိတ်ထားမယ်"

သို့သော်လည်း လူတစ်ဦးမှ ဝင်၍
"ရှေ့တန်းတပ်ကို ကျွန်တော် ဦးဆောင်ပါရစေ" ဟု ပြောရာ အားလုံး၏ အကြည့်သည် ထိုသူ့ထံရောက်သွားသည်။ ထိုသူမှာ ပေဟိုင်မှ "ခုန်းရုံ"(Kong Rong) ကို ကယ်ခဲ့ပြီးနောက် "လျူရောင်"(Liu Yao) လက်အောက်တွင် အမှုလာထမ်းသော "ထိုက်ရှီချီ"(Taishi Ci) ဖြစ်သည်။
"လျူရောင်"(Liu Yao) : "မင်းက အသက်ငယ်သေးတဲ့အတွက် ဒီတာဝန်ကို ထမ်းဆောင်လို့မဖြစ်ဘူး။ ငါ့နားမှာနေပြီး အမိန့်ကိုစောင့်နေပါ"
ထိုအခါ "ထိုက်ရှီချီ"(Taishi Ci) တစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

"ကျန်းရင်"(Zhang Ying) သည် နူကျူတွင် တပ်စွဲပြီး "စွန်းချဲ့"(Sun Ce) ရောက်လာသောအခါ ထိပ်တိုက်ရင်ဆိုင်လေသည်။ "စွန်းချဲ့"(Sun Ce) ဘက်မှ "ဟွမ်ကိုင်"(Huang Gai) ထွက်လာကာ "ကျန်းရင်"(Zhang Ying) နှင့် တိုက်သည်။ သို့သော် သိပ်ပင်မကြာလိုက်၊ "ကျန်းရင်"(Zhang Ying) ၏ ခံတပ်မှာ မီးလောင်သဖြင့် တပ်ဆုတ်ရသည်။ "စွန်းချဲ့"(Sun Ce) ကလည်း နောက်မှ သဲကြီးမဲကြီးဖိတိုက်ရာ "ကျန်းရင်"(Zhang Ying) သည် တောင်ကုန်းဘက်သို့ ထွက်ပြေးလေသည်။
ထိုရန်သူ့စခန်းကို မီးရှို့သည့်သူနှစ်ဦးမှာ ရှိုချွန်းမှ "ကျန်းချင်"(Jiang Qin) နှင့် ကျိုကျန်းမှ "ကျိုးထိုက်"(Zhou Tai) တို့ဖြစ်သည်။ သူတို့နှစ်ဦးသည် အလျှင်က မြစ်ဝါမြစ်တစ်လျှောက်တွင် သောင်းကျန်းခဲ့သော ဓားပြများဖြစ်ကြပြီး နောက်ပိုင်းတွင် "စွန်းချဲ့"(Sun Ce) လက်အောက်၌ ခိုလှုံခဲ့ကြသည်။
ရန်သူ့စခန်းကိုသိမ်းပြီးနောက် "စွန်းချဲ့"(Sun Ce) သည် ရန်သူဘက်မှ အညံ့ခံသော စစ်သားလေးထောင်တို့ကို သူ့တပ်ထဲတွင် အမှုထမ်းစေပြီး ရှန်ထင်သို့ ချီတက်သည်။

"ကျန်းရင်"(Zhang Ying) သည် စစ်ရှုံးကာ ပြန်သွားသဖြင့် "လျူရောင်"(Liu Yao) မှ သူ့ကို သတ်မည်လုပ်သော်လည်း အခြားသူများက ဝိုင်းဝန်းတောင်းပန်ကြသဖြင့် မသတ်ပဲ လင်းလင်သို့ လွှတ်လိုက်သည်။ "လျူရောင်"(Liu Yao) သည် ရန်သူတို့ကို ကိုယ်တိုင်ကိုယ်ကျတိုက်ရန် တောင်ကုန်းတစ်ခု၏ တောင်ဘက်တွင် တပ်စွဲထားသည်။ "စွန်းချဲ့"(Sun Ce) သည် အခြားတစ်ဖက်တွင် တပ်စွဲထားလေသည်။
ထို့နောက် "စွန်းချဲ့"(Sun Ce) သည် ထိုအနီးအနားရှိသူတို့အား
"ဟန်မင်းဆက်ခေတ်နှောင်းတည်ထောင်သူ လျူရှုပ်(Liu Xiu) ၏ ဘုရားကျောင်း ဤအနီးအနားတွင် ရှိပါ၏လော" ဟု မေးရာ အရပ်သားတို့ကလည်း တောင်ကုန်း၏တောင်ဘက်တွင် ရှိကြောင်းပြောသည်။
"စွန်းချဲ့"(Sun Ce) : "ကျုပ် မနေ့က လျူရှုပ်(Liu Xiu) က ကျုပ်ကိုခေါ်တယ်လို့ အိပ်မက်မက်လို့။ အဲ့ဒါကြောင့် သူ့ဘုရားကျောင်းကိုသွားမလို့"
"ကျန်းကျောက်"(Zhang Zhao) : "ရန်သူက အဲ့တစ်ဖက်မှာရှိတာ မသွားပါနဲ့"
"စွန်းချဲ့"(Sun Ce) : "အဲ့ဝိညာဉ်က ငါ့ကို ကာကွယ်ပေးလိမ့်မယ်။ ဘာများကြောက်စရာရှိလဲ?"

ထို့နောက် "စွန်းချဲ့"(Sun Ce) သည် သံချပ်ကိုဝတ်ကာ မြင်းစီးပြီးနောက် အစောင့်ဆယ့်နှစ်ဦးနှင့်အတူ ထွက်ခွာသွားသည်။ ထိုတောင်ကုန်းရှိ ဘုရားကျောင်းသို့ရောက်သော် အမွှေးတိုင်ထွန်းကာ ဆုတောင်းကြသည်။
"စွန်းချဲ့"(Sun Ce) : "ကျွန်ုပ် စွန်းချဲ့(Sun Ce) သည် ဤအကြံအစည်အောင်မြင်ခဲ့သည်ရှိသော် ဤဘုရားကျောင်းကိုပြန်လည်ပြုပြင်ပြီး လေးရာသီပတ်လုံး စားစရာတို့ ဆက်သပါမည်"
ပြီးနောက်တွင်မှူ "စွန်းချဲ့"(Sun Ce) သည် မြင်းစီးပြီး တောင်ထိပ်မှနေကာ ရန်သူတို့ကို သွားထောက်လှမ်းမည်ဟု ဆိုသဖြင့် လက်အောက်ငယ်သားတို့က ကန့်ကွက်ကြသည်။ သို့သော်လည်း ခေါင်းမာသော "စွန်းချဲ့"(Sun Ce) ကို မတားနိုင်ကြချေ။
တစ်ဖက်တပ်မှ လူတို့သည် တောင်ကုန်းမှ မြင်းစီးသူတို့ကို တွေ့လိုက်ရာ "လျူရောင်"(Liu Yao) မှ
"ဒါ စွန်းချဲ့(Sun Ce) က ငါတို့ကို လာထောက်လှမ်းတာပဲ၊ ဒါပေမယ့် အပြင် မထွက်နဲ့" ဟု ဆိုသည်။

"ထိုက်ရှီချီ"(Taishi Ci) : "ဒါ စွန်းချဲ့(Sun Ce) ကို ဖမ်းဖို့အခွင့်ကောင်းပဲ။ ဘယ်သူ ငါနဲ့ လိုက်မလဲ"
တစ်ယောက်မှ ပေါ်မလာကြ။ တစ်ယောက်သော မင်းမှုထမ်းကမူ "ထိုက်ရှီချီ"(Taishi Ci) သည် ရဲဝံ့သောသူဖြစ်သဖြင့် သူနှင့်လိုက်မည်ဟုဆိုကာ လိုက်သွားသည်။ အခြားသူတို့မှာ ထိုသူနှစ်ဦးကို ပြက်ရယ်ပြုကြသည်။
"စွန်းချဲ့"(Sun Ce) သည် ထောက်လှမ်းပြီးနောက် နောက်သို့ပြန်လှည့်ရန်ပြင်စဉ် "ရပ်လိုက်စမ်း" ဟူသော အသံတစ်သံကြားလိုက်သည်။
"စွန်းချဲ့"(Sun Ce) လှည့်ကြည့်လိုက်သော် မြင်းစီးလာသော လူနှစ်ဦးကိုတွေ့သဖြင့် လှံကိုအသင့်အနေထား ထားလိုက်သည်။

"ထိုက်ရှီချီ"(Taishi Ci) : "ဘယ်သူက စွန်းချဲ့(Sun Ce) လည်း"
"စွန်းချဲ့"(Sun Ce) : "ခင်ဗျားက ဘယ်သူလည်း"
"ထိုက်ရှီချီ"(Taishi Ci) : " ကျုပ်က လိုင်ဟွမ်က ထိုက်ရှီချီ(Taishi Ci) ၊ စွန်းချဲ့(Sun Ce) ကို ဖမ်းမလို့လာတာ"
"စွန်းချဲ့"(Sun Ce) : "စွန်းချဲ့(Sun Ce) ဆိုတာ ကျုပ်ပဲ။ ခင်ဗျားတို့နှစ်ယောက်လုံး လာခဲ့၊ ခင်ဗျားတို့ကို ကြောက်ရင် ကျုပ်ကိုယ်ကျုပ် စွန်းချဲ့(Sun Ce) လို့ မခေါ်ဘူး"
"ထိုက်ရှီချီ"(Taishi Ci) : "ခင်ဗျားရော ခင်ဗျားနောက်လိုက်ပါ တက်လာရင်တောင် ကျုပ် မဖြုံဘူး"

ထို့နောက် "ထိုက်ရှီချီ"(Taishi Ci) သည် ထွက်လာပြီး တိုက်လေသည်။ "စွန်းချဲ့"(Sun Ce) ကလည်း ပြန်တိုက်သည်။ အကွက်ငါးဆယ်ခန့်တိုက်ပြီးသော်လည်း ဘယ်သူသာမှန်း မသိသေးချေ။ "စွန်းချဲ့"(Sun Ce) ၏ လက်အောက်ငယ်သားတို့သည် ထိုတိုက်ပွဲကိုကြည့်ပြီး အံ့ဩကာ အချင်းချင်း တီးတိုးပြောဆိုကြသည်။  "ထိုက်ရှီချီ"(Taishi Ci) သည် ရန်သူ၏ လှံမှာ ဟာကွက်မရှိသည်ကို တွေ့လိုက်သဖြင့် ပရိယာယ်သုံးရန်ကြံသည်။ ထို့နောက် "ထိုက်ရှီချီ"(Taishi Ci) သည် ထွက်ပြေးရန် ဟန်ဆောင်သည်။ "စွန်းချဲ့"(Sun Ce) ကလည်း "တိုက်ပွဲက ပြေးတဲ့လူက သူရဲဘောကြောင်တဲ့လူပဲ" ဟုဆိုကာ နောက်မှ လိုက်သည်။
"ထိုက်ရှီချီ"(Taishi Ci) မှ ဤသို့တွေးသည်။
'သူ့ကို ဖမ်းလိုက်နိုင်ရင်တောင် သူ့နောက်မှာ ဆယ့်နှစ်ယောက်ရှိသေးတယ်။ အဲ့ဒီတော့ အဲ့လူတွေလက်ထဲ ပြန်ပါသွားမှာပဲ။ ဒီတော့ သူ့ကို တစ်နေရာရာကို အရင်မျှားခေါ်ပြီးမှ ဖမ်းဖို့လုပ်ရမယ်'

"စွန်းချဲ့"(Sun Ce) ကို မျှားခေါ်ပြီး မြေပြန့်တစ်နေရာအရောက်တွင် နောက်သို့လှည့်ကာတိုက်လေသည်။ နှစ်ဦးသားအကွက်ငါးဆယ်ခန့်ထပ်တိုက်သော်လည်း သရေဖြစ်နေသည်။ "စွန်းချဲ့"(Sun Ce) သည် "ထိုက်ရှီချီ"(Taishi Ci) အား လှံဖြင့်ထိုးရာ လှံကို လက်မောင်းအောက်တွင် ရှိုလိုက်ပြီး ရှောင်လိုက်သည်။ ထိုနည်းတူပင် "စွန်းချဲ့"(Sun Ce) ကလည်း ရန်သူ၏ လှံကို ရှောင်လိုက်လေသည်။ ထိုသူနှစ်ဦးလုံး ဒဏ်ရာမရသော်ငြားလည်း မြင်းပေါ်မှ ကျသွားသည်။ မြေကြီးပေါ်တွင် နှစ်ဦးသား လက်ရုံးရည်ချင်း ယှဉ်ကြပြန်သည်။ "စွန်းချဲ့"(Sun Ce) သည် "ထိုက်ရှီချီ"(Taishi Ci) နောက်ကျောမှ လှံတိုလေးကို ကိုင်လိုက်သည်။ "ထိုက်ရှီချီ"(Taishi Ci) ကလည်း "စွန်းချဲ့"(Sun Ce) ၏ ခေါင်းဆောင်းကို ဖယ်လိုက်သည်။ "စွန်းချဲ့"(Sun Ce) သည် သူကိုင်ထားသော လှံဖြင့် "ထိုက်ရှီချီ"(Taishi Ci) ကို ထိုးမည်ပြုရာ "ထိုက်ရှီချီ"(Taishi Ci) သည် လက်ထဲမှ ခမောက်ဖြင့် ပြန်ကာလိုက်သည်။


ထိုအချိန်တွင်ပင် အော်သံတို့ကြားလိုက်ရကာ "လျူရောင်"(Liu Yao) သည် စစ်သားတစ်ထောင်တို့ကို ဦးဆောင်ကာ ရောက်လာသည်။ "ထိုက်ရှီချီ"(Taishi Ci) သည် လှံကိုကိုင်ပြီး မြင်းပေါ်တက်သည်။ "စွန်းချဲ့"(Sun Ce) ၏ မြင်းကိုလည်း "ချန်ဖူ"(Cheng Pu) မှ ယူဆောင်လာလေသည်။ ထို့နောက် စစ်သားအနည်းငယ်နှင့် စစ်သားတစ်ထောင်တို့ တိုက်ကြသည်။ သို့သော်လည်း များမကြာမီမှာပင် "ကျိုးယွီ"(Zhou Yu) ဦးဆောင်သော စစ်ကူတို့ရောက်လာပြီးနောက်ဝယ် နှစ်ဦးနှစ်ဖက်လုံး တပ်ပြန်ဆုတ်ကြသည်။
နောက်တစ်ရက် နံနက်တွင် "စွန်းချဲ့"(Sun Ce) သည် စစ်သားတို့ကို ဦးဆောင်ပြီး ရန်သူ့တပ်စခန်းတို့သွားကာ စိန်ခေါ်သည်။ တပ်နှစ်ဖက် ထိပ်တိုက်တွေ့ကြသည်။

"စွန်းချဲ့"(Sun Ce) သည် "ထိုက်ရှီချီ"(Taishi Ci) ဆီမှရသောလှံတိုလေးကို သူ၏လှံတွင်ချိတ်ကာ အရှေ့ဆုံးတွင် ထားစေပြီး စစ်သားတို့အား
"ဒီလှံတိုပိုင်ရှင်ဟာ ထွက်ပြေးသွားတာ မဟုတ်ရင် အသတ်ခံလိုက်ရပြီထင်တယ်" ဟု အော်စေသည်။
တစ်ဖက်မှလည်း "စွန်းချဲ့"(Sun Ce) ၏ ခမောက်ကို ဝှေ့ရမ်းကာ
"စွန်းချဲ့(Sun Ce) ခေါင်းက ဒီမှာဟေ့" ဟု အော်ကြသည်။
ထို့နောက် နှစ်ဦးနှစ်ဖက် သူသာသည်၊ ငါသာသည် ကြွားဝါကြသည်။
မကြာမီပင် "ထိုက်ရှီချီ"(Taishi Ci) ထွက်လာကာ "စွန်းချဲ့"(Sun Ce) အား အသေတိုက်ကြမည်ဟု စိန်ခေါ်ရာ "စွန်းချဲ့"(Sun Ce) လည်း လက်ခံလိုက်သည်။

သို့သော် "ချန်ဖူ"(Cheng Pu) မှ
"သခင်က ဒါလေးနဲ့ အနှောင့်အယှက်မခံပါနဲ့၊ ကျွန်တော် ရှင်းပါ့မယ်" ဟုဆိုကာ ရှေ့သို့ထွက်လာသည်။
"ထိုက်ရှီချီ"(Taishi Ci) : "ခင်ဗျားလိုလူလောက်ကို မမှုဘူး၊ ခင်ဗျားသခင်ကို ထွက်လာခိုင်းလိုက်ပါ"
"ချန်ဖူ"(Cheng Pu) သည် ထိုစကားကြောင့် ပိုဒေါသထွက်သွားကာ နှစ်ဦးသားတိုက်ကြပြီး အကွက်သုံးဆယ်ခန့်တိုက်ပြီးသော် "လျူရောင်"(Liu Yao) မှ တိုက်ပွဲကို ရပ်စေလိုက်သည်။
"ထိုက်ရှီချီ"(Taishi Ci) : "ဘာလို့တိုက်ပွဲကို ရပ်ခိုင်းလိုက်တာလဲ။ ကျွန်တော် ဟိုလူ့ကိုဖမ်းမိတော့မှာ"
"လျူရောင်"(Liu Yao) : "ဘာလို့လည်းဆိုတော့ ချွဲ့ကို ကျိုးယွီ(Zhou Yu) သိမ်းသွားပြီ။ ချန်ဝူ(Chen Wu) က ငါတို့ကို သစ္စာဖောက်သွားတယ်။ ငါတို့ပြန်စရာမရှိတော့ဘူး။ ဒီတော့ မော့လင်ကို သွားပြီးတော့ "ရွှဲလိ"(Xue Li) နဲ့ "ကျဲရုံ"(Ze Rong) တို့ရဲ့ အကူအညီယူရမယ်"
သို့နှင့် "လျူရောင်"(Liu Yao) တပ်ဆုတ်ခဲ့ရသည်။

ထို့နောက် "ကျန်းကျောက်"(Zhang Zhao) သည် "စွန်းချဲ့"(Sun Ce) အား
"ရန်သူတွေက ကျိုးယွီ(Zhou Yu) ကြောင့် အင်အားနည်းနေပြီ။ ကျွန်တော်တို့ ညဘက် လျပ်တပြက်ဝင်တိုက်သင့်တယ်" ဟု အကြံပေးသည်။
"စွန်းချဲ့"(Sun Ce) သည် တပ်ကို ငါးဖွဲ့ခွဲပြီး ရန်သူ့စခန်းကို တိုက်ကာ အောင်နိုင်လေသည်။ ရန်သူတို့လည်း အရပ်မျက်နှာအသီးသီးတို့ထွက်ပြေးကုန်ကြသည်။ "ထိုက်ရှီချီ"(Taishi Ci) သည်လည်း အင်အားများသော ရန်သူကို မခုခံနိုင်သဖြင့် မြင်းသည်တော်တစ်ကျိပ်ဖြင့် ကျင်းရှန်သို့ ထွက်ပြေးတိမ်းရှောင်သည်။

ယခုအခါ "စွန်းချဲ့"(Sun Ce) လက်အောက်တွင် "ချန်ဝူ"(Cheng Wu) ပါ ရောက်လာခဲ့ပြီ။ "ချန်ဝူ"(Cheng Wu) သည် သာမန်အရပ်အမောင်းရှိပြီး အသားညိုညစ်ညစ်ဖြင့် နီရဲသောမျက်လုံးတို့ရှိသည့် ထူးဆန်းသောသူဖြစ်သည်။ သို့သော်လည်း "စွန်းချဲ့"(Sun Ce) က သူ့ကို ရှေ့တန်းတပ်ကို ဦးဆောင်စေကာ "ရွှဲလိ"(Xue Li) ကို တိုက်စေသည်။ ရှေ့တန်းတပ်ခေါင်းဆောင်အနေနှင့် "ချန်ဝူ"(Cheng Wu) သည် မြင်းသည်တော်တစ်ဒါဇင်ဖြင့် ရန်သူ့တပ်ကို ထိုးဖောက်ကာ ရန်သူအယောက်တစ်ရာခန့်ကို သတ်နိုင်လိုက်သည်။ "ရွှဲလိ"(Xue Li) သည် ကာကွယ်ရေးကိုသာဦးစားပေးပြီး ထွက်မတိုက်ချေ။
"စွန်းချဲ့"(Sun Ce) သည် ထိုမြို့ကို တိုက်နေစဉ် "လျူရောင်"(Liu Yao) နှင့် "ကျဲရုံ"(Ze Rng) တို့က နူကျူကို တိုက်နေသည်ဟူသော သတင်းကြောင့် "စွန်းချဲ့"(Sun Ce) သည် ထိုရန်သူနှစ်ဦးကို သွားရင်ဆိုင်ရလေသည်။
"စွန်းချဲ့"(Sun Ce) : "ကျုပ်က ဒီမှာပဲ။ ခင်ဗျားတို့ လက်နက်ချရင် အကောင်းဆုံးပဲ"

ထို့နောက် "လျူရောင်"(Liu Yao) ဘက်မှ "ယွီမီ"(Yu Mi) ဟူသော စစ်သူကြီးထွက်လာသည်။ သုံးကွက်ခန့်ချပြီးနောက် "စွန်းချဲ့"(Sun Ce) က "ယွီမီ"(Yu Mi) ကို ဖမ်းလိုက်သည်။ ထိုသူကိုကယ်ရန် "ဖန်နန်"(Fan Neng) ထွက်လာသည်။ သို့သော်လည်း "စွန်းချဲ့"(Sun Ce) ဘက်မှ စစ်သားတို့က  "နောက်မှာ ရန်သူရှိတယ်" ဟု အော်ရာ "စွန်းချဲ့"(Sun Ce) က လှည့်ပြီး ကျယ်လောင်စွာ အော်လိုက်လေသဖြင့် "ဖန်နန်"(Fan Neng) မှာ လန့်ပြီး မြင်းပေါ်မှကျကာ မြေကြီးနှင့် ခေါင်းထိပြီး သေလေသည်။ "စွန်းချဲ့"(Sun Ce) သည် သူဖမ်းလာသော "ယွီမီ"(Yu Mi) ကို မြေကြီးပေါ်ပစ်ချလိုက်ရာ "ယွီမီ"(Yu Mi) လည်း သေလေသည်။ ရန်သူနှစ်ဦးအနက် တစ်ဦးမှာ အသတ်ခံရ၍သေပြီး တစ်ဦးမှာ လန့်သောကြောင့် သေသွားခဲ့သည်။ ထိုအချိန်မှစ၍ "စွန်းချဲ့"(Sun Ce) ကို "မင်းသားငယ်" ဟု ခေါ်ဝေါ်ကြလေသည်။

"လျူရောင်"(Liu Yao) စစ်ရှုံးခဲ့လေသည်။ စစ်သားများစွာတို့ လက်နက်ချကြသည်။ အသတ်ခံရသောစစ်သားတို့မှာ တစ်သောင်းကျော်ရှိသည်။ "လျူရောင်"(Liu Yao) မှာ ယွီကျန်းသို့ပြေးသွားပြီး "လျူပြောင်း"(Liu Biao) လက်အောက်တွင် ခိုလှုံသည်။
"စွန်းချဲ့"(Sun Ce) ၏ နောက်တစ်ကွက်မှာ မော့လင်ကို တိုက်ခြင်းပင်ဖြစ်သည်။ ထိုသို့အရောက်တွင် ရန်သူ့ခေါင်းဆောင် "ရွှဲလိ"(Xue Li) ကို လက်နက်ချစေသည်။ ထိုအချိန်တွင် မြားတစ်စင်းက ရုတ်တရတ်ထွက်လာကာ "စွန်းချဲ့"(Sun Ce) ၏ ဘယ်ဘက်ပေါင်ကိုစိုက်သွားပြီး မြင်းပေါ်မှ ကျသွားသည်။ ထို့နောက် "စွန်းချဲ့"(Sun Ce) ကို စခန်းသို့ပြန်ခေါ်ကာ မြားကိုထုတ်ပြီး ဆေးတို့ကိုတိုက်ကျွေးသည်။

"စွန်းချဲ့"(Sun Ce) သည် သူ၏ကျန်းမာရေးအခြေအနေဆိုးရွားနေသည်ဟု ဝါဒဖြန့်စေလိုက်ပြီး စစ်သားတို့ကို ဝမ်းနည်းခြင်းအထိမ်းအမှတ်တို့ပြုလုပ်စေသည်။ ထို့နောက် ရွက်ဖျင်တဲတို့ကိုလည်း ဖယ်ရှားလိုက်သည်။ "ရွှဲ့လိ"(Xue Li) ၊ "ကျန်းရင်"(Zhang Ying) နှင့် "ချန်ဟန်"(Chen Heng) တို့သည် ညဘက်တိတ်တဆိတ်တိုက်ရန်ပြင်သော်လည်း အသင့်စောင့်နေသော ရန်သူတို့လက်ချက်ခံလိုက်ရသည်။
"စွန်းချဲ့"(Sun Ce) သည် ရုတ်တရတ်ထွက်လာကာ "စွန်းချဲ့(Sun Ce) က ဒီမှာအကောင်းကြီးရှိသေးတယ်" ဟု ဆိုကာ တိုက်လေသည်။ သူ၏ရုတ်တရတ်ပေါ်လာမှုက ရန်သူတို့ကို ကြောက်လန့်သွားစေသည်။ "စွန်းချဲ့"(Sun Ce) က ရန်သူတို့ကို မသတ်ရန် အမိန့်ပေးသော်လည်း နောက်ကျသွားခဲ့သည်။ "ကျန်းရင်"(Zhang Ying) သည် "ချန်ဝူ"(Chen Wu) ၏ လှံစာမိသွားသည်။ "ချန်ဟန်"(Chen Heng) မှာမူ "ကျန်းချင်"(Jiang Qin) ၏ မြားမှန်ပြီး သေဆုံးသွားသည်။ ခေါင်းဆောင် "ရွှဲလိ"(Xue Li) လည်း အသတ်ခံလိုက်ရသည်။ သို့နှင့် "စွန်းချဲ့"(Sun Ce) သည် မော့လင်ကို သိမ်းနိုင်လိုက်သည်။

ထို့နောက် "ထိုက်ရှီချီ"(Taishi Ci) ရှိသည့် ကျန်းရှန်ကို စစ်သားတို့အား ချီတက်စေသည်။ "ထိုက်ရှီချီ"(Taishi Ci) သည် စစ်သားနှစ်ထောင်တို့ဖြင့် သူ့သခင်အတွက် လက်စားချေရန်စောင့်နေသည်။ "စွန်းချဲ့"(Sun Ce) သည် "ထိုက်ရှီချီ"(Taishi Ci) အား အရှင်ဖမ်းရန် "ကျိုးယွီ"(Zhou Yu) နှင့် တိုင်ပင်သည်။
"ကျိုးယွီ"(Zhou Yu) : "မြို့ကို သုံးမျက်နှာကတိုက်ပြီး အရှေ့ဂိတ်ကိုတော့ အလွတ်ထားထားပါ။ မြင်းရောလူပါ ပန်းသွားတဲ့အခါမှာ ထိုက်ရှီချီ(Taishi Ci) ကို ဖမ်းဖို့ နေရာတစ်နေရာမှာတော့ ခြုံခိုတိုက်ဖို့ စစ်သားတွေထားထားပါ။"

မြို့ကို ဝန်းရံပြီးတစ်ညသော် "စွန်းချဲ့"(Sun Ce) သည် "ချန်ဝူ"(Cheng Wu) အား မြို့ကို မီးရှို့စေသည်။ ထိုအခါ "ထိုက်ရှီချီ"(Taishi Ci) သည် အရှေ့တံခါးမှ ထွက်ကာ ပြေးလေရာ "စွန်းချဲ့"(Sun Ce) ကလည်း နောက်မှလိုက်သည်။ ဆယ့်ငါးမိုင်ခန့်လိုက်ပြီးနောက် ဆက်မလိုက်တော့ချေ။ "ထိုက်ရှီချီ"(Taishi Ci) သည် ကျောက်တုံးတို့ဖြင့် ဝန်းရံထားသော နေရာအရောက်တွင် တစ်ဖက်ရန်သူတို့ထွက်လာကာ အဖမ်းခံလိုက်ရသည်။
"ထိုက်ရှီချီ"(Taishi Ci) ကို ဖမ်းလိုက်ကြောင်း သိသော "စွန်းချဲ့"(Sun Ce) သည် သူ့ရှေ့သို့ ခေါ်လာစေသည်။ ထို့နောက် ကြိုးတို့ကိုဖြည်စေပြီး ကိုယ်ရုံအင်္ကျီကို "ထိုက်ရှီချီ"(Taishi Ci) ကို ပေးလိုက်သည်။
"စွန်းချဲ့"(Sun Ce) : "ခင်ဗျားက သူရဲကောင်းတစ်ယောက်မှန်း ကျုပ်သိခဲ့တယ်။ ခင်ဗျားလိုလူမျိုးကို လျူရောင်(Liu Yao) လို တီကောင်က အသုံးချတာမတန်ဘူး၊ ဒါကြောင့် သူစစ်ရှုံးခဲ့တာ
"ထိုက်ရှီချီ"(Taishi Ci) သည် "စွန်းချဲ့"(Sun Ce) ၏ ရင်းနှီးဖော်ရွေမှု၊ ကောင်းမွန်စွာဆက်ဆံမှုတို့ကြောင့် လက်နက်ချလိုက်သည်။

"စွန်းချဲ့"(Sun Ce) : "ခင်ဗျားသာ ကျုပ်ကို ဖမ်းနိုင်ခဲ့ရင် သတ်လိုက်မှာလား?"
"ထိုက်ရှီချီ"(Taishi Ci) သည် ပြုံးကာ
"ဘယ်သိနိုင်မလဲ" ဟု ပြောသည်။
"စွန်းချဲ့"(Sun Ce) သည် ရယ်မောပြီး ရွက်ဖျင်တဲတွင် "ထိုက်ရှီချီ"(Taishi Ci) အား စားစရာတို့ဖြင့် တည်ခင်းကျွေးမွေးသည်။
"ထိုင်ရှီချီ"(Taishi Ci) : "ကျွန်တော့်ကို ယုံကြည်ရင် ခဏလွှတ်ပေးပါ၊ ကျွန်တော်အရင်နယ်စားရဲ့ စစ်သားဟောင်းတွေကို ခေါ်ပြီး ပြန်လာအမှုထမ်းပါ့မယ်
"စွန်းချဲ့"(Sun Ce) : "ဒါ ကျုပ်လုပ်ချင်တဲ့အရာပဲ။ မနက်ဖြန်နေ့လည်တော့ အရောက်ပြန်လာခဲ့ပါ
"ထိုက်ရှီချီ"(Taishi Ci) ကလည်း သဘောတူပြီးနောက် ထွက်ခွာသွားသည်။ အခြားစစ်သူကြီးတို့က "ထိုက်ရှီချီ"(Taishi Ci) ပြန်လာတော့မည် မဟုတ်ကြောင်းပြောကြသည်။
"စွန်းချဲ့"(Sun Ce) : "သူက ယုံကြည်ရသူဖြစ်ပြီး သူ့စကားကို ချိုးဖောက်မှာတော့ မဟုတ်ဘူး။
သို့သော်လည်း မည်သူမှ "ထိုက်ရှီချီ"(Taishi Ci) ကို မယုံကြချေ။

နောက်ရက်တွင် ဂိတ်တဲအရှေ့တွင် ဝါးချောင်းဖြင့် အချိန်ကိုမှတ်လေသည်။ အရိပ်က ညနေဘက်သို့ပြသည့်အချိန်တွင်မှာပင် "ထိုက်ရှီချီ"(Taishi Ci) သည် စစ်သားတစ်ထောင်နှင့် ပေါ်လာသည်။ "စွန်းချဲ့"(Sun Ce) မှာ အင်မတန်ဝမ်းမြောက်သွားပြီး တခြားစစ်သူကြီးတို့ကလည်း "စွန်းချဲ့"(Sun Ce)  လူရွေးမမှားကြောင်း အသိအမှတ်ပြုလိုက်ရသည်။
ထို့နောက် "စွန်းချဲ့"(Sun Ce) သည် စစ်တပ်ဖြင့် တောင်ဘက်သို့ချီတက်လေသည်။ သူ၏ရန်သူတို့က လက်နက်ချလိုက်သည်ကများ၏။ မကြာမီမှာပင် မြစ်ဝါမြစ်၏အရှေ့တောင်ဘက်သည် သူ့ပိုင်နက်ဖြစ်သွားသည်။ ထို့အပြင် ပြည်သူတို့အတွက်ကိုပါ လုပ်ဆောင်လေရာ "စွန်းချဲ့"(Sun Ce) ကို ထောက်ခံသူများပြားလာသည်။
အရင်က "စွန်းချဲ့"(Sun Ce) စစ်တပ်လာလျှင် လူတို့ထွက်ပြေးကြသည်။ လူတို့၏ အိုးအိမ်စည်းစိမ်တို့ကို မဖျက်စီးရ ဟူသော စည်းမျဉ်းကိုထုတ်လိုက်ရာ နောက်ပိုင်းတွင် ပြည်သူတို့က "စွန်းချဲ့"(Sun Ce) ၏တပ်ကို ဝမ်းပန်းတသာကြိုဆိုကြ၏။ "လျူရောင်"(Liu Yao) လက်အောက်တွင် အမှုထမ်းခဲ့သော စစ်သားတို့ကိုလည်း ကောင်းကောင်းဆက်ဆံသည်။ "စွန်းချဲ့"(Sun Ce) စစ်တပ်တွင် ဝင်ရောက်လိုသူများကို ဝင်စေသည်၊ မဝင်လိုသူတို့ကို ပြန်လွှတ်ပေးသည်။ သို့နှင့် လူအများ၏ လေးစားမှုကိုခံရကာ "စွန်းချဲ့"(Sun Ce) ၏ အင်အားတောင့်တင်းလာခဲ့သည်။

"စွန်းချဲ့"(Sun Ce) သည် သူ့ညီ "စွန်းချွမ်"(Sun Quan) အပါအဝင် သူ့မိသားစုတို့ကို "ကျိုးထိုက်"(Zhou Tai) နှင့်အတူ ချွဲ့တွင်ထားခဲ့သည်။ ထို့နောက် တောင်ပိုင်းရှိ ဝူကျွင်းသို့ချီတက်သည်။
ထိုအချိန်တွင် ဝူကျွင်း၌ ကိုယ့်ကိုယ်ကို အရှေ့ဝူ၏ ဘုရင်ဟု သမုတ်သော "ရန်ပိုင်ဟူ"(Yan Baihu) သို့ အဖြူရောင်ကျား အုပ်စိုးနေခဲ့သည်။ သူ၏ စစ်တပ်တို့ကို ဝူချန်နှင့် ကျာရှင်တို့တွင် စခန်းချစေသည်။ "စွန်းချဲ့"(Sun Ce) လာကြောင်း သိလျှင် သူ၏ညီ "ရန်ယွီ"(Yan Yu) အား စစ်တပ်ဦးဆောင်စေကာ "စွန်းချဲ့"(Sun Ce)  နှင့် တိုက်စေသည်။
ထိုစစ်တပ်နှစ်တပ်တို့သည် မေပယ်(Maple) တံတားအနီးတွင် တွေ့ကြသည်။ "ရန်ယွီ"(Yan Yu) က ထွက်ကာ စိန်ခေါ်သည်။ "စွန်းချဲ့"(Sun Ce) ကလည်း စိန်ခေါ်မှုကို လက်ခံလိုက်သည်။
"ကျန်းဟုန်"(Zhang Hong) : "ခေါင်းဆောင်ဆိုတာ စစ်တပ်တစ်ခုလုံးရဲ့အချက်အချာဖြစ်တဲ့အတွက် သူပုန်လောက်လေးနဲ့ ဒီလိုအရဲမစွန့်သင့်ပါဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ"
"စွန်းချဲ့"(Sun Ce) : "ကျုပ်က စစ်သားတွေလို အရဲမစွန့်ရင် သူတို့က ကျုပ်အမိန့်ကို ဘယ်နာခံချင်ပါ့မလဲ"

သို့သော်လည်း "စွန်းချဲ့"(Sun Ce) က "ဟန်တန်"(Han Dang) ကို ထွက်ကာတိုက်စေသည်။ "ဟန်တန်"(Han Dang) တံတားအနီးသို့ ရောက်သွားချိန်တွင် "ကျန်းချင်"(Jiang Qin) နှင့် "ချန်ဝူ"(Chen Wu) တို့က လှေကလေးဖြင့် တံတားအောက်မှ ဖြတ်သွားသည်။ မြစ်ကမ်းဘက်က မြားတို့ ကျသော်လည်း "ရန်ယွီ"(Yan Yu) ကို သဲသဲမဲမဲတိုက်သည်။ "ရန်ယွီ"(Yan Yu) ထွက်ပြေးသောအခါ "ဟန်တန်"(Han Dang) က နောက်မှလိုက်ကာ တိုက်သည်။ "ရန်ယွီ"(Yan Yu) သည် မြို့အတွင်းသို့ဝင်သွားသည်။
"စွန်းချဲ့"(Sun Ce) သည် သုံးရက်တိုင်တိုင် ဝူကျွင်းကို ကြည်းကြောင်းရော၊ ရေကြောင်းကပါ တိုက်သော်လည်း မြို့တွင်းမှ ရန်သူတို့ထွက်မလာချေ။ မြို့ရိုးပေါ်မှ ရန်သူသည် လက်တန်းကိုကိုင်လျက် အောက်ရှိ "စွန်းချဲ့"(Sun Ce) စစ်တပ်တို့အကြောင်း မကောင်းပြောနေရာ "ထိုက်ရှီချီ"(Taishi Ci) က "အဲ့လူလက်ကို ထိအောင်ပစ်မယ်" ဟု ဆိုကာ မြားဖြင့် ပစ်လိုက်ရာ ထိုသူ၏လက်ကို ထိလေသည်။

ထိုအကြောင်းကို "ရန်ပိုင်ဟူ"(Yan Baihu) ကြားလေလျှင်
"ဒီလိုခေါင်းဆောင်တွေရှိတဲ့ စစ်တပ်ကို ဘယ်လိုရင်ဆိုင်ရမလဲ" ဟု ဆိုလေသည်။
ထို့နောက် သူ့ညီကို "စွန်းချဲ့"(Sun Ce) ထံလွှတ်ပြီး ငြိမ်းချမ်းရေးကမ်းလှမ်းသည်။
"ခင်ဗျား အစ်ကိုက ဘာဖြစ်ချင်တာလဲ"
"ဒီပြည်နယ်ကို ခင်ဗျားနဲ့ အတူလက်တွဲပြီး အုပ်ချုပ်မယ်လို့ ဆိုပါတယ်"
"ကြွက်စုတ်ကများ၊ ငါနဲ့တစ်တန်းထဲနေချင်တယ်?"

"စွန်းချဲ့"(Sun Ce) သည် ထိုသံတမန်ကို သတ်ရန် အမိန့်ပေးလိုက်သည်။ "ရန်ယွီ"(Yan Yu) ကလည်း ဓားကိုဆွဲကာ ပြန်ခုခံမည်ပြုသည်။ သို့သော် "စွန်းချဲ့"(Sun Ce) က လက်ဦးကာ "ရန်ယွီ"(Yan Yu) ကို သတ်ပြီးနောက် ခေါင်းကို သူ့အစ်ကိုထံ ပို့လိုက်သည်။ "ရန်ပိုင်ဟူ"(Yan Baihu) သည် အခြေအနေမဟန်သဖြင့် မြို့ကို စွန့်ကာ အရှေ့ဘက်ရှိ ယွီဟန်သို့သွားသည်။ လမ်းတစ်လျှောက်တွင် ပြည်သူတို့၏ အစားအစာ၊ ပစ္စည်းတို့ကို လုယက်လေသည်။ သို့သော် "လင်ချောင်း"(Ling Cao) ဆိုသောသူက ထိုလုယက်မှုကို တားနိုင်ခဲ့သည်။ သို့နှင့် "ရန်ပိုင်ဟူ"(Yan Baihu) သည် ခွိုင်ကျီသို့ ပြေးသည်။
"လင်ချောင်း"(Ling Cao) နှင့် သူ့လူတို့သည် "စွန်းချဲ့"(Sun Ce) ကို သွားတွေ့ရာ "စွန်းချဲ့"(Sun Ce) မှ သူတို့၏စွမ်းဆောင်မှုကို အသိအမှတ်ပြုကာ ဆုပေးသည်။ ထို့နောက် မြို့ဝါမြစ်ကို ဖြတ်ကျော်ကြသည်။

ကျားဖြူ "ရန်ပိုင်ဟူ"(Yan Baihu) သည် စစ်တပ်တို့ကိုစုရန်ပြင်သော်လည်း "ချန်ဖူ"(Cheng Pu) ၏တိုက်ခိုက်မှုကြောင့် ပြိုကွဲသွားပြန်သည်။ ခွိုင်ကျီမြို့စား "ဝမ်လန်"(Wang Lang) သည် "ရန်ပိုင်ဟူ"(Yan Baihu) ကို အကူအညီပေးရန် ရည်ရွယ်သည်။သို့သော်လည်း "ဝမ်လန်"(Wang Lang) ၏ လက်အောက်ငယ်သားတို့က
"မလုပ်သင့်ဘူး။ စွန်းချဲ့(Sun Ce) က သူရဲကောင်း၊တရားမျှတသူဆိုပြီး နာမည်ကြီးတယ်။ ကျားဖြူကတော့ သူပုန်သာသာပဲ။ သူ့ကိုဖမ်းပြီးတော့ စွန်းချဲ့(Sun Ce) နဲ့ ငြိမ်းချမ်းရေးယူရင် ပိုသင့်တော်ပါတယ်" ဟု ဆိုကြသည်။
သို့သော်လည်း "ဝမ်လန်"(Wang Lang) ကလည်း လက်မခံချေ။ ထိုကန့်ကွက်သူ "ယွီဖန်"(Yu Fan) ကို ပါးစပ်ပိတ်စေလိုက်သဖြင့် "ယွီဖန်"(Yu Fan) လည်း စိတ်မကောင်းခြင်းကြီးစွာဖြင့် ထွက်ခွာသွားသည်။ ထို့နောက် "ဝမ်လန်"(Wang Lang) သည် "ရန်ပိုင်ဟူ"(Yan Baihu) နှင့် သွားပူးပေါင်းသည်။

သို့နှင့် "စွန်းချဲ့"(Sun Ce) ရောက်လာပြီး တပ်ဖွဲ့တို့ ရင်ဆိုင်ကြသည်။
"စွန်းချဲ့"(Sun Ce) : "ကျုပ်တပ်က စစ်သားကောင်းတွေချည်းပဲ။ နောက်ပြီး ကျုပ်ရဲ့ရည်ရွယ်ချက်က ဒီပြည်နယ်ကို ငြိမ်းချမ်းစေဖို့၊ ခင်ဗျားက ဘာလို့ သူပုန်ကို အကူအညီပေးရတာလဲ?"
"ဝမ်လန်"(Wang Lang) : "မင်းရဲ့ လောဘက အတောမသတ်နိုင်ပြီဘူး။ ဝူကျွင်းကိုသိမ်းပြီးရင် ငါ့မြို့ကိုတောင် သိမ်းဖို့ ကြံဦးမှာမလား၊ ရန်မျိုးရိုးအတွက် လက်စားချေရမယ်"
၎င်းသည် "စွန်းချဲ့"(Sun Ce) ကို ဒေါသထွက်သွားစေသည်။

ထို့နောက် "ထိုက်ရှီချီ"(Taishi Ci) ထွက်လာကာ "ဝမ်လန်"(Wang Lang) နှင့် ရင်ဆိုင်သည်။ မကြာမီ "ဝမ်လန်"(Wang Lang) ဘက်မှ "ကျိုးရှင်း"(Zhou Xin) ထွက်လာပြီး တစ်ဖက်မှ "ဟွမ်ကိုင်"(Huang Gai) ထွက်လာသည်။ ထိုသို့ နှစ်ဦးနှစ်ဖက်တိုက်နေချိန်တွင် "ဝမ်လန်"(Wang Lang) ၏ တပ်နောက်ပိုင်းကို ရန်သူတချို့က ဝင်တိုက်လေသည်။ ထိုသူတို့ကား "ကျိုးယွီ"(Zhou Yu) နှင့် "ချန်ဖူ"(Cheng Pu) တို့ဖြစ်သည်။ အခြေအနေမကောင်းသောကြောင့် "ဝမ်လန်"(Wang Lang) ၊ "ရန်ပိုင်ဟူ"(Yan Baihu) နှင့် "ကျိုးရှင်း"(Zhou Xin) တို့သည် မြို့တွင်းသို့ ဝင်သွားကြသည်။
"စွန်းချဲ့"(Sun Ce) ကလည်း မြို့ကို လေးဖက်လေးလံမှ ဝန်းရံကာ အပြင်းအထန်တိုက်သည်။ "ဝမ်လန်"(Wang Lang) သည် မြို့တံခါးကိုဖွင့်ကာ ရန်သူတို့ကို တိုက်ရန်ကြံသော်လည်း "ရန်ပိုင်ဟူ"(Yan Baihu) က ကန့်ကွက်သည်။
"ရန်ပိုင်ဟူ"(Yan Baihu) : "ရန်သူတွေ စားနပ်ရိက္ခာကုန်ပြီးပြန်ထွက်သွားတဲ့အချိန်အထိတော့ ငါတို့တွေ တောင့်ခံထားရမယ်"
လေးကို "ဝမ်လန်"(Wang Lang) က လက်ခံလိုက်သည်။ ရက်အတန်ကြာသည်အထိ မြို့ကိုဝန်းရံသော်လည်း မြို့မကျချေ။

အစည်းအဝေးတွင် "စွန်းချဲ့"(Sun Ce) ၏ ဦးလေးဖြစ်သူ "စွန်းကျင့်"(Sun Jing) က
"ဒီလောက်ရွပ်ရွပ်ချွံချွံခုခံနေရင် သူတို့ကို တိုက်ဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမယ့် သူတို့ရဲ့ စားနပ်ရိက္ခာကို ဆယ်မိုင်အကွာ ချားတုမှာ သိုလှောင်ထားတယ်၊ အကောင်းဆုံးကတော့ သူတို့မမျှော်လင့်ထားတဲ့ အဲ့နေရာကိုတိုက်ရမယ်" ဟုဆိုသည်။
"စွန်းချဲ့"(Sun Ce) : "ဦးလေးရဲ့ အကြံအစည်နဲ့ဆို သူပုန်တွေကို တိုက်ထုတ်နိုင်တယ်"
ထို့နောက် ဂိတ်အသီးသီးတို့တွင် စစ်သားများရှိနေဟန် မီးတို့ထွန်းညှိကာ အလံတို့ကို ထားထားစေပြီး ပင်မစစ်တပ်ကမူ တောင်ဘက်သို့ ချီတက်သည်။


"ကျိုးယွီ"(Zhou Yu) : "သခင်ထွက်သွားတာ သိရင် မြို့ထဲကလူတွေက ထွက်လာနိုင်တယ်၊ ဒါကြောင့် ဒီအတွက် ပြင်ဆင်ထားရမယ်"
"စွန်းချဲ့"(Sun Ce) : "ငါ့ပြင်ဆင်မှုပြီးပြီ။ မြို့ကိုဒီည သိမ်းနိုင်မယ်"
သို့နှင့် စစ်တပ်ထွက်ခွာခဲ့သည်။ "ဝမ်လန်"(Wang Lang) သည် ရန်သူတို့ ထွက်ခွာသည့်အကြောင်းကို ကြားရာ မြို့ရိုးပေါ်မှနေ၍ အခြေအနေကို ကြည့်သည်။ မြို့အောက်ရှိ တစ်ဖက်ရန်သူတို့၏ မီးကား ထိန်ထိန်လင်းနေသဖြင့် မည်သို့လုပ်ရမည်ကို တွေဝေသွားသည်။
"ကျိုးရှင်း"(Zhou Xin) : "သူက တကယ်သွားပြီ။ ဒါက တမင်ဉာဏ်ဆင်ထားတာ။ သူတို့နောက်လိုက်ပြီး တိုက်ရအောင်"
"ရန်ပိုင်ဟူ"(Yan Baihu) : "သူသွားတာ ချားတုကိုတိုက်ဖို့ဖြစ်မှာ။ သူတို့နောက်ကိုလိုက်ပြီး တိုက်ရင် သင့်လျော်မယ်"
"ဝမ်လန်"(Wang Lang) : "ဒီနေရာက ခံတပ်ပဲ။ ဒီမြို့ကို ကာကွယ်မှဖြစ်မယ်။ ခင်ဗျားတို့နှစ်ယောက်သွားကြ။ ကျုပ်ဒီမှာ နေခဲ့မယ်"

သို့နှင့် "ရန်ပိုင်ဟူ"(Yan Baihu) နှင့် "ကျိုးရှင်း"(Zhou Xin) တို့သည် စစ်သားငါးထောင်ဖြင့် ရန်သူ့နောက်လိုက်သွားရာ တစ်ချက်တီးအချိန်ခန့်တွင် မြို့မှခုနှစ်မိုင်အကွာသို့ရောက်သည်။ အရှေ့တွင် ထူထပ်သောသစ်တောသာ ရှိတော့သည်။ ရုတ်တရတ် ဗုံခရာအသံတို့ကြားလိုက်ရကာ တစ်ဖက်ရန်သူတို့ ပေါ်လာသည်။ "ရန်ပိုင်ဟူ"(Yan Baihu) သည် ကြောက်လန့်သွားပြီး ပြေးရန်ပြင်သည်။ ရုတ်တရတ် "စွန်းချဲ့"(Sun Ce) ပေါ်လာသဖြင့် "ကျိုးရှင်း"(Zhou Xin) က တိုက်ရန်ပြင်သော်လည်း "စွန်းချဲ့"(Sun Ce) လှံစာမိကာ သေလေသည်။ "ရန်ပိုင်ဟူ"(Yan Baihu) မှာ ထွက်ပြေးလွတ်မြောက်သွားပြီး ယွီဟန်သို့ရောက်သွားသည်။
"ဝမ်လန်"(Wang Lang) သည်လည်း စစ်ရှုံးမှုသတင်းကို ကြားပြီးနောက် ကမ်းစပ်ဘက်သို့ထွက်ပြေးရာ ခွိုင်ကျီကို "စွန်းချဲ့"(Sun Ce) ရလေသည်။

ရက်အနည်းငယ်အကြာတွင် လူတစ်ဦးသည် ကျားဖြူဘုရင်၏ ခေါင်းကို ယူလာကာ "စွန်းချဲ့"(Sun Ce) ထံ ဆက်သသည်။ ထိုသူကား လေးထောင့်ပုံမျက်နှာ၊ ကြီးမားသောပါးစပ်နှင့် အရပ်ရှည်သော "တုန်းရှီ"(Dong Xi) ဖြစ်သည်။ "စွန်းချဲ့"(Sun Ce) သည် ထိုသူ့ကို စစ်သူကြီးရာထူးပေးလိုက်လေသည်။ သို့နှင့် အရှေ့တောင်အရပ်တွင် ငြိမ်းချမ်းမှုရခဲ့သည်။
ထို့နောက် "စွန်းချဲ့"(Sun Ce) သည် ဦးလေးဖြစ်သူ "စွန်းကျင့်"(Sun Jing) ကို မြို့ကို အုပ်ချုပ်စေပြီး "ကျူကျီ"(Zhu Zhi) ကို ဝူကျွင်းမြို့စားအဖြစ်ပေးအပ်ကာ သူနေထိုင်ရာ တောင်ဘက်သို့ ပြန်လေသည်။
"စွန်းချဲ့"(Sun Ce) မရှိစဉ် သူပုန်အချို့တို့သည် ရွှမ်းချန်ကိုတိုက်သည်။ "ကျိုးထိုက်"(Zhou Tai) သည် သူပုန်တို့ကို တိုက်လေသဖြင့် "စွန်းချွမ်"(Sun Quan) မှာ ဘာမှမဖြစ်သော်လည်း "ကျိုးထိုက်"(Zhou Tai) ကိုယ်တိုင်မှာမူ သူပုန်တို့လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရသွားသည်။ "စွန်းချဲ့"(Sun Ce) ပြန်လာပြီး ၎င်းကို ကြားသိလေလျှင် စိတ်မကောင်းကြီးစွာဖြစ်လေသည်။

"တုန်းရှီ"(Dong Xi) : "ကျွန်တော် အရင်က ဒဏ်ရာအပြင်းအထန်ရခဲ့တုန်းက ယွီဖန်(Yu Fan) ဆိုတဲ့လူ ညွှန်ပေးတဲ့ သမားတော်ဆီသွားတာ လဝက်အတွင်းသက်သာခဲ့တယ်"
"စွန်းချဲ့"(Sun Ce) : "သူက ခွိုင်ကျီက ယွီဖန်(Yu Fan) လား"
"တုန်းရှီ"(Dong Xi) : "ဟုတ်တယ်။ အဲ့လိုခေါ်ကြတယ်"
"စွန်းချဲ့"(Sun Ce) : "သူက ပညာရှိအမှန်ပဲ။ သူ့ကို ငါ့လက်အောက်မှာ အမှုထမ်းစေချင်တယ်"
ထို့နောက် လူလွှတ်ပြီး "ယွီဖန်(Yu Fan) ကို ဖိတ်ကြားစေကာ ထိုသမားတော်အကြောင်းမေးမြန်းသည်။
"ယွီဖန်"(Yu Fan) : "အဲ့သမားတော်က ချောင်က ဟွားထော်(Hua Tuo) ပါ။ ဆေးပညာအရာမှာတစ်ဖက်ကမ်းခပ်အောင် တော်ပါတယ်။ ကျွန်တော် သူ့ကို ပင့်လာပါ့မယ်"

ထို့နောက် နာမည်ကြီးသမားတော် "ဟွားထော်"(Hua Tuo) ရောက်လာသည်။ "ဟွားထော်"(Hua Tuo) မှာ မုတ်ဆိတ်မွေးရှည်ရှည်နှင့် သူတော်စင်နှင့်ပင် တူနေသည်။ ထို့နောက် "ဟွားထော်"(Hua Tuo) ကို ကြိုဆိုပြီး လူနာကြည့်စေသည်။
"ဟွားထော်"(Hua Tuo) : "ဒါက မခက်ခဲပါဘူး"
ထို့နောက် "ဟွားထော်"(Hua Tuo) သည် ဆေးတို့ပြင်ဆင်ရာ တစ်လအတွင်းပင် ရောဂါပျောက်လေသည်။
ထို့နောက် "စွန်းချဲ့(Sun Ce) သည် သူပုန်တို့ကို အမြစ်ပြတ်နှိမ်နှင်းလိုက်သည်။ သို့နှင့် "စွန်းချဲ့(Sun Ce) သည် အရင်ဝူပြည်နယ်ပိုင်ခဲ့သည့် နယ်မြေတို့ကို ပြန်သိမ်းနိုင်ခဲ့သည်။ ထို့နောက် သူ၏လုပ်ဆောင်မှုကို နန်းတော်သို့တင်ပြကာ "ချောင်ချောင်း"(Cao Cao) နှင့် နားလည်မှု ယူလိုက်သည်။ ထို့နောက် "ယွမ်စု"(Yuan Shu) ဆီမှ ဘုရင့်တံဆိပ်တုံးကို ပြန်တောင်းသည်။

"ယွမ်စု"(Yuan Shu) က အကြောင်းအမျိုးမျိုးပြပြီး တံဆိပ်တုံးကို ပြန်မပြေးပဲနေသည်။ ထို့နောက် လက်အောက်ငယ်သားသုံးဆယ်ခန့်ကိုခေါ်ကာ အစည်းအဝေးပြုလုပ်သည်။ ထိုအထဲတွင် အကြံပေး "ရန်တကျန်း"(Yang Dajiang) နှင့် အခြားစစ်သူကြီးများဖြစ်ကြသော "ကျန်းရွှင်"(Zhang Xun) ၊ "ကျီလင်"(Ji Ling) ၊ "ချောင်ရေ"(Cao Rui) ၊ "လေပေါက်"(Lei Bao) နှင့် "ချန်လန်"(Chen Lan) တို့ပါဝင်သည်။
"ယွမ်စု"(Yuan Shu) : "စွန်းချဲ့(Sun Ce) က ငါ့ဆီက စစ်တပ်ငှားရမ်းသွားခဲ့ပြီး အခုတော့ သူက တောင်ဘက်မှာ သခင်ဖြစ်နေပြီ။ အခုတော့ သူအပ်ထားတဲ့ပစ္စည်းကို ပြန်လာတောင်းတယ်။ သူ့ကို ဘယ်လိုချေမှုန်းရမလဲ?"

"ရန်တကျန်း"(Yang Dajiang) : "လောလောဆယ်တော့ သူက မြစ်ဝါမြစ်ကို အကာအကွယ်ယူပြီး အင်အားကြီးနေတဲ့အတွက် ဘာမှလုပ်လို့ မရသေးဘူး။ လက်ရှိမှာတော့ လျူဘေ့(Liu Bei) ကို အရင်ချေမှုန်းပြီးမှသာ စွန်းချဲ့(Sun Ce) ကို တိုက်ရမှာဖြစ်တယ်။ ကျွန်တော့်မှာ လျူဘေ့ကို ရှင်းဖို့ အကြံရှိပါတယ်"

Comments

Popular posts from this blog

Lookism