သုံးနိုင်ငံခေတ်(၁၆)

အခန်း (၁၆)
မြို့တံခါးတွင် “လွီပု”(Lu Bu) မြားစွမ်းပြခြင်း ၊
ယွီ မြစ်တွင် “ချောင်ချောင်း”(Cao Cao) အရှုံးနှင့်ရင်ဆိုင်ရခြင်း။


အကြံပေး “ရန်တကျန်း”(Yang Dajiang) တွင် “လျူဘေ့”(Liu Bei) ကို ဖယ်ရှားရန် နည်းလမ်းရှိလေသည်။
“ယွမ်စု”(Yuan Shu) က မေးသော် “ရှောင်ဖေ မှာ တပ်စွဲနေတဲ့ “လျူဘေ့”(Liu Bei) ကို အသာလေးဖမ်းနိုင်ပါတယ်။ ဒါပေမဲ့ အနီးအနားမှာ “လွီပု”(Lu Bu) က အခိုင်အမာတပ်စွဲနေတယ်။ အရှင်က သူ့ကို ကတိပျက်ထားတာကို သူက မကျေနပ်ရင် “လျူဘေ့”(Liu Bei) ကို ကူညီလိမ့်မယ် လို့ ငါထင်တယ်။ ဒီတော့ “လျူဘေ့”(Liu Bei) ကို တိုက်နေတုန်း သူဝင်မပါအောင် လက်ဆောင်တွေ ပေးလိုက်ပါ။ နောက်မှ သူနဲ့ စာရင်းရှင်းမယ်။ ဒါဆို ရွှီကျိုး ကို အရှင်ပိုင်ပါပြီ။” ဟု “ရန်တကျန်း”(Yang Dajiang) က ပြောသည်။
သို့နှင့် ပြောင်းဆန် လှည်း ၂ သိန်းနှင့် စာကို “ဟန်ရင်”(Han Yin) ကြီးကြပ်၍ ပို့စေသည်။ “လွီပု”(Lu Bu) လည်း များစွာကျေနပ်အားရကာ ဆက်သားကို ကောင်းမွန်စွာ ဧည့်ခံလေသည်။ “လွီပု”(Lu Bu) ၏ အနှောင့်အယှက် ကင်းပြီဟုယူဆကာ ရှောင်ဖေ သို့ စစ်သည် ၁ သိန်းစေလွှတ်သည်။ စစ်သူကြီး “ကျီလင်”(Ji Ling) ဦးဆောင်လျက် “လေပို”(Lei Bo) နှင့် “ချန်လန်”(Chen Lan) တို့ စစ်သူကြီး ၂ ဦးလည်း ပါဝင်သည်။

ဤသတင်းကို “လျူဘေ့”(Liu Bei) ကြားသော် မှူးမတ်များကို ခေါ်ယူသည်။ “ကျန်းဖေး”(Zhang Fei) က မဆိုင်းမတွ ပြန်တိုက်ခိုက်ရန် ပြောသည်။ သို့သော် “စွန်းချန်”(Sun Qian) က “ငါတို့ အင်အားကနည်းတယ်။ “လွီပု”(Lu Bu) ကို အကြောင်းစုံပြောပြပြီး အကူအညီတောင်းရမယ်။” ဟုဆိုသော် “ကျန်းဖေး”(Zhang Fei) က “အဲ့ကောင်က ကူလိမ့်မယ်ထင်သလား။” ဟုပြန်ပြောသည်။

“လျူဘေ့”(Liu Bei) က “စွန်းချန်”(Sun Qian) အကြံအတိုင်း “လွီပု”(Lu Bu) ထံစာရေးသည်။ စာမှာ “ကျွန်ုပ် ဒီနေရာမှာ ရှိနေတာဟာ အသင့်ရဲ့ အမိန့်ကြောင့်ပါ။ ဒီရာထူးကို ပြန်ရတာဟာလည်း အသင့်ရဲ့ ကောင်းကင်တမျှကြီးမားသော ကြင်နာမှုကြောင့်ပါ။ အခု “ယွမ်စု”(Yuan Shu) က လက်စားချေဖို့ စစ်တပ်ကို စေလွှတ်လိုက်ပါပြီ။ အသင် မကူညီရင် ဒီနေရာ ပျက်စီးတော့မှာပါ။ မြို့ကို ကာကွယ်ဖို့ စစ်တပ် အမြန်လွှတ်ပေးမယ်ဆိုရင်ဖြင့် အတိုင်းမသိ ဝမ်းမြောက်မိမှာပါ။” ဟူ၍ ပါရှိသည်။
စာရသော် “လွီပု”(Lu Bu) က “ချန်ကုန်း”(Chen Gong) ကို ခေါ်ကာ “ခုနကတင် “ယွမ်စု”(Yuan Shu) ဆီက “လျူဘေ့”(Liu Bei) နဲ့ကိစ္စ ဝင်မပါဖို့ လက်ဆောင်နဲ့ စာရတယ်။ အခု “လျူဘေ့”(Liu Bei) ဆီက စစ်ကူတောင်းတဲ့စာရောက်လာတယ်။ ငါ့အမြင်ကတော့ “လျူဘေ့”(Liu Bei) က ငါ့ကို ဒုက္ခမပေးနိုင်ဘူး။ “ယွမ်စု”(Yuan Shu) ကတော့ “လျူဘေ့”(Liu Bei) ကိုနိုင်ပြီး ဟွာစန်းတောင်တဝိုက်က ခေါင်းဆောင်တွေနဲ့ ပူးပေါင်းလိုက်ရင် မြောက်ပိုင်းအင်အားစုက သိပ်နီးကပ်လာလိမ့်မယ်။ ဒီလောက်ခေါင်းဆောင်တွေအများကြီးကို ငါတွန်းလှန်နိုင်မှာ မဟုတ်လို့ အိပ်လို့တောင်ရမယ်မထင်ဘူး။ ဒီတော့ “လျူဘေ့”(Liu Bei) ကို ကူမယ်။ ဒါ ငါ့အတွက် ပိုကောင်းတယ်” ဟု ဆိုလေသည်။

ရှောင်ဖေ ကိုချီတက်လာသော “ယွမ်စု”(Yuan Shu) စစ်တပ်သည် မြန်နိုင်သမျှ မြန်မြန် ချီတက်လာသည်။ “လျူဘေ့”(Liu Bei) ၏ တပ်သား ၅ ထောင်ကလည်း မြို့ပြင်တွင် ရဲရင့်သောအသွင်ဆောင်ကာ စစ်ရေးပြနေသည်။ သတင်းကောင်းတစ်ခုမှာ “လွီပု”(Lu Bu) ရောက်ရှိလာရန် မဝေးတော့ ဟူသောသတင်းပင်။ “လွီပု”(Lu Bu) မှာ အနောက်တောင်ဖက် မိုင်ဝက်အကွာတွင် စခန်းချနေသည်။ “ကျီလင်”(Ji Ling) ကြားသော် “လွီပု”(Lu Bu) ကတိဖျက်ကြောင်း စာရေးကာ ကန့်ကွက်သည်။ “လွီပု”(Lu Bu) က “နှစ်ယောက်လုံး ကျေနပ်အောင် ငါလုပ်တတ်ပါတယ်။” ဟု ပြုံးကာ ရေရွတ်လေသည်။

ထို့နောက် “လျူဘေ့”(Liu Bei) နှင့် “ကျီလင်”(Ji Ling) တို့ကို ညစာစားပွဲတက်ရောက်ရန် ဖိတ်လိုက်သည်။ “လျူဘေ့”(Liu Bei) က သွားရန်ပြင်သည်။ သို့သော် ညီ ၂ ယောက်က တားသည်။ “လျူဘေ့”(Liu Bei) က “ငါ သူ့ကို ကောင်းကောင်းဆက်ဆံခဲ့တော့ ငါ့ကို ရန်ပြုမှာ မဟုတ်ပါဘူး။” ဟုဆိုသည်။ ထို့နောက် ညီ ၂ ယောက်နှင့်အတူ မြင်းစီးကာ သွားလေသည်။
“လွီပု”(Lu Bu) စခန်းရောက်သော် “လွီပု”(Lu Bu) က “အခု ငါ မင်းကို အန္တရာယ်ကြားကနေ အထူးတလည် ကြိုးစားပြီး ကယ်တင်ထားတာ။ မင်းအလှည့်ရောက်ရင်လည်း ကူညီဖို့ မမေ့ပါနဲ့။” ဟုဆိုလေသည်။ “လျူဘေ့”(Liu Bei) က ကျေးဇူးတင်ကာ နေရာတွင် ထိုင်သည်။ “ကွမ်းယွီ”(Guan Yu) နှင့် “ကျန်းဖေး”(Zhang Fei) တို့က ယခင်အတိုင်း သက်တော်စောင့်နေရာယူလေသည်။ 

ထိုစဉ် “ကျီလင်”(Ji Ling) ကို ဖိတ်ခေါ်သံကြားသော် “လျူဘေ့”(Liu Bei) လည်း ကြောက်လန့်ကာ မတ်တတ်ထသည်။ “လွီပု”(Lu Bu) က “မင်းတို့ ၂ ယောက်နဲ့ သီးသန့်ဆွေးနွေးချင်လို့ ဖိတ်ထားတာ” ဟုဆိုကာ ပြန်ထိုင်စေသည်။ “လျူဘေ့”(Liu Bei) လည်း စိတ်မသက်မသာနှင့် ပြန်ထိုင်ရလေသည်။ မကြာမီ “ကျီလင်”(Ji Ling) ဝင်လာသည်။ “လျူဘေ့”(Liu Bei) ကို တွေ့သော် စိတ်ရှုပ်တွန့်ဆုတ်ကာ ပြန်ရန်ပြင်သည်။ သို့သော် အစောင့်များက တားကာ “လွီပု”(Lu Bu) က သူ့ကို ကလေးကဲ့သို့ တဲအတွင်းသို့ ဆွဲခေါ်လာလေသည်။
“ကျီလင်”(Ji Ling): “မင်း ငါ့ကို သတ်မလို့လား။”
“လွီပု”(Lu Bu): “မသတ်ပါဘူးကွာ။”
“ကျီလင်”(Ji Ling): “ဒါဆို “လျူဘေ့”(Liu Bei) ကို သတ်မှာလား။”
“လွီပု”(Lu Bu): “အဲလိုလည်း မဟုတ်ပါဘူး။”
“ကျီလင်”(Ji Ling): “ဒါဆို ဘာသဘောလဲ။”
“လွီပု”(Lu Bu): ““လျူဘေ့”(Liu Bei) နဲ့ ငါနဲ့က ညီနောင်တွေ ၊ အခု စစ်သူကြီးက သူ့ကိုလာဖမ်းတော့ ငါက လာကယ်ရတာပေါ့။”
“ကျီလင်”(Ji Ling): “ဒါဆို ငါ့ကိုသတ်လိုက်။”
“လွီပု”(Lu Bu): “အဓိပ္ပာယ်မရှိလိုက်တာ။ ငါ့ဘဝတစ်လျှောက်မှာ ရန်ဖြစ်တာတွေ စစ်တိုက်တာတွေ မနှစ်သက်ခဲ့ဘူး။ ငြိမ်းချမ်းရေးကိုပဲ လိုလားတာ။ အခုလည်း မင်းတို့ ၂ ယောက်ကြား ဖျန်ဖြေပေးမလို့။”
“ကျီလင်”(Ji Ling): “ဒါဆို ဘယ်လိုလုပ်ဖို့ စဉ်းစားထားသလဲ။”
“လွီပု”(Lu Bu): “ကောင်းကင်ရဲ့အလိုအတိုင်းလုပ်ဖို့ နည်းတစ်ခုရှိပါတယ်။”
ထို့နောက် “လွီပု”(Lu Bu) က “ကျီလင်”(Ji Ling) ကို တဲထဲဆွဲခေါ်လာပြီး “လျူဘေ့”(Liu Bei) ဆီခေါ်သွားသည်။ နှစ်ဦးသားအပြန်အလှန် သံသယစိတ်ဖြင့် ကြည့်နေကြသည်။ “လွီပု”(Lu Bu) က သူတို့ ၂ ဦးကြားတွင် ဝင်ထိုင်ပြီး “လျူဘေ့”(Liu Bei) ကို ညာဖက်တွင်ထားသည်။
သို့နှင့် ညစာစားပွဲစတင်သည်။ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေသည်။ “လွီပု”(Lu Bu) က စတင်ကာ “မင်းတို့ ၂ ယောက်ဟာ ငါ့စကားကို နားထောင်ပြီး ခိုက်ရန်ဖြစ်ပွားတာကို ရပ်ကြမယ်လို့ ငါမျှော်လင့်တယ်။” ဟုဆိုသည်။

“လျူဘေ့”(Liu Bei) က စကားမပြန်ပေ။ “ကျီလင်”(Ji Ling) က “ငါ့အရှင် အမိန့်ကို နာခံပြီး “လျူဘေ့”(Liu Bei) ကိုဖမ်းဖို့ စစ်သည် ၁ သိန်းနဲ့ ထွက်လာတာ။ မပြေငြိမ်းနိုင်ဘူး။ တိုက်ကို တိုက်ရမယ်။” ဟုဆိုသည်။ ထိုအခါ “ကျန်းဖေး”(Zhang Fei) က “ဘာ” ဟုအော်ကာ ဓားကိုဆွဲထုတ်ရင်း “ငါတို့က အင်အားနည်းရင် နည်းမယ်။ မင်းတို့ကိုတော့ ကလေးသာသာပဲ သဘောထားတယ်။ အဝါရောင်သူပုန် ၁ သန်းကိုတောင် တိုက်လာတာ မင်းတို့က ဘာမို့လို့လဲ။” ဟု ကြိမ်းဝါးသည်။

“ကွမ်းယွီ”(Guan Yu) က သူ့ကို တိတ်တိတ်နေခိုင်းပြီး “စစ်သူကြီး “လွီပု”(Lu Bu) အရင်ပြောပါစေ။ ပြီးမှ တိုက်ခိုက်ရင်လည်း နောက်မကျသေးပါဘူး။” ဟုဆိုသည်။
“လွီပု”(Lu Bu) က “နှစ်ဖက်လုံး ပြေငြိမ်းကြပါလို့ တောင်းဆိုပါတယ်။ မင်းတို့ကို တိုက်ခွင့်မပြုနိုင်ဘူး။” ဟုဆိုသည်။
ယခုဆိုလျှင် တစ်ဖက်က “ကျီလင်”(Ji Ling) သည်လည်း မကျေမနပ်နှင့် ဒေါသထွက်နေသည်။ “ကျန်းဖေး”(Zhang Fei) ကလည်း စစ်တိုက်ချင်နေသည်။ နှစ်ဖက်စလုံးက သဘောတူမည့်ပုံမပေါ်ချေ။
ထိုစဉ် “လွီပု”(Lu Bu) က သူ၏ သုံးခွလှံကို သယ်ခဲ့ရန် နောက်လိုက်များကို အမိန့်ပေးသည်။ “လွီပု”(Lu Bu) သည် သူ၏ ညာဖက်တွင် သိမ့်မွေ့ဟန်ရှိသော်လည်း ကြောက်မက်ဖွယ်ထိရောက်သော လှံကို တင်းတင်းဆုပ်ကိုင်ထားလေသည်။ ထိုအရာကိုမြင်သော် ဧည့်သည် ၂ ယောက်မှာ စိတ်မသက်မသာဖြစ်ပြီး သွေးဆုတ်သွားသည်။

ထို့နောက် “လွီပု”(Lu Bu) က လှံကို မြို့တံခါးအလွန်တွင် စိုက်ထူစေပြီး “မြို့တံခါးဟာ ဒီကနေ ခြေလှမ်း ၁၅၀ ဝေးတယ်။ အကယ်၍ ငါ့သုံးခွလှံရဲ့ ဝဲဖက်လှံခေါင်းထိပ်ကို မြားနဲ့ထိအောင် ပစ်နိုင်ရင် ၂ ယောက်လုံး တပ်ဆုတ်ရမယ်။ လွဲခဲ့ရင် မင်းတို့သွားပြီး ချက်ချင်းစစ်ပြင်ပါ။ ငါပြောတာကို လက်မခံရင်တော့ ငါက ထိပ်တိုက်ရင်ဆိုင်မှာပဲ။” ဟုဆိုသည်။ 
“ကျီလင်”(Ji Ling) က “ဒီလောက်အကွာအဝေးက ပစ်မှတ်သေးသေးလေးကို ထိအောင် ဘယ်သူမှမပစ်နိုင်ပါဘူး” ဟု တွေးကာ သတောတူလိုက်သည်။ “လျူဘေ့”(Liu Bei) ကလည်း လက်ခံသည်။
သို့နှင့် အားလုံးပြန်ထိုင်ကာ သေရည်သောက်ကြသည်။ အတော်အတန်သောက်ပြီးသော် “လွီပု”(Lu Bu) က လေးနှင့် မြားတောင်းသည်။ “လျူဘေ့”(Liu Bei) က ထိစေရန် တိတ်တဆိတ်ဆုတောင်းနေသည်။
“လွီပု”(Lu Bu) က ဝတ်ရုံလက်မောင်းစကို ဆွဲတင်ကာ မြားကိုသေချာစွာတင်ပြီး လေးကြိုးကို အဆုံးထိဆွဲသည်။ လေးမှာ လခြမ်းကွေးကဲ့သို့ ကွေးညွတ်သည့်နည်းတူ “လွီပု”(Lu Bu) ပါးစပ်မှလည်း အာမေဋိတ်တချို့ လွတ်ထွက်သွားသည်။ လေးကြိုးမှာ တွမ်ခနဲ မြည်သွားပြီး မြားမှာ ကြယ်ကြွေသကဲ့သို့ ပြေးထွက်သွားသည်။ ပစ်မှတ်ကို တည့်တည့်ထိမှန်လေသည်။ အားလုံးက အော်ဟစ်ချီးကျူးကြလေသည်။ 
“လွီပု”(Lu Bu) က သူ၏အောင်မြင်မှုအတွက် ကျယ်လောင်စွာ ရယ်မောလေသည်။ လေးကို ပြန်ချရင်း ဧည့်သည် ၂ ယောက်ကို ပခုံးပုတ်ကာ “ကောင်းကင်ရဲ့ အလိုပေပဲ။ မင်းတို့ စစ်ပြေငြိမ်းကြတော့။” ဟုဆိုလေသည်။

ထို့နောက် စစ်သားများကို သေရည်ခွက်ကြီးများသယ်ဆောင်စေကာ အားလုံးသောက်ကြသည်။ “လျူဘေ့”(Liu Bei) သည် စိတ်ထဲတွင် ကံကောင်းလှသည် ဟု တွေးနေသည်။ “ကျီလင်”(Ji Ling) မှာ ဘာမှမပြောနိုင်ပဲ ခေါင်းညိတ်နေလေသည်။
“ကျီလင်”(Ji Ling) က “စစ်သူကြီးအမိန့်ကို မလွန်ဆန်နိုင်ပါဘူး။ ငါ့ကိုပြန်ခွင့်ပြုပါ။ ငါ့အရှင်က ယုံပါ့မလား ၊ ဘာပြောမလဲတော့မသိဘူး။” ဟုဆိုသည်။ “လွီပု”(Lu Bu) က “ငါ စာ ၁ စောင်ရေးပြီး သက်သေခံပေးပါမယ်။” ဟုဆိုသည်။ အကြိမ်အနည်းငယ်ထပ်မံသောက်သုံးကြပြီးနောက် “ကျီလင်”(Ji Ling) ကစာကို ယူကာ ပြန်လေသည်။
“လျူဘေ့”(Liu Bei) တို့ပြန်သော် “လွီပု”(Lu Bu) က “ငါ ဒီနေ့မင်းကို ကူခဲ့တာ မမေ့ပါနဲ့။” ဟုထပ်မံသတိပေးသည်။ “လျူဘေ့”(Liu Bei) ကကျေးဇူးတင်ကာ ပြန်ခဲ့သည်။ နောက်နေ့တွင် စခန်းများဖျက်ကာ တပ်ဆုတ်ခဲ့ကြသည်။

“ကျီလင်”(Ji Ling) လည်း ပြန်ရောက်သော် အကြောင်းစုံရာတင်လျှောက်သည်။ “ယွမ်စု”(Yuan Shu) မှာ လွန်စွာစိတ်ဆိုးကာ ““လွီပု”(Lu Bu) က ငါ့လက်ဆောင်တွေအတွက် ကျေးဇူးဆပ်လိုက်တာပေါ့လေ။ ငါကိုယ်တိုင်ဦးဆောင်ပြီး သူတို့ ၂ ယောက်လုံးနဲ့ စာရင်းရှင်းမယ်။” ဟုမြည်ကြွေးလေသည်။
“ကျီလင်”(Ji Ling) က “သတိထားပါ အရှင်။ “လွီပု”(Lu Bu) က သူရဲကောင်းတိုင်းလိုလိုထက် ရဲရင့်တယ်။ သန်မာတယ်။ နယ်မြေအကျယ်ကြီးကိုလည်း ပိုင်ထားတယ်။ သူနဲ့ “လျူဘေ့”(Liu Bei) ဟာ အင်အားကြီးတဲ့ အတွဲအဖက်မို့လို့ ဖြိုခွင်းရခက်တယ်။ တခြားနည်းလမ်းရှိပါတယ်။ “လွီပု”(Lu Bu) ရဲ့ကြင်ယာတော် Yan ကတော်မှာ အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးတစ်ယောက်ရှိတယ်။ အရှင့်သားနဲ့ လက်ဆက်စေပြီး “လွီပု”(Lu Bu) နဲ့ မဟာမိတ်ဖွဲ့လိုက်ပါ။ ဒါဆိုရင် “လွီပု”(Lu Bu) က အရှင့်ရဲ့ရန်သူကို သတ်ပေးရမယ့်တာဝန်ရှိသွားပြီ။” ဟုဆိုသည်။

“ယွမ်စု”(Yuan Shu) က လက်ခံကာ လက်ဆောင်များနှင့်အတူ “ဟန်ရင်”(Han Yin) ကို စေလွှတ်သည်။ “ဟန်ရင်”(Han Yin) က “လွီပု”(Lu Bu) ကိုတွေ့သော် “ငါ့အရှင်က သင့်အိမ်တော်နဲ့ မင်္ဂလာလမ်းခင်းကာ ဟိုယခင်က Qin နဲ့ Jin ပြည်တို့လို ဘယ်တော့မှမပျက်ပြားမယ့် မဟာမိတ်ဖွဲ့လိုပါတယ်။” ဟုပြောသည်။
“လွီပု”(Lu Bu) သည် ထိုအစီအစဉ်ကို များစွာသဘောမကျပေ။ သို့သော် Yan ကတော်နှင့် တိုင်ပင်ရန်သွားလေသည်။ “လွီပု”(Lu Bu) တွင် မိန်းမ ၂ ယောက်နှင့် မယားငယ် ၁ ယောက်ရှိလေသည်။ ဦးစွာ ရန် ကတော်ကို လက်ထပ်ပြီး တရားဝင်မိန်းမဖြစ်သည်။ ထို့နောက် “သောင်းချန်”(Diao Chan) ကို မယားငယ်အဖြစ်ယူလေသည်။ ရှောင်ဖေ တွင်နေထိုင်စဉ် “ချောင်ပေါက်”(Cao Bao) ၏သမီး ချောင် ကတော်ကို ယူလေသည်။ ချောင် ကတော်မှာ ငယ်စဉ်ကပင်ဆုံးပါးသွားပြီး ကလေးအဖတ်မတင်ပေ။ “သောင်းချန်”(Diao Chan) တွင်လည်း ကလေးမရှိပေ။ ထို့ကြောင့် “လွီပု”(Lu Bu) တွင် ဤသမီးတစ်ယောက်သာ ရှိပြီး လွန်စွာချစ်ခင်လေသည်။
ရန် ကတော်နှင့်တိုင်ပင်သော် 
ရန် ကတော်: “Yuan မျိုးနွယ်တွေက ဟွိုင်မြစ်တဝိုက်ကို ကြီးစိုးထားတာ နှစ်အတော်ကြာပြီ။ သူတို့မှာ စစ်တပ်အကြီးကြီးလည်းရှိတယ်။ ချမ်းလည်း ချမ်းသာတယ်။ တစ်နေ့ကျ Yuan တစ်ယောက်ယောက်သာ ဘုရင်ဖြစ်ရင် ငါတို့သမီးက မိဖုရားခေါင်ကြီးဖြစ်လိမ့်မယ်။ နေပါဦး ၊ “ယွမ်စု”(Yuan Shu) မှာ သား ဘယ်နှစ်ယောက် ရှိတာလဲ။”
“လွီပု”(Lu Bu): “ဒီတစ်ယောက်ပဲ။”
Yan ကတော်: “ဒါဆိုရင် လက်ခံသင့်တယ်။ ငါတို့သမီး မိဖုရားခေါင်ကြီးမဖြစ်တောင် ရွှီကျိုး အတွက် မဟာမိတ်အသစ်ရမယ်။”

“လွီပု”(Lu Bu) လည်း သဘောတူကာ ဆက်သားကို ရက်ရောစွာ ဆက်ဆံသည်။ “ဟန်ရင်”(Han Yin) လည်း သတင်းကောင်းသယ်ကာ ပြန်လေသည်။ ထို့နောက် မင်္ဂလာလက်ဖွဲ့များနှင့်အတူ “ဟန်ရင်”(Han Yin) က သတို့သမီးမိသားစုထံ သွားသည်။ ကောင်းမွန်စွာ ဧည့်ခံကြိုဆိုကြလေသည်။
နောက်နေ့တွင် “ချန်ကုန်း”(Chen Gong) သည် ဆက်သားဆီသွားသည်။ အပြန်အလှန်ဂါရဝပြုပြီးနောက် ထိုင်ကာ စကားပြောကြသည်။ ကျေးကျွန်များကို ထွက်စေပြီးနောက် 
“ချန်ကုန်း”(Chen Gong): “ဒီမင်္ဂလာပွဲကို အကြောင်းပြုပြီး “ယွမ်စု”(Yuan Shu) နဲ့ “လွီပု”(Lu Bu) ကို မဟာမိတ်ဖွဲ့စေပြီး “လျူဘေ့”(Liu Bei) ခေါင်းကို ပြတ်စေမှာ ဘယ်သူ့အကြံလဲ။”
“ဟန်ရင်”(Han Yin) က ကြောက်လန့်စွာ 
“ဟန်ရင်”(Han Yin): “ဒီသတင်းမပြန့်စေဖို့ ငါဆုတောင်းပါတယ်။” 
“ချန်ကုန်း”(Chen Gong): “လျှို့ဝှက်ထားမှာပါ။ ဒါပေမဲ့ နှောင့်နှေးနေရင်တော့ တခြားလူတွေ သိသွားနိုင်တယ်။ သိသွားရင် မအောင်မြင်နိုင်တော့ဘူး။”
“ဟန်ရင်”(Han Yin): “ဘာလုပ်ရင် ကောင်းမလဲ။”
“ချန်ကုန်း”(Chen Gong): ““လွီပု”(Lu Bu) ကိုတွေ့ပြီး သတို့သမီးကို မြန်မြန်ပို့ဖို့ ပြောလိုက်မယ်။”
“ဟန်ရင်”(Han Yin): “ဒီကိစ္စအောင်မြင်ရင် အရှင်က မင်းကို ကောင်းကောင်းဂုဏ်ပြုမှာပါ။”
“ချန်ကုန်း”(Chen Gong) လည်း ပြန်လာပြီး “လွီပု”(Lu Bu) ကိုသွားတွေ့သည်။ 
“ချန်ကုန်း”(Chen Gong): “အရှင့်သမီးနဲ့ “ယွမ်စု”(Yuan Shu) သားနဲ့ မင်္ဂလာဆောင်မယ်ဆို။ ဘယ်တော့လည်းဆိုတာ မသိရသေးပါလား။”
“လွီပု”(Lu Bu): “မဆုံးဖြတ်ရသေးပါဘူး။”
“ချန်ကုန်း”(Chen Gong): “မင်္ဂလာလက်ဖွဲ့ပို့ချိန်နဲ့ မင်္ဂလာဆောင်ချိန်ကြားကာလ ကြာမြင့်ချိန်ကို သတ်မှတ်ထားတဲ့စည်းမျဉ်းတွေ ရှိပါတယ်။ မင်းမျိုးမင်းနွယ်တွေက ၁ နှစ် ၊ မှူးမတ်တွေက နှစ်ဝက် ၊ အရာရှိတွေက သုံးလ နဲ့ သာမန်လူတွေက တစ်လပါ။”
“လွီပု”(Lu Bu): ““ယွမ်စု”(Yuan Shu) အတွက်ဆိုရင် သူ့လက်ထဲမှာ ဧကရာဇ်တံဆိပ်တော် ရှိနေပြီ။ တစ်နေ့မှာ ဘုရင်နေရာရောက်မှာ အသေအချာပဲ။ ဒါဆိုရင် မင်းမျိုးမင်းနွယ်ထုံးစံကို သုံးရမယ်ထင်တယ်။”
“ချန်ကုန်း”(Chen Gong): “မဟုတ်ဘူး။”
“လွီပု”(Lu Bu): “ဒါဆို မှူးမတ်ထုံးစံလား။”
“ချန်ကုန်း”(Chen Gong): “အဲဒါလည်း မဟုတ်ဘူး။”
“လွီပု”(Lu Bu): “ဒါဆို အရာရှိထုံးစံလား။”
“ချန်ကုန်း”(Chen Gong): “အဲဒါလည်း မဟုတ်ပြန်ဘူး။”
“လွီပု”(Lu Bu) က ရယ်မောကာ
“လွီပု”(Lu Bu): “သာမန်လူထုံးစံအတိုင်းလုပ်ဖို့ ပြောတာတော့ မဟုတ်ပါဘူးနော်။”
“ချန်ကုန်း”(Chen Gong): “မဟုတ်ပါဘူး။”
“လွီပု”(Lu Bu): “ဒါဆို ဘာကိုဆိုလိုချင်တာလဲ။”

“ချန်ကုန်း”(Chen Gong): “အခုလို မှူးမတ်တွေ အကြီးအကျယ်ပြိုင်ဆိုင်နေကြတဲ့အချိန်မှာ တခြားလူတွေက ဒီမင်္ဂလာဆောင်ကို မနာလိုနေလိမ့်မယ်။ မင်္ဂလာရက်နောက်ကျလေလေ ချောင်းမြောင်းတိုက်ခိုက်ခံရပြီး သတို့သမီးအဖမ်းခံရဖို့ အခွင့်အရေးများလေလေပဲ။ ငါ့အမြင်ကတော့ ငြင်းလိုက်ရင် ပိုကောင်းမယ်။ ဒါပေမဲ့ လက်ခံလိုက်ပြီဆိုတော့ တခြားနယ်စား ၊ မှူးမတ်တွေမသိခင် နှောင့်နှေးခြင်းမရှိ ချက်ချင်း ရှိုချွန်း ကို ပို့ဆောင်ပါ။ ဟိုရောက်မှ နေရာတစ်ခုငှားပြီး မင်္ဂလာရက်မရောက်ခင်အထိ စောင့်ဆိုင်းလို့ရပါတယ်။ ဒီလိုမှပဲ ရှုံးနိမ့်မယ့်အခြေအနေကို ရှောင်လွှဲနိုင်မှာပါ။”

“လွီပု”(Lu Bu): “မင်းပြောတာ မှန်တယ်။”
ထို့နောက် အတွင်းဆောင်သို့ဝင်ကာ သတို့သမီးကို ချက်ချင်းပို့ဆောင်မည့်အကြောင်း ၊ အဝတ်အစား အသုံးအဆောင်တို့ အမြန်ပြင်ဆင်ပေးရန် မိန်းမကို ပြောသည်။ ထို့နောက် မြင်းကောင်းများကို ကိုယ်တိုင်ရွေးချယ်ကာ မင်္ဂလာလှည်းကို ပြင်ဆင်စေသည်။ စောင့်ကြပ်ပို့ဆောင်မည့်အဖွဲ့တွင် “ဟန်ရင်”(Han Yin) နှင့် “လွီပု”(Lu Bu) ၏စစ်သူကြီးများဖြစ်သော “စုန်းရှန်”(Song Xian) နှင့် “ဝေရွှီ”(Wei Xu) တို့ပါဝင်သည်။ သီချင်းများတီးမှုတ်ရင်း စတင်ထွက်ခွာကြသည်။

ထိုအချိန်တွင် “ချန်တန်”(Chen Deng) ၏အဖေ “ချန်ကွေး”(Chen Gui) သည် ဘဝနေဝင်ချိန်ကို စောင့်ဆိုင်းနေသော သူ ဖြစ်သည်။ သီချင်းသံကြား၍ မေးသော် ကျေးကျွန်များက အကြောင်းကို ပြောပြသည်။ “သူတို့တွေ ‘သူစိမ်းအထက်ကဆွေမျိုး’ ဗျူဟာကို သုံးတော့မယ်။ “လျူဘေ့”(Liu Bei) တော့ အန္တရာယ်ရှိပြီ။” ဟုရေရွတ်သည်။
သို့နှင့် အိုမင်းနုံးချိနေသော်လည်း “လွီပု”(Lu Bu) ထံသွားသည်။
“လွီပု”(Lu Bu): “အဘယ်အကြောင်းနဲ့ ရောက်လာပါသလဲ။”
“ချန်ကွေး”(Chen Gui): “မင်းသေပြီကြားလို့ ဝမ်းနည်းလို့လာတာပါ။”
“လွီပု”(Lu Bu): “ဘယ်သူပြောလို့လဲ။”
“ချန်ကွေး”(Chen Gui): “တချိန်က “လျူဘေ့”(Liu Bei) ကိုသတ်မယောင်နဲ့ “ယွမ်စု”(Yuan Shu) ဆီက လက်ဆောင်ယူပြီး လှည့်ကွက်သုံးပြီး ရှောင်ထွက်သွားတယ်။ အခုချက်ချင်းပဲ မင်္ဂလာပွဲကို စီစဉ်ပြီး မင်း သမီးကို ထိန်းထားဖို့ ကြံတယ်။ နောက်အကွက်က ရှောင်ဖေ ကို တိုက်မှာပဲ။ ဒါပြီးရင် မင်းကဘယ်လိုဖြစ်မလဲ။ နောင်မှာ သူတို့က ဆန်ဆိုဆန် ၊ စစ်ကူဆိုစစ်ကူ ဘာတောင်းတောင်းပေးရမှာ။ ပေးရင်လည်း မင်းအဆုံးသတ်ကနီးပြီ။ ငြင်းရင်လည်း ဆွေမျိုးတာဝန်မကျေပွန်တာအကြောင်းပြပြီး တိုက်လို့ရတယ်။ နောက်ပြီး “ယွမ်စု”(Yuan Shu) က ဘုရင်ဖြစ်ချင်တာ ၊ သူ သူပုန်ထရင် မင်းကအလိုလို သူပုန်မိသားစုဖြစ်သွားပြီ။ လူအများက လက်ခံမှာ မဟုတ်ဘူး။”

“လွီပု”(Lu Bu) မှာများစွာစိတ်အနှောင့်အယှက်ဖြစ်သွားသည်။
“လွီပု”(Lu Bu): “ငါ “ချန်ကုန်း”(Chen Gong) လှည့်စားတာခံရပြီ။”
ထို့နောက် “ကျန်းလျောင်”(Zhang Liao) ကို အလောတကြီးစေလွှတ်ကာ ၁၀ မိုင်မျှရောက်နေပြီဖြစ်သော မင်္ဂလာလှည်းကိုပြန်ခေါ်စေသည်။ ပြန်ရောက်သော် “ဟန်ရင်”(Han Yin) ကို ထောင်ထဲထည့်သည်။ သတို့သမီးအသုံးအဆောင်များ မပြည့်စုံသေး၍ မင်္ဂလာမဆောင်နိုင်သေးပါ ဟု “ယွမ်စု”(Yuan Shu) ထံ စာပို့လိုက်သည်။

“ချန်ကွေး”(Chen Gui) က “ဟန်ရင်”(Han Yin) ကို မြို့တော် ရွှီချန် ဆီပို့စေချင်သော်လည်း “လွီပု”(Lu Bu) က တွန့်ဆုတ်နေသည်။ ထိုစဉ် “လျူဘေ့”(Liu Bei) က အကြောင်းထူးမရှိဘဲ စစ်သားနှင့် မြင်းများစုဆောင်းနေကြောင်း သတင်းကြားလိုက်ရသည်။ “သူ့အလုပ်သူလုပ်တာပဲ ၊ အံ့သြစရာမဟုတ်ပါဘူး။” ဟု တွေးမိသော်လည်း “စုန်းရှန်”(Song Xian) နှင့် “ဝေရွှီ”(Wei Xu) တို့က ရောက်လာပြီး “အရှင့်အမိန့်အတိုင်း ဟွာစန်းတောင်ကို သွားပြီး မြင်း ၂၀၀ ဝယ်ခဲ့ပါတယ်။ အပြန်မှာ ရှောင်ဖေ နယ်စပ်ရောက်တော့ ဓားပြတိုက်ခံရပြီး တဝက်ကျော်ပါသွားတယ်။ ဓားပြတွေက တကယ်တော့ “ကျန်းဖေး”(Zhang Fei) နဲ့ သူ့လူတွေလို့ ကြားပါတယ်။” ဟုဆိုလေသည်။
“လွီပု”(Lu Bu) လည်းလွန်စွာဒေါသထွက်ကာ ရှောင်ဖေ ကို ချီတက်လေသည်။ “လျူဘေ့”(Liu Bei) ကြားသော် စစ်တပ်ပြင်လျက် ထွက်တွေ့သည်။ စစ်တပ် ၂ ခု ရင်ဆိုင်မိကြသည်။ “လျူဘေ့”(Liu Bei) က ရှေ့ထွက်ကာ 

“လျူဘေ့”(Liu Bei): “အစ်ကိုကြီး ၊ ဘာလို့ ကျွန်တော့်ဆီ စစ်ချီလာတာပါလဲ။”
“လွီပု”(Lu Bu): “မင်းကို အန္တရာယ်တွင်းကနေ ကယ်ထားတာ။ မင်းက ငါ့မြင်းတွေကို ဘာလို့ခိုးရတာလဲ။”
“လျူဘေ့”(Liu Bei): “မြင်းလိုချင်လို့ မြင်းတွေကို ဝယ်ခိုင်းထားရုံပါ။ အစ်ကိုကြီးမြင်းတွေ ယူရဲပါ့မလား။”
“လွီပု”(Lu Bu): “မင်းညီ “ကျန်းဖေး”(Zhang Fei) က ငါ့မြင်း ၁၅၀ ခိုးသွားတယ်။ မင်းက လူစား လုပ်ခိုင်းတာပဲ။”
“ကျန်းဖေး”(Zhang Fei) က လှံကိုင်ရင်း ရှေ့ထွက်ကာ
“ကျန်းဖေး”(Zhang Fei): “ဟုတ်တယ်။ မင်းရဲ့ မြင်းကောင်းတွေ ငါခိုးတာ။”
“လွီပု”(Lu Bu): “သူခိုး…မင်း ငါ့ကို အမြဲမချေမငံဆက်ဆံတယ်။”
“ကျန်းဖေး”(Zhang Fei): “ဟုတ်တယ်။ မင်းမြင်းတွေကို ယူတော့ မင်းက စိတ်ဆိုးတယ်။ ငါ့အစ်ကိုရဲ့နယ်ကိုသိမ်းတုန်းက မင်းအသံမထွက်ဘူး။”

“လွီပု”(Lu Bu) လည်းဒုန်းစိုင်းကာ တိုက်ရန်ပြင်သည်။ “ကျန်းဖေး”(Zhang Fei) လည်းရှေ့ထွက်လာသည်။ သူရဲကောင်း ၂ ယောက်လည်း အဆင်အခြင်မဲ့တိုက်ခိုက်ကြပြီး အချက် ၁၀၀ အထိ မည်သူမျှအသာမရချေ။ ညီအတွက် စိုးရိမ်သော “လျူဘေ့”(Liu Bei) က လျင်မြန်စွာ မောင်းတီးကာ တပ်ဆုတ်စေသည်။ 
“လျူဘေ့”(Liu Bei) က ညီကိုခေါ်ကာ ဆူပူသည်။
“လျူဘေ့”(Liu Bei): “မြင်းတွေ ဘယ်မှာလဲ။”
“ကျန်းဖေး”(Zhang Fei): “ဘုရားကျောင်းတွေနဲ့ နန်းဆောင်တွေမှာ”
“လျူဘေ့”(Liu Bei) က ဆက်သားတစ်ယောက်ကို ခေါ်ကာ ခိုးထားသောမြင်းများပြန်ပေးပြီး စစ်ပြေငြိမ်းရန် ကမ်းလှမ်းသည်။ “လွီပု”(Lu Bu) က လက်ခံလိုသော်လည်း “ချန်ကုန်း”(Chen Gong) ကကန့်ကွက်သည်။ ““လျူဘေ့”(Liu Bei) ရှိနေရင် အရှင့်အတွက် ပြဿနာတွေထပ်တက်နေမှာပဲ။” ဟုဆိုသည်။ ထို့ကြောင့် ငြင်းပယ်ကာ မြို့ကို ပိုမို ဖိတိုက်သည်။

“လျူဘေ့”(Liu Bei) က Mi Zhu နှင့် “စွန်းချန်”(Sun Qian) ကိုခေါ်ကာ တိုင်ပင်သည်။
“စွန်းချန်”(Sun Qian): ““ချောင်ချောင်း”(Cao Cao) မကြိုက်တဲ့ တစ်ဦးတည်းသောသူက “လွီပု”(Lu Bu) ပဲ။ မြို့ကိုစွန့်ခွာပြီး “ချောင်ချောင်း”(Cao Cao) ထံ ခိုလှုံမယ်။ သူ့ဆီက စစ်ကူတောင်းပြီး “လွီပု”(Lu Bu) ကိုနှိမ်နင်းမယ်။”
“လျူဘေ့”(Liu Bei): “ငါတို့ဆုတ်ခွာရင် ဘယ်သူဦးဆောင်မလဲ။”
“ကျန်းဖေး”(Zhang Fei): “ကျွန်တော် အကောင်းဆုံးကြိုးစားပါမယ်။”

သို့နှင့် “ကျန်းဖေး”(Zhang Fei) ရှေ့မှ ဦးဆောင်ကာ “ကွမ်းယွီ”(Guan Yu) က နောက်ကို ကာကွယ်လျက် အလယ်တွင် “လျူဘေ့”(Liu Bei) နေသည်။ လသာသာအောက်တွင် မြောက်ဖက်တံခါးမှ ထွက်ခဲ့ကြသည်။ “စုန်းရှန်”(Song Xian) နှင့် “ဝေရွှီ”(Wei Xu) တို့၏တပ်များနှင့် တွေ့သော်လည်း “ကျန်းဖေး”(Zhang Fei) က တိုက်ထုတ်ကာ အခက်အခဲမရှိထွက်ခွာနိုင်ခဲ့သည်။ “ကျန်းလျောင်”(Zhang Liao) က လိုက်လံဖမ်းဆီးသော်လည်း “ကွမ်းယွီ”(Guan Yu) ကို မကျော်နိုင်ပေ။ “လွီပု”(Lu Bu) မှာ မကျေနပ်သော်လည်း ကိုယ်တိုင်လိုက်လံမဖမ်းဆီးပေ။ မြို့တွင်းသို့ ဝင်ကာ တည်ငြိမ်အောင်လုပ်၍ Gao Shun ကို မြို့စားခန့်လိုက်သည်။
“လျူဘေ့”(Liu Bei) သည် ရွှီချန် နား ချဉ်းကပ်လာပြီး မြို့ပြင်တွင် စခန်းချလေသည်။ ထိုစဉ် “စွန်းချန်”(Sun Qian) က “ချောင်ချောင်း”(Cao Cao) ထံသွားကာ အကျိုးကြောင်းပြောပြသည်။ “ချောင်ချောင်း”(Cao Cao) က ဖော်ရွေစွာ ဖိတ်ခေါ်လေသည်။

“လျူဘေ့”(Liu Bei) သည် ညီ ၂ ယောက်ကို စခန်းတွင် ထားခဲ့ကာ “စွန်းချန်”(Sun Qian) နှင့် Mi Zhu တို့နှင့်အတူ “ချောင်ချောင်း”(Cao Cao) ကိုဝင်တွေ့သည်။ “ချောင်ချောင်း”(Cao Cao) က လေးစားစွာ ကြိုဆိုသည်။ ထို့နောက် “လွီပု”(Lu Bu) အကြောင်း တဖန်ပြောကြသည်။ “သူမှာ အမှားအမှန်မရှိဘူး။ ငါတို့ ညီအစ်ကို ၂ ယောက် သူ့ကို အတူတူတိုက်ကြမယ်။” ဟု “ချောင်ချောင်း”(Cao Cao) ကပြောလေသည်။
“လျူဘေ့”(Liu Bei) မှာ များစွာ ဝမ်းမြောက်လေသည်။ ထို့နောက် ညစာစားပွဲကို ကျင်းပသည်။
“ရွှင်ယွိ”(Xun Yu) က “အရှင် သတိလစ်တဲ့အချိန်မှာ “လျူဘေ့”(Liu Bei) က အရှင်ကို ပျက်စီးစေလိမ့်မယ်။ သူ့ကို ရှင်းလင်းထားသင့်တယ်။ သူက သိပ်ကို သူရဲကောင်းဆန်လွန်းတယ်။” ဟု အကြံပေးသည်။ “ချောင်ချောင်း”(Cao Cao) က နှုတ်ဆိတ်နေလေသည်။ ထိုစဉ် “ကောကျား”(Guo Jia) ရောက်လာသော် “ငါ့ကို “လျူဘေ့”(Liu Bei) ကိုသုတ်သင်ဖို့ အကြံပေးနေတယ်။ ဘယ်လိုသဘောရလဲ။” ဟုမေးသော် “ကောကျား”(Guo Jia) က “မသင့်တော်ပါ အရှင်။ မင်းက အခု လူတွေကို ဖိနှိပ်ခံဘဝကနေ လွတ်မြောက်စေတယ်လို့ ကျော်ကြားနေတယ်။ မှန်ကန်ပြီး အကျင့်ကောင်းမွန်မှသာ မြင့်မြတ်သူတို့ရဲ့ ထောက်ခံမှုကို ရမယ်။ သူတို့မထောက်ခံမှာကိုသာ အရှင်စိုးရိမ်ရမှာပါ။ အခု “လျူဘေ့”(Liu Bei) က သူရဲကောင်း ၊ သူက လာခိုလှုံတာကို သတ်ပစ်မယ်ဆိုရင် လူကောင်းတွေကို ခြောက်ခြားစေပြီး အကြံပေးတွေရဲ့ ရင်ထဲမှာ အကြောက်တရားကြီးစိုးသွားမယ်။ ဒါဆိုရင် အရှင် အကူအညီလိုတော့ ဘယ်လိုလုပ်မလဲ။ အန္တရာယ်တစ်ခုကိုတော့ ဖယ်ရှားနိုင်ပါရဲ့ ၊ ကိုယ့်ပုံရိပ်ကျဆင်းမယ်ဆိုရင်တော့ ဒါဟာ ပျက်စီးခြင်းပေပဲ။ သေချာသုံးသပ်ဖို့လိုပါတယ်။” ဟု လျှောက်တင်လေသည်။

“ချောင်ချောင်း”(Cao Cao) က “ငါ့အတွေးနဲ့ တထပ်တည်းပဲ။” ဟုဝမ်းမြောက်စွာ ဆိုလေသည်။ ထို့နောက် “လျူဘေ့”(Liu Bei) ကို ယွီကျိုးနယ်စား ခန့်အပ်ရန် ဘုရင်ကို တင်ပြသည်။ "ချန်ယွီ"(Cheng Yu) က ထပ်မံ၍ ““လျူဘေ့”(Liu Bei) က သူများလက်အောက်မှာ အမြဲနေမယ့်လူမျိုးမဟုတ်ဘူး။ တချိန်ချိန်မှာ ထိပ်ကို ရောက်မှာပဲ။ သူ့ကို ရှင်းလင်းထားသင့်တယ်။” ဟုဆိုသည်။ “ချောင်ချောင်း”(Cao Cao) က “အခုချိန်က လူတော်တွေကို ကောင်းကောင်းအသုံးချရမယ့်အချိန်ပဲ။ လူတစ်ယောက်အတွက်နဲ့ နာမည်ပျက်မခံနိုင်ဘူး။ “ကောကျား”(Guo Jia) နဲ့ ငါနဲ့ အတွေးတူတယ်။” ဟုပြန်ပြောလေသည်။

“ချောင်ချောင်း”(Cao Cao) က “လျူဘေ့”(Liu Bei) ကို ဆန့်ကျင်သည့်အကြံအားလုံးကို ငြင်းပယ်သည်။ ထို့နောက် စစ်သား ၃ ထောင်နှင့် ဆန်လှည်း ၁ သောင်းပေးကာ ယွီကျိုးကို ချီစေသည်။ “လျူဘေ့”(Liu Bei) အလုပ်မှာ ရှောင်ဖေ ကိုပြန်ပြီး သိမ်းပိုက်ကာ သူ၏အရင်တပ်သားများနှင့် ပေါင်းစည်း၍ “လွီပု”(Lu Bu) ကိုတိုက်ရန်ဖြစ်သည်။

“လျူဘေ့”(Liu Bei) သည် ယွီကျိုးရောက်သော် “လွီပု”(Lu Bu) ကို တိုက်ရန်ပြင်နေသော “ချောင်ချောင်း”(Cao Cao) ကို သတင်းပို့သည်။ ထိုစဉ် သတင်းဆိုးရောက်လာသည်။ နန်ရန်ကိုတိုက်ခိုက်ရန်သွားသော “ကျန်းကျိ”(Zhang Ji) သည် မြားဒဏ်ရာဖြင့် သေဆုံးသွားပြီး သူ၏တူ “ကျန်းရှို့”(Zhang Xiu) က စစ်တပ်ကို ဆက်ခံကာ “ကျာရွှီ”(Jia Xu) ကိုဗျူဟာမှူးတင်မြှောက်ထားသည်။ “လျူပြောင်း”(Liu Biao) နှင့် ပူးပေါင်းကာ ဝမ်ချန်တွင် စခန်းချနေသည်။ သူတို့က မြို့တော်ကို တိုက်ခိုက်ပြီး ဘုရင့်လူဖြစ်ချင်နေကြသည် ဟုဆိုလေသည်။
“ချောင်ချောင်း”(Cao Cao) လည်းဝေခွဲမရဖြစ်နေသည်။ သူတို့ကို နှိမ်နင်းသော် “လွီပု”(Lu Bu) က မြို့တော်ကို ဝင်တိုက်မည်ကို ကြောက်ရသည်။ ထို့ကြောင့် “ရွှင်ယွိ”(Xun Yu) ကိုအကြံတောင်းသည်။ ““လွီပု”(Lu Bu) မှာ မူဝါဒခိုင်ခိုင်မာမာမရှိဘူး။ သူ့အတွက် အကျိုးရှိမယ်ထင်ရင် လုပ်တာပဲ။ ဒီတော့ သူ့ကို ရာထူးတိုးပေးပြီး ဘွဲ့နည်းနည်းထပ်တိုးပေးလိုက်ပါ။ “လျူဘေ့”(Liu Bei) နဲ့ စစ်ပြေငြိမ်းခိုင်းလိုက်ပါ။ ဒါဆို တောင်ဖက်က စိတ်ပူစရာမလိုတော့ဘူး။” ဟုဆိုလေသည်။

“ချောင်ချောင်း”(Cao Cao) လည်း သဘောကျကာ နန်းတွင်းအမတ် “ဝမ်ကျဲ”(Wang Ze) ကို ရွှီကျိုး သို့စေလွှတ်သည်။ တရားဝင်အမိန့်ပြန်စာနှင့် စစ်ပြေငြိမ်းလွှာတို့ကို ပေးပို့သည်။ တချိန်တည်းတွင် “ကျန်းရှို့”(Zhang Xiu) အန္တရာယ်ကို ရင်ဆိုင်ရန် ပြင်ဆင်လေသည်။ အဆင်သင့်ဖြစ်သော် စစ်သည် ၁ သိန်းခွဲကို စစ်ကြောင်း ၃ ကြောင်းခွဲကာ ချီတက်စေသည်။ “ရှဟိုတွန်း”(Xiahou Dun) က ရှေ့တန်းတပ်မှူးအဖြစ် ဦးဆောင်ကာ ယွီမြစ်နားတွင် စခန်းချလေသည်။
“ကျာရွှီ”(Jia Xu) သည် “ကျန်းရှို့”(Zhang Xiu) ကို ခုခံလည်းအချည်းနှီးသာဖြစ်ကြောင်း ၊ သို့ဖြစ်၍ အညံ့ခံရန် စည်းရုံးပြောဆိုနိုင်ခဲ့သည်။ သို့နှင့် “ကျန်းရှို့”(Zhang Xiu) က “ကျာရွှီ”(Jia Xu) ကို “ချောင်ချောင်း”(Cao Cao) ထံစေ့စပ်ရန် လွှတ်လိုက်သည်။ “ချောင်ချောင်း”(Cao Cao) လည်း “ကျာရွှီ”(Jia Xu) ၏သွက်လက်ပြီး စကားပြောကောင်းပုံကို များစွာသဘောကျ ကျေနပ်ကာ သူ့ဖက်ပါရန် ဆွဲဆောင်တော့သည်။ “ကျာရွှီ”(Jia Xu) က “အရင်က “လီကျွယ်”(Li Jue) ကို ခစားခဲ့ပြီး နောင်အပြစ်ပြုမိတယ်။ အခု “ကျန်းရှို့”(Zhang Xiu) က င့ါအကြံကို တောင်းခံနေတော့ သူ့ကိုစွန့်ခွာဖို့ မသင့်ဘူး။” ဟု အဖြေပေးသည်။

“ကျာရွှီ”(Jia Xu) လည်းပြန်သွားပြီး နောက်နေ့တွင် သူ့အရှင်ကို “ချောင်ချောင်း”(Cao Cao) ထံခေါ်သွားသည်။ “ချောင်ချောင်း”(Cao Cao) သည်လွန်စွာရက်ရောလေသည်။ စစ်တပ်ကို ၃ မိုင်အကွာတွင် ထားခဲ့ပြီး တပ်အနည်းငယ်ဖြင့် မြို့တွင်းဝင်သည်။ “ကျန်းရှို့”(Zhang Xiu) က ဧည့်ခံပွဲများ နေ့စဉ်ကျင်းပပေးပြီး “ချောင်ချောင်း”(Cao Cao) မှာ ပျော်မွေ့နေလေသည်။
တစ်ရက်တွင် “ချောင်ချောင်း”(Cao Cao) စိတ်ကြည်နေပြီး မြို့ထဲတွင် သီချင်းဆိုသောမိန်းကလေးများ ရှိသလား ဟု အစောင့်များကို မေးသည်။ တူဖြစ်သူ “ချောင်အားမင်”(Cao Amin) က “မနေ့ညနေက နန်းဆောင်တစ်ဆောင်မှာ အလွန်လှပချောမောတဲ့ အမျိုးသမီးတစ်ဦးတွေ့ပါတယ်။ “ကျန်းရှို့”(Zhang Xiu) ရဲ့ ဦးလေး “ကျန်းကျိ”(Zhang Ji) ရဲ့အမျိုးသမီးလို့ဆိုပါတယ်။ နှစ်လိုဖွယ်ကောင်းသူတစ်ယောက်ပါ။” ဟုလျှောက်တင်လေသည်။
“ချောင်ချောင်း”(Cao Cao) လည်းတပ်မက်စွာ အခေါ်လွှတ်စေသည်။ အမှန်တကယ်ပင် အလှရှင်တစ်ဦးဖြစ်လေသည်။ “ချောင်ချောင်း”(Cao Cao) က သူ့နာမည်မေးသော် ကျိုးမျိုးနွယ်ဖြစ်ပြီး “ကျန်းကျိ”(Zhang Ji) ရဲ့မိန်းမပါ ဟုဖြေလေသည်။

“ချောင်ချောင်း”(Cao Cao): “ငါဘယ်သူလဲ သိသလား။”
အလှပဂေး: “နန်းရင်းဝန်ရဲ့ နာမည်ကို ကြားဖူးတာကြာပါပြီ။ အရှင်ကို ဂါရဝပြုခွင့်ရတာ ဝမ်းမြောက်လှပါတယ်။”
“ချောင်ချောင်း”(Cao Cao): “မင်းအတွက်ကြောင့် “ကျန်းရှို့”(Zhang Xiu) အညံ့ခံတာကို လက်ခံလိုက်တာ။ မဟုတ်ရင် သူ့ကို သတ်ပြီးပြီ။”
အလှပဂေး: “ဟုတ်ပါတယ်။ ကျွန်မအသက်ကို အရှင်သာပိုင်စိုးပါတယ်။ ဒီအတွက်လည်း ပျော်ရွှင်မိပါတယ်။”
“ချောင်ချောင်း”(Cao Cao): “မင်းကို မြင်ရတာ နတ်ပြည်ရောက်သွားသလိုပဲ။ ဒါပေမဲ့ ပိုကောင်းတာတစ်ခုရှိသေးတယ်။ အခုဒီမှာနေပြီး မြို့တော်ပြန်ရင် ငါနဲ့လိုက်ခဲ့ပါ။ ဘယ်လိုသဘောရသလဲ။”
အလှပဂေး: “ဒါပေမဲ့ ကျွန်မပျောက်တာကြာသွားရင် “ကျန်းရှို့”(Zhang Xiu) ကစုံစမ်းနေပြီး အတင်းတွေပြောကြလိမ့်မယ်။”
“ချောင်ချောင်း”(Cao Cao): “မင်းသဘောတူရင် နက်ဖြန် မြို့ကထွက်မယ်။”
သူလည်း သဘောတူသည်။ သို့သော် မြို့တော်ကို ချက်ချင်းမပြန်သေးဘဲ “ချောင်ချောင်း”(Cao Cao) တဲတွင် နေလေသည်။ “တျန်ဝေ”(Dian Wei) ကအထူးသက်တော်စောင့်အဖြစ် စောင့်လေသည်။ ထိုရက်များတွင် “ချောင်ချောင်း”(Cao Cao) တစ်ဦးတည်းနှင့်သာ တွေ့လေသည်။

သို့သော် “ကျန်းရှို့”(Zhang Xiu) က ထိုသတင်းကိုကြားပြီး အရှက်ရလေသည်။ “ကျာရွှီ”(Jia Xu) ကိုတိုင်ပင်သော် “သူ့ဖက်က မလှုပ်ရှားမချင်း လျှို့ဝှက်ထားပါ။” ဟုဆိုသည်။ သို့နှင့် လျှို့ဝှက်စွာ စီစဉ်ကြလေသည်။
နောက်နေ့တွင် “ချောင်ချောင်း”(Cao Cao) တဲကိုသွားကာ “အညံ့ခံတဲ့တပ်တွေက ထွက်ပြေးပြန့်ကျဲနေတော့ အရှင့်စခန်းအလယ်မှာ စုထားရင် သင့်လျော်ပါမယ်။” ဟုဆိုလေသော် “ချောင်ချောင်း”(Cao Cao) ကခွင့်ပြု၍ “ကျန်းရှို့”(Zhang Xiu) က သူ၏စစ်တပ်ကို စခန်းလေးခုသို့ ရွှေ့လေသည်။ သို့သော် “ချောင်ချောင်း”(Cao Cao) ၏ အထူးသက်တော်စောင့် “တျန်ဝေ”(Dian Wei) မှာ ရဲရင့်သလို အစွမ်းထက်သောကြောင့် ကြောက်မက်ဖွယ်ကောင်းလေသည်။ သူ့ကိုတိုက်ခိုက်ရန် “ဟူကျွဲ့အာ”(Hu Juer) နှင့်တိုင်ပင်လေသည်။ “ဟူကျွဲ့အာ”(Hu Juer) သည်လည်း လူသန်တစ်ဦးပင်ဖြစ်သည်။ ပေါင် ၆၀၀ ကို မနိုင်ပြီး တစ်နေ့လျှင် မိုင် ၂၀၀ ပြေးနိုင်လေသည်။ သူက ““တျန်ဝေ”(Dian Wei) မှာ ကြောက်စရာကောင်းတာက လှံပုဆိန် ၂ လက်ပဲ။ သူ့ကို စားပွဲဖိတ်ပြီး မူးအောင်တိုက်လိုက်မယ်။ အပြန်မှာ လိုက်သွားပြီး သူ့လက်နက်တွေခိုးထားလိုက်မယ်။ ဒါဆို သူ့ကိုကြောက်စရာမလိုတော့ဘူး။” ဟုဆိုလေသည်။
သို့နှင့် ပြင်ဆင်စရာများပြင်ဆင်ပြီးသော် စီစဉ်ထားသည့်အတိုင်းလုပ်လေသည်။ ထိုညတွင် “ချောင်ချောင်း”(Cao Cao) က Zhou ကတော်နှင့် ညစာစားနေစဉ် လူသံမြင်းသံများကြား၍ မေးသော် ညကင်း ဟုဖြေသဖြင့် ကျေနပ်သွားသည်။

ည ၂ ချက်တီးတွင် ဆူညံသံများထပ်ကြားသော် မီးလန့်သည်ဟု သတင်းပို့ကြသည်။ “စစ်သားတစ်ယောက်ယောက် မတော်တဆ မီးတုတ်လွတ်ကျတာနေမှာ ၊ စိုးရိမ်စရာမရှိဘူး။” ဟုဆိုလေသည်။ သို့သော် မကြာမီပင် မီးမှာ အဖက်ဖက်သို့ ပြန့်နှံ့လာလေသည်။ “ချောင်ချောင်း”(Cao Cao) က “တျန်ဝေ”(Dian Wei) ကို ခေါ်သော်လည်း ပုံမှန်နိုးကြားသော သူမှာ သေရည်ရစ်၍ လဲလျောင်းနေချေပြီ။ 

သို့သော် အဆက်မပြတ်တီးခတ်နေသော မောင်းများနှင့် ဗုံများကြောင့် လန့်နိုးကာ ထခုန်လိုက်သည်။ ရန်သူမှာ နီးကပ်လာပြီး လက်စွဲတော် လှံပုဆိန်က ပျောက်ဆုံးနေသည်။ လျင်မြန်စွာ အနီးရှိတပ်သား၏ဓားကို ဆွဲကာ ပြေးထွက်သွားသည်။ တံခါးတွင် လှံရှည်ကိုင်ထားသူတစ်စုကို တွေ့လေသည်။ ပြေးဝင်၍ ခုတ်လေရာ အယောက် ၂၀ ထက်မနည်းကျဆုံးလေသည်။ အခြားသူများမှာ နောက်ဆုတ်သွားသည်။ လှံများဖြင့်တော့ ဆက်လက်တိုက်ခိုက်နေသေးသည်။ သံချပ်မပါသဖြင့် များမကြာမီပင် နေရာအနှံ့တွင် ဒဏ်ရာရလေသည်။ သို့တိုင် ဓားကျိုးသည်အထိ ဆက်လက်တိုက်ခိုက်နေသည်။ ဓားကို လွှင့်ပစ်ပြီး စစ်သား ၂ ယောက်ကို ကိုင်မကာ ရန်သူများထံပစ်ခြင်းဖြင့် ဆက်လက်တိုက်ပြန်ရာ ရန်သူများမှာ အနားမကပ်ဝံ့တော့ပေ။ ထို့ကြောင့် မြားများဖြင့်ဆက်လက်ပစ်ခတ်သည်။ မြားများသည်းထန်စွာ ကျရောက်သော်လည်း တံခါးတွင် ဆက်လက်ကြံ့ကြံ့ခံထားသည်။ ထိုစဉ် အချို့က နောက်ဖက်မှ ဝင်ကာ လှံရှည်ဖြင့် နောက်ကျောကို ထိုးလေရာ “တျန်ဝေ”(Dian Wei) မှာ ကျယ်လောင်စွာအော်ဟစ်ရင်း လဲကျလေသည်။ ဒဏ်ရာမှ သွေးများ ဒလဟောထွက်ပြီးနောက် သေလေသည်။ သူသေသွားသည့်တိုင် မည်သူမျှ တံခါးမကြီးမှ မဝင်ဝံ့ပေ။

“ချောင်ချောင်း”(Cao Cao) မှာ “တျန်ဝေ”(Dian Wei) ကိုယုံကြည်စွာဖြင့် အနောက်တံခါးမှ ပြေးလေသည်။ “ချောင်အားမင်”(Cao Amin) က ခြေကျင်လိုက်လေသည်။ ထို့နောက် မြားတစ်စင်းမှာ “ချောင်ချောင်း”(Cao Cao) လက်မောင်းကို မှန်ပြီး မြင်းကို မြားသုံးစင်းမှန်လေသည်။ ကံကောင်းစွာပင် မြင်းမှာ မြင်းကောင်းဖြစ်သဖြင့် Yu မြစ်ကမ်းဆီအထိ သခင်ကို ပို့ဆောင်ပေးလေသည်။ လိုက်လံဖမ်းဆီးသူများမှာ မှီလာပြီး “ချောင်အားမင်”(Cao Amin) အသတ်ခံရသည်။ “ချောင်ချောင်း”(Cao Cao) မှာ မြစ်တစ်ဖက်ကမ်းအရောက်တွင် မြင်းမျက်လုံးကို မြားထပ်မှန်သဖြင့် လဲကျလေသည်။ “ချောင်ချောင်း”(Cao Cao) ၏သားအကြီးဆုံး “ချောင်အန်”(Cao Ang) က သူ့မြင်းကို ပေးကာ ပြေးစေသည်။ “ချောင်အန်”(Cao Ang) မှာလည်း မြားမှန်ကာ သေလေသည်။ “ချောင်ချောင်း”(Cao Cao) မှာလွတ်မြောက်သွားပြီး သူ၏တပ်များနှင့် တွေ့လေသည်။

“ရှဟိုတွန်း”(Xiahou Dun) လက်အောက်ရှိ “ယွီကျင့်”(Yu Jin) စစ်သားများသည် တောကြောင်လက်ခမောင်းခတ်ကာ ပြည်သူတို့ထံမှ ခိုးယူလုယက်ကြလေသည်။ Yu Jin က သူ့စစ်တပ်ဖြင့် များစွာသုတ်သင်ပစ်လေသည်။ ထို့နောက် ပြည်သူများကို ကာကွယ်ကာ နှစ်သိမ့်ပေးလေသည်။ ထွက်ပြေးသွားသူများက “ချောင်ချောင်း”(Cao Cao) ကိုတွေ့သော် Yu Jin ကသစ္စာဖောက်ကာ သူတို့ကိုတိုက်ခိုက်ကြောင်း တိုင်တန်းသည်။ “ချောင်ချောင်း”(Cao Cao) ကအံ့သြကာ “ရှဟိုတွန်း”(Xiahou Dun) ၊ “ရွှီချူ”(Xu Chu) ၊ “လီတျန်”(Li Dian) နှင့် Yue Jing တို့အား Yu Jin ကိုတိုက်ရန် စေခိုင်းသည်။

"ယွီကျင့်"(Yu Jin)သည် “ချောင်ချောင်း”(Cao Cao) နှင့်သူ့နောက်လိုက်များချဉ်းကပ်လာသည်ကိုမြင်သော် တိုက်ခိုက်မှုကိုရပ်စဲ၍ စခန်းချလေသည်။ အရာရှိတစ်ယောက်က ““ယွီကျင့်”(Yu Jin) စစ်သားတွေက မင်းသစ္စာဖောက်တယ်လို့ ပြောကြတာ။ မဖြေရှင်းဘဲ ဘာလို့ စခန်းအရင်ချတာလဲ။” ဟုမေးသော် "ယွီကျင့်"(Yu Jin)က “ရန်သူတွေက ငါတို့နောက်ကနေလိုက်လာတာ နီးနေပြီ။ ခံစစ်ပြင်မှရမယ်။ မဟုတ်ရင် ခံနိုင်မှာမဟုတ်ဘူး။ ရှင်းပြဖို့က အရေးမကြီးပါဘူး။ ခံစစ်က အရေးကြီးတယ်။” ဟုဖြေလေသည်။
ခံစစ်စခန်းဆောက်ပြီး မကြာမီပင် “ကျန်းရှို့”(Zhang Xiu) က တိုက်ခိုက်လေသည်။ Yu Jin ကိုယ်တိုင် မြင်းစီးထွက်ကာ ရင်ဆိုင်သည်။ “ကျန်းရှို့”(Zhang Xiu) နောက်ဆုတ်ရသည်။ Yu Jin ၏အခြားစစ်သူကြီးများက Yu Jin ကိုယ်တိုင် ရဲဝံ့စွာတိုက်ခိုက်သည်ကိုမြင်သော် ဝိုင်းဝန်းတိုက်ခိုက်ကြရာ “ကျန်းရှို့”(Zhang Xiu) ရှုံးလေသည်။ အတော်ဝေးသည်အထိ လိုက်လံတိုက်ခိုက်ကြလေရာ “ကျန်းရှို့”(Zhang Xiu) တပ်အားလုံးနီးပါး ကျလေသည်။ အနည်းငယ်မျှသောတပ်ဖြင့် "လျူပြောင်း"(Liu Biao) ထံပြေးရလေသည်။

“ချောင်ချောင်း”(Cao Cao) တပ်များပြန်လည်စုစည်းပြီး ခေါင်းဆောင်များ စုဝေးကြသည်။ ထိုအခါမှ Yu Jin က “ယွီကျင့်”(Yu Jin) စစ်သားများအကြောင်းနှင့် တိုက်ခိုက်ရသည့်အကြောင်းရင်းကို တင်ပြလေသည်။ “ဘာလို့ စခန်းမချခင် အရင်ရှင်းမပြတာလဲ” ဟုမေးသော် “ယွီကျင့်”(Yu Jin) က ယခင်ကအတိုင်းပင် ရှင်းပြသည်။ “ချောင်ချောင်း”(Cao Cao) က “ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ အခက်အခဲတွေကြားရောက်နေတဲ့အချိန်မှာ ပထမဆုံးအတွေးက ဟန်ချက်ညီထိန်းနိုင်ပြီး ခံစစ်ခိုင်မာအောင်လုပ်ဖို့ပဲ ဖြစ်ရမယ်။ အမှားကျူးလွန်မိရင် ခေါင်းရှောင်နေမယ့်အစား ကိုယ့်အပြစ်ကိုယ် တာဝန်ခံရဲရမယ်။ အခု “ယွီကျင့်”(Yu Jin) ဟာ အရှုံးကနေ အနိုင်ကိုတောင် ပြောင်းလဲခဲ့မှတော့ ဘယ်သူကများ သူ့ကို အပြစ်ပေးနိုင်တော့မလဲ။” ဟုချီးကျူးလေသည်။

“ယွီကျင့်”(Yu Jin) ကို ရွှေသံချပ်ဝတ်အင်္ကျီဆုချကာ ရီရှိုအုပ်ချုပ်သူ ခန့်လေသည်။ “ရှဟိုတွန်း”(Xiahou Dun) ကိုမူကား စစ်သားများစည်းကမ်းမရှိ၍ ဆူလေသည်။
ထို့နောက် လွန်လေသူ သူရဲကောင်း “တျန်ဝေ”(Dian Wei) အတွက် ပူဇော်လေသည်။ “ချောင်ချောင်း”(Cao Cao) ပင်လျှင် သည်းထန်စွာငိုကြွေးကာ ကြီးကျယ်စွာ ဂုဏ်ပြုလေသည်။ ထို့နောက် မှူးမတ်များဖက်လှည့်ကာ “ငါ့ရဲ့ သားကြီး သေတာတောင် ဒီလောက်ဝမ်းမနည်းရပါဘူး။ “တျန်ဝေ”(Dian Wei) အတွက် ငါငိုရတယ်။” ဟုဆိုရှာသည်။ အားလုံးမှာလည်း စိတ်မကောင်းနိုင်ပေ။ ပြီးနောက် နန်းတွင်းပြန်ရန် အမိန့်ချလေသည်။

နန်းတွင်းအမိန့်ကို သယ်ဆောင်သွားသော အမတ် “ဝမ်ကျဲ”(Wang Ze) မှာ ရွှီကျိုး ရောက်သော် အမိန့်စာကို ဖတ်ကြားသည်။ စာအရ “လွီပု”(Lu Bu) ကို အရှေ့အရပ်ကို အောင်နိုင်သော စစ်သူကြီးဘွဲ့ပေးကာ တံဆိပ်တုံးပါ အပ်နှင်းလေသည်။ သီးသန့်စာကိုပါ အပ်နှင်းပြီးနောက် ဝန်ကြီးချုပ်ကပါ ဂုဏ်ပြုလိုက်ကြောင်း ဆက်သားက ပြောသည်။ “လွီပု”(Lu Bu) များစွာကျေနပ်လေသည်။
ထို့နောက် “ယွမ်စု”(Yuan Shu) ထံမှ ဆက်သားလာလေသည်။ သူက “ကျွန်ုပ်အရှင်ရဲ့ ဘုရင်အဖြစ်ကြေညာဖို့ အစီအစဉ်က ရှေ့ဆက်နေပါပြီ။ နန်းတော်ကိုလည်း တည်ဆောက်ပြီးစီးနေပြီး မိဖုရားခေါင်နှင့် မောင်းမတို့ကို အမြန်ရွေးချယ်မှာဖြစ်ပါတယ်။ Huai မြစ်တောင်ဖက်ကိုလည်း လာမှာပါ။ သတို့သမီးကို လက်ခံဖို့ ငံ့လင့်နေပါတယ်။” ဟုဆိုသည်။

“လွီပု”(Lu Bu) က “ဒီသူပုန်က လွန်လှချည်လား။” ဟုအော်ကာ ဆက်သားကို သတ်စေသည်။ “ဟန်ရင်”(Han Yin) ကိုမူ အကျဉ်းချစေသည်။ နန်းတွင်းသို့ ကျေးဇူးတင်လွှာရေးကာ “ဟန်ရင်”(Han Yin) နှင့်အတူ ပို့စေသည်။ “ချောင်ချောင်း”(Cao Cao) ကိုလည်း သူ၏နေရာတည်မြဲရေးမှာ သေချာမှုရှိ မရှိ မေးမြန်းရန် စာပြန်လိုက်သည်။ စာကို “ချန်တန်”(Chen Deng) နှင့် ပေးခိုင်းလေသည်။

“ချောင်ချောင်း”(Cao Cao) မှာ မင်္ဂလာပွဲပျက်သည့်အတွက် ကျေနပ်နေပြီး “ဟန်ရင်”(Han Yin) ကို ဈေးနေရာတွင် ကွပ်မျက်ရန် အမိန့်ပေးလေသည်။ 
“ချန်တန်”(Chen Deng) က “ချောင်ချောင်း”(Cao Cao) ကို ““လွီပု”(Lu Bu) က ရက်စက်တယ် ၊ ညံ့ဖျင်းတယ် ၊ အတွေးတိမ်တယ်။ ကြာကြာအသက်ရှင်လေလေ ၊ ဆိုးလေလေ ဖြစ်လိမ့်မယ်။” ဟု တီးတိုးဆိုလေသည်။ 
“ချောင်ချောင်း”(Cao Cao) က ““လွီပု”(Lu Bu) အကြောင်း ကောင်းကောင်းသိတယ်။ သူက ကောက်ကျစ်တဲ့စိတ်နဲ့ ဝံပုလွေပဲ။ သူ့ကို ကြာကြာအစာကျွေးထားရင် ခက်လိမ့်မယ်။ မင်းတို့ သားအဖကြောင့် မဟုတ်ရင် ငါ အခြေအနေအရပ်ရပ်ကို သိမှာ မဟုတ်ဘူး။ သူ့ကိုရှင်းဖို့ မင်းတို့ ငါ့ကို ကူရမယ်။” ဟုဆိုလေသည်။
“ချန်တန်”(Chen Deng) က “အရှင်အလိုရှိတဲ့အရာကို ကူညီပေးပါမယ်။” ဟုဖြေလိုက်သည်။
ဆုလာဘ်အဖြစ် “ချန်ကွေး”(Chen Gui) အတွက် နှစ်စဉ် ဆန်လှည်း ၂ ထောင်နှင့် “ချန်တန်”(Chen Deng) ကို ကွမ်းလင်အုပ်ချုပ်သူ ခန့်လေသည်။ “ချန်တန်”(Chen Deng) က ပြန်ရန် နှုတ်ဆက်သော် “ချောင်ချောင်း”(Cao Cao) က လက်ကိုကိုင်ကာ “အရှေ့ပိုင်းအရေးတွေအတွက် မင်းကို အားကိုးမယ်။” ဟုဆိုလေသည်။ 

“ချန်တန်”(Chen Deng) လည်း ခေါင်းညိတ်လိုက်သည်။ “လွီပု”(Lu Bu) ဆီပြန်ရောက်သော် အခြေအနေကို မေးမြန်းသည်။
“ချန်တန်”(Chen Deng): “ငါ့ကို Guangling အုပ်ချုပ်သူခန့်ပြီး ငါ့အဖေကို ရက်ရက်ရောရော ချီးမြှင့်လိုက်တယ်။”
“လွီပု”(Lu Bu): “ငါ့အတွက်ကျ ရွှီကျိုး ကိုမတောင်းခဲ့ဘဲ မင်းအတွက်မင်းပဲတောင်းခဲ့တယ်။ မင်းအဖေက မင်္ဂလာပွဲဖျက်ပြီး “ချောင်ချောင်း”(Cao Cao) ကို ကူခိုင်းတယ်။ အခုကျ ငါက ဘာမှမရတော့ဘူး။ မင်းအဖေလိမ်တာခံလိုက်ရပြီ။”

“ချန်တန်”(Chen Deng) ကို ဓားထောက်ကာ ခြိမ်းခြောက်လေသည်။ “ချန်တန်”(Chen Deng) ကရယ်ကာ
“ချန်တန်”(Chen Deng): “အို စစ်သူကြီး ၊ အလိမ်လွယ်လိုက်တာ။”
“လွီပု”(Lu Bu): “ငါ…အလိမ်လွယ်တယ်?”
“ချန်တန်”(Chen Deng): “ငါ “ချောင်ချောင်း”(Cao Cao) ကိုတွေ့တော့ ပြောလိုက်တယ်။ “လွီပု”(Lu Bu) ဟာ ကျားနဲ့တူတယ်။ ကျားကို အစာဝအောင်မကျွေးရင် လူကိုစားလိမ့်မယ် ဆိုတော့ သူကရယ်တယ်။ “မဟုတ်ဘူး။ မြေခွေးတွေနဲ့ ယုန်တွေမကုန်သေးခင် သူရဲကောင်းကို စွန်ရဲလို ဆက်ဆံရမယ်။ ဗိုက်ဆာမှ အသုံးချလို့ရမယ်။ ဗိုက်ပြည့်ရင် ပျံပြေးသွားလိမ့်မယ်။” လို့ပြောတော့ ငါက ဘယ်သူတွေက မြေခွေးတွေနဲ့ ယုန်တွေလဲ လို့မေးတော့ “Huai မြစ်တောင်ပိုင်းက “ယွမ်စု”(Yuan Shu) ၊ တောင်ပိုင်းနယ်က Sun Ce ၊ ကျိကျိုး က “ယွမ်ရှောက်”(Yuan Shao) ၊ ကျင်ကျိုး က “လျူပြောင်း”(Liu Biao) ၊ ရီကျိုးက Liu Zhang နဲ့ ဟန်ကျုံးက “ကျန်းလူ”(Zhang Lu)” လို့ဖြေတယ်။”
“လွီပု”(Lu Bu) က ဓားကိုပစ်ချကာ “သူ ငါ့ကို နားလည်တယ်” ဟုဆိုလေသည်။
ထိုစဉ် “ယွမ်စု”(Yuan Shu) က ရွှီကျိုး သို့ရောက်ရှိလာကြောင်း သတင်းရောက်လာသည်။ “လွီပု”(Lu Bu) မှာ များစွာ ခြောက်ချားသွားလေသည်။

*Silver~K~*


Comments

Popular posts from this blog

Lookism