သုံးနိုင်ငံခေတ်(၁၄)

အခန်း(၁၄)
“ချောင်ချောင်း”(Cao Cao) က နန်းတော်ကို ရွှီချန် သို့ ပြောင်းရွှေ့ခြင်း ၊ ရွှီကျိုး ကို “လွီပု”(Lu Bu) က ညဖက်ဝင်ရောက်စီးနင်းခြင်း။

ရှေ့အခန်းတွင် “လီယွဲ့”(Li Yue) က “လီကျွယ်”(Li Jue) နှင့် “ကော်စီ”(Guo Si) ရောက်လာပြီး ဘုရင်ကို လာဖမ်းကြောင်း လိမ်ညာအော်ဟစ်သည်ဟု ဖော်ပြခဲ့လေပြီ။ သို့သော် “ရန်ဖုန်း”(Yang Feng)  က “လီယွဲ့”(Li Yue) ၏အသံကို မှတ်မိပြီး “ရွှီဟွမ်”(Xu Huang) ကို ထွက်တိုက်စေသည်။ ပထမအချက်တွင်ပင် “လီယွဲ့”(Li Yue) ကျလေသည်။ အဖြူရောင်လှိုင်းသူပုန်များလည်း ကစဥ့်ကလျား ပြေးလေသည်။ ဤသို့ဖြင့် ဘုရင်နှင့်အဖွဲ့သည် Zhiguan တောင်တန်းပေါ်သို့ အန္တရာယ်ကင်းစွာ ရောက်သွားသည်။ Henei မြို့စား “ကျန်းရန်”(Zhang Yang) က ရိက္ခာနှင့် အခြားလိုအပ်သည်များ မြောက်မြားစွာ ထောက်ပံ့ပေးပြီး ဘုရင်ကို Zhidao သို့ လိုက်လံပို့ဆောင်ပေးသည်။ ထို့ကြောင့် ဘုရင်က “ကျန်းရန်”(Zhang Yang) ကို စစ်သူကြီးချုပ်ရာထူးခန့်လေသည်။ “ရန်ဖုန်း”(Yang Feng) က သူ၏စစ်တပ်ကို လော့ရန် အရှေ့မြောက်အရပ်သို့ ရွှေ့ပြောင်းပြီး Yewang ၌ တပ်စွဲထားသည်။
မြို့တော် လော့ရန် ထဲဝင်ရောက်လာခဲ့ကြသည်။ မြို့တွင်းတွင် မြင်မြင်သမျှ အပျက်အစီးချည်းပင်။ နန်းဆောင်များ ၊ ခန်းမများမှာ မီးသင့်ထားပြီး လမ်းများမှာလည်း ချုံနွယ် မြက်တို့ ပေါက်နေပြီး အပျက်အစီးပုံများဖြင့် ပိတ်ဆို့နေသည်။ နန်းဆောင်များ၏ အမိုးများလည်း ပျက်စီးနေပြီး တံတိုင်းများမှာ ပြိုကျနေသည်။ သို့နှင့် နန်းတော်အသေးစားတစ်ခု ဆောက်လုပ်လိုက်ကြပြီး ဆူးချုံပုတ်များ ၊ နွယ်များကြားမှပင် ဘုရင်ကို ဂါရဝပြုကြသည်။ ခေတ်ကာလမှာ ကြွယ်ဝချမ်းသာသည့်အခြေအနေမှ ပြန်လည်တည်ဆောက်ရေးအခြေသို့ လျော့ကျခဲ့လေသည်။ (၁၉၆ အေဒီ)
ဤနှစ်တွင်ပင် အငတ်ဘေးကြုံလေသည်။ လော့ရန် ပြည်သူများမှာ ရာ ဂဏန်းမျှသာ ကျန်တော့သည်။ စားစရာမရှိ၍ သစ်ခေါက်များကို ခွာကာ စားရတော့သည်။ သစ်ဥသစ်ဖုတို့နှင့် အဆာဖြေရသည်။ မီးသင့်နေသောတံတိုင်းများ ပြိုကျ၍ လူအမြောက်အများ သေရပြန်သည်။ ဟန်ခေတ်နေဝင်ချိန်တွင် ဤအဖြစ်မှာ အဆိုးဝါးဆုံးပင်။

နန်းတွင်းတပ်မှူး “ရန်ပြောင်း”(Yang Biao) က ဘုရင်ကို ဂါရဝပြုပြီး “ကျွန်တော့်ကို ပေးထားတဲ့ အမိန့်ကို ပြီးပြတ်အောင် မလုပ်ဆောင်ရသေးပါဘူး။ “ချောင်ချောင်း”(Cao Cao) က အခု ဟွာရှန်း တောင်အရှေ့ဘက်မှာ အင်အားအလွန်တောင့်တင်းပါတယ်။ သူ့ကို အကူအညီတောင်းတာ သင့်လျော်ပြီး သူကလည်း နန်းတော်ကို ကူညီပါလိမ့်မယ်။” ဘုရင်က သင့်တော်သလို ဆောင်ရွက်ရန် အမိန့်ချသည်။

သို့နှင့် အမိန့်စာကို “ချောင်ချောင်း”(Cao Cao) ဆီ ပို့စေသည်။ တချိန်တည်းတွင် ဘုရင် မြို့တော် လော့ရန် ကို ပြန်သည်ကြားသော် “ချောင်ချောင်း”(Cao Cao) က အကြံပေးများကို ခေါ်ယူသည်။ “ရွှင်ယွိ”(Xun Yu) က “လွန်ခဲ့တဲ့ နှစ် ၈၀၀ က ကျိုး နိုင်ငံကျဆုံးချိန်မှာ “ရှန်”(Xiang) မင်းသားကို နယ်စား “ဝင်” Wen က ကူညီပေးခဲ့တယ်။ မြို့စားနယ်စားအကုန်လုံးက သူ့ဖက်က ရပ်ခဲ့ကြတယ်။ ဒီလိုနဲ့ ကျင်း တိုင်းပြည်ကို ထူထောင်နိုင်ခဲ့တယ်။ ဟန် တိုင်းပြည်ထူထောင်သူ “လျူဘန်း”(Liu Bang) ကလည်း ချူ နိုင်ငံပျက်ချိန်မှာ “ရီ”(Yi) ဧကရာဇ် ဈာပနာကို တက်ရောက်ပြီး လူထုထောက်ခံမှု ရခဲ့တယ်။ အခု “ရှန်”(Xiang) ဧကရာဇ်ဟာ စစ်ဘေးရှောင်နေရတယ်။ သူ့ကို အရင်လို အဆောင်အယောင်တွေ ပြန်ရအောင် သွားပြီး ကူညီမယ်ဆိုရင် အားလုံးရဲ့ထောက်ခံမှုကိုရဖို့ အခွင့်အရေးပါ။ အရှင် အမြန်မဆောင်ရွက်ရင် တခြားသူဦးသွားပါလိမ့်မယ်။”
“ချောင်ချောင်း”(Cao Cao) လည်း ချက်ချင်းပင် စစ်ပြင်သည်။ ထိုစဉ် ဘုရင်ဆက်သားရောက်လာပြီး “ချောင်ချောင်း”(Cao Cao) ဆန္ဒနှင့်ကိုက်ညီသော အမိန့်စာကို လက်ခံရရှိသည်။
လော့ရန် မှာ အရာရာပျက်စီးနေသည်။ တံတိုင်းများမှာ ပြိုကျနေပြီး ပြန်ပြင်ရန်လည်း အစီအစဉ်မရှိကြပေ။ “လီကျွယ်”(Li Jue) နှင့် “ကော်စီ”(Guo Si) ရောက်လာမည်ဆိုသော သတင်းများ ၊ ကောလာဟလများလည်း ပျံ့နေရာ စိုးရိမ်မှုများကြီးစိုးနေသည်။ ဘုရင်က စိုးရိမ်စွာဖြင့် "“ဘယ်လိုလုပ်ကြမလဲ။ ရန်သူတွေက နီးနေပြီ ၊ “ချောင်ချောင်း”(Cao Cao) ဆီကလည်း ဘာမှ သတင်းမကြားရဘူး။" ဟု “ရန်ဖုန်း”(Yang Feng) ကိုမေးသည်။ “ရန်ဖုန်း”(Yang Feng) နဲ့ “ဟန်ရှန်”(Han Xian) တို့က "ကျွန်တော်တို့ အရှင့်အတွက် အသက်ပေးပြီး တိုက်ခိုက်သွားမှာပါ။" ဟု ပြောကြသည်။ ဒါပေမဲ့ “တုန်းချန်”(Dong Cheng) က “ခံတပ်အနေအထားက အားနည်းပြီး စစ်တပ်အင်အားကလည်း နည်းပါးပါတယ်။ အနိုင်ရဖို့ မမျှော်လင့်နိုင်ဘဲ ရှုံးမယ်ဆို ဘာလုပ်မှာပါလဲ။ ဟွာရှန်း တောင် အရှေ့ဘက်ကို ရွှေ့ပြောင်းတာက ပိုမိုသင့်လျော်ပါလိမ့်မယ်။" ဟုဆိုသည်။

ဘုရင်လည်း သဘောတူပြီး ခရီးချက်ချင်းထွက်ခဲ့ကြသည်။ မြင်းမလုံလောက်၍ အချို့မှူးမတ်များမှာ ခြေကျင်လိုက်ကြရသည်။ တံခါးမှထွက်လျှင်ထွက်ခြင်းပင် ဖုန်တလုံးလုံးထအောင် အပြင်းနှင်လာသော စစ်တပ်တစ်တပ်ကို တွေ့လေသည်။ ဘုရင်နှင့် မိဖုရားတို့မှာ ထိတ်လန့်နေကြသည်။ ထိုစဉ် မြင်းစီးသူရဲပေါ်လာကာ “ချောင်ချောင်း”(Cao Cao) ၏ဆက်သားဖြစ်ကြောင်း ပြောလေသည်။
ထို့နောက် ဘုရင့်မြင်းလှည်းနားသွားကာ အရိုအသေပေး၍ “စစ်သူကြီး “ချောင်ချောင်း”(Cao Cao) ဟာ အမိန့်တော်အတိုင်း စစ်တပ်အားလုံးနဲ့ ချီတက်လာပါပြီ။ ဒါပေမဲ့ ဒီသတင်းကို ကြားတော့ “လီကျွယ်”(Li Jue) နဲ့ “ကော်စီ”(Guo Si) တို့က မြို့တော်ကို ချီတက်လာပါတယ်။ ဒါကြောင့် “ရှဟိုတွန်း”(Xiahou Dun) ကို အရင်လွှတ်လိုက်တာပါ။ အခု “ရှဟိုတွန်း”(Xiahou Dun) နဲ့အတူ သူရဲကောင်းတွေနဲ့ လက်ရွေးစင်စစ်သား ၅၀ ပါပါတယ်။ သူတို့က အရှင်ကို ကာကွယ်ပေးကြမှာပါ။” ဟု ဆိုသည်။
ထိုအခါ ကြောက်ရွံ့မှုများပျောက်သွားကြသည်။ ထို့နောက် “ရှဟိုတွန်း”(Xiahou Dun) နဲ့တပ် ရောက်လာသည်။ “ရှဟိုတွန်း”(Xiahou Dun) ၊ Dian Wei နှင့် “ရွှီချူ”(Xu Chu) တို့ကို ဘုရင်က ဝမ်းမြောက်စွာ ကြိုဆိုလေသည်။ ထိုစဉ် ကြီးမားသောတပ်တစ်တပ်ချီလာသည်ဆို၍ ဘုရင်က “ရှဟိုတွန်း”(Xiahou Dun) ကို စုံစမ်းစေသည်။ “ချောင်ချောင်း”(Cao Cao) ၏ ခြေလျင်တပ်ဖြစ်ပေသည်။ မကြာမီ “ချောင်ဟုန်”(Cao Hong) ၊ “လီတျန်”(Li Dian) နှင့် “ယွဲကျင့်”(Yue Jng) တို့သည်လည်း ရောက်လာပြီး ဘုရင်ကို အရိုအသေပေးသည်။
“ချောင်ဟုန်”(Cao Hong) က “အစ်ကိုကြီးက ရန်သူတွေချဉ်းကပ်လာတယ်ကြားပြီး စစ်တပ်မလုံလောက်မှာစိုးလို့ စစ်ကူထပ်လွှတ်လိုက်တာပါ။” ဟုဆိုသော် ဘုရင်က ““ချောင်ချောင်း”(Cao Cao) ကမှ တကယ်ယုံကြည်အားကိုးလို့ရတယ်။” ဟု မိန့်လေသည်။

ထို့နောက် ဆက်လက်ချီတက်ရန် အမိန့်ပေးသည်။ “ချောင်ဟုန်”(Cao Hong) က ဦးဆောင်ချီတက်သည်။ ထိုစဉ် ရန်သူများလျင်မြန်စွာချဉ်းကပ်လာပြီဟု ကင်းထောက်တစ်ယောက်ပြီးတစ်ယောက် သတင်းလာပို့သည်။ ဘုရင်က “ရှဟိုတွန်း”(Xiahou Dun) ၏တပ်ကို တစ်ဝက်ခွဲကာ ရန်သူကိုတိုက်ခိုက်ရန် စေလွှတ်သည်။ “ရှဟိုတွန်း”(Xiahou Dun) နှင့် “ချောင်ဟုန်”(Cao Hong) တို့သည် ရှေ့တွင် မြင်းတပ် ၊ နောက်တွင် ခြေလျင်တပ်ထားကား တောင်ပံ ၂ ဖက်မှ တိုက်ခိုက်သည်။ အစွမ်းကုန်တိုက်ခိုက်ကြပြီး “လီကျွယ်”(Li Jue) နှင့် “ကော်စီ”(Guo Si) တပ်များကို နှိမ်နင်းလိုက်သည်။ ရန်သူ တစ်သောင်းကျော် ကျဆုံးသွားသည်။ ထို့နောက် “ရှဟိုတွန်း”(Xiahou Dun) နှင့် “ချောင်ဟုန်”(Cao Hong) တို့က ဘုရင်ကို လော့ရန် ပြန်ရန် တောင်းပန်ပြီး “ရှဟိုတွန်း”(Xiahou Dun) က မြို့ကိုစောင့်ကြပ်လေသည်။
နောက်နေ့တွင် “ချောင်ချောင်း”(Cao Cao) က သူ၏စစ်တပ်ကြီးကို ဦးဆောင်ကာ ရောက်လာလေသည်။ ဘုရင်၏ ရှေ့မှောက် အခစားဝင်သော် ဘုရင်က မတ်တတ်ရပ်စေကာ သူ၏ဘေးတွင်နေစေပြီး ကျေးဇူးတင်စကားပြောသည်။
“ချောင်ချောင်း”(Cao Cao) က “အရှင့်ရဲ့ ဖော်ရွေရက်ရောမှုအတွက် ဝမ်းမြောက်လှပါတယ်။ ပုန်ကန်သူ ၂ ယောက်ရဲ့ ယုတ်မာမှုက မဖော်ပြနိုင်လောက်အောင်ပါပဲ။ ငါ့မှာ စစ်သည်ကောင်း ၂ သိန်းရှိတယ်။ သူတို့က အရှင်မင်းကြီးနဲ့ ထီးနန်းကို ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ အခုအချိန်က တိုင်းပြည်ကို ကာကွယ်ဖို့ အရေးကြီးလှပါတယ်။” ဟုလျှောက်တင်သည်။

“ချောင်ချောင်း”(Cao Cao) ကို ကြီးကျယ်စွာ ဂုဏ်ပြုလေသည်။ မြို့တော်ခရိုင်၏တပ်မှူး တနည်းအားဖြင့် ကာကွယ်ရေးဝန်ကြီး ခန့်အပ်ပြီး တံဆိပ်တုံးပေးအပ်လေသည်။
“လီကျွယ်”(Li Jue) နှင့် “ကော်စီ”(Guo Si) တို့က ခရီးပန်းလာသော်လည်း “ချောင်ချောင်း”(Cao Cao) ကို ချက်ချင်းတိုက်လိုကြသည်။ သို့သော် အကြံပေး Jia Xu က “အနိုင်ရဖို့ မျှော်လင့်ချက်မရှိဘူး။ သူ့မှာ စစ်သားကောင်းတွေရော သူရဲကောင်းတွေရော ရှိတယ်။ လက်နက်ချအညံ့ခံတာမှ လွတ်ငြိမ်းချမ်းသာခွင့်ရနိုင်မယ်။” ဟုဆိုသည်။
“လီကျွယ်”(Li Jue) က အကြံပေးချက်ကို စိတ်ဆိုးစွာဖြင့် စစ်သားတွေကို စိတ်ဓာတ်ပျက်ပြားအောင် လုပ်နေတာလား ဟုအော်သည်။ နောက် ဓားကိုဆွဲထုတ်ကာ သတ်ရန်ပြင်သည်။ တခြားမှူးမတ်များက ဝင်တားသည်။ ထိုညတွင် Jia Xu သည် စခန်းမှ ခိုးထွက်ကာ ဇာတိရွာကို ပြန်လေသည်။
မကြာမီ သူပုန်များက စစ်တိုက်ရန် ပြင်လေသည်။ “ချောင်ချောင်း”(Cao Cao) က “ရွှီချူ”(Xu Chu) ၊ “ချောင်ရန်”(Cao Ren) နှင့် Dian Wei တို့ဦးဆောင်လျက် မြင်းစီးစစ်သည် ၃၀၀ စေလွှတ်သည်။ ခေါင်းဆောင်၃ဦးဟာ ရန်သူ့တပ်ဆီ တဟုန်ထိုးပြေးလိုက် ပြန်ဆုတ်လိုက်နှင့် စစ်တပ်အနေအထားပြင်ပြီးသည်အထိ ပြုလုပ်နေသည်။

ထို့နောက် “လီကျွယ်”(Li Jue) ၏တူများဖြစ်သော “လီရှန်”(Li Xian) နှင့် “လီပျယ်”(Li Bie) တို့ ရှေ့တက်လာကြသည်။ “ချောင်ချောင်း”(Cao Cao) ဖက်မှ “ရွှီချူ”(Xu Chu) ထွက်လာကာ “လီရှန်”(Li Xian) ကိုခုတ်သတ်သည်။ “လီပျယ်”(Li Bie) မှာ လွန်စွာကြောက်လန့်ကာ မြင်းကုန်းနှီးမှ ပြုတ်ကျသည်။ သူလည်း အသတ်ခံရလေသည်။ အောင်နိုင်သူ “ရွှီချူ”(Xu Chu) မှာ ခေါင်းပြတ် ၂ လုံးကိုင်ကာ သူ့ဖက်ပြန်လေသည်။ “ရွှီချူ”(Xu Chu) က “ချောင်ချောင်း”(Cao Cao) ကိုဆက်သလေသော် “မင်းက ငါ့အတွက် “ဖန်းခွိုင်”(Fan Kuai) ပါပဲ။” ဟု ချီးကျူးလေသည်။ (“ဖန်းခွိုင်”(Fan Kuai) ဆိုသည်မှာ ဟန်တိုင်းပြည်ထူထောင်သူ “လျူဘန်း”(Liu Bang) ၏ စစ်သူကြီးဖြစ်သည်။)
ထို့နောက် “ရှဟိုတွန်း”(Xiahou Dun) နှင့် “ချောင်ဟုန်”(Cao Hong) တို့က တောင်ပံတစ်ဖက်စီနှင့် ဗဟိုတွင် “ချောင်ချောင်း”(Cao Cao) ဦးဆောင်ကာ ချီတက်သည်။ သူပုန်များရှုံးနိမ့်ကာ ထွက်ပြေးရလေသည်။ “ချောင်ချောင်း”(Cao Cao) ကိုယ်တိုင် ဓားကိုင်ကာ လိုက်ဖမ်းလေသည်။ ညရောက်သည်အထိ လိုက်လံသတ်ဖြတ်လေသည်။ သူပုန်သောင်းချီကျဆုံးပြီး မြောက်များစွာ လက်နက်ချလေသည်။ “လီကျွယ်”(Li Jue) နှင့် “ကော်စီ”(Guo Si) တို့မှာ အနောက်ဖက်သို့ ခွေးပြေးပြေးရလေသည်။ မည်သည့်နေရာတွင်မျှ ခိုလှုံခွင့်မရ၍ တောင်တန်းများပေါ်ပြေးရကာ တောအုပ်ထဲတွင် ပုန်းရလေသည်။ “ချောင်ချောင်း”(Cao Cao) တပ်သည် ပြန်လာကာ မြို့တော်အနီးတွင် စခန်းချလေသည်။
“ရန်ဖုန်း”(Yang Feng) နှင့် “ဟန်ရှန်”(Han Xian) တို့က ““ချောင်ချောင်း”(Cao Cao) က အကျိုးဆောင်နိုင်ခဲ့ပြီ။ အာဏာက သူ့ဆီရောက်လိမ့်မယ်။ ငါတို့အတွက် နေရာမရှိတော့ဘူး။” ဟု တစ်ယောက်ကိုတစ်ယောက် ဆိုလေသည်။ ထို့ကြောင့် သူပုန်များကို လိုက်ဖမ်းမည်ဟု အကြောင်းပြကာ ထွက်ခွာခဲ့ပြီး တလျန် တွင် စခန်းချလေသည်။

တစ်နေ့မှာ ဘုရင်က “ချောင်ချောင်း”(Cao Cao) ကို အခေါ်လွှတ်ရန် ဆက်သားလွှတ်သည်။ “ချောင်ချောင်း”(Cao Cao) က ဆက်သားမှာ သိသိသာသာကျန်းမာနေပြီး ကျန်သူများအားလုံးမှာ ဆာလောင်နေဟန်ပေါ်နေရခြင်းကို နားမလည်နိုင်ဖြစ်နေသည်။ ထိုအကြောင်းမေးမြန်းသော် အနှစ် ၃၀ လုံး ခြိုးခြံကာ မဖြစ်စလောက်သာ စားခြင်းကြောင့် ဟုဖြေလေသည်။
“ချောင်ချောင်း”(Cao Cao): “ဘယ်ဌာနကို ကိုင်တွယ်ပါသလဲ။”
ဆက်သား: “ဘာသာတရားကိုင်းရှိုင်းပြီး ရိုးသားလို့ မြှောက်စားခံရတဲ့ ဘွဲ့ရတစ်ယောက်ပါ။ အရင်က Yuan Shao နဲ့ “ကျန်းရန်”(Zhang Yang) လက်အောက်မှာ လုပ်ဖူးပါတယ်။ အခု ဘုရင်ပြန်ရောက်လို့ ဒီကို လာခဲ့တာပါ။ အခု အတွင်းရေးမှူးထဲက တစ်ယောက်ပါ။ Dingtao နယ်ခံဖြစ်ပြီး “တုန်းကျောက်”(Dong Zhao) လို့ ခေါ်ပါတယ်။”
“ချောင်ချောင်း”(Cao Cao) က နေရာမှထကာ “မင်းအကြောင်းကြားဖူးတယ်။ တွေ့ဆုံရတာ ပျော်ရွှင်မိပါတယ်။” ဟု ဝမ်းမြောက်စွာဆိုလေသည်။ ထို့နောက် ဝိုင်မှာပြီး “ရွှင်ယွိ”(Xun Yu) ကို ခေါ်ကာ မိတ်ဆက်ပေးသည်။ စကားပြောနေစဉ် လူတစ်ခု အရှေ့အရပ်သို့ သွားနေကြောင်း သတင်းလာပို့သည်။ “ချောင်ချောင်း”(Cao Cao) က စုံစမ်းရန် အမိန့်ပေးသော်လည်း “တုန်းကျောက်”(Dong Zhao) က ချက်ချင်းသိကာ “သူတို့က အဖြူရောင်အလံသူပုန်ခေါင်းဆောင်ဟောင်း “ရန်ဖုန်း”(Yang Feng) နဲ့ “ဟန်ရှန်”(Han Xian) ပါ။ အရှင်လာလို့ သူတို့ထွက်ပြေးတာပါ။” ဟုဆိုသည်။
“ချောင်ချောင်း”(Cao Cao): “သူတို့ ငါ့ကိုမယုံတာလား။”
“တုန်းကျောက်”(Dong Zhao): “အရှင် ဂရုစိုက်စရာမလိုတဲ့သူတွေပါ။”
“ချောင်ချောင်း”(Cao Cao): ““လီကျွယ်”(Li Jue) နဲ့ “ကော်စီ”(Guo Si) တို့ကရော”
“တုန်းကျောက်”(Dong Zhao): “လက်သည်းမရှိတဲ့ ကျားနဲ့ တောင်ပံမဲ့တဲ့ ငှက်လိုပါပဲ။ ကြာကြာမပြေးနိုင်ပါဘူး။ သူတို့ကိုလည်း ဂရုစိုက်စရာမလိုပါဘူး။”
“ချောင်ချောင်း”(Cao Cao) က သူ့ဧည့်သည်နှင့် အတွေးတူသဖြင့် တိုင်းပြည်အကြောင်းစဆွေးနွေးလေသည်။ “တုန်းကျောက်”(Dong Zhao) က “အခုသူပုန်တွေကို နိုင်လိုက်တော့ အရှင်က အကျိုးထူးဆောင်လိုက်ပြီ။ ဒါပေမဲ့ မှူးမတ်တွေက တမျိုးမြင်ပြီး အမြင်ကြည်မှာမဟုတ်ဘူး။ အရှင် ဒီမှာ မနေသင့်ဘူး။ မြို့တော်ကို ရွှီချန် ကို ပြောင်းပါ။ သို့သော် လော့ရန် ကို မြို့တော်ပြုထားတာက တရားဝင်ဖြစ်ပြီး လူတိုင်းက အေးချမ်းသာယာဖို့ မျှော်လင့်နေကြတယ်။ မြို့တော်ထပ်ရွှေ့ရင် သူတို့မကျေမနပ်ဖြစ်မှာပဲ။ အရှင်ဆုံးဖြတ်ပါ” ဟုဆိုသော် “ချောင်ချောင်း”(Cao Cao) က သူ့လက်ကို လှုပ်ယမ်းကာ “ငါ့အကြံနဲ့ တထပ်တည်းပဲ” ဟုဆိုလေသည်။
“ချောင်ချောင်း”(Cao Cao): “ဒါပေမဲ့ တလျန် က “ရန်ဖုန်း”(Yang Feng) အန္တရာယ်နဲ့ မှူးမတ်တွေ ရှိသေးတယ်လေ။”
“တုန်းကျောက်”(Dong Zhao): “ဒါကလွယ်ပါတယ်။ “ရန်ဖုန်း”(Yang Feng) ကိုစာရေးပြီး ချွေးသိပ်လိုက်ပါ။ မှူးမတ်တွေကိုတော့ ဒီမှာ စားစရာတောင်မရှိလို့ အစားအသောက်ပေါတဲ့နေရာရွှေ့မယ်လို့သာ ပြောလိုက်ပါ။ သူတို့လက်ခံပါလိမ့်မယ်။”
“ချောင်ချောင်း”(Cao Cao) ဆုံးဖြတ်ပြီးသော် “တုန်းကျောက်”(Dong Zhao) ပြန်ရန်ပြင်သည်။ “ချောင်ချောင်း”(Cao Cao) ကနောက်တဖန်လက်ကို ကိုင်ကာ နောက်ထပ် တိုင်းပြည်ရေးရာနဲ့ပတ်သက်ပြီး အကြံပေးပါရန် တောင်းဆိုသည်။ “တုန်းကျောက်”(Dong Zhao) က ကျေးဇူးတင်ကြောင်းပြောကာ ထွက်ခွာသည်။ ထို့နောက် “ချောင်ချောင်း”(Cao Cao) နှင့် အကြံပေးတို့က မြို့တော်ပြောင်းရန် တိတ်တဆိတ်ဆွေးနွေးကြသည်။

ထိုစဉ် တချိန်က နက္ခတ်ပညာရှင်ဖြစ်သော နန်းတွင်းအကြံပေး “ဝမ်လီ”(Wang Li) က နန်းတွင်းရေးရာမှတ်တမ်းရေးသူ “လျူချိုင်”(Liu Cai) ကို ကြယ်တာရာနက္ခတ်တို့အရ ဟန်တိုင်းပြည်၏ အရှိန်အဝါမှာ ကုန်ဆုံးလုပြီဖြစ်ပြီး ကျင်း နှင့် ဝေ တိုင်းတို့ ပြန်လည်အားကောင်းကာ အုပ်ချုပ်သူအသစ်ပေါ်လိမ့်မည်ဟု ဆိုသည်။ ထို့နောက် နန်းတွင်းသို့ လျှို့ဝှက်စာ ပို့လေသည်။ စာမှာ “အရာအားလုံးဟာ ကောင်းကင်ရဲ့အလိုအရပဲ။ အခု ဓာတ်ကြီး ၅ ပါးဖြစ်သော သစ်သား ၊ မီး ၊ မြေ ၊ သတ္တု ၊ ရေ တို့ဟာ ဖရိုဖရဲဖြစ်နေတယ်။ မြေက မီးကို တိုက်ခိုက်တယ်ဆိုတာ ဝေ က ဟန် ကို တိုက်ခိုက်တာပါ။ ဟန်တိုင်းပြည်ကို ဆက်ခံမှာက ဝေ ပါ။” လို့ဆိုတယ်။
“ချောင်ချောင်း”(Cao Cao) ကြားသော် “ဝမ်လီ”(Wang Li) ဆီ လူလွှတ်ကာ “မင်းသစ္စာရှိမှန်းသိပါတယ်။ ဒါပေမဲ့ ကောင်းကင်ရဲ့အလိုကို သိပြီးရင်တော့ နည်းနည်းပါးစပ်ဟလေ ကောင်းလေပဲ။” ဟုဆိုစေသည်။ ထို့နောက် “ရွှင်ယွိ”(Xun Yu) နှင့် တိုင်ပင်သည်။ “ရွှင်ယွိ”(Xun Yu) က “ဟန် ရဲ့သင်္ကေတက မီး ၊ အရှင်က မြေပါ။ ရွှီချန် ဟာလည်း မြေဓာတ်ကြီးစိုးပါတယ်။ ဒါကြောင့် အရှင်အနာဂတ်ကို ရွှီချန် မှာ ဆုံးဖြတ်မှာပါ။ မီးက မြေကို နိုင်နိုင်ပါသေးတယ်။ ဒီတော့ အချိန်စောင့်ဖို့ပဲ လိုပါတယ်။” လို့ရှင်းပြတယ်။
ဤသို့ဖြင့် “ချောင်ချောင်း”(Cao Cao) လည်းစိတ်ဆုံးဖြတ်ပြီး နောက်နေ့နန်းတော်တွင် “လော့ရန် က ကန္တာရသာသာဖြစ်ပြီး ပြန်လည်တည်ထောင်လို့မရသလို ရိက္ခာပို့ရတာလည်း ခက်ခဲတယ်။ ရွှီချန် ဟာဆိုရင် အစဉ်အလာရှိတဲ့မြို့ဖြစ်ပြီး စားနပ်ရိက္ခာကြွယ်ဝတယ်။ လော့ရန် နဲ့လည်း နီးတယ်။ မြို့တော်အင်္ဂါရပ်နဲ့ ပြည့်ဝလို့ ရွှီချန် ကို ရွှေ့ဖို့ အရဲစွန့်လျှောက်တင်ပါတယ်။” ဟုဆိုလေသည်။
ဘုရင်ကလည်း မလွန်ဆန်နိုင်သလို မှူးမတ်တွေကလည်း ကိုယ်ပိုင်အကြံမပေးနိုင်လောက်အောင် ဆွံ့အနေကြသည်။ ထို့ကြောင့် ပြောင်းရွှေ့ရန် ရက်သတ်မှတ်ကြသည်။ “ချောင်ချောင်း”(Cao Cao) က ခရီးစဉ်ကို ဦးဆောင်သည်။ အနည်းငယ်မျှသွားမိသော် ဗုံသံများကြားရပြီး “ရန်ဖုန်း”(Yang Feng) နှင့် “ဟန်ရှန်”(Han Xian) တို့က လမ်းကို ပိတ်ဆို့ထားလေသည်။ သူတို့ရှေ့တွင် “ရွှီဟွမ်”(Xu Huang) ရပ်နေပြီး ““ချောင်ချောင်း”(Cao Cao) က ဘုရင်ကို ဖမ်းသွားလေပြီ။” ဟုအော်လေသည်။
“ချောင်ချောင်း”(Cao Cao) လည်းရှေ့ထွက်ပြီး “ရွှီဟွမ်”(Xu Huang) ကို သေချာကြည့်သည်။ ရန်သူပင်ဖြစ်လင့်ကစား လွန်စွာလေးစား သဘောကျလေသည်။ ထို့ကြောင့် “ရွှီချူ”(Xu Chu) ကို စေလွှတ်ကာ တိုက်စေသည်။ အချက် ၅၀ ကျော်မျှ ယှဉ်ကြသော်လည်း အနိုင်အရှုံးမပေါ်ချေ။ “ချောင်ချောင်း”(Cao Cao) က မောင်းတီးကာ နောက်ဆုတ်စေသည်။ စခန်းရောက်သော် “သူပုန် ၂ ယောက်ချည်းဆို တိုင်ပင်စရာမလိုပေမဲ့ “ရွှီဟွမ်”(Xu Huang) က သူရဲကောင်းပဲ။ သူ့ကို အင်အားနဲ့ အနိုင်မယူချင်ဘူး။ ငါ့ဖက်ပါစေချင်တယ်။” ဟုဆိုသည်။
ထိုအခါ “မန်ချုံး”(Man Chong) ထွက်လာပြီး “မစိုးရိမ်ပါနဲ့။ သူနဲ့စကားပြောကြည့်ပါမယ်။ ညကျ အယောင်ဆောင်ပြီး သူတို့စခန်းကို သွားမယ်။ သူနဲ့စကားပြောပြီး စိတ်ယိုင်လာအောင် လုပ်ပါ့မယ်။” ဟုပြောသည်။ ထိုညတွင် “မန်ချုံး”(Man Chong) က အယောင်ဆောင်ကာ “ရွှီဟွမ်”(Xu Huang) ဆီသွားလေသည်။

“ရွှီဟွမ်”(Xu Huang) မှာ သံချပ်ဝတ်ထားဆဲပင်ဖြစ်သည်။ “မန်ချုံး”(Man Chong) က ပြေးဝင်ကာ
“မန်ချုံး”(Man Chong): “ငါတို့ကွဲသွားကတည်းက နေကောင်းတယ်မလား သူငယ်ချင်း…”
“ရွှီဟွမ်”(Xu Huang) က အံ့သြစွာဖြင့် ထခုန်ကာ မျက်နှာကိုစေ့စေ့ကြည့်ပြီး
“ရွှီဟွမ်”(Xu Huang): ““တျန်ဝေ”(DIAN WEI) က “မန်ချုံး”(Man Chong) မလား။ ဒီမှာ ဘာလုပ်နေတာလဲ။”
“မန်ချုံး”(Man Chong): “အခု “ချောင်ချောင်း”(Cao Cao) လက်အောက်မှာ ၊ မင်းကိုဒီနေ့စစ်မျက်နှာမှာတွေ့တော့ စကားပြောချင်လို့ အရဲစွန့်လာတာ။”
“ရွှီဟွမ်”(Xu Huang) က တဲအတွင်းခေါ်သည်။
“မန်ချုံး”(Man Chong): “မင်းလို သတ္တိရှိပြီး အရဲစွန့်ရဲတာ လောကမှာ မရှိသလောက်ပဲ။ ဘာလို့ ဒီသူပုန်တွေကို ခစားနေတာလဲ။ ငါ့အရှင်က လောကမှာ အထင်ရှားဆုံး ၊ ပြီးတော့ တော်တဲ့သူတွေ ရဲရင့်တဲ့သူတွေကို မြှောက်စားတယ်။ မင်းရဲ့သတ္တိကို သူဒီနေ့လေးစားသွားတယ်။ ဒါကြောင့် ငါ့ကိုလွှတ်ပြီး မင်းကိုခေါ်ခိုင်းတာ။ အမှောင်ထဲကထွက်ပြီး အရှင့်ရဲ့ ကြီးကျယ်တဲ့လုပ်ငန်းတွေမှာ ပါဝင်ရအောင်လား။”
“ရွှီဟွမ်”(Xu Huang) က ကြာမြင့်စွာ စဉ်းစားကာ သက်ပြင်းချပြီး
“ရွှီဟွမ်”(Xu Huang): “ငါ့အရှင်တွေ ရှုံးမယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ သူတို့နဲ့ ကောင်းတူဆိုးဖက်နေခဲ့တော့ မစွန့်ခွာချင်ဘူး။”
“မန်ချုံး”(Man Chong): “ငှက်ဟာ သစ်ပင်ကို ရွေးချယ်သလို နောက်လိုက်ကောင်းဟာလည်း ခေါင်းဆောင်ကို ရွေးချယ်ပါတယ်။ သင့်တော်တဲ့ခေါင်းဆောင်ကို တွေ့တာကို လက်လွှတ်ရင် မိုက်ရာကျမယ်။”
“ရွှီဟွမ်”(Xu Huang): “မင်းပြောသလို လုပ်ပါမယ်။”
“မန်ချုံး”(Man Chong): “ဒါဆို သူပုန် ၂ ယောက်ရဲ့ ခေါင်းကို မိတ်ဆက်လက်ဆောင်အဖြစ် မဆက်သချင်ဘူးလား။”
“ရွှီဟွမ်”(Xu Huang): “နောက်လိုက်က ဆရာကိုပြန်သတ်ဖို့ဆိုတာ အလွန်မှားပါတယ်။ ငါမလုပ်ဘူး။”
“မန်ချုံး”(Man Chong): “မှန်ပါတယ်။ မင်းက တကယ့်လူကောင်းပဲ။”
ထို့နောက် “ရွှီဟွမ်”(Xu Huang) သည် သူ၏မြင်းစီးသမားအနည်းငယ်ကိုသာခေါ်ကာ ထွက်ခွာခဲ့လေသည်။ ထိုသတင်း “ရန်ဖုန်း”(Yang Feng) ဆီရောက်သော် မြင်းစီးသမား ၁၀၀၀ ဖြင့် လိုက်ဖမ်းလေသည်။ သို့သော် ထောင်ချောက်တွင်းကျလေသည်။ တစ်တောင်လုံး မီးထိန်ထိန်လင်းလာကာ “ချောင်ချောင်း”(Cao Cao) တပ်များကို တွေ့ရလေသည်။ “ဒီမှာ စောင့်နေရတာကြာပြီ။ ထွက်မပြေးနဲ့” ဟု “ချောင်ချောင်း”(Cao Cao) ကအော်လေသည်။
“ရန်ဖုန်း”(Yang Feng) လည်း လုံးဝအံ့သြသွားပြီး ဆုတ်လေသည်။ သို့သော် အဝိုင်းခံရသည်။ “ဟန်ရှန်”(Han Xian) ကလာကယ်ရင်း တိုက်ပွဲဖြစ်လေသည်။ “ရန်ဖုန်း”(Yang Feng) လွတ်သွားသော်လည်း “ချောင်ချောင်း”(Cao Cao) က ဖရိုဖရဲဖြစ်နေသော တပ် ၂ တပ်ကို ဆက်တိုက်လေသည်။ သူပုန်မြောက်များစွာ အညံ့ခံသော် ခေါင်းဆောင် ၂ ယောက်လည်း ကိုယ်တိုင်မရပ်တည်နိုင်၍ “ယွမ်စု”(Yuan Shu) ဆီခိုလှုံလေသည်။

“ချောင်ချောင်း”(Cao Cao) လည်းစခန်းပြန်ရောက်သော် “ရွှီဟွမ်”(Xu Huang) ကို ချီးမြောက်လေသည်။ ထို့နောက် မြို့တော်သစ်ဆီ ဆက်လက်ချီတက်ကြသည်။ ရွှီချန် ရောက်သော် နန်းဆောင်များ ၊ ခန်းမများ ၊ ဘုရားကျောင်းနှင့် ပူဇော်ရန်နေရာများ ၊ လယ်ကွင်းများနှင့် ရုံးခန်းများ ဆောက်လုပ်ကြလေသည်။ တံတိုင်းများလည်း ပြုပြင်ပြီး စပါးကျီများလည်း ဆောက်ကာ အရာရာမှာ စနစ်တကျဖြစ်သွားသည်။
ထို့နောက် “ချောင်ချောင်း”(Cao Cao) တို့ကို ဆုများချီးမြှင့်လေသည်။ “တုန်းချန်”(Dong Cheng) နှင့် အခြား ၁၃ ယောက်တို့ကို သူကောင်းပြုလေသည်။ အကျိုးဆောင်ခဲ့သူများကို ချီးမြှင့်ပြီး အပြစ်ရှိသူအချို့ကို အပြစ်ပေးလေသည်။ အရာရာမှာ “ချောင်ချောင်း”(Cao Cao) ဆုံးဖြတ်ချက်ပင်ဖြစ်သည်။
ထို့နောက် သူ့ကိုယ်သူ နန်းရင်းဝန် ၊ Regent Marshal (စစ်ဖက်ဆိုင်ရာ ရာထူးအကြီးဆုံးပုဂ္ဂိုလ်) နှင့် ဝူဖင် အုပ်ချုပ်သူ အဖြစ်ခန့်အပ်လေသည်။
“ရွှင်ယွိ”(Xun Yu) နန်းတွင်းအကြံပေး ၊ အတွင်းဝန်ချုပ်
“ရွှင်ယို”(Xun You) ကာကွယ်ရေးဝန်ကြီး
“ကောကျား”(Guo Jia) သာသနာရေးဝန်ကြီး
“လျူရဲ့”(Liu Ye) အလုပ်သမားဝန်ကြီး
“မောင်ကျဲ”(Mao Jie) စိုက်ပျိုးရေးဝန်ကြီး ၊ “မောင်ကျဲ”(Mao Jie) နှင့်အတူ “ရန်ကျွင်း”(Ren Jun) စစ်တပ်လယ်မြေများနှင့် ရိက္ခာဂိုထောင် ကြီးကြပ်
“ချန်ယွီ”(Cheng Yu) တုန်းဖင် အုပ်ချုပ်သူ
“တုန်းကျောက်”(Dong Zhao) လော့ရန် တရားသူကြီး
“မန်ချုံး”(Man Chong) ရွှီချန် တရားသူကြီး
“Xiahou Dun”( ရှဟိုတွန်း) ၊ “ရှဟိုယွမ်”(Xiahou Yuan) ၊ “ချောင်ရန်”(Cao Ren) ၊ “ချောင်ဟုန်”(Cao Hong) ၊
“လုချန်”(Lu Qian) ၊ “လီတျန်”(Li Dian) ၊ “ယွဲကျင့်”(Yue Jng) ၊ Yu Jin နှင့် “ရွှီဟွမ်”(Xu Huang) စစ်သူကြီးများ
“ရွှီချူ”(Xu Chu) နှင့် Dian Wei မြို့တော်ခရိုင် စစ်သူကြီးများ
တို့အဖြစ် ခန့်အပ်လေသည်။ အကျိုးဆောင်ခဲ့သူတိုင်းကို အသိအမှတ်ပြုလေသည်။

ထို့နောက် “ချောင်ချောင်း”(Cao Cao) သည် တစ်မိုးအောက်တစ်ယောက်ဖြစ်လာသည်။ သဝဏ်လွှာမှန်သမျှ “ချောင်ချောင်း”(Cao Cao) မှတဆင့်သာ ဘုရင်ဆီရောက်လေသည်။ တိုင်းပြည်ရေးရာများကို “ချောင်ချောင်း”(Cao Cao) က သူ၏အဆောင်တွင် အကြံပေးအားလုံးခေါ်ကာ ဆွေးနွေးလေသည်။
“ချောင်ချောင်း”(Cao Cao) က ““လျူဘေ့”(Liu Bei) ရဲ့ စစ်တပ်က ရွှီကျိုး မှာ ၊ သူက ပြည်နယ်အုပ်ချုပ်ရေးဆက်လုပ်နေတယ်။ “လွီပု”(Lu Bu) က “လျူဘေ့”(Liu Bei) ဆီခိုလှုံနေပြီး Xiaopei မှာ နေရာပေးထားတယ်။ သူတို့ ၂ ယောက်သာ ပူးပေါင်းရင် ငါ့နေရာက စိုးရိမ်စရာပဲ။ ဒါကို ဘယ်လိုကာကွယ်ရမလဲ” ဟုမေးသည်။ “ရွှီချူ”(Xu Chu) က ထကာ “ကျွန်တော့်ကို လက်ရွေးစင်စစ်သည် ၅ သောင်းပေးပါ။ ခေါင်း ၂ လုံး လုံး ဆက်သပါမယ်။” ဟုဆိုလေသည်။
“ရွှင်ယွိ”(Xun Yu) က “စစ်သူကြီးက သတ္တိရှိပါပေတယ်။ ဒါပေမဲ့ အခုအခြေအနေအရ မြို့တော်ပြောင်းထားတော့ စစ်တိုက်လို့မရသေးဘူး။ လှည့်ကွက်တစ်ခုတော့ရှိတယ်။ အခု “လျူဘေ့”(Liu Bei) က တရားဝင်အုပ်ချုပ်ဖို့ အမိန့်မထွက်သေးဘူး။ အရှင်က နန်းရင်းဝန်အနေနဲ့ သူ့ကိုတရားဝင်ခန့်လိုက်ပါ။ တခါတည်းမှာ “လွီပု”(Lu Bu) ကိုသုတ်သင်ဖို့ အမိန့်ပို့လိုက်ပါ။ ဒါဆိုရင် သူ့ဖက်က သူရဲကောင်းတစ်ယောက် ဆုံးရှုံးသွားလိမ့်မယ်။ ဒါမှမဟုတ် “လွီပု”(Lu Bu) က သူ့ကိုသတ်နိုင်လိုက်မယ်။ သူတို့အချင်းချင်းသတ်ဖြတ်စေပါမယ်။” ဟု အကြံပေးသည်။ “ချောင်ချောင်း”(Cao Cao) က သဘောတူပြီး “လျူဘေ့”(Liu Bei) ကို အရှေ့အရပ်ကို အောင်နိုင်သော စစ်သူကြီး ၊ ရီချန် အုပ်ချုပ်သူ ၊ ရွှီကျိုး နယ်စား စသဖြင့် ခန့်အပ်လေသည်။

ရွှီကျိုး တွင် “လျူဘေ့”(Liu Bei) က မြို့တော်အပြောင်းအလဲကို ကြားသော် ဂုဏ်ပြုလွှာပို့ရန်ပြင်နေစဉ် နန်းတွင်းမှ ဆက်သားရောက်လာသည်။ ရာထူးပေးအပ်သည့်အမိန့်စာ ပေးပြီးသော် လျှို့ဝှက်စာကိုပါပေးလေသည်။
“လျူဘေ့”(Liu Bei) က အိပ်ဆောင်မသွားမီ မှူးမတ်များနှင့် လျှို့ဝှက်စာပါအကြောင်းအရာတို့ကို ဆွေးနွေးလေသည်။
“ကျန်းဖေး”(Zhang Fei): ““လွီပု”(Lu Bu) ကိုသတ်လို့ အပြစ်မဖြစ်ပါဘူး။ သူက လူဆိုးတစ်ယောက်ပဲ။”
“လျူဘေ့”(Liu Bei): “ဒါပေမဲ့ သူက ငါ့ဆီလာခိုလှုံတာလေ။ သတ်လို့ဘယ်ဖြစ်မလဲ။ ဒါ မသင့်တော်ဘူး။”
“ကျန်းဖေး”(Zhang Fei): “သူက လူကောင်းဆိုရင်တော့ ဒီကိစ္စက ခက်ခဲတာပေါ့။”
“လျူဘေ့”(Liu Bei) က နှုတ်ဆိတ်နေလေသည်။

နောက်နေ့တွင် “လွီပု”(Lu Bu) က ရောက်လာကာ ဂုဏ်ပြုသည်။ “လျူဘေ့”(Liu Bei) ကလည်း ကျေးဇူးတင်ကြောင်းပြန်ပြောသည်။ ထိုစဉ် “လွီပု”(Lu Bu) ကိုသတ်ရန် “ကျန်းဖေး”(Zhang Fei) က ဓားဆွဲထုတ်သည်ကို မြင်သော် အလျင်အမြန်ကြားဝင်ကာ တားရသည်။ “လွီပု”(Lu Bu) က အံ့သြကာ
“လွီပု”(Lu Bu): “ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ။”
“ကျန်းဖေး”(Zhang Fei): “မင်းက အကျင့်မကောင်းလို့ “ချောင်ချောင်း”(Cao Cao) က မင်းကို သတ်ဖို့ ငါ့အစ်ကိုကိုပြောတယ်။”
“လျူဘေ့”(Liu Bei) က “ကျန်းဖေး”(Zhang Fei) ကို ထွက်သွားရန် အကြိမ်ကြိမ်အော်သည်။ ထို့နောက် “လွီပု”(Lu Bu) ကို သီးသန့်ခန်းကို ခေါ်သွားကာ အကြောင်းစုံရှင်းပြပြီး လျှို့ဝှက်စာကို ပြသည်။ “လွီပု”(Lu Bu) က ငိုကြွေးကာ “ဒါ ငါတို့နှစ်ယောက်ကို ရန်တိုက်ပေးတာ။” ဟုဆိုလေသည်။ “လျူဘေ့”(Liu Bei) က “စိတ်မပူပါနဲ့ အစ်ကိုကြီးရာ ၊ ဒီလိုမသင့်တော်တဲ့လုပ်ရပ်ကို ကျွန်တော်မလုပ်ပါဘူး။” ဟုဆိုသည်။ “လွီပု”(Lu Bu) က အကြိမ်ကြိမ်ကျေးဇူးတင်လေသည်။ “လျူဘေ့”(Liu Bei) က ညနေထိ နေစေပြီး သေရည်သောက်လိုက် စကားပြောလိုက် နေကြသည်။
ထို့နောက် “ကွမ်းယွီ”(Guan Yu) နှင့် “ကျန်းဖေး”(Zhang Fei) တို့က “ဘာလို့ မသတ်တာလဲ။” ဟုမေးသော် ““ချောင်ချောင်း”(Cao Cao) က “လွီပု”(Lu Bu) ကိုကြောက်လို့ ငါတို့ ၂ ယောက်ကို ရန်တိုက်တာ။ ပြီးမှ သူဝင်လာပြီး အမြတ်ထုတ်လိမ့်မယ်။ တခြားအကြောင်းမှမရှိတာ။” ဟုဖြေလေသည်။ “ကွမ်းယွီ”(Guan Yu) က သဘောတူသော်လည်း “ကျန်းဖေး”(Zhang Fei) က “ငါတို့ကို နောင်ကျဒုက္ခမပေးအောင်တော့ နှင်ထုတ်ထားချင်တယ်။” ဟုဆိုပြန်သော် “ဒါ မြင့်မြတ်တဲ့သူတွေ လုပ်တဲ့အလုပ် မဟုတ်ဘူး။” ဟုဆိုကာ ပိတ်ပင်သည်။
သို့နှင့် ဆက်သားကို ညွှန်ကြားချက်ကို အချိန်ယူလုပ်ရမည် ဟူသော စာဖြင့် ပြန်လွှတ်လိုက်လေသည်။ သို့သော် ဆက်သားက “ချောင်ချောင်း”(Cao Cao) နှင့်တွေ့သော် “လျူဘေ့”(Liu Bei) က “လွီပု”(Lu Bu) ကို မသတ်ဖို့ အာမခံထားကြောင်း ပြောလေသည်။
“ချောင်ချောင်း”(Cao Cao): “ဒါဆို အစီအစဉ်ပျက်ပြီပေါ့။ ဘာဆက်လုပ်မလဲ။”
“ရွှင်ယွိ”(Xun Yu): “နောက်ထပ် လှည့်ကွက်တစ်ခု ကျန်ပါသေးတယ်။”
“ချောင်ချောင်း”(Cao Cao): “ဆိုပါဦး။”
“ရွှင်ယွိ”(Xun Yu): ““ယွမ်စု”(Yuan Shu) ဆီကို “လျူဘေ့”(Liu Bei) က နန်းတော်ကို Huai မြစ်တစ်ဝိုက် တောင်ပိုင်းဒေသတွေကို နှိမ်နင်းလိုကြောင်း လျှို့ဝှက်စာပို့လာတယ် လို့ စာပို့လိုက်ပါ။ “ယွမ်စု”(Yuan Shu) စိတ်တိုပြီး တိုက်ခိုက်လိမ့်မယ်။ အဲ့ကျမှ “လျူဘေ့”(Liu Bei) ကို “ယွမ်စု”(Yuan Shu) ကို နှိမ်နင်းဖို့ အမိန့်ပေးလိုက်ပါ။ ၂ ယောက်သားတိုက်ခိုက်နေတုန်း “လွီပု”(Lu Bu) က သစ္စာဖောက်ပြီး အမြတ်ထုတ်လိမ့်မယ်။”
“ချောင်ချောင်း”(Cao Cao) လည်း သဘောကျကာ “ယွမ်စု”(Yuan Shu) ကို ဖမ်းရန် “လျူဘေ့”(Liu Bei) ကို အမိန့်ပေးသည်။ စာရသော် “လျူဘေ့”(Liu Bei) က Mi Zhu ကို ခေါ်သည်။
Mi Zhu: “ဒါ လှည့်ကွက်ပါ။”
“လျူဘေ့”(Liu Bei): “သိပေမဲ့ မင်းမိန့်ကို လွန်ဆန်လို့မရဘူး။”
သို့နှင့် စစ်ပြင်သည်။
“စွန်းချန်”(Sun Qian): “ယုံကြည်ရတဲ့တစ်ယောက်ကို မြို့စောင့် ထားဖို့ လိုပါမယ်။”
“ကွမ်းယွီ”(Guan Yu): “ငါ စောင့်မယ်။”
“လျူဘေ့”(Liu Bei): “မင်းကို တောက်လျောက်လိုအပ်မှာ။ မင်းမရှိလို့ မဖြစ်ဘူး။”
“ကျန်းဖေး”(Zhang Fei): “ဒါဆို ငါစောင့်မယ်။”
“လျူဘေ့”(Liu Bei): “မဖြစ်နိုင်ဘူး။ မင်းကသောက်ပြီးရင် စစ်သားတွေကို မချေမငံပြောမယ်။ ရိုက်နှက်မယ်။ ပြီးတော့ စိတ်မြန်ပြီး ဘယ်သူ့အကြံမှ နားမထောင်ဘူး။ အမြဲစိတ်ပူနေရလိမ့်မယ်။”
“ကျန်းဖေး”(Zhang Fei): “ဒါဆိုရင် အရက်မသောက်ဘူး။ မရိုက်ဘူး။ အကြံပေးရင် နားထောင်မယ်။”
“လျူဘေ့”(Liu Bei): “နှလုံးက လာတာမဟုတ်ဘဲ ပါးစပ်ဖျားလေးတင် ပြောမှာကို ကြောက်တယ်။”
“ကျန်းဖေး”(Zhang Fei): “အစ်ကိုကြီးနဲ့ လိုက်လာတာ နှစ်ပေါင်းများပြီ။ ခုထိအယုံအကြည်မပျက်စေခဲ့ဘူး။ ဘာလို့ ခုကျ မယုံကြည်ရတာလဲ။”
“လျူဘေ့”(Liu Bei): “ဒီလိုပေမဲ့ စိတ်မချနိုင်ဘူး။ အကြံပေး “ချန်တန်”(Chen Deng) ကို ကူညီခိုင်းမယ်။ ဒါမှ မမှားမှာ။”
“ချန်တန်”(Chen Deng) ကလည်း လိုလားစွာ သဘောတူသည်။ ဤသို့ဖြင့် မြင်းစီးနှင့် ခြေလျင် စစ်သည် ၃ သောင်းသည် ရွှီကျိုး မှ ထွက်ခွာကာ နန်ရန် ကို ချီတက်ခဲ့သည်။
ဤသတင်းကို “ယွမ်စု”(Yuan Shu) ကြားသော် ပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်သည်။ စစ်သည် ၁ သိန်းကို “ကျီလင်”(Ji Ling) အောက်တွင် ထားကာ တိုက်စေသည်။ တပ် ၂ တပ်သည် Xuyi တွင် ဆုံလေသည်။ “လျူဘေ့”(Liu Bei) ၏တပ်သည် သေးငယ်သဖြင့် တောင်တန်းကို နောက်ခံပြုကာ စမ်းချောင်းဘေးတွင် စခန်းချလေသည်။

“ကျီလင်”(Ji Ling) သည် ဟွာစန်းအရှေ့ပိုင်းသားဖြစ်ပြီး အသွား ၃ ဖက်ပါဓားကို ကိုင်လေသည်။ စခန်းချပြီးနောက် ရှေ့ထွက်ကာ
“ကျီလင်”(Ji Ling): ““လျူဘေ့”(Liu Bei) ၊ ဒီနယ်ကို ကျူးကျော်ဝံ့သလား”
“လျူဘေ့”(Liu Bei): “အကျင့်ပျက်နယ်စားကို နှိမ်နင်းဖို့ နန်းတွင်းက အမိန့်ချတယ်။ ဆန့်ကျင်ရင် အပြစ်ပေးခံရမယ်။”
“ကျီလင်”(Ji Ling) လည်း စိတ်တိုကာ ရှေ့ထွက်လာသည်။ “ကွမ်းယွီ”(Guan Yu) က ထွက်လာပြီး တိုက်ခိုက်သည်။ အချက် ၃၀ ယှဉ်ပြီးသည်အထိ မည်သူမျှအသာမရပေ။ “ကျီလင်”(Ji Ling) က အနားယူရန် တောင်းဆိုသဖြင့် “ကွမ်းယွီ”(Guan Yu) လည်း ပြန်လာကာ စောင့်ဆိုင်းသည်။ ထို့နောက် “ကျီလင်”(Ji Ling) က “ရွှင်ကျန်း”(Xun Zheng) ကို စေလွှတ်သည်။
“ကွမ်းယွီ”(Guan Yu): ““ကျီလင်”(Ji Ling) ကိုလာခိုင်းလိုက်ပါ။ သူနဲ့ စာရင်းရှင်းရမယ်။”
“ရွှင်ကျန်း”(Xun Zheng): “မင်းလိုနာမည်မရှိတဲ့သူနဲ့ ငါတို့စစ်သူကြီး တိုက်ဖို့မတန်ဘူး။”
“ကွမ်းယွီ”(Guan Yu) လည်း စိတ်တိုကာ ပထမအချက်တွင်ပင် “ရွှင်ကျန်း”(Xun Zheng) ကျလေသည်။ ဤသို့ဖြင့် “ကျီလင်”(Ji Ling) ရှုံးကာ Huaiyin မစ်ကမ်းနားထိ ဆုတ်သွားပြီး စိန်ခေါ်သမျှ ငြင်းဆန်လေသည်။ သို့သော် ညတိုင်း “လျူဘေ့”(Liu Bei) စခန်းလာ၍ ဆဲရေးရာ အများစုမှာ အသတ်ခံရလေသည်။ သို့နှင့် စစ်တပ် ၂ ခု ရင်ဆိုင်လျက်ရှိသည်။

“လျူဘေ့”(Liu Bei) ထွက်သွားပြီးနောက် ရွှီကျိုး မှာ “ကျန်းဖေး”(Zhang Fei) က “ချန်တန်”(Chen Deng) ကို အုပ်ချုပ်ရေးတာဝန်ခံခန့်ကာ စစ်တပ်ရေးရာကို သူကိုယ်တိုင်ကိုင်တွယ်သည်။ ထို့နောက် မှူးမတ်အားလုံးကို ခေါ်ကာ “နက်ဖြန်ကစပြီး သေရည်မသောက်ဖို့ အစ်ကိုကြီးက တားသွားတယ်။ ဒါကြောင့်မို့ ဒီနေ့ တဝသောက်ကြ။” လို့ဆိုတယ်။ အားလုံး သောက်ရန် မတ်တတ်ရပ်ကြသည်။ ထိုစဉ် “ချောင်ပေါက်”(Cao Bao) က ကောင်းကင်က တားမြစ်ထား၍ မသောက်ပါ ဟု ငြင်းဆန်သော် “ကျန်းဖေး”(Zhang Fei) က တစ်ခွက်မသောက်မနေရ အတင်းတိုက်သည်။ “ချောင်ပေါက်”(Cao Bao) လည်း ကြောက်သဖြင့် သောက်ရသည်။
ယခု “ကျန်းဖေး”(Zhang Fei) မှာ လွန်မင်းစွာ သောက်ပြီး သေရည်မူးနေပြီဖြစ်သော်လည်း ဧည့်သည်အားလုံးကို ထပ်မံသောက်စေသည်။ “ချောင်ပေါက်”(Cao Bao) က ငြင်းဆန်သော်လည်း အတင်းသောက်စေပြန်သည်။ ဆက်လက်ငြင်းဆန်သဖြင့်
“ကျန်းဖေး”(Zhang Fei): “အမိန့်ကို ဖီဆန်ရင် ကြိမ်ဒဏ် အချက် ၁၀၀ သတ်မှတ်မယ်။”
“ချန်တန်”(Chen Deng) ကဝင်ရောက်တားမြစ်သော်
“ကျန်းဖေး”(Zhang Fei): “မင်းတို့ အရပ်ဖက်အမတ်တွေ ကိုယ့်ကိစ္စကိုယ် လုပ်ပါ။ ဝင်မစွက်ပါနဲ့။”
တောင်းပန်ရုံမှအပ မရှိတော့သဖြင့် “ချောင်ပေါက်”(Cao Bao) က
“ချောင်ပေါက်”(Cao Bao): “ငါ့သမက်မျက်နှာမြင်ရင်တော့ အရှင်ခွင့်လွှတ်မှာပါ။”
“ကျန်းဖေး”(Zhang Fei): “ဘယ်သူလဲ။”
“ချောင်ပေါက်”(Cao Bao): ““လွီပု”(Lu Bu)”
“ကျန်းဖေး”(Zhang Fei): “မင်းကို တကယ်ရိုက်ဖို့ အစီအစဉ်မရှိဘူး။ ဒါပေမဲ့ ငါ့ကို “လွီပု”(Lu Bu) နဲ့ ခြိမ်းခြောက်ရင်တော့ မင်းကို “လွီပု”(Lu Bu) ကိုရိုက်တဲ့အမှတ်နဲ့ ရိုက်မယ်။”

ဧည့်သည်များက ဝိုင်းတားကြသော်လည်း “ချောင်ပေါက်”(Cao Bao) မှာ အချက် ၅၀ အရိုက်ခံရသည်။ အခြားသူများက ဝိုင်းဝန်းတောင်းပန်၍ ကျန်အချက်များကို ပလပ်လိုက်သည်။
အရိုက်ခံရသော “ချောင်ပေါက်”(Cao Bao) မှာ သူအစော်ကားခံရတာကို “လွီပု”(Lu Bu) ကို တိုင်သည်။ တခါတည်းတွင် “လျူဘေ့”(Liu Bei) မရှိ၍ “ကျန်းဖေး”(Zhang Fei) အမူးမပြေခင် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ရန်လည်း အကြံပေးသည်။ “လွီပု”(Lu Bu) က Chen Gong ကို တိုင်ပင်သည်။ Chen Gong က သဘောတူသော် မြင်းစီးစစ်သည် ၅၀၀ နှင့် ဝင်တိုက်သည်။ နောက်က တပ်မကို Chen Gong နှင့် Gao Shun တို့က ဦးဆောင်သည်။
Xiaopei သည် ၁၅ မိုင်မျှသာ ဝေးကွာပြီး ည ၄ ချက်တီးတွင် ချီတက်လာ၍ မည်သည့်ကင်းစောင့်မျှ မမြင်ချေ။ ထို့နောက် တံတိုင်းနားကပ်ကာ ““လျူဘေ့”(Liu Bei) ရဲ့ လျှို့ဝှက်ဆက်သားလာတယ်။” ဟုအော်သည်။ တံတိုင်းပေါ်မှ သူများမှာ “ချောင်ပေါက်”(Cao Bao) ၏လူများဖြစ်ရာ “ချောင်ပေါက်”(Cao Bao) က ဆင်းကြည့်ပြီး တံခါးဖွင့်ပေးသည်။ “လွီပု”(Lu Bu) အချက်ပေးသည်နှင့် စစ်သားတို့မှာ အော်ဟစ်ကာ ဝင်ကြသည်။
ထိုစဉ် “ကျန်းဖေး”(Zhang Fei) မှာ သေရည်မူးပြီး သူ့အခန်းတွင် အိပ်နေသည်။ ကျေးကျွန်များက လာနှိုးကြပြီး “လွီပု”(Lu Bu) ဝင်လာကြောင်း လျှောက်သည်။ “ကျန်းဖေး”(Zhang Fei) သည် သံချပ်ကို အလောတကြီးဝတ်ကာ သူ၏လက်စွဲတော် လှံပုဆိန်ကို ကိုင်စွဲသည်။ မြင်းပေါ်တက်နေစဉ်မှာပင် ရန်သူမှာ နီးကပ်လာသည်။ အမူးမပြေသေးသည့်အတွက် ကောင်းမွန်စွာ မတိုက်ခိုက်နိုင်ပေ။ ထို့ကြောင့် အစောင့် ၁၈ ယောက်ကို ခေါ်ကာ အရှေ့တံခါးမှ ထွက်ပြေးလေသည်။ “လျူဘေ့”(Liu Bei) ၏မိသားစုမှာ ကံကြမ္မာအလိုအတိုင်းသာဖြစ်တော့သည်။
“ချောင်ပေါက်”(Cao Bao) က “ကျန်းဖေး”(Zhang Fei) တွင် နောက်လိုက်အနည်းငယ်သာပါပြီး အမူးမပြေသေးသည်ကိုသိသော် လိုက်ဖမ်းလေသည်။ “ကျန်းဖေး”(Zhang Fei) က သူ့ကိုမြင်သော် စိတ်ဆိုးစွာဖြင့် တိုက်ခိုက်သည်။ အချက်အနည်းငယ်မျှတိုက်ပြီးသော် “ချောင်ပေါက်”(Cao Bao) မှာပြေးလေသည်။ “ကျန်းဖေး”(Zhang Fei) က လိုက်လံတိုက်ခိုက်ရာ “ချောင်ပေါက်”(Cao Bao) နောက်ကျောတွင် ဒဏ်ရာရလေသည်။ “ချောင်ပေါက်”(Cao Bao) ၏မြင်းက သူ့သခင်ကို ကျုံးအတွင်းခေါ်သွားလေရာ ရေနစ်သေလေသည်။
မြို့အပြင်ရောက်သည်နှင့် “ကျန်းဖေး”(Zhang Fei) က တပ်များကို ပြန်စုကာ တောင်ဘက်ကို ဦးတည်သွားလေသည်။
“လွီပု”(Lu Bu) က အံ့အားသင့်နေသောမြို့သူမြို့သားတို့ကို ချွေးသိပ်ကာ မြို့ကို တည်ငြိမ်စေသည်။ “လျူဘေ့”(Liu Bei) စံအိမ်ကို မည်သူမျှမနှောင့်ယှက်စေရန် အစောင့်ချထားပေးသည်။

“ကျန်းဖေး”(Zhang Fei) သည် နောက်လိုက်အနည်းငယ်ဖြင့် Xuyi ရှိ “လျူဘေ့”(Liu Bei) စခန်းသို့ရောက်လေသည်။ အကြောင်းစုံပြောပြီးသော် အားလုံးစိတ်ညစ်ညူးသွားကြသည်။
“လျူဘေ့”(Liu Bei): “အနိုင်ရတိုင်းလည်း အောင်ပွဲပဲခံနေလို့ မရသလို ရှုံးနိမ့်တိုင်းလည်း ငိုကြွေးနေလို့ အပိုပဲ။”
“ကွမ်းယွီ”(Guan Yu): “ငါတို့ အစ်မတော်တွေရော…”
“ကျန်းဖေး”(Zhang Fei): “မြို့မှာ ကျန်ခဲ့တယ်။”
“လျူဘေ့”(Liu Bei) မှာ ခေါင်းညိတ်ကာ တိတ်ဆိတ်နေသည်။ “ကွမ်းယွီ”(Guan Yu) က “မင်းမြို့ကိုစောင့်မယ်ဆိုတုန်းက ဘာကတိပေးခဲ့သလဲ။ ငါတို့အစ်ကိုကြီးက ဘာအမိန့်ပေးခဲ့လဲ။ အခု မြို့လည်းဆုံးပြီ။ အစ်မတော်တွေလည်း အတူတူပဲ။” ဟုဆူလေသည်။
“ကျန်းဖေး”(Zhang Fei) မှာ နောင်တရ၍ မဆုံးတော့ပေ။ သူ၏ ဓားကို ဆွဲထုတ်ကာ သတ်သေရန် ပြင်တော့သည်။
*Silver~K~*


Comments

Popular posts from this blog

Lookism