သုံးနိုင်ငံခေတ်(၁၇)

အခန်း(၁၇) "ယွမ်စု"(Yuan Shu) သည် တပ်ခုနှစ်တပ်ခွဲကာ စစ်ချီခြင်း၊ "ချောင်ချောင်း"(Cao Cao) နှင့် စစ်သူကြီးသုံးဦးတို့ပူးပေါင်းခြင်း

ဟွိုင်မြစ်၏တောင်ဘက်သည် ကောက်ပဲသီးနှံကြွယ်ဝပြီး ထိုနယ်ပယ်ကြီးကို အပိုင်စားရသော "ယွမ်စု"(Yuan Shu) ကား အင်မတန်မှ ဩဇာရှိလေသည်။ "စွန်းချဲ့"(Sun Ce) ထံမှရသော ဘုရင့်တံဆိပ်တုံးရှိသည့်အတွက်လည်း မာနထောင်လွှားကာ ဘုရင်ပြုရန်ကြံလေသည်။ တစ်ရက်သော် လက်အောက်ငယ်သားတို့ကို စုရုံးကာ
"ဟန်မင်းဆက် တည်ထောင်ခဲ့တဲ့ဘုရင်ဟာလည်း စစချင်းမှာ သာမန်အမှုထမ်းအဆင့်သာရှိခဲ့တယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ ဘုရင်ဖြစ်လာတယ်။ ဒီမင်းဆက်ဟာနှစ်ပေါင်းလေးရာတောင် ကြာရှည်လာခဲ့ပြီး ပျက်စီးစပြုနေပြီ။ ဥပဒေစိုးမိုးမှုဆိုတာ မရှိတော့ဘူး။ ငါ့မိသားစုတွေကတော့ ဆွေစဉ်မျိုးဆက်လေးဆက်တိုင်တိုင် ကြီးမြင့်တဲ့ရာထူးတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး လူအများရဲ့လေးစားမှုကို ခံရတယ်။ ဒါကြောင့် ငါက ကောင်းကင်ကြီးရဲ့အလိုအရ တိုင်းပြည်ကိုအုပ်ချုပ်ရင်ကောင်းမလားလို့ ကြံမိတယ်။ မင်းတို့ရော ဘယ်လို ထင်ကြလဲ?" ဟု မေးသည်။
သို့သော်လည်း လက်အောက်ခံတစ်ဦးဖြစ်သော "ရန်ရှန်"(Yan Xiang) မှ
"ဒီလိုမလုပ်သင့်ပါဘူး။ ရှေးယခင်က ကျိုးမင်းဆက်တဲ့ဘိုးဘေးဖြစ်တဲ့ ဘုရင်"ဝင်"(Wen) ဟာ ဌာနတွေအများကြီးကို ချုပ်ကိုင်ထားခဲ့ပေမယ့်လည်း သစ္စာရှိရှိနဲ့ ရှန်မင်းလက်အောက်မှာ အမှုထမ်းခဲ့တယ်။ ဒါက သူဟာ တိုင်းပြည်ရဲ့သုံးပုံနှစ်ပုံကို ထိန်းချုပ်နိုင်တဲ့အချိန်မှာ အဲ့လိုသစ္စာရှိခဲ့တာပါ။ သခင်ကြီးရဲ့မျိုးရိုးက ဂုဏ်သရေရှိပါတယ်၊ ဒါပေမယ့် အရင်ကျိုးမင်းဆက်ကို မမှီသေးဘူး။ ဟန်မင်းဆက်က ဩဇာယုတ်လျော့နေပေမယ့် ရှန်ခေတ်ကလို ဘုရင်ကို ဖြုတ်ချလောက်အောင် မဆိုးရွားသေးပါဘူး" ဟုပြောကာ ကန့်ကွက်လေသည်။

ထိုသို့ပြောသည်ကို  "ယွမ်စု"(Yuan Shu) က မကျေနပ်ပေ။
"ယွမ်စု"(Yuan Shu) : "ငါတို့ ယွမ်မိသားစုတွေက ဘုရင်"ရွှန်း"(Shun) ရဲ့မျိုးရိုးဖြစ်တဲ့ "ချန်"(Chen)မျိုးရိုးက ဆင်းသက်လာတာ။ ဂြိုလ်တွေနက္ခတ်တွေကို ကြည့်ပြန်ရင်လည်း မြေကြီး(Chen) က မီး(Liu) တွေကို အစားထိုးမယ်လို့ ဆိုတယ်။ ဒါ့အပြင် 'ဟန်တွေကိုအစားထိုးမယ့်သူက နက်နဲတဲ့သူဖြစ်မယ်' ဆိုတဲ့ တဘောင်လည်းရှိတယ်။ ငါ့နာမည်က 'မြင့်မားတဲ့လမ်း' လို့ အဓိပ္ပာယ်ရတော့ ဒါနဲ့ကိုက်နေတယ်။ နောက်ပြီး ငါက ဘုရင့်တံဆိပ်တုံးကိုရထားတာဆိုတော့ ငါသာ ဘုရင်မလုပ်ရင် ကောင်းကင်ကြီးနဲ့ သွေဖယ်နေမှာပေါ့။ ဘယ်သူမှ မဆန့်ကျင်နဲ့တော့။ ဆန့်ကျင်သူက သေဒဏ်နဲ့ အပြစ်ပေးမယ်"
ထို့နောက် "ယွမ်စု"(Yuan Shu) သည် သူ့ကိုယ်သူ ဘုရင်ဟု သမုတ်ကာ ဘုရင့်အဆောင်အယောင်အတိုင်း ဝတ်စားလေသည်။ ထို့အပြင် "ဖုန်းဖန်"(Feng Fang) ၏ သမီးကို မိဖုရားမြောက်ကာ သူ့သားကိုလည်း အိမ်ရှေ့အရာ ပေးလေသည်။ ထို့နောက် သူ့သားနှင့် "လွီပု"(Lu Bu) ၏ သမီးတို့ကိုလည်း လက်ဆက်ရန် ကမ်းလှမ်းလေသည်။

သို့သော်လည်း ထိုသို့လွှတ်လိုက်သော သံတမန်သေဆုံးသည်ကိုသိသောအခါ "ယွမ်စု"(Yuan Shu) သည် ဒေါသထွက်ကာ "ကျန်းရွှင်"(Zhang Xun) ကို ခေါင်းဆောင်အဖြစ်ခန့်အပ်ပြီး စစ်သားနှစ်သိန်းကျော်ဖြင့် ရွှီကျိုးသို့ ချီတက်စေသည်။ ထိုစစ်တပ်တွင် ခေါင်းဆောင်ခုနှစ်ယောက်ပါသော တပ်ဖွဲ့ခုနှစ်ခုပါဝင်သည်။ ထိုစစ်သူကြီးခုနှစ်ယောက်တို့ကား "ကျန်းရွှင်"(Zhang Xun) ၊ "ချောင်ရေ"(Cao Rui) ၊ "လေပို"(Lei Bo)၊ "ဟန်ရှန်"(Han Xian) ၊ "ချန်ကျိ"(Chen Ji) ၊ ""ချန်လန်"(Chen Lan) နှင့် "ရန်ဖုန်း"(Yang Feng) တို့ဖြစ်သည်။ စစ်သူကြီးတစ်ဦးစီကို မြို့တစ်မြို့စီ တိုက်စေသည်။
ထို့နောက် ရန်ကျိုးနယ်စား"ကျင်းရှန်"(Jin Shang) ကို စားနပ်ရိက္ခာတို့ပေးရန် တာဝန်ပေးသော်လည်း ငြင်းဆန်သဖြင့် သတ်လိုက်လေသည်။ ထို့နောက် လိုအပ်သည်တို့ကို ကူညီရန် "ကျီလင်"(Ji Ling) ကို အကူတပ်အနေဖြင့် ခန့်အပ်ထားသည်။ "ယွမ်စု"(Yuan Shu) ကိုယ်တိုင်ကမူ "လီတန်"(Li Deng) ၊ "လျန်ကန်း"(Liang Gang) နှင့် "ယွဲကျို"(Yue Jiu) ဟု ခေါ်သော စစ်သူကြီးသုံးဦးနှင့်အတူ စစ်သားသုံးသောင်းကို ဦးဆောင်ကာ ချီတက်လေသည်။

ရွှီကျိုးကို "ကျန်းရွှင်"(Zhang Xun) က တိုက်မည်ဖြစ်ပြီး ကျန်သောမြို့များဖြစ်သည့် ရှောင်ဖေ၊ ရီတု၊ လန်ရဲ့၊ ကျဲရှီ၊ ရှဖီ နှင့် လန်ရဲ့တို့ကို အခြားစစ်သူကြီးတို့က တိုက်မည်ဖြစ်သည်။ထိုစစ်တပ်တို့သည် တစ်ရက်ကို မိုင်နှစ်ဆယ်နှုန်းဖြင့် ချီတက်လာသည်။ ထိုသတင်းကို "လွီပု"(Lu Bu) သည် သူ၏အထောက်တော်များမှ တဆင့်ကြားလေရာ လက်အောက်ခံတို့ကိုခေါ်ကာ တိုင်ပင်သည်။
"ချန်ကုန်း"(Chen Gong) : "ဒီလို ဒုက္ခရောက်တာဟာ ချန်သားအဖနှစ်ဦးဟာ နန်းတော်က ဆုလာဘ်တွေကို မက်လို့ဖြစ်ရတာပါ။ သူတို့နှစ်ဦးကိုသတ်ပြီး ခေါင်းကို ယွမ်စု(Yuan Shu) ဆီကိုသာ ပို့လိုက်ရင် သူ့တပ်ကို ပြန်ခေါက်သွားမှာပါ"
ထိုအခါ "လွီပု"(Lu Bu) သည် ထိုသူနှစ်ဦးကို ဖမ်းလိုက်စေသည်။

သားဖြစ်သူ "ချန်တန်"(Chen Deng) က ပြုံးကာ
"ဘာများ ကြောက်စရာရှိလဲ? အဲ့တပ်ခုနှစ်တပ်က ပြိုကွဲခါနီးကောက်ရိုးပုံပမာပဲ" ဟု ဆိုသည်။
"လွီပု"(Lu Bu) : "ဒါဆို ဒီဟာကို ရင်ဆိုင်နိုင်မယ့်နည်းရှိရင် မင်းတို့ကို လွှတ်ပေးမယ်"
"ကျွန်တော်ပြောတာသာ နားထောင်ရင် ဒီပြည်နယ်က အေးချမ်းမှာသေချာပါတယ်"
"မင်းအကြံကို အရင်နားထောင်ရအောင်"
"ယွမ်စု(Yuan Shu) တပ်တွေက များပေမယ့် ဒါတွေက ကျီးတစ်အုပ်လိုပဲ ခေါင်းဆောင်မရှိဘူး။ ဒါ့အပြင် ယုံကြည်မှုလည်း မရှိဘူး။ ဒီနေရာက အစောင့်တွေနဲ့တင် ရန်သူကို တွန်းလှန်နိုင်မယ့် နည်းရှိတယ်၊ အဲ့အကြံမအောင်မြင်ခဲ့ရင်တောင် မြို့ကိုကာကွယ်နိုင်မယ့်အပြင် ရန်သူကိုပါဖမ်းနိုင်မယ့်အကြံရှိပါသေးတယ်"
"နားထောင်ကြည့်တာပေါ့"
"ရန်သူတွေထဲက ဟန်ရှန်(Han Xian) နဲ့ ရန်ဖုန်း(Yang Feng) ဟာ ဟန်ခေတ်ရဲ့မင်းမှုထမ်းဟောင်းတွေဖြစ်ပြီး ချောင်ချောင်း(Cao Cao) ဆီက ပြေးလာလို့သာ ယွမ်စု(Yuan Shu) ဆီမှာ ခိုလှုံနေတာ၊ သူတို့က ယွမ်စု(Yuan Shu) အပေါ်ကျေနပ်တာ မဟုတ်ဘူး၊ နန်းတော်က စာတစ်စောင်နဲ့တင် သူတို့ကို ကျွန်တော်တို့ဘက်ပါအောင် လုပ်နိုင်မယ်၊ နောက်ပြီး လျူဘေ့(Liu Bei) ရဲ့အကူအညီကိုပါ ရယူမယ်ဆိုရင် ရန်သူတွေကို သေချာပေါက် တွန်းလှန်နိုင်မှာပါ"
["ဟန်ရှန်"(Han Xian) သည် အဖြူရောင်လှိုင်းသူပုန်ခေါင်းဆောင်ဖြစ်ခဲ့ပြီး "ရန်ဖုန်း"(Yang Feng) မှာ "လီကျွယ်"(Li Jue) လက်အောက်မှ စစ်သူကြီးဖြစ်သည် --- အခန်း(၁၃) တွင်ရှူ]


"လွီပု"(Lu Bu) : "စာကို မင်းကိုယ်တိုင်သွားပို့ရမယ်"
၎င်းကို "ချန်တန်"(Chen Dang) က လက်ခံသည်၊ ထို့နောက် နန်းတော်သို့သဝဏ်လွှာပို့လိုက်ပြီးနောက် ယွီကျိုးမှ "လျူဘေ့"(Liu Bei) ထံ စစ်ကူတောင်းသည်။ ထို့နောက် "ချန်တန်"(Chen Dang) သည် "ဟန်ရှန်"(Han Xian) လာရာလမ်းတွင် သွားစောင့်နေသည်။ "ဟန်ရှန်"(Han Xian) သည် "ချန်တန်"(Chen Dang) ကိုမြင်လျှင်
"ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ။ ခင်ဗျားက လွီပု(Lu Bu) ဘက်က မဟုတ်လား" ဟု မေးသည်။
"ချန်တန်"(Chen Dang) : "ကျုပ်က လွီပု(Lu Bu) လက်အောက်မှာ အမှုထမ်းနေတာ မဟုတ်ပဲ ဟန်ဘုရင်အောက်မှာအမှုထမ်းတဲ့ ဘုရင့်ဘက်တော်သားဖြစ်တယ်။ ခင်ဗျားကတော့ အခု သစ္စာဖောက်လက်အောက်ကို ရောက်နေပါလား၊ ခင်ဗျားအရင်က ဘုရင်မင်းမြတ်ကို ကာကွယ်ခဲ့တဲ့လူလေ။ အခု ဒါကို အခွင့်ကောင်းယူပြီး ဘုရင့်ဘက်မှာ အမှုလာထမ်းပါလား"

"ဟန်ရှန်"(Han Xian) သည် သက်ပြင်းချလိုက်ကာ
"အခွင့်အရေးရှိရင်တော့ ပြန်လုပ်ချင်တာပေါ့" ဟုဆိုလေသည်။
ထိုအခါ "ချန်တန်"(Chen Dang) သည် "လွီပု"(Lu Bu) ထံမှ စာကို ထုတ်ကာပြလိုက်သည်။ စာကိုဖတ်ပြီးနောက် "ဟန်ရှန်"(Han Xian) သည်
"အင်း။ သိပြီ။ ခင်ဗျား သခင်ဆီပြန်ပြောလိုက်၊ ကျုပ်နဲ့ ရန်ဖုန်း(Yang Feng) က ခင်ဗျားတို့ဘက်ကနေ ယွမ်စု(Yuan Shu) ကို ကူတိုက်ပေးမယ်လို့။ ကျုပ်တို့အချက်ပြမီးလွှတ်လိုက်ရင် ခင်ဗျားတို့တပ်ချီတက်လာခဲ့" ဟု ပြောလိုက်သည်။
ထို့နောက် "ချန်တန်"(Chen Dang) သည်လည်း ပြန်ကာ "လွီပု"(Lu Bu) ကို ပြောသည်။ "လွီပု"(Lu Bu) သည် သူ၏ တပ်ဖွဲ့ငါးသောင်းကို ငါးဖွဲ့ခွဲကာ မြို့ငါးမြို့သို့ စေလွှတ်လိုက်သည်။

"ကောက်ရွှန်း"(Gao Shun) မှ ရှောင်ဖေတွင် "ချောင်ရေ"(Qiao Rui) နှင့်လည်းကောင်း၊ "ချန်ကုန်း"(Chen Gong) သည် ရီတုတွင် "ချန်ကျိ"(Chen Ji) နှင့်လည်းကောင်း၊ "ကျန်းလျောင်"(Zhang Liao) နှင့် "ကျန်းပါ"(Zhang Ba) တို့သည် လန်ရဲ့တွင် "လေပို"(Lei Bo) နှင့်လည်းကောင်း၊ "စုန်းရှန်"(Song Xian) နှင့် "ဝေရှူ"(Wei Xu) တို့သည် ကျဲရှီတွင် "ချန်လန်"(Chen Lan) နှင့်လည်းကောင်း၊ "လွီပု"(Lu Bu) ကိုယ်တိုင်မှာမူ ရန်သူ၏ပင်မတပ်ဖြစ်သော "ကျန်းရွှင်"(Zhang Xun)ကို တိုက်ရန် ချီတက်သည်။ ရွှီကျိုးမြို့ကိုမူ စစ်သားအနည်းငယ်နှင့်လွှဲထားလိုက်သည်။
"လွီပု"(Lu Bu) သည် မြို့ပြင်ဆယ်မိုင်အကွာတွင် စခန်းချသည်။ "ကျန်းရွှင်"(Zhang Xun) မှာမူ "လွီပု"(Lu Bu) ကို မယှဉ်နိုင်မှန်းသိသဖြင့် မတိုက်ပဲ ခုနှစ်မိုင်အကွာတွင် စခန်းချကာ စစ်ကူစောင့်လေသည်။
ထိုည နှစ်ချက်တီးအချိန်တွင် "ဟန်ရှန်"(Han Xian) နှင့် "ရန်ဖုန်း"(Yang Feng) တို့ရောက်လာကြပြီး ကတိထားသည့်အတိုင်း မီးဖြင့်အချက်ပေးလိုက်ရာ "လွီပု"(Lu Bu) ၏ စစ်တပ်ရောက်လာပြီး တစ်ဖက်ရန်သူတို့ကို ရှုပ်ထွေးသွားစေသည်။ ထို့ကြောင့် "ကျန်းရွှင်"(Zhang Xun) မှာ အလူးအလဲခံရပြီး ထွက်ပြေးရလေသည်။ "လွီပု"(Lu Bu) ကလည်း နံနက်လင်းသည်အထိ နောက်မှလိုက်ရာ လမ်းတွင် "ကျီလင်"(Ji Ling) ၏ စစ်တပ်နှင့်ထိပ်တိုက်တွေ့ပြီးတိုက်လေသည်။ ထိုသို့တိုက်နေစဉ်မှာပင် "ဟန်ရှန်"(Han Xian) နှင့် "ရန်ဖုန်း"(Yang Feng) တို့က "လွီပု"(Lu Bu) ဘက်မှ ဝင်တိုက်ရာ "ကျီလင်"(Ji Lin) ထွက်ပြေးရသည်။

"လွီပု"(Lu Bu) လည်း နောက်မှ လိုက်သည်။ သို့သော်လည်း နောက်မှ ကြီးမားသောတပ်ဖွဲ့တစ်ဖွဲ့ပေါ်လာသည်။ ထိုတပ်ဖွဲ့တွင် အလံတို့ကို နဂါး၊ဇာမဏီ တို့အပြင် နေ၊လပုံသဏ္ဌာန်အလံတို့ဖြင့် တန်ဆာဆင်ထားသည်။ ၎င်းတပ်ကို ဦးဆောင်လာသူမှာ "ယွမ်စု"(Yuan Shu) ကိုယ်တိုင်ဖြစ်သည်။ "လွီပု"(Lu Bu) သည် စီးချင်းတိုက်ရန်စိမ်ခေါ်လေရာ "လွီပု"(Lu Bu) ဘက်မှ စစ်သူကြီး "လီတန်"(Li Deng) ထွက်လာကာ "လွီပု"(Lu Bu) နှင့် တိုက်သည်။ သို့သော်လည်း သုံးကွက်ခန့်တိုက်ပြီးနောက် "လီတန်"(Li Deng) ၏ လက်ဒဏ်ရာရကာ လက်မှလှံလွတ်ကျပြီး ထွက်ပြေးလေသည်။
ထိုထွက်ပြေးသောတပ်ကို "လွီပု"(Lu Bu) မှ နောက်မှလိုက်တိုက်သည်။ "ယွမ်စု"(Yuan Shu) ၏ တပ် အဝေးသို့မရောက်မီပင် "ကွမ်းယွီ"(Guan Yu) ၏ စစ်တပ် ပေါ်လာသည်။
"ကွမ်းယွီ"(Guan Yu) : "သစ္စာဖောက်၊ အခုထက်ထိ မသေသေးဘူးလား"


"ယွမ်စု"(Yuan Shu) သည် ကြောက်လန့်တကြားဖြင့် ပြေးရာ ဟွိုင်မြစ်၏ တစ်ဖက်သို့ပြန်ရောက်သွားသည်။
သို့နှင့် တိုက်ပွဲအောင်မြင်ခဲ့ပြီးနောက် "လွီပု"(Lu Bu) သည် "ကွမ်းယွီ"(Guan Yu)၊ "ရန်ဖုန်း"(Yang Feng) ၊ "ဟန်ရှန်"(Han Xian) တို့နှင့်အတူ မြို့အတွင်း၌အောင်ပွဲခံသည်။ ထို့နောက် စစ်သူကြီးနှင့် စစ်သားတို့ကို ဆုလာဘ်များပေးသည်။ "ကွမ်းယွီ"(Guan Yu) သည် ယွီကျိုးသို့ပြန်သွားသည်။ "ဟန်ရှန်"(Han Xian) ကို ရီတု၏မြို့တော်ဝန်အဖြစ်လည်းကောင်း၊ "ရန်ဖုန်း"(Yang Feng) ကို လန်ရဲ့၏မြို့တော်ဝန်အဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံရလေသည်။
ထိုသူနှစ်ဦးတို့ကို ရွှီကျိုးတွင်ပင် နေစေမလား ဟူသော အတွေးဖြစ်လာသည်။ သို့သော် "ချန်ကွေး"(Chen Gui) မှ
"သူတို့ကို ဟွာရှန်းတောင်ရဲ့ အဲနေရာတွေမှာပဲ နေရာပေးလိုက်ပါ။ နောက်ပိုင်းကျရင် အဲ့နေရာတွေကို ပိုင်ဆိုင်ရမှာပဲ" ဟု ဝင်ပြောသည်။
ထို့ကြောင့် ထိုသူနှစ်ဦးတို့ကို ထိုမြို့သို့သာ ပို့လိုက်သည်။

ထိုအခါ "ချန်တန်"(Chen Deng) မှ သူ့အဖေကို တိတ်တဆိတ်မေးလေသည်။
"ဘာလို့ သူတို့ကို အဲ့မြို့တွေကို ပို့စေတာလည်း။ သူတို့က ကျွန်တော်တို့နဲ့ ပေါင်းပြီး လွီပု(Lu Bu) ကို လုပ်ကြံကောင်းလုပ်ကြံနိုင်မှာ"
"ဒါပေမယ့် အကယ်၍ သူတို့သာ လွီပု(Lu Bu) ဘက်ပါသွားရင် ကျားကို တောင်ပံတပ်ပေးလိုက်သလိုဖြစ်သွားမှာပေါ့"
ထိုအခါမှသာလျှင် "ချန်တန်"(Chen Deng) မှ ကျေနပ်သွားသည်။

"ယွမ်စု"(Yuan Shu) သည် သူ့မြို့သို့ပြန်ရောက်လျှင် လက်စားချေရန်အတွက် "စွန်းချဲ့"(Sun Ce) ဆီမှ စစ်တပ်ကို ချေးငှားပေးရန် တောင်းသည်။
"စွန်းချဲ့"(Sun Ce) : "ဒီလူက ဘုရင့်တံဆိပ်တုံးကို ရပြီး ဘဝင်မြင့်ပြီးတော့ သူ့ကိုယ်သူ ဘုရင်သတ်မှတ်နေတယ်။ ဖြစ်နိုင်ရင် ငါကိုယ်တိုင်တောင် သူ့ကို တိုက်လိုက်ချင်တယ်"
သို့နှင့် "စွန်းချဲ့"(Sun Ce) မှ စစ်တပ်ကို မချေးငှားပဲ နေသည်။
"ယွမ်စု"(Yuan Shu) : "ဒီနို့နံ့မစင်သေးတဲ့ကောင်လေးက ငါ့ကိုဆန့်ကျင်ရဲတယ်? တခြားလူတွေကို မတိုက်ခင် သူ့ကို အရင်ရှင်းမယ်"
သို့သော်လည်း အကြံပေး "ရန်တကျန်း"(Yang Dajiang) က ကန့်ကွက်သဖြင့် မတိုက်တော့ချေ။

အကူအညီမပေးဟု ငြင်းလိုက်သော "စွန်းချဲ့"(Sun Ce) သည် လုံခြုံမှုအတွက် ကျန်းခိုတွင် စစ်တပ်ချထားစေသည်။ မကြာမီပင် "ချောင်ချောင်း"(Cao Cao) ထံမှ "စွန်းချဲ့"(Sun Ce) ကို ခွိုင်ကျိမြို့စားအဖြစ်ခန့်အပ်ကာ "ယွမ်စု"(Yuan Shu) ကို တိုက်စေရန် အမိန့်ရောက်လာသည်။ "စွန်းချဲ့"(Sun Ce) သည် လက်အောက်ခံတို့ကိုခေါ်ကာ တိုင်ပင်သည်။
"ကျန်းကျောက်"(Zhang Zhao) : "ယွမ်စု(Yuan Shu) ဟာ မကြာသေးခင်ကမှ စစ်ရှုံးသွားခဲ့ပေမယ့်လည်း သူ့အင်အားက ကြီးသေးတယ်။ ဒါကြောင့် ချောင်ချောင်း(Cao Cao) ကို ဟွိုင်မြစ်တစ်ဖက်ကမ်းကနေတိုက်စေပြီး ကျွန်တော်တို့က ဒီဘက်က ညှပ်ပြီးတိုက်မယ်ဆိုရင် ယွမ်စု(Yuan Shu) သေချာပေါက် ရှုံးမှာပါ။ အကယ်၍ ကျွန်တော်တို့ အတိုက်ခံရရင်တောင် ချောင်ချောင်း(Cao Cao) ဆီက အကူအညီယူနိုင်ပါတယ်"
ထိုအကြံကို လက်ခံလိုက်ပြီး "ချောင်ချောင်း"(Cao Cao) ထံ စာပို့လိုက်သည်။

"ချောင်ချောင်း"(Cao Cao) သည် "စွန်းချဲ့"(Sun Ce) ထံမှ ထိုစာရသည့်အပြင် "ယွမ်စု"(Yuan Shu) ၏စစ်တပ်အစာရေစာနည်းသည့်သတင်းကိုပါကြားလေရာ အခွင့်အခါသင့်ပြီဟု ယူဆသဖြင့် "ချောင်ရန်"(Cao Ren) အား မြို့တော်ကို စောင့်ကြပ်စေပြီး စစ်တပ် တစ်သိန်းခုနှစ်သောင်းနှင့် ချီတက်လေသည်။ ထို့နောက် "စွန်းချဲ့"(Sun Ce) ၊ "လျူဘေ့"(Liu Bei) နှင့် "လွီပု"(Lu Bu) တို့ထံမှ စစ်ကူတောင်းလိုက်သည်။
ထိုစစ်တပ်ကြီးကို ဦးစွာကြိုဆိုသူမှာ "လျူဘေ့"(Liu Bei) ဖြစ်သည်။ "လျူဘေ့"(Liu Bei) သည် ယွီကျိုးနယ်စပ်မှ ကြိုပြီး နှုတ်ဆက်စကားတို့ဆိုကြပြီးနောက် "ချောင်ချောင်း"(Cao Cao) ၏ ရွက်ဖျင်တဲသို့ဝင်လေသည်။
ထို့နောက် "လျူဘေ့"(Liu Bei) မှ ခေါင်းပြတ်နှစ်လုံးကို ထုတ်ပြလေသည်။
ထိုအခါ "ချောင်ချောင်း"(Cao Cao) က တအံ့တဩဖြင့်
"ဒါတွေက ဘာတုန်း"
"ဟန်ရှန်(Han Xian) နဲ့ ရန်ဖုန်း(Yang Feng) ရဲ့ ခေါင်းတွေပါ"
"ဘယ်လိုဖြစ်တာလဲ?"
"သူတို့ကို ရီတုနဲ့ လန်ရဲ့ကို အုပ်ချုပ်စေပေမယ့် သူတို့က သူတို့စစ်သားတွေ ပြည်သူတွေကနေ ပစ္စည်းတွေလုယက်တာကို ခွင့်ပြုခဲ့တယ်၊ ဒါကြောင့်လူတွေက မကျေနပ်ပဲ တိုင်တန်းကြလို့ ကျွန်တော်က သူတို့နှစ်ယောက်ကို ဖိတ်ပြီး အကြမ်းရည်ပန်းကန်လုံးကိုမှောက်ပြီး အချက်ပေးလိုက်တဲ့အချိန်မှာ ကျွန်တော့်ညီနှစ်ယောက်က သူတို့ကို သတ်လိုက်တာပါ။ ကျွန်တော့်အမှားအတွက် တောင်းပန်ပါတယ်"
"ဒါ ကောင်းတာလုပ်တာပဲ။ ဘာတောင်းပန်စရာလိုလဲ"
ထို့နောက် "ချောင်ချောင်း"(Cao Cao) က "လျူဘေ့"(Liu Bei) ကို ချီးမွမ်းလေသည်။

ထိုစစ်တပ်တို့သည် "လွီပု"(Lu Bu) ၏ ရွှီကျိုးနယ်ပယ်အနီးသို့ရောက်သောအခါ "လွီပု"(Lu Bu) မှထွက်လာကာ ကြိုဆိုသည်။ "ချောင်ချောင်း"(Cao Cao) သည် "လွီပု"(Lu Bu) တော်ကြောင်းကောင်းကြောင်းပြောကာ လက်ဝဲတပ်စစ်သူကြီးရာထူးပေးပြီး နန်းတော်သို့ရောက်လျှင် တရားဝင် စစ်မှုထမ်းရာထူးပေးမည်ဟု ကတိပေးသည့်အတွက် "လွီပု"(Lu Bu) မှာ သဘောအကျကြီးကျလေသည်။
ထို့နောက် စစ်တပ်သုံးခုကို "ချောင်ချောင်း"(Cao Cao) မှ အလယ်တပ်၊ "လွီပု"(Lu Bu) လက်ဝဲ နှင့် "လျူဘေ့"(Liu Bei) ကို လက်ယာတွင်ထားကာ ချီတက်သည်။ "ရှဟိုတွန်း"(Xiahou Dun) နှင့် "ယွီကျင့်"(Yu Jin) တို့သည် ရှေ့ပြေးတပ်ခေါင်းဆောင်များဖြစ်ကြသည်။

"ယွမ်စု"(Yuan Shu) ဘက်တွင် "ချောင်ရေ"(Qiao Rui) ဦးဆောင်သော စစ်သားငါးသောင်းတို့က ရှေ့ပြေးတပ်အဖြစ်ရှိသည်။ထိုတပ်ဖွဲ့နှစ်ခုတို့သည် ရှိုချွန်းမြို့၏မြို့ရိုးအနီးတွင်တွေ့ကြသည်။ "ရှဟိုတွန်း"(Xiahou Dun) နှင့် "ချောင်ရေ"(Qiao Rui) တို့တိုက်ကြရာ တတိယအလှည့်တွင် "ချောင်ရေ"(Qiao Rui) တိုက်ပွဲကျပြီး သူ့စစ်သည်တို့သည်လည်း မြို့တွင်းသို့ထွက်ပြေးကြလေသည်။
ထို့အပြင် "စွန်းချဲ့"(Sun Ce) ၏စစ်တပ်က ရေကြောင်းဖြင့် အနောက်ဖက်မှတိုက်မည်ဟူသောသတင်းတို့ရောက်လာသည်။ "ချောင်ချောင်း"(Cao Cao) က မြောက်ဘက်၊ "လွီပု"(Lu Bu) မှ အရှေ့၊ "လျူဘေ့"(Liu Bei) မှ တောင်ဘက်တွင်နေ၍ ရှိုချွန်းမြို့ကို ဝိုင်းတိုက်ကြသည်။

ထိုအခါ "ယွမ်စု"(Yuan Shu) သည် လက်အောက်ငယ်သားတို့ကိုခေါ်၍ စည်းဝေးလေသည်။
"ရန်တကျန်း"(Yang Dajiang) : "ရှိုချွန်းက မိုးခေါင်ရေရှားခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ လူတွေလည်း ငတ်ပြတ်ကုန်ပြီ။ စစ်သားတွေကို ထပ်လွှတ်လိုက်ရင် လူတွေကို ဒေါသဖြစ်စေပြီး အောင်မြင်မှု မသေချာပဲဖြစ်မယ်။ ဒါကြောင့် စစ်ကူမပို့တော့ပဲ ရန်သူတွေ စားနပ်ရိက္ခာပြတ်လပ်တဲ့အထိ ခုခံခိုင်းထားပါ။ ပြီးနောက်မှာတော့ သခင်ကြီးက အစောင့်တွေနဲ့ ဟွိုင်မြစ်တစ်ဖက်ကမ်းကို ပြောင်းပါ။ ဒီလိုဆို ရန်သူတွေရန်က လွတ်မြောက်နိုင်ပါမယ်"
ထို့ကြောင့်ပင် "လီတန်"(Li Deng) ၊ "ယွဲကျို"(Yue Jiu) ၊ "လျန်ကန်း"(Liang Gang) နှင့် "ချန်ကျိ"(Chen Ji) တို့ကို စစ်သားတစ်သိန်းဖြင့် ရှိုချွန်းကို စောင့်ကြပ်ရန် လွှတ်လိုက်သည်။ ကျန်သောစစ်သားတို့ကိုမူ ရှိုချွန်းတစ်ဖက်ကမ်းသို့ ပြောင်းစေသည်၊ စစ်သားတို့တင်မက၊ ယွမ်မိသားစုပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာတို့ကိုပါ ပြောင်းရွေှ့လေသည်။

"ချောင်ချောင်း"(Cao Cao) ၏ စစ်သားတစ်သိန်းခုနှစ်သောင်းတို့သည် နေ့စဉ်နေ့တိုင်း စားနပ်ရိက္ခာများစွာလိုအပ်သည့်အပြင် ထိုဒေသတွင် အစာရေစာပြတ်လပ်နေသဖြင့် မြို့ကို မြန်မြန်သိမ်းနိုင်ရန်လုပ်ဆောင်သည်။ ကာကွယ်သူတို့ဘက်ကမူ မြို့မကျအောင်သာ ခုခံလေသည်။ တစ်လခန့်ပြင်းပြင်းထန်ထန်တိုက်သော်လည်း မြို့ကမကျသေး၊ "စွန်းချဲ့"(Sun Ce) ထံမှ စားနပ်ရိက္ခာတို့ပေးရန် တောင်းဆိုရသည်။ ပုံမှန်အစားအစာ မပေးနိုင်သောအခါ စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေးတာဝန်ခံ "ရန်ကျွင်း"(Ren Jun) နှင့် ဂိုထောင်ကြီးကြပ်ရေးမှူး "ဝမ်ဟို"(Wang Hou) တို့သည် မည်သို့လုပ်ရမည်ကို "ချောင်ချောင်း"(Cao Cao) ထံ ဝင်ကာ မေးကြသည်။
"စစ်သားတွေကို ရိက္ခာလျှော့ပြီး ပေးပါ"
"အကယ်၍ သူတို့ မကျေမနပ်ဖြစ်ကြရင်ကော?"
"ငါ့မှာ တခြားအကြံရှိပါသေးတယ်"


သို့နှင့် "ချောင်ချောင်း"(Cao Cao) ပြောသည့်အတိုင်း ရိက္ခာတို့ကို လျှော့ကာ ဝေမျှသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် စစ်သားတို့အခြေအနေကို လျှို့ဝှက်စုံစမ်းရာ စစ်သားတို့က ဝန်ကြီးချုပ် သူတို့ကို အရူးလုပ်သွားသည်ဟု ပြောကြောင်း ကြားသိလေသော် "ဝမ်ဟို"(Wang Hou) ကို တိတ်တဆိတ်ဆင့်ခေါ်သည်။
"စစ်သားတွေ တည်ငြိမ်သွားအောင် မင်းကို လုပ်ခိုင်းစရာရှိတယ်၊ ဒါကို မငြင်းပါနဲ့"
"ဝန်ကြီးချုပ်က ဘာလုပ်ချင်လို့လဲ"
"မင်းခေါင်းကိုဖြတ်ပြီး စစ်သားတွေကို ပြမလို့"
"ကျွန်တော် ဘာအမှားမှ မလုပ်မိတာ"
"ငါသိတယ်၊ ဒါပေမယ့် မင်းကို မသတ်ရင် စစ်သားတွေက ထကြွလိမ့်မယ်၊ မင်းမိန်းမနဲ့ကလေးတွေကို ငါစောင့်ရှောက်ပေးပါ့မယ်"
"ဝမ်ဟို"(Wang Hou) သည် ငြင်းဆန်ရန်ပြုသော်လည်း "ချောင်ချောင်း"(Cao Cao) က အချက်ပြလိုက်ရာ အာဏာပါးကွက်သားတို့က "ဝမ်ဟို"(Wang Hou) ကို အပြင်ထုတ်သွားပြီး ခေါင်းဖြတ်သတ်လိုက်လေသည်။ ထို့နောက် ထိုသို့အစားအစာတို့ကို လျှော့ပေးသည်မှာ "ဝမ်ဟို"(Wang Hou) ၏အပြစ်ဖြစ်ကြောင်း၊ ထို့ကြောင့် သူ့ကိုသတ်လိုက်ကြောင်း ကြေညာရာ စစ်သားတို့က ကျေနပ်သွားကြသည်။

ထို့နောက် သုံးရက်အတွင်း မြို့ကို ကျအောင်မတိုက်နိုင်လျှင် သေဒဏ်ပေးမည်ဖြစ်ကြောင်း ကျေညာလိုက်သည်။ ထိုကျေညာချက်ကြောင့် ကြောက်ရွံ့ကာ ထွက်ပြေးရန်ပြုသော တပ်မှူးနှစ်ဦးကို "ချောင်ချောင်း"(Cao Cao) က သတ်လိုက်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) ၏ စစ်သည်တို့သည် ရွပ်ရွပ်ချွံချွံတိုက်လေရာ မြို့ရိုးကျိုးလေသည်။ ရန်သူ့စစ်သူကြီး "လီတန်"(Li Deng) ၊ "လျန်ကန်း"(Liang Gang) ၊ "ချန်ကျိ"(Chen Ji) တို့ကို အရှင်ဖမ်းမိကာ မြို့တွင်းထဲတွင် သေဒဏ်ပေးစေသည်။ မြို့အတွင်းရှိ ဘုရင့်အဆောင်အယောင်တို့ကို ဖျက်စီးကာ မြို့ပျက်လေသည်။
ထို့နောက် "ယွမ်စု"(Yuan Shu) နောက်ကို လိုက်ကာ တိုက်မည်ပြုသည်။ သို့သော် "ရွှင်ယွိ"(Xun Yu) က
"ဒီမှာ အစားအစာပြတ်လပ်တာကြာခဲ့ပြီ။ ဒီလိုနောက်ကလိုက်တိုက်ရင် စစ်သားတွေလည်း ပင်ပန်းနွမ်းနယ်ကုန်မယ်။ ဒါကြောင့် မြို့တော်ကို အရင်ပြန်ပြီး စားနပ်ရိက္ခာအရင် စုဆောင်းရမယ်" ဟု ဆိုသည်။
"ချောင်ချောင်း"(Cao Cao) တွေဝေသွားသည်။

ထိုအချိန်တွင် အရေးပေါ်သတင်းရောက်လာသည်။
'ကျန်းရှို့(Zhang Xiu) သည် လျူပြောင်း(Liu Biao) အကူအညီဖြင့် ပုန်ကန်ကာ နန်ရန်၊ ကျန်းလင်တွင် သောင်းကျန်းနေကြောင်း၊ ချောင်ဟုန်(Cao Hong) မှာ ရန်သူတို့ကို တိုက်နေသော်လည်း အခြေအနေမဟန်ကြောင်း ဖြစ်သည်'
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ရန်စီမြစ်၏ တစ်လျှောက်ကို "လျူပြောင်း"(Liu Biao) ရန်မှ ကာကွယ်ရန် "စွန်းချဲ့"(Sun Ce) ထံ စာပို့ကာ သူကိုယ်တိုင်ကမူ "ကျန်းရှို့"(Zhang Xiu) နှင့်တိုက်ရန်ချီတက်သည်။ "လျူဘေ့"(Liu Bei) ကိုမူ ရှောင်ဖေတွင် အခြေချစေသည်။ မထွက်ခွာမီ "လျူဘေ့"(Liu Bei) အား
"ကျားကို ထောင်ချောက်ဆင်ဖို့အတွက် ခင်ဗျားကို ရှောင်ဖေမှာထားထားမယ်၊ လိုအပ်ရင် ချန်တန်(Chen Deng) နဲ့ ချန်ကွေး(Chen Gui) ရဲ့အကူအညီကို ယူပါ" ဟု တိတ်တဆိတ် မှာကြားခဲ့သည်။

"ချောင်ချောင်း"(Cao Cao) သည် "တွမ်ဝေ"(Duan Wei) မှ "လီကျွယ်"(Li Jue) ကို သတ်လိုက်ပြီး "ဝူရှီး"(Wu Xi) က "ကော်စီ"(Guo Si) ကို သတ်လိုက်ပြီဟူသော သတင်းကြားရသည်။ ထို့နောက် ထိုသူတို့သည် ခေါင်းနှစ်လုံးကို လာဆက်သသည်။ "လီကျွယ်"(Li Jue) ၏ မိသားစုနှစ်ရာကျော်ခန့်ကိုလည်း ဖမ်းမိပြီး မြို့တော်သို့ ခေါ်ဆောင်လာသည်။ မြို့တော်တွင် သတ်လိုက်ကာ ခေါင်းတို့ကို ပြသထားသည်၊ လူတို့သည် သူပုန်နှစ်ဦးတို့သေဆုံးသည်ကို ကြားရသော် အင်မတန်ဝမ်းမြောက်ကြသည်။
နန်းတော်တွင်လည်း မှူးမတ်တို့စုဝေးကာ အောင်ပွဲခံကြသည်။ "တွမ်ဝေ"(Duan Wei) နှင့် "ဝူရှီး"(Wu Xi) တို့ကို ဘုရင်မှ ရာထူးပေးကာ ချန်အန်းကို စောင့်ကြပ်စေသည်။
"ချောင်ချောင်း"(Cao Cao) မှ "ကျန်းရှို့"(Zhang Xiu) ပုန်ကန်မှုအကြောင်းကို လျှောက်တင်သည်။ ဘုရင်မှလည်း သူပုန်တို့ကို နှိမ်နှင်းရန် အမိန့်ချလိုက်သည်။ ထိုနှစ်သည်ကာ "建安"(ကျန့်အန်း) တတိယနှစ်၊ အေဒီ ၁၉၈ ဖြစ်သည်။ "ရွှင်ယွိ"(Xun Yu) ကို ရွှီချန်တွင် စောင့်ကြပ်စေသည်။

"ချောင်ချောင်း"(Cao Cao) ဦးဆောင်သောစစ်တပ်ကြီးသည် လမ်းတွင် ဂျုံခင်းကြီးကို ဖြတ်ရသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) က
"ကျုပ်ဟာ ဘုရင့်အမိန့်ကြောင့် သူပုန်တွေကို နှိမ်နှင်းဖို့လာခဲ့တာ၊ ဒါကြောင့် သီးနှံတွင်ဖြစ်ထွန်းတဲ့အချိန်ကိုလည်း ရှောင်လို့မရဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က ကောက်ပဲသီးနှံတွေကို ဖျက်စီးလိုက်ရင် အဲ့လူကို သေဒဏ်ပေးမယ်" ဟု ဆိုလေသည်။ ထိုအခါ လယ်သမားတို့က ဝမ်းသာအားရဖြင့် လမ်းတွင် စီတန်းကာ သူပုန်တို့အား အောင်နိုင်စေကြောင်း ဆုတောင်းပေးကြသည်။ စစ်သားတို့ကလည်း မြင်းပေါ်မှ ဆင်းကာ ဂျုံခင်းတို့ကို မပျက်စီးအောင် ရှောင်ဖယ်ကာ သွားသည်။
တစ်ရက်တွင် "ချောင်ချောင်း"(Cao Cao) သည် ကောက်ပဲသီးနှံတို့ကြားတွင် မြင်းစီးသွားရာ စိုက်ခင်းထဲရှိ ချိုးငှက်တစ်ကောင်က ရုတ်တရတ်ပျံရာ မြင်းကလန့်ပြီး ပြေးသဖြင့် စိုက်ခင်းတို့ကို ထိမိလေသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) က စစ်သူကြီးတစ်ဦးကိုခေါ်ပြီး သူ့ပြစ်မှုအတွက် အပြစ်ဒဏ်ပေးစေသည်။
"ကျွန်တော်က ဝန်ကြီးချုပ်ကို ဘယ်လိုအပြစ်ပေးရမှာလဲ"
"ငါက ငါထုတ်ထားတဲ့စည်းကမ်းကို ငါချိုးဖောက်လိုက်ပြီ။ ဒါကြောင့် အပြစ်ဒဏ်ခံယူရမယ်"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် သူ့ကိုယ်သူသတ်သေရန် လုပ်ရာ အကုန်လုံးက ဝိုင်းတားကြသည်။ "ကောကျား"(Guo Jia) မှ
"နွေဦးဆောင်းဦးခေတ်တုန်းက အရေးပါအရာရောက်တဲ့သူတွေအပေါ် ဥပဒေက သက်ရောက်မှုမရှိပါဘူး။ သခင်ကြီးက ဒီစစ်တပ်ရဲ့ ခေါင်းဆောင်ဆိုတော့ ကိုယ့်ကိုယ်ကို ဒီလိုပြုမူတာ မဖြစ်သင့်ဘူး" ဟု ပြောသည်။
"ချောင်ချောင်း"(Cao Cao) သည် အကြာကြီးတွေးပြီးကာမှ
"ဒီလိုဆိုရင်တော့ သေဒဏ်ကနေတော့ လွတ်ကောင်းလွတ်နိုင်ပါမယ်" ဟု ဆိုကာ ဆံပင်ကိုဖြတ်ပြီး မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။
ထိုသို့ပြုမူမှုကြောင့် စစ်တပ်ထဲတွင် မည်သူမှ စည်းကမ်းမဖောက်ရဲတော့ချေ။


"ချောင်ချောင်း"(Cao Cao) ချဉ်းကပ်လာသည်ကိုကြားသော် "ကျန်းရှို့"(Zhang Xiu) မှ "လျူပြောင်း"(Liu Biao) ၏ အကူအညီကို တောင်းသည်။ ထို့နောက် "ကျန်းရှို့"(Zhang Xiu) သည် သူ၏စစ်သူကြီးနှစ်ဦးဖြစ်သော "လေရှူ"(Lei Xu) နှင့် "ကျန်းရှန်"(Zhang Xian) တို့နှင့်အတူ ထွက်လာကာ "ချောင်ချောင်း"(Cao Cao) အား
"တရားမျှတမှုဆိုတာကို ဘန်းပြပြီး လုပ်နေတဲ့လူတွေ၊ ခင်ဗျားတို့က တကယ်တော့ တောတွင်းတိရစ္ဆာန်သာသာပဲ။ လူသားမဆန်တဲ့သူ" ဟု ပြောလေသည်။
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ပြီး "ရွှီချူ"(Xu Chu) ကို ထွက်ကာတိုက်စေသည်။ "ကျန်းရှန်"(Zhang Xian) ထွက်လာပြီးတိုက်ကာ တတိယအလှည့်တွင်ပင် တိုက်ပွဲကျလေသည်။ "ကျန်းရှို့"(Zhang Xiu) ၏ စစ်သားတို့ကလည်း နန်ရန်မြို့အတွင်းသို့ ထွက်ပြေးကြသည်။ သို့နှင့် မြို့ကို ဝန်းရံခံရလေသည်။

"ချောင်ချောင်း"(Cao Cao) သည် မြို့ပြင်မှနေ၍ မြို့အတွင်းသို့လှမ်းကြည့်နိုင်ရန် စင်မြင့်ဆောက်စေသည်။ "ချောင်ချောင်း"(Cao Cao) သည် မြို့ကို ပတ်ကာ ကြည့်ရှူလေသည်။ အနောက်တောင်ဘက်တွင် သစ်တုံး၊ မြေကြီးတို့ဖြင့် ကုန်းပို့လေးဖြစ်အောင်လုပ်ပြီး ထိုနေရာမှ မြို့ရိုးပေါ်တက်ရန် ကြံသည်။ ၎င်းကို "ကျာရွှီ"(Jia Xu) မှ မြို့ထဲမှ ကြည့်နေသည်။ ထို့နောက် "ကျန်းရှို့"(Zhang Xiu) အား
"ချောင်ချောင်း(Cao Cao) ဘာလုပ်ချင်လဲဆိုတာ ကျွန်တော်သိတယ်၊ သူ့ကို အနိုင်တိုက်ဖို့နည်းလမ်းရှိတယ်" ဟု ဆိုသည်။

*S~L*

Comments

Popular posts from this blog

Lookism